ဗုဒ္ဓ ဘာသာဟာ လူ့ အခွင့် အရေးကို အခြေခံတယ်လို့ ဒေါ်စုပြော

ဂျပန် နိုင်ငံမှာ ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံမှာ အမျိုး သမီးတွေ နိုင်ငံရေးမှာ ပိုမို ပါဝင်ကြဖို့ တိုက်တွန်းလိုက် ပါတယ်။

တနင်္လာနေ့က ကျိုတို တက္ကသိုလ်က ကျောင်းသား တွေနဲ့ တွေ့ဆုံ ခဲ့စဉ် ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တက္ကသိုလ်ဟာ လွန်ခဲတဲ့ ၂၇ နှစ်က ဒေါ်အောင်ဆန်း စုကြည် သုတေသီ တစ်ဦး အဖြစ် ပညာ ဆည်းပူး လေ့လာခဲ့တဲ့ တက္ကသိုလ်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကျိုတိုမြို့ မှာပဲ ယူကိုကု တက္ကသိုလ် ကလည်း သူ့ကို ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် အပ်နှင်း တဲ့ အခမ်း အနားကို တနင်္လာ နေ့မှာပဲ ကျင်းပခဲ့ ရာမှာ လူ ၅၀၀ လောက် တက်ရောက် ခဲ့ကြ ပါတယ်။

အဲဒီ တက္ကသိုလ်ဟာ ဂျပန် နိုင်ငံမှာ ဗုဒ္ဓ ဘာသာနဲ့ ဆိုင်တဲ့ ဘာသာရပ်ကို သင်ကြားပေးတဲ့ တက္ကသိုလ် ဖြစ်တာကြောင့် ဗုဒ္ဓ ဘာသာနဲ့ ဆိုင်တဲ့ အကြောင်း အရာ တွေကို ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တယ်လို့ အခမ်း အနား တက်ဖို့ ဖိတ်ကြား ခံခဲ့ရသူ အိုဆာကာ စီတီ တက္ကသိုလ်မှာ နိုင်ငံတကာ လူ့ အခွင့် အရေး ဆိုင်ရာ ပါရဂူဘွဲ့ အတွက် ကျမ်းပြုစု နေတဲ့ ကိုအောင်မြတ်ဝင်းက ပြောပါတယ်။

တက္ကသိုလ် ကျောင်းသား တွေက ဗုဒ္ဓ ဘာသာ ဆိုတာကို ဒေါ်အောင်ဆန်း စုကြည် ဘယ်လို နားလည် သလဲလို့ မေးခဲ့ ကြတာကို ဗုဒ္ဓဘာသာ ဆိုတာ ငြိမ်းချမ်းတဲ့ ဘာသာ ဖြစ်ပြီး လူ့ အခွင့် အရေးကို အခြေခံတဲ့ ဘာသာတရား ဖြစ်တယ် ဆိုတာ ဒေါ်အောင်ဆန်း စုကြည်က ပြန်လည် ဖြေခဲ့တယ်လို့ သူက ဆိုပါတယ်။

တက္ကသိုလ် နှစ်ခုကို မသွားခင် ဒေါ်အောင်ဆန်း စုကြည်က ကျိုတိုမှာ မြန်မာ မိသားစု တွေနဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်ဘူး ဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ မျှတမှု တော့ ရှိမှာ မဟုတ်ဘူးလို့ မေးမြန်းမှုတွေ အခြေခံပြီး အဲဒီ တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်း စုကြည်က ပြန်လည် ဖြေကြား ခဲ့ကြောင်း League for Democracy in Burma အဖွဲ့ရဲ့ အိုဆာကာ မြို့ ဌာနခွဲက ဦးခင်ဇော်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ယူကိုကု တက္ကသိုလ် ကျောင်းသာတွေ ဒေါ်အောင်ဆန်း စုကြည်ကို ဝမ်းသာအားရ ကြိုဆိုကြ

ဗုဒ္ဓ ဘာသာဟာ လူ့ အခွင့် အရေးကို အခြေခံတယ်လို့ ဒေါ်စုပြော  ဗုဒ္ဓ ဘာသာဟာ လူ့ အခွင့် အရေးကို အခြေခံတယ်လို့ ဒေါ်စုပြော Reviewed by သစ်ထူးလွင် on 07:21 Rating: 5
Powered by Blogger.