ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ NLD မှ ဒီကနေ့ကြေငြာချက်ထုတ်ပြီး တောင်းဆို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်
ရက်စွဲ - ၂၀၁၂ခုနှစ် မတ်လ(၂၆)ရက်
ကြေငြာချက်
၁။ ကချင်ပြည်နယ်၊ ဗန်းမော်၊ ဖားကန့်နှင့် မိုးကောင်းမြို့နယ်များရှိ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲဆိုင်းငံ့ထားခြင်းအပေါ် ယင်းမဲဆန္ဒနယ်များရှိပြည်သူများက
(က) ရွေးကောက်ပွဲမဲဆန္ဒပေးရန် အားခဲထားမှုများပျက်ပြားသွား၍ စိတ်ပျက်ရကြောင်း
(ခ) ပြည်သူများအနေဖြင့် လုံခြုံရေးဆိုင်ရာပြဿနာတစ်စုံတစ်ရာ မတွေ့ရှိရကြောင်း သဘောထားများ ထုတ်ဖေါ်ကြသည်ကို ကြားသိရပါသည်။
၂။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းငြိမ်းချမ်းရေးကိုလိုလားကြောင်းနှင့် ကူညီပံ့ပိုးရန်အဆင်သင့်ရှိပါကြောင်း ဖော်ပြလိုပါသည်။
၃။ ရွေးကောက်ပွဲဖြစ်မြောက်ရေးကိစ္စကို KIA/KIA နှင့်ဆွေးနွေးညှိုနှိုင်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန္ဒရှိပါသည်။
ဤကဲ့သို့ညှိုနှိုင်းနိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်ကသော်လည်းကောင်း၊ နိုင်ငံတော်အစိုးရကသော်လည်းကောင်း လုပ်ဆောင်ပေးမည်ဆိုလျင် ဧပြီလ(၁)ရက်နေ့တွင် ကချင်ပြည်နယ်၌ ရွေးကောက်ပွဲပြုလုပ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ကြေငြာလိုက်သည်။
ဗဟိုအောင်နိုင်ရေးအဖွဲ့
သီလ၀ါ Myanmar International Terminal Thilawah ရှိ သစ်ပုံမီးလောင်
မတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ် ၊မွန်းလွဲ ၅ နာရီ (YPI)
MITT ဆိပ်ကမ်းရှိ သစ်လုံးပုံများ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်မှ စတင်လောင်ကျွမ်းခဲ့ရာညနေ ၄ နာရီ ကျော်ထိ လောင်ကျွမ်းနေဆဲ ဖြစ်ရာ ၊ သစ်လုံးပုံများ ကုန်လုနီးပါးဖြစ်နေပြီဟု မျက်မြင်သက်သေတဦးက ပြောသည်။
သစ်ပုံများ အနီးတွင် ပြည်ပမှ တင်သွင်းလာသည့် ယန္တရားများ၊ မော်တော်ကားများ မလောင်ကျွမ်းစေရန် မီးသတ် တပ်ဖွဲ့များက ကြိုးစား ငြိမ်းသတ်လျှက်ရှိသည်ဟု သိရှိရသည်။
YPI
ကြံ့ဖွံ့ကို မဲပေးပါက အခမဲ့ ဘုရားဖူးခရီး ပို့ဆောင်ပေးမည့်အပြင် ဒံပေါက်ထမင်းပါ ကျွေးမည်ဟု မဲဆွယ်
လာမည့်ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်(ယုဇနဥယျာဉ်မြို့တော်) လစ်လပ်မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက  ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ၎င်းတို့ပါတီအား မဲပေးမည် ဆိုပါက အခမဲ့ ဘုရားဖူးခရီး ပို့ဆောင်ပေးမည့်အပြင် ဒံပေါက်ထမင်းပါ ကျွေးဦးမည်ဖြစ်ကာ အသုံး စရိတ်လည်း ထုတ်ပေးမည်ဟု မဲဆွယ်စည်းရုံးလျက်ရှိကြောင်း အဆိုပါယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။
        "အဲဒီနေ့ကျရင် ဒီမှာရှိတဲ့ လမ်းတိုင်းမှာ တလမ်းကို ကားတစ်စီးစီ ထားပေးပြီး ဘုရားဖူးလိုက်ပို့မယ်ပြောတယ်။ ဒံပေါက်ကျွေးမယ့်အပြင် ခရီးစရိတ် တယောက်ကို ၅၀၀၀ ဝန်းကျင်လောက်အထိ ထုတ်ပေးဦးမယ် ပြောတယ်။ ပြီးရင် သူတို့အသင်းဝင်ပြီး သူတို့ကို မဲပေးရမယ် ပြောတယ်။ သူတို့ ဘယ်လိုပဲ ဆွယ်ဆွယ် ကျမ ကတော့ မပေးနိုင်ဘူး ကျမဘာသာ ပေးချင်တဲ့ဆီ ပေးမှာပဲ ဘုရားဖူး မလိုက်ရလို့ ဝမ်းနည်းစရာအကြောင်းမရှိဘူး"ဟု အဆိုပါမြို့တော်တွင် နေထိုင်သည့် ကုန်စိမ်းရောင်း၍ အသက်မွေးဝမ်းကျောင်းပြုသူ အသက်၃၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ၎င်း၏ဆန္ဒကို ထုတ်ဖော်ပြောသည်။
           "ကျွန်တော့ကိုတော့ ဘယ်လိုစည်းရုံး စည်းရုံး မရဘူး။ NLD ကိုပဲ မဲပေးမှာပဲ မျက်နှာမရလဲ နေပစေ ကိုယ့်ထမင်း ကိုယ်စားပြီး ကြိုတင်မဲလည်း မထည့်နိုင်ဘူး။ အခုသူတို့က ကြိုတင်မဲထည့်ဖို့၊ စည်းရုံးနေတယ် တကယ်တော့ဒီမှာက NLD အမာခံပရိတ်သတ်တွေ အများကြီးပါ" ဟုအဆိုပါမြို့နယ်တွင် နေထိုင်သူ အနှေးယာဉ် လုပ်သားတစ်ဦးက ပြောသည်။
          "တကယ်တော့မဲဆွယ်တာတော့ ဆွယ်တာပေါ့။ ဒါပေမယ့်သူတို့မဲဆွယ်တာက သဘာဝမကျဘူး။ ဘယ်လိုလူတွေသာ ကြိုတင်မဲ ပေးသင့်တယ် ဆိုတာလဲ အားလုံး သိပြီးသား။ အခုဟာက ရယ်စရာလည်း ကောင်းတယ်၊ ဒံပေါက် ကျွေးပြီး မဲဆွယ်တယ် ဆိုတော့လေ။ သူများနိုင်ငံတွေတော့ ဘယ်လိုလဲ မသိဘူး။ အခုဟာက ဘာကြီးမှန်း မသိဘူး"ဟု အသက်၆၀ ကျော် အရွယ်ရှိ အငြိမ်းစား ဝန်ထမ်းတစ်ဦးက ၎င်း၏ အမြင်ကို ဖြည့်စွက် ပြောကြားသည်။
          လာမည့်ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒဂုံဆိပ်ကမ်း မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ဦးအောင်ဝင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဒေါက်တာ မျိုးအောင်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF)မှ ဦးကြီးမြင့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP )မှ ဦးဝင်းမြင့်စသည့် ကိုယ်စားလှယ်လောင်းများ ဝင်ရောက် အရွေးခံကြမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများ ဟောပြောမှုများကို သက်ဆိုင်ရာ ပါတီအလိုက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
(ဇော်ဇော်)
 ဘားမားဗီဂျေ
NLD အောင်နိုင်ရေးအဖွဲ့ဝင် ထိုးကြိတ်ခံရမှု မြို့နယ်တရား လွှတ်တော်သို့တိုင်
မတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ် (YPI)
ရွှေသောင်ယံမြို့နယ်ခွဲ၊ သဲကုန်းကျေးရွာတွင် ပြီးခဲ့သည့်မတ်လ(၂၂)ရက်နေ့ည (၀၇း၀၀)နာရီခန့်က NLD ရပ်/ကျေးအောင်နိုင်ရေးအဖွဲ့ဝင် တစ်ဦး ရွာထဲမှ နေအိမ်သို့လမ်းလျှောက်ပြန်လာစဉ်လူ (၁၀) ဦးခန့်က ၀ိုင်းဝန်းထိုးကြိတ်ခံရမှုအား တည်ဆဲ တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် ပုသိမ်မြို့နယ် တရားလွှတ်တော်သို့ ဦးတိုက်လျှောက်ထား တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
ထိုးကြိတ်ခံခဲ့ရသူ ဦးတင်ဝင်းက ''ရွာထဲကနေတစ်ယောက်တည်းပြန်လာတုန်း ကြံ့ခိုင်ရေးရုံးရှေ့အရောက်မှာ လူနှစ်ယောက်က လက်ကိုလာချုပ်ပြီး ကျန်တဲ့သူတွေက ၀ိုင်းထားတယ်။ မျက်နှာကိုလည်း မီးအုပ်ဆောင်းကြီးနဲ့ထိုးပြီး မင်းလားကွ NLD ကလို့ပြောပြီး ၀ိုင်းထိုးတာ''ဟု ပြောပြသည်။
ပုသိမ်ထီးဖြင့် ပုသိမ်မြို့တွင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်
သူကပင်ဆက်လက်၍ ၎င်းအား ထိုးကြိတ်ခဲ့သူများမှာ သမ၀ါယမ ပြည်ထောင်စု ဒု ၀န်ကြီး ဦးသန်းထွန်း၏ ညီဝမ်းကွဲတော်စပ်သူ ဦးကျော်စိုး ဦးဆောင်သောအဖွဲ့ဖြစ်ကြောင်း၊ ၎င်းအား ချုပ်ထားစဉ် ကြံ့ခိုင်ရေးရုံးအတွင်းမှ ဘယ်သူလဲဟေ့ဟု လှမ်းမေးကြောင်း၊ ချုပ်ထားသူ တစ်ယောက်မှလည်း တင်ဝင်း ဆိုတဲ့ကောင်ဟု လှမ်းအော်ပြောကြောင်း၊ ထိုအခါရုံးအတွင်းမှ တင်ဝင်း ဆိုရင် အသေသတ်ပစ်လိုက်ဟု ပြောဆိုခဲ့ကြောင်း ရှင်းပြသည်။
၎င်းအမှုအား ရွှေသောင်ယံမြို့နယ်ခွဲ ရဲစခန်းသို့တိုင်ကြားရာ ရဲအရေးမပိုင်ဟုပြောသဖြင့် ပုသိမ်မြို့နယ် တရားလွှတ်တော်သို့ တိုင်ကြားခဲ့ရခြင်းဖြစ်ကြောင်း ဦးတင်ဝင်း၏ ပြောဆိုချက်အရ သိရသည်။
ယခုကိစ္စအား ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ မေးမြန်းရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ''ဒီကိစ္စကို ကျွန်တော်တို့ မသိသေးပါဘူး။ ဒါပေမယ့်ဒီလိုတိုင်ကြေးဆို မနေ့က ညနေ ၄ နာရီလောက်မှာ ကျွန်တော်တို့ဆီက ကလေးတစ်ယောက်ကို သူတို့ဘက်က လူငယ် ၃ ယောက်လောက်က ၀ိုင်းထိုးတာ ဖူးယောင်နေတာပဲ။ ပုသိမ်တဘက်ကမ်း (၉) ရပ်ကွက်မှာဖြစ်တာ''ဟု ပြောပြသည်။
ပုသိမ်မြို့နယ် တရားလွှတ်တော်ရှေ့နေ တစ်ဦးကတော့ ''ဒီကိစ္စတွေက ပါတီနှစ်ခုပြသာနာတက်တယ်လို့တော့ ပြောလို့မရဘူး။ အသိအမြင်ဗဟုသုတနည်းတဲ့နေရာတွေမှာ ပုဂ္ဂိုလ်ရေးမကျေနပ်မှုတွေကို ပါတီဝင် ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ဖြေရှင်းကြတာလို့ ပဲထင်တယ်''ဟုသူ၏ထင်မြင်ချက်ကို ပြောပြသည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်လောင်း အနိုင်ရရှိရေးအတွက် အင်န်အယ်လ်ဒီ ပါတီ နှင့် ကြံ့ခိုင်ရေး ပါတီတို့  ပုသိမ်မြို့တွင် အကြိတ်အနယ် မဲဆွယ်စည်းရုံးလျက် ရှိသည်။         ။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပြန်လည်ကောင်းမွန်
တနင်္သာရီတိုင်း မြိတ်မြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း ကျန်းမာရေး ချို့ယွင်းခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏အခြေအနေမှာ တိုးတက် ကောင်းမွန်လာကြောင်း NLD က ယနေ့ ထုတ်ပြန်လိုက်သည်။
မြိတ် ခရီးစဉ်တွင် ဒေသခံများကို နှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Aung Koe / Facebook)
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို ယခင်လထဲက အထွေထွေ စမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် လုံးဝ ကောင်းမွန်ကြောင်း တွေ့ရှိရပြီး မြိတ်ခရီးစဉ်၌ ရေယာဉ်အခက်ခဲကြောင့် မော်တော်ဘုတ်ငယ်များဖြင့် နေပူထဲတွင် အချိန်ကြာမြင့်စွာသွားလာခဲ့ရ၍ ပင်ပန်း မှုဒဏ်ခံရသကဲ့သို့ အလုပ်ဖိစီးမှုဒဏ်နှင့် အားနည်းနေခြင်းတို့ကြောင့် နေထိုင်မကောင်း ဖြစ်ရကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
“ယခုအခါ ကျန်းမာရေးအခြေအနေမှာ တိုးတက်မှုရှိလာသော်လည်း ၄/၅ ရက် နားနေရန်လိုအပ်ကြောင်းလည်း မိသားစု ဆရာဝန် က အကြံပြုထားပါသည်”ဟု ကြေညာချက်၌ တွေ့ရှိရသည်။
NLD ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးဉာဏ်ဝင်း ကလည်း “ကျန်းမာရေးအခြေအနေက ဒီနေ့တော့ ကောင်းသွားပါပြီဗျာ”ဟု ဧရာဝတီသို့ ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၃၁ ရက်နေ့တွင် သူ၏ မဲဆန္ဒနယ်မြေ ဖြစ်သော ကော့မှူးမြို့နယ် သို့သွားရောက်ရန်ရှိကြောင်းလည်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အဖြစ် ယခုလ၂၄ ရက်နေ့က မြိတ်မြို့နယ် အတွင်း ရေကြောင်းခရီးဖြင့် သွားရောက် ရာတွင် မူးဝေ အော့အန်ခြင်းနှင့် ဝမ်းလျှော၊ ဝမ်းပျက် ဖြစ်ပွားခဲ့ပြီး နေအိမ်တွင် ဆေးကုသမှုခံယူကာ အနားယူနေရာမှ ယနေ့တွင် ပြန်လည် သက်သာလာခြင်းဖြစ်သည်ဟု NLDက ပြောသည်။
မြိတ်မြို့နယ်အတွင်း ရေကြောင်းဖြင့်သွားရောက်ရန် ပြင်ဆင်ထားရာ မူလက စီစဉ်ထားသော ရှပ်ပြေးစက်ရေယာဉ် ငှားရမ်း ထားမှုသည် အချိန်နီးကပ်မှ ပြောင်းလဲသွားခြင်းကြောင့် ရရာရေယာဉ်များနှင့် စီစဉ်ကာ ခရီးဆက်ခဲ့ရခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုဖြစ်ပွားခဲ့ရကြောင်း ခရီးစဉ်တွင် လိုက်ပါသွားသူ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့် က ပြောပြသည်။
“အရင်စီစဉ်ထားတဲ့ ရှပ်ပြေးက ဟိုရောက်ခါနီးကြမှ ဖိအားပေးခံရတယ်ဆိုပြီးတော့ ပိုင်ရှင်ကမငှားတော့ဘူးဆိုတော့၊ ကုန်တွေ တင် တဲ့ ကာဂိုမော်တော်ကြီးကို ယာယီအမိုးတွေမိုးပြီးတော့ သွားရတယ်။ ကာဂိုကလည်း လူစီးမဟုတ်တော့ ဒီဇယ်အနံ့ကြီးက နံတယ်။ ရှပ်ပြေးလိုလည်းမငြိမ့်ဘူးပေါ့။ လှိုင်းကလည်းမူးတော့ အဲဒီမှာ စ အန်တာပဲ”ဟု ဦးခွန်သာမြင့်က ဧရာဝတီသို့ ပြောသည်။
သူကဆက်လက်ပြီး“အခြေအနေကမကောင်းတော့ (မြိတ်) ကျွန်းစုခရီးစဉ်ကိုဖျက်ဖို့ အစ်မ(ဒေါ်အောင်ဆန်းစုကြည်)ကိုပြောတယ်။ သူကတော့ လူတွေကိုခေါ်ထားပြီးမှ မသွားလို့မဖြစ်ဘူးဆိုပြီး လုပ်နေတာ။ ကျန်းမာရေးအရ မနည်းဝိုင်းပြောရတာပေါ့။ အိမ်ရောက် တော့ အော့အန်တာတို့၊ ဝမ်းသွားတာ တို့ဖြစ်တာ ပေါ့။ နောက်ဆေးတွေ ဘာတွေသွင်းယူရတာပေါ့”ဟု ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကြောင့် မိသားစု ဆရာဝန်ဒေါက်တာ တင်မျိုးဝင်း၏ အကြံပေးချက်အရ ယခုလ ၂၇-၂၈ ရက်နေ့များတွင် မကွေးမြို့၊ တောင်တွင်းကြီး၊ ကျောက်ပန်းတောင်းနှင့် နတ်မောက်မြို့ခရီးစဉ်များကို ဖျက်သိမ်းခဲ့ပြီး အနူးအညွှတ်တောင်းပန်ကြောင်း အဖွဲ့ချုပ်က ယမန်နေ့ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါမြို့နယ်များရှိ မဲအောင်နိုင်ရေးအဖွဲ့များကလည်း ဒေါ်အောင်ဆန်းစုကြည် လာမည်ကို သက်ဆိုင်ရာမြို့နယ်များအတွင်း အသိ ပေး ကြေညာထားသကဲ့သို့ ပြင်ဆင်မှုများလည်းပြုလုပ်ထားကြောင်း၊ မလာဖြစ်တော့သည့်အတွက်ကိုလည်း တောင်းပန် စာများကို မြို့ပေါ်နှင့် ကျေးရွာများသို့ ပေးပို့ခဲ့ရကြောင်း စုံစမ်း သိရှိရသည်။
“ကျနော်တို့ကတော့ ထန်းတောထဲမှာ ဒေါ်စု စကားပြောဖို့ စင်အကြီးကြီးနဲ့ ကြိုဆိုမယ့်ဟာတွေအကုန်စီစဉ်ထားတာပေါ့။ ခုမလာဖြစ် တော့ ဒီဒေသခံတွေက ဒေါ်စု နေမကောင်းလို့ ဝမ်းနည်းစိတ်ပူသလို၊ သူတို့ဆီကိုမလာဖြစ်တဲ့အတွက်လည်း ဝမ်းနည်းနေကြတယ်” ဟု ကျောက်ပန်းတောင်းမြို့နယ် NLD မဲအောင်နိုင်ရေး တာဝန်ရှိသူ ကိုအေးခိုင် က ပြောပြသည်။
မြို့ပေါ်ရှိ ဈေးသူဈေးသားများနှင့် မြို့ခံများ၏ တောင်းဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ရန် ဆုတောင်း မေတ္တာပို့ပွဲကို မြို့တွင်းရှိ ဆုတောင်းပြည့်ဘုရားကြီး၌ ယနေ့ညနေ ၆ နာရီတွင် ကျင်းပရန် ကျောက်ပန်းတောင်းမြို့နယ် NLD က စီစဉ်ပေးထားသည်ဟုလည်း ဆိုသည်။
ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိလာလျှင် မိန့်ခွန်းပြောရန် ဆောက်လုပ်ပြင်ဆင်ထားသော မဏ္ဍပ်စင်အား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်ဟောပြောပြီးသည်ထိ ထားရှိသွားရန် ဒေသခံများက တောင်းဆိုကြသဖြင့် မဖျက်သိမ်းဘဲ ထားရ သည်ဟု သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ ကျောက်ပန်းတောင်းမြို့နယ်တွင် NLD နှင့် ကြံ့ခိုင်ရေးပါတီ နှစ်ပါတီသာ ဝင်ရောက်ရွေးချယ်ခံကြမည် ဖြစ်ကြောင်း၊ ယခုလ ၂၄ ရက်နေ့က ကြံ့ခိုင်ရေးပါတီဝင် တချို့က ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်သိက္ခာအရ တိုက်ခိုက်သော ရုပ် ပုံ များ၊ မေးခွန်းများပါဝင်သော ဗီစီဒီနှင့် စာများကို ည အချိန်များတွင် ရပ်ကွက်များအတွင်း ဖြန့်ခဲ့သဖြင့် မြို့နယ်ကော်မရှင် ရုံးသို့ NLD က တိုင်ကြားထားကြောင်းလည်း ကိုအေးခိုင် က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသားကို ယူထားတယ်။ သူ့ကို မဲပေးရင် တိုင်းတပါးကျွန်ဖြစ်မယ်။ သူနဲ့ သူ့ခင်ပွန်းပုံတွေ ကို လည်း ဖိုတိုရှော့တွေနဲ့ ပြင်ထားပြီး လုပ်ထားတယ်ဗျ။ တချို့စာသားတွေက မကြားဝံ့၊ မပြောဝံ့တွေပါ ထည့်ထားတယ်ဗျာ။ မြို့နယ်ကော်မရှင်ကို တိုင်ထားတယ်”ဟု သူက ပြောဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် NLD နှင့် ကြံ့ခိုင်ရေးပါတီတို့က လစ်လပ်မဲဆန္ဒနယ်မြေ ၄၈ နေရာလုံးတွင် ဝင်ရောက် ရွေးချယ်ခံကြ မည်ဖြစ်ပြီး NLD ပါတီမှာ မဲဆွယ်စည်းရုံးရေးကာလတွင်၊ ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာထိခိုက်စေမည့် တိုက်ခိုက်ခံရမှုများ ရှိသကဲ့သို့ ပါတီ ဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်း၊ ပါတီ ကိုယ်စားလှယ်များ ချောင်းမြောင်းတိုက်ခိုက်ခံရခြင်း၊ ခရီးစဉ်များ ကြန့်ကြာစေရန် ဟန့်တားခံရခြင်းများရှိကြောင်း ပါတီ ဗဟို မဲအောင်နိုင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဧရာဝတီ
စသုံးလုံးမှစစ်ဆေးစဉ် မနန်းဝိုဖန် အသက် ၁၉နှစ်မှာ ပြုတ်ကျသေဆုံး
သေဆုံးသူ မနန်းဝိုဖန် အသက် ၁၉နှစ်
မတ်လ၂၆ ၊ ၂၀၁၂ (YPI)
စသုံးလုံးမှစစ်ဆေးစဉ် မတ်လ၂၄ရက် နံနက်၅နာရီတွင် စသုံးလုံးရုံး (ဆိပ်ကမ်းသာလမ်း, ရန်ကုန်) မှ မနန်းဝိုဖန် အသက် ၁၉နှစ်မှာ ပြုတ်ကျသေဆုံးသွားခဲ့သည်။ မိသားစုအနေဖြင့် အသေးစိတ်အချက်အလက် သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
သရုပ်ဆောင်ရဲတိုက်အဖွဲ့ချုပ်အောင်နိုင်ရေးအတွက်မြိုင်မြို့နယ် အတွင်းစည်းရုံးရေးခရီးစဉ် (ဓါတ်ပုံ)
မတ်လ ၂၆ ၂၀၁၂
သရုပ်ဆောင်ရဲတိုက်အဖွဲ့ချုပ်အောင်နိုင်ရေးအတွက်မြိုင်မြို့နယ်အတွင်းစည်းရုံးရေးဆင်း။
ဓါတ်ပုံ NLD
သံဃာတော်တပါး NLD ကို မထောက်ခံဖို့ နေ့ စဉ် အသံချဲ့ စက်နဲ့ အော်နေ
နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ ကျောက်ခဲအင်းကျေးရွာ ကျောင်းထိုင်ဆရာတော်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မထောက်ခံဖို့ ဒေသခံလူထုကို နေ့စဉ်အသံချဲ့စက်နဲ့အော်ပြီး တားဆီး ပြောဆိုနေတယ်လို့ သိရပါတယ်။
အဖွဲ့ချုပ်ဝင်တွေလာရင် ထွက်မကြိုကြဖို့နဲ့ အန်အယ်ဒီဟာ ကျေး ရွာပြည်သူလူထုအတွက် ဘာတခုမှ လုပ်ပေးတာမရှိဘူး စသဖြင့် ရွာသားတွေကို နေ့တိုင်းဟောပြော နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းက ပြောပါ တယ်။
ပြိုင်ဘက်ကြံ့ခိုင်ရေးပါတီက အဲဒီဆရာတော်ကို ငွေ ၁၅ သိန်းနဲ့ မီးစက်တလုံး သွားရောက် လှုဒါန်းခဲ့ပြီးတဲ့နောက်၊ အခုလို နေ့စဉ်ဟောပြောနေတာလို့ သိရပါတယ်။ ဒီလိုဘက်လိုက်မဲဆွယ် ဟောပြောနေမှုကို မြို့နယ်သံဃာ့မဟာနာယကအဖွဲ့ထံ တိုင်ကြားထားကြောင်း အဖွဲ့ချုပ်ကိုယ်စားလှယ် လောင်း ဦးနိုင်ငံလင်းက ပြောပြခဲ့ပါတယ်။
တချိန်ထဲမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီပါတီကိုယ်စားလှယ်လောင်း
တွေဟာ နေပြည်တော် မဲဆန္ဒ နယ်လေးခုအနက် အနဲဆုံးနှစ်ခုလောက်မှာတော့ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ နေပြည် တော်မှာ ပါတီမဲအောင်နိုင်ရေးဆောင်ရွက်နေတဲ့ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက ခန့်မှန်းပြောဆိုပါတယ်။ 
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ အန်အယ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီတို့ နေပြည်တော်မှာ ပြိုင်ဆိုင်မှုပြင်းထန်လိမ့်မယ်လို့ အများက ဝေဖန်ပြောဆိုနေချိန်မှာဘဲ ဒေါက်တာမြတ်ဥာဏစိုးရဲ့ အခုလို ခန့်မှန်းချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီဗွီဘီ (ဖေ့စ်ဘုတ်)
ကြံ့ခိုင်ရေးပါတီ အမတ်လောင်း သမ္မတ ဦးသိန်းစိန်နာမည်သုံးပြီး မဲဆွယ်နေ
လက်ရှိ သမ္မတ ဦးသိန်းစိန်နာမည်သုံးပြီး မဲဆွယ်နေစဉ်
နေပြည်တော် ဇမ္မူသီရိ မြို့နယ်ကနေ ကြံ့ခိုင်ရေးပါတီ အမတ်လောင်းအဖြစ်ဝင်ရောက်အရွေးခံမယ့် ဦးဝင်းဌေးဟာ လက်ရှိ သမ္မတ ဦးသိန်းစိန်နာမည်သုံးပြီး မဲဆွယ်နေတယ်လို့ အင်န်အယ်လ်ဒီ အောင်နိုင်ရေး အဖွဲ့ဝင်တွေက
ထောက်ပြပါတယ်။ ဦးဝင်းဌေးဟာ ပြည်သူတွေကို ဖြန့်ဝေတဲ့ သူ့ရဲ့
လက်ကမ်းစာရွက်မှာ “နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီမှကိုယ်စားလှယ်လောင်း ဦးဝင်းဌေးအား ထောက်ခံအားပေးကြပါရန်
မေတ္တာရပ်ခံအပ်ပါသည်” ဆိုပြီး ဖော်ပြထားပါတယ်။ တည်ဆဲ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးပါတီက အမတ်တစ်ယောက်ယောက်ဟာ သမ္မတ၊ ဒါမှမဟုတ် အစိုးရအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရပါက ပါတီဝင်အဖြစ်မှ
နှုတ်ထွက်ပြီးသားဖြစ်ရမည် ဆိုပြီး ဖော်ပြထားပါတယ်။ ဒီအတွက် ဦးဝင်းဌေးရဲ့လုပ်ရပ်ဟာ ဥပဒေနဲ့ မညီကြောင်း အင်န်အယ်လ်ဒီ အောင်နိုင်ရေးအဖွဲ့ဝင်တွေကထောက်ပြပါတယ်။ နေပြည်တော် ဇမ္မူသီရိ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
နေရာအတွက် အင်န်အယ်လ်ဒီ ပါတီက ဒေါ်စန္ဒာမင်း နဲ့ ကြံ့ခိုင်ရေးက
ဦးဝင်းဌေးတို့ ယှဉ်ပြိုင်မယ်ဖြစ်ကြောင်း သိရပါတယ်။
ဒီဗွီဘီ
မြင်းခြံစည်ပင် ရေနှင့်အမိုက်သိမ်းကား ငွေပေးမှလာ
24-3-2012 
မြင်းခြံစည်ပင် ရေရရှိရေးစလုပ်တော့ရေပိုက်ဘိုးတပ်ဆင်ခ ကိုယ်ထူကိုယ်ထ လုပ်ရပါတယ်။ ရေဘိုးကတော့တစ်လတစ်ခါ ပုဂ္ဂလိကနှုန်းနဲ့ဆောင်ရပါတယ် ။ စလုပ်တော့ နေ့စဉ်ပေးမယ်ပေါ့ နောက်တော့ (၁)ရက်ခြား နောက်တော့(၁)ပါတ်တစ်ခါ အခု(၂)ပါတ်နီးပါး ဖြစ်နေပါပြီ ငွေ(မုန့်ဘိုး၃၀၀၀ိ/)ပေးရင်တော့ ၁ နာရီလောက်လာပါတယ်။
နေကလည်း ပူပြင်းလာတော့စည်ပင်ရေလေးမျှော်ရတာလည်းမောလှပါပြီ
ဒီနေ့ထိလည်းရေမလာတာ ၁၀ရက်ကျော်ပါပြီ ဒါကြောင့် ပြည်သူ မြင်းခြံကနေ
အကူညီတောင်းတာပါ ထို့တူပဲ အမိုက်သိမ်းကားလည်း အတူတူပါပဲ။
စည်ပင်အခွန်ပေးရတဲ့အပြင် ဈေးဆိုင်တွေလုပ်ငန်းရှင်တွေ တရားမ၀င် လိုက်ကောက်တယ် နေ့စဉ်လာမယ် နောက်တော့ (၁)ရက်ခြား နောက်တော့(၁)ပါတ်တစ်ခါ အခု(၂)ပါတ်နီးပါး ဖြစ်နေပါပြီဒါကြောင့် သက်ဆိုင်ရာကသိရှိအောင် တင်ပြလိုက်ပါတယ်။
ဦးကျော်လွင်သိန်း(၉/မခန(နိုင်)၀၃၆၅၇၃
အမှတ်(၁၂)
ဘုရားလမ်း မြင်းခြံမြို့ 
မြင်းခြံစည်ပင်ရဲ့ ရေမလာတဲ့ပုံ
မြင်းခြံစည်ပင်ရဲ့ အမိုက်ကားမလာလို့ အမိုက်တွေပုံနေပုံ
မြင်းခြံစည်ပင်ရဲ့ သီးသန့်ငွေကောက်ခံလွှာ(အမိုက်ခွန်)
တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)စတင်ဖွင့်လှစ်
နေပြည်တော် ဇေယျာသီရိမြို့နယ် စစ်သမိုင်းပြတိုက်တွင် ပြသထားသည့် လေယာဉ်များအား တွေ့ရစဉ်
နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂၅၉)မိုင် (၃) ဖာလုံအနီးရှိ တည်ဆောက်ပြီးစီးသွားပြီဖြစ်သော တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)ကို ယခုလ (၁၈)ရက်နေ့က စတင်ဖွင့်လှစ်လိုက်သည်။ အဆိုပါ စစ်သမိုင်းပြတိုက်တွင် ရှေးခေတ်မြန်မာ့တပ်မတော်သုံး စစ်လက်နက်ပစ္စည်းများ၊ ဘီအိုင်အေ၊ ဘီဒီအေခေတ် ဗမာ့တပ်မတော်သုံး လက်နက်နှင့် ပစ္စည်းများ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော ပစ္စည်းများစသည်ဖြင့် ခေတ်အဆက်ဆက် ဗမာ့တပ်မတော်သုံး လက်နက် နှင့်ပစ္စည်းမျိုးစုံကို ပြသထားရှိသည်။
စုစုပေါင်းဧရိယာ ၆၀၃ ဒသမ ၆၈ ဧက ကျယ်ဝန်းသည့် တပ်မတော် စစ်သမိုင်းပြတိုက်၌ အဆောက်အအုံအားလုံး၏ ဧရိယာ ၂၀ ဒသမ ၉၃ ဧက၊ တပ်မတော်(ကြည်း) ပြကွက်တွင် အဆောင်(၆)ဆောင်နှင့် တပ်မတော် (ကြည်း) ပြင်ပပြကွက် ဧရိယာ ၁၀ ဒသမ ၅၈ ဧက၊ တပ်မတော်(ရေ)ပြကွက်တွင် အဆောင်(၃) ဆောင်နှင့် ပြင်ပပြကွက် ဧရိယာ ၉  ဒသမ ၈၇ ဧက၊ တပ်မတော်(လေ) ပြကွက်တွင် အဆောင်(၃)ဆောင်နှင့် ပြင်ပပြကွက်ဧရိယာ ၉ ဒသမ ၈၇ ဧက၊ ရှုမျော်ခင်းကြည့်ဆောင် (၄) ဆောင်၊ လူ (၁၆၆)ဦးဆံ့ အစည်းအဝေးခန်းမနှင့် ပါဝင်သော ဧည့်ကြိုဆောင်၊ မော်တော်ယာဉ်ရပ်နားရန် ဧရိယာ ၁၂ ဒသမ ၃၉ ဧကအတွင်းတွင် အမိုးပါကားပါကင် (၄)ခု ပါရှိကြောင်း သိရှိရသည်။
အဆောင်အမှတ် (အေ ၀၂) တွင် စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်အဖြစ် ဖွင့်လှစ်ထားပြီး ရှေးခေတ်မြန်မာ့တပ်မတော် စတင် ပေါ်ပေါက်လာချိန်မှ စတင်၍ မျက်မှောက်ခေတ်ကာလ တပ်မတော်အထိ အကြောင်းအရာများကို ပန်းချီကားများ၊ ဓာတ်ပုံမှတ်တမ်း များ စသည်တို့ကို ပြသထားရှိသည်။
တပ်မတော်(ကြည်း၊ ရေ၊ လေ) အလိုက်ခန်းမတွင်း၊ ခန်းမပြင်ပ ပြကွက်များတွင်လည်း သက်ဆိုင်ရာ တပ်မတော်အလိုက် ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသော လက်နက်၊ ခဲယမ်း၊ မီးကျောက်၊ စစ်ဘက်သုံး ယာဉ်ယန္တရားမျိုးစုံကို ပြသထားရှိကြောင်း သိရသည်။
EMG
မြစ်ဆုံအထက်ပိုင်း ရွှေသတ္တု တူးဖော်ရေး ဥပဒေနှင့် မညီညွတ်ကြောင်း သိရ
72611
မန်ဒေါင်ဆိပ်ကမ်းတွင် ရွှေဖောင်များကို ၂၀၀၀ ပြည့်နှစ်က တွေ့ရစဉ်
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ မှန်ဒေါင်ရွာ၊ ရှာငေါ်ရွာ၊ ခ၀မ်ရွာဒေသ မေခမြစ်ကမ်းဘေးတွင် ရွှေများထွက်သည့် အတွက် ရွှေသတ္ထု တူးဖော်သည့် ကုမ္ပဏီအများအပြား လုပ်ကိုင်ကြပြီး ၎င်းလုပ်ငန်းများသည် သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၏ ဥပဒေနှင့် မညီညွတ်ကြောင်း စုံစမ်း သိရှိရသည်။
အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ၏ ဥပဒေတွင် အကြီးစားစက် ယန္တရားကြီးများ ဘူဒိုဇာ စသည်များအား အသုံးမပြုရန် အသိပေး အကြောင်းကြားထားကြောင်း သိရသည်။ “စည်း ကမ်းချက်အရ ၁/ဃ မှာ မိမိတို့လုပ် ပိုင်ခွင့်ရထားတဲ့ လုပ်ကွက်ကို ဘယ်သူကိုမျှ ကိုယ်စားလှယ် လုပ်ကိုင်စေခြင်း၊ ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်မရဘဲ လွှဲပြောင်းရောင်းချခြင်း မပြုရလို့ပါတယ်။ ဒါပေမယ့် ဒီမှာလုပ်နေတာ တရုတ် လူမျိုးအများကြီးပဲ။ စစ်ဆေးသလား၊ မစစ်ဆေးဘူးလား မသိရဘူး။ တရုတ် လုပ်ကွက်တွေထဲမှာလည်း ဘူဒိုဇာတွေ၊ ဘက်ဖိုးတွေစတဲ့ ယန္တရားကြီးတွေ အများကြီးသုံးထားတယ်။ ဒီဒေသမှာတင် အစီးပေါင်းရာဂဏန်း ရှိမယ်။ နောက်ပြီးတော့ စည်းကမ်း ချက် ၁/ဈ အရ အလုပ်သမား စာရင်းကိုလည်း စနစ်တကျ ပြုစုသင့်တယ်။ မြန်မာလုပ်သားတွေက လစာနည်းပြီး တိုင်းခြားလူမျိုးတွေက လစာများတယ်။ အခြား အခွင့်အရေး တွေပိုရတယ်။ ၁/ဍ အရ ဆိုရင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ၊ ပတ်ဝန်းကျင်ထိခိုက်မှု တွေ မဖြစ်စေရဘူးလို့လည်း ပါတယ်။ ဒါပေမယ့် ဒီဒေသက လိမ္မော်ခြံတွေ၊ လယ်ယာမြေတွေ ပျောက်ကုန်ပြီ။ မေခမြစ်၊ ဧရာဝတီမြစ်ထဲကို စွန့်ပစ်တဲ့ပြဒါးနှင့် အခြားသတ္တုတွေ အမြဲ စွန့်ပစ်နေတာပဲ။ ဒါတွေကို သက်ဆိုင်ရာက စစ်ဆေးပြီး လျှော့သင့်တာ လျှော့၊ ပိတ်သင့်တာပိတ်သင့်ပြီ”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု တိုင်းရင်းသားတစ်ဦးက ပြောပြသည်။ အဆိုပါ ရွှေတူးသည့် လုပ်ငန်းများ ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ ရွှေမျောမှ ထွက်သည့် ရွှံ့ရည်များ၊ စွန့်ပစ်ပစ္စည်းများ ဖြစ်သည့် ပြဒါးနှင့် အခြားဓာတုပစ္စည်းများ မေခမြစ်အတွင်းသို့ အမြဲစီးဝင်နေခြင်းများ ဖြစ်လျက်ရှိသည်။ ထို့ကြောင့် ရေရှည်တွင် နိုင်ငံတော်အတွက် အကျိုးရှိမှုနည်းပြီး ဆုံးရှုံးနစ်နာမှု များစွာ ဖြစ်နိုင်ပါသဖြင့် တာဝန်ရှိသူများ အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် အထူးလိုအပ်နေကြောင်း သတင်းရရှိပါသည်။
EMG
သတင်းသမားများ၏ လွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရ
မတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ် (YPI)
ယုံကြည်အပ်နှံ အလွဲသုံးစားမှု ပုဒ်မ ၄၀၆ ဖြင့်စွဲဆိုခံရသည့် အမှုတစ်မှုနှင့် ပတ်သက်၍ စသုံးလုံး (အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့) တွင် ခေါ်ယူစစ်ဆေးခံနေရစဉ် မိန်းကလေး တဦး သေဆုံးသွားသည့် ကိစ္စကို သတင်းသွားရောက်စုံစမ်းစဉ် စသုံးလုံး ၀န်ထမ်းများက သတင်းထောက်အား ယခုအမှုကို ဆက်လက်စုံစမ်းပါက ညီလေး အန္တရာယ် ရှိသည်ဟု ခြိမ်းခြောက်ခံနေရသည်။
သေဆုံးသူ မိန်းကလေး၏ မိသားစုဝင်များအနေဖြင့် ရုတ်တရက် သေဆုံးရသည့်အကြောင်းအရင်း သိရှိလိုသဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံသို့ သွားရောက်ခဲ့သည်။
ထိုသို့သွားရောက်နေစဉ် သတင်းထောက်က မိသားစုဝင်များနှင့် မေးမြန်းရန် ကြိုးစားသည့် သတင်းထောက်ကို စသုံးလုံး ၀န်ထမ်းများက ခြိမ်းခြောက်ခြင်း ဖြစ်သည်။
ယခုကိစ္စလို လူတယောက် အသက်ဆုံးရှုံးသွားရသည့် အဖြစ်ကို မိသားစုဝင်များ အနေဖြင့် အဖြစ်မှန်အတိုင်း သိရှိလိုမည်ဖြစ်ပါသည်။ ထိုသို့ သောကိစ္စတွင် သတင်းမီဒီယာက တနည်းတလမ်းဖြင့် အမှန်တရား ပေါ်ထွက်လာအောင် မီးမောင်းထိုးပြပေးရန် တာဝန်ရှိသည်ဟု ယူဆပါသည်။
နိုင်ငံတော် လျို့ဝှက်ချက် မဟုတ်သော၊ တိုင်းပြည်လုံးခြုံရေး နှင့် မပတ်သက်သည့် သတင်း အချက်အလက်များကို သတင်းမီဒီယာမှ ရှာဖွေဖေါ်ထုတ်ခွင့် ရှိသည်ဟု ယုံကြည်ပါသည်။
သမ္မတ ဦးသိန်းစိန်က စနစ်ပြောင်း၍ ခေတ်ပြောင်းနေပြီဟု မိန့်ခွန်းထဲတွင် မကြာခဏ အလေးပေးပြောဆိုနေချိန် ၊ ပွင့်လင်းမြင်သာမှုရှိဖို့ တာဝန်ယူမှုရှိဖို့ ပြောဆိုထားချိန်၊ စတုတ္ထမဏ္ဍိုင်သည် လည်း တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင် အရေးပါသည့် ထောင့်တထောင့်မှ လုပ်ဆောင်လျှက်ရှိနေချိန်တွင် ယခင်ထောက်လှမ်းရေး ကြီးစိုးသည့် ခေတ်ကဲ့သို့ ခြိမ်းခြောက်ခြင်းမျိုးသည် သတင်းမီဒီယာ အား အင်အားချည့်နဲ့အောင် လုပ်ဆောင်သကဲ့သို့ ရှိပါသည်။
စတုတ္ထမဏ္ဍိုင် အားကောင်းစေရန် ယခုကိစ္စလို ကိစ္စတွင် မီဒီယာ အားလုံး ၀ိုင်းဝန်းရပ်တည်ရန် လိုအပ်သည်ဟု YPI အနေဖြင့် ယုံကြည်ပါသည်။
တာဝန်မဲ့သူနှင့် တာဝန်သိသူ
ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေစဉ်
၂၅.၃.၂၀၁၂ ရက်၊ တနင်္ဂနွေ နေ့ က၊ ဗဟန်းမြုံနယ်၊ ရေတာရှည်လမ်းဟောင်း၊ ဗဟန်းရဲစခန်း အနီးတွင် အသက်(၈)နှစ်ခန့် ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေသဖြင့် ရွှေဂုံတိုင်ဂိတ်မှ အနှေးယာဉ်လုပ်သား ကိုသံချောင်းဆိုသူက ဗဟန်းရဲ စခန်းသို့  ပို့ အပ်အကြောင်းကြားရာ၊ ဗဟန်းရဲစခန်းရှိ တာဝန်ကျရဲအရာရှိမှ ၄င်းတို့ တာဝန်မယူနိုင်ကြောင်းနှင့် မဆောင်ရွက်ပေးနိုင်ကြောင်း ပြောလွှတ်သဖြင့် ကိုသံချောင်းမှ ကလေးငယ်အား လမ်းဘေးတွင်ပြန်လည်စွန့် ပစ်ထားစဉ် ဥပေက္ခာမပြုနိုင်သော လမ်းသွား လမ်းလာများမှ ငွေကြေး စုဖွဲ့  ကောက်ခံကာ ရန်ကုန်ဆေးရုံကြီးသို့  အငှားယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ရသည်။
ကလေးငယ်အား ထိန်းသိမ်း စောင့်ရှောက်ပြီး ကလေးရှင်များနှင့် အဆက်အသွယ်ရရှိရေး ဆောင်ရွက်ရမည့်တာဝန်မှာ ပြည်သူ့ ထံမှ လစာရိက္ခာ ခံစားနေသော ရဲတပ်ဖွဲ့ ဝင်များတွင်တာဝန်ရှိပါလျှက်၎င်းတို့ ၏ တာဝန်မသိမှု ကြောင့် ကယ်သူမဲ့နေသောကလေးငယ်မှာ လမ်းသွားလမ်းလာများ၏ ကြင်နာမှုကြောင့်သာမဟုတ်ပါလျှင် အခြေအနေဆိုးနှင့် ရင်ဆိုင်ရရန်သာရှိပါသည်။
သို့ ဖြစ်ပါသောကြာင့် တာဝန်ရှိသူက တာဝန်မဲ့ပြီး၊ တာဝန်မရှိသူက တာဝန်သိနေရသော ရဲ တပ်ဖွဲ့ ဝင်အချို့ ၏ ဆိုးရွား ယုတ်မာသော စိတ်ထားအား အများပြည်သူ သိရှိနိုင်ရေးအတွက် အသိပေးဖေါ်ပြ လိုက်ရပါသည်။
မျက်မြင်တွေရှိခဲ့ရသူ ပြည်သူတဦးရေးသားပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now
လူကူးမျဉ်းကြားမှ မကူးသူ ၇၀၀၀ ကျော်ကို ဖမ်းဆီးအရေးယူ
လူကူးမျဉ်းကြားမှ လမ်းဖြတ်မကူးသူ များအား ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ပြီး ဖမ်းဆီး၍ ဒဏ်ကြေးငွေပေး ဆောင်စေမှုများ ပြုလုပ် လျက်ရှိရာ ယခု လ ၁၅ ရက်နေ့အထိ လူကူးမျဉ်းကြားမှ မကူးသူ ၇၀၀၀ ကျော်ကို ဒဏ်ကြေးငွေ များပေးဆောင်စေခဲ့သည်ဟုသိရသည်။
"လူတွေ မျဉ်းကြားမှာ ကူးတဲ့အချိန်မှ ဒီအစီအစဉ်ကို ကျွန်တော်တို့ ရပ်မှာပါ။ ကျွန်တော်တို့ ဇန်န၀ါရီလကနေစပြီး ပညာပေးလုပ်ငန်းတွေ လုပ်ခဲ့တယ်။ ကျွန်တော်တို့ ဒဏ်ကြေးအနေနဲ့ ၂၂၀၀ ကျပ် ဆောင်ခိုင်း ပါတယ်။ ဇန်န၀ါရီလ ကနေစပြီး ယခုလ ၁၅ ရက်နေ့အထိ ၇၀၂၅ ယောက် လူကူးမျဉ်းကြားက မကူးလို့ ဒဏ်ကြေးဆောင်ထားရပါ တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ် စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
ယင်းလုပ်ဆောင်ချက်ကို ဇန်န၀ါရီလ တွင် ပညာပေးအနေဖြင့် စတင်လုပ် ဆောင်ခဲ့ပြီး ဖေဖော်ဝါရီလမှ စတင်ပြီး ယာဉ်ထိန်းရဲများနှင့် အငြိမ်းစားစစ်မှု ထမ်းဟောင်းများပူးပေါင်းကာ ဆောင် ရွက်နေကြောင်းသိရသည်။
စီမံချက်ကို အကောင်အထည်ဖော် ရာတွင် အဖွဲ့သုံးဖွဲ့ခွဲ၍ အရေးယူမှု ပြုလုပ်နေကြောင်းနှင့် စည်း ကမ်းမဲ့ လမ်းဖြတ်ကူးသူများကို မြို့ပတ်၍ လှည့် လည် ဖမ်းနေကြောင်း၊ လူထူထပ်သည့် နေရာ များဖြစ်သည့် ဆူးလေ၊ မြေနီကုန်း၊ လှည်းတန်းနှင့် ရွှေဂုံတိုင်ကဲ့သို့ နေရာ များတွင် ဖမ်းဆီးလေ့ရှိကြောင်း ၎င်းက ပြောသည်။
ယခုအချိန်တွင် ဒဏ်ငွေဆောင်ခိုင်း ခြင်းသာရှိပြီး ပညာပေးဇာတ်လမ်း အဖြစ် 'စိမ်း၊ ၀ါ၊ နီ' ဟူသည့် ပညာပေး ဇာတ်လမ်းကို ရိုက်ကူးထားကာ ပညာ ပေးဇာတ်လမ်းအနေဖြင့် ပြသသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ရဲ့အလုပ်ချိန်ကမနက် ၈ နာရီခွဲမှ ၄ နာရီအထိပါ။ ကျွန်တော် တို့က ယာဉ်ထိန်းရဲတွေ၊ စည်းကမ်းမဲ့ လမ်းဖြတ်ကူးတဲ့ သူတွေကို ဖမ်းတဲ့အခါ ကျရင် ရံပေးရုံပဲ။ ကျွန်တော်တို့ကို တစ်လ ကျပ်ခြောက်သောင်းပေးပါ တယ်။ ကျွန်တော်တို့ကို စည်ပင်သာယာ ရဲ့ ရာဖြတ်ဌာနက တရားဝင်ခန့်ထား ပေးတာပါ"ဟုမြေနီကုန်း လုပ်အားပေး တစ်ဦးဖြစ်သူ ဦးကျော်သူမင်းက မြန်မာ တိုင်း(မ်)သို့ ပြောသည်။
"ကျွန်တော်က ဆူးလေအနားမှာ အဖမ်းခံရတာပါ။ လူကူးမျဉ်းကြား ကနေ မကူးမိလို့ပါ။ ဒဏ်ကြေးကျပ် ၂၂၀၀ ဆောင်ရပါတယ်။ ကျွန်တော်တို့ ပညာ ပေးဇာတ်လမ်းတော့ မကြည့်ရပါဘူး။ ဒဏ်ငွေပဲဆောင်ရတယ်"ဟု အသက် ၆၄ နှစ်အရွယ်ရှိ နေ့စား အလုပ် သမား ဖြစ်သူဦးကြည်လွင်က ပြောသည်။
"ကျွန်မက ဆူးလေဘုရားနားမှာ အဖမ်းခံရတာပါ။ ကျွန်မ အခုတလော ဖမ်းဆီးနေတယ်လို့ မထင်ထားမိဘူး။ အမှန်က ဖုန်းဘီလ် ဆောင်ဖို့ အမြန်သွား ချင်တာနဲ့ လူကူးမျဉ်းကြားက မကူးမိတာ ပါ"ဟု အသက် ၆၀ အရွယ်ရှိ အိမ်ရှင်မ ဒေါ်စန်းကြည်က ပြောသည်။
"ကျွန်မတို့ သူငယ်ချင်းသုံးယောက် ဆူးလေမှာ လူကူးမျဉ်းကြားက မဖြတ် လို့ အဖမ်းခံရတာပါ။ အလုပ်နောက် ကျနေလို့လည်း ပါတာပေါ့"ဟု အသက် ၃၀ အရွယ် စာရင်းကိုင်တစ်ဦးဖြစ်သူ မအိအိက ပြောသည်။
ပထမအဆင့်အနေဖြင့်လမ်းဖြတ်ကူး သည့် စီမံချက်ကို လုပ်ဆောင်သွားရန်ရှိ ပြီး ဒုတိယအဆင့်အနေဖြင့် ကွမ်းတံထွေး ထွေးခြင်း၊ အမှိုက်ပစ်ခြင်းတို့ကို လုပ် ဆောင်သွားရန်ရှိကြောင်းသိရသည်။
မြန်မာ့တိုင်းမ်
မလေးရှားအမျိုးသမီး သရုပ်ဆောင် မီရှဲယို ပြင်သစ်ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရ
The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သော မီရှဲယို
မလေးရှား အမျိုးသမီးသရုပ်ဆောင် မီရှဲယိုသည် ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။
ပါရီမြို့တွင် မတ်လ ၁၄ ရက် ကပြုလုပ်ခဲ့သောအခမ်းအနား၌ ပြင် သစ်သမ္မတ နီကိုလတ်ဆာကော်ဇီက မီရှဲယိုကို Legion of Honour ဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ပါရီမြို့ရှိ Elysee သမ္မတနန်းတော်တွင် ပြုလုပ်သော ယင်းအခမ်းအနားသို့ ပြင်သစ်သမ္မတကတော် ကာလာဘရူနီ၊ သမ္မတဟောင်း ဂျက်ရှီယက်၏ ဇနီးဘာနန်ဒက်တီရှီယက်အပါအ၀င် ပြင်သစ်ဆိုင်ရာ မလေးရှားသံအမတ်ကြီး အဗ္ဗဒူအဇက်ဇိုင်နယ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကမ္ဘာတစ်ဝန်းရှိ အနုပညာနှင့်ဖျော်ဖြေရေးနယ်ပယ်မှ ၁၁ ဦးကို ဆာကော်ဇီက Legion of  Honour နှင့် The Order of Merit ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆုရရှိသူများထဲတွင် မီရှဲယိုအပါအ၀င် ပြင်သစ်တေးရေးဆရာ Jean- Michel Barre နှင့် ဒီဇိုင်းပညာရှင် Jean-Claude Jitrois တို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။
ပြင်သစ်၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု Legion of Honour ဆုကို ပြင်သစ် ပထမသမ္မတနိုင်ငံ ထူထောင်ခဲ့သော နပိုလီယန်ဘိုနာပတ်က ၁၈၀၂ ခုနှစ်၊ မေလ ၁၉ ရက်တွင် စတင် ဖန်တီးခဲ့ခြင်းဖြစ်ပြီး ၁၈၀၄ ခု နှစ်၊ ဇူလိုင်လ ၁၄ ရက်တွင် စတင် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ အရပ်ဘက်နှင့် စစ်ဘက်တွင် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သော အမျိုးသား၊ အမျိုးသမီး မရွေး၊ ပြင်သစ်နိုင်ငံသား သို့မဟုတ် ပြည်ပနိုင်ငံသားများကို ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး အမျိုးအစား ငါးမျိုး ခွဲခြားထားကြောင်း သိရသည်။
Commandeur of the Légion d'Honneur ဘွဲ့ကို မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရရှိထားသည်။
The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သော မီရှဲယိုမှာ Legion of  Honour ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။
EMG
မလေးရှားဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည်
မြန်မာနဲ့ မလေးရှား ၂ နိုင်ငံ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၀န်ကြီးချုပ် နာဂျစ် ရာဇတ် ဟာ မကြာခင် မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ်လို့  မြန်မာအစိုးရက ကြေညာလိုက်ပါတယ်။
AFP
မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကို သူဦးဆောင်သည့် ညီညွတ်သော မလေးအမျိုးသားအဖွဲ့ (UMNO) နှစ်ပတ်လည် ညီလာခံတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
လာရောက်မယ့်ရက်ကို အတိအကျ ဖော်ပြထားခြင်း မရှိပေမယ့် သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ လာရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။ မနှစ် နိုဝင်ဘာလအတွင်းမှာလည်း ၂ နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ ဖြိုးရေး အစီအစဉ် အတွက် မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် လာရောက် လည်ပတ်ခဲ့ပါတယ်။ မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု အများဆုံး နိုင်ငံတွေထဲမှာ တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ အိန္ဒိယ နဲ့ ဟောင်ကောင် ပြီးရင် ၆ နိုင်ငံမြောက် ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၀ - ၁၁ ဘဏ္ဍာနှစ် အတွင်း မြန်မာ - မလေးရှား ၂ နိုင်ငံ ကုန်သွယ်မှု ပမာဏ ဟာ အမေရိကန်ဒေါ်လာ ၅၈၆ သန်းရှိရာမှာ မြန်မာနိုင်ငံက ထုတ်ကုန် ၄၄၁ သန်းဖိုးနဲ့  သွင်းကုန် ၁၄၅ သန်းဖိုး ရှိတယ်လို့  သိရပါတယ်။
RFA
နေမကောင်းသည့်ကြားမှ လူထုကို ဟောပြောနေသည့်  ဒေါ်အောင်ဆန်းစုကြည် ၏ မြိတ်ခရီးစဉ် ဒုတိယနေ့  (ရုပ်/သံ)
ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ ဟောပြောပွဲ ကောက်နှုတ်တင်ပြချက်။
၂၅ မတ်လ ၂၀၁၂ (ရိုက်ကူး ခွန်ခေါင်) ဒီဗွီဘီ
မော်လမြိုင်ကျွန်းမြို့ မှ ယာဉ်တိုက်မှုနှင့် ၄င်းမြို့မှ ပြည့်သူ့ဆေးရုံ (ပေးစာ)
ဧရာဝတီတိုင်းဒေသကြီး ၊ မော်လမြိုင်ကျွန်းမြို့ (၁၄) လမ်းထောင့်ကွေ့တွင် 22.3.12 နေ့တွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့       ပါတယ်။ 
ယာဉ်တိုက်မှုကတော့ ကျောင်းဆရာတစ်ဦးဖြစ်သူ ဆရာ
ဦးမင်းစီ အား ထော်လာချီတစ်စီးမှဝင်တိုက်ခြင်းဖြစ်ပါ 
 တယ်။
 ကျွန်တော့်ဆရာ မှာ ဘယ်ခြေထောက်ဒူးဆံကြေမွသွားပြီး သွေးအိုင်ထဲလဲကာ သတိလစ်နေခဲ့ပါတယ်။ သတိပြန်ရချိန်မှာ ထော်လာဂျီမောင်းသူ         လည်းမရှိတော့ပါဘူးတဲ့။ ဘယ်ဘက်ဒူးခေါင်းကိုထော်လာဂျီဘီးက ကြိတ်မိလျက်သား လူးများက၀ိုင်းအုံကြည့်နေပါတယ်။ အမည်မသိသူတစ်ဦးမှ ထော်လာဂျီအား တွန်းဖယ်ပေးကြောင်းသိရပါတယ်။ 
အသိဖြစ်သူကျောင်းဆရာ တစ်ဦးမှတွေ့၍ ပွေ့ဖက်ထားပြီးဆေးရုံသို့ပို့မည်ပြောသော်လည်းမြို့နယ်ရဲများမလာသေး၍ ပို၍မရကြောင်းသိရပါတယ်။ရဲများ၏ မှတ်တမ်း    ဓာတ်ပုံရိုက်ရန်ရှိသည်ဟုသိရပြီး နာရီဝက် (၃၀) မိနစ်ခန့်မျှ သွေးအိုင်ထဲလဲကာ အလူးအလဲခံခဲ့ရပါတယ်။နေ့လည်နေအ       ရမ်းပူသည့်အချိန် ခြေထောက်မှာလည်းသွေးထွက်လွန်နေပြီးကြေမွကာပျက်စီးခါနီးအချိန် စဉ်းစားသာကြည့်ပါတော့ဗျာ။
 ရဲများမှတ်တမ်းဓာတ်ပုံရိုက်ပြီးမှ ဆေးရုံသို့ပို့ခွင့်ရကြောင်းသိရပါတယ်။ ဆရာအဲလိုဖြစ်တော့ မြို့နယ် ပညာရေးမှူး နဲ့တကွ ပညာရေးဝန်ထမ်းများ မြို့နယ် အေးချမ်းသာယာရေးမှူးကြီးနှင့်တကွ ၀န်ထမ်းများ၏ ကူညီဆောင်ရွက်ပေးမှုနှင့်
ဆေးရုံကိုရောက်ရှိခဲ့ပါတယ် မြို့နယ်ပြည့်သူ့ဆေးရုံရောက်တော့ အဖြစ်အပျက်ကလေးကဒီလိုပါဗျာ ဆေးရုံရောက်တော့ ကုသမှုလေးတွေကဒီလိုပါ ခွဲစိတ်ခန်းဝင်ဘို့ ပြင်ဆင်တဲ့အချိန်ကစတော့တာပါပဲ ကျွန်တော့ဆရာ့ကို လိုအပ်သော ပတ်တီးစီးစရာမရှိလို့ ဆေးရုံကဖွင့်ထားတဲ့ ဆေးခန်းမှာ ၀ယ်တော့ မရှိဘူးတဲ့လေ ဆေးရုံနဲ့ မြို့ထဲကလဲဝေးတော့ မြို့ထဲက ပြင်ပဆေးခန်းတွေမှာ လိုက်ရှာဝယ်ရပါတယ်တဲ့ ဆေးရုံတက်တာ ပတ်တီးစ ၊ ဂွမ်း ၊ ဆေးထိုးအပ်အစစ အရာရာဝယ်သုံးရတယ်။ 
ရန်ကုန်သွားကုမှာလားလို့အမေးခံပါတယ်တဲ့ သွားကုမှာလို့ကျွန်တော့ဆရာဘက်က တာဝန်ရှိသူတွေကပြောတော့ ကျောက်ပတ်တီးစီးပေးခဲ့ပါတယ် ခွဲစိတ်ခန်းထဲက ထွက်ပြီး အနီးငယ်အကြာမှာ ကျွန်တော့ဆရာက နာကျင်လာကြောင်းပြောပြပြီး ဆရာ့မှာ အတော်လေး အန်ကြိတ်ပြီးခံခဲ့ရပါတယ်တဲ့ လူနာကနာလို့ တာဝန်ကျဆရာမကိုပြောတော့လာလဲမကြည့် လာလဲဆေးထိုးပေးမှုမလုပ်ပဲ  ဒီလောက်တော့ခံရမှာပေါ့လို့   တာဝန်မဲ့စွာပြောခဲ့တယ်တဲ့ နောက်တစ်ခုဆိုးတာက အရမ်းနာလွန်းလို့မခံစားနိုင်တော့ လို့သွားပြောပြန်တော့ ဆရာဝန်မ တစ်ယောက်လိုက်လာတယ်တဲ့ အဲဒီဆရာဝန်မက ဘာပြောခဲ့သလဲဆိုတော့ ကျွန်မတောင်အခုထိထမင်းမစားရသေးဘူးတဲ့ လူနာကို ဆရာဝန်က ဆက်ဆံတဲ့လေသံတဲ့လားဗျာ ကျွန်တော့ဆရာ အစား ကျွန်တော်အသဲနာလိုက်တာ ဒါထက်ဆိုးတာကတော့ လူနာ ကိုရန်ကုန်လာမှာဆိုတဲ့အတွက် ဂရုမစိုက်တာလို့ပြောပါတယ်။
 ကျွန်တော်တို့ မြို့က ရေလမ်းဆိုတော့ သဘောင်္နဲ့ပဲလာခဲ့ရပါတယ် ကျောင်းဆရာဆိုတော့လဲ ပိုက်ဆံကမချမ်းသာဘူးလေ ထော်လာဂျီပိုင်ရှင်က တာဝန်ယူပေးတာပါ ရန်ကုန်ရောက်လို့ (ဆာကူရာ) ဆေးရုံတက်ပြီး ဆေးရုံမှ ဆရာဝန်ကြီးက ပြန်လည်ပြီး ကျောက်ပတ်တီးကိုဖြေတဲ့အခါ အဲဒီအနာထဲမှာ သဲတွေ ကျောက်စရစ်ခဲလေးတွေထွက်လာတယ်တဲ့လေ ။ မော်လမြိုင်          ကျွန်းမြို့နယ် ပြည့်သူ့ဆေးရုံ မှ ဆေးကုသပေးလိုက်တာဘယ်လောက်များကောင်းလိုက်သလဲဗျာ။ လူနာတွေကို ကယ်နေတာ လား ၊ သေအောင်သတ်နေတာများလားဗျာ ..။  အဲဒါကြောင့်မို့ လို့အချို့လူတွေက ဆရာဝန်တွေကို ဒီလိုအမည်တွေပေးတာပေါ့ ။ ဘာတွေလဲဆို ဒေါက်တာ သင်္ချိုင်း ၊ ဒေါက်တာပေါက်တူး ၊ ဒေါက်တာသုဘရာဇာ တို့တဲ့ဗျာ ..........။ မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ဆေးရုံက ဆင်းရဲလွန်းလို့ ပတ်တီး  ၊ ဂွမ်း ၊ ဆေးထိုးအပ်တို့ လှူကြပါခင် ဗျာ ....... ။ ဒီလိုဆေးရုံမျိုးမှာ ဘယ်လိုလုပ်ပြီး လူနာတွေကိုကယ်တင်ကြမှာလဲဗျာ ......... ။
ယာဉ်တိုက်ခံရတဲ့ ဆရာရဲ့ တပည့်တဦး
တရုပ် Gas ပိုင်းလိုင်း Project တွင် လာရောက် လုပ်ကိုင်နေသော တရုပ်များ မြန်မာတွေကို တရားဝင်လူမြို ဖို့ ကြိုးစားနေကြပြီ
မကွေးတိုင်း စကုမြို့ နယ်တွင် ယခု အခါတွင် မြန်မာနိုင်ငံမှ တရုပ်နိုင်ငံသို့  Gas များပေးပို့ ရန် ပိုက်လိုင်း မြုတ်နှံမှု့ များလာရောက်လုပ်ကိုင်နေပါသည်။ 
ထိုကုမ္ပဏီမှ တရုတ်များသည် စကုမြို့ နယ်ရှိကျေးရွာ တစ်ရွာသို့ ရောက်ရှိလာပြီး 
ကျေးရွာ လူကြီးကို တွေ့ ပို့ တောင်းဆိုက သူတို့  ဤ Project ကို လုပ်ကိုင်နေစဉ်အတွင်း
 မြန်မာ အမျိုးသမီး မိန်းမ လိုချင်ကြောင်း ကောင်းကောင်း ထောက်ပံ့
 ထားပေးမည်ဖြစ်ကြောင်း ရှာဖွေပေးရန် လာရောက်တောင်းဆိုကြောင်းသိရပါသည်။
ကျေးရွာလူကြီးမှ စိတ်ဆိုး၍ ဤကဲ့သို့  မိန်းမ မျိုး ဒီရွာမှာ မရှိကြောင်း နောင်အခါ 
လာရောက် ပြောဆိုရင် ရိုက်ထုတ်မယ်ဖြစ်ကြောင်းပြောလိုက်မှ ထွက်သွားကြောင်း
 စကားပြန်ဖြစ်သူမှ ဒီရွာ မရ နောက်ရွာများရှိသေးကြောင်းပြော၍ ပြန်ခေါ်သွား
ကြောင်း ဒေသခံရွာသားများမှ Myanmar News Now ကို ပြောပြပါသည်။ 
မြေမြို၍ လူမျိုး မပျောက် လူမြို၍ လူမျိုးပျောက်ဟု နယ်စပ်လ၀က တွင်ချိပ်ဆွဲထားသော 
စာတန်းများသည် အလှပလား။ တရုပ်လူမျိုးများ ကို ယခုလို တရားဝင် လူမြိုဖို့ ကြိုးစားမှု ခွင့် ပြုထားသည်မှာဘယ်သူတွေပါလဲ?
Myanmar News Now 
ဖော်ပြပေးလိုက်ပါတယ်။
မြန်မာပြည်မြေပေါ်က အဖိုးတန် သဘာဝပစ္စည်းတွေ ဘယ်ရောက်ကုန်ကြပြီလည်း။
မြန်မာပြည်ရဲ့  သဘာဝသစ်ပင်ကြီးတွေထဲက ၀က်သစ်ချပင်အကြောင်း အကျဉ်းချူပ်ပြောရရင် ၀က်သစ်ချပင်(oak tree) ဟာ နွေဦးမှာ အထူးသဖြင့် မေလမှာ သစ်ရွက်တွေ စိမ်းစိမ်းစိုစိုနဲ့ ဆောင်းဦးမှာ အရွက်တွေခြောက်သွားရင်တောင် ကြွေမကျဘဲ အင်မတန်ခိုင်န့် တဲ့ သစ်ပင်ကြီးမျိုး ဖြစ်ပါတယ်။ ၀က်သစ်ချပင် အခက်လေးတွေကို အိမ်တွေမှာ ကျန်းမာစေတယ် လာဘ်ရွှင်စေတယ်ဆိုတဲ့ ယုံကြည်မှုနဲ့  ဆောင်ထားလေ့ရှ်ိကြပါတယ်။
မြန်မာပြည်ရဲ့  တန်ဖိုးမဖြတ်နိုင်တဲ့ သစ်ပင်ကြီးမျိုးတစ်ခုဖြစ်တဲ့ ၀က်သစ်ချပင်ကြီးတပင်ရဲ့  အင်မတန်ကြီးမားလှတဲ့ ပင်စည်အမြစ်ကြီးကို ဒီလဆန်းပိုင်းမှာ တူးဖေါ်ရရှိခဲ့ပါတယ်။
ဒီ ၀က်သစ်ချပင်ကြီးရဲ့  ပင်စည်အမြစ်ကြီးဟာ မြေအောက်အတွင်းမှာပင် အရှည် (၆.၆) မီတာ၊ လုံးပတ် (၃.၆) မီတာနဲ့  အလေးချိန် (၃၆) တန် ရှိပါတယ်။ အင်မတန်ကြီးမားလှတဲ့ ဒီ ၀က်သစ်ချပင်စည်မြစ်ကြီးကို (၂) နာရီင်္ကျော်ကျော်ကြာအောင် မြေကြီးထဲကနေ ထွက်လာအောင် ခေတ်မှီကရိန်းကား (၂) စီးနဲ့  တူးဖေါ်ဆွဲထုတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါတောင် ဒီအရှည် (၆.၆) မီတာက တစ်ပိုင်းဘဲ ဖြစ်ပြီး နောက်တစ်ပိုင်းဟာ နက်နဲတဲ့ မြေကြီးအောက်မှာ ဆက်လက်ရှိနေသေးပြီး ထပ်မံတူးဖေါ်ရရှိဖို့  ကြိုးစားနေကြတယ်လို့  သိရှိရပါတယ်။
မြန်မာမြေမှာ တည်ရှိနေတဲ့ ဒီလို ရှားပါးလှတဲ့ မြန်မာ့သဘာဝရင်းမြစ်တွေကို တူးဖေါ်တွေ့ ရှိသူတိုင်းဟာ မြန်မာပြည်ရဲ့  ပိုင်ဆိုင်မှုဖြစ်တဲ့အတွက် မြန်မာပြည် သက်ဆိုင်ရာဌာနကို ပေးအပ်ရမှာ ဖြစ်ပါတယ်။
သို့ သော်လည်းဘဲ မြန်မာပြည်ပိုင် တန်ဖိုးရှိတဲ့ ရှားပါးတဲ့ ဒီလို နှစ်ပေါင်းများစွာ ကြာမြင့်တည်တံ့နေတဲ့ ၀က်သစ်ချပင်ကြီးရဲ့  ကြီးမားလှတဲ့ ပင်စည်မြစ်ကြီးဟာ ယခုအခါမှာတော့ တရုတ်နိုင်ငံရဲ့  သစ်ပင်ကြီးများ သစ်ပင်မြစ်ကြီးများကို ထုထွင်းတဲ့ ပြပွဲမှာ ပြသဖို့ အတွက် တရုတ်နိုင်ငံ root carving art ကုမ္ပဏီတစ်ခုဆီမှာ မြန်မာပြည်တွင်းမှာ တူးဖေါ်ခဲ့တဲ့ တရုတ်တွေလက်ထဲကတစ်ဆင့် ရောက်ရှိသွားလို့  နေပါတယ်။
ဒီ တရုတ်နိုင်ငံ root carving art ကုမ္ပဏီရဲ့  ဥက္ကဌဖြစ်သူ Xu Guqing ပြောတာကတော့ ဒီလောက်ကြီးမားတဲ့ မြန်မာပြည်က ၀က်သစ်ချပင်ကြီးရဲ့  ပင်စည်မြစ်ကြီးကို သူ့ ရဲ့  အလုပ်သက်တမ်း (၃၀) မှာ ပထမဦးဆုံး မြင်တွေ့ ရခြင်း ဖြစ်ပါတယ်လို့  ပြောဆိုပါတယ်။
ကိုယ့် တိုင်းပြည်ရဲ့  တန်ဖိုးမဖြတ်နိုင်တဲ့ သဘာဝပစ္စည်းတွေ ကိုယ့်ရဲ့  မြေပေါ်ကနေပြီး အခြားသော နိုင်ငံကို ရောက်ရှိကုန်ကြတာ မေးစရာ မေးခွန်းတွေ များပြားစွာရှိပါတယ်။
ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်ရဲ့  ရေမြေတောတောင်သဘာဝ ကျောက်မျက်ရတနာ သစ်ပင်တွေကအစ ရေနံ သဘာဝဓါတ်ငွေ့  ရေတွေအဆုံး နောက်ဆုံး လူမျိုးပါ ကုန်ရမယ့်အဖြစ်မျိုးကို မဖြစ်ကြစေဖို့  အဓိကတာဝန်ရှိသူတွေရော မြန်မာနိုင်ငံသားတစ်ဦးချင်းစီရော ကိုယ်ကျိုးမဘက်ဘဲ ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ကြဖို့  လိုပါတယ်။
ရွေးကောက်ပွဲစိတ်ဝင်စားမှုများပြား (ရုပ်/သံ)
မြို့နေပြည်သူတွေသာမကဘဲ ကျေးလက်နေ ပြည်သူများကပါ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားနေပါတယ်။ (DVB)
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်း
ကျန်းမာရေးမကောင်းသည့်ကြားမှ မြိတ်မြို့ လူထုအားဟောပြောနေစဉ် (ဓါတ်ပုံ - အောင်ကိုး- Facebook)
ဒီမိုကရေစီ ထွန်းကားမှ အခွင့်ထူးခံ လူတန်းစားတွေ ပပျောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး လူတိုင်း တန်းတူညီမျှမှု ရမှာ ဖြစ်တယ်လို့ ဒီကနေ့ မြိတ်မြို့ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းတာကြောင့် ဒီကနေ့ မြိတ်မြို့က ကျေးရွာတွေကို သွားမယ့် ခရီးတွေကိုလည်း ဖျက်လိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မြိတ်မြို့မှာ ဒုတိယနေ့ အဖြစ်နဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောပါတယ်။
“တနင်္သာရီက တစ်နေရာပဲ လစ်လပ်လို့ အဲဒီတစ်နေရာကိုပဲ ကျမ အဓိက ထားပြီးတော့ စည်းရုံးရေးခရီး ဆင်းရတာပါ။ ဒါပေမဲ့ နောင်ကျလို့ရှိရင်တော့ ကျမ တနင်္သာရီတိုင်းကို အနှံ့အပြား သွားချင်တဲ့စိတ် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၈၈-၈၉ ခုနှစ်၊ အဲဒီတုန်းက ကျမသွားခဲ့တဲ့ တိုင်းတွေ၊ ပြည်နယ်တွေထဲမှာဆိုရင် တနင်္သာရီက အတတ်ကြွဆုံး ကျမတို့ကို ထောက်ခံမှု ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒီကျေးဇူးတွေကို ကျမတို့က မမေ့ဘဲနဲ့ ပြန်ဆပ်ဖို့အတွက် တနင်္သာရီ ပြည်သူပြည်သားတွေရဲ့ တိုးတက် ဖွံ့ဖြိုးရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားပါမယ်လို့ ပြောပါရစေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ဟာ တနင်္သာရီ ပြည်သူလူထုရဲ့ အရေးတွေကို မမေ့ဘဲနဲ့ ခေါင်းထဲမှာရော နှလုံးသားထဲမှာရော ထားပြီးတော့ တတ်နိုင်သမျှ အဆင်ပြေအောင် ပြည်သူလူထုရဲ့ ဘ၀တွေကို ပိုပြီးတော့ ကောင်းမွန်လာအောင် ကြိုးစားသွားပါမယ်လို့တော့ ကျမ ပြောနိုင်ပါတယ်။”
တနင်္သာရီ တိုင်းမှာ နိုင်ငံရေး အတက်ကြွဆုံး ဖြစ်တယ်လို့ မဲဆွယ်ပွဲမှာ လိုက်ပါသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောပါတယ်။
“ဒီနေ့ကတော့ မနက်ကတုန်းက မြိတ်နားက ကျွန်းစုမြို့ကို သွားမယ့်အစီအစဉ်ကိုတော့ ဖျက်လိုက်ပါတယ်။ ကျန်းမာရေးကြောင့်ပါ။ နေ့လယ်တော့ မနေ့က မသွားဖြစ်တဲ့နေရာပေါ့ ကန်ပေါ် ဆိုတဲ့နေရာကို လူတွေကို သွားခေါ်လာတာ။ အဲဒီနေရာကလူတွေနဲ့ စကား နည်းနည်း ပြောပါတယ်။ အဲဒီလူတွေကို စကားပြောတယ်။ ပြီးတော့ အဲဒီနားကရှိတဲ့ ခြောက်မြို့နယ်က လူတွေနဲ့ စကားပြောပါတယ်၊ တည်းခိုတဲ့အိမ်မှာပါပဲ။ အဲဒါပြီးတော့ ၂ နာရီမှာ ကျနော်တို့ အိမ်က ထွက်ပါတယ်။ ၂ နာရီ ၁၀ မိနစ်လောက်မှာ မြိတ်လူထုကို စကားပြောပါတယ်။ လူအင်အားအနေနဲ့ကတော့ အများကြီး မဟုတ်ပေမဲ့ တက်ကြွတဲ့နေရာမှာတော့ ထိပ်ဆုံးထဲက ပါပါတယ်။”
မြိတ်မြို့မှာ ရှပ်ပြေး ရေယာဉ်ကို လုပ်ငန်းရှင်တွေက မငှားကြတဲ့အတွက် စက်လှေတွေနဲ့ မြိတ်မြို့ ကျွန်းစု မြို့နယ်တွေဆီကို မဲဆွယ်ပွဲသွားခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ည ၁၀ နာရီကျော် အထိ သောင်တင်နေခဲ့တာပါ။ ဒေသ အာဏာပိုင်တွေက ဖိအားပေးတာကြောင့် စီးပွားရေးသမားတွေက မငှားရဲကြတာ ဖြစ်တယ်လို့ NLD ဘက်က ပြောဆိုလိုက်ပြီးတဲ့နောက် ဒီကနေ့ မြိတ်မြို့ မဲဆွယ်ပွဲမှာတော့ ဒီမိုကရေစီ ထွန်းကားမှ အခွင့်ထူးခံ စီးပွားရေး သမားတွေ ပပျောက်သွားမှာ ဖြစ်ပြီး လူတိုင်း တန်းတူ အခွင့်အရေး ရမှာ ဖြစ်တယ်လို့  ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပြောပါတယ်။
“ခရီးက စီစဉ်တဲ့အတိုင်း မဖြစ်ပါဘူး။ ကျနော်တို့ အနှောက်အယှက် အများကြီးဖြစ်ပါတယ်။ ဖြစ်တော့ အဲဒီလို ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ အခွင့်ထူးခံ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ကြောင့် ဒီဟာလည်း ဖြစ်သွားတာပေါ့။ ဖြစ်သွားတော့ နောက်ဆိုလို့ရှိရင်တော့ ဒီမိုကရေစီရအောင်လို့ လုပ်မှ ဒီလိုဟာမျိုးတွေ ပပျောက်မယ်ဆိုတာကိုတော့ အထူးသဖြင့် ထည့်ပြောသွားပါတယ်။”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်မြို့ မဲဆွယ်ခရီးစဉ်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက လုံခြုံရေး အကူအညီမပေးဘူးလို့လည်း NLD ဘက်က ပြောပါတယ်။ တနိုင်ငံလုံး NLD မဲဆွယ်စည်းရုံးရေး တွေမှာ မြိတ်မြို့က ဒေသဆိုင်ရာ အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှုက အညံ့ဆုံး ဖြစ်တယ်ဆိုပြီးလည်း ဦးခွန်သာမြင့်က ပြောပါတယ်။ ခရီးလမ်းကြမ်းတာအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကလည်း မကောင်းတာကြောင့် ဒီကနေ့ သွားရောက်ဖို့ စီစဉ်ထားတဲ့ မြိတ်မြို့က ကျေးရွာ ၂ ခုကို ဒေါ်အောင်ဆန်းစုကြည် မသွားနိုင်ခဲ့ပါဘူး။
“ကျနော်တို့က လှမ်း ဖုန်းဆက်တယ်။ အဲဒီတဆင့် တဆင့် လှမ်းဆက်ပြီးတော့ အပေါ်ကို ဆက်လိုက်တယ်။ အပေါ်ကနေ အောက် ပြန်ပြောတယ်။ ဒေသဆိုင်ရာ အာဏာပိုင်က ကျနော်တို့ ဘာမှ လုပ်မထားပါဘူး ဘာညာ ပြောကြပေမဲ့ သိသာပါတယ်။ ပူးပေါင်းဆောင်ရွက်မှုလည်း မရှိပါဘူး။ ပူးပေါင်းဆောင်ရွက်မှု မရှိရုံတင်မကပါဘူး၊ ကျနော်တို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာ သူ့ဟာသူဖြစ်မယ့်ဟာကိုပါ ကျနော်တို့ အနှောက်အယှက်ပေး ခံရပါတယ်။ လုံခြုံရေးကလည်း ပူးပေါင်းဆောင်ရွက်မှုက သိပ်မရှိပါဘူး။ မရှိလို့ပဲ ကျနော်တို့ မနေ့ကဆို ညဘက်ကြီး ပင်လယ်ထဲမှာ သောင်တင်နေတဲ့ဟာကို ဖုတ်ချက်ဖုတ်ချက်နဲ့ စောင့်နေရတာ။ ဒါမျိုးတွေက ပူးပေါင်းဆောင်ရွက်မှု ရှိရင်တော့ ဒါတွေက အများကြီး အဆင်ပြေနိုင်ပါတယ်။”
၂ ရက်ကြာ မြိတ်မြို့ ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချို့ယွင်းလာတဲ့အတွက် လာမယ့် ၂၇ ရက်နေ့မှာ သွားရောက်ဖို့ စီစဉ်ထားတဲ့ မကွေးတိုင်း ၆ မြို့နယ် ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပြီလို့ NLD ပါတီဘက်က ပြောဆိုပါတယ်။
VOA
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးအခြေအနေ ဒေါက်တာတင်မျိုးဝင်း ရှင်းလင်းပြောဆို (ရုပ်/သံ)
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ဒေါက်တာတင်မျိုးဝင်းပြော
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် နောက်ထပ်ကျန်နေသေးတဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေကို သွားရောက်ဖို့ အဆင်မပြေတော့ကြောင်း ဒေါက်တာတင်မျိုးဝင်းက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
အိမ်မဲ ကြံ့ဖွံ့ ကိုယ်စားလှယ်ကလည်း လမ်းခင်းပေးမယ် လျှပ်စစ်မီးပေးမယ်ဆို
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာတွင်
တွေ့ရှိခဲ့ရသောပုံဖြစ်ပါသည်။
Myanmar News Now
ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့မှ ပြန်ရောက်ပြီး နေအိမ်တွင် အနားယူနေ
ဓါတ်ပုံ (AP)
မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်၊ (၀ိုင်ပီအိုင်) ည ၇ နာရီ ၅၀ မိနစ်
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတင်ရသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မမှန်ကန်ကြောင်း ယနေ့ညနေပိုင်း မြိတ်မြို့မှ ပြန်ရောက်လာပြီးနောက် နေအိမ်တွင်ပင် အနားယူနေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေး လိုက်ပါလျှက်ရှိသူ တဦးက ၀ိုင်ပီအိုင်သို့ အတည်ပြုပြောဆိုသည်။
ယမန်နေ့ မြိတ်ခရီးစဉ် အတွင်း လှိုင်းမူးပြီး ကျန်းမာရေးအရ အနားယူရန် လိုအပ်သည်ဟု မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၏ ညွှန်ကြားချက်အရ ကျန်ရှိသည့် စည်းရုံးရေး ခရီးစဉ်များကို ပယ်ဖျက်လိုက်ကာ ရန်ကုန်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။
သဘက်ခါတွင် စည်းရုံးရေး ခရီးစဉ်အဖြစ် မကွေးမြို့သို့ သွားရောက်ရန်ရှိသည့် အစီအစဉ်ကိုလည်း ပယ်ဖျက်လိုက်သည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေး ဋ္ဌာနမှ ယနေ့နေ့လည်ပိုင်းက ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ မြန်မာနိုင်ငံအနှံသို့ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ဖေဖေါ်ဝါရီလဆန်းမှစတင်၍ သွားရောက်လျှက်ရှိရာ မြို့ပေါင်း တဒါဇင်ထက်မနည်း သွားရောက်ပြီး ဖြစ်သည်။ ။
မန္တလေး ကြံ့ဖွံ့ တဦး ဗိုလ်ချုပ်နှင့် ဒေါ်စု ဓါတ်ပုံကို စော်ကားပြောဆို
မန္တလေးမြို့  စိန်ပန်းရပ်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးသည် စိန်ပန်းရပ်ရှိအိမ်တစ်အိမ်အတွင်း ၀င်ရောက်မဲဆွယ်ရာတွင်အိမ်အတွင်းချိတ်ဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနှင်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစြု
ကည်တို့၏ ဓာတ်ပုံများကိုပြောဆိုစော်ကားသွား
ခဲ့ကြောင်း သိရှိရပါသည်။
““ ကျွန်တော်က စိန်ပန်းရပ်ထဲမှာပဲနေတာပါ။ (မတ်လ 25 ရက်နေ့) ဒီနေ့မနက်
၁၂နာရီလောက်က ကျွန်တော်ထမင်းစားနေတုန်း ပြည်ခိုင်ဖြိုးပါတီကစည်းရုံးရေး
ဆင်းရင်း အိမ်ကိုရောက်လာကြတယ်။ အားလုံးပေါင်း အယောက်(၃၀)လောက်တော့ရှိမှာပါ
 အိမ်ကအမေကြီးကိုစည်ရုံးရေးလက်ကမ်းစာရွက်ဝေရင်း  ပြည်ခိုင်ဖြိုးကို မဲပေး၊
ထောက်ခံဖို့ပြောတာပေါ့။ အမေကြီးကလည်း သူ့မှာရွေးချယ်ထားတဲ့ပါတီရှိပြီးဖြစ်
တဲ့
အကြောင်း ပြီးတော့ အဲဒီပါတီဟာခွပ်ဒေါင်းနဲ့ကြယ်ဖြူတံဆိပ်ပါတီ(
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ဖြစ်ကြောင်းကို အေးအေးဆေးဆေးရှင်းပြတော့
အိမ်ထဲမှာချိတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပံ
ုတွေကို
 လက်ညိုးငေါက်ငေါက်ထိုးပြီးတော့
““အဲဒါတွေက လူသတ်လက်နက် ယန္တာရားတွေ””လို့ပြောတယ်။ ကျွန်တော်ကလည်း
ထမင်းစားလျက်တန်းလန်းဆိုတော့ ဘာမှပြောချိန်မရလိုက်ဘူး”” ဟု
ကိုယ်တိုင်တွေ့ကြုံခဲ့သူ ပြည်သူတစ်ဦးက Myanmar News Now ကိုပြောပါသည်။
အဆိုပါ ပြည်ခိုင်ဖြိုးပါတီဝင်သည် မန်းလေးမြို့ စိန်ပန်းရပ်(စိန်ပန်းဈေးအရှေ့ဘက်)တွင်
 နေထိုင်ပြီး အမည်မှာ ကိုဇော်မင်း ဟုခေါ်သည်။
““ဒီလိုမျိုးလုပ်ဆောင်ချက်တွေကိ
ုတော်တော်အောက်တန်းကျတဲ့လူတွေဆီကနေပဲ
 တွေ့ရလိမ့်မယ်ဗျ။ မဲဆွယ်တာကတော့ကိုယ့်ပါတီကိုလူစိတ်ဝင်စားလာအောင်
 ဘောင်ထဲစည်းထဲကနေမျိုးစုံလုပ်လို့ရပါတယ်။ ဒါပေမယ့် ဒီလိုတခြားပါတီတစ်ခုကို
ပုတ်ခတ်စော်ကားတာကတော့ တော်တော့်ကို မကောင်းတာပါ။ အထူးသဖြင့်
လွပ်လတ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို စော်ကားတာကတော့
ဒီကောင်လူစိတ်မရှိလို့ပဲဖြစ်
ရမယ်””ဟု ကြားသိရသော ပြည်သူတစ်ဦးက
ပြောပြပါသည်။
Myanmar News Now
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်