လျှပ်စစ်မီး ရရှိရေး မန္တလေးတွင် ငြိမ်းချမ်းစွာဆန္ဒပြနေ

၂၀-၅-၂၀၁၂ ၂၆လမ်း မန္တလေး စွမ်းဟော်တယ်ရှေ့တွင် လျှပ်စစ်မီး ပုံမှန် ရရှိရေး ဆန္ဒပြု ဆုတောင်းခြင်းအားတွေ့ရစဉ်

ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ ၄၅ နာရီကျော်ခန့်ကစတင်၍ လူအင်အား ငါးဆယ်ကျော်ရှိသော မန္တလေးပြည်သူပြည်သားများက စွမ်းဟိုတယ်ရှေတွင်လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော်ပြသကြစဉ်


ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ ၄၅ နာရီကျော်ခန့်ကစတင်၍ လူအင်အား ငါးဆယ်ကျော်ရှိသော မန္တလေးပြည်သူပြည်သားများက စွမ်းဟိုတယ်ရှေတွင်လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် လက်မှတ်ရေးထိုးပြီး ဆန္ဒထုတ်ဖော်ပြသကြစဉ်
လျှပ်စစ်မိးရရှိရေးမန္တလေးတွင်ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် (ဓါတ်ပုံ-CJMyanmar)
ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ နာရီကျော်ခန့်ကစတင်၍ လူအင်အား တစ်ရာကျော်ရှိသော မန္တလေးပြည်သူပြည်သားများက မန်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာရုံးအား ပတ်၍ လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် စီတန်းလမ်းလျှောက်ပွဲ ကျင်းပနေကြပါသည်။

မန္တလေး၊ စွမ်းဟိုတယ်ရှေ့တွင်လည်း ယခု စီတန်းလမ်းလျှောက်ပွဲနှင့် တစ်ပြိုင်နက်တည်း ဖယောင်းတိုင်မီးထွန်းပွဲ ပြုလုပ်လျက်ရှိပြီး ဆန္ဒပြ ၂ ဖွဲ့ ပူးပေါင်းမည်ဟု သိရကြောင်း CJmyanmar
- Facebook မှာ ဖော်ပြထားသည်။

မန္တလေးမြို့တွင် အချိန်ကြာမြင့်စွာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခြင်းနှင့် ဓာတ်အား ဖြန့်ဝေရာတွင် အလှည့်ကျစနစ် မဟုတ်ဘဲ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် မန္တလေးမြို့ခံ စာပေပညာရှင်များ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများနှင့် မြို့ခံလူထုတို့က မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး အနီးတွင် ယနေ့ည ၇ နာရီ တိတိမှ စတင်၍ ဖယောင်းတိုင်မီးများ ထွန်းညှိကိုင်ဆောင်၍ စီတန်းလှည့်လည် ဆန္ဒပြလျက် ရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

“လေးယောက်တစ်တွဲ စီတန်းလှည့်လည်နေတာပါ။ အင်အား ၂၀၀ ကျော်လောက် ရှိတယ်။ အနောက်ကနေ ကားတွေ ဆိုင်ကယ်တွေနဲ့ လိုက်နေတဲ့ လူထုက အဲဒီနှစ်ဆကျော်လောက် ရှိပါတယ်” ဟု ၎င်းက တယ်လီဖုန်းဖြင့် ဆက်သွယ် သတင်းပေးပို့သည်ဟု The Voice Weekly-Facebook မှာလည်း
ဖော်ပြထားပါသည်။

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ကုမ္ပဏီတစ်ခု၏ နိုင်ငံတော်ငွေကြေးအလွဲသုံးမှုများ

နေပြည်တော်လေဆိပ်
ပို့ဆောင်ရေးဝန်ကြီးဌာနလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အောက်ရှိ
လေကြောင်းဆက်သွယ်လမ်းညွှန်ကွပ်ကဲရေးဌာနခွဲသည်ပြည်တွင်းလေယာဉ်များ
နှင့်မြန်မာနိုင်ငံလေကြောင်းပိုင်နက်အတွင်းဖြတ်ကျော်ပျံသန်းလျက်ရှိသောလေယာဉ်
များ၏ဘေးကင်းလုံခြုံစွာပျံသန်းဆင်းသက်နိုင်ရေးအတွက်လိုအပ်သောဆက်သွယ်ရေး
စက်များ၊လေကြောင်းလမ်းညွှန်စက်များနှင့်လေကြောင်းသုံးရေဒါများအားအစဉ်
ကောင်းမွန်မှုရှိနေစေရေးတာဝန်ယူဆောင်ရွက်ရသော ဌာနခွဲဖြစ်ပါသည်။

ယခုအခါ၎င်းဌာနခွဲ၏စက်ပစ္စည်းများပြုပြင်ထိန်းသိန်းခြင်းလုပ်ငန်းအားပုဂ္ဂလိက ကုမ္ပဏီ
တစ်ခုဖြစ်သော PARTNER ASSOCIATES INTERNATIONALကုမ္ပဏီ၏ လက်ခွဲ
 တစ်ခုဖြစ်သော TRACTION TECHNOLOGIES Pte. Ltd မှ တစ်နှစ်လျှင် ပြုပြင်ထိန်း
သိမ်းစရိတ် အမေရိကန်ဒေါ်လာ (၁.၅)သန်းဖြင့် ရယူလုပ်ဆောင်လျက် ရှိနေပါသည်။

သို့ရာတွင်အမှန်တကယ်တာဝန်ယူဆောင်နေရသောလေကြောင်းဆက်သွယ်လမ်းညွှန်
ကွပ်ကဲရေးဌာနခွဲရှိဝန်ထမ်းအများစုမှာမည်သည့်အကျိုးကျေးဇူးမှမခံစားရဘဲလုပ်ပိုင်
ခွင့်ရကုမ္ပဏီ နှင့်အစိုးရဌာနမှ လူကြီးများသာ အကျိုးကျေးဇူးရရှိစံစားနေကြပါသည်။

၎င်း တို့တာဝန်ယူလုပ်ပိုင်ခွင့်ရရှိခဲ့သည့်၂၀၁၁ခုနှစ်နိုဝင်ဘာလမှ စတင်ပြီးယနေ့အချိန်
အထိ(၆)လခန့်ကာလအတွင်း၎င်းကုမ္ပဏီမှသုံးစွဲခဲ့သောခန့်မှန်းငွေပမာဏမှာအမေရိ
ကန်ဒေါ်လာ(၃၀၀၀၀)(သုံးသောင်း)ခန့်သာသုံးစွဲထားကြောင်းတွေ့ရှိရပါသည်။

၎င်းခန့်မှန်းကုန်ကျငွေမှာနယ်လေဆိပ်(၆)ခုခန့်ရှိလေကြောင်းဆက်သွယ်ရေးစက်များ
ခိျု့ယွင်းပျက်စီးမှုဖြစ်ပေါ်ပါကဌာနမှဝန်ထမ်းတစ်ဦးသို့မဟုတ်နှစ်ဦးမှသွားရောက်ပြုပြင်
ရာတွင်တစ်ဦးလျှင်အမေရိကန်ဒေါ်လာ(၄၀၀)ရရှိသည့်အတွက်ကုန်ကျစရိတ်ဖြစ်ပါသည်။

သို့သော်လည်း၎င်းဝန်ထမ်းမှာလည်းဝန်ထမ်းအများစုထဲမှ အနည်းစုသာလျှင်ဖြစ်ပြီး
နယ်လေဆိပ်သို့စက်ပြင်သွားမှသာရရှိခြင်းဖြစ်ပါသည်။၎င်းကုမ္ပဏီအနေဖြင့်တစ်နှစ်
လျှင်အနည်းဆုံးဒေါ်လာ(၁.၃)သန်းခန့်အမြတ်ရရှိပါသည်။

၎င်းတို့ကုမ္ပဏီအနေဖြင့်ဌာနဆိုင်ရာလူကြီးများနှင့်ပူးပေါင်းဂွင်ရိုက်ပြီးလုပ်ပိုင်ခွင့်
သက်သက်သာရယူသွားခြင်းဖြစ်ပါသည်။အမှန်တကယ်စက်များပြုပြင်ရသည်မှာအစိုးရ
ဌာနမှ ဝန်ထမ်းများသာဖြစ်ပါသည်။
Myanmar News Now

မြန်မာခေါင်းဆောင်များ၏ ပြောင်မြောက်သော ကြိုးပမ်းမှုများကို ၈ျီ-၈ ခေါင်းဆောင်များချီးကျူး

President Barack Obama with the other G8 leaders in a working session focused on global and economic issues, in the dining room of Laurel Cabin at Camp David   Photograph: Pete Souza/White House
ဝါရှင်တန်၊ မေ-၂၁
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နည်းလမ်းကျသော ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ခဲ့ခြင်းအတွက် မြန်မာ နိုင်ငံ၏ သမ္မတဦးသိန်းစိန်နှင့် ဒီမိုကရေစီ လိုလားသူ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ ထူးခြား ပြောင်မြောက်သော ကြိုးပမ်းဆောင်ရွက်မှုများကို ဂျီ-၈ ခေါင်းဆောင်များက ချီးကျူးပြောဆိုလိုက်ကြောင်း သိရသည်။

ယင်းအပြုသဘောဆောင်သော မှတ်ချက်များမှာ မြန်မာနိုင်ငံတွင် အခြေခံကျသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် အားပေးထောက်ခံရန်အလို့ငှာ အမေရိကန်နိုင်ငံက ပိတ်ဆို့တားဆီးမှုများကို ဖြေလျှော့ပေးခဲ့ပြီး ရက်အနည်းငယ်အကြာမှာပင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရေရှည်တည်တံ့ပြီး နောက် ပြန်မလှည့်သော ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်ရန် လိုအပ်သည်ကို အသိအမှတ်ပြုကြောင်း၊ လက်ရှိ လုပ်ကိုင်ဆောင်ရွက်မှုများကိုလည်း ထောက်ခံပါကြောင်း အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ အမျိုးသားပြန်လည်စည်းလုံးညီ ညွတ်ရေးနှင့် ဒီမိုကရေစီအခြေ ခိုင်မာရေးကြိုးပမ်းမှုများကို ထောက်ခံပါကြောင်း ဂျီ-၈ ခေါင်းဆောင်များက အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့အနီးတွင် ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲအပြီးပူးတွဲကြေညာချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှ အကူအညီပေးအပ်ရေး ပူးပေါင်းဆောင်ရွက်နေသော နိုင်ငံများ၊ အဖွဲ့အ စည်းများ ကြားတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင် ရေး လိုအပ်ကြောင်းကိုလည်း အ လေးအနက်ထားကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုများမှာလည်း မြန်မာပြည်သူများအတွက် အကျိုးဖြစ်ထွန်းရန် လိုအပ်ကြောင်း ဂျီ-၈ ခေါင်းဆောင်များက ထပ်လောင်းပြောကြားသည်။

ဂျီ-၈ အစည်းအဝေးများ ကျင်းပနေရာ အမေရိကန်သမ္မတ နွေရာသီအပန်းဖြေစခန်း Camp David ၌ စောစောပိုင်းတွင် ကမ္ဘာ့စက်မှုအင်အားကြီးနိုင်ငံများအား ကိုယ်စားပြု စကားပြောကြားရာ တွင်လည်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက “မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို အားပေးကူညီဖို့အတွက်လည်း ကျွန်တော်တို့ လုပ်နိုင်တာ မှန်သမျှလုပ်ဆောင်ပေးသွားပါမယ်”ဟု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတအိုဘားမားသည် မေလ ၁၇ ရက်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတားဆီးပိတ်ဆို့ ထားခြင်းများကို လျှော့ပေါ့ပေးခဲ့ပြီး ၂၂ နှစ်အတွင်း မြန် မာနိုင်ငံအတွက် ပထမဦးဆုံး အမေရိကန်သံအမတ်တစ်ဦးကို ခန့်အပ်ခဲ့သည်။

ယခုအခါတွင် အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နိုင်ပြီဖြစ်သော်လည်း စစ်ဘက်နှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုများကိုမူ အမေရိကန်အစိုးရက ဆက်လက်ကန့်သတ်ထားသည်။
-Ref:AFP
 7Day News Journal

ရွှေနံ့သာ လယ်မြေနေရာတွင် နှစ်ဖက်စလုံးအား လုပ်ကိုင်ခွင့် ရက်အကန့်အသတ်မရှိ တားမြစ်ထား

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာ ရှိ လယ်မြေများတွင် လုပ်ပိုင်ခွင့်ရရှိမှုနှင့် ပတ်သက်၍ ပြင်းထန်သော အငြင်းပွားမှု များကြောင့် သက်ဆိုင်ရာမှ သီးစားချ မပေးခင်အချိန်အထိ လယ်မြေများပေါ် တွင် မည်သူမျှ လုပ်ကိုင်ခြင်းမပြုကြရန် ရန်ကုန်တိုင်းဒေသကြီး ခရိုင်အုပ်ချုပ် ရေးမှူးက ရက်အကန့်အသတ်မရှိ တားမြစ်ခဲ့ကြောင်း သိရသည်။
"ဇေကမ္ဘာက လုပ်နေတာတွေကို မေလ ၁၁ ရက်နေ့က မြို့ရွာအုပ်ချုပ်ရေး မှူးရုံးက ထပ်လာတားတယ်။ ဒါပေမယ့် လုံးဝမရပ်ပေးဘူး။ နောက် ၁၅ မိနစ် လောက်ကြာတော့ ခရိုင်အုပ်ချုပ်ရေးမှူး ရုံးကပါ ရောက်လာပြီး တားတော့မှ ရပ် လိုက်တယ်။ "ညနေပိုင်းကျတော့ စာထွက်လာ တယ်။ စာအရတော့ ဇေကမ္ဘာကလည်း ဒီမြေပေါ်မှာ သီးစားခွင့်လျှောက်ထား တယ်။ ရွှေနံ့သာလယ်သမားတွေက သူတို့ထက် ၂၁ ရက်စောပြီး လျှောက်ထား တာ။ အခု သီးစားမရခင်အချိန်မှာ ဘယ် သူမှ ဘာမှမလုပ်ဖို့ ရပ်ဆိုင်းထားခိုင်း တယ်။ ရက်အတိအကျမသိဘူး" ဟု လယ်သမားများအတွက် ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ပေးနေသော မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်း ရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ယခုလ ၁၄ ရက်နေ့က မြန်မာတိုင်း(မ်)ကိုပြောသည်။
ယခုလ အစောပိုင်းတွင် လယ်သမား များက အဆိုပါလယ်မြေများပေါ်၌ မိုးစပါးစိုက်ပျိုးမည်ဟု ကြေညာခဲ့ပြီး မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက လယ်ထွန် ယက်ရန် ပြင်ဆင်ခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး၏ တားဆီးမှုကြောင့် လယ်ထွန်ခြင်းကို ရပ်နား ခဲ့သည်။
သို့ရာတွင် ဇေကမ္ဘာကုမ္ပဏီမှ လယ် ကန်သင်းရိုးများ ဖျက်ခြင်းကို မေလ ၁၀ ရက်နေ့ ညနေပိုင်းမှ ပြန်လည် စတင် လုပ်ဆောင်လျက် ရှိကြောင်း၊ လုံခြုံရေး ၀န်ထမ်းဦးရေကိုလည်း တိုးမြှင့်ထားကြောင်း သိရသည်။
"ကျွန်တော့မှာ သူတို့ကို တားဆီးဖို့ လုံလောက်တဲ့ အာဏာမရှိပါဘူး။ ဒါပေ မယ့် သွားတော့ကြည့်ရမှာပဲ။ ကုမ္ပဏီ ဘက်ကိုလည်း လယ်တွေကို ဘာမှမလုပ် ဖို့ စာထုတ်ထားတာ နှစ်ခါရှိပြီ။ သူတို့ နား မထောင်ဘူး။ ဒီကိစ္စကို အထက်ကို တင်ပြ ထားပါတယ်။ လောလောဆယ်တော့ အုပ်ချုပ်ရေးမှူးကလည်း နေပြည်တော် သွားနေတော့ စောင့်ကြည့်ရမှာပဲ" ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦး က မေလ ၁၁ ရက်နေ့က ပြောသည်။
"ဒီလယ်က ရွှေနံ့သာ လယ်သမား တစ်ယောက်ဖြစ်တဲ့ ဦးကျော်မြင့်ရဲ့ လယ် ပါ။ ဦးကျော်မြင့်က ၂၀၁၂-၁၃ ခုနှစ် အတွက် သီးစားချ ထားခွင့်မရှိသေးပါ ဘူး။ သီးစားချထားခွင့်ကို စောင့်ပါ။ ရတာ နဲ့ တစ်ပြိုင်နက် လယ်ထွန်ပါ။ ရပါတယ်။ ဒါပေမယ့် လက်ရှိအချိန် မှာတော့ သီးစား ချထားခွင့်မရသေးလို့ ထွန်ယက်နေတာကို ခဏရပ်ထားပေးပါ" ဟု မင်္ဂလာဒုံမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ယခု လ ၁၀ ရက် မနက်ပိုင်းက ပြောသည်။
"ကုမ္ပဏီဘက်ကိုလည်း ရပ်ဖို့ ကျွန်တော် တို့ ပြောပေးပါမယ်။ အခုဒီလယ်မြေတွေဟာ အငြင်းပွားဆဲလယ်မြေတွေဖြစ်တာကြောင့် ကျွန်တော့ဘက်ကလည်း ဇေကမ္ဘာကုမ္ပဏီဘက်က ပြုလုပ်နေတာ တွေကို တားဆီးဖို့ တာဝန်ရှိပါတယ်" ဟု ဦးငြိမ်းထွေးက သတင်းထောက်များကို ပြောသည်။
ရွှေနံ့သာစံပြကျေးရွာမှ လယ်သမား ၂၀၀ ကျော် စုရုံး၍ လယ်သမားတစ်ဦးဖြစ် သူ ဦးကျော်မြင့် သီးစားလုပ်ကိုင်လေ့ရှိ သော လယ်မြေပေါ်တွင် လယ်ထွန်ရန် ဆောင်ရွက်နေကြစဉ်အတွင်း ဇေကမ္ဘာ ကုမ္ပဏီမှ မန်နေဂျာ ဦးမြင့်ဇော်ဟု ဆိုသူ ဦးဆောင်သော အဖွဲ့သည် ဦးကျော်မြင့် ၏ အခြားလယ်ကွက်တွင် စက်ယန္တရား ကြီးဖြင့် လယ်ကန်သင်းများဖြိုဖျက်ခြင်း များပြုလုပ်ခဲ့သည်။
"လွန်ခဲ့တဲ့သုံးပတ်က ကျွန်တော်တို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကို ဇေကမ္ဘာကုမ္ပဏီဟာ ရွှေနံ့သာလယ်မြေ တွေပေါ်မှာ စက်မှုဇုန်လုပ်ခွင့်ရရှိထား သလားဆိုတာနဲ့ ပတ်သက်ပြီးတော့ မေး မြန်းတဲ့ စာတစ်စောင် ပို့ခဲ့ပါတယ်။ မေလ ၃ ရက်နေ့မှာ အိုးအိမ်က လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မေအေးက အိုးအိမ်ဌာနအနေနဲ့ ဇေကမ္ဘာကုမ္ပဏီကို စက်မှုဇုန်အနေနဲ့ လုပ်ဖို့ပေးထားခြင်း မရှိဘူးလို့ အကြောင်းပြန်လာပါတယ်။ ကုမ္ပဏီအနေနဲ့ လန ၃၉ (လယ်မြေကို တခြားအသုံးပြုခွင့်)ကို အိုးအိမ်က ဦးစီး ပြီး တစ်ချိန် တစ်ခါက တင်ခဲ့ဖူးပေမယ့် ခုထိပြန်မကျသေးဘူးလို့ သိထားပါ တယ်"ဟု ဦးနေမျိုးဝေကပြောသည်။
နိုနိုအောင်  (မြန်မာ့တိုင်း)

မြိတ်မြို့နယ်NLDရွေးကောက်ပွဲအောင်နိုင်ရေးဂုဏ်ပြုပွဲ အခန်းအနား

ယနေ့ ၂၀.၅ ၂၀၁၂ (တနင်္ဂနွေ) နေ့နံနက်(၇း၀၀)နာရီတွင်တနင်္သာရီတို်င်း
မြိတ်မြို့ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နှင့်ကျွန်းစုမြို့နယ်ရွေးကောက်ပွဲအောင်နိုင်
ရေးတွင်မေတ္တာဖြင့်ပါဝင်ကိုညီပေးခဲ့ကြသောအလူရှင်များ၊ကျွန်းစုမြို့နယ်ရှိ
ကျေးရွာအသီးသီးမှပါတီဝင်များနှင့်မိဘပြည်သူများကိုဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ
အခမ်းအနားကိုမြိတ်မြို့နယ်ဆိတ်ငယ်ရပ်ကွက်ရှိ ဘုံတိုက်စိမ်းခန်းမတွင်ပြုလုပ်သွားခဲ့
ပါတယ်။

အခန်းအနားတွင် ကျွန်းစုမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
ဒေါ်တင်တင်ရီနှင့်တိုင်းအောင်နိုင်ရေးအဖွဲ့ဝင်ဦးလှမင်းတို့မှဂုဏ်ပြုကျေးးဇူးတင်
စကားပြောကြားပြီးမဲဆန္ဒနယ်မြေအလိုက်ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့ကြပါတယ်။

ယင်းနောက်တိုင်းအောင်နိုင်ရေးအဖွဲ့ဝင်ဦးလှမင်းမှအပိတ်ကျေးဇူးတင်စကားပြောကြား
ပြီးအခန်းအနားကိုရုပ်သိမ်းခဲ့ပါတယ်။ ဧည့်သည်တော်များကို လဖက်ရည်
မုန့်များနှင့်ဧည့်ခံကျွေးမွေးပြီး၎င်းအခန်အနားတွင်ပြည်ခိုင်ဖြိုးပါတီဝင်များလည်း
တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်။
Myanmar News Now



ထိုးကျွေးလိုက်ရသော နွမ်းကြေဘဝများ

မီးရောင်မှိန်ပျပျ ထွန်းထားတဲ့ ၁၀ ပေ ပတ်လည် အခန်းကျဉ်းလေးထဲမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦး မွေ့ရာတခုစီပေါ်မှာ လဲလျောင်း နေကြပါတယ်။လေအေးပေးစက်က ထုတ်လွှတ်နေတဲ့ အအေးငွေ့တွေကြောင့် အခန်းတွင်းမှာ အေးစိမ့်နေပေမယ့် မိန်းကလေး နှစ်ဦးစလုံး စွပ်ကျယ်ပုံစံ အင်္ကျီ လက်ပြတ်တွေနဲ့ ဂျင်းဘောင်းဘီရှည် ၀တ်ဆင်ထားကြတယ်။

မှိန်ပျပျအလင်းရောင်ကြောင့် သူတို့ရဲ့ မျက်နှာကို ကောင်းကောင်းမမြင်ရပေမယ့် သူတို့ဆီက စူးစူးရှရှ ပြင်းလွန်းတဲ့ ရေမွှေးအနံ့တွေက လေအေးစက် တပ်ထားတဲ့ အခန်းတခုလုံးကို ဖုံးလွှမ်းနေတယ်။ အသက် ၅၀ ကျော်အရွယ် အမျိုးသားနှစ်ဦး အခန်းထဲကို လှမ်းဝင်လာတဲ့အချိန်မှာ မိန်းမငယ် နှစ်ဦးစလုံး လဲလျောင်းနေရာကထလို့ “မင်္ဂလာပါ” ဆိုတဲ့ မြန်မာလို မပီမသ နှုတ်ဆက်သံနဲ့ ခရီးဦးကြို ပြုလိုက်ကြတယ်။

မိန်းကလေးနှစ်ဦးက အမျိုးသားနှစ်ဦးကို သူတို့ရဲ့ မွေ့ရာနှစ်ခုပေါ်မှာ လဲလျောင်းခိုင်းပြီး အမျိုးသားနှစ်ဦးရဲ့ ခြေဖ၀ါးတွေကို တစ်ရှုးနဲ့ သုတ်ပေးကာ စတင်နှိပ်နယ်ပေးပါတယ်။ ၁၅ မိနစ်လောက်အကြာမှာ အမျိုးသားနှစ်ဦးရဲ့ဘေးမှာ မိန်းမငယ်နှစ်ဦးပါ လဲလျောင်းလုံးထွေးသွားပြီး မွေ့ရာနှစ်ခုကြားမှာ အနက်ရောင် လိုက်ကာစ တခုက ကာဆီးသွားပါတယ်။ အဲဒီအချိန် အခန်းတွင်းမှာရှိနေတဲ့ မှိန်ပျပျအလင်းရောင်က လူလုံး သဲသဲကွဲကွဲမမြင်ရတဲ့အထိ အရမ်းမှောင် မိုက်သွားခဲ့ပါပြီ။

မိန်းကလေးနှစ်ဦးက ရန်ကုန်မြို့မှာ အနှိပ်ခန်းအမည်ခံ ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမလေးတွေဖြစ်ပါတယ်။

ရန်ကုန်မြို့တော်မှာ ကာရာအိုကေ၊ တည်းခိုခန်း၊ အနှိပ်ခန်း အမည်ခံပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ဖွင့်လှစ်မှု တနေ့ထက်တနေ့ ပိုမိုတိုးပွားလာနေပါတယ်။

လမ်းမတွေ၊ ရပ်ကွက်တွေ၊ ဈေးတွေ၊ ကားဂိတ်တွေ၊ ရုပ်ရှင်ရုံတွေအောက်မှာ ပုံစံ အသွင် အမျိုးမျိုးယူ လုပ်ကိုင်ကြတဲ့ ပြည့်တန်ဆာတွေရှိနေသလို ကြီးမားလှတဲ့ တိုက်တာအဆောက်အဦးတွေပေါ်မှာ အမည်အမျိုးမျိုးခံ ဖွင့်လှစ်ထားတဲ့ တရားမ၀င်၊ တရားဝင် စီးပွားရေးအမည်တပ် လုပ်ငန်းကြီးတွေမှာ လုပ်ကိုင်ကြတဲ့ ပြည့်တန်ဆာတွေလည်း မနည်းလှပါဘူး။

အထူးသဖြင့် တရားမ၀င် အနှိပ်ခန်းတွေက ပြည့်တန်ဆာလုပ်ငန်းကို ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေတဲ့ အမည်ခံ လုပ်ငန်းတွေဆိုရင် မမှားနိုင်ပါဘူး။

ရန်ကုန်မြို့လယ်ခေါင်နဲ့ ဆင်ခြေဖုံးနေရာတွေအထိ ဖွင့်လှစ်နေကြတဲ့ အနှိပ်ခန်းဆိုတဲ့ လုပ်ငန်းတွေက တကယ်တော့ ကျန်းမာရေးအတွက် ညောင်းညာလို့ နှိပ်တဲ့အနှိပ်ခန်းမျိုးတွေ မဟုတ်သလို အဲဒီ အနှိပ်ခန်းတွေကို လာကြတဲ့သူတွေကလည်း အနင်းအနှိပ် ခံချင်လို့လာကြတဲ့ သူတွေမဟုတ်ပါဘူး။ အခကြေးငွေပေး လိင်ပျော်ပါးနိုင်တဲ့ အဲဒီလို အမည်ခံ အနှိပ်ခန်းတွေ ဖွင့်နိုင်ဖို့ကိုလည်း ဒေသခံအာဏာပိုင်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို အနှိပ်ခန်းပိုင်ရှင်တွေက လာဘ်ငွေအရင်းအနှီး ကြီးကြီးမားမားပေး ဖွင့်လှစ်ရတာဖြစ်ပါတယ်။

“ဆိုဖီ” လို့ သူ့ကိုယ်သူ မိတ်ဆက်တဲ့ အသက် ၂၅ နှစ်အရွယ် မိန်းမငယ်က ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးအနီး အထပ်မြင့် တိုက်ခန်းကျယ်ကြီးတခုမှာ ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတခုက အလုပ်သမ ဖြစ်ပါတယ်။ မြန်မာစကား ဝဲဝဲနဲ့ သူရဲ့အသံကို ကြားတာနဲ့ ဆိုဖီက တိုင်းရင်းသူတယောက်မှန်း သိသာစေပါတယ်။

“ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာ ၃ နှစ်ကျော်သွားပြီ။ ၂၀၀၆ ခုနှစ် ရန်ကုန် စရောက်တုန်းက သူနာပြု အကူသင်တန်း တက်တယ်။ သင်တန်းဆင်းပြီးတော့ ဆေးခန်းတခုမှာ အကူသူနာပြုအဖြစ် အလုပ်ဝင်တယ်။ လစာ ၃ သောင်းခွဲရတယ်။ ဒါပေမယ့် အိမ်ကိုပြန်ပို့ဖို့ ဘယ်လိုမှ မလုံလောက်ဘူး။ အဆောင်နေ သူငယ်ချင်းက လစာကောင်းတဲ့အလုပ် လုပ်မလားဆိုပြီး ခေါ်လာရာက ဒီလုပ်ငန်းခွင်ထဲ ရောက်လာခဲ့တယ်။ ပထမတော့ နှိပ်ပေးရတယ်လို့ပဲ မှတ်ခဲ့တာ။ သူငယ်ချင်းက မေးတယ်၊ နှိပ်တာတခုတည်းနဲ့တော့ တလကို ၅ သောင်းအပြင် ပိုမရဘူး။ ငွေရွှင်တဲ့သူ ဘောစိ (သူဌေး) တွေလာရင် ဘာမစဉ်းစားနဲ့ ကိုယ်လိုချင်သလောက် တောင်း၊ ပြီးတော့ တနာရီလောက် အတူတူအိပ်ပေးလိုက်ဆိုတာနဲ့ အဲဒီကစပြီး ဒီအလုပ် လုပ်ဖြစ်သွားတာ” လို့ ဆိုဖီက သူ့ရဲ့ အနှိပ်သမဘ၀ အစကို ပြောပြပါတယ်။

ဆိုဖီက ကချင်ပြည်နယ် မြစ်ကြီးနားက လာရောက်တာဖြစ်ပြီး သူ့မှာ မိသားစု ခြောက်ဦးရှိတယ်လို့ဆိုပါတယ်။ သူ့မိဘနှစ်ဦး အပါအ၀င် မောင်နှမလေးဦးရှိတဲ့ သူ့မိသားစုမှာ သူက အကြီးဆုံးသမီးပါတဲ့။ ၁၀ တန်းမအောင်တဲ့အချိန် မိသားစု စားဝတ်နေရေး မပြေလည်လို့ ရန်ကုန်တက် အလုပ်လုပ်ရာကနေ ဒီအလုပ်ကို လုပ်ဖြစ်သွားခဲ့တာပါ။

အကူသူနာပြုဘ၀က တလ ၃ သောင်းခွဲနဲ့ အိမ်ကို ငွေပြန်ပို့ဖို့ နေနေသာ ကိုယ့်ဝမ်းဝအောင်တောင် မစားနိုင်ခဲ့ရာက အနှိပ်ခန်း အလုပ်သမဘ၀မှာတော့ သူ့ဘ၀ အများကြီးအဆင်ပြေလာပြီလို့ ဆိုဖီက ဆိုပါတယ်။

“တလကို နှစ်သိန်း အိမ်ပြန်ပို့နိုင်တယ်။ မိဘတွေလည်း ဘာအလုပ်လုပ်မှန်း မသိဘူး၊ မေးလည်း မမေးဘူး။ ဒီအလုပ်က ကိုယ့်အတွက်ရော အိမ်အတွက်ရော အရမ်း အဆင်ပြေတယ်” လို့ သူက ပြောတယ်။

ဆိုဖီက အနှိပ်ခန်းလာတဲ့လူတိုင်းနဲ့ အတူညအိပ်ရတာမျိုးမဟုတ်ဘဲ အနှိပ်ခန်းကို ပုံမှန်လာ ငွေဖြုန်းနိုင်တဲ့၊ သောက်စားမူးယစ်နိုင်တဲ့ ငွေကြေးတတ်နိုင်သူတွေကိုသာ အဓိကထား လိင်ဖျော်ဖြေမှုပေးရတာလို့ ဆိုပါတယ်။
သူ့အနေနဲ့ ရွေးချယ်ပိုင်ခွင့်ဆိုတဲ့ လွတ်လပ်မှုတခုရှိတယ်လို့ ဆိုဖီက ဆိုတယ်။ ဒါက လမ်းမတွေပေါ်က ပြည့်တန်ဆာ ညဥ့်ငှက်လေးတွေထက်သာတဲ့ အခွင့်အလမ်းတခုပါလို့ သူက ပြောပါတယ်။

“အနှိပ်ခန်းဆိုတာက လူမျိုးစုံပဲ။ ကိုယ်က လူတိုင်းနဲ့ အိပ်တာမျိုးမဟုတ်ဘူး။ တချို့လူတွေက လာအနှိပ်ခံ၊ ဟိုကိုင်၊ ဒီကိုင်လုပ်၊ မုန့်ဖိုးပေး၊ ပြန်သွားကြတယ်။ အဓိက ပုံမှန်ဖောက်သည်ကိုပဲ အဓိက အားထားရတာ။ ဖား (သူဌေး) တကောင် ရထားပြီဆိုရင်လည်း ကိုယ့်အတွက်ရော၊ အနှိပ်ခန်းအတွက်ရော အများကြီးအဆင် ပြေတယ်။ အနှိပ်ခန်းမှာ ဖား သုံး၊ လေးကောင် ချိတ်ထားနိုင်တဲ့ သူဆိုရင် သိပ်မပင်ပန်းတော့ဘူး” လို့ ဆိုဖီက ဆိုတယ်။

“ဆိုဖီ” လို တိုင်းရင်းသူ မိန်းကလေးမျိုးတွေ ရန်ကုန်မြို့ရဲ့ အနှိပ်ခန်း တော်တော်များများမှာ ရှိနေပါတယ်။ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံအနီးမှာ ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတခုမှာဆိုလည်း အနှိပ်သမ စုစုပေါင်း ၄၇ ဦး ရှိပါတယ်။ ဘုရင့်နောင်၊ အောင်မင်္ဂလာကားဂိတ်၊ ဒဂုံဧရာအဝေးပြေးလို လူစည်ကားတဲ့ကားဂိတ်တွေ၊ ရန်ကုန်မြို့လယ်ခေါင်၊ မြို့စွန်စတဲ့ မြို့နယ်ပေါင်းစုံမှာ အနှိပ်ခန်း ထောင်ချီရှိနိုင်တယ်လို့ ကားပွဲစားတွေက ဆိုပါတယ်။

“ဘုရင့်နောင် လမ်းဆုံနားမှာတင် မရှိဘူးဆိုရင် အနှိပ်ခန်းရော၊ တည်းခိုခန်းရော၊ ကာရာအိုကေရော တရာလောက်ရှိမယ်။ အဲဒါတွေအကုန်လုံးကလည်း ဇယားရွှေ့ (လိင်ပျော်ပါး) လို့ ရတဲ့နေရာတွေချည်းပဲ” လို့ ကားပွဲစားတဦးက ပြောတယ်။

ဒါပေမယ့် အနှိပ်ခန်းတွေကတော့ အဓိက ပြည့်တန်ဆာလုပ်ငန်းရဲ့ အချက်အချာလို့ ဆိုပါတယ်။ အနှိပ်သမလေးတွေ၊ KTV ဆိုင်တွေက အလုပ်လုပ်နေတဲ့ မိန်းကလေးတွေထဲမှာ ချင်း၊ ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ပအို့ဝ် စတဲ့ တိုင်းရင်းသူတွေ အများကြီးရှိနေတယ်လို့ ပုံမှန်သွားရောက်လေ့ရှိတဲ့ ဘုရင့်နောင်က ကားပစ္စည်းရောင်းဝယ်ရေး စီးပွားရေးသမားတဦးက ဆိုတယ်။

“တချို့ဆိုရင် မြန်မာစကား နားမလည်ဘူး။ ကိုယ်လုပ်ခိုင်းချင်တဲ့အရာကို အမူအရာနဲ့ လုပ်ပြခိုင်းရတယ်” လို့ အဲဒီ စီးပွားရေးသမားက ဆိုပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ အနှိပ်ခန်းတွေ တော်တော်များများမှာ ၁ နာရီအနှိပ်ခံရင် ၀န်ဆောင်မှုကို လိုက်လို့ ၂၅၀၀ နဲ့ ၃၅၀၀ အကြား ဈေးနှုန်းသတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဒီဈေးနှုန်းက သာမန်နှိပ်ပေးတဲ့ ၀န်ဆောင်မှုပဲရမှာဖြစ်ပြီး လိင်ပျော်ပါးချင်လို့ရှိရင်တော့ အနည်းဆုံး ၁၅၀၀၀ လောက်ပေးရတယ်လို့ သိရပါတယ်။

အနှိပ်ခန်းမှာ လာရောက်အလုပ်လုပ်တဲ့ မိန်းကလေးတွေမှာ ဧရာဝတီတိုင်း၊ အိမ်မဲ၊ မအူပင်၊ လပွတ္တာ၊ ဒေးဒရဲစတဲ့ နာဂစ်ဒေသကျေးရွာတွေက မိန်းကလေးတွေပါသလို တည်ငြိမ်အေးချမ်းမှုမရှိတဲ့ ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်ဘက်တွေက
မိန်းကလေးတွေပါတယ်လို့ ဆိုပါတယ်။ ဖွံ့ဖြိုးမှု နှေးကွေးတဲ့ ချင်း၊ ရခိုင်လို ဒေသက မိန်းကလေးတွေလည်း ရှိပေမယ့် အရေအတွက်အားဖြင့် နည်းတယ်လို့ သိရပါတယ်။

အနှိပ်ခန်းအများစုက နယ်ဒေသတွေက လာရောက်တဲ့ မိန်းကလေးတွေကိုပဲ လိုလိုလားလား အလုပ်ခန့်ချင်ကြပြီး နယ်ဒေသက မိန်းကလေးတွေက အလုပ်ပြောင်းရွှေ့မှု အလွန်နည်းတာကြောင့် အလုပ်ခန့်ချင်ကြတာလို့ သိရပါတယ်။

“အနှိပ်ခန်းတွေမှာ နယ်က မိန်းကလေးတွေ ဘာလို့ ပိုပိုများလာလဲဆိုတော့ နယ်က မိန်းကလေးတွေက ရန်ကုန်ရောက် အထည်ချုပ်တို့ ဘာတို့ ၀င်လုပ်၊ ရတဲ့လစာနဲ့ ဘယ်လိုမှ မလောက်ဘူး။ မလောက်တော့ ထွက်ပေါက်ရှာရင်း တချို့လည်း
အနှိပ်ခန်းရောက်၊ တချို့လည်း KTV ရောက်၊ တချို့တွေကတော့ လမ်းပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာဘ၀တွေဆီ ရောက်ကုန်ကြတာ။ အဓိက စားဝတ်နေရေးပဲ” လို့ အနှိပ်ခန်းတခုက မန်နေဂျာတဦးက ဆိုပါတယ်။

အနှိပ်ခန်းရောက်လာတဲ့ မိန်းကလေးတွေရဲ့ဘ၀က လမ်းမတွေပေါ်က ဘ၀တွေထက်စာရင် အများကြီး လုံခြုံတယ်လို့ အဲဒီမန်နေဂျာက ဆိုပါတယ်။

“လမ်းမပေါ်မှာဆိုရင် စောင့်ရှောက်ပေးမယ့်လူ မရှိဘူး။ အနှိပ်ခန်းမှာ အလိုမတူရင်၊ ပြဿနာရှိရင် အနှိပ်ခန်းဘက်က တာဝန်ယူရှင်းပေးရတာ။ ဖောက်သည်က မူးပြီး ရမ်းလို့ရှိရင်လည်း Waiter တွေက ဆွဲထုတ်သွားတာပဲ။ လမ်းပေါ်က ဘ၀ထက်တော့ အများကြီးသာပါတယ်။ တခုတော့ရှိတယ်။ အလုပ်က ၂၄ နာရီမှာ ၁၈ နာရီလောက်လုပ်ရတယ်။ အိပ်ချိန်နည်းတယ်။ သူလုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးအမြတ် ကျန်မယ်။ လစာက တသောင်း၊ လူတယောက် တဆက်ရှင် (တနာရီ) ၂၅၀၀ နဲ့ နှိပ်ရင် နှိပ်တဲ့မိန်းကလေး အတွက်က အနည်းဆုံး ငါးရာရတယ်၊ ဧည့်သည်က ပေးတဲ့ မုန့်ဖိုးရှိတယ်။ တကယ်လို့ ဧည့်သည်နဲ့ မိန်းကလေးနဲ့ အဆင်ပြေလို့ ကိစ္စ (လိင်ပျော်ပါး) ဖြစ်ရင်လည်း အနှိပ်ခန်းဘက်က ရသလို မိန်းကလေး ဘက်ကလည်း ရတယ်။ ဘယ်လိုပြောပြော မိန်းကလေးတယောက်ကို တလနှစ်သိန်းခွဲ အနည်းဆုံး ပြေးမလွတ်ဘူး။ ဒါ နေစရိတ်၊ စားစရိတ်ငြိမ်း” လို့ အဲဒီမန်နေဂျာက ပြောပါတယ်။

အနှိပ်ခန်း မန်နေဂျာရဲ့အဆိုအရ အနှိပ်ခန်းတွေနဲ့ အနှိပ်သမ ပြည့်တန်ဆာလေးတွေရဲ့ ဘ၀က အဆင်ပြေလှတယ်လို့ ထင်စရာရှိပါတယ်။ တကယ်တော့ အမြဲတမ်း အဆင်ပြေနေတာတော့ မဟုတ်ပါဘူး။

၂၀၁၀ ရွေးကောက်ပွဲအကြို အောက်တိုဘာလနဲ့ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလမှာ ရန်ကုန်တိုင်းတတိုင်းလုံးက အနှိပ်ခန်းတွေကို ပိတ်ထားဖို့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေက အကြောင်းကြားခဲ့တဲ့အပြင် အစိုးရသစ်တက်ပြီး ဧပြီလနဲ့ မေလမှာလည်း အနှိပ်ခန်းတွေကို ဖမ်းဖို့ ရန်ကုန်တိုင်းအစိုးရက စီမံချက်ချတာကြောင့် အနှိပ်ခန်းတွေ လနဲ့ချီ ပိတ်ခဲ့ရပါတယ်။

အဲဒီလို ပိတ်သွားတဲ့အချိန်မှာ အနှိပ်သမတွေ ဘယ်လို ၀င်ငွေနဲ့ နေထိုင်စားသောက်ကြပါသလဲ။ အဖြေကတော့ ရှင်းပါတယ်။ လမ်းမတွေပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာ၊ ညဥ့်ငှက်လေးတွေအဖြစ် အသွင်းပြောင်း ရုန်းကန်ရတာတွေ ရှိတယ်လို့ အနှိပ်သမလေးတွေက ဆိုပါတယ်။

ဆိုဖီက စီမံချက်ရှိလို့ အနှိပ်ခန်းတွေ လနဲ့ချီပိတ်ရရင် သူ့ရဲ့ပုံမှန်ဖောက်သည်တွေကို ဆက်သွယ်ပြီး အပြင်မှာ အော်ဒါ (ပြည့်တန်ဆာ) လိုက်ဖြစ်ခဲ့တယ်တဲ့။ ဒါပေမယ့် သူရဲ့မိတ်ဆွေ အနှိပ်သမ တချို့ကတော့ လမ်းမပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာအလုပ်ကို မဖြစ်မနေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“စီမံချက်ဆိုရင် အလုပ်က လနဲ့ချီနားရတယ်။ ကိုယ်က ပုံမှန်ဖောက်သည်တွေကို ဖုန်းဆက်ပြီး အကူအညီတောင်း။ သူတို့နဲ့ ပြန်ဆက်သွယ်ရတယ်။ ဒါပေမယ့် ဖောက်သည်နဲ့ ပြန်ဆက်လို့ မရတဲ့သူတွေက လမ်းပေါ်ပဲ ထွက်ရတာပဲ။ အဲဒီအချိန်မျိုးမှာ ရွေးချယ်စရာမရှိဘူး။ တချို့ဆိုရင် ထမင်းစားရရင်တော်ပြီ ဆိုပြီး ခေါ်ရာလိုက်တာပဲ။ စီမံချက်မကြောက်လို့ဖွင့်တဲ့ အနှိပ်ခန်းတွေဆီမှာ သွားလုပ်တဲ့သူတွေလည်း လုပ်ကြတယ်။ အဲဒီအနှိပ်ခန်းတွေက ရဲဖမ်းခံရတာများတယ်။ အဖမ်းခံရရင် ပြည့်တန်ဆာမှုနဲ့ ထောင်ချခံရမှာ။ မှုခင်းဂျာနယ်ထဲမှာ အနှိပ်ခန်းမှာ အတူလုပ်ဖူးတဲ့ သူငယ်ချင်းသုံးယောက် အဖမ်းခံရတဲ့သတင်းတောင် ဖတ်လိုက်ရတယ်” လို့ ဆိုဖီက ဆိုပါတယ်။

တရားမ၀င် အနှိပ်ခန်းဆိုတဲ့နေရာမှာလည်း နှစ်မျိုးရှိပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ကို လိုင်းကြေး သိန်းချီပေးဖွင့်တဲ့ အနှိပ်ခန်းနဲ့ လိုင်းကြေးမပေးဘဲ ခိုးဖွင့်တဲ့ အနှိပ်ခန်းရယ်လို့ နှစ်မျိုးရှိတယ်လို့ သိရပါတယ်။

အနှိပ်သမလေးတွေအနေနဲ့ အလုပ်ရွေးချယ်တဲ့နေရာမှာ လိုင်းကြေးပေး၊ မပေးကိုလည်း အမြဲစုံစမ်းပြီး လိုင်းကြေးပေးတဲ့ အနှိပ်ခန်းမှာသာ ကြာကြာ အလုပ်လုပ်လေ့ရှိတယ်လို့ သိရပါတယ်။

သန်းခေါင်ယံ ရန်ကုန်မြို့ရဲ့ နီယွန်ရောင်ထိန်ထိန်ညီးနေတဲ့ ကားလမ်းမကြီးတွေပေါ်မှာ လူသူကင်းရှင်း နေပြီဖြစ်ပေမယ့် မှိန်ပျပျ မီးအလင်းရောင် အနှိပ်ခန်းတွေမှာတော့ သက်ဝင်လှုပ်ရှားမှု တွေရှိနေဆဲ ဖြစ်ပါတယ်။
ဒါတွေဟာ...အနှိပ်ခန်းကဘ၀တွေပါ......ကျန်... CLUB......က..မိန်းကလေးများရဲ့ဘ၀အမောတွေကတော့...ရန်ကုန်ညများနဲ့အတူ.....ဆက်လက်ဖြတ်သန်းနေဆဲပါ။

 Lon Elys

မြန်မာ့စက်မှုလက်မှု ဆိပ်ကမ်းတွင် ကွန်တိန်နာများကြပ် ၊ ယာဉ်ကြောပိတ်ဆို့မှု

မြန်မာ့စက်မှုလက်မှု ဆိပ်ကမ်းတွင်  Import /Export ကွန်တိန်နာများ မကြာခဏ
ယာဉ်ကြောပိတ်ဆို့မှုများနှင့်ကြုံတွေ့နေရပါသည်။

ဆိပ်ကမ်းဧရိယာမှာကျဉ်းမြောင်းခြင်း၊ စက်ယန္တယားများလုံလောက်မှုမရှိခြင်း၊
နှင့်  ပြောင်းလဲလာသည့်စီးပွားရေးစနစ်နှင့်အညီ Export / Import လုပ်ငန်းများ
တွင်ကျယ်လာသည့်အတွက် သဘောင်္ ၀င်ရာက်ဆိုဒ်ကပ်မှုများပြားလာရပါသည် ။

ထိုအခြေအနေများကြောင့် ဆိပ်ကမ်းအတွင်းအပြင်နှင့် ကမ်းနားလမ်းတစ်လျှောက်
 ယာဉ်ကြောပိတ်ဆို့ မှုများမကြာခဏကြုံတွေ့နေရပါသည်။

လမ်းပေါ်မှာပင် export ကွန်တိန်နာတစ်စီးအ၀င်အထွက်နှင့် Import ကွန်တိန်နာ
တစ်စီး ဆိပ်ကမ်းဝင်းအတွင်းမှအ၀င်အထွက်မှာ ၃ ရက်ခန့်  ကြန့်ကြာနေရသည့် 
ဒုက္ခနှင့်ရင်ဆိုင်နေရပါသည်။

လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုများ ၊ပြည်သူလူထုယာဉ်ကြောပိတ်ဆို့သွားလာမှု
အခက်အခဲများမကြာခဏ ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်တစ်ဦး က
Myanmar News Now ကို ပြောပြပါသည်။




မြန်မာ့စက်မှုလက်မှု ဆိပ်ကမ်းတွင်  Import /Export ကွန်တိန်နာများ မကြာခဏ
ယာဉ်ကြောပိတ်ဆို့မှုများနှင့်ကြုံတွေ့နေရစဉ်

နိုင်ငံတော် သမ္မတကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်

နိုင်ငံတော် သမ္မတကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်နေပြီ ဖြစ်ကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီအဖွဲ့ နှင့် ရှမ်းပြည်ပြန်လည်တည်ဆောက်ရေး ကော်မတီ RCSS/SSA အဖွဲ့တို့ ဂုဏ်ပြုညစာ စားပွဲ အပြီးတွင် ယခုလိုပြောကြားလိုက်ခြင်း ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “နိုင်ငံတော် သမ္မတကြီး အပူရှပ်သွားတာပါ ၊ အခုချိန်မှာ ရာသီဥတုက အရမ်းပူတော့ အပူရှပ်သွားတာပါ အခုတော့ ပြန်သက်သာသွားပါပြီ” ဟု သတင်းထောက်များက နိုင်ငံတော်သမ္မတကြီး၏ ကျန်းမာရေး အခြေအနေမေးမြန်း ချက်ကို ယခုကဲ့သို့  ပြန်လည်  ဖြေကြားခဲ့ခြင်းဖြစ်သည်။

လယ်ယာမြေပညာပေးဆွေးနွေး ဟောပြောပွဲ ပြင်ဦးလွင်မှာကျင်းပ

ပြင်ဦးလွင်၊ မေလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်
ကျော်သူရမျိုး (YPI)

ပထမဆုံး လယ်ယာမြေနှင့် သက်ဆိုင်သည့် ဥပဒေ ပညာပေးဆွေးနွေးဟောပြောပွဲ တစ်ခုကို ပြင်ဦးလွင်မြို့ အောင်ချမ်းသာရပ်ကွက်တွင် မေလ(၁၉)ရက်နေ့ နံနက်(၁၀)နာရီမှ နေ့လည်(၃)နာရီထိ ကျင်းပခဲ့သည်။

တောင်သူလယ်သမားတွေကို လယ်ယာမြေနှင့်ပတ်သက်ပြီး အသိပညာဖွံ့ဖြိုးဖို့နဲ့ အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်လည်ရရှိနိုင်မဲ့ နည်းလမ်းတွေကို ဆွေးနွေးသွားတာပါ” ဟု ယင်းဆွေးနွေးပွဲအား ဦးဆောင်ပြုလုပ်သည့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ဦးအောင်ကျော်ဆန်းကပြောသည်။

ပြင်ဦးလွင်နှင့်နောင်ချိုမြို့နယ်အတွင်းရှိ ရွာများမှ လယ်မြေအသိမ်းခံရသည့် လယ်သမား(၂၀၀) နီးပါးခန့် ယခုဆွေးနွေးပွဲသို့  တက်ရောက်ခဲ့ကြပြီး NLD (မန္တလေးတိုင်း)မှ တိုင်းဥပဒေ အထာက်အကူပြု တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်ဦးနှင့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ဦးနေလင်းဦးတို့မှ ပညာပေး ဟောပြောဆွေးနွေးသွားသည်။

အဆိုပါဟောပြောပွဲတွင် လယ်ယာမြေဥပဒေနှင့် ပတ်သက်သော အချက်အလက်များ အသိမ်းခံ လယ်သမားများ၏ သိမ်းဆည်းထားသော လယ်ယာမြေများပြန်လည်ရရှိနိုင်မည့် နည်းလမ်းများကို ဆွေးနွေးကြသည် ဟု စီစဉ်သူများက ရှင်းပြသည်။

“တောင်သူလယ်သမားတွေက လယ်မြေနဲ့ပတ်သက်တဲ့ သီးစားခွန် ပုံစံ(၁၀၅)နဲ့ မြေယာမှတ်ပုံမတင် ထားတဲ့အတွက် သိမ်းဆည်းခံရတာများပါတယ်” ဟု ဦးအောင်ကျော်ဆန်းကပြောသည်။


အဆိုပါ ဆွေးနွေးဟောပြောပွဲမှတဆင့် တောင်းသူလယ်သမားအများစုသည် လယ်ယာမြေဥပဒေကို ပိုမိုသဘောပေါက်နားလည်လာပြီး အုပ်ချုပ်သူများနှင့် ကုမ္စဏီများမှ လယ်ယာမြေပူးပေါင်းသိမ်းယူမှုကို ကာကွယ်နိုင်မည့် နည်းလမ်းများရရှိခဲ့ကြောင်းဆွေးနွေးပွဲသို့တက်ရောက်လာသည့် လယ်သမားများ က ပြောသည်။

“အရင်က လယ်မြေနှင့်ပတ်သက်တဲ့ ဥပဒေကို နားမလည်ဘူး။ လယ်အသိမ်းခံရရင်လည်း နိုင်ငံတော်က သိမ်းတာဆိုပြီး ပေးလိုက်တာဘဲ။ နောက်ကျမှ ကုမ္စဏီတွေပိုင်သွားတယ်ဆိုတာ သိရတယ်။ အခုတော့ လယ်မြေနဲ့ပတ်သက်တဲ့ ဥပဒေကိုနားလည်သွားပါပြီ။ လာသိမ်းရင်လည်း အသိမ်းမခံတော့ဘူး” ဟု ပြင်ဦးလွင်မြို့အောင်ချမ်းသာရွာနေ ဦးအောင်နိုင်ကပြောသည်။

လွန်ခဲ့သည့် တနှစ်တာ ကာလအတွင်း လယ်ယာမြေသိမ်းခံရသည့် ကိစ္စရပ်များကို သတင်းမီဒီယာများမှတဆင့် တင်ပြခြင်း နှင့် အစိုးရအဖွဲ့ခေါင်းဆောင်များထံ စာတင်ခြင်း အစရှိသည့် နည်းအမျိုးမျိုးဖြင့် အသိမ်းခံရသူများက ထုတ်ဖေါ်တင်ပြလျှက်ရှိရာ အချို့သော မြေသိမ်းခံရသည့် ကိစ္စရပ်များမှာ ပြေလည်မှု ရသော်လည်း အများစုမှာမူ ကျေနပ်လောက်သည့် ဖြေရှင်းမှု မရရှိသေးသည်ကို တွေရသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံသို့ တိုင်ကြားသည့် တိုင်ကြားစာများအနက် အများဆုံးမှာ မြေယာ သိမ်းခံရသည့် ပြဿနာများ ဖြစ်သည်ဟု ကော်မရှင်မှ ပြောကြားချက် အရသိရသည်။           ။

 
စိမ်းလန်း ပြင်ဦးလွင်အဖွဲ့မှ ဦးနေလင်းဦး ဟောပြောရှင်းပြနေစဉ် (သတင်းဓါတ်ပုံ-ကျော်သူရမျိုး YPI )
 Yangon Press International

ဂတ်စ်ပိုက်လိုင်းအတွက် သာသနာပိုင်မြေအချို့ သိမ်းခံရ

ပြင်ဦးလွင်၊ မေလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်
ကျော်သူရမျိုး (YPI)

ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းသို့ သွယ်တန်းဖောက်လုပ်လျှက်ရှိသည့် ဂက်စ်ပိုက်လိုင်းစီမံကိန်းအတွက် ပြင်ဦးလွင်မြို့သဲဘိုးရေ ရပ်ရှိ အာရှအလင်းရောင်းကျောင်းတိုက်ပိုင် သာသနာ့မြေ(၅)ဧကကျော် သိမ်းဆည်းခြင်း ခံရသည်ဟု ကျောင်းထိုင်ဆရာတော် ဘဒ္ဒ န္တစိန္တိတ က မိန့်ကြားသည်။

“အသိမ်းခံရတဲ့အထဲမှာ ဘုန်းကြီးကျောင်းနဲ့ ရွာသုံးရွာအတွက် အဓိကရေပေးဝေနေတဲ့ ရေစစ်ကန် လည်း ပါသွားတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ကျောင်းပိုင်မြေကို ဖြတ်ကျော်၍ ဂက်စ်ပိုက်လိုင်း မဖောက်လုပ်မီ ပိုက်လိုင်းတာဝန်ခံများက ဆရာတော်အား လာရောက်လျှောက်ထားစဉ်က ကျောင်းတိုက်နှင့် ရွာများအတွက် အဓိက လိုအပ်သည့် ရေစစ်ကန်ကို ရှောင်ကွင်း၍ ဖောက်လုပ်သွားမည်ဟု ကတိပေးပြောကြားခဲ့သော်လည်း ဆရာတော် ခရီးသွားနေစဉ် ရေစစ်ကန်ကို မြေထိုးစက်ဖြင့် ထိုးဖျက်သွားခဲ့ခြင်း ဖြစ်သည်ဟု အောင်ချမ်းသာကျေးရွာမှ ဦးကျော်ရှိန်က ပြောသည်။ သိရသည်။

ရွာများနဲ့ ဘုန်းကြီးကျောင်းအတွက် အဓိကရေပေးဝေနေသော ရေစစ်ကန်ပျက်စီးသွားသည့် အတွက် ကျောင်းထိုင်ဆရာတော်သည် ဂက်စ်ပိုက်လိုင်းဖောက်လုပ်လျှက်ရှိသည့် တရုတ်ကုမ္စဏီအား ခေါ်ယူတွေ့ဆုံပြီး ရေလိုအပ်ချက်အတွက် ဆောင်ရွက်ပေးရန် ကတိစာချုပ်တစ်ရပ် ချုပ်ဆိုထားကြောင်းလည်း ဆရာတော်၏ မိန့်ကြားချက်အရ သိရသည်။

“ကျောင်းနဲ့ ရွာတွေအတွက် အမြဲတမ်းရေရအောင်လုပ်ဖို့ ကတိစာချုပ်တစ်ခု တရုတ်ကုမ္စဏီနဲ့ချုပ်ဆို ထားတယ်။ ရေရအောင် လုပ်မပေးနိုင်ရင် ဂက်စ်ပိုက်လိုင်းကိုလည်း မချဖို့နဲ့ မြေမမြှုပ်ဖို့ ကတိတောင်း ထားပါတယ်”ဟု ကျောင်းထိုင်ဆရာတော်က ၀ိုင်ပီအိုင်သို့ မိန့်ကြားသည်။

ဂက်စ်ပိုက်လိုင်းလမ်းကြောင်းဖောက်လုပ်ရာတွင် ပြင်ဦးလွင်မြို့နေ တရုတ်လူမျိုးများပိုင်ဆိုင်သည့် ကြက်မွေးမြူရေးလုပ်ငန်း အဆောက်အဦးအချို့ကို ၀ယ်ယူရန် ကမ်းလှမ်းသည့်အခါ သိန်းသောင်းနှင့်ချီတောင်းခံသဖြင့် ယင်းနေရာကို ရှောင်ကွင်းကာ အနီးရှိ ဘုန်းတော်ကြီးကျောင်းပိုင် ရေစစ်ကန်အား ဖြတ်သန်းဖောက်လုပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။            ။
 
အာရှ အလင်းရောင်ကျောင်းတိုက် ပိုင်မြေတွင် ရှိသည့် ရေစစ်ကန်အား ဖြတ်ဖောက်လုပ်ထားသည့် ဂက်စ် ပိုက်လိုင်းကို မေလ၁၉ ရက်နေ့က တွေ့ရစဉ်။ (သတင်းဓါတ်ပုံ-ကျော်သူရမျိုး YPI )
 Yangon Press International

တရုတ်ပြည်သို့ နွားခိုးသွင်းသည်ဟု ယူဆရသူများနှင့်ကွဲ/နွားများအား နောင်ချိုမြို့နယ်တွင် ဖမ်းဆီးမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဆမ္မဆယ်ကျေးရွာအနီးတွင် တရုတ်ပြည်အတွင်းသို့ နွားခိုးသွင်း နေသည်ဟု ယူဆရသူများနှင့် နွားများအာ  ပြည်သူ့စစ်နှင့်ဒေသခံများက ဖမ်ဆီးမိခဲ့သည်။

မေလ(၁၈)ရက်နေ့ ညနေ ခြောက်နာရီခန့်တွင် ပြည်သူ့စစ်နှင့်အတူ သုံးဆယ်ရွာနှင့်ဆမ္မဆယ်ရွာမှ တာဝန်သိ ရွာသားများမှ   နွား(၇၆)ကောင်၊ ကျွဲ(၄၃)ကောင် နှင့် လူ(၉)ဦးအား ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ရွာနှစ်ရွာပေါင်းပြီး သွားဖမ်းတာပါ၊ အုပ်ချုပ်ရေးမှူးတွေကော ရွာသားတွေကောသွားဖမ်းတာ ပြေးတဲ့လူက    ပြေးကုန်တယ်” ဟု အဆိုပါ နွားမှောင်ခိုဂိုဏ်အားသွားရောက်ဖမ်းဆီးသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ နွားမှောင်ခိုဂှိုဏ်းမှ တရုတ်ပြည်တွင်းသို့ နွားခိုးသွင်းနေသည်မှာ လွန်ခဲ့သော သုံးနှစ်ခန့်မှစ၍ ပြုလုပ်နေကြောင်း   ဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

ဖဖ်းဆီးရမီသညိ့ ကျွဲ၊နွားများနှင့်လူများအား ရွာထဲ၌ထိန်းသိမ်းထားပြီး နောင်ချိုမြို့နယ် ရဲစခန်းသို့ တိုင်ကြားသွားမည်  ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ဆီမှာတော့ အဲ့ဒီသတင်းမကြားသေးဘူးဗျ” ဟု နောင်ချိုမြို့နယ်ရဲစခန်းက ပြောသည်။

အဆိုပါ နွားမှောင်ခိုဂိုဏ်းမှဟု ယူဆရသောလူများမှာ ထွက်ပြေးသွားသည်ဟု သိရပြီး၊ နွားထိန်းရန်အတွက် ငှားထားသော   လူ(၉)ဦးကိုသာ ထိန်းသိမ်းလိုက်နိုင်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အဲ့ဒီကိစ္စကို အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး နောင်ချိုရဲစခန်းကို တိုင်သွားမှာပါ” ဟု နွားကုန်ကူးမှုအား   သွားရောက်ဖမ်းဆီးခဲ့သော ရွာသားတစ်ဦးက ပြောသည်။

ကောင်းမြတ်ဖြိုး (မြစ်မခ)
by Myit Makha Mediagroup on 19 May, 2012

မတ္တရာမြို့နယ်က သိမ်းဆည်းခံ လယ်မြေဧကတစ်ထောင်ကျော်အတွက် သမ္မတထံတိုင်ကြားမည်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စလေကျေးရွာတွင် ၁၉၉၂ခုနှစ်က တ.စ.က.(၂)မှ သိမ်းဆည်းထားသော လယ်ယာမြေဧက တစ်ထောင်ကျော်အား ပြန်လည်ရရှိရေးအတွက် ဒေသခံများက နိုင်ငံတော်သမ္မတထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 “ကျွန်တော်တို့အနေနဲ့ ပထမသမ္မတကြီးဆီကို စာပို့ပေးမယ်၊ အဲ့ဒါမှအကြောင်း မထူးရင်တော့အသိမ်းခံရတဲ့   တောင်သူနှစ်ယောက်     လောက်ကို ရန်ကုန်ခေါ်ပြီး ILO ကလူတွေနဲ့ညှိနှိုင်းပြီး  လုပ်စရာရှိတာဆက်လုပ်မယ်”ဟု FNI ( facilators network with ILO)မှ ကိုအေးသိန်းကပြောသည်။

စလေကျေးရွာရှိ ကွင်းအမှတ်(၁၆၇.၁၆၈.၁၆၉) အတွင်းရှိ လယ်သမား(၂၅၇) ဦးက ဓါးမဦးကျလုပ်ကိုင်နေသော
လယ်မြေဧက(၁၃၆၂)ကျော်အား ၁၉၉၂ တွင် တပ်မတော်စိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း(တ.စ.က.၂)မှ သိမ်းယူခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ကတော့ အဲ့ဒီနေရာတွေမှာ လယ်ပြန်စိုက်တယ်ဗျ၊ အခုတော့ အဲ့ဒီလယ်နေရာတွေမှာ ငါးတွေ မွေးနေတယ်” ဟု လယ်အသိမ်းခံရသူတစ်ဦးဖြစ်သူ မောင်လှသန်း ကပြောသည်။

အဆိုပါ တောင်သူများမှာ ၁၉၉၂၊ ၁၉၉၉ နှင့် ၂၀၀၀ ခုနှစ်များတွင် လက်လှမ်းမီရာ နိုင်ငံတော်အကြီးအကဲများ ထံတိုင်ကြား ခဲ့သော်လည်း  ထူးခြားမှုမရှိခဲ့သောကြောင့် ယခုတစ်ကြိမ်ထပ်မံတိုင်ကြားခြင်းဖြစ်သည်။

ထိုလယ်မြေများကို ၁၉၉၂ ခုနှစ်တွင် တ.စ.က(၂)မှသိမ်းဆည်းခဲ့ပြီး ထိုတပ် ပြောင်းသွားသောအခါ၊ သားရေ ပစ္စည်းများထုတ်လုပ်သည့် စစ်တပ်မှ ရောက်ရှိလာပြီး တောင်သူများအား ဆက်လက်သီးစားချထားကာ၊ ၂၀၀၅ ခုနှစ်တွင် လေကြောင်းရန်ကာကွယ်ရေးတပ် ထပ်မံရောက်ရှိလာပြီး ၂၀၁၁ ခုနှစ်တွင် ဗိုလ်မှူးမျိုးလှိုင်ဦးမှ မိုးစပါးကောက်ကြီး တစ်ဧကလျှင် (၈)တင်းနှုန်း ပေးသွင်းရန်   တောင်းခံခဲ့ကြောင်းသိရသည်။

ထိုလယ်ယာမြေများပေါ်တွင် သီးစားချကာ လုပ်ကိုင်ဆောင်ရွက်နေသော တောင်သူများအား ဆည်တော်ကြီး ရဲစခန်းမှ   အမြန်ဆုံးရပ်ဆိုင်းခိုင်းထားကြောင်း သိရှိရသည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup on 19 May, 2012

ဗြိတိသျှ ပါလီမန် ဉက္ကဌက ဒေါ်စု အတွက် ဂုဏ်ယူ

ပါလီမန် ဉက္ကဌ ဂျွန်ဘားကိုး
လာမယ့် ဇွန်လ လလယ်ပိုင်းမှာ ဗြိတိသျှ ပါလီမန် မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းဟာ အင်မတန် ထူးခြားတဲ့ သမိုင်းဝင် မှတ်တမ်းတခု ဖြစ်မယ်လို့ ပါလီမန် ဉက္ကဌ ဂျွန်ဘားကိုးက ပြောပါတယ်။

ဘာ့ကြောင့်လဲ ဆိုရင် အခုလို ပြောကြားခွင့် ရခြင်းဟာ အင်မတန် ရှားပါးတဲ့ ထူးခြားတဲ့ အခွင့်အရေး တရပ် ဖြစ်ကြောင်း၊ အထက်နဲ့ အောက် လွှတ်တော် ၂ ရပ်စလုံးမှာ စကား ပြောခွင့်ရခြင်းဟာ ထူးခြားကြောင်းဆိုပါတယ်။ လွှတ်တော် အမတ်တွေကလည်း နဂို ကတည်းက လေးစား အားကျမှု ရှိကြောင်း၊ ကမ္ဘာပေါ်မှာ အလွန် ရဲရင့် သတ္တိရှိတဲ့ သူကို ဂုဏ်ပြုရင်း သူဘာပြောမလဲ ဆိုတာကို နားထောင်ချင်သူ တွေလည်း အများအပြား ရှိကြောင်း ပြောပါတယ်။

လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောတဲ့ အခါမှာ ပါလီမန် အမတ်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ထားတဲ့ သဘောထားတွေ ထင်ဟတ်ပေါ်လွင် လာမှာ ဖြစ်သလို၊ ဖိတ်ခေါ် ခဲ့တဲ့ အစိုးရ အနေနဲ့ လည်း ဂုဏ်ယူစရာ ကောင်းကြောင်း ပြောပါတယ်။

ဒီထက်ပိုကောင်းတာကတော့ မြန်မာ နိုင်ငံသားတွေ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် လိုအနိုင်မခံ အရှုံးမပေး တတ်တဲ့ သူရဲကောင်း စိတ်ဓာတ် ရှိသူ တဉီး၊ အမျှော်အမြင် ကြီးသူ၊ ဆုံးဖြတ်ချက် ခိုင်မာသူ၊ ဒီကနေ့ ကမ္ဘာမှာ ထူးခြားတဲ့ နိုင်ငံရေးသမား တဉီး အဖြစ် မြန်မာ နိုင်ငံရဲ့ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး စတာတွေကို ကြီးမားတဲ့ ပိတ်ဆို့မှုတွေနဲ့ အဟန့်အတား ကြားက ရအောင် ယူပေး နေတဲ့ ခေါင်းဆောင် တဉီးကို ရထားတဲ့ အတွက် ဂုဏ်ယူ စေချင်တဲ့ သဘောလည်း ပါဝင်ကြောင်း ဆိုပါတယ်။

ဆက်လက်ပြီး ပြောကြားရာမှာ ပြည်ပခေါင်းဆောင် တွေထဲက သမ္မတတွေ၊ ဝန်ကြီးချုပ် တွေတောင် ပါလီမန် ၂ ရပ်စလုံးမှာ မိန့်ခွန်းပြောကြားခွင့် ရကြတဲ့ အရေအတွက်က အလွန်နည်းပါး တယ်လို့ ဆိုပါတယ်။ ဗြိတိန်က ဆိုရင် အယ်လိဇဘက်သ် ဘုရင်မကြီး ဖြစ်ကြောင်း၊ နောက် အမေရိကန် သမ္မတ အိုဘားမား၊ ပုပ်ရဟန်းမင်းကြီး ၁၆ ယောက်မြောက် ဘဲန်းနဒစ်၊ ပြင်သစ် သမ္မတ ချားလ်စ် ဒီဂေါလ် နဲ့ တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင် မဲန်ဒဲလား တို့ ဖြစ်ကြောင်း ပြောပါတယ်။

ဒီလို မိန့်ခွန်း ပြောကြားခွင့် ကိုလည်း တနှစ် တကြိမ် ဆိုသလို သတ်မှတ် ထားခြင်းလည်း မရှိတဲ့ အတွက် အင်မတန် ရှားပါးပြီး ဂုဏ်ယူစရာ ကောင်းတဲ့ အခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ် ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ပြောကြားသွား ခဲ့ပါတယ်။
ဘီဘီစီ

ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောမည်

၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပကို ခရီးထွက်မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော် ၂ ရပ်ပေါင်း ဗြိတိန်ပါလီမန်မှာ သမိုင်းဝင် မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ ဧပြီလတုန်းက ဝန်ကြီးချုပ် David Cameron မြန်မာနိုင်ငံကို သွားခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်ကိုလာဖို့ ဖိတ်ခေါ်ခဲ့တာပါ။ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်မဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခုလို အထက်နဲ့ အောက်လွှတ်တော် ၂ ရပ်ပေါင်းထားတဲ့ ဗြိတိန် ပါလီမန်မှာ ရှားရှားပါးပါး စကားပြောခွင့်ပေးပြီး ဂုဏ်ပြုမှာဖြစ်ပါတယ်။
ဇွန်လ ၁၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ကို ရောက်လာမှာဖြစ်ပြီး Oxford တက္ကသိုလ်ကပေးတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကိုလည်း သွားရောက် လက်ခံယူမယ်လို့ ခန့်မှန်းရပါတယ်။ သီတင်းတပတ်ကြာမယ့် ဥရောပခရီးစဉ်အတွင်း နော်ဝေးနဲ့ အိုင်ယာလန် နိုင်ငံတွေဆီကိုလည်း သွားမယ်လို့ မျှော်လင့်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံ ပြန်မလာခင်က ဗြိတိန်နိုင်ငံ Oxford မြို့မှာ မိသားစုနဲ့အတူ နေထိုင်ခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ နီးပါးလောက် အာဏာရှင် စစ်အုပ်ချုပ်မှု အောက်မှာရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းကစလို့ သိသိသာသာပြောင်းလဲမှုတွေ ဖြစ်လာနေချိန်မှာ ခုလို ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးထွက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအပေါ် စီးပွားရေး ဘဏ္ဍာရေးအရ အရေးယူဒဏ်ခတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုကလည်း အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမယ် ဆိုတာကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ်လဲ Derek Mitchell ကို ခန့်ထားဖို့အတွက် သမ္မတ အိုဘားမားက အဆိုပြုထားပါတယ်။
 By ဗွီအိုအေ (မြန်မာဌာန)

အစိုးရ နှင့် RCSS/SSA အဖွဲ့တို့ သဘောတူညီချက် ၁၂ချက်ထုတ်ပြန်

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် ရှမ်းပြည် ပြန်လည်
တည်ဆောက်ရေး ကော်မတီ RCSS/SSA မှ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်
သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးစဉ် (ဓါတ်ပုံ-ရန်ကုန်တိုင်းဂျာနယ်)
ပြည်ထောင်စု  ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ နှင့် RCSS/SSA 
အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယနေ့  ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက် နံနက် ၈
နာရီဝန်းကျင်  မှစတင်ဆွေးနွေးခဲ့ရာ  ညပိုင်း ၈ နာရီတွင် ပြီးဆုံးခဲ့ပြီး ၈:၁၅ မိနစ်တွင်
သတင်းစာရှင်းလင်းပွဲ ကို ပြုလုပ်ပေးခဲ့ရာ ည ၉:၁၅ ခန့်တွင် ပြီးဆုံးခဲ့ကြောင်း  သိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲအရ ပြည်ထောင်စု  ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း
ကော်မတီအဖွဲ့ နှင့် RCSS/SSA  အဖွဲ့တို့သည် အောက်ပါအချက် ၁၂ ချက်ကို သဘောတူ
ချက်ရရှိခဲ့သည်။
၁.   မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေးဆိုင်ရာ သဘောတူညီချက်
၂.   RCSS / SSA အဖွဲ့ဝင်များနှင့် မိသားစုဝင်များအားနေရာချထားရေး နှင့်ပတ်သက်၍
သဘောတူညီချက်
၃.   RCSS / SSA အဖွဲ့ဝင်များနှင့် ၄င်းတို့၏ မိသားစုများ အသက်မွေးဝမ်း ကျောင်းရေး
 လုပ်ငန်းများ လုပ်ကိုင်ရန်  သဘောတူညီချက်
၎.   ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လွတ်လပ်စွာ ထိန်းသိမ်းပျိုးထောင်ရာတွင် ပံ့ပိုးကူညီရန်
၅.   ပရဟိတ အဖွဲ့များဆိုင်ရာ သဘောတူညီချက်၆.   သတင်းနှင့် စာနယ်ဇင်း ဌာနထူထောင်
ခွင့် ပြုခြင်း
၇.   အကျဉ်းကျခံ နေရသည့်  RCSS/SSA အဖွဲ့ဝင်များ ကိစ္စ
၈.   ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ရှောက်ရေးအဖွဲ့၉.   မတရား အသင်းအဖြစ်မှ ပယ်ဖျက်ပေး
ရန်ကိစ္စ
၁၀.  စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရေး ကိစ္စ
၁၁.  RCSS/SSA တပ်ဖွဲ့များ အခြားသော အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးရေးကိစ္စ
၁၂.  နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ ပြုလုပ်ပေးရေးကိစ္စ  စသည့် အချက်များပါဝင်သည်။

ရန်ကုန်တိုင်းမ် ဂျာနယ် အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။

အဆိုပါ ဆွေးနွေးပဲသို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး  ဖော်ဆောင်ရေး  လုပ်ငန်းကော်
မတီမှ ဒုတိယဥက္ကဌ ဖြစ်သူ ကာကွယ်ရေး  ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း ၊ ပြည်
ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး ၊ ဗိုလ်ချုပ် သန်းထွန်းဦး၊
ဗိုလ်ချုပ် စိုးထွဋ်၊ ဦးသန်းဌေး၊ ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်
ဦးစဝ်အောင်မြတ် ၊ ဦးခင်မောင်စိုး၊ ဗိုလ်မှူးကြီး  အောင်သူ နှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်းတို့ 
နှင့်  ရှမ်းပြည် ပြန်လည်  တည်ဆောက်ရေး ကော်မတီ RCSS/ SSA  မှ ဥက္ကဌ ဒုတိယ
 ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင် သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင် (၂၃) ဦး သည်
 ယနေ့ နံနက် ၉ နာရီတွင် ကျိုင်းတုံမြို့ရှိ  တြိဂံတိုင်း စစ်ဌာနချုပ်ရှိ ရွှေတြိဂံ   ဧည့်ရိပ်သာ
အစည်း အဝေး ခန်းမ တွင် ငြိမ်းချမ်းရေး  ဆွေးနွေး ပွဲ ဒုတိယအကြိမ်  အဖြစ် ထပ်မံဆွေးနွေး 
ခဲ့ကြောင်း သိရသည်။ ပထမအကြိမ်အဖြစ် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် ဆွေးနွေးခဲ့
ကြောင်း သိရသည်။

ယင်းသို့ ဆွေးနွေးခဲ့ရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ
 ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)  ဗိုလ်ချုပ်ကြီးစိုးဝင်းက  ကျွန်တော်တို့လုပ်ငန်းကော်မတီရဲ့
ထာဝရငြိမ်းချမ်းရေး လုပ်ဆောင်ရွက်ချက်တိုင်း ဟာ လမ်းပြ မြေပုံသုံးရပ် ၊ လုပ်ငန်းစဉ်(၈)
ရပ်၊ပြည်ထောင်စု အစိုးရရဲ့သဘောထား နှင့် တပ်မတော်ရပ်တည်ချက် အတွင်းက သွားနေမှာ
 ဖြစ်ပါတယ် ဟု ထည့်သွင်းဆွေးနွေးသွားခဲ့သည်။

ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကော်မတီ RCSS/SSA မှဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး
ရွက်ဆစ် ဦးဆောင် သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင် (၂၃) ဦး မှာ ဥက္ကဌ ဒုတိယ
ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင် ပြီး အဖွဲ့ ခေါင်းဆောင် အဖြစ် ဗိုလ်မှူးချုပ် ဘောင်ခေး ၊
ဒုအဖွဲ့ခေါင်းဆောင် အဖြစ် ဗိုလ်မှူးချုပ် စိုင်းလူး၊ အတိုင်ပင်ခံအဖြစ် စဝ်ပင်ခမ်း၊ ငြိမ်းချမ်းရေး
 အကျိုးတော်ဆောင် စဝ်ခွန်မိဏ်း၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီးအောင်တိန်း ၊ ဗိုလ်မှူးကြီး
 အောင်မြ ၊ ဗိုလ်မှူးကြီး အောင်မောင်း၊ ဗိုလ်မှူးကြီး ခေးပျူ၊  ဗိုလ်မှူးကြီး တင်းခေး၊ ဗိုလ်မှူးကြီး
ဝမ်းလီ၊ ဒုဗိုလ်မှူးကြီး စိုင်းငင်း ၊ ဒုဗိုလ်မှူးကြီး စိုင်းဟန်၊ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း၊ ဒုဗိုလ်မှူးကြီး
ယီတစ်၊ ဒုဗိုလ်မှူးကြီး ဝန်းခေး၊ ဒုဗိုလ်မှူးကြီး ယွက်မိဏ်း၊  ဒုဗိုလ်မှူးကြီး ဟိန်းဖှ၊ ဗိုလ်မှူး
စိုင်းဦး၊ ဗိုလ်မှူး ဆိုင်ဝမ်း  နှင့် တာဝန်ရှိသူများ  တက်ရောက်ကြသည်။

ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကော်မတီ RCSS/SSA မှ ဥက္ကဌဒုတိယဗိုလ်ချုပ်ကြီး
 ရွက်ဆစ် က မူးယစ် ဆေးဝါး ပပျောက်ရေး စီမံကိန်းကို အဓိကထား ဆွေးနွေးတင်ပြခဲ့သည်။
အဆိုပါ စီမံကိန်းကို  ၆ နှစ်စီမံကိန်း ဖြင့်ပပျောက် အောင် စီမံကိန်း ချ ဆောင်ရွက်မည်
ဟုသိရ ကြောင်း ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ရေးသားဖော်ပြထားပါသည်။

မန်း/စည်ပင်အတွင်းရေးမှူးသား ထိုးကြိတ်မှု ဖြစ်ရပ်မှန်

သစ်ထူးလွင်မှာတင်ထားတဲ့ သတင်းနဲ့ပတ်သတ်ပြီး အားလုံးကလဲသိချင်ကြမယ်ထင်တဲ့ အမှန်တကယ်ဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုကိုပြောပြချင်ပါတယ်။

ဖြစ်ပုံကတော့ဒီလိုပါ။ အရိုက်ခံ၊အထိုးခံရတယ်ဆိုတဲ့ မထွယ်အောင် ရဲ့ညီမ မနူးနူးသော်ဆိုတာ မန်းစည်ပင်အတွင်းရေးမှူးရဲ့သား ချိုဌေးမောင်ရဲ့ ရည်းစားပါ။ ၃၁-၃-၂၀၁၂ နေ့ က မထွယ်အောင်နဲ့ညီမဖြစ်သူမနူးနူးသော်တို့စကားများ ကြပါတယ်။
စကားများရင်းကနေလက်ပါ ပါလာကြပြီး မထွယ်အောင်ကနေမနူးနူးသော်ကို ဆံပင်ဆွဲပါးရိုက်ပါတယ်။

အဲတာကိုမနူးနူးသော်ကမကျေနပ်လို့ ရည်းစားဖြစ်သူ ချိုဌေးမောင်ကိုဖုန်းဆက်ပြီးတိုင်ပါတယ်။အဲဒီမှာ ချိုဌေးမောင်က မထွယ်အောင်နဲ့ မနူးနူးသော် တို့ငှားနေတဲ့အိမ်ကိုရောက်လာပြီး မနူးနူးသော်နဲ့တွေ့ပါတယ်။ပြီးတော့အိမ်ထဲကပြန်အထွက် အပေါက်ဝရောက်တဲ့အချိန်မှာ မထွယ်အောင်နဲ့ ချိုဌေးမောင်တို့အပြန်အလှန်စကားများ ဆဲဆိုကြပြီး တစ်ယောက်နဲ့တစ်ယောက် လုံးထွေးသတ်ပုတ်ကြပါတယ်။

ချိုဌေးမောင်ကမထွယ်အောင်ကို လက်သီးနဲ့ထိုးသလို မထွယ်အောင်ကလည်း ချိုဌေးမောင်ရဲ့အင်္ကျီကိုဆွဲပြီး ဖိနပ်နဲ့ပါးရိုက်ပါတယ်။နောက်တော့ဘေးကလူတွေဝင်ဆွဲတာနဲ့ရန်ပွဲပြီးသွားပြီး တစ်ဖက်နဲ့တစ်ဖက်  အမှတ်(၉)ရဲစခန်းမှာ အပြန်အလှန် အပြန်အလှန် တရားစွဲကြပါတယ်။ဒီနေရာမှာသိစေချင်တာက ချိုဌေးမောင်ဘက်ကနေ အမှုဖွင့်ရာမှာသက်သေအဖြစ်နဲ့ လိုက်ပါတိုင်ကြားခဲ့တာက မထွယ်အောင်ရဲ့ ညီမ အရင်းဖြစ်တဲ့ မနူးနူးသော်ပါ။

တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အမှုဖွင့်တဲ့အတွက် နှစ်ဘက်စလုံးတရားလိုနဲ့ တရားခံတွေပါပဲ။အဲတာကြောင့်နှစ်ဖက်စလုံးကို ရဲတွေကအမှုနဲ့စစ်ဆေးပြီးနှစ်ဖက်စလုံးကို အာမခံနဲ့ လွှတ်ပေးပြီး အမှုကိုတရားစွဲတင်ဖို့ဆက်လက်ဆောင်ရွက်နေပါတယ်။သူတို့တွေဖြစ်တဲ့အမှုကလည်း အာမခံပေးရမယ့်အမှုဖြစ်တဲ့အတွက် အမှုအတောအတွင်းမှာ နှစ်ဖက်စလုံးကိုအာမခံနဲ့ လွှတ်ထားတာပါ။

            ဒီဖြစ်စဉ်ကိုပြန်ပြီးသုံးသပ်ရမယ်ဆိုရင် ဒီအမှုမှာ လူတင်ပါလို့နွားကျားကိုက်တယ် ဆိုတဲ့စကားပုံလို မနူးနူးသော်က ဖုန်းဆက်ပြီးရည်းစားကိုတိုင်တဲ့အတွက် ချိုဌေးမောင်က ညီအစ်မ နှစ်ယောက်ကြားမှာဝင်ပြီး သူရဲကောင်း လုပ်တာပါ။နှစ်ဖက်စလုံးကလဲ ဒေါသကိုရှေ့ထားပြီးဖြေရှင်းကြတဲ့အတွက် ဒီလိုအမှုအခင်းတွေ ဖြစ်ကုန်တာပါ။မထွယ်အောင်ပြောသလို အကျီရင်ဘတ်ကိုဆွဲပြီး ထိုးကြိတ်ရိုက်နှက်တာမှန်ပေမယ့် ဘာအကြောင်းမှ မရှိဘဲလုပ်တယ် ဆိုတာကတော့ မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းလဲတွေးမိမှာပါ။ချိုဌေးမောင်ဘက်က မိန်းကလေးတစ်ဦးကို ရိုင်းစိုင်းစွာ ထိုးကြိတ်ရိုက်နှက်ခဲ့သလို မထွယ်အောင်ကလည်း ပြန်ပြီးလက်တုန့်ပြန်ခဲ့ပါတယ်။

ကျွန်တော့်အမြင်ကတော့ ချိတ် ချိတ်ချင်းမို့ညှိကြတာပါ။မထွယ်အောင်ပြောသလို အကြောင်းမဲ့သက်သက်ဝင်ရိုက်တယ်ဆိုရင်ရပ်ကွက်ကလဲ ဒီအတိုင်းကြည့်နေမှာ မဟုတ်ပါဘူး။ နောက်ပြီး မထွယ်အောင်ပြောသလို အထက်က ဖိအားပေးလို့ အမှုမှန်ပေါ်ရေးအတွက် အနှောက်အယှက် အဟန့်အတားဖြစ်တယ်ဆိုတာ ကလည်း အခြေအမြစ် မရှိဘူးလို့ထင်ပါတယ်။ဒီအမှုဟာ ဆားပုလင်းနှင်းမောင်တို့ ၊ စုံထောက်ကြီးရှားလော့ဟုမ်း တို့ ၀င်စစ်ရလောက်မယ့် လျှို့ဝှက်နက်နဲတဲ့အမှုလည်းမဟုတ်ပါဘူး။ဒီဖြစ်ရပ်ကိုအကုန်မြင်တဲ့ သက်သေတွေလည်း ရှိပါတယ်။

မထွယ်အောင်က ရဲစခန်းကိုသွားမေးတော့ ဘယ်ရဲအရာရှိက အဲလိုပြောလိုက်တာလဲ။ဘယ်နေ့ကပြော လိုက်တာလဲ ။ တကယ်သွားမေးတာရောဟုတ်ရဲ့လား။ကိုယ့်စကားကိုယ် ဘယ်လောက်အထိတာဝန်ယူနိုင်သလဲ။ဒီလိုပြောနေလို့ကျွန်တော့်ကိုလည်း ဓားခုတ်ရာလက်ဝင်လျှိုတယ်မထင်ပါနဲ့။ကျွန်တော်ဘယ်ဘက်နဲ့မှ အမျိုးမ တော်ပါဘူး။

မထွယ်အောင် ထိုးကြိတ်ရိုက်နှက်ခံရတာမှန်ပါတယ်။ဒါပေမယ့် သူပြောသလို အကြောင်းမဲ့တော့မဟုတ်ပါဘူး။ သူပြောသလို ထိရောက်မှန်ကန်စွာအရေးယူပေးရန်နှင့်အများပြည်သူသိစေရန် ဆိုတဲ့နေရာမှာ သူကိုယ်တိုင်ကလည်း အများပြည်သူကို ပွင့်ပွင်းလင်းလင်း ရိုးရိုးသားသား ပြောပြဖို့လိုပါမယ်။ ချိုဌေးမောင်ကို အာမခံနဲ့လွှတ်ထားသလို မထွယ်အောင်ကိုလည်း အာမခံနဲ့ လွှတ်ပေးထားတာပါ။ငါ့စကား နွားရ ဆိုတဲ့ပုံမျိုးနဲ့ ပြည်သူကို အမှန်အတိုင်းမပြောဘဲ ရေးချင်ရာရေးလို့ပြီးရောလား။ဒီအမှုမှာ ချိုဌေးမောင် အပြစ်ရှိသလို မထွယ်အောင်မှာလဲအပြစ်ရှိပါတယ်။မထွယ်အောင်ဘက်ကလည်း  ရိုးသားမှုရှိစေချင်ပါတယ်။နှစ်ဦးနှစ်ဖက်စလုံး တရားရုံးမှာဥပဒေအတိုင်း ရင်ဆိုင်ရမှာပါ။တရားကိုနတ်စောင့်ပါတယ်။

အဖြစ်မှန်သိရှိသူတဦး ရေးသားပေးပို့ ထားတာပါ
Myanmar News Now

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း လန်ဒန်ရောက်

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း နဲ့ ဘီဘီစီ မေးမြန်းခန်း

ဉရောပ နိုင်ငံတွေရှိ အနောက်တိုင်း ပါလီမန် တွေ လေ့လာရအောင် လန်ဒန်မြို့ကို ရောက်လာတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ  သူရ ဦးရွှေမန်း က ဘီဘီစီ မြန်မာ ဌာန ကိုသီးသန့် တွေ့ဆုံ မေးမြန်းခွင့် ပေးရာမှာ အနောက်တိုင်း ပါလီမန် တွေနဲ့ မြန်မာ နိုင်ငံက ပြည်သူ့လွှတ်တော် ကို နှိုင်းယှဉ် ပြတဲ့ အချက်တွေ ရှင်းပြ သွားပါတယ်။

ပါလီမန် ရဲ့ အခန်းကဏ္ဍ ဟာ အရေးကြီးတဲ့ အတွက် အခုလို အနောက်တိုင်း ပါလီမန် တွေ လေ့လာခွင့် ရတဲ့ အခါမှာ ပြည်သူ့လွှတ်တော် လုပ်ငန်းမှာ ပိုမို အဆင်ပြေမယ့် သင်ခန်းစာတွေ၊ ဗဟုသုတတွေ ရခဲ့လို့ မြန်မာနိုင်ငံ အတွက် အကျိုးများစွာ ရှိကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

သင်ခန်းစာ ဆိုတဲ့ နေရာမှာ ဉရောပ နိုင်ငံတွေရဲ့ ပါလီမန် စနစ် တည်ဆောက်ရာမှာလည်း ကောင်းမွန်အောင်၊ ပြည့်စုံအောင် လုပ်ထားတဲ့ ကြားက လိုအပ်ချက်တွေ၊ အခက်အခဲ တွေ ရှိကြောင်း သက်ဆိုင်ရာ နိုင်ငံတွေ က ထုတ်ဖေါ်ပြောကြပုံ လည်း သူရ ဦးရွှေမန်း က ဘီဘီစီ ကို ပြောပါတယ်။

ဒါကြောင့်မို့ အရင်က ယူဆချက် တွေ အရ အနောက်တိုင်း ပါလီမန် တွေ အပေါ် ခန့်မှန်းချက် နဲ့ ကွာခြားချက် ဟာ သိပ်မကွာပဲ လုပ်နည်း ကိုင်နည်း ကွာတာသာ ရှိပုံလည်း ရှင်းပြပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ လူထုကိုယ်စားပြုတဲ့ ပါလီမန် ဖြစ်လာဖို့ ကတော့ အချိန် စောသေးကြောင်း၊ မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဉပဒေကို ၂ဝဝဂ ခုနှစ်က စတင် အသက်သွင်းပြီး၊ ၂ဝ၁၁ ခု နှစ် ကမှ လက်တွေ့ကျင့်သုံးတဲ့ အတွက် အချိန်ယူရဉီးမယ်၊ တွေ့ရှိချက်တွေ အပေါ် မူတည်ပြီး သက်ဆိုင်ရာ ပါလီမန် နဲ့ ပြည်သူ ရဲ့ အဆုံးအဖြတ် အပေါ် မူတည်ကြောင်း၊ အခြေခံ ဉပဒေ ကို ပြင်ဆင်ဖို့ ပြဌာန်းထားတဲ့ ဉပဒေ တွေလည်း ရှိပြီးသားမို့ ကျိုးကြောင်းညီညွတ်ရင် ပြင်ဆင်နိုင်တဲ့ အနေအထား ရှိပါတယ် လို့လည်း ဘီဘီစီ ကို သူရ ဦးရွှေမန်း က ပြောပါတယ်။

NLD နဲ့ ပူးပေါင်း ဆောင်ရွက်ရေး အပိုင်းမှာလည်း လွှတ်တော်ထဲမှာ ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့ အယူဝါဒ ကို အဓိက မထားပဲ နိုင်ငံ အတွက် အကျိုးများ မယ့် လုပ်ငန်းတွေ အဓိက ထားကြမယ် လို့ ယုံကြည် ကြောင်း ပြောပါတယ်။တပ်မတော်သားတွေ ပါလီမန်ထဲ မပါဝင်ရမယ့် အချိန်ကို ပြောဖို့တော့ စောသေးကြောင်း ၊ စစ်တပ်ထဲမှာလည်း ဒီမိုကရေစီ အပြည့်အဝ ရှိကြောင်းတွေ ဘီဘီစီ ကို သူရ ဦးရွှေမန်း က ပြောပါတယ်။
ဘီဘီစီ

မင်္ဂလာဒုံ ADK အထည်ချုပ် လုပ်သားများ အခွင့်အရေး တောင်းဆို

ရန်ကုန်၊ မေ ၁၉

လုပ်ခလစာ ပြသနာဖြင့် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်နေသော ရန်ကုန်မြို့တော် မင်္ဂလာဒုံ စက်မှုဇုန်ရှိ A Dream of Kindness အထည်ချုပ် စက်ရုံတွင် လုပ်ခလစာ တိုးမြင့်ပေးရန်၊ အလုပ်သမား အခွင့်အရေးများ တောင်းဆိုနေကြကြောင်း အဆိုပါစက်ရုံ အလုပ်သမားများက ပြောကြားသည်။

အနိမ့်ဆုံးလစာ ရှစ်သောင်းကျော် ရရှိရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အလုပ်သမားများ လုပ်ခလစာ တိုးမြင့်ပေးရန်၊ အများပြည်သူ အလုပ်ပိတ်ရက် အစိုးရ ရုံးပိတ်ရက် များတွင် အလုပ်ပိတ်ပေးရန်၊ All Night (ညလုံးပေါက်) အလုပ်ကို အလုပ်သမား ဆန္ဒပါမှသာ လုပ်ကိုင်စေရန်၊ လုပ်ငန်းခွင် သာယာမှု ရှိစေရန်၊ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့် ရရန် စသည့် အချက်များ အပါအဝင် အချက်များစွာကို တောင်းဆိုထားကြောင်း ယင်းအလုပ်သမားများက ပြောကြားသည်။

အလုပ်သမားများ လစာ တစ်လလျှင် ရက်မှန်ကြေး၊ အချိန်ပိုကြေး၊ Bonous (ဆုကြေး) အပါအဝင် စုစုပေါင်း ကျပ်လေးသောင်းကျော် ဝန်းကျင်မှ ကျပ်ခြောက်သောင်း ဝန်းကျင် အထိသာ ရရှိနေသဖြင့် စားဝတ်နေရေး အဆင်မပြေသဖြင့် ယင်းသို့ တောင်းဆိုခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

“လစာထုတ်ရင် အိမ်ပို့နိုင်ဖို့က ဝေးသေး။ အကြွေးတောင် မဆပ်နိုင်ဘူး” ဟု အလုပ်သမား တစ်ဦးဖြစ်သူ ဦးနိုင်ထွန်းလင်းက ရှင်းပြသည်။

ယင်းပြဿနာကို မင်္ဂလာဒုံမြို့နယ် အလုပ်သမား ကြီးကြပ်ရေးရုံးကို တင်ပြတောင်းဆိုခဲ့ သော်လည်း မေလ ၁၇ ရက်နေ့တွင် မြို့နယ်ဝါဏိဇ္ဇ ပဋိပက္ခ ကော်မတီကို လွှဲပြောင်းလိုက်ပြီ ဖြစ်ကြောင်း ယင်းအလုပ်သမားများက ဆိုသည်။

အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ A Dream of Kindness အထည်ချုပ် စက်ရုံကို ဖုန်းဆက်သွယ်သော်လည်း အဆက်သွယ် မရရှိသေးပေ။

အဆိုပါ စက်ရုံသည် မင်္ဂလာဒုံ ဥယျာဉ်မြို့တော်တွင် တည်ရှိပြီး စက်ရုံ အလုပ်သမား ၃၀၀၀ ကျော် ရှိကြောင်း အလုပ်သမားများထံမှ သိရသည်။

ရန်ကုန်မြို့တော် စက်မှုဇုန်များတွင် မေလ လဝက်အတွင်း စက်ရုံ ၁၀ ရုံကျော်တွင် ဆန္ဒပြမှု အကြိမ်ကြိမ် ဖြစ်ပွားလျှက် ရှိသည်။
The Voice Weekly

ဗိုလ်ချုပ်မှုးကြီးရဟတ်ယာဥရပ်ရန်အသုံးပြုခံခဲ့ရသည့် လယ်ယာမြေများလျော်ကြေးမရသေး

မန္တလေး မေ(၁၉)ရက်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာတွင် ၂၀၁၀ ခုနှစ်ဧပြီလက ဗိုလ်ချုပ်မှူးကြီးသန်းရွှေလာရောက်စဉ် ရဟတ်ယာဉ်ရပ်နားရန် ခေတ္တအသုံးပြုခဲ့သာ လယ်ယာမြေ ၀.၄၃ဧက အတွက် လျော်ကြေးမရရှိသေးကြောင်း သတင်းရရှိသည်။
“ ရပ်ကွက်က လူကြီးတွေက ခဏပါဆိုလို့ ပေးဌားလိုက်တာ။ ဗိုလ်ချုပ်မှူးကြီးလာပြီးသွားတော့လည်း မြေကိုပြန်မပေးဘူး။ ဒါနဲ့ ညှိုနှိုင်းပေးဖို့တောင်းဆိုတော့ ၂၀၁၁ခုနှစ် တစ်လပိုင်း လေးရက်နေ့မှာ စက်ရုံမှူးတို့ ရပ်ကွက်ဥက္ကဌတို့ ရပ်မိရပ်ဖတွေက ညှိုနှိုင်းပေးပြီး လျော်ကြေးငွေ ဆယ့်တစ်သိန်း( ၁၁သိန်း)ကို စက်ရုံမှူးကနေ ရရှိအောင်ဆောင်ရွက်ပေးရန် ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမယ့် ခု တစ်နှစ်ခွဲလောက်ရှိလာတာတောင် လျော်ကြေးမရသေးပါဘူး”ဟု အဆိုပါ လယ်ယာမြေပိုင်ရှင်ဖြစ်သူ ဦးဝင်းမြင့်၏ သမီး မခင်မျိုးဦးက ပြောသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)သည် ထိုအချိန်က ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာတွင်ရှိသော ဆေးဝါးစက်ရုံ၊ ကြွေရည်သုတ်စက်ရုံ တို့ထံ ရဟတ်ယာဉ်ဖြင့် လာရောက်လျှင် ဆင်းသက်ရန်အတွက် အဆိုပါကျေးရွာတွင် ရှိသော စက်ရုံအနီးနားရှိ လယ်မြေကွက်ကို ခေတ္တအသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြော သည်။
 7Day News Journal

မနန်းဝိုးဖန်၏ ဂျပန်နိုင်ငံသားခင်ပွန်းကို စသုံးလုံးမှ ဖမ်းဆီး

မေလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်
ကျော်စိုးလင်း-အိမ့်ခိုင်ဦး (YPI)

လွန်ခဲ့သည့် မတ်လ ၂၄ ရက်နေ့က စသုံးလုံးရုံး ငါးထပ်မှ ပြုတ်ကျသေဆုံးခဲ့ရသည့် မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသား မစ္စတာနာမာဆဲကို ၁၉၅၀ ခုနှစ်အရေးပေါ် အက်ဥပဒေပုဒ်မ ၅ (ဇ) ဖြင့် စွဲဆိုကာ ဖမ်းဆီးလိုက်သည်ဟု သိရှိရသည်။

၎င်း ဂျပန်နိုင်ငံသားနှင့် အတူ အိမ်ခြံမြေ ပွဲစားလုပ်ပေးသူ ဦးသိန်းနိုင်၊ ယူနတီ အိမ်ခြံမြေကုမ္ပဏီမှ ၀န်ထမ်း အချို့တို့ကို မေလ ၁၇ ရက်နေ့က လှိုင်သာယာမြို့နယ် တရားရုံးတွင် ယင်းပုဒ်မ ၅ (ဇ) ဖြင့် ရီမန် တပတ်ယူကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ စသုံးလုံးဘက်မှ ရီမန် အများဆုံး ၂ ပတ် (၂၈ ရက်) ယူခွင့်ရှိသဖြင့် ယင်းကာလအတွင်း အမှုတည်ဆောက်ကာ ရုံးတင်စွဲဆိုသွားမည်ဟုလည်း သိရသည်။

မနန်းဝိုးဖန် ၏ ခင်ပွန်းကို လိုက်လံကူညီနေပေးလျှက်ရှိသူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ` အခုစွဲဆိုချက်ကို နေပြည်တော် ပြည်ထောင်စုရှေ့နေချုပ်ရုံးက  ပုဒ်မတပ်ပေးခဲ့တာ၊ မေလ ၁၄ ရက်နေ့က မစ္စတာ နာမာဆဲနဲ့ ကျွန်တော်တို့ နေပြည်တော်မှာ ပြည်ထဲရေးရုံးနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို သွားခဲ့သေးတယ်´ ဟု YPI သို့ပြောသည်။

သွားရောက်တွေ့ဆုံသည့် ကိစ္စမှာ မေလ ၃ ရက်နေ့က  မစ္စတာ နာမာဆဲ ဂျပန်နိုင်ငံသို့ ပြန်မည်ပြုစဉ် လေဆိပ် လူဝင်မှုကြီးကြပ်ရေးမှ တားဆီးထားခဲ့ရာ တားဆီးထားသည့် အကြောင်းရင်းကို မေလ ၁၃ ရက်နေ့တွင် ရန်ကုန် စသုံးလုံးနှင့် လ၀ကတို့တွင် မေးမြန်းရာ ၎င်းတို့က နေပြည်တော်သို့ မေးရန်ညွှန်လိုက်သဖြင့် ၎င်းနှင့် မစ္စတာ နာမာဆဲတို့ နေပြည်တော်သို့ မေးမြန်းဖို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ပြောသည်။

စသုံးလုံး ဘက်မှ ယခုပုဒ်မဖြင့်စွဲဆိုသည့် အဓိက အချက်မှာ မစ္စတာ နာမာဆဲက ၎င်းပိုင်ငွေကြေးကို ဂျပန်နိုင်ငံမှ မနန်းဝိုးဖန်သို့ တရားမ၀င်နည်းလမ်းဖြင့် ပေးအပ်ပြီး အိမ်ခြံမြေများ ၀ယ်ယူခဲ့သည့် အပေါ် နိုင်ငံစီးပွားရေး ထိခိုက်စေသည် ဆိုသည့် စွဲဆိုချက်ဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ စသုံးလုံးမှ မနန်းဝိုးဖန်၏ ခင်ပွန်းအပါအ၀င် အိမ်ခြံမြေ အကျိုးဆောင်များကို ဖမ်းဆီးခြင်းမှာ မနန်းဝိုးဖန် စသုံးလုံး ရုံး ငါးထပ်မှ ပြုတ်ကျ သေဆုံးခဲ့သည့်အဖြစ်အပျက်အပေါ် လူသိရှင်ကြား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ မိသားစုဝင်များက စသုံးလုံးအား တရားစွဲဆိုနိုင်မည့် အချက်အလက်စုဆောင်း ပြင်ဆင်လျှက်ရှိသည်ကို လက်တုံ့ပြန်ခြင်းဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ ရှေ့နေအသိုင်းအ၀ိုင်းမှ ဝေဖန် ပြောဆိုလျှက်ရှိသည်။

မတ်လ ၂၈ ရက်နေ့က မနန်းဝိုးဖန်၏ ခင်ပွန်းဖြစ်သူနှင့် ဖခင်၊ ရှေ့နေ ဒေါ်အိအိအောင်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် တွေ့မြင်ရသည့် မစ္စတာ နာမာဆဲ (၀ဲဘက်တွင် ထိုင်နေသူ) ၊

ယခုလောလောဆယ်တွင် မနန်းဝိုးဖန် သေဆုံးရသည့် အဖြစ်အပျက်အတွက် ကျောက်တံတား ရဲစခန်းမှ တရားလိုပြုလုပ်ကာ သေမှုသေခင်းပြစ်မှုဖြင့် စတင်စစ်ဆေး နေပြီဖြစ်သကဲ့သို့ မနန်းဝိုးဖန်သေဆုံးရသည့် အဖြစ်အပျက်အတွက် ၎င်း၏ ဖခင်ဖြစ်သူက စသုံးလုံး အဖွဲ့မှ တာဝန်ရှိသူများကို တရားစွဲဆိုရန် ရှေ့နေငှားကာ ပြင်ဆင်နေစဉ် ယခုကဲ့သို့ စသုံးလုံးဖက်မှ မနန်းဝိုးဖန်ခင်ပွန်းဖြစ်သူကို ပုဒ်မတပ်ဖမ်းဆီး လိုက်ခြင်းဖြစ်သည်ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။

ဂျပန်နိုင်ငံသံရုံးမှ ၎င်းတို့ နိုင်ငံသား ဖြစ်သူအား တွေ့ခွင့်ရရှိရေးအတွက် ကြိုးစားလျှက်ရှိပြီး ယခုလောလောဆယ် မစ္စတာနာမာဆဲကို အင်းစိန်ထောင်တွင် ချုပ်နှောင်ထားရှိသည်ဟု စုံစမ်းသိရှိရသည်။

မနန်းဝိုးဖန် မတ်လ ၂၄ ရက်နေ့ သေဆုံးရသည့် အမှုကိစ္စကို တရားဝင်ခုံရုံးဖွဲ့စစ်ဆေးလျှက်ရှိသည်ဟု မတ်လ ကုန်ပိုင်းတွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ဗိုလ်မှူးကြီး တင်ဝင်းက ပြည်တွင်း အပတ်စဉ် ဂျာနယ်တစောင်သို့ ပြောကြားခဲ့သည်။                ။

စသုံးလုံး မှ ၄ ရက်ကြာ ခေါ်ယူစစ်ဆေးနေစဉ် ငါးထပ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ရသူ မနန်းဝိုးဖန် ၊ ယင်းအမှုကို ကျောက်တံတား ရဲစခန်းမှ တရားလိုပြုလုပ် စစ်ဆေးနေသည်ဟု သိရှိရသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် မြန်မာသံရုံး တံခါးဖွင့်ထား

ဓာတ်ပုံ Kyae Mon
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို နယူးယောက်မြို့ရှိ မြန်မာသံရုံးတွင် ဒေါ်ခင်စိုးဝင်း(ဗွီအိုအေ-မြန်မာဌာန) မှ သီးသန့်တွေ့ဆုံမေးမြန်းစဉ်။ (မေလ ၁၈ ရက်၊ ၂၀၁၂။)
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ သံအမတ်ကြီးအဆင့် ပြန်လည်ဆက်ဆံပြီး ပိတ်ဆို့ မှုတွေ လျှော့ပေါ့ပေးခြင်းအားဖြင့် မြန်မာလူထုအတွက် အခွင့်အလမ်းကောင်းတွေ ပေါ်လာနိုင်မယ် လို့ မျှော်လင့်သလို နိုင်ငံတကာ အသိုင်းအ၀ိုင်း အထူးသဖြင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ အပြောင်း အလဲကို ပိုမိုအသိမှတ်ပြု နားလည်သဘောပေါက်လာမှာဖြစ်လို့ အရေးပါကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောဆိုလိုက်ပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တော်ပြန်ရေး အဆင်ပြေအောင် သံရုံးအသီးသီးကို ညွှန်ကြားထားကြောင်းလည်း ပြောပါတယ်။ နယူးယောက်မြို့ ကုလသမ္မဂဆိုင်ရာ မြန်မာအမြဲတန်း ကိုယ်စားလှယ်အဖွဲ့ရုံးမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဗွီအိုအေ မြန်မာဌာနရဲ့အယ်ဒီတာအဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပြီးတော့ EU ဥရောပ သမ္မဂ တို့၊ နောက် အမေရိကန် ပြည်ထောင်စုတို့ကနေပြီးတော့ အရင်တုန်းက တားဆီးပိတ်ဆို့ထားတာတွေ ကို ဖြေလျှော့ပေးပါတယ်။ တချို့ဆိုလို့ရှိရင် EU ဥရောပသမ္မဂဆိုလို့ရှိရင် လုံးဝ ရုပ်သိမ်းပေးလိုက်တဲ့ သဘော ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ ယာယီဆိုင်းငံ့တဲ့သဘော ဖြစ်ချင်လည်း ဖြစ်မယ်၊ အဲဒီအခါကျတော့ အမေရိကန်နဲ့ မြန်မာနိုင်ငံရဲ့ဆက်ဆံရေးက ဒီလိုမျိုး တိုးတက်ကောင်းမွန် လာ တာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ အရေးပါတယ်လို့များ ယူဆပါသလဲရှင့်။
ဦးဝဏ္ဏမောင်လွင် ။     ။“နိုင်ငံတော်ရဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ် အသွင်ကူးပြောင်းမှုတွေကို အား တက်သရော ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်နဲ့လုပ်လာတဲ့အခါမှာ ဒီနိုင်ငံကြီးတွေ က နေပြီးတော့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို သူတို့အနေနဲ့ အလွန်ပဲ ချီးကျူးတယ်၊ အသိ အမှတ်ပြုတယ်။ ဘာ့ကြောင့်လဲ၊ သူတို့မျှော်လင့်ထားတဲ့ ခြေလှမ်းတွေထက် ပိုပြီးတော့ ကျနော်တို့ က မြန်ဆန်စွာနဲ့ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှုကဏ္ဍကို- အထူးသဖြင့်တော့ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ ပါတီစုံ ဒီမို ကရေစီစနစ်ကို နိုင်ငံရေးအရလည်း လက်တွေ့ တည်ဆောက်တယ်။ လူတွေရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုလည်း ကျနော်တို့က အားတက် သရော၊ နေ့စဉ်နဲ့ အမျှ ဆောင်ရွက်နေ တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ နိုင်ငံကြီးတွေကလည်းပဲ အသိအမှတ်ပြုလာခဲ့ပြီးတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး သူတို့ဘက်ကလည်းပဲ ဖြေလျှော့မှုတွေ လုပ်လာတယ်။
ဒီလို လုပ်တဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထူးသဖြင့် စီးပွားရေးပိုင်းမှာ ပိုပြီးတော့ တိုးတက်ဖို့၊ လျှင်မြန်ဖို့ ဖြစ်လာမယ်။ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံချက်တွေမှာလည်းပဲ ပိုပြီးတော့ အရှိန်အဟုန်ရလာမယ်။ ဒါဆိုရင် လူတွေရဲ့ လူမှုစီးပွားရေး ဘဝ တိုးတက်ဖို့အတွက်ကို တဘက်တလမ်းကနေပြီးတော့ အထောက်အကူ ပြုပေးလာမယ့် အနေ အထားတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်အနေနဲ့ကတော့ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းပြီးတော့ မိမိအပေါ်မှာ ပြန်လည်ရင်းနှီးလာအောင်၊ နွေးထွေးလာအောင် လက်ကမ်း လာတဲ့ နိုင်ငံကြီးတွေနဲ့လည်းပဲ ကျနော်တို့အနေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေကို ထူထောင်သွားပြီးတော့ အဓိက-ကတော့ ကျနော်တို့ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာဖို့၊ စီးပွားရေးဘဝတွေ၊ လူနေမှုအဆင့်အတန်းတွေ ပိုပြီး မြင့်မားလာဖို့ အတွက် ဒီလို နိုင်ငံအများအပြားနဲ့ ပူးပေါင်းဆောင်ရွက် တာတွေဟာ လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အခုအချိန်မှာ နိုင်ငံကြီးတွေနဲ့ဆက်ဆံရေး တိုးတက်လာတာဟာ နိုင်ငံတော်အတွက် အားရ ဖို့ ကောင်းတယ်၊ အထူးသဖြင့် ပြည်သူလူထုရဲ့ အခွင့်အလမ်းတွေ ပိုပိုပြီးတော့ ရလာမယ်။ လုပ်ငန်း ကိုင် ငန်းတွေလည်း တိုးတက်လာမယ်။
တခါ ကျနော်တို့လိုချင်တဲ့ လယ်ယာကို အခြေခံတဲ့ စက်မှုနိုင်ငံအဖြစ် ပြောင်းလဲဖို့မှာလည်း ကျနော်တို့ အတွက် အထောက်အကူ ဖြစ်လာမယ်၊ ဒီလို တိုးတက်မှု အခြေအနေတွေ ဟာ နိုင်ငံတော် အတွက်၊ ပြည်သူ လူထုအတွက် ကောင်းတဲ့အခွင့်အလမ်းတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်လို့ ရပါတယ်။”
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့- အခု အမေရိကန်ပြည်ထောင်စုကနေပြီးတော့ အမေရိကန် ကုမ္ပဏီကြီး တွေကို ရင်းနှီးမြှုပ်နှံကြပါလို့ ဝန်ကြီး ဟီလာရီကလင်တန်ကလည်း တိုက်တွန်းသွားတာ ကြားရပါ တယ်။ ပြီးတော့ အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေများ ဘယ်လိုမျိုး လာပြီး မြှုပ်နှံမယ့် အလားအလာရော ရှိတယ်လို့ ယူဆလို့ရပါသလဲရှင့်။
ဦးဝဏ္ဏမောင်လွင် ။     ။ “ကျနော်တို့အနေနဲ့ကတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပါ တယ်။ မြန်မာနိုင်ငံရဲ့ သဘာဝအရင်းအမြစ် သယံဇာတတွေ ပေါကြွယ်ဝမှုကလည်း ကမ္ဘာသိဖြစ်နေ တယ်။ အဲဒီအတွက်ကြောင့်မို့လို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်းပဲ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းဥပဒေတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ပေးပြီးတော့ နိုင်ငံတကာကနေ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်နိုင်တဲ့ အခြေအနေကောင်းတွေ ရရှိအောင် ဖန်တီးပေးနေတဲ့ အနေအထားရှိပါတယ်။ ဒါကြောင့်မို့လို့ ဌာနပေါင်းစုံ၊ ဘက်ပေါင်းစုံမှာ သူတို့စိတ်ဝင်စား ရင် စိတ်ဝင်စားတဲ့အခန်းကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းတွေ ရရှိလာမှာ ဖြစ်ပါတယ်။”
ဒေါ်ခင်စိုးဝင်း ။ ။ ဟုတ်ကဲ့- အထူးသဖြင့် အမေရိကန် ကုမ္ပဏီ၊ ဥပမာ -ရေနံကုမ္ပဏီမျိုးတွေလိုပေါ့နော်။ သူတို့အနေနဲ့ စိတ်ဝင်စားတယ်လို့ရော ကြားမိပါလားရှင့်။
ဦးဝဏ္ဏမောင်လွင် ။     ။ “ကျနော်တို့အနေနဲ့ကတော့ စီးပွားရေးကဏ္ဍပိုင်းမှာ ဘက်ပေါင်းစုံ က၊ နိုင်ငံ ပေါင်းစုံက လာရောက်ပြီးတော့ ကမ်းလှမ်းနေတဲ့ အနေအထားရှိပါတယ်။ မနေ့က ဝန်ကြီး ကလင်တန် ပြောသွားတဲ့အထဲမှာလည်း သူတို့အနေနဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုင်းဆိုင်ရာ ကဏ္ဍတွေ၊ သတ္ထု တွင်း ပိုင်းဆိုင်ရာ ကဏ္ဍတွေမှာ သူတို့အနေနဲ့ စိတ်ဝင်စားမှု ရှိတယ်၊ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ကိုင်မယ့် အလား အလာတွေရှိတယ်လို့ ထည့်သွင်းပြောကြားသွားတာလည်း ရှိပါတယ်။
အဲဒီတော့ ကျနော်တို့ဘက်ကလည်း ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ဆက်လက်ပြီးတော့ ထိတွေ့သွားမယ် ဆိုရင်တော့လည်း လုပ်ငန်း ကိုင်ငန်းတွေ ရှေ့မှာ ပေါ်ပေါက်လာစရာတွေရှိမယ်လို့ မျှော်လင့်လို့ရပါတယ်။ ”
ဒေါ်ခင်စိုးဝင်း ။ ။ အခု နိုင်ငံတော် သမ္မတကြီးက ဒုတိယ အကြိမ်ထပ်ပြီး ပြောတာ- ပြည်ပရောက် မြန်မာနိုင်ငံ သားတွေ မြန်မာနိုင်ငံကို ပြန်လာကြပါ၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ဝိုင်းဝန်းကူညီနိုင်ကြပါ တယ် ဆိုပြီး ဖိတ်ခေါ်ထားတာရှိပါတယ်။ ဝန်ကြီးတို့အနေနဲ့ သီးခြားပေါ့နော်- သက်ဆိုင်ရာ သံရုံးအသီးသီးကို ဘာတွေများ ညွှန်ကြားထားတာ ရှိပါသလဲ ရှင့်။ ပြည်ပရောက် မြန်မာနိုင်ငံ သားတွေ မြန်မာပြည်ပြန်တဲ့ အခါ မှာပေါ့လေ အဆင်ပြေချောမွေ့အောင် ဆိုပြီးတော့-
ဦးဝဏ္ဏမောင်လွင် ။     ။ “ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ အဆင်ပြေ ချောမွေ့ရေးနဲ့ ပတ်သက် ရင်တော့ နိုင်ငံခြားရေးဝန်ကြီးဌာန သံရုံးများ- အဖွဲ့ရုံးများရဲ့ တာဝန်ဝတ္တရားထဲ မှာ ပြည်ပရောက် မြန်မာ နိုင်ငံ သားတွေရဲ့ အကျိုးစီးပွားကို ကူညီဆောင်ရွက်ပေးဖို့၊ ကာကွယ်ပေးဖို့ ဆိုတာကို တာဝန်တရပ် ပြဌာန်းထား ပါတယ်။ ဒီဟာနဲ့အညီလည်း သံရုံးတွေက ဆောင်ရွက်ပေးနေ တာ ဖြစ်ပါတယ်။ ပြည်ပမှာ ရောက်နေကြတဲ့ အထဲမှာ မိမိရဲ့ အသက်မွေးဝမ်းကျောင်းမှုအရကြောင့်ဖြစ်စေ၊ ရေကြည်ရာ၊ မြက်နုရာ မိမိဘဝ တိုးတက်ရာ တိုးတက်ကြောင့်မို့ဖြစ်စေ ပြည်ပကို ရောက်နေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အတွက်တော့ သံရုံးက အမြဲတမ်း တံခါးဖွင့်ထားပါတယ်။ အကူအညီပေးဖို့လည်း အဆင်သင့် ဖြစ်ပါတယ်။
သူတို့အနေနဲ့ မြန်မာနိုင်ငံကို ပြန်ပြီးတော့ အကျိုးရှိမယ့်လုပ်ငန်းတွေ လုပ်ချင်တယ် ဆိုလို့ရှိရင်လည်း သူတို့ရဲ့ တတ်ကျွမ်းထားတဲ့ အသိပညာ၊ အတတ်ပညာတွေ၊ သူတို့နဲ့ ဆက်စပ်ပြီးတော့ ရရှိလာမယ့် နည်း ပညာတွေအပေါ် မူတည်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းမှာပဲဖြစ်ဖြစ် ပါဝင်ဖို့ အမြဲ ဖိတ်ခေါ်နေပါတယ်။
“တပိုင်းကတော့ ဥပဒေနဲ့ မညီညွတ်ဘဲနဲ့ ဥပဒေဘောင်ပြင်ပ ရောက်နေတဲ့သူတွေနဲ့ ပတ်သက်ပြီး တော့လည်း ပဲ သူတို့အနေနဲ့ သီးခြား မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ထိတွေ့လိုတယ်၊ ပြန်လည်ပြီးတော့ နိုင်ငံသားကောင်း တယောက်အနေနဲ့ ပြန်လည် ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေ ရှိတယ်ဆိုရင် တဦးချင်းအနေနဲ့ မိမိဆန္ဒကို ထုတ်ဖော်ပြီးတဲ့အခါမှာ ဆက်သွယ်လာလို့ ရှိရင် ကျနော်တို့အနေနဲ့ တဦးချင်း တဦးချင်း case by case စဉ်းစားပြီးတော့ ဆောင်ရွက်ပေး သွားမယ့် အနေအထားလည်း ရှိပါတယ်။ ဆောင်ရွက် လည်း ဆောင်ရွက်ပေးနေတယ်။ ဒါကတော့ ပြည်ပရောက်နိုင်ငံသားတွေ အားလုံးအတွက် ဖြစ်ပါတယ်။
“အဲဒီတော့ နိုင်ငံတော်ရဲ့ တည်ဆဲ ဥပဒေတွေကို ချိုးဖောက်ထားတဲ့ သူတွေ အနေနဲ့ကတော့ မိမိတို့ရဲ့ ချိုးဖောက် ထားတဲ့ ဥပဒေ၊ ပုဒ်မ အနေအထားတွေပေါ်မှာ မူတည်ပြီးတော့ ဒီကိစ္စရပ်တွေနဲ့အပေါ်မှာ မူတည်ပြီး မိမိရဲ့ဆန္ဒကို ကိုယ်တိုင်ကိုယ်ကျ ဖော်ပြပြီးတော့ လျှောက်ထားလာကြမယ် ဆိုလို့ရှိရင်တော့လည်း ကျနော်တို့ အနေနဲ့ ဆင့်ကဲ ဆင့်ကဲ ဆက်လက် တင်ပြပေးသွားဖို့ ရှိပါတယ်။”
ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဝန်ကြီး။
By ဒေါ်ခင်စိုးဝင်း (VOA)

ရွှေနံသာ တောင်သူလယ်သမားတွေ ကုမ္ပဏီထောင်

မင်္ဂလာဒုံမြို့နယ် ရွှေနံသာကျေးရွာက တောင်သူလယ်သမားတွေက မိမိတို့လယ်ယာတွေကို စက်မှုလယ်ယာအဆင့် ကုန်ထုတ်လုပ်မှုဖြစ်ပေါ်ရေး
အတွက် နေပြည်တော်မှာ မနေ့က ကုမ္ပဏီ မှတ်ပုံတင်ခဲ့ကြတယ်လို့ သိရပါတယ်။

လယ်သမားကိုယ်စားလှယ် (၉) ဦးနဲ့ သူတို့ကို အကူအညီပေးနေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဝင် ၂ ဦးတို့က နေပြည်တော်ရုံး အမှတ်(၃၂)မှာ သွားရောက်ပြီး ရွှေဝါစုပေါင်းညီညာ ဆိုတဲ့ အမည်နဲ့ ကုမ္ပဏီ မှတ်ပုံတင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလို တောင်သူလယ်သမားတွေ ကိုယ်ပိုင်ကုမ္ပဏီထောင်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက အခုလို ရှင်းပြပါတယ်။

“ကုမ္ပဏီထောင်ဖို့က ကျနော်တို့က စက်မှုလယ်ယာကိုပြောင်းရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ အဲဒီလိုမျိုး စက်မှုလယ်ယာ ပုံစံမျိုး မပြောင်းဘူး ဆိုလိှု့ရှိရင် အစိုးရရဲ့ ပေါ်လစီပိုင်းဆိုင်ရာ မျက်နှာသာပေးမှု မရတော့ဘူး၊ ဆိုလိုတာက အခု ဇေကမ္ဘာကုမဏီနဲ့ ကျနော်တို့က လယ်ယာလုပ်ပိုင်ခွင့် အငြင်းပွားဆဲ ဖြစ်နေတဲ့အချိန်မှာ ဇေကမ္ဘာကုမဏီက သူက စက်မှုလယ်ယာနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုတဲ့ မက်ဆေ့စ်မျိုးနဲ့ အစိုးရဆီက လုပ်ပိုင်ခွင့်ကို ယူဖို့ သူကကြိုးစားနေတယ်။

တောင်သူလယ်သမားတွေ ဘုစုခရုလေးတွေ မလုပ်နိုင်ဘူးဆိုတဲ့ အယူအဆမျိုး။ အဲဒီတော့ ကျနော်တို့က တောင်သူလယ်သမားတွေ အနေနဲ့လည်း ဒီလို Machine Farm ကြီးကိုအောင်မြင်အောင် လုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့လိုလာပြီ။ အဲဒီတော့ တောင်သူလယ်သမားတွေရဲ့ စုပေါင်းအားနဲ့ ကျနော်တို့က စနစ်ကျတဲ့ စက်မှု လယ်ယာကြီးကိုဖြစ်အောင် လုပ်မယ်”

ကုမ္ပဏီစည်းမျဉ်း သတ်မှတ်ချက်အရ တောင်သူလယ်သမား(၇)ဦးကို ဒါရိုက်တာအဖွဲ့ဝင် အနေနဲ့ တင်သွင်းခဲ့ပြီး ကျန်တဲ့လယ်သမားတွေကတော့ အစုရှယ်ယာဝင်တွေ အနေနဲ့ ပါဝင်တယ်လို့လည်း သိရပါတယ်။

နေပြည်တော်ကို လိုက်ပါသွားတဲ့ ရွှေနံသာကျေးရွာက လယ်သမားကြီး ဦးကျော်စိန်ကတော့ သူတို့လယ်သမားတွေအားလုံး ကိုယ်ပိုင်
ကုမဏီထောင်ဖို့ သဘောတူ လုပ်ဆောင်တာ ဖြစ်တယ်လို့ပြောပါတယ်။

“လယ်သမားတွေစုပေါင်းပြီးတော့ လယ်ယာကို စက်မှုလယ်ယာအဖြစ်နဲ့ ကုမဏီထောင်မယ်လို့ အားလုံးသဘောတူ ထားတာပေါ့။ အခုလယ်သမားတွေအားလုံး။”

ဒီကုမ္ပဏီအနေနဲ့ စပါးစိုက်ပျိုးထုတ်လုပ်တာ၊ တိရိစ္ဆာန်မွေးမြူတာ၊ စက်မှုထုတ်ကုန်များ ထုတ်လုပ်တာ၊ ဆန်စက်ထောင်တာ စတာတွေကို
ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပြီး စက်ပစ္စည်း ယန္တယားတွေ အကူအညီပေးမယ့်သူတွေလည်း အဆင်သင့်ရှိနေပြီလို့ သိရပါတယ်။
RFA-Burmese

ရန်ကုန်မြို့လူထု ၆ နာရီ တစ်ကြိမ် အလှည့်ကျ မီးရမည်

230 KV မဟာ ဓါတ်အားလိုင်းအားတွေ့ ရစဉ်(ဓါတ်ပုံ-Google Images)
ရန်ကုန် ၊ မေ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နှင့် မိုင် ၃၀ ခန့် အကွာ ရွှေလီနှင့် မန်ဆန် ကြားရှိ 230 KV မဟာ ဓါတ်အားလိုင်း အား ယနေ့နံနက် ၂ နာရီ ၄၇ မိနစ် ခန့်တွင် ဖေါက်ခွဲ ဖျက်ဆီး ခြင်းခံရသည့်အတွက် မေလ ၂၁ရက် နေ့မှ စတင်ကာ ရန်ကုန်စက်မှုဇုံများအား လျှပ်စစ်ဓါတ်အား ဖြတ်တောက်၍ ရန်ကုန်မြို့တော်အတွင်းရှိ မြို့နယ် များအား ၆နာရီ တစ်ကြိမ် အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်ဓါတ်အား ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့က ယနေ့နံနက်တွင်ပြုလုပ်သော အရေးပေါ် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ၌ ပြောပြခဲ့သည်။

ပြီးခဲ့သည် ၂၀၁၁ ခုနှစ် ဇွန်လ အတွင်းကလည်း ရွှေလီ ရေအား လျှပ်စစ် စီမံကိန်း မန်ဆန် ဓါတ်အားပေးစက်ရုံခွဲ ၏ ခြံစည်းရိုးအနီးတွင် ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့သည်။

The Voice Weekly

နတ်မောက်မြို့ နယ်မှာ လေပြင်မုန်တိုင်းကြောင့် အပျက်အစီးများပြီး လူတဦးသေဆုံး

မကွေးတိုင်း နတ်မောက်မြို့ နယ်တွင် ၂၀၁၂ မေလ (၁၅)ရက်နေ့ က လေပြင်းမုန်တိုင်း
ညနေ ၃ နာရီ ၃၀ မီနစ်ခန့် က တိုက်ခတ်ခဲ့ပါသည်။

လေပြင်းဒဏ်ကြောင့် စိုင်းကောင်းကျေးရွာ၊ သာယာအေးကျေးရွာ၊ ရွာသစ်ရွာ၊ နဘူးကွဲရွာ
ကံလှရွာ၊ သရက်ချောင်းရွာ၊ ကွင်းကြီးရွာ၊ သီးချောင်းရွာများမှ အဆောက်အဦးများပြိုကျ၍
အမိုးများကွာကျခဲ့ပါသည်။

အိမ်ခြေ(၅၈)ပျက်စီးပြီး ခန့် မှန်တန်းဖိုးကျပ်(၉၃)သိန်းကျော်ဖိုးခန့် ပျက်စီးခဲ့သည်ဟု
သိရပါသည်။ ဒေသခံရွာသားများကတော့ ဒီထက်ပိုနိုင်သည်ဟု ပြောပါသည်။

စန်းကန်၊ ကွင်းကြီးနှင့် သီးချောင်းရွာများရှိ အ.မ.က ကျောင်းများနှင့် စိုင်းကောင်းရွာ
ရှိ အ.လ.က ကျောင်းများလဲ ပျက်စီးခဲ့ပါသည်။

အဆိုပါလေပြင်မုန်တိုင်းကြောင့် ထိန်ပင်ကုန်းတဲတိုက်မှ ဒေါ်ကြင်အေး အသက်(၆၂)
သေဆုံးခဲ့ကြောင်း နတ်မောက်မြို့ မှ  ဒေါက်တာခင်မောင်အေး က သတင်းပေး
ပို့ ထားပါသည်။

Myanmar News Now






လေပြင်မုန်တိုင်း ဒဏ်ကြောင့် နတ်မောက်မြို့ နယ်မှ အပျက်အစီးများကိုတွေ့ ရစဉ်

ဝန်ထမ်းဟောင်းမိသားစုများ၏ ဒုက္ခ

"ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့  ဆောက်လုပ်ရေး
ဝန်ကြီးဌာန ဒေသအဖွဲ့  (၇) မှ ၀န်ထမ်းမိသားစုများနှင့် အငြိမ်းစားဝန်ထမ်းများဧ။်
 သောကများ"

ဆောက်လုပ်ရေးဝန်းအတွင်မှ အငြိမ်းစားဝန်ထမ်းများနှင့် သေဆုံးသူဝန်ထမ်းများဧ။်
ကျန်ရစ်သူမိသားစုများကို မြို့ နယ်အင်ဂျင်နီယာမှူး ဒေါ်ခင်မြင့် (ACE)့ဧ။်အမိန့်ဖြင့်
ဝန်ထမ်းလိုင်းခန်းမှရက်အနည်းငယ်အတွင်း အတင်းခြိမ်းခြောက်ပြောင်းခိုင်းနေပါသည်။

ပြောင်းရွှေ့ မပေးပါက ၀န်ထမ်းမိသားစုများကို တရားစွဲကာထောင်ချမည်ဟုလဲပြောပါသည်။
ဝန်ထမ်းမိသားစုများမှာ ရုတ်တရက် အိမ်ငှါးရန်မလွယ်ကူခြင်း နှစ်ပေါင်းများစွာလုပ်ကိုင်
လာခဲ့သော်လဲ လစာငွေနည်းပါးသောကြောင့် ကိုယ်ပိုင်အိုးအိမ်မရှိခြင်းတို့ကြောင့်
များစွာအခက်ခဲဖြစ်ရပါသည်။

ထို့အပြင်ဝန်ထမ်းလိုင်းခန်းဟုဆိုရာတွင်လည်း ၀န်ထမ်းများမရှိမဲ့ရှိမဲ့များနှင့်ကိုယ်ပိုင်
ဆောက်လုပ်ကာနေထိုင်ခြင်းဖြစ်ပါသည်။

ယခုပြောင်းရွှေ့ ရာတွင်လည်းထိုအိမ်များကို ထားခဲ့ရမည်ဟုလည်း မတရားသဖြင့် ပြောဆိုထားပါသည်။ လက်ရှိတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများမှလွဲလျင်
ကျန်မိသားစုဝင်များမှာ ရေဖြတ်ခြင်း မီးဖြတ်ခြင်းများခံခဲ့ရပါသည်။

ထို့ကြောင့်ကိုယ်ထူကိုယ်ထ ရေစက်များဖြင့်ရေပြသနာကိုဖြေရှင်းရပါသည်။
မီးပြန်ပေးသော်လည်း မီတာခကို တစ်လလျင် ၇၀၀၀ (ခုနှစ်ထောင်)နှင့် ၁၀၀၀၀
(တစ်သောင်း)ကြားပေးဆောင်နေကြရပါသည်။

ထိုကဲ့သို့များပြားစွာပေးနေရခြင်းမှာ ရုံးများမှသုံးသောမီတာခကို ပါပေးဆောင်နေ
ရခြင်းဖြစ်သည်ဟုသိရပါသည်။ ပြောင်းရွှေ့ ရမည့်အချိန်ကို 20,5,2012 ဟုသတ်မှတ်ထားသောကြောင့်ဝန်ထမ်းများမှာများစွာဒုက္ခေ၇ာက်ကြရပါသည်။

၎င်းဝန်းအတွင်းတွင် နှစ်ပေါင်းများစွာနေထိုင်လာသောနေထိုင်လာသောဝန်ထမ်း
မိသားစုဝင်တစ်ဦးက သူတို့မှာဘာမှပိုင်ဆိုင်မှူ့ မရှိသဖြင့်များစွာအခက်ခဲဖြစ်ကြောင်း ဒီဆောက်လုပ်ရေးဝန်ထမ်းမိသားစုများနေထိုင်ရာဝန်းသည်လဲ ဟိုးယခင်ကအလှူရှင်
တစ်ဦးမှ ၀န်ထမ်းများအဆင်ပြေပြေနေနိုင်ရန်လှူဒါန်းထားကြောင်း ပြောင်းရွှေ့ ရ
မည့်ရက်ကို နောက်ဆုတ်ပေးရန်တောင်းဆိုသော်လဲ ACE ကလုံးဝနောက်ဆုတ်မ
ပေးကြောင်း မေလ၂၀ ရက်နေ့အပြီးပြောင်းရင်ပြောင်း မပြောင်းရင် တရားစွဲ အမှူ့ ဖွင့်မည်
ဆိုသောကြောင့် ထိုဝန်အတွင်းမှ မိသားစုဝင်များစွာ သောကရောက်နေကြောင်း
 နိုင်ငံတော်အတွက်နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးပြီး ဘာမှပိုင်ဆိုင်မှူ့ မရှိခဲ့သော
အောက်ခြေအငြိမ်းစားဝန်ထမ်းများ အစိုးရ၀န်ထမ်းလုပ်ရင်း အသက်ဆုံးရှူံးခဲ့ရသော
ဝန်ထမ်းမိသားစုများဧ။်နောက်ဆုံးဇာတ်သိမ်းသည် တရားရုံးမှာအမှူ့ ရင်ဆိုင်ကာ
 ထောင်ကျမည့်ကိန်းဆိုက်နေပါသည်။ ထို့ကြောင့် ဒီအဖြစ်ကို သက်ဆိုင်ရာဝန်ကြီး
များနှင့် အများပြည်သူသိရှိအောင်တင်ပြလိုက်ပါသည်။

သန်လျင်မြို့ ဆောက်လုပ်ရေးဝန်းမှ ၀န်ထမ်းဟောင်းမိသားစုများ

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့ မီးလောင်ကျွမ်းမှု နောက်ဆက်တွဲ

မီးလောင်မှု မြင်ကွင်း (ဗွီဒီယို)

၂၀၁၂ မေလ ၁၈ ရက်နေ့  ညနေ ၃ နာရီ ၃၀ မီနစ်ခန့် မှာ 
သင်္ဃန်းကျွန်းမြိုနယ် သုဝဏ္ဏ ၂၄ ရပ်ကွက် သံသုမာလမ်းမပေါ်မှ ပန်းခြံအိမ်ရာ
သုံးထပ်တိုက်တန်းရှိ အပေါ်ဆုံးထပ်မှာ မီးလောင်းကျွမ်းမှု ဖြစ်ပွါးခဲ့ပါသည်။

အဆိုပါအခန်းမှာ  ငွေဝသုန်ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီလီမီတက်  ၏
အမွှေးတိုင်နှင့်  ဖယောင်းတိုင်များသိုလှောင်ထားသည့် အခန်းဖြစ်ပါသည်။

မီးလောင်းမှုကို  မီးသတ်ကား(၃၅)စီးနှင့် မီးသတ်အင်အား ၅၀ ကျော်တို့က
ဝိုင်းဝန်းမီးငြိမ်း သတ်ခဲ့ရာ  ၄း၁၅ မိနစ် လောက်မှာ မီးကိုထိမ်းသိမ်းနိုင်ခဲ့ပါသည်။

မီးသတ်အဖွဲ့ မှ အခြား အဆောက်အဦးများ ကို မပြန့်ပွားစေရေးကို ဦးစားပေး
 လုပ်ဆောင်ခြင်းကြောင့် အဆိုပါ စတင်လောင်ကျွမ်းသည့် အဆောက်အဦးတစ်ခု
တည်းသာ လောင်ကျွမ်းခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ဒေသခံများပြောပြ
ချက်အရ သိရပါသည်။

Myanmar News Now

ဆော - ကန်စွန်းမ - ဆိပ်ဖြူ လမ်းပိုင်းမှာ အာဏာပိုင်တွေနဲ့ ပေါင်းပြီး သစ်ခိုးထုတ်နေ

ဆော - ကန်စွန်းမ - ဆိပ်ဖြူ လမ်းပိုင်းမှာ ၀ါးနှင့်ဖုံးလာတဲ့ သစ်ကား

မကွေးတိုင်း ဆော - ကန်စွန်းမ - ဆိပ်ဖြူ လမ်းပိုင်းမှာ ဒေသခံပြည်သူတွေ မိုးရာသီ
အတွက် အိမ်ဆောက်ခြင်း နေအိမ်ပြုပြင်ခြင်းများ အတွက် လိုအပ်တဲ့ သစ်/၀ါး တွေကို
ခုတ်ရာမှာ သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးတားဆီးတာတွေ လုပ်နေပါတယ်။

အဆိုပါ လမ်းပိုင်းမှာ သက်ဆိုင်ရာအာဏာပိုင်တွေက သစ်တောဝန်ထမ်းတွေနှင့်
ပေါင်းပြီး သစ်များခိုးထုတ်မှုများပြုလုပ်နေကြတာတော့ကြာပြီး ဖြစ်ပါတယ်။

တစ်ချို့ကတော့ အရာရှိတွေနှင့်ပေါင်းပြီး သစ်စက်တွေထောင်ပြီး သစ်တွေခွဲ ပြီး
ခွဲသားတွေကို ချောက်မြို့ သို့  ခိုးထုတ်ရောင်းချနေကြောင်း ခိုးထုတ်လာတဲ့
သစ်ခွဲသား ကားနှင့် သစ်လုံးကား ခေါင်းချင်းဆိုင်ပြီး ဒရိုင်ဘာတွေ စကားပြောနေ
တာကို ကိုယ်တိုင်ကြားသိလာတဲ့ ဒေသခံတဦးက Myanmar News Now
ကိုပြောပြပါတယ်။

တစ်ချို့တွေကတော့ ၀ါးကားအမည်ခံပြီး သစ်လုံးတွေ ခွဲသားတွေကို ၀ါးနှင့်ဖုံးပြီး
ခိုးထုတ်နေကြကြောင်း ဒေသအာဏာပိုင်တွေကလည်း ဝေစားမျှစားနေကြတယ်
လို့ ဒေသခံများပြောပြချက်အရသိရပါတယ်။
Myanmar News Now

မုံရွာသစ်ပါးလွှာစက်ရုံ အလုပ်သမားများ ဆန္ဒပြ

မုံရွာမြို့အတွက် အိုးဘိုတောင် ရပ်ကွက် အိန္ဒိယနှင့်ဖက်စပ် လုပ်ကိုင်လျှက် ရှိသည့် သစ်ပါးလွှာစက်ရုံရှိ အလုပ်သမားများသည်  မေလ(၁၆)ရက်နေ့ ည မှ စတင်ပြီး လုပ်ခ လစာ တိုးမြှင့်ပေးရန်နှင့် အချိန်ပို အလုပ်ချိန်လျှော့ချပေး ရန် တောင်းဆို ဆန္ဒပြုမှုပြုခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြမှုအား ယနေ့ နေ့လယ်ပိုင်းတွင် ရပ်နားထားခဲ့ပြီး တောင်းဆိုမှုများ အား ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရက်သတ္တပတ် တစ်ပတ် အကြာတွင် ဆန္ဒပြမှုကို ထပ်မံ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပေါ်ပြူလာဂျာနယ် (Facebook) စာမျက်နှာ်မှာ
ဖော်ပြထားပါသည်။

မြေယာကိစ္စတွင် ရင်းနှီးမြုပ်နှံသူနှင့် တိုက်ရိုက်စကားပြောခွင့် ထားဝယ်ဒေသခံများ တောင်းဆို

ထားဝယ်ဒေသခံများ၏ တောင်းဆို ချက်မူရင်း (Myanmar News Now)
ထားဝယ်၊ ၁၈၊ ၅၊ ၂၀၁၂-(YPI)

ထားဝယ်စီမံကိန်းဧရိယာအတွင်း မြေယာလျော်ကြေးပေးအပ်မှုနှင့် ပက်သက်၍ ဒေသခံများ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့ကြောင်း ဒေသခံလူမှုရေး လှုပ်ရှားတက်ကြွသူတစ်ဦး ဖြစ်သည့် ကိုလေးလွင်က ပြောသည်။

နဘုလယ်ဒေသ၊ ထိန်ကြီးကျေးရွာတွင် ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံပွဲတွင် တောင်းဆိုချက် (၄) ချက်နှင့် အတူ ဒေသခံ ၂၀၀ ကျော်က လက်မှတ်ရေးထိုးကာ ၈၈ ကျောင်းသားခေါင်းဆောင်များမှ တဆင့် နိုင်ငံတော်သမ္မတကြီး နှင့် သတင်းမီဒီယာများသို့ ပန်ကြားလွှာပေးပို့ခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

 “ရွာသားတွေက မြေကိစ္စတွေနဲ့ ပက်သက်ပြီး လာလုပ်တဲ့ ကုမ္ပဏီနဲ့ တိုက်ရိုက်စကားပြောရတာမျိုးကိုပဲ လိုချင်တယ်“ ဟု ကိုလေးလွင်က ဆိုသည်။

ထိုပန်ကြားလွှာတွင် ပြည်သူ့ဝန်ထမ်းများက ရုံးခန်းသို့ခေါ်၍ ဈေးဆစ်ပေးခြင်းများ မပြုလုပ်ပါရန်၊ ဒေသခံများပိုင် မြေယာများနှင့် ပက်သက်၍ ရေရှည်ရင်းနှီးမြုပ်နှံခွင့်ရှိစေရန် မြေယာမှတ်ပုံတင်မှသည် အစုရှယ်ယာ လက်မှတ်များအထိ အသိအမှတ်ပြုပေးပါရန် နှင့် မိမိတို့မှာ ဖွံ့ဖြိုးမှုနှင့် စီးပွားရေးဇုန် စီမံကိန်းကို ဆန့်ကျင်သူများ မဟုတ်ကြောင်း ဖော်ပြပါရှိသည်။

“ ရွာသားတွေအနေနဲ့ နောက်ပိုင်းမှာလဲ အကျိုးခံစားခွင့်တွေလဲရှိရမှာပေါ့။ “ ဟု ကိုလေးလွင်ကဆိုသည်။

သိမ်းဆည်းမည့် မြေယာကိစ္စများနှင့် ပက်သက်၍ စီမံကိန်းတာဝန်ရှိသူများနှင့် တွေ့ဆုံစကားပြောရာတွင် အာဏာပိုင်များနှင့် မြေယာကိစ္စတရားရင်ဆိုင်ရပါက ထောင်ဒဏ် (၁) နှစ်မှ (၂) နှစ်အထိကျခံရနိုင်သည့် ဥပဒေရှိကြောင်း၊ ငွေဒဏ်ဆိုပါက ဒဏ်ငွေ (၃) သိန်းမှ (၅) သိန်းအထိ ကျခံရနိုင်ကြောင်းစသည်ဖြင့် ခြိမ်းခြောက်သည့် သဘောပါသောစကားများပြောသည်ဟု ဘ၀ါကျေးရွာမှ မြေပိုင်ရှင်ရွာသားတစ်ဦးက ပြောကြားသည်။

“ ထိထိရောက်ရောက်မလုပ်ပေးဘူး၊ ချိန်းတဲ့ ရက်လဲ မမှန်ဘူး “ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထားဝယ်အထူးစီပွားရေးဇုန်စီမံကိန်းအား ထိုင်းနိုင်ငံအခြေစိုက် အီတာလျံထိုင်း ဖွံ့ဖြိုးရေးကုမ္ပဏီနှင့် မက်(စ) မြန်မာကုမ္ပဏီတို့ ပူးပေါင်းကာ Dawei Development Co.ltd ဟုဖွဲ့စည်းပြီး တာဝန်ယူ အကောင် အထည်ဖော်နေခြင်းဖြစ်သည်။

ကန်ဒေါ်လာ ၈ ဘီလျံကျော် ရင်းနှီးမြှုပ်နှံမည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ထိုင်းနိုင်ငံရှိ အကြီးဆုံးစက်မှုဇုန် မဲတာပေါ့ထက် ၁၀ ဆခန့် ပိုမိုကြီးမားမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဆက်သွယ်မည့် (၈) လမ်းသွားလမ်းမ၊ ရေနံဓါတုစက်ရုံများပါဝင်သည်။
 
တောင်းဆိုချက်အတွက် လက်မှတ်ရေးထိုး နေစဉ်၊ (သတင်းဓါတ်ပုံ-YPI)

မန္တလေးတိုင်း ရဲတပ်ဖွဲ့ဝင်များ ဆက်ကြေးမကောက်ခံရန် ညွှန်ကြား

ဓါတ်ပုံ (Google Images)
မေလ ၁၈ ရက်၊ ၂၀၁၂ ခုနှစ် -

ကျော်သူရမျိုး ( YPI )

မန္တလေးတိုင်းအတွင်းရှိ မြို့တွင်း၊ မြို့ပြင်လမ်း၊ တံတားနှင့် စစ်ဆေးရေးဂိတ်များတွင် ရဲတပ်ဖွဲ့ဝင်များက ဆက်ကြေး (ငွေကြေး) ကောက်ခံပါက ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ အမည်မဖေါ်လိုသူ ရဲအရာရှိတဦးက ပြောသည်။

“တိုင်းဒေသကြီး (မန္တလေး) ၀န်ကြီးချုပ်က တိုင်းရဲတပ်ဖွဲ့မှူးကို ခေါ်ယူတွေ့ဆုံပြီး ညွန်ကြားခဲ့တာပါဟု” ၎င်း ရဲအရာရှိက ပြောသည်။

ယခုညွှန်ကြားချက်တွင် အောက်ခြေအဆင့်ဆင့်ရှိ ရဲတပ်ဖွဲ့ဝင်များအနေနှင့် ဆက်ကြေးကောက်ခံခြင်း မပြုရန်သာမက ရဲအရေးပိုင်အမှုများတိုင်ကြားပါက ပညာပြခြင်း၊ ညစ်ပတ်ပြီး ဆောင်ရွက်ခြင်းနှင့် ပြည်သူလူထုနှင့်ဆက်ဆံပါက မချေမငံဆက်ဆံခြင်း မပြုရန်ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူ ဆင့်ဆင့်ကကြပ်မတ် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ရဲအရာရှိများထံမှ သိရသည်။

“မနှစ်က  public (အများနှင့်ဆိုင်သည့်) ဧရိယာမှာ သတင်းဓါတ်ပုံရိုက်တာကို ရဲတွေက လိုက်ဖမ်းတယ်။ အချုပ်ကားနှင့် ရဲစခန်းကိုပို့ပြီး စခန်းရောက်တော့ အရာရှိတစ်ယောက်က ထောင်ချလို့ရတယ်ဆိုပြီး ရင့်ရင့်သီးသီးနဲ့ ခြိမ်းခြောက်တာခံခဲ့ရဖူးတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသည့် မြနန္ဒာဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုမင်းဒင်ကပြောသည်။

မန္တလေးမြို့ဝင်ထွက်ပေါက်များရှိ စစ်ဆေးရေးဂိတ်များဖြစ်သည့်  (၁၆) မိုင် စစ်ဆေးရေးဂိတ်၊ ရွေကျင်စစ်ဆေးရေးဂိတ်၊ မြစ်ငယ် ပူးပေါင်း စစ်ဆေးရေးဂိတ်၊ ရတနာပုံတံတားနှင့် စစ်ကိုင်းတံတား စစ်ဆေးရေးဂိတ် များတွင်ရဲတပ်ဖွဲ့ဝင်များအနေနှင့် ပြည်သူများကို မချေမငံဆက်ဆံခြင်းနှင့် ငွေကြေးတစုံတရာ တောင်းခံခြင်း ပြုလုပ်ပါက ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်ဆိုင်းဘုတ်များကို ချိတ်ဆွဲဖို့ ညွှန်ကြားထားကြောင်းလည်း မြို့နယ်ရဲတပ်ဖွဲ့ ရုံးမှ ပြောဆိုချက်အရ သိရသည်။

 အဆိုပါစစ်ဆေးရေးဂိတ်များတွင်သာမက မန္တလေးတိုင်းအတွင်းရှိ မြို့အသီးသီးများ၏ မြို့ဝင်၊ ထွက် စစ်ဆေးရေးဂိတ်များတွင်လည်း ဆက်ကြေး(ငွေကြေး) ကောက်ခံပါကတိုင်ကြားနိုင်မည့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှူးရုံး ဖုန်းနံပါတ်ဆိုင်းဘုတ်များ ချိတ်ဆွဲသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ထံမှသိရသည်။

ယင်းစစ်ဆေးရေးဂိတ်များတွင် ရိုင်းပြစွာဆက်ဆံခြင်း၊ ငွေတောင်းခံခြင်းတို့ ရှိပါက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ၀၂-၃၆၉၈၂ ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၀၂-၃၆၇၇၈၊ အမရပူရ ရဲတပ်ဖွဲ့မှူးရုံး ၀၂-၇၀၅၈၈၊ ပုသိမ်ကြီးရဲတပ်ဖွဲ့မှူးရုံး ၀၂-၅၇၉၀၅ တို့ ဖြစ်သည်ဟု သိရသည်။

“ရဲတွေကို တိုင်ကြားနိုင်မဲ့ ဖုန်းနံပါတ် ဆိုင်းဘုတ် ချိတ်ဆွဲမယ်ဆိုတာ ရှားပါးဖြစ်စဉ်ပါ။ မတရားခံရတဲ့ ပြည်သူတွေအနေနဲ့ တိုင်ကြားချိန်မှာ နံမည်၊ ရာထူး၊ ဖြစ်စဉ်အပြည့်အစုံနဲ့ တိုင်ကြားရင် ပိုမိုထိရောက် ပါတယ်”ဟု အငြိမ်းစားရဲအရာရှိတစ်ဦးကပြောသည်။       ။

Yangon Press International

ပတ္တမြားမြို့သစ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် ခိုက်ရန်ဖြစ်မှု အပြန်အလှန် စွပ်စွဲ

ရန်ကုန်၊ မေ ၁၇
တပ်မတော် တပ်ရင်း တပ်ဖွဲ့များနှင့် ရဲတပ်ရင်းများ တည်ရှိရာ မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်တွင် မေလ ၁၆ ရက်နေ့ညက အဆိုပါ ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသူများကို အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဝင်ရောက် ရိုက်နှက်ကာ ရပ်ကွက်ကို ခြိမ်းခြောက် ပြောကြားခဲ့သည်ဟု ရပ်ကွက်လူထုက ဆိုပြီး ယင်းရဲတပ်ရင်းမှ အရာရှိကမူ ရပ်ကွက်၏ ရန်စမှု သာဖြစ်ကြောင်း အပြန်အလှန် စွပ်စွဲ ပြောဆိုသည်။

အချင်း ဖြစ်ပွားသည့်နေ့ နေ့လည်ပိုင်းက ယင်းရပ်ကွက် စိန်သပြေ လမ်းပေါ်တွင် ရပ်ကွက်မှ လူငယ်နှစ်ဦးနှင့် အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးတို့ အချင်းများ ခဲ့သည်ကို အငြိုးထား၍ ည ၇ နာရီ မိနစ် ၃၀ ခန့် မီးပျက် နေချိန်၌ အောင်စည်တော် လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသူများကို အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်ငါးဦးက ရာဘာတုတ်များဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ကြောင်း၊ ရပ်ကွက်အတွင်း၌ ဖြန့်ကြက်ထားသူ ရဲတပ်ဖွဲ့ဝင် ၇၀ ဦးခန့်ရှိပြီး အရိုက်ခံရသူ ရပ်ကွက်မှ ခုနစ်ဦးခန့် ရှိကြောင်း ယင်းဖြစ်ရပ်ကို တွေ့ရှိခဲ့သူ ဦးလှထွေးက ပြောကြားသည်။

"သတ္တိရှိတဲ့ကောင် ထွက်ခဲ့။ တစ်ရွာလုံး မီးရှို့မယ်"ဟု ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်ကို ခြိမ်းခြောက် ပြောဆိုမှုများ ကြောင့် အိမ်အတွင်းသို့ ၀င်ရောက်နေရကြောင်း စိန်သပြေလမ်း၌ နေထိုင်သူ ဦးကျော်မျိုးက ၎င်းကြားခဲ့ရသည်ကို ပြန်လည် ပြောဆိုသည်။
"လမ်းတစ်လျှောက် တွေ့သမျှ ရိုက်နှက် သွားတယ်။ ရေအိုးတွေခွဲ၊ ဆိုင်တံခါးတွေကို ခဲနဲ့ထုသွားတယ်"
ဟု ကွန်ပျူတာဆိုင် ဖွင့်လှစ်ထားသူ အသက် ၁၈ နှစ်ခန့်ရှိ ကိုစိုးမိုးက ဆိုသည်။

"ရဲတွေက အဲလို အကြမ်းဖက်ရင် ကျွန်တော်တို့က ဘယ်သူ့သွား အားကိုးရမှာလဲ"
ဟု ဦးလှထွေးက ပြောဆိုသည်။

အမှတ် ၈ ရဲတပ်ရင်းမှ ရဲအရာရှိ တစ်ဦးကမူ လက်ဘက်ရည်ဆိုင်တွင် သာမန် ခိုက်ရန် ဖြစ်ပွားခြင်းသာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်ကို ခြိမ်းခြောက်ခြင်း မဟုတ်ကြောင်း၊ ယင်းဖြစ်ရပ်တွင် ပါဝင် ပတ်သက်ခဲ့သော တပ်ဖွဲ့ဝင်များကို လည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း The Voice Weekly ၏ သွားရောက် တွေ့ဆုံ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ယင်းဖြစ်ရပ်အပြီး မေလ ၁၇ ရက်နံနက် ၁ နာရီဝန်းကျင်တွင် ၎င်းတို့တပ်ဖွဲ့မှ အရာခံဗိုလ်တစ်ဦး၏ သားကို ရပ်ကွက်က မှားယွင်း ရိုက်နှက်မှုကြောင့် မင်္ဂလာဒုံ တပ်မတော်ဆေးရုံသို့ တင်ပို့ထားရကြောင်း ၎င်းက တုန့်ပြန် ပြောကြားသည်။

"ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက ပြဿနာဖြစ်ရင် မှားလည်း အရေးယူ ခံရမယ်။ မှန်လည်း အရေးယူ ခံရမယ်။ အရပ်သားက မှားမှ အရေးယူ ခံရတာ"ဟု ၎င်းတို့ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အပေါ် ရှင်းပြသည်။
The Voice Weekly
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်