လူတိုင်း ပညာသင်ကြားရေး မသင်မနေရ မူလတန်းပညာရေး ဥပဒေ ပြဋ္ဌာန်းသင့် ဟုဆို

ရန်ကုန်၊ ဧပြီ ၂၉

မသင်မနေရ မူလတန်းပညာရေး စနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မသင်မနေရ ပညာရေး ဥပဒေ ပြဋ္ဌာန်းသင့်ကြောင်း အခြေခံ ပညာရေးအကြံပေးပုဂ္ဂိုလ် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဦး က The Voice သို့ပြောကြားသည်။

မြန်မာနိုင်ငံတွင် မသင်မနေရ မူလ တန်းပညာရေးကို ၂၀၁၁-၂၀၁၂ ပညာ သင်နှစ်၌ စတင် အကောင်အထည် ဖော်ခဲ့ရာတွင် အလုံးစုံ လွှမ်းခြုံနိုင်ရန် ဥပဒေတစ်ခု ပြဋ္ဌာန်းဆောင်ရွက်သင့်ကြောင်း ၄င်းက အကြံပြုသည်။
"လောလောဆယ်တော့ ဥပဒေဆွဲတဲ့ နေရာမှာ ကူညီဖို့ ကမ်းလှမ်းထားတာ မရှိပါဘူး။ သူတို့ဘာသာ ရေးဆွဲမှာပါ" ဟု ဦးသန်းဦးက ထပ်လောင်းပြောကြားသည်။

အခြေခံပညာကဏ္ဍ ၂၀၁၃ ခုနှစ် အမျိုးသားပညာရည် မြင့်မားရေး နှီးနှော ဖလှယ်ပွဲတွင် ဖတ်ကြားသော ခေတ်စနစ်နှင့် အညီ အခြေခံပညာကဏ္ဍ ဖွံဖြိုးတိုးတက်ရေး စာတမ်း၌ မြန်မာနိုင်ငံ၏ မသင်မနေရ မူလတန်းပညာရေး စနစ် အောင်မြင်ရန် မသင်မနေရ မူလတန်းပညာရေး ဥပဒေကို ရေးဆွဲရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာနက မသင်မနေ ရ မူလတန်းပညာရေး အတွက် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ပြဋ္ဌာန်းစာအုပ် ကျပ် ၁၈၃၅ ဒသမ ၅ သန်းဖိုး ၊ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းသုံး ဗလာစာအုပ် ကျပ် ၇၂၂၄ သန်း ဖိုးခန့် နှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင်မူ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ် တို့အပြင် ငွေကျပ် တစ်ထောင်စီပါ ထောက်ပံ့ရန် စီစဉ်လျက်ရှိသည်။

မြို့နယ်လုံးကျွတ် မသင်မနေရ မူလတန်းပညာရေး ဆောင်ရွက်ရန် မြို့နယ် လေးမြို့နယ်တွင် ယခုပညာသင်နှစ်၌ စမ်းသပ်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။
နိုင်ငံအလိုက် အခြေခံပညာရေး ကဏ္ဍတွင် မသင်မနေရ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ပညာရေး တို့ကို အစိုးရက ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိသည်။

The Voice Weekly


လူတိုင်း ပညာသင်ကြားရေး မသင်မနေရ မူလတန်းပညာရေး ဥပဒေ ပြဋ္ဌာန်းသင့် ဟုဆို  လူတိုင်း ပညာသင်ကြားရေး မသင်မနေရ မူလတန်းပညာရေး ဥပဒေ ပြဋ္ဌာန်းသင့် ဟုဆို Reviewed by သစ်ထူးလွင် on 14:54 Rating: 5
Powered by Blogger.