ဘူးသီးတောင်မြို့နယ်တွင် ရွာသားများအား မတရားဖမ်းဆီး ကြိုးတုတ်ပြီး ရိုက်နှက်

ဧပြီလ ၂၆ ရက် ၂၀၁၃ ရက်နေ့ နံနက် ၄ နာရီခွဲခန့်တွင် ဘူးသီးတောင်မြို့နယ်၊ ရခိုင်ကွန်ဒိုင်ကျေးရွာမှ  စက်လှေဖြင့် ဘူးသီးတောင်မြို့သို့ဈေးဝယ်ထွက်ရန် အသွားလမ်းတွင် ဒပြုချောင်းတံတားကင်းစခန်းသို့ ဝင်ရောက်သတင်းပို့စဉ် ဒုအရာခံဗိုလ်မြင့်လွှင်နှင့် အပေါင်းပါ ရဲဘော်(၂) ဦးက စက်လှေပေါ်လိုက်ပါလာသည့် ရခိုင်ကွန်ဒိုင်ကျေးရွာမှ မိန်းမ(၂) ဦးဖြစ်သည့် ဒေါ်မလှဝင်း(ဘ) ဦးထွန်းအောင်ဖြူ၊ အသက်(၃၇)နှစ် နှင့် ဒေါ်မစောရွှေ(ဘ) ဦးမောင်စံလှ၊ အသက် (၁၈) နှစ် တို့အား ကုန်းပေါ်သို့ကိုယ်လက်များကိုကိုင်၍ ဆွဲတင်သည်။

ထိုစဉ် စက်မောင်း ဦးမင်းသူထွန်း(မှတ်ပုံတင်အမှတ်- ၁၁/ဘသတ(နိုင်)၀၂၉၉၉၄) (ဘ) ဦးသန်းထွန်း၊ အသက်(၂၂)နှစ် က ထိုသို့ကိုယ်လက်များကိုင်၍ တင်စရာမလိုကြောင်းပြောရာ ဒုအရာခံဗိုလ်မြင့်လွှင်က ကြမ်းတမ်းစွာဆဲဆိုပြီး မြေပေါ်ပက်လက်မှောက်ခိုင်းပြီး ကျောကို သစ်သားတုတ်ဖြင့် (၂)ချက် တအားရိုက်နှက်ပြီး ကျန်ရဲဘော်တစ်ယောက်က လက်သီးဖြင့် မျက်နှာကို ညာ(၅)ချက်၊ ဘယ်(၇) ချက် တအားထိုးသည်။ ထို့အပြင် ဦးမင်းသူထွန်းအား စခန်းထဲ့ဆွဲသွင်းပြီး လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုတ်ကာ ခြေနှစ်ဘက်ကိုလည်းကြိုးတုတ်ပြီး မြေပေါ်တအားလှဲချသည်။

ခြေနှစ်ဖက်လုံးကို သစ်လုံးဖြင့် အကြိမ်ကြိမ်ကြိတ်ပြီး ကိုယ်ခန္ဓာအား သစ်သားတုတ်ဖြင့် အကြိမ်(၁၀) ထက်မနည်း ရိုက်နှက်သည်။ ထိုစဉ် လှေပေါ်ပါလာသည့် ဦးကျော်ဇောလှ( မှတ်ပုံတင်အမှတ်- ၁၁/ဘသတ(နိုင်)၀၁၁၈၅၆) (ဘ) ဦးထွန်းအောင်ဖြူ၊ အသက်(၃၇)နှစ်က ဝင်တားရာ အဆိုပါ ဒုအရာခံဗိုလ်က တုတ်ဖြင့် (၂)ချက် လွဲရိုက်သည်ဟုလည်းသိရသည်။

 အဆိုပါ ဦးမင်းသူထွန်းမှာ ခြေ၊ နောက်ကျောနှင့် မျက်နှာများတွင် ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးကုသခံလျှက်ရှိသည်။ ဝင်တားသူ ဦးထွန်းအောင်ဖြူမှာလည်း ခန္ဓာတွင် ဒဏ်ရာရသွားကြောင်း သိရသည်။ ထို ဒုအရာခံဗိုလ်နှင့် အပေါင်းပါတို့သည် အရက်သောက်စားထားသည်ဟုလည်း ဦးထွန်းအောင်ဖြူက ဆိုသည်။ ထိုသို့ အနိုင်ကျင့်မှုကို ဘူးသီးတောင်ရဲစခန်းတွင် သွားရောက်တိုင်ကြားရာ လက်မခံကြောင်းလည်းသိရသည်။

အဆိုပါ ဒုအရာခံဗိုလ်နှင့် ရဲဘော်တို့သည်  ဧပြီလ ၂၁ ရက် ၂၀၁၃ နေ့ကလည်း လှေပေါ်ပါလာသည့် မိန့်ကလေးတစ်ဦးအား ပေးရန်တောင်းသည်ဟု ဦးမင်းသူထွန်းပြောပြချက်အရ သိရသည်။

ရွာသူတွေပါဟုငြင်း၍ အငြိုးဖြင့် ယခုလိုလုပ်ခြင်း ဖြစ်သည်ဟုလည်း သူကဆိုသည်။

 ၎င်း ကင်းစခန်းတွင် ထိုသို့အနိုင်ကျင့်မှုများ မရှိခဲ့ဖူး အဆိုပါ ဒုအရာခံဗိုလ်ရောက်လာမှ ထိုသို့ပြုမူခြင်းဖြစ်ကြောင်းလည်း သူကပြောပြသည်။

 ထိုသို့ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် တပ်မတော်သားများ ပြည်သူများကို အကာအကွယ်ပြုရမည့်အစား ဒေသခံတိုင်းရင်းသားလူနည်းစု ရခိုင်တိုင်းရင်းသားများကို နိုင်ထက်စီးနင်းပြုနေခြင်းကို သက်ဆိုင်ရာလူကြီးများနှင့် နိုင်ငံတော်သမ္မတကြီးတို့ သိစေလိုကြောင်းနှင့် ထိထိရောက်အရေးယူ စေလိုကြောင်းလည်း ဦးမင်းသူထွန်းက ဆိုသည်။

သစ်ထူးလွင်


ရိုက်နှက်ခံရသူ ဦးမင်းသူထွန်း(ဘ) ဦးသန်းထွန်း (၂၂)နှစ်
ရခိုင်ကွန်ဒိုင်ကျေးရွာ၊ ဘူးသီးတောင်မြို့နယ်

ဘူးသီးတောင်မြို့နယ်တွင် ရွာသားများအား မတရားဖမ်းဆီး ကြိုးတုတ်ပြီး ရိုက်နှက် ဘူးသီးတောင်မြို့နယ်တွင် ရွာသားများအား မတရားဖမ်းဆီး ကြိုးတုတ်ပြီး ရိုက်နှက် Reviewed by သစ်ထူးလွင် on 15:12 Rating: 5
Powered by Blogger.