မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဘတ်ဂျက်ငွေမရှိသေး

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ လိုအပ်တဲ့ ဘတ်ဂျက်ငွေ မရှိတာကြောင့် လတ်တလောမှာ သမ္မတရုံးရဲ့ အထောက်အပံ့နဲ့ ဆက်လက်ရပ်တည်သွားမှာ ဖြစ်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောပါတယ်။
RFA
လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ ဖြစ်ပါသည်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က လူ့အခွင့်အရေးကော်မရှင်က လွှတ်တော်ကို တင်ပြတဲ့ ဘတ်ဂျက်တင်ပြချက်ကို လူ့အခွင့်အရေးကော်မရှင်ဟာ ပြည်ထောင်စုအစိုးရ ဗဟိုအဖွဲ့အစည်း မဟုတ်တာကြောင့် တင်ပြငွေကို ပြည်ထောင်စုလွှတ်တော်က ပယ်ချခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ သတင်းမီဒီယာ ၁၃ ဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ RFA က ဒီကိစ္စကို မေးမြန်းရာမှာ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အခုလိုပြောပါတယ်။
"ဧပြီလ ၁ ရက်ကစပြီး ပိုပြီးကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ဆောင်ရွက်သွားဖို့အတွက် ငွေပိုပြီးတော့ လိုလာပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ကို တင်ပြတောင်းဆိုခဲ့တဲ့အခါမှာ constitution ရဲ့ ပြဋ္ဌာန်းချက်ထဲမှာ မပါတဲ့အတွက်ကြောင့်မို့လို့ သူတို့ ခွင့်မပြုခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆက်လက်ပြီးတော့ သီးခြားအဖွဲ့အစည်းအနေနဲ့ ရှင်သန်နိုင်အောင် သမ္မတရုံးကနေပြီးတော့ သင့်လျော်တဲ့ ဘတ်ဂျက်အောက်ကနေပြီးတော့မှ ငွေပေးရမှာ ဖြစ်ပါတယ်ခင်ဗျ။ အဲဒီ ရန်ပုံငွေနဲ့ ကျွန်တော်တို့ ဆက်လက် ရပ်တည်သွားရမှာ ဖြစ်ပါတယ်"
လူ့အခွင့်အရေးကော်မရှင် အနေနဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက် ကျပ်သန်း ၅၀၀ တင်ပြခဲ့တာဖြစ်ပြီး အခုမရရှိသေးတာကြောင့် သမ္မတရုံးက အသေးသုံးစရိတ်များကို ထုတ်ပေးနေတာ ဖြစ်တယ်လို့ ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။
အခုလို ဘတ်ဂျက်များ မရရှိပေမဲ့ ကော်မရှင် ဆောင်ရွက်ရမဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး တစ်ဖက်ကလည်း ဘတ်ဂျက်ရရှိရေးအတွက် လူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်းအား စတင်ရေးဆွဲနေပြီး သမ္မတရဲ့ သဘောတူညီချက်ရပါက လွှတ်တော်မှ အတည်ပြုချက် ရယူသွားမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက RFA ကိုပြောသွားပါတယ်။
RFA

မြန်မာ့မြစ်ကြီး (၄) စင်းအနီး ကုန်ကြမ်းမရှာဖွေရအမိန့် ပတ်ဝန်းကျင်ထိန်းသူတွေကြို


Irrawaddy delta
ဓာတ်ပုံ CIA World Factbook
Irrawaddy delta
မြန်မာပြည်ရဲ့ အဓိက မြစ်ကြီး လေးစင်းရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြစ်ကြောင်းအတွင်းနဲ့ မြစ်ကမ်းစပ်ကနေ ပေ (၃၀၀) အကွာ အတွင်းမှာ ကျောက်မျက်ရတနာ၊ ဓါတ်သတ္ထုနဲ့ စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်းတွေကို စမ်းသပ် ရှာဖွေ ထုတ်လုပ်ခြင်းမလုပ်ဖို့ သတ္ထုတွင်းဝန်ကြီးက ဒီနေ့ အမိန့်ကြော်ငြာ စာထုတ်ပြန်လိုက်တဲ့အပေါ် သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက် နေသူတွေက သတိနဲ့ကြိုဆို လိုက်ပါ တယ်။
တဆက်တည်းမှာပဲ ဒီမြစ်ကြီးတွေ စဉ်ဆက်မပြတ်ဖွံဖြိုးဖို့ဆိုရင် တည်ဆောက်နေတဲ့ ရေကာတာတွေကို ပြန်လည်ဆန်းစစ်ဖို့နဲ့ တည်ဆောက်တာတွေ ရပ်တန့်ဖို့ လိုအပ်ကြောင်းလည်း ထောက်ပြကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။
ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနဲ့ စစ်တောင်းစတဲ့ မြန်မာပြည်က အဓိက မြစ်ကြီးတွေရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မျိုးဆက်သစ်တွေအကျိုးအတွက် သန့်ရှင်းတဲ့ပတ်ဝန်းကျင်ဖြစ်ပေါ်စေရေးနဲ့ ရေစီးရေလာ ကောင်းမွန်ရေးအတွက်ရည်ရွယ်ပြီး အခုလို တားမြစ်မိန့် ထုတ်ပြန်တာဖြစ်ကြောင်း ဒီနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။
သတ္ထုတွင်းဝန်ကြီးဋ္ဌာနရဲ့ တားမြစ်မိန့်ထုတ်ပြန်ချက်ကို FREDA ခေါ် သယံဇာတပတ်ဝန်းကျင် ဖွံဖြိုးတိုးတက် ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းက ဒုဥကဌ ဦးအုံးက ကြိုဆိုကြောင်း ပြောပါတယ်။
“သတ္ထုတွေမတူးဖို့ ဆုံးဖြတ်တယ်ဆိုရင်တော့ အရမ်းကောင်းတာပေါ့ဗျာ။ တူးလို့ရှိရင်လည်း ဘေးအန္တရာယ် မဖြစ်အောင် တူးလို့ရှိရင်တော့ ကျနော်တို့ မကန့်ကွက်ပါဘူး။ ဧရာဝတီမြစ်တို့ ချင်းတွင်းမြစ်တို့မှာ ရွှေတူးတဲ့ အခါမှာ စက်တွေနဲ့ တူးတယ်။ စက်တွေနဲ့တူးပြီးတော့ ပြဒါးတို့၊ ဆိုင်ယာနိုဒ်တို့ သုံးတော့ အကုန်လုံး အဆိပ် တွေသင့်ပြီးတော့ pollution တွေဖြစ်တယ်။ အခု ရွှေတူးတာက မြစ်တွေ ချောင်းတွေ အင်းတွေ အိုင်တွေ အကုန်လုံး အဆိပ်တွေ သင့်ပြီးတော့ pollution တွေဖြစ်လို့ ကန့်ကွက်နေရတာပါ။”
ဒီမြစ်ကြီးတွေရဲ့ ရေစီးရေလာကောင်းမွန်ရေးအတွက်ဆိုရင် မြစ်ကြောင်းတွေပေါ်မှာ တည်ဆောက်နေတဲ့ ရေကာတာတွေက မြစ်ရေစီးဆင်းတာကို  ထိခိုက်စေနိုင်ကြောင်း ဦးအုံးက ဆက်ပြောပါတယ်။ ဒါကြောင့် လက်ရှိ တည်ဆောက်နေတဲ့ ရေကာတာတွေကို သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိန်းသိမ်းရေး တွေကို သေချာဆန်းစစ်ဖို့ လိုအပ်ကြောင်း ဦးအုံးက ထောက်ပြပါတယ်။
“ရေကာတာတွေ ဆောက်လို့ရှိရင် သုံးမျိုးလုပ်ရမယ်။ EIA လို့ခေါ်တဲ့ Environment Impact Assessment ၊ SIA လို့ခေါ်တဲ့ Social Impact Assessment ၊ နောက်တခုက Environmental Management Plan ၊  Environment ပျက်တဲ့အတွက် ဘယ်လို ပြန်ပြီးကောင်းအောင် လုပ်မယ်ဆိုတဲ့ Plan ပါ လိုပါတယ်။ ဒီ၃ခု မလုပ်ဘဲနဲ့ ဘယ်ရေကာတာမှ ဆောက်ခွင့်ပြုဖို့ မကောင်းပါဘူး။ ခုက ဘာမှ မလုပ်ဘဲနဲ့ သူတို့ဖာသူတို့ စလုပ် နေတယ်။ ဒီဟာတွေလုပ်လို့ အဖြေထွက်မှ ပြည်သူလူထုကို ချပြ ၊ ပြည်သူလူထုက ကောင်းတယ်၊ မကောင်း တယ် ဝေဖန်သုံးသပ်ပြီး ဒီမိုကရေစီဆန်ဆန်လုပ်ပြီးမှ အစိုးရက ဆုံးဖြတ်ရမှာ။ အခုတော့ ဘယ်သူမှ မဆုံး ဖြတ်ခင် သူတို့ လုပ်ချင်ရာ လုပ်တယ်။”
ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့က လက်ထောက် တာဝန်ခံ မအားနန်ကတော့ သတ္ထုတွင်းဝန်ကြီးဋ္ဌာနရဲ့ တားမြစ်မိန့်ကို စောင့်ကြည့်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။
“အခုချိန်မှာ နေပြည်တော်က ပြောလိုက်တဲ့အလုပ်တွေက တိုင်းရင်းသားဒေသတွေမှာ တကယ်ထိရောက်မှု မရှိဘူးလို့ ကျမတို့ မြင်တယ်။ ဒီမြစ်ဆုံနေရာမှာ တကယ်တမ်း ဘယ်သူရွှေတူးနေလဲ။ သူတို့ အရင်ကတည်း ကလည်း မနှစ်ကတည်းကလည်း ကြေညာခဲ့တယ်။ မြစ်ချောင်းတွေမှာ ရွှေအကြီးးအကျယ် တူးခွင့်မပေး တော့ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ဒီဒေသမှာက ဆက်လက်ပြီးတော့ တူးဖော်နေတယ်။ တကယ့် အစိုးရဌာန တွေကနေပါဝင်ပြီးတော့ ဆက်လက် တူးဖော်နေတာကို တွေ့ရှိရတယ်။ အဲဒါကြောင့် တကယ်တမ်းမြစ်ဆုံမှာ တခြားမြစ်ချောင်းတွေပေါ်မှာ ရွှေတူးရပ်မရပ်ဆိုတာကို ကျမတို့ သေချာလေ့လာစမ်းသပ်ဖို့လိုတယ်ပေါ့နော်။”
မအားနန်ကတော့ မြစ်ကြီးးတွေ စဉ်ဆက်မပြတ်ဖွံဖြိုးဖို့ဆိုရင် မြစ်ကြီးးတွေပေါ်မှာ တည်ဆောက်တဲ့ ရေကာတာတွေ သာမက မြစ်လက်တက်ပေါ်က ရေကာတာတွေကိုပါ ရပ်တန့်ဖို့ လိုမယ်လို့ ပြောဆိုပါတယ်။
“မြန်မာနိုင်ငံမှာရှိတဲ့မြစ်ချောင်းတွေကို ပြန်ကြည့်မယ်ဆိုရင် ဒီရေကာတာတွေကို ရပ်တန့်ဖို့ တောင်းဆိုတယ် ပေါ့နော်။ ဥပမာ ဧရာဝတီမြစ်မှာဆိုရင် ရေကာတာဆောက်ခြင်းအားဖြင့် မြစ်အောက်ပိုင်းမှာ ဆိုးကျိုး အများကြီး ရှိနိုင်တယ်ဆိုပြီးတော့မှ ပညာရှင်တွေအပြင် ကျမတို့ အမြဲတမ်းတောင်းဆိုတာရှိတယ်။ ဒါပေမဲ့ အစိုးရ ပြောတာကတော့ သူ့ဆီမှာစီးဝင်နေတဲ့ မြစ်လက်တက်တွေအများကြီးပဲလို့ ပြောတယ်။ တကယ်တန်း ဧရာဝတီရဲ့ အဓိက မြစ်လက်တက်တွေကိုပြန်ကြည့်မယ် ရွှေလီတို့၊ မြစ်ငယ်မြစ်တို့ ပြန်ကြည့်မယ်ဆိုရင် ဒီမှာ ရေကာတာဆောက်ပြီးတဲ့ဟာနဲ့ ရေကာတာစီမံကိန်းတွေနဲ့ ပြည့်နေတဲ့ဟာတွေ ရှိတယ်။ ဒီလိုမျိုးစီမံကိန်းတွေ ရှိနေသရွေ့ကတော့ ကျမတို့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဒီမြစ်ချောင်းအင်းအိုင်တွေကို လာမယ့် အနာဂတ်မျိုးဆက်တွေအတွက် ထိန်းသိမ်းဖို့ဆိုတာ အရမ်းကို ခက်ခဲတဲ့အခြေအနေရောက်သွားမှာပဲ သေချာ တယ်။”
မြန်မာပြည်ရဲ့ အဓိကမြစ်ကြီးတွေရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ ရေစီးရေလာ ကောင်းမွန်ရေး အတွက် ဝေဖန်ထောက်ပြကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ မြစ်ကြောင်းကို ထိခိုက်စေနိုင်တယ်ဆိုပြီး မြန်မာပြည်တွင်းက ပညာရှင်တွေနဲ့ ပြည်သူအများက ဧရာဝတီမြစ်ဆုံ ဆည်တည် ဆောက်တာကို ကန့်ကွက်ခဲ့တာကြောင့် နိုင်ငံတော်သမ္မတက ဒီစီမံကိန်းကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။
လောလောဆည်မှာတော့ မေခနဲ့ မလိခမြစ်ပေါ်မှာ လိုင်ဇာ၊ ခေါင်လန်ဖူး၊ ဖီဇော၊ လာကင်၊ ပါရှီနဲ့ ချီဗွေ စတဲ့ စီမံကိန်း (၇) ခု၊ သံလွင်မြစ်ပေါ်မှာ တာဆန်း၊ ၀ဲကြီး၊ ဟတ်ကြီး၊ ဒါးဂွင်၊ ရွာသစ်ရေကာတာစီမံကိန်းနဲ့ ချင်းတွင်းမြစ်မှာ တမံသီ ရေကာတာစီမံကိန်းတွေကို အချို့ တည်ဆောက်နေပြီး အချို့ကို တည်ဆောက်ဖို့ ပြင်ဆင်ထားပါတယ်။
သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေကတော့ ဒီရေကာတာတွေကြောင့် ကျေးရွာနဲ့ လယ်ယာမြေ တွေ၊ သဘာဝပတ်ဝန်းကျင်တွေ နစ်မြုပ် ဆုံးရှုံးမှာဖြစ်သလို မြစ်အောက်ပိုင်းဒေသတွေမှာလည်း ရေခမ်းတာနဲ့ ပင်လယ်ရေ၀င်ရောက်လာမယ့် ဆိုးကျိုးသက်ရောက်တာတွေ ရှိနိုင်ကြောင်း သုံးသပ်ကြပါတယ်။
ဒီရေကာတာ စီမံကိန်းက ထွက်ရှိမယ့် လျှပ်စစ်ဓါတ်အားကိုလည်း အိမ်နီးချင်းတိုင်းပြည်တွေကို အဓိက တင်ပို့ ရောင်းချမှာဖြစ်တာကြောင့် ဒေသခံတွေ အကျိုးအမြတ်မရနိုင်ကြောင်းလည်း ဝေဖန်ကြပါတယ်။
VOA

‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ အိန္ဒိယသံချပ် (သီချင်း-အသံဖိုင်)










‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ အိန္ဒိယသံချပ် ထွက်ရှိ

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ၁၄ ခွေမြောက်ဖြစ်သည့် ‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ သံချပ်ခွေအား ကြာသပတေးနေ့ နံနက် ၁၁ နာရီက နယူးဒေလီမြို့တွင် စတင်ဖြန့်ချိလိုက်သည်။

၆၄ မိနစ်ကြာ စီဒီခွေကို ၂ဝ၁၂ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလအတွင်း ပြည်သူအများ နားဆင်နိုင်ရန်အတွက်
ဖြန့်ချိလိုက်ခြင်းဖြစ်သည်ဟု သံချပ်တာဝန်ခံ ကျောက်မဲကျော်ကြီး က ပြောသည်။

ယခုနှစ် သံချပ်များအတွက် ‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ဟု ခေါင်းစဉ် ရွေးချယ်ပေးရခြင်းမှာ လက်ရှိမြန်မာပြည် နိုင်ငံရေး စနစ်အား ဝေဖန်ထောက်ပြ သရော်လိုက်သည့် သဘောဖြစ်ကြောင်း ဟင်းအိုးတခု ဥပမာပြု၍ သံချပ်တာဝန်ခံက မဇ္ဈိမကို ရှင်းပြသည်။
thanchat
“သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီလမ်းကြောင်းပေါ် ပြောင်းလဲနေပါပြီဆိုပေမယ့် ၂ဝဝ၈ အခြေခံဥပဒေ အတိုင်းပဲ
ဖြစ်နေတဲ့အတွက် စစ်အာဏာရှင်စနစ် ရှိနေဆဲဆိုတာ ထောက်ပြချင်တာပါ။ ဒါကြီးက နှစ် ၅ဝ ကြာပြီ။ ဥပမာ ဟင်းအိုး တအိုးဟာ ဂျိုးတူးနေပြီးသားကြီးဆိုရင် အဲဒီဂျိုးအတူးကြီးကို မခွါဘဲနဲ့ နောက်ထပ် ဟင်းအသစ်တွေ ဘယ်လိုပဲချက် ချက် ဒီ တူးစော်နံကြီးကတော့ ပျောက်သွားမှာမဟုတ်ဘဲ ဟင်းသစ်ကို ဖျက်နေမှာပါပဲ။ ဒီဂျိုးတွေကို ခြစ်ထုတ်ခွါချပြီး အိုးအသစ်ကြီးမှာ ဟင်းအသစ်တွေ ချက်နိုင်မှသာ ရနံ့လည်းမွှေး၊ အရသာလည်းရှိတဲ့ဟင်းတွေ ရနိုင်မှာပါ” ဟု
ကျောက်မဲကျော်ကြီး က ပြောသည်။

အိန္ဒိယရှိ သံချပ်ဝါသနာရှိသူများက ၁၉၉၆ ခုနှစ်ကတည်းက သံချပ်များ ရေးထိုး တိုင်တည်လာကြသည်မှာ ၁၅ နှစ် အတွင်း ၁၄ ခွေ ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်သည်။

‘ခြောက်စား ဟောက်စား ခေါက်ထားစမ်းပါ’ မှ စ၍ ‘ထားပချေမိ ငါ့ဝန်ရှိလိမ့်’၊ ‘မိုးကိုဒူးနဲ့ တက်တိုက်စို့’၊ ‘သစ္စာ
ကျောက်တုံး မြှောက်လိုက်ပြီ’၊ ‘အိပ်ငိုက်ခြင်းမှ ချက်ခြင်းထလော့’၊  ‘ရပ်ကြည့်လို့ အမြတ်မရှိ’၊ ‘ဗမာပြည်ကို တံတိုင်းခတ်လိုက်’၊ ‘ဘယ်ပုရပိုဒ် မင်းကြိုက်သလဲ”၊ ‘ထုလေမာလေ ဒို့လူတွေ’၊ ‘အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့’နှင့် ‘ဘုန်းဘုန်းချမှ လုံးလုံးရမယ်’ အခွေများအထိ သံချပ်များကို ကဗျာဆရာ မြတ်ထက် က တဦးတည်း ပင်တိုင်ရေးသား လာခဲ့ရာမှ ဆရာမြတ်ထက် ကျန်းမာရေးချို့ယွင်းလာ၍ ‘သူသေကိုယ်ရှင် တိုက်ပွဲဝင်’၊ ‘ငုံ့မခံရဖို့ တုန့်ပြန်ကြစို့’ နှင့် ‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ တို့ကို အခြားသူများက ဝိုင်းဝန်းဟူ၍ ရေးသားခဲ့ကြရသည်။

“ဒီနှစ်အတွက် အသစ်ရေးထားကြတာကတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကိစ္စရယ်၊ အထူးသဖြင့်တော့ ဘယ်နှစ်ကမှ မပါဖူးတဲ့ ‘ပြည်တော်ပြန်’တွေရဲ့အကြောင်းလည်း ထည့်ရေးထားပါတယ်” ဟု ကဏ္ဍသစ်များကို
ကျောက်မဲကျော်ကြီးက ပြောပြသည်။

နှစ်စဉ်နှစ်တိုင်း ပင်တိုင်ကဏ္ဍတခုဖြစ်သည့် လူထုဘဝ အခြေအနေကဏ္ဍတွင် ပါဝင်ရေးသားခဲ့သူလည်းဖြစ်၊ ဒိုးပတ်ဝိုင်း
ခေါင်းဆောင်လည်းဖြစ်သည့် မုတ်သုန် (ယောရပ်ရွာ)ကလည်း “ပြည်သူလူထု တကယ်ကြုံတွေ့နေရတဲ့ အခက်အခဲ
တွေကို အခြေခံပြီးတော့မှ ရေးရတာပါ။ ရေးတာတွေကတော့ အများကြီးပဲဗျ။ အသံ သွင်းဖြစ်တာကတော့ ပညာရေး၊ ကျန်းမာရေး၊ ရေမီး မလာတာ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ အကုန်ထည့်ရေးထားတာပဲ။ ရေးထားတာ
ခြောက်မျက်နှာလောက် ရှိတာကိုး။ ရှည်လွန်းတယ်ဆိုပြီး ဖြတ်ပစ်လိုက်တာ” ဟု မဇ္ဈိမကို ပြောသည်။

“ဆင်းရဲခြင်းပဲ ချမ်းသာတယ် --- တို့များ ဘဝမယ်၊ အလှူခံပုဂ္ဂိုလ် ရှောင်ရတယ် --- ကန်တော့ပါသေးရဲ့ကွယ်၊ ညအိပ် ဧည့်သည် ရှောင်ရတယ် --- So Sorry ပါဟယ် မနက်ညစာ ပေါင်းစားတယ် --- ဝေရာမဏိပါကွယ်၊ အလုပ်အကိုင်
တွေ ရှားပါးတယ် ---  ဒီခေတ်စုတ်ကြီးမယ်” ဟူ၍ လူထုဘဝအခြေအနေအား သံချပ်တွင် တစိတ်တပိုင်း တင်ပြထား သည်။

လက်ရှိ နိုင်ငံရေး အဖြစ်အပျက်များအား စောင့်ကြည့်ရေးသားနေရသဖြင့် ၂ဝ၁၂ သံချပ်များ ထုတ်ဝေနိုင်ရေးအတွက်
နှောင့်နှေးကြန့်ကြာခဲ့ရကြောင်းလည်း ကျောက်မဲကျော်ကြီးက ပြောသည်။

“ဝိုင်းပြီး ရေးပေးကြပါတယ်။ ဒီနှစ်က နိုင်ငံရေး အပြောင်းအလဲတွေ ရှိနေတဲ့အတွက် အကြောင်းအရာတွေ အပေါ် လိုက်ပြီး သံချပ်ရေးသားရတာ နောက်ကျပါတယ်။ အဲဒါတော့ ကသီလင်တ ဖြစ်ပါတယ်” ဟု ပြောသည်။

အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း တာဝန်မပျက်စေဖို့ ကြိုးစားတီးခတ်ပေးခဲ့ကြောင်း ဒိုးဆရာ က ပြောသည်။

“ကျနော်က ၂ဝဝ၉ လောက်က စပါခဲ့။ ပျော်ပါတယ်။ စိတ် တက်တက်ကြွကြွရှိပါတယ်။ ဒိုးတိုက်ရတာ ရက်နည်းတော့ ကမောက်ကမလေးတွေတော့ ကြုံရတာပေါ့။ ဒါပေမယ့် ကိုယ် တတ်နိုင်သလောက် ရေးပေး၊ ဆိုပေး၊ တီးပေးရတာ
ပျော်စရာလည်း ကောင်းပါတယ်။ နှစ်စဉ် အိန္ဒိယဘက်က ထွက်နေကျဆိုတော့ ပြည်သူတွေက ဒီနှစ်လည်း မျှော်နေမှာ မို့ တီးပေးရတာ ပျော်တယ်” ဟု မုတ်သုန် (ယောရပ်ရွာ)က မဇ္ဈိမကို ပြောသည်။

ယခုနှစ်သံချပ်များအား အသံသွင်း စီဒီခွေအပြင် ရုပ်သံ ဗီစီဒီခွေအဖြစ်လည်း ထုတ်ဝေဖြန့်ချိသွားမည်ဟု သိရသည်

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အစီအစဉ် - လွှတ်တော် ကိုယ်စားလှယ်လောင်း မိတ်ဆက် (ရုပ်/သံ)


၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အစီအစဉ် - လွှတ်တော် ကိုယ်စားလှယ်လောင်း မိတ်ဆက် - ဒေါက်တာ အောင်မိုးညို

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အစီအစဉ် - လွှတ်တော် ကိုယ်စားလှယ်လောင်း မိတ်ဆက် - ဦးကြည်သန်း

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အစီအစဉ် - လွှတ်တော် ကိုယ်စားလှယ်လောင်း မိတ်ဆက် - ဦးဝင်းမြင့်
ဒီဗွီဘီ မှ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။

ရွေးကောက်ပွဲနီးသည့်တိုင် မဲစာရင်း မတည်ငြိမ်သေး

မတ်လ ၂၉ ရက်၊ ၂၀၁၂ ခုနှစ် () မျိုးမင်းထွန်း၊ ပိုင်စိုး

ဧရာဝတီတိုင်း မြောင်းမြမြို့ မဲပေးခွင့်ရှိသူများစာရင်းတွင် အမှားအယွင်းများစွာရှိနေပြီး ယခုအချိန်ထိ အနည်းငယ်သာ ပြင်ဆင်ခွင့် တင်ပြနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေး အဖွဲ့တာဝန်ခံ ဦးမြင့်လွင်ကပြောသည်။

မြောင်းမြမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၁၄ ခုရှိပြီး ကော်မရှင်မှ  ကြေငြာခဲ့သည့် စာရင်းအရ မဲပေးခွင့်ရှိသူ ၁၈၂၃၄၆ ရှိသည့် အနက် မှားယွင်းမှုမှာ လူဦးရေ တစ်သောင်းမှ ငါးသောင်းခန့်အထိ ရှိမည်ဟု ခန့်မှန်းသည့် အနက် ထောင်ဂဏန်းမျှသာ ပြင်ဆင်ဖို့ တင်ပြနိုင်ကြောင်း ၎င်းကပြောသည်။

မြောင်းမြမြို့မှ အန်အယ်လ်ဒီပါတီ ထောက်ခံသူများ

မဲစာရင်းအသီးသီးတွင် ပါဝင်ခွင့်မရှိသူများပါဝင်နေခြင်း၊ ပါဝင်ခွင့်ရှိသူများကျန်ခဲ့ခြင်း၊  စာရင်းထပ်ခြင်း စသည်တို့ဖြင့် မှားယွင်းလျှက်ရှိကာ မဲစာရင်းများကို လွယ်လွယ်ကူကူ ကူးယူမရခြင်းကြောင့် ပြင်ဆင်ရန် များစွာ ခက်ခဲကြောင်းကို  ဦးမြင့်လွင်က ရှင်းပြသည်။

တိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်က ယင်းကဲ့သို့အမှားများရခြင်းမှာ ကွန်ပျူတာစာစီအမှားနှင့် လ၀က မှ တင်ပြရာတွင် မှားယွင်းခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ရှင်းပြသည်ဟု ဦးမြင့်လွင်ကပြောသည် '' ဘယ်သူပဲလုပ်လုပ် မှားမှာပဲလို့ပြောတယ်။ ဒါဟာ တာဝန်မဲ့တဲ့ စကားပါ'' ဟု ၎င်းကပြောသည်။

အချို့ကျေးရွာများတွင် မတ် ၃ ရက်ခန့်တွင်မှ မဲစာရင်း ကြေငြာခဲ့ခြင်းနှင့် လက်ရေးဖြင့် ကူးယူခွင့် မပြုခဲ့ခြင်းကြောင့်လည်း နှောင့်နှေးခဲ့သည်ဟု ၎င်းက ပြောသည်။

စာရင်းများကို မတ် ၂၂ ခန့်တွင် ကူးယူခွင့်ရရှိခဲ့သော်လည်း CD မပေးဘဲ ရုံးတွင် မိတ္တူကူးစက်ဖြင့် လာရောက် ကူးယူစေခဲ့သဖြင့် ယခုအချိန်ထိ ကူး၍မပြီးသေးကြောင်း ဦးမြင့်လွင်ကပြောသည်။
''စက်ပျက်၊ မီးပျက်နဲ့ အလုပ်ကမတွင်ဘူး။ ပြီးတော့ တစ်မျက်နှာမှာ ၁၀ ယောက်ပဲပါတော့ ဒီနေ့အထိကူးလို့မပြီးသေးဘူး''ဟု  မတ် ၂၇ ၎င်းက  YPI သို့ပြောသည်။


မတ် ၂၆ ရက်က ခရိုင်ကော်မရှင်ရုံးတွင် ပြုလုပ်သော အစည်းအဝေးတွင် NLD ကိုယ်စားလှယ်လောင်း ဦးမန်းဂျော်နီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဧရာဝတီတိုင်း တာဝန်ခံ ဒေါက်တာဒေါ်မြင့်ကြည်အား ထိုကိစ္စများကို တင်ပြရာ ဒေါက်တာဒေါ်မြင့်ကြည်က မဲစာရင်းတွင် မပါဝင်ခဲ့သူများ အိမ်ထောင်စု စာရင်း ယူဆောင်လာပြီး မဲပေးနိုင်သည်ဟုရှင်းပြခဲ့ကြောင်း ဦးမြင့်လွင်က ပြောသည်။      ။
 by Yangon Press International

ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်းတွေ ဘယ်သူတွေ ၀င်ကျစ်ပေးတာလဲ - လူထု စိန်ဝင်း

အခုတစ်လော ရောက်လာသမျှ ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာသမား အားလုံးက တစ်ခုတည်းသော မေးခွန်းကိုပဲ မေးကြတယ်။ သတင်းမီဒီယာလောကသား အားလုံး စိတ်ဝင်တစား ပြောဆိုဆွေးနွေးနေကြတဲ့ “မီဒီယာ ဥပဒေ” ဆိုတာကို ဘယ်လိုမြင်သလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။
မီဒီယာဖွံ့ဖြိုးရေး ညီလာခံ
ဒီလ ၁၈ ရက် ၁၉ ရက်က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) တို့ ပူးပေါင်းပြီး “မြန်မာနိုင်ငံ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ” ဆိုတဲ့ ညီလာခံတစ်ခု ကျင်းပခဲ့တယ်။ အဲဒီမှာ ပြည်ပအဖွဲ့အစည်းတချို့က ကိုယ်စားလှယ်တွေ တက်ရောက်ပြီး စာတမ်းဖတ် ကြားသလို ပြည်တွင်းမီဒီယာ သမားတချို့လည်း စာတမ်းများဖတ်ကြတယ်။ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က “New Media Laws and regulations in Myanmar” ဆိုတဲ့ခေါင်းစဉ်နဲ့ စာတမ်းဖတ်ကြားသွားကြောင်း သိရတယ်။ လူတွေပြောနေကြတဲ့ မီဒီယာ ဥပဒေဆိုတာက  ဒါပဲဖြစ်ပါလိမ့်မယ်။ ဘာတွေပါတယ်ဆိုတာ မသိပါဘူး။ ယေဘုယျ သဘောတော့ပြောနိုင်ပါတယ်။
တည်ငြိမ်အေးချမ်းဖို့
ဥပဒေဆိုတာ ဘယ်နိုင်မှာဖြစ်ဖြစ် ဘာစနစ်နဲ့အုပ်ချုပ် အုပ်ချုပ်၊ လူတွေကို ထိန်းချုပ်ဖို့ လုပ်ကြတာချည်း ဖြစ်တယ်။ မရှိမကောင်း၊ ရှိမကောင်းဆိုတဲ့ အရာဖြစ်တယ်။ လူ့အဖွဲ့အစည်းတည်တည်ငြိမ်ငြိမ်နဲ့ အေးချမ်းသာယာဖို့အတွက် လူတိုင်းလူတိုင်းမှာ သဘာဝအရ ရှိနေကြတဲ့ အရိုင်းစိတ်တွေနဲ့ ပရမ်းပတာ စိတ်တွေကို အနားကွပ်ပြီး ထိန်းသိမ်းပေးဖို့လိုတယ်။ ဥပဒေက ဒီတာဝန်ကို ယူရတယ်။ လူ့အဖွဲ့အစည်းဆို တာက လူမျိုးပေါင်းစုံ ပါဝင်နေတာဖြစ်လို့ဆိုပြီး လူတိုင်းနဲ့ကိုက်ညီအောင် ဥပဒေကို လိုက်ညှိရေးလို့ မရဘူး။ ဥပဒေဆိုတာ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်အချိန်အခါဖြစ်ဖြစ်၊ ဘယ်သူ့အတွက်ဖြစ်ဖြစ် တစ်မျိုးတည်း၊ တစ်သမတ်တည်း ဖြစ်ရတယ်။ သူ့ကျတော့တစ်မျိုး၊ ငါ့ကျတော့ တစ်မျိုး၊ လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး လုပ်လို့မရဘူး။ ဥပဒေရှေ့မှောက်မှာ နိုင်ငံသားအားလုံး တစ်ပြေးညီ ဖြစ်ရတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး။
ကာကွယ်စောင့်ရှောက်မှုပေးရမယ်
ဥပဒေက လက်လှမ်းမမီတဲ့ လူတန်းစားတစ်ရပ် သီးခြားတည်ရှိနေတာမျိုးလည်း လုံးဝမရှိစေရဘူး။ ရှိနေရင်လည်း အဲဒါ အာဏာရှင်နိုင်ငံပဲ ဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီမိုကရေစီနိုင်ငံ ဆိုတာ တိုင်းသူပြည်သားအားလုံး တန်းတူညီမျှရှိရတယ်။ စံစရာရှိ အတူစံပြီး ခံစရာရှိလည်း အတူခံရတယ်။ တောင်ယာလုပ်တဲ့ လယ်သမားတွေဆီက ဘိမ်း(ကွမ်းပုံ) ကလေးတစ်ငုံစာမိတာကို ထောင်ခုနှစ်နှစ် ပြစ်ဒဏ်ချ ပြီး သိန်း ၇၀၀၀ ဖိုး ဘိန်းတွေ၊ ဆေးပြားတွေနဲ့မိတဲ့ လော်ပန်ကြီးကတော့ အုတ်နံရံအမြင့်ကြီးနဲ့ ဘုံခုနှစ်ဆင့် နန်းတော်ကြီးထဲမှာ ဇိမ်ကျနေမြဲ ကျနေတာမျိုး လုံးဝမရှိရဘူး။ အဲဒီလို မညီမျှမှုတွေ ရှိနေသေးသရွေ့ ဒီမိုကရေစီ နိုင်ငံလို့ မခေါ်နိုင်ဘူး။ ဒီမိုကရေစီ စနစ်မှာ အခွင့်ထူးခံ လူတန်းစားလုံးဝမရှိရဘူး။ ဥပဒေဟာ နိုင်ငံသားအားလုံးကို ထိန်းချုပ်သလို နိုင်ငံသားအားလုံး စိတ်ချလက်ချ လုပ်ကိုင်စားသောက်နိုင်အောင် ကာကွယ် စောင့်ရှောက်မှုလည်း ပေးရမယ်။
အပ်နဲ့ထွင်းရမှာ ပုဆိန်နဲ့ပေါက်
ထိန်းချုပ်မှုနဲ့ ကာကွယ်စောင့်ရှောက်မှုမှာ ကာကွယ်စောင့်ရှောက်မှုဘက်က အလေးသာမှ အဲဒီနိုင်ငံဟာ နေပျော်တဲ့ နိုင်ငံတစ်ခု ဖြစ်မှာပါ။ ထိန်းချုပ်မှု လွန်ကဲရင် စိတ်ညစ်စရာ ကောင်းပါတယ်။ အာဏာရှင် စနစ်ကို လူတွေစက်ဆုပ်မုန်းတီးတာက အဲဒီအချက်အဓိကပဲ။ အာဏာရှင်စနစ်တိုင်းမှာက ဘယ်ကိစ္စမဆို သူတို့ဘ၀လုံ ခြုံရေး၊ သူတို့အာဏာတည်မြဲရေးကိုပဲ အမြဲဂရုစိုက်တွေးလေ့၊ ကြည့်လေ့ရှိတယ်။ မလိုအပ်ဘဲနဲ့ တင်းကြပ်လွန်း တဲ့ဥပဒေတွေ ချမှတ်ပြဋ္ဌာန်းရုံမက သဘာဝမကျစွာ ပြင်းပြင်းထန်ထန် အရေးယူတာမျိုးလည်း လုပ်လေ့ရှိတယ်။ အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပုဆိန်နဲ့ ပေါက်တတ်သေးတယ်။
သဟဇာတ ဖြစ်မှု
ပုဆိန်နဲ့ ပေါက်တဲ့ အစိုးရဆိုတော့လည်း လူတွေက ရွံကြောက်ကြီး ဖြစ်နေတာပေါ့။ ဒါဆိုရင် ဘယ်ကောင်းတော့ မှာလဲ။ အစိုးရဆိုတာ တိုင်းသူပြည်သားများရဲ့ လစာရိက္ခာကိုစားတဲ့ ပြည်သူ့ဝန်ထမ်းလို့ခေါ်တဲ့ အဆိုနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေမှာ မဟုတ်လား။ အစိုးရနဲ့ ပြည်သူဆိုတာ တစ်သားတည်းကျနေရမှာမျိုး ဖြစ်တယ်။ အစိုးရက ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ်။ ပြည်သူက အစိုးရကို ပံ့ပိုးကူညီရမယ်။ အစိုးရနဲ့ ပြည်သူ သဟဇာတ ဖြစ်ရင် တိုင်းပြည်သာယာတယ်။ သဟဇာတမဖြစ်ရင် ပစ္စန္တရစ်အရပ်လို နေချင်စဖွယ် မရှိဘူး။  ပစ္စန္တရစ်အရပ်ဖြစ်ရတဲ့ကိစ္စမှာ အများအားဖြင့် အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်ရယူထားတဲ့ အစိုးရများရဲ့ တာဝန်သာဖြစ်တယ်။
ဒေ၀ါလီခံရအောင် လုပ်လို့
အစိုးရက အုပ်ချုပ်ရေးညံ့ဖျင်းလို့၊ အာဏာကို အလွဲသုံးစားလုပ်လို့၊ ဥပဒေကို မျက်ကွယ်ပြုလို့ တိုင်းပြည်တွေ ဆင်းရဲတွင်း နက်သထက် နက်ကြရတာသာ ရှိတယ်။ ပြည်သူတွေက ပေးဆောင်ရမယ့် အခွန်တွေ မပေးကြ လို့ ဒေ၀ါလီခံရတဲ့ တိုင်းပြည်ဆိုတာ မရှိဘူး။ အုပ်ချုပ်ရေး အာဏာကိုင်စွဲထားတဲ့ အစိုးရက  အာဏာသုံးပြီး အခွန်အခတွေ မရ ရအောင် ကောက်ယူကြမြဲ ဖြစ်တယ်။ ပြည်သူတွေက အခွန်အခမပေးရင် တရားစွဲ ထောင်ချ လို့ရပေမဲ့ အစိုးရတာဝန်ကို ကျေပွန်အောင် မထမ်းဆောင်တဲ့ အစိုးရကို တာဝန်မကျေပွန်မှုနဲ့ တရားစွဲ ထောင်ချနိုင်တဲ့ ဥပဒေတော့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှမရှိဘူး။ တိုင်းပြည်ကို ဒေ၀ါလီခံရအောင် လုပ်လို့ ထောင်ချခံရတဲ့ အစိုးရဆိုတာလည်း ကမ္ဘာပေါ်မှာ မရှိခဲ့ဘူး။

ခြိမ်းခြောက်ဖို့ မဟုတ်
စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမှာ တရားဥပဒေဆိုတာ အစိုးရက အသုံးချတဲ့ လက်နက်အဖြစ်သာ ရှိမနေစေရဘူး။ ပြည်သူလူထုက အစိုးရကို ပြန်လည်ထိန်းသိမ်းဖို့လည်း ဖြစ်စေရမယ်။ ပြည်သူက အခွန်အခမပေးရင် အရေးယူ သလို ပြည်သူပေးတဲ့ လစာရိက္ခာကို စားပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ဖို့ ပျက်ကွက်တာကိုလည်း အရေးယူ အပစ်ပေးနိုင်ဖို့ လိုတယ်။ ဥပဒေမှန်သမျှရဲ့ အနှစ်သာရက တိုင်းသူပြည်သားများ အပူအပင်၊ အကြောင့်အကြ ကင်းကင်းနဲ့စိတ်အေးချမ်းသာစွာ လုပ်ကိုင်စားသောက် နေထိုင်နိုင်အောင် ကာကွယ်စောင့် ရှောက်မှုပေးဖို့ ဖြစ်တယ်။ ပြည်သူတွေကို ခြိမ်းခြောက်ဖို့ မဟုတ်ဘူး။ ဖိနှိပ်ဖို့ မဟုတ်ဘူး။
အခြေခံဥပဒေကို ဆန့်ကျင်
စောစောက အမေးရှိခဲ့တဲ့ မီဒီယာဥပဒေဆိုတာက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက အသိအမှတ်ပြု ပေးအပ်ထားပြီး ဖြစ်တဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ လွတ်လပ်စွာရေးသားခွင့်ဆိုတဲ့ အခြေခံလူ့အခွင့် အရေးကို ဆန့်ကျင်လုပ်ဆောင်ရာ ဖြစ်တဲ့ အတွက် သတင်းမီဒီယာ သမားတစ်ယောက်အနေနဲ့ ကန့်ကွက်သလို နိုင်ငံသား တစ်ယောက်အနေနဲ့ လည်းကန့်ကွက်ပါတယ်။ လက်ရှိအခြေအနေမှာတောင် သတင်းမီဒီယာတွေကို ထိန်းချုပ်ထားတဲ့ ဥပဒေတွေက လိုတာထက်တောင် အများကြီး ပိုနေပါသေးတယ်။ အသရေဖျက်မှု ဥပဒေ၊ အစိုးရကို အကြည်ညိုပျက်စေမှု ဥပဒေ၊ ဆူပူအောင် လှုံဆော်ရေးသားမှု ဥပဒေ၊ အစိုးရလျှို့ဝှက်ချက် ပေါက်ကြးမှု ဥပဒေ၊ အီလက်ထရောနစ် အက်ဥပဒေ၊ ရုံးတော်ကို မထီမဲ့မြင်ပြုမှု ဥပဒေ စတဲ့ စတဲ့ ဥပဒေတွေအများကြီး ရှိပါတယ်။
ရုပ်သိမ်းပေးရမှာ
ပြန်ကြားရေး ၀န်ကြီးဌာနက ပြောသလို သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက်၊ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်ရေး အတွက် လုပ်တာပါဆိုရင် နောက်ထပ်ဥပဒေပုဒ်မ အသစ်အသစ်တွေနဲ့ ထပ်ပြီး ထိန်းချုပ်ဖို့ လုပ်မယ့်အစား ရှိနေတဲ့ ကန့်သတ်ချုပ်ချယ်မှု သဘောဆောင်တဲ့ ဥပဒေပုဒ်မတွေကို ရုပ်သိမ်းပေးဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ငါးဆယ်ကျော် သတင်းသမားလုပ်လာခဲ့သူ တစ်ယောက်အနေနဲ့ သတင်းမီဒီယာကို ကန့်သတ်ထိန်းချုပ်ဖို့ လုပ်တဲ့ ဥပဒေမှန်သမျှကို လက်မခံနိုင်ပါဘူး။ သတင်းသမားအစစ် “ပရော်ဖက်ရှင်နယ်” မှန်သမျှလည်း လက်ခံကြမှာ မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ် သတင်းသမား မဟုတ်တဲ့ ခေတ်ပျက် ဂျာနယ် လစ်တွေကသာ အခွင့်အရေးမျှော်ကိုးပြီး ထောက်ခံချင် ထောက်ခံကြပါလိမ့်မယ်။ ပရော်ဖက်ရှင်နယ် သတင်းသမားမှန်ရင် ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်းကို ကိုယ်တိုင်ဝင်ကျစ်ပေးတာမျိုး ဘယ်နည်းနဲ့မှ မျက်နှာပြောင်တိုက်ပြီး လုပ်မှာ မဟုတ်တာ သေချာပါတယ်။  ။
ဒီလှိုင်း စာစဉ်ပါ
ဆရာကြီး
လူထုစိန်ဝင်း ၏ ဆောင်းပါး
 နောင်တော်လေး (ဖေ့စ်ဘုတ်)
======================================

ဓားသွားထက် ကလောင်သွား ထက်သတဲ့
ကလောင်သွားကို ဥပဒေနဲ့ ချုပ်မယ်တဲ့ဗျာ
လုပ်ကြပါဦး

ကမ္ဘာကိုမှတ်ကျောက်တင်ခံမယ့်ပွဲ

လွှတ်တော်ကိုယ်စားလှယ် ၄၈ နေ ရာအတွက် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲကို နိုင်ငံတကာ မီဒီယာများ၏ စိတ်ဝင်စားမှုအထူး
မြင့်တက်နေသည်။ ဤအချက် ကို မြန်မာနိုင်ငံ၏ ရွေးကောက် ပွဲအကြို သတင်းများမှာ ကမ္ဘာ့ သတင်းများတွင် ဦးစားပေးဖော်ပြ ခံနေရခြင်းနှင့်
နိုင်ငံတကာမှ သတင်းထောက်များက ပုံစံမျိုးစုံ ဖြင့်လာရောက်၍ ရွေးကောက်ပွဲ အကြိုသတင်းများရယူရန်ကြိုး ပမ်းမှုများက ထင်ရှားစေသည်။ 



"ဘာလို့ နိုင်ငံတကာမီဒီယာ က စိတ်ဝင်စားလဲဆိုရင် အချက် နှစ်ချက်ရှိပါတယ်။ တစ်အချက်က တော့ ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်လို့ပေါ့။ သူမကို တစ်ကမ္ဘာ လုံးက ချစ်ခင်မြတ်နိုးပြီး လေးစား အတုယူရတဲ့သူဖြစ်လို့ အားလုံးရဲ့ အာရုံက သူ့ဆီမှာ ရှိနေတယ်။
နောက်တစ်ချက်က ကြားဖြတ်ရွေး ကောက်ပွဲက အစိုးရသစ်အတွက် စမ်းသပ်မှုတစ်ခုပဲ။ အစိုးရအသစ် က နိုင်ငံရေးအကျဉ်းသားတွေ
ွှတ်ပေးတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေ တယ်။ ရွေးကောက်ပွဲက သေးပေမယ့်
တရားမျှတလွတ်လပ်မလား ဆိုတာ ကြည့်ရမယ်။ တကယ်လို့ သာ ဒီစမ်းသပ်မှုအောင်မြင်ရင် ဥရောပက ပိတ်ဆို့မှုတွေ မြန်မြန် ဆန်ဆန် ရုပ်သိမ်းလိမ့်မယ်။ နောက်အမေရိကန်က ပိတ်ဆို့မှုတွေ ရုပ် သိမ်းလာလိမ့်မယ်။ ဒါကြောင့် ဒီ ရွေးကောက်ပွဲက အရမ်းအရေး ကြီးတယ်"ဟု
တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးရှင်နှင့် ရိုက်တာသတင်း ဌာန သတင်းထောက် အင်ဒရူး မာရှယ်က ပြောသည်။



၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်တော်ကိုယ်စားလှယ်နေရာ ပေါင်း ၁၁၅၉ အတွက် ပါတီများ၊ ကိုယ်စားလှယ်လောင်းများက အပြိုင်နွှဲခဲ့ကြသည်။ သို့သော် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ပြည်သူ့လွှတ်တော်နေရာ ၄၀၊ အမျိုးသားလွှတ်တော် ၆ နေရာနှင့်တိုင်းဒေသကြီးလွှတ်တော် နှစ် နေရာ စုစုပေါင်း ၄၈ နေရာသာရှိ သည်။ ထိုအထဲမှ ၃ နေရာ ရွှေ့ဆိုင်း၍ ၄၅ နေရာသာ ကျန်သည်။
အမေရိကန်၊ ဥရောပသမဂ္ဂ အပါအ၀င် ဒီမိုကရေစီအရေး အထူးစိတ်ဝင်စားသော နိုင်ငံများ ကလည်း ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲကို စိတ်ဝင်တစား အနီးကပ်စောင့်ကြည့်နေသည်။
မြန်မာနိုင်ငံအပေါ် စီးပွား ရေးပိတ်ဆို့မှုများထားရှိသော ဥ ရောပသမဂ္ဂက ကြားဖြတ်ရွေး ကောက်ပွဲမှာ တရားမျှတလွတ် လပ်လျှင် ၎င်းင်းတို့၏ ပိတ်ဆို့အရေး ယူမှုများကို ပယ်ဖျက်ပေးရန် သေချာသလောက်ရှိနေသည်။ အလားတူ အမေရိကန်ကလည်း မြန်မာအစိုးရက ကြားဖြတ် ရွေး ကောက်ပွဲကို တရားမျှတ လွတ် လပ်စွာ ကျင်းပပေးနိုင်လျှင် ၎င်းင်း တို့၏ ပိတ်ဆို့အရေးယူမှုများကို တစ်ဆင့်ချင်း ဖြေလျှော့ရန် မီးစိမ်းပြထားသည်။
ဂျပန်အစိုးရကလည်း ၎င်းင်းတို့ မျှော်မှန်းသော အဖြေထွက်လျှင် မြန်မာနိုင်ငံသို့ ODA အကူအညီ များပြန်လည်ပေးမည်ဟု ဂျပန် အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောထားသည်။ ၎င်းင်းတို့ မျှော်မှန်း သောအဖြေမှာ တရားမျှတ လွတ် လပ်သော ကြားဖြတ်ရွေးကောက် ပွဲဖြစ်၏။
"ကြားဖြတ် ရွေးကောက်ပွဲက အဓိကပဲ။တစ်ကမ္ဘာလုံးကလည်း စောင့်ကြည့်နေတယ်"ဟု ဂျပန်သံရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
"၄၈ နေရာက နေရာနည်း သော်လည်း အရမ်းအရေးကြီးပါ တယ်။ အရေးကြီးတယ်ဆိုတာ ဒါကတိုင်းပြည်ရဲ့ ပုံရိပ်ပဲလေ။
ကျွန်တော်တို့ကိုယ်တိုင်က Free & Fair Election ဖြစ်ဖို့ ပြောနေ တာ။ ကျွန်တော်လည်း တွေ့သမျှ နယ်ကပြည်ခိုင်ဖြိုးတွေကိုလွှတ်
တော်ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ Free & Fair Election ဖြစ်အောင်လုပ်ကြ၊ မဟုတ်တာမ လုပ်ကြနဲ့။ တွေ့တဲ့ပြည်ခိုင်ဖြိုး
ိုင်းဝင်ရောက်ယှဉ်ပြိုင်မယ့် လူ တိုင်းကို ပြောနေတာ။ Free & Fair Election ဖြစ်ဖို့က လိုကိုလို တယ်။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ အတွက်ပါ"ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအေးမောက်က ကြားဖြတ်ရွေးကောက် ပွဲ အရေးကြီးပုံကို မှတ်ချက်ပေး သည်။ ဦးအေးမောက်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပုသိမ်မြို့ မြို့တော်ခန်းမတွင် မတ်လ ၂၄ ရက်က အမှာစကား ပြောကြားရာ၌ ကြားဖြတ်ရွေး ကောက်ပွဲကို တရားမျှတလွတ် လပ်ရန် ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍လည်း ပြောကြားခဲ့ သည်။ ကြားဖြတ်ရွေးကောက်ပွဲကို ကော်မရှင်က လွတ်လပ်တရား မျှတသန့်ရှင်းရန် အစွမ်းကုန် ဆောင်ရွက်နေပြီး၊ အစိုးရက လည်း မှတ်ကျောက်တင်ခံရန် နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများကို ဖိတ်ခေါ်ထားသည်။ အစိုးရသစ် လက်ထက်၌ ပထမဆုံးကျင်းပ မည့် ဤရွေးကောက်ပွဲကို တစ်ကမ္ဘာ လုံးက စိတ်ဝင်တစား စောင့်ကြည့် နေကြမည်ဖြစ်၍ နိုင်ငံတကာမှ စောင့်ကြည့်မည့် ကြားဖြတ်ရွေး
ကောက်ပွဲ လွတ်လပ်တရားမျှတ ပြီး သန့်ရှင်းစင်ကြယ်ရန်အတွက် မိမိတို့နိုင်ငံသားအားလုံးက ပံ့ပိုး ကူညီ ရန်လိုကြောင်းလည်း သမ္မတ
က ထည့်သွင်းပြောကြားခဲ့သည်။
အစိုးရက ယခုတစ်ကြိမ်ရွေး ကောက်ပွဲအတွက် နိုင်ငံတကာ မှ လေ့လာစောင့်ကြည့်သူများကို ဖိတ်ခေါ်ထားသည်။ ပြည်ထောင်
စုရွေးကောက်ပွဲကော်မရှင်က လည်း မဲစာရင်းကွာဟမှုများဖြစ် ပေါ်နေသော မဲဆန္ဒနယ်များ တွင် နိုင်ငံရေးပါတီများနှင့် ပူးပေါင်း၍ မဲစာရင်း
ပြင်ဆင်ဖြည့် စွက်ပေးနေသည်။ ထို့အပြင် ယခု အကြိမ်တွင် ရွေးကောက်ပွဲဝင် မည့် နိုင်ငံရေးပါတီအများအ တွက် ကန့်သတ်ချုပ်ချယ်မှုများ မရှိသလောက် နည်းပါးခဲ့ကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ များက ပြောသည်။ ထိုအခြေအနေ များမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် မကြုံခဲ့ရပေ။
သို့သော် ရွေးကောက်ပွဲ အကြိုကာလတွင်ကြုံတွေ့ရသော အဖြစ်အပျက် အချို့ကြောင့် နိုင်ငံ ရေးပါတီများပူပန်နေသောအချက်များလည်းရှိနေသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များတွင် ပါဝင်သော ဒေသအချို့၌ ယခု ရက်ပိုင်းအတွင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် လောင်းများနှင့်ပတ်သက်၍ ပုဂ္ဂိုလ်ရေးအပုပ်ချသော လက်ကမ်းစာစောင်နှင့် စာအုပ်ငယ်များ ပျံ့နှံ့နေသည်။
မည်သူက စတင် ဖြန့်ချိသည်မသိရသော်လည်း
အွန်လိုင်းစာမျက်နှာပေါ်မှ ကိုယ်စားလှယ် လောင်းတစ်ဦးကို လူမှုရေးဖော ပြန်သည်ဟု စွပ်စွဲချက်ဖြင့် ပုတ် ခတ်ဝေဖန်သည့်စာများကို ကူးယူ ၍ မြို့နယ်အချို့၌ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
မတ်လလယ်တွင် နေပြည် တော်သို့ စည်းရုံးရေးဆင်းသော ဒီချုပ်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ မှ အမျိုးသမီးငယ်တစ်ဦးမှာ လေးခွဖြင့် အပစ်ခံရ၍ ဦးခေါင်း၌ ဒဏ်ရာရရှိခဲ့သည်။
နွားထိုးကြီးမြို့နယ်တွင် ပြည် ခိုင်ဖြိုးပါတီတာဝန်ရှိသူက အောင်နိုင်ရေးစည်းရုံးဟောပြောမှုတစ်ခု တွင် ဒေါ်အောင်ဆန်းစုကြည်ကို အဖွားကြီးဟူ၍လည်းကောင်း၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောင်ထွက်လူဆိုးလူမိုက်အဖွဲ့ ဟူ၍ လည်းကောင်း၊ ဒီချုပ်လွှတ် တော်ကိုယ်စားလှယ်လောင်းအား နွားထိုးသားဟူ၍လည်းကောင်း ပြောဆိုခဲ့သည်။ ထို့သို့ ဥပဒေနှင့် မညီ လုပ်ကိုင်မှုကြောင့် နွားထိုးကြီး မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မြို့နယ်ကော်မရှင်သို့ ကန့် ကွက်တိုင်ကြား၍ မြို့နယ်ပြည် ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ နောင်တွင်ဥပဒေနှင့်အညီဟော ပြောမည့်အကြောင်း ခံဝန်လက် မှတ်ရေးထိုးခဲ့ရကြောင်း ယခုတစ် ပတ်ထုတ် True News ဂျာနယ် တွင် ဖော်ပြထားသည်။
တိုက်ဆိုင်မှုမှာ မဲဆန္ဒနယ် အချို့တွင်ဖြစ်ပွားခဲ့သော ခြိမ်း ခြောက်မှုများ၊ ပုဂ္ဂိုလ်ရေးအပုပ် ချမှုများ စသည်တို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စား လှယ်နှင့် အဖွဲ့ဝင်များမှာ ပစ်မှတ် ဖြစ်နေသည်။
ပါတီများ၏ အဓိကပူပန်မှု များမှာလည်းမဲစာရင်းလွဲမှားမှု များနှင့် ထပ်တိုးမဲများဖြစ်သည်။ "ပြီးခဲ့တဲ့ သုံးလေးရက်မှာ ခရိုင် ကော်မရှင်က ကျွန်တော်တို့ကို ခေါ်တွေ့တယ်။ ပြီးခဲ့တဲ့ ရွေး ကောက်ပွဲမှာ ကြိုတင်မဲ နာမည် ပျက်ခဲ့တယ်။ အခုကျတော့ ကြို တင်မဲမရှိတော့ဘူး။
ကြိုတင်မဲ မရှိပေမယ့် နောက်တိုးမဲဆိုတာ တစ်ခုပေါ်နေတယ်။ ကော်မရှင် ကို နောက်တိုးမဲဆိုတဲ့ စာရင်းတွေ လာပေးတယ်တဲ့။ မဲစာရင်းမှာ မပါတဲ့ နောက်တိုးမဲတွေကို ခွင့်ပြု ရမယ်လို့ပြောတယ်။ နောက်တိုးမဲ က ဘယ်လောက်တောင် ရှိလည်း ဆိုရင် ကျွန်တော်တို့ရဲ့ မင်္ဂလာ တောင်ညွန့်မဲဆန္ဒနယ်မှာဆိုရင် ၄၀၀၀ လောက်ရှိတယ်။ ရဲတွေရဲ့ နောက်တိုးမဲကလည်း တောင်ညွန့် မှာ ၉၀ လောက်ရှိတယ်။ ဒဂုံဆိပ်
ကမ်းမှာလည်း နောက်တိုးမဲက အရပ်သား ၁၀၀၀ လောက်၊ ရဲ တွေက ၁၁၀ လောက်ရှိတယ်။ ဆို တော့ နောက်တိုးမဲတွေက အများ ကြီးပဲ"ဟုမင်္ဂလာ တောင်ညွန့်မြို့ နယ်မှဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမို ကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
အမျိုးသားဒီမိုကရေစီ အင် အားစုပါတီခေါင်းဆောင်ဦးခင် မောင်ဆွေကလည်း မဲဆန္ဒနယ် တွင် ပါဝင်သော မြို့နယ်အချို့သို့ မဲဆန္ဒနယ်ပြင်ပအခြားမြို့နယ် များမှ လူဦးရေစာရင်းများ ပြောင်း လာခြင်းများရှိသည်ဟုဆိုသည်။ ထို့အပြင် ရွေးကောက်ပွဲအကြို ကာလ၌ သတင်းမီဒီယာများက ပါတီကြီးအချို့ကိုသာ ဦးစားပေး ဖော်ပြပြီး ဘက်လိုက်မှုများရှိနေ သည်ဟု ဦးခင်မောင်ဆွေက မှတ် ချက်ပြုသည်။
"သတင်းလွတ်လပ်ခွင့်တွေ ကို ပြောနေပြီးတော့မှ သူတို့ကိုယ် တိုင်က ပြည်သူတွေကို သတင်း လွတ်လပ်ခွင့်ပိတ်ပင်တဲ့အနေနဲ့ ပါတီကြီး အချို့ကိုပဲ စန်းတင်ပြီး တော့ ကျန်တဲ့ပါတီတွေကို ချန် ထားတာမျိုးရှိတယ်။ အဲဒီလို ပုံစံ မျိုးမဖြစ်အောင်လည်း စောင့်စည်း ဖို့လိုတယ်လို့ ပြောချင်ပါတယ်"ဟု ဦးခင်မောင်ဆွေကပြောသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုကိုကြီးကလည်း ကြားဖြတ်ရွေး ကောက်ပွဲတွင် တရားမျှတလွတ်

လပ်မှုမှာရလဒ်ထက်အရေးကြီး ကြောင်း မှတ်ချက်ပေးသည်။
"ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ၄၈ နေရာဆိုတာ မပြောပလောက်ပေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပါဝင် မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်ရောက်ယှဉ်ပြိုင်တဲ့ အတွက် ထူးခြားတဲ့ရွေးကောက် ပွဲဖြစ်ပါတယ်။ နိုင်တဲ့မဲအရေအတွက်ထက် ပိုအရေးကြီးတာက ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ အုတ်မြစ်ချဖို့အတွက် သမ္မတ ကြီးရဲ့ မိန့်ခွန်းထဲမှာလည်း ပါဝင်တဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ် စဉ်အဲဒါကို စပြီးစမ်းသပ်မယ့် တာထွက်ခြေလှမ်းဖြစ်တယ်။ အဲဒီ ခြေလှမ်းဟာ ဘယ်လောက်ပွင့် လင်းမှု၊ ထင်သာမှုရှိသလဲ၊ ဘယ် လောက်တရားမျှတမှုရှိသလဲဆို တဲ့ ဒီမိုကရေစီအနှစ်သာရက ရွေးကောက်ပွဲမှာ အောင်နိုင်တဲ့ မဲဆန္ဒနယ်အရေအတွက်ထက် အရေးကြီးပါတယ်"ဟု မတ်လ ၂၃ ရက်တွင်ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင်ပြောသည်။ 


 ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်များမှာ
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရန် ကွန်ရက် ဖွဲ့စည်းထားသည်။
ရွေးကောက်ပွဲတရားမျှတ လွတ်လပ်လျှင် အထက်တွင် ဆိုခဲ့ သည့်အတိုင်း အမေရိက၊ ဥရောပ၊ ဂျပန်အပါအ၀င် ကမ္ဘာ့နိုင်ငံများမှ
အကူအညီများစွာရမည်ဖြစ် သည်။ ထို့အပြင် အစိုးရအဓိက
လိုလားသော နိုင်ငံတကာအသိုင်း အ၀ိုင်း၏ အသိအမှတ်ပြုမှုကို ခံရမည်ဖြစ်ပြီး၊ နှစ်ပေါင်းများစွာ ခေတ်နောက်ကျပြီး အထီးကျန်
နေခဲ့ရသော နိုင်ငံမှာ ကမ္ဘာ့အလယ်တွင် ခေါင်းမော့ရင်ကော့နိုင် မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့ လာသူများကပြောသည်။



တပ်မတော်အုပ်ချုပ်မှုမှ ဒီမို ကရေစီနိုင်ငံသို့ ကူးပြောင်းနေ သော ခြေလှမ်းများမှာလည်း နိုင်ငံ တကာ၏ အားပေးထောက်ခံမှု များနှင့်အတူ ပိုမိုခရီးရောက်လာ မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲကြားဖြတ် ရွေးကောက်ပွဲမှာ တရားမျှတ လွတ်လပ်မှုမရှိခဲ့လျှင်မူ....
"လွှတ်တော်နိုင်ငံရေးတည် တံ့နေသမျှကာလပတ်လုံးက တော့ နောက်ကြောင်းပြန်လှည့်ဖို့ တော့ ခက်တယ်ဗျ။ သို့သော်လည်းပဲ ရှေ့တိုးဖို့လည်းမလွယ်ဘူးဗျ။ ဘာကြောင့်လည်းဆိုတော့ ကြား ဖြတ်ရွေးကောက်ပွဲ မအောင်မြင် ဘူး၊ တရားမျှတမှုမရှိဘူးဆိုရင်
နိုင်ငံတကာပိတ်ဆို့မှုတွေဆက်ရှိ ပြီး၊ အကူအညီပေးတာတွေကော ရပ်သွားမှာပဲလေ။ အဲတော့ ဒုံရင်း ဒုံရင်းပြန်ဆိုက်မယ်"ဟု ဦးခင် မောင်ဆွေက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား လှယ်တစ်ဦးဖြစ်သော ဦးအေး မောက်ကလည်းကြားဖြတ်ရွေး ကောက်ပွဲ တွင် မည်သည့်ပါတီက နိုင်၍ မည်သည့်ပါတီက ရှုံးသည် ဆို ခြင်းထက် တရားမျှတလွတ်လပ် သော ရွေးကောက်ပွဲဖြစ်ရန်မှာ အရေးကြီးကြောင်း နိုင်ငံရေး
လေ့လာသူများ၏အဆိုကို ထောက်ခံပြောကြားသည်။
"အဲဒီလိုပြောတာ အရမ်းမှန်ပါတယ်။ ထောက်လည်း ထောက်ခံတယ်။ အဲဒီအတိုင်း (တရားမျှတလွတ် လပ်သောရွေးကောက်ပွဲဖြစ်ရန်) လည်းဖြစ် စေချင်တယ်။ ဖြစ်အောင်လည်းပဲ ကျွန်တော်တို့ ပါတီအဖွဲ့ဝင်တွေနဲ့ တွေ့တိုင်း တွေ့တိုင်း၊ သွားတိုင်း င်္Fair (တရားမျှတ)ဖြစ်အောင်လုပ်ကြ။ အနိုင်နဲ့အရှုံးက အဓိက မဟုတ်ဘူး။ ခင်ဗျားတို့ တကယ် Fair ဖြစ်တယ်။ ခင်ဗျားတို့ရဲ့ စာရိတ္တမဏ္ဍိုင်မှန်ကန်တယ်ဆိုတာ အဓိကပဲဆိုတာ ရှင်းပြပါတယ်။ တော်တော်များများနားလည်ကြပါတယ်"ဟု ဦးအေးမောက်က သူ၏
အတွေ့အကြုံကို ပြောသည်။

----အားမာန်------

7Day News Journal

ပြည်တွင်းဖုန်းနံပါတ်ဖြင့် ဂျီမေးလ်အကောင့် လုပ်နိုင်ပြီ

ဂျီမေးလ်အကောင့်အသစ် ပြုလုပ်လိုသူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဖုန်းနံပါတ်များကို အသုံးပြုကာ အီးမေးလ်အကောင့်သစ်များ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

 Google က ယင်း၏ Gmail Account သစ်ကို ပြုလုပ်သည့်အခါ မြန်မာပြည်တွင်းမှ ဖုန်းနံပါတ်များဖြင့် Code နံပါတ်အတည်ပြုခြင်းကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

 ယခင်က ပြည်တွင်းမှ အင်တာနက် အသုံးပြုသူများအနေဖြင့် Google ၏ ဂျီမေးလ်အကောင့်သစ်များကို ပြုလုပ်လိုပါက ကိုယ်ပိုင်ဖုန်းနံပါတ် (ပြည်တွင်းကုတ်နံပါတ်)များဖြင့် မပြုလုပ်နိုင်သဖြင့် ပြည်ပနိုင်ငံများတွင် နေထိုင်သည့် မိတ်ဆွေများ၏ ဖုန်းနံပါတ်များဖြင့်သာ ပြုလုပ်ပြီး Gmail Account သစ်များကို ရယူနိုင်ခဲ့ကြသည်။ 

“အခုလိုမျိုး ဂူဂဲလ်ကလုပ်ပေးတော့ ဒီနိုင်ငံရဲ့ ပြည်တွင်းဆက်သွယ်ရေးစနစ်ကို အသိအမှတ်ပြုလာတာ ဖြစ်နိုင်တယ်။ အရင်ကလို ဂျီမေးလ်အကောင့်သစ် လုပ်ချင်ရင် နိုင်ငံခြားက အသိမိတ်ဆွေတွေကို အကူအညီလှမ်းတောင်းရတဲ့ အခက်အခဲတွေနဲ့တော့ ကင်းဝေးသွားပြီးပေါ့” ဟု ပုဂ္ဂလိကနည်းပညာ ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသည့် သက်လတ်ပိုင်း အမျိုးသားဝန်ထမ်းတစ်ဦးက ဆိုသည်။ 

ထိုကဲ့သို့ ဂျီမေးလ်အကောင့်အသစ် ပြုလုပ်လိုသူများအနေဖြင့် ပြည်တွင်းဖုန်းနံပါတ်များကို အသုံးပြုရာတွင် Google မှ ပြုလုပ်သူ၏ ဖုန်းနံပါတ်သို့ Audio Message စနစ်ဖြင့် ပြန်လည်ပေးပို့မည်ဖြစ်ပြီး ယင်းနောက်တွင် အီးမေးလ်အကောင့်သစ်ကို အသုံးပြုနိုင်မည် ဖြစ်သည်ဟု Google ၏ အဆိုပါဝန်ဆောင်မှုကို စမ်းသပ်ပြုခဲ့ကြသည့် ရန်ကုန်မြို့တွင်း နေထိုင်သော အင်တာနက်ကျွမ်းကျင်သူများထံမှ သိရကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

7 Day News 

ရုပ်ရှင်အစည်းအရုံး ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြု

then........ tell me ( KYAW SAN Vs NAY ZAW NAING)
မတ်လ၂၃ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးကောက်တင်မြှောက်ပွဲတွင် အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြုသည့်အပြင် ရုပ်ရှင်အစည်းအရုံးဥက္ကဌလုပ်ပိုင်ခွင့်များကို လွှဲပြောင်းပေးခြင်း မရှိသေးကြောင်း သိရှိရသည်။ 

ယခင်ဥက္ကဌဟောင်းဖြစ်သူ ၀န်ကြီးဦးကျော်ဆန်း၏လူရင်း ဦးမြင့်သိန်းဖေမှာ ဥက္ကဌအဖြစ် ပြန်လည်ရွေးကောက်မခံရသည့်အတွက် ၀န်ကြီး ဦးကျော်ဆန်းတစ်ယောက် အလွန်အမင်း မကျေမနပ်ဖြစ်နေကြောင်းနှင့် အဆိုပါအမှုဆောင်ကော်မတီသစ်ကိုလည်း ကန့်ကွက်ကြောင်း သိရှိရပါသည်။ 

စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ဆီသို့ ဦးဆောင်ချီတက်နေသည်ဟုဆိုသည့် တည်ဆဲအစိုးရထိပ်ပိုင်းပုဂ္ဂိုလ်တစ်ယောက်သည် ဤအမှုဆောင်ရွေးကောက်ပွဲငယ်တစ်ခု၏ရလာဒ်အတွက် ဤကဲ့သို့ သဘောထားသေးသိမ်ညံ့ဖျင်းစွာ တုန့်ပြန်သည်ကိုတွေ့ရှိရသောအခါ အဆိုပါပုဂ္ဂိုလ်ပါဝင်နေသည့် အစိုးရအဖွဲ့၏ ဒီမိုကရေစီဖော်ဆောင်ရေးလမ်းစဉ်မှာ သံသယရှိဖွယ်ကောင်းနေပြီး အဆိုပါဝန်ကြီး၏လုပ်ရပ်သည် ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲတွင် မသမာမှုများစွာကျူးလွန်ခဲ့သည်ကို ပိုမိုထင်ရှားအောင် မီးမောင်းထိုးပြသကဲ့သို့ ဖြစ်သွားစေပြီးလျှင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ထပ်မံကျူးလွန်ရန် ၀န်မလေးကြောင်းကို ၎င်း၏မပြည့်ဝသော သဘောထားများက ထင်ဟပ်ဖော်ပြနေသည်ကို စိတ်ပျက်စွာတွေ့မြင်နေရသည်။

By မြတ်သိန်းထွန်း ( facebook)

အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်းအောင်နိုင်လိမ့်မည်ဟု ကျားဖြူကိုယ်စားလှယ်လောင်းပြော

နာမည်ကြီးပါတီကြီးများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အောင်နိုင်ရေးအတွက် မိမိကိုယ် ကိုယုံကြည်မှု ရှိကြောင်း ကလောမြို့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက်ဝင် ရောက်ယှဉ် ပြိုင်မည့် စဝ်သာဦးက ပြောပါသည်။
စဝ်သာဦး
စဝ်သာဦး
“ NLD ဆိုရင်လဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဖြစ်နေတယ်။ အင်အားကြီးတဲ့ပါတီ၊ တကမ္ဘာလုံးကသိတဲ့ပါတီ။ ထောက်ခံ မှုအများကြီးရှိတဲ့ပါတီ ။ NUP ပါတီက ဝင်ပြိုင်မယ့်ပုဂ္ဂိုလ်ကလဲ ဒေသတွင်းမှာဆိုရင် နိုင်ငံရေးဖက်မှာ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်။ USDP ဆိုရင်လဲ အငြိမ်းစား ဗိုလ်ချုပ် တယောက်က ဝင်ပြိုင်မှာ ဆိုတော့ သူတို့တွေနဲ့ ကျနော်က အကြိတ်အနယ် ယှဉ်ရမှာဖြစ်တယ်။ ဒါပေမယ့် ကျနော်လဲ ဒီဒေသမှာ ကြီးပြင်းလာတဲ့သူ၊ လူထုရဲ့လို အပ်ချက်ကို ကျနော်က သိနေတယ်။ လူထုကလဲကျနော့်ကိုသိနေတယ်။ ဒီအတွက် အောင်နိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါတယ်” ဟု စဝ်သာဦးကပြောသည်။


ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ် သောင်းသောင်းဖြဖြ ရှိသည်ကိုကြည့်ခြင်းအားဖြင့် မိမိအနေနှင့် အင်တိုက် အားတိုက် ကြိုးစားရမည်ဟု သိရကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သာ ကလော၌ ဝင်ရောက် ယှဉ်ပြိုင် မည်ဆိုပါက မိမိအနေဖြင့် ယှဉ်ပြိုင်မည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို သာ ထောက်ခံအားပေးမည် ဖြစ်ကြောင်း စဝ်သာဦးက ဆက်လက်ပြောပြသည်။

“ဒေါ်အောင်ဆန်းစုကြည်ဆိုတာက နာမည်ကြီးပုဂ္ဂိုလ်လေ။ ကျနော်တို့ထက်လဲ အများကြီးလုပ်နိုင်မယ့်ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် သူမသာ ဒီမှာလာပြိုင်မယ်ဆိုရင် ကျနော်က ထောက်ခံအားပေးမယ့်သူဘဲလုပ်တော့မယ်။ အခုက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မဟုတ်တဲ့ခါကျတော့ ကျနော်က ကြိုးစားနေတာဖြစ်ပါတယ်။ အဓိကကတော့ လူထုကနေ - ပေါ်ပြူလာဖြစ်တဲ့ ပါတီကို မရွေးမိဖို့၊ မိမိအရေး ဒေသတွင်းအရေး ကောင်းကျိုးဆောင်ရွက်နိုင်မယ့်ပုဂ္ဂိုလ်ကို ရွေးချယ်မဲထည့်ပေးဖို့ မမေ့ကြ ပါနဲ့လို့ ပြောချင်ပါတယ်” ဟု လည်းဆိုပါသည်။

ကလော၊ အောင်ပန်း နှင့် ဟဲဟိုး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၌မဲပေးပိုင်ခွင့်ရှိသူစာရင်း ကိုးသောင်းကျော် ရှိပြီး ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ ၅ ပါတီ ရှိသည်။ ၎င်းတို့မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ သီလကော်(ခ) ဦးခင်မောင်လှ၊ NLD မှ ဒေါက်တာဒေါ်သန်းငွေ၊ PNO မှ ဦးခွန်သန်းမောင်(ခ) ဦးခွန်ပေါလိုင်း၊ ကျားဖြူပါတီမှ ဦးစဝ်သာဦး နှင့် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အငြိမ်းစားဗိုလ်ချုပ် ဦးမြဝင်းတို့ ဖြစ်ပါသည်။

 သျှမ်းသံတော်ဆင့်

မြင်းဝင်းကျေးရွာ ကော်မရှင်ဥက္ကဋ္ဌ ဝိုင်းဝန်းရိုက်နှက်ခံရ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက မတ်လ (၂၈)ရက်နေ့  သတင်းစာရှင်းလင်းပွဲတွင်တွေ့ ရစဉ်
ပခုက္ကူမြို့နယ် မြင်းဝင်းကျေးရွာရှိ အ.မ.က (၁၈၂) မူလတန်းကျောင်း တွင် မတ်လ ၂၈ ရက်နေ့  နေ့လည် ၁၂ နာရီခန့်က မြို့နယ်ကော်မရှင်ရုံးမှ အစည်းအဝေး လုပ်နေစဉ်အတွင်း ရွာသား ၃ ယောက် ကျောင်းဝင်းအတွင်းဝင်ကာ အော်ဟစ်ဆဲဆိုပြီး မြင်းဝင်းကျေးရွာ ကော်မရှင်ဥက္ကဋ္ဌကို ဝိုင်းဝန်းရိုက် နှက်ကာ ထွက်ပြေးမှုတစ်ခု ဖြစ်ခဲ့ ကြောင်း ပခုက္ကူမြို့နယ်NLD ပါတီအောင်နိုင်ရေးအဖွဲ့မှ ဒေါ်မိုးမိုးခိုင်ထံကပြောသည်။

" မြို့နယ်ကော်မရှင်ရုံးကနေ ပြီး ရွေးကောက်ပွဲနေ့အတွက် မဲရုံမှူး သင်တန်းအကြောင်း ဆွေးနွေးနေ တုန်း ကိုငဥ၊ ကိုဟန်သိန်း၊ ကိုငလွင်တို့ ၃ ယောက်ရောက်လာပြီး တော့ မင်းတို့ ခွပ်ဒေါင်းကိုမဲပေးရင် ဒူးတွေ ရိုက်ချိုးမယ်ပြောပြီး အော် ဟစ်ဆဲဆိုကြတယ်။ ဒါကို မြင်းဝင်း ကျေးရွာကော်မရှင်ဥက္ကဋ္ဌက သွား ရောက်တားမြစ်တဲ့အချိန်မှာ ဒီရွာ သား ၃ ယောက်က ဝိုင်းရိုက်ပြီး ထွက်ပြေးသွားကြတယ်'' ဟု ၄င်း က ပြောပြသည်။
အဆိုပါ ဖြစ်စဉ်ကို ကော်မရှင် ရုံးမှ အဆင့်ဆင့်တင်ပြသွားမည်ဖြစ် ပြီး ရိုက်နှက်ထွက်ပြေးသွားသူ ၃ ယောက်ကို မြင်းဝေးကျေးရွာ ရဲစခန်းမှ လိုက်လံရှာဖွေဖမ်းဆီးလျက် ရှိကြောင်း သိရသည်။
 Messenger News Journal

နယ်စပ်ရှိ ​ထောင်နဲ့​ချီတဲ့​က​လေး​များ​ ပညာသင်ရန် အခက်​တွေ့

(SWAN)မှ ပညာသင်ကြားရေး ထောက်ပံ့ပေးထားသည့် ကလေးငယ်များ
ထောက်ပံ့​ငွေနည်း​ပါး​မှု​ကြောင့်​ ရှမ်း​ပြည်နယ်နဲ့​ ထိစပ်​နေတဲ့​ နယ်စပ်တ​လျှောက်မှာ ပညာသင်​နေတဲ့​ ​ထောင်နဲ့​ချီတဲ့​ ​ကျောင်း​သား​တွေဟာ လာမယ့်​ ပညာသင်နှစ်ကျရင် အခက်အခဲကြုံရမယ်လို့​ ရှမ်း​ အမျိုး​သမီး​ရေး​ရာ ဆက်သွယ် လှုပ်ရှား​ဆောင်ရွက်​ရေး​ အသင်း​(SWAN)က ​ပြောပါတယ်။

ရှမ်း​ပြည်နယ်အတွင်း​နဲ့​ ထိုင်း​-မြန်မာနယ်စပ်​တွေမှာ ပညာသင်​နေတဲ့​ မိဘမဲ့​နဲ့​ ​ရွှေ့​ပြောင်း​ က​လေး​ ၂၅၀၀ ​ကျော်ဟာ ဒီနှစ် ​မေလမှာ စတင်မဲ့​ စာသင်နှစ်မှာ ပညာ ဆက်လက် သင်ကြား​နိုင်ဖို့​အတွက် စိုး​ရိမ်ပူပန်​နေတာလို့​ (SWAN) အဖွဲ့​က ဆိုပါတယ်။

ဒီလိုဖြစ်ရတာဟာ မြန်မာနိုင်ငံရဲ့​ နိုင်ငံ​ရေး​ ဖြစ်ထွန်း​မှု​တွေအ​ပေါ် အ​ခြေပြုတဲ့​ အလှူရှင်​တွေထံကရတဲ့​ ရန်ပုံ​ငွေရရှိမှု နည်း​ပါး​လာတာ​ကြောင့်​ လိုအပ်တဲ့​ ​ငွေ​ကြေး​ရဲ့​ ၂၀ ရာခိုင်နှုန်း​ ​လောက်ပဲ အကူအညီ ရရှိ​သေး​တယ်လို့​လည်း​ ​ပြောပါတယ်။

ထောက်ပံ့​မှု​တွေထဲမှာ ​ကျောင်း​သား​တွေအတွက် သွား​လာစရိတ်၊​ စာ​ရေး​ကိရိယာ၊​ ​နေလယ်စာနဲ့​ နွား​နို့​တို့​ ပါဝင်သလို ဆရာမ​တွေ အတွက် ​ထောက်ပံ့​ကြေး​တွေလည်း​ ပါဝင်ပါတယ်။

SWAN အဖွဲ့​တာဝန်ခံ နန်း​ဆိုင်မွန်း​က “က​လေး​မိဘ​တွေက လိ​မ္မော်ခြံ၊​ သရက်ခြံမှာ အလုပ်လုပ်​တော့​ သူတို့​နေတဲ့​ ​နေရာက​နေ ​ကျောင်း​အထိ လာဖို့​ဆိုရင် တချို့​နေရာ​တွေ ၁၅ ကီလိုမီတာ၊​ တချို့​ ​လေး​ငါး​ကီလိုမီတာ​လောက် အထိက လမ်း​လျှောက်လာဖို့​ မဖြစ်နိုင်ဘူး​လေ။ က​လေး​တွေက ငယ်​သေး​တယ်။ မိဘ​တွေကလည်း​ သူတို့​ စား​ဝတ်​နေ​ရေး​အတွက် အခက်အခဲ ဖြစ်​တော့​ က​လေး​တွေကို မကူညီနိုင်ဘူး​။ ထိုင်း​အစိုး​ရ​ကျောင်း​မှာ ဝင်မလား​ဆို​တော့​လည်း​ ထိုင်း​နိုင်ငံသား​ မဟုတ်​တော့​ အ​ထောက်အပံ့​လည်း​ နည်း​တယ်”လို့​ ​ပြောပါတယ်။

လက်ရှိအချိန်မှာ အကူအညီ​ပေး​ရေး​ အဖွဲ့​အစည်း​အများ​စုဟာ မြန်မာပြည် သွား​ဖို့​ပဲ စိတ်ဝင်စား​နေကြပြီး​ မြန်မာပြည်အထဲမှာ ကူညီသလို အပြင်မှာလည်း​ ဆက်ပြီး​ ကူညီဖို့​ လိုအပ်​နေ​သေး​တယ်လို့​လည်း​ နန်း​ဆိုင်မွန်း​က ​ပြောပါတယ်။

နိုင်ငံတကာနဲ့​ တဦး​ချင်း​ အလှူရှင်​တွေရဲ့​ အကူအညီနဲ့​ မြန်မာ-ထိုင်း​ နယ်စပ်နဲ့​ ရှမ်း​ပြည်နယ် အတွင်း​မှာ SWAN အဖွဲ့​က စာသင်​ကျောင်း​ ၁၅ ​ကျောင်း​နဲ့​ မိဘမဲ့​ ​စောင့်​ရှောက်​ရေး​ ​ဂေဟာ ၄ ခု ဖွင့်​လှစ် ထား​ခဲ့​ပါတယ်။ က​လေး​တ​ယောက်အတွက် တနှစ်တာ ​ကျောင်း​စရိတ်ဟာ ​ဒေါ်လာ ၁၀၀ ခန့်​ (ကျပ် ၈ ​သောင်း​) ​လောက် ကုန်ကျမှာ ဖြစ်ပါတယ်။

ရှမ်း​ပြည်နယ် အတွင်း​မှာ ဖြစ်ပွား​နေတဲ့​စစ်ပွဲ​တွေ​ကြောင့်​ ထွက်​ပြေး​လာတဲ့​ ရှမ်း​လူမျိုး​တွေဟာ ထိုင်း​နိုင်ငံအတွင်း​မှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတာ မခံရသလို ပညာ​ရေး​၊​ ကျန်း​မာ​ရေး​နဲ့​ လူသား​ခြင်း​စာနာမှုဆိုင်ရာ အ​ထောက်အပံ့​တွေ ရရှိဖို့​လည်း​ အခက်အခဲ​တွေ ရှိ​နေပါတယ်။

အလား​တူ မြန်မာ-ထိုင်း​နယ်စပ်မှာ ရှိတဲ့​ ကရင်စာသင်​ကျောင်း​တွေမှာလည်း​ ခုနှစ်အတွင်း​ အလှူ​ငွေအနည်း​ငယ် ​လျော့​သွား​ခဲ့​ပေမယ့်​ ရန်ပုံ​ငွေ အခက်အခဲမရှိတဲ့​အ​ကြောင်း​ ​နောက်နှစ် အတွက်​တော့​ ရန်ပုံ​ငွေ ရရှိ​ရေး​က မ​သေချာဘူး​လို့​ ကရင်ဒုက္ခသည်​တွေကို ပညာ​ရေး​ အကူအညီ ​ပေး​နေတဲ့​ Karen Teacher Working Group က ​ပြောပါတယ်။

DVB

ထူးထူးဆန်းဆန်း လွှတ်တော် သတင်းများ

မတ် ၂၃ ရက်နေ့က ကျင်းပပြီးသွားတဲ့ လွှတ်တော် အစည်းအဝေးတွေမှာ အရင် ခေတ်အဆက်ဆက် က မကြားခဲ့ဘူးတဲ့ ထူးထူးဆန်းဆန်း သတင်းတွေ တခုပြီး  တခု ကြားကြရပါတယ်။

သမ္မတက ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကို လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး အသိအမှတ်လည်း မပြု၊ ဘတ်ဂျက်လည်း ချမပေးတာ၊ အစိုးရအဖွဲ့က တင်လာတဲ့ အမျိုးသား စီမံကိန်းတွေနဲ့ ဘတ်ဂျက်တွေ ကို ဝေဖန်လျှော့ချဖြတ်တောက်ခိုင်း တာ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကနေ သမ္မတ ဆီ သ၀ဏ်လွှာပေးပို့ တာ စသဖြင့် စုံနေအောင်ပါပဲ။ ခု တပတ် လွှတ်တော် အစည်းအဝေးတွေ အပြီး ထူးခြားချက်တွေကို သုံးသပ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

အားလုံးထဲမှာ အထူးခြားဆုံးက လွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့ မှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောတဲ့ အမှာစကားပါ။ အဲဒီအထဲမှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့တွေ ခံစားရယူရမယ့် လစာ၊ အဆောင်အယောင်တွေနဲ့ ပတ်သက်ပြီး အရင် နအဖ အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဥပဒေ ပြဌာန်းပေးသွားခဲ့ကြောင်း၊ ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အာဏာလွှဲပြောင်းရယူပြီး မိန့်ခွန်းပြောစဉ် မှာကို ဥပဒေပါအတိုင်း ရယူခံစားခြင်း မပြုဘဲ အရင် နအဖ လက်ထက်က အကြီးအကဲတွေရဲ့ လစာနှုန်းထားတွေအတိုင်း ခံစားမယ့်အကြောင်း ပြောဆိုပြီး ဒီအတိုင်း ကျင့်သုံးခဲ့ကြောင်း၊ ဒါဟာ ဥပဒေပါ ပြဌာန်းချက်နဲ့ မကိုက်ညီကြောင်း၊ တကယ်လို့ သမ္မတ အနေနဲ့ လစာကို လျော့ပေါ့ ခံစားချင်တယ် ဆိုရင် ဥပဒေကို ပြင်ဆင်ရမှာ ဖြစ်ကြောင်း၊ အစိုးရအဖွဲ့က ပြင်ဆင်ပြီး တင်သွင်းလာတဲ့ ဥပဒေ ပြင်ဆင်ချက်ကို လွှတ်တော် က ဆွေးနွေး အတည်ပြုပေးမှာဖြစ်ကြောင်း၊ သူ့စကားအရဆို လွှတ်တော်က ကူညီမှာဖြစ်ကြောင်း ပြောဆို သွားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

သူရဦးရွှေမန်းပြောတဲ့ ‘ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်များ၏ လစာ နှင့် အဆောင်အယောင် ဥပဒေ’ ဆိုတာ လူထုထဲ ချပြခဲ့တဲ့ ဥပဒေ တခု မဟုတ်ခဲ့ပါဘူး။ သမ္မတ အပါအ၀င် အစိုးရအဖွဲ့ဝင်တွေရဲ့ လစာကို ကျပ် သိန်း ၅၀၊ ၆၀ သတ်မှတ်ထားတဲ့ အပြင် ကား ဘယ်နှစ်စီး အိမ် ဘယ်နှစ်ဆောင်၊ နိုင်ငံခြားထွက်တဲ့အခါ ခံစားခွင့်က ဘယ်လို ဆိုပြီး ဆင်းရဲတဲ့ နိုင်ငံ တနိုင်ငံနဲ့ မလျော်ညီအောင် အဆင့်အတန်းမြင့်မြင့် သတ်မှတ်ပေးထား တာပါ။

ဒီအတွက်လည်း ဦးသိန်းစိန်ရဲ့ သမ္မတ ရာထူးလက်ခံတဲ့ မိန့်ခွန်းမှာ ဒီလောက်များတဲ့ လစာ၊ အဆောင်အယောင်တွေ သူတို့ မခံစားဘူး ဆိုပြီး ပြောခဲ့တာပါ။ ဒါပေမယ့် သူ့အနေနဲ့ ဒီလို မခံစား မရယူချင်ဘူးဆိုရင် ဥပဒေကို အရင်ပြင်ဖို့ လိုပါတယ်။ ပြင်ပြီး လွှတ်တော်ကို တင်ဖို့လိုပါတယ်။ ထူးခြားတာ တခုက ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်တွေရဲ့ လစာ နဲ့ ခံစားခွင့်ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်တွေက ဆွဲနိုင် တင်ပြနိုင်ခြင်း မရှိဘဲ အစိုးရ အဖွဲ့ကသာ ရေးဆွဲ နိုင်တာပါ။

အစိုးရအဖွဲ့က ရေးဆွဲပြီး တင်ပြလာတဲ့ အဲဒီ အစိုးရ အဖွဲ့ဆိုင်ရာ လစာ၊ အဆောင်အယောင် ဥပဒေကြမ်းကို လွှတ်တော်က ဆွေးနွေးရုံ သာ ပြုလုပ်နိုင်ပြီး လျော့ချ တာ၊ ဖြတ်တောက်တာ၊ သဘောမတူတာ ဘာမှ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် သမ္မတရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ မညီဘူး ဆိုတာကိုတော့ သူရ ဦးရွှေမန်းက ထောက်ပြပြီး လာမယ့် လွှတ်တော် အစည်းအဝေးကျရင် ဖြေရှင်းဖို့ သတိပေးလိုက်ပါသေးတယ်။

လွှတ်တော်တွေနဲ့ ပတ်သက်တဲ့ နောက်ထပ် သတင်းထူးတခုကတော့ ဧရာဝတီတိုင်း ငပုတော မြို့နယ် မှာ ဖြစ်ခဲ့ပါတယ်။ အဲဒီ ငပုတောမြို့နယ်က တိုင်း အမတ် ဦးအေးကြည်ဟာ တိုင်းလွှတ်တော် အစည်းအဝေးမှာ သူတို့မြို့နယ်က လ၀က အရာရှိတွေ လာဘ်စားတဲ့ ကိစ္စ မေးခွန်းအဖြစ် တင်ပါတယ်။ ဒီမေးခွန်းကို ဖြေပေးဖို့ လွှတ်တော်က လ၀က ၀န်ကြီး ဌာနကို အကြောင်းကြားပါတယ်။ ဒါကို ကိုယ့်ဘာသာကိုယ် စုံစမ်းပြီး ဖြေဆိုတာမျိုး မလုပ်ပဲ အမတ်ဦးအေးကြည်ကို ငပုတောမြို့နယ် လ၀က ရုံးမှာ ခေါ်ယူစစ်ဆေးပါတယ်။ ဒီအတွက် ဦးအေးကြည်ကလည်း လွှတ်တော်မှာ ပြန်တင်ပြတဲ့အတွက် ခေါ်ယူစစ်ဆေးတဲ့ လ၀က လက်ထောက် ညွှန်မှူး ဦးအောင်ဌေးအောင် နဲ့ အရာရှိ ၃ ဦးကို ဧရာဝတီတိုင်း လွှတ်တော်က တရားစွဲဆိုတဲ့ အမှု ဖြစ်လာပါတယ်။ ဒါဟာ လွှတ်တော် အမတ်တယောက် ကို စော်ကားတယ်။ ဂုဏ်သရေပျက်အောင် လုပ်တယ်ဆိုပြီး ပထမ ဦးဆုံး တရားစွဲဆိုတဲ့ အမှုပါ။

နောက်သတင်းတခုကလည်း စိတ်ဝင်စားစရာပါ။ ပြီးခဲ့တဲ့ အပတ်က လယ်/ဆည်ဝန်ကြီး ဒု – ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်ကို ရန်ကုန်အခြေစိုက် Hot News ဂျာနယ်က အင်တာဗျူး လုပ်ပါတယ်။ အဲဒီမှာ ဦးမြင့်လှိုင်က လွှတ်တော်အမတ်တွေနဲ့ လွှတ်တော်ကို ပယ်ပယ် နယ်နယ် စကားလုံးကြမ်းကြမ်းနဲ့ ဝေဖန်ပါတယ်။ အင်တာဗျူးမှာ သူပြောတဲ့ စကားလုံးတွေ ကို ကြည့်ပါ။ မြစ်ရေတင် စီမံကိန်းတွေ အရှုံးပေါ်နေတာနဲ့ ပတ်သက်ပြီး သူက “၁ ဧကကို သိန်းဘယ်လောက် ကုန်တယ်။ လယ် ၁ ဧကထဲကို ရေရောက်ဖို့ ဘယ်လောက်ကုန်တယ် ဆိုတာကို အဲဒီ ဈေးတွက်နည်းနဲ့ တွက်တာက သက်သက် အပြစ်တင်ဖို့ ဝေဖန်တာပါပဲ။ ဒါဦးနှောက်မရှိတာပေါ့။ ရှိရဲ့သားနဲ့ သက်သက် Negative ဆန်တာပေါ့။” လို့ပြောပါတယ်။

အရှုံးများတဲ့ စက်ရုံတွေ ဆောက်တာနဲ့ ပတ်သက်လို့ လွှတ်တော်က ဝေဖန်တာကို သူက “အဲဒီလိုဝေဖန်တဲ့ သူတွေက တအား မိုက်ရိုင်းလွန်း အားကြီးတာပေါ့။ မိုက်ရိုင်းတာ မခံနိုင် လို့ ရှင်းပြ ရတာပါ။” ဆိုတဲ့ စကားလုံးပါ ပါတယ်။

လွှတ်တော်အမတ်တွေနဲ့ ပတ်သက်ပြီးတော့လည်း “ဒေသ အသီးသီးက လွှတ်တော် ကိုယ်စားလှယ် ဆိုပြီးရောက်လာတဲ့ လူက စာမှ မတတ် ဆယ်တန်းမှ မအောင်ဘဲ လွှတ်တော်ထဲ လာထိုင်တော့ သူများထဆို မတ်တပ် ထနေတယ်။ သူများထိုင်ဆို ထိုင်နေတယ်။ သူများ ခလုပ်နှိပ်ဆို နှိပ်တယ်။ သူတို့ ဘာမှ မသိတာ။ ဘာတွေပြောနေလဲ သူတို့ နားလည်တာ မဟုတ်ဘူး။ ရမ်းလုပ်နေရတာ၊” ဆိုပြီး ခပ်ကြမ်းကြမ်း ဝေဖန်ပါတယ်။ ခုတော့ ဦးမြင့်လှိုင်အနေနဲ့ လွှတ်တော်ကို မီဒီယာ အသီးသီးကနေ ၀န်ချတောင်းပန်တာတွေ လုပ်လာအောင် အရေးဆိုဖို့ အမတ်တွေ လူစုနေကြပါပြီး။

တချို့ကလည်း တရားစွဲမယ် ဆိုပြီး ပြင်နေကြပါပြီ။ ဘယ်လို ဖြစ်လာမယ် ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအနေနဲ့ သူ့ရဲ့ သြဇာအာဏာ ကို ချဲ့ထွင်လာတဲ့ အခါ အမတ်တွေကလည်း အစိုးရအဖွဲ့အပေါ်
သြဇာညောင်း ဖို့ ကြိုးစားလာတဲ့အခါ အစိုးရအဖွဲ့ဝင် သမ္မတနဲ့ ၀န်ကြီးတွေက မခံမရပ်နိုင် ပြောဆိုကြရင်း ခုလို ပြသနာတွေ တက်လာတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လာမယ့် လွှတ်တော်အစည်းဝေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်ထဲ ရောက်လာမှာမို့ အခြေအနေကို ဆက်လက် စောင့်ကြည့်ရဦး မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုင်းကျော် (DVB)

နေပြည်တော်မဲဆွယ်ပွဲတွင်ခြိမ်းခြောက်ခံရမှုများရှိနေ - စန္ဒာမင်း

နေပြည်တော် (YPI) ဆိုင်းဆွတ်

နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ် အတွင်း အဏာပိုင်များဇ။် အနှောင့်အယှက် အဟန့်အတား အမျိုးမျိုးကြားမှ မဲဆွယ်စည်းရုံးရေးပြုလုပ်နေရသည် ဟု ဇမ္ဗူသီရိ မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီ ကိုယ်စားလှယ်လောင်း မစန္ဒာမင်း ကပြောသည်။

အချို့ ရွာများတွင် အဏာပိုင်များနှင့် ကြံ့ခိုင်ရေးပါတီဝင်များက ရွာသားများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဟောပြောပွဲ များကို တက်ရောက်ခွင့်မပြုခြင်း ၊ ခြိမ်းခြောက်ခြင်းများ ခံနေရသည်ဟု ရှင်းပြသည်။

အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း မစန္ဒာမင်းနေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်တွင် မဲဆွယ်နေစဉ်။ ဓါတ်ပုံ-ဆိုင်းဆွတ်

“ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာရောက်စည်းရုံးမယ်လို့ပြောရင် စည်းရုံးနေစဉ်ရော မစည်းရုံးသေးခင်ရော တချို့သော အဏာပိုင်များက ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ရွာက လျှပ်စစ်မီး ဖြတ်တောက်တာတွေ လုပ်တာခံရတာ တွေရှိပါတယ်” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲ ဥပဒေတွင်ပါရှိသည့် ကော်မရှင်များဖွဲ့စည်းသည်အခါတွင် ဘယ်ပါတီဝင်မှ မဖြစ်စေရဟု ပါရှိထားသော်လည်း  ဇမ္ဗူသီရိ မဲဆန္ဒနယ် ကျေးရွာများကော်မရှင် အဆင့်ဆင့်တွင် ကြံ့ခိုင်ရေးပါတီဝင်များပါဝင် နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေး အဖွဲ့ဝင် တစ်ဦးကလည်း “ ကျွန်တော့်အိမ်ကို ခဲနဲ့ထုခံရတယ် ရပ်ကွက်အုပ်ချူပ်ရေးမှူးကိုတိုင်တော့လည်း ဘာမလုပ်ပေးဘူး ကျွန်တော့်ဘက်ကထုမယ်ဆိုရင် ကျွန်တော်တို့ကို အရေးယူမှာ သေချာတယ်” ဟုပြောသည်။

သဲကြီးကုန်းရွာသည် ရွေ့ပြောင်းအလုပ်သမား အများအပြားနေထိုင်သောရွာဖြစ်သည်။ယင်းရွာ ကို NLD မဲဆွယ်စည်းရုံး ဟောပြောပွဲ ပြုလုပ်ခဲ့စဉ်က အဏာပိုင်အချို့က ရွာသားများကို “ မင်းတို့ဒီဟောပြောပွဲကို မတက်နဲ့ ဟောပြောပွဲတက်ရင် အထုပ်ပြင်ပြီး မင်းတို့ဒီရွာက ပြန်ဖို့ပြင်တော့” ဟု ပြောကြောင်း မစန္ဒာမင်းကပြောသည်။

ဇမ္ဗူသီရိမဲဆန္ဒနယ် ပြန်ကပြေးရွာမှ ကျေးရွာသူတစ်ဦးကလည်း “ ကျွန်မတို့ကို လည်း အမေစုပါတီနောက်လိုက်တဲ့သူတွေကို ဖမ်းမယ်လို့ ရွာမှာပြောနေကြတာ ကျွန်မတို့က အမေစုပါတီမှ အမေစုပါတီဘဲ အမေစုပါတီကိုပဲမဲပေးမှာ သိကြားမင်းဆင်းဖျက်တောင် မပျက်ဘူး” ဟု အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးပြောသည်။

ဇမ္ဗူသီရီမဲဆန္ဒနယ် တွင် မဲပေးနိုင်သူ ၅သောင်းကျော်ရှိပြီး မဲရုံ ၃၆ ထားရှိမည်ဟုသိရှိရသည်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သမတ ဦးသိန်းစိန် မဲပေးသူများဇ။် ၉၁ ရာခိုင်နှုန်းကျော်ဖြင့် နိုင်ခဲ့စဉ်က မဲပေးနိုင်သူဦးရေ ၈ သောင်းကျော် ရှိပြီး ယခုရွေးကောက်ပွဲတွင် ၃ သောင်းကျော် (၃ ပုံတစ်ပုံနီးပါး) လျော့နည်းသွားတာကို တွေ့ရသည်။          ။
by Yangon Press International

ရန်ကုန်တွင် အလှည့်ကျ လျှပ်စစ်မီးပေးဝေမှု ဧပြီ ၂ ရက်စမည်

ရန်ကုန်၊ မတ်- ၃၀
ရန်ကုန်မြို့အတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးဝေမှုကို ဧပြီ ၂ ရက်မှ စတင်၍ အလှည့်ကျမီးပေးစနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌဦးမောင်မောင်လတ်ကပြောသည်။

မီးပေးဝေမှုကို နှစ်စဉ်ကဲ့သို့ A.B.C အုပ်စု (၃)ခုခွဲ၍ မနက် ၅ နာရီမှ ၁၁ နာရီတစ်ကြိမ်၊နေ့လည် ၁၁ နာရီမှညနေ ၅ နာရီတစ်ကြိမ်၊ ညနေ ၅ နာရီမှ ည ၁၁ နာရီ အထိ တစ်ကြိမ်၊ ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ တစ်ကြိမ်နှုန်းဖြင့် အလှည့်ကျ ပေးဝေသွားမည် ဖြစ်သည်။ထို့ကြောင့် အုပ်စုတစ်စု မှာ တစ်ရက်လျှင် ၆ နာရီကြာမီး ပေးချိန်နှစ်ကြိမ်ရမည်ဖြစ်သည်။ 
အုပ်စုခွဲမီးပေးဝေရခြင်းမှာ လျှပ်စစ်သုံးစွဲမှုပမာဏမြင့်တက်လာ ပြီး ထုတ်လုပ်မှုအပိုင်းမှာ တိုး၍ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် ဓာတ်အားလိုအပ်ချက်မြင့်နေသဖြင့် အလှည့်ကျစနစ်အား လုပ်ဆောင်ရခြင်းဖြစ်ကြောင်းဦးမောင်မောင်လတ်ကဆက်လက်ပြောသည်။

နှစ်စဉ်တွင် ဇူလိုင်လမှသာ လျှပ်စစ်မီးအပြည့်ပေးသည့် စနစ်ကို ပြန်လည်စတင်သော်လည်း ယခုနှစ်၌ ဇူလိုင်လမတိုင်ခင်တွင် လျှပ်စစ်မီးအပြည့်ပေးသည့် စနစ်အား ပြန်လည်ကျင့်သုံးနိုင်ဖွယ်ရှိသည်။ သို့သော်အလှည့်ကျမီးပေးဝေမှုအား H အုပ်စုအဖြစ် အရေးကြီး သောနေရာများအား ထိုစနစ်ကျင့်သုံးမည်မဟုတ်ဘဲထိုအုပ်စုဝင်များမှာ လုံခြုံရေးဆိုင်ရာနေရာများ၊ ဆေးရုံများ၊ ပုဂ္ဂလိကဘဏ်များအပါအ၀င် ဘဏ်အားလုံး၊ ဘူတာကြီး၊ ဆက်သွယ်ရေး၊ လေဆိပ်၊ သံရုံး၊ စည်ပင်ရေစက်များ၊ နိုင်ငံပိုင်စက်ရုံ၊ CNG ပေးဝေရာ နေရာများ၊ ရဲဌာနများအား တစ် နှစ်ပတ်လုံး မီးအပြည့်ပေးသွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။
7Day News Journal
 

နိုင်ငံကျော်အဆိုတော် လေးဖြူ သတင်း လုပ်ကြံခံရခြင်း

လေးဖြူနှင့် Iron Cross ပရိသတ်များသို့ ................
ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသော လေးဖြူ၏ အင်တာဗျူးမှာ အမှန်တကယ်
 မေးမြန်းဖြေဆိုထားခြင်း လုံးဝ(လုံးဝ) မဟုတ်ပဲ ရည်ရွယ်ချက်ရှိစွာဖြင့် လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ကြောင်း၊ တရားဥပဒေကြောင်းအရ အမြန်ဆုံး ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း Iron Cross (facebook) စာမျက်နှာ
မှာရေးသားဖော်ပြထားပါတယ်။
Envoy ဂျာနယ်မှာ ဖော်ပြထားတဲ့ လေးဖြူ နှင့် အင်တာဗျူး

စစ်ကိုင်း NLD အောင်နိုင်ရေး ဖျော်ဖြေပွဲ (ရုပ်/သံ)


မတ်လ ၂၈ ရက်နေ့ ၂၀၁၂ နေ့ က စစ်ကိုင်းမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့၏
အောင်နိုင်ရေး ဖျော်ဖြေရေးများပြုလုပ်လျှက်ရှိ
ရာ မြို့ခံလူထုများကလည်း
မြို့လုံးကျွတ်မျှတက်တက်ကြွကြွပါဝင် ပျော်ရွှင်ကြပါသည်။


လမ်းတိုင်းမှာအကျွေးအမွေးများဖြင့်ဧည့်ခံကြရာ တမြို့လုံး ခွပ်ဒေါင်းအလံများဖြင့် 
ရဲပဒေါင်းခတ်ကာ အမေစု သီချင်းများမိုးကောင်းကင်မှဖွင့်နေသည့်အလား
 နေရာတိုင်းတွင်ပြန့်နှံ့လျှက်မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော စစ်ကိုင်းမြို့ဖြစ်နေ
ပါတော့သည်။
 
 ညနေပိုင်းတွင်လည်း ရုပ်ရှင်၊ဂီတ အနုပညာရှင်များ၏အောင်နိုင်ရေးဂီ
တဖျော်ဖြေပွဲ
ကိုဧရာဝတီမြစ်ကမ်းဘေးသဲသောင်ပြင်တွင်ပြုလုပ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
နာယကကြီးဦးဝင်းတင် လာရောက်ချီးမြှောက်ပြီး ထောက်ခံမဲပိုင်ရှင်သိန်းနှင့်ချီသော
စစ်ကိုင်းလူထုပရိသာတ်ကြီး၏ပျော်
ရွှင်တက်ကြွသောဟစ်အော်သံများမှာ
ဧရာဝတီမြစ်ရေများပင်လှုပ်ခတ်သွ
ားသည့်အလားထင်မှတ်ရပါတော့သည်။

သားစု (စစ်ကိုင်း) Myanmar News Now



လက်ထပ်ထားသော မြန်မာ အမျိုးသမီးအား ကုမ္ပဏီ အမည်ခံ ခိုင်းထား သည့် နိုင်ငံခြားသားများ လုပ်ငန်း၏ ၅ဝ ရာခိုင်နှုန်း ဇနီးကို ပေးရမည်

မြန်မာ အမျိုးသမီးနှင့် လက်ထပ်ကာ ၄င်းအား ကုမ္ပဏီ အမည်ခံ ခိုင်း ထားသော နိုင်ငံခြားသားများ အနေဖြင့် လုပ်ငန်း ပိုင်ဆိုင်မှု၏ ၅ဝ ရာခိုင်နှုန်း အား ဇနီးဖြစ်သူ အားပေး ရမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်လိုက်သည်။
''မြန်မာ အမျိုးသမီးက လူပဲ ပေးထားရတယ်။ သူ့ဘဝတစ်ခုလုံး ရင်းထားရတဲ့ အတွက် တစ်ဝက်ပေးဖို့ ထိုက်တန်တယ်လို့ ဆုံးဖြတ်ထားတဲ့ အတွက်ကြောင့် ပါ'' ဟု ကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
မတ်လ ၂၄ ရက်နေ့ ကုန်သည်/ စက်မှု အသင်းချုပ်၌ ကျင်းပသည့် အသင်းအဖွဲ့ ကိစ္စနှင့် ကုမ္ပဏီများ ဆိုင်ရာ မှတ်ပုံတင်ခြင်း ကိစ္စ ဆွေးနွေးပွဲ၌ အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံသား အမည်ခံ၍ နိုင်ငံ၌ ဝင်ရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားသား များ အနေဖြင့် တရားဝင် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိ လာစေရန် ရည်ရွယ်မှုဖြင့် ထုတ်ပြန်ခဲ့သော အမိန့် ကြော်ငြာစာ အရ ဖြစ်ကြောင်း သိရသည်။
နိုင်ငံသားအား တရားဝင် မွေးစားမှုဖြင့် နာမည်ခံ ခိုင်းကာ လုပ်ဆောင်နေ ကြသည့် နိုင်ငံခြားသား များ အနေဖြင့်လည်း ယင်းကဲ့သို့ ကုမ္ပဏီ ပိုင်ဆိုင်မှု အချို့အား လွှဲ ပြောင်းပေး ရမည် ဖြစ်သော်လည်း ခွဲပေးရမည့် ပမာဏကိုမူ ကော်မရှင် မှ လတ်တလော သတ်မှတ် ပေးထားခြင်း မရှိဟု ဦးအောင်နိုင်ဦး က ဆက်လက်ပြောသည်။
''ဒါကတော့ သူတို့ဘာသာ သူတို့ ညှိကြရမယ်။ နောက်တစ်ခု က နိုင်ငံသားက နည်းနည်း ပဲ ပါတယ်။ နောက်ပြီး နိုင်ငံသားက ရှယ်ယာ လုံးဝမပါဘူး။ ဒါတွေကို လည်း ပြောင်းလဲပြီးရင် ဖက်စပ် လုပ်ကိုင်ကြရမယ်'' ဟု ဦးအောင် နိုင်ဦး က အမိန့် ကြော်ငြာစာပါ အချက်အလက် များကို ပြောသည်။
ပထမအဆင့် အနေဖြင့် ဆွဲ ဆောင်မှု၊ စည်းရုံးမှု၊ ပညာပေးမှု များ ဖြင့် ပူးပေါင်းလာစေရန် ဆောင်ရွက် သွားမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှု ကော်မရှင်မှ သိရသည်။
မည်သို့ပင် လုပ်ငန်း ဆောင်ရွက် ခဲ့သည်ဖြစ်စေ နာမည်ခံ ခိုင်းသူအား ကာလတန်ဖိုး အတိုင်း အရောင်း အဝယ် ပြုလုပ်ပေးရမည် ဖြစ်သည့် အပြင် နိုင်ငံခြားသား များမှ ၃၅ ရာခိုင်နှုန်း အောက် ရင်းနှီးမှုပြု ထားပါက အပြီး ရောင်းချပေး ရမည်ဟု ဦးအောင်နိုင်ဦးက ထပ်လောင်း ပြောသည်။
ထိုကဲ့သို့ လုပ်ငန်းများ အမည် လွှဲပြောင်းစဉ် ကာလ တစ်လျှောက် လုပ်ငန်း လည်ပတ်မှုကို ရပ်နားထား သည်ဖြစ်စေ၊ လုပ်ကိုင်နေသည် ဖြစ်စေ၊ လုပ်သား များအား လစာ အပြည့်အဝ ပေးထားရမည့် အပြင် မူလ ခန့်ထားသော လုပ်သား များ အား လျှော့ချခြင်းလည်း မရှိစေရ ဟု ဦးအောင်နိုင်ဦးက ပြောသည်။


ပေါ်ပြူလာဂျာနယ် (ဖေ့စ်ဘုတ်)

နန်းဂိုဖန်း၏ ခင်ပွန်းဂျပန်လူမျိုးက နန်းဂိုဖန်းအား စစ်ဆေးခဲ့သူကို အထက်မှစစ်ဆေးပေးရန် တောင်းဆိုလျက်ရှိ

မတ်လ ၂၄ ရက်နေ့ မနက်အစောပိုင်းတွင် စသုံးလုံး ရုံးအပေါ်ထပ်မှ ပြုတ်ကျသေဆုံးသွားသော နန်းဂိုဖန်း၏
ခင်ပွန်းဖြစ်သူ ဂျပန်လူမျိုးမှ  သေဆုံးသူမိန်းကလေးအားစစ်ဆေးခဲ့သူကို အထက်မှစစ်ဆေးပေးရန် တောင်းဆိုလျက်ရှိကြောင်းသိရှိရသည်။
 “လူတစ်ယောက်ကိုအဲ့ဒီလိုထားထားတာ ထောင်ထဲထည့်ထားတာနဲ့တူတူပါဘဲ ၊ မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံမဟုတ်ဘူးလား၊ လူတယောက်ကို ၂ နာရီလောက်ပဲ အနားပေးပြီး စစ်ဆေးတာ လူမဆန်ဘူး၊ လူ့အခွင့်ရေးကို ချိုးဖောက်တာပဲ ” ဟု သေဆုံးသူမိန်းကလေး၏ ခင်ပွန်းဖြစ်သူ ဂျပန်လူမျိုး မစ္စတာ နာမာဆယ်မိုတိုဟိကို ကပြောသည်။
အဆိုပါ မိန်းကလေး၏ ခင်ပွန်းဖြစ်သူမှာ မိန်းကလေး၏ ဈာပနာအတွက် မြန်မာနိုင်ငံသို့လာခဲ့ခြင်းဖြစ်ကြောင်း၊
ထို ဂျပန်လူမျိုး ခင်ပွန်းဖြစ်သူ ဟိုတယ်၌ တည်းနေစဉ်လည်း စသုံးလုံးမှ လာရောက် တွေ့ဆုံခဲ့ကြောင်း အဆိုပါ
ဂျပန်အမျိုးသားက ပြောသည်။
မနန်းဂို ဖန်းအားစသုံးလုံးမှ ခေါ်ယူခြင်းမှာ ၎င်းနာမည်နှင့် ၀ယ်ထားသော မြေကွက်များအတွက် မေးမြန်းစုံစမ်း
ရန်ဖြစ်ပြီး မတ်လ ၂၁ ရက်နေ့တွင် မအိအိအောင်နှင့် မနန်းဂိုဖန်း အားခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“နန်းဂိုဖန်းက အဲ့ဒီညမှာ ပထမတစ်ခေါက်အန်တယ် ၊သူ့နောက်ကို အစောင့်တွေလိုက်သွားတယ် ကျွန်မလိုက်
ခွင့်မရှိဘူး ၊ နောက်တစ်ခေါက် ၀ရန်တာဘက်သွားအန်ပြန်တယ် အဲ့တစ်ခေါက်တော့ အစောင့်တွေလိုက်သွား
လား မလိုက်သွားလားမသိဘူး သူတို့ရဲ့  မရှိတော့ဘူး မရှိတော့ဘူးဆိုတဲ့ အော်သံကြားပြီးတော့ တိုက်အောက်
ကနေ နန်းဂိုဖန်း ရဲ့ အော်သံကြားရတယ်” ဟု နန်းဂိုဖန်း၏ သူငယ်ချင်းဖြစ်အမဖြစ်သူ မအိအိအောင်က ပြောသည်။

အဆိုပါ မိန်းကလေးမှာ မြန်မာစကား ကောင်းကောင်းမတက်သောကြောင့် မအိအိအောင်မှ ရှမ်းဘာသာပြန်နှင့်မေးမြန်းရန်ပြောရာ စသုံးလုံးမှ ၎င်းတို့တွင် ရှမ်းဘာသာပြန်မရှိကြောင်း ပြန်ပြောခဲ့ကြောင်းကို မအိအိအောင်၏ ပြောကြားချက်အရသိရသည်။
အဆိုပါ မနန်းဂိုဖန်း နာမည်နှင့် ၀ယ်ထားသော အိမ်ခြံမြေများမှာ ယခုအခါတွင် ကျပ်သိန်းသုံးသောင်းခန့်တန်ဖိုး
ရှိနေပြီး အဆိုပါ အိမ်ခြံမြေများကို Unity အိမ်ခြံမြေ အကျိုးဆောင်နှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
 ကောင်းမြတ်ဖြိုး(မြစ်မခ)

ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာရေး အဖွဲ့တွေ ရောက်ရှိ


မြန်မာနိုင်ငံမှာ ဧပြီလတစ်ရက်နေ့ကျရင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် ဖို့အတွက် အခုဆိုရင် နိုင်ငံတကာ အဖွဲ့တွေ ရန်ကုန်မြို့မှာ ရောက်နေကြပါပြီ။ ဖိတ်ကြားထားတဲ့ အတိုင်းပဲ နိုင်ငံတကာ သံတမန်တွေနဲ့အတူ သက်ဆိုင်ရာ သတင်းမီဒီယာတွေလည်း ပါဝင်လာကြပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်ကတော့ နိုင်ငံတကာ ရွေးကောက်ပွဲတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့နှစ်ခုက ကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို ရောက်နေပါပြီ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့အတွက် ဒေါက်တာ Mely Anthony ဦးဆောင်တဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးကတော့ ဒီနေ့ညနေပိုင်း ရန်ကုန်မြို့ကို ရောက်လာပါပြီ။ အခြား နိုင်ငံအသီးသီးက လေ့လာရေးအဖွဲ့အချို့လည်း ရန်ကုန်ကို ရောက်ရှိနေပြီး ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်ကတော့ နိုင်ငံတကာရွေးကောက်ပွဲတွေကို လေ့လာ စောင့်ကြည့်နေတဲ့ NDI (National Democratic Institute) နဲ့ IRI (International Republican Institue) က ကိုယ်စားလှယ်နှစ်ဦး သွားရောက်မှာဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ NDI ရဲ့ အာရှဒေသဆိုင်ရာညွန်ကြားရေးမှုး Peter Manikas နဲ့ IRI ရဲ့ အာရှအစီအစဉ် ညွန်ကြားရေးမှူး Johanna Kao တို့ နှစ်ဦးဟာ အခု မတ်လ ၂၈ ရက်နေ့ကနေ ဧပြီ ၃ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း မဲရုံတွေကို လေ့လာစောင့်ကြည့်သွားမယ်လို့ NDI ပြောခွင့် ရသူက ပြောပါတယ်။ ဒါပေမယ့်လည်း ၂၀၀၅ ခုနှစ်တုန်းက ကုလသမဂ္ဂက ရေးဆွဲသတ်မှတ်ထားတဲ့ နိုင်ငံတကာစံနှုန်းအတိုင်း ရွေးကောက်ပွဲစောင့်ကြပ်မှုမျိုးတော့ လုပ်နိုင်မယ့် အခြေအနေမရှိဘူးလို့ ဆိုပါတယ်။ အဲဒီ စံနှုန်းအရဆိုရင်တော့ ရွေးကောက်ပွဲမတိုင်ခင် လနဲ့ချီပြီး အခြေအနေတွေကို စောင့်ကြည့်ရတာမျိုး၊ နိုင်ငံအနှံ့က ရွေးကောက်ပွဲကို စောင့်ကြည့်နိုင်ဖို့ လုံလောက်တဲ့ လူအင်အား သုံးသပ်မှုထားရှိတာမျိုး စတဲ့ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာစောင့်ကြည့်မှု သတ်မှတ်ချက်တွေ လိုအပ်ပါတယ်။
ဒါပေမယ့်လည်း လာမယ့် ၂၀၁၅ ခုနှစ်လုပ်မယ့် ရွေးကောက်ပွဲအတွက် အခုလုပ်မယ့် ရွေးကောက်ပွဲ အတွေ့အကြုံတွေကို စောင့်ကြည့်သွားမှာဖြစ်တယ်လို့ NDI ပြောခွင့်ရသူ Rob Runyan က ပြောပါတယ်။
“NDI ရော IRI ပါ ကြားဖြတ်ရွေးကောက်ပွဲကို သွားရောက်ကြည့်ရှုခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာလည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် NDI ရော IRI နှစ်ခုစလုံးက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပုံ၊ ကျင်းပနည်းကနေ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီးကျင်းပရာမှာ ဘယ်လို အထောက်အကူပေးနိုင်မယ်ဆိုတာကို အထူး စိတ်ဝင်စားပြီး မြန်မာနိုင်ငံမှာ ပိုပြီးကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကိုလည်း ဦးတည်စေမယ်ဆိုတာ မျှော်လင့်ပါတယ်။”
မနက်ဖြန် မတ်လ ၂၉ ရက်နေ့မှာတော့ အဲဒီ သံတမန်အားလုံးကို မြန်မာနိုင်ငံရေးဝန်ကြီးဌာနက ခေါ်ယူထားပါတယ်။ အဲဒီမှာ ရွေးကောက်ပွဲလေ့လာရေး စီစဉ်မှုနဲ့ပတ်သက်လို့ ရှင်းပြဖို့ရှိပြီး အဲဒီကျမှ လေ့လာရေးအဖွဲ့တွေအနေနဲ့ ဘယ်နေရာကို ဘယ်လို သွားရောက်မလဲဆိုတာ ဆွေးနွေး ဆုံးဖြတ်ဖွယ် ရှိပါတယ်။ နိုင်ငံအများစု ရွေးကောက်ပွဲကို လေ့လာဖို့ သီးခြားကိုယ်စားလှယ်အဖွဲ့ စေလွှတ်တာရှိသလို အချို့နိုင်ငံတွေကတော့ သက်ဆိုင်ရာသံရုံးကနေ တာဝန်ယူပြီး လေ့လာစောင့်ကြည့်မှာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင်သံရုံးကနေ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် သွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr.Raul Hernandez က ပြောပါတယ်။
“မြန်မာအာဏာပိုင်တွေအနေနဲ့ အခုလို ရွေးကောက်ပွဲစောင့်ကြည့်ရေး နိုင်ငံတကာကို ဖိတ်ကြားရာမှာ သံတမန်တွေတင်မဟုတ်ဘဲ နိုင်ငံလွှတ်တော်အမတ်တွေနဲ့ သတင်းမီဒီယာတွေကိုပါ ဖိတ်ကြားခဲ့ပါ တယ်။ ဖိလစ်ပိုင်ကို ကိုယ်စားပြုပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး ဟယ်လန် ဒလာဘေးကား ဦးဆောင်တဲ့ လေးဦးပါ အဖွဲ့က ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သွားမှာပါ။ ဖိလစ်ပိုင်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်ပြီး ပါလီမန်ကိုယ်စားလှယ် အဖွဲ့ကလည်း မြန်မာရွေးကောက်ပွဲစောင့်ကြည့်ဖို့ သွားရောက်ပါလိမ့်မယ်။ ဒီ စောင့်ကြည့်ရေး အဖွဲ့တွေနဲ့ အတူ ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံးရုပ်သံဌာနကလည်း သတင်းသမားတွေ သွားရောက်ပါလိမ့်မယ်။”
ဂျပန်နိုင်ငံဘက်ကတော့ ဂျပန်နိုင်ငံခြားရေးရုံးနဲ့ ဂျပန်သံရုံးက ကိုယ်စားလှယ် သုံးဦးကို စေလွှတ် စောင့်ကြည့်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတမှုဖြစ်စေလိမ့်မယ်လို့ ဂျပန်နိုင်ငံအနေနဲ့ မျှော်လင့်တဲ့အကြောင်းလည်း ပါရှိပါတယ်။ အိန္ဒိယနိုင်ငံဘက်ကတော့ မဏိပူရ်နဲ့ အာသံဒေသ ရွေးကောက်ပွဲကြီးကြပ်ရေးအရာရှိနှစ်ဦးကို အိန္ဒိယနိုင်ငံကို ကိုယ်စားပြုပြီး စေလွှတ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ အလားတူလိုပဲ ကုလသမဂ္ဂ လေ့လာရေးကိုယ်စားလှယ်အဖွဲ့တွေလည်း မနက်ဖြန် မနက်ပိုင်း မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ သူတို့လေ့လာတွေ့ရှိချက်တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ပြန်လည် အစီရင်ခံရမှာဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူတဦးဖြစ်တဲ့ Eri Kaneko က ပြောပါတယ်။
“မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်က ကိုယ်စားလှယ်အဖွဲ့ သွားရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအဖွဲ့အနေနဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်သွားမှာဖြစ်ပြီး အချုပ် သုံးသပ်ချက်ကို အတွင်းရေးမှူးချုပ်ကို ပြန်လည် အစီရင်ခံမှာဖြစ်ပါတယ်။”
အမေရိကန်ပြည်ထောင်စုဘက်မှာတော့ အမေရိကန်အစိုးရရဲ့ကမ်းလှမ်းမှုနဲ့ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့နှစ်ခုက ကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲဟာ မြန်မာသမိုင်းအတွက် အရေးကြီးတဲ့ မှတ်ကျောက်ဖြစ်မယ်လို့ သံတမန်တွေက ယူဆပါတယ်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr.Raul Hernandez ကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ အခုလို နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေကို ဖိတ်ခေါ်တာဟာ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးမှုဖြစ်တယ်လို့ ပြောပါတယ်။
“ဧပြီ ၁ ရက်နေ့လုပ်မယ့် ပါလီမန်ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးဆုံးဖို့ ဖိလစ်ပိုင်နိုင်ငံက မျှော်လင့်ထားပါတယ်။ ဒီရွေးကောက်ပွဲဟာ မြန်မာသမို်င်းရဲ့ နောက်ထပ် မှတ်တိုင်တခုဖြစ်ပါလိမ့်မယ်။ အထူးသဖြင့်ကတော့ အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အခြားနိုင်ငံရေးပါတီတွေ ပါဝင်လာတာကြောင့်ပါ။ အခုလို ရွေးကောက်ပွဲကျင်းပနေစဉ်မှာ အခြားနိုင်ငံတကာကို လေ့လာ စောင့်ကြည့်နိုင်ဖို့ ဖိတ်ကြားတဲ့အတွက်လည်း အားတက်ကျေနပ်မိပါတယ်။ မြန်မာအာဏာပိုင်တွေ အနေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်ခွင့်ရဖို့ နိုင်ငံတကာရဲ့တောင်းဆိုချက်ကို လိုက်လျောလိုက်တာပါ။”
ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် နိုင်ငံတကာသံတမန်တွေ၊ သတင်းမီဒီယာတွေအနေနဲ့ ဘယ်လို ပုံစံနဲ့ ဘယ်နေရာကို သွားရောက်ကြမလဲဆိုတာ မနက်ဖြန် မြန်မာနိုင်ငံခြားရေးဌာနနဲ့ တွေ့ဆုံပြီးမှ ရှင်းရှင်းလင်းလင်း ဖြစ်လာမယ့် သဘောရှိပါတယ်။ နေရာတိုင်းကို လွတ်လွတ်လပ်လပ် သွားရောက်နိုင်ဖို့တော့ မျှော်လင့်ထားကြပါတယ်။ အများစုကတော့ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကအခြေအနေကို ပိုပြီး အာရုံစိုက်ကြဖွယ်ရှိပါတယ်။ အခု ဒီရွေးကောက်ပွဲကလည်း အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတာကြောင့်လည်း နိုင်ငံတကာက ပိုပြီးတော့ စိတ်ဝင်စားနေကြပါတယ်ခင်ဗျား။

VOA

နန်းဝိုးဖန် မိသားစုဝင်များက ရှင်းလင်းပွဲပြုလုပ်

ဂျပန်နိုင်ငံသား နာမာဆေးမိုတိုဟီကိုအား သတင်းထောက်များမှ မေးမြန်းနေစဉ်
ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ အမျိုးသမီးတစ်ဦးအား ခေါ်ယူစစ်ဆေး မေးမြန်းနေသည့်ကာလအတွင်း ယင်းအမျိုးသမီးသည် ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနရုံး ပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့သည့် ဖြစ်စဉ် မတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုဝင်များက ရှင်းလင်းပွဲတစ်ခု မတ်လ ၂၈ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မတ် လ ၂၁ ရက်နေ့မှစတင်၍ အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာနက မနန်းဝိုးဖန် ၀ယ်ယူထားသော မြေကွက်ကိစ္စများနှင့် ပတ်သက်၍ ခေါ်ယူစစ်ဆေးနေရာမှ မတ်လ ၂၄ ရက်နေ့ နံနက် ၅ နာရီ အချိန် ခန့်၌ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန အဆောက်အဦး၏ ငါးလွှာရှိ ပြတင်းပေါက်မှ ပြုတ်ကျခဲ့ပြီး နံနက် ၆ နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သေဆုံးသူ မနန်းဝိုးဖန် (အသက် ၂၀ နှစ်)သည် တာချီလိတ်မြို့နယ် နေသူဖြစ်ကြောင်း၊ ဂျပန်အမျိုးသားတစ်ဦးနှင့် လွန်ခဲ့သော သုံးနှစ်ခန့်က ရှမ်းရိုးရာဖြင့်သာ လက်ထပ်ထားသူ တစ်ဦးဖြစ်ကြောင်း၊ မြေကွက်များကို ၀ယ်ယူထားသူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
''မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီလောက်က (စ.စ.စ)လုံးကိုသွားတော့ ကျွန်မနဲ့ နန်းဝိုးဖန်ကို တစ်ခန်းစီ ခွဲစစ်တယ်။ အဲဒီက နန်းဝိုးဖန်တို့ ၀ယ်ထားတဲ့ မြေကွက်တွေနဲ့ ပတ်သက်ပြီးတော့ စီးပွားရေး လမ်းကြောင်းအရ စစ်တယ်လို့ ပြောတယ်။ ကျွန်မကို ဘာကြောင့် စစ်တာလည်း မသိလို့ မေးကြည့်တော့ အမှုနဲ့ပတ်သတ်နေတဲ့အတွက် ကိုယ်သိသလောက် ပြောပေးဖို့ ပြောတယ်။ ကျွန်မ သိတာတွေကို ပြောပြရတယ်။ အဲဒီနေ့ညမှာဘဲ နန်းဝိုးဖန်တည်းတဲ့ ဟိုတယ်မှာ သက်ဆိုင်ရာလူကြီးတွေနဲ့ သွားပြီးတော့ ရှိသမျ စာရွက်စာတမ်းတွေကို သိမ်းလိုက်တယ်။ ပြီးတော့ နန်းဝိုးဖန်က ဗဟန်းမှာ တိုက်ခန်းတစ်ခန်း ဌားထားတာရှိတယ်။ တိုက်ခန်းထဲက စာရွက် စာတမ်းနဲ့ လိုအပ်တာတွေ အကုန်လုံးကို ယူတယ်။ အဲဒီအချိန်မှာ ကျွန်မက အောက်မှာ အစောင့်တွေနဲ့ ကျန်ခဲ့တယ်။ နန်းဝိုးဖန်း တစ်ယောက်တည်း အပေါ်ကို ပါသွားတယ်။ ပြန်ဆင်းလာတော့ သူကငယ်လည်း ငယ်တော့ အရမ်းကို ကြောက်ပြီး ငိုနေတယ်။ ကျွန်မက အဲဒီချိန်မှာတော့ သူ့ကို ပြောလိုက်ပါတယ်။ စီးပွားရေးအရ ဖြေရှင်းတာ ဖြစ်တဲ့အတွက် မကြောက်ဖို့ကိုလည်း ပြောလိုက်ပါသေးတယ်''ဟု မနန်းဝိုးဖန်၏ အိမ်ခြံမြေကိစ္စများတွင် ဆောင်ရွက် ပေးခဲ့သော ရှေ့နေဖြစ်သူ မအိအိအောင်က ပြောကြားခဲ့သည်။
၎င်းကဆက်လက်၍ ''နောက်နေ့က စပြီး သူ့ကို စကားပြောလို့ မရတော့ဘူး။ လက်ဟန်နဲ့ဘဲ ပြောလို့ရတော့တယ်။ သူ့အနောက်မှာ တစ်ယောက် အမြဲတန်းပါတယ်။ ကျွန်မလည်း အိမ်သာသွားမလို့ ထတာနဲ့ တစ်ယောက် ကပ်လိုက်လာတယ်။ အမှန်တစ်ကယ်က မတ်လ ၂၂ ရက်နေ့ နေ့လည်ကတည်းက ကျွန်မကို ပြန်ခိုင်းတယ်။ ကျွန်မနဲ့ မဆိုင်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မက မပြန်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နန်းဝိုးဖန်း ရန်ကုန်  ဆင်းလာတဲ့ အချိန်ကတည်းက ကျွန်မနဲ့အတူနေတာ လေးလလောက် ရှိပြီဆိုတော့ အဲဒီမှာဘဲ အတူတူ ဆက်နေလိုက်တယ်။
အဲဒီမှာဘဲ ညဘက်မှာ ခုံတွေဆက်ပြီး ညအိပ်တယ်။ သူက ရှမ်းလူမျိုးဖြစ်တဲ့အတွက် ဗမာစကား ကောင်းကောင်း မပြောနိုင်တဲ့အတွက်ကို ရှမ်းစကားပြန်နဲ့ စစ်ပေးဖို့ ပြောသေးတယ်။ ဒါပေမဲ့ သူတို့ဆီမှာ မရှိဘူးလို့ပြော တယ်။ သူက ခုန်ချတာတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူက အရမ်းကြောက်တတ်တယ်။ မတ်လ ၂၃ ရက်နေ့မှာဘဲ သူမူးလို့ဆိုပြီး သကြားရည် ဖျော်သောက်တယ်။ ပြီးတော့ အဲဒီနေရာမှာဘဲ မူးလှဲ သွားတယ်။ သူက သွေးပေါင်ကျတတ်တယ်။ အဲဒီက လူကြီးတစ်ယောက်က သွေးပေါင် လာတိုင်းတယ်။ သွေးပေါင်ချိန်က ပုံမှန်ပါဘဲလို့ ပြောတယ်။ လူကတော့ ဖြော့တော့တော့ ဖြစ်နေတယ်။
၂၃ ရက်နေ့ညက အစောင့်တွေနဲ့ အိမ်ပြန်ပြီး ရေမိုးချိုး မုန့်ထွက်စားကြတယ်။ ပြီးတော့ ဟော့ပေါ့စားတယ်။ တော်တော်များများကို စားတယ်။ ကျွန်မက သူ့ကို သိပ်မစားဖို့လည်း ပြောတယ်။ စားပြီး ပြန်လာတော့ သူ့ကိုစစ်ဖို့ လုပ်တဲ့အချိန် အိပ်ပျော်နေတယ်။ ၂၄ ရက်နေ့ မနက် ၄ နာရီလောက်မှာ ကျွန်မနိုးတော့ ကြည့်လိုက်တဲ့အချိန်မှာ အစောင့်နှစ်နဲ့ သူနဲ့ ရှိနေတယ်။ သူက ကျွန်မအိပ်တဲ့နေရာရဲ့ ခေါင်းရင်းမှာ အင်္ဂျာီ အစိမ်းရောင်လေးနဲ့ ထိုင်နေတာ တွေ့ရတယ်။ ပြီးတော့ သူက ဗိုက်နာတယ်ဆိုပြီး အိမ်သာသွားတယ်လို့ အစောင့်တွေက ပြောတယ်။ အန်မယ်လို့ ပြောပြီး ရှေ့ပြတင်းပေါက်မှာ သွားအန်တယ်။ ကျွန်မကတော့ လိုက်လို့မရဘူး။ ပြီးတော့ သူပြန်လာတယ်။ ကျွန်မကလည်း ပြန်ပြီး အိပ်လိုက်တဲ့အချိန်မှာ မှေးကနဲ အိပ်ပျော်သွားတယ်။ အဲဒီမှာ ဖိနပ်သံတစ်ခုကို ကြားလိုက်တယ်။ အန်မယ်ဆိုတဲ့ အသံကိုတော့ တိုးတိုးလေး ကြားလိုက်ရတယ်။ ပြီးလည်း ပြီးတော့ လှစ်ခနဲ ထွက်သွားတာ တွေ့လိုက်ရတယ်။ အဲဒီချိန် ကျွန်မကလည်း အစောင့်တွေကို အန်မယ်ဆိုပြီး ထွက်သွားပြန်ပြီးနဲ့တူတယ်လို့ ပြောလိုက်သေးတယ်။ ဒုက္ခပါဘဲတော် မရှိတော့ဘူး မရှိတော့ဘူးဆိုပြီး အသံတစ်ခု ကြားလိုက်တယ်။ အစောင့်တစ်ယောက်က လာကြည့်ကြည့်ဆိုပြီး ကျွန်မကိုပြတယ်။
ပြီးတော့မှ ထမီစအစိမ်းလေးဘဲ မြင်လိုက်ရတယ်။ ကျွန်မတို့ ဆင်းကြည့်တယ်။ အဲဒီချိန်မှာသူက ၀ူးဝူးဝါးဝါး အော်နေတာကိုဘဲ တွေ့ရတယ်။ ပြီးတော့ ဆေးရုံကိုပို့ လိုက်တယ်။ ကျွန်မလိုက်မေးကြည့်တော့ မနက် ၉ နာရီလောက်အထိကို အကုန်လုံးက မသေသေးဘူးလို့ ပြောကြတယ်''ဟု ပြောကြားခဲ့သည်။ ထို့အပြင် မနန်းဝိုးဖန်၏ ဖခင်ဖြစ်သူ ဦးအိုက်ခန်းကလည်း ''သမီးနဲ့ ဂျပန်နိုင်ငံသားတို့က ရှမ်းရိုးရာအနေနဲ့ လက်ထပ်ထားတာပါ။ မတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီလောက်မှာ သမီးနေမကောင်းဘူးလို့ သူ့အစ်မဆီကို (စ.စ.စ) လုံးက အကြောင်းကြားတယ်။ ည ၇ နာရီ လောက်မှာ ဆုံးသွားပြီလို့ ပြောတယ်။ သမီးက တာလော့မှာ အလုပ်သွားလုပ်ရင်း ဂျပန်နိုင်ငံသားနဲ့ တွေ့ခဲ့တာပါ။ လွန်ခဲ့တဲ့ သုံးနှစ်ကပါ။ စိတ်ကတော့ မပျော်ဘူး။ ခါတိုင်းလာတုန်းက သမီးကိုတွေ့ရတယ်။ ဒီတစ်ခါလာတော့ သမီးကို မတွေ့ရဘူး'' ဟု ပြောကြားခဲ့သည်။
ထို့နောက် မနန်းဝိုးဖန်၏ အမျိုးသားဖြစ်သူ ဂျပန်နိုင်ငံသား နာမာဆေးမိုတိုဟီကိုကလည်း '' အိမ်ခြံမြေ ကိစ္စတွေနဲ့ ပတ်သက်ပြီး (စ.စ.စ) က စစ်နေတာကို သိတယ်။ နန်းဝိုးဖန် နာမည်သုံးပြီး ၀ယ်တယ်ဆိုတာကို အဓိက ထားပြီး စစ်တယ်။ နန်းဝိုးဖန် နာမည်ကို ကျွန်တော်သုံးပြီး ၀ယ်တာ မဟုတ်ပါဘူး။ မိန်းမတစ်ယောက်အနေနဲ့ အကုန်ပေးခဲ့တာပါ။ အဲဒါကြောင့်မလို့လည်း  စာချုပ်စာတမ်းတွေ အကုန်ပေးထားတာပါ။ တကယ်လို့သာ အမည်ခံသာဆိုရင် နန်းဝိုးဖန်လက်ထဲမှာ ဒီစာချုပ်စာတမ်းတွေ ရှိနေစရာ အကြောင်းမရှိဘူး။ အိမ်ခြံမြေ ကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ သက်ဆိုင်ရာကို မေးကြည့်တဲ့အခါမှာ အထက်ကို တင်ပြရမယ်လို့ပြောတယ်။ သူတို့ ဆုံးဖြတ်ချက်ချမလား။ ဒါမှမဟုတ် အဖေကို ပေးမလား။ အမေကို ပေးမလား။ စစ်ဆေးရေးကာလ သုံးရက်မှာ တစ်နေ့ကို နန်းဝိုးဖန်ကို ၂ နာရီလောက်ဘဲ ပြန်ခွင့်ပေးတယ်။ ၁၉ နှစ်အရွယ် မြန်မာလိုကလည်း မကျွမ်းဘူး။ ရှမ်းစကားဘဲ တတ်တယ်။ အနားမှာလည်း စကားပြန်မရှိဘူး။ ဒီနိုင်ငံက ဒီမိုကရေစီနိုင်ငံ မဟုတ်ဘူးလား။ ရန်ကုန်က မြန်မာတစ်ယောက်ဆိုရင် ဒီလိုဘဲ ခေါ်စစ်မှာလား။ ဘာကြောင့်လည်းဆိုရင် တစ်ရက်ကို နှစ်နာရီဘဲ ပြန်ခွင့်ပေးတယ်ဆိုတာ ထောင်ထဲ ထည့်ထားတာနဲ့ အတူတူဘဲ။ ကျွန်တော်ကတော့ ဖိအားဒဏ်တွေများပြီး သူ့ကိုသူ သေကြောင်းကြံသွားတယ်လို့ ထင်တယ်။ ဒါကြောင့်မလို့ ကျွန်တော်မိန်းမကို စစ်ဆေးခဲ့သူကို အထက်လူကြီးတွေက ပြန်ပြီးစစ်ဆေးချင်ပါတယ် ''ဟု ပြောကြားခဲ့သည်။
''ဘယ်ဌာနဆိုင်ရာမဆို  ပြည်သူတစ်ဦးကို ခေါ်ယူစစ်ဆေးတာ ချုပ်နှောင်တာ လုပ်မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၆ နဲ့  ညီမညီ သတိပြုရမှာဖြစ်ပါတယ်''ဟု ရှေ့နေတစ်ဦးက ဆိုပါသည်။ ''နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူ အကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပို၍ ချုပ်နှောင် ခြင်းမပြုရ''ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၇၆ အရ သိရသည်။
ရဲထံ သတင်းပေးခြင်းနှင့် ရဲတို့ စုံစမ်းထောက်လှမ်းရန် အာဏာများ အခန်း၁၄ အရ စုံစမ်းထောက်လှမ်းခြင်းပြုသော မည်သည့် ရဲအရာရှိမဆို သို့မဟုတ် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက ယေဘုယျ၊ သို့မဟုတ် အထူးအမိန့်ဖြင့် သတ်မှတ် သည့် အဆင့်ထက် မနိမ့်သော ရဲအရာရှိတစ်ဦးသည် အဆိုပါအရာရှိ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လျက် အမှု၏ အကြောင်းအချင်းအရာနှင့် အဖြစ်အပျက် အကြောင်းအရာများကို သိကျွမ်းသည်ဟု ထင်မြင်ယူဆရသော မည်သူ့ကိုမဆို နှုတ်ဖြင့် စစ်မေးနိုင်ကြောင်း သိရသည်။
ထိုသို့ စစ်မေးခြင်းခံရသူသည် အမှုနှင့် စပ်လျဉ်း၍ မိမိအပေါ် ပြစ်မှုကြောင်းအရ စွဲဆိုခြင်း၊ ပြစ်ဒဏ်စီရင်ခြင်း သို့မဟုတ် ခံဝန်အရ ပေးလျော်စေခြင်း ဖြစ်စေမည့် မေးခွန်းများကို ဖြေဆိုရန် တာဝန်မရှိကြောင်း ပြစ်မှုဆိုင်ရာ ပြစ်ထုံးပုဒ်မ ၁၆၁ အရ သိရသည်။

မည်သည့် ရဲအရာရှိ သို့မဟုတ် အခွင့်အာဏာရှိသူ အခြားသူတစ်ဦး တစ်ယောက်မျှ သက်သေခံ အက်ဥပဒေပုဒ်မ ၂၄ တွင် ဖော်ပြထားသည့်အတိုင်း သွေးဆောင်မှု၊ ခြိမ်းခြောက်မှု၊ သို့မဟုတ် ကတိထားမှုတစ်စုံတစ်ရာကို ကမ်းလှမ်းခြင်း သို့မဟုတ် ပြုလုပ်ခြင်း၊ သို့မဟုတ် ကမ်းလှမ်းစေ ခြင်း သို့မဟုတ် ပြုလုပ်စေခြင်း မရှိစေရဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးပုဒ်မ ၁၆၃ တွင် ပြဋ္ဌာန်းထားပါသည်။

Eleven (EMG)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်