ဖမ်းဆီးခံထားရတဲ့ ဦးဝင်းချို အကြောင်း တစေ့တစောင်း

ဦးဝင်းချို 

          ဦးဝင်းချိုနဲ့ ကျွန်တော် စတင်ရင်းနှီး သိကျွမ်း ခဲ့ခြင်းက ဦးဝင်းချို ၊ ကိုဝေဠု ၊ ဦးနေမျိုးဝေ ၊ ဒေါ်ဘောက်ဂျာ နှင့် ကိုအောင်မျိုးဦး အပါအ၀င် ဆန္ဒထုတ်ဖော်ခွင့် ဥပဒေရေးစွဲပေးဖို့ စတင်လှုပ်ရှား ကြစဉ်က ဖြစ်ပါတယ်။ သူနေ ထိုင်ရာ ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှာ ဆန္ဒပြဖို့ ခွင့်သွား တောင်းကြပါတယ်။ ရဲစခန်းက ခွင့်ပြုပေးဖို့ ဥပဒေမရှိ သေးဘူးလို့ ပြောတဲ့အခါမှာ မရှိသေးရင် ဥပဒေရေးစွဲပါ။ ဥပဒေမရေးစွဲရင် ဥပဒေရေးစွဲပေးရေး ဆန္ဒထုတ်ဖော် မယ်ဆိုပြီး သွားရောက်ပြောဆိုခဲ့ကြပါတယ်။ ကျွန်တော် မီဒီယာအနေနဲ့ သွားရောက်ခြင်းဖြစ်ပြီး သူတို့အချင်း ချင်း တိုင်ပင်တဲ့ကိစ္စကို သွားရောက် သတင်းရယူခဲ့ခြင်း ဖြစ်ပါတယ်။ ဦးဝင်းချို နှင့် လယ်သမား(၆)ယောက်ကို ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပုဒ်မ ၅၀၅(ခ) တပ်ပြီး ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းကြားပြီး အတော် စိတ်မကောင်းဖြစ်ရပါတယ်။

ဖွဲ့စည်းပုံပါ အခွင့်အရေးကို လက်ကိုင်ထားတဲ့ ၀င်းချို

          ဦးဝင်းချိုဟာ ၂၀၁၀ ရွေးကောက်ပွဲ ဒလမြို့နယ် မဲဆန္ဒနယ်ကနေ တသီးပုဂ္ဂလအနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံရေးလောကကို စတင်ခြေချလာသူပါ။ ၈၈၈၈ လေးလုံး အရေးတော်ပုံကြီးမှာ သူဟာ နိုင်ငံ ရေးသမားတစ်ယောက် မဟုတ်ဘဲ သင်္ဘောသားတစ်ယောက် အနေနဲ့သာ ရှိနေပါသေးတယ်။ နိုင်ငံရေး အရှုပ်တော်ပုံတွေ ပြည်တွင်းမှာ ဖြစ်နေတဲ့အချိန် သူတို့သင်္ဘောသားတွေ ပြည်ပမှာ သောင်တင်နေပါတယ်။ အဲဒီအချိန်မှာ သင်္ဘောသားတွေကို ဦးဆောင်ပြီး ဌာနေပြန်နိုင်ရေး တောင်းဆိုရာကနေ အလုပ်ပြုတ်ခဲ့ပါတယ်။ သူနဲ့ စကားစပ်မိလို့ မေးမြန်းရာကနေ သိရှိထားတဲ့အချက် ဖြစ်ပါတယ်။ သီချင်းဆိုကောင်းသူ တစ်ယောက် ပျော်ပျော်နေတတ်သူတစ်ယောက် ဖြစ်တဲ့ ဦးဝင်းချို နိုင်ငံရေး လောကထဲ ဘာကြောင့် ၀င်လာသလဲ။ ဘာကြောင့် ရဲရဲတင်းတင်း လှုပ်ရှားလာသလဲမေးရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီး ရှိနေလို့ပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြင်ဆင် ဖြည့်စွက်ရမယ့် အရာတွေ အများကြီးရှိတာက တစ်ကဏ္ဍ။ တည်ဆဲ ဖွဲ့စည်းပုံပါအခွင့်အရေး ကို ရရှိဖို့တော့ တောင်းဆိုရမယ်။ လှုပ်ရှားရမယ်ဆိုတဲ့ အသိနဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို လက်ဆုပ်လက်ကိုင်ထားပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ ဆောင်ရွက်နေသူပါ။ သူ့ကို ဖွဲ့စည်းပုံနဲ့ မညီညွတ်တဲ့ အလုပ်လုပ်ဖို့ ခိုင်းကြည့်ပါ။ သူငြင်းဆန်ပါလိမ့်မယ်။

ဝင်းချိုဘာတွေလုပ်ခဲ့သလဲ

          ဦးဝင်းချိုဟာ လှိုင်သာယာ အတွင်းပဒံ ၊ အပြင်ပဒံက လယ်သမားတွေကိစ္စကို ကိုယ်စားလှယ်လွှဲစာ ရယူပြီး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ရက်ရှည်ဆန္ဒပြပွဲတွေကို စိတ်ရှည်ဇွဲသန် လုပ်ခဲ့ပါတယ်။ သူရဲ့ အဲဒီလို လုပ်ရပ်ကြောင့် ကိုဝေဠုနဲ့ သဘောထားကွဲလွဲတဲ့ အခြေအနေထိ ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော်ကိုယ်တွေ့ပါပဲ။ လှိုင်သာယာ လယ်သမားတွေကို ဦးဝင်းချိုနဲ့ ကိုဝေဠုတို့ ဦးဆောင်ကြတဲ့နေရာမှာ ဒီလိုငုတ်တုတ်ထိုင် ဆန္ဒပြ နေလို့ ထူးခြားမလာရင် လှုပ်ရှားမှု တစ်ခုခုလုပ်မယ်လို့ ကိုဝေဠုက ပြောပါတယ်။ ဦးဝင်းချိုက မလုပ်ဘူးလို့ ငြင်းဆန်ပါတယ်။ ကိုဝေဠုဆန္ဒရှိတယ်ဆိုရင် လယ်သမားတွေရဲ့ သဘောထားရယူပြီး လုပ်နိုင်ပါတယ်။ ကျွန်တော် လက်ရှောင်ပါမယ်လို့ ဦးဝင်းချိုက ပြောပါတယ်။ ကိုဝေဠုရဲ့ သဘောထားကို ကျွန်တော်က ထောက်ခံပါတယ်။ ရက်ပေါင်း ၄၀ကျော်နီးပါးဆန္ဒပြ တောင်းခံနေပါလျှက် ဘယ်တာဝန်ရှိ ပုဂ္ဂိုလ်ကမှ အရေး တယူဖြေရှင်းပေးတာမျိုး မလုပ်တာဟာ ပြည်သူကို သက်သက်ညှင်းဆဲတာပဲ ဆိုတဲ့ အမြင်ကျွန်တော့်မှာ ရှိပါ တယ်။ ဒါကြောင့် ကိုဝေဠုကို ထောက်ခံတာပါ။

          ဦးဝင်းချိုကတော့ နောင်တော်လေး ငါတို့တွေဟာ နှစ်ပေါင်း ၂၀ကျော် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာတွေကို လွယ်လွယ်နဲ့ အနိုင်လိုချင်လို့တော့ မဖြစ်ဘူး။ နိုင်လည်းမနိုင်ဘူး။ သူတို့က စနစ်တကျ ဖျက်ဆီးထားခဲ့တာ။ အခုလောက် လုပ်ပိုင်ခွင့်ရနေတာပဲ ကျေနပ်စရာလို့ ဖြေသိမ့်ပါတယ်။

          ဒီ့အရင် မတိုင်ခင် သူရွေးကောက်ခံခဲ့တဲ့ ဒလမြို့နယ်ထဲမှာ သောက်သုံးရေး ရှားပါးမှုဖြစ်တဲ့အတွက် တတ်နိုင်သလောက် သွားရောက်ကူညီပေးခဲ့ပါတယ်။ နိုင်ငံတကာ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီးတော့ ဒေသခံ ပြည်သူတွေ သောက်သုံးရေ ရရှိရေး လူရော ၊ စိတ်ပါ အလေးထား ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။

          နောက်ပိုင်းမှာ သူ့ရဲ့လှုပ်ရှားမှုတွေကြောင့် ဟိုမှ သည်မှ လယ်သမားအရေးကိစ္စတွေ ကူညီဆောင် ရွက်ပေးဖို့ ဖိတ်ခေါ်လာကြပါတယ်။ အခု အဖမ်းခံရတဲ့ကိစ္စ ပဲခူးလယ်သမားတွေရဲ့ အရေး အပါအ၀င် ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်တပ်သိမ်း လယ်ယာမြေကိစ္စတွေအတွက် သတင်းစာရှင်း လင်းပွဲပုံစံမျိုး လုပ်ဖို့ မီဒီယာလူငယ်တွေကို စုစည်းပြီး သွားရောက်ကူညီပေးခဲ့သူပါ။

          ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ ရန်ကုန်ကနေ လိုင်ဇာအထိ သူ့ကားနဲ့ လမ်းလျှောက်တဲ့အဖွဲ့တွေကို လိုက်ပါကူညီပေးခဲ့ပါတယ်။ အဲဒီဒေသက ရရှိတဲ့ ကျည်ဆန်တွေနဲ့ ဗုဒ္ဓဆင်းတု တစ်ဆူ ၊ ခရစ်ယန် လက်ဝါးကပ် တိုင် ထုလုပ်မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါသေးတယ်။ ပဲခူးလယ်သမားအရေးကိစ္စအတွက် ဆန္ဒထုတ်ဖော် ခွင့်ရဖို့ အကြိမ်ကြိမ် ကျိုးပမ်းခဲ့ပါတယ်။ ဆန္ဒပြခွင့် မပေးပါဘူး။ ဥပဒေနဲ့အညီဖြစ်ချင်လို့ ဥပဒေအရ ခွင့်တောင်း ပါလျှက် ခွင့်ပြုမိန့်မရရင် နိုင်ငံသားအခွင့်အရေးကို အပြည့်အ၀အသုံးချပြီး လှုပ်ရှားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က လည်း သူ့မှာရှိထားပြီးဖြစ်ပါတယ်။

          သူဟာ သွားရေရာ နိုင်ငံရေး လှုပ်ရှားမှုတိုင်းကို သူကိုင်နေကြ ဖွဲ့စည်းပုံစာအုပ် အဟောင်းအနွမ်းကြီးကို ကိုင်ပြီး ပြည်သူတွေ ဖွဲ့စည်းပုံပါ အခွင့်အရေးတွေကို အသုံးချကြဖို့လည်း ဆော်သြတတ်ပါတယ်။ သူရဲ့လမ်း ပေါ်ထွက် ဆန္ဒပြမှုတွေကြောင့် သူတို့ကိုယ်တိုင် လှုပ်ရှားတောင်းဆိုထားတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေအရကိုပဲ ပုဒ်မ(၁၈)ကို အကြိမ်ကြိမ် ငြိစွန်းတယ်ဆိုတဲ့ စွဲချက်ပေါင်းက (၃၀)ကျော်ရှိပါ တယ်။ အဲဒီအမှုတွေကိုလည်း ကိုယ်တိုင်အာမခံ ရယူပြီး ရင်ဆိုင်နေပါတယ်။

အပြောတမျိုး အလုပ်တမျိုး ရန်သူ

          ရန်သူမျိုးငါးပါးထဲမှာ တစ်ပါးအပါအ၀င်ဖြစ်တဲ့ မင်းဆိုး ( ရေ ၊ မီး ၊ မင်းဆိုး ၊ မွေခံဆိုး ၊ သူခိုး ရန်ငါး) တွေရဲ့ အပြောတမျိုး အလုပ်တစ်မျိုးတွေက ယနေ့ထက်တိုင် ပေါ်ပေါ်ထင်ထင် ဖြစ်နေပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးနေပါတယ်ဆိုတဲ့ အစိုးရကြီးက နိုင်ငံရေး လှုပ်ရှားသူတွေကို ပုံစံပြောင်းပြီး ထောင်ထဲထည့်နေတာ အပြောနဲ့ အလုပ်ညီရဲ့လားလို့ မေးခွန်းထုတ်ရမယ့် အခြေအနေပါ။ အန်အယ်ဒီ အနေနဲ့ ကတော့ အာဏာရှင်ရဲ့ ဖိနှိပ်မှုအောက်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဒီမိုကရေစီအရေး အစဉ်မပျက်ဆောင် ရွက်ခဲ့လို့ အန်အယ်ဒီ ပါတီဝင်တွေဟာ နိုင်ငံရေးသမားအစစ်အမှန်တွေပါ။ ကြံ့ခိုင်ရေးပါတီဘက်ကို ပြန်ကြည့် ရင် နိုင်ငံရေးသမားမဟုတ်သူတွေကို အခွင့်အရေးတွေ ဗန်းပြပြီး စွဲသွင်းထားတာပါ။ နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ ကြံ့ခိုင်ရေးတကောင်မမြှီးကမှ ပြည်သူ့ဘက်က ရပ်တည်လှုပ်ရှားတယ်ဆိုတာမျိုး ယနေ့အချိန်ထိ မတွေ့ရသေး တာပါပဲ။

          ပြောင်းလဲလာတဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အများပြည်သူကိစ္စ လမ်းပေါ်မှာ ဒုက္ခခံပြီး ဆန္ဒထုတ်ဖော် နေသူတွေဟာ အကြောင်းမရှိ အကြောင်းရှာပြီး အစိုးရကို အကြည်အညိုပျက်အောင် လုပ်နေတာ မဟုတ်တာ တော့ အသေအချာပါပဲ။ ပြည်သူတွေရဲ့ အခြေအနေမှန်ကို လူသိရှင်ကြားဖြစ်အောင် ဆောင်ရွက်ခြင်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အလေးထားဆောင်ရွက်ရမယ်ဆိုတာကို ပြသခြင်းပါ။

          အခုတော့ ဖွဲ့စည်းပုံကြီး တကိုင်ကိုင်လုပ်နေတဲ့ ဦးဝင်းချိုလည်း နိုင်ငံရေးပုဒ်မနဲ့ ပဲခူးထောင်ထဲကို စွဲထည့်ခံထားရပါပြီ။ မနက်က သူ့ဖုန်းကို ဆက်ကြည့်လိုက်တဲ့အခါမှာ ပဲခူးက အကိုတစ်ယောက်ကိုင်ထား ပါတယ်။ ဆရာဦးဝင်းချိုတို့ဆီ သွားပြီး တွေ့ဖို့ရှိတယ်လို့ ပြောပါတယ်။ ဆရာရေ ကျွန်တော်ကတော့ ဖွဲ့စည်းပုံ မကျေပါဘူး။ ဖွဲ့စည်းပုံ ကျေလည်တဲ့ ဆရာဦးဝင်းချိုဆီက ဘာစကားများ ပါလာမလဲ။ အခုလို အများပြည်သူရဲ့ နစ်နာမှုအတွက် ဆန္ဒထုတ်ဖော် ပြောဆိုတာကို ပုဒ်မ(၅၀၅ - ခ) တပ်ပြီး ဆရာ့ကို ထောင်ထဲ ထည့်လိုက်တဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ဆရာ ဘယ်လိုသုံးသပ်မလဲ။

          လယ်ယာမြေ အရေး ဖြေရှင်းဆောက်ရွက်မှုတွေ တိတိကျကျ လုပ်ဆောင်ခြင်း မရှိတဲ့ အစိုးရဟာ ဘယ်လို လှည့်ကွက်တွေကိုသုံးပြီး သူ့ပါတီအာဏာတည်မြဲရေး အသက်သွင်းမယ်ဆိုတာလည်း စောင့်ကြည့် နေရမယ့် အချိန်ဖြစ်ပါတယ်။ လယ်ယာမြေပြဿနာတွေက ယခုချိန်ထိတိုင် ဖြေရှင်းပေးလိမ့်နိုးနိုး မျှော်ကိုး နေရဆဲဖြစ်ပါတယ်။ သေချာတာကတော့ လယ်ယာမြေအရေးကိစ္စ ဆောင်ရွက်ကြသူတွေဟာ လယ်သမားတွေ ကို ငါ့ကို ထောက်ခံမှ ငါ့ပါတီဝင်မှ ကူညီမယ်ဆိုတဲ့ အပြောမျိုးတွေနဲ့ မက်လုံးပေးပြီး ဆောင်ရွက်ပေးခဲ့ကြတာ မဟုတ်ပါဘူး။ နိုင်ငံရေးမှာ ဖြေရှင်းပေးနိုင်မယ့် အာဏာတွေကို အပြည့်အ၀ဆုပ်ကိုင်ထားတဲ့ ကြံ့ခိုင်ရေးက တော့ ငါ့ပါတီဝင်မှ ငါတို့ကို မဲပေးမှ လယ်သမားတွေကို ကူညီမယ်ဆိုတဲ့ မျှော်လင့်ချက်ပေး မက်လုံးပေး မဲရယူ ဖို့ အချိန်စွဲနေလေရော့ သလား ……. လို့ …… လို့ …… လို့ ။


နောင်တော်လေး (ဘိုကလေး)

by Myanmar News Now
ဖမ်းဆီးခံထားရတဲ့ ဦးဝင်းချို အကြောင်း တစေ့တစောင်း ဖမ်းဆီးခံထားရတဲ့ ဦးဝင်းချို အကြောင်း တစေ့တစောင်း Reviewed by သစ်ထူးလွင် on 10:54 Rating: 5
Powered by Blogger.