
အစိုးရ ဝန်ကြီးဌာနတွေဟာ စီမံခန့်ခွဲမှု မဏ္ဍိုင် (The Executive) မှာ
အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ သမ္မတရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်ကနေ
တာဝန်ထမ်းဆောင်ရပါတယ်။ ဝန်ကြီးဌာနအသီးသီးရဲ့ အမြင့်ဆုံး ဝန်ကြီးနဲ့ ဒုတိယ
ဝန်ကြီးတို့ကို သမ္မတက ရွေးချယ်ခန့်ထားရာမှာ ပြည်ထောင်စုလွှတ်တော်ရဲ့
သဘောတူညီချက် ရှိထားရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ Checks and balances
အပြန်အလှန် ထိန်းညှိမှု တမျိုးဖြစ်ပါတယ်။
ဒါပေမယ့်
ဝန်ကြီးဌာနတွေက အကောင်အထည်ဖော်တဲ့အပိုင်းမှာ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့
အကျိုးစီးပွားကို ကျေနပ်အားရစရာ ကောင်းလောက်အောင် အောင်မြင်တာ
သိပ်မရှိလှပါဘူး။ ဘာကြောင့် ဒီလို ပြောနိုင်သလဲ ဆိုရင် ကနေ့ ပြည်သူတွေရဲ့
မကျေမနပ် ထုတ်ဖော်ချက်တွေကို အင်တာနက်ပေါ်မှာ အထူးသဖြင့် Facebook လို
နေရာမှာ အများအပြား တွေ့နေရလို့ ဖြစ်ပါတယ်။
ဒီလိုဖြစ်နေရတဲ့ အကြောင်းရင်း ၃ ခုလောက်တော့ အနည်းဆုံး ရှိနေပါတယ်။
- အာဏာရှင်စနစ်
ဝါဒမှိုင်းရဲ့အောက်မှာ လည်ပတ်နေခဲ့ဖူးတဲ့ အစိုးရယန္တရားကို ဒီမိုကရေစီ
ခေတ်စနစ်ရဲ့ လိုအပ်ချက်နဲ့အညီ မပြင်နိုင်သေးတာ ဖြစ်ပါတယ်။
- အစိုးရဝန်ကြီးဌာနတွေမှာ ပြည်သူတွေ စိတ်ချမ်းသာ ပျော်ရွှင်နိုင်ရေးကို ဝတ်ကျေတန်းကြေတောင် မလုပ်ပေးချင်တဲ့ဆန္ဒ ရှိနေတုန်း ဖြစ်ပါတယ်။
- ဝန်ကြီးဌာနအတွင်း
အစိုးရကဏ္ဍရဲ့ နည်းဥပဒေအရ လုပ်ကြတဲ့အခါမှာ မူဝါဒကို လက်တွေ့ဖြစ်မြောက်အောင်
အကောင်အထည်ဖော်ဖို့ထက် တဦးချင်းရဲ့ ကိုယ်ကျိုးစီးပွား ရှာလိုစိတ်က
လွှမ်းမိုးနေပါတယ်။
အာဏာရှင်စနစ် လွှမ်းမိုးခဲ့ရာ အတိတ်ဟောင်းကို
ပြန်မသွားတော့ပါဘူးလို့ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေက အကြိမ်ကြိမ်
ကတိပေးပြောကြားနေတာ ကမ္ဘာကတောင် ကောင်းကောင်းသိနေပါပြီ။ ဒါပေမယ့်
အာဏာရှင်စနစ်ကို လည်ပတ်စေခဲ့တဲ့ အစိုးရ ယန္တရားကို မပြင်နိုင်သေးတာ
တွေ့ရပါတယ်။ စီမံခန့်ခွဲမှု (The Executive) မဏ္ဍိုင်မှာ အဓိကအကျဆုံး
ပြင်ဆင်ဖို့ လိုအပ်ချက်ဟာ ဒီယန္တရားကို ပြင်ဖို့သာ ဖြစ်ပါတယ်။ ဒီယန္တရား
မအောင်မြင်ခဲ့တဲ့အတွက် ခေတ်စနစ် ပြောင်းလဲပေးခဲ့ရတာကို သတိရှိစေချင်ပါတယ်။
ဒီယန္တရားကို မပြင်ဘဲ ဘာပဲလုပ်နေလုပ်နေ ဒုံရင်းကနေ တက်လာနိုင်ဖို့
မရှိပါဘူး။
ဒါဟာ အစိုးရကို တည့်မတ်ထိန်းကျောင်းပါလို့
မိဘပြည်သူတွေကို သမ္မတဦးသိန်းစိန်ရဲ့ မေတ္တာရပ်ခံ တိုက်တွန်းချက်အရ
ပြည်သူတယောက်အနေနဲ့ မြင်မိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောတာ ဖြစ်ပါတယ်။
အစိုးရဝန်ထမ်းအားလုံးကိုတော့
မဆိုလိုပါ။ ပတ်သက်မှု ရှိကောင်းရှိနေနိုင်တဲ့ တချို့ဝန်ထမ်းတွေအနေနဲ့
အနည်းဆုံး တနေ့တာ အလုပ်ချိန် အစကနေ အဆုံးထိ “ငါတို့ဟာ အထက်လူကြီးတွေ
ကျေနပ်အားရစေတာထက် မိဘပြည်သူတွေ စိတ်ချမ်းသာ အကျိုးဖြစ်စေမယ့် ကိစ္စတွေကိုသာ
ဦးစားပေး လုပ်ပေးမယ်” ဆိုတဲ့ ခံယူချက် ထားရှိဖို့ လိုအပ်ပါမယ်။
လစာအနည်းဆုံး ရရှိတဲ့ ဝန်ထမ်းတွေ အပါအဝင် ရာထူးအလိုက် အထက်-အထက်ကို
တက်သွားတဲ့ ဝန်ထမ်းတိုင်းက ဒီခံယူချက်ကို ထားရှိရမှာ ဖြစ်ပါတယ်။
တချိန်တည်းမှာ
ဝန်ထမ်းတွေအတွက် အစိုးရက တုန့်ပြန် အကျိုးပြုပေးမှသာ မျှတမှု ရှိပါမယ်။
ဝန်ထမ်းသက်သာချောင်ချိရေးအတွက် အစိုးရက ပြည်သူ့ဘဏ္ဍာကနေ ထုတ်သုံး
ထောက်ပံ့လာလို့ ဝန်ထမ်းတွေအတွက် ဝမ်းသာမိပါတယ်။
နောက်ထပ်လုပ်သင့်တယ်လို့
ထင်ရတာကတော့ ဝန်ထမ်းတွေကို အရည်အချင်း၊ ကြိုးစားမှုအလိုက် မှန်မှန်ကန်ကန်
ရာထူးတိုးပေးဖို့ ဖြစ်ပါတယ်။ ရာထူးရွေးချယ် ခန့်ထားရေး ကော်မရှင်အနေနဲ့
ရာထူးကြီးကြီး ဝန်ထမ်းတွေကိုသာ ရွေးချယ် ခန့်ထားရုံတင် မဟုတ်ဘဲ အနိမ့်ဆုံး
ဝန်ထမ်းကအစ ဝန်ထမ်းတိုင်း ဘယ်လို ရာထူး တက်လာနိုင်မလဲ ဆိုတာကို အမြဲတမ်း
ကြံဆ နည်းလမ်း ရှာဖွေပေးနေရမှာ ဖြစ်ပါတယ်။ ဒီကော်မရှင်အနေနဲ့ အချိန်ရသမျှ
လုပ်ငန်းခွင်တွေထဲအထိ ကွင်းဆင်းလေ့လာ သုတေသနပြုနေသင့်ပါတယ်။ အစိုးရအနေနဲ့
ဝန်ထမ်းတွေကို လစာတိုးပေးလိုက်တဲ့ အဖြေရှာနည်းကို သိပ်လိုအပ်မှသာ
ထုတ်သုံးသင့်ပါတယ်။ ရာထူးတိုးပေးတဲ့နည်းက ဝန်ထမ်းတွေအပေါ် အပြုအမူနဲ့ ဆန္ဒ
ဆိုတဲ့ စိတ်ဓါတ်ကို ပိုမို တည့်မတ် အားကောင်းစေပါတယ်။
နိုင်ငံရေးတိုးတက်မှုတွေကို
ဖြစ်စေနိုင်ဖို့ ဥပေးပြုလွှတ်တော်အပါဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေက
ဥပဒေ၊ မူဝါဒတွေနဲ့ လမ်းညွှန်ပါတယ်။ ဥပဒေနဲ့ မူဝါဒတွေ အောင်မြင်စေဖို့
ကျင့်သုံးရတဲ့ နည်းဥပဒေတွေ ရှိနေရပြီး ဒါတွေကို လက်တွေ့ အကောင်အထည်
ဖော်ပေးရသူတွေကတော့ ဝန်ကြီးဌာနတွေ ဖြစ်ပါတယ်။ နည်းဥပဒေတွေကို ပြဌာန်းရာမှာ
လွှတ်တော်ရဲ့ သက်ဆိုင်ရာကော်မတီတွေက ကြီးကြပ်တဲ့ အစီအစဉ်မျိုး
ထားရှိနိုင်ရင် ပိုပြီး ပွင့်လင်းမြင်သာလာနိုင်သလို Checks and balances
အပြန်အလှန် ထိန်းညှိမှုအတွက်လည်း အထောက်အကူ ဖြစ်စေနိုင်ပါလိမ့်မယ်။
ဝန်ကြီးဌာနအဆင့်ကနေ
နည်းဥပဒေတွေကို အကောင်အထည်ဖော်ပေးရာမှာ သူတို့ လုပ်ဆောင်သမျှတွေအပေါ်
Checks and balances အပြန်အလှန် ထိန်းညှိမှု လုံးဝ ရှိမနေပါဘူး။
ကြိုက်သလိုလုပ် စောဒကတက် ကန့်ကွက်တဲ့ ပစ်စာ၊ တိုင်စာတွေ လူသိရှင်ကြား
မဖြစ်သမျှ ကာလပတ်လုံး လုပ်ချင်တိုင်းလုပ်လို့ ရနေခဲ့ပါတယ်။
Checks
and balances မရှိတာကို အခွင့်ကောင်းယူပြီး ဝန်ထမ်းတချို့ဟာ
တဦးချင်းအနေနဲ့ ကိုယ်ကျိုးစီးပွားကို ကြံဖန်နိုင်စေမယ့် လမ်းစတွေကို
အတောမသတ်နိုင်အောင် ရှာဖွေလာကြပါတယ်။ ရာထူး မပြုတ်မချင်း အရှက် သိက္ခာမဲ့စွာ
အဂတိလိုက်စားဖို့၊ အာဏာအလွဲသုံးစားဖို့ ဖြစ်စေပါတယ်။ ဝန်ကြီးဌာနအနေနဲ့
အရှုံးပေါ်မယ့်ကိစ္စ (သို့) နာမည်ပျက်မယ့်ကိစ္စ (သို့) နှစ်မျိုးလုံးကို
နောင်ခါလာ နောင်ခါဈေး သဘောထားတတ်ကြပါတယ်။ အခွင့်အရေး ရနိုင်သမျှ
သိမ်းကြုံးယူကြပါတယ်။
Checks and balances အပြန်အလှန်
ထိန်းညှိမှု မရှိတဲ့အတွက် မူဝါဒချပြ လမ်းညွှန်သူ ခေါင်းဆောင်တွေကိုယ်တိုင်
မူဝါဒအမှားကို သိနေခဲ့ရင်တောင် ရနိုင်သရွေ့ မသိချင်ယောင်ဆောင်နေဖို့
အခွင့်အလမ်း ဖြစ်လာစေပါတယ်။ လူပြောသူပြော သိပ်များလာမှ၊
တချို့အဖြစ်အပျက်တွေဆို နိုင်ငံတကာက သိလာမှ၊ နိုင်ငံတကာဖိအားတွေ ရှိလာမှသာ
မူဝါဒရေးဆွဲ ညွှန်ကြားတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက မဖြစ်မနေ ဖိအား
ပေးလာတတ်တာမျိုး ရှိပါတယ်။
ဒီအဆင့်လောက်ဆိုရင်တောင်
ပြန်လည်ကောင်းလာဖို့ မျှော်လင့်ချက်က ရှိနေပါသေးတယ်။ ဒါပေမယ့် အစိုးရအပေါ်
ယုံကြည်မှုကို အားနည်းသွားစေပြီး နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ မလိုအပ်ဘဲ
ဖြစ်စေပါတယ်။
အစိုးရထိပ်ပိုင်းက ဖိအားပြန်ပေးလို့ တကယ်တမ်း
ပြန်ကောင်းသွားတဲ့ အဖြစ်တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဝန်ကြီးဌာနအဆင့်မှာ
တထစ် နှစ်ထစ်လောက် ပြန်လျှော့ပေးအပြီး အာရုံစိုက်မခံရတော့တဲ့ အချိန်ကျတော့
ဒုံရင်းအတိုင်း ပြန်လုပ်နေတာတွေလည်း ရှိနေပါတယ်။
တကယ်လုပ်သင့်တာက --
(၁)
အစိုးရတဖွဲ့လုံး ဘယ်ဝန်ထမ်းမဆို ပြည်သူလူထုအပေါ် အမှန်တကယ် စေတနာထားရမှာ
ဖြစ်တယ်။ ပြည်သူတွေ ပေးဆောင်တဲ့ အခွန်ငွေကနေ လစာယူနေတာဖြစ်လို့
နိုင်ငံ့ဝန်ထမ်းဆိုတာ ပြည်သူ့ဝန်ထမ်းပဲ ဆိုတဲ့ ခံယူချက် ရှိနေရပါမယ်။
(၂)
အစိုးရထိပ်ပိုင်းတွေကနေ ဥပဒေနဲ့ မူဝါဒ ချပေးလိုက်ရုံနဲ့ မပြီးဘဲ
လက်တွေ့မှာ အမှန်တကယ် ထိရောက်မှု ရှိမရှိ ဆိုတာကို လက်တွေ့ ကွင်းဆင်းလေ့လာ
မှတ်တမ်းတင်ပြီး အမြဲတမ်း ပြန်လည် သုံးသပ်နေရမှာ ဖြစ်တယ်။ Checks and
balances အတွက် အချိန်ပြည့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ထားရှိတာမျိုး
ဖြစ်ပါတယ်။
(၃) နည်းဥပဒေတွေအရသာ ဆောင်ရွက်ရတဲ့
ဝန်ကြီးဌာနတွေက လုပ်ဆောင်ချက် လွဲမှားတာ၊ မူမမှန်တာ၊ ပြဿနာ ဖြစ်လာတာရှိရင်
လူအမှားလား၊ မူအမှားလား ဆိုတာကို ချက်ချင်း အဖြေရှာထုတ်နိုင်ဖို့
လိုအပ်ပါမယ်။
(၄) ကိုယ်ကျိုးရှာ စီးပွားရေး လုပ်စားနေတဲ့
အကျင့်ပျက် အစိုးရဝန်ထမ်းတွေဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင်
လူထုအကျိုး၊ နိုင်ငံအကျိုးကိုလည်း ပျက်ပြားစေတာကြောင့် ကျောသားရင်သား
မခွဲခြားဘဲ စံနမူနာပြ ထိရောက်အောင် အရေးယူ အပြစ်ပေးရမှာ ဖြစ်ပါတယ်။ (သို့)
တာဝန်ရှိသူဟာ တာဝန်ခံ (Accountability) ယူတဲ့အနေနဲ့ ရာထူးက နှုတ်ထွက်ပေးရမှာ
ဖြစ်ပါတယ်။
လွင်အောင်စိုး
ဧပြီ ၉ ရက် ၂ဝ၁၂ ခုနှစ်
ဆက်စပ်သတင်း - (Eleven Media Group) လွဲမှားသည့်
လုပ်ထုံးလုပ်နည်းအချို့၊ မမျှတသည့် စည်းမျဉ်းအချို့ဖြင့် ကန့်သတ်
စိစစ်မှုများကြောင့် ပြည်ပမှ တင်သွင်းသူ ကားပိုင်ရှင်များ ထိခိုက်