စစ်ဘေးဒုက္ခသည်များ စားနပ်ရိက္ခာအဓိကလိုအပ်

ကချင်စစ်ဘေး ဒုက္ခသည်များ အတွက် အဓိက လိုအပ်နေသော အကူအညီမှာ စားနပ်ရိက္ခာ ဖြစ်ကြောင်း စစ်ဘေးဒုက္ခသည် များအား အနီးကပ် အကူအညီပေးနေ သူများထံမှ သိရသည်။

ကချင်ပြည်နယ်တွင်း စစ်ပွဲများကြောင့်ဖြစ်လာသည့် စစ်ဘေးဒုက္ခသည်မျာအား အကူအညီများကိုပေးရန် အစိုးရက ကုလသမဂ္ဂအဖွဲ့ကို မကြာမီရက်ပိုင်းက ခွင့်ပြုပေးလိုက်သည်။

ကချင်ပြည်နယ်တွင် စစ်ပွဲများ တစ်နှစ်နှင့်ရှစ်လ ကြာမြင့်ချိန်တွင် စစ်ဘေးဒုက္ခသည်ဦးရေမှာ တစ်သိန်းကျော်ရှိလာပြီး အစိုးရထိန်းချုပ်နယ်မြေတွင် လေးသောင်းကျော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေတွင် ခြောက်သောင်းကျော်ရှိသည်။

အကူအညီပေးနေသူများ အ ဆိုအရ အစိုးရထိန်းချုပ်နယ်မြေ အတွင်းမှ စစ်ဘေးဒုက္ခသည်များမှာ ကချင်နှစ်ခြင်းခရစ်ယာန်အ သင်းချုပ်နှင့် အခြားအဖွဲ့များဖြစ်သော ကရုဏာ၊ ငြိမ်းဖောင်ဒေးရှင်းအဖွဲ့တို့၏ ကူညီမှုများဖြင့် အနည်းငယ် အဆင်ပြေသည်ဟု ဆိုနိုင်သော်လည်း သွားလာရခက်ခဲပြီး ရောက်ရန်မလွယ်ကူသော မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ် တိုင်(၆)အနီးနှင့် မဂါ့ရန်၊ ပန်ဝါဒေသကဲ့သို့ နေရာမျိုးတွင် မည်သည့်အကူအညီမှမရဘဲ နေထိုင်နေရသော ဒုက္ခသည်များမှာ ပိုမိုဒုက္ခ ရောက်လျက်ရှိကြောင်း စစ်ဘေးဒုက္ခသည်များအား အကူအညီပေးနေသူများက ပြောကြားသည်။

“ဒုက္ခသည်တွေကို တကယ်ကူညီချင်တဲ့ဆန္ဒ ရှိတယ်ဆိုရင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ရောက်အောင် ကူညီဖို့ပဲ အရေးကြီးပါတယ်” ဟု ကေအိုင်အို ဖွဲ့စည်းထားသည့် စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဒွဲပီဆာက ပြောကြားသည်။

ယခုကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများကို စစ်ဖြစ်ရာဒေသများသို့ နှစ်ဖက်စလုံးမှ လုံခြုံရေးတာဝန်ယူရမည်ဟူသော အာမခံချက်ဖြင့် ခွင့်ပြုပေးလိုက်သည်။ ထိုသို့ ကူညီသွားရာတွင် ဦးစွာလက်ရှိ အကူအညီပေးနေသော ကချင်လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့များနှင့် တိုင်ပင်ညှိနှိုင်းကာ ထိရောက်သော အကူအညီများပေးစေလိုကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) နှင့် အခြားအဖွဲ့အစည်းအသီးသီးမှ ကူညီပေးနေသူများက အကြံပြုသည်။

“ကျွန်တော်တို့နဲ့ တွဲမလုပ်ရင်တောင် တိုင်ပင်ပြီး အကူအညီတွေ မရောက်သေးတဲ့ နေရာတွေ ကူညီစေချင်တယ်။ တကယ်လိုအပ်နေတဲ့ ဒုက္ခသည်တွေဆီ အကူအညီတွေ အမြန်ရောက်ရင် ကျေနပ်ပါတယ်” ဟု KBC ၏ စစ်ရှောင်စခန်းများ စောင့်ရှောက်ရေးကော်မတီ ဒုတိယအတွင်းရေးမှူး ဦးကွမ်ရှောင်ကပြောသည်။

ကချင်ပြည်နယ်အတွင်း ဝေးလံခေါင်သီသော နေရာဖြစ်သည့် နှင်းကျပြီး အေးခဲသော ပန်ဝါဒေသတွင် နံနက်ခင်းရေခဲနေသည့် အတွက် ရေရရှိရန် သုံး၊ လေးနာရီ စောင့်ဆိုင်းရသည်များရှိပြီး ရေရရှိရေး အလွန်ခက်ခဲနေသည်။ မိုင်တိုင်(၆)ကဲ့သို့ နေရာများတွင် အမိုးအကာနှင့် နေစရာလုံလောက်ခြင်းမရှိဘဲ ရာသီဥတုဆိုးဝါးလွန်းသဖြင့် စောင်နှင့်အ၀တ်အထည်များ အရေးပေါ်လိုအပ်နေသည်။ ထိုမှတ်တိုင် (၆) နေရာတွင် လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ နယ်မြေမလုံခြုံသဖြင့် အကူအညီများ မရောက်သလောက်ပင်ဖြစ်ကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။

မြစ်ကြီးနား၊ ၀ိုင်းမော်နှင့် ဗန်းမော် စသည့် မြို့များတွင်ရှိသော စစ်ဘေးဒုက္ခသည်စခန်းအချို့တွင် စုပေါင်းစားသောက်သည့် စနစ်ရှိသော်လည်း အများစုစခန်းများတွင် ကိုယ့်အိမ်ထောင်စုနှင့် ကိုယ်တိုင်ချက်ပြုတ်စားသောက်ပြီး အဖွဲ့အစည်းများမှ ပေးဝေသော ဆန်၊ ဆီ၊ဆားတို့နှင့် ဟင်းလျာကိုမူ ငွေကြေးရှိလျှင် ဈေးမှဝယ်ယူချက်စားပြီး ငွေကြေးမရှိသူများမှာ နီးစပ်ရာမှ ဟင်းရွက်ကို ခူးကာ စားရေးသောက်ရေး ဖြေရှင်းနေကြရကြောင်း အကူအညီပေးနေသည့် ကချင်လူမှုကူညီရေး အဖွဲ့များထံမှ သိရသည်။

လိုင်ဇာမြို့အနီး အကြီးဆုံး စစ်ဘေးဒုက္ခသည်စခန်းဖြစ်သည့် လူဦးရေရှစ်ထောင်ကျော်ရှိသော ဂျယန်းစခန်းမှ တာဝန်ခံ ဦးနော်ဂျာက စခန်း၏လိုအပ်ချက်ကို “အဓိကက အစားအသောက်အတွက်ပေါ့။ ပြီးတော့ ဆေးဝါးလည်း မလုံလောက်ဘူး။ ကျွန်တော်တို့စခန်းမှာ ကျောင်းသားက နှစ်ထောင်ရှိတယ်။ ကျောင်းအဆောက်အအုံနဲ့ ကျောင်းသုံးပစ္စည်းတွေ လိုအပ်နေဆဲပဲ။ စာမေးပွဲနီးပြီဆိုတော့ မေးခွန်းတွေကို လက်နဲ့ရေးနေရတယ်” ဟု ဖုန်းဖြင့်ဖြေကြားသည်။

အစိုးရက အကူအညီများ ကူညီခွင့်ပြုလိုက်ပြီးနောက် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းအချို့က ကူညီရန် ကြိုတင်စနည်းနာခြင်းများ၊ လေ့လာခြင်းများ ပြုလုပ်နေပြီး လက်ရှိကူညီနေသော ပြည်တွင်းကချင် လူမှုရေးအဖွဲ့အစည်းများကို ဆက်သွယ်လာခြင်းမရှိသေးကြောင်း ယင်းအဖွဲ့အစည်းများထံမှ သိရသည်။

“ကျွန်တော်တို့ ကူညီဖို့ တင်ပြထားတာ လ ၂၀ ကျော်သွားပါပြီ။ မကြာမီ အကူအညီပေးနိုင်ဖို့ လုပ်သွားမှာပါ” ဟု နည်စည်းမထား ဆရာဝန်များအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ အာဂျန်ဟီဟန်တန်က ပြောသည်။

ထိုသို့ နိုင်ငံတကာအဖွဲ့အစည်းများ ကချင်ပြည်နယ်သို့ လာရောက်ကူညီမည်ကို ကြိုဆိုသော်လည်း ဒေသခံလူမှုအဖွဲ့အစည်းကို ပျက်ပြားစေမည့် ယဉ်ကျေးမှုကို ထိခိုက်သော အပြုအမူမျိုး ရှောင်ကြဉ်စေလိုကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဦးဆောင် လှုပ်ရှားသူ ကိုဂျော်ဂွန်းက ပြောကြားသည်။

“သီရိလင်္ကာတို့၊ အင်ဒိုနီးရှားတို့၊ ဖိလစ်ပိုင်တို့မှာလို မဖြစ်စေချင်ဘူး။ စစ်ပွဲဖြစ်နေတဲ့နေရာတွေမှာရှိတဲ့ ဒေသခံတွေရဲ့ တန်ဖိုးထားမှု၊ လူမှုအဖွဲ့အစည်းကို ထိခိုက်ပျက်ယွင်းစေတာမျိုး ရှောင်စေချင်တယ်” ဟု ယင်းက အကြံပြုပြောကြားသည်။

စားနပ်ရိက္ခာ၊ နေထိုင်ရေးနှင့် အသုံးအဆောင်များ ထောက်ပံ့သလို စစ်ဘေးဒုက္ခသည်များကို စိတ်ဓာတ်ပြန်လည်မြှင့်တင်ပေး သည့် အကူအညီများနှင့် နေရပ်ပြန်လျှင် အသုံးချနိုင်မည့် အတတ်ပညာများ သင်ကြားပေးနိုင်လျှင် ကောင်းမည်ဟု အကြံပြုသည်။

စစ်ဘေးဒုက္ခသည်များ လတ်တလောနေရပ်ပြန်ရေးမှာ မဖြစ်နိုင်သေးသည့်အတွက် အကူအညီပေးမည့်သူများအနေနှင့် ပြန်လည်ထူထောင်ရေး အကူအညီကို ဦးစွာမလုပ်ဆောင်သင့်ကြောင်း စစ်ဘေးဒုက္ခသည်များအား အနီးကပ်ကူညီနေသူများက ဆိုသည်။

“စစ်ကြောင်းတွေ အခုထိ နေရာတကာရှိနေသေးတော့ အိမ်မပြန်ရဲကြသေးဘူး” ဟု KBC မှ စစ်ဘေးဒုက္ခသည် စောင့်ရှောက်ရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။

“ယူအင်န်အနေနဲ့ လူသားချင်း စာနာမှုအကူအညီသာမကဘဲ မြန်မာအစိုးရနဲ့ ကေအိုင်အိုကြား လိုအပ်တဲ့ကြားဝင်ဖျန်ဖြေရေး ပြဿနာစောင့်ကြည့်ရေးတွေမှာ ပါဝင်ဖို့ လိုပါတယ်” ဟု ကေအိုင်အေပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

ကချင်ပြည်နယ်တွင် ဖေဖော်ဝါရီလဆန်းမှစကာ တိုက်ပွဲများ လျော့နည်းသွားပြီဖြစ်သော်လည်း ဖားကန့်ဒေသတွင် တိုက်ပွဲအချို့ဖြစ်ပွားနေဆဲဖြစ်ပြီး ဖားကန့်ဒေသမှ စစ်ဘေးဒုက္ခသည်အသစ်များ တိုးလာသဖြင့် ဒုက္ခသည်ဦးရေမှာ တစ်သိန်းငါးသောင်းကျော်အထိ မြင့်တက်လာကြောင်း အကူအညီပေးသူများကခန့်မှန်းနေကြသည်။

7Day News Journal

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်