စီမံကိန်းများ ရာနှုန်းပြည့်ဆိုင်းငံ့ခြင်းနှင့် လျှော့ချခြင်းကို ပြည်ထောင်စုလွှတ်တော် မဲခွဲအတည်ပြု
အရပ်သားအစိုးရအဖွဲ့လက်ထက်တွင်
ပထမဆုံးအကြိမ်အဖြစ် တင်သွင်းလာခဲ့သော အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ
စီမံကိန်းအချို့အား မတ်လ ၁၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးတွင် ရာနှုန်းပြည့် ဆိုင်းငံ့ခြင်း၊ ရာခိုင်နှုန်း
လျှော့ချခြင်းများကို မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ကြောင်း
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
လေယာဉ်ထုတ်လုပ်ရေး
စီမံကိန်း အပါအဝင် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ စီမံကိန်းများကို
ရာနှုန်းပြည့် ဆိုင်းငံ့ရန်အဆိုကို ပြည်ထောင်စုလွှတ်တော်က ထောက်ခံမဲ ၄၆၇ မဲ၊
ကန့်ကွက်မဲ ၁၉ မဲ၊ ကြားနေမဲ ၂၃ မဲဖြင့် အတည်ပြုခဲ့ကြောင်း ယင်းအဆိုအား
တင်သွင်းသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
သာပေါင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက
ပြောကြားခဲ့သည်။
အခြားသော ပြည်ထောင်စုဝန်ကြီးဌာနများဖြစ်သည့်
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန စသည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၏
စီမံကိန်းများကိုလည်း ရာခိုင်နှုန်းများ လျှော့ချခဲ့ပြီး ယင်းသို့
လျှော့ချခဲ့ခြင်းကို ပြည်ထောင်စုဝန်ကြီးများက သဘောတူညီပေးခဲ့ကြောင်း
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ သီပေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့ထုတ်
The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
ဒီသတင်းနှင့်ပါတ်သတ်လို့ ဘီဘီစီ သတင်းမှာတော့ အခုလို ဖော်ပြထားပါတယ်။
ဘတ်ဂျက် ၁၀၀ ရာနှုန်း အထိ လွှတ်တော်က ဖြတ်
ဝန်ကြီးဌာန ဘတ်ဂျက်တွေ လွှတ်တော်က ဖြတ်
လွှတ်တော်
မှာ တင်သွင်း လိုက်တဲ့ ဝန်ကြီး ဌာန တွေရဲ့ ဘတ်ဂျက် တွေကို ဖြတ်တောက်
ခံရတဲ့ အထဲမှာ မြန်မာ့ စက်မှု ဖွံ့ဖြိုး တိုးတက် ရေး ဝန်ကြီး ဌာန ရဲ့
ဘတ်ဂျက် ကို ၁၀၀ ရာနှုန်း အဖြတ် ခံရ ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ - ၂၀၁၂
ဘဏ္ဍာရေး နှစ်အတွက် အသုံး စားရိတ် ကိုရော၊ ၂၀၁၂ - ၂၀၁၃ ခု ဘဏ္ဍာရေး နှစ် အတွက်
အသုံးစားရိတ် တွေကိုပါ အဲဒီလို ရာနှုန်းပြည့် အဖြတ် ခံရတာပါ။
ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ လက်ထက် တုန်းက မရှိခဲ့ဘဲ့ သမ္မတ ဉီးသိန်းစိန် လက်ထက်မှာ စတင်
ဖွဲ့စည်း ခဲ့တဲ့ ဒီဝန်ကြီး ဌာန ရဲ့ဘတ်ဂျက်ကို သမ္မတရုံး ဘတ်ဂျက်ကနေ
သုံးထားတာ ဖြစ်လို့ ဒါဟာ တရားမဝင်ဘူး ဆိုပြီး လွှတ်တော်က ဆုံးဖြတ် ခဲ့တာ
ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင် ကပြောပါတယ်။
ပြီးခဲ့တဲ့
နှစ် ဘတ်ဂျက် အသုံးစားရိတ် အတွက် စက်မှုဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန က
ကျပ်ငွေ သန်းပေါင်း ငါးသောင်းကျော် တင်ပြ ထားတယ်လို့ ဆိုပါတယ်။
လာမယ့် နှစ်အတွက် ဘတ်ဂျက် တင်ထားတာကလည်း ကျပ်ငွေ သန်းပေါင်း နှစ်သိန်း နီးပါးရှိ ပါတယ်။
အခုလို
အသုံးစားရိတ် အဖြတ်ခံရတဲ့ အတွက် မနှစ်က ကုန်ကျ ငွေတွေကို ဘာနဲ့ စိုက်ထုတ်
ကျခံ ရမယ် ဆိုတာကိုတော့ လွှတ်တော်မှာ ဆွေးနွေးတာ မရှိဘူးလို့
ဉီးဖုန်းမြင့်အောင်က ပြောပါတယ်။
ဒါ့အပြင် ဝန်ထမ်းလစာ တွေကို ဘယ်ငွေနဲ့ ပေးကြမယ် ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရ ပါဘူး။
တိုင်းပြည်
ဆင်းရဲနေတဲ့ အချိန်မှာ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေ
ဟာ ချက်ချင်း အကောင်အထည် မပေါ်လာနိုင်ဘူး ဆိုတဲ့ အမြင် ဟာလည်း အဲဒီလို
ဘတ်ဂျက်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်း ထဲမှာ ပါဝင်တယ်လို့ ဦးဖုန်းမြင့်
အောင်ကဆိုပါတယ်။
ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဉီးစီးဌာန
ဘတ်ဂျက် ကိုလည်း သုံးဆယ် ရာနှုန်း ဖြတ်တောက်ခဲ့ပြီး စက်မှုလယ်ယာ ဦးစီးဌာန
အသုံးစားရိတ် ကိုလည်း ၆၅ ရာနှုန်းကျော် ဖြတ်တောက်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန
နဲ့ လူ့အခွင့်အရေး ကော်မရှင်တို့ရဲ့ ဘတ်ဂျက်တွေ လည်း ဖြတ်တောက် ခံရတဲ့
အထဲမှာပါတယ်လို့ ဦးဖုန်းမြင့်အောင်က ပြောသွားခဲ့ ပါတယ်။
အခုလို ဘတ်ဂျတ်ဖြတ်တာနဲ့ ပါတ်သတ်လို့ ဘတ်ဂျက်ကို ပြန်လည်သုံးသပ်စေလိုသူ
တဦးက Myanmar News Now ကို ပေးပို့ လာတဲ့ ပေးစာတစောင်မှာတော့---
စိုက်ပျိုးရေးဖြင့်
တိုင်းပြည် မချမ်းသာနိုင်
(ဆရာမ ပု)
ဘ၀သက်တမ်းတစ်လျှောက်လုံး
စာဖတ်သူသာလုပ်နေခဲ့ရာမှ လွတ်လပ်ပွင့်လင်းလာသော ယနေ့ ခေတ်တွင် မိမိအမြင်အတွေးတစ်ချို့ကို
ဆရာကြီး လူထုစိန်ဝင်းပြောသလို မရဲတရဲရေးကြည့် လိုက်ရပါတယ်။ အကြောင်းကတော့ မနေ့က ကြားလိုက်ရတဲ့
လွှတ်တော်မှ အစိုးရ၀န်ကြီးဌာန အချို့ရဲ့ အသုံးစရိတ် များဖြတ်တောက်တဲ့သတင်းမှာ စက်မှုဖွံ့ဖြိုးရေး
ဝန်ကြီးဌာနရဲ့ အသုံးစရိတ်ကို ယခုနှစ်အတွက်သာမက နောက်နှစ်အတွက်ပါ ၁၀၀% ဖြတ်တောက်လိုက်တဲ့
သတင်းကို ထိတ်လန့်စွာ ကြားခဲ့ရလို့ဖြစ်ပါတယ်။ မိမိတို့ မြန်မာနိုင်ငံမှာ လူဦးရေ ၇၀
ရာခိုင်နှုန်းကျော်ဟာ တောရွာတွေမှာ နေထိုင်ကြပြီး အများစုကလည်း စိုက်ပျိုးရေးနဲ့အသက်မွေးဝမ်းကျောင်းကြတာမို့
အစိုးရမင်းအဆက်ဆက်က စိုက်ပျိုးရေးကိုသာ အဓိက အာရုံစိုက်ခဲ့ကြပါတယ်။ တိုးတက်လာသော မိမိနိုင်ငံလူဦးရေ
နှင့် ကမ္ဘာ့လူဦးရေရဲ့ စားနပ်ရိက္ခာများ ကိုဖြည့်တင်းရန်နှင့် ဆင်းရဲတွင်းနက်လျက်ရှိသော
တောင်သူများ ဘ၀မြှင့်တင်ရန်အတွက်ကတော့ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ အထူးအဓိကကျလှပါတယ်။
သို့ပါသော် ဂြိုလ်တုသတင်းနှင့် ဆက်သွယ်ရေး နည်းပညာ (ICT) ခေတ် ရောက်နေသော ယခုလိုကမ္ဘာ့ရွာခေတ်ကြီး
(Globalization era) တွင် ၀မ်းဝရုံဖြင့် ကျေနပ်နေ၍ မဖြစ်တော့ပါ။ မိမိတို့အနာဂါတ်မျိုးဆက်သစ်
လူငယ်များကို ခေတ်မှီပညာရေးများ သင်ကြားစေ လျက် E-government, E-education ခေတ်မှ ကျော်လွန်ကာ
Smart-government, Smart-education ခေတ်ရောက်နေသော တိုင်းပြည်များကို အမှီလိုက်နိုင်ဖို့အတွက်
စိုက်ပျိုးရေးကဏ္ဍကိုချည်း အားထားပြီး ကုန်ထုတ်နေ၍မဖြစ်တော့ပါ။ အများသိကြတဲ့အတိုင်း မြန်မာပြည်ဟာ
အာဆီယံဆယ်နိုင်ငံမှာ လူတစ်ဦးတစ်နှစ်ကုန်ထုတ်လုပ်မှုဝင်ငွေ (per capita GDP) အနည်းဆုံးနိုင်ငံဖြစ်နေပါတယ်။
အကြောင်းက တော့ အခြားတန်ဘိုးမြင့်ကုန်ထုတ်လုပ်ငန်းများမရှိပဲ စိုက်ပျိုးရေးကိုချည်းသာ
အဓိက မှီခိုနေရလို့ဖြစ်ပါ တယ်။ မြန်မာပြည်ရဲ့ တိုင်းပြည်ဝင်ငွေစုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို
စိုက်ပျိုးရေးကရပါတယ်။ စီးပွားရေး ကဏ္ဍများကို အမျိုးအစားခွဲခြားရာမှာသုံးတဲ့ ကမ္ဘာ့စံတစ်ခု
ဖြစ်တဲ့ International System for Industry Classification အရဆိုရင် စိုက်ပျိုးရေးမှာ
သစ်တောထွက်ကုန်နဲ့ သာငါးကဏ္ဍကိုပါ ပူးတွဲတွက်ချက်ပါတယ်။ ထိုသို့တွက်ချက် လိုက်ပါက တိုင်းပြည်ဝင်ငွေစုစုပေါင်းရဲ့
၄၁ ရာခိုင်နှုန်းကျော်က စိုက်ပျိုးရေး၊သစ်တောနှင့် သားငါးကဏ္ဍက ရပါတယ်။ ၂၀၀၈-၀၉ ကိန်းဂဏန်းများ
အရ စက်မှုကဏ္ဍကုန်ထုတ်လုပ်မှုက တိုင်းပြည်ဝင်ငွေစုစုပေါင်းရဲ့ ၁၆%သာရှိပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတဲ့
နိုင်ငံတိုင်းဟာ စိုက်ပျိုးရေးထက် ကုန်ထုတ်လုပ်မှုစွမ်းအား ပိုမိုသာလွန်တဲ့ စက်မှုကဏ္ဍကို
ကူးပြောင်းခဲ့ကြလို့ဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍကို အလေးမပေးရတော့ ဘူးလို့မဆိုလိုပါ။
အခြားကဏ္ဍများမှ ၀င်ငွေတိုးပွားမှုနှုန်းကမြန်ဆန်မြင့်မားတဲ့အတွက် စိုက်ပျိုးရေး ကဏ္ဍ ကလည်း
သူ့နှုန်းနဲ့သူတိုးတက်နေပေမယ့် တိုင်းပြည်ဝင်ငွေအချိုးမှာ ပါဝင်မှု အလိုလို ငယ်သွားရခြင်းဖြစ်
ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကို အကြမ်းအားဖြင့် ကဏ္ဍသုံးခုပိုင်းခြားသုံးသပ်နိုင်ပါတယ်။
စိုက်ပျိုးရေး၊ စက်မှု နှင့် ၀န်ဆောင်မှုကဏ္ဍ (Agriculture, Industry and Service) တို့ဖြစ်ပါတယ်။
Industry ဆိုတဲ့နေရာမှာ စက်ရုံအလုပ်ရုံများဖြင့်ကုန်ထုတ်လုပ်မှုရော သတ္တုတူးဖော်ရေးများ
(Manufacturing and mining) ပါပါဝင် ပါတယ်။ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခဲ့ခြင်းဖြင့်
အရှိန်အဟုန်ဖြင့်စီးပွားတိုးတက်နေသော နိုင်ငံအများအပြားရှိပါတယ်။ ခပ်ဝေးဝေးကြည့်စရာမလို
မိမိတို့ဒေသတွင်းရှိ တရုတ်နိုင်ငံမည်ကဲ့သို့ ကမ္ဘာ့ ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာသည်ကိုကြည့်ပြီးသိနိုင်ပါသည်။
တရုတ်နိုင်ငံကို ကမ္ဘာ့စက်ရုံကြီး ဟု တင်စားရလောက်အောင် ကုန်ပစ္စည်းမျိုးစုံထုတ်လုပ်ပါသည်။
စက်မှုနှင့်ဝန်ဆောင်မှုကဏ္ဍတွေမှာ ကုန်ထုတ်လုပ်မှုတိုးမြှင့်နေသော်လည်း လူဦးရေ သန်း ၁၃၀၀
ကျော် (သို့မဟုတ်) ကမ္ဘာ့လူဦးရေ၏ ငါးပုံ တစ်ပုံနီးပါး (၁၈%ကျော်) နေထိုင်သော တရုတ်နိုင်ငံသည်
သူ၏စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကြောင့် သူ့တိုင်းသူ ပြည်သား များစားနပ်ရိက္ခာမပူရအောင်
စီမံဆောင်ရွက်နိုင်ပါသည်။
၁၉၅၀-၅၃
ထိ နှစ်နိုင်ငံစစ်ဖြစ်နေ၍ မိမိတို့ မြန်မာပြည်ကပင် ဆန်တင်ပို့ပြီး ရိက္ခာထောက်ပံ့ပေးခဲ့ဘူးသော
တောင်ကိုရီးယားနိုင်ငံသည် စစ်အပြီး လူတစ်ဦးတစ်နှစ်ဝင်ငွေ ၇၉ ဒေါ်လာသာရှိခဲ့ရာမှ ယခုအခါ
လူတစ်ဦးတစ်နှစ်ဝင်ငွေ ဒေါ်လာ ၂သောင်းကျော်ဖြင့် စီးပွားရေးတွင် ကမ္ဘာ့နံပါတ် ၁၃ ကိုရောက်ရှိခဲ့ပါသည်။
၁၉၆၀ ခုဝန်းကျင်က ကိုရီးယားနိုင်ငံ၏ စုစုပေါင်းကုန်ထုတ်လုပ်မှုတွင် စိုက်ပျိုးရေး ကဏ္ဍမှ
သုံးပုံတစ်ပုံခန့် ပါဝင်ခဲ့သော်လည်း ယခုအခါ ၃%မျှသာ ပါဝင်လျှက် စက်မှုလုပ်ငန်းတွင်လည်း
အခြေခံစက်မှုဖွံ့ဖြိုးမှု (Basic industrial development) အဆင့်ကိုကျော်လွန်ကာ အဆင်မြင့်နည်းပညာသုံး
ကုန်ထုတ်လုပ်မှု knowledge-based or high-tech industry အဆင့်သို့ ကူးပြောင်းသွားခဲ့ပါပြီ။
တောင်ကိုရီးယားသည် OECD အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်းဖြစ်လာခဲ့သည့်အားလျော်စွာ ချမ်းသာသော
Advanced economy တို့ရဲ့ လက္ခဏာများ နှင့်အညီ ယခုအခါ ၀န်ဆောင်မှုကဏ္ဍက တိုင်းပြည်ဝင်ငွေရဲ့
ရာခိုင်နှုန်း ၆၀ ကျော်နေရာယူထားပါပြီ။
ချမ်းသာသော၊
အင်အားကြီးသော တောင်ကိုရီးယား၊ တရုတ်စသော တိုင်းပြည်များနှင့် မနှိုင်းယှဉ်လိုပါက မိမိတို့နိုင်ငံနှင့်
အသွင်ကူးပြောင်းမှု ခပ်ဆင်ဆင်ဖြစ်သော ဗီယက်နမ်နိုင်ငံကို ကြည့်ပါ။ စိုက်ပျိုးရေးကို
အားထားပြီး ကမ္ဘာ့ဆန်တင်ပို့မှု ဒုတိယအကြီးဆုံးနိုင်ငံအဖြစ်သို့ရောက်ရှိခဲ့သည်မှာ လေးစားအားကျ
ဖွယ်ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံသည်လည်း အင်ဒိုချိုင်းနားစစ်ပွဲကို ရှစ်နှစ်ကြာ
(1946-54)၊ ကမ္ဘာကျော် ဗီယက်နမ်စစ်ပွဲကို အနှစ် ၂၀ ကြာ (1955-1975) အောင် ဆင်နွဲနေခဲ့ပြီး
တိုင်းပြည်လည်း ဖွတ်ဖွတ်ကြေ ကာမှစစ်ပွဲပြီးဆုံးပြီး တိုင်းပြည်ထူထောင်ရေး စလုပ်ခဲ့ရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။
ကွန်မြူနစ်များက အနိုင်ရ သွားလို့ ကွန်မြူနစ်ဝါဒမယုံကြည်သူများလည်း တိုင်းပြည်က ထွက်ချင်သူတွေထွက်သွား၊
ပြေးစရာမြေမရှိလို့ နေခဲ့ရပြီး ကွန်မြူနစ်ဝါဒကို လက်မခံချင်သော်လည်း လက်ခံလိုက်ကြရသူတွေလည်း
ညီအစ်ကိုချင်း အချင်းများ မနေကြတော့ပဲ စည်းလုံးညီညွတ်စွာ တိုင်းပြည်ထူထောင်ရေး နေ့မအား
ညမနား အလုပ်လုပ် ခဲ့ကြတာ တစ်နှစ်ပျမ်းမျှ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း (Average GDP
growth rate) ၈ ရာခိုင်နှုန်းကျော်နဲ့ အရှိန်အဟုန်နဲ့တိုးတက် နေခဲ့တာ ၁၀ စုနှစ်တစ်ခုကျော်လာပြီမို့
အာရှမှာနောက်လာဦးမယ့် ကျားပေါက်လေး အဖြစ်အားလုံးက အသိ အမှတ်ပြုထားရပါတယ်။ မြေဆီမြေသြဇာကောင်းတဲ့
မြန်မာပြည်ရဲ့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသလိုပဲ ဗီယက်နမ်ရဲ့ မဲခေါင်မြစ်ဝှမ်းနဲ့ မြစ်နီမြစ်ဝှမ်းဒေသတွေဟာ
ဗီယက်နမ်ဆန်စပါးကဏ္ဍ တိုးတက်ဖွံ့ဖြိုးမှုအတွက် အားသာချက်တွေဖြစ်ပါတယ်။ ၁၉၈၈ အထိ ဗီယက်နမ်ဟာ
ဆန်စပါးလုံလောက်တဲ့ တိုင်းပြည်မဟုတ်သေးပါ။ သို့သော် နှစ်စဉ် ဆန်စပါးအထွက်နှုန်းတိုးတက်အောင်လုပ်လာလိုက်တာ
၁၉၈၉ မှာ ကမ္ဘာကို ဆန်တန်ချိန် ၁.၇ သန်းတင်ပို့ခြင်းဖြင့် ကမ္ဘာ့ဆန်စပါးဈေးကွက်ကိုစတင်ဝင်ရောက်ခဲ့ပါတယ်။
ဆယ်စုနှစ် တစ်ခုကြာတိုင်း ဗီယက်နမ်ရဲ့ ဆန်စပါးတင်ပို့မှုဟာ ၂ဆ၊ ၂ဆ တိုးပွားလာခဲ့တာ အံ့သြချီးကြူး
ဘွယ်ဖြစ်ပါတယ်။ ၁၉၈၉ မှာ ၁.၇ သန်းတင်ပို့ခဲ့ရာကနေ ၁၉၉၈ မှာ ၃.၅ သန်းတင်ပို့နိုင်ခဲ့ပြီး၊
အခုနောက်ဆုံး ၂၀၁၁ မှာ ဆန်တန်ချိန် ၇.၁ သန်းတင်ပို့နိုင်ခဲ့ပါတယ်။ မိမိတို့ မြန်မာပြည်ကတော့
ဒုတိယကမ္ဘာစစ်မတိုင်မှီ ၁၉၃၀ ကာလတစ်ဝိုက်က ကိုလိုနီဘ၀နဲ့ အင်္ဂလိပ်အစိုးရလက်ထက်မှာ ဆန်တန်ချိန်
၃.၃ သန်းကျော် တင်ပို့ခဲ့ဘူးတဲ့ ရွှေရောင်ခေတ်တစ်ခေတ်ရှိခဲ့ဘူးပါတယ်။ ၁၉၆၂ မှာလည်း ၁.၇
သန်းခန့်တင်ပို့ခဲ့ဘူးသော် လည်း နောက်ရာစုနှစ်ဝက်အတွင်း ယခုအချိန်ထိ ဆန်တင်ပို့မှု တန်ချိန်
သန်းဂဏန်းနားကို နှစ် အချို့မှာသာ သီနိုင်ခဲ့ပါတယ်။ ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်မှာတော့ တန်ချိန်လေးသိန်းကျော်ခန့်သာတင်ပို့နိုင်ခဲ့တယ်လို့
သတင်းများကဆိုပါတယ်။ ဗီယက်နမ်ရော မြန်မာပါ ထမင်းကို အဓိကစားသုံးတဲ့နိုင်ငံတွေဖြစ်ပြီး
ဗီယက်နမ်မှာ လူဦးရေ ၈၇ သန်းကျော်ရှိပါတယ်။ မြန်မာပြည်လူဦးရေက သန်း ၆၀ လို့စာရင်းများက
ဆိုပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းအချို့ကတော့ မြန်မာပြည်ရဲ့လူဦးရေက သန်း၆၀ ထက် နဲနိုင်တယ်လို့လည်း
ခန့်မှန်းကြပါတယ်။ တရားဝင် သန်းခေါင်စာရင်း ကို ၁၉၈၃ မတ်လ ၃၁ မှာနောက်ဆုံးကောက်ယူခဲ့တာမို့
သန်းခေါင်စာရင်း မကောက်ယူခဲ့တာလည်း ဆယ်စုနှစ် သုံးခုနီးပါး ကြာပြီဖြစ်တဲ့မြန်မာနိုင်ငံအတွက်
ပြည်တွင်းစစ်များ၊ ခုခံအားကျဆင်းမှုရောဂါနဲ့ ငှက်ဖျား၊ တီဘီကဲ့သို့ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားခြင်းများနဲ့
မွေးဖွားစကလေး ငယ်သေနှုန်းမြင့်မားမှုတွေဟာ လူဦးရေသန်း ၆၀ ထက်နည်းနိုင်တယ်ဆိုတဲ့ခန့်မှန်းချက်
ဖြစ်နိုင်ဘွယ်ရှိတယ်လို့ ယူဆမိပါတယ်။ ဗီယက်နမ်စပါးစိုက်ဧရိယာ ဟက်တာသန်းပေါင်း ၇.၅ သန်း
(ဧကသန်းပေါင်း ၁၈.၇၅ သန်း) ရှိပြီး မြန်မာနိုင်ငံစပါးစိုက်ဧရိယာဟာ ဧကသန်းပေါင်း ၂၀
ကျော်ရှိတယ်လို့ လယ်ယာနှင့်ဆည်မြောင်း ၀န်ကြီးဌာနကထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရသိရပါတယ်။
တရားဝင်ထုတ်ပြန် တဲ့အထွက်နှုန်းကတော့ မြန်မာပြည်ရဲ့ စပါးအထွက်နှုန်းဟာ တစ်ဧက ၇၈ တင်းကျော်ထွက်ပြီး
ဗီယက်နမ် က တစ်ဧက ၉၆ တင်းကျော်ထွက်တယ် လို့ဆိုပါတယ်။ နှစ်နိုင်ငံ လူဦးရေ၊ စိုက်ဧကနဲ့
ပြည်ပဆန်တင်ပို့နိုင်မှု စတဲ့ငြင်းမရတဲ့ ကိန်းဂဏန်းများကိုကြည့်လိုက်ရင် မြန်မာပြည်ရဲ့
စပါးအထွက်နှုန်း အစစ်အမှန်ကို အလွယ် တကူ ခန့်မှန်း ကြည့် နိုင်ပါတယ်။ မြန်မာ့ဆန်စပါးကဏ္ဍမှာ
ရင်ဆိုင်နေရတဲ့ပြသနာများကို ပညာရှင်တွေ ခန့်မှန်းတွက်ချက် အဖြေရှာပေးဖို့ ကိန်းဂဏန်း
အချက်အလက်မှန်တွေရရှိဖို့ကလည်း အရေးကြီးလှပါတယ်။
၂၆
နှစ်တာ တံခါးပိတ်စီးပွားရေးကျင့်သုံးခဲ့တဲ့ မဆလ ဆိုရှယ်လစ်စီးပွားရေးစနစ်နဲ့ စိုက်ပျိုးရေးကို
အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက် ရေးဆိုပြီး
ကြွေးကြော်ခဲ့တဲ့ အစိုးရခေတ် နှစ်ခေတ်ပေါင်း ရာစုနှစ်ဝက်နီးပါး ကျင့်သုံးခဲ့တဲ့ စီးပွားရေးမူဝါဒရဲ့ရလဒ်ကတော့
မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ဒုတိယကမ္ဘာစစ်မဖြစ်မှီကာလ ၁၉၃၈ မှာ လယ်ယာကဏ္ဍအပေါ် ၄၅.၈%
မှီခိုခဲ့ရာကနေ နှစ်ပေါင်း ၇၀ ကျော် ယနေ့ခေတ်အထိ ၄၁.၇ % မှီခိုနေရဆဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ဒီလိုဖြစ်နေတာဟာ မြန်မာပြည် ဘာလို့ဒီလောက် ဆင်းရဲတွင်းနက်နေရသလဲဆိုတဲ့မေးခွန်းရဲ့ အဖြေပဲဖြစ်ပါတယ်။
၁၉၃၈ မှာ လုပ်သား စုစုပေါင်းရဲ့ ၆၉.၆% ဟာ လယ်ယာနဲ့အသက်မွေးပြီး ယခု ၂၀၁၀ ခုအထိလည်း
လုပ်သား ၆၁%ကျော်ဟာ လယ်ယာကဏ္ဍကို မှီခိုနေရဆဲပဲဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံကတော့ ၁၉၉၀မှာ
စိုက်ပျိုးရေးက၀င်ငွေကို ၃၂% မှီခိုနေခဲ့ရပေမယ့် အနှစ် ၂၀ခန့်အကြာ ၂၀၀၉ မှာ မှီခိုမှုကို
၁၇%ထိ လျှော့ချနိုင်ခဲ့ပါပြီ။ ၁၉၉၀ မှာ စက်မှုကဏ္ဍက၀င်ငွေ ၂၅% သာရှိခဲ့သော်လည်း ၂၀၀၉ မှာ
၄၂% ထိ တိုးတက်ရရှိခဲ့ပါတယ်။ လုပ်သားဦးရေမှာလည်း ၁၉၉၂ ကနေ ၁၉၉၇ အထိ ငါးနှစ်အတွင်း
အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃.၅ သန်းကိုဖန်တီးပေးနိုင်ခဲ့ပြီး ၂၇%က စက်မှုကဏ္ဍ မှာဖြစ်ပါတယ်။
ဝန်ဆောင်မှု ကတော့အများဆုံးဖြစ်ပြီး အလုပ်အကိုင်ဖန်တီးမှုစုစုပေါင်းရဲ့ ၅၆%ကျော်ရှိပါတယ်။
စိုက်ပျိုးရေးမှာတော့ ၁၇%နီးပါးဖြစ်ပါတယ်။ ဒါကြောင့်မို့ ၁၉၉၀ မှာလယ်ယာကဏ္ဍမှာ စုစုပေါင်းလုပ်သားရဲ့
၇၃%ကို အသုံးပြုခဲ့ပေမယ့် ၂၀၀၉ မှာတော့ ၅၄%ကိုသာ အသုံးပြုရပါတော့တယ်။ ဒါဟာဆိုရင် မြန်မာပြည်ရဲ့
အခြေအနေနဲ့ အနီးစပ်ဆုံးတိုင်းပြည်တစ်ခုရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ရဲ့
အရွေ့နဲ့ အရွှေ့အပြောင်း နမူနာတစ်ချို့ပဲဖြစ်ပါတယ်။
မြန်မာပြည်ဟာ
စီးပွားရေး ပညာရေး အစစ သူများနောက်မှာ နှစ် ၅၀လောက် ကျန်ခဲ့တာမို့ ၂၀၁၀ ရွေးကောက်ပွဲအပြီး
တက်လာတဲ့ ဒီမိုကရေစီအစိုးရခေတ်မှာ ဒေသတွင်းမှာ တိုးတက်နေတဲ့ နိုင်ငံတွေကို အမှီမလိုက်နိုင်သေးသည့်တိုင်
ကွာဟမှုအလွန်မများစေဖို့ ချမှတ်ကျင့်သုံးမယ့် စီးပွားရေးမူဝါဒတွေက အလွန်ပဲအရေးကြီးလှပါတယ်။
၂၀၀၈ ခုနှစ်က မြန်မာပြည်ရဲ့ လူတစ်ဦးတစ်နှစ်ဝင်ငွေ ပို့ကုန်တန်ဘိုးနဲ့ သွင်းကုန်တန်ဖိုး
စုစုပေါင်းတွေကို အာဆီယံအဖွဲ့ဝင် ကိုးနိုင်ငံနဲ့ နှိုင်းယှဉ်ထားတာကို အောက်ပါ ဂရပ်လေးမှာ
ကြည့်နိုင် ပါတယ်။ (ထိုစဉ်က အရှေ့တီမောအဖွဲ့ဝင်မဖြစ်သေးပါ။) မြန်မာပြည်အတွက် ကိန်းကဏန်းတွေက
ငိုချင်စရာကောင်း လောက်အောင် ပြားပြားဝပ် နေပါတယ်။ လာအို၊ ကမ္ဘောဒီးယားစတဲ့ လူဦးရေနဲပါးပြီး
သယံဇာတလည်း မြန်မာပြည်လောက် မကြွယ်ဝတဲ့ နိုင်ငံငယ်လေးတွေကို မကြည့်ပါနဲ့။
မြန်မာ့စီးပွားရေး
ပြန်လည်ဦးမော့လာဖို့အတွက် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဟာ လွန်စွာမှ အရေးပါလှ ပါတယ်။
Economic structural change လို့ခေါ်တဲ့ စိုက်ပျိုးရေးမှသည် Labor intensive
manufacturing လို့ခေါ်တဲ့ မိမိတို့ရဲ့ နည်းပညာမတတ်သောလုပ်သားများ (unskilled
labor) ကိုအသုံးချ မယ့် အခြေခံစက်မှုကဏ္ဍကို ဦးစွာကူးပြောင်းရပါမယ်။ အစိုးရဘက်မှ လိုအပ်သော
ဥပဒေ/မူဝါဒပံ့ပိုးမှုများ၊ ပြည်ပအရင်း အနှီးဖိတ်ခေါ်မှုများ၊ လိုအပ်တဲ့ လျှပ်စစ်မီး၊ လမ်း၊
တံတားဖွံ့ဖြိုးမှုများ၊ ဆက်သွယ်ရေးကဏ္ဍများ၊ ဘဏ္ဍာရေး ကဏ္ဍများကိုပါ တပြေးညီဖွံ့ဖြိုးလာအောင်လုပ်ကြရပါမယ်။
လယ်ယာကဏ္ဍဟာ ရာသီဥတု ဖောက်ပြန်မှု၊ ပိုးမွှားရောဂါကျရောက်မ၊ှု လယ်ယာထွက်ကုန်ဈေးနှုန်းမတည်ငြိမ်မှု
စတဲ့ တောင်သူများ လက်လှမ်းမမှီ၊ ထိန်းချုပ်မရနိုင်သော အချက်များနဲ့ မျိုးစေ့ချ အပင်ပေါက်သည်မှ
ရိတ်သိမ်းချိန်ထိ ရာသီဥတု ကိုမှီခိုကာ အချိန်ပေးပြီး လချီစောင့်ရသောကြောင့် တစ်နှစ်မှ
တစ်ရာသီ နှစ်ရာသီသာ ၀င်ငွေရသော သဘာဝအကြောင်းအချက်များ ကြောင့် လယ်ယာကဏ္ဍကုန်ထုတ်လုပ်မှုထက်
ဝယ်လိုအားရှိလျင် ရှိသလို နေ့ဆိုင်း ညဆိုင်းဖြင့် နေ့စဉ်ကုန်ထုတ်နိုင်သော စက်မှုကဏ္ဍက
ပိုမိုကုန်ထုတ်လုပ်နိုင်သည့်အချက်မှာ မည်သူမှ မငြင်းနိုင်သောအချက်ဖြစ်ပါသည်။ ယခုအချိန်တွင်
မြန်မာပြည်မှာ မယ်မယ်ရရ ကုန်ထုတ်လုပ်ငန်း ဘာမှမရှိ သောကြောင့် အပ်ကအစ လေယဉ်ပျံအဆုံး
အကုန်တင်သွင်း အသုံးပြုနေရပါတယ်။ လယ်ယာ သားငါးနှင့် သစ်တော ထွက်ကုန်များစွာကိုလည်း
တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှု (Value added production) နည်းပါးပြီး မူရင်းအတိုင်း
(Primary form) အတိုင်းတင်ပို့မှု (ဥပမာ - သစ်ဆို အလုံးလိုက်တင်ပို့ခြင်း)၊ အခြားသဘာဝ
သယံဇာတများကိုလည်း တန်ဖိုးမြှင့်နိုင်ခြင်းမရှိပဲ တင်ပို့နေမှု (ဥပမာ - ကျောက်စိမ်းများဆို
အပုံလိုက် ရောင်းချခြင်းများ) ကြောင့် ပြည်ပပို့ကုန်မှဝင်ငွေလွန်စွာ နည်းပါးရခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံသည် ရာသီဥတုလည်း သမမျှတပြီး မြေဆီမြေသြဇာကြွယ်ဝသည့် ကျယ်ပြောလှသည့် စိုက်ပျိုးမြေဧရိယာပေါ်တွင်
သမားရိုးကျစိုက်ပျိုးရေးပုံစံဖြင့်ထုတ်လုပ်ခြင်းမှ ဟင်းသီးဟင်းရွက် သစ်သီးဝလံ ပန်းမာန်စသော
သမားရိုးကျမဟုတ်သည့် ပို့ကုန်ရှေးရှုသောစိုက်ပျိုးရေးပုံစံသို့ ပြောင်းသင့်နေပြီဖြစ်သလို
လယ်ယာထွက်သီးနှံများကိုလည်း စည်သွပ်ပြုပြင်ခြင်း၊ အခြောက်ခံပြုပြင်ခြင်း၊ အမှုန့်ပြုလုပ်ခြင်း၊
သစ်သီး ဖျော်ရည်များ၊ သစ်သီးယိုများ ထုတ် လုပ်ခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာများ၊
အစားအစာထုတ်ပိုးမှု နည်းပညာများနှင့်ပေါင်းစပ်ခြင်း အစရှိသည့် အဆင့်မြင့်နည်းပညာများလည်း
သိပ်မလိုအပ်သေးသော အခြေခံစက်မှုကဏ္ဍနှင့် တွဲလျက် တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းများထုတ်လုပ်ကာ
ပြည်တွင်းသုံးရော ပြည်ပပို့ကုန်ထုတ်လုပ်မှုအတွက်ကိုပါ ရှေးရှုလျက် သမားရိုးကျလယ်ယာစိုက်ပျိုးရေးမှ
ခေတ်မှီလယ်ယာစိုက် ပျိုးရေးသို့ ကူးပြောင်းရင်း တောင်သူတို့၏ ၀င်ငွေနှင့် ဘ၀ကို မြှင့်တင်ပေးသင့်လှပါသည်။
မြန်မာလူမျိုးများ သည် အခြားနိုင်ငံမှ လူမျိုး များနှင့်နှိုင်းစာလျှင် ဘယ်နေရာမှ မညံ့ကြပါ။
ကမ္ဘာ့နိုင်ငံအသီးသီရှိ တက္ကသိုလ်အသီးသီသို့ သွားရောက် ပညာသင်ကြားသော မြန်မာလူငယ်များ
အတန်းထဲတွင် ထူးချွန်သူများနှင့် သာမန်အထက် (Outstanding and Above average) ရှိသူများက
အများစုဖြစ်ပါသည်။ အလုပ်လုပ်ကိုင်နေကြသော ကမ္ဘာအနှံ့မှ မြန်မာများလည်း သူ့ပညာအဆင့်အတန်းအလိုက်
ယှဉ်ပြိုင်နိုင်ကြ သည်သာများပါသည်။ အခွင့်အရေး အခြေအနေများသာ ရှိခဲ့ပါက အရာရာကို လွယ်ကူစွာသင်ယူတတ်မြောက်
နိုင်သူများဖြစ်ပါသည်။ သို့ပါ၍ မျိုးဆက်သစ် လူငယ်များကို အဆင့်မြင့် ပညာတတ်များဖြစ်အောင်
ပြုစု ပျိုးထောင်နေချိန်တွင် မြန်မာ့စီးပွားရေးသည်လည်း လယ်ယာ ကဏ္ဍကိုမှီခိုနေရသည့်အဆင့်မှ
အခြေခံစက်မှု ဖွံ့ဖြိုးတိုးတက်မှု အဆင့်သို့ ပထမအဆင့် တက်လှမ်းထားသင့်ပါ သည်။ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနက
အသုံးစရိတ်တင်ပြတောင်းခံငွေမှာ ကျပ်သန်းပေါင်း ၅သောင်းကျော်ရှိသည့် အပြင် နိုင်ငံတော်ကလည်း
ဆင်းရဲကြပ်တည်းနေကာ လောလော ဆယ်လည်း အမြတ်မရနိုင်ဟူသော အကြောင်းပြချက်ဖြင့် လွှတ်တော်
အမတ်အများစုက တညီတညွတ်တည်း စက်မှုဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဘတ်ဂျက်ကို ၁၀၀ ရာခိုင်နှုန်း
ဖြတ်တောက်လိုက်သည်ဆိုသည့်အချက်မှာ အဆိုပါဝန်ကြီးဌာနကို ဖျက်သိမ်းလိုက်သည်နှင့် တူလှပါသည်။
မည်သည့်လုပ်ငန်းများ တင်ပြတောင်းခံခဲ့ သည်ကိုမသိသော်လည်း ရင်းနှီးမြှုပ်နှံမှုတိုင်း
လက်ငင်း အမြတ် မရနိုင်ပါ။ ရေရှည်အကျိုးမျှော်ကိုးပြီး စွန့်စား လုပ်ဆောင်ကြရခြင်းဖြစ်ပါသည်။
ဂျပန်နိုင်ငံကို ဒုတိယကမ္ဘာစစ် ပြာပုံထဲမှထလာကာ အနောက်ဖက်က စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများကို
အမှီလိုက် နိုင်စေခဲ့သည့်ဖြစ်ရပ် (Japanese Miracle) ကို အဓိကပုံဖော်ပေးခဲ့သော ဇာတ်လိုက်ဝန်ကြီးဌာနမှာ
မီတီဟု အတိုခေါက်ခေါ်ကြသော (Ministry of International Trade and Industry, MITI) ပင်ဖြစ်ပါသည်။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ပုံဖော်ပေးနေသော လွှတ်တော် အမတ်မင်းများ သည် နိုင်ငံတော်
ရေရှည်အကျိုးကိုမျှော်ကိုး၍ ဘတ်ဂျက်အသုံးစရိတ်ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ် ပေးစေလိုကြောင်း
ဆန္ဒပြုတင်ပြ လိုက်ရပါသည်။
ဘတ်ဂျက်ကို ပြန်လည်သုံးသပ် ပေးစေလိုသူရဲ့ တင်ပြချက်ပါ။
ဘာကြောင့် စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနသစ်ဖွဲ့ရသလဲ။
တနင်္ဂနွေနေ့၊ မတ်လ ၁၈၊ ၂၀၁၂
သြဇာကြီးမားတဲ့ နယ်စပ်ရေးရာဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး
ဒီဝန်ကြီးဌာနသစ်ကို ဘာကြောင့်ဖွဲ့တယ်-ဒီဝန်ကြီးဌာနသစ်ကနေ တိုင်းပြည်အတွက် ဘယ်လိုလုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုတာ
သမတ ဦးသိန်းစိန်အစိုးရက တိုင်းပြည်ကို အသိမပေးခဲ့သလို ဘယ်လွှတ်တော် အမတ်က မှ လဲ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကို
ဘာရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့သလဲဆိုတာ မေးခွန်းထုတ်ခဲ့တာ မတွေ့ရပါဘူး။
နောက်တိုးဝန်ကြီးဌာန
အသစ်ဖြစ်တဲ့ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနဆိုတာ အရပ်သား ပုဂ္ဂလိက
စက်မှုကဏ္ဍ တိုးတက်အောင် လုပ်ကိုင်မဲ့ ၀န်ကြီးဌာနလား-စစ်တပ် ကာကွယ်ရေးကဏ္ဍ
တိုးတက်အောင်လုပ်မဲ့ ၀န်ကြီးဌာနလားဆိုတာ ဦးစိန်ကျော်လှိုင်က ခုလို
သုံးသပ်ထားပါတယ်။
အရပ်သားအစိုးရသစ်ရဲ့ ၀န်ကြီးဌာန ၃၄ ခုထဲမှာ စိတ်ဝင်စားဘို့ အကောင်းဆုံးဝန်ကြီးဌာနက မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနဘဲ ဖြစ်ပါတယ်။
ဒီဝန်ကြီးဌာနသစ်ကို
ဘာကြောင့်ဖွဲ့တယ်-ဒီဝန်ကြီးဌာနသစ်ကနေ တိုင်းပြည်အတွက် ဘယ်လိုလုပ်ငန်းတွေ
လုပ်ကိုင်မယ်ဆိုတာ သမတ ဦးသိန်းစိန်အစိုးရက တိုင်းပြည်ကို အသိမပေးခဲ့သလို
ဘယ်လွှတ်တော် အမတ်က မှ လဲ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကို
ဘာရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့သလဲဆိုတာ မေးခွန်းထုတ်ခဲ့တာ မတွေ့ရပါဘူး။
ဝန်ကြီးတွေကို
ဝန်ကြီးဌာနတာဝန် မပေးသေးတဲ့အချိန်မှာ
မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကို အသစ်ဖွဲ့ထားတယ်လို့ကြေငြာတော့
နေပြည်တော် ၀န်ထမ်းတွေကြား အတော်လေး စဉ်းစားရကြပ်သွားပါတယ်။
အရပ်သားအစိုးရသစ်လက်ထက်မှာ
စက်မှုတစ်ဆိုတဲ့ ၀န်ကြီးဌာနလဲရှိတယ်-စက်မှု၂ ဆိုတဲ့ အကြီးစား
စက်မှုလုပ်ငန်းဌာနကြီးလဲ ရှိတယ်။ အဲသလို စက်မှုပိုင်းဆိုင်ရာ ၀န်ကြီးဌာနတွေ
အသီးသီး ရှိနေတဲ့ကြားက မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနသစ်ကို
ထပ်ဖွဲ့တယ်ဆိုတော့ အရပ်သားလုပ်ငန်းရှင်တွေအတွက် ပုဂ္ဂလိကကဏ္ဍ
တိုးတက်အောင်များ လုပ်တော့မလားဆိုပီး လုပ်ငန်းရှင်တွေနဲ့ နေပြည်တော်က
အင်ဂျင်နီယာ အရာရှိတွေ ထင်ခဲ့ပါတယ်
ဒါပေမဲ့
ဝန်ကြီးနဲ့ဝန်ကြီးဌာနတွေ တွဲပီး တာဝန်ပေးတဲ့အချိန်မှာ
မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီး ဌာနကို အရပ်သားဝန်ကြီးတဦးကို သီးခြားတာဝန်
မပေးဘဲ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးကသာ တွဲကိုင်ထားလို့
နေပြည်တော် အင်ဂျင်နီယာ အရာရှိတွေကြား သံသယတွေ ပွားလာပါတယ်။
ဒီနေရာမှာ
အသစ်ဖွဲ့တဲ့ ၀န်ကြီးဌာနတခုကို သီးခြား အရပ်သားဝန်ကြီးကို တာဝန်မပေးဘဲ
ဘာကြောင့် စစ်သားဖြစ်တဲ့ ဗ်ုလ်ချုပ်သိန်းဌေးကို ၀န်ကြီးဌာန ၂ခု
တွဲအကိုင်ခိုင်းရသလဲဆိုတာ မေးစရာ ဖြစ်လာပါတယ်။
ဗိုလ်ချုပ်သိန်းဌေး(ယခု
ဒုဗိုလ်ချုပ်ကြီး) ဆိုတာ ၁၉၇၈ ခုနှစ်မှာမှ ရန်ကုန် စက်မှုတက္ကသိုလ်က B.E
Mechanical စက်မှုအင်ဂျင်နီယာဘွဲ့ရပီး စစ်ထဲဝင်ခဲ့သူ ဖြစ်ပါတယ်
ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းနဲ့ မြောက်ကိုရီးယား လျို့ဝှက်
ခရီးစဉ်တွေမှာ လိုက်ပါခဲ့တဲ့ထိ စစ်အစိုးရလက်က အားကိုးခဲ့တဲ့ ညာလက်ရုံး
အင်ဂျင်နီယာ ဗိုလ်ချုပ်တဦးဖြစ်ပါတယ်။
မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနရဲ့
ဒုဝန်ကြီး ၂ ဦးကိုကြည့်ပြန်တော့ ဦးဟန်စိန်နဲ့ ဦးချန်မောင်လို့သာ
မထင်မရှား ဖော်ပြထားပါတယ်-တကယ်တော့ အဲဒီ ဒု ၀န်ကြီးအသစ်၂ ဦးဟာ
သာမန်အရပ်သားတွေ မဟုတ်ဘဲ ဘယ်သူတွေဖြစ်သလဲဆိုတာကို ဒုဝန်ကြီး ၂
ဦးနဲ့ရင်းနှီးတဲ့ နေပြည်တော်အရာရှိတဦးက အာအက်အေကို ပြောပြပါတယ်။
စာရင်းချုပ်တဲ့အခါ
မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနဆိုတာ ၀န်ကြီးဆိုသူက
ရန်ကုန်စက်မှုတက္ကသိုလ် စက်မှု အင်ဂျင်နီယာဘွဲ့ရ ဗိုလ်ချုပ်သိန်းဌေး-ဒုဝန်ကြီး
ဦးဟန်စိန်ကလဲ ရန်ကုန်စက်မှုတက္ကသိုလ် စက်မှု အင်ဂျင်နီယာဘွဲ့ရ ရေတပ်
ဗိုလ်မှုးချုပ်ဟောင်း-ဒုဝန်ကြီး ဦးချန်မောင်ကလဲ ရန်ကုန်စက်မှုတက္ကသိုလ် စက်မှု
အင်ဂျင်နီယာဘွဲ့ရ အငြိမ်းစား လေတပ် ဗိုလ်မှူးကြီးဖြစ်နေပါတယ်-တနည်းဆိုရရင်
ဗိုလ်မှူးချုပ်ဟောင်း ဟန်စိန်နဲ့ ဗိုလ်မှူးကြီး ချန်မောင်တို့ဟာ သက်ဆိုင်ရာ
ရေတပ်စက်မှုလုပ်ငန်း လေတပ်စက်မှုလုပ်ငန်းတွေမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
အားထားခဲ့ရတဲ့ ညာလက်ရုံးတွေ ဖြစ်နေပါတယ်။
ဒါကြောင့်
မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနဆိုတာ ပြည်သူတွေအတွက်
စက်မှုကဏ္ဍတိုးတက်အောင်လုပ်မဲ့ ၀န်ကြီးဌာန ဟုတ်ပါ့မလားလို့ နေပြည်တော်
အင်ဂျင်နီယာ အရာရှိတွေက သံသယရှိတာ ဖြစ်ပါတယ်။
နေပြည်တော်အရာရှိ
အသိုင်းအ၀ိုင်းရဲ့ အယူအဆအရဆိုရင် အရပ်သားအစိုးရလက်ထက်မှာ
ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကာကွယ်ရေးအသုံးစရိတ်ကို
တရားဝင်ထုတ်ပြန်ရတော့မယ်-ကမ္ဘာကလဲ စောင့်ကြည့်နေမယ်-ဒါကြောင့်
ကာကွယ်ရေးဝန်ကြီးဌာန စုစုပေါင်း အသုံးစရိတ်ကို စာရင်းပျောက်သွားဘို့အတွက်
ကာကွယ်ရေးဝန်ကြီးဌာနလို့ နာမယ်ခံမထားဘဲ စစ်အင်ဂျင်နီယာတွေသာ ကိုင်ရမဲ့
ဝန်ကြီးဌာနသစ်တခုဖန်တီးပီး နိုင်ငံတော်ဘတ်ဂျက်ကို ကဲ့ထုတ်ဘို့
ကြိုးစားတဲ့လုပ်ရပ်လို့သာ မြင်ပါတယ်။
တကယ်လို့သာ
နေပြည်တော်အရာရှိတွေ ယူဆသလို မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကိုသာ
ကာကွယ်ရေးအတွက် တဘက်လှည့်နဲ့ မသိမသာ အသုံးချမယ်ဆိုရင် စုစုပေါင်းကာကွယ်ရေး
အသုံးစရိတ်က တရားဝင်ထုတ်ပြန်တဲ့ ကာကွယ်ရေးအသုံးစရိတ်ထက် အမြဲတန်း
များနေမှာဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး ၃ ဦးဟာ
ဝန်ကြီးဆိုပေမဲ့ သမတ ဦးသိန်းစိန်က ခန့်ပိုင်ခွင့်မရှိဘဲ
ကာကွယ်ရေးဦးစီးချုပ်ကသာ တိုက်ရိုက်ခန့်နိုင်တဲ့ ၀န်ကြီးတွေ ဖြစ်ပါတယ်
ဒါပြင် ဒီဝန်ကြီး ၃ ဦးဟာ အရေးပါတဲ့ အမျိုးသား ကာကွယ်ရေး
နဲ့လုံခြုံရေးကောင်စီအဖွဲံဝင်တွေလဲဖြစ်နေပါတယ်။
ဒါပေမဲ့
မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကို တွဲကိုင်ထားတဲ့ ၀န်ကြီး
ဗိုလ်ချုပ်သိန်းဌေးဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ
အဖွဲ့ဝင်တဦးဖြစ်နေတာမို့ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာန ဟာလဲ စစ်တပ်က
တိုက်ရိုက်ကိုင်တွယ်တဲ့ ၀န်ကြီးဌာနတခုလားဆိုတာ မေးခွန်းထုတ်စရာ
ဖြစ်နေပါတယ်။
သောတရှင်များခင်ဗျား
နေပြည်တော်
အရာရှိအသိုင်းအ၀ိုင်းက ယူဆသလို မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနဟာ
ကာကွယ်ရေးဆိုင်ရာ စက်မှုကဏ္ဍကို တိုးတက်အောင်လုပ်ဘို့ မျက်နှာဖုံးစွပ်ထားတဲ့
ဝန်ကြီးဌာနအသစ်လားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်းပါ ခင်ဗျား။
(အာအက်အေ ဦးစိန်ကျော်လှိုင်ရဲ့ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)
သတင်းအကျဉ်းချုပ် ...