မအူပင်လေပြင်းတိုက်ခတ်မှု ၁ ဦးသေ၊ ရာနှင့်ချီ လေဘေးဒဏ်ခံနေရ

ဓါတ်ပုံ-Google Images
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ထဲက ကျေးရွာအုပ်စု အနည်းဆုံး ၅ခုလောက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် လေပြင်း တိုက်ခဲ့တာကြောင့် မြစ်ထဲသွားလာနေတဲ့ ငါးဖမ်းလှေတွေ တိမ်းမှောက်မှုဖြစ်ပွားပြီး ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တဦး သေဆုံးသွားပါတယ်။

ပြီးခဲ့တဲ့ မေ ၁ ရက်နဲ့  ၂ ရက်နေ့တွေမှာ လေပြင်း တိုက်ခတ်သွားတဲ့အတွက် ငါးဖမ်းလှေမှောက်ပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးသွားတာလို့ မအူပင်မြို့နယ် ကြက်ခြေနီအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျွဲတုန်းဘက်မှာလေ၊ လေတိုက်ပြီးတော့ လှေ ၁၁ စင်းမြုပ်တာ။ ကလေး တဦး သေသွား တယ်။ မောင်နှမ ၂ ယောက် လှေနဲ့ သွားတာ၊ လှေမှောက်သွားတဲ့အခါကျတော့ မိန်းကလေးက ကူးတော့ကူးတတ်မှာပေါ့လေ၊ လေက တအားများနေတဲ့အခါကျတော့ ကလေးမလေး သေသွားတယ်။ သူတို့ က လေမတိုက်ဘူးထင်ပြီး ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးနေကြတာ။ နောက် ငါးတွေဘာတွေရှာတဲ့ လူတွေရော ဗြုန်းခနဲ လေက၀င်တိုက်လာတဲ့အခါကျတော့ လှေတွေမှောက်ကုန်တာ”
အလားတူ မအူပင်မြို့နယ်အတွင်းက ရေလဲ၊ အောင်ဟိတ်၊ မှန်ပင်၊ ပန်းပင်စု၊ ငါးကြီးကရက် စတဲ့ ကျေးရွာအုပ်စုတွေမှာ လေပြင်းတွေ တိုက်မှုကြောင့် ဘုန်းကြီးကျောင်းတချို့နဲ့  လူနေအိမ်ခြေ ၇၀ လောက် ပျက်စီးသွားပါတယ်။

ငါးကြီးကရက်နဲ့ ရေလဲကိုသွားတဲ့ လမ်းပေါ်မှာရှိတဲ့ ချောင်းဖျားကြီး ကျေးရွာဘက်မှာတော့ ဧရာဝတီတိုင်းမှာ ၂၀၀၈ မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ဒဏ်ခံလိုက်ရပြီးနောက် ပြန်လည်ဆောက်လုပ်ထားတဲ့ အိမ်တချို့ ပြိုကျသွားတယ် လို့  ဒေသခံတွေက ပြောပါတယ်။

လေဘေးသင့်ဒေသခံတွေကို ကျန်းမာရေးဌာနနဲ့ ကြက်ခြေနီအပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အရေးပေါ် လိုအပ်တဲ့ ပစ္စည်းတွေ သွားရောက် ကူညီပေးနေတယ်လို့ သိရပါတယ်။ မအူပင် ကြက်ခြေနီအဖွဲ့က “ကျနော်တို့ဆီက ဒီ ကြက်ခြေနီကနေပြီးတော့လေ ပစ္စည်း ၂၁ မျိုး သွားဝေပေးတယ်။ ဒယ်အိုးတို့၊ စောင်တို့၊ တာပေါ်လင်တို့၊ ပန်းကန်၊ ခြင်ထောင်တို့ ဘာတို့ အဲဒါတွေလေ။ အကုန်လုံးစုစုပေါင်း ၂၁ မျိုးပေါ့။”

ဒီနေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာတော့ မအူပင်လေဘေးမှာ လူ ၂၇၀ လောက် လေဘေး ဒုက္ခခံနေကြရပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးပမာဏကတော့ မြန်မာကျပ်ငွေ ၁၈ သိန်း ၉ သောင်းလောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။ 
ပီတာအောင် (ဒီဗွီဘီ)

ဆိုင်း​ဘုတ်ဖြုတ်ချမှု ငြိမ်း​ချမ်း​ရေး​ကို ထိခိုက်နိုင်ဟု ​ကေအန်ယူ​ပြော

အစိုး​ရနဲ့​အပစ်အခတ်ရပ်ထား ​တဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ)ရဲ့​ ပဲခူး​တိုင်း​ ​ကျောက်ကြီး​မြို့​နယ်က ဆက်ဆံ​ရေး​ရုံး​ ဆိုင်း​ဘုတ်ကို မြို့​နယ် ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီက ဖြုတ်ချပြီး​ ပါတီဆိုင်း​ဘုတ်နဲ့​ အစား​ထိုး​ခဲ့​တယ်လို့​ ​ကေအန်ယူက ​ပြောပါတယ်။
ဧပြီ၆ရက်နေ့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့စဉ်

“အစကတည်း​က ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ရုံး​ပဲ။ ခဏပိတ်ထား​ပြီး​ ဆက်ဆံ​ရေး​ရုံး​ ဖွင့်​တယ်။ ကျမတို့​ကလည်း​ ဖွင့်​ပြီး​တော့​ အလုပ် လုပ်ဖို့​ ​သေ​သေချာချာ စနစ်တကျ အစီအစဉ် ဆွဲထား​တာ မရှိ​သေး​တော့​ ​နောက်မှ အလုပ်လုပ်မယ်​ပေါ့​။ အခုက ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ရုံး​က လူ​တွေက သူ့​ရုံး​သူပြန်တက်တာ​ပေါ့​။”
အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​နော်စီဖိုး​ရာစိန် ဦး​ဆောင်တဲ့​ ​ကေအန်ယူအဖွဲ့​ဟာ မတ် ၄ ရက်​နေ့​က​နေ ၁၁ ရက်​နေ့​အထိ မြန်မာနိုင်ငံသွား​ရောက်ပြီး​ ပြည်​ထောင်စု အဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ ပြုလုပ်ခဲ့​ရာမှာ ပဲခူး​တိုင်း​ ​ကျောက်ကြီး​မြို့​နဲ့​ တနင်္သာရီတိုင်း​ မြိတ်မြို့​တို့​မှာ ဆက်ဆံ​ရေး​ရုံး​ဖွင့်​လှစ်ခဲ့​တာပါ။

ကျောက်ကြီး​မြို့​နယ် ​ကေအန်ယူဆက်ဆံ​ရေး​ရုံး​ ဖွင့်​လှစ်ဖို့​အတွက် အစိုး​ရဘက်က စီစဉ်ပြီး​ ဆိုင်း​ဘုတ်တင်​ပေး​ခဲ့​တာ ဖြစ်ပြီး​ ​ကေအန်ယူအဖွဲ့​ ပြန်သွား​ပြီး​တဲ့​နောက် ဆိုင်း​ဘုတ် ဖြုတ်ချခံခဲ့​ရတာဖြစ်ပါတယ်။

ဒီရုံး​ဟာ မူလကတည်း​က ပြည်ခိုင်ဖြိုး​ပါတီ ရုံး​ဖြစ်လို့​ ဆိုင်း​ဘုတ် ပြန်တင်တဲ့​အ​ပေါ် ​ကေအန်ယူက အပြစ်မ​ပြော​ပေမယ့်​ အစိုး​ရ တာဝန်ရှိသူ​တွေက တိတိကျကျ အစီအစဉ်မရှိ အလုပ်လုပ်တဲ့​ လုပ်​ဆောင်ချက်ဟာ ငြိမ်း​ချမ်း​ရေး​အတွက် ထိခိုက်​စေနိုင်တယ်လို့​ ကရင်အမျိုး​သား​အစည်း​အရုံး​က ​ပြောဆိုလိုက်ပါတယ်။

အစိုး​ရရဲ့​ ​ပေါ့​ဆစွာလုပ်​ဆောင်မှု​ကြောင့်​ လက်ရှိလုပ်​နေတဲ့​ ငြိမ်း​ချမ်း​ရေး​ကို ထိခိုက်​စေနိုင်တဲ့​အတွက် ဒီကိစ္စ နှစ်ဖက် ထပ်မံ​ဆွေး​နွေး​ဖို့​ရှိတယ်လို့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ ​ကော်မတီအဖွဲ့​ရဲ့​ ​ပြောခွင့်​ရသူ ​နော်​မေဦး​က ​ပြောပါတယ်။

“ရုံး​ဖွင့်​မယ်ဆိုတာ သ​ဘောတူခဲ့​တယ်။ ဘယ်မှာဖွင့်​မယ်ဆိုတာ အစိုး​ရက စီစဉ်ထား​တယ် ​ပြောလို့​ သွား​ဖွင့်​တာပဲရှိတယ်။ အလုပ်လုပ်ဖို့​အတွက် ရုံး​ဖွင့်​ဖို့​ လိုတယ်ဆိုတာ ​ကေအန်ယူ သ​ဘောထား​ရှိတယ်။ ဘယ်​နေရာမှာ ဖွင့်​မလဲဆိုတာက ဒါက အစိုး​ရက သူ့​နယ်​မြေထဲ သွား​ဖွင့်​တာ ဖြစ်တဲ့​အတွက် သူ့​တာဝန်ဖြစ်တယ်​လေ။ သွား​ဖွင့်​တဲ့​အခါ ဒီလို မလိမ့်​တပတ်လုပ်တာ၊​ ဒါမှမဟုတ်လည်း​ အစီအစဉ်မရှိဘဲ ​ပေါ့​ပေါ့​ဆဆလုပ်တာဟာ ငြိမ်း​ချမ်း​ရေး​ကို အန္တရာယ်ဖြစ်​စေတာ။ ဒါကလည်း​ သင်ခန်း​စာ​ပေါ့​လေ။”

မြိတ်မြို့​မှာဖွင့်​တဲ့​ ဆက်ဆံ​ရေး​ရုံး​ကို​တော့​ လက်ရှိ ​ကေအန်ယူ ကိုယ်စား​လှယ်​တွေ သွား​ရောက် ရုံး​ထိုင်ပြီလို့​ ​ကေအန်ယူ မြိတ်၊​ ထား​ဝယ်ခရိုင် တာဝန်ရှိသူက ​ပြောပါတယ်။
ကေအန်ယူအ​နေနဲ့​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​မှုနဲ့​ပတ်သက်ပြီး​ ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​ နိုင်ငံခြား​သား​သတင်း​ထောက်များ​ အသင်း​ (FCCT) ရဲ့​ ဖိတ်ကြား​ချက်အရ ​မေ ၃ ရက်​နေ့​က သတင်း​စာရှင်း​လင်း​ပွဲ ပြုလုပ်ခဲ့​ပါတယ်။

ဒီရှင်း​လင်း​ပွဲမှာ လက်ရှိဖြစ်​ပေါ်​နေတဲ့​ အ​ကြောင်း​အရာနဲ့​ ပတ်သက်ပြီး​ ​ကေအန်ယူရဲ့​ သုံး​သပ်ချက်၊​ သ​ဘောထား​တွေကို ​ပြောဆိုခဲ့​တယ်လို့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​ရဲ့​ ​ပြောခွင့်​ရသူ ​နော်​မေဦး​က ​ပြောပါတယ်။ 
နော်နိုရင်း (ဒီဗွီဘီ)

ဒု သမ္မတ ဦးတင်အောင်မြင့်ဦး ဘယ်မှာလဲ

လာမည့် ၂၀၁၅ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန် အနားယူဖွယ်ရှိကြောင်း ပြည်ပသတင်းများက ရေးသားဖော်ပြနေချိန် ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးလည်း ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားသည်ဆိုသော ကောလာဟလ သတင်းများ ရန်ကုန်မြို့ရှိ ပြည်သူများကြားနှင့် လူမှုကွန်ရက် facebook တွင် ပျံ့နှံ့ နေသည်။
၂၀၁၁ ခု ဇွန်လအတွင်းက အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် နေပြည်တော်တွင်တွေ့ဆုံစဉ် မြင်တွေ့ရသည့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး (ဓာတ်ပုံ - AP/straitstimes.com)
သမ္မတ၏ နိုင်ငံရေးရာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က အမေရိကန်အခြေစိုက် စီးပွားရေး သတင်းစာ Bloomberg အား ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန် နိုင်ငံရေးမှ အနားယူဖွယ်ရှိကြောင်း ပြောဆိုသည့် တချိန်တည်းမှာပင် ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး သည်လည်း ရာထူးမှ နုတ်ထွက်သွားကြောင်း ကောလာဟလ သတင်းများ ရန်ကုန်တွင်
ပျံ့နှံ့လျက် ရှိသည်။
ဧရာဝတီမှ စုံစမ်းကြည့်ရာတွင် ဦးတင်အောင်မြင့်ဦး နုတ်ထွက်သည့် သတင်းအပေါ် အစိုးရနှင့် နီးစပ်သည့် သတင်း ရပ်ကွက်များက အတည်ပြုခြင်း မရှိပေ။ သိုသော် ဦးတင်အောင်မြင့်ဦးမှာ မကြာသေးမီက စင်ကာပူတွင် ဆေးကုသမှုခံယူပြီး ယခုအခါ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးအခြေအနေ အသေးစိတ်ကိုမူ နီးစပ်သူများက ပြောဆိုလိုခြင်းမရှိပေ။
အစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူဟု လူသိများသည့် ဦးတင်အောင်မြင့်ဦး သည် ဦးသိန်းစိန် အပါအ၀င် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်လည်း အမြင်တူညီခြင်းမရှိကြောင်း အစိုးရနှင့် နီးစပ်သူများက ဆို သည်။
ဗိုလ်ချုပ်ကြီးဟောင်းတဦးဖြစ်သည့် သီဟသူရ ဦးတင်အောင်မြင့်ဦးသည် အစိုးရသစ်လက်ထက် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ ထောက်ခံမှုဖြင့် ဒု သမ္မတဖြစ်လာသူတဦးဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီ ပိုင်ရှင် စတီဗင်လော(ခ) ဦးထွန်းမြင့်နိုင်၊ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်တို့နှင့် ရင်းနှီးသူ တဦးလည်း ဖြစ်သည်။
ဦးတင်အောင်မြင့်ဦးနှင့်ဇနီး သင်္ကြန် ရေကစားနေသည့် ဓာတ်ပုံများ ဧပြီလ ၁၇ ရက်ထုတ် အစိုးရသတင်းစာများတွင် နောက်ဆုံး ဖော်ပြ ခဲ့သည်။
မကြာသေးခင်းကလည်း သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးတွင် အဟန့်အတားဖြစ်နေသော အစိုးရအဖွဲ့ဝင်များကို ဖယ်ရှားပြီး အစိုးရ အဖွဲ့သစ် ပြောင်းလဲဖွဲ့စည်းတော့မည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
အစိုးရအဖွဲ့သစ်ပြောင်းလဲရာတွင် ထုတ်ပယ်ခံရမည်ဟု လူအများ ထင်ကြေးပေးပြောဆိုနေသူများ စာရင်းတွင် သီဟသူရ  ဦးတင်အောင်မြင့်ဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ အမှတ် (၁) လျှပ်စစ် စွမ်းအင်ဝန်ကြီး ဦးဇော်မင်းတို့ပါဝင်သည်။
ယမန်နေ့က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO)ကိုမှ ကြီးမှုကျင်းပသည့် ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်
ခွင့်နေ့ အခမ်းအနားတွင် ပုံမှန်တက်ရောက်နေကြ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း မလာရောက်ခဲ့သဖြင့် လေ့လာစောင့်ကြည့် သူများက ဦးကျော်ဆန်း၏ အနေအထားကိုလည်း မေးခွန်းထုတ်နေကြသည်။
 ရန်ပိုင် (ဧရာဝတီ)

Flower News အတွဲ(၈) အမှတ် (၁၆)

fn 816 (4c)-2
 fn 816 (1c)-1
http://minus.com/miIDjhqn6/
Flower News အတွဲ(၈) အမှတ် (၁၆) ကို အထက်ပါလင့်(ခ်)မှ ဒေါင်းလုပ်ရယူနိုင်ပါသည်။ အွန်လိုင်းစာဖတ်သူများအဆင်ပြေစေရန် ဖိုင်ဆိုဒ်ပမာဏလျော့ချပေးထားပါသည်။ အားပေးမှုကို ကျေးဇူးအထူးတင်ရှိပါသည်။

GSM ဖုန်းများအားလုံး မေ၇ ရက်မှ စတင်၍ ကျပ်တစ်သောင်းနှင့် အင်တာနက်သုံးစွဲနိုင်ပြီ

ဂျီအက်စ်အမ်တယ်လီ ဖုန်းများကို မေ ၇ ရက်မှစတင်၍ အင်တာနက်လိုင်းများသုံးစွဲခွင့် ပြန် လည်ချပေး တော့မည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

 ယင်းကဲ့သို့ အင်တာနက်လိုင်း များချထားပေးရာတွင် ယခင် ကျပ် ၁၅ သိန်းတန်ဂျီအက်စ်အမ်တယ်လီ ဖုန်းများ အပါအဝင် တန်ဖိုးနည်း ဂျီအက်စ်အမ်တယ်လီဖုန်းများအား လုံးကို အင်တာနက်သုံးစွဲခွင့်လိုင်း များချထားပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ် ဂျာနယ် သို့အတည်ပြုပြောကြားသည်။

''ဂျီအက်စ်အမ်တွေအားလုံးကို အင်တာနက်လိုင်းတွေပြန်ချပေးတော့ မှာပါ''ဟုမြန်မာ့ဆက်သွယ်ရေး မိုဘိုင်း တယ်လီဖုန်းဌာနမှတာဝန်ရှိသူတစ် ဦးကပြောသည်။ ယခင်ကရပ်နားထားသည် ဂျီ အက်စ်အမ်တယ်လီဖုန်းများအင်တာ နက်လျှောက်ထားခွင့်ကို ခေတ္တ ရပ် နားထား ရာမှ ယခုအခါပြန်လည် သုံးစွဲခွင့်ဖွင့်ပေးခြင်းဖြစ်ကြောင်း၊ အင်တာနက်လိုင်းများသုံးစွဲခွင့် လျှောက်ထား ရာတွင် လျှောက်ထား သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူနှင့် လျှောက်ထားမည့် တယ်လီဖုန်း မှန်ကန်ကြောင်း အထောက်အထားများ ဖြင့်ပူးတွဲလျှောက်ထားရမည်ဖြစ် ကြောင်းသိရ သည်။

''အခုဂျီအက်စ်အမ်တွေ တယ် လီဖုန်းတွေ အင်တာနက် လျှောက် ထား ရင် ကျပ် ၁၀၀၀၀ သွင်းရုံနဲ့ လျှောက်ထားနိုင်ပါပြီ''ဟုယင်းက ဆက်လက်ပြော ကြားသည်။ အင်တာနက်သုံးစွဲခနှုန်းထား များမှာ ဂျီအက်စ်အမ် တယ်လီဖုန်း များတွင် (GSM 2.75G) (EDGE)) တစ်မိနစ်လျင် ၂ကျပ်၊ WCDMA  3G ဖုန်းများ သုံးစွဲခနှုန်းထားများမှာ တစ်မိနစ်လျင် ၄ကျပ်နှင့် CDMA 800 (EVDO) ဖုန်းများတွင် သုံးစွဲခနှုန်းထားမှာ တစ် မိနစ် လျင် ၄ကျပ်နှုန်းဖြင့် ကောက် ခံသွားမည် ဖြစ်ကြောင်းသိရသည်။

ယင်း ကဲ့သို့လျှောက်ထားမှု များကိုမြန်မာ့ဆက်သွယ်ရေးနှင့် ချိတ်ဆက်ထားသည့် ဆက်သွယ်ရေး ကုမ္ပဏီများ တွင်လျှောက်ထားနိုင်မည့်အပြင် မြန်မာ့ဆက်သွယ်ရေး ရုံးချုပ် (ရွှေဂုံတိုင်) ၊အလုံအိတ်ချိန်းဝန်း  (ဗဟိုရ်စည်မှတ်တိုင် အနီး) နှင့် မြန်မာ့ဆက်သွယ်ရေး (ပန်းဆိုးတန်း) ရုံးတို့တွင် လျှောက်ထား  နိုင်ကြောင်း  သိရသည်။

ရန်ကုန်တိုင်းမ်

ရန်ကုန်တိုင်း ဒေသကြီးတွင် သုံးရက်အတွင်း မိုးကြိုးပစ်၍ လူခြောက်ဦး သေဆုံး

ဓါတ်ပုံ(Google Images)
ရန်ကုန်၊ မေ ၃မုတ်သုံကြို ကာလအတွင်း အပူရှိန် မြင့်တက်လာမှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး၌ ဧပြီလ ၂၉ ရက်မှ မေလ ၁ ရက်နေ့အထိ သုံးရက်အတွင်း လူခြောက်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။အဆိုပါ မိုးကြိုးပစ်ခံရ၍ လူသေဆုံးမှုများမှာ ရန်ကုန်တိုင်း ဒေသကြီး သုံးခွ၊ တိုက်ကြီး၊ တွံတေး၊ သန်လျင် မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ ရဲစခန်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ အရပ်ရပ်တွင် မုတ်သုံရာသီ မကျရောက်မီ ကာလအတွင်း နေ့အပူချိန် မြင့်တက်လာရာမှ မွန်းလွဲ၊ ညနေပိုင်းတို့၌ မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် လေပြင်း တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကြား မိုးထစ်ချုန်း ရွာခြင်းကဲ့သို့ မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်) က ထုတ်ပြန်ထားသည်။
The Voice Weekly

ကြေးနီမိုင်း အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းပြီ

ကြေးစင်တောင်မှ ကြေးနီလုပ်ငန်း
စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမဆုံးအလုပ်သမား အဖွဲ့အစည်းတစ်ခုဖြစ်သော ဆာလင်းကြီးမြို့နယ်ရှိ ကြေးစင်တောင်နှင့် စပယ်တောင်သတ္တုတွင်းနယ်မြေတွင်
 ကြေးနီထုတ်လုပ်မှု့ ဆောင်ရွက်လျှက်ရှိသော Myanmar Yan Tse Copper LTD.
 မှဝန်ထမ်း (၄၇၇) ဖြင့် ဖွဲ့စည်းထားသော ကြေးနီသတ္တုတွင်း အခြေခံအလုပ်
သမား အဖွဲ့အစည်းသည် (၃.၅.၂၀၁၂) နေ့တွင် အလုပ်သမားအဖွဲ့အစည်း ဥပဒေ(၂၀၁၁)နှင့်အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေများနှင့်အညီ 
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ အလုပ်သမားညွှန်ကြားမှု့ ဦးစီအရာရှိထံတွင် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

Myanmar News Now

အဓိပတိ(အဖြူရောင်) ယာဉ်လိုင်းမှ လူအုပ်စုဖွဲ့၍ မင်းမဲ့စရိုက် ဆန်ဆန် လူနေရပ်ကွက် အတွင်း ၀င်ရောက်၍ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း

သို့

နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများ သိစေရန်

အကြောင်းအရာ။ ။ ဗန္ဓုလခရီးသည် သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းဖြစ်သော
အဓိပတိ(အဖြူရောင်) ယာဉ်လိုင်းမှ လူအုပ်စုဖွဲ့၍ မင်းမဲ့စရိုက် ဆန်ဆန်
လူနေရပ်ကွက် အတွင်းဝင်ရောက်၍ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း တို့ကို တင်ပြ
အသိပေး တိုင်ကြားခြင်းကိစ္စ..

အထက်ပါ အကြောင်းရာ ကိစ္စနှင့်ပတ်သက်၍ (၄.၄.၂၀၁၂)ရက်နေ့ မွန်းလွဲ
(၁း၀၀)နာရီ အချိန်ခန့်တွင် ဗန္ဓုလ ခရီးသည်တင် ယာဉ်လိုင်းမှ
အဓိပတိ(အဖြူရောင်)ယာဉ်အမှတ် (၂ဂ/ ၅၃၅၄) ကားသည် သင်္ဃန်းကျွန်းမြို့နယ်၊
လေးဒေါင့်ကန်လမ်းမကြီး၊ ဘ၀မြင့် ကားမှတ်တိုင်အနီး လမ်းမကြီးပေါ်တွင်
ကားပျက်၍ ရပ်ထားခဲ့ပါသည်။ ကားပျက်သော်လည်း (၁)လမ်းဘေးသို့
ချ၍ရပ်မထားခြင်း (၂) ညဘက် လျှပ်စစ်မီး ပျက်နေသော်လည်း ကားမှာ
မီးမထွန်းထားခြင်းတို့ကို တွေ့ရှိရပါသည်။

၎င်းနေ့ည(၁၁း၀၀)ခန့်တွင် လေးထောင့်ကန် လမ်းမကြီးအတိုင်း အနောက်မှအရှေ့သို့
မောင်းနှင်လာ သောဂျစ်ကား အမှတ်(၃ဂ/၆၅၈၁) ကားမှာ ပျက်နေသော အ့ဓိပတိကားကြီး
နောက်မှ ၀င်ရောက် တိုက်မိခဲ့ပါသည်။ အရှိန်ပြင်းသောကြောင့်
ကားကြီးပေ(၅၀)ခန့်အကွာအဝေးသို့ေ
ရာက်ရှိပြီး ပလက်ဖောင်းပေါ်တွင်
စိုက်ထူထားသော အလင်းရောင် ဓါတ်ပုံ၊ စတူဒီယို ဆိုင်းဘုတ်ကိုပါကားကြီးမှ
ဝင်ရောက် တိုက်မိ၍ လဲပြိုခဲ့ပါသည်။ ဂျစ်ကား မောင်းလာသူမှာ ကားထဲတွင်
ညက်နေ၍ အနီးပတ်ဝန်းကျင် ရပ်ကွက်သူ ရပ်ကွက်သားတို့မှ ခက်ခဲစွာ ဆွဲထုတ်ယူ၍
နီးစပ်ရာစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ည(၁၁း၃၀) နာရီတွင် လျှပ်စစ်မီးပြန်လာ၍ ၎င်းယာဉ်တိုက်မှုဖြစ်စဉ်ကို
ရပ်ကွက်သူရပ်ကွက်သားတို့က ၀ိုင်းအုံကြည့်ရှုနေစဉ် အဓိပတိယာဉ်လိုင်းမှ
တာဝန်ရှိသူ အသက်(၃၅)နှစ် ၀န်းကျင်ခန့် ရောက်ရှိလာပြီး မှတ်တမ်းတင်
ဓာတ်ပုံခြင်း၊ လက်ကိုင်ဖုန်း စကားပြောခြင်းတို့ ပြုလုပ်နေပြီး ရုတ်တရက်
လူပရိသတ် ဘက်လှည့်၍ “ မင်းတို့က ဘာကောင်တွေလဲ၊ မင်းတို့အလုပ်ဘာရှိသလဲ၊
မဆိုင်တဲ့ကောင်ပြန် “ ဟုမောက်မာစွာ ပြောဆိုခဲ့ပါသည်။ ကျွန်တော်တို့က “
ကျုပ်တို့ဟာ ရပ်ကွက်သားတွေ ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုမှာ ကူညီကြသူများ
ဖြစ်သည့်အတွက် မပြန်နိုင်ကြောင်း၊ မိမိအိမ်ရှေ့မှာ မိမိဘာသာ လွတ်လပ်စွာ
နေထိုင်နိုင်ခွင့် ရှိကြောင်း၊ ပြန်ပြောသည့်အခါ ထိုသူက “ ကျုပ်ဟာ
နိုင်ငံတော် ပြန်တမ်းဝင် အရာရှိ တစ်ယောက်ဖြစ်တယ် “ ၊ “ အဲဒါဆိုရင်
ခင်ဗျားကပိုလို့ နားလည်ရမှာ ဖြစ်ကြောင်း” ကျွန်တော်က ပြောပြခဲ့ပါတယ်။
ထိုသူက “ ထိုသူက သူမှားသွားကြောင်း ပြန်ပါအုံးမည်” ဟုပြောပြီး
ပေကြိုးတိုင်း၍ တာဝန် ထမ်းဆောင်နေသော ယာဉ်မှုစစ်အား “ဟေ့ကောင် မင်းလည်း
လုပ်စရာမလိုဘူးပြန် “ ဟုပြောပြီး ၎င်းစီးလာသော တက္ကစီအနီရောင်ဖြင့် ပြန်လည်
ထွက်ခွာသွားခဲ့ပါသည်။ ကျွန်တို့လည်း လူစုခွဲ၍ အိမ်သို့ပြန်ရောက်ပြီးမိနစ်
(၂၀) ခန့်အကြာ(၁၂း၃၀) နာရီခန့်တွင်လမ်းမတန်းမှ လူအုပ်စုအသံကြီးနှင့်
“ငါတို့ ဗန္ဓုလယာဉ်လိုင်းကို စော်ကားတဲ့ကောင်တွေ အကုန်ရိုက်”
အော်ဟစ်ဆဲဆိုပြီး ရပ်ကွက်အတွင်းသို့ ၀င်ရောက်ခဲ့ကြပါသည်။

ကျွုန်ပ်လည်း အသံကြား၍ ထွက်ကြည့်လိုက်ရာ နဖူးတွင်စွပ်ကျယ် အင်္ကျီကိုစည်း
ကိုယ်လုံးတွင် အင်္ကျီဗလာယူနီ ဖောင်းနက်ပြာ ဘောင်းဘီကို ဒူးအထိလိပ်
လက်ထဲတွင်လုံးပတ် တစ်လက်မ အရှည်တစ်ပေခွဲခန့် သံပိုက်လုံး ကိုယ်စီ
ကိုင်ဆောင်ပြီး မြင်မြင်သမျှ လိုက်လံရိုက်နှက် နေကြသဖြင့် ကျွန်ုပ်တို့
ရပ်ကွက်သားတို့မှာ မိမိတို့ အိမ်ထဲ ပြေးဝင်ရောက် ရှောင်ပုန်းခဲ့ကြပါသည်။
ရပ်ကွက်အတွင်းမှ မော်ခန်းဟု ခေါ်သော အသက်(၂၇)နှစ်အရွယ် လူငယ်၏ ညာပခုံးကို
တစ်ချက်ရိုက်မိခဲ့ပါသည်။ ရပ်ကွက်အတွင်းတွင် မင်းမဲ့ စရိုက်ဆန်ဆန်
ပြုမူကျင့်ကြံပြီး (၁၅) မိနစ်ခန့်အကြာတွင် ၎င်းတို့စီးလာသော
အဓိပတိ(အဖြူရောင်) ကားနှစ်စီးနှင့် လူအင်အား(၇၀)ခန့်မှာ ပြန်လည်ထွက်ခွာ
သွားခဲ့ပါသည်။ ၎င်းယာဉ်နှစ်စီး၏ နံပါတ်များမှာ (၃ဂ/၃၁၆၇) ၊ (၃ဂ/၃၈၈၁)
တို့ဖြစ်ကြပါသည်။

လူကြီးမင်းခင်ဗျား ယခုကျွန်တော် အစီရင်ခံအပ်သော ကိစ္စရပ်များမှာ တရားဥပဒေ
စိုးမိုးမှုအတွက်၎င်း၊ ရပ်ရွာအေးချမ်း သာယာရေးအတွက်၎င်း၊ များစွာသော
စိုးရိမ်ကြောင့်ကျ ဖြစ်ရပါသောကြောင့် လူကြီးမင်းမှ တစ်ဆင့်နိုင်ငံတော်
သမ္မတထံသို့ သိရှိနိုင်ပါရန် လေးစားစွာ တင်ပြတောင်းခံ အပ်ပါသည်ခင်ဗျား။

အကူအညီ တင်ပြတောင်းခံသူ

ဦးစိန်သန်း
၁၂/သဃက(နိုင်)၀၄၈၉၄၆
အမှတ်(၂၅၈/B) ပြည်တော်အေးလမ်း၊
လေးဒေါင့်ကန်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

CNF ငြိမ်းအဖွဲ့ ချင်းပြည်သူတွေနဲ့တွေ့ဆုံဆွေးနွေး

ချင်းပြည်နယ်အစိုးရ နဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် အရ ချင်းအမျိုးသားတပ်ဦး CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ ဆက်ဆံရေးရုံးထားရှိမယ့် ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ ဘုံတလာ ခန်းမဆောင်မှာ ဒေသခံ လူထု သုံးထောင်လောက် နဲ့ ပထမဦးဆုံးအကြိမ်
တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင်
ဒေါက်တာရွှေခါး က တက်ရောက် လာကြတဲ့ ပြည်သူတွေ ကို အစိုးရ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့
ပါတယ်။

ဒီလို အစိုးရ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါမှာလည်း ချင်းအမျိုးသား
တပ်ဦးရဲ့ ရပ်တည်ချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်း ခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်ရေး နဲ့ ဒီမိုကရေစီထွန်းကားရေး ဆိုတဲ့ အချက် (၃) ချက်ကို ကိုင်စွဲပြီး ဆွေးနွေးနေတာ ဖြစ်တယ်လို့လည်း ဒေါက်တာရွှေခါး က ပြည်သူလူထု ကို ပြောဆိုပါတယ်။

မတူပီမြို့နယ်ဟာ CNF ဆက်ဆံရေးရုံးတွေထားရှိမယ့် မြို့နယ် (၃) ခုထဲက တစ်နေရာဖြစ်ပါတယ်။

ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင် (၁၇) ဦးတို့ဟာ မေလ (၇) ရက် နဲ့ (၈) ရက် နေ့ မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။
RFA Burmese

သြစတြေးလျရောက် NLD လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးရာများ လေ့လာ


ဓါတ်ပုံ-မြန်မာအင်ဒီပဲန်ဒင့်

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သြစတြေးလျနိုင်ငံကို ရောက်ရှိလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် သုံးဦးဟာ နိုင်ငံရေးမူဝါဒဆိုင်ရာဘာသာရပ်တွေကို ရက်တိုသင်တန်းအဖြစ် ဆစ်ဒနီ တက္ကသိုလ်တစ်ခုမှာ တက်ရောက်လေ့လာနေကြကြောင်း

လေ့လာရေးခရီးစဉ်မှာပါဝင်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က အာအက်အေ ကို ပြောပါတယ်။

ဒေါ်စန္ဒာမင်းနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဦးဇေယျသော်တို့ လည်း ဒီခရီးစဉ်မှာလိုက်ပါလာပြီး သီတင်းပတ် တစ်ပတ်ကျော် ကြာမြင့်မယ်လို့ဆိုပါတယ်။

ဒီလေ့လာရေးခရီးစဉ်ကို သြစတြေးလျ လေဘာပါတီက ဖိတ်ကြား
ဆောင်ရွက်ပေးခဲ့တာပါ။

အခုခရီးစဉ်ဟာ NLDလွှတ်တော်ကိုယ်စားလှယ်တွေ အတွက် ပထမဆုံးအကြိမ် ပြည်ပ သင်တန်း တွေကို တရားဝင် တက်ရောက်လေ့လာတာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံရဲ့ လွှတ်တော်ကို သွားရောက်လေ့လာမှာ ဖြစ်သလို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

လာမယ့်စနေနေ့မှာတော့ သြစတြေးလျရောက် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေ ဆန်ဒနီမြို့မှာ
တွေ့ဆုံဆွေးနွေးပွဲ စီစဉ်ထားတယ်လို့ ဒေါ်စန္ဒာမင်းက
ပြောပါတယ်။

By: RFA Burmese

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦး ဆော်ဒီတွင် ခေါင်းဖြတ် ကွပ်မျက်ခံရ

ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၈ ဦး ခေါင်းဖြတ် ကွပ်မျက်ခံရပြီး (၇) လအကြာတွင် နောက်ထပ် ဘင်္ဂလီ ၂ ဦးကို ဆော်ဒီ အာရေဗီးယားတွင် မေလ ၁ ရက်နေ့က လူသတ်မူနှင့် ခိုးမူကြောင့် ခေါင်းဖြတ် ကွပ်မျက်ခဲ့သည်ဟု သိရသည်။


ခေါင်းဖြတ် ကွပ်မျက်ခံရသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား အလုပ်သမား (၂) ဦးမှာ Najoum Md Amin abdul sharif နှင့် Abdul Majid Abu Bakr Manza တို့ဖြစ်ကြသည်။

သူတို့ နှစ်ဦးအား တစ်နိုင်ငံတည်းသား လုပ်ဖေါ်ကိုင်ဘက် တစ်ဦးကို သတ်ဖြတ်ပြီး ငွေနှင့် မိုဘိုင်း တယ်လီဖုံးကို ခိုးယူမူကြောင့် ဆော်ဒီ အာရေဗီးယားနိုင်ငံ Jazan ဒေသတွင် ခေါင်းဖြတ် ကွပ်မျက်ကာ ပြစ်ဒဏ်ပေးလိုက်ခြင်း ဖြစ်ကြောင်း Saudi Press Agency (SPA) က ပြည်ထဲရေး ဌာနကို ကိုးကားပြီး သတင်း ရေးသား ဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦးကို လူမြင်ကွင်း ကွပ်မျက်ပြီးနောက် ဆော်ဒီ ပြည်ထဲရေး ၀န်ကြီးဌာနမှ လည်း သတင်း ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦးကို ကွပ်မျက်ရန် ဆော်ဒီ တရားရုံးချုပ်မှ အတည်ပြုကာ ဘုရင် အုပ်ချုပ်ရေး အဖွဲ့မှ အမိန့်ထုတ်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သောနှစ် အောက်တိုဘာလ ၇ ရက်နေ့ကလည်း ဘင်္ဂလာဒေခ်ျ့နိုင်ငံသား (၈) ဦးကို အီဂျစ်နိုင်ငံသား အစောင့် တစ်ဦးကို ဓါးပြတိုက်ပြီး သတ်ဖြတ်ပစ်မူဖြင့် ဆော်ဒီနိုင်ငံ ရီယဒ်မြို့တွင် ခေါင်းဖြတ်သတ်ကာ ပြစ်ဒဏ်စီရင်ခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ အစိုးရမှ အဆိုပါ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများကို ခေါင်းဖြတ်သတ်ခြင်းမှ ချမ်းသာ ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားမူ မရှိဘဲ ခေါင်းဖြတ်ကာ ကွပ်မျက် ပစ်ခဲ့သည်။ 

နိရဉ္စရာ

ပြည်သူများ သတင်းရင်းမြစ် များများရရေး ဒု-ဝန်ကြီးပြော

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်သူလူထုအနေဖြင့် သတင်းအရင်းအမြစ် များများရရှိရန် အရေးကြီးကြောင်း မြန်မာနိုင်ငံ တွင် ပထမဆုံး ကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် ပြန်ကြားရေး ဒု-ဝန်ကြီး ဦးစိုးဝင်း က ပြောဆိုသွားသည်။

“စာနယ်ဇင်း လွတ်လပ်ခွင့် ရှိဘို့လိုသလို ပြည်သူ တဦးချင်းအနေနဲ့ သတင်းအချက်အလက်များကို မတူကွဲပြားတဲ့ သတင်းရင်းမြစ်များကနေ သတင်းများ ရရှိနိုင်ခွင့်ဟာလည်း အရေးကြီးတဲ့ အခြေခံ လူ့အခွင့်အရေး ဖြစ်တယ်ဆိုတာ ကျနော်တို့အားလုံး အသိအမှတ်ပြုဘို့ လိုအပ်ပါတယ်” ဟု  ဦးစိုးဝင်း က ပြောဆိုခဲ့ပြီး စာကြည့်တိုက်များကို Community Center များအဖြစ် အသုံးချနိုင်ရန်နှင့် စာကြည့်တိုက်များမှတဆင့် ကျောင်းပြင်ပ ပညာရေးများ သင်ကြားနိုင်ရန် ရည်ရွယ် လုပ်ဆောင်နေသည်ဟုလည်း ပြောဆိုသွားသည်။

မေလ ၃ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနနှင့် UNESCO အဖွဲ့ကြီးတို့က ပူးပေါင်းကာ ရန်ကုန်မြို့ The Strand ဟိုတယ်တွင်ပြုလုပ်သည့် အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍လည်း “နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ကျင်းပရခြင်းဟာ ကျနော်တို့အားလုံး စာနယ်ဇင်း လွတ်လပ်ခွင့်ရဲ့ အရေးပါမှုနဲ့ စာနယ်ဇင်းသမားများ ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ချက်ကို အမှတ်ရစေဖို့ပဲ ဖြစ်ပါတယ်” ဟု ပြန်ကြားရေး ဒု-ဝန်ကြီး က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။
worldpressfreedom4
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် World Press Freedom Day, 2012 ပွဲအား ရန်ကုန်မြို့ The Strand Hotel တွင်ပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးစိုးဝင်း မိန့်ခွန်းပြောကြားနေသည်ကို မေလ ၃ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- မင်းမင်းဦး၊ မဇ္ဈိမ)

မီဒီယာဥပဒေ ဒုတိယမူကြမ်းကိုလည်း ဧပြီလ ၂၃ ရက်နေ့က ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်ပြထားပြီး
ဖြစ်ကြောင်းလည်း ဒု-ဝန်ကြီးက ပြောသည်။

“ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်များ ရရှိပါက ထပ်မံပြင်ဆင်ပြီး လုပ်ထုံး လုပ်နည်းများနဲ့အညီ ဆက်လက်
ဆောင်ရွက်ကာ အနီးဆုံး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တင်ပြ အတည်ပြုချက် ရယူသွားမှာ ဖြစ်ပါတယ်” ဟု ဦးစိုးဝင်း က အသိပေး ပြောဆိုသွားသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင် (လယ်တွင်းသား
စောချစ်) ကလည်း စာပေလွတ်လပ်ခွင့်တွင် ၇၅ ရာခိုင်နှုန်းခန့် လွတ်လပ်စွာ ထုတ်ဝေခွင့် ရရှိနေပြီဟု သူက ခန့်မှန်းထားသည်။

“မိမိတို့ရဲ့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ သြဇာကြီးမားမှုကို လွဲမှားစွာ အသုံးချခြင်း ကင်းအောင် ကြိုးစားကြရမှာ ဖြစ်တယ်” ဟု ဦးတင်လှိုင် က သတိပေး ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ပုံနှိပ်မီဒီယာများတွင် ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်း ၁၇၈ စောင်ကို စာပေစိစစ်ရေးအား တင်ပြရန်မလိုဘဲ ထုတ်ဝေခွင့်ရရှိထားပြီး ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်း ၁၈ဝ ကျော်ကို  စာပေစိစစ်ရေးဌာနက စိစစ်ပြီးမှ ထုတ်ဝေခွင့်
ပြုထားသည်။

၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်များကို ကာကွယ်အာမခံပေးခဲ့သည်။ ၁၉၅ဝ ခုနှစ် အရပ်သား အစိုးရ လက်ထက် တွင် မြန်မာနိုင်ငံသည် အာရှတိုက် တခုလုံး၌ အလွတ်လပ်ဆုံး မီဒီယာလုပ်ငန်း ရှိခဲ့ပြီးနောက် မြန်မာ၊ တရုတ်၊ အင်္ဂလိပ်နှင့် အိန္ဒိယ ဘာစကားများအပါအဝင် သတင်းစာပေါင်း ၃ဝ ကျော်ရှိခဲ့ကြောင်း ပြည်သူ့ခေတ် အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသ က ပြောသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ တွင် “ပြဋ္ဌာန်းထားသည့် ဥပဒေများကို မဆန့်ကျင်လျှင်” နိုင်ငံသားတိုင်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိသည်ဟု ပါရှိသည်။

အသံလွှင့်မီဒီယာ နည်းဥပဒေ ဆွေးနွေးပွဲတခုကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် International Media Support တို့ ပူးတွဲ၍ နေပြည်တော်တွင် ဧပြီလ ၂၃ ရက်နေ့က ကျင်းပခဲ့ပြီး ပုံနှိပ်မီဒီယာ နည်းဥပဒေ ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့သည်။
ရဲမင်း  - ရန်ကုန် (မဇ္ဈိမ) ။       ။

အမြင်မတူတာတွေကိုညှိနှိုင်းဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

"ကျွန်မတို့ လွှတ်တော်ထဲ ရောက်ပြီးသား ဖြစ်နေတဲ့ ပါတီအဖွဲ့အစည်း
တော်တော်များများက ကိုယ်စားလှယ်တွေက လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုကြပါတယ်။ လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပြီးတော့ အားလုံး ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒတွေကို ဖော်ပြကြပါတယ်။ အဲဒါကတော့ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ ကောင်းတဲ့ အလားအလာလို့ ကျွန်မ ထင်ပါတယ်။"

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်တွင်း အမြင်မတူတာတွေကို ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်မှာ
ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

လွတ်တော်တွင်း ပါတီအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်း ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေကို ဖော်ပြတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီကနေ့ ကြည့်မြင်တိုင်မြို့နယ်၊ အထက် ကြည့်မြင်တိုင်ရပ်ကွက်၊
ဘောဂလမ်းက NLD ရုံးခန်း ဖွင့်ပွဲ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်မှာ
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

ဒီကနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပညာရေး၊ ကျန်းမာရေးနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး လူထုကို
ပြောကြားခဲ့ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ကြားပေးဖို့ အရေးကြီးကြောင်း၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး အဓိက လိုအပ်ချက်ဟာ အလုပ်အကိုင် ဖန်တီးပေးဖို့ ဖြစ်ကြောင်း၊ ဒီကိစ္စကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကနေ့ ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ NLD သဘာပတိအဖွဲ့နာယက ဦးတင်ဦး၊ သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်နဲ့
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်တို့ တက်ရောက်ခဲ့ကြ
ပါတယ်။
ဒီကနေ့ ရုံးခန်းဖွင့်ပွဲကို ပရိသတ် သောင်းနဲ့ချီ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
RFA-Burmese

ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ဒီနှစ်ထဲ သွားရောက်လည်ပတ်ဖို့ ရှိ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အခြေအနေကို ဆွေးနွေးဖို့အတွက် ဂျပန်နိုင်ငံကို ဒီနှစ်ထဲမှာ သွားရောက် လည်ပတ်ဖို့ ရှိတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး Takashi Saito နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က… မိမိအနေနဲ့ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ပြီး မြန်မာ့နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးလိုတဲ့ ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပ ခရီးစဉ်တွေ စတင်ဖို့ နိုင်ငံကူးလက်မှတ် လျှောက်ထားကြောင်း မြန်မာအစိုးရ အရာရှိတွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။

လောလောဆယ် အထိတော့ နိုင်ငံကူးလက်မှတ် ထုတ်မပေးရသေးဘူးလို့ ဆိုပါတယ်။ ဂျပန်နိုင်ငံထုတ် Nikkei သတင်းစာကလည်း
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂျပန်ခရီးစဉ်ကို သမ္မတဦးသိန်းစိန်က ခွင့်ပြုမယ်လို့ ရေးသားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၅ ခုနှစ် ပတ်ဝန်းကျင်တဝိုက်က ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်မှာ မြန်မာ့သမိုင်းဆိုင်ရာ သုတေသန ဆည်းပူးတုန်းက
နေထိုင်ခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ အတွင်းမှာလည်း ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတွေကို သွားမယ်လို့ ပြီးခဲ့တဲ့လက ပြောဆိုခဲ့ပါတယ်။
RFA - Burmese
(ဒီနှစ်ဆန်းပိုင်းက ဂျပန်နိုင်ငံ အိုဆာကာ အခြေစိုက် ကင်းထောက်လူငယ်များအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတဲ့ပုံပါ။ wagggsworld website က ဖြစ်ပါတယ်။)

ဟိုတယ်ခမြင့်တက်မှုကြောင့် ခရီးစဉ် ဖျက်သိမ်းမှုများရှိလာ

မေလ ၃ ရက်၊ ၂၀၁၂ ခုနှစ်-ပိုင်ပိုင် (YPI)
 
ဟိုတယ်အခန်းခ ဈေးနှုန်းမြင့်တက်လာမှုကြောင့် လာမည့် ခရီးသွားရာသီအတွက် နိုင်ငံခြားခရီးသည်များ၏ ခရီးစဉ်တချို့ ဖျက်သိမ်းခဲ့ကြသည်ဟု ခရီးသွားလုပ်ငန်းဖြင့် အသက်မွေးသူများက ပြောသည်။

"ခရီးသည်တွေလာချင်တဲ့သူများတယ်။ ဒါပေမယ့် ဈေးနှုန်းပြဿနာဖြစ်နေတယ်။ ပထမလာမယ် လုပ်ထားတဲ့သူတွေက နောက်မှဈေးတွေ အရမ်းမြင့်လာတော့ ပြန်ရှောင်သွားကြတယ်"ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူ ဦးသန်းထွန်းဦးကပြောသည်။

ရန်ကုန်မြို့တွင် ဟိုတယ်ဈေးနှုန်းများ ယခင်နှစ်ထက် နှစ်ဆခဲ့မြင့်တက်ခဲ့သည်ဟု ခရီးသွားကုမ္ပဏီ အချို့က ပြောဆိုလျှက်ရှိသကဲ့သို့  ငွေဆောင်ဇုန်ရှိ ဟိုတယ်များတွင်မူ ယခင်နှစ် ဈေးနှုန်းထက် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာမှ ၂၀ ဒေါ်လာအတွင်းသို့ မြင့်တက်သွားခဲ့ကြောင်း ငွေဆောင်ကမ်းခြေရှိ Emerald Sea Resort ဟိုတယ်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်ထွန်းက ပြောသည်။

"ဈေးနှုန်းတက်တဲ့နေရာမှာ သင့်တင့်တဲ့နှုန်းနဲ့ အချိုးကျကျတက်စေချင်တယ်။ ရေရှည်မှာတော့ customer (ခရီးသည်တွေ)ကပဲ ဆုံးဖြတ်လိမ့်မယ်"ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူ ဦးသန်းထွန်းဦးက ဝေဖန်ပြောဆိုသည်။

အခြားဝါရင့် ဧည့်လမ်းညွှန်တစ်ဦးကလည်း"ဒီမှာ နှစ်ပတ်နေတဲ့စရိတ်က ဗီယက်နမ်မှာဆိုရင် တစ်လလောက်နေလို့ရတယ်"ဟု နှိုင်းယှဉ်ပြောဆိုသည်။

နိုင်ငံခြား ခရီးသည်ပါးသည့် ယခင်နှစ်များက တရက်လျှင် ၃၆ ဒေါ်လာဝန်းကျင်နှုန်းထား ရှိသည့် ရန်ကုန်မြို့မှ ဟိုတယ်တခုမှာ ယခုနှစ်ဆန်းပိုင်းတွင်  ဒေါ်လာ ၈၀ ၀န်းကျင်သို့ရောက်ရှိခဲ့သည်ဟု  အဖွဲ့အစည်းကိစ္စဖြင့် လာရောက်သူ နိုင်ငံခြားသား တဦးကပြောသည်။

ဟိုတယ်ဈေးနှုန်းများမြင့်တက်သွားရခြင်း အကြောင်းနှင့် ပတ်သက်၍ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုရာတွင် ၀င်လာသည့် ခရီးသည်အရေအတွက်နှင့် ရှိသည့်တည်းခိုခန်း အရေအတွက် မမျှခြင်း၊ ဟိုတယ်များတွင် လျှပ်စစ်မီး အချိန်ပြည့်မရရှိသဖြင့် ဒီဇယ်ဆီအစားထိုးရခြင်း၊ အလတ်စားနှင့်အသေးစား ဟိုတယ်များတွင် နိုင်ငံခြားသားများတည်းခိုရန် ခက်ခဲခြင်း စသည်တို့ကြောင့်ဖြစ်သည်ဟု ပြောသည်။

၂၀၁၂ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်နိုင်ရန် လမ်းညွှန်ထားသည့် ၄၅ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် တတိယနေရာတွင်ရှိကြောင်း New York Times သတင်းစာတွင်ဖော်ပြထားပြီး၊ အမေရိကန်အခြေစိုက် အာရှပစိဖိတ်ခရီးသွားလုပ်ငန်းကလည်း ၂၀၁၂ ခုနှစ်သည် မြန်မာခရီးသွားလုပ်ငန်း နံပတ်တစ်နေရာရောက်မည်ဖြစ်သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ကြောင့် မြန်မာနိုင်ငံအား စိတ်ဝင်စားမှု မြင့်တက်လာခြင်းနှင့် ယခင်ကထက် ခရီးသွားဗီဇာရရှိရန် လွယ်ကူလာသည့် အချက်တို့က နိုင်ငံခြားခရီးသွား ၀င်ရောက်မှုများပြားလာစေသည်ဟု ခရီးသွားလုပ်ငန်းများမှ ကောက်ချက်ချ ပြောဆိုသည်။

ယခုနှစ် မြန်မာနိုင်ငံသို့ ခရီးသည်ဝင်ရောက်မှုသည် ငါးသိန်းခန့်ရှိပြီး ယခင်နှစ်ကထက် ၂၆ ရာခိုင်နှုန်းကျော်တိုးမြင့်လာခဲ့ကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာအရ ဟိုတယ် ၇၃၁လုံး၊ အိပ်ခန်းပေါင်း ၂၅၀၀၀ ကျော်ရှိကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့လာရောက်သူအများစုမှာ အရှေ့တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများမှဖြစ်ပြီး ပုံမှန်လာရောက်သူများနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် လာရောက် လေ့လာသူများဖြစ်ကြောင်း ဦးသန်းထွန်းဦးကပြောသည်။       ။
နိုင်ငံခြား ခရီးသွားများ စိတ်ဝင်စားရာ နေရာတခုဖြစ်သည့် ပုဂံမြို့ရှိဘုရားတဆူတွင် တွေ့ရသည့် နိုင်ငံခြားခရီးသည်များ
Yangon Press International

အွန်လိုင်းမီဒီယာလည်း အခြားမီဒီယာများလို မှတ်ပုံတင်ခွင့်ပြုမည်

ရန်ကုန်၊ မေ ၃။ ၂၀၁၂ ၊ သူရမျိုး-YPI

အွန်လိုင်းမီဒီယာများကိုလည်း သမားရိုးကျ မီဒီယာသမားများနည်းတူသတ်မှတ်ပြီး မှတ်ပုံတင်ခွင့်နှင့် အခွင့်အရေးတန်းတူ ရစေရန် စဉ်းစားဆောင်ရွက်လျှက်ရှိကြောင်း ယနေ့ ရန်ကုန်မြို့၌ ကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (၂၀၁၂) အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

“ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အွန်လိုင်းမီဒီယာများကိုလည်း သမားရိုးကျမီဒီယာများ နည်းတူသတ်မှတ်ပြီး စာနယ်ဇင်းသမားများရဲ့ ရပိုင်ခွင့်များခံစားနိုင်ဖို့ အတွက်လည်း စဉ်းစားဆောင်ရွက်လျှက်ရှိပါတယ်”ဟု ဦးစိုးဝင်းက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

၂၀၁၃ တွင် အတည်ပြုရန်ရှိသည့်  ပုံနှိပ်မီဒီယာဥပဒေတွင် သတင်းအေဂျင်စီများထူထောင်၍ အွန်လိုင်းမှတစ်ဆင့် သတင်းအချက်အလက်များဖြန့်ဝေလိုပါက စနစ်တကျ မှတ်ပုံတင်ပြီး ဆောင်ရွက်ခွင့်ရရှိစေရန်လည်း စဉ်းစားထားကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

ယခုလောလောဆယ်တွင် ပြည်တွင်းအွန်လိုင်း မီဒီယာများ အနေဖြင့် စာပေစိစစ်ရေး သို့ တင်ပြစရာ မလိုပဲ ဖေါ်ပြလျှက်ရှိရာ မကြာမီလွှတ်တော်တွင် တင်ရန်ရှိသည့်မီဒီယာဥပဒေ  အတည်ပြု ပြဋ္ဌာန်း ပြီးနောက် မှတ်ပုံတင်ခွင့်ပြုရန် ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

ပြည်တွင်း အခြေစိုက်သည့် အွန်လိုင်း မီဒီယာအနေဖြင့် ယခုလောလောဆယ် မြစ်မခမီဒီယာနှင့် Yangon Press International တို့ရှိပြီး ကျန်မြန်မာ အွန်လိုင်း မီဒီယာများမှာ ပြည်ပတွင် အခြေစိုက်သည့် သတင်းမီဒီယာများဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းက အင်းယားလိပ်ဟိုတယ်တွင် ကျင်းပသည့် မြန်မာ့သတင်းမီဒီယာ ဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲတွင် အွန်လိုင်းမီဒီယာများသည် ဆက်သွယ်ရေး ဥပဒေဖြင့် ဆက်စပ်နေသဖြင့် မြန်မာ့ဆက်သွယ်ရေး နှင့် ကြေးနန်းဝန်ကြီးဋ္ဌာနတွင် မှတ်ပုံတင်ရမည် ဟူသည့်သဘော ပြောဆိုခဲ့ပြီးနောက်  လအနည်းငယ်အကြာတွင် အွန်လိုင်းမီဒီယာများကို   ပြန်ကြားရေး ၀န်ကြီးဋ္ဌာနလက်အောက်တွင် တပေါင်းတစည်းထည်း ထားမည်ဟု ပြန်လည် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေနှင့် အွန်လိုင်းမီဒီယာ နှင့် သက်ဆိုင်သည့် အီလက်ထရွန်းနစ် ဥပဒေအရ ဆိုပါက ယင်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ပါက အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

နောင်နှစ် ဆန်းပိုင်း အတည်ပြုရန်ရှိသည့် မီဒီယာဥပဒေနှင့် ပတ်သက်၍ ပြည်တွင်း အွန်လိုင်း မီဒီယာ တခုဖြစ်သည့် မြစ်မခမီဒီယာ ထူထောင်သူ ဒေါ်မေသင်္ကြန်ဟိန်က “ကျွန်မအနေနဲ့ကတော့  မူကြမ်းထွက်လာတဲ့အခါမှ ကြည့်ပြီးပြောနိုင်ပါမယ်။ ခုနေမှာတော့ ခန့်မှန်းကြည့်ဖို့ဆိုတာ မသေချာဘူးလေ။ ထွက်လာတဲ့ ဥပဒေပေါ်မှာပဲ ကြည့်ပြီး ပြောရမှာပါ ”ဟု ၀ိုင်ပီအိုင်သို့ပြောသည်။

ဒုတိယ၀န်ကြီး ဦးစိုးဝင်းက အွန်လိုင်သတင်းသများအား ကျန်စာနယ်ဇင်းသမားများအပေါ် တန်းတူရပိုင်ခွင့်များ၊ အကာအကွယ်များ ကျင့်ဝတ်များရရှိကျင့်သုံးစေနိုင်ရန် ထွက်ရှိလာမည့် မီဒီယာလောတွင် စဉ်းစားဆောင်ရွက်ထားကြောင်းပြောကြားသည်။

ယနေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံသတင်းစာဆရာ အသင်းဖြစ်မြောက်ရေး ကော်မတီ၏ သဘောထားထုတ်ပြန်ကြေငြာချက်တွင်လည်း သတင်းမီဒီယာများအား မှတ်ပုံတင်သည်မှအစ ပုံနှိပ်ဖြန်ချီသည်အထိ အဆင့်တိုင်းတွင် ဆင်ဆာစနစ် မရှိသင့်ကြောင်း ထွက်ရှိလာမည့်မီဒီယာ ဥပဒေနှင့် ပတ်သက်၍ ဖေါ်ပြရေးသား ထားသည်။

အွန်လိုင်းသတင်းသမားရပိုင်ခွင့်နှင့် ပါတ်သက်၍ မမေသင်္ကြန်ဟိန်းက “ရပိုင်ခွင့်လို့ ဆိုရာမှာလည်း အစိုးရဆီကမှ မဟုတ်ဘူး၊ ကိုယ့်မီဒီယာကိုယ့်သတင်းဋ္ဌာနပဲ ဖြစ်ဖြစ် ဘယ်သူ့ ဆီကပဲ ဖြစ်ဖြစ် ကိုယ့်ရပိုင်ခွင့်ကို ကိုယ်က သိရမယ်၊ မသိရင် သိအောင်လုပ်ရမယ်၊ မရရင် ရအောင် လုပ်ကြရမှာပါ”ဟု သုံးသပ်ပြောဆိုသည်။         ။
 
ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ ကျင်းပသည့် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားတခု
Yangon Press International

မီဒီယာတွေ ဘက်မလိုက်ဖို့ ၀န်ကြီးပြောကြား

ဒီမိုကရေစီစနစ်ဆီကို အသွင်ကူးပြောင်းနေတဲ့မြန်မာနိုင်ငံမှာ နိုင်ငံရေးရာတွေကို ဘယ်မလိုက်တင်ပြနိုင်ဖို့ အရေး ကြီးတယ်လို့ ပြန်ကြားရေးဒုဝန်ကြီးက ပြောလိုက်ပါတယ်။ ကမ္ဘာ့စာနယ်ဇင်း လွှတ်လပ်ခွင့်နေ့ကို ကုလသမဂ္ဂရဲ့ UNESCO အဖွဲ့နဲ့ပေါင်းပြီး မြန်မာနိုင်ငံမှာ ပထမဆုံး လုပ်တဲ့စာနယ်ဇင်းလွှတ်လပ်ခွင့်နေ့မှာ ဒုဝန်ကြီး ဦးစိုးဝင်းက ပြောခဲ့တာဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ သတင်းတွေကို ဘက်မလိုက် တင်ပြနိုင်တဲ့အခြေအနေ တကယ်ပဲရှိနေပါပြီလား စုံစမ်းထားတဲ့ မစုမြတ်မွန်ရေ ပြောပြပါဦး။

စာနယ်ဇင်းလွတ်လပ်ခွင့်ရဲ့ အရေးပါမှု၊ စာနယ်ဇင်းသမားတွေကို ကာကွယ်ဖို့ လိုတယ်ဆိုတာ အမှတ်ရစေဖို့ လို့ဆိုပြီး မြန်မာနိုင်ငံမှာ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို ဒီကနေ့ ပထမဆုံးအကြိမ် လုပ်ခဲ့ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ အချိန်မျိုးမှာ နိုင်ငံ့အရေးနဲ့ဆိုင်တဲ့ သတင်းတွေကို ဘက်မလိုက် ဖေါ်ပြနိုင်ဖို့ လိုအပ်တယ်လို့ ဒီအခမ်းအနားမှာ ပြန်ကြားရေး ဒုတိဝန်ကြီး ဦစိုးဝင်းက ခုလိုပြောသွားပါတယ်။

"ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ နိုင်ငံတည်ဆောက်ရေး ဖော်ဆောင်နေတဲ့ အချိန်မျိုးမှာ စာနယ်ဇင်းများ အနေနဲ့ နိုင်ငံ့ရေးရာနဲ့ ပတ်သက်ပြီး ဘက်မလိုက်ပဲ ဒါမှ ဓမ္မဓိဌာန် ကျကျ တင်ပြနိုင်ဖို့၊ အရေးကိစ္စအားလုံးကို ဘက်စုံ၊ ဒေါင့်စုံက သုံးသပ် တင်ပြနိုင်ဖို့၊ သတင်း အချက်အလက်များကို ထိန်ချန်ခြင်း မပြုဖို့ အလွန် အရေးကြီးပါတယ်။"

ခုလို သတင်းတင်ပြမှုတွေမှာ ဘက်မလိုက်မဖို့ အရေးကြီးတယ်လို့ ပြန်ကြားရေး ဒုဝန်ကြီးကပြောခဲ့တော့ လက်ရှိ မြန်မာနိုင်ငံက စာနယ်ဇင်းသတင်းထုတ်ပြန်မှုပိုင်းမှာ ဘက်မလိုက် လွတ်လွတ်လပ်လပ် ထုတ်ပြန်နိုင်တဲ့ အခြေအနေကို ရနေပါပြီလား။ ပြည်တွင်း အပါတ်စဉ်ထုတ် Weekly 11 ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုး ကတော့ ဘက်မလိုက် သတင်း ထုတ်ပြန်နိုင်ဖို့၊ ဘက်မလိုက်တဲ့ အခြေအနေ ရဖို့လိုအပ်တယ်လို့ ပြောပါတယ်။

"မီဒီယာဆိုတာ ဘက်မလိုက်ရဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ မီဒီယာတွေအနေနဲ့ မှန်တဲ့ဘက်ကိုတော့ လိုက်ရမှာပါ။ ပြည်သူ လူထုအတွက် မှန်တဲ့ဘက်မှာ ရှိရမှာပါ။ နောက်တခုက ကျနော်တို့ကို ဘက်မလိုက်ဖို့၊ ဒါမှဟုတ်လို့ရှိရင်လည်း ဘက်မလိုက်ဖို့ လိုတယ်ဆိုလို့ ရှိရင်၊ ကျနော်တို့ လုပ်ဆောင်နေတဲ့ ကျနော်တို့ရဲ့ အနေအထားတွေမှာ ကျနော်တိုရဲ့ ဒီလိုမျိုး လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်တွေမှာ ဘက်မလိုက်တဲ့ အနေအထားတခု၊ အ၀န်းအ၀ိုင်းတခု ရှိဖို့ လိုအပ်ပါတယ်။ အဲဒီလိုတွေရှိရင် ပိုပြီး ကောင်းမွန်ပါမယ်။ ကျနော်တို့နိုင်ငံရဲ့ လက်ရှိ မီဒီယာ လွှတ်လပ်ခွင့် အနေအထားက ဘယ်လောက်အထိ ရှိနေပြီလဲဆိုတာ အခု နိုင်ငံတကာက ကျနော်တို့နိုင်ငံရဲ့ မီဒီယာ လွတ်လပ်ခွင့်ကို သတ်မှတ်တဲ့ အဆင့်တွေကို ကြည့်လိုက်လို့ရှိရင် အဲဒီမှာ ကျနော်တို့ နိုင်ငံရဲ့ လက်ရှိအနေထား အဖြေက ရှင်းသွားပါလိမ့်မယ်။"

ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း သတင်းထိန်းချုပ်မှုကို အရင်ကထက် လျှော့ပေါ့မှုတွေ လုပ်ပေးလာနေပေမဲ့ အပြည့်အဝ လွတ်လပ်မှု ရရှိဖို့ မြန်မာနိုင်ငံမှာ လိုအပ်နေသေးတယ် ဆိုတာကို နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ကို လေ့လာစောင့်ကြည့် မှတ်တမ်းတင်နေကြတဲ့ အဖွဲ့ အစည်းတွေက ထောက်ပြနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးဆိုတဲ့ အဖွဲ့မျိုးတွေ ရှိနေသရွေ့ သတင်းတွေကို လွတ်လွတ်လပ်လပ် မျှမျှတတ ထုတ်ပြန်နိုင်ဖို့ မေးခွန်းထုတ်စရာ ဖြစ်နေသေးတယ်လို့
ပြည်တွင်း သတင်းသမားတွေက ထောက်ပြနေကြပါတယ်။

ဒီကနေ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ UNESCO အဖွဲ့တို့ ပေါင်းလုပ်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းမှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ သတင်း လွတ်လပ်ခွင့်တွေကို ကျင့်သုံးနိုင်ဖို့အတွက် ပုံနှိပ် မီဒီယာ ဥပဒေကြမ်းကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ UNESCO အဖွဲ့ အပြင်၊ သတင်းပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲနေတယ် ဆိုတဲ့အကြောင်းလဲ ဒုဝန်ကြီးက ပြောသွားပါတယ်။ သတင်းသမားတွေ သတင်းယူတဲ့အခါမှာ အထောက်အကူဖြစ်စေဖို့ အချက်တွေကိုလဲ ဒီဥပဒေကြမ်းထဲမှာ ထည့်သွင်း ရေးဆွဲထားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်ဆီသွားနေချိန်မှာ သတင်း မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ် ဆိုတာကိုတော့ ဒုဝန်ကြီးရဲ့ မိန့်ခွန်းထဲမှာ အသိအမှတ်ပြုထားပါတယ်။

"ဒီကနေ့ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာပြီး ဒီမိုကရေစီစနစ် ကျင့်စဉ်များကို အနှစ်သာရ ရှိရှိ၊ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်သည့် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးတွေမှာ ကျနော်တို့အားလုံး ရပ်တည်ရမယ့် ဘုံရပ်တည်ချက်၊ တနည်းအားဖြင့် အမျိုးသား အကျိုးစီးပွားများပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စာနယ်ဇင်းသမားများအနေနဲ့ ဒီအမျိုးသားအကျိုးစီးပွား အခြေခံပေါ်မှာ ရည်တည်ပြီး စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်တည် ဆောင်ရွက်သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါမှလည်း ပြည်သူလူထုသာမက အစိုးရ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများ အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များ၊ ရွေးချယ်မှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။"

သတင်းသမားတွေရဲ့ ကျင့်ဝတ်နဲ့ အတတ်ပညာတွေ တိုးတက်ရေး လုပ်သွားနိုင်ဖို့အတွက်လဲ လွတ်လပ်တဲ့ စာနယ်ဇင်းကောင်စီကို ဖွဲ့စည်း နိုင်ဖို့ လိုအပ်တဲ့အချက်တွေကို ပုံနှိပ် မီဒီယာ မူကြမ်းထဲမှာ ထည့်ထားတယ်လို့ ပြောပါတယ်။  မြန်မာနိုင်ငံစာပေနဲ့ စာနယ်ဇင်းအဖွဲ့ကို လွတ်လပ်တဲ့ သတင်းစာဆရာ အသင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းတွေ အဖြစ် ပြန်လည်ဖွဲ့နိုင်ဖို့ ပြန်ကြားရေးဌာနက အကူအညီ ပေးနေပါတယ်လို့လဲ ဆိုပါတယ်။ ဒါ့အပြင် အွန်လိုင်းမီဒီယာတွေကို သမရိုးကျ မီဒီယာတွေ နည်းတူ သတ်မှတ်ဖို့ကိုလဲ စဉ်းစား ဆောင်ရွက်နေပါတယ်လို့ ဆိုတော့ ဒါဟာ အွန်လိုင်းမီဒီယာတွေ တိုးတက်လာဖို့အတွက် အားတက်စရာဖြစ်တယ်လို့ Yangon Press International အွန်လိုင်းမီဒီယာ အယ်ဒီတာ ကိုမြင့်ကျော်က မြင်ပါတယ်။

"အွန်လိုင်းက မယုံရတဲ့ သတင်းတွေလို့ တခါတလေ တချို့ အစိုးရ ၀န်ကြီးဌာနက လူတွေပြောတာတွေ ရှိတယ်။ တချို့ မီဒီယာအကြောင်းကို သိပ်ပြီးတော့ ဂဃနဏ မသိလို့ ပြောတာတွေ ရှိပါတယ်။ မီဒီယာတခုအနေနဲ့ လုပ်ပြီဆိုရင်တော့ အွန်လိုင်းကလည်း သူလည်း တခြား ဂျာနယ်လို၊ သတင်းစာလိုပဲ တာဝန်ယူရတာပဲလေ။ ရေးတဲ့ဟာကို ချက်ချင်း တင်ပြနိုင်တာတော့ အခွင့်အရေးပိုရတယ်။ ဒါပေမယ့် တချို့ အင်ဖော်မေးရှင်းတွေ (သတင်းအချက်အလက်တွေ) ရဖို့ အနေအထားမှာကျတော့ တချို့နေရာတွေမှာ
အခက်အခဲတွေ ရှိနေတတ်ပါတယ်။ အဲဒီလိုမျိုးပိုင်းမှာကျတော့ ဟို တရားဝင်ဖြစ်လာတာက ကောင်းတဲ့ အလားအလာလို့ပဲ ကျနော်တို့ ပြောရမယ် ထင်ပါတယ်။"

မြန်မာနိုင်ငံမှာ ပထမဆုံးလုပ်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိန်းအမှတ် အခမ်းအနားမှာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ရရှိနိုင်ရေးအတွက် ဥပဒေတွေ၊ ပြဌာန်းချက်တွေကို ချမှတ်နိုင်ဖို့ အစိုးရက ဆောင်ရွက်နေတဲ့ အကြောင်းတွေကို ဒုတိယဝန်ကြီး ဦးစိုးဝင်းက ပြောသွားပါတယ်။ သတင်းသမားတွေကတော့ လက်တွေ့ သတင်းရယူ တင်ပြနိုင်မှု အပိုင်းမှာ အခုထက် လုပ်ပိုင်ခွင့်တွေ၊ လွတ်လပ်ခွင့်တွေ ပိုရဖို့ အရေးကြီးတယ်လို့ ပြောနေကြပါတယ်။
 By စုမြတ်မွန် (ဗွီအိုအေ-မြန်မာပိုင်း)

ပြည်ထဲရေးနှင့် ကညန ပေါင်းပြီးဂွင်ရိုက်ကြပြီ

ယနေ့ မေလ(၃)ရက်နေ့  နေပြည်တော်မှာ ဆိုင်ကယ်များ ဖမ်းဆီးစစ်ဆေးနေစဉ်
ပြည်သူတွေရဲ့ လုံခြုံမှုကို အစဉ်တစိုက် စောင့်ရှောက်နေသည်ဆိုပြီး "ကူညီပါရစေ" ဟု ဆိုင်းဘုတ်တပ်ထားသောမြန်မာနိုင်ငံရဲတပ်ဖွဲ ၏  ကာကွယ်စောင့်ရှောက်မှုကြောင့် ကျွန်တော်နေထိုင်သော ၀န်ထမ်းအိမ်ရာတွင် သူခိုးခိုးခံရ၍ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်အပါ
ဝင် မှတ်ပုံတင်နှင့် ငွေကြေးများ ပျောက်ဆုံခဲ့သည်မှာ ပြီးခဲ့သည့် ၁၀လပိုင်းကတည်းကဖြစ်ပါသည်။ 

ကျွန်တော် နေထိုင်ရာနယ်မြေ တာဝန်ခံ သုခသိဒ္ဓိရပ်ကွက် ရဲစခန်းတွင်တိုင်ကြားထားသော်လည်း ယနေ့ အထိ အမှုအားဖော်ထုတ်နိုင်ခြင်းမရှိသေးပါ။ ပျောက်ဆုံးသွားသောမှတ်ပုံတင်အား ပြန်လုပ်၍ ရပြီးသော်လည်း ပုပ္ပသီရိမြို့ နယ်  ကညနရုံးတွင် ကျွန်တော်၏ ယာဉ်မောင်းလိုင်စင် အပျောက်အား သွားရောက်လျှောက်ထားရာတွင် လိုင်စင်မှာ သက်တမ်းတိုးပြီးသည်မှာ မကြာသေး၍ သက်တမ်းတိုးသည့်မှတ်တမ်းမှာ ကွန်ပျူတာထဲသို့ ၀င်မလာသေးသောကြောင့် လိုင်စင် နံပါတ်မှာ ရှာကြည့်၍ မရသေးသောကြောင့် ၁၂ လပိုင်းတွင်   ပြန်လာ၍ စုံစမ်းနိုင်ပါကြောင်း နှစ်လ ရက်ချိန်းပေးခဲ့သည်။ ဒုတိယအကြိမ် ၁၂ လပိုင်းတွင် သွားရောက် စုံစမ်းပြန်သော်လည်း ယနေ့အချိန်ထိ ကွန်ပျူတာထဲသို့ ရောက်မလာသေးပါဟု ပြောကြားခဲ့ပါသည်။ 

သို့ ဖြစ်ပါ၍ ကျွန်တော်၏ ယာဉ်မောင်းလိုင်စင်မှာ ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးပဲ ပျောက်ဆုံးကြောင်းရဲစခန်းမှ ထောက်ခံချက်ဖြင့်သာ သွားရောက်နေရပါသည်။ ယနေ့တွင်မူ မော်တော်ပီကယ်များမှ ယင်းထောက်ခံချက်ဖြင့် သွားလာ၍ မရကြောင်း ထောက်ခံချက်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် ကျွန်တော်သည် ကညန ရုံးသို့ လိုင်စင်သွားရောက် လျှောက်ထားခြင်း မပြုလုပ်ဟုသာ ယူဆကြောင်း ပြောကြားကာ ပြေစာဖြတ်ပိုင်းပေးပြီး ဆိုင်ကယ်ဝှီးတက်ကို သိမ်းထားလိုက်ပါသည်။ 

ကျွန်တော်တို့ ၀န်ထမ်းများမှာ လုပ်ငန်းလိုအပ်ချက်အရ ဆိုင်ကယ်ဖြင့် မဖြစ်မနေ သွားလာရသော အချိန်များ ရှိပါသည်။ ရဲစခန်းမှ ထောက်ခံချက်ကို ပြည်ထဲရေးဝန်ကြီးဌာန အခြင်းခြင်း အသိအမှတ်မပြုခြင်း၊ ကညနရုံး၏ နှောင့်နှေးကြန့်ကြာနေသော ရုံးလုပ်ငန်း လုပ်ဆောင်ချက်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တာဝန်ယူ ဖြေရှင်းပေးစေ လိုပါသည်။

နေပြည်တော်မှ ၀န်ထမ်းတဦး
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်