ဇူလိုင်လအတွင်း နိုင်ငံခြားသို့ Call Center မှတဆင့်တိုက်ရိုက်ဖုန်း ခေါ်ဆိုနိုင်တော့မည်
အင်တာနက်ဆိုင် သွားစရာမလိုပဲ အိမ်ဖုန်းနှင့် မိုဘိုင်းဖုန်းများမှနေ၍ နိုင်ငံခြားသို တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင် ရေးအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီနှစ်ခုက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရတနာပုံ Call Center က သိရှိရသည်။
အဆိုပါစနစ်အရ နိုင်ငံခြားဖုန်းခေါ်ဆိုမှုအတွက် Y-talk Password နံပါတ်မလိုပဲ Call Center ကုတ်နံပါတ် (1877) ကိုနှိပ်၍  ညွှန်ကြားသည့်အတိုင်း ခေါ်ဆိုလိုသည့် နိုင်ငံသို့ ဆက်သွယ်ခေါ်ဆိုနိုင်မည် ဖြစ်သည်။
၎င်းစနစ်၏ အားသာချက်မှာ  ဖုန်းခေါ်ဆိုလိုသူများအနေဖြင့် အင်တာနက်ဆိုင်ကို သွားရောက်စရာမလိုဘဲ ကြိုးဖုန်း၊ မိုဘိုင်းလ်ဖုန်းများ အသုံးပြု၍ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်သည်။
“ အခုလက်ရှိမှာ ခေါ်ဆိုခနှုန်းထားများတွေတော့ မသတ်မှတ် ရသေးဘူး၊ ခေါ်ဆိုခ နှုန်းထား သတ်မှတ် ပြီးရင် တရားဝင် ထပ်မံထုတ်ပြန်ကြေညာသွားမှာပါ” ဟု Call Center မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
သုံးစွဲသူများအနေဖြင့် ဖုန်းခေါ်ဆိုခနှုန်းထားများအား မိမိ တယ်လီဖုန်းဘေလ်မှ ကျပ်ငွေဖြင့် ပေးဆောင်ရမည် ဖြစ်သည်။
 “ကျွန်တော်တို့က အရင်ကတည်းက ဒီလို လုပ်ဖို့ရှိတာပါ နောက်ပြီး မိုဘိုင်းဖုန်းတွေမှာလည်း  နိုင်ငံခြားဖုန်းခေါ် ဆိုနိုင်အောင် လုပ်ဖို့ရှိပါတယ် ခုလောလောဆယ်တော့ Call Center နဲ့ ဒီစနစ်ကို ပေါင်းပြီးလုပ်နေပါတယ် ” ဟု VMG Telecoms ကုမ္ပဏီတို့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုခဲ့သည်။
အဆိုပါ ဖုန်းခေါ်ဆိုမှုကို Y-talk Callingမှ နည်းပညာစနစ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ပြီးပါက ဇူလိုင်လ အတွင်းရရှိအောင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
“အခုလို နိုင်ငံခြားကို တိုက်ရိုက်နီးပါး ဖုန်းခေါ်နိုင်မှာဆိုတော့ ကောင်းတယ်၊ ကျွန်တော်ဆို သားက စင်ကာပူ မှာလေ ဖုန်းခေါ်ခြင်ရင် Internet ဆိုင်ကို သွာရတယ်၊ အရေးကြီးရင် လွယ်လွယ်ကူကူ ဖုန်ခေါ်ဆိုလို မရဘူလေ ခုလို Call Centerနှင့် Y- talk Calling တို့ ပူပေါင်ပြီးလုပ်ပေးမှာဆိုတော့ အရင်ကထက်စာရင် ပိုကောင်တာပေါ့” ဟု လှည်းတန်းမှ ဦးဇော်ဝင်းက ဆိုသည်။
လက်ရှိအချိန်တွင် နိုင်ငံခြားသို့ဖုန်းခေါ်ဆိုလိုသူများအနေဖြင့် Pfingo နှင့် Skype ဆက်သွယ် စနစ်များကိုသာ အားထားခေါ်ဆိုနေရပြီး၊ နိုင်ငံအလိုက် တစ်မိနစ်လျှင် (၂၅)ကျပ် မှ ကျပ်(၂၀၀)၀န်းကျင်အထိ ရှိကြောင်း အင်တာနက်ဆိုင်များက သိရှိရသည်။
                                                                                            by Myit Makha
'ကျရှုံးနိုင်ငံစာရင်း’ မြန်မာနိုင်ငံအဆင့် ၁၈ တွင်ရှိ
နိုင်ငံများ၏ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ဖိအားများကို လေ့လာပြီး မီးမောင်းထိုး ဖော်ပြထားသည့် ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ Fund for Peace မှ တနင်္လာနေ့က ထုတ်ပြန်လိုက်သော ကျရှုံးနိုင်ငံများစာရင်း “Failed State Index (FSI)” တွင် မြန်မာနိုင်ငံသည် အဆင့် ၁၈ တွင် ရှိနေကြောင်း တွေ့ရသည်။
၂ဝ၁၂ ခုနှစ် 'ကျရှုံးနိုင်ငံများစာရင်း' အခြေပြမြေပုံတွင် မြန်မာနိုင်ငံသည် အဆင့် ၁၈ တွင်ရှိပြီး 'အန္တရာယ်' အဆင့်တွင်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါအဆင့်သည် ‘အန္တရာယ်’ အဆင့်တွင် ရှိနေသည်။ ၂ဝ၁ဝ ခုနှစ်က မြန်မာနိုင်ငံသည် အဆိုပါစာရင်းတွင် အဆင့် ၁၆ ရှိခဲ့ပြီး ယခုအဆင့်ထက် နှစ်ဆင့် နိမ့်သည်။
ငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး ကရစ်စတာဟန်ဒရီ က FSI ကိန်းဂဏန်းကို အစိုးရများ၊ မီဒီယာများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများက ပဋိပက္ခ၏ နောက်ခံအခြေအနေများကို
လေ့လာရာ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် အသုံးပြုကြသည်ဟု ပြောသည်။
“ကျနော်တို့ နိုင်ငံ ၁၇၈ နိုင်ငံကို လေ့လာခဲ့ပါတယ်။ နိုင်ငံတိုင်း ဖိအားဒဏ်တွေ ရှိနေပြီး ဒီဒဏ်တွေကို ကိုင်တွယ်ဖြေရှင်း ဖို့ လိုတယ်လို့ အသိအမှတ်ပြုလို့ ခုလို လေ့လာတာ ဖြစ်ပါတယ်။ ပရိယေသန ဝမ်းစာရှာဖွေရာမှာ နိုင်ငံတခုချင်းအကြား ကွာခြားချက်ဟာ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်က ထွက်ပေါ်လာတဲ့ အကျိုးရလဒ်ပဲ ဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံမှာ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ အားကောင်းတဲ့ နိုင်ငံတော် အဖွဲ့အစည်းတွေ ရှိနေပြီး တရားဥပဒေ စိုးမိုးမှုနဲ့ ဒီမိုကရေစီကိုသာ အခြေခံပြီး ဖြေရှင်းဆောင်ရွက်မယ်ဆိုရင် ဒီဖိအားဒဏ်တွေကို ပို အောင်အောင်မြင်မြင်
ဖြေရှင်း ဆောင်ရွက်နိုင်မယ်ဆိုတဲ့ အယူအဆကို အခြေခံဆောင် ရွက်မှာဖြစ်ပါတယ်” ဟု ဟင်ဒရီ က ပြောသည်။
SFI ၂ဝ၁၁ စာရင်းတွင် ဆိုမာလီယာနိုင်ငံက ငါးနှစ်မြောက်ဆက်တိုက် ဗိုလ်စွဲသည်။ အနှံ့အပြား ဖြစ်ပွါးနေသော ဥပဒေမဲ့ဖြစ်ရပ်များ၊ ထိရောက်မှုကင်းမဲ့သော အစိုးရစနစ်၊ အကြမ်းဖက်ဝါဒ၊ ပြည်တွင်းသောင်းကျန်းမှု၊ ရာဇဝတ်မှုနှင့် နာမည်ကျော်လှသော နိုင်ငံခြား သင်္ဘောများအား ပင်လယ်ဒါးပြ တိုက်သည့်လုပ်ရပ်တို့ကြောင့် ဆိုမာလီယာနိုင်ငံမှာ ထိုသို့ ထိပ်ဆုံးအဆင့်တွင် ရောက်ရှိသွားခြင်းဖြစ်သည်။
ဖင်လန်နိုင်ငံကမူ အလွတ်လပ်ဆုံး တိုင်းပြည် စာရင်းတွင် ဗိုလ်စွဲသည်။ သူ့လို စကင်ဒီနေ ဗီးယန်းကျွန်းဆွယ်နိုင်ငံ အိမ်နီးချင်းများဖြစ်ကြသော ဆွီဒင်နှင့်ဒိန်းမတ်နိုင်ငံတို့က သူနှင့် ကပ်လျက် အလွတ်လပ်ဆုံး နိုင်ငံများစာရင်း ဝင်ကြသည်။
အဆိုပါ သုံးနိုင်ငံစလုံးသည် အားကောင်းလှသော လူမှုရေးနှင့် စီးပွါးရေး ညွှန်ကိန်းများကြောင့်လည်းကောင်း၊ အကောင်းဆုံး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနှင့် လူ့အခွင့်အရေး ဥပဒေ စိုးမိုးမှုတို့ကို လေးစားလိုက်နာအား
ကောင်းလှခြင်းတို့ကြောင့် ထိုသို့ အကောင်းဆုံးနိုင်ငံ စာရင်းဝင်ကြခြင်း ဖြစ်သည်။
နိုင်ငံ ၁၇၈ နိုင်ငံကို ကျရှုံးနိုင်ငံအဆင့် စာရင်းသတ်မှတ်ရာတွင် နိုင်ငံတခုအပေါ် ကျရောက်နေသည့် ဖိအားများဖြစ်သော လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး စသည့် ညွှန်ကိန်း ၁၂ မျိုးကို အသုံးပြုပြီး သူ့အောက်တွင် အသေးစိတ် ညွှတ်ကိန်း ၁ဝဝ ရှိသည်။
အဆိုပါ ညွှန်ကိန်းများတွင် တပြေးညီညာမဟုတ်သော ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတခု၏ တရားဝင်မှု၊ အုပ်စုလိုက် နစ်နာမှုများ၊ လူ့အခွင့်အရေးတို့ ပါဝင်သည်။ ညွှန်ကိန်းတခုစီတွင် အဆင့် ၁ မှ ၁ဝ အထိ သတ်မှတ်ထားပြီး ရတတ် သမျှသော စာရွက်စာတမ်း အထောက်အထားများ၊ အခြား အရေအတွက်ပြ ကိန်းဂဏန်းများ စသည့် အချက်အလက် သန်းပေါင်း များစွာကို စိစစ်လေ့လာသူများက ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ကြခြင်းဖြစ်သည်။ ရမှတ် များလျှင် အဆိုပါနိုင်ငံ အပေါ်ကျရောက်နေသော ဖိအားများနေခြင်းကို ပြခြင်းဖြစ်ပြီး မတည်ငြိမ်မှု ပိုဖြစ်နိုင်ချေလည်း ရှိသည်။
ယခုနှစ်အတွင်း ထူးခြားသောအချက်မှာ အာရပ်နွေဦး၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ ဘာရိန်း၊ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယားနှင့် တူနီးရှားတို့မှာ ယမန်နှစ်ကနှင့် နှိုင်းယှဉ်လျှင် အာရပ်နွေဦးကြောင့် ယခုနှစ်အခြေအနေ အတော်လေး ဆိုးသွားသည်။
လစ်ဗျား၏ အဆင့်နိမ့်ကျသွားမှုမှာ အသိသာဆုံး ဖြစ်သည်။ ဖြစ်ပွါးနေသော ပြည်တွင်းစစ်ကြောင့် FSI ရာဇဝင်တွင်နှစ်အလိုက် နှိုင်းယှဉ်ချက်အရ ယခုနှစ်မှာ အဆိုးဆုံး ဖြစ်သည်။ ကဒါဖီ အစိုးရကို ဖြုတ်ချရာတွင် နေတိုးဦးဆောင် သည့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ထိုသို့ အဆင့်ထိုးကျသွားခြင်း ဖြစ်သည်။
အလားတူပင် နှစ်အလိုက်နှိုင်းယှဉ်မှုတွင် ဆီးရီးယားနိုင်ငံမှာလည်း FSI ရာဇဝင်တွင် စတုတ္ထ အဆိုးဆုံးနိုင်ငံ ဖြစ်လာ သည်။ သမ္မတ အာဆတ် အစိုးရအဖွဲ့၏ အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်မှုများကြောင့် ထိုသို့အဆင့်ကျခဲ့ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံသည်လည်း ပြင်းထန်လှသောငလျင်ဘေးဒဏ်နှင့် နောက်ဆက်တွဲ ပေါ်ပေါက်လာသော နျူကလီးယာ ဓါတ်ပေါင်းဖို ပေါက်ကွဲသည့် အကြပ်အတည်းကြောင့် သိသိသာသာ အဆင့်ကျသွားခဲ့သည်။ FSI (ကျရှုံးနိုင်ငံ) စာရင်းတွင် အကောင်းဆုံး ၇% နိုင်ငံများတွင် ဂျပန် ပါဝင်နေသေးသော်လည်း ယခုကဲ့သို့ အဆင့်ထိုးကျသွားသည်ကို ကြည့်လျှင် အတည်ငြိမ်ဆုံးနိုင်ငံများပင် ပြင်းထန်ကြီးမားသော တုန်လှုပ်ဖွယ် အဖြစ်ဆိုးမျိုး ကြုံရလျှင် ခံနိုင်ရည် နည်းကြောင်း သက်သေပြနေသည်။
တိုင်းပြည်တွင်း ဖြစ်ပေါ်နေသော စီးပွါးရေး အကြပ်အတည်းကြောင့် ဂရိနိုင်ငံ၏ အဆင့်အတန်းမှာလည်း ဆက်လက် ကျဆင်းနေသည်။ နိုင်ငံတွင်း ယုံကြည်မှု ဆုံးရှုံးခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ချည့်နဲ့လာခြင်း စသည်တို့ကြောင့်
နိုင်ငံအပေါ် ကျရောက်နေသည့် ဖိအားလည်း များလာခဲ့သည်။
ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် တောင်ပိုင်း ဆူဒန်နိုင်ငံကိုလည်း ငြိမ်းချမ်းရေးရံပုံငွေ အဖွဲ့က ဆန်းစစ်လေ့လာ ခဲ့သည်။ ဤနိုင်ငံသည် ၂ဝ၁၁ ခုနှစ် ဒုတိယနှစ်ဝက်က လွတ်လပ်ရေး ရခဲ့သည်။ အချက်အလက် မပြည့်စုံမှုကြောင့် FSI အဆင့်သတ်မှတ်ချက်ကို တရားဝင် သတ်မှတ်ခြင်း မပြုလုပ်ခဲ့သော်လည်း ခန့်မှန်းခြေအားဖြင့် စတုတ္ထမြောက် အဆိုးဆုံးနိုင်ငံ အဆင့်တွင် မြောက်ဖက်အိမ်နီးချင်း ဆူဒန်နိုင်ငံနှင့် ကပ်လျက် အောက်တွင် တည်ရှိနေသည်။
တောင်ပိုင်း ဆူဒန်နိုင်ငံ၏ ချည့်နဲ့လှသော အခြေခံ အဆောက်အအုံ၊ ဆိုးရွားလှသော ဆင်းရဲမွဲတေမှု၊ ချည့်နဲ့သော အစိုးရ၊ အဆင်မပြေလှသော ဆူဒန်နိုင်ငံနှင့် ဆက်ဆံရေး၊ ရေနံအပေါ် အလွန်အမင်းမှီခိုနေရမှု စသည်တို့ကြောင့် ထိုသို့စိုးရိမ်ဖွယ် အခြေအနေ ဆက်လက်ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။
ကာဂျစ္စတန်နိုင်ငံသည် အဆိုပါစာရင်းတွင် တိုးတက်မှု အရှိဆုံးနိုင်ငံ ဖြစ်သည်။ ၂ဝ၁ဝ နှစ်လယ်က ဖြစ်ပွါးခဲ့သောတော်လှန်ရေးကြောင့် FSI စာရင်းတွင် ထိုးကျသွားခဲ့ရာမှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ သိသိသာသာ လုပ်ဆောင် ခဲ့ပြီး အာဏာကို တည်တည်ငြိမ်ငြိမ် အသွင်ကူးပြောင်းနိုင်ခဲ့ခြင်းကြောင့် ထိုသို့ အခြေအနေ ကောင်းမွန်လာခဲ့ခြင်း
ဖြစ်သည်။
ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့သည် ဝါရှင်တန်အခြေစိုက် လွတ်လပ်သည့် သုတေသနနှင့် ပညာပေးရေး အဖွဲ့အစည်းတရပ်
ဖြစ်သည်။ အဖွဲ့၏ ရည်ရွယ်ချက်နှင့် တာဝန်မှာ ပဋိပက္ခများကို တားဆီးကာကွယ်ရန်နှင့် ရေရှည်တည်တံ့မည့် လုံခြုံမှုကို
မြှင့်တင်အားပေးရန် ဖြစ်သည်။ ယခုလေ့လာမှုကို နိုင်ငံခြားရေး မူဝါဒ ဂျာနယ်နှင့်အတူ ပူးတွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
                                                                                                                             မဇ္ဈိမသတင်းဌာန
ရော့ခ်ကာကြီးပြောတဲ့ လူငယ်တွေ အတွက် အားပေးစကား
နှစ်ပေါင်း များစွာကြာအောင် ခုချိန်ထိ သူ့ရဲ့အောင်မြင်မှု ကို ထိန်းသိမ်း ထားနိုင်သူ၊
Iron Crossရဲ့ ရှိုးပွဲတိုင်း မှာ လည်း ကိုကြီးငဲ၊ ကိုကြီးငဲ ဆိုပြီး အမြဲတမ်း ပွဲတောင်းခံ ရတဲ့ အငဲတို့ ICအဖွဲ့က ဇူလိုင် လ၁၄ရက်နေ့မှာaတာ့ အင်္ဂလန်နိုင်ငံကို ဖျော်ဖြေရေးသွားမှာ ဖြစ်ပါတယ်။
ICက အင်္ဂလန် ခရီးစဉ် အနေနဲ့ လွန်ခဲ့တဲ့၎နှစ်က တစ်ကြိမ်သွားခဲ့ပြီး အခုကတော့ ဒုတိယ တစ်ခေါက်ပါ။ ရှိုးပွဲမတိုင်ခင်မှာ အငဲရဲ့ ခံစားမှုက..''အခုထိကို အရင် အတိုင်း ပဲ ဖြစ်နေကျ၊ လုပ်နေကျဆိုပေမယ့် နည်းနည်းကြောက်တတ်သေးတယ်။ အတွေ့အကြုံ ရလာတာပဲရှိတယ်။ ရှိုးတက်တဲ့အခါမှာတော့ ကြောက်တဲ့ ခံစားမှုတော့ ရှိသေးတယ်။ သီချင်းကိုတော့ ရှိုးမှာ ပရိသတ်တွေ အဆင်ပြေနိုင် မယ့် သီချင်း အနေနဲ့တော့ ကွာသွားတာပေါ့။ လတ်တလော မှာ သူတို့ ကြိုက်နေတဲ့ သီချင်းကို ဆိုပေးရမှာ ကိုယ့်တာဝန်ရှိတယ်လေ။ ဒါပေမဲ့ ရုတ်တရတ် ကျွန်တော်တို့ သိပ်မတိုက်ဘူးတဲ့ သီချင်းမျိုး ပရိသတ် ကတောင်းရင်တော့ ဘယ်လိုလုပ် ဆိုနိုင်မှာလဲ။ အဲဒီအခါကျရင်တော့လည်း မတိုက်ရသေးဘူးလို့ပဲ ပြောရတာပေါ့'' လို့ ပြောပါ တယ်။
အငဲရဲ့ ၂ဝ၁ဝ မှာ ထွက်တဲ့ ပထမဆုံး ကိုယ်ပိုင်သံစဉ်'ကိုး' အခွေထဲက သီချင်းပုံစံကို ဘယ်လို ခံစားမှုနဲ့ ဘယ်လိုရွေးဖြစ်ခဲ့သလဲလို့ မေးတော့အငဲက.. ''တမင် တည်ပြီးရွေး တာတော့ မဟုတ်ဘူး။ ထိပ်ဆုံးခွေ ဖြစ်နေတော့ နည်းနည်း Safe ဖြစ်အောင် သီချင်းကို နည်းနည်း ပိုလုပ်တယ်။ ၁၅ပုဒ်၊ ၁၆ပုဒ်လောက် တီးဖြစ်သွား တယ်။ အဲဒီထဲကမှ အဆင်ပြေသလို ရွေးလိုက်တော့ 'ကိုး'အခွေက အခု ပရိသတ် မြင်တဲ့ ပုံမျိုးဖြစ်သွားတယ်။ ၃၊၄ပုဒ်လောက်က အဆင်မပြေ လို့ ဖြုတ်လိုက်တယ်''လို့ပြော ပါတယ်။ အရင် ကော်ပီခွေတွေလုပ်ခဲ့တာနဲ့ ဒီ 'ကိုး'လိုမျိုး Own Tune Album လုပ်ရတာက ဘာတွေ ကွာခြားလဲလို့ အငဲ ကို ဆက်မေးကြည့်တော့ ..''ဘာကွာလဲဆိုတော့ ဒါက နည်းနည်း လွတ်လပ် တယ်။ မဆိုးပါဘူး။ တစ်မျိုးစီပါပဲ။ ကော်ပီခွေ လုပ်တုန်းက လည်း ပျော်ပါ တယ်။ ခု Own tuneလုပ်တော့ တချို့ဟာလေးတွေက ကိုယ့်ဟာကိုယ် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး လွတ်လပ်မှုတော့ ရှိတာပေါ့'' လို့ ပြောပါတယ်။
အငဲရဲ့ 'ကိုး'အခွေအမ် တီဗီမှာလူငယ် ရော့ခ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Wanted အဖွဲ့လည်း တစ်ပုဒ်ပါဝင်သရုပ်ဆောင် ထားတာကြောင့် မျိုးဆက်သစ် လူငယ် ရော့ခ်အဖွဲ့တွေ ကိုရော ကိုအငဲအနေနဲ့ ဘယ်လိုမြင်မိလဲ၊ လက်တွဲ လုပ်ဆောင်ဖို့ကော ရှိလား ဆိုတော့အငဲက..''သူတို့ တွေနဲ့တွေ့တဲ့ အချိန်တော့ ချစ်ချစ်ခင်ခင်နေကြတာ များပါတယ်။ ကျွန်တော်ကမြို့ထဲ သိပ်မထွက်တော့ သိပ်တော့မတွေ့ ဖြစ်ဘူး။ ဒါပေမဲ့ မြူးဇစ်လုပ်တဲ့ လူတွေ ကတော့ ကိုယ့်မိသားစုလိုပါပဲ။ သူတို့ကိုကြည့်ရတာ အားရပါတယ်။ သူတို့လည်း ကြိုးစားကြပါတယ်။ တကယ်ဆိုရင် ဒီ့ထက် တောင်ဖြစ်သင့် ပါသေးတယ်။လက်တွဲလုပ်ဖို့ဆိုတာထက် သူတို့ကိုအကြံပေးတာတို့၊ သူတို့ရေးထားတဲ့ သီချင်းတွေ ကျွန်တော့်ကို ဝင်ဆိုမလား၊ အဆင်ပြေတာ မျိုးတွေဆိုရင် ဝင်ဆိုပေးပါတယ်''လို့ ပြောပါတယ်။ ရော့ခ်ကာကြီး အငဲက လူငယ်မျိုးဆက်သစ်လေးတွေ အပေါ်မှာလည်း အငဲရဲ့အားပေးစကားက.. ''တကယ်လုပ်ချင်စိတ်ရှိတဲ့လူ၊ တကယ်ကိုယ်ခံအားကောင်းပြီး ဝမ်းစာပြည့်တဲ့ လူတွေအားလုံးကို ဖြစ်စေချင်ပါတယ်။ ဘာအကြောင်းကြောင့် မှတော့ သူတို့ကို မကျဆုံး စေချင်ပါဘူး''လို့ ဆိုပါတယ်။ အငဲရဲ့'ကိုး' အခွေ အမ်တီဗီကတော့ တမင်ရည်ရွယ်တာ မဟုတ်ဘဲ ထူးထူးခြားခြား ပဲ လေးဖြူက တစ်ခွေလုံး ရိုက်တာလို့ အငဲက ပြောပြီး အားလုံး ပြီးပေမယ့် ရည်မှန်းထား တဲ့အတိုင်းမဖြစ်တာကြောင့် နည်းနည်းတော့ ကြာဦးမယ်လို့လည်း အငဲကဆက်ပြောပါတယ်။
ICရဲ့စုစည်းမှုတွေဖြစ်တဲ့ 'ရာစုသစ်'လို၊ 'LMN'လို၊ အခွေမျိုးကော ပရိသတ်တွေ အတွက် စီစဉ်ထားတာ ရှိလားဆိုတော့ ''ကြိုတင်တော့ မစီစဉ် ထားဘူးဗျ။ တစ်ခါတလေကျ ရင် လေးဖြူတို့၊ မျိုးကြီးတို့ နဲ့ တွေ့တဲ့ အချိန် 'လုပ်ကြဦးမလား'ပြောပြီး ၃ယောက်စလုံး ဖီလင်ရှိရင် လုပ်တာပဲ။ တစ်ယောက်က မလုပ်ချင်ရင်မလုပ်တော့ ပြန်ဘူး။ အဲလိုမျိုး ဖြစ်နေတာ''လို့ ဆိုလာပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံ ဂီတအစည်း အရုံးလည်း အသစ်ပြန်လည် ဖွဲ့စည်းတော့ မှာဖြစ်တာကြောင့် အစည်းအရုံးနဲ့ ပတ်သတ် ပြီး မေးတော့ ..''အမှန်တိုင်းပြောရရင် ကျွန်တော်က ထဲထဲဝင်ဝင် သိပ်မနေတော့ သိပ်တော့ မသိဘူးဗျ''လို့ဆိုပါတယ်။ အငဲက လက်ရှိ ဂီတဈေးကွက်ကိုတော့ 'ဈေးကွက်က တော့ သိတဲ့အတိုင်းပဲ။ သိပ်အားမရ ဘူး။ ကိုယ်ဖြစ်တာ ကို ပြောတာ မဟုတ်ဘူး။ ခုဖြစ်နေတဲ့ ဈေးကွက်ကိုပြောတာ။ ထုတ်ဝေ သူတွေ၊ ပရိုဂျူဆာတွေနဲ့ တွေ့ရင် သူတို့ပြောကြတဲ့ စကားနားထောင် ရတာ ပြောပါတယ်။ တကယ် ဘယ်လို ဖြစ်နေလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ တဖြည်းဖြည်းနဲ့ ခြစားသလိုပါပဲ''လို့ ပြောပါ တယ်။
ရဲရဲ
By Popular Myanmar News Journal
စစ်တွေမြို့က ကယ်ဆယ်ရေးစခန်း ၂ခုသို့ သွားရောက် ခဲ့တဲ့ အတွေ့အကြုံများနဲ့ ပြေတီဦး
ပြေတီဦးက ဇွန်လ၂၃ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေ မြို့က ဒုက္ခရောက်နေ
တဲ့မြို့သူ၊မြို့ သားတွေကို ကိုယ်တိုင်သွားရောက် အားပေးကူညီ ခဲ့ပါတယ်။ ကယ်ဆယ်ရေး စခန်း ၂ခုကို ရောက်ရှိခဲ့ပြီး စောင်၊ အဝတ် အစား၊ ခေါက်ဆွဲခြောက်ထုပ်၊ စားစရာသောက်စရာများ နဲ့ ငွေများ လှူဒါန်းခဲ့ကြကြောင်း ပြေတီဦးကပြောပါတယ်။
စစ်တွေမြို့ ကို ရောက်တာနဲ့ ဝမ်းနည်းကြေကွဲသလို ခံစားခဲ့ရတယ်ဆိုတဲ့ ပြေတီဦးက ရခိုင်ပြည်နယ် မှာ မြင်တွေ့ခဲ့ရတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ခုလို ပြောပြခဲ့ပါတယ်။ ''အဲဒီမြို့ကို ရောက်တာနဲ့ ဘာမှမမြင်ရသေးဘူး။ ဝမ်းနည်းသလို၊ ကြေကွဲ သလိုခံစားရတယ်။ မြို့ကလည်း ဝင်သွားပြီဆိုတာနဲ့ အစောင့်အကြပ်တွေနဲ့ လုံခြုံရေးတွေနဲ့မြင် ရတယ်။ စည်ကားနေတာမျိုး မဟုတ်ဘူး။ အိမ်ရှေ့လေး မှာပဲ တစ်ယောက်စ၊ နှစ်ယောက်စ ထွက်ရပ်နေကြတယ်။ တချို့အိမ်တွေ ကလည်း မီးရှို့ခံထားရ တာမျိုး၊ မြို့ထဲကို ဝင်သွားပြီဆိုတာနဲ့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ ကယ်ဆယ်ရေးစခန်း၂ခု လောက်ရောက်ခဲ့တယ်။ အကူအညီ လိုအပ်နေတဲ့လူတွေနဲ့ တိုက်ရိုက်ထိတွေ့တယ်။ တိုက်ရိုက် အားပေး စကားပြောတယ်။ စောင်တို့၊ အဝတ်အစားတို့၊ ခေါက်ဆွဲခြောက်ထုပ် နဲ့စားစရာ၊ သောက်စရာတွေ ငွေတွေကို စခန်းမှာလှူခဲ့တယ်။ ဒီအချိန်မှာတော့ အကုန်လုံး လိုအပ်နေတာပဲ။ စားစရာ၊ သောက်စရာ၊ ဝတ်စရာ ၊နေစရာ၊ ဒီအချိန်မှာ သူတို့မှာ ဘာတစ်ခုမှမရှိတော့ဘူး။ အားလုံး လိုအပ်နေတာပဲ။ မီးလောင်တဲ့ နေရာတွေကို လှမ်းတော့မြင်တယ်။ ရွာတစ်ရွာ ဆိုရင် တစ်ရွာလုံးမီးရှို့ထားတာမျိုး ပင်လယ်ကမ်းစပ်မြို့ဆိုတော့ အုန်းပင်တွေ ရှိတယ်။ တစ်ရွာလုံးမီးရှို့ ခံထားရတော့ အုန်းပင်တွေလည်း ဝါပြီး ခြောက်နေတယ်။ ကျွန်တော့်ကိုတွေ့တဲ့အချိန်မှာ သူတို့ရဲ့မိသားစုဝင် တစ်ယောက်ကို တွေ့သလိုမျိုးပဲ။
အမေကြီးတွေကဆိုရင် ''သားကြီးရယ် အမေ တို့မှာ ဘာမှ မရှိတော့ဘူး။ ချက်စရာ၊ ပြုတ်စရာ အိုး၊ ခွက်တွေကအစ မရှိတော့ဘူး။ အိမ်သားတွေလည်း မရှိတော့ဘူး''ဆိုပြီး ငိုတယ်။ မျက်ရည် ကျတယ်။ သူတို့တအား ရင်းနှီးတဲ့ လူကိုတွေ့သလိုမျိုး လက်ကိုကိုင်ပြီး ငိုကြတယ်။ တအားစိတ်မကောင်းဘူး။ တအားခံစားရတယ်။ ကိုယ့်မိသားစု ဝင်တွေလိုပဲ။ သူတို့ကို သေချာအားပေး ခဲ့ပါတယ်။ နှစ်သိမ့် ခဲ့ပါတယ်။ ဒီမြန်မာနိုင်ငံထဲမှာ နေကြတဲ့ ညီအစ်ကိုမောင်နှမတွေပဲ၊ မိသားစုဝင်တွေပဲ ဘယ်သူ့မှ ပစ်ထားကြမှာမဟုတ်ဘူး။ ကျွန်တော်တို့တွေလည်း မရောက်ရောက်အောင် လာတယ်။ လှူတယ်။ နောက်ထပ်လည်း ဒီထက်ပိုပြီးအကူအညီတွေ လာဦးမှာပါ။ ဘာမှအားငယ်စရာမလိုဘူး။ ကျွန်တော်တို့ထက် ပိုပြီး တတ်နိုင်တဲ့၊ ပိုပြီး အင်အားကြီးတဲ့ အလှူရှင်တွေလည်း အများကြီးရှိပါတယ်။
''ကျောင်းဖွင့်ချိန်မို့လို့ ကလေးတွေ ကျောင်းတက်ဖို့တွေ၊ အဝတ်အစားတွေ၊ စာအုပ်တွေနောက်ပိုင်းမှာ တဖြည်းဖြည်း ဒီ့ထက်ပိုပြီး လှူဒါန်းကြ မှာပါ။ နောက်ဆိုရင် ဆက်သွယ်ရေးလည်း ဒီ့ထက်ပိုပြီး ပွင့်လန်းလာမှာပါ။ အဲဒီအချိန် ဆိုရင် လှူဒါန်းတာတွေ ဒီ့ထက်ပိုရောက်ပြီး ပိုပြီးဂရုစိုက်နိုင်မှာပါလို့ သူတို့ကို သေချာကိုယ်တိုင် နှစ်သိမ့် စကားတွေ ပြောခဲ့ပါတယ်''လို့ ပြောပါတယ်။ ခုလိုကိစ္စမျိုးဖြစ်ပြီး တိုင်းပြည် နဲ့ယှဉ်လာရင် ပုဂ္ဂလိကခံစားချက်တွေကို လျှော့သင့်ကြောင်း၊ ကြီးမားတဲ့ ပဋိပက္ခ တစ်ခု ဖြစ်သွားရင် ဘယ်သူ့ အတွက်မှ အကျိုးမရှိသလို ဘယ်လိုကောင်း ကျိုးမှမရနိုင်ဘဲ၊ ဆိုးကျိုးတွေပဲ ရရှိနိုင်ကြောင်း၊ တိုင်းပြည်ပြန်လည် ထူထောင်နေချိန်မှာ ကိုယ့်ရဲ့ ခံစားချက်တွေကို လျှော့ ချပြီးဒီအဖြစ်အပျက်တွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အညင်သာဆုံး၊ အမြန်ဆုံး နိဂုံးချုပ်ဖို့အတွက် လူတိုင်းမှာ တာဝန်ရှိကြောင်း ပြေတီဦးက ပြော ပါတယ်။
ခိုင်ဝေလွင်၊ ဓာတ်ပုံ-KOM
By Popular Myanmar News Journal
ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် သရုပ်ဆောင် ရန်ဒုတိယ အကြိမ် လူတွေ့ စစ်ဆေး
ဇွန်၁၁ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး
အဖွဲ့ရုံးခန်း၌ ဇာတ်ညွှန်းအဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ဇာတ်ညွှန်းအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသော ဦးကြည်စိုးထွန်း၊ ဦးချစ်ဦးညို၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး၊ ဒေါ်ကြည်ဖြူသျှင်နှင့် သမိုင်းသုတေသီတစ် ဦးဖြစ်သူ ဦးဇော်လင်းတို့ တက်ရောက်ခဲ့ကြပါသည်။
ထိုအစည်းအဝေးတွင် ဇာတ်ညွှန်းအကြမ်း ထွက်ရှိရေး အတွက် ဆွေးနွေး ခဲ့ကြသည်။ ဇွန်လ၁၂၊၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရုံးခန်း ၌ ဗိုလ်ချုပ်အောင်ဆန်း၏နေရာတွင် သရုပ်ဆောင်ရန် ဒုတိယအကြိမ် လျှောက်ထားသူ များအား ဒုတိယနေ့ လူတွေ့စစ်ဆေးခြင်းပြုလုပ် ခဲ့ကြပါသည်။ သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့မှ ဦးလူမင်း၊ ဦးအရိုင်း၊ဒေါ်အိအိခိုင်၊ ဒေါ်ကြည်ဖြူသျှင်နှင့် ပြင်ပပညာရှင် များ ဖြစ်ကြသော ဦးကြည်စိုးထွန်း၊ ဦးအောင်လွင် တို့က ဒိုင်အဖြစ် ရွေးချယ် အမှတ် ပေးခဲ့ကြပါသည်။
ဒုတိယအကြိမ် လျှောက်ထားသူ ၈၈ဦး အနက် လာရောက် ဆက်သွယ်သူများကို လူတွေ့စစ်ပြီး ဖြစ်ပါသည်။ မကြာမီ ဆန်ခါတင် အဖြစ် ထပ်မံရွေးချယ်ပြီးလျှင် အရွေးချယ်ခံရသူ စာရင်းကို သတင်းထုတ်ပြန် ကြေညာပေးမည်ဖြစ်ပါသည်။ သရုပ်ဆောင်ရွေး ချယ်ရေးနှင့် ပတ်သက်၍ အခြား သတင်းထုတ်ပြန်ချက်များ ရှိလျှင်လည်း ဆက်လက်ပြီး အသိပေးထုတ်ပြန် ပေးသွားမည်ဖြစ်ပါသည်။
By Popular Myanmar News Journal
လမ်းပေါ်ထွက် ဆန္ဒပြမှု ဖြေရှင်းရန်နည်းလမ်း သမ္မတညွှန်ကြား
 ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခြင်းများကို လျော့နည်းသွားစေရန် အတွက် ပြည်နယ်နှင့် တိုင်း အစိုးရများအနေဖြင့် ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ ပြည်သူများ၏ အခက်အခဲများကို ဖေါ်ထုတ်
ဆွေးနွေး ဖြေရှင်းပေးသည့်နည်းကို သုံးသင့်ကြောင်း သမ္မတဦးသိန်းစိန်က လမ်းညွှန် မှာကြားလိုက်သည်။
အင်္ဂါနေ့က နေပြည်တော် သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ၊ ပြည်နယ်/တိုင်း အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ဥက္ကဋ္ဌများကို သမ္မတ က လမ်းညွှန်မှာကြားခြင်း ဖြစ်သည်။
“ပြည်သူလူထု၏ အခက်အခဲများကို ဒေသဆွေးနွေးပွဲများ၌ ဖော်ထုတ်ဆွေးနွေးနိုင်ခြင်း၊ အောက်ခြေတွင် ဖြေရှင်းနိုင် သည်များကို ချက်ချင်းဖြေရှင်းပေးခြင်းနှင့် ယနေ့ လမ်းမပေါ် ထွက်၍ ဆန္ဒပြရန်မလိုဘဲ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နည်းလမ်းတကျ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာဖြစ်ပါတယ်” ဟု သမ္မတ က ထည့်သွင်းပြောကြားသွားသည်။
မေလအတွင်းမှာပင် စက်ရုံပေါင်း ၅၇ ရုံမှ အလုပ်သမား ၃၆,၈၁ဝ ဦးက လစာတိုးပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး ဇွန်လအတွင်း လှိုင်သာယာ အမှတ် ၂ စက်မှုဇုန်ရှိ Myanmar Sunny အထည်ချုပ် စက်ရုံမှ အလုပ်သမားများက လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုခြင်း၊ ရမည်းသင်းမြို့ မိုးထိမိုးမိ ရွှေမှော်မှ အလုပ်သမားများက တပိုင်တနိုင်
ရွှေတူးဖော်ခွင့် ပြည်လည် ရရှိရေးတို့အတွက် ဆန္ဒပြခြင်းများ ရှိခဲ့သည်။
“ဒီမိုကရေစီခေတ်မှာ ပြည်သူ့ဆန္ဒဖော်ထုတ်တယ်ဆိုပြီး လမ်းမပေါ်မှာ လူအုပ်နဲ့ထွက် အစုအဝေးနဲ့ သွေးထိုးမှု ပါလာတဲ့ အခါ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ပြည်သူအများစုရဲ့ အသက်အိုးအိမ်၊ လုံခြုံမှု ထိခိုက်တဲ့ ဖြစ်စဉ်အထိ ရုတ်ချဉ်းပြောင်းလဲ သွားတတ်တဲ့ ဖြစ်စဉ်နဲ့ သဘောသဘာဝကို ရင့်ကျက်ယဉ်ကျေးသော တိုင်းပြည်တိုးတက်အောင် ညီညွတ်စွာ ကြိုးပမ်း ဆောင်ရွက်နိုင်သော ကမ္ဘာ့အလယ်မှာ သားစဉ်မြေးဆက်ရပ်တည်နိုင်အောင် စွမ်းဆောင်ရည် ရှိသော လူမျိုးများအဖြစ် အစိုးရ၊ လွှတ်တော်၊ ပြည်သူ အားလုံးနဲ့ စတုတ္ထမဏ္ဍိုင်တို့ ပူးပေါင်းပြီး ညီညီညွတ်ညွတ်၊ ခိုင်ခိုင်မာမာ လက်တွဲ ကာကွယ် စောင့်ရှောက် သွားရမှာ ဖြစ်ပါတယ်” ဟုလည်း ဦးသိန်းစိန် က ထည့်သွင်းပြောသွားသည်။
ထို့အပြင် မေလအတွင်း ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်ခဲ့မှုများကိုလည်း သမ္မတက ရည်ညွှန်းပြီး တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ကဏ္ဍအတွက် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စသည့် စွမ်းအင်ဆိုင်ရာ စီမံကိန်းများ စီမံဆောင်ရွက်ရန်လည်း လမ်းညွှန်သွားသည်။
“လျှပ်စစ်ဓာတ်အား လျော့နည်းကျဆင်းခဲ့မှုအပေါ် ပြည်သူများအနေနဲ့ လျှပ်စစ်မီး လိုအင်ဆန္ဒကို ဖော်ထုတ်ပြသခဲ့ကြ ပြီး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးမယ့် လတ်တလော အစီအစဉ် များကို အမြန်စီမံ ဆောင်ရွက်ခဲ့ပါတယ်။ သို့ရာတွင် ရေတိုရေရှည်အတွက် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုအတွက် လျှပ်စစ်ကဏ္ဍကို ချိတ်ဆက် စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်” ဟုလည်း ပြောသွားသည်။
သမ္မတ၏ မိန့်ခွန်းတွင် ၂ဝ၁ဝ မှ ၂ဝ၁၅ အထိ ငါးနှစ်အတွင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) တနှစ်ပျမ်းမျှ ၇.၇% တိုးတက်ရန် ရည်မှန်း လုပ်ဆောင်နေသည်ဟုလည်း ပြောသွားခဲ့သည်။
စီမံကိန်းများ လုပ်ဆောင်ရာတွင်လည်း ယခင်ကကဲ့သို့ အထက်မှအောက်သို့ စေခိုင်း လုပ်ကိုင်စေခြင်း မဟုတ်ဘဲ
အောက်ခြေမှ အထက်သို့ တင်ပြ လုပ်ဆောင်သွားရန်လည်း သမ္မတက လမ်းညွှန်သွားခဲ့သည်။
“ရှေးကကဲ့သို့ Top-Down ခွဲဝေချထားမှုမျိုး ဆောင်ရွက်မှာ မဟုတ်ဘဲ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းနှင့်အညီ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သည့် ဦးစားပေး ကဏ္ဍနှင့် နယ်မြေများကို အောက်ခြေအဆင့်ကစပြီး Bottom-Up လုပ်ငန်းစဉ်နှင့် တင်ပြ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု သမ္မတက ပြောသွားခဲ့သည်။
မျိုးသန့်     | အင်္ဂါနေ့၊ ဇွန်လ ၁၉ ရက် ၂၀၁၂
ရန်ကုန် (မဇ္ဈိမ) ။
ဒပ်ဘလင် မြို့တော်ရဲ့ လွတ်မြောက်ရေး ဆုပေးပွဲ (ရုပ်/သံ)
ဒေါ်အောင်ဆန်းစုကြည်ဟာ Dublin’s Freedom of the City (ဒပ်ဘလင် မြို့တော်ရဲ့ လွတ်မြောက်ရေး) ဆုကို ကိုယ်တိုင်လက်ခံရယူတဲ့ အပြင် ပရိသတ်တွေရဲ့ မွေးနေ့ဆုတောင်းကိုပါ တပါတည်း ရယူသွားခဲ့ပါတယ်။
( ရဲဝင့်သူ ) ဒီဗွီဘီ
ဒေါ်အောင်ဆန်းစုကြည် ဗြိတိန် ခရီးစဉ်
ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံသို့ရောက်ရှိနေ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသားချားလ်တို့နှင့် သီးခြားစီ တွေ့ဆုံသွားမည်ဖြစ်ပြီး ဗြိတိန်လွှတ်တော်၌ မိန့်ခွန်းပြောကြားမည် By Eleven Media Group
ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ဇွန်လ ၁၆ ရက်နေ့က ကျင်းပသည့် နိုဘယ်ဆုပေးပွဲအခမ်းအနားတွင် တွေ့ရစဉ် (AFP Photo)
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံသို့ ဇွန်လ ၁၉ ရက်နေ့၌ ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၆ ရက်နေ့အထိ ဗြိတိန်နိုင်ငံတွင်  နေထိုင်ရန် စီစဉ်ထားပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသားချားလ်တို့နှင့် သီးခြားစီ တွေ့ဆုံ သွားမည်ဖြစ်ကာ ဗြိတိန်လွှတ်တော်၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ 
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ခင်ပွန်း၊ သားနှစ်ဦးတို့ နှင့် နှစ်အတန်ကြာ နေထိုင်ခဲ့သည့်  အောက်စဖို့ဒ်မြို့သို့ သွားရောက်ကာ မိသားစုဝင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၆၀ ပြည့်လွန်နှစ် များက အောက်စဖို့ဒ်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားခဲ့ပြီး  ဘွဲ့ရရှိခဲ့သည်။
ဇွန်လ ၂၀ ရက်နေ့တွင် အောက်စဖို့ဒ်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်သွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွန်လ ၂၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လန်ဒန်မြို့ရှိ လွှတ်တော် နှစ်ရပ်ပေါင်း ဗြိတိန်လွှတ်တော်၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ထို့ပြင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသားချားလ်တို့နှင့် သီးခြားစီ တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံသည် ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ဖူးသည့်နိုင်ငံဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်နှစ်ဆန်းပိုင်းတွင် နာမကျန်းဖြစ်နေသော မိခင်ကြီး ဒေါ်ခင်ကြည်အား ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် လူထုခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းထူထောင်ကာ ဒီမိုကရေစီ ရရှိရေး ဦးဆောင်ကြိုးပမ်းခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိုင်ယာလန်နိုင်ငံမှ တစ်ဆင့် ဗြိတိန် နိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ ဇွန်လ ၁၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်သည် အိုင်ယာလန်နိုင်ငံတွင် U2 တေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေပွဲသို့ တက်ရောက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International) မှချီးမြှင့်သော Ambassador of Conscience ဆုကို လက်ခံရယူခဲ့သည်။
ထို့ပြင်ဒေါ်အောင်ဆန်းစုကြည်သည် Dublin မြို့တော်၏ လွတ်မြောက်ရေးဆုကိုလည်း လက်ခံရယူခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိုင်ယာလန်နိုင်ငံတွင် ရှိနေစဉ်အတွင်း သမ္မတ Michael D. Higgins နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည်  U2 တေးဂီတအဖွဲ့အဆိုတော် ဘိုနို ၏ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် အိုင်ယာလန် နိုင်ငံသို့ နော်ဝေနိုင်ငံမှ ရောက်ရှိလာခြင်းဖြစ်သည်။
နော်ဝေနိုင်ငံတွင် ဇွန်လ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်က ရရှိခဲ့သည့် ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် နိုဗယ် မိန့်ခွန်းကို ပြောကြားခဲ့သည်။
၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ဆုကို ကိုယ်တိုင် လက်ခံရယူနိုင်ခဲ့ခြင်းမရှိဘဲ ခင်ပွန်း နှင့် သားနှစ်ဦးတို့က သူ့ကိုယ်စား ဆု လက်ခံရယူခဲ့ရသည်။
By Eleven Media Group
လစာတိုးရရေး အလုပ်သမားရေးရာခုံရုံးကို တင်ပြ
ရန်ကုန် မင်္ဂလာဒုံ စက်မှုဇုန် မှာရှိတဲ့ ဂျပန် အမျိုးသားပိုင် ဖာမိုဆို အထည်ချုပ် စက်ရုံမှာ အလုပ်သမားတွေ လုပ်ခလစာတိုးတောင်းတာကို မလိုက်လျောတဲ့အတွက်ဒီကနေ့ ရန်ကုန်တိုင်း အလုပ်သမားရေးရာခုံရုံးကို တင်ပြလိုက်ကြောင်း အလုပ်သမားခေါင်းဆောင်တွေက ပြောဆိုပါတယ်။
ဒီလ ၉ ရက်နေ့ ကတည်းက စတင်တောင်းဆိုနေတာဖြစ်ပေမယ့် မလိုက်လျောတဲ့အတွက် အခုလို ဆက်လက်တင်ပြရတာဖြစ်ကြောင်း၊ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုရဲလင်းစိုးက အခုလိုပြောပြပါတယ်။
"အခုက ကျွန်တော်တို့က မြို့နယ်ညှိနှိုင်းပေးတာ လုံးဝအဆင်မပြေတော့ တိုင်းခုံသမာဓိကို ကျွန်တော်တို့ တစ်ဆင့်တပ်တင်ရတာပေါ့။ ကျွန်တော်တို့က လက်ရှိအခြေခံလစာ ၁၄၅၀၀ ကို ထပ်မံတိုးမြှင့်ပေးဖို့ပေါ့နော်။ အခြေခံလစာကို ၃၀၀၀၀ အထိတိုး မြှင့်ပေးဖို့ ကျွန်တော်တို့က တောင်းဆိုထားတယ်လေ"
အလုပ်သမားရေးဌာနက ညွန်ကြားရေးမှူး ဦးဝင်းရှိန် ၀င်ရောက်ညှိနှိုင်းပေးရာမှာ အဆင့် ၃ ဆင့်ခွဲပြီး ညှိနှိုင်းပေးခဲ့ကြောင်း၊ ပထမအဆင့်က အမြင့်ဆုံးလုပ်ခ ၈ သောင်းကျော်၊ ဒုတိယအနေနဲ့ ၇ သောင်းကျော်၊ နောက်တစ်ဆင့်က ၆ သောင်းကျော်နဲ့ ညှိနှိုင်းပေးခဲ့ပါတယ်။
အလုပ်သမားတွေဘက်က ဒီအထဲကဘယ်အဆင့်ဖြစ်ဖြစ် သဘောတူမယ်လို့ ပြောခဲ့ပေမယ့် အလုပ်ရှင်ဘက် ဘာတစ်ခုမှ တိုးမပေးနိုင်ဘူးလို့သာ အကြောင်းပြန်ခဲ့တယ်လို့ အလုပ်သမားတွေက ပြော ပါတယ်။
အခြေခံလစာ တစ်သောင်းလေးထောင် သတ်မှတ်ထားတာကို သုံးသောင်းအထိ တိုးပေးဖို့နဲ့၊ ရှားပါးစားရိတ် နှစ်သောင်းကို သုံးသောင်းတိုးပေးဖို့၊ စုစုပေါင်း အခြေခံလစာ ခြောက်သောင်းပေးဖို့ တောင်း ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး အလုပ်သမားတွေဘက်က ရှားပါးစားရိတ် တိုးမတောင်းတော့ဘဲ၊ အခြေခံလစာ ၃ သောင်းအထိ တိုးပေးဖို့ပဲ တောင်းဆိုတာကိုလည်း မလိုက်လျောဘူးလို့ ကိုရဲလင်းစိုးကပြောပါတယ်။
ဒီကနေ့မှာတော့ စက်ရုံဝင်းအတွင်းကို မူရင်းပေးထားတဲ့လစာနဲ့ အလုပ်လုပ်နိုင်တဲ့သူဝင်၊ မလုပ်နိုင်တဲ့သူ မ၀င်နဲ့ ဆိုတဲ့သဘောနဲ့ စက်ရုံဝင်းတံခါးကို ပိတ်ထားလိုက်တဲ့အတွက် ဆန္ဒပြအလုပ်သမားတွေ ဟာ စက်ရုံဝင်း အပြင်မှာပဲ စုရုံးနေကြရပါတယ်။
အဲဒီ ဖာဆိုမို အထည်ချုပ်စက်ရုံပိုင်ရှင်ဟာ ဂျပန်အမျိုးသား နာတာရှီးမား ဖြစ်ကြောင်းသိရပါတယ်။ ဒီစက်ရုံမှာ အလုပ်သမား စုစုပေါင်း ၆၀၀ ကျော်ရှိတဲ့အထဲက ၄၀၀ ကျော်က လစာတိုးပေးရေး ဆန္ဒပြနေကြပါတယ်။
RFA Burmese
(Photo-RFA-၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် အလုပ်သမားအခွင့်အရေး ဥပဒေနှင့် ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ဥပဒေများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်နေစဉ်။)
သတင်းစာဆရာကြီး လူထုစိန်ဝင်း၏ ဈာပန အခမ်းအနား
သတင်းစာဆရာကြီး လူထုစိန်ဝင်း၏ ဈာပန အခမ်းအနားကို ယနေ့ဇွန်လ ၁၉ ရက် မွန်းလွဲ ၂ နာရီက မြောက်ဥက္ကလာ ရေဝေးသုဿန် မှာပြုလုပ်ခဲ့ပါတယ်။ ဆရာ့ရဲ့ ဈာပန အခမ်းအနားကို ဆရာ့အားချစ်ခင်လေးစားကြည်ညိုကြသည့် နိုင်ငံရေးနယ်ပယ်၊သတင်းစာ၊စာပေ နယ်ပယ်၊ အနုပညာနယ်ပယ် အစရှိသည့် နယ်ပယ်စုံမှ ပုဂ္ဂိုလ်များ သိုက်သိုက်ဝန်းဝန်း လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။
By Popular Myanmar News Journal
ဒေါ်အောင်ဆန်းစုကြည် Ambassador of Conscience Award အား လက်ခံရယူစဉ် (ရုပ်/သံ)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် Amnesty International ရဲ့ 2009ခုနှစ်က ချီးမြှင့်တဲ့ Ambassador of Conscience Award အား လက်ခံရယူစဉ် (ရုပ်/သံ)
by AmnestyInternational
After more than 20 years of house arrest in Myanmar. Daw Aung San Suu Kyi was final able to travel to Dublin to receive Amnety Internationals highest honour, the Ambassador of Conscience Award. Secretary General was in Ireland to give the award with other notable attendees. Aung San Suu Kyi later addressing the crowds who came to enjoy the occasion.
Amnesty International's Ambassador of Conscience award ဆုပေးပွဲသို့တက်ရောက်လာသော ဂျိမ်းစ်ဘွန်း 007 မင်းသားကြီး Roger Moore နဲ့ဇနီး
အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၉
ယခုအပါတ်ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၉
ယခုအပါတ်ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၉
မတည်ငြိမ်မူကြောင့် ရခိုင် လယ်ယာ လုပ်ငန်းကို ထိခိုက်နိုင်
စိုက်ပျိုးရေးကို အဓိက အခြေခံသော ရခိုင်ပြည်နယ်တွင် ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်နေသော ကြောင့် လယ်ထွန်ယက်ရန် အချိန်ကျနေပြီ ဖြစ်သော်လည်း လယ်သမားများ အနေဖြင့် လယ်ယာလုပ်ငန်းကို စတင် လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သတင်း  ရရှိသည်။
“ အခုက လယ်ထွန်ရမယ့် အချိန်ရောက်နေပါပြီ။ မိုးလည်း ရွာနေပြီ။ ဒါပေမယ့် အခုအချိန်ထိ လယ်မထွန်ရသေးဘူး။ ကျွန်တော်တို့ ဒေသက ရာသီကို လိုက်ပြီ လယ်ယာထွန်ယက် စိုက်ပျိုးရတဲ့ အတွက် အခု အချိန်မှာ လယ်မထွန်ရဘူးဆိုရင် အချိန် အများကြီး နောက်ကျ သွားနိုင်ပါတယ်။ လယ်သမားတွေလည်း  အခက်အခဲ ဖြစ်ပေါ်နိုင်ပါတယ်” ဟု ပေါက်တောမြို့နယ် ငခူရှည်ကျေးရွာက လယ်သမား တစ်ဦးက ပြောသည်။
ငခူရှည် ကျေးရွာတွင် လယ်သမားများအား လယ်မထွန်ရန် အုပ်ချုပ်ရေးမှူးက ပိတ်ပင် တားမြစ် ထားသဖြင့် လယ်သမားများ လယ်မလုပ်ရဘဲ ရှိနေကြသည်ဟု သူက ပြောသည်။
“ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်းက လယ်သမားတွေကို အခြေအနေ မတည်ငြိမ်သေးတဲ့ လယ်ထွန်ခွင့် မပြုဘူး။ ရပ်ရွာထဲမှာဘဲ ကာကွယ်ရေး အတွက် နေထိုင်ဖို့ ပြောထားတယ်။ ကျွန်တော်တို့ ဒေသမှာ ဘာမှ စိုးရိမ်စရာ မရှိပေမယ့် လယ်ထွန်ဖို့ ခွင့်မပြုတဲ့ အတွက် လယ်ယာထွန်ယက် စိုက်ပျိုးဖို့ လယ်သမားတွေ အခက်ကြုံနေကြရပါတယ်” ဟု သူက ဆက်ပြောသည်။
လယ်ထွန်ခွင့်ကို ပိတ်ပင်တားမြစ်ထားသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လယ်သမားများ အကြားတွင် စိတ်ဝမ်း ကွဲပြားမူများ ပေါ်ပေါက်နေသည်ဟု သူက ပြောသည်။
တစ်ခြား မြို့နယ် တစ်ချို့တွင်လည်း ဆူပူ အကြမ်းဖက်မူများ  ပေါ်ပေါက်နေသဖြင့် လယ်ယာ လုပ်ငန်းကို စတင် လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သိရသည်။
“ ကျွန်တော်တို့ ဒေသမှာတော့ ရွာနီးစပ်ကလေးတွေမှာ ရှိတဲ့ လယ်တွေကို ထွန်ယှက် နေကြတာတော့ ရှိတယ်။ ဝေးလံတဲ့ လယ်တွေကို သွားလုပ်ဖို့ကျတော့ အခြေအနေ မတည်ငြိမ်ရင် မဖြစ်နိုင်ဘူး။ ဒါကြောင့် အများစု လယ်သမားတွေက အခြေအနေ တည်ငြိမ်ဖို့ စောင့်နေကြပါတယ်” ဟု ရသေ့တောင်မြို့နယ် သိမ်တောင်က လယ်သမား တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ပြည်သူ ၉၀ ရာခိုင်နုန်းကျော်မှာ လယ်ယာ လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းကြပြီး ယခုပေါ်ပေါက်နေသော ဆူပူ အကြမ်းဖက်မူများကြောင့် လယ်ယာ စိုက်ပျိုးရေးကို မစတင်နိုင်ဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။ သို့အတွက် တည်ငြိမ် အေးချမ်းရေးကို ပြည်သူများက အထူး လိုလားနေကြသည်ဟု သိရသည်။
နေရဉ္ဖရာ
ရသေ့တောင်မြို့နယ် အနောက်ပြင် ကျေးရွာတွင် ရခိုင်-ဘင်္ဂလီ အဓိကရုဏ်း ဖြစ်ပွား
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင်အောက်ရွာမှ ရခိုင်များဖြင့် ရွှေလောင်းရွာပိုက်ဆိပ်မှ ဘင်္ဂလီမူဆလင်များသည် ယနေ့နံနက် ၆နာရီမှ ၈နာရီကြားတွင်  အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရွှေလောင်းရွာပိုက်ဆိပ်ရှိ ဘင်္ဂလီမူဆလင်များမှ ကူတောင်အောက်ရွာကို ယနေ့နံနက် ၆နာရီခန့်က စတင်မီးရှို့ရာ၊ ရခိုင်အိမ် ၅အိမ် မီးရှို့ခံခဲ့ရကြောင်းသိရှိရသည်။
“အဲဒီရွာမှာက ကင်းစောင့်နေတာတွေမရှိတော့ ဘင်္ဂလီမူဆလင်တွေရဲ့ မီးရှို့တာ ခံလိုက်ရတာပါ၊ မီးလောင်တော့ ရွာသူ၊ ရွာသားတွေ မီးငြိမ်းပြီးလို့ နံနက် ၇နာရီခွဲလောက်မှာ အဲဒီဘင်္ဂလီတွေနဲ့ ကူတောင်အောက်ရွာက ရခိုင်တွေနဲ့ အဓိကရုဏ်းစဖြစ်တာ၊ ဖြစ်တော့ ရခိုင်ဘက်က ဓါးဒဏ်ရာတွေနဲ့ ၄ယောက်သေသွားတာတော့  မြင်ခဲ့ရတယ် အလောင်းကို ယူလို့မရခဲ့ဘူး၊ ဘင်္ဂလီမူဆလင်တွေက အင်အားကြီးတော့ နောက်ဆုပ်လာရတယ်။ နောက်ထပ် ကူတောင်ရွာသား ၅ယောက်ဟာ ပျောက်နေသေးတယ်၊ သူတို့လည်း သေပြီလို့ ယူဆရတာပေါ့”ဟု ကူတောင်အောက်ရွာ ရွာသားတစ်ဦးမှ ပြောပြသည်။
သေဆုံးသွားသူများမှာ ကျောင်းအုပ်ဆရာ ဦးသိန်းဟန် အသက်-၅၀နှစ်၊ ဦးဖြူချေအသက်-၄၂နှင့် ဦးသောင်းစိုးထွန်း အသက်၅၂တို့ဖြစ်ကြပြီး ကျန်သေဆုံးသူတစ်ယောက်နှင့် ပျောက်ဆုံးနေသူ ၅ဦးတို့မှာ မည်သူမည်ဝါ မသိရှိရသေးကြောင်း ၄င်းရွာသားပြောပြချက်အရ သိရှိရသည်။
ရသေ့တောင် စစ်တပ်မှ တပ်စိတ်တစ်စိပ်ခန့် ယင်းအခင်းဖြစ်ပွားရာနေရာသို့ နံနက် ၈နာရီခန့်တွင်ရောက်ရှိပြီး လုံခြုံရေးယူနေကြောင်းသိရှိရသည်။
“အခု အဲဒီအခင်းဖြစ်ပွားတဲ့ ကူတောင်အောက်ရွာကို အုပ်ချူပ်ရေးမှူးနဲ့ ရဲသတင်းတပ်ဖွဲ့တွေ နေ့လည် ၁၂နာရီလောက်က အမြန်ယဉ်နဲ့ ထပ်ပြီးတော့ လိုက်သွားကြတယ်၊ ရသေ့တောင်မြို့က လူငယ် ၂၀၀လောက်လည်း အဲဒီရွာကို အကူအညီပေးဖို့ဆိုပြီး လိုက်သွားကြတယ်၊ ရသေ့တောင် မြို့မှာတော့ အဓိကရုဏ်းဖြစ်တာတွေ မရှိဘူး၊ ဒါပေမယ့် ဘင်္ဂလီမူဆလင်တွေရဲ့ရန်ကို ကြောက်ပြီးတော့ ရသေ့တောင်မြို့ကို တိမ်းရှောင်လာတဲ့သူတွေတော့ အများကြီးဘဲ”ဟု ရသေ့တောင်မြို့မှ ဦးကျော်စိန်က ပြောပြသည်။
ရသေ့တောင်မြို့ထဲတွင် ယခုအခါ ဒုက္ခသည် စခန်းပေါင်း ၁၄ခုဖွင့်လှစ်ထားကာ ဒုက္ခသည်ပေါင်း ၅၁၅၀ခန့်ရှိပြီး၊ ရသေ့တောင် မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများတွင် မဆန့်သော ဒုက္ခသည် ၅၀၀၀ခန့်ကိုလည်း ရသေ့တောင်မြို့အနီးရှိ ကျေးရွာများတွင် ထားရှိထားရကြောင်း သိရှိရသည်။
ဒုက္ခသည်များအတွက် အလှူငွေကောက်ခံလျက်ရှိရာ ယနေ့အချိန်ထိ ဆန်အိတ် ၅၀၀နှင့် ကျပ်ငွေ ၁၃၅သိန်းခန့် ရရှိပြီး ဆေးဝါးအကူအညီများလည်း လိုအပ်နေသေးကြောင်းကို ဒုက္ခသည်အရေးအား လိုက်လံဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်သော ဦးကျော်စိန်ပြောပြချက်အရ သိရှိရသည်။
by ရွှေဘန်း(စစ်တွေ)    အာရကန်တိုင်းမ်စ
သမ္မတကြီး၏ ပြုပြင် ပြောင်းလဲရေးနှင့် ပါတ်သတ်၍ ပြောကြားသည့် မိန့် ခွန်း အပြည်အစုံ
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်မှ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ ၀န်ကြီးချုပ်များ / ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဋ္ဌများ/ဒုတိဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများအား ပြောကြားသော မိန့်ခွန်း
၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၉) ရက်
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဋ္ဌများ၊ ဒုတိယ၀န်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများခင်များ-
ယနေ့အခမ်းအနားကို တက်ရောက်လာကြသူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြစေရန် ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်-
နိုင်ငံတော်အစိုးရအနေနဲ့ စတင်တာဝန်ယူတဲ့ ပထမနှစ်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသား ပြန်လာစည်းလုံးညီညွတ်ရေးလုပ်ငန်းများကို အရှိန်အဟုန်နဲ့ဆောင်ရွက်ခဲ့ပြီး ယခုနှစ်က စတင်ဆောင်ရွက်လျက် ရှိတဲ့ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ နိုင်ငံတော်နှင့် ပြည်သူတို့ရဲ့ အကျိုးစီးပွား ဖွံ့ဖြိုး တိုးတက်မှုကို အထူးအလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့ဘ၀လုံခြုံရေး တို့ကို အရှိန်အဟုန်မပျက် တိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရက ရေးဆွဲလျာထားပြီး ပြည်ထောင်စု လွှတ်တော်သို့ မကြာမီတင်သွင်းမဲ့ အမျိုးသား စီမံကိန်း (မူကြမ်း) ဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမကာလကို (၅) နှစ် စီမံကိန်းဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း၊ နှစ်စဉ်စီမံကိန်း (၂) ခုကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမှတ်တမ်းတင်၊ အတည်ပြုခဲ့ပြီးဖြစ်ပါ တယ်။ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးချက်များအရ ပြည်ထောင်စုဝန်ကြီးဌာနများရဲ့ လုပ်ငန်းကဏ္ဍ အချို့ကို လျှော့သင့်တာလျှော့ချ၊ တိုးသုံးသင့်တာ တိုးတက်လျာထားသုံးစွဲမှုများ ပြုလုပ်ခဲ့ပြီး တစ်ဖက်ကလည်း နိုင်ငံတော် ဖွံ့ဖြိုးဖို့အတွက် ထပ်မံလိုအပ်လာမဲ့ ရေရှည်အစီအမံများကို ဖြည့်စွက်ပြင်ဆင် ရေးဆွဲထားတာ ဖြစ်ပါတယ်။
ပဉ္စမကာလကို (၅) နှစ်စီမံကိန်း (မူကြမ်း) (၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆) ကို လက်ရှိနိုင်ငံတော်ရဲ့ စီးပွားရေးအခြေအနေပေါ်မူတည်ပြီး အနာဂတ်မှာ ဖြစ်ပေါ်တိုးတက်လာနိုင်မဲ့ အနီးစပ်ဆုံးအနေအထားကို မျှော်မှန်းလျာထားပြီး စီမံကိန်းကော်မရှင်အစည်းအဝေးမှာ တိုင်ပင်ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ၅ နှစ်တာကာလအတွင်း-
- တစ်မျိုးသားလုံးရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ကို ၂၀၁၀-၂၀၁၁ ခုနှစ် ပုံမှန်ဈေးနှုန်းအရ တစ်နှစ်ပျမ်းမျှ (၇.၇%) တိုးတက်ရန်၊
- နိုင်ငံတော်ရဲ့ ဂျီဒီပီမှာ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၆.၄ ရာခိုင်နှုန်းမှ ၂၉.၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်မှု ကဏ္ဍကြီး၏ပါဝင်မှု အချိုးအစားကို ၂၆.၀ ရာခိုင်နှုန်းမှ ၃၂.၁ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၀န်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၇.၆ ရာခိုင်နှုန်းမှ ၃၈.၇ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးပြောင်းလဲဖြစ်ပေါ်စေရန်၊
- လူတစ်ဦးစီ၏ ပျမ်းမျှပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (Per Capita GDP) ကို အခြေခံ နှစ်ထက် (၁.၇) ဆ တိုးတက်စေရန် ရည်မှန်းထားပါတယ်။
တွက်ချက်ရရှိထားတဲ့ ဂျီဒီပီတိုးတက်မှုနှုန်းအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ဖြစ်ပေါ်လာမဲ့ ပြည်သူများရဲ့ ပျမ်းမျှ တစ်ဦးကျ ဂျီဒီပီကို အခြေခံနှစ်ထက် (၃) ဆတိုးတက်အောင် ကြိုးစားချင်တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်သူတွေရဲ့ စားဝတ်နေရေးလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်အောင်၊ အမှန်တကယ် ၀င်ငွေတိုးအောင် ကြိုးစားပေးရမှာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို ငါးနှစ်အတွင်းမှာ (၃) ဆ တိုးအောင်ဆိုရင် လူ့စွမ်းအား၊ ငွေကြေး အရင်းအနှီးနဲ့ နည်းပညာပေါင်းစပ်ပြီး တိုးတက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ အသုံးပြု နေတဲ့ ငွေကြေး၊ အရင်းအနှီး ထည့်ဝင်ရင်းနှီးသုံးစွဲနိုင်မှုကို သုံးသပ်ရင်-
- နိုင်ငံတော်၏ အရ-အသုံးငွေစာရင်း (အစိုးရဘတ်ဂျက်) အကန့်အသတ်ရှိခြင်း၊
- ပြည်ပအကူအညီ အထောက်အပံ့ (Grant) နှင့် ချေးငွေ (Loan) တိုးတက်ရရှိရန် လိုအပ်ခြင်း၊
- ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်ဖြင့် တိုးတက်ရန်လိုအပ်ခြင်း တို့ကို အဓိက
တွေ့ရှိရမှာ ဖြစ်ပါတယ်။
လက်ရှိ ငွေကြေးအရင်းအနှီး ထည့်ဝင်ရင်းနှီးနိုင်မှု ပမာဏထက် (၂) ဆခန့် တိုးတက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်မှသာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ၀င်ငွေတွေ တိုးတက်လာပြီး ရည်မှန်းထားတဲ့ (၃) ဆကို တိုးတက်ရရှိမှာ ဖြစ်ပါတယ်။
နိုင်ငံတော် အရ-အသုံးငွေစာရင်းကို ကြည့်ရင် (၂၀၁၁-၂၀၁၂) ဘဏ္ဍာနှစ်မှာ လိုငွေ (-) ၂,၁၅၉,၅၄၃ ကျပ်သန်းရှိပြီး (၂၀၁၂-၂၀၁၃) ဘဏ္ဍာနှစ်မှာ လိုငွေ (-) ၁,၉၅၃,၇၁၂ ကျပ်သန်းခန့် ဖြစ်ပေါ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘတ်ဂျက်လိုငွေ နှစ်ရှည်ကြာစွာ ဖြစ်ပေါ်ပါက နိုင်ငံစီးပွားရေးကို ထိခိုက်လာပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေမဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံတော်နဲ့ ပြည်သူတို့အတွက် အကျိုးရှိ ထိရောက်မဲ့ လုပ်ငန်းများမှာ ထိရောက်အကျိုးရှိအောင် အသုံးပြုခြင်း၊ စီးပွာေးရး တါက်ခြေမကိုက်တဲ့ လုပ်ငန်းများ၊ မလိုအပ်တဲ့လုပ်ငန်းများကို လျှော့ချခြင်း၊ အသုံးစရိတ်များ ချွေတာခြင်းတို့ကို တစ်ဖက်က လုပ်ဆောင်ရမှာဖြစ်သလို အခြားတစ်ဖက်ကလည်း နိုင်ငံပိုင်အခန်းကဏ္ဍကို လျှော့ပြီး ပုဂ္ဂလိကပိုင် အခန်းကဏ္ဍကို ပြောင်းလဲဆောင်ရွက်တဲ့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး (Privatization) ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ ပုဂ္ဂလိကပိုင် ပြုပြင်ရေးလုပ်နည်းများနဲ့အညီ နိုင်ငံပိုင်အချိုးအစား များနေသော ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သစ်တောကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍများကို ကဏ္ဍ တစ်ခုချင်း လေ့လာသုံးသပ်လျက်ပုဂ္ဂလိကပိုင် အချိုးအစား ပိုင်ဆိုင်မှုအချိုး ကူးပြောင်းပေးရင်း စွမ်းဆောင်ရည် မြင့်မားအောင် အားပေးမြှင့်တင်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု ၀န်ကြီးဌာနတစ်ခုချင်းစီရဲ့ လုပ်ငန်းနယ်ပယ်နှင့် အချိုးအစားပါဝင်မှုကို ပြန်လည်စိစစ်၊ သုံးသပ်၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်အောင် ဒုတိယသမ္မတဦးဆောင်တဲ့ ”ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်အသစ်” ကို ပြင်ဆင်ဖွဲ့စည်းပေးပြီး ပြောင်းလဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများအနေနဲ့ မိမိတို့တာဝန်ယူရတဲ့ ကဏ္ဍနဲ့ဌာနရဲ့ လုပ်ငန်းများ အနက် မည်သည့်လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်မလဲဆိုတဲ့ မဟာဗျူဟာလုပ်ငန်းစဉ် (Reform Strategy) ကို ချမှတ်ရေးဆွဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ Reform Strategy ရေးဆွဲနိုင်ရေးအတွက်ကိုလည်း အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီအဖွဲ့ဝင် စီးပွားရေး ပညာရှင်များနဲ့ ဌာနဆိုင်ရာများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြလို့ အတိုင်းအတာတစ်ခုအထိ ပြုပြင်ပြောင်းလဲဆောင်ရွက်မဲ့ အစီအမံအဆင့်တစ်ခုကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အလားတူ ကဏ္ဍစီမံကိန်းတစ်ခုချင်းအတွက် ဖွံ့ဖြိုးမှုစီမံကိန်း (Development Plan) များကိုလည်း ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးက ရေးဆွဲဆောင်ရွက်နေသကဲ့သို့၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများကလည်း ဒေသန္တရ ဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများကို အသေးစိတ်ရေးဆွဲဆောင်ရွက်ရန် အဆင့်ဆင့်သော အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေတာကို တွေ့ရှိ ရပါတယ်။ စတင်ပြောင်းလဲဆောင်ရွက်ချိန်ဖြစ်လို့ အကူးအပြောင်းကာလအတွင်း လိုအပ်ချက်များ ရှိနေမှာ ဖြစ်သော်လည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ပညာရှင်များ အကူအညီဖြင့် ပိုမိုသိရှိနားလည် ဆောင်ရွက် လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စုအစိုးရအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့အားလုံးကို ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ရေးဆွဲဖို့ကြိုးစားပေမဲ့ မြို့အားလုံး တစ်ပြိုင်နက်တည်း ကိုင်တွယ် အကောင် အထည်ဖော်ဖို့ လူအား၊ ငွေအားနဲ့ အမှန်တကယ် လိုအပ်မှုအနေအထား ရှိ/မရှိ သုံးသပ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများကလည်း မိမိတို့ရဲ့ မြို့နယ်အားလုံးအပေါ် ခြုံငုံလေ့လာ သုံးသပ်ကြည့်ရင် ပြည်သူတွေ လတ်တလော မြို့ကွက်၊ ရွာကွက် ချဲ့ပေးရန်လိုတဲ့မြို့နယ်၊ သောက်သုံးရေ ဖူလုံရေးနဲ့ သစ်တောသစ်ပင် ပြုစုပျိုးထောင်ရေး ဦးစားပေးလုပ်ပေးရမဲ့ မြို့နယ်၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် နှစ်တိုနှစ်ရှည် စိုက်ခင်းများ၊ စက်မှုလက်မှုနဲ့ ၀န်ဆောင်မှုလုပ်ငန်းများ ဦးစားပေးထူထောင်ရမဲ့ မြို့နယ်၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေးဦးစားပေးလုပ်ရမဲ့ မြို့နယ်တွေ စာရင်းပေါ်ထွက် လာမှာ ဖြစ်ပါတယ်။ ဒီလေ့လာတွေ့ရှိချက်အပေါ် ဦးစားပေးမြို့နယ်များကို နှစ်အလိုက်ဆောင်ရွက်နိုင်အောင် ဦးစားပေးအစီအစဉ် (Priority) များ ရေးဆွဲထားပြီး ဘတ်ဂျက်၊ နိုင်ငံခြား အကူအညီအထောက်အပံ့၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုရအောင် ကြိုးစားမလဲ၊ ဘယ်လိုခွဲဝေသုံးစွဲမလဲဆိုတာကို နှစ်အလိုက် အဆင့်ဆင့် စီမံကိန်း (plan) ရေးဆွဲခြင်းဟာ မြို့ရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။
နိုင်ငံတော်အနေနဲ့ ပဉ္စမကာလကို ငါးနှစ်စီမံကိန်းရေးဆွဲ အတည်ပြုပြီးတဲ့နောက် နှစ် (၃၀) နှစ်ရှည် စီမံကိန်းကို ပြန်လည်သုံးသပ်ရေးဆွဲခြင်းလုပ်ငန်းအပြင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (National Development Plan) ကို-
- ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ဆင်းရဲမှု လျှော့ချရေးစီမံကိန်း
- လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
- ရင်းနှီးမြှုပ်နှံမှု စီမံကိန်း
- ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
- စက်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
- ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
- ဒေသန္တရစီမံကိန်းများ
- ကဏ္ဍအလိုက် စီမံကိန်းများဖြင့် (Comprehensive Development Plan) အဖြစ် ဆက်လက် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးဌာနများနဲ့တိုင်းဒေသကြီးပြည်နယ်အစိုးရများကလည်း (ဂျီဒီပီ) တိုးတက်ရေးထက် ပြည်သူတစ်ဦးချင်း၊တစ်အိမ်ထောင်ချင်းရဲ့ဝင်ငွေတိုးတက်ရေးနဲ့လူမှုစီးပွားရေးဘ၀ မြင့်မားတိုးတက်ရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး (People-Centered Development) လုပ်ငန်းတွေကို ဦးစားပေးပြီး၊ အစီအမံရှိရှိနဲ့ မြေပြင်မှာ အမှန်တကယ်တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။
ဒုတိယပိုင်းအနေနဲ့ ဆက်လက်ပြောကြားလိုတာကတော့ နိုင်ငံခြားအကူအညီ အထောက်အပံ့များကို ထိရောက်စွာ ရယူအသုံးပြုခြင်းဖြင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (National Development Goals) နဲ့ ကမ္ဘာ့ကုလသမဂ္ဂ ထောင်စုနှစ်ရည်မှန်းချက်များ (Millennium Development Goals) အောင်မြင်အောင် ဆောင်ရွက်ရေး ဖြစ်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံများကို လေ့လာကြည့်ရင် အဲ့ဒီနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ (Development Goals) နဲ့ ဆင်းရဲမှုလျှော့ချရေးစတဲ့ထောင်စုနှစ်ရည်မှန်းချက်များ (Millennium Development Goals) ကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာမှာ နိုင်ငံရဲ့ ဘတ်ဂျက်ငွေတစ်ခုတည်းနဲ့ မလုံလောက်တဲ့ အတွက် နိုင်ငံတကာအကူအညီ အထောက်အပံ့ (Grant/Aid)၊ ချေးငွေ (Loan) နဲ့ နည်းပညာ အကူအညီများ ရယူဆောင်ရွက်ကြရပါတယ်။ ဒီလို ရယူဆောင်ရွက်တဲ့အခါမှာ ကူညီထောက်ပံ့ကြတဲ့ နိုင်ငံများ၊ အလှူရှင်များ အနေနဲ့ ၄င်းတို့ ကူညီထောက်ပံ့လိုတဲ့ ကဏ္ဍနှင့်နယ်မြေဧရိယာ ဦးစားပေးမှု အစီအစဉ်အမျိုးမျိုး၊ ရည်ရွယ်ချက် အမျိုးမျိုးရှိကြပြီး အကူအညီရယူတဲ့ နိုင်ငံကလည်း မိမိတို့ရဲ့ ဦးစားပေးကဏ္ဍနဲ့ နယ်မြေများကို မိမိတို့ရဲ့ ဖွံ့ဖြိုးမှု စီမံကိန်း (Development Plan) နဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy) လုပ်ငန်းစဉ် ဦးစားပေး အစီအစဉ်များနဲ့ အကျိုးရှိ ထိရောက်အောင် ရည်ရွယ်ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများမှ အကျိုးအမြတ် ပြန်ရချက်နည်းလို့ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ချင်တဲ့ နယ်မြေဒေသများ၊ အစွန်အဖျားဒေသများကို အစိုးရဘတ်ဂျက်နဲ့ အကူအညီအထောက်အပံ့ (Grant/Aid) ကို ဦးစားပေး သုံးစွဲပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူက စီးပွားရေး တွက်ချေကိုက်ပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ နယ်မြေများမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု (Investment) နဲ့ ဆောင်ရွက်ဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ချေးငွေ (Loan) ကိုတော့ အတိုးနှုန်း ပြန်ဆပ်ရမဲ့ ကာလနဲ့ ဆောင်ရွက်မဲ့ လုပ်ငန်းစီမံကိန်း (Project) ကို စီးပွားရေးတွက်ချေကိုက်မှု၊ အကျိုးအမြတ် ပြန်ပေါ်နိုင်မှု၊ ချေးငွေပြန်ဆပ်နိုင်မှုစတဲ့ အခြေအနေတွေနဲ့ စဉ်းစားရွေးချယ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ စီးပွားရေးအရ ချက်ချင်းအကျိုးအမြတ် မပေါ်နိုင်သော်လည်း နိုင်ငံနှင့်လူမျိုးအတွက် ရေရှည်အကျိုးမဲ့ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ လမ်း၊ တံတား၊ ဆိပ်ကမ်းစတဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းများမှာတော့ လိုအပ်ချက်အရ သုံးကြရန်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအတွေ့အကြုံတွေပေါ် မူတည်ပြီး ထိရောက်သော နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု (Effective Aid Management) ရရှိရန်အတွက် နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံခြားအကူအညီအထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကောင်မတီ၊ လုပ်ငန်းကော်မတီနဲ့ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီတို့ကို ဖွဲ့စည်းခဲ့ပြီး၊ နိုင်ငံခြားအကူအညီ အထောက်အပံ့ဆိုင်ရာ ကိစ္စရပ်များကို စီမံချက်များ စနစ်တကျရေးဆွဲပြီး စီမံခန့်ခွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုဝန်ကြီးများနဲ့ တိုင်းဒေသကြီးပြည်နယ် အစိုးရ ၀န်ကြီးချုပ်များအနေဖြင့် မိမိတို့ရဲ့ကဏ္ဍ စီမံကိန်း ဒေသန္တရစီမံကိန်းများနဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ လုပ်ငန်းစဉ်များနဲ့အညီ နိုင်ငံခြားအကူအညီ (Grant/Aid)အသုံးပြုရန် လိုအပ်သည့် ဦးစားပေး ကဏ္ဍများနှင့် ဦးစားပေးနယ်မြေများကိုလည်းကောင်း၊ ချေးငွေ (Loan) ရယူရန် ဆောင်ရွက်သင့်သည့် လုပ်ငန်းများအတွက် ပြည်ထောင်စု ၀န်ကြီးဌာနများက တိုင်းဒေသကြီး ပြည်နယ်များနှင့် ညှိနှိုင်းပြီး မိမိတို့တာဝန်ယူ၍ တိုးတက်အောင် ဆောင်ရွက်နိုင်မည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးရှိ ထိုရောက်မည့် လုပ်ငန်းများကို ဦးစားပေးရွေးချယ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ရှေးကကဲ့သို့ Top-Down ခွဲဝေချထားမှုမျိုး ဆောင်ရွက်မှာ မဟုတ်ပဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့်အညီ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သည့် ဦးစားပေးကဏ္ဍနှင့် နယ်မြေများကို အောက်ခြေအဆင့်ကစပြီး Bottom-Up လုပ်ငန်းစဉ်နှင့် တင်ပြ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးဌာနများ (ဥပမာ ဆက်သွယ်ရေး၊ လျှပ်စစ်၊ စက်မှု) ကလည်း မိမိတို့၏ ကဏ္ဍအလိုက် ချေးငွေမည်မျှရယူ၍ ရင်းနှီးမြှုပ်နှံလျှင် တိုးတက်မှု မည်မျှရအောင် ဆောင်ရွက်နိုင်မည်ကို တွက်ချက်ပြီး၊ တာဝန်ယူ၍ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုဝန်ကြီးများက မိမိတို့ တာဝန် ယူတဲ့ ကဏ္ဍတိုးတက်အောင် စီးပွားရေး တွက်ချေကိုက်မယ်ဆိုရင် Calculated Risk ဖြင့် နိုင်ငံခြားငွေရယူပြီး ရဲရဲတင်းတင်း တာဝန်ယူဆောင်ရွက်သွားမှသာ တိုင်းပြည်တိုးတက်မှာဖြစ်ပါတယ်။ တစ်ဖက်ကလည်း သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေး မထိခိုက်မဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရွေးချယ်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရာမှာ အလုပ်ရရုံသက်သက်မဟုတ်ပဲ အခြေခံလုပ်ခလစာများ ပြည့်ပြည့်၀၀ရရှိရေးအတွက် အလေးထား ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု အစိုးရ အနေနဲ့ အခြားနိုင်ငံများနည်းတူ အနည်းဆုံး အခကြေးငွေဥပဒေတစ်ရပ် ရေးဆွဲပြီး၊ လွှတ်တော်သို့ တင်သွင်းရန် စီစဉ်ထားပါတယ်။
ဘတ်ဂျက်နဲ့ နိုင်ငံခြားအကူအညီ အထောက်အပံ့ကိစ္စ ပြောကြားပြီးတဲ့နောက် တတိယပိုင်းမှာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်ကြဖို့ ပြောကြားလိုပါတယ်။ ရင်းနှီးမြှုပ်နှံသူများအတွက် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများဟာ အရေးကြီးပြီး လုပ်သာကိုင်သာရှိဖို့ လိုသလို ဥပဒေအရ အကာအကွယ်ပေးမှုရှိမှာသာ လာရောက် ရင်းနှီး မြှုပ်နှံ ကြမှာဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ပြင်ဆင်ရေးဆွဲခဲ့ပြီး၊ မကြာမီမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းနိုင်တော့မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး မြန်မာ့အထူးစီးပွားရေးဇုံ ဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်၍ သက်ဆိုင်ရာဌာနများနဲ့ စီးပွားရေးအဖွဲ့အစည်းများရဲ့ သဘောထား အကြံပြုချက်များ ရယူပြီးပါက လွှတ်တော်သို့ တင်သွင်းမှာဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ဟာ အဓိကမောင်းနှင်အားဖြစ်ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့် အလမ်းများနဲ့ လူမှုစီးပွားရေး တိုးတက်မှုအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တစ်ဖက်က တိုးတက်အောင် ကြိုးပမ်းရမှာဖြစ်သလို တစ်ဖက်ကလည်း မိမိနိုင်ငံနှင့် လူမျိုးအကျိုးစီးပွား မထိခိုက်ရေး၊ နိုင်ငံ ဂုဏ်သိက္ခာမထိခိုက်ရေး၊ နိုင်ငံအချုပ်အခြာအာဏာ မထိခိုက်ရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး တို့ကိုလည်း ရပ်တည်စောင့်ထိန်းရမှာ ဖြစ်ပါတယ်။ မြေသယံဇာတ၊ ရေသယံဇာတ၊ သစ်တောသယံဇာတ၊ သတ္ထုသယံဇာတစသည့် သဘာဝ သယံဇာတ အရင်းအမြစ်များကို နောင်သားစဉ်မြေးဆက်အထိ စနစ်တကျ သုံးစွဲနိုင်မဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ရရှိရေးကို စနစ်တကျ စီမံ တွက်ချက် အသုံးပြုဆောင်ရွက်သွားကြရန် လိုအပ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆောင်ရွက်ရာမှာ အခြားနိုင်ငံများနဲ့ မတူပဲ အခက်အခဲတွေ့ရတဲ့ ကိစ္စတစ်ခုကတော့ မြေအသုံးချမှု (Land Use)၊ မြေကစားမှု (Land Speculation) စတဲ့ မြေယာပြဿနာများပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံအချို့ကိုကြည့်ရင် ကိုယ့်နိုင်ငံထက်သာတဲ့ မြို့ပြကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေနဲ့ လူနေမှု အဆင့်အတန်းနဲ့ လူမှုစီးပွားရေးဘ၀ မြင့်မားတိုးတက်မှု အခြေအနေ တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခြားနိုင်ငံများနဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် ဒေသန္တရ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (Regional Development Plan)၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (City Development Plan)၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Township Development Plan)၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Village Development Plan) တို့ကို မြို့နယ်အဆင့်ကစပြီး ကော်မတီများ ဖွဲ့စည်း ရေးဆွဲဆောင်ရွက်စေခဲ့တာဖြစ်ပါတယ်။ မြို့နယ်တစ်နယ်ရဲ့ အကျယ်အ၀န်း၊ လူဦးရေအချိုးအစားနဲ့ ပြည်သူတို့၏ နေထိုင်မှု လိုအပ်ချက် ပြည်သူတို့၏စားသောက်မှု လိုအပ်ချက်နဲ့ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်တို့အတွက် လယ်ယာမြေများ၊ နှစ်ရှည်စိုက်ခင်းကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းများ၊ သစ်တော၊ သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူတို့၏ သောက်သုံးရေလိုအပ်ချက်၊ လမ်းပမ်းဆက်သွယ်ရေးအခြေအနေနှင့် ပြည်သူတို့၏သွားလာရေး လိုအပ်ချက်၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်းဝယ်ရေး စသည့် ပြည်သူတို့လိုအပ်ချက် ကိစ္စအ၀၀ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆောင်ရွက်နိုင်ရန် မြေအသုံးချမှု မူဝါဒ (Land Use Policy) နှင့် မြေအသုံးချမှု စီမံခန့်ခွဲရေး (Land Use Management) တို့ကို စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်။
သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများ၊ အခြားမြေများတွင် တရားမ၀င်ကျူးကျော်ဝင်ရောက် လုပ်ကိုင် နေထိုင်ရာမှ ၄င်းတို့လက်ငုတ်လက်ရင်း ပိုင်ဆိုင်သကဲ့သို့ဖြစ်ပြီး အစိုးရ၏ စီမံခန့်ခွဲမှုမှာ အခက်အခဲ ရှိလာတဲ့ အတွက် အခြားနိုင်ငံများကဲ့သို့ မြေဟက်တာများစွာကို ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုမပေးနိုင်သည့် အခြေအနေများ၊ မြေယာပြဿနာများကို နေရာအနှံ့အပြားမှာ တွေ့ရှိရပါတယ်။ နှစ်တို၊ နှစ်ရှည် စက်မှုကုန်ကြမ်းနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်နိုင်ရန် မိမိတို့၏ ပြည်သူများကို သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများ၌ တရားမ၀င် ကျူးကျော်နေထိုင် လုပ်ကိုင်ခြင်းအစား မြို့ကွက်၊ ရွာကွက်များ စနစ်တကျ ထူထောင်နေရာချထားပေးခြင်း၊ လုပ်ကိုင်စားသောက်ရန် လယ်ယာမြေများ ချထားစီမံပေးခြင်းတို့ကို စုစည်း ပြုလုပ်ပေးလျက် သစ်တော၊ သစ်ပင်နဲ့ နှစ်ရှည်ပင်များ ရင်းနှီးမြှုပ်နှံမှု စီးပွားရေးစိုက်ခင်းကြီးများ ပြောင်းလဲ ထူထောင်ပေးနိုင်ရန် ကြိုးပမ်းခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော သဘာဝပတ်ဝန်းကျင် ဖြစ်ထွန်းစေလျက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူတို့၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးတိုးတက်မှု လူနေမှုအဆင့် အတန်း မြင့်မားမှုတို့အတွက် မြေယာစနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် မြေယာစနစ်ပြုပြင်ပြောင်းလဲရေး (Land Reform) ကို ဆောင်ရွက်ရန် အချိန်ကျရောက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ မြေယာ အသုံးချမှု မူဝါဒများ ရေးဆွဲပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေယာခွဲဝေ အသုံးချမှု စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် မြေယာ ခွဲဝေအသုံးချမှု စီစစ်ဆောင်ရွက်ရေး ကောင်မတီကို ဖွဲ့စည်းထားပြီး ဖြစ်တဲ့အတွက် ပြည်ထောင်စု ၀န်ကြီးဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရများအနေနဲ့ မိမိတို့ရဲ့ မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သတ္ထု၊ ကျောက်မျက်၊ စွမ်းအင်၊ တွင်းထွက်ပစ္စည်းများ ရှာဖွေထုတ်လုပ်မှု စိုက်ခင်းကြီးများနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း အဆိုပါကော်မတီသို့ မြေယာခွဲဝေအသုံးချရေး စီစစ်အတည်ပြု ပေးနိုင်ရန် ပေးပို့တင်ပြ ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ယင်းကော်မတီမှ စီစစ်ပြီးပါက ပြည်ထောင်စု အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကောင်မရှင်၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၊ မြေလွတ် မြေရိုင်းများ စီမံခန့်ခွဲမှု ကော်မတီနှင့် သက်ဆိုင်ရာ ဌာနများသို့ ဖြန့်ဝေညှိနှိုင်း ဆက်စပ် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ မြေယာနှင့်စပ်လျဉ်းတဲ့ ဌာနဆိုင်ရာ အသီးသီးအနေနဲ့ မိမိတို့ရဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ မြေဧရိယာခွဲဝေအသုံးပြုသည့် သတ်မှတ်ချက်များ အမျိုးမျိုးအဖုံဖုံကွဲပြားပြီး လက်တွေ့မြေပြင်၌ စီမံခန့်ခွဲ နိုင်ခြင်းမရှိသည့် အခြေအနေမှ နိုင်ငံတကာနှင့်အညီ ခေတ်နှင့်အညီ လက်တွေ့စီမံခန့်ခွဲနိုင်သည့် ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ အခွန်အကောင်ဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ညှိနှိုင်းရေးဆွဲ အတည်ပြု ပြဋ္ဌာန်း ဆောင်ရွက်သွားမှသာ ထိရောက်တဲ့ စီမံခန့်ခွဲမှုကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
မြို့ကွက်၊ ရွာကွက်၊ အိမ်ကွက်၊ စိုက်ကွက်နှင့် အခြားစီးပွားရေးလုပ်ကွက်များကိုလည်း တိကျ မှန်ကန်စွာ စာရင်းကောက်ယူ မှတ်ပုံတင်စာရင်းသွင်းခြင်း၊ အရောင်းအ၀ယ်ပြုလုပ်မှုများကို အခွန်အကောက် လုပ်ထုံးလုပ်နည်းများနှင့် ဆက်စပ်ညှိနှိုင်း၍ ပိုင်ဆိုင်မှုစာရင်းများ တိကျမှန်ကန်စွာ ဆောင်ရွက်ပေးခြင်းကိုလည်း အခြေခံခိုင်မာအောင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ တိုင်းဒေသကြီး ပြည်နယ်အစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများ အနေနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းပြီး တိုင်းရင်းသား လူမျိုးစုများနဲ့ ရွှေ့ပြောင်း အလုပ်သမားများအတွက် နယ်စပ်ဒေသတွေမှာ နေရေး၊ ထိုင်ရေး၊ လုပ်ကိုင်စားသောက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရုံသာမက အခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်နေရသူများ၊ မိမိဒေသ များသို့ ပြန်လည် အခြေချနေထိုင် လုပ်ကိုင်စားသောက်နိုင်ရန်
- မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနဲ့အညီ စနစ်တကျ နေရာချထားပေးခြင်း
- ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး အခြေအနေများ ပြည့်စုံအောင် ဖြည့်ဆည်းပေးခြင်း
- စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် အဆင့်မှ စီးပွားဖြစ်အဆင့်သို့ ကူးပြောင်းနိုင်ရန် စီးပွားဖြစ် စိုက်ခင်းကြီးများ၊ စီးပွားဖြစ် မွေးမြူရေးကုန်ထုတ်လုပ်ငန်းကြီးများ၊ စက်ရုံစုကြီးများ စနစ်တကျ ထူထောင်ပေးခြင်း
- ယင်းကုန်ထုတ်လုပ်ငန်းများမှ ထွက်ရှိလာသော ကုန်ပစ္စည်းများကို လက်လီအဆင့်မှ လက္ကား ကုန်စည်ဒိုင်ကြီးများ၊ ကုန်သွယ်ရေးဇုံများအဖြစ် ဈေးကွက်ဖွံ့ဖြိုးအောင် စီမံဆောင်ရွက်ပေးခြင်း
- နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် ကူးသန်းရောင်းဝယ်ရေး ကုန်သွယ်မှု လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
သို့မှသာ မိသားစုနှင့်ခွဲခွာပြီး အခက်အခဲကြားက ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်သူများအနေနဲ့ မိမိတို့ဒေသ ဖွံ့ဖြိုးလာတာနဲ့အမျှ ပြန်လည်လာရောက်လုပ်ကိုင်နိုင်ကြမှာ ဖြစ်ပါတယ်။
အလားတူ နိုင်ငံတကာမှာ ရောက်ရှိနေပြီး အောင်မြင်နေကြတဲ့ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းကဏ္ဍ အလိုက် စီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ လာရောက်လက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါလို့ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်။
စတုတ္ထပိုင်းအနေနဲ့ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လတ်တလောလိုအပ်ချက်၊ ရေတို လိုအပ်ချက်နှင့် ရေရှည်လိုအပ်ချက်များအတွက် စီမံကိန်း ရေးဆွဲဆောင်ရွက်ရမဲ့ ကိစ္စများနဲ့ စပ်လျဉ်းပြီး ပြောကြားလိုပါတယ်။ ယခင်အစိုးရအနေနဲ့ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်ကို အာရုံစိုက်ပြီး ဆောင်ရွက်နိုင်ရန် အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနဲ့ အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနဆိုပြီး ဖွဲ့စည်းတာဝန်ယူ ဆောင်ရွက်စေခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှ ၂၀၁၂-၂၀၁၁ ခုနှစ်အထိ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအပါအ၀င် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေစုစုပေါင်း ကျပ်သန်း ၂၈၀၂၈၉၇ နှင့် နိုင်ငံခြားငွေအဖြစ် ဆောင်ရွက်သော ရေအားလျှပ်စစ်လုပ်ငန်း (၄) ခုအတွက် အမေရိကန်ဒေါ်လာ (၆.၇) ဘီလီယံကျော် သုံးစွဲခဲ့ပြီး လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၁၉၈၈ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစုစုပေါင်း ကီလိုဝပ်နာရီသန်းပေါင်း ၂၂၂၆ ရှိခဲ့ရာမှ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စုစုပေါင်း ကီလိုဝပ် နာရီသန်းပေါင်း ၉၇၁၁ အထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ သို့ရာတွင် တိုးတက်လာသော လူဦးရေနှင့် လျှပ်စစ်ဓာတ်အား တိုးတက် သုံးစွဲလာမှုကြောင့် လျှပ်စစ်ဓာတ်အားမှာ လိုအပ် နေဆဲဖြစ်ပါတယ်။ မကြာမီကလည်း လျှပ်စစ်ဓာတ်အား လျော့နည်းကျဆင်းခဲ့မှုအပေါ် ပြည်သူများအနေနဲ့ လျှပ်စစ်မီး လိုအင်ဆန္ဒကို ဖော်ထုတ်ပြသခဲ့ကြပြီးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်း ပြည်ပနဲ့ဆက်သွယ်ပြီး လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးမဲ့ လတ်တလောအစီစဉ်များကို အမြန်စီမံဆောင်ရွက် ခဲ့ပါတယ်။ သို့ရာတွင် ရေတိုရေရှည်အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လျှပ်စစ်ကဏ္ဍကို ချိတ်ဆက် စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်။ ဒါကြောင့် ဒီနေ့စီမံကိန်း ကော်မရှင်မှာ နိုင်ငံတော်ရဲ့ စွမ်းအင် ကိစ္စအရပ်ရပ်အတွက် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီ (National Energy Management Committee) ကို ဖွဲ့စည်းပြီး ရေတိုရေရှည်အစီအမံများအတွက် အမျိုးသားလျှပ်စစ်စီမံကိန်း (National Electricity Plan) ကို အမျိုးသားစွမ်းအင် မူဝါဒ (National Energy Policy) နှင့်အညီ ရေးဆွဲဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အမျိုးသားလျှပ်စစ်စီမံကိန်းရေးဆွဲပြီးရင် စပ်ဆက်ဆောင်ရွက်သွားရမဲ့ ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ကျောက်မီးသွေးးစတဲ့ စွမ်းအင်ဆိုင်ရာ စီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖော်သွားရမှာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ မိမိနိုင်ငံရဲ့ သဘာဝသယံဇာတ အရင်းအမြစ်ကို ကုန်ကြမ်းအတိုင်း ထုတ်လုပ် ရောင်းချမှုမှာ နိုင်ငံအတွက် လိုအပ်တဲ့လျှပ်စစ်စွမ်းအင်သာမက ဓာတ်မြေသြဇာလိုအပ်ချက်၊ ရေနံဓာတုထုတ်ကုန် လိုအပ်ချက်များအား ရေရှည်မှာ ပြည်သူလူထု ဗဟိုပြုဖွံ့ဖြိုးမှု (People-Centered Development) နှင့်အညီ ပြည်သူ့ကုန်စည် (Public Goods) များကို ပြည်တွင်းလိုအပ်ချက် ပြည့်မှီအောင် ဦးစားပေးအဖြစ် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီအနေနဲ့ ရေတိုရေရှည်အစီအမံများ ရေးဆွဲဆောင်ရွက်ရာမှာ ပြည်ထောင်စုအစိုးရက ထုတ်လုပ်ဖြန့်ဖြူးမဲ့အပိုင်း၊ ဒေသအစိုးရများက ထုတ်လုပ်ဖြန့်ဖြူးမဲ့အပိုင်း၊ ပြည်တွင်း ပြည်ပပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများဖြင့် ထုတ်လုပ်ဖြန့်ဖြူးမဲ့ အပိုင်းများကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ရှေးယခင်အစိုးရက ရေအားလျှပ်စစ်တစ်ခုတည်းအပေါ် လျှပ်စစ် ထုတ်လုပ်မှုစရိတ်နှင့် ဖြန့်ဖြူးမှုစရိတ်ကို အဓိကအခြေခံ၍ တွက်ချက်ခဲ့ရာမှ ယခုအခါ ပြည်သူတို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အရ နေရာဒေသ၊ ရေမြေသဘာဝသယံဇာတ အရင်းအမြစ်အခြေအနေအလိုက် ပြည်သူတို့၏ လက်ခံဝယ်ယူသုံးစွဲနိုင်မည့် အခြေအနေပေါ်မူတည်ပြီး ရေအားလျှပ်စစ်သာမက၊ သဘာဝဓာတ်ငွေ့၊ ဒီဇယ်၊ ကျောက်မီးသွေး၊ နေအား၊ လေအားနှင့် အခြားဇီဝနှင့် စွန့်ပစ်ပစ္စည်း လောင်စာတို့မှ ထုတ်လုပ်နိုင်သမျှ ထုတ်လုပ်ပြီး ဖြန့်ဝေပေးရေးကြိုးပမ်းရန် လိုအပ်လာပြီ ဖြစ်ပါတယ်။
စက်မှုနိုင်ငံဖြစ်ရေးနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ရည်မှန်းဆောင်ရွက်ရာမှာ အဓိကအလိုအပ်ဆုံး ဖြစ်တဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ အပြန်အလှန် ဆက်စပ်မှီိခိုနေတာကြောင့် (Energy Plan) နဲ့ (Industrial Development Plan) တွေကို စနစ်တကျ ရေးဆွဲချမှတ်နိုင်မှသာလျှင် နိုင်ငံနှင့် ပြည်သူလူထုရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကုန်စည်နဲ့ ၀န်ဆောင်မှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများကို တိုးတက်စီမံဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဒီနေရာမှာ အသုံးပြုတဲ့ သဘာဝအရင်းအမြစ် လောင်စာတန်ဖိုးနှင့် ထုတ်လုပ်မှုစရိတ် ခရီးအကွာအဝေး အလိုက် ဖြန့်ဖြူးမှုစရိတ်စကအပေါ် မူတည်၍ နိုင်ငံတကာဈေးနှုန်းများနှင့်အညီ ရင်းနှီးမြှုပ်နှံသူနှင့် လျှပ်စစ်ဝယ်ယူသုံးစွဲသူ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့်ဈေးနှုန်းများ ညှိနှိုင်းပြီး ဈေးနှုန်းမူဝါဒ (Prizing Policy) ချမှတ်ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ နိုင်ငံတော်အစိုးရအပိုင်းမှ နှစ်စဉ်တိုးချဲ့ထုတ်လုပ် ဖြန့်ဖြူးရေး ကြိုးပမ်းမည့်အစီအစဉ်များနဲ့ ပုဂ္ဂလိကနှင့် ဖက်စပ်ပူးပေါင်းထုတ်လုပ်ခြင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုပုံစံ အမျိုးမျိုးကို အခြားနိုင်ငံများနည်းတူ ရေရှည်ဖြစ်လာနိုင်မည့် အစီအမံများကိုပြောင်းလဲ ကျင့်သုံးဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။ နိုင်ငံပိုင်အခန်းကဏ္ဍအချိုးအစားနှင့် ပုဂ္ဂလိကပိုင်အချိုးအစား ပြောင်းလဲလုပ်ဆောင်မဲ့ အစီစဉ်များကို အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ပူးပေါင်းပြီး သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရများက ညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားလိုပါတယ်။
နိဂုံးချုပ်အားဖြင့်-
နိုင်ငံတော်အစိုးရ အနေနဲ့ စတင်တာဝန်ယူတဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ နိုင်ငံတော်ရဲ့ ပကတိ လက်၇ှိ အခြေအနေအပေါ် မူတည်စဉ်းစားပြီး စီးပွားရေးမူဝါဒ(၄)ရပ် ချမှတ်၍ အမျိုးသားစီမံကိန်း ကို ရေးဆွဲ ထားတာဖြစ်ပါတယ်။
ပထမစီးပွားရေးမူဝါဒကတော့ ပြည်သူအများစုပါဝင်လုပ်ကိုင်နေတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးတက်အောင်ဆောင်ရွက်ရင်း အခြားနိုင်ငံများနဲ့ရင်ပေါင်တန်းပြီး တိုးတက်ဖွံ့ဖြိုးအောင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျော့ချ စီမံကိန်းလုပ်ငန်းစဉ်များနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်လာရေးဟာ အဓိကကျပါတယ်။ အစိုးရအနေနဲ့လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများကို အာရုံစိုက်ပြီးလုပ်နိုင်အောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းပေးပြီးဖြစ်တဲ့အတွက် အာရုံစိုက်မြှင့်တင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုကဏ္ဍမှာ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေမဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဦးစားပေးထူထောင် လုပ်ဆောင် သွားမှာလည်းဖြစ်ပါတယ်။ တောင်သူလယ်သမားများရဲ့ စိုက်စရိတ်ချေးငွေများ ယခုထက်ပိုမိုအဆင်ပြေအောင် အစိုးရပိုင်းကရော ပုဂ္ဂလိကပိုင်းကပါ ပူးပေါင်းပြီး ငွေစုငွေချေးဘဏ်များ ဖွင့်လှစ်ဆောင်ရွက်ရေးနဲ့ အသေးစား ငွေချေးလုပ်ငန်း (Micro Finance) များကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီးက တိုးတက်ဆောင်ရွက် သွားရေး၊ သီးနှံများထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ ရောင်းဝယ်မှု၊ ကုန်သွယ်မှုလုပ်ငန်းအဆင့်ဆင့်ကို ပြန်လည် သုံးသပ်ပြီး တောင်သူလယ်သမားများ တွက်ချေကိုက်၍ ၀င်ငွေတိုးတက်ရရှိရေး (Transational Cost) များ လျော့ချရေး၊ စိုက်ပျိုးနည်းပညာနှင့် စက်မှုလယ်ယာစနစ်ပြောင်းလဲရေးတွေကို ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ အနေနဲ့ အထူးအလေးထားကြိုးပမ်းသွားကြဖို့ ပြောကြားလိုပါတယ်။ ဆန်စပါးဈေး ကျဆင်းမှုအပေါ် အစိုးရက ပုဂ္ဂလိကနဲ့ပူးပေါင်း၍ ၀ယ်ယူပေးသည့်လုပ်ငန်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီအခြေအနေပေါ်မှာ တိုင်းဒေသကြီး ပြည်နယ်အစိုးရများအနေနဲ့ မြို့နယ်အလိုက် ကွင်းဆင်းလေ့လာမှုများ၊ တောင်သူလယ်သမား များရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လုပ်ငန်းတိုးတက်ရေးတို့အတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြီး ပြုပြင် ပြောင်းလဲဆောင်ရွက်ပေးသင့်တဲ့ နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။ စီးပွားရေး မူဝါဒရဲ့ ဒုတိယအချက်ဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များ အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေ အရ-အသုံးနှင့် အခွန်အကောင်ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံခြားအကူအညီအထောက်အပံ့များ၊ ဆင်းရဲမှု ညွှန်းကိန်း လိုအပ်ချက်များအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအကြား မျှတစွာခွဲဝေရရှိရေး၊ ဒေသဖွံ့ဖြိုး တိုးတက်မှုများအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ တိုးချဲ့ဖိတ်ခေါ် ဆောင်ရွက်ရေး ကိစ္စရပ်များကို ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့်အညီ လေ့လာသုံးသပ် စီမံသွားကြဖို့ ပြောကြားလိုပါတယ်။ ဘဏ္ဍာငွေ အရ-အသုံးနှင့် နိုင်ငံခြားအကူအညီ အထောက်အပံ့များကို ထိရောက်စွာ၊ အကျိုးရှိစွာ အသုံးပြုရေးအတွက် မြို့နယ်အဆင့်အထိ စီမံခန့်ခွဲရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်ကြရန် လိုအပ်ပါတယ်။
စီးပွားရေးမူဝါဒ တတိယအချက်ဖြစ်တဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားရေး ဘက်စုံတိုးတက်မှုအတွက် တိုင်းဒေသကြီး ပြည်နယ်များအလိုက် စီးပွားရေးညွှန်းကိန်းများကို အချိန်ကာလအလိုက် ထိထိရောက်ရောက် တိုးတက်လာအောင် ဆောင်ရွက်သွားကြဖို့ဖြစ်ပါတယ်။ မြို့နယ်အလိုက် (ဂျီဒီပီ) တိုးတက်ရုံသာမက လူတစ်ဦးကျ ၀င်ငွေတိုးတက်ရေး၊ အိမ်ထောင်စုအလိုက် ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်း၊ စားဝတ်နေရေး တိုးတက်မှုရှိရေးစတဲ့ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက်တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ မှာကြားလိုပါတယ်။
စီးပွားရေးမူဝါဒ စတုတ္ထအချက်ဖြစ်တဲ့ ကိန်းဂဏန်းစာရင်းအင်းများ အရေအသွေးပြည့်ဝရေးနဲ့ တိကျ မှန်ကန်ရေးအတွက်ကိုလည်း မြေပြင်ကွင်းဆင်းပြီး တိတိကျကျကောက်ယူခြင်း (Check, Re-check, Counter Check) ဖြင့် ကွက်ကောက်ပြန်လည်စစ်ဆေးခြင်း၊ ဖြစ်နိုင်စွမ်းလေ့လာခြင်း (Feasibility Study) တို့ဖြင့် ခိုင်မာ မှန်ကန်သည့်ကိန်းဂဏန်းစာရင်းအင်း၊ သတင်းအချက်အလက်များရရှိမှာသာ မူဝါဒနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း (Decision-making, Policy-making) ကိုမှန်ကန်စွာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ဒီကနေ့ နိုင်ငံတော်အစိုးရအနေနဲ့ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူလူထုရဲ့ ဆန္ဒသဘောထား (Public Opnion) တွေကို ဆွေးနွေးရယူခြင်းနည်းလမ်းနဲ့ အပြန် အလှန်ယုံကြည်လေးစားမှုဖြင့် ပြည်သူလူထုတစ်ရပ်လုံးညီညွတ်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများဟာ အရှိန်အဟုန်နဲ့လျင်မြန်စွာ ပြောင်းလဲတိုးတက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလိုစည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကျင့်စဉ်မျိုးကို တစ်ဆင့်ပြီးတစ်ဆင့် အေးချမ်းတည်ငြိမ်စွာနဲ့ အသွင်ကူးပြောင်းနေတဲ့အချိန်မှာ ဒီမိုကရေစီခေတ်မှာ ပြည်သူ့ဆန္ဒဖော်ထုတ်တယ်ဆိုပြီး လမ်းမပေါ်မှာ လူအုပ်နဲ့ထွက် အစုအဝေးနဲ့ သွေးထိုးမှုပါလာတဲ့အခါ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပြည်သူအများစုရဲ့ အသက်အိုးအိမ်၊ လုံခြုံမှုထိခိုက်တဲ့ဖြစ်စဉ်အထိ ရုတ်ချဉ်းပြောင်းလဲသွားတတ်တဲ့ ဖြစ်စဉ်နဲ့ သဘောသဘာဝကို ရင့်ကျက်ယဉ်ကျေးသော တိုင်းပြည်တိုးတက်အောင် ညီညွတ်စွာကြိုးပမ်းဆောင်ရွက်နိုင်သော ကမ္ဘာ့အလယ်မှာ သားစဉ်မြေးဆက်ရပ်တည်နိုင်အောင် စွမ်းဆောင်ရည်ရှိသော လူမျိုးများအဖြစ် အစိုးရ၊ လွှတ်တော်၊ ပြည်သူ အားလုံးနဲ့ စတုတ္ထမဏ္ဍိုင်တို့ ပူးပေါင်းပြီး ညီညီညွတ်ညွတ်၊ ခိုင်ခိုင်မာမာလက်တွဲ ကာကွယ်စောင့်ရှောက် သွားရမှာ ဖြစ်ပါတယ်။
တိုင်းဒေသကြီးပြည်နယ်များအလိုက် ဆွေးနွေးပွဲများကျင်းပရေးနဲ့ စပ်လျဉ်းပြီး အထူးပြောကြားလိုတာ တစ်ခုရှိပါတယ်။ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်းဟာ ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးရော၊ နယ်မြေအလိုက် ဖွံ့ဖြိုးရေးအတွက်ပါ များစွာအရေးပါပါတယ်။ ဒီနေ့စီးပွားရေးပညာရှင်များရဲ့အကြံ၊ ဥာဏ်တွေ စီးပွားရေး လုပ်ငန်းရှင်များက ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တာတွေနဲ့ အခက်အခဲတွေ ပြည်သူလူထု တင်ပြလိုတဲ့ အခက်အခဲများကို ဆွေးနွေးပွဲတွေမှာ နီးနီးကပ်ကပ် ရင်းနှီးပွင့်လင်းစွာ နည်းလမ်းရှာဖွေ ဆွေးနွေးအဖြေရှာ ပေးနိုင်မယ်ဆိုရင်
- ဒေသဖွံ့ဖြိုးမှုနဲ့ လမ်းတံတားလိုအပ်ချက်တွေ၊ စီးပွားရေးနဲ့ လူမှုရေးလိုအပ်ချက်တွေကို ပြည်ထောင်စုလွှတ်တော်အထိ အချိန်ယူတင်ပြမှု အမျိုးအစား ဒေသအစိုးရနဲ့ ဒေသန္တရလွှတ်တော် အတွင်းမှာ ဦးစားပေးကဏ္ဍနဲ့ ဦးစားပေးနယ်မြေတွေကို ညှိနှိုင်းလျာထားပေးနိုင်မှာဖြစ်တဲ့အတွက် များစွာ အကျိုးကျေးဇူး ရှိခြင်း
- မြို့နယ်များရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ လူမှုရေး၊ စီးပွားရေး အသင်းအဖွဲ့များအနေဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများရေးဆွဲပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နီးနီးကပ်ကပ် ညှိနှိုင်းကြီးကြပ်နိုင်ခြင်း
- အစိုးရဌာနများနဲ့ ပြည်သူများအကြား ပွင့်လင်းထင်သာမြင်သာ ရှိလာတာနဲ့အမျှ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ သန့်ရှင်းသောအစိုးရ (Good Governance, Clean Government) ဖြစ်စေနိုင်ခြင်း
- စီးပွားရေးလုပ်ငန်းရှင်များမှ ပူးပေါင်းပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပိုမိုတိုးတက် ပူးပေါင်း ပါဝင်လာနိုင်ခြင်း
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလက်မှုလုပ်ငန်းများကို နည်းပညာပိုမိုဖြည့်ဆည်းပေးနိုင်ခြင်း
- ဒေသန္တရ မြို့ရွာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်ခြင်း
- ပြည်သူလူထု၏အခက်အခဲများကို ဒေသဆွေးနွေးပွဲများ၌ ဖော်ထုတ်ဆွေးနွေးနိုင်ခြင်း၊ အောက်ခြေတွင် ဖြေရှင်းနိုင်သည်များကို ချက်ချင်းဖြေရှင်းပေးခြင်းနှင့် ယနေ့လမ်းမပေါ်ထွက်၍ ဆန္ဒပြရန် မလိုပဲ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နည်းလမ်းတကျ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာဖြစ်ပါတယ်။
ဒါ့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတစ်ဦးချင်းရဲ့ စားဝတ်နေရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမဲ့တာဝန်ဟာ အစိုးရအဖွဲ့ တစ်ဖွဲ့လုံးအပေါ်မှာ တာဝန်ရှိတယ်ဆိုတာကို အလေးအနက် ခံယူပြီး မည်သည့်လုပ်ငန်းကဏ္ဍကို ဆောင်ရွက်သည်ဖြစ်စေ၊ အောက်ခြေအထိဆင်းပြီး အောင်မြင်သည်အထိ ဆောင်ရွက်သွားကြပါလို့ မှာကြားရင် နိဂုံးချုပ်အပ်ပါတယ်။
By U Myo Thant - Facebook
ဓါတ်ပုံ-သမ္မတရုံးဝက်ဆိုဒ်
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆေင်အား Dublinမြို့က ခမ်းနားကြီး ကျယ်တဲ့ ကြိုဆိုမှု မြင်ကွင်း (ဓါတ်ပုံ)
၂၀၀၉ ခုနှစ်က ချီးမြှင့်ခဲ့သော Ambassador of Conscience Award ကို ၂၀၁၂ ခုနှစ် ဇွန်(၁၈)ရက်နေ့က လက်ခံရယူခဲ့စဉ်
အိုင်ယာလန် သမ္မတ Michael D. Higginsမှ မြန်မာ ပြည်သူလူထု ခေါင်းဆောင်အား သမ္မတရုံးမှာ တွေ့ဆုံစဉ်
ဒီကနေ့ အိုင်ယာလန်နိုင်ငံသို့ U2 အဖွဲ့ခေါင်းဆောင် Bono နဲ့အတူ ရောက်ရှိလာတဲ့ မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အိုင်ယာလန် ဒုဝန်ကြီးချုပ် Eamon Gilmore မှ လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်နေစဉ်
Amnesty International ရဲ့ 2009ခုနှစ်က ချီးမြှင့်တဲ့ Ambassador of Conscience Awardဆုအား လက်ခံရယူပြီး အိုင်ယာလန်နိုင်ငံ Dublinမြို့က ခမ်းနားကြီးကျယ်တဲ့ Bord Gais Energy Theatre မှာ ပရိသတ်အား အမှာစကား ပြောကြားနေစဉ်
၂၀၀၉ ခုနှစ်က ချီးမြှင့်ခဲ့သော Ambassador of Conscience Award ကို ၂၀၁၂ ခုနှစ် ဇွန်(၁၈)ရက်နေ့က လက်ခံရယူခဲ့စဉ်
သတင်း-ဓါတ်ပုံ နိုင်ငံတကာ အေဂျင်စီ သတင်းဌာနများ
ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်လူထု ထောင်နဲ့ချီ ကြိုဆို
ဒေါ်အောင်ဆန်းစုကြည် အား  အိုင်ယာလန်လူထုကြိုဆိုနေစဉ် Photo - RTE
နော်ဝေးကနေ အိုင်ယာလန်နိုင်ငံကို မနေ့ညနေပိုင်းက ရောက်ရှိလာတဲ့
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်ပြည်သူတွေ ထောင်နဲ့ချီပြီး မြို့လယ် စင်မြင့်ကြီးမှာ တခမ်းတနား ကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။
အခမ်းအနားမှာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကတည်းက
ဒေါ်အောင်ဆန်းစုကြည်ကို ဒပ်ဗလင် မြို့သူမြို့သားတွေ ချီးမြှင့်ခဲ့တဲ့ Freedom of the City ဂုဏ်ပြုလွှာကိုလည်း မြို့တော်ဝန် ကိုယ်တိုင် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ 
အခုလို ဒပ်ဗလင်မြို့က ကြီးကျယ်ခမ်းနားလှတဲ့ ဂုဏ်ပြုမှုတွေဟာ သူ့ဘ၀ တလျှောက်လုံးအတွက် မေ့နိုင်တော့မှာ မဟုတ်ဘူးလို့
ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာတဲ့ အိုင်ယာလန်ပြည်သူတွေကို
ပြောကြားခဲ့ပါတယ်။
“ အိုင်ယာလန်နိုင်ငံက လှိုက်လှိုက်လှဲလှဲ ကျမကို ကြိုဆိုတာကို ကျမရဲ့နှလုံးသားထဲကနေ ကျေးဇူးတင်ပါတယ်၊ ကျမတို့ရဲ့ ဒီမိုကရေစီခရီးဟာ မပြီးဆုံးသေးတဲ့အ တွက် အိုင်ယာလန် ပြည်သူတွေဟာ ဆက်လက်ပြီး အခုလို ကျမတို့နဲ့ တသားတည်း ရပ်တည်နေမယ်လို့ ယုံကြည်ပါတယ် ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုနဲ့အတူ သူရဲ့ ဦးဆောင်မှု အရည်အချင်း၊ စွမ်းရည်သတ္တိနဲ့ ဥာဏ်ပညာ ကြီးမားမှုတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အထူးရုပ်တု ကိုလည်း မြို့တော်ဝန်က ပေးအပ်ခဲ့ပါတယ်။
အလားတူ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ၂၀၀၉ခုနှစ်က ဒေါ်အောင်ဆန်း စုကြည် ကို ချီးမြှင့်ခဲ့တဲ့ Ambassador of Conscience Award အသိဥာဏ်ပညာ ထူးချွန်ဆုကိုလည်း ဒပ်ဗလင်မြို့က ခမ်းနားကြီးကျယ်တဲ့ Bord Gais Energy Theatre မှာကျင်းပခဲ့ပြီး ကမ္ဘာကျော် ယူတူး တေးဂီတအဖွဲ့ခေါင်းဆောင် Bono က ဂုဏ်ပြုလွှာ
ကို ပေးအပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို အခြား ကမ္ဘာကျော်ဂီတ အနုပညာရှင်တွေ ဖြစ်တဲ့ Bob Geldof, Joely Richardson, Damien Rice နဲ့ Jack Gleeson တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ခြောက်နာရီကြာမြင့်တဲ့ အိုင်ယာလန်နိုင်ငံ ခရီးစဉ်အတွင်း
ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်ယာလန် သမ္မတနဲ့အတူ အစိုးရ
အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
RFA Burmese 
နိုင်ငံရေးအကျဉ်းသားများ ဇွန်လိုင်လဆန်း အတွင်း ပြန်လွတ်ဖွယ်ရှိ
ဒေါ်အောင်ဆန်းစုကြည် နှင့် စက်မှု့ ဝန်ကြီးဦးစိုးသိန်း နော်ဝေနိုင်ငံမှာအတူတွေ့ စဉ် ဓါတ်ပုံ(Facebook)
မြန်မာအစိုးရဟာ နောက် လဆန်းထဲမှာ နိုင်ငံရေးအကျဉ်းသားအများအပြား ထပ်ပြီး လွှတ်ပေးဖို့ စီစဉ်နေကြောင်း အစိုးရ၀န်ကြီးတစ်ဦး က မနေ့က ပြောလိုက်ပါတယ်။
နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံ ပြင်ပမှာ စက်မှုဝန်ကြီး ဦးစိုးသိန်း က အေအက်ပီ သတင်းဌာန ကို ပြောဆို ခဲ့တာပါ။ 
သမ္မတ ဦးသိန်းစိန်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်နည်းတူ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် နှစ်မြှုပ်ဆောင်ရွက်နေသူ
ဖြစ်ကြောင်း၊ ဆောင်ရွက်ပုံ နည်းဗျူဟာ ကွဲပေမဲ့ ၊ မဟာဗျူဟာ ဖြစ်တဲ့ ဦးတည် ချက်ချင်း တူညီကြပါကြောင်း၊ တစ်လှေတည်းစီး၊ တစ်ခရီးတည်း သွားနေကြတာ ဖြစ်ကြောင်း ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆု မိန့်ခွန်းမှာ ပါဝင်ခဲ့တဲ့ 
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စ မေးမြန်းရာမှာ - မိမိကတော့ ဆုံးဖြတ်သူ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဇူလိုင်လ ကို စောင့်ကြည့်ပါ၊
ပြန်လွတ်နိုင် ပါတယ်၊ အခုဆိုရင် အစိုးရဟာ သူတို့အမှုတွဲတွေကို အကြမ်းဖက်မှု၊ ရာဇ၀တ်မှုတွေနဲ့ ငြိစွန်းမှု ရှိမရှိ စိစစ်နေပါတယ်၊ ကျန်တဲ့သူတွေ ပြန်လွှတ်ပေးဖို့ မိမိတို့မှာ စိတ်ကူးရှိပါတယ်၊ စိတ်ကူး ဖြစ်ပါတယ်၊ အမိန့်မဟုတ်ပါဘူး၊ ဒီလုပ်ငန်းစဉ် ကို ဆောင်ရွက်နေ
ပါတယ် လို့ အေအက်ပီ သတင်းကို ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥရောပ ခရီးစဉ်မှာ သူရဲကောင်းတစ်ဦးကို ကြိုဆိုသလို အုတ်အော်သောင်းသဲ ကြိုဆိုကြတဲ့ အပေါ် ဂုဏ်ယူမိကြောင်း၊ ဥရောပ မှာ မြန်မာအမျိုးသမီး တစ်ယောက် အခုလို ကြိုဆိုခံရတဲ့ အတွက် မုဒီတာ ပွားမိပါကြောင်းလည်း စက်မှုဝန်ကြီး ဦးစိုးသိန်း က ပြောဆိုပါတယ်။
စီးပွားရေးကိစ္စနဲ့ပတ်သက်ပြီးတော့လည်း အစိုးရအနေနဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ရပ်တည်ချက် ချင်း မကွဲပြားကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်ရုပ်အပြီး၊ ၀င်ရောက်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဟာ ကျင့်ဝတ်နဲ့အညီဖြစ်ရမယ့်အပြင်၊ ပွင့်လင်းမြင်သာမှု ရှိရမယ် ဆိုတာကို သဘောတူညီကြောင်း ပြောဆိုပြီး၊ ရင်းနှီးမြုပ်နှံမှုတွေ အလုအယက် ၀င်လာတာ ကောင်းပါတယ်၊ ဒါပေမဲ့ ရွှေရှာသလိုမျိုး ပြုံပြီးဝင်လာမျိုးတော့ မဖြစ်စေချင်ဘူးလို့ စက်မှုဝန်ကြီး ဦးစိုးသိန်း က အေအက်ပီ သတင်း ကို ပြောဆိုခဲ့ပါတယ်။
အဲဒီညီလာခံမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ပြည်ပထွက်ခွာစိစစ်ရေးရုံးအနီးရှိလူလိမ်ပွဲစားများ
ပြည်တွင်းအခွန်များဦးစီးဌာန  ၀င်ငွေခွန်ဌာနခွဲပြည်ပသို့ထွက်ခွာ မည့်သူများအား စိစစ်ရေးအဖွဲ့ (ပ.ပ.ထ.ဖ) ရုံးအနီးရှိ ပွဲစားများ အနေဖြင့် ပုံစံ (၁၉) လာရောက် လျှောက်ထားသည့် မိဘပြည်သူ  များထံမှအကြောင်းအမျိုးမျိုးပြ၍ ငွေသောင်းချီကာလိမ်လည်နေလျက်  ရှိကြောင်း ပြည်သူများ၏ပြောပြ ချက်အရစုံစမ်းသိရှိရသည်။
““တက္ကစီပေါ်ကဆင်းပြီး ပုံစံ (၁၉) ရုံးကို သွားဖို့ပဲရှိသေးတယ်။ ၅၀၀ ပဲပေးရမယ် ၅၀၀ ပဲပေးရ မယ်ဆိုပြီးတော့ ပွဲစားတွေ အမေ ကြီးနားကို အုံလာကြတယ်။ အမေ  ကြီးကိုင်ထားတဲ့ စာရွက်စာတမ်း ဖိုင်ကို အဲဒီပွဲစားတွေထဲကတစ် ယောက်က ဆွဲလုပြီး သူ့ကို ၀န်ဆောင်ခ ၅၀၀ ပဲပေး။ အကုန်   အပြီးအစီးလိုက်လုပ်ပေးမယ်လို့ပြော  တယ်။ သူတောင်းတာကလည်း ၅၀၀ အမေကလည်းအသက်ကြီး  လာတော့ သိပ်နားမလည်တာရယ်  လည်လည်ပတ်ပတ်မရှိတာကြောင့် အဲဒီ ပွဲစားကလေးမလေးကို လုပ် ပေးဖို့အပ်လိုက်တာ အစကတော့  တောင်းတာ ၅၀၀ ပါပဲ နောက် လည်းကြရော မိတ္တူကြေးတွေရော  တိုကင်ကြေးတွေရောအများကြီးပဲ ပေါင်းလိုက်တော့သောင်းဂဏန်း ကပ်နေပြီကိုယ်ကလည်းဘာမှနားမ လည်တော့ပေးလိုက်တာပေါ့။ အဲဒါ ရုံးနားမှာ ကပ်ထားတဲ့ စာတွေမှာ ကိုယ်တိုင်ဝင်လုပ်ဖို့ ပွဲစားတွေကို  မယုံဖို့ဆိုပြီး ရေးထားတော့ အဲဒီရုံး က ကောင်လေးတစ်ယောက်ကို ခုနပွဲစားမတောင်းတဲ့ ငွေတွေကို ပြောပြလိုက်တယ်။ ရုံးကကောင်  လေးက ပြောတယ်။ ရုံးထဲမှာ ဘာမှမပေးရဘူး။ အဲဒါအမေကြီး ကိုလိမ်လိုက်တာလို့ပြောပြီးလိုက် တောင်းပေးမှရတယ်””ဟု အသက် ၆၀ ကျော် အငြိမ်းစားကျောင်း ဆရာမကြီးတစ်ဦးမှ ပွဲစားများ၏ လိမ်လည်မှုများအားပြောကြားသွား ခဲ့သည်။
အဆိုပါပြည်ပသို့ထွက်ခွာမည့် သူများအား စိစစ်ရေးအဖွဲ့ (ပ.ပ.  ထ.ဖ)ရုံးအနီးမှ ပွဲစားလူလိမ်များ   အနေဖြင့် ရုံးချိန်အတွင်းပုံစံလာ ရောက်လျှောက်ထားသူများအား လိမ်လည်သည့်အပြင် နေ့လယ် ထမင်းစားချိန်ရုံးတံခါးခေတ္တပိတ်  ထားသည့်အချိန်တွင်လည်းပုံစံ လျှောက်ထားရန်လာသော ပြည်သူ  များအား လှည့်ဖြားကာ ရုံးမှာ ပိတ်ထားပြီဖြစ်ကြောင်း မိမိတို့ ၀င်ရောက်ဆောင်ရွက်ပေးမှသာ အဆင်ပြေမည်ဖြစ်ကြောင်း ရုံး အတွင်းရှိ အရာရှိများနှင့် မိမိတို့  မှာ အလွန်ပင်ရင်းနှီးကြောင်း မိမိ တို့အား ၀န်ဆောင်ခ ၅၀၀ သာပေး  ရမည်ဖြစ်ကြောင်း လီဆည်ပြောဆို စည်းရုံးကာ ငွေကြေးလိမ်လည် ကြကြောင်း သိရသည်။
ပြည်ပသို့ထွက်ခွာမည့်သူများ   အား စိစစ်ရေးအဖွဲ့အတွင်းရေးမှူး  ဗိုလ်ကြီးကျော်ဇေယျအားတွေ့ဆုံ ၍ ရုံးအနီးရှိ လူလိမ်ပွဲစားများနှင့်  ပတ်သက်၍ ရုံးအနေဖြင့် ဖြေရှင်း ပေးနေမှုများအား မေးမြန်းခဲ့ရာ   ““အဓိကကတော့ ကျွန်တော်တို့ရုံး  ထမင်းစားချိန်တံခါးခဏပိတ်ထား တာကို သူတို့ကပုံစံလာလျှောက်  တဲ့သူတွေကို ပြပြီးလိမ်ကြတာ အလိမ်ခံရတဲ့သူတိုင်းလိုလိုသောင်း  ဂဏန်းကြီးပဲ”” အဲဒီ အလိမ်ခံရတဲ့ သူတွေက ကျွန်တော်တို့ကိုလာ တိုင်တယ် ဒီတော့ ကျွန်တော်တို့ က လိမ်တဲ့ပွဲစားကို ခေါ်ပြီး ငွေပြန်  ရအောင်တောင်းပေးပါတယ်။ ဌာနအနေနဲ့လည်း ပုံစံလာလျှောက်   တဲ့ပြည်သူတွေ ပွဲစားတွေကိုမယုံ ဖို့ကြော်ငြာတာတို့စာရေးပြီးအသိ ပေးထားတာတို့လိုလုပ်ထားပါတယ်”” ဟု ပြန်လည်ဖြေကြားသွားခဲ့သည်။
““ပထမ ရုံတာဝန်ရှိသူတွေက  တော့ ဒီပွဲစားတွေ လိမ်ထားတဲ့ ငွေပြန်ရအောင်ရယ် ပွဲစားတွေဒီလို  မလိမ်ဖို့ခေါ်သတိပေးတာရယ်ပဲ လုပ်နိုင်မယ်လေ အမှန်တော့ မြို့ လယ်ခေါင်ကြီးမှာ အုပ်စုဖွဲ့ပြီး ပြည်သူကိုငွေသောင်းချီပြီးလိမ်နေ တာကို နယ်မြေခံရဲတပ်ဖွဲ့တွေ စည်ပင်ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီးရှင်း  လင်းပစ်ရမှာ ဒီလူလိမ်တွေကလည်း ဌာနကတာဝန်ရှိသူတွေခဏခဏ ခေါ်သတိပေးနေတာကိုနားယဉ် နေပြီ ဒါကြောင့် ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီးဖယ်ရှားမှပဲ ဒီလူလိမ် တွေပျောက်မယ်””ဟု လေ့လာသူ တစ်ဦးမှ လူလိမ်ပွဲစားများနှင့် ပတ်သက်၍ သုံးသပ်ပြောကြား သွားခဲ့သည်။
ကိုခန့် (ဒဿနိက) Hot News Weekly
တရားမ၀င်ပြည့် တန်ဆာ အိမ်များ မပျောက်သေး
တရားမ၀င်ပြည့် တန်ဆာအိမ်
ကိုခန့် (ဒဿနိက) Hot News Weekly
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်