အင်းစိန်ထောင်မှ ညနေပိုင်းတွင် ငါးဦးထပ်မံလွှတ်

ဒီဇင်ဘာ ၃၁ရက် လွတ်ငြိမ်းချမ်းသာခွင့်တွင် အင်းစိန်ထောင်မှ လွတ်မြောက်လာသူများ (ရုပ်/သံ)

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ စာရင်းထဲတွင် မပါဝင်သော ၁၉၅၀ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပါ ပြစ်မှုနှင့် အကျဉ်းကျသူ ငါးဦး အင်းစိန်အကျဉ်းထောင်မှ ညနေ ၄နာရီခွဲခန့်တွင် ထပ်မံလွတ်မြောက်လာကြောင်း AAPP-Bမှ အထွေထွေအတွင်းရေးမှူး ကိုဘိုကြည်က မဇ္ဈိမကိုပြောသည်။

အင်းစိန်အကျဉ်းထောင်မှ ဒီဇင်ဘာလ ၃၁ရက် နံနက်ပိုင်းက ကိုတင်ထွဋ်ပိုင်၊ ကိုရန်နိုင်ထွန်းနှင့် ကိုအောင်မင်းနိုင်တို့ သုံးဦးလွတ်မြောက်ခဲ့သဖြင့် ယခုငါးဦးနှင့်ဆိုလျှင် အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ရှစ်ဦးရှိပြီဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း AAPP-B၏ စာရင်းအရ နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျနေသူများနှင့် တရားရင်ဆိုင်နေရသူ စုစုပေါင်း ၁၈၉ယောက်ရှိပြီး ယနေ့ ၄နာရီခွဲအချိန်အထိ လွတ်မြောက်လာပြီးသူ စုစုပေါင်း ၁၃၀ဦးရှိသည်။ ထို့အပြင် ဒီဇင်ဘာ ၃၁ရက်တွင် တိုင်းရင်းသားအဖွဲ့အစည်းများဘက်မှ ပေးပို့လာသောစာရင်းအရ လွှတ်ပေးရန်ကျန်သော အကျဉ်းသား ၁၄ဦးတိုးလာသဖြင့် စုစုပေါင်း ၇၃ဦးကျန်ရှိနေသေးသည်။

မဇ္ဈိမသတင်းဌာန



အင်းစိန်ထောင်မှ ညနေပိုင်းတွင် ငါးဦးထပ်မံလွှတ် အင်းစိန်ထောင်မှ ညနေပိုင်းတွင် ငါးဦးထပ်မံလွှတ် Reviewed by သစ်ထူးလွင် on 18:54 Rating: 5
Powered by Blogger.