မဒေးကျွန်း ဒေသခံများ၏ တောင်းဆိုမှု လိုက်လျောမည်ဟု သမ္မတရုံးဝန်ကြီးဆို

ရန်ကုန်၊ ဧပြီ ၂၈

ဒေသလိုအပ်ချက်များ အတွက် တောင်းဆိုဆန္ဒပြခဲ့သော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသခံများ၏ ဆန္ဒပြ တောင်းဆိုချက်များကို လိုက်လျော ဆောင်ရွက်သွားမည် ဟု နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ကတိပေးခဲ့ကြောင်း မဒေးကျွန်းဒေသ ဘက်စုံဖွံ့ဖြိုး
တိုးတက်ရေး အသင်း ဥက္ကဋ္ဌ ဦးထွန်းကြည်က ပြောကြားသည်။

ဝန်ကြီးဦးစိုးသိန်း အပါအဝင် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီး ဌာနဝန်ကြီး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တို့နှင့် ဒေသခံများ မဒေးကျွန်းတွင် ဧပြီလ ၂၄ ရက်နေ့က တွေ့ဆုံစဉ် ယင်းသို့ ကတိပေးခဲ့ခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။

တောင်းဆိုချက်များကို လုပ်ဆောင် ပေးမည်ဟု ဆိုသော်လည်း ချက်ချင်းလုပ် ဆောင်ပေးရန် ပြောဆိုခဲ့ခြင်း မဟုတ်ဘဲ ကွန်ကရစ်လမ်း ခင်းပေးရန် တောင်းဆိုထားသော မဒေးကျွန်းရှိ ရွာလေးရွာချင်း ဆက်သွယ်လမ်းကို မြေသားလမ်းနှင့် သစ်သား တံတားများဖြင့် ဦးစွာပြုလုပ်မည် ဖြစ်ပြီး နောက်နှစ်များ တွင်သာ ကွန်ကရစ်လမ်းများ ပြုလုပ်မည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးက ပြောဆိုကြောင်း ဒေသခံများထံမှ သိရှိရသည်။

"အစိုးရပိုင်းက လုပ်ဆောင်ပေးရမယ့် ကိစ္စကို အစိုးရလုပ်ပေးမယ်။ တရုတ်
ဆိုင်တဲ့ ကိစ္စကို တရုတ်ဘက်က လုပ်ပေးမယ်" ဟု စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးက ပြောဆိုကြောင်း ဦးထွန်းကြည်က ပြန်လည် ပြောကြားသည်။

မြန်မာနိုင်ငံအတွက် အကျိုးအမြတ် များစွာ ရရှိနိုင်သော မဒေးကျွန်းရှိ အကောင်အထည် ဖော်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် တရုတ်နိုင်ငံကများစွာ အရင်းအနှီး စိုက်ထုတ်ထားပြီး မြန်မာနိုင်ငံက ထည့်ဝင်ထားသော ရှယ်ယာဝေစု အတွက်လည်း တရုတ်နိုင်ငံဘက်က ငွေထုတ်ချေး ထားသဖြင့် ဒေသခံများ ဆန္ဒမပြသင့်ဟု ဒေသခံများနှင့် တွေ့ဆုံခဲ့သော ဝန်ကြီးများက ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဆန္ဒပြမှုနှင့် ပတ်သက်၍ ဦးဆောင်သည်ဆိုသူ ဒေသခံ ၁၀ ဦးကို တရားစွဲဆိုထားပြီး ဧပြီလ ၃၀ ရက်နေ့တွင် ကျောက်ဖြူခရိုင် တရားရုံးကို ချိန်းဆိုထားကြောင်း အဆိုပါ တရားစွဲခံထားရသူများ ထံမှ သိရှိရသည်။

သိမ်းဆည်းခံထားရသော လယ်ယာမြေများကို နိုင်ငံတကာ စံနှုန်းအတိုင်း လျော်ကြေးပေးရေး၊ မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ပြိန်၊ ရွာမ၊ ပန်းထိမ်ဆည်ရွာ တို့ကို ဆက်သွယ်သော လမ်းလုပ်ပေးရေး၊ အလုပ်ရရှိရေး၊ လျှပ်စစ်မီးရရေး၊ ငါးဖမ်းခွင့်ရရေး အပါအဝင် အချက်ကိုးချက်ကို ဧပြီလ ၁၈ ရက်နေ့က ဒေသခံ ၅၀၀ခန့် ဆန္ဒပြ တောင်းဆိုခဲ့ ကြသည်။

တောင်းဆိုချက်များနှင့် ပတ်သက်၍ အချို့အချက် များမှာ လုပ်ဆောင်ထားပြီး ဖြစ်ပြီး အချို့အချက် များကို လုပ်ဆောင်ပေးရန် မဖြစ်နိုင်ကြောင်း တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်း လုပ်ဆောင်နေသော South East Asia Gas Pipeline (SEAGP) နှင့် South East Asia Oil Pipeline (SEAOP) က ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

The Voice Weekly


မဒေးကျွန်း ဒေသခံများ၏ တောင်းဆိုမှု လိုက်လျောမည်ဟု သမ္မတရုံးဝန်ကြီးဆို မဒေးကျွန်း ဒေသခံများ၏ တောင်းဆိုမှု လိုက်လျောမည်ဟု သမ္မတရုံးဝန်ကြီးဆို Reviewed by သစ်ထူးလွင် on 23:31 Rating: 5
Powered by Blogger.