ပဲခူးက အိမ်ဖော်မိန်းကလေးအမှု အာဏာပိုင်တွေ ဆက်လက်စုံစမ်းနေ

အိမ်ရှင်က မီးပူနဲ့အထိုးခံရပြီး ဒဏ်ရာအနာတရဖြစ်ခဲ့တဲ့ ပဲခူးမြို့က အိမ်အကူ မိန်းကလေးငယ်အမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက လာရောက် စစ်ဆေးသလို အမှုကို သတင်းမထုတ်ဖော်ဖို့ လူ့အခွင့်အရေးလှုပ်ရှားနေသူတွေကို တားဆီးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ပဲခူးမြို့ ဥဿာမြို့သစ်၊ အမှတ်(၇) ရပ်ကွက်၊ ဗိုလ်တေဇလမ်းမှာ နေထိုင်တဲ့ ဒုတိယ မြို့နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်းရဲ့ ဇနီး ဒေါ်ဖြူဝင်းသက်က မိမိအိမ်မှာ လာရောက်ပြီး အိမ်အကူအလုပ် လာရောက် လုပ်ကိုင်နေတဲ့ ကျောက်ကြီးမြို့နယ် သိန်းတန်းရပ်ကွက်က အသက် (၁၅) နှစ်အရွယ် မအေးယုအောင်ကို မတ်လ (၂၅) ရက်နေ့က မီးပူနဲ့ထိုးကပ်တဲ့ အတွက် လည်ပင်းနဲ့ ရင်ဘတ်တွေမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

 ဒီကိစ္စနဲ့ ပတ်သက်လို့ လိုက်ပါကူညီသူ (၃) ဦးဖြစ်တဲ့ ဦးကြည်လင်း၊ ပန်းရောင်းတဲ့ မမာမာအေးနဲ့ စားသောက်ကုန် ရောင်းချတဲ့ ကိုနေစိုးအောင်တို့ (၃) ဦးကို ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီလောက်က တိုင်းအဆင့်ရဲအုပ်တစ်ဦးနဲ့ တပ်ကြပ်ကြီး တစ်ဦးတို့က ယဉ်ယဉ်ကျေးကျေး လာရောက်မေးမြန်းတာပါလို့ ဦးကြည်လင်းက ပြောပါတယ်။

 “လူကုန်ကူးမှု အထူးနှိမ်နင်းရေးအဖွဲ့က လာမေးတာပါ။ ကျွန်တော်တို့ အဲဒီနေ့က ဖြစ်တဲ့ အဖြစ်အပျက်လေးပါ။ ကျွန်တော် ဘယ်လို နေရာကနေပြီးတော့ မြင်ခဲ့တွေ့ခဲ့ ဆောင်ရွက်ပေးခဲ့တယ် ဆိုတဲ့အကြောင်းလေးပေါ့ခင်ဗျာ။ သူတို့ကလည်း သူတို့အဖွဲ့ အထက်အရာရှိလူကြီးက မေးခိုင်းလို့ပါတဲ့။ ဒီဥစ္စာလေးရဲ့ ဖြစ်ပျက်အကြောင်းအရာလေး၊ ပြည့်ပြည့်စုံစုံ သိချင်လို့ပါ ဆိုပြီးတော့ မေးသွားတာခင်ဗျ။ ဘာလုပ်မယ်ဆိုတာ သူတို့လည်း သေချာ မသိသေးဘူး။” မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်က မီးပူတိုက်တာကြာလို့လို့ ပြောဆိုပြီး သူမကို ကပ်ခဲ့တာပါလို့ သူတို့ရဲ့ မှတ်တမ်းတင် ဗီဒီယိုအခွေမှာ မအေးယုအောင် က ငိုယို ပြောဆိုခဲ့ပါတယ်။

ဒီလိုဖြစ်ပွားပြီး (၅) ရက်ခန့်အကြာမှ ဈေးဝယ် ထွက်ရာကနေ ပတ်ဝန်းကျင်က လူတွေက သတိထားမိပြီး မေးမြန်းတော့မှ သူက အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီလိုသိသိခြင်းပဲ ဦးကြည်လင်းတို့အဖွဲ့က ရဲစခန်းကိုသွားရောက်ပြီး အမှုဖွင့်ဖို့ ကြိုးပမ်းခဲ့ပေမယ့် နောက်ပိုင်းမှာ တရားသူကြီး ဦးအောင်ဖုန်းဝင်းက ရဲစခန်းလိုက်လာတာနဲ့ မအေးယုအောင် ကို မနစ်နာရအောင် ဆောင်ရွက်ပေးဖို့ ပြောပြီး ပြန်ထည့်ပေးခဲ့တယ်လို့လည်း ဦးကြည်လင်း ကပြောပါတယ်။ ဒီလိုဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်လို့ ဧပြီလ (၂) ရက်နေ့ကလည်း မြို့နယ် တရားသူကြီး (၅) ဦးခန့်က ဦးအောင်ဖုန်းဝင်းရဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် လမ်းပြကြယ် ဦးအေးမြင့်ကိုလည်း ဒီသတင်းဖြန့်ဝေမှု မပြုလုပ်ဖို့ လာရောက်ပြောကြားခဲ့တယ်လို့ ဦးအေးမြင့်က ပြောပါတယ်။
“ဦးအောင်ဖုန်းဝင်း ဆောင်ရွက်တာ မဟုတ်ပေမယ့် သူတို့မြို့နယ်တရားရုံး၊ ခရိုင်တရားရုံး၊ တိုင်းတရားရုံး တပြည်လုံးမှာရှိတဲ့ တရားသူကြီးတွေကအစ ဂုဏ်သိက္ခာကတော့ ဒါကြီးကကျတဲ့အလုပ်ဖြစ်နေတယ်၊ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းနဲ့ တရားသူကြီးနဲ့ဆိုင်တဲ့ နောက်ကဇနီးသည်ရဲ့ မှားယွင်းချက်ကြောင့် တရားသူကြီးကို ဂုဏ်သိက္ခာလည်းထိခိုက်မယ်၊ အလုပ်လည်းထိခိုက်မယ် ဖြစ်တဲ့အကြောင်း ကျနော်တို့ကို ပြောပြပါတယ်။” အခုနောက်ပိုင်းမှာတော့ အဆိုပါ အနှိပ်စက်ခံခဲ့ရသူ မအေးယုအောင်ဟာ ပဲခူးမြို့ကနေ ပျောက်ဆုံးနေသလို၊ ဦးအောင်ဖုန်းဝင်းနဲ့ ဇနီးသည် ဒေါ်ဖြူဝင်းသက်တို့လည်း အိမ်ကိုပိတ်ပြီး ဘယ်ရောက်နေမှန်း မသိဘူးလို့ ဦးကြည်လင်းက ပြောပါတယ်။

RFA

၂၂ဘီး ကုန်တင်ကား တိမ်းမှောက်

ရန်ကုန်၊ ဧပြီ ၈

အင်းစိန်မြို့ နယ်၊ ဘုရင့်နောင်လမ်းမကြီးနှင့် ပုလဲလမ်းဆုံ ၊ ပြည်တော်သာကွေ့ တွင် ယနေ့ ဧပြီ ၈ရက်နေ့၊ ည ၇နာရီခန့်၌ ပေလေးဆယ် ပုံး နှစ်ပုံး တင် ၂၂ဘီး ကုန်ကား တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းနှင့် ထိုနေရာဝန်းကျင် ရှိသူများမှာ တစ်စုံတစ်ရာ ဖြစ်ခဲ့ခြင်း မရှိသော်လည်း အဆိုပါ ပြည်တော်သာကွေ့၌ ယာဉ်လမ်းများ ပိတ်ဆို့ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အဆိုပါ ကုန်တင်ကားမှာ ဟိုင်းလတ် အမျိုး အစား ခရီးသည်တင်ယာဉ်နှင့် ယှဉ်ပြိုင် မောင်းနှင်ရာမှ အကွေ့တွင် ယင်းကဲ့သို့ဖြစ်ခဲ့ကြောင်း အဆိုပါ နေရာအနီးတွင် ကုန်တင်ကား တိမ်းမှောက်စဉ်က အဆိုပါနေရာတွင် ရှိနေသည့် အမျိုးသားတစ်ဦးက ပြောပြသည်။

The Voice Weekly 
အင်းစိန်မြို့ နယ်၊ ဘုရင့်နောင်လမ်းမကြီးနှင့် ပုလဲလမ်းဆုံ အနီး၊ ပြည်တော်သာ ကွေ့တွင် ယနေ့ ဧပြီ ၈ရက်နေ့၊ ည ၇နာရီခန့်က ပေလေးဆယ် ပုံး ၂ပုံးတင် ၂၂ဘီး ကုန်တင်ကား တစ်စီး တိမ်းမှောက်ခဲ့ရာ ကားအတွင်း ကျန်ရှိနေသည့် ဆီများအား ထုတ်ယူနေစဉ်။

အိမ်ဖော်မလေး မအေးယုအောင် ရဲ့  နောက်ဆုံးရသတင်း

ဧပြီလ ၈ ရက်နေ့  ၂၀၁၂
 
ကိုသစ်ထူးလွင်ရှင့်... သမီးလေး မအေးယုအောင် နဲ့ပက်သက်တဲ့
နောက်ဆုံးရသတင်းကတော့ စိတ်တိုဒေါသထွက်စရာ
တော်တော်ကောင်းပါတယ်...မအေးယုေ
အာင်ရဲ့ မိခင် ဒေါ်ကြူ ပဲခူးမြို့မှာ
ဒုတိယတရားသူကြီး ဦးအောင်ဖုန်းဝင်းနဲ့ ဒေါ်ဖြူဝင်းသက်တို့နဲ့
သွားရောက်တွေ့ဆုံပြီးနေရပ် ကျောက်ကြီးမြို့သို့
ပြန်လည်ရောက်ရှိလာပါပြီ..ဒေါ်ကြူ

ကို ဦးအောင်ဖုန်းဝင်းက ငွေကျပ် သုံးသိန်း
ပေးပြီး ကလေးမလေး အတွက် လှူဒါန်းငွေလို့ပြောပါတယ်...နော
က်
ကလေးမလေးနဲ့လည်း ပေးတွေ့ပါတယ်...ထူးဆန်းတာတစ်ခုက ကလေးမလေး ကိုယ်တိုင်က
ပြန်မလိုက်ပါဘူးဟု အတန်တန်ငြင်းဆိုပါတယ်တဲ့....အဲ
ဒါကြောင့်
ဦးအောင်ဖုန်းဝင်းက ကလေးမလေးကို ဧပရယ်လကုန် (၃၀.၄.၂၀၁၂)မှာ
မိခင်ဒေါ်ကြူထံသို့ပြန်လည် ပို့ပေးပါမည်ဟု
ထပ်မံပြောကြားလိုက်ပါတယ်...နော
က် ကလေးမလေးကို လည်း ဘုရားဖူး ခရီး
ပို့ပေးချင်လို့ပါဟုလည်း ပြောလိုက်ပါတယ်...ဒုတိယတရားသြူ
ကီး လင်မယား ဟာ
သူတို့ကိုယ် သူတို့တော့ တော်တော်လေး save side ယူထားပုံပါပဲ..အခုဖြစ်ရပ်က
သူတို့ကြောင့် မဟုတ်ဘူးဆိုတာကို အတန်တန်ငြင်းတယ်... နောက် ဒီကလေးမလေးက
ဒီလိုမျိုး ဖြစ်ရပ်တွေလည်း ခဏခဏ ဖြစ်ဖူးတယ်လို့လည်း ပြောပါတယ်...နောက်
တရားသူကြီးအိမ်ကို ဖုန်းဆက်တာ ဘာကြောင့်မကိုင်တာပါလည်းလို့ မေးတဲ့
အခါမှာတော့ အဲဒီ အိမ်ဖုန်းဟာ သူ့ဖခင်ကို ပေးထားတယ်...နောက်ဖုန်းလာတဲ့ အခါ
ကျောက်ကြီးမြို့မှ ဆက်တဲ့ ဖုန်းဆို ပိုက်ဆံတောင်းမှာ စိုးရိမ်လို့
မကိုင်တာပါလို့လည်း ပြောပါတယ်...ဒါဆိုရင် တခြားမြို့ တွေက ခေါ်တဲ့
ဖုန်းကျတော့ ဘာလို့မကိုင်တာလည်း လို့ မေးတဲ့ အခါ တိတိကျကျ ရေရေရာရာ
မဖြေခဲ့ဘူးလို့လည်း သတင်းရထားပါတယ်...နောက်တစ်ခုက မအေးယုအောင် ရဲ့ ဖခင်ဟာ
ကွယ်လွန်သူ မဟုတ်ပါဘူး လင်မယားကွဲနေတာပါတဲ့...မအေးယုေ
အာင်ရဲ့
ဖခင်ဖြစ်သူဟာ သူတို့ဆီမှာ ပိုက်ဆံများ လာလာယူတတ်ကြောင်းကို ပြောတာကိုလည်း
သတင်းရခဲ့ပါတယ်...နောက် ဦးအောင်ဖုန်းဝင်း ဟာ တောင်တွင်းကြီးကို
ပြောင်းရွေ့တာဝန်ထမ်းဆောင်ရမည်
ကိုလည်း သတင်း ထပ်မံရရှိပါတယ်...့
မိခင်ဒေါ်ကြူဟာ လှူငွေလို့ ပေးလိုက်တဲ့ ကျပ်ငွေ သုံးသိန်းကို ယခုအခါ
သူမလုံးဝ မလိုချင်ပါဘူး ကျေလည်း မကျေနပ်ပါဘူးဟု ပြောဆိုနေသံကိုလည်း
ကြားရပါတယ်...ကဲ မိတ်ဆွေတို့ ဒီဖြစ်စဉ်မှာ မိခင်ဒေါ်ကြူဟာ အလှူငွေကျပ်
သုံးသိန်းကို လက်ခံခဲ့မိတာ မှားလား (သို့) ငွေများ တရားနိုင်ဆိုတဲ့
စကားပုံနဲ့ပဲ အဆုံးသတ်မလား (သို့) တရားဥပဒေ စိုးမိုးတာဟာ ဒီလို
မအေးယုအောင်တို့လို လူတန်းစားအတွက် မပါဘူးလား ...ကျမတို့ ဘယ်လို
သုံးသပ်ပြီး ဘယ်လို ဆုံးဖြတ်ရမလဲ ဆိုတာကိုဖြင့် ကမ္ဘာ အရပ်ရပ်မှာ ရှိတဲ့
ကျမထက် တော်သော အတွေ့ကြုံ ရှိသော အားလုံးအားလုံးသော မိတ်ဆွေတို့
စဉ်းစားပေးကြပါကုန်လော့....
 
ဤသတင်းရေးသားသူကတော့ ကျမ မကြေးမုံဦး
ပါ....


Myanmar News Now

 

ပြင်ဦးလွင်ဒေသမှ လေဘေးဒဏ်ခံရသည့် လယ်မကျေးရွာ

ပြင်ဦးလွင်ဒေသမှာ (၇-၄-၂၀၁၂) စနေနေ့ ည (၁၀) နာရီခန့်က
လေပြင်းတိုက်ခတ်သွားခြင်းကြောင့
် ပြင်ဦးလွင် မြို့နယ် ၊ ဘော်အုပ်စု ၊
အမှတ်  (၂) နယ်မြေက လယ်မကျေးရွာ ၊ ဘော်ကျေးရွာ တွေမှာ နေအိမ်များ
ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ လယ်မကျေးရွာတွင် အိမ်ခြေ (၆၀) ၊ လူဦးရေ (၂၃၀)
ရှိပြီး အိမ် (၅၅) လုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါသည်။

 
လယ်မကျေးရွာသည် ယခင်က ဒုဋ္ဌ၀တီမြစ်ဘေးတွင်တည်ရှိခဲ့ပြီး ရဲရွာရေအားလျှပ်စစ်
စီမံကိန်းကြောင့် ရေလွှမ်းဧရိယာအတွင်းကျရောက် ခဲ့သဖြင့် ယခုအခါ
ပြင်ဦးလွင်မြို့နှင့် (၁၆) မိုင်ခန့်အကွာ၊ ဘော်ကျေးရွာအနီးသို့
လွန်ခဲ့သော (၄) နှစ်ခန့်က  ပြောင်းရွှေ့ရွာသစ် တည်ထား ခြင်းဖြစ်ပါသည်။

 
ဆောက်လက်စ ဘုန်းကြီးကျောင်း အုတ်နံရံ ပြိုကျပျက်စီးခဲ့ပြီး
အိမ်အများစုမှာ အမိုးများ ပျက်စီးခဲ့ပါသည်။ကျေးရွာနေ ရွာသူရွာသားများမှာ
ကိုယ်ပိုင် စိုက်ပျိုးစားသောက်ရန် မြေယာများ နည်းပါးမှုကြောင့် အများစုမှာ
နေ့စား၊ လက်လုပ်လက်စားများသာ ဖြစ်ကြပါသည်။

 
ဘော်ကျေးရွာတွင်လည်း ဘုန်းတော်ကြီးကျောင်း သွပ်မိုးတပြင်လုံး
ကျွတ်ထွက်ပျက်စီးခဲ့ပြီး တဲအိမ် (၂၀) ခန့်လည်း ပျက်စီးခဲ့ပါသည်။

 
(၈-၄-၂၀၁၂) ရက်နေ့ တွင် ပြင်ဦးလွင်မြို့မှ  စေတနာရှင် အလှူရှင်တစ်စုက
လယ်မကျေးရွာ၊ လေဘေးသင့် ရွာသူရွာသားများ အတွက် ဆန် (၁၅) အိတ်နှင့်
မိုးကာဖျင်စများ သွားရောက် ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍
လှူဒါန်းထောက်ပံ့လိုသူ စေတနာရှင်များအနေဖြင့် အောက်ပါ အတိုင်း
ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။

 
(က) သန္တိသုခ လူမှုကူညီရေးအသင်း၊ ပြင်ဦးလွင်မြို့ (ဖုန်း- 085 28046)
( ခ ) ပညာ့ရောင်ခြည် ပညာရေးကူညီထောက်ပံ့မှုအဖွဲ့၊ ပြင်ဦးလွင်မြို့
      (ဖုန်း- 0950 12485 , 0920 44293)


Myanmar News Now


မဲပြားမှာ ဖယောင်းပါဝင်နေမှုအပေါ် တိုင်တန်းချက် နယ်ကော်မရှင်စစ်ဆေး

ဓါတ်ပုံ-ဒီဗွီဘီ
ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပြားတွေကို ဖယောင်းသုတ်ထားတယ် ဆိုတဲ့ တိုင်ကြားခဲ့မှုနဲ့ပတ်သက်ပြီး ရှမ်းပြည်တောင်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ကလောမြို့နယ် ပြည်သူ့လွတ်တော် မဲဆန္ဒနယ် အောင်ပန်းမြို့နယ်ထဲက လက်မပင်မဲရုံ၊ မိုးကောင်း ရပ်ကွက်မဲရုံနဲ့ အောင်ပန်း ရပ်ကွက် ၃ အမက ၁၂ မဲရုံတွေက မဲပြားတွေကို ပြန်လည် စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် မဲရုံစောင့်ကြည့်ရေးကိုယ်စားလှယ် ရှေ့နေ ဒေါ်ခင်မိုးမိုး က ပြောပါတယ်။ "၆ ရက်နေ့မှာ ဖယောင်းသုတ်တယ် ဆိုတဲ့ ကိစ္စကို NLD နဲ့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေကို ခေါ်ပြီးတော့ ပြည်နယ်ကော်မရှင်ရယ်၊ ခရိုင်ကော်မရှင်ရယ်၊ မြို့နယ် ကော်မရှင်ရယ်၊ နောက် ကျမတို့ ပါတီ ၂ ခုက ကိုယ်စားလှယ် ၂ ယောက်ရယ်၊ ၅ ဦးပါတဲ့ အဖွဲ့ကနေပြီးတော့ ဖယောင်းသုတ်တယ်လို့ စွတ်စွဲခံရတဲ့ မဲရုံက မဲကဒ်ပြားတွေကို ဖောက်ဖွင့်ပြတယ်။ ကျမတို့ ကြည့်တယ်။ ဖယောင်းသုတ်ထားတာ လုံးဝမရှိဘူး။" ဒီမဲရုံသုံးရုံကို ပြန်စစ်ဆေးခဲ့ရတာဟာ ကလောမဲဆန္ဒနယ်က မဲပြားတွေမှာ မဲပေးလို့မရအောင် ဖယောင်းသုတ်ထား တယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့တဲ့အတွက် ပြန်စစ်ဆေးဖို့ ပြောဆိုလာတာကြောင့် ပါတီကြီး ၂ ခုရဲ့ ကိုယ်စားလှယ်တွေကို ခေါ်ယူပြီး စစ်ဆေးခဲ့တာလို့ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။ ဒါပေမယ့် ဒီတိုင်တန်းမှုဟာ နယ်ခံ NLD က တိုင်ကြားတာမဟုတ်ဘဲ နယ်ခံပြည်သူတွေက တိုင်ကြားခဲ့တဲ့အတွက် အဖွဲ့ချုပ် အောင်နိုင်ရေးမှူး ဦးဥာဏ်ဝင်းက ကော်မရှင်ကို တင်ပြခဲ့တဲ့အတွက် အခုလို စစ်ဆေးတာလို့ ဆိုပါတယ်။ ရှမ်းပြည်တောင်ပိုင်းက ပြည်သူ့လွတ်တော်နေရာမှာ NLD ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တစည ပါတီ၊ ပအိုဝ်အမျိုးသားအဖွဲ့ချူပ် ပါတီနဲ့ ကျားဖြူပါတီ စတဲ့ ပါတီ ၅ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီက ကိုယ်စားလှယ်လောင်း ဒေါက်တာ ဒေါ်သန်းငွေ က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့နေရာ ဖြစ်ပါတယ်။

RFA

ကရင်နီတို့ရဲ့ စုပေါင်း ကေးထျိုးဘိုး ပွဲတော်

ကရင်နီ မျိုးနွယ်စုတို့ဟာ ဘိုးဘွားဘီဘေ လက်ထက်ကတည်းက ယုံကြည်တဲ့ ဓလေ့ရိုးရာပွဲ ဖြစ်တဲ့  ကေးထျိုးဘိုး ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ပြီး ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေထိုင်နေတဲ့ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှာလည်း ၁၂ကြိမ်မြောက် ကေးထျိုးဘိုးပွဲတော်ကို ကျင်းပပြုလုပ် ကြပါတယ်။
ကရင်နီ ဒုက္ခသည် အမှတ် ၁ စခန်းမှာ ကေးထျိုးဘိုး ပွဲတော် အခမ်းအနား ကျင်းပနေစဉ် ( ဓါတ်ပုံ - ကေတီ )
ကရင်နီ ဒုက္ခသည် အမှတ် ၁ စခန်းမှာ ကေးထျိုးဘိုး ပွဲတော် အခမ်းအနား ကျင်းပနေစဉ် ( ဓါတ်ပုံ - ကေတီ )

ကရင်နီ မျိုးနွယ်စုများရဲ့  ရိုးရာပွဲတော်ဟာ ကေးထျိုးဘိုးသာမက ဒီးကူပွဲ စတဲ့ ရိုးရာပွဲများလည်း ရှိပါတယ်။ ကရင်နီ လူမျိုးတို့ဟာ မိမိ ရိုးရာယဉ်ကျေးမှုများကို ဦးထိပ်ထားပြီး ခေတ်ရေစီးကြောင်းအရ ဖြစ်ပေါ်တိုးတက် နေသော်လည်း ရိုးရာဓလေ့ အစဉ်အလာကို မမေ့ပျောက်သွားရန် သာသနာနဲ့ ယဉ်ကျေးမှုဝန်ကြီး ဆရာမ ဒေးဒေးဖောက အခမ်းအနားမှာ ပြောကြားသွားပါတယ်။

“ကျမတို့ ကေးထျိုးဘိုး ထောင်တယ်ဆိုတာက ကျမတို့ စိတ်တွေ ဒီကေးထျိုးဘိုးလို ဖြောင့်ဖို့ ဖြူစင်သန့်ရှင်းဖို့ အဲဒါ အရေးကြီးတယ်။ ဒီအတွက် ကျမတို့ကိုယ်ကို တန်ဖိုးထားတတ်ဖို့ လူတွေက တိုးတက်ပြောင်းလဲ နေကြပြီ စိတ်ဓါတ်မြင့်ဖို့ လိုတယ်။ ကျမတို့ အမြင်တွေ ကျယ်နေဖို့ လိုပြီ။ ခုက အီးမေးလ် အင်တာနက်ခေတ်။ အင်တာနက်ပေါ်မှာဆို ဘာမဆို တွေ့နိုင်မြင်နိုင်ပြီ။ သူများ တိုးတက်သလို ကျမတို့လည်း တိုးတက်ဖို့။ သိတတ်ထားတာတွေလည်း ရှိနေပြီ။ အဲဒီတော့ ကျမတို့ ကေးထျိုးဘိုး ရိုးရာဓလေ့ကို မမေ့ဖို့။ ရိုးရာဓလေ့ တိုးတက်အောင် ထိန်းသိန်းဖို့။ လေ့လာသိရှိပြီး လေးစားရိုသေဖို့နဲ့ ရိုးရာဓလေ့ကို ဘယ်လို ထိန်းသိမ်းကာကွယ်ပြီး တိုးတက်အောင်လုပ်မလဲဆိုတာကို စဉ်းစားဆင်ခြင်ဖို့ လိုတယ်” လို့ ဆရာမ ဒေးဒေးဖောက ပြောပါတယ်။ kay-4

ကေးထျိုးဘိုး ပွဲတော်ကို ဧပြီလ၊ လဆန်း အတွင်းမှာ ပြုလုပ်လေ့ရှိပြီး ကရင်နီ ဒုက္ခသည် အမှတ် ၁ စခန်းမှာ တော့ မတ်လ ၃၁ရက်နေ့မှာ ကြက်ရိုးထိုးပြီး ဧပြီလ ၁ရက်နေ့ကနေ စတင်ပြီး ၄ရက်နေ့အထိကျင်းပပြု လုပ်တယ်လို့ ကရင်နီ ရိုးရာယဉ်ကျေးမှု အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခူတော်ရယ်က ပြောပါတယ်။

ကေးထျိုးဘိုး(ခေါ်) တံခွန်တိုင်ပင်ကို ခုတ်ပြီး ဧပြီလ ၂ရက်နေ့မှာ မိုးရွာချတဲ့အပေါ် သာသနာနဲ့ ယဉ်ကျေးမှု ဌာနမှ ဒု-ညွန်ကြားရေးမှူး ခူတော်ရယ်က အခုလိုပြောပါတယ်။

“ကျနော်တို့ အယုံအကြည်အရ ကေးထိုးဘိုးခုတ်တဲ့ အချိန်အတောအတွင်းမှာ မိုးရွာတယ်ဆိုရင် အေးမြ တယ်လို့ ပြောတယ်။ ကောင်းတယ်လို့ ပြောတယ်။ လာမယ့် နှစ်သစ်မှာ ကျနော်တို့ ပူပင်သောကမှုတွေ သိပ်မကြုံတွေ့ရပဲနဲ့ အေးမြတဲ့ လပ်ကီး တခု ရတယ်လို့ အဲလိုမျိုးယူဆတယ်”

ကရင်နီလူမျိုးတွေဟာ မိမိတို့ ကေးထျိုးဘိုး ပွဲတော်ကို ဘိုးဘွားဘီဘေ လက်ထက်ကတည်းက ကျင်းပ လာခဲ့ပြီး ကရင်နီ မျိုးနွယ်စုများ အားလုံးအတွက် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမြင့်တင်တဲ့အနေနဲ့ ကရင်နီမျိုးနွယ်စုများ နေထိုင်တဲ့ ပြည်တွင်း၊ ပြည်ပမှာ နေထိုင်တဲ့ ကရင်နီ မျိုးနွယ်စုတို့ဟာ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလေ့ ရှိပါတယ်။
ကေးထျိုးဘိုးတိုင်အောက်မှာ ၀ိုင်းပြီး ကနေသော အမျိုးသားများအား ပျိုမေတို့က ရေလောင်းနေစဉ် ( ဓါတ်ပုံ - ကေတီ )
ကေးထျိုးဘိုးတိုင်အောက်မှာ ၀ိုင်းပြီး ကနေသော အမျိုးသားများအား ပျိုမေတို့က ရေလောင်းနေစဉ် ( ဓါတ်ပုံ - ကေတီ )

“ကျနော်တို့ ကရင်နီ လူမျိုးတွေရဲ့ ယုံကြည်ရာ တခုလည်းဖြစ်သလို ရိုးရာဓလေ့လည်း ဖြစ်တယ်။ သမိုင်းကြောင်းရယ်လို့ ပြောတဲ့နေရာမှာ ဘယ်ရက်၊ ဘယ်ချိန် စတင်ဖြစ်ပေါ်လာတယ် ဆိုတာကတော့ နေ့ရက် အတိအကျတော့ ပြောလို့ မရဘူး။ ဒါပေမယ့် ကျနော်တို့ ကရင်နီရဲ့ ရှေးခေတ်ဖိုးဖွားတွေရဲ့  လုပ်လေ့ရှိတဲ့ ဓလေ့ အစဉ်အလာ တနှစ်တကြိမ် ကျနော်တို့ရဲ့ ဘုရားသခင်ကို တောင်းတ၊ ဆုတောင်းတာပေါ့နော်။ ဆွေမျိုး အသိုင်းအ၀ိုင်းတွေ ကျနော်တို့ ဆုံကြတယ်။ ဖိတ်ကြတယ်။ ကျနော်တို့ တနှစ်တကြိမ် ဆုံစည်းကြတဲ့ အဓိက ဆွေမျိုး၊ သူငယ်ချင်း အပေါင်းအဖော်တွေက ဆုံစည်းပြီးတော့မှ ဘုရားသခင်ကို ဆုတောင်းကြတယ်။ ဒီနေ့ဟာ နှစ်သစ်လို့ ပြောလို့ရတယ်”လို့ ခူတော်ရယ်က ပြောပါတယ်။

ကေးထျိုးဘိုးပွဲတော် ပြုလုပ်နေစဉ် အတောအတွင်း ညအစီအစဉ်အဖြစ် ကရင်နီ မျိုးနွယ်စုများရဲ့  အဆိုအကနဲ့ တံခွန်တိုင်အောက်မှာ အဖွဲ့လိုက် ယဉ်ကျေးမှု အကများ ယှဉ်ပြိုင် ကြပါတယ်။

ကရင်နီအမှတ် ၁ ဒုက္ခသည် စခန်းမှာ ရပ်ကွက် ၂၀ ခုရှိပြီး ကေးထျိုးဘိုးပွဲတော်ကို ယခုနှစ်ပြုလုပ်တဲ့ ကေးထျိုးဘိုး ပွဲကြီးကို ရပ်ကွက် ၁၄ မှာ ကျင်းပပြုလုပ်တဲ့အပြင် ရပ်ကွက်တိုင်းမှာလည်း တနှစ်တခါ ကျင်းပပြုလုပ် သွားပါတယ်။
ကန္တရဝတီ

လျှပ်စစ်မီး ဖြတ်တောက်မှု ကုန်ထုတ် လုပ်စရိတ် ခြောက်ဆခန့် မြင့်တက်

ရန်ကုန်၊ ဧပြီ ၇

ကုန်ထုတ် လုပ်ငန်းများ အတွက် အရေးကြီးဆုံး ဖြစ်သော လျှပ်စစ်မီးကို အချိန်ပိုင်းဖြင့်သာ ရရှိသည့် အတွက် ရန်ကုန်တိုင်း ဒေသကြီး စက်မှုဇုန်များ အတွင်းရှိ စက်ရုံများ ကုန်ထုတ်လုပ်စရိတ် ၆ ဆခန့် မြင့်တက် သွားကြောင်း စက်မှုလုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် အပါအဝင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များသည် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ တစ်ရက်လျှင် ၆ နာရီသာ လျှပ်စစ်မီး ရရှိတော့သည့် အတွက် စက်ရုံ အလုပ်ရုံများသည် ဒီဇယ်ဆီကို သုံးစွဲကာ အင်ဂျင်မော်တာဖြင့် လုပ်ငန်းလည်ပတ်လျက် ရှိကြောင်း၊ လုပ်ငန်းသုံး လျှပ်စစ်မီး မီတာ တစ်ယူနစ် ကုန်ကျစရိတ်သည် ၅ဝ ကျပ်ခန့် ကုန်ကျပြီး လက်ရှိ စက်ရုံများ အသုံးပြုနေသည့် ဒီဇယ်ဆီသုံး မီတာ တစ်ယူနစ် ကုန်ကျစရိတ်သည် ၃၀ဝ ကျပ်ထိ မြင့်တက်သွားကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။

"စက်မလည်လဲ အလုပ်သမားခ ပေးနေရတော့ စရိတ်ကြေအောင် လုပ်နေရတာဘဲ။ တွက်ခြေမကိုက်တဲ့ စက်ရုံတွေကတော့ ရပ်ထားရတယ်။ ကုန်ထုတ်လုပ်မှု စရိတ်မြင့်ရင် ကုန်ပစ္စည်းလည်း ဈေးမြင့် ရောင်းရမှာပဲ။ ၂၀၁၁ ခုနှစ်ကလွဲရင် ကျန်တဲ့နှစ်တွေက နှစ်တိုင်း ရင်ဆိုင်နေရတာပဲ" ဟု ၄င်းက ဆိုသည်။

လျှပ်စစ်မီး အချိန်ပိုင်းဖြင့် ပေးသည့် နောက်ပိုင်းတွင် အချိန်ပြည့် အေးခဲ လုပ်ဆောင် နေရသော ရေထွက်ကုန် အအေးခန်း စက်ရုံများ၏ ကုန်ထုတ်လုပ်မှု အပိုင်းများ၌ လျော့ချ ထုတ်လုပ်ခြင်းများ လုပ်ဆောင်လာရာ ပုံမှန် လျှပ်စစ်မီး ရချိန်တွင် ကုန်ပစ္စည်း ၃ တန်ခန့် ထုတ်လုပ်သည့် အအေးခန်း စက်ရုံသည် လျှပ်စစ်မီး အကန့်အသတ်ဖြင့် ရချိန်တွင် ၁ တန်ခန့်သာ ထုတ်လုပ်နိုင်တော့ကြောင်း ဒေါပုံမြို့ နယ် အတွင်းရှိ ပြည်ပပို့ ရေထွက်ကုန် အအေးခန်း စက်ရုံ လုပ်ငန်းရှင် ဒေါ်တိုးန္ဒာတင်က ပြောကြားသည်။

"မီးမလာတော့ အအေးခန်း စက်ရုံတွေ အဆင် မပြေကြဘူး။ အအေးခန်းက ရပ်ထားလို့ မရတော့ မီးစက်မောင်း လုပ်ရတယ်။ အခု ကုန်ကျစရိတ်က အရမ်းမြင့်သွားတယ်။ ကိုယ့်ရေခဲကလည်း ခဲမယ့်အချိန် မီးမလာတော့ ရေခဲပါ ဝယ်သုံး နေရတယ်။ မီးပျက်ပြီး နောက်ပိုင်း ရေခဲဈေးက ထပ်မြင့်သွားတယ်" ဟု ၄င်းက ဆိုသည်။

အလားတူ ဆီစက် လုပ်ငန်းများ၌ ဆီတစ်ပိသာ၏ ထုတ်လုပ်မှု စရိတ်သည် ပုံမှန် ၃၅ ကျပ်မှ ၉ဝ ကျပ်ထိ မြင့်တက် သုံးစွဲလာရကြောင်း၊ အဆိုပါ လျှပ်စစ်မီး ရရှိမှုနှင့် ကုန်တင်ယာဉ် တန်ပို သတ်မှတ်ချက်များကြောင့် သင်္ကြန် ကာလအပြီး နောက်ပိုင်းတွင် ဆီတစ်ပိသာ ပေါက်ဈေးသည် ၁၅ဝ ကျပ်ခန့်ထိ မြင့်တက်လာမည့် အခြေအနေ ရှိကြောင်း ရွှေပြည်သာ စက်မှုဇုန်ရှိ ဧရာဝတီ မြေပဲဆီ စက်လုပ်ငန်းရှင် ဦးခင်စိုးက ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သုံးစွဲသူ များပြားလာခြင်းကြောင့် လျှပ်စစ်ဓါတ်အား လိုအပ်ချက်များ မြင့်အားလာပြီး ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓါတ်အား လိုအပ်ချက်မှာ ယခင်နှစ်ထက် မဂ္ဂါဝပ် ၂၀ဝ ခန့် ပိုမို များပြားလာကာ သုံးစွဲမှု မဂ္ဂါဝပ် ၈၀ဝ အထိ ဖြစ်လာကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

The Voice Weekly

NLD ပါတီတွင်း အယောင်ဆောင်များ ရှိဟုဆို

မန္တလး၊ ဧပြီ ၈
 ကြားဖြတ် ရွေးကောက်ပွဲ ပူပူနွေးနွေး အနိုင် ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအတွင်း အယောင်ဆောင်များ ရှိနေသဖြင့် ပြန်လည် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး NLD ဥက္ကဌ ဦးသိန်းတန်က ပြောကြားသည်။

မန္တလေး မြို့တော်တွင် ဧပြီလ ၆ ရက်နေ့က ကျင်းပသော တိုက်ဂါး နေကြာမှ ဂုဏ်ပြုသော အခမ်းအနားတွင် ယင်းနှင့် တွေ့ဆုံစဉ် The Voice Weekly သို့ ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပြန်လည် ဖွဲ့စည်းရန် အသင်းဝင် လျှောက်လွှာ တစ်သောင်းကို ဖြန့်ဝေထားပြီး ယခုအချိန်ထိ မန္တလေးမြို့တွင် NLD ပါတီဝင် လေးထောင်ကျော်သာ ရှိသေးကာ ပါတီဝင်များကို ပြန်လည် ဆန်းစစ်သွားမည် ဖြစ်ကြောင်း ယင်းက ဆိုသည်။

"ကျွန်တော် ကိုယ်တိုင်က စပြီး လျှောက်လွှာ တင်ရမှာ။ ကျန်တဲ့ လူတွေတော့ ပြောမနေနဲ့တော့" ဟု ဦးသိန်းတန်က ဆိုသည်။ပါတီ ဂုဏ်သိက္ခာကျဆင်းစေရန် အခိျု့သော အဖွဲ့ အစည်းများ၊ လူ ပုဂ္ဂိုလ်များမှ သေသေချာချာ ပြုမူ ဖန်တီး နေကြကြောင်း၊ ၄င်းတို့ အနေဖြင့် NLD ပါတီကို စည်းကမ်းစနစ် ကျနသော ပါတီ တစ်ခုအဖြစ် တည်ဆောက် သွားမည် ဖြစ်ကြောင်း ၄င်း ရှင်းပြသည်။

The Voice Weekly

မီးပူဖြင့်ကပ်ခံရသည့် မအေးယုအောင် အမှု သက်သေများကို စစ်ဆေး


မအေးယုအောင်အား တရားသူကြီးကတော်မှ မီးပူဖြင့်ကပ်သည့်ကိစ္စကို နေပြည်တော်မှ
ညွန်ကြားသဖြင့် လူကုန်ကူးမှုတိုက်ဖြတ်ရေးအဖွဲ့မှ ရဲအုပ် မောင်မောင်ဝင်း၊
တပ်ကြပ်ကြီး အောင်ကျော်လင်း တို့မှ ပတ်ဝန်ကျင်ရှိ ဦးကြည်လင်း၊ မမာမာအေး၊
ကိုအောင်နေလင်း သက်သေသုံးဦးအား (၆၊ ၄၊ ၂၀၁၂)နေ့တွင် လာရောက်စစ်ဆေး
ခဲ့ကြောင်း (လမ်းပြကြယ်)အဖွဲ့ မှ သတင်းပေးပို့ ထားပါသည်။



Myanmar News Now

ဒေါ်အောင်ဆန်းစုကြည်နဲ့ KNU ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ ဆုံပွဲ (ရုပ်/သံ)


ဒေါ်အောင်ဆန်းစုကြည်နဲ့ KNU ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့တွေ့ဆုံခဲ့တဲ့သတင်း (ရုပ်/သံ)
 ဒီဗွီဘီ သတင်းဌာနမှ ရိုက်ကူးတင်ဆက်ထားတာပါ။
ဓါတ်ပုံ(NLD)

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် KNU တွေ့ ဆုံပွဲ (ဓါတ်ပုံ)


ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကေအန်ယူခေါင်းဆောင်များ ဧပြီလ ၈ ရက်နေ့က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံမှု မြင်ကွင်းဓာတ်ပုံများ။
The Voice Weekly 
 

ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံးအဖွဲ့တို့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ရေးဆွေးနွေးခဲ့

ဝင့်သင်ဇာကျော်(မြစ်မခ)
by Myit Makha Mediagroup on 8 Apr, 2012



၂၀၁၂ခုနှစ် ဧပြီလ ၈ရက် နံနက် ၁၀နာရီခွဲခန့်အချိန်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ  ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ကရင်အမျိုးသားအစည်းအရုံးအဖွဲ့(KNU) နှင့် တွေ့ဆုံပြီး တိုင်းပြည်ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အကြောင်း ၊ ကရင်တိုင်းရင်းသားများ လိုအပ်ချက် နှင့် ရှေ့လုပ်ငန်းစဉ်အကြောင်းကို ဆွေးနွေးဖြစ်ခဲ့ကြောင်း သိရှိရသည်။
“ကျွန်မတို့ရဲ့ တွေ့ဆုံပွဲဟာ အဓိကအားဖြင့်တော့ ကျွန်မတို့ ဒီကရင်အမျိုးသားအစည်းအရုံးအနေနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ပြောဖြစ်တယ်။ ပြီးတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့ အတွက်ကို ကျွန်မတို့ ကရင်တိုင်းရင်းသားများအနေနဲ့ တိုင်းရင်းသားတွေအနေနဲ့ လိုအပ်ချက်က ဘာလဲဆိုတာ ကျွန်မတို့ ဆွေးနွေးတာ ဖြစ်တယ်။ ကျွန်မတို့ နောက်ထပ် ဘယ်လိုဆက်လက်ဆောင်ရွက်မှုတွေ လုပ်မလဲဆိုတာကို အသိပေး ဆွေးနွေးတာ ဖြစ်ပါတယ်။ “ ဟု ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။
ကရင်အမျိုးသားအစည်းအရုံးအဖွဲ့သည် တိုင်းပြည်ငြိမ်းချမ်းရေး ရရှိရန် လုပ်ဆောင်နေသလို စစ်မှန်သော ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းသူပြည်သူများ၏ လုပ်ဆောင်ချက်သည်လည်း အရေးကြီးကြောင်း ကရင်အမျိုးသားအစည်းအရုံးမှ ပြောကြားခဲ့သည်။
“စစ်မှန်တဲ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်တဲ့နေရာမှာ ဘယ်လိုလုပ်ငန်းတွေကို ဘယ်ပုံစံနဲ့ လုပ်ဆောင်မလဲဆိုတာ ကျွန်မတို့ ဆွေးနွေးတာ ရှိပါတယ်။ ကျွန်မတို့ ဆွေးနွေးပြီး လက်ခံထားတာက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ထုတ်တယ်ဆိုတဲ့ အခါမှာ တိုင်းသူပြည်သားတွေ ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ် နိုင်ငံတော်အစိုးရရဲ့ ပါဝင်မှုနဲ့ နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်မှုဟာလဲ အရေးပါတယ်” ဟု ကရင်အမျိုးသားအစည်းအရုံးမှ နော်စီဖိုးရာစိန်က ဆက်လက်ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဦးတည်ချက်သည် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုကြီးဖြစ်ပေါ်လာရန် ကြိုးပမ်းနေခြင်းကြောင့် ယခုကဲ့သို့ ကရင်အမျိုးသားအစည်းအရုံးနှင့် တွေ့ဆုံဆွေးနွေးရခြင်းကို အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အင်မတန်မှ အားရကြောင်းနှင့် ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးတည်ချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်တာကြောင့်မို့ တိုင်းရင်းသားများ အားလုံးဟာ စုစုစည်းစည်းနဲ့ ဒီဖြစ်စဉ်ထဲမှာ ပါဝင်ရမယ်ဆိုတာ ကျွန်မတို့ရဲ့ ယုံကြည်ချက်လဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အမျိုးသားရင့်ကြားစေရေးကို အများကြီး အထောက်အကူ ဖြစ်စေနိုင်တဲ့ အလျောက် ဒီလိုတွေ့နိုင်တာကို ကျွန်မတို့ အင်မတန်မှ ၀မ်းသာတယ် အင်မတန်မှ ဂုဏ်ယူတယ် ဆွေးနွေးရတာ ကျွန်မတို့ အင်မတန်မှ အားရပါတယ်။ အမြင်ချင်းလဲ တူနေတယ်ဆိုတာကို တွေ့ရပါတယ်။ အမြင်ချင်းတူတာကြောင့်မို့ နောင်ညီညွတ်မှုအတွက် ဒါဟာအင်မတန်မှ ကောင်းတဲ့ အလားအလာလို့ ကျွန်မပြောနိုင်ပါတယ်။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် (KNU) ကရင်အမျိုးသား အစည်းအရုံးတို့သည် တစ်နာရီခွဲခန့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြည်တွင်းပြည်ပ သတင်းထောက်အချို့၏ မေးမြန်းချက်များကို ဖြေကြားပေးခဲ့ပြီး နေ့လည် ၁၂နာရီခွဲခန့်အချိန်တွင် ပြီးဆုံးခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံးသည် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် တွေ့ဆုံခဲ့စဉ်၌ တိုင်းပြည်တွင် စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် နှင့် ကရင်အမျိုးသားအစည်းအရုံးကို မတရားအသင်းဟု အမည်တပ်ခေါ်ဆိုခြင်းကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ညီလာခံကြီးတရပ်ကျင်းပ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မည်။

ဧပြီ ၈ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှု အဆင့်ဆင့်တိုးတက်လာသည့်အခါ တိုင်းရင်းသား အလုံးစုံပါဝင်သည့် National Assembly (အမျိုးသားညီလာခံ) ကြီးတရပ် ကျင်းပပြီး ပြင်ဆင်သင့်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင် ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြားလိုက်သည်။



“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကလည်းပြင်လို့ရပါတယ်၊ ပြင်ဖို့အတွက်ကတော့ ပြည်သူ့လွှတ်တော်မှာပဲပြင်လို့ရပါတယ်။ ဒါကြောင့်မို့ ပြည်သူ့လွှတ်တော်ရှေ့မှာ နေပြည်တော်မှာပဲ National Assembly ကြီးလုပ်ပြီးတော့ လိုအပ်တဲ့ဥပဒေတွေပြင်ဖို့လိုတယ်ဆိုရင် လွှတ်တော်ထဲမှာသွားပြီးပြင်မယ်” ဟု ဧပြီလ ၆ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင်ကျင်းပပြုလုပ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU ) နှင့်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ မီဒီယာများအား ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်နက်ကိုင်တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ နိုင်ငံတော်သမ္မတကြီးမှ ချမှတ်ထားသည့် လမ်းညွှန်မြေပုံ အဆင့်သုံးဆင့်ရှိပြီး အဆိုပါအဆင့်သုံးဆင့်တွင် ဒုတိယအဆင့်မှာ နိုင်ငံရေးရာ (political issue), နိုင်ငံရေး ဆွေးနွေးပွဲ (political dialogue) များ ဖြေရှင်းရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် တောင်းဆိုသည့် အချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ခွင့်မပြုသည့်အချက်များပါရှိလာပါက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်ကြောင်း၎င်းကပြောသည်။


နိုင်ငံတော်သမ္မတကြီးချမှတ်ထားသည့်လမ်းညွှန်မြေပုံ အဆင့်သုံးဆင့်မှာ ပထမအဆင့်အပြစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခြင်း၊ ဒုတိယအဆင့်မှာ political Dialoge ပြောကြားခြင်းနှင့် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ပြီး တတိယအဆင့်မှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် National Assembly ကျင်းပခြင်းဖြစ်သည်။

“တချို့တိုင်းရင်းသား တွေကကျွန်တော်တို့ကိုမေးတယ် လွတ်တော်နဲ့ National Assembly ဘယ်လိုစပ်ဆက်သလဲဆိုတာ ကျွန်တော်တို့ကလွှတ်တော် ကိုယ်စားလှယ်မဟုတ်တဲ့အတွက် လွှတ်တော်ထဲမှာ သွားပြင်လို့တော့ဘယ်ရမလဲဆိုပြီးမေးတယ် National Assembly ဆိုတာ တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ အစည်းအဝေးကြီးလုပ်တာဖြစ်ပါတယ်၊ အဲဒါကလည်း လွှတ်တော်နဲ့ကပ်ရက် ပြီးတော့မှာပဲလုပ်မှာပါ ဒီဘက်စားပွဲနဲ့ဟိုဘက်စားပွဲပါပဲ ဒီတော့ ဆွေးနွေးတဲ့အခါမှာဥပဒေပြင်ဖို့လိုရင် ဟိုဘက်စားပွဲကိုပို့ဟိုဘက်စားပွဲမှာပြင်၊ ဒီလိုသဘောမျိုးနဲ့ လုပ်ခြင်းဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

တိုင်းရင်းသားများနှင့်ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ ယခုအခါ အပြစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ဖြစ်သကဲ့သို့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ အချို့နှင့်လည်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး လက်မှတ်ရေးထိုးသည့်အဆင့်သို့ ရောက်ရှိနေပြီးဖြစ်သည်။

သို့သော် အပြီးသတ် ငြိမ်းချမ်းရေးဆောင်ရွက်ရန်အတွက် တတိယအဆင့်ဖြစ်သည့် National Assembly ကြီးကျင်းပပြီးသည့်အခါမှသာ ငြိမ်းချမ်းရေး အပြီးသတ်ဆွေးနွေးနိုင်ပြီဟုပြော နိုင်မည်ဖြစ်ကြောင်း ဦးအောင်မင်းကပြောသည်။

နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာမြင့်သည့် ပြည်တွင်းစစ်ရောဂါဆိုးကြီးကို ခေတ်အဆက်ဆက်အစိုးရများက ငြိမ်းချမ်းရေးဆွေးနွေးရန်ကြိးစားကြသော်လည်း အနာနှင့်ဆေးမတည့်သောကြောင့် ကုသ၍ မပျောက်ကင်းခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် ခေတ်စနစ်တွေ ပြောင်းလဲလာပြီးဖြစ်သည့်အတွက် အနာနှင့်ဆေးတည့် ပြီ ဟုပြောနိုင်ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးးအဖွဲ့ အနေဖြင့် လက်နက်ကိုတိုင်းရင်းသား အဖွဲ့အစည်း အများအပြားနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုပြုလုပ်လျှက်ရှိပြီး ရှမ်း ၊မွန်စသည့်အဖွဲ့များနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ ရရှိထားပြီးဖြစ်ကာ ရခိုင်၊ ကရင်နီအစရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့မှာ အပြစ်ရပ်စဲရေးနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကို ပြီးခဲ့သည့် လပိုင်းများ အတွင်း လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ ။



Yangon Press International

အရက်သောက်သူတွေနဲ့ အရက်စီးပွားရေး လုပ်ငန်းရှင်တွေအကြိုက် အစိုးရ လိုက်လျောလာ



အရက်သောက်သူ တဦးဟာ သူ့ရဲ့ စိတ်ဆန္ဒ ပြည့်ဝရေးအတွက် သူ့ငွေနဲ့သူ အချိန်ကုန်ခံ ကျန်းမာရေး ထိခိုက်ခံပြီး သောက်ကြတာဖြစ်လို့ သူ့ရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ကျနော့်အနေနဲ့တော့ ဘာမှ ပိတ်ပင်ဟန့်တားဖို့ မရှိပါဘူး။

ဒါပေမယ့် နောက်ဆက်တွဲ ပြဿနာတွေဟာ သူနဲ့တင် ပြီးသွားတာ မဟုတ်ပါဘူး။ မီးခိုးကြွက်လျှောက်လိုက်သလို တနိုင်ငံလုံးထိ ပြန့်ပွားသွားနိုင်တဲ့ အခြေအနေမျိုး ရှိတတ်ပါတယ်။ ဂျပန်၊ အမေရိကန်၊ သြစတြေလျလို ချမ်းသာတဲ့ နိုင်ငံတွေဆို အကြောင်းမဟုတ်ပေမယ့် ဆင်းရဲတွင်းက ရုန်းကန်ထွက်ဖို့ ကြိုးပမ်းနေရတဲ့ မြန်မာနိုင်ငံအတွက်တော့ နိုင်ငံရေးအရ ပြောသင့်လာပြီလို့ ထင်ပါတယ်။

အရက်သောက်တယ်၊ အရက်ချက်တယ်၊ ရောင်းတယ်၊ နိုင်ငံခြားက တင်သွင်းပြီး ရောင်းဝယ်ဖောက်ကားတယ်၊ အဲဒီအပေါ်မှာ အခွန်ကောက်တယ် ဆိုတာတွေဟာ နိုင်ငံတခုလုံးရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ဘဏ္ဍာရေး၊ လုံခြုံရေး၊ တရားဥပဒေရေး စတဲ့ ကဏ္ဍ တော်တော်များများနဲ့ ဆက်စပ်နေပါတယ်။ အဲဒီကဏ္ဍတွေကနေ ထပ်ပြီး ဆင့်ပွား ဆက်စပ်နေတဲ့ အားကစား၊ လုပ်ငန်းခွင် စွမ်းအင်၊ စာရိတ္တ စတာတွေအပြင် ဆက်စပ် စီးပွားရေး လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းတွေလည်း အများကြီး ရှိနေပါတယ်။

အရက်နဲ့ ပတ်သက်တဲ့ စီးပွားရေးဟာ များသောအားဖြင့် တွက်ခြေကိုက် အမြတ်ထွက်တတ်ပါတယ်။ စီးပွားရေး မျက်စိနဲ့ကြည့်ရင် မြတ်ဖို့ သေချာတဲ့ လုပ်ငန်းပါပဲ။ ဒါပေမယ့် အရက်သောက်သူတွေနဲ့ အရက် စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အရေအတွက်ဟာ အလွန်အကျွံ ဖြစ်လာရင် တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသားကို ရှုမြင်ထားဖို့ အင်မတန် အရေးကြီးပါလိမ့်မယ်။ နေရာတကာမှာ စီးပွားရေးမျက်စိနဲ့ ကြည့်လို့ မရနိုင်ပါဘူး။ သူတပါး မျက်ရည်ကျမှ ကိုယ်ထမင်းဝမယ့် စီးပွားရေးမျိုးတွေ သိပ်ကို ထွန်းကားလွန်းနေရင် တိုင်းပြည်ပျက်မှာ အမှန်ပါပဲ။ အခုလည်း ဒါတွေကြောင့် ပြည်သူလူထုမှာ နစ်နာဆုံးရှုံးမှုတွေနဲ့ ဘဝပျက်နေကြရတာ အထင်အရှား ရှိပါတယ်။

အရက် သွင်းကုန်ခွန်ကို ၂ဝဝ % ကနေ ၅ဝ % ထိ အရက်မျိုးစုံကို တပြေးညီတည်းဖြစ်အောင် လျှော့ချလိုက်တာကြောင့် အရက်ရောင်းဈေးတွေ ဒလဟော ထိုးကျသွားမှာ ဖြစ်ပါတယ်။ နိုင်ငံခြား အရက်နဲ့ ဘီယာတွေလည်း ဒလဟော လှိမ့်ဝင်လာပါတော့မယ်။ နိုင်ငံတိုင်းမှာ ယစ်မျိုးခွန် သိပ်မြင့်မားနေချိန်မှာ သိသိသာသာ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရှိရှိသမျှ နိုင်ငံခြား အရက်ကုမ္ပဏီတွေအတွက် တွက်ခြေအကိုက်ဆုံး ဈေးကွက်ကြီး ဖြစ်လာတော့မှာ မလွဲဧကန်ပါပဲ။

မြန်မာနိုင်ငံမှာ အရက်နဲ့ ဘီယာ ဈေးကွက်အကြီးကြီး အောင်မြင်ထွန်းကားနေလို့ အစိုးရအဖို့ အခွန် ထိုင်ကောက်နေရုံနဲ့ တော်တော့ကို ဝင်ငွေကောင်းနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သိပ်ပြီး ဈေးချို ပေါများ အပြိုင်အဆိုင် လျှော့ဈေးပေးပြီး ရောင်းနေတဲ့ အရက်နဲ့ ဘီယာတွေကို ဘယ်သူတွေ သောက်ကြမှာလဲ။ ကမ္ဘာလှည့် ခရီးသည်တွေလား၊ မြန်မာပြည်သူတွေလား၊ ကျောင်းသူကျောင်းသားလေးတွေ၊ အသက် ၁၈ နှစ် မပြည့်သေးသူတွေရော အလွယ်တကူ ဝယ်ယူ သောက်နေဖို့ ဖြစ်မလာနိုင်ဘူးလား။

ဒီဈေးကွက်ကြီးရဲ့ အဓိက ပစ်မှတ်ဟာ မြန်မာပြည်သူတွေကလွဲလို့ အခြား မရှိနိုင်တာကို တွေးကြည့်လို့ ရပါတယ်။ ဒီတော့ ပြည်သူလူထုကို ထပ်ပြီးတော့ နစ်မွန်းသွားစေနိုင်တယ်လို့ ပြောလို့ရပါတယ်။ တိုင်းပြည်တိုးတက်မှုကို ထိခိုက်စေမှာပဲ ဆိုရင်လည်း မမှားနိုင်ပါဘူး။ ပြည်သူတွေကို ဆင်းရဲတွင်းက ရုန်းမထွက်နိုင်အောင် အကွက်ကျကျ စီမံပြီး (Systematically) ဆက်လက် ဖိနှိပ်သလို ဖြစ်နေပါတယ်။

  ဘာဖြစ်လို့ ရခိုင်ပြည်နယ်ဘက်မှာ လူကြီး လူငယ် အရက်သောက်သူ ပိုများနေရပါသလဲ၊ မြန်မာတပြည်လုံးက လူငယ် ယောက်ျားလေးတွေ သာမက မိန်းခလေးတွေကပါ အရက်သောက်၊ ဘီယာသောက်မှ ခေတ်မီတယ် ဆိုတဲ့ အတွေးတွေ ဘာကြောင့် ဝင်လာနေကြတာလဲ။ ဒါတွေဟာ အားလုံးကို ခြုံပြောရင် ဟိုတုန်းက တရုတ်ပြည်ကို ဘိန်းကျွေးပြီး ကျူးကျော်နယ်ချဲ့တာကို ပြန်သတိပြုမိစေပါတယ်။ မြန်မာနိုင်ငံကို လူမျိုးရေးအရ ဖျက်ဆီးဖို့ အကောက်ကြံသူတွေ ရှိနေပြီလားလို့ မေးရတော့မလို ဖြစ်နေပါပြီ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီကအစ လူတဦးချင်းရဲ့ ဘဝနေထိုင် လုံခြုံမှုအထိ အာဆီယံနဲ့ တန်းတူ လိုက်နိုင်ဖို့ တဘက်က ကြိုးပမ်းနေချိန်မှာ အခြားတဘက်က ဖျက်လိုဖျက်ဆီးတွေ ရှိနေတတ်တာကို အကြိမ်ကြိမ် သတိပြုမိနေပါတယ်။ သံသယအဆင့်ကိုတောင် ကျော်လွန်ပြီး ဖြစ်နေရပါပြီ။

ဒီအကြောင်းတွေကို ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး လူထုကို အသိပညာ ဖြန့်ဖြူးပေးကြရပါမယ်။ သမ္မတဦးသိန်းစိန် ပြောသလို အစိုးရကို ဖြစ်နိုင်သမျှ လူထုနည်းနဲ့ ထိန်းကျောင်းတည့်မတ်ပေးကြရပါမယ်။

လွင်အောင်စိုး
ဧပြီ ၇ ရက် ၂ဝ၁၂ ခုနှစ်

ဆက်စပ်သတင်း - (DVB) အရက်ကို သွင်းကုန်ခွန် ၂ဝဝ % ကနေ ၅ဝ % ထိ လျှော့ကောက်

အာဆီယံလူ့အခွင့်အရေးကြေညာစာတမ်း ပွင့်လင်းဖို့ တောင်းဆို

အာဆီယံဒေသတွင်း နိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကြေညာစာတမ်း ရေးဆွဲမှုဖြစ်စဉ်ကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေညာပေးဖို့ အရှေ့တောင် အာရှနိုင်ငံတွေက လူထုအခြေပြု အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က AICHR ခေါ် အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်းမူကြမ်း ရေးဆွဲခဲ့တဲ့ ကာလတလျှောက်လုံး ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ခွင့်မရခဲ့သလို ရေးဆွဲပြီးနောက်ပိုင်းလည်း ကော်မရှင်က လျှို့ဝှက်ချက်တစ်ခုလို ထားရှိနေတဲ့အပေါ် စိုးရိမ်ပူပန်တဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်ကြောင်း မြန်မာ့မိတ်ဆွေများအဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်း ရေးဆွဲရေးဖြစ်စဉ်မှာ အများလက်ခံယုံကြည်နိုင်မှု၊ ပူးပေါင်းပါဝင်မှု၊ ပွင့်လင်းမြင်သာမှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ ဖြစ်ရေးတွေအတွက် လူထုအခြေပြု အသိုင်းအ၀ိုင်းတွေနဲ့ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းဖို့လည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် အာဆီယံ ဒေသတွင်းက ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် ဒီကြေညာစာတမ်းကို ရုံးသုံးအပြင် တိုင်းရင်းသား ဘာသာစကားနဲ့ပါ ထုတ်ပြန်ကြေညာပေးဖို့၊ အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ သက်ဆိုင်သူအားလုံးနဲ့ ပွင့်လင်းမြင်သာမှုရှိပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးညှိနှိုင်းပြီးမှသာ လာမဲ့ ဇူလိုင်လ ကျင်းပမဲ့ အာဆီယံဝန်ကြီးများ အစည်းအဝေးမှာ ဒီကြေညာချက် မူကြမ်းကိုတင်ပြဖို့ စတဲ့ အချက်တွေကိုလည်း တောင်းဆိုထားပါတယ်။
အာဆီယံဒေသတွင်း နိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေကို မြှင့်တင်နိုင်ရေးအတွက် AICHR အဖွဲ့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေနဲ့ ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

RFA

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ကယ်တင်ခဲ့ကြောင်း ဦးခင်ညွန့် ပြောဆို

မကြာခင်က နေအိမ် အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ယခင်နအဖ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်က လွတ်မြောက်အောင် မိမိကိုယ်တိုင် ကြားဝင် ကယ်တင်ခဲ့ရကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

AFP
ဝန်ကြီးချုပ်ဟောင်း ဥိးခင်ညွန့် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပြီး တွေ့ရပုံ။
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက တွေ့ဆုံမေးမြန်းရာမှာ အဲဒီလို ပြောဆိုလိုက်တာပါ။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်း လုပ်ကြံမှုကြီးမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြု လူအုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီညမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ မိမိရဲ့လူတွေကို စေလွှတ်ခဲ့ကြောင်း၊ မိမိလူတွေက သူ့ကို အနီးကဘေးကင်းရာ တပ်စခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့ကြောင်း ဦးခင်ညွန့်က ဘန်ကောက်ပို့စ်ကို ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ ထောက်လှမ်းရေးနဲ့ သံရုံးအရာရှိဟောင်း ဦးအောင်လင်းထွဋ် ကလည်း ဟုတ်မှန်ကြောင်း ထောက်ခံပါတယ်။
" ကျွန်တော် သိသလောက်ပေါ့လေ။ အဲဒီအချိန်တုန်းကတော့ ဒီပဲယင်းနဲ့ ပတ်သက်ပြီးတော့မှ ဗိုလ်ချုပ်ကြီးခင်ညွန့်က သိတဲ့အချိန်ခါမှာ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ခေါ်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားပြီးတော့ တားပါတယ်ခင်ဗျ။ ထောက်လှမ်းရေး ၁၆ ကတပ်မှူး ဗိုလ်မှူးမိုးသူက ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီး အဲဒီအစီအစဉ်ရှိတယ် ဆိုတဲ့ဟာကို သွားတားတာ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဒီပဲယင်းရယ်၊ ဒါမှမဟုတ် ဒီပဲယင်းကို မသွားဖြစ်ရင် စစ်ကိုင်းတံတားမှာ လုပ်ဖို့၊ အခုလက်ရှိ သံရုံးမှာ ရှိတဲ့သံမှူးက သူက အဲဒီအချိန်တုန်းက အင်းဝ တံတား၊ စစ်ကိုင်းတံတားမှာ သူတပ်ခွဲမှူးနဲ့ တာဝန်ကျပါတယ်။ ဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာ သိသိချင်း ဒေါ်အောင်ဆန်းစုကြည်ကို ဘာမှမဖြစ်အောင် ထောက်လှမ်းရေးတွေ အနေနဲ့ ဒီပဲယင်း ရဲစခန်းမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်သွားပါတယ်"
ဒီပဲယင်း တိုက်ခိုက်မှုမှာ သေဆုံးသူ အရေအတွက်ကို အစိုးရကအခုထိ မကြေညာခဲ့ပေမဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ အဆိုအရ သေဆုံးသူ လူ ၅၀ လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဦးခင်ညွန့်က မိမိအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ညီမငယ်သဖွယ် သဘောထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာပြတ်သားမှု အပေါ်မှာလည်း နှစ်သက်လေးစားမိကြောင်း၊ မိမိအနေနဲ့ အရွယ်စုံ၊ အမျိုးစုံ အရပ်ဘက် နိုင်ငံရေးသမားတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့တဲ့ မှတ်တမ်းတွေ ရှိပါကြောင်း၊ ဒါပေမဲ့ တချို့အခြေအနေတွေဟာ ရင့်ကျက်လာဖို့ အချိန်ယူရကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်နဲ့အတူ ပူးတွဲပြီး တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အောင်အောင်မြင်မြင် ထူထောင်နိုင်ပါစေလို့ ဆုတောင်းပါကြောင်း ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

RFA
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်