အငိုလွယ်အရှိုက်ခက်လာနိုင်သော ကိုယ်ပိုင်ကျောင်းဥပဒေ

၂ဝ၁ဝ နှစ်ဆန်းပိုင်းအချိန်လောက်ဖြစ်မယ်ထင်တယ် ပညာရေးလောကမှာ သတင်းတစ်ခုစတင်ထွက်လာပါတယ်။ အဲဒါကတော့ ပြင်ပမှာသင်ကြားနေတဲ့ ကျူရှင်တွေ ကိုယ်ပိုင်ကျောင်းထောင်ခွင့်ပေးတော့မယ်တဲ့ဆိုတဲ့အကြောင်းပါ။

ဒီကိစ္စနှင့်ပတ်သက်လို့ ကိုယ်ပိုင်ကျောင်းထူထောင်မယ့်သူတွေက စိတ်ဝင်တစားနဲ့ ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူအသီးသီးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာအဖြေမပေးနိုင်ခဲ့ပါဘူး။

ဒီလိုနဲ့ ကျောင်းဖွင့်ခါနီးအချိန်ရောက်တော့ ကိုယ်ပိုင်ကျောင်း ဖွင့်ခွင့်လိုင်စင်ကို ပညာရေးဝန်ကြီးဌာနမဟုတ်တဲ့ အဲဒီအချိန်က ဒေသဆိုင်ရာအာဏာပိုင်တွေဆီ လျှောက်ထားရမယ်ဆိုလို့ နီးစပ်သူတစ်ချို့ လက်သိပ်ထိုးလျှောက်လိုက်ကြတာ ရတဲ့သူရ မရတဲ့သူမရနဲ့ပေါ့၊ ဖွင့်လှစ်ခွင့်ရတဲ့သူတွေကလည်း လက်မတစ်ထောင်ထောင်နဲ့ ပိုယ်ပိုင်ကျောင်း ဆိုင်းဘုတ်တွေဘာတွေတင်ပြီးဖွင့်ပွဲတွေဘာတွေလုပ်လို့ပေါ့။ အဲဒီအချိန်ကြမှ ပညာရေးဝန်ကြီးဌာနက ဒီကိစ္စတွေကိုသူတို့မသိရပါဘူး . . . သူတို့ခွင့်ပြုချက်လည်းပေးမထားပါဘူးဆိုပြီးပြောတဲ့အခါကြမှ ဆိုင်းဘုတ်တွေပြန်ဖြုတ်ချကြရတယ်။

ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခွင့်ပြုရေးဟာ စကတည်းက ဒီလိုအရှုပ်နဲ့စခဲ့ကြတာ။ ဒီကိုယ်ပိုင်ကျောင်းဆိုတာကိုသဲသဲလှုပ်ခဲ့ကြတာကလည်း . . .ဒီသက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ငွေကြေးချောင်လည်သူတစ်ချို့ က မိမိတိုသားသမီးများကို သူများထက်ထူးချွန်စေချင်တော့ ပြင်ပနာမည်ကြီးကျူရှင်တွေ၊ ဘော်ဒါတွေ၊ သီးသန့်ဝိုင်းတွေမှာ ထားကြတယ်၊ ဒီတော့ ကျူရှင်ဆရာများကလည်းသူတို့ကိုယ်သူတို့အမွန်းတင်ချင်တော့၊ ကျောင်းကဆရာ၊ဆရာမတွေက ဘာမှလည်းမတတ်၊ ကောင်းကောင်းလည်းမသင်၊ စေတနာလည်းမရှိ၊  သူတို့သင်မှဘဲကျောင်းသား၊ ကျောင်းသူတတ်တော့ မယောင်ယောင်ပြောဆိုခဲ့ကြတယ်။

 ပြီးတော့ကိုယ်တာဝန်ယူသင်နေရတဲ့ကလေးအခြေအနေမကောင်းတဲ့အခါကြတော့၊့ ကလေးကအမှတ်နည်းမှာပေါ့၊ တစ်နေကုန်နားမှမနားရဘဲ၊ ကျောင်းပြီးကျူရှင်၊ ကျူရှင်ပြီးကျောင်း ပြေးလွှားနေရတာ၊ ဒီဘာမှမဟုတ်တဲ့အစိုးရကျောင်းတက်နေရတာ အချိန်ကုန်တယ်၊ပင်ပမ်းတယ် . .  ကိုင်ပိုင်ကျောင်းသာဖွင့်လှစ်ခွင်ရပြီး မိမိတို့စိတ်ကြိုက်သာကိုင်တွယ်ခွင့်ရရင် အားလုံးထူးချွန်တဲ့ကလေးတွေချည်းဖြစ်လာမှာဆိုပြီး . .  အာဏာရှိသူတွေထံ နားပေါက်အောင်ပြောဆိုခဲ့ကြတယ်။ တာဝန်ရှိသူတွေကလည်းမိမိတို့ကလေးတွေအတွက်ကရှိသေးတော့ ဟုတ်နိုးနိုး ယုံကြည်ခဲ့ကြတယ်။ တစ်ကယ်တမ်း ကျောင်းကဆရာတွေ၊ဆရာမတွေခင်ဗျာပညာရေးနဲ့မပတ်သက်တဲ့ တာဝန်တွေ အမျိုးမျိုးကြားထဲက  ကြိုးစားပမ်းစားသင်လားမသင်လားဆိုတာကို မိဘများသိသိကြီးနဲ့မျက်ကွယ်ပြုခဲ့ကြတယ်။

ပြင်ပမှ ကျူရှင်ဆရာများကလည်း ဆရာ၊ဆရာမများကိုတိုက်ခိုက်ခဲ့ကြတယ်။ အတန်းတွင်းမှာတော့ကောင်းကောင်းမသင်ဘူး၊ အိမ်မှာတော့ကောင်းကောင်းသင်တယ်စသည်ဖြင့်ပေါ့ . . ။ ဒါကို သိသိကြီးနဲ့ယုံပြီးအစိုးရကျောင်းများမှ ဆရာဆရာမများကို နှိမ်ချခဲ့ကြတယ်။ ကိုယ့်အတန်းထဲကကလေးကိုယ်ကျူရှင်ပြန်ပြတယ်ဆိုတာကလည်း မိဘတွေကစပြီးကိုယ်သားသမီးကိုယ် သူများထက်ထူးချွန်စေချင်လို့၊ ဌင်ပေါ်ချင်လို့ စတင်ဖန်တီးခဲ့ကြတာပါ။

အရိုးသားဆုံးပြောရရင် (Demand) ရှိလို့ (Supply) ရှိလာရတာပါ။ ဒါကလည်း အခြေခံပညာဦးစီးဌာနမှာရှိတဲ့ ကျောင်းပေါင်းသောင်းချီရှိတဲ့ထဲမှာမှ ဆယ်ဂဏန်း၊ ဆရာ၊ဆရာမဦးရေ သိန်းချီရှိသည်မှရာဂဏန်းမပြည့်ခဲ့ပါဘူး။ ဖြစ်ပွားမှုအများစုကြည့်ကြမယ်ဆိုရင်လည်း မြို့ ပေါ်မှာရှိတဲ့
 ကျောင်းအများစုပါ။ အဓိကတော့ ရန်ကုန်နဲ့မန္တလေးပါ။ မြန်မာပြည်အနှံ့အပြားမှာ အိပ်စိုက်စာသင်ပေးနေတဲ့ ဆရာ၊ဆရာမများစုရဲ့ မျက်နှာကိုမှမထောက်၊ သင်ကြားရေးဆရာ၊ဆရာမမပြည့်စုံလို့ တစ်ယောက်တည်းဘာသာစုံသင်နေရ ၊ လခနည်းပါးစွာဖြင့် တိုင်းပြည်ရဲ့အကြီးမားဆုံးသောတာဝန်ဖြစ်တဲ့ပညာရေးမှာဘဝနစ်မြုပ်ထားကြတဲ့ဆရာဆရာမတွေကို  မိဘတွေတင်မကဘူး မီဒီယာတွေကပါ ရေနစ်သူဝါးကူထိုးကြတယ်။

ဒီနေ့ဆရာ၊ဆရာမများမကောင်းပြောနေတဲ့သူတွေလည်းမိမိတို့ ကိုပညာရရှိအောင် ဒီဆရာ၊ဆရာမတွေကဘဲ သင်ကြားပေးခဲ့တယ်ဆိုတာမမေ့သင့်ဘူး။ ထားပါတော့ကိုယ်ပိုင်ကျောင်းအကြောင်းဆက်ရအောင်၊ ဒီလိုနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပညာရေးဝန်ကြီးဌာနဘယ်လိုညှိလိုက်ကြတယ်ဆိုတာတော့မသိဘူး၊ အခြေခံပညာက ညွှန်ချုပ်၊ တိုင်းပညာရေးမှုးတွေက အာဏာပိုင်တွေ စာရင်းပေးတဲ့ ကျောင်းတွေကိုသွားရောက်စစ်ဆေးစေပြီး၊ ဆက်လက်တင်ပြစေကာ အာဏာပိုင်တွေမှ စမ်းသပ်ဖွင့်လှစ်ခွင့်ပြုသည်ဆိုပြီး ကျောင်းအခိျု့ကို စတင်ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။ ဒီလိုဖွင့်လှစ်ခွင့်ပြုအောင်လည်းအခြေခံပညာမှတာဝန်ရှိသူတွေကို သိန်း(၅ဝဝ)အထိပေးခဲ့ကြရတယ်ဆိုတာကို အဲဒီ အချိန်တုန်းက ပညာရေးဒုတိယဝန်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်အောင်မျိုးမင်းက  (Voice) ဂျာနယ်မှာ ပစ်တိုင်းထောင်ဆိုတဲ့ကလောင်အမည်နဲ့ဖော်ထုတ်ဝန်ခံရေသားခဲ့ပါတယ်။

ပြောရရင်တော့ ပညာရေးမှ ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ ကျူရှင်ဆရာများအကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းပါ။ ပညာရေးကတာဝန်ရှိသူများကလည်း ကိုယ့်တပ်ကိုယ် စိစိညက်ညက်နင်းချေ၊ နှိမ်ချအပြစ်တွေဖို့ပြီး ကိုယ်ပိုင်ကျောင်းထောင်မဲ့သူတွေကို ဖူးဖူးမှုတ်ခဲ့ကြတာပါ။ ဒါပေမဲ့ အသိတရားရှိတဲ့ ဆရာကြီး၊ဆရာမကြီးများရဲ့ အသိတရားကြောင့်၊ ဒီကိုယ်ပိုင်ကျောင်းတွေကို၊ တန်းတင်တန်းချ၊ စာမေးပွဲစစ်ခွင့် မေးခွန်းထုတ်ခွင့်၊ ခွင့်မပြုခဲ့ပါဘူး။ ပြီးကျောင်းသားမှတ်ပုံတင်ကိုလည်း အနီးစပ်ဆုံးအထက်တန်းကျောင်းတစ်ကျောင်းမှာ မှတ်ပုံတင်ပြီး ဒီကျောင်းကဘဲစာမေးပွဲစစ်ဆေးအောင်စာရင်းထုတ်ပေးတာပါ။ (ဒါကလည်းအကြောင်းရှိပါတယ် . .  ဒီမတိုင်ခင်မှာ ကျွန်တော်တို့နိုင်ငံမှာ ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကိုပြန်လည်အကောင်အထည်ဖော်ပြီး ကျောင်းသား၊ကျောင်းသူများ မှတ်ပုံတင်ခြင်း၊ အတန်းတင်၊ အတန်းချ၊ ကျောင်းပြောင်း၊ စာမေးပွဲစစ်ဆေးအောင်စာရင်းထုတ်ပြန်ခြင်းကိုခွင့်ပြုခဲ့ပါတယ်။

ဒီလိုခွင့်ပြုခဲ့ခြင်းဟာလည်း ဆရာတော်ကြီးများ၏သီလဂုဏ်၊ သမာဓိဂုဏ်ကိုယုံကြည်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါတောင်မှ အလိုရမက်ကြီးသောမိဘများနှင့် လုပ်ကိုင်စားသောပွဲစားများက ဆရာတော်ကြီးများအား ဆရာဒါယကာဖြစ်မှု၊ သနားကြင်နာမှုကိုအခွင့်ကောင်းယူပြီး၊ အတန်းတင်၊အတန်းချ၊ ကျောင်းပြောင်းလက်မှတ်၊ အောင်စာရင်း ထင်တိုင်းလုပ်ခဲ့ကြတာ၊ ကျောင်းမတက်ဘဲ တန်းစဉ်အအောင်ပေးခဲ့ကြတာ ရန်ကုန်၊ မန္တလေးဟိုးလေးတကျော်ကျော် မြင်မကောင်းကြားမကောင်းပါ။ ဒါကလည်း အာဏာပိုင်များနဲ့ သဲသဲလှုပ်မိဘတွေဘဲလုပ်ခဲ့ကြတာပါ . . . ပြီးတော့မှသာ ဒီကျောင်းတွေက တတ်အောင်မသင်နိုင်ဘူးဆိုပြီးပြောကြတာ  ဒီကိစ္စတွေကို  ဒီနေ့ကိုယ်ပိုင်ကျောင်းတွေကြရင်ဘယ်လိုထိမ်းချုပ်ကြမလဲ .)  ဒီမှာတင်ကိုယ်ပိုင်ကျောင်းထောင်ခွင့်ရတဲ့ ကျူရှင်ဆရာကြီးများက လေပေါင်မြင့်လာပါတယ်၊ သူတို့ကဘဲ ကလေးတွေကိုတတ်အောင်သင်နိုင်တယ်. . .။

သူတို့ကဘဲ ဂုဏ်ထူးမျာများရအောင်သင်ကြားလေ့ကျင့်ပေးနိုင်တယ် . . . ကိုယ်ပိုင်ျကာင်းတွေလွတ်လွတ်လပ်လပ်ဖွင့်လှစ်ခွင့်ရမှတိုင်းပြည်ပညာရေးကတိုးတက်မှာ. . . သူတို့ဆီမှာတက်ရင် ကျူရှင်ထပ်ယူစရာ မလိုဘူး . .  စသည်ဖြင့်ဂျာနယ်စာမျက်နှာတွေပေါ်ကနေ အင်တာဗျူးလုပ်ပြောခဲ့တာတွေဖတ်ခဲ့ရပြီးတော့ . . .စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်၊ တစ်ကယ်တော့ ဒီနေ့ကိုယ်ပိုင်ကျောင်းဆိုတာတွေက ကျူရှင်ပါဆိုနေမှ ကျူရှင်သာထပ်ယူနေရရင် စာတောင်သင်မစားသင့်တော့ဘူး၊ ဒါတောင်ရန်ကုန်၊မန္တလေးမြို့ တွေမှာ ထပ်ယူနေကြတာ တစ်ပုံတစ်ပင်။ . . ။နိုင်ငံတော်အစိုးရကျောင်းမှာယခုနှစ်တွေမှာ ကျောင်းစရိတ်ကိုအခမဲ့နီးပါးဖြစ်အောင် လုပ်ဆောင်ပေးနေတာတောင် ပြောနေကြတဲ့သူတွေကို . ..  ဆရာဆရာမများက ကျောင်းမှာအသုံးပြုမဲ့ ပစ္စည်းလေးတွေ ဝယ်ဖို့တစ်နှစ်လုံးမှ ထောင်ဏန်းမျှသော ငွေကိုကောက်ခံမှုကို ဇာချဲ့နေသောသူများ ကိုယ်ပိုင်ကျောင်းများမှ တစ်နှစ်အပြတ်       (၆-၈)သိန်းယူနေတာကိုကြတော့နှုတ်ပိတ်နေတာလည်းတစ်မျိုးချည်းပါ။

 ဒီနေ့နိုင်ငံတိုင်းမှာ အဓိကကျောရိုးဖြစ်တဲ့ အစိုးရကျောင်းတွေကိုဘဲအဓိကရင်းနှီးမြုပ်နှံတိုးတက်အောင်လုပ်ပေးကြတာပါ။
အခုတော့ . . .။ ဒီနောက် ၂ဝ၁ဝ နောက်ပိုင်း နိုင်ငံတော်သမတကြီးဦးသိန်းစိန်ဦးဆောင်သော အရပ်သားအစိုးရတက်လာပြီးတဲ့နောက်၊ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့လို
အပ်ကြောင်းကိုလည်းအတိအလင်းဝန်ခံပြောဆိုခဲ့သလို ဗလငါးတန်နှင့် ပြည့်ဝသော ခေတ်မီဆန်းသစ်မှုများကိုတီထွင်ဖန်တီးနိုင်သော . .  နိုင်ငံတကာအဆင့်မီကျောင်းသားကျောင်းသူများကို မွေးထုတ် ပေးနိုင်ဖို့ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

 အဲဒီနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းဖြစ်တဲ့ ဒေါက်တာမြအေးကို ပညာရေးပြည်ထောင်စု ဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။
(ဒေါက်တာမြအေးလက်ထက် ပညာရေးအခြေအနေများကို ဆက်လက်ရေးသားပါမည်)။

ဒီနောက်လွှတ်တော်များကို စတင်ကျင်းပရာ ပထမအကြိမ်ပြည်သူ့လွှတ်တော် ပထမအစည်းအဝေး မှာဘဲ ကိုယ်ပိုင်ကျောင်းဥပဒေကြမ်းကိုစတင်အဆိုပြုတင်သွင်းထောက်ခံခဲ့ပြီး၊ ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယအကြိမ်အစည်းအဝေးမှာ ကိုယ်ပိုင်ကျောင်းဥပဒေကို လွှတ်တော်အသီးသီးက မြန်မြန်ဆန်ကြီး အတည်ပြု ပြဌာန်းလိုက်တာပါဘဲ(ဒီလွှတ်တော်နှစ်ကြိမ်ဟာ (၆)လအတွင်းဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို စတင် တင်သွင်းသည့်အချိန်မှ ပြဌာန်းသည့်အချိန်ထိပညာရေးနျင့်ပတ်သက်သော မိဘ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမ နှင့် ပြင်ပမှ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးနှီးနှောခြင်း၊ ချပြဆွေးနွေးခြင်းမရှိသလို၊ နိုင်ငံတစ်ကာကျင့်သုံးပြဌာန်းထားသော ကိုယ်ပိုင်ကျောင်းဥပဒေများ၏ အားနည်းချက်၊ အားသာချက်၊့ မီငြမ်းခဲ့ရင်လည်း ကိုယ့်မြေကိုယ့်ရေ၊့ ကိုယ့်အသိုင်းအဝိုင်းနှင့်ကိုက်ညီမှုရှိမရှီ၊ ပညာရေးသုတေသနအဖွဲ့ ၏ဆောင်ရွက်ချက်များရှိ၊မရှိ၊ စမ်းသပ်ဖွင့်လှစ်ခွင့်ပေးထားသောကိုယ်ပိုင်ကျောင်းများမှတွေ့ ရှိချက်၊ အားသာချက်၊အားနည်းချက်များကိုမှိငြမ်းမှုရှိမရှိဆိုတာ ဥပဒေရေးဆွဲသူတွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော အသိဆုံးပါ။

ဒီတော့ ဒီဥပဒေဘာကြောင့်မြန်မြန်ဆန်ဆန်ကြီးပြဌာန်းလိုက်တာလည်း . . . တိုင်းပြည်တစ်ပြည်ရဲ့ အဓိကကျောရိုးဖြစ်တဲ့ ပညာရေးကို ဘာမျှတိုင်းသူပြည်သား (Stakeholders) များကိုဆွေးနေီးညှိနှိုင်းခြင်းမပြုတာလည်း ဒီနေ့ မီဒီယာဥပဒေဖြစ်လာဖို့အတွက်တောင် မီဒီယာသမားတွေနဲ့အကြိမ်ကြိမ်ချပြဆွေးနွေးတာတောင် ဥပဒေကြမ်း မထွက်နိုင်သေးဘူး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ နိုင်ငံခြားပြန်၊ ပညာတတ်၊ ပါမောက္ခချူပ်ဟောင်းတစ်ယောက်ဖြစ်သော ဒေါက်တာမြအေးကရော ဘာကြောင့် လွယ်လွယ်ကူကူလက်ခံခဲ့ကြတာတုန်း၊ လွှတ်တော်မှာ ဒီအဆိုဖြစ်လာအောင်ဘယ်လိုလူမျိုးတွေကလှုံ့ဆော်ခဲ့ကြတာတုန်း၊ ပညာရေးဝန်ကြီးဒေါက်တာမြအေးနဲ့ ကျူရှင်ဘော်ဒါတွေ ပတ်သက်မှုဘယ်လိုရှိခဲ့တုန်း၊ မန္တလေးမြို့ပညာရေးအသိုင်းအဝိုင်းပတ်ဝန်းကျင်ကလူတွေအသိဆုံးပါ။ ဒီတော့ဘာတွေဆက်ဖြစ်လာသလဲဆိုတော့ ဥပဒေအတည်ပြုပြီးတာ(၆)လကျော်ပေမဲ့ အခုအချိန်အထိ နည်းဥပဒေ မထွက်နိုင်သေးဘူး ၊ထွက်လာခဲ့ရင်လည်းဒါတွေကိုဘယ်လိုထိမ်းသိမ်းကြမှာတုန်း . . .

၁။    ကိုယ်ပိုင်ကျောင်းထောင်မည့်သူများသည် လျှောက်ထားရတွင် ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်းသည် သတ်မှတ်ထားသော အချက်လက်များနျင့်ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ပြည်ထောင်စုဝန်ကြီး၏ သဘောထားသည် အတည်ဖြစ်သည်ဆိုသောအချက်သည် ဝန်ကြီးအားလာဘ်စားခွင့်ပေးထားခြင်းသာဖြစ်သည် (အခြားနိုင်ငံများတွင်မူ အလွှာစုံမှ ပညာရှင်များနှင့်ကွင်းဆင်းစစ်ဆေးချက်ပေါ်တွင်မူတည်ပြီးခွင့်ပြုသည်)

၂။    ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်ကောင်းမွန်မှုစစ်ဆေးရာတွင် လိုအပ်သောကျောင်းကျယ်ဝန်းမှု၊ သင့်တင့်သောစာသင်ခန်းများနင့်တစ်ခန်းစီတွင်ကျောင်းသားဝင်ဆန့်မှုအရေအတွက်(အကယ်ကိုယ်ပိုင်ကျောင်းများအားသတ်မှတ်အရည်အသွေးနှင့်မပြည့်စုံဘဲခွင့်ပြုခဲ့သည်ရှိသော် နောင်တစ်ချိန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ မိမိတို့ရပ်ရွာတွင်မူလတန်းကျောင်းမှ အလယ်တန်း၊အ လယ်တန်းကျောင်းမှ အထက်တန်းတိုးမြင့်ပေးရန် တောင်းဆိုလာလျှင် ကြုံတွေ့ရမည့်အခက်အခဲ)

၃။    ကိုယ်ပိုင်ကျောင်းများအား တန်းတင်၊တန်းချ၊ ကျောင်းပြောင်း ခွင့်ပြုလျှင်ဖြစ်လာမည့်နောက်ဆက်တွဲပြသနာ

၎။    ကိုယ်ပိုင်းကျောင်းထူထောင်သူများ၏ကျောင်းသားကျောင်းသူနှင့် မိဘမျာအပေါ် တာဝန်ခံမှု( အကယ်၍ ကိုယ်ပိုင်ကျောင်းထောင်သူများသည် စီးပွားရေးအလို့ငှာ ဆောင်ရွက်ခြင်းဖြစ်သဖြင့် အမြတ်စွန်းမရရှိချိန်တွင် ရုတ်တရက် ပိတ်သိမ်းချိန်တွင် ကျောင်းတွင်ရှိကျောင်းသားကျောင်းသူများ၏ရှေ့ရေးအာမခံ)

၅။    ကျောင်းတွင်းရှိအလုပ်ရှင်အလုပ်သမားပြသနာ

၆။    ကိုယ်ပိုင်ကျောင်းများ၏အရည်အသွေးစစ်ဆေးခြင်း(Government  or Separate Body)

၇။    ကိုယ်ပိုင်ကျောင်းများတွင်ရှိကျောင်းသားကျောင်းသူများ၏အခွင့်အရေး( အခိျု့သောကိုယ်ပိုင်ကျောင်းများသည် မိမိတို့အောင်ချက်နှင့် ဂုဏ်ထူးမြင့်မားရေးအတွက် စာမလိုက်နိုင်သောကျောင်းသားကျောင်းသူများအားနည်းမျိုးစုံဖြင့် ကျောင်းမှထုတ်ပစ်ခြင်း)

၈။    ကိုယ်ပိုင်ကျောင်းအုပ်ချုပ်ရေးဘုတ်အဖွဲ့ ရှိ/မရှိ

၁ဝ။    ကျောင်းကျန်းမာရေးအတွက်အစီအမံ

၁၁။    နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးတွင်ပူးပေါင်းပါဝင်မှုရှိ/မရှိ

၁၂။    ဝင်ငွေခွန်စည်းကြပ်မှု/အမြတ်ခွန်စည်းကြပ်မှု

၁၃။    မြို့တော်စည်ပင်သာယာရေးဥပဒေကိုလိုက်နာမှုနှင့် တာဝန်ယူမှု စတာတွေအပြင် မမြင်ရသေးသော၊ မမြင်နိုင်သော ပြသနာပေါင်းမြောက်များစွာပါ။

ဒီတော့နိုင်ငံတော်မှာမြန်မြန်ဆန်ဆန်ပြဌာန်းလိုက်သော ကိုယ်ပိုင်ကျောင်းဥပဒေမှ နည်းဥပဒေများဖြင့် နိုင်ငံသူနိုင်ငံသားများကို လုံခြုံမှုအပြည့်အဝပေးနိုင်ရန်အတွက် အလွှာအသီးသီးမှ ပညာရှင်များဖြင့်  ဆွေးနွေးညှိနှိုင်းရေးဆွဲပါရန်။
ပြီးတော့ နိုင်ငံတော်မှ အစိုးရခန့်ကျောင်းများနှင့် ဆရာ၊ဆရာမများ၏ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်ပေးပါရန်                      ( အဘယ်ကြောင့်ဆိုသော် – (ကိုယ်ပိုင်ကျောင်းနေနိုင်သော ကျောင်းသားကျောင်းသူအရေအတွက်မှာ မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူအရေအတွက်၏(၁%)ပင်မရှိသေးသည့်အတွက်ကြောင့်ဖြစ်သည်။)

အစိုးရကျောင်းဆရာ၊ဆရာမများအား သင်ကြားရေးကို စူးစိုက်ဆောင်ရွက်နိုင်ရန်အတွက် သင်ကြားရေးနှင့်မပတ်သက်သော အခြားတာဝန်များပေးအပ်ခြင်းမှရှောင်ရှားရန်။ ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူ၊မိဘများအပြန်အလှန်ဆွေးနွေးမှုများစဉ်ဆက်မပြတ်ဆောင်ရွက်ရင်းယုံကြည်မှုပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်။
ပညာရေးအာဏာပိုင်များ(ဝန်ကြီး၊ ညွှန်ချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှုးများ) မှလည်း ဆရာ၊ ဆရာမများ၏ ဥပဒေဘောင်အတွင်းမှ အခွင့်အရေးများကို မှန်မှန်ကန်ကန်ပေးအပ်မှု၊ ရာထူးတိုးခြင်း၊ အပြောင်းအရွေ့၊ သင်တန်း၊ ပညာသင်ဆု စသည်တို့တွင် ဘက်လိုက်မှု၊ လာဘ်စားမှုကင်းရှင်းရေး။ ဆရာ၊ဆရာမများအနေနှင့်ဆရာဆိုသောဂုဏ်နှင့်အညီ ပြုမူပြောဆိုနေထိုင်မှု၊မိမိ၏လုပ်ငန်းအပေါ်လေးစားမှု၊ ကျောင်းသားကျောင်းသူများအပေါ် သားသမီးနှင့်မခြား စောင့်ရှောက်မှု၊  နိုင်ငံတော့်ဖွံ့ဖြိုးတိုးတက်ရေးတွင်အဓိက နေရာမှပါဝင်နေသည်ဟူသော အသိအား ခံယူမှုများကို မဖြစ်မနေဆောင်ရွက်ရပေမည်။

မိဘများအနေဖြင့်လည်းမိမိတို့၏သားသမီးများအကျိုးအတွက် ပညာရေးလုပ်ငန်းများနျင့် ပညာရေးဝန်ထမ်းများအပေါ် ညစ်ညမ်းစေမည့် အပြုအမူမျိုးရှောင်ကြဉ်ရေးနိုင်ငံတော်၏အနာဂါတ်၊ မိမိတို့၏သားသမီးများအနာဂါတ်အတွက် ဆရာဆရာမများနှင့်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ရန်လိုပါတယ်။
နောက်ဆုံးအနေနဲ့ပြောရရင် လမ်းဆုံလမ်းခွများတါင်ရောက်ရှိနေသောမိဘများသိစေ၇န်မှာ –

၁။    မိမိတို့သားသမီးများအား ဂုဏ်ထူးများဖြင် အောင်မြင်ရန်လိုအပ်သလို ဗလငါးတန်ဖွံ့ဖြိုးရန်လည်း လိုအပ်ကြောင်းသတိပြုပါ။

၂။    ယနေ့အချိန်ထိအစိုးရကျောင်းများတွင်ရှိသော အခြေခံအဆောက်အဦးနှင့် ဆရာဆရာမအရည်အသွေးပြည့်စုံသော နေရာမရှိသေးပါ။

၃။    ဆရာ၊ဆရာမများမိဘများယုံကြည်မှုပြန်လည်တည်ဆောက်နိုင်လျှင် တစ်ချိန်တွင်  . . . .

၎။    ယခုစာရေးသူမှာ  တကသိုလ်ဆရာတစ်ဦးဖြစ်သကဲ့သို့ ပြင်ပတွင်လည်း ကျူရှင်ပြစားနေသူတစ်ဦးပါ၊ ပြီးတော့     မြန်မာပြည်အနှံ တာဝန်ထမ်းဆောင်ဘူးသူပါ။

၅။    မိမိသားသမီးများကိုလည်းကိုယ်ပိုင်ကျောင်းများထက်သာလွန်သော ကျောင်းများတွင်ထားနိုင်သော်လည်း ယနေ့အချိန်ထိ  လုံခြုံ စိတ်ချရသော အစိုးရအထက်တန်းကျောင်းတွင်သာထားပါသည်။

၆။    စနစ်ကျသောကိုယ်ပိုင်ကျောင်း များပေါ်ထွက်လာလျှင် တိုင်းပြည်ဖွဲ့ဖြိုးတိုးတက်ရေးတွင် လျှင်မြန်စွာပြောင်းလဲမည်ဟု ယုံကြည်သူလည်းဖြစ်ပါသည်။၇။    မီဒီယာများအနေဖြင့်လည်းကိုယ်ပိုင်ကျောင်းများကောင်းကြောင်းရေသားသကဲ့သို့ နိုင်ငံတာဝန်ကို ပင်ပမ်း ဆင်းရဲစွာဖြင့် ထမ်းဆောင်နေသော ဆရာဆရာမများအားမနှိမ်ချမိစေရန်နှင့် အစိုးရကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဝိုင်းဝန်းရေးသားအကြံပြုပါရန်မေတ္တာရပ်ခံပါသည်။

၈။    ကျွန်တော်ဆောင်းပါးနှင့်ပတ်သက်ပြီးသဘောတူသူရော၊ မတူသူရော ဝေဖန်နိုင်ပါသည်။
ဘာဘဲပြောပြော ကိုယ်ပိုင်ကျောင်းများမြန်မြန်ခွင့်ပြုရမည်မှာအမှန်ဖြစ်သလို မြန်မြန်ဆန်ဆန် ဥပဒေပြုလိုက်သော ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် နိုင်ငံတော်ပညာရေးတိုးတက်မှုရှိ/မရှိတောမသေချာ၊ (ဘာကြောင့်မသေချာခြင်းကို ဆက်ရေးပါမည်) သေချာတာကတော့ ကျောင်းသားရော၊မိဘရောဒီအချိန်မှာ ဝိရောဓိတော့များကုန်ပြီဖြစ်သည်။


ကိုကြီးသောင်း(အရာတော်)
Myanmar News Now

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အောင်ပန်းမြို့ တွင် ဆွေးနွေးဟောပြော

၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းပြည်တောင်ပိုင်းခရီးစဉ်၊ ပဉ္စမနေ့ ( မေလ၊ ၅ရက် ) ၊ မွန်းလွဲ ၂ နာရီတွင် အောင်ပန်းမြို့ ရပ်မိရပ်ဖများနှင့် ရင်းနှီးပွင့်လမ်းစွာ ဆွေးနွေးဖြေကြားခဲ့ကြသည်။
မေလ ၅ ရက်နေ့ 
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ယနေ့ နံနက်(၈း၀၀)နာရီအချိန်  ဟဲဟိုးမြို့တွင် ဆွေးနွေးဟောပြောပြီးနောက် အောင်ပန်းမြို့သို့ နေ့လည်(၁၂း၃၀)
နာရီအချိန်တွင် ရောက်ရှိလာပါတယ်။
 
အောင်ပန်းမြို့ အ၀င်ရှိ  မြတ်မနော အင်း  တွင် အောင်ပန်းမြို့ရှိ   ဓနု၊ တောင်ရိုး၊

 ပအိုဝ်း၊ ဗမာ တိုင်းရင်းသားပေါင်းစုံတို့မှ.... ရိုးရာအကများ၊ အိုးစည်ဗုံမောင်းများတို့ဖြင့်
စည်ကားလှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါတယ်။
 
ထို့နောက်  ဆွေးနွေးပွဲကျင်းပရာ အောင်ပန်းမြို့၊ အောင်ချမ်းသာဓမ္မာရုံသို့သွားရော
က်လမ်းတစ်လျှောက်... အောင်ပန်းမြို့မှမြို့မိမြို့ဖဒေသခံများ၊ ကျောင်းသား/ကျောင်း
သူလူငယ်များ၊ နိုးကြားတက်ကြွသောလူငယ်များ၊တိုင်းရင်းသားလူမျိုးပေါင်းစုံတို့မှ 
 အိုးစည်ဗုံမောင်းတို့ဖြင့် ကြိုဆိုကြပြီးလျှင် .... အောင်ချမ်းသာဓမ္မာရုံတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေးဟောပြောပွဲကို နေ့လည်(၂း၀၀)နာရီတွင်  အစီအစဉ်အတိုင်း ကျင်းပပါတယ်။
 
၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေး
ဟောပြောပွဲသို့  အောင်ပန်းမြို့မှမြို့မိမြို့ဖဒေသခံများ၊ ကျောင်းသား/ကျောင်းသူ
လူငယ်များ၊ နိုးကြားတက်ကြွသောလူငယ်များ၊ဓနု၊ တောင်ရိုး၊ ပအိုဝ်းတိုင်းရင်းသား
လူမျိုးပေါင်းစုံများ၊ တက်ကြွသော ပြည်သူလူထုများ၊ အောင်ပန်းစာကြည့်တိုက်မှ
 လူငယ်မျိုးဆက်သစ်များ၊ စိတ်ပါဝင်စားသော ကျောင်းသူ/ကျောင်းသားများ 
တက်ရောက်ကြပါတယ်။
 
အခန်းအနားတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင် ကိုမင်းကိုနိုင်၊

 ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ တို့မှ ဆွေးနွေးဟောပြောကြပါတယ်။
 
ကိုမင်းကိုနိုင်မှ ဟောပြောရာတွင်
ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဆိုတာ
..ပွင့်လင်းတဲ့ စိတ်ဓါတ်ဆိုတာ... အရင်တုံးက
လိုကြောက်နေတဲ့အချိန်မျိုးမဟုတ်ဘူးပေါ့...တနည်းပြောရရင် နောက်လှည့်ပြီး
ကြည့်နေရတဲ့အခြေအနေမျိုး...ဘာမှမဝေဖန်ရဲတဲ့အခြေအနေမျိုး...
ရဲရဲတင်းတင်းပြောဆိုမယ်....အြ
မင်မတော်တာတွေ...အမြှီးအမှောက်မတည့်
တာတွေ...ဖိနှိပ်ချုပ်ခြယ်တာတွေကို ပွင့်ပွင့်လင်းလင်းပြောကြရပါမယ်...
ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနို
င်ငံတော်သစ်ဆီသို့...ဆိုတဲ့ ဆိုင်းဘုတ် ဖောင်းကြွ၊
 ရွှေစာလုံးတွေအောက်မှာ ဖယောင်းတိုင်မီးနဲ့ ခြင်ဆေးခွေရောင်းနေရတာမျိုးတွေကိုလည်း.. ပြောဖို့လိုပါမယ်...
မတရားတဲ့ ဌာနှဆိုင်ရာတွေကိုဖော်ထုတ်ပါ...
ဘယ်သူ့မျက်နှာကိုမှမငှဲ့ပါနဲ့.. 
.ပြုပြင်ပြောင်းလဲဖို့ဆိုရင် ဘယ်သူ့မျက်နှာမှမထောက်ဘဲ ကျွန်တော်တို့ 
တစ်သားတည်းလက်တွဲပြီး...အားရပါးရဖော်ထုတ်ရဲရမယ်...
နိုင်ငံသားအခွင့်အရေးတွေအပြည့်
အ၀ရဖို့၊ လွတ်လပ်စွာရေးသားပြောဆိုထုတ်ဖော
ပိုင်ခွင့်ရှိရပါမယ်...
ဒါကြောင့်မို့ ဒီကနေ့မှ စပြီး မတရားတာဖော်ထုတ်ကြပါစို့.......
.ဟု
 ပြောဆိုဆွေးနွေးသွားပါတယ်။
 
ထို့အပြင် အောင်ပန်းမြို့တွင်   ၈၈ အရေးအခင်းကာလအတွင်း ကျဆုံးသွားသော

 ကိုခင်မောင်သိန်းနှင့် ကိုဝင်းဇော်ဦးတို့နှစ်ဦးအား အခန်းအနားတွင် 
အလေးပြုဦးညွှတ်ခဲ့ကြပါတယ်...
ညပိုင်း(၇း၃၀)နာရီမှ (၉း၀၀)နာရီအချိန်အထိ ဒေသခံလူငယ်ပြည်သူလူထုအဖွဲ့များ
မှ မေးမြန်းသော မေးခွန်းများကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးဖြေဆိုသွားကြပါတယ်။
 
ဓနု၊ တောင်ရိုး၊ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့
မှလည်း ရိုးရာအကများဖြင့်
 ကပြဖျော်ဖြေကြပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ဒေသခံပြည်သူလူထုအားလုံး တစ်ပျော်တစ်ပါးကြီး ကခုံခဲ့ကြတယ်။
 
(၆.၅.၂၀၁၂)ရက်နေ့မနက်ပိုင်းတွင် အောင်ပန်းမြို့တွင် နေထိုင်သော 

ငြိမ်းချမ်းရေးပိသုကာကြီး ဆရာကြီး ဒဂုန်တာရာ မွေးနေ့ပွဲအခန်းအနားပြုလုပ်ရာ မဟာဂန္ဓာရုံကျောင်းတိုက်သို့ သွားရောက်ဂါရ၀ပြုပြီးလျှင်.
ရွာငံမြို့သို့  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေး
ဟောပြောပွဲ
ခရီးစဉ်ကို ဆက်လက်သွားရောက်ကြပါတယ်။
Myanmar News Now

ဆရာကြီးဒဂုန်တာရာမွေးနေ့ပွဲအခန်းအနား အောင်ပန်းမြို့တွင်ယနေ့ကျင်းပ

အောင်ပန်းမြို့တွင် တူမဖြစ်သူ ဒေါ် မြင့်စိန်(သင်းမြစန္ဒီ) နေအိမ်တွင်အတူနေထိုင်လျက်ရှိသော..
ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးဒဂုန်တာရာ ၏(၉၃)နှစ်မြောက်မွေးနေ့
အခန်းအနားကို အောင်ပန်းမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင်...
ယနေ့(၆.၅.၂၀၁၂)ရက်နေ့ နံနက်(၈း၀၀)နာရီအချိန် ကျင်းပသည်..
ဆရာကြီး၏ မွေးနေ့ပွဲအခန်းအနားကို နှစ်စဉ်ကျင်းပခဲ့ကြခြင်းဖြစ်ပြီး..
မွေးနေ့ပွဲသို့ စာရေးဆရာကြီးများဖြစ်သော ကိုလေး(အင်းဝဂုဏ်ရည်)၊
မောင်သာနိုး၊ အံ့မောင်၊ မောင်နွေထက်၊ ငခါး(ကွမ်းခြံကုန်း)နှင့် အနယ်နယ် အရပ်ရပ်မှ
 စာရေးဆရာများ၊ စာပေ၀ါသနာရှင်များနှင့်အောင်ပန်းမြို့မှ စာပေ၀ါသနာရှင်များ တက်ရောက်ဂါရ၀ပြုကြပါသည်။

ထို့အပြင် အောင်ပန်းမြို့တွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေးပွဲခရီးစဉ်အဖြစ်ရောက်ရှိနေသော ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ မှလည်း ဆရာကြီးဒဂုန်တာရာ၏ မွေးနေ့အခန်းအနားသို့ တက်ရောက် ဂါရ၀ပြုခဲ့ကြပါသည်။

ဒဂုန်တာရာ၏ ၉၃ နှစ်ပြည့် မွေးနေ့ ပန်ကြားလွှာ
ယနေ့ ကျွန်တော်သည် အသက်၉၃နှစ်ပြည့်၍ ၉၄ နှစ်သို့ဝင်ရောက်လာခဲ့ပါပြီ
ကျွန်တ်ာသည် ကိုလိုနီကျေးကျွန်ဘ၀တွင် လူဖြစ်လာခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကြီးကို
ဖြတ်သန်းရ၍ ငြိမ်းချမ်းရေးကိုဆုံးရှုံးခဲ့ရပါသည်။

လွတ်လပ်ရေးရပြီးသည့်နောက်တွင်လည်း ပြည်တွင်းစစ်ကြောင့်ငြိမ်းချမ်းရေးကို
ဆုံးရှုံးခဲ့ရပြန်ပါသည်။ ယခုအထိ နှစ်ပေါင်း ၆၄ နှစ်ကြာသွားပါပြီ။ ကျွန်တော်သည်
ယခုအသက် ၉၄နှစ်ရောက်ပါပြီ။ ငြိမ်းချမ်းရေးကိုတွေ့ချင်၊ မြင်ချင်၊ ခံစားချင်ပါသည်။
ငြိမ်းချမ်းရေးကို မြင်သွားပါရစေဟု ဆုတောင်းချင်ပါသည်။

ကျွန်တော်သည် ငြိမ်းချမ်းရေးကို မြင်လို၊ တွေ့လို၊ ခံစားလိုသောစိတ်ဖြင့်
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တစ်သက်တာလုံး
ကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့ပါသည်။

ကျွန်တော်တို့တိုင်းပြည် ငြိမ်းချမ်းရေးပြန်လည်ရရှိအောင်
ကမ္ဘာတစ်ဝှမ်းလုံးလည်း ငြိမ်းချမ်းရေးခံစားကြရအောင်၊ ပြည်သူပြည်သား၊ ကမ္ဘာသူကမ္ဘာသား
အားလုံး အားလုံး အားလုံးတို့က လုံ့လ၊ ၀ီရိယ၊ ဇွဲသတ္တိ၊ သတိ၊
ပညာဥာဏ်အမြော်အမြင်၊ သည်းခံ၊ စိတ်ရှည်၊ ခွင့်လွှတ်နိုင်မှု၊ သဘောထားကြီးမှု၊
ညီညွတ်မှုတို့ဖြင့် အချိန်ကာလရှိသမျှ ဆက်လက်ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြပါရန် 
လေးစားအားကိုးစွာ ပန်ကြားနိုးဆော်လိုက်ပါသည်။

ဒဂုန်တာရာ
၆-၅-၂၀၁၂
အောင်ပန်းမြို့၊ သာမိုင်းခမ်း
Myanmar News Now 

 မြန်မာနိုင်ငံမှ အမျိုးသမီးများ၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကို ကြည့်ရှုသွားမည်


ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Melanne Verveer ကို မေလ ၆ ရက်နေ့က တွေ့ရစဉ်(ဓါတ်ပုံ-Eleven Media Group)

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့၏ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Melanne Verveer က သူမ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ကြည့်ရှုသွားမည်ဟု ပြောကြားခဲ့သည်။

၎င်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်တွင် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

''ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့၏ အမေရိကန်ဆိုင်ရာ သံအမတ်ကြီးတစ်ယောက်အနေနဲ့ ကျွန်မဒီမှာ ရက်အနည်းငယ်ဆက်နေပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ အခွင့်အလမ်းတွေကို ကြည့်ရှုသွားပါမယ်။ လူမှုအဖွဲ့အစည်းတွေမှာ ရှိသမျှ လူတွေအားလုံးမှာ ပါဝင်စရာ အခန်းကဏ္ဍ ရှိရပါမယ်''ဟု ၄င်းက ပြောကြားသွားခဲ့သည်။
Melanne Verveer သည် အဆိုပါအဖွဲ့အစည်း၏ အမေရိကန်နိုင်ငံဆိုင်ရာ သံတမန်တစ်ဦးဖြစ်ပြီး မေလ ၆ ရက်မှ ၁၁ ရက်အတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့သို့ လာရောက်ကာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခြေအနေများအ ကြောင်း ဆွေးနွေးမည်ဖြစ်သည်။ ၄င်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ အမျိုးသမီး ခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။

''အမေရိကန် အစိုးရမှာ National Action Plan on Women Peace and Security ဆိုတဲ့ အစီအစဉ်တစ်ရပ် ရှိပါတယ်။ အဲဒီအစီအစဉ်အရ ပဋိပက္ခဒေသတွေက လူမှုအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အလုပ်လုပ်သွားဖို့ ရှိပါတယ်။ နောက်ပြီး နိုင်ငံရေး လုပ်ပိုင်ခွင့်တွေ အပ်နှင်းတဲ့ကိစ္စတွေမှာ အမျိုးသမီးတွေ အပြည့်အ၀ ပူးပေါင်းပါဝင်ခွင့်ရှိစေဖို့ ကျွန်မတို့အစိုးရက လုပ်ဆောင်သွားမှာပါ'' ဟု ၄င်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားသွားခဲ့သည်။

၎င်းသည် နေပြည်တော်သို့ သွားရောက်ကာ အစိုးရအဆင့်မြင့် အရာရှိကြီးများနှင့် တွေ့ဆုံပြီး အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အခွင့်အလမ်းများနှင့် အခြားအမျိုးသမီးအခွင့်အရေး ကိစ္စရပ်များအပါအ၀င် အမျိုးသမီးများ၏ဘ၀ မြင့်မားရေးနှင့် ပတ်သတ်၍ ဆွေးနွေးမည် ဖြစ်သည်။
Large for Global Women's Issue (ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့)သည် တကမ္ဘာလုံးရှိ အမျိုးသမီးများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများတွင် စွမ်းရည်မြှင့်တင်ပေးခြင်းဖြင့် အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးသော အဖွဲ့အစည်း ဖြစ်ကြောင်း
Eleven Media Group အင်တာနက်စာမျက်နှာမှာရေးသားဖော်ပြထားပါသည်။

 ဆေးရွက်ကြီးပါသည့် ကွမ်းစားသုံးမှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံသည် ထိပ်ဆုံး၌ ရပ်တည်

7317
Photo-Eleven Media Group

ဆေးရွက်ကြီးပါဝင်သည့် ကွမ်းစားသုံးမှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံသည် ပထမနေရာ၌ ရပ်တည်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ကောက်ယူထားသည့် စစ်တမ်းများအရ သိရသည်။
ကွမ်းစားသုံးမှုနှုန်း မြင့်မားသည့် နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စသည့် နိုင်ငံများထက် မြန်မာနိုင်ငံ၏ ကွမ်းစားသုံးမှုနှုန်းမှာ ပိုမိုမြင့်မားနေကြောင်းနှင့် အမျိုးသားများ သာမက အမျိုးသမီးများတွင်လည်း စားသုံးမှုနှုန်း များလာကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် ရရှိထားသည့် စာရင်းများအရမှ ကွမ်းစားသုံးမှု အများဆုံးဖြစ်သည့် နိုင်ငံ ခြောက်နိုင်ငံတွင် မြန်မာအမျိုးသားများ၏ ကွမ်းစားသုံးမှုနှုန်းမှာ ၅၁ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ပထမနေရာ တွင်ရှိနေပြီး အိန္ဒိယအမျိုးသားများတွင် စားသုံးမှုနှုန်းမှာ ၃၂ ဒသမ ၉ ရာခိုင်နှုန်း၊ နီပေါအမျိုးသားများတွင် ၃၁ ဒသမ ၂ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ် အမျိုးသားများတွင် ၂၆ ဒသမ ၄ရာခိုင်နှုန်း၊ ဆရီလင်္ကာ အမျိုးသားများတွင် ၂၄ဒသမ၉ ရာခိုင်နှုန်းနှင့် ထိုင်းအမျိုးသားများတွင် ၁ ဒသမ၃ ရာခိုင်နှုန်းတို့ အသီးသီးရှိကြောင်း သိရသည်။

စစ်တမ်းကောက်ယူခဲ့ရာ အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ အမျိုးသားများတွင် နေ့စဉ်စားသုံးမှုမှာ ၃၇ ဒသမ ၇ ရာခိုင်နှုန်း၊ တစ်ခါတစ်ရံ စားသုံးမှုမှာ ၁၃ ဒသမ ၇ ရာခိုင်နှုန်းနှင့် လုံးဝစားသုံးမှုမရှိသူမှာ ၄၈ ဒသမ ၆ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း၊ အမျိုးသမီးများတွင် ဆေးရွက်ကြီးပါသည့် ကွမ်းနေ့စဉ် စားသုံးမှုနှုန်းမှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း  .  .  .

မြန်မာနိုင်ငံတွင် ဆေးရွက်ကြီး ပါဝင်သည့် ကွမ်းစားသုံးမှုနှုန်းမှာ ၈၃ ဒသမ ၃ ရာခိုင်နှုန်း၊ ထုံးဖြူသီး သန့်ပါဝင်သည့် ကွမ်းစားသုံးမှုနှုန်း မှာ ၂ ဒသမ ၂ ရာခိုင်နှုန်း၊ အိန္ဒိယ နိုင်ငံထုတ် ဆေးပေါင်းများ ပါဝင်သည့် ကွမ်းစားသုံးမှုနှုန်းမှာ ၈ ဒသမ ၀ ရာ ခိုင်နှုန်း၊ အခြားစားသုံးမှုနှုန်းမှာ ၆ဒ သမ၅ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။
“ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အခု နောက်ဆုံးထွက်တဲ့ စစ်တမ်းအရ မြန်မာနိုင်ငံက အမျိုးသားတွေမှာ ဆေးရွက်ကြီးပါတဲ့ ကွမ်းယာစားတဲ့နှုန်းက တစ်ကမ္ဘာလုံးမှာ အများဆုံး ဖြစ်နေပါတယ်။ လူနှစ်ယောက်မှာ တစ်ယောက်နှုန်း သုံးစွဲနေကြတယ်။ အခု နောက်ပိုင်း စားသုံးမှုပိုလာတာက အလေ့အကျင့်တစ်ခုကို အစားထိုးတဲ့ နေရာမှာကွမ်းကို အစားထိုးလာတယ်။ ဥပမာ-ဆေးလိပ်ဖြတ်တဲ့သူက ကွမ်းနဲ့ အစားထိုးလာတယ်။ အဲဒီအခါ ဆေးလိပ်လည်း မပြတ်သလို ကွမ်းလည်းစွဲသွားကြတယ်။ နောက်တစ် ခုက အိန္ဒိယဘက်ကထုတ်တဲ့ ကွမ်းထဲမှာထည့်စားရတဲ့ ဆေးပေါင်းတွေ က မှောင်ခိုဈေးကွက်တွေက တစ်ဆင့် နည်းမျိုးစုံနဲ့ ၀င်နေတယ်။ အဓိက ဒါတွေကိုစားသုံးနေတဲ့သူတွေက ဆေးလိပ်လောက် ပြဿနာမရှိဘူးလို့ ထင်ကြတယ်။ ကွမ်းစားသုံးမှုက ဥပဒေထဲမှာလည်း မထည့်ခဲ့ရတော့ တားမြစ်ဖို့ကလည်း ခက်ခဲတယ်။ အခု အိန္ဒိယဘက်က ၀င်တဲ့ဆေးပေါင်း တွေ အများစုက တရားဝင်တင်သွင်းခွင့်ပြုထားတာ မဟုတ်ပါဘူး”ဟု အရှေ့တောင်အာရှ ဒေသ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရုံးချုပ်၊ ဆေးလိပ်ကင်းဝေးရေး ဒေသဆိုင်ရာ အကြံပေးအရာရှိ ဒေါက်တာညိုညိုကြိုင်က ပြောပြခဲ့သည်။
“ဆေးရွက်ကြီးကို ဆေးလိပ်သောက်တဲ့ပုံစံနဲ့ သုံးစွဲတာမျိုးရှိသလို ကွမ်းစားတဲ့ပုံစံနဲ့ သုံးစွဲတာရှိတယ်။ ဆေးရွက်ကြီး သုံးစွဲမှုပုံစံတွေနဲ့ ပတ်သက်ပြီးနိုင်ငံအလိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို သုံးစွဲမှုနှုန်းစာရင်းပေး ရတာမျိုးရှိတယ်။  အဲဒီမှာ အရင်က  ကွမ်းစားသုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့လို နိုင်ငံတွေထက် မြန်မာနိုင်ငံရဲ့ စားသုံးမှုနှုန်းက ပိုများနေတာကို တွေ့လာရတယ်။ မြန်မာနိုင်ငံမှာက ဆေးလိပ် နဲ့ပတ်သက်ပြီး ၂၀၀၆ခုနှစ် နောက်ပိုင်း စည်းကမ်းပိုင်း ပိုမိုတင်းကျပ်လာတယ်။ ဆေးလိပ်သောက်သုံးမှုကို ထိန်းချုပ်လိုက်တော့ ကွမ်းဘက်ကို သုံးစွဲတဲ့ အလေ့အကျင့် ပုံစံပြောင်းလာတယ်။ တားမြစ်ထားတဲ့ နေရာတွေ များလာတော့ ဆေးလိပ်သောက်သုံးမှု နေရာမှာတချို့က ကွမ်းကိုအစားထိုးလာတယ်။ တချို့ ဆေးလိပ်ဖြတ်တယ်ဆိုပြီး ကွမ်းကို အစားထိုးအနေနဲ့ သုံးတယ်။ ဆေးလိပ်ကိုဖြတ်ချင်လို့ ကွမ်းနဲ့ဖြတ်တဲ့အခါ တချို့ဆေးလိပ်ပြတ်ပြီး ကွမ်းစွဲသွားတာမျိုးရှိသလို ဆေးလိပ်လည်း မပြတ်တဲ့အပြင် နှစ်မျိုးလုံး စွဲသွားတာမျိုးတွေ ဖြစ်လာတယ်”ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (မြန်မာ)မှ National Professional Officer ဒေါက်တာမျိုးပိုင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ အမျိုးသားနှင့် အမျိုးသမီးများတွင် ဆေးရွက်ကြီးပါသည့် ကွမ်းစားသုံးမှုနှုန်းကို စစ်တမ်း ကောက်ယူခဲ့ရာ အသက်၁၅နှစ်မှ၆၄ နှစ်အတွင်းရှိအမျိုးသားများတွင် နေ့ စဉ်စားသုံးမှုမှာ ၃၇ ဒသမ ၇ ရာခိုင် နှုန်း၊ တစ်ခါတစ်ရံစားသုံးမှုမှာ ၁၃ ဒသမ ၇ ရာခိုင်နှုန်းနှင့် လုံးဝစားသုံး မှုမရှိသူမှာ ၄၈ ဒသမ ၆ ရာခိုင်နှုန်း တို့ဖြစ်ကြောင်း၊ အမျိုးသမီးများတွင် ဆေးရွက်ကြီးပါသည့် ကွမ်းနေ့စဉ် စားသုံးမှုနှုန်းမှာ ၁၂ ဒသမ ၂ ရာ ခိုင်နှုန်း၊ တစ်ခါတစ်ရံ စားသုံးမှုမှာ ၃ ဒသမ ၉ ရာခိုင်နှုန်းနှင့် လုံးဝစားသုံးမှုမရှိသူမှာ ၈၃ ဒသမ ၉ ရာခိုင်နှုန်းတို့ အသီးသီးရှိကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ အခုအမျိုးသားရော အမျိုးသမီးရော ကွမ်းစားတဲ့နှုန်းကတော့ အရမ်းတက်နေပါတယ်။ ဥပမာတစ်ရက်ကို ကျပ်တစ်ထောင်ဝင်တယ် ဆိုပါစို့။ ဆေးလိပ်လည်း သောက်မယ် ကွမ်းလည်းစားမယ်ဆိုရင် တစ်နေ့ကို ကျပ် ၃၅၀ လောက် ကုန်တယ်။ ၀င်ငွေရဲ့ ၃၅ ရာခိုင်နှုန်းလောက်က ဒီလိုနေရာတွေမှာအသုံး ပြုနေတဲ့အတွက် သူ့မိသားစုရဲ့ စားဝတ်နေရေးမှာ ထိခိုက်သွားပြီး ကျန်တဲ့ပညာရေး ကျန်းမာရေးမှာလည်း မသုံးနိုင်တော့ဘူး။ ဒါ့အပြင် ကွမ်းစားသုံးတဲ့အတွက်ကြောင့် ဖြစ်တဲ့ ရောဂါတွေလည်း ပြန်ကုသရတယ်။ ကွမ်းစားတော့ ကွမ်းထဲမှာပါတဲ့ ထုံးက ကျောက်တည်တာ၊ ခံတွင်း ကင်ဆာဖြစ်တာ၊ နှလုံးသွေးကြောကျဉ်း ရောဂါတွေလည်း ဖြစ်လာတယ်။ မိသားစုတစ်ခုရဲ့ ပညာရေးကျန်းမာရေးအတွက် သုံးတဲ့ အသုံးစရိတ်ထက် ဒီနေရာမှာသုံးတာက အဆပေါင်းများစွာ ပိုများနေပါတယ်”ဟု ဒေါက်တာညိုညိုကြိုင်က ဆက်လက် ပြောပြခဲ့ကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သံအမတ်Ms Melanne Verveer တွေ့ဆုံ

ကမ္ဘာ့ အမျိုးသမီးရေးဆိုင်ရာ အမေရိကန် သံအမတ်ကြီး Ms Melanne Verveer က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ညနေ ၅ နာရီမှာ နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့သည်။
ဘားမားဗီဂျေ

အသက်နှင့် လဲရသောဆု ၅ ဆုကို မီးသတ်တပ်ဖွဲ့မှ ချီးမြှင့်

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပသော မေလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံ မီးသတ်ဦးစီး ဌာနက ကူးတို့ဆိပ် မီးလောင်မှုတွင် အသက်စွန့် အမှုထမ်းခဲ့သူ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးကို စွမ်းရည်သတ္တိ ဆိုင်ရာ ဆုရသူများအဖြစ် ဆုချီးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနထံမှ သိရသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ၆၆ နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုလက်မှတ်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား၌ ဇန်နဝါရီ အတွင်းက ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် ကူးတို့ဆိပ် ရပ်ကွက် မီးလောင်မှုတွင် အသက်ပေး ငြိမ်းသတ်ခဲ့သည့် မီးသတ် တပ်ဖွဲဝင် ၅ ဦးတို့ကို စွမ်းရည်သတ္တိ ဆိုင်ရာ ရဲသီဟ တစ်ဆုနှင့်၊ ရဲသူရဆု ၄ ဆု ချီးမြှင့်ရာ သေဆုံးသွားသော မီးသတ် တပ်ဖွဲ့ဝင်များ ကိုယ်စား မိသားစုဝင်များက တက်ရောက်၍ ဆုလက်ခံ ရယူခဲ့ကြသည်။"သူ့ကိုယ်စား ဆုလာယူရတာ ဂုဏ်ယူပါတယ်။ ဒီဆုက သူ အသက်နဲ့ လဲပြီး ရခဲ့တာလေ။ ဘယ်လိုမှ တန်းဖိုးဖြတ်လို့ မရဘူး" ဟု ကွယ်လွန်သူ တပ်ကြပ်ဇော်ဌေး၏ အမျိုးသမီးကThe Voice Weekly သို့ ပြောကြားသည်။

ယင်းအခမ်းအနားတွင် ကူးတို့ဆိပ် မီးလောင်မှု၌ အသက်ပေး တာဝန်ထမ်းဆောင်ခဲ့ကြသည့် မီးသတ် တပ်ဖွဲ့ဝင်များ အကြောင်း ရိုက်ကူးထားသော ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် သရုပ်ဆောင်များ နှင့်ဂီတပညာရှင်များ၊ မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတို့တွင် ဓာတ်ပုံနှင့် သတင်းဆောင်းပါးများ ရေးသားခဲ့သည့် ဆောင်ပါးရှင်များ၊ ရုပ်သံတင်ဆက်ခဲ့သည့် MRTV-4၊ Sky Net စသည့် ရုပ်သံမီဒီယာများ၊ ပြည်သူ့ ဝန်ထမ်းကောင်း ဆုတံဆိပ်ရ တပ်ဖွဲ့ဝင် ၃၃ ဦးနှင့် အခြားမီးသတ် သင်တန်းများတွင် ရရှိခဲ့သော ဆုများကိုပါ ဆုချီးမြှင့်ခဲ့သည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သော မဂင်္လာတောင်ညွှန့် မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် မီးလောင် ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ဦးဇော်ဌေး၊ တပ်သား အောင်အောင်၊ တပ်ကြပ် တင်စိုး၊ တပ်သား သော်ဇင်မျိုးထက်၊ တပ်သား မျိုးကျော်ကျော်တို့ ၅ ဦး သည် မီးငြိမ်းသတ်နေစဉ် သေဆုံးခဲ့ပြီး လူ ၁ရ ဦးလည်း မီးတောင် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။
The Voice Weekly

ငါး၊ ပုစွန်များ စနစ်တကျထိန်းသိမ်းရန်ပြော



ဗဟိုစံပြငါးဈေးကြီးတွင် ပုစွန်များရောင်းဝယ်နေကြစဉ်။
ဓာတ်ပုံ - ကိုတိတ်
သဘာဝရေပြင်များတွင်ရေသယံဇာတများဖြစ်သော ငါးနှင့်အခြားရေနေ သတ္တ၀ါများကို ဖမ်းဆီးရာတွင် စည်းကမ်းမဲ့ဖမ်းဆီးထုတ်လုပ်ပါက နောက်ပိုင်းတွင် ကုန်ခမ်းမျိုးတုံးမှုများ ဖြစ်လာနိုင်သဖြင့် သယံဇာတ ထိန်းသိမ်းရေးအတွက် ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း သမ၀ါယမ၀န်ကြီး ဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောသည်။
သယံဇာတထိန်းသိမ်းရေးနှင့်ပတ်သက်၍ ရေသတ္တ၀ါများ သားပေါက်မျိုး ပွားချိန်တွင် မဖမ်းဆီးကြရန်နှင့် ငါးဖမ်းကာလနှင့် ငါးဖမ်းကွက်များကို သတ်မှတ် ပြီးဖြစ်ကြောင်း၊ ရေသတ္တ၀ါများအား ဖမ်းဆီးရာတွင် တားမြစ်ထားသော ဘက်ထရီရှော့တိုက်ဖမ်းခြင်း၊ အဆိပ်ချခြင်း၊ မိုင်းခွဲ ကာငါးဖမ်းသည့် နည်းစနစ်များ အသုံးချ နေခြင်းတို့ကို မပြုလုပ်ကြရန် အမိန့် ကြော်ငြာစာများထုတ်ပြန် တားမြစ်ထား ပြီး ဒရွတ်ဆွဲ ငါးဖမ်းကိရိယာများအတွက် ပိုက်ကွက်အကျယ်မှာ ငါးအတွက် နှစ် လက်မ၊ ပုစွန်အတွက် တစ်လက်မခွဲသတ် မှတ်ပေးခြင်းများကို ငါးလုပ်ငန်းဦးစီး ဌာနက ညွှန်ကြားချက်များထုတ်ပြန်ထား ပြီးဖြစ်ကြောင်း ၀န်ကြီးကပြောသည်။
"ငါးရှဥ့်၊ ကဏန်း၊ အလှမွေးငါး၊ ရေချို ရေငန်ငါး၊ ပုစွန် ဒီလိုရေသယံဇာတတွေ က အသစ်ပြန်လည်ထုတ်ပေးနိုင်ပြီး ထပ်မံပေါက်ပွား နိုင်တဲ့ သတ္တ၀ါတွေ ဖြစ်တဲ့အတွက် စနစ်တကျ စည်းကမ်းရှိ ရှိ ဖမ်းဆီးထုတ်လုပ်သုံးစွဲရင်ရေရှည် အတွက် အကျိုးရှိမှာပါ။ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဆောင်ရွက် ဖို့ လိုပါတယ်"ဟု ၎င်းက ပြောသည်။
ရေချိုငါးဖမ်းဆီးထုတ်လုပ်ရေး ကဏ္ဍတွင်လည်း မြန်မာနိုင်ငံတွင် ပြည်ထောင်စု စာရင်းဝင် အင်းပေါင်း ၃,၇၂၁ အင်း ရှိရာ အခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အင်းများလေလံတင်ရောင်းချ ခြင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ လွှဲပြောင်း ပေးပြီး ဖြစ်ကြောင်းလည်း ပြောသည်။
"အင်းတွေကို ဈေးပြိုင်စနစ်နဲ့ လေလံ ဆွဲဝယ်ယူရာမှာ မတော်လောဘစိတ် တွေနဲ့ အပြိုင်အဆိုင်ဆွဲဝယ်ကြလို့ အင်း ဈေးတွေ အဆမတန်ကြီးမြင့်ပြီး ငါး ဈေးနှုန်းတွေလည်း ကြီးလာတာကြောင့် အသိတရားနဲ့ ဆောင်ရွက်ကြပါလို့ မှာကြားလိုပါတယ်"ဟု ၀န်ကြီးက ပြောသည်။
အင်းငါးများထုတ်လုပ်ရာတွင်လည်း ဒေသထွက် တိုင်းရင်းငါးမျိုးများကို အင်းများအတွင်း ငါးမျိုးချန်လှပ်ကာ မွေးမြူသားဖောက်သော နည်းလမ်းများ အသုံးပြုပြီး ထုတ်လုပ်မှုကို မြှင့်တင်နိုင် ကြရမည်ဖြစ်ကြောင်း၊ ထိုသို့မြှင့်တင် နိုင်ရန် လုပ်ကိုင်သောအင်းများကို ရေစီး ရေလာကောင်းအောင် ပြုပြင်ထိန်းသိမ်း သော လုပ်ငန်းများဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ပြောသည်။
"ရာသီဥတုက ဖောက်ပြန်ပြောင်းလဲ လာနေလို့ ရေလမ်းကြောင်းတွေပြောင်း လဲပြီး ငါးနေငါးထိုင်ကွင်းတွေ၊ ငါး အတက်အဆင်း လမ်းကြောင်းတွေ ပြောင်းလဲလာတော့ ငါးတွေ ပေါက်ဖွား ကြီးထွားဖို့နေရာတွေ ပျောက်ဆုံးပြီး တိုင်းရင်းငါးမျိုးတွေ ရှားပါးလာတာ တွေ့ရတယ်" ဟု ပြောသည်။
ကြေးတိုင်လုပ်ကိုင်ခွင့်ရရှိသော အင်းသားကြီးများအနေဖြင့်လည်း အင်းများ ရေရှည်တည်တံ့စေရန် အင်းပြင်ဆင် ရန်၊အင်းငါး အထွက်ကောင်းစေရန် ကြေးတိုင်စည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်ရန် ပြောသည်။
၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ် ရေထွက်ကုန်ပစ္စည်းတင်ပို့မှုတွင် အမေရိကန် ဒေါ်လာ သန်း ၇၀၀ လျာထားရာ မက်ထရစ် တန် ၃ ဒသမ ၈၆ သန်း တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၆၅၃ သန်း ရရှိကာ ၉၃ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး ဖြစ်ကြောင်း ပြောသည်။
"ကဏန်းနဲ့ ငါးရှဥ့်ကရတဲ့ နိုင်ငံခြား ၀င်ငွေတွေကလည်း ဒီနှစ်ဘဏ္ဍာနှစ် မှာ စံချိန်တင်ရရှိခဲ့ပါတယ်။ အရင်နှစ်တွေက တစ်နှစ်ကို ဒေါ်လာ ၅၄ သန်း ခန့်လောက်ရခဲ့ရာကနေ အခုနှစ်မှာ ဈေးနှုန်းပိုရပြီး အမေရိကန်ဒေါ်လာ ၈၃ သန်းထိ တိုးမြင့်ရလာခဲ့ပါတယ်" ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဌေးမြင့်က ပြောသည်။

 စိုးစန္ဒာဦး(မြန်မာတိုင်းမ်)

ကချင်ပြည်နယ်တွင် ကုလ၏ အကူအညီများ ရပ်ဆိုင်းထားရ

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုနှင့် လုံခြုံရေးအခြေ အနေများကြောင့် စစ်ဘေးဒုက္ခသည် များအား အကူအညီပေးနေမှုများကို ရပ်ဆိုင်းထားရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ သိရသည်။

“လုံခြုံရေးအခြေအနေ မကြာခင် ပိုကောင်းလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အဲဒါမှကျွန်တော်တို့ အနေနဲ့ အစိုးရ ထိန်းချုပ်မှုအောက်နဲ့ KIO ထိန်းချုပ်မှုအောက်မှာရှိတဲ့ နယ် မြေတွေထဲက ဒုက္ခသည်တွေအားလုံးကို အကူအညီတွေ ပေးနိုင်မှာ ဖြစ်တယ်”ဟု UNHCR၏ ဌာနေကိုယ်စားလှယ် မစ္စတာ ဟန်စ်တန်ဖဲလ်က ဧပြီလ ၂၇ ရက် နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။

၎င်းကဆက်လက်၍၂၀၁၂ ခုနှစ်၊ မတ်လမှ ၂၀၁၃ ဖေဖော်ဝါရီလအတွင်း စစ်ပြေးဒုက္ခသည်ဦးရေမှာ ၅၀,၀၀၀ မှ ၆၀,၀၀၀ အထိသို့ ရောက်ရှိလာလိမ့် မည်ဟု မျှော်မှန်းထားကာ ထိုအတွက် လည်း မြန်မာနိုင်ငံ ကုလသမဂ္ဂအဖွဲ့ အစည်းအားလုံးမှ ပူးပေါင်းဆောင်ရွက် နေကြောင်း ပြောသည်။

ထိုစစ်ပြေးဒုက္ခသည်များအား ကူညီ ပေးနိုင်ရန်အတွက် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၂ သန်းလိုအပ် ကာ လက်ရှိတွင် ဒေါ်လာ ၁၀ သန်းကို မြန်မာနိုင်ငံရှိ UN အဖွဲ့အစည်းများ၏ ကိုယ်ပိုင်ရန်ပုံငွေနှင့်အတူ အလှူရှင်များမှတစ်ဆင့် လက်ခံရရှိပြီး ဖြစ်ကြောင်း မစ္စတာတန်ဖဲလ်က ပြောသည်။

“လက်ရှိအချိန်မှာ ကျွန်တော်တို့စိုးရိမ် နေတာက မကြာခင်မှာမိုးရာသီစတော့ မယ်။ ဒုက္ခသည်တွေအတွက် အမိုး အကာတွေပေးနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါအပြင် မိုးရွာတဲ့အတွက် ကျွန်တော်တို့ရဲ့အကူအညီပေး လုပ်ငန်းတွေကိုလည်း ထိခိုက်နိုင်တယ်”ဟု ၎င်းက ပြောသည်။

နန်းတင်ထွေး (မြန်မာတိုင်းမ်)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်