ပြည်မြို့မှ အခြေအနေမဲ့ကလေးများ ပြင်ပမူလတန်းပညာရေး သင်ယူခွင့်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

အခြေအနေမဲ့ တောင်းရမ်းစားသောက်နေသော ပြည်မြို့ရှိ ကလေးသူငယ်များအား ကျောင်းပြင်ပမူလတန်းပညာရေး တက်ရောက်ခွင့်သက်ဆိုင်ရာ က ခွင့်ပြုပေးလိုက်ပြီ ဟု ပြည်မြို့ ကရုဏာလက်များကွန်ရက်ဥက္ကဋ္ဌ ဦးမြင့်အေးက ပြောသည်။

၂ဝ၁၂ခုနှစ် ဇွန်လ ၁၇ရက် နေ့ကစတင်၍ တောင်းရမ်းစား သောက်နေသော အသက် ၃ နှစ် မှ အသက် ၁၄ နှစ်ကြားရှိ ကလေး ငယ် ၃ဝ နီးပါးကို ခေါ်ယူ၍ ကရုဏာ လက်များ ကွန်ရက်မှ ပညာသင်ကြားပေးခဲ့ရာ အဆိုပါ ကလေးငယ်များထဲမှ အချို့ကို ကျောင်းပြင်ပမူလတန်းပညာရေးသို့ ဝင်ရောက်ခွင့် ပြုလိုက်ခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။

”ကျောင်းပြင်ပ မူလတန်း ပညာရေးက ဆရာကြီး ဦးကိုမြင့်နဲ့ ဦးမြင့်ကြူတို့ နှစ်ဦး လာရှင်းပြပေး ပါတယ်။ ကျွန်တော်တို့ ကလေး တွေကို စေလွှတ်မှာပါ” ဟု ဦးမြင့် အေးက ပြောသည်။
အကြောင်းအမျိုးမျိုးကြောင့် အရွယ်ရောက်ပြီးသော်လည်း ကျောင်းမနေနိုင်သော ကလေးငယ် များကို နှစ်နှစ်ပညာသင်ပေး၍ အကဲဖြတ်ကာ အခြေခံပညာ အလယ်တန်း အဆင့်သို့ တက်ရောက် ခွင့်ကို ပညာရေးဝန်ကြီး ဌာနက ၂ဝဝ၈ ခုနှစ်တွင် ပြည်မြို့ကို ထည့်သွင်းခဲ့သည်ဟု ကျောင်းပြင်ပ မူလတန်းပညာရေး နိုင်ငံအဆင့် ညှိနှိုင်းရေးမှူး က ပြောသည်။

”ကျွန်တော်တို့ ရည်ရွယ်ထားတာကလည်း ကလေးငယ်တွေ ပညာသင်နိုင်ဖို့ပဲလေ။ ဒီလိုဆို ပြည်က အဲဒီကလေးတွေလည်း အကျုံးဝင်ရမှာပဲ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ပြည်မြို့ ကရုဏာလက်များ ကွန်ရက်မှ တာဝန်ယူနေသော ကလေးငယ်များထဲမှ အသက် ၁ဝ နှစ်မှ ၁၄ နှစ် အတွင်းရှိသူများမှာ ကျောင်းပြင်ပ မူလတန်းပညာရေး ကို ဇွန်လပိုင်းတွင် စတင်သင်ကြား ခွင့်ရမည်ဟု သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် မရခဲ့သော တစ် နိုင်ငံလုံးရှိ အသက် ၁ဝ နှစ်မှ ၁၄ နှစ်ရှိ ကလေးငယ် တစ်သောင်း ကျော်တို့မှာ မြို့နယ် ၇၃ မြို့တွင် ပညာ သင်ယူနေပြီး ထိုထဲမှ ၃ဝ ရာခိုင်နှုန်းခန့်သည် အလယ်တန်း ပညာရေး ဆက်လက်ဆည်းပူး နေကြသည်။

Popular Myanmar News Journal


ပြည်မြို့မှ အခြေအနေမဲ့ကလေးများ ပြင်ပမူလတန်းပညာရေး သင်ယူခွင့်ပြု ပြည်မြို့မှ အခြေအနေမဲ့ကလေးများ ပြင်ပမူလတန်းပညာရေး သင်ယူခွင့်ပြု Reviewed by သစ်ထူးလွင် on 15:49 Rating: 5
Powered by Blogger.