“နတ်ကာ ရေလှောင်တမံ ” စီမံကိန်းမှ ဒေသခံတောင်သူများ၏ လယ်မြေများကို အတင်းအဓ္ဓမတူးယူနေ

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ယင်းတော်ကန် အနီး  ဒဟတ်ကုန်း
ကျေးရွာအုပ်စုအတွင်းရှိ ကန်ဖျား (၅ )ရွာဖြစ်သော( ဒဟတ်ကုန်း ၊ စည်ပင်သာ ၊
ကန်ဖျား ၊ ကန်စွယ် ၊ ကျောင်းရွာ ) ရွာတို့တွင် ဆင်းရဲသား တောင်သူလယ်သမားများ
ပိုင်ဆိုင်သော  လယ်ယာမြေများအတွင်းမှ စိုက်ပျိုးလယ်ယာမြေများကိုမြေတူးယာဉ်
 ကြီးများဖြင့် အတင်းအဓ္ဓမ တူးဆွ သယ်ယူလျှက်ရှိပါသည် ။

အဆိုပါဒေသ၌  တည်ဆောက်လျှက်ရှိသော “နတ်ကာ ရေလှောင်တမံ ” စီမံကိန်း၌ 
လိုအပ်သော ဖို့မြေများကိုဆင်းရဲသားတောင်သူလယ်သမားများပိုင်သော  စိုက်ပျိုး
 လယ်ယာမြေများအတွင်းမှ  တူးဆွသယ်ယူနေခြင်းဖြစ်သည်။ အဓိကတာဝန်ရှိသူ
များမှာ  ဆည်မြောင်းဦးစီဋ္ဌာန နှင့်  အကျိုးတူပူးပေါင်းဆောင်ရွက်နေသာ ကုမ္ပဏီများ
ဖြစ်ပါသည် ။

လယ်ယာမြေ ဧက ( 60 )ကျော်ခန့်ဆုံးရှုံးနစ်နာ ခဲ့ရသောတောင်သူလယ်သမားများ
အား  တာဝန်ရှိသူများမှ ညွှန်ကြားချက် စာရွက် ၊ စာတန်းများ ပြသခြင်း ၊ တစုံတရာ
 အသိပေးအကြောင်းကြားခြင်း ၊ လျှော်ကြေးငွေ တစုံတရာပေးအပ်ခြင်း အလျှင်းမရှိပါ ။
ဖြူစင်ရိုးသားသော ဆင်းရဲသားတောင်သူလယ်သမားများမှာ မိမိတို့၏ နှစ်နာဆုံးရှုံး
မှုများအတွက်တိုင်တန်းခြင်းအရေးဆိုခြင်း မပြုဝံအောင် ကြောက်ရွံနေကြပါသည် ။

ဆင်းရဲသားတောင်သူလယ်သမားများမှာ မိမိတို့ ဓားမဦးချ လုပ်ကိုင်စားသောက်နေ
သော လယ်ယာမြေများဆုံးရှုံးမှုကြောင့် ဆောက်တည်ရာမရကာ အနာဂတ်ဘ၀ပါ
ပျောက်ဆုံးနေကြောင်း ဒေသခံလယ်သမားများက ပြောပြပါသည်။
Myanmar News Now






ရန်ကုန် မြို့ တော်ခန်းမရှေ့ တွင် လုံခြုံရေးအဖွဲ့ များ နေရာယူထား


ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် နေရာယူထားသော လုံခြုံရေးအဖွဲ့ များ (ဓါတ်ပုံ-7Day News Journal)
ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် နေရာယူထားသော လုံခြုံရေးအဖွဲ့ များ (ဓါတ်ပုံ-7Day News Journal)
မေလ(၂၂)ရက်နေ့ ယနေ့ ည ရန်ကုန်မြို့ ဆူးလေဘုရားရှေ့ မှာ လျှပ်စစ်မီးရရှိရေး
ဆန္ဒပြမည်ဆိုတဲ့ သတင်းများထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့ တော်ခန်းမရှေ့
လုံခြုံရေးများ ချထားတာကိုတွေ့ ရပါတယ်။

သုံးခွမြို့ လျှပ်စစ်ရုံးရှေ့ မှာ မီးရရှိရေး ဖရောင်းတိုင်မီးထွန်းညှိ ဆန္ဒပြမှုစတင်ခဲ့
ပြီးနောက် မန္တလေးနဲ့ မုံရွာမြို့ တွေမှာ ဖယောင်းတိုင်မီးထွန်းပြီး ငြိမ်းချမ်းစွာ
ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။

ဖယောင်းတိုင်မီးထွန်းဆန္ဒပြခဲ့သည့်နေရာများတွင် ရဲများ ကြိုတင်ရောက်ရှိနေ


မန္တလေး စွမ်းဟော်တယ်ရှေ့နှင့် ကျုံးအရှေ့ဘက်ထောင့်တွင် လုံခြုံရေးများ ချထားသည်ကို တွေ့ရစဉ်
၂၂-၀၅-၂၀၁၂

မန္တလေးမြို့ ကျုံး အရှေ့တောင်ထောင့်မှ လုံခြုံရေး အရာရှိတစ်ဦး
၂၂-၀၅-၂၀၁၂
မန္တလေး စွမ်းဟော်တယ်ရှေ့နှင့် ကျုံးအရှေ့ဘက်ထောင့်တွင် လုံခြုံရေးများ ချထားသည်ကို တွေ့ရစဉ်
၂၂-၀၅-၂၀၁၂

ပြီးခဲ့သော (၂၀၊ ၅၊ ၂၀၁၂) နှင့် (၂၁၊ ၅၊ ၂၀၁၂)ရက်များက ညစဉ် ၇ နာရီမှစတင်ကာ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှုများ ရက်ဆက် ဖြစ်ပွားခဲ့သော နေရာများဖြစ်သည့် မန္တလေး၊ ၂၆ လမ်းနှင့် ၆၆ လမ်း ကျုံးထောင့်၊ ၂၆ လမ်း- စွမ်းနှင့်ဆီဒိုးနားဟိုတယ်ရှေ့၊ ၂၆ လမ်းနှင့် ၆၈ လမ်းထိပ်စသည့် နေရာများတွင် ယနေ့ (၂၂၊ ၅၊ ၂၀၁၂) ညနေ ၅ နာရီကျော်ခန့်၌ ရဲအင်အား ဦးရေ ၅၀ ခန့်က နံပတ်တုတ်ချိတ်ဆွဲလျက် ငါးယောက်တစ်ဖွဲ့စီ ခွဲပြီး ည ၇ နာရီမတိုင်မီ ကြိုတင် စောင့်ကြပ်နေကြကြောင်း CJMyanmar ၏ CJ တစ်ဦးက သတင်းပေးပို့ပါသည်။ ၂၆ လမ်းကိုတော့ ပိတ်ဆို့မထားကြောင်းသိရသည်။ ရဲစီးကား ပစ်ကပ်နှစ်စီးနှင့် ဆလွန်းကားတစ်စီးကို ၂၆ လမ်းနှင့် ၆၆ လမ်းထောင့် မီးပွိုင့်နားတွင် ရပ်ထားလျက်သားလည်း တွေ့ရှိခဲ့ရကြောင်း အဆိုပါ CJ ၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ကုန်ကားတစ်စီး ဗုံးခွဲခံရ

တရုတ် - မြန်မာနယ်စပ် သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထွက် နမ့်အွန်ရွာအနီးတွင် ကုန်တင် ကား တစ်စီးအား အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ယခုလ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း သိရသည် ။

မူစယ်မှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် ၄င်းကုန်တင်ကားအား နမ့်အွန်ရွာ ယာယီယာဉ်ရပ်နားစခန်း အလွန်၌ ယူနီ ဖေါင်းဝတ်လက်နက်ကိုင်တစ်စုက ငွေတောင်းယူရာ တောင်းခံသည့်ငွေပမာဏ မရသဖြင့် ဗုံးခွဲဖျက်ဆီးခြင်း ဖြစ်ကြောင်း ကုန်ကားအသိုင်းအဝိုင်းက  သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“လက်နက်ကိုင်အဖွဲ့တွေ တော့မဟုတ်ဘူး ဓါးပြအဖွဲ့တစ်ခုခုပဲ ဖြစ်လိမ့်မယ် တောင်းပုံတောင်း နည်းခြင်း မတူဘူးလေ ကား သမား ဆီက သူတို့တောင်းတဲ့ ငွေမရတော့ ကားဘီးတွေ သေနတ်နဲ့ပစ်ဖေါက်တယ် နောက်ကားကို ဗုံးကပ်ပြီးခွဲလိုက်တယ် ” ဟု ကုန်ကားသမားတစ်ဦးက ဆိုသည် ။

အဆိုပါ ဓါးပြအဖွဲ့မှာ ပြောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး ဗမာစကားပြောဆိုကြောင်း ဗုံးခွဲတိုက်ခိုက်မှုကြောင့် ယာဉ်ခေါင်း  ပိုင်း ပျက်စီးသွားကြောင်း နမ့်အွန်ရွာသားတစ်ဦးကလည်း ဆိုသည် ။

“ သူတို့ဘယ်လောက်တောင်းသလဲတော့ အတိအကျ မသိဘူး တရုတ်ယွမ်ငွေ တစ်ထောင်တော့ ယူသွားတယ် ကားသမား ကိုတော့ ဘာမှမလုပ်သွားဘူး ဗုံးခွဲလိုက်လို့ ကားခေါင်းပိုင်း ပျက်စီးသွားတယ် ” ဟု ဆိုသည် ။

အဆိုပါ ဒေသအနီးတစ်ဝိုက်တွင် KIAနှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေပြီး အစိုးရတပ်ဘက်မှ တပ်အင် အား ဖြည့်တင်းမှုများရှိနေပြီး နယ်မြေအခြေအနေ ရူပ်ထွေးနေကြောင်း ဒေသခံများ အဆိုအရ သိရသည် ။
 သျှမ်းသံတော်ဆင့်

ပါတီ ဥက္ကဌ ထောင်ဒဏ် နှစ်လ ချမှတ်ခံရ

အော်ဟစ်ဆဲခဲ့မှုနှင့်ထောင်ဒဏ်ချခံရတဲ့ဦးအေးလွင်
ရန်ကုန် ၊ မေ ၂၂

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီအဖြစ်
 တည်ထောင်ခွင့် ပထမဆုံး လျှောက်ထားခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ
 အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဦးအေးလွင်ကို
လှည်းကူးတရားရုံးမှ ထောင်ဒဏ် နှစ် လ ချမှတ်လိုက်ကြောင်း ယင်းပါတီ၏
ညီနောင်ပါတီဖြစ်သည့် ၈၈မျိုးဆက်ကျောင်းသားလူငယ်များပါတီ(ပြည်ထောင်စု
မြန်မာနိုင်ငံ)မှ အထွေထွေ အတွင်းရေးမှူး ဦးလေးလွင်က The Voice Weekly
သို့ အတည်ပြုပြောကြားသည်။

“ တာဝန် ၀တ္တရား နှောက်ယှက်မှု ပုဒ်မ ၄၁၆ နဲ့ ဒီနေ့ အမိန့်ချလိုက်တာပါ” ဟု
ယနေ့ ညနေပိုင်း ၄ နာရီ ခန့်တွင် ပြောကြားသည်။

၂၀၁၁ ခုနှစ် ဇူလှိုင်လ ၂၆ ရက်နေ့တွင် နေပြည်တော် -ရန်ကုန်
အမြန်လမ်းမကြီးပေါ်ရှိ လှည်းကူးတန်ပိုဂိတ်မှ တာဝန်ရှိ ၀န်ထမ်းများနှင့်
အချေတင်စကားများရာမှ ဦးအေးလွင်က အော်ဟစ်ဆဲခဲ့သည်ကို
တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယနေ့အမိန့်ချလိုက်ခြင်းဖြစ်သည်။
The Voice Weekly

မန္တလေးတွင် ဆန္ဒဆက်ပြပါက ဖမ်းဆီးအရေးယူတော့မည်

လျှပ်စစ်မီးရရှိရေးဆန္ဒပြကြတဲ့ မန္တလေးပြည်သူများ(ဓါတ်ပုံ-အောင်ရှင် - ဖေ့စ်ဘုတ်)
မန္တလေး၊ မေ ၂၂

လျှပ်စစ်မီးများ မကြာခဏပြတ်တောက်သဖြင့် မြို့သူ၊ မြို့သားများ နှစ်ရက်ဆက်တိုက် ငြိမ်းချမ်းစွာ ဆန္ဒပြလျက်ရှိသော မန္တလေးမြို့တော်တွင် မေလ ၂၂ ရက်(ယနေ့)တွင် ဆန္ဒဆက်ပြပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက The Voice Weekly သို့ ပြောကြားသည်။

ယနေ့မှ စတင်ကာ ဆန္ဒပြများကို အရေးယူတော့မည်ဖြစ်ကြောင်း၊ ၄င်းတို့ လိုက်လျောခဲ့သည်မှာ နှစ်ရက်ရှိပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆန္ဒပြခြင်းမှာ စည်းမဲ့ကမ်းမဲ့ ဥပဒေနှင့် ညီညွတ်မှုမရှိသဖြင့် အရေးယူရခြင်းဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

မန္တလေးမြို့တော် ဆီဒိုးနားဟိုတယ်နှင့် Swan ဟိုတယ်ရှေ့တို့တွင် ယနေ့ မေလ ၂၂ ရက်( ယနေ့) မွန်းလွဲ ၃ နာရီခန့်မှ စတင်ကာ လုံထိန်းတပ်ဖွဲ့ဝင်အင်အား ၅၀၀ ခန့်ရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
The Voice Weekly 

ဆန္ဒပြနေတဲ့ သံမဏိစက်ရုံ အလုပ်သမားတွေကို ရွှေည၀ါဆရာတော် သွားရောက်အားပေး

ရန်ကုန်တိုင်း မှော်ဘီ၊ မြောင်းတကာ စက်မှုဇုံ၊ Crown Steel Industry စက်ရုံ အလုပ်သမားများ ဆန္ဒပြမှုကို ရွှေည၀ါ ဆရာတော်က ကြားဝင် စေ့စပ်ညှိနှိုင်းရန် အလုပ်ရှင်နှင့် တွေ့ဆုံဆွေးနွေးခွင့်တောင်းခဲ့ရာ အလုပ်ရှင်ဘက်မှ ငြင်းဆိုလိုက်ကြောင်းသိရပါတယ်။
YANGON CROWN စက်ရှုံဆန္ဒပြအလုပ်သမားများအားရွှေည၀ါဆရာတော်မှ”မင်းတို့ဘက်မှာငါရှိတယ်၊”ဟုအာပေးခဲ့သည်။
မှော်ဘီမြု့နယ်မြောင်းတကာကျေးရွာ မြောင်းတကာစက်မှုဇုံ
YANGON CROWNစက်ရုံရှိဆန္ဒပြအလုပ်သမားများကိုရွှေည၀ါဆရာတော်မှ အားပေးစကားပြောခဲ.ပါတယ်
စက်ရုံ အလုပ်သမားများက ရွှေည၀ါဆရာတော်ကြွလာဖို. အင်္ကျီတွေခင်ပေးနေတာပါ ရွှေည၀ါဆရာတော်မှ မင်းတို.တွေဘက်မှာငါရှိတယ်လို.အားပေးခဲ.ပါတယ်






မှော်ဘီမြို့နယ်မြောင်းတကာကျေးရွာYANGON CROWN စက်ရုံရှေ့တွင်အလုပ်သမားများအခြေခံလစာရရှိရေးအတွက်ဆန္ဒပြတောင်းဆို
နေသောအလုပ်သမားငါးရာကျော်ကိုမှော်ဘီမြို့နယ်(B.G)သွေးလှူရှင်အဖွဲ့နှင့်
ကျေင်သားသမဂ္ဂမှ(ထမင်းထုပ်များ၊ရေဘူးများနှင့်အခြားအစားအစာများ)လှူဒါန်းခဲ့သည်။








တစ်ရက်လျှင်နေ.စား 160 သာရရှိသောမြောင်းတကာစက်မှုဇုန်
Yangoon crownp စက်ရုံမှ ဆန္ဒပြနေသော အလုပ်သမားတွေကို ရွှေည၀ါဆရာတော် မှ ထမင်းဘူးများလှူဒါန်းပါတယ်။


Photo-Nay Min Aye lwin

မန္တလေးမှာ ဖမ်းဆီးခံရတဲ့ လျှပ်စစ်မီးရရှိရေး ဆန္ဒပြသူတချို့  ပြန်လည်လွတ်မြောက်

SB အဖွဲ့မှ ခေါ်ယူ မေးမြန်းခြင်းခံရသော ဆရာညီပုလေးအား မန္တလေးတောင်ခြေ အနီးရှိ အထူးရဲတပ်ဖွဲ့ရုံး (SB) ရုံးတွင် ခေါ်ယူ မေးမြန်းခြင်း ဖြစ်ပြီး ယခုပြုလုပ်နေသော လျှပ်စစ်မီး ရရှိရေး ဆန္ဒ ထုတ်ဖော်ပွဲနှင့် ပတ်သက်သော အချက်အလက်များကိုသာ အဓိက မေးမြန်းခဲ့ကြောင်း ဆရာညီပုလေးမှ CJMyanmar ကို ပြောကြားပါသည်။ ဆရာညီပုလေးအား SB အဖွဲ့မှ လူကြီး လူကောင်းဆန်စွာ မေးမြန်းခဲ့ပြီး ကော်ဖီတိုက်၊ ထမင်းကျွေး ဧည့်ခံခဲ့ကြောင်းကို ဆရာညီပုလေးမှ ပြောကြားပါသည်။

SB ရုံးတွင် ဆရာ မင်းထက်ငြိမ်းချမ်းအား တွေ့ရှိခဲ့ကြောင်းနှင့် ဆရာ မင်းထက်ငြိမ်းချမ်း ယင်းရုံးသို့ ရောက်ရှိချိန် နောက်ကျခြင်းကြောင့် စစ်ဆေးမေးမြန်းမှု မပြီးသေးတာ ဖြစ်နိုင်ကြောင်း၊ NLD ပါတီဝင် ၃-၄ ယောက်ခန့်ကိုပါ တွေ့ခဲ့ရကြောင်းနှင့် စစ်ဆေးမေးမြန်းနေသည့် အခန်းများစွာ ရှိသည့် အတွက် ဘယ်နှစ်ယောက်ကို ခေါ်မေးမြန်းနေသည်ဆိုတာ မသိရကြောင်းကိုလည်း ဆရာညီပုလေးမှ CJMyanmar သို့ ပြောကြားသွားပါသည်။

သက်ဆိုင်ရာမှ မေးမြန်းရန် ခေါ်ဆောင်သွားသော မ အမာနီ ပြန်လည်လွှတ်မြောက်လာပြီဟု သိရှိရပြီး ဆက်သွယ်မေးရာ ဆက်သွယ်လို့မရသေး။ကဗျာဆရာ ဥက္ကာကျော်ထံဖုန်းဆက်မေးမြန်းကြည့်ရာ ယခုထိ အိမ်သို့ပြန်လည်ရောက်ရှိမလာသေးပဲ မနက် ၅နာရီခွဲခန့်က ကားတစ်စီး နဲ့ ဆိုင်ကယ်တစ်စီး ဖြင့် လာရောက်ခေါ်ဆောင်သွားပြီး ခဏနေအိမ်သို့ပြန်လည် ပို့ဆောင်ပေးမည်ဟု ကိုဥက္ကာကျော်၏ အမျိုးသမီးသို့ပြောကြားသွားကြောင်းသိရသည်။

CJ Myanmar မှဆက်သွယ်မေးမြန်းရာ ကဗျာဆရာ ဥက္ကာကျော် ပြန်လည်လွတ်မြောက်ကြောင်း သိရပါသည်။

CJ Myanmar

လျှပ်စစ်မီးရရှိရန် ဆူးလေဘုရားရှေ့မှာ ယနေ့ည ဆန္ဒပြမည်

မေလ(၂၁)ရက်နေ့ ည က ရန်ကုန်မြို့ မီးပွိုင့်တွေမှာ မီးပျက်နေလို့ 
ကားတွေ ပြည့်ကျပ်နေစဉ် (ဓါတ်ပုံ-Myanmar News Now)

မေလ(၂၁)ရက်နေ့ ည က ရန်ကုန်မြို့ မီးပွိုင့်တွေမှာ မီးပျက်နေလို့ 
ကားတွေ ပြည့်ကျပ်နေစဉ် (ဓါတ်ပုံ-Myanmar News Now)
မေလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ်၊ ဟံသာ (YPI )

ယနေ့ညနေ ရန်ကုန်မြို့ ဆူးလေ ဘုရားရှေ့တွင် လျှပ်စစ်မီး မှန်မှန်ရရှိရေး တောင်းဆိုမည့် ပြည်သူများ စုဝေးကာ ဖယောင်းမီးထွန်းပြီး ငြိမ်းချမ်းစွာဆန္ဒပြကြမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ပြောသည်။

ယခုညနေ ပြုလုပ်မည့် ဆန္ဒပြရာတွင် ပါဝင်ကြမည့်သူများမှာ ဒီမိုကရက်တစ်အင်အားစုများဖြစ်သည့် အလုပ်သအမားအဖွဲ့အစည်းများ ၊ကျောင်းသား အဖွဲ့အစည်းများ၊ လယ်သမားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအကျဉ်းသား အရေးဆောင် ရွက် နေသည့် အဖွဲ့အစည်းများ အပါအ၀င် ပြည်သူလူထုများလည်း ပါဝင်မည်ဟု ၎င်းကYPI သို့ပြောသည်။

“ကျွန်တော်တို့ဒီမိုကရက်တစ်အင်အားစုတွေ အပါအ၀င် လျှပ်စစ်မီးရရှိဖို့ အတွက်လိုလား တဲ့ပြည်သူတွေအပါ စုစုပေါင်း လူအယောက် ၈၀ နဲ့ ၁၀၀ လောက်ရရင်စလှုပ်ရှားမယ်။ အင်အား ၁၀၀ ကျော်ချင်လည်း ကျော်သွားနိုင်တယ်” ဟု ကိုဟန်ဝင်းအောင်က ပြောသည်။

အစီအစဉ်မှာ ယနေ့ညနေ ၆နာရီခွဲအချိန် ဆူးလေဘုရားရှေ့တွင်လူစုကြမည်ဖြစ်ပြီး ၇ နာရီတွင်ဖယောင်း တိုင်မီးထွန်းညှိ၍ အသံတိတ် ငြိမ်းချမ်းစွာဆန္ဒပြကြပြီး နောက် ဆူးလေဘုရားပေါ်သို့ တက်ရောက်ဆု တောင်းပြီး လူစုခွဲကြမည် ဖြစ်သည်။

“အခုလှုပ်ရှားမှုက ကျွန်တော်တို့ ဒီမိုကရက်တစ် အင်အားစုတွေ ပါပေမဲ့ နိုင်ငံရေးလှုပ်ရှားမှု အနေနဲ့လုပ်တာ မဟုတ်ပါဘူး ဒါကိုလည်း အဖွဲ့ဝင်အားလုံး သဘောတူထားတယ် အဓိကက လူထုလိုအပ်ချက် အတွက်လုပ်တဲ့ လှုပ်ရှားမှုပဲ”ဟု ကိုဟန်ဝင်းအောင်ကဆိုသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မန္တလေး၊ မုံရွာ စသည့် မြို့များတွင်လည်း လျှပ်စစ်မီး ရရှိရန်အတွက် ဖယောင်းတိုင်မီးထွန်း၍ ငြိမ်းချမ်းစွာဆန္ဒပြကြသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းဖြန့်ဝေခြင်းနှင့်ပတ်သက်ပြီး ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ပြည်လူထုသို့မေတ္တာ ရပ်ခံပန်ကြားခြင်း ဆိုသည့် ခေါင်းစဉ်ဖြင့် ပန်ကြားချက် တရပ်ဖေါ်ပြထားရာတွင်

“ မြန်မာနိုင်ငံမှာ ရေအား၊ကျော်မီးသွေးနှင့်စက်ရုံပေါင်း၍ နွေရာသီတွင် ဓာတ်အားထုတ်လုပ်နိုင်မှုပမာဏမှာ ၁၃၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီး သုံးစွဲမှုပမာဏမှာ ၁၈၅၀ မဂ္ဂါဝပ်ရှိသဖြင့် အများပြည်သူနှင့် စက်ရုံ၊အလုပ်ရုံ၊လုပ်ငန်းများအား ဓာတ်အားလုံလောက်စွာဖြန့်ဖြူးပးနိုင်ခြင်းမရှိတော့၍ သုံးအုပ်စုခွဲကာ အုပ်စုလိုက် အလှည့်ကျဓာတ်အားပေးခြင်းကို ဆောင်ရွက်ခဲ့ရပါသည်။
ထိုသို့ဆောင်ရွက်နေစဉ် ယခုလ ၁၉ ရက်နေ့တွင် ရွှေလီ-မန်စံ ၂၃၀ ကေဗွီဓာတ်အားလိုင်းဧ။်တိုင်အမှတ် (၇၃၊၂၀၆၊၂၀၇နှင့် ၂၀၈) တိုင်လေးတိုင်တို့မှာ မိုင်ခွဲအချိုးခံရသောကြောင့်ဓာတ်အားပမာဏ ၂၀၀မဂ္ဂါဝပ် မှာလျော့နည်းဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့် ယခုနွေရာသီတွင် ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေခြင်းကြောင့် ပြည်သူလူထုအား အုပ်စု သုံးစုခွဲ၍ အလှည့်ကျ ဓာတ်အား မျှပေးနေရသော အခြေအနေကို နားလည်ပေးပါရန်နှင့် ပြည်သူအားလုံး လျှပ်စစ်ဓာတ်အား ချှေတာသုံးစွဲခြင်းဖြင့် ပူးပေါင်းပါဝင်ပေးပါရန် အထူးမေတ္တာ ရပ်ခံပန်ကြားအပ်ပါသည် ” ဟု ဖေါ်ပြပါရှိသည်။

ရန်ကုန်မြို့ခံ အိမ်ရှင်မတဦးက “ မီးက ဘယ်အချိန်လာမယ် ဘယ်အချိန်ပျက်မယ်ဆိုတာ တွက်မရတာ ခက်တယ်၊ နာရီဝက်တခါ တနာရီတခါ လာလိုက်ပျက်လိုက် ဖြစ်နေတာက ခက်နေတာ” ဟု လက်ရှိရန်ကုန်မြို့တွင် ကြုံတွေ့နေရသည့် အခြေအနေကို ပြောပြသည်။ ။

 Yangon Press International

ဗုံးဖောက်ခွဲခံရမှုကြောင့် မဟာဓာတ်အားလိုင်းပြတ်တောက်မှုအား အရေးပေါ်ပြင်ဆင်

ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံရမှုအား အရေးပေါ်ပြင်ဆင်နေကြစဉ်
ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံရမှုအား အရေးပေါ်ပြင်ဆင်လျက်ရှိကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

မေလ ၁၈ ရက်နေ့ည ၁၀ နာရီ အချိန်ခန့် က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း မြို့နယ် ပန်ကနိုင်း ကျေးရွာ အနီးရှိ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် ၇၃ ၊ ၂၀၆ ၊ ၂၀၇ ၊ နှင့် ၂၀၈ တို့သည် အကြမ်းဖက်  သောင်းကျန်း သူများ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်ဆီးသွား ခဲ့သဖြင့် ရွှေလီရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ဓာတ်အား ထုတ်လုပ် ပို့လွှတ်နိုင်မှု မရှိခြင်းကြောင့် ဓာတ်အား စနစ်အတွင်း ၂၀၀ မဂါဝပ်လျော့နည်းပြီး ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် နိုင်ငံ အဝှမ်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှု ပိုမိုလျော့နည်း  သွားလျက်ရှိရာ အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့ လျှပ်စစ် ဓာတ် အားလုပ်ငန်းမှ တာဝန်ရှိသူများက နေ့ည အပူတပြင်း ပြင်ဆင်လျက်ရှိကြောင်း ရန်ကုန်တိုင်း(မ်)  ဂျာနယ် သို့ပြောသည်။

ယင်းသို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ပြည်သူများတွင် လျှပ်စစ်မီး ပိုမိုပြတ်တောက်ခြင်း၊ ရေတင်စက်များ အသုံးပြုရန် ခက်ခဲခြင်းများကြောင့် အခက်ခဲများစွာ ဖြစ်ပေါ်လျက်ရှိရာ မေလ ၂၀ နှင့် ၂၁ ရက်များက မန္တလေးတွင် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများ ဗုံးဖောက်ခွဲခံရမှုကြောင့် တာဝါတိုင်အမှတ် ၇၃ သည် အောက်ခြေ ခြေထောက် ၁ ချောင်းမှာ ပြတ်ထွက်သွားပြီး ကျန်ခြေထောက် ၂ ချောင်မှာလည်း ပေါက်ထွက်သွားသည်။ တာဝါတိုင်အမှတ် ၂၀၆ နှင့် ၂၀၇ သည် အောက်ခြေ ခြေထောက် ၄ ချောင်း ပြတ်ထွက်ပြီး မြေပြင်ပေါ်သို့ ပြိုလဲပျက်ဆီးခဲ့သည်။ တာဝါတိုင် အမှတ် ၂၀၈ မှာမူ ထက်ဝက်ခန့် တိမ်းစောင်းသွားခဲ့သည်။
ရန်ကုန်တိုင်းမ်

အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန မှ ပြည်သူလူထုသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်

ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံရမှုကြောင့် ပျက်ဆီးမှုမြင်ကွင်း(ဓါတ်ပုံ-ရန်ကုန်တိုင်းမ်)
လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု လျော့နည်းခြင်းကြောင့် အလုံ အလောက် ပေးဝေနိုင်ခြင်း မရှိခြင်းကို နားလည်ပေးပါရန် အရပ်သား အစိုးရအဖွဲ့ လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စု အဆင့် ၀န်ကြီးဌာန တစ်ခုမှ ပြည်သူလူထုသို့ မေတ္တာရပ်ခံခဲ့သည့် ကြေငြာချက် တစ်စောင်ကို မေလ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းမီဒီယာ များတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနေသော ရေအား လျှပ်စစ်ဓါတ်အားပေး စက်ရုံ ၁၈ ရုံ သဘာဝ ဓါတ်ငွေ့ ဓါတ်အားပေးစက်ရုံ ၁၀ နှင့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ ၁ ရုံ စုစုပေါင်း ၂၉ ရုံမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှုမှာ မိုးရာသီ ၁၆၁၀ မဂ္ဂါဝတ် ရှိပြီး နွေရာသီ ၁၃၄၀ မဂ္ဂါဝတ်ခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ လျှပ်စစ်ဓါတ်အား သုံးစွဲမှု ပမာဏ မှာ မိုးရာသီ တွင် ၁၅၆၀ မဂ္ဂါဝတ်သာ ရှိသော်လည်း နွေရာသီ ကာလတွင် ၁၈၅၀ မဂ္ဂါဝတ်အထိ သုံးစွဲမှုကြောင့် အများဆုံး ထုတ်လုပ်နိုင်သည့် ၁၃၄၀ မဂ္ဂါဝတ် ထက် ကျော်လွန်နေသဖြင့် အလှည့်ကျစနစ်ဖြင့် ဓါတ်အားဖြန့်ဖြူးနေရပါကြောင်း ထိုကဲ့သို့ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်နေစဉ် အတောအတွင်းမှာပင် ရွှေလီ-မန်းစံ ၂၃၀ ကေဗွီ ဓါတ်အားလိုင်း တိုင်အချို့မိုင်းခွဲ ဖျက်ဆီးခံရမှုကြောင့် ၂၀၀ မဂ္ဂါဝတ် လျော့နည်းသွားသဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၁၀၀ မဂ္ဂါဝတ်သာ ရှိပါကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဓါတ်အားထုတ်လုပ်နိုင်မှု မလုံလောက်မှုကြောင့် နိုင်ငံပိုင် စက်ရုံများနှင့် မြစ်ရေပြင် စီမံကိန်းများ ၊စက်မှုဇုန်များကို လျှပ်စစ်ဓါတ်အား ဖြတ်တောက် ထားရပြီး အများပြည်သူများကို ဦးစားပေး၍ ဓါတ်အားဖြန့်ဝေ ပေးလျှက်ရှိပြီး ရေရှည်စီမံချက်အနေဖြင့် ရန်ကုန်မြို့တော်တွင် ၆၀၀ မဂ္ဂါဝတ် ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို ဂျပန်နိုင်ငံ (Jpower) ကုမ္ပဏီ နှင့်လည်းကောင်း ၅၀၀ မဂ္ဂါဝတ် ထုတ်လုပ်နိုင်မည့် ဓါတ်အားပေးစက်ရုံကို တောင်ကိုရီးယား သမ္မတနိုင်ငံ BKB နှင့်လည်းကောင်း ပူးပေါင်း တည်ဆောက်သွားရန် ရှိပါသဖြင့် အလှည့်ကျ ဓါတ်အားပေးနေရသော အခြေအနေကို နားလည်ပေးပါရန် အထူး မေတ္တာရပ်ခံပါကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
The Voice Weekly

ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်းပြောမည်

ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့ ခံလူထုကို မိန့် ခွန်းပြောကြားနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဇွန်လ (၁၅) ရက်နေ့ ဆွဇ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာကျင်းပမဲ့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်-ILO ညီလာခံမှာ မိန့်ခွန်းပြောမဲ့အကြောင်း AFP သတင်းမှာ ရေးထား ပါတယ်။ ILO ညွှန်ကြားရေးမှုးချုပ် Juan Somavia က ဒေါ်အောင်ဆန်းစုကြည် ညီလာခံမှာ စကားပြောပါလိမ့် မယ်၊ ကမ္ဘာ့ခေါင်းဆောင်တွေရှေ့ မှာ နိုင်ငံတကာအဆင့် မိန့်ခွန်းပြောမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ 
ဒီ့နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံကို ခရိးဆက်မှာဖြစ်ပြီး ဇွန်လ (၁၆) ရက် မွန်းလွဲ (၁)နာရီ အော်စလိုမြို့ တော်ခန်းမမှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။ ဇွန်လ (၁၇) ရက်နေ့မှာတော့ နိုဘယ်ဆုကော်မတီက ကျင်းပမဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်ပွဲအခမ်းအနား ကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။
ဒီဗွီဘီ

ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ဒေါ်အောင်ဆန်းစုကြည် ထပ်မံရရှိ

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၊ Johns Hopkins တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ ရရှိရေး ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုအတွက် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်လိုက်ပါတယ်။
NLD
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံနှုတ်ဆက်နေစဉ်။
အခုလို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရတာနဲ့ ပတ်သက်ပြီး Johns Hopkins တက္ကသိုလ်ရဲ့ထုတ်ပြန် ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘ၀တာရဲ့အချိန်ကာလအများစုကို စစ်အစိုးရ ဆန့်ကျင်ရေးအတွက် ပေးဆပ်ခဲ့ကြောင်းနဲ့ အရင်လအတွင်းက ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ ပါတီဝင်တွေ အနိုင်ရရှိတာကို အစိုးရက အသိအမှတ်ပြုခဲ့ရကြောင်း ဖော်ပြထားပါတယ်။
အဲဒီ ဆုပေးပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တချိန်ထဲမှာပဲ နော်ဝေနိုင်ငံကရရှိတဲ့ သတင်းအရ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လ ၁၆ ရက်နေ့မှာ ၁၉၉၁ ခုနှစ်မှာ သူရရှိခဲ့တဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင်လက်ခံရယူပြီး မိန့်ခွန်းပြောကြားမှာ ဖြစ်ကြောင်း နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက တနင်္လာနေ့မှာ တရားဝင် ပြောကြားလိုက်ပါတယ်။
ဆုပေးပွဲကို အော်စလိုမြို့တော်ခန်းမမှာ ကျင်းပမှာဖြစ်ပြီး နေ့လည် ၁ နာရီမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှာ ဖြစ်တယ်လို့ နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
RFA-Burmese

မန္တလေးတွင် လူဖမ်းပွဲကြီးစနေပါပြီ

ယနေ့မနက်ပိုင်းတွင် ယမန်နေ့ညများတွင်ပြုလုပ်ခဲ့သော ၂၄နာရီ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ပါတ်သက်ခဲ့သူ အချို့အား သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်း စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၂ခုမေလ၂၀ရက် ၂၁ရက် မန္တလေးမြို့ပြည်သူများ၏ မီးထွန်းဆန္ဒဖော်ထုတ်ပွဲနှင့် ဆက်စပ်၍ ယနေ့၂၂ရက်မနက်အစောပိုင်းက မန္တလေးတိုင်းဒေသကြီး NLD မှ ဦးဇော်ဝင်းအောင်၊ဦးလှမိုး၊ဦးချစ်တင်၊ဒေါ်ခင်သန်းညွှန့်(မန်းတိုင်း NLD ဘဏ္ဍငွေရှာဖွေရေးအဖွဲဝင်)တို့ကို သက်ဆိုင်ရာက ၀ရမ်းမပါဘဲ မန္တလေးတောင်ခြေအနီးရှိ SBရုံးသို့ ခေါ်ယူမေးမြန်လျှက်ရှိကြောင်းသိရသည်။
ထိုသူတို့၏ နောက်ဆက်တွဲအခြေအနေ မသိရှိရသေးပါ။

မန္တလေး လျှပ်စစ်မီးရရှိရေးလှုပ်ရှားမှုနောက်ဆက်တွဲအဖြစ်....

အာရှအလင်းရောင်ဖောင်ဒေးရှင်း(ပြင်ဦးလွင်)၏ လက်ခွဲ အာရှအလင်းရောင်ဖောင်ဒေးရှင်း(မန္တလေး)တာဝန်ခံ၊ မန္တလေးတိုင်း NLD ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ဝင် လူမှုရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်သန်းမြင့် အား ယနေ့နံနက်အစောပိုင်းက SB (သို့) ရဲများက ဖမ်းဝရမ်းမပါဘဲ ခေါ်ဆောင်ဖမ်းဆီးသွားကြောင်း သိရသည်။

မန္တလေး လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှုနှင့် ပတ်သက်ပြီး မန္တလေးမှ စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ ဥက္ကာကျော် (ကလေး ၄ ယောက်၏ ဖခင်)လည်း ၄င်းနေထိုင်ရာ မြို့သစ်နေအိမ်မှ ယနေ့ နံနက် ၅ နာရီခန့်က SB (သို့) ထောက်လှမ်းရေး (သို့) ရဲများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရကြောင်း သိရသည်။ ယခုအထိ ၄င်းနှင့် အဆက်အသွယ်မရရှိသေးပါ။

၂၀၁၂ ခုနှစ်၊ မေ (၂၀/၂၁) ရက်များတွင် မန္တလေး၌ ဖြစ်ပွားခဲ့သော လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြု ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှုနှင့် ပတ်သက်ပြီးယခုအခါ မန္တလေးမြို့ပေါ်၌ တစ်ယောက်ပြီး တစ်ယောက် အဖမ်းခံ (သို့မဟုတ်) ခေါ်ယူစစ်ဆေးမေးမြန်းခံနေရရာ ယခုအထိ နောက်ဆုံးကြားသိရသော သတင်းအရ လူဦးရေ အယောက် ငါးဆယ် ကျော်သွားပြီဟု CJMyanmar က သတင်းရရှိပါသည်။

ယနေ့ (၂၂.၅.၂၀၁၂) ည ၇ နာရီတွင်လည်း မန္တလေးမြို့၌ လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒပြု ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှု တတိယမြောက်ရက်အဖြစ် ဆက်လက်ဆင်နွှဲမည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်ခဲ့သော အလားတူ လှုပ်ရှားမှုတွင် ဖြန့်ဝေခဲ့သော အလင်းရောင်အဖွဲ့၏ လက်ကမ်းစာများအရ သိရှိခဲ့ရရာ ယနေ့အင်္ဂါနေ့ညတွင် တတိယရက်မြောက် ဖယောင်းတိုင်မီးထွန်းဆန္ဒပြုပွဲ မန္တလေးတွင် လုပ်ဖြစ်မဖြစ် စောင့်ကြည့်ရမည်ဖြစ်ကြောင်း မန္တလေးမြို့ခံတစ်ဦးက CJMyanmar သို့ ပြောကြားလိုက်သည်။

True News ဂျာနယ်၏ မန္တလေးသတင်းထောက်၊ စိမ်းရောင်စိုလှုမှုကူညီရေးအဖွဲ့နှင့် အခြားသော လှုမှုရေးရာအဖွဲ့များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသူ ကိုမင်းထက်ငြိမ်းချမ်းလည်း SB/ရဲများ၏ ခေါ်ဆောင်သွားခြင်း ခံလိုက်ရကြောင်း CJMyanmar က သတင်းရရှိသည်။

CJMyanmar

လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်သူများ ရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးနေ

နံနက် ၁၀နာရီခွဲ၊ မေလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ် (YPI)

မန္တလေးမြို့၌ မေလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့ညများက လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်များဖြင့် ဆန္ဒထုတ်ဖေါ်ခဲ့သူများထဲမှ ဦးဆောင်သူ ၁၉ ဦးကို ရဲသတင်းတပ်ဖွဲ့က ယနေ့နံနက် ၆ နာရီမှ ခေါ်ယူစစ်ဆေးလျှက်ရှိရာ သတင်းရရှိချိန် နံနက် ၁၀ နာရီထိ ပြန်မလာသေးကြောင်း ခေါ်ယူခံရသူ၏ မိတ်ဆွေတဦးက ပြောသည်။

၎င်းက “မနက်စောစောပိုင်းက လာခေါ်သွားတာ၊ မနေ့ညက ခင်ဗျားတို့ လုပ်ခဲ့တဲ့ ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်လို့ မေးချင်တာတွေရှိလို့ပါ ခဏလေးပါ” ဟု ရဲသတင်းတပ်ဖွဲ့ (SB) မှ ပြောဆိုသွားကြောင်း ပြောသည်။
ယခုလို ခေါ်ယူရာတွင် ကောင်းကောင်းမွန်မွန် ပင်ပြောဆိုခဲ့သည်ဟု လည်းဖြည့်စွက်ပြောဆိုသည်။

ခေါ်ယူခံရသူများထဲတွင် စာရေးဆရာ ညီပုလေး (လူထုဒေါ်အမာ၏ သား) နှင့် အခြားမန္တလေး အန်အယ်လ်ဒီအဖွဲ့ဝင်အချို့ နှင့် မေလ ၂၀ ရက်နေ့ည အရေးပေါ် သတင်းစာရှင်းလင်းပွဲ တက်ရောက်သူ ဆန္ဒထုတ်ဖေါ်သူအချို့တို့ ပါဝင်သည်ဟု သိရှိရသည်။ ။
YPI

သူနာပြုဆရာမများ၏ ဒုက္ခ

 ရန်ကုန်တိုင်း ဒေသကြီးတွင် ယခင် တိုင်းကျန်းမာရေးဦးစီးဌာနမှူးတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာလှမြင့်သည် သူနာပြုဆရာမများကို ရာထူးတိုးစာမေးပွဲဖြေဆိုခိုင်းခဲ့ပါသည်။ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ဆေးရုံများမှ ဆရာမများအားလုံး ၁၅၀ နီးပါးခန့်ဖြေဆိုကြရပါသည်။ ရာထူးတိုးစာမေးပွဲဖြေဆိုသည့်အခါ ဒေါက်တာလှမြင့်အား ဆရာမတစ်ယောက်လျှင် ငွေကျပ် ၅ သိန်း၊ ၃ သိန်း ထက်မနည်း ပေးခဲ့ကြရပါသည်။ ဒေါက်တာလှမြင့်မှ ထိုငွေများကို လက်ခံကာ ရာထူးတိုးပေးခြင်းများ လုပ်ပေးခဲ့ပါသည်။ သို့သော် ဆရာမ အယောက် ၃၀ လောက် ကျန်သောအခါ ဒေါက်တာလှမြင့်မှ နေပြည်တော်သို့ ဒုတိယညွှန်ကြားရေးမှူးရာထူးမှ ညွှန်ကြားရေးမှူးရာထူးသို့ အဆင့်တိုးကာ ပြောင်းရွှေ့ခဲ့ပါသည်။

  ရာထူးတိုးပေးသောအခါတွင်လည်း ငွေပိုပေးသော သူများကိုသာ အဓိကထား တိုးပေးခဲ့ပါသည်။ ၎င်းနေပြည်တော်သို့ ပြောင်းသွားသောအခါ ကျန်နေသောဆရာမများကို ရာထူးတိုးမပေးဘဲ ပြောင်းရွှေ့သွားပါသည်။ ထိုဆရာမများထံမှ ယူထားသောငွေများကိုလည်း လုံးဝ ပြန်ပေးခြင်း မရှိခဲ့ပါ။ ဆရာမများအနေနှင့်မူ ဒေါက်တာလှမြင့်အား ပေးသောငွေများမှာ ချေး ငှား ရှာဖွေ ပေးခဲ့ရခြင်းဖြစ်ပါသည်။ ဤကိစ္စများအားလုံးကို တိုင်းကျန်းမာရေးဦးစီးဌာနမှာရှိသည့် သူနာပြုဌာနမှ ၀န်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနများမှ ၀န်ထမ်းများအားလုံး သိရှိပြီးသားဖြစ်ပါသည်။ အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ပါသည်။

  တိုင်းကျန်းမာရေးဦးစီးဌာနမှူးအသစ်ဖြစ်သော ဒေါက်တာအေးကိုကိုအား ဆရာမများအနေနှင့် တင်ပြခြင်းများ ပြုလုပ်ခဲ့ပါသည်။ သို့သော် ဒေါက်တာအေးကိုကိုမှ သူ့လက်ထက်တွင် သူ့အား ငွေများပေးထားခြင်းမရှိသည့်အတွက် တာဝန်ယူလုပ်ဆောင်ပေးခြင်းမရှိခဲ့ပါ။ ဒေါက်တာလှမြင့်မှ ယခင်ကလည်း ငွေရေး ကြေးရေးနှင့် ပတ်သတ်၍ ခရမ်းမြို့နယ်မှ တိုင်ကြားခြင်း ခံခဲ့ရပါသည်။ သူနှင့်အတူ အတိုင်ခံရသော ခရမ်းမြို့နယ်ဆရာဝန် ဒေါက်တာမြင့်စိုးအား အရေးယူခဲ့သော်လည်း အဓိကကျသော ဒေါက်တာလှမြင့်အား လူကြီးများမှ လုံးဝ အရေးယူခြင်း မရှိဘဲ ရာထူးပင်တိုးပေးခဲ့ပါသည်။
  ဤသို့ဖြင့် ရာထူးတိုးလျှောက်ခဲ့၍ ဒေါက်တာလှမြင့်အား ပိုက်ဆံပေးခဲ့ရသော ဆရာမများ၏ဒုက္ခကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ လူကြီးများ သိစေရန် တင်ပြအပ်ပါသည်။

သူနာပြုဆရာမတဦး

ယီမင်မှာ အယ်လ်ခိုင်းဒါး ဗုံးခွဲလက်စားချေ


   
   
   
   
   

ယီမင်အသေခံဗုံးခွဲ တိုက်ခိုက်မှု ဗွီဒီယို

ယီမင်နိုင်ငံမှာ တနင်္လာနေ့က လူပေါင်း ၉၆ ယောက်သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာ ရခဲ့ကြတဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုဟာ အမေရိကန် ထောက်ခံအားပေးမှုနဲ့ အစိုးရက သူတို့အဖွဲ့ဝင်တွေကို တိုက်ခိုက်နေတာတွေအတွက် ပြန်ပြီး ကလဲ့စားချေလိုက်တာပဲလို့ အယ်လ်ခိုင်းဒါး အဖွဲ့က ပြောပါတယ်။
ယီမင်နိုင်ငံ မြို့တော် Sana’a မှာ စစ်ရေးပြ အခမ်းအနားအတွက် ရာနဲ့ချီ တပ်ဖွဲ့တွေ တန်းစီးပြီး အကြို လေ့ကျင့်မှုတွေ နေကြတုန်း သံသယဖြစ်ဖွယ် စစ်သားတစ်ယောက်က ဗုံးခွဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ယီမင်အစိုးရ အရာရှိတွေက ပြောပါတယ်။ ယီမင် မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသ သွေးစည်းမှု အထိမ်းအမှတ် အင်္ဂါနေ့မှာ ကျင်းပမယ့် အခမ်းအနားအတွက် စစ်သားတွေက စစ်ရေးပြ လေ့ကျင်မှုတွေ လုပ်နေကြတာပါ။
ယီမင် ထိပ်ပိုင်း တပ်မှူးတွေကို အဓိက ပစ်မှတ်ထားပြီး ဒီတိုက်ခိုက်မှုကို လုပ်တာလို့ ယီမင်အခြေစိုက် အယ်လ်ခိုင်းဒါးအဖွဲ့က ပြောပါတယ်။ အာဏာကနေ ဖယ်ရှားခံလိုက်ရတဲ့ သမ္မတ Ali Abdullah Saleh ကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြတွေ တိုင်းပြည်မှာ ဖြစ်ပွားနေတဲ့အချိန်၊ ပြီးခဲ့တဲ့နှစ်က တောင်ပိုင်းဒေသတွေကို သိမ်းပိုက်ထားတဲ့ စစ်သွေးကြွတွေကို အမေရိကန်ရဲ့ အားပေးကူညီမှုနဲ့ ယီမင်အစိုးရတပ်တွေက ချေမှုန်းမှုတွေ လုပ်နေချိန်မှာပဲ အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ဒီ အကြမ်းဖက်တိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချပြီး တိုက်ခိုက်သူတွေအနေနဲ့ ပြစ်မှုအတွက် တာဝန်ယူ ရလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

By ဗွီအိုအေ (မြန်မာဌာန)

ပိတ်ဆို့မှု ဆိုင်းငံ့ရေး ဆုံးဖြတ်ချက် ၀န်ကြီးကလင်တန် ဒေါ်စုနဲ့ဆွေးနွေး

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖုံးနဲ့ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေ စိတ်ချရအောင် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်နိုင်တဲ့ လုပ်ပိုင်ခွင့်တွေကို ဆက်ပြီး ထားရှိသွားမယ်ဆိုတာ ပြောဆိုခဲ့ပါတယ်။
  မြန်မာနိုင်ငံရေး စိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့လည်း နှစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဒဏ်ခတ်မှုတွေ လျှော့ပေးလိုက်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖုံးဆက်ပြီး အခြေအနေတွေကို နှစ်ဦးသား သုံးသပ်ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးမှာ အဟန့်အတားဖြစ်စေမယ့် ပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို ပစ်မှတ်ထား အရေးယူမှုတွေ ဆက်လုပ်သွားမှာဖြစ်လို့၊ အဲဒီအတွက် အမည်စာရင်းသစ် ပြုစုနေချိန်မှာပဲ သူတို့နှစ်ဦး အမေရိကန်စံချိန် တနင်္ဂနွေ ညပိုင်းက ဖုံးနဲ့စကားပြောဖြစ်တာပါ။

“နိုင်ငံခြားရေးဝန်ကြီး ဟီလာရင် ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၂၀ ရက်နေ့ညက ဖုံးဆက်ခဲ့တာပါ။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို သုံးသပ်ပြီး မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ မကြာခင်က ဆုံးဖြတ်ချက်တွေအပေါ် ဆွေးနွေးခဲ့ပါတယ်။ တာဝန်သိပြီး ပွင့်လင်းမြင်သာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့၊ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေကို အားပေးဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ပစ်မှတ်ထား အရေးယူဖို့ ဆောင်ရွက်ဖို့ လိုအပ်ချက်တွေအကြောင်း ပြောခဲ့ကြပါတယ်။”
နိုင်ငံခြားရေးဌာန ပြောခွင့်ရ အရာရှိတစ်ဦး ပြောသွားတာပါ။

ပြီးခဲ့တဲ့အပတ်တုန်းက နိုင်ငံခြားရေးဝန်ကြီးကလင်တန်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ကြပြီလို့ ကြေညာသွားချိန်မှာပဲ အဲဒီရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာ လူ့အဖွဲ့အစည်းအတွက် လူမှုတာဝန်တွေပါ တပါတည်း တွဲယူလိုတဲ့ ကျင့်ဝတ်ကောင်းတွေ ထားရှိဖို့ တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်ဘက်က အခု လျှော့ပေးလိုက်တာဟာ မြန်မာနိုင်ငံထဲ ပုဂ္ဂလိကပိုင်း လုပ်ငန်းတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အားကောင်းလာဖို့ ဖြစ်သလို လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေကို အားပေးတဲ့လုပ်ရပ်လည်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်းပြန်မလှည့်သွားရအောင်လို့၊ ဥပဒေအရတော့ မြန်မာအပေါ် ဒဏ်ခတ်မှုတွေ ဆက်ထားသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ပါတယ်။
“မကြာခင်လတွေအတွင်းဖြစ်ခဲ့တဲ့ တိုးတက်ပြောင်းလဲမှုတွေဟာ အတိမ်းအစောင်းမခံတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်ပြီး၊ ဒီ ပြောင်းလဲမှုတွေ နောက်ပြန်လှည့်မသွားအောင် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ တွန်းအားပေးဆောင်ရွက်သွားဖို့ လိုအပ်ချက်တွေကိုလည်း နှစ်ဦး သဘောတူခဲ့ကြပါတယ်။ ဒီအတွက်လည်း အခြေအနေတွေကို စိတ်ချရအောင် အရေးယူ ဒဏ်ခတ်နိုင်တဲ့ လုပ်ပိုင်ခွင့်တွေကို ဆက်ပြီးထားရှိသွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ပါတယ်။”

နှစ်ဦးသား ပြောဆိုကြတဲ့အထဲမှာ တိုင်းရင်းသား ပဋိပက္ခတွေအရေး ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့်တော့ လူမျိုးစုဒေသတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်နိုင်ရေး အတွက် အရေးတကြီး ဆောင်ရွက်ရမယ့် လိုအပ်ချက်တွေရှိတယ် ဆိုတာကို ဆွေးနွေးခဲ့တာပါ။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေ အစပျိုးခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်အကုန်ပိုင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာဘက်က လုပ်ရပ်တချက်ချင်း အပေါ်မှာ အပြုသဘော တချက်ချင်း တုံ့ပြန်သွားမယ်ဆိုပြီး ဂတိက၀တ်ပြုခဲ့တာပါ။

 ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ၀ါရှင်တန်ကို အစိုးရ တရားဝင်ခရီးအဖြစ် ပထမအကြိမ် လာရောက်တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံပြီး၊ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအပေါ် အရေးယူမှုတွေကို အစိုးရလုပ်ပိုင်ခွင့်အနေနဲ့ လျှော့ပေါ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ အခြေအနေမှာ စိုးရိမ်စရာ လုပ်ဆောင်စရာတွေ ကျန်နေသေးပြီး ဒီအတွက်လည်း ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်ကောင်းလာဖို့နဲ့ တိုင်းရင်းသားအရေးကိစ္စတွေ ဖြေရှင်းနိုင်ဖို့ အမေရိကန် ပြည်ထောင်စုဘက်က အားပေး ထောက်ခံသွားမယ်လို့ ပြောခဲ့ပါတယ်။

By ကိုသားညွှန့်ဦး(ဗွီအိုအေ)

ဖြိုးဝေအောင် အသည်းကင်ဆာ နောက်ဆုံးအဆင့်ရောက်

 ၂၀၁၀ ခုနှစ်သင်္ကြန်ကာလ ဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲခံရပြီးသေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်သား ကိုဖြိုးဝေအောင် အသည်း ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဆရာဝန်ရဲ့ စစ်ဆေးချက်အရ လပိုင်းလောက်ပဲ အသက်ရှင်သန်ခွင့် ရှိတော့မှာဖြစ်ကြောင်း မိသားစု က ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
လူ ၁၀ ဦးသေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲခံထားရပြီး ပြီးခဲ့တဲ့မေလ ၈ ရက်နေ့က သေဒဏ် ပေးခြင်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ဟာ အင်းစိန်ထောင်အတွင်း အမှုစစ်ဆေးနေစဉ်ကာလမှာ အသည်းရောင်-ဘီပိုး ကူးစက်ခံရပြီး အသည်းမှာ ပြည်တည်နာဖြစ်ခဲ့ရတာပါ။ အခုအခါမှာတော့ ဆေးကုသခွင့်မရတာကြောင့် အသည်းကင်ဆာ နောက်ဆုံး အဆင့်နဲ့ လပိုင်းလောက်ပဲ အသက်ရှင်သန်ခွင့်ရတော့မှာဖြစ်ကြောင်း ညီဖြစ်သူ ဒေါက်တာ ထက်ဝေအောင်က ပြောပါတယ်။
“ဒီနေ့ CT ရိုက်ပါတယ်။ စီCT ရိုက်တော့- အရင်တပတ်ကတည်းက Tuma marker လို့ ခေါ်တာပေါ့ဗျာ။ အဲလောက်ဖြစ်တဲ့အချိန်မှာ မနေ့ကတော့ သိသွားပြီပေါ့- အသည်းကင်ဆာဆိုတာကို။ ဒီနေ့ CT ရိုက်တဲ့ အခါကျတော့ လပိုင်းအတွင်းပဲ ဖြစ်သွားနိုင်တယ်ပေါ့။ သူ့ရဲ့ CT result အရရော၊ ဆေးစစ်စာအရရော ဆရာဝန်ပြောလိုက်တာကတော့ နောက်ဆုံးအဆင့်ပေါ့နော်။ သူက လုံးဝမအိပ်နိုင်ဘူးပေါ့နော်။ ထလည်း မထနိုင်ဘူးပေါ့။ ရေဖျဉ်းကလည်း တော်တော် ဖြစ်နေတယ်ပေါ့။”
ရောဂါပြင်းထန်လာတာကတော့ ပြီးခဲ့တဲ့ဇန်န၀ါရီလ ကစပြီး ပိုပြီးပြင်းထန်လာကြောင်း ထောင်တွင်း ဆေးရုံ ကနေ အပြင်ဆေးရုံမှာကုသခွင်ရဖို့ တောင်းဆိုခဲ့ပေမဲ့ မရခဲ့ဘူးလို့ ညီဖြစ်သူက ဆက်ပြောပြပါတယ်။
“ဇန်နဝါရီလကတည်းက စဖြစ်နေတာခင်ဗျ။ ဖြစ်နေတော့ထောင်ကိုလည်း ပြောတယ်ပေါ့နော်။ လွှဲပေးဖို့ ပေါ့။ ထောင်က မလွှဲပေးဘဲနဲ့ အကိုက်အခဲ ပျောက်ဆေးပေးလိုက်၊ ပိုးသတ်ဆေးပေးလိုက်နဲ့ ဆယ်ရက်နေ့ အမိန့်ချပြီးတော့မှ အင်းစိန်ဆေးရုံကိုပို့တယ်ခင်ဗျ။ အခု ကြည့်နေတာကတော့ အင်းစိန်ဆေးရုံက General Surgeon က ကြည့်တာပေါ့နော်။ General Surgeon ကလည်း နေ့တိုင်းလာကြည့်တာ မဟုတ်ဘူး။ ခဏပဲကြည့်သွားတာပေါ့နော်။ ပီးတော့ CT ရိုက်မယ်။
ဒီနေ့ CT ရိုက်ပြီးတော့ ဘယ်တော့လွှဲမလဲတော့ မသိဘူးပေါ့နော်။ အသည်းဌာန ဘက်ကို။ အခုက အင်းစိန်ဆေးရုံမှာ၊ အင်းစိန်အထွေထွေဆေးရုံမှာပါ။ သူက အရင်ကတည်းက အသည်းရောင် ဘီပိုးရှိတယ် ခင်ဗျ။ အသည်းမှာ ပြည်တည်နာဖြစ်ဖူးတယ်။ ၂၀၁၀ သြဂတ်စ်မှာကတည်းက အသည်းရောင်-ဘီပိုးရှိတယ်။ အသည်းရောင်အသားဝါဖြစ်ဖူးတဲ့အတွက် Liver Specialist နဲ့ ပြပေးဖို့ Request လုပ်ပါတယ်။ ဒါပေမဲ့ သူတို့ မပြပေးဘူးပေါ့နော်။”
ကိုဖြိုးဝေအောင်ဟာ စစ်ကြောရေးကာလတွေအတွင်းမှာ ပြင်းထန်းစွာရိုက်နှက်ခံရခြင်း၊ လိင်အင်္ဂါကို မီးရှို့ပြီးစစ်ဆေးခံရခြင်း အပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံခဲ့ရကြောင်း၊ ဒ်ီအတွက် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်မစ္စတာ သောမတ်စ်အိုဟေး ကင်တားနားကို တိုင်ကြားထားကြောင်း မိသားစု က ပြောပါတယ်။ ကိုဖြိုးဝေအောင်နဲ့ပတ်သက်ပြီး သူရဲ့ရှေ့နေကတော့ တရားခံကို နှိပ်စက် ညှင်းပမ်း ပြီး ဖြောင့်ချက်ရယူခဲ့တာဖြစ်လို့ ဥပဒေကြောင်းအရ တရားမျှတမှု မရှိဘူးလို့ ဆိုပါတယ်။
ကိုဖြိုးဝေအောင်ဟာ ဆောက်လုပ်ရေးအင်ဂျင်နီယာတဦးဖြစ်ပြီး အခင်းဖြစ်ပွားစဉ်မှာ သူရဲ့အလုပ် ဆိုဒ်ထဲမှာ ရှိနေခဲ့ပြီး သူ့ကို ၂၀၁၀ ခုနှစ်မှာ ဖမ်ဆီးပြီးနောက် တစ်နှစ်ကျော် အချိန်ယူ အမှုစစ်ဆေးပြီးတဲ့နောက် မေလ ၈ ရက်နေ့ကပဲ သေဒဏ်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။
By မအေးအေးမာ (ဗွီအိုအေ)

အင်းစိန် နှင့် လှိုင် NLD ရုံးဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

လှိုင် NLD ရုံးဖွင့်ပွဲသို့ ပြည်သူများ ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆိုစဉ်

(၂၁.၅.၂၀၁၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
မေလ ၂၁ ရက်နေ့ ညနေ ၃း၃၀ အချိန်တွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် NLD
ရုံခန်းဖွင့်ပွဲကို တတ်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ညနေ ၅း၃၀ အချိန်တွင် လှိုင်မြို့နယ်
NLD ရုံခန်းဖွင့်ပွဲကို ဆက်လက်တတ်ရောက်ခဲ့ပါတယ်။

 အဆိုပါ ရုံးခန်းဖွင့်ပွဲများကို  နာယကကြီးများဖြစ်ကျတဲ့
ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ လည်း တတ်ရောက်ခဲ့ပါတယ်။

သတင်း-ဓါတ်ပုံ (ဒီလှိုင်း)

စစ်သားတွေရဲ့ ဘ၀နဲ့ ခံစားချက်

ကျွန်တော်က တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်နေတာ နှစ်ပေါင်း(၁၆)ကျော်ကြာခဲ့ပါပြီ။ တပ်မတော်ထဲဝင်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ ဘာမှရည်ရွယ်ချက်ကြီးကြီးမားမား မရှိခဲ့ပါဘူး။ အဓိက ကတော့ ၀ါသနာပါလို့ပါ။ ဘယ်လောက်ဝါသနာပါလည်းဆိုရင် ငယ်ငယ်က ကစားရင်တောင် စစ်တိုက်တမ်းပဲ ကစားခဲ့တာ။ ဒါနဲ့ ၁၉၉၅ ခုနှစ် အသက်(၂၀)ကျော်မှာ တပ်မတော်ထဲ ၀င်ရောက်ခဲ့ ပါတယ်။

အစပိုင်းမှာတာ့ စစ်ပညာအခြေခံသင်တန်းကို ပင်ပန်းဆင်းရဲစွာ သင်ခဲ့ရပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းပါစေ ၀ါသနာအရင်းခံထားတာမို့ ဒါလောက်တော့ မမှုပါဘူးဆိုတဲ့ ဇွဲ၊ သတ္တိနဲ့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပါတယ်။ သင်တန်းပြီးဆုံးလို့ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေမှာ စတင်တာဝန်ထမ်းဆောင်နေ့ကစပြီး ငါစစ်သားဖြစ်ပြီ၊ ငါဟာရဲရင့်တဲ့ယောကျာင်္း၊ တိုင်းပြည်အတွက် အားထားရတဲ့စစ်သား အဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူဝင်ကြွားစွာနဲ့ နယ်မြေအသီးသီးမှာ စစ်ဆင်ရေးတာဝန်တွေကို တာဝန်ကျေကျေ ထမ်းဆောင်ခဲ့နိုင်ခဲ့ပါတယ်။

စစ်သက် (၁၀)နှစ်ကျော်လာတဲ့အခါကျတော့ ကျန်းမာရေးက တဖြည်းဖြည်းယိုယွင်းလာခဲ့တယ်။  ဆေးခန်းခဏခဏပြရတယ်။ ရှေ့တန်းမလိုက်နိုင်တဲ့အကြိမ်က များလာတယ်။ အဲဒီအခါကျတော့ ကျွန်တော့်ကို အထက်အရာရှိများက ကျန်းမာရေးချို့ယွင်းလို့ သနားစရာကောင်းတဲ့သူအဖြစ် မရှုမြင်ကြတော့ဘဲ ရေသာခိုချင်လို့၊ ဂယ်ရှာချင်လို့ ဒီလိုလုပ်တယ်လို့ ထင်ကြတယ်။ အဲဒီတော့ ကျွန်တော်လည်း စိတ်ဓာတ်ကျလာတယ်။ အရင်က စစ်သားကောင်းတစ်ယောက်လို့ အသိအမှတ်ပြုခံထားရတဲ့ ကျွန်တော်ဟာ အခုတော့ အလွန်အသုံးမကျတဲ့ စစ်သားတစ်ယောက်ဖြစ်နေပါပြီလားလို့ တွေးရင်း စိတ်အားငယ်မိတယ်။

အဲဒီတော့ စစ်သက်ကလည်း (၁၂)နှစ်လောက်ရှိပြီ ဆိုတော့ ဘာပဲဖြစ်ဖြစ် တပ်မတော်မှာ အသုံးမ၀င်မယ့် အတူတူ တပ်မတော်ကထွက်ပြီး အိုးမင်းမစွမ်းဖြစ်နေတဲ့ မိဘရင်ခွင်မှာပဲ မိဘကို လုပ်ကျွေးပြီး ပြန်လည်ကျေးဇူး ဆပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ နောက်ပြီး တပ်ရင်းမှူးဆီ နှုတ်ထွက်စာတင်ဖို့ ရုံးအုပ်ကြီးဆီသွားလိုက်တယ်။ အဲဒီတော့ ရုံးအုပ်ကြီးက မင်းနှုတ်ထွက်စာတင်ချင်ရင် တင်နိုင်တယ်။ ဒါပေမယ့် ငါတို့တပ်မတော်မှာ ဘယ်တုန်းကရိုးရိုးနှုတ်ထွက်ခွင့်ရတာ မင်းတွေ့ဖူးလို့လဲ၊ ထောင်ကျပြီးမှ ထွက်ရတယ်ဆိုတာ မင်းမသိဘူးလား၊ တပ်မတော်ဆိုတာ ပြန်လမ်းမရှိဘူးကွလို့ပြောလိုက်တယ်။ ကျွန်တော် တော်တော်ကို အံ့အားသင့်ပြီး တုန်လှုပ်သွားတယ်။ တပ်မတော်မှာ (၁၀)နှစ်ကျော်အောင် တာဝန်သိသိ၊ သစ္စာရှိရှိ ထမ်းဆောင်ခဲ့တဲ့ ကျွန်တော်ဟာ တပ်မတော်မှ ထွက်ပြေး၊ ပြန်အဖမ်းခံ၊ ထောင်ချခံပြီးမှထွက်ရမယ်ဆိုတဲ့ သဘောတရားဟာ အင်မတန်ဆိုးဝါးတဲ့လမ်းကြောင်းတစ်ခုပါလို့လဲ တွေးမိတယ်။

ယနေ့တပ်မတော်မှာ အဲဒီနည်းနဲ့ ထောင်နန်းစံ ရတဲ့ တပ်မတော်သားတွေ တော်တော်များပါတယ်။ နေ့စဉ် အင်းစိန်ထောင်နဲ့ ထောင်တော်တော်များများမှာ ရေး-၃ တပ်ကြပ်ကြီးနဲ့ တပ်ရဲတွေဟာ ထောင်ပို့ဝရမ်းကိုင်ပြီး စစ်ပြေးမှုနဲ့ ထောင်ကျတဲ့ မိမိရဲ့ရဲဘော်ရဲဘက်တွေကို လက်ထိပ်၊ ခြေထိပ်တွေခတ်ပြီး လာပို့နေလိုက်ကြတာအခုဆိုရင် ထောင်ကျတဲ့ စစ်သားအရေအတွက်ဟာ တိုင်းစစ်ဌာနချုပ်တစ်ခုမှာ  ရှိတဲ့ စစ်သားအရေအတွက်တောင် များမယ်ထင်ပါတယ်။ အဲဒီလို သားသမီးတွေကို မွေးထုတ်လိုက်တဲ့ မိဘတွေရဲ့ ရင်တွင်းမီးဟာလည်း ဘယ်လောက်တောင် တောက်လောင်နေမလဲ စဉ်းစားကြည့်စေချင်တယ်။ မိမိရဲ့သားသမီးကို ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာပညာရှင်တွေရယ်လို့ မြင်တွေ့ချင်မှာ အမှန်ပါပဲ။ 

တကယ်တော့ အကြောင်းအမျိုးမျိုးကြောင့် တပ်မတော်ထဲရောက်သွားရရှာတဲ့ ကျွန်တော်တို့လို တပ်မတော်သားအများစုဟာ တပ်မတော်ရဲ့ သဘောထားအမှန်ကို သိလိုက်ရတဲ့ အချိန်မှာ ဘယ်လိုမှာ မတတ်နိုင်တော့ပါဘူး။ ဒါကြောင့်မို့ မြန်မာဆိုရိုးစကားတစ်ခုကို “အိမ်ထောင်မှုဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး၊ အဆင်မခြင် စစ်ထဲဝင် ဤလေးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန် ခက်သည့်အမျိုးဆိုပြီး ပြင်ရေးရမယ်လို့ ထင်ပါတယ်။

 တပ်မတော်မှာ ကျွန်တော်တို့လို အခြေအမြစ်မရှိတဲ့ ရဲဘော်တွေအတွက် ငရဲလို့ဆိုရလောက်အောင် ဆိုးဝါးပေမယ့် အရာရှိများနဲ့ တစ်ချို့ အရာရှိ အလိုတော်ရိတွအတွက်တော့ သုခဘုံပါပဲ။ တပ်ရင်းမှူးတစ်ယောက်ဖြစ်လာရင် ရန်ကုန်လိုမြို့ကြီးနဲ့ အခြားမြို့တွေမှာ တိုက်တွေကားတွေနဲ့ အင်မတန်ဖွံ့ဖြိုးတိုးတက်နေပါတယ်။ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ အတွက်ကတော့ နိုင်ငံတော်က ပေးတဲ့မြေကွက်တွေ၊ တိုက်တွေ၊ ကားတွေနဲ့ ဝေဆာနေတဲ့ အချိန်မှာ ကျွန်တော်တို့ အခြားအဆင့် တပ်မတော်သားတွေမှာတော့ ကိုယ့်ယူနီဖောင်းကိုယ်ဝယ်ဝတ်ပြီး စစ်တိုက်ထွက်နေရတုန်းပါပဲ။ ရဲဘော်လေးတစ်ယောက် တစ်ခါတစ်လေ ကံကောင်းထောက်မပြီး ငွေလေး နဲနဲရှိလို့ ဆိုင်ကယ်စုတ်ကလေးတစ်စီးလောက် စီးလိုက်ရင် အရာရှိများက မျက်စောင်းထိုးပြီး ဒီကောင်ဘယ်ကရတာလဲလို့ မေးချင်ကြတယ်။ အခုဆိုရင် တယ်လီဖုန်းတွေ နှစ်သိန်း၊ နှစ်သိန်းခွဲ အထိ ဈေးကျလာတာတောင် မ၀ယ်နိုင်ကြသေးပါဘူး၊ ၀ယ်နိုင်တဲ့သူကလည်း မ၀ယ်ရဲသေးပါဘူး၊ သူတို့ နှိပ်ကွပ်မှာကို ကြောက်နေရတယ်လေ။ ဒါကြောင့် ညီငယ်လေးတွေကို မှာချင်တာကတော့ ပြန်လမ်းမရှိတဲ့ တပ်မတော်ထဲကို မလာကြပါနဲ့အုံး။ တိုင်းပြည်ကို ချစ်ရင် တစ်ခြားနည်းနဲ့ပဲ ချစ်တတ်အောင်လုပ်ကြပါအုံးလို့ ပြောလိုက် ပါရစေ။

 ဆက်လက်တင်ပြပါအုံးမည်။

စစ်သည်တော်တစ်ဦး

မုံရွာမြို့ မှာ လျှပ်စစ်မီးအချိန်မှန်ရရှိရေး ဆန္ဒပြ

မုံရွာမြို့  တိုင်းလျှပ်စစ်ရုံးရှေ့ မှာ ဆန္ဒပြနေစဉ်
၂၀၁၂ မေလ ၂၁ ရက်နေ့ ည က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တော်တွင်
လျှပ်စစ်မီး အချိန်မှန်ရရှိရေး စီတန်းလှည့်လည်၍ ငြိမ်းချမ်းစွာ  ဖယောင်းတိုင်
မီးထွန်း ဆန္ဒဖော်ထုတ်ပွဲတစ်ရပ် တိုင်းလျှပ်စစ်ရုံးရှေ့ တွင် ည ၉ နာရီ ကျော်
သည်အထိပြုလုပ်ခဲ့ကြောင်း မုံရွာမြို့ ခံများထံမှသိရသည်။
Myanmar News Now

မြန်မာ့ရေတပ် ပြည်တွင်းထုတ် လေယာဉ်တင် စစ်သဘောင်္ တစ်စီး စတင်တပ်ဆင်

ရန်ကုန်၊ မေ ၂၀

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြန်မာရေတပ်၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ် သဘောင်္တစ်စီးကို စတင်တိုးချဲ့ တပ်ဆင်ထားကြောင်း အမှတ် (၁) ဗျူဟာစစ်ရေယာဉ်အုပ်စု F 21 စစ်သဘောင်္ ပထမအရာရှိ တစ်ဦးက ပြောကြားသည်။

ယခင်လအတွင်း မြန်မာရေတပ်က တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ အသုံးပြုပြီးသား F21 စစ်သင်္ဘောတစ်စီး ထပ်မံ ဝယ်ယူခဲ့ပြီး လက်ရှိတွင် ၎င်းတို့ အမှတ် (၁) ဗျူဟာစစ်ရေယာဉ် အုပ်စု၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ်သင်္ဘော အပါအဝင် တရုတ် နိုင်ငံလုပ် F21 နှင့် F23 စစ်သင်္ဘောများဖြင့် စုစုပေါင်း သုံးစီး တိုးချဲ့ တပ်ဆင်ထားကြောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ F21 စစ်သင်္ဘော သွားရောက် ယူဆောင်ရာတွင် ပါဝင်ခဲ့သူ အဆိုပါ အရာရှိက ဆိုသည်။

သင်္ဘောများ တည်ဆောက်ရာတွင် နှစ်ပေါင်းများစွာ အချိန်ယူရကြောင်း၊ လွှတ်တော်မှ ဘတ်ဂျက် ချထားပေးမှု နည်းပါးသဖြင့် မူလက နှစ်၂၀ ခန့် အချိန်ယူ တည်ဆောက်ရန် စီစဉ်ထားသော စီမံကိန်းများသည် နှစ်ပေါင်း ၃၀၊ ၄၀ခန့် အထိ ကြာမြင့် သွားနိုင်ကြောင်း ရေတပ် အရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်။
The Voice Weekly

မန္တလေး လျှပ်စစ်မီးရရှိရေး ဒုတိယ မြောက်နေ့ ဆန္ဒပြပွဲမှ ပြည်သူတွေနဲ့ ဆရာတော်ဦးဝိရသူ (ရုပ်/သံ)

လျှပ်စစ်မီး  ပြတ်တောက်မှုကြောင့် စီတန်း လှည့်လည် ဆန္ဒပြမှုများ ဖြစ်ပွားနေတဲ့ မန္တလေး မြို့တော်မှာ လျှပ်စစ်မီး ရရှိရေးအတွက်  မေလ ၂၁ ရက် ဒုတိယနေ့ မှာလည်း ဆက်လက် ဆန္ဒပြခဲ့ပါတယ်။

ည ၆ နာရီ အချိန်ကစပြီ ဆီဒိုးနား ဟိုတယ်ရှေ့ မှာ ဆန္ဒပြသူများနှင့် ဆန္ဒပြသူများကို လာရောက် ကြည့်ရှုကြသူများ ခန့်မှန်းခြေ ထောင်ကျော် ရှိကြောင်းမြို့ ခံများကပြောပါတယ်။  ဆန္ဒပြသူများက  ဖယောင်းတိုင်မီး တစ်ဖက်၊ လျှပ်စစ်ဓာတ်အား ပေးဝေးမှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော် ရေးသားထားသည့် စာရွက်များ တစ်ဖက် ကိုင်ဆောင်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြပွဲကို လာရောက်အားပေးတဲ့ ဆရာတော်ဦးဝိရသူ ကတော့ ဆန္ဒပြသူတွေနဲ့ အပြန်အလှန်ပြောဆိုရာမှာ လျှပ်စစ်ဝန်ကြီး
ဦးဇော်မင်း ကို ကချင်ပြည်နယ်ပို့ ပြီး KIA နဲ့ သွားတွေ့ ရမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆရာတော်ဦးဝိရသူ ရဲ့ ပြောဆိုချက်ကို
ဗွီဒီယို ဖိုင်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဗွီဒီယိုဖိုင်မှာ ဖုန်းနဲ့ လျှပ်တပျက်ရိုက်ပြီး ပြည်သူတဦးက ပေးပို့ ထားတာဖြစ်လို့ 
အဆင်မပြေမှုလေးတွေကို နားလည်ကြည့်ရှုပေးကြပါခင်ဗျာ။

Myanmar News Now

ဆရာတော်ဝိရသူနှင့် မန္တလေး ပြည်သူများ အီးပီစီရုံးရှေ့ ဒုတိယညမှာတွေ့ ရစဉ်



၈၈ မျိုးဆက် ကျောင်းသားများ ပြင်သစ် ခရီးစဉ် ရွှေ့ဆိုင်း

ရန်ကုန် ၊ မေ ၂၁

မြန်မာ နိုင်ငံအနှံ့ နိုင်ငံရေးခရီးစဉ်များ သွားနေသည့် ၈၈ မျိုးဆက် ကျောင်းသားများ၏ ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် ပြင်သစ်နိုင်ငံသို့ မေ ၂၁ ရက်နေ့ (ယနေ့) တွင် ထွက်ခွာရန် စီစဉ် ထားသော်လည်း နိုင်ငံကူး လက်မှတ် မရရှိသေးသဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရကြောင်း ၈၈ မျိုးဆက် ကျောင်းသား ဦးဇော်မင်းက The Voice Weekly သို့ ပြောကြားသည်။

ယင်းခရီးစဉ်တွင် ၈၈ မျိုးဆက် ကျောင်းသားများ ဖြစ်သည့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဌေးကြွယ်နှင့် ဦးဂျင်မီ စသော ခေါင်းဆောင်ပိုင်းများ သွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ယင်းအသိုင်းအဝိုင်းထံမှ သိရသည်။

ထောက်လှမ်းရေးရုံး၏ ထောက်ခံချက်ဖြင့် သွားလာနေရသော ၈၈ မျိုးဆက်ကျောင်းသား အချို့ကို ပြီးခဲ့သည့် ဧပြီ လကုန်ပိုင်းမှ စတင်ကာ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း ယင်းကတ်ပြား ရရှိခဲ့သူ တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကလည်း ၈၈ မျိုးဆက် ကျောင်းသားဟောင်း တစ်ဦးကို နိုင်ငံကူးလက်မှတ် အတွက် သတင်းတပ်ဖွဲ့ (SB) မှ လာရောက် ခေါ်ယူခဲ့ခြင်းကို ဖမ်းဆီး ခေါ်ဆောင် သွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ သေးသည်။

ပြင်သစ် နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ် ရွှေ့ဆိုင်း လိုက်ခြင်းကြောင့် အခြားနိုင်ငံများသို့ သွားရောက်မည့် ခရီးစဉ်များ ကိုလည်း ရွှေ့ဆိုင်းလိုက် ရကြောင်း ဦးဇော်မင်းက ထပ်လောင်း ပြောကြားသည်။

လက်ရှိ အင်အားကြီး နိုင်ငံရေးပါတီ ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ပြည်ပနိုင်ငံများသို့ ချစ်ကြည်ရေး ခရီးစဉ် လိုက်ပါသူများ အတွက် ရက်ပိုင်းအတွင်း နိုင်ငံကူးလက်မှတ် ရရှိအောင် လုပ်ဆောင်ပေးကာ သွားရောက် နေသကဲ့သို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း ပြည်ပနိုင်ငံများသို့ လေ့လာရေး ခရီးစဉ်များ သွားရောက်ပြီး ဖြစ်သည်။
The Voice Weekly

ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကြောင့် အိမ်ခြံမြေ ဈေးနှုန်းမြင့်တက်

မေလ ၂၁ ရက်၊ ၂၀၁၂ ခုနှစ်
ပိုင်ပိုင် (YPI)

မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလျှက်ရှိသော်လည်း ယခုလောလောဆယ် ပြည်တွင်း စီးပွားရေး လုပ်ငန်းများကြောင့် ယခုလပိုင်းအတွင်း အဓိကလမ်းမကြီးများပေါ်ရှိ အိမ်ခြံမြေဈေးနှုန်း မြင့်တက်ကာ အရောင်းအ၀ယ်သွက်လျှက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

အိမ်ခြံမြေဈေးနှုန်းများသည် ဧပြီလလယ်ပိုင်းမှ စတင်မြင့်တက်လာခဲ့ပြီးနောက် ယခုလပိုင်းတွင် သိသိသာသာ အရောင်းအ၀ယ်ဖြစ်လျှက်ရှိသည်ဟု ၎င်းတို့က ဆိုသည်။

“ကားအရောင်းပြခန်းဖွင့်မယ့်သူတွေ၊ ဟိုတယ်သမားတွေ မြေငှားတာတွေ ၀ယ်တာတွေတော်တော်လေး ဖြစ်နေတယ်။သူတို့တွေကတော့ လုပ်ငန်းလိုအပ်ချက်အရ လမ်းမကြီးတွေပေါ်က ခြံကျယ်ကျယ်တွေကို ၀ယ်ကြ ငှားကြတယ် ”ဟု ဖိုးပြည့်ဝ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုဝေယံကပြောသည်။

သင်္ကြန်မတိုင်မီကာလက အဓိက လမ်းမပေါ်ရှိ သိန်း ၈၀၀၀ ၀န်းကျင်ရှိမြေကွက်များသည် ယခုအခါ သိန်း တစ်သောင်းဝန်းကျင်ရောက်သည်အထိ မြင့်တက်သွားကြောင်း ဥပမာတခုပေး၍ရှင်းပြသည်။

သိန်းသောင်းဂဏန်းဖြင့် အရောင်းအ၀ယ်ဖြစ်နေသော မြို့နယ်များမှာ ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်း၊ ဒဂုံ၊ လှိုင်မြို့နယ်တို့ဖြစ်ပြီး၊ သင်္ကန်းကျွန်း၊သုဝဏ္ဏ၊ တောင်ဥက္ကလာမြို့နယ်များတွင်မူ သိန်းတစ်ထောင်မှ သုံးထောင်ကြား တန်ဖိုးရှိသည့် အိမ်ခြံမြေကွက်များ အရောင်းအ၀ယ်ကောင်းမွန်နေကြောင်း လည်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

လက်ရှိအချိန်တွင် အိမ်ခြံမြေဈေးကွက်အတွင်း တန်ဖိုးနည်းအိမ်ခြံမြေဈေးကွက်သာမက တန်ဖိုးမြင့် အိမ်ခြံမြေဈေးကွက်များပါ အရောင်းအ၀ယ်ကောင်းမွန်နေပြီး ဈေးနှုန်းများမှာလည်း လွန်ခဲ့သော တစ်လကျော်ကထက် ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးကပြောသည်။

“မေလဆန်းကစပြီး လုံးချင်းအိမ်ခြံမြေတွေ အရောင်းအ၀ယ်သွက်လာတယ်။ သိန်းဆယ်ဂဏန်း၊ ရာဂဏန်း၊ ထောင်ဂဏန်းကနေ အခုဆိုရင် သောင်းဂဏန်းအထိပါ ဈေးစကားပြောကြ၊ အရောင်းအ၀ယ် တည့်သွားကြတဲ့အထိရှိတယ်။ အားလုံးသူ့ဈေးနှုန်းနဲ့သူ အရောင်းအ၀ယ်ဖြစ်နေတယ်”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိလှုပ်ရှားနေသော အိမ်ခြံမြေဈေးကွက်သည် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက လုပ်ငန်းလုပ်ကိုင်ရန် မြေနေရာ ရှာဖွေမှုများကြောင့်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံများကြောင့် အိမ်ခြံမြေဈေးကွက် သိသိသာသာ လှုပ်ရှားခြင်းမရှိသေးကြောင်း အကျိုးဆောင်များကပြောသည်။
မကြာမီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတရပ် အတည်ပြုရန်ရှိနေပြီး ယခုလောလောဆယ်တွင်လည်း နိုင်ငံသား အမည်ခံ ပြည်ပလုပ်ငန်းရှင်များ၏ စီးပွားရေး လုပ်ငန်းများအား နိုင်ငံခြား ကုမ္ပဏီသို့မဟုတ် လုပ်ငန်းရှင်ကိုယ်တိုင် အမည်ဖြင့် ပြောင်းလဲရန် အစိုးရကဖွင့်ထားပေးလျှက်ရှိသည်။
သင်္ကြန်အပြီးတွင် ဥရောပ သမဂ္ဂအဖွဲ့မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို တနှစ်ဆိုင်းငံ့လိုက်ကာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများအနက်မှ ရင်းနှီးမြှုပ်နံမှု အသစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုတို့ကို ယခုရက်ပိုင်းအတွင်း ရုပ်သိမ်းပေးလိုက်ပြီဖြစ်သည်။         ။

Yangon Press International 

မေလ ၁၇ ရက်နေ့ ထုတ် Hot News Weekly

Web
မေလ ၁၇ ရက်နေ့ ထုတ် Hot News Weekly

မေလ ၂၁ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Journal

 Weekly Eleven Vol 7 No 33
မေလ ၂၁ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Journal အတွဲ ၇ အမှတ် ၃၃

အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၀၅


မေလ ၂၁ ၇က်နေ့ ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၀၅



ဦးအောင်မင်းနှင့် KIO ပထမဆုံးအကြိမ် တွေ့ဆုံ

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ KIO အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီကနေ့ မေလ ၂၁ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းမြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
RFA
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဖြစ်ပါသည်။
KIO အဖွဲ့ဟာ ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ လေးကြိမ်ထက်မနည်း တွေ့ဆုံပြီး ဖြစ်ပေမဲ့ ပြန်လည်ဖွဲ့စည်းထားတဲ့ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ အခု ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်သူ KIA တပ်ဖွဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆက်ပြီး ဆွေးနွေးမဲ့ ဆွေးနွေးပွဲတွေ တိုးတက်မှုရအောင် အခုပဏာမအဆင့် တွေ့ဆုံတာလို့ အခုလိုပြောပါတယ်။
"ကျွန်တော်တို့ မနက်ပိုင်း ၈ နာရီခွဲလောက်ကနေ နေ့လည် ၁၂ နာရီလောက်အထိ ကျွန်တော်တို့ အလွတ်သဘော တွေ့ကြတာပါ။ တမနက်လုံးလို့ ပြောလို့ရပါတယ်။ ရှေ့လုပ်ငန်းစဉ်ကို ကျွန်တော်တို့ ဆွေးနွေးတယ်။ ထပ်ပြီးတွေ့ကြဖို့ကို သဘောတူတယ်။ အဲတာပါပဲ။ ကျွန်တော်တို့ ဒီနေ့ဆွေးနွေးတာက ရှေ့လုပ်ငန်း အစီအစဉ်တွေကို အဓိက ပြောဆိုတာပါ"
ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို နှစ်ဘက်လုံးက ပြောဆိုခြင်း မပြုပါဘူး။ ဆွေးနွေးပွဲမှာ ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က မီးရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ၊ ဦးခင်ရီနဲ့ ဦးစိုးသိန်းတို့ ပါဝင်ပြီး ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာ၊ ဦးခရာခွန်းအောင်တို့ ပါဝင်ကြောင်း သိရပါတယ်။
RFA-Burmese

ပတ္တမြားမြို့သစ် အမှတ် (၈) ရဲတပ်ရင်း၏ အုပ်စုဖွဲ့ ရိုက်နှက်ခံရသူတွေနှင့် မေးမြန်းခန်း(ရုပ်/သံ)


အပြစ်မဲ့လူငယ်တွေကို ရဲအယောက် ၅၀ ကျော်မှ ရိုက်နှက်မှုဖြစ်ပွား
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် အမှတ် (၈) ရဲတပ်ရင်းက ရဲအယောက် ၅၀ ကျော်ဟာ မေလ ၁၆ ရက်နေ့ ည၈ နာရီလောက်က အောင်စည်တော် လ္ဘက်ရည်ဆိုင်ထဲမှာ လ္ဘက်ရည်သောက် နေကြတဲ့ ရပ်ကွက်နေ လူငယ်တွေကို ဝင်ရောက် ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အမှတ် (၈) တပ်ရင်းက ရဲနှစ်ယောက်က အဲဒီနေ့ နေ့လည် ၂ နာရီလောက် အရက်ဆိုင်မှာ အရက်လာဝင်ရင်း မိန်းခလေးနှစ်ယောက်ကို မဖွယ်မရာ ပြောခဲ့ရာက ရပ်ကွက်နေလူငယ်တွေနဲ့ ခိုက်ရန်ဖြစ်ပွားရာက စတင်ခဲ့တာ လို့သိရပါတယ်။အဲဒီလို အရိုက်ခံရတဲ့သူတွေထဲမှာ ကျောင်းသားလူငယ်တွေလည်းပါဝင်နေပါတယ်။
ဘားမားဗီဂျေ

ဒေါ်စု ဖိလစ်ပိုင် လွတ်လပ်ရေးနေ့ တက်ရောက်ဖွယ်ရှိ

ဖိလစ်ပိုင် သမ္မတ Benigno Aquino က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ်အတွင်း လာရောက်ဖို့ ဖိတ်ကြားချက်ဟာ သင့်တော်ကောင်းမွန်တဲ့ အချိန်ကောင်း ဖြစ်တယ်လို့ ဖိလစ်ပိုင် မနီလာတိုင်းမ် သတင်းစာ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။
ဖိလစ်ပိုင် လွတ်လပ်ရေးနေ့ အခါသမယဖြစ်တဲ့ ဇွန်လ ၁၂ ရက်နေ့၊ ဒါမှမဟုတ် အဲဒီမတိုင်ခင် လာရောက်မယ်ဆိုရင် ဒါဟာ နှစ်နိုင်ငံအကြား သမိုင်းဝင်ပြီး အနှစ်သာရရှိတဲ့ ခရီးစဉ်ဖြစ်လိမ့်မယ်လို့ မနီလာတိုင်းမ်မှာ ရေးသားထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်သွားရောက်မယ့် ပထမဆုံး အာဆီယံ ဒီမိုကရေစီနိုင်ငံ ဖြစ်လိမ့်မယ်လို့လည်း ရေးပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်က သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးကို တတ်တတ်ကြွကြွ ထောက်ခံအားပေးခဲ့တဲ့ အာဆီယံနိုင်ငံ ဖြစ်ပါတယ်။
 By ဗွီအိုအေ (မြန်မာဌာန)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်