(၁)‘အသည်းကြားက
မဲတပြား’ဆိုတဲ့ စကားလုံးလေးတွေက တကယ်တော့ အဲဒီခေတ်ရဲ့ သရုပ်ကို ထင်ဟပ်စေတာ
ကတော့ အမှန်ပါ။ တန်ဘိုးရှိတဲ့ မဲတပြားဟာ နိုင်ငံရဲ့ အပြောင်းအလဲတွေမှာ
အများကြီး အထောက်အကူပြုတယ် ဆိုတာကို တင်စား ပြောဆိုခဲ့ကြတာပါ။
ဒါပေမယ့်
အခုခေတ်မှာတော့ အသည်းကြားက မဲတပြားဟာ တကယ်ကော တန်ဘိုးရှိရဲ့လားဆိုတာ
မေးခွန်း ထုတ်စရာ ကောင်းလောက်အောင် ကြားဖြတ် ရွေးကောက်ပွဲကြီး နီးလာလေလေ၊
နိုင်ငံရေးပါတီတွေဆီက၊ အထူးသဖြင့် ဒီမိုကရေစီ အင်အားစု ပါတီတွေဆီကနေ အသံတွေ
ထွက်ပေါ်လာနေပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေ
ရွေးကောက်ပွဲကြီးတုန်းက တွေ့ကြုံခဲ့ရတဲ့ ခါးသက်တဲ့ မဲလိမ် မဲမသမာမှုတွေ၊
ကြိုတင်မဲတွေဟာ အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတိုင်း
အထူးသတိထား ပြောဆိုနေကြရတဲ့
ပြဿနာတခု ဖြစ်နေပါတယ်။
ဒီနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကို ပါဝင်လာတာကြောင့်လည်း လက်ရှိ အာဏာရပါတီဖြစ်တဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီက ပြောဆိုခွင့်ရှိသူတွေက မဲမသမာမှုတွေ မဖြစ်အောင်၊
လွတ်လပ်မျှတပြီး ပွင့်လင်း မြင်သာမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်
လုပ်မယ်ဆိုပြီး နိုင်ငံတကာကိုပါ ကြွေးကြော်လာကြပါတယ်။
ဒါပေမယ့်
ရွေးကောက်ပွဲလုပ်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တဲ့ အချိန်မှာတောင်
တနိုင်ငံလုံးက မဲဆန္ဒနယ် ၄၈ နေရာ လုံးမှာရှိတဲ့ မဲပေးနိုင်သူဦးရေ စာရင်းတွေက
အခုထက်ထိ မတည်ငြိမ်သေးပါဘူး။ အိမ်ထောင်စု စာရင်းတွေ မတိကျမှု
ကြောင့် နိုင်ငံရေးပါတီတွေနဲ့ ရပ်/ကျေး ကော်မရှင်တွေ စကားများနေရဆဲ ဖြစ်ပါတယ်။
“မဲစာရင်း
မတိကျမှုတွေ ဖြစ်နေတာက အိမ်ထောင်စု စာရင်းတွေ မတိကျမှုကြောင့် ဖြစ်ရတာပါ။
ဥပမာ ဒီအိမ်ထောင်စု မှာ လူဦးရေ ၈ ဦး ရှိတယ် ဆိုပါစို့။ နှစ်ဦးက အိမ်ထောင်
ကွဲထွက်သွားမယ်။ တဦးက နိုင်ငံခြား ထွက်နေမယ်။ သေတာ လည်း ရှိမယ်။ ဒါပေမယ့်
စာရင်းမှာတော့ ၈ ဦးပဲ။ ဒါတွေကို တတ်နိုင်သလောက် လိုက်ရှာစုဆောင်းပြီး
ကော်မရှင်တွေ ကို တင်ပြတဲ့အခါ အဲဒီစာရင်းတွေကို လိုက်ဖျက်ပေးနေရတယ်”လို့
မင်္ဂလာတောင်ညွ့န့် မြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့
ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းနဲ့ စည်းရုံးရေး ဆင်းတဲ့နေရာမှာ
လိုက်ပါကူညီနေသူ တဦးက လက်ရှိ ကြုံနေရတဲ့ အခက်အခဲတခုကို ပြောပြပါတယ်။
အိမ်ထောင်စုစာရင်းတွေ တိကျမှု မရှိခြင်းကလည်း ရပ်ရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ အချိန်နဲ့ တပြေးညီ ပြင်ဆင်မထား
နိုင်တဲ့
အားနည်းချက်တွေကြောင့်လည်း ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်
ယှဉ်ပြိုင်မယ့် ကော့မှူး မြို့နယ်မှာတောင် မဲပေးနိုင်တဲ့ ဦးရေက
ပြီးခဲ့တဲ့နှစ်က ပြုစုထားတဲ့ စာရင်းအရဆိုရင် ၈ဝ,ဝဝဝ ကျော် ရှိပါတယ်။
ဒါပေမယ့်
ဒီစာရင်းတွေထဲမှာ သေဆုံးစာရင်းတွေ၊ စာရင်းမှာ မပါဝင်တော့တဲ့သူတွေလည်း
ရှိနေပါသေးတယ်။ ဒီလို မသေချာ မရေရာတဲ့ မဲစာရင်းတွေကြောင့်
နိုင်ငံရေးပါတီတွေ တကယ်တမ်း အပြိုင်အဆိုင် ယှုဉ်ပြိုင်ကြတဲ့အခါ
တန်ဖိုးရှိတဲ့ မဲတပြား ဖြစ်လာပါတော့မလားဆိုတာ သံသယကြီးကြီး ထားနေရတဲ့
အဖြစ်ကို ရောက်ရပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို
ပါတီပြိုင်ဘက်အဖြစ် ယှဉ်နေရပေမယ့် ပုဂ္ဂိုလ်ရေးအရ ဆိုရင်တော့
အစ်မတဦးပါပဲလို့ ဆိုတဲ့ ပြည်ခိုင်ဖြိုးပါတီက ပြိုင်ဘက် ဒေါက်တာစိုးမင်းက
ကော့မှူးနယ်မှာ သူကြုံရတဲ့ အခက်အခဲကတော့ ရှေးအဆက် ဆက် နေလာခဲ့တဲ့ ဒေသခံတွေက
ပုံစံ ၁ဝ အဝင်အထွက်နဲ့ ပတ်သတ်ပြီး အားနည်းခဲ့တာပါပဲလို့ ဆိုပါတယ်။
သူ့အဆိုအရ
ဒေါ်အောင်ဆန်းစုကြည် ကြုံရတဲ့ သေဆုံးစာရင်းတွေ မဲစာရင်းတွေမှာ ပါတယ်ဆိုတာ
လက်ခံနေတဲ့ သဘောဆောင်သလို သူ့အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်မယ့်
နောက်ဆုံး မဲစာရင်းကိုသာ စောင့်တော့ မယ်လို့ ဆိုပါတယ်။
(၂)အင်အားကြီးပါတီနှစ်ခုထဲမှာ
ပြည်ခိုင်ဖြိုးပါတီကတော့ ၄၈ နေရာလုံး ပြိုင်မှာဖြစ်ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကတော့ ၄၇ နေရာပဲ ပြိုင်ဖြစ်မှာ ဖြစ်ပေမယ့်
ဒီတခေါက် ရွေးကောက်ပွဲမှာတော့ အပြင်းအထန် ပြိုင်ဆိုင်မှု ကြီးလာမယ့်
ပွဲကြီးပွဲကောင်း တခုလည်း ဖြစ်ပါတယ်။
ဒီတခေါက်
ကြားဖြတ်ရွေးကောက်ပွဲက အရင် ၂ဝ၁ဝ တုန်းကနဲ့ မတူတဲ့အချက်ကတော့
မဲစာရင်းတွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
စည်းရုံးရေး ဆင်းသူတွေက အချိန်နဲ့တပြေးညီ ကော်မရှင်
တွေကို ပေးပို့ အကြောင်းကြားနေတာပဲ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း ကတော့ ဒီလိုမဲစာရင်းတွေရှိနေတဲ့
အချိန်မှာပဲ ပါတီက ဒီကြားဖြတ်ရွေးကောက်ပွဲမှာ နေရာ ၄ဝ လောက်မှာ
အနိုင်ရမယ်လို့ ခန့်မှန်းပြောဆိုထားသလို
ပြည်ခိုင်ဖြိုးကလည်း ၄၈ နေရာလုံးမှာ ရာနှုန်းပြည့် အနိုင်ရဖို့ မှန်းထားတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောဆိုနေ ပါတယ်။
ဒီလို
မဲစာရင်းတွေနဲ့ နိုင်ငံရေးပါတီကြီးတွေအကြားမှာ အသက်ခပ်ပြင်းပြင်းရှူနေရတဲ့
နိုင်ငံရေး ပါတီငယ်တွေကကော ဒီပြိုင်ပွဲမှာ ဘယ်အခန်းကဏ္ဍကနေ ပါမလဲ ဆိုတာကလည်း
ပရိသတ်တွေ စောင့်ကြည့်ရမယ့် အချက်တခု ဖြစ်ပါတယ်။
“လူစိတ်ဝင်စားတဲ့
ပါတီနဲ့ ပါဝါ အင်အားကြီးတဲ့ ပါတီကြီးနှစ်ခုကြားမှာ ယှဉ်ရပေမယ့်
မကြောက်ပါဘူး။ ကြိုးစားပြီး ယှုဉ်ပြိုင်သွားမှာပဲ”လို့ အမျိုးသားဒီမိုကရေစီ
ပါတီသစ်က ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျော်က မီဒီယာတွေကို
ပြောပါတယ်။
(၃)ပါတီတွေကတော့
အနိုင်ရဖို့ စည်းရုံးရေးတွေ အပြိုင်အဆိုင် ဆင်းနေချိန်မှာ ပြည်သူတွေကကော
ကိုယ့်လက်ထဲက မဲတပြားဟာ တန်ဘိုးရှိတဲ့ မဲတပြားဆိုတာ သိကြရဲ့လားဆိုတာကို
မေးကြည့်လိုက်ရင် အများစုကတော့ မဲပေးရမယ် ဆိုတဲ့ အခြေခံ တာဝန်ကို
သိလာကြပေမယ့် ပါတီနဲ့ လူနဲ့ ကြားမှာ ဘယ်ဟာကို ဦးစားပေး
ရွေးချယ်ရမယ်ဆိုတာကို
ဝေခွဲမရ ဖြစ်နေကြသူတွေ များပါတယ်။
“ကျမကတော့
ခမောက်ပါတီကိုပဲ မဲပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့” ဆိုတဲ့
မရမ်းကုန်းမြို့နယ်မှာနေတဲ့ အသက် ၃ဝ ကျော်အရွယ် အမျိုးသမီးငယ်တဦး က
ပြောပါတယ်။ သာမန်အခြေခံလူတန်းစား တဦးအနေနဲ့ ခမောက် ဆိုတာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားမပြုတော့ဘူး ဆိုတာကို သူ့အနေနဲ့
မသိပါဘူး။
ဒီလိုပဲ “ကျမကတော့ ခြသေ့င်္ကို မကြိုက်လို့ သူက လွဲရင်
ကျန်တာတွေကို အမှန်ခြစ်ခဲ့တယ်”ဆိုပြီး ၂ဝ၁ဝ တုန်းက မဲပေးခဲ့တာကို
ပြန်ပြောပြတဲ့ မဲဆန္ဒရှင်တွေလည်း ကြုံပါတယ်။ ကိုယ်လုပ်လိုက်တဲ့ အမှားဟာ
တန်ဘိုးရှိတဲ့ မဲကို ပယ်မဲဖြစ်သွားစေပြီး ဘာမှ အကျိုးမရှိဘူး ဆိုတာကိုလည်း
နားမလည်သူတွေ ဒုနဲ့ဒေးပါပဲ။
သူ့လိုပဲ ပါတီကို ကြိုက်ပေမယ့်
ကိုယ်ပေးရမယ့် မဲဆန္ဒနယ်မှာ ဘယ်သူပါလဲဆိုတာ မသိတဲ့သူတွေ ရန်ကုန်မြို့ပေါ်က
မဲဆန္ဒနယ်တွေမှာတောင် တော်တော်များများ ရှိနေပါတယ်။ အခြေခံလူတန်းစားတွေကို
စည်းရုံးရေးဆင်းတဲ့ အခါမှာ လည်း ပါတီတွေ ကြုံရတဲ့ အခက်အခဲကတော့ “ပါတီက
ဘာလုပ်ပေးမှာမို့လို့လဲ”လို့ ပြန်မေးခံရတာတွေပါပဲတဲ့။
“တချို့က
တကယ်ကိုပဲ ပြည်ခိုင်ဖြိုးကို သူတို့ဆန္ဒအရ ပေးသွားတာတွေ ရှိခဲ့ဖူးတယ်။ ဟိုက
ငွေချေးပေးတာတို့၊ အရင်းအနှီး ထုတ်ပေးတာတို့ လုပ်ပေးခဲ့တာတွေကြောင့်၊
အများစုက ကျေးရွာတွေမှာ ဖြစ်တာ များတယ်”လို့ ပဲခူးတိုင်း အတွင်းမှာ
မဲရုံမှူး တာဝန်ကျခဲ့ဖူးသူတဦးက ပြောပါတယ်။
(၄)ဒီမိုကရေစီ
နိုင်ငံကြီးများမှာ ဆိုရင်တော့ ပြိုင်ဘက်ပါတီနှစ်ခုရဲ့ မဲအောင်နိုင်မှု
ရာခိုင်နှုန်းဟာ ဥပမာ ၅၂ ရာခိုင်နှုန်း၊ ၄၈ ရာခိုင်နှုန်း အစရှိတာတွေနဲ့
မတိမ်းမယိမ်း အရှုံး/အနိုင် ရလဒ် ပေါ်ထွက်လေ့ ရှိပါတယ်။ ယှဉ်ပြိုင်တဲ့
ပါတီတွေဟာ အရည်အချင်း သူမသာ ကိုယ်မသာ ရှိမှသာ ပြိုင်ပွဲက
ကြည့်လို့ကောင်းသလို တိုးတက်မှုလည်း ရှိမှာ ဖြစ်ပါတယ်။
အတိုက်အခံပါတီ
(တနည်းအားဖြင့် ရှုံးနိမ့်တဲ့ပါတီ)ဟာ အာဏာရပါတီရဲ့ နောက်တလှမ်း နှစ်လှမ်း
အကွာဆိုရင် အာဏာရပါတီလည်း ထင်ရာစိုင်းလို့ မရသလို အတိုက်အခံ ပါတီကလည်း
ဆက်လက်ကြိုးစားလိုစိတ် ရှိပါလိမ့်မယ်။ သိပ်ကွာခြားသွားပြီ ဆိုရင်တော့
စနစ်ကျမှု မရှိတဲ့ ကျေးရွာဘောလုံးပွဲလိုပဲ တခုခု လွဲချော်မှု
ရှိနေလို့ပဲဆိုတာ ငြင်းချက် ထုတ်စရာ မလိုတော့ပါဘူး။
အစိုးရကလည်း
အခုချိန်မှာ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေကို လာမယ့်
ကြားဖြတ်ရွေးကောက်ပွဲဟာ ဘယ်လောက် သန့်ရှင်းလွတ်လပ်မျှတတယ် ဆိုတာ ပြဖို့
လာလေ့လာဖို့ ဖိတ်ခေါ်လိုက်ပါပြီ။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မှားခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ကော်မရှင်က တတ်နိုင်သမျှ ပြုပြင်ပြောင်းလဲ
နေတယ်လို့လည်း နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြနေတာကိုလည်း တွေ့နေရပါပြီ။
အခုဆိုရင်
ပြည်ခိုင်ဖြိုးနဲ့ ယှဉ်ပြိုင်မယ့် ပြိုင်ဘက်ကောင်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်လည်း ကွင်းထဲကို ဝင်လာ ပါပြီ။ စောင့်ကြည့်မယ့်ဒိုင်၊
စနစ်ပိုကောင်းလာမှု၊ ပြိုင်ဘက်ကောင်း ပါဝင်လာတဲ့ ဒီတခေါက် ပြိုင်ပွဲကတော့
မသမာမှု
တွေ နည်းလာတယ်ဆိုရင် ကြည့်ကောင်းဦးမှာ အသေအချာပါပဲ။
ညီသစ် (မဇ္ဈိမ)