ဒေါ်စု စည်းရုံးးရေးခရီး လုံခြုံမှုအတွက် အာဏာပိုင်တွေနဲ့ ညှိနှိုင်း


Burma's pro-democracy leader Aung San Suu Kyi waves her hand to supporters on her arrival in Dawei, about 615 km (380 miles) south of Rangoon, January 29, 2012.
ဓာတ်ပုံ AP
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မနက်ဖြန် မွန်ပြည်နယ်ကို သွားရောက်မယ့် စည်းရုံးရေးခရီးစဉ်မှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး အရင်လို အခြေအနေမျိုး မဖြစ်အောင် အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူတဦးက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ မန္တလေး-နေပြည်တော် စည်းရုံးရေးခရီးစဉ်အပြန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်း - ခဲနဲ့ပစ်ပေါက်ခံခဲ့ရတာပါ။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ် ပြင်ဆင်ချက်တွေကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရာ ရက်ပိုင်းသာ လိုတော့တဲ့အချိန် - NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံတ၀ှမ်း မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေကို တောက်လျှောက် ပြုလုပ်နေတာမှာ မနက်ဖြန် မတ်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာတော့ မွန်ပြည်နယ်ကို သွားရောက်မှာဖြစ်ပါတယ်။ မနက် ၈ နာရီမှာ တက္ကသိုလ်ရိပ်သာလမ်း သူမရဲ့ နေအိမ် ကနေ ယာဉ်တန်းက စတင်ထွက်ခွာမှာပါ။ ဒီခရီးစဉ်မှာ ပြီးခဲ့တဲ့တခေါက် မန္တလေး-နေပြည်တော် ခရီးစဉ်အပြန်လမ်းမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ယာဉ်တန်း ခဲနဲ့ပစ်ပေါက်ခံရတာမျိုးလို ပြဿနာမျိုးတွေ မကြုံရလေအောင် ဒီကနေ့မှာပဲ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှု တွေ လုပ်ဆောင်ခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။
“အုပ်ချုပ်တဲ့ အစိုးရပိုင်းကပေါ့ - အဲ့လိုဖြစ်လိမ့်မယ်တော့ မထင်ဘူးပေါ့ အခုဟာကတော့ ကျနော်တို့ သိရသလောက်ပေါ့။ အဖွဲ့အစည်းတခုခု ကနေ တမင်ရည်ရွယ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကား ပစ်လိုက်မယ်ဟေ့လို့ မဟုတ်ဘဲနဲ့ လမ်းဘေးက လက်ဆော့ပြီးတော့ ကောက်ပစ်တဲ့ဟာမျိုး ဖြစ်ဖို့က ၉၀ ရာခိုင်နှုန်းရှိပါတယ်။ နောက်ဆုံးတော့ ဒီလူတွေက အုပ်ချုပ်တဲ့သူတွေဖြစ်နေတော့ တကမ္ဘာလုံးက ၀ိုင်းပြောကြမှာပေါ့လေ။ အဲ့တော့ သူတို့က အများကြီး- ဒီနေ့ပဲ အဲ့ဒါကို သွားပြီးတော့ ညှိနှိုင်းပါတယ်။ ကျန်တဲ့ခရီးစဉ်တွေအတွက် သူတို့ လုပ်ဆောင်ပေးမယ့်ဟာတွေ၊ သူတို့ ကြိုတင်ပြင်ဆင်ပေးမယ့်ဟာတွေပေါ့။”
ဒါ့အပြင် မော်လမြိုင်ကို သွားရောက်မယ့် ခရီးစဉ်တလျှောက် မြို့ရွာတွေက လူထုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က နှုက်ဆက်သွားမှာ ဖြစ်ပြီး - မော်လမြိုင် မြို့ခံလူထုကို ပြောကြားမယ့် မိန့်ခွန်းအတွက် နေရာကတော့ အရင်စီစဉ်ထားတဲ့အတိုင်း ခွင့်ပြုချက်မရခဲ့ဘဲ မြို့ပြင်မှာ ဖြစ်တဲ့အတွက် တက်ရောက်နိုင်တဲ့ ပြည်သူလူထု အင်အားကတော့ နည်းသွားနိုင်ချေရှိတယ်လို့ ဦးခွန်သာမြင့်က ပြောပါတယ်။
“ဟိုမှာ စီစဉ်ထားတာတွေ တော်တော်အဆင်ပြေပါတယ်။ မနက်ဖြန်မနက် ၈ နာရီ ထွက်ပါတယ်။ ထွက်ပြီးတော့ လမ်းမှာတော့ မြို့တွေ ဖြတ်ရမှာပေါ့။ ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မွန်ပြည်နယ် ခရီးစဉ်ဆိုပေမဲ့ မော်လမြိုင်မြို့နယ်က ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်အတွက်ကို သွားတာပါ။ မွန်ပြည်နယ်ကိုရောက်တာလည်း ပြည်နယ်နဲ့ပတ်သက်တဲ့စကားတွေ၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့စကားတွေကိုလည်း ပြောဖို့ရှိပါတယ်။ အခက်အခဲရှိတယ်ဆိုတာကတော့ ပထမပိုင်းမှာက မြို့ထဲမှာရှိတဲ့ လွတ်လပ်ရေးကွင်းကို တောင်းတာပေါ့။ တောင်းတော့ မရဘူးပေါ့။ ပေးလိုက်တာကတော့ မော်လမြိုင်မြို့နဲ့ ၆ မိုင်ဝေးပါတယ်။ ၆ မိုင် သွားရမယ်ပေါ့လေ။ နောက် တခုကတော့ ကွင်းက အဲ့လောက်ဝေးတော့ကျတော့ ပရိသတ်ကြားဖြတ်သွားလို့ရှိရင် ပရိသတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် တွေ့လိုက်ရတယ်။ လက်ပြလိုက်ရတယ်။ အော်ဟစ်ပြီး နှုတ်ဆက်လိုက်ရတယ်။ ပန်းစည်းပေးလိုက်ရတယ်ဆိုရင်ကို ကျေနပ်သွားကြ တာပါပဲ။ ပြောမယ့် မိန့်ခွန်းကို နားထောင်ဖို့ တက်ရောက်နိုင်မယ့်သူကတော့ နည်းသွားတာပေါ့”
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးခွန်သာမြင့် ဖြစ်ပါတယ်ရှင်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲရဲ့ လစ်လပ် နေရာ ၄၈ နေရာစလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားခဲ့ပေမဲ့ - စစ်ကိုင်းတိုင်း အင်းတော်မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကိုတော့ ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ထားတာဖြစ်ပါတယ်ရှင်။
VOA

ချစ်စဖွယ်ကောင်းသော စစ်တွေမြို့ တပေါင်းလ သဲပုံစေတီပွဲ အထူးစည်ကား

ချစ်စဖွယ် ကောာင်းသော ရခိုင်ရိုးရာ သဲပုံစေတီပွဲ တခုကို စစ်တွေမြို့ ဟော်တယ် အနောက်ဘက် ကမ်းခြေ၌ ကျင်းပရာ ရခိုင်ပြည်နယ် မြို့နယ်အမြောက်အများမှ လာရောက်ခဲ့သောကြောင့် ပွဲတော်မှာ တခြားနှစ်များထက် စည်ကားခဲ့ကြောင်း သတင်းရရှိသည်။


thaybone-sayti
" မတ်လ ၇ရက်နေ့ ညနေ ၂နာရီခန့်မှာ ဒီပွဲကို စဖြစ်ပါတယ်။ မြို့နယ်တော်တော် များများကလူတွေ လာရောက် ကြတယ်။ လူပေါင်း ရာကနေ ထောင်ကဏန်းအထိ ရောက်ကြတယ်လို့ ပြောလို့ရတယ်။ ရောက်လာကြတဲ့လူ တွေအားလုံးက ကိုယ့်အစုနဲ့ကိုယ့် သဲတွေနဲ့ စေတီတွေတည်ကြတယ်။ ဘုရားရုပ်ထုတွေ ပြုလုပ်ကြတယ်။ ရှေး ခေတ်က ဘုရား ပုထိုးများကို သူတို့စိတ်ကူးနဲ့ သူတို့အသီးသီး လုပ်ကြတာတွေ့ပါတယ်" ဟု ကိုယ်တိုင်သွား ရောက်ကြည့် ရှု့သူ လူငယ်တသီးက နိရဉ္စရာသို့ ပြောပြသည်။

ကမ်းခြေတွင် စေတီ ပုထိုးပြုလုပ်ပြီးလျှင် အုပ်စုလိုက် မိမိတို့လိုရာ ဆန္ဒပြည့်ဝနိုင်အောင် ဆုတောင်း မိတ္တာပို့သ ခြင်းများ ပြုလုပ်ကြသည် ဟုသိရသည်။

ယခုလ မတ်လ ၇ရက်နေ့တွင်ကျရောက်သော သဲပုံစေတီပွဲမှာ ၆ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ပွဲတော်သို့ ရောက်ရှိလာသော လူအများအပြား ၀ယ်ယူသုံးစွဲနိုင်အောင် ကမ်းခြေ တလျှောက်တွင်လည်း စား သောက်ဆိုင်၊ ကွမ်းယဆိုင်၊ ထမင်းဆိုင်၊ ဘီယာဆိုင်၊ အ၀တ်ဆိုင်မျိုးစုံနှင့် ကာရာအိုကေ ဆောင်းဘောက်များ ဖြင့် ပျော်မြူးနိုင်အောင် ဖန်တီးထားသည် ဟုသိရသည်။

thaybone-sayti
သဲပုံစေတီပွဲကို လာရောက်ခြင်းအားဖြင့် စိတ်ချမ်းသာမှု ရသလို မိတ်ဆွေ အပေါင်းအသင်းများ ပိုမိုရရှိခဲ့ကြောင်း နှင့် ရိုးရာအစဉ်အလာ တခုအဖြစ် အစဉ်အမြဲ ထိန်းသိမ်းစောင့် ရှောက်ရန်လို အပ်ကြောင်း နောက်လူငယ်တဦး ကပြောပြသည်။

" ဒီပွဲကို လာခြင်းအားဖြင့် စိတ်ချမ်းသာမှုရတယ်။ ပြီးရင်မိတ်ဆွေ အသိုင်းအ၀န်းပိုဖြစ်လာတယ်။ ရင်းနှီးမှုရတယ်။ ပင်လယ်ကမ်းခြေမှာ ဖြစ်တဲ့အတွက် လေကောင်းလေသန့်တွေ ရှူရတယ်။ အဲဒါကြောင့် ဒီလိုချစ်စဖွယ် ကောင်း တဲ့ သဲပုံစေတီပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ဖို့ရယ်နဲ့ မျိုးဆက်သစ်လူ ငယ်တွေ အနေနဲ့ ရိုးရာအစဉ်အလာ ကောင်းတခုလို မပျောက်ပျက်အောင် အစဉ်အမြဲ ထိန်းသိမ်း စောင့်ရှောက် ဖို့အတွက် ရခိုင်ပြည်သူတွေ အနေနဲ့ ပြည်တွင်း ပြည်ပက လူတွေကို ပြောချင်ပါတယ်" ဟုပြောသည်။

တပေါင်းလတိုင်း ပြုလုပ်လျှက်ရှိသော သဲပုံစေတီပွဲတော်ကို ကမ္ဘာကသိလာအောင် နိုင်ငံတော်အကူအညီဖြင့် ဇာတ်ပွဲ သဘင်များဖြင့် ပြုလုပ်လာနိုင်ရန် ကြိုးစားသင့်ကြောင်း လူငယ်များ အပြောအရသိရသည်။ 

ထွန်းထွန်း နိရဉ္စရာ

ပုဂ္ဂလိက ကြိုးဖုန်း ပြည်ပခေါ်နှုန်းထား လျှော့ ချ

ကြိုးဖုန်းများ ပြည်ပ ဖုန်းခေါ်ခနှုန်းထားကို စတင် လျှော့ချပေးလိုက် ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။
''မတ်လ၁ရက်နေ့ကစပြီး လျှော့ချ ပေးလိုက်တာပါ။ လျှော့ချ ပေးတဲ့ အပိုင်းမှာ ခေါ်ဆိုတဲ့ နိုင်ငံ အလိုက် နှုန်းထားတွေ ချထားပေး ပါတယ်။ ဘယ်နိုင်ငံ ဖုန်းခေါ်ခေါ် အရင်နှုန်းထား ထက် လျှော့ချ ထား ပါတယ်''ဟု ၄င်းက ပြောသည်။
ယင်းသို့ ပြည်ပ ဖုန်းခေါ်ခများ လျှော့ချပေးရာတွင် ပုဂ္ဂလိက ဖုန်း ခေါ်ဆိုနှုန်းထား သာ လျှော့ချပေးခဲ့ ပြီး အစိုးရ ဌာနများမှ ဖုန်းခေါ်ဆိုခ နှုန်းထားများကို လျှော့ချခဲ့ခြင်း မရှိ ဘဲ ယခင် ကောက်ခံသည့် နှုန်းထား ထက်ပင် တိုးမြှင့်လိုက်သည်ဟု ၄င်း ကပြောသည်။ အာဆီယံနိုင်ငံ များသို့ ခေါ်ဆိုခ နှုန်းထားမှာ ယခင် တစ်မိနစ် လျှင် ၁ ဒသမ ၄ ဒေါ်လာအား ယခု ၁ ဒသမ ၂ ဒေါ်လာ သို့လည်း ကောင်း၊ နောက်တိုး ၆ စက္ကန့်လျှင် ဝ ဒသမ ၁၈ ဒေါ်လာ အား ယခု ဝ ဒသမ ၁၂ ဒေါ်လာသို့ လည်းကောင်း၊ အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်း ရှိ နိုင်ငံများသို့ ခေါ်ဆိုခ နှုန်းထားများမှာ ယခင် တစ်မိနစ်လျှင် ၂ ဒသမ ၂၅ ဒေါ်လာ အား ယခု ၁ ဒသမ ၄ ဒေါ်လာ သို့ လည်းကောင်း၊ နောက် တိုး ၆ စက္ကန့်လျှင် ဝ ဒသမ ၁၉ ဒေါ်လာ အား ဝ ဒသမ ၁၄ ဒေါ်လာ သို့ လည်းကောင်း၊ အာရှတိုက် အလယ်ပိုင်း ခေါ်ဆိုခမှာ တစ်မိနစ် ၂ ဒသမ ၉ ဒေါ်လာ အား ၁ ဒသမ ၈ ဒေါ်လာသို့ လည်းကောင်း၊ နောက်တိုး ၆ စက္ကန့်လျှင် ဝ ဒသမ၂၉ ဒေါ်လာမှ ဝ ဒသမ ၁၈ ဒေါ်လာ သို့လည်းကောင်း၊ ဥရောပ၊ အာဖရိက၊ သြစတြေးလျ၊ အမေရိ က ခေါ်ဆိုခနှုန်းမှာ တစ်မိနစ်လျှင် ၄ ဒသမ ၅ ဒေါ်လာအား ၂ ဒသမ ၄ ဒေါ်လာသို့ လည်းကောင်း၊ နောက် တိုး ၆ စက္ကန့်လျှင် ဝ ဒသမ ၄၅ ဒေါ်လာ အား ဝ ဒသမ ၂၄ ဒေါ်လာ သို့လည်းကောင်း လျှော့ချ ပေးခဲ့ပြီး ဂြိုဟ်တု ဆက်ကြောင်းမှ တစ်ဆင့် ဖုန်းခေါ်ဆို ခ နှုန်းများမှာမူ ယခင် နှုန်းအတိုင်း လျှော့ချခဲ့ခြင်း မရှိ ကြောင်း ဆက်သွယ်ရေးမှ သိရသည်။


ပေါ်ပြူလာဂျာနယ်

ဒဂုံမြို့သစ်( အရှေ့ပိုင်း) ရပ်ကွက်အချို့တွင် ချပေးထားသော မြေကွက်များ ပြန်လည်အပ်နှံရမည်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အင်းဝလမ်း၏ အရှေ့ဘက်ခြမ်းရှိ ရပ်ကွက်များတွင် ချထားပေးခဲ့သည့် မြေကွက်များအား ခေတ်မီစက်မှု လယ်ယာစံပြ အထူးစိုက်ပျိုးရေးဇုန်အဖြစ် နိုင်ငံတော်မှ ဖော်ထုတ်ဆောင်ရွက်သည့် စီမံကိန်းဧရိယာအတွင်း ပါဝင်နေသောကြောင့် အဆိုပါ မြေကွက် ချထားမှုများ အားပယ်ဖျက်ပြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနမှ မူလပေးသွင်းခဲ့သည့် မြေကွက်ဖိုးငွေများအား ပြန်လည် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြေကွက်ချထားပေးမှုအား ပယ်ဖျက်ခဲ့သည့် ရပ်ကွက်များမှာ ၁၂၁၊ ၁၂၂၊ ၁၂၃၊ ၁၂၆၊ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၅၇၊ ၁၅၈၊ ၁၅၉၊ ၁၆၀ ရပ်ကွက်များတွင် ချထားပေးခဲ့သည့် မြေကွက်များဖြစ်ပြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆောင်လုပ်ရေးဝန်ကြီးဌာနက မတ် ၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကာယကံရှင်များအနေဖြင့် မတ် ၈ ရက်မှ စတင်ကာ မတ် ၃၁ ရက် နောက်ဆုံးထား၍ ရုံးချိန်အတွင်း မြေချပါမစ်မူရင်း၊ မြေငှားစာချုပ်မူရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်(သို့) ဝန်ထမ်းကတ်များ ယူဆောင်လျက်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန မြေနှင့် အခွန်ဌာနခွဲ၊ ရုံးအမှတ် ၄၀ နေပြည်တော်နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း (ရန်ကုန်) ရှိမြို့ရွာနှင် အိုးအိမ်မွေးမြူရေးဦးစီးဌာန (ရုံးဟောင်း) သို့ ဆက်သွယ်ဆောင်ရွက်ရန် နှိုးဆော်ထားကြောင်း သိရသည်။ ထို့အပြင် မတ် ၃၁ ရက်အထိ လာရောက်၍ စာရင်းစာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသော မြေကွက်ပိုင်ရှင်များ၏ မြေချပါမစ်များ၊ မြေငှားစာချုပ်များအား စာရင်းမှ ပယ်ဖျက်ပြီး ပေးသွင်းခဲ့ရသည့် မြေကွက်တန်ဖိုးများ နောင်တွင်ပြန်လည်ထုတ်ပေးသွားမည် မဟုတ်ဟု တရားဝင် အသိပေးကြေညာချက်တွင် ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၃ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

မန်းငြိမ်းမောင်ကို အမြင့်ဆုံးပြစ်ဒဏ်နှင့် စီရင်ချက်ချရန် ဆုံးဖြတ်

ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို နိုင်ငံတော် ပုန်ကန်မှု၊ မတရား အသင်း ဆက်သွယ်မှု ပုဒ်မများဖြင့် လာမည့်အင်္ဂါနေ့တွင်စီရင်ချက်ချရန် အင်းစိန်ထောင် တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်
သေဒဏ် (သို့) တသက်တကျွန်း အပြစ်ပေးနိုင်သော နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှု ပုဒ်မ ၁၂၂/၁ နှင့် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးနိုင်သော မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့် အင်းစိန် အထူးတရားရုံးက ယနေ့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်၏ရှေ့နေ ဦးကြီးမြင့် က ပြောပြသည်။
“အင်္ဂါနေ့ကို အပြီးသတ် အမိန့်ချမှတ်မယ်။ ဒီနေ့လျှောက်လဲချက် ပေးရတယ်”ဟု ဦးကြီးမြင့် က ဧရာဝတီသို့ ပြောသည်။
ယနေ့ နှစ်ဘက်လျှောက်လဲချက်ပေးရာတွင် တရားလိုဖြစ်သူ အစိုးရဘက်က အမိန့်ချမှတ်နိုင်ရန် ဆွဲဆိုချက်နှင့် ပတ်သက်၍ အင်တာနက်တွင်တွေ့ရှိရသော ပဒိုမန်း ငြိမ်းမောင်၏ ရာထူးတာဝန်နှင့် လုပ်ကိုင်ဆောင်ရွက်မှုများ၊ ကာယကံရှင်ကိုယ်တိုင် ထွက် ဆိုချက်များကို ကိုးကားတင်ပြသွားသည်ဟု ဆိုသည်။
“ပဒိုမန်းငြိမ်းမောင်ကို စစ်တဲ့အခါ၊ အပြန်အလှန်မေးတဲ့အခါကြတော့ သူဟာ KNU ဗဟိုကော်မတီဝင် ဆိုတာမှန်တယ်။ သူဟာ သူ့လူမျိုးတွေအတွက် ခုခံစစ်ပွဲတိုက်ရတယ်။ အဲဒီလိုမှ မတိုက်ဘူးဆိုရင် ကရင်လူမျိုးတွေပြုတ်လိမ့်မယ်။ လူ့အခွင့် အရေးတွေချိုးဖောက်ခံနေရတယ်။ ဒါကြောင့် ခုခံတိုက်ပွဲဆင်နွှဲနေရတယ်ဆိုပြီး အဲဒီအကြောင်းတွေ ထွက်ဆို တယ်ခင်ဗျ”ဟု ဦးကြီးမြင့် က ပြော သည်။
အစိုးရဘက်မှ စွပ်စွဲချမှတ်သော ဥပဒေပုဒ်မများနှင့်ပတ်သက်ပြီး မူလက သမ္မတ ဦးသိန်းစိန်၏ ခွင့်ပြုမိန့်ဖြင့် ချမှတ်ရမည် ဖြစ် သော်လည်း သမ္မတ အမိန့်စာ တွဲလျက်မပါရှိဘဲ ပြည်ထဲရေးဝန်ကြီး တဦးတည်း၏ လက်မှတ်ထိုးထားမှုဖြင့် တရားစွဲဆိုခြင်း ဖြစ် သကဲ့သို့ KNU ကိုပစ်မှတ်ထားစွဲဆိုခြင်းမှာလည်း တရားမျှတမှု မရှိကြောင်း ရှေ့နေ ဦးကြီးမြင့်ကလည်း ပြန်လည်လျှောက်လဲချက် ပေးခဲ့သည်ဟု သိရသည်။
“KNU ကနေခွဲထွက်သွားတဲ့အဖွဲ့တွေ ၄-၅ ဖွဲ့ရှိတယ်၊ အဲဒီအဖွဲ့တွေကြတော့ ငြိမ်းချမ်းရေးယူထားတယ်ဆိုပြီး လက်နက်တွေကိုင် ထားတယ်။ သူတို့လည်းပဲ တော်လှန်ရေး လုပ်ခဲ့တဲ့အဖွဲ့အစည်းတွေပဲ သူတို့ကြတော့ အပြစ်မပေးဘူး။ ဘာမှမလုပ်ဘူး။ အစိုးရနဲ့ လက်တွဲနေတယ်။ အဲဒါကြောင့်မို့ KNU တခုတည်းကို ဒီလို အပြစ်ပေးမယ် ဆိုရင်တော့ ဒါ တရားမျှတမှု မရှိဘူး။ အဲဒီလို လျှောက် လဲချက်ပေးခဲ့ပါတယ်”ဟု သူက ဆိုသည်။
အသက် ၇၀ ရှိပြီဖြစ်သော ပဒိုမန်းငြိမ်းမောင်ကို ချမှတ်သော ဥပဒေ ပုဒ်မများသည် မြန်မာနိုင်ငံကို အင်္ဂလိပ် စိုးမိုးခဲ့သည့် ကိုလိုနီ ခေတ်က ပြဌာန်းခဲ့သည့် ဥပဒေများ ဖြစ်သည်ဟု ရှေ့နေ ဦးကြီးမြင့် က ပြောပြသည်။
ပဒိုမန်းငြိမ်းမောင် အင်းစိန်ထောင်တွင်း ရှိနေစဉ် KNU နှင့် အစိုးရတို့ ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်ရန်အတွက် မီးရထားဝန်ကြီး ဦးအောင်မင်း က လူလွှတ်စေခိုင်းကာ အကြံဉာဏ်တောင်းယူခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် လွှတ်ပေး မည်ဟု ပြောဆိုခဲ့ပြီး နှစ်ဘက်သဘောတူ လက်မှတ်ထိုးနိုင်ခဲ့သော်လည်း ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် စိတ်ထိခိုက်မှုဖြစ်နေ ကြောင်း ဦးကြီးမြင့်က ပြောသည်။
“အရင်က သူ့ကို ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အစိုးရက ကူညီပါ။ သူ့ကို ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် လွှတ်ပေးမယ် ဆိုပြီး တရားမစွဲဘူးပြောပြီးတော့ ကတိဖျက်ပြီး အခုလိုလုပ်လိုက်တဲ့အပေါ်မှာ။ အစိုးရဘက်က သူ့ကိုလိမ် လိုက်ပြီ၊ အလိမ်ခံရပြီဆိုပြီး စိတ်မကောင်းဖြစ်နေတာ။ လူလည်း ပိန်သွားတယ်”ဟု ၎င်းက ပြောဆိုသည်။
ပဒိုမန်းငြိမ်းမောင်အား ယနေ့တွေ့ဆုံရာတွင် စိတ်ပုံမှန် မတွေ့ရှိရဘဲ သံသယဝင်စရာ ဆန္ဒစောနေခြင်းကို တွေ့မြင်ရပြီး“အမှုအမြန် ဆုံးပြီးဖို့ ပြစ်ဒဏ်ချရင်လည်းမြန်မြန်ချအောင် ကျုပ်အကုန်ဝန်ခံတယ်”ဟု ပြောဆိုခဲ့ကြောင်း ဦးကြီးမြင့်က ပြောသည်။
ယခုလ အစောပိုင်းက KNU နှင့် ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ပြည်ထောင်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ တွေ့ဆုံရာတွင် KNU က ၎င်းတို့နှင့် ဆက်နွယ် အကျဉ်းကျနေသူများကို ပြန်လွှတ်ပေးရန် တောင်း ဆို ခဲ့သည်။
ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှ တဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး နိုင်ငံကူးလက်မှတ်တွင် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟု ဆိုကာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီးအရေးယူ ခံခဲ့ရသည်။
ထို့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို  တစ်ပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
လွတ်မြောက်ရန်၂၂ ရက် အလို ပြီးခဲ့သည့် ဇန်န၀ါရီ၂ ရက်နေ့တွင် မတရားသင်း ကြေညာထားသည့် KNU ဗဟိုကော်မတီဝင် ဖြစ် သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နှင့် မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့်ထပ်မံစွဲချက် တင် တရားစွဲခဲ့သည်။
KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC)တွင်လည်း ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။
ပဒိုမန်းငြိမ်းမောင်အနေဖြင့် နောက်တကြိမ် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင်သာ မျှော်လင့်နိုင်ကြောင်း ရှေ့နေ ဦးကြီး မြင့် က ပြောဆိုသည်။

ကျော်ခ (ဧရာဝတီ)

မတ်လ ၈ - ၂၀၁၂ နေ့ ထုတ် 7Day News Journal

မတ်လ ၈  -  ၂၀၁၂ နေ့ ထုတ် 7Day News Journal  
11-1_web

မိတ္ထီလာမြို့မှ ဂျပန် ကင်ပေတိုင် မြန်မာ စကားပြန်နှင့် ပထမဆုံးမြို့နယ် သတင်းထောက် အဖြစ် လုပ်ကိုင်ခဲ့သူ ကွယ်လွန်

(မိတ္ထီလာ၊ မတ် ၅ )
ပထမဦးဆုံး ဂျပန် ကင်ပေတိုင် မြန်မာ စကားပြန်နှင့် ပထမဆုံး မြို့နယ် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ဦးကျော်လှိုင် (ခေါ်) ဖိုးဖိုးလေး (၉၃) နှစ် သည် ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် နေအိမ်တွင် ကွယ်လွန် သွားခဲ့ကြောင်း သိရသည်။
၎င်းသည် အသက် ၂၃ နှစ် အရွယ်တွင် သူရိယ သတင်းစာနှင့် မြန်မာ့အလင်း သတင်းစာတို့တွင် မိတ္ထီလာ မြို့နယ် သတင်းထောက် အဖြစ် စတင် လုပ်ကိုင်နေစဉ် ၁၉၄၂ ခုနှစ် ၌ မြန်မာနိုင်ငံသို့ ဖက်ဆစ် ဂျပန်များ ဝင်ရောက် လာပြီးနောက် ဂျပန် စစ်သားများထံမှ ဂျပန်စကား သင်ယူကာ စကားပြန် ဖြစ်လာခြင်း ဖြစ်သည်။ ထို့နောက် လွတ်လပ် ရေး ရပြီးခေတ်တွင် ဖဆပလ ပါတီ သို့ ဝင်ရောက်ခဲ့ပြီး ဖဆပလ တည် မြဲ သန့်ရှင်း နှစ်ခြမ်းကွဲချိန်တွင် သန့် ရှင်း ပါတီသို့ ရောက်ခဲ့သည်။
ဦးကျော်လှိုင် (ခေါ်) ဖိုးဖိုးလေး သည် ဂျပန် ကင်ပေတိုင် မြန်မာ စကားပြန် ဖြစ်သော်လည်း လူငယ် ခေတ်ပညာတတ် မျိုးချစ်စိတ် ရှိသူ ဖြစ်ကာ မြန်မာ အချင်းချင်း ဗိုလ်ကျ စိုးမိုးခြင်း မရှိခဲ့ပေ။ ထို့ပြင် မြန်မာ အမျိုးသား၊ အမျိုးသမီးများဘက်မှ ခုခံကာကွယ် ပြောဆိုလေ့ ရှိသဖြင့် ဂျပန်ခေတ် တစ်ခေတ်လုံး နာမည် ကောင်းဖြင့် ကျော် ကြားခဲ့သူ ဖြစ် ကြောင်း သိရသည်။
မိတ္ထီလာမြို့တွင် ဦးကျော်လှိုင် (ခေါ်) ဖိုးဖိုးလေး အပါအဝင် ဂျပန် ကင်ပေတိုင် မြန်မာ စကားပြန် သုံး ဦးရှိပြီး ယခုအခါ အသက် ၈၆ နှစ် အရွယ်ရှိ ဦးသီဟန် တစ်ဦးသာ ကျန် ရှိတော့ကြောင်း သိရသည်။
ကျော်ဇေယျ (မိတ္ထီလာ) (ပေါ်ပြူလာ ဂျာနယ်)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရေဒီယိုနဲ့ ရုပ်မြင် ဟောပြောချက်မူကြမ်း ဖြတ်တောက်ခံရ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုအဖြစ် နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်မယ့် ပြောကြားချက် မူကြမ်းထဲက အချက်တချို့ကိုအစိုးရက ကြိုတင် ဖြတ်တောက်ခဲ့ကြောင်း သိရပါတယ်။

RFA
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးလူထုအား မိန့်ခွန်းပြောကြားနေစဉ်။
စစ်အစိုးရ အဆက်ဆက် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ပုံတွေနဲ့ ပြည်သူတွေကို ချုပ်ချယ်ဖို့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့ပုံအကြောင်း တင်ပြမယ့် စာသားတွေကို အာဏာပိုင်တွေက ပြောကြားခွင့်မပြုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေကို ပြောပါတယ်။
“ဥပဒေစိုးမိုးရေး မရှိခဲ့တာပေါ့နော်။ နောက်ပြီးတော့ အဲဒီ စစ်အစိုးရ အဆက်ဆက်က ဥပဒေတွေကို ပြည်သူတွေကို နှိပ်ကွပ်ဖို့ သုံးခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ပတ်သက်လို့ အဲဒီတစ်ပိုဒ်တော့ ဖြတ်ပါတယ်”
ဒီကနေ့ည တင်ဆက်မယ့် “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် ဆက်သွယ် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကို လာမယ့် မတ်လ ၁၂ ရက်မှာ သွားရောက်ပြီး ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးအတွက် ရိုက်ကူးရမယ်လို့ သိရပါတယ်။

RFA

တပ်သားကျော်ဇင်ဝင်း၏နောက်ဆက်တွဲသတင်း

ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်ပြီဟုကြားသိရ၍ ကလောNLDလူငယ်များကသွားရောက်တွေ့ဆုံရာ မတွေ့ရှိခဲ့ရပဲ တပ်သား ကျော်ဇင်ဝင်းအား အင်းကောင်းအမြောက်တပ်၏မြေအောက်ခန်းထဲတွင် ပြောင်းရွှေ့ချုပ်နှောင်ခံထားရပြီးအသက်အန္တရာယ်ပါစိုးရိမ် ရသည့်အခြေအနေဖြစ်နေသည်ဟုစုံစမ်းသိရှိခဲ့ရသည်ဟု YPI သို့ပြောပါသည်။

အင်းကောင်းအမြောက်တပ်၏တပ်ရင်းမှုးမှာ ဗိုလ်ချုပ်မြ၀င်းဖြစ်ပြီးလာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးအမတ်လောင်းတစ်ဦးဖြစ်သည်ဟုသိရှိရသည်။


တပ်သားကျော်ဇင်ဝင်းအားဖမ်းဆီးချုပ်နှောင်ထားသည့်ကိစ္စအားကန့်ကွက်ကြောင်းနှင့် ထိုကိစ္စနှင့်ပါတ်သက်၍ဖြေရှင်းပေးပါရန်၊ အမှန်တကယ်ဖမ်းဆီးထားခြင်းမဟုတ်ပါကလည်း

 တွေ့ဆုံခွင့်ပေးပါရန် ကလောNLDလူငယ်များကပြည်နယ်ကော်မရှင်ရုံး
သို့စာတင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

 တပ်သားကျော်ဇင်ဝင်း၏နောက်ဆက်တွဲသတင်း ဖြည့်စွက်ချက်
အင်းကောင်း အမြောက်တပ်သည် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ဟောင်း ဦးမြ၀င်း တပ်ရင်းမှူးလုပ်ခဲ့သည့် တပ်ဖြစ်သည်။

ယခုလ ၆ ရက်က တပ်သားကျော်ဇင်ဝင်းလွတ်မြောက်လာသည်ဟု သတင်းရသောကြောင့် NLD အဖွဲ့ဝင်များက လိုအပ်သည်များကူညီဖြည့်ဆည်းပေးရန် သွားရောက်တွေ့ဆုံခွင့်တောင်းရာ တွေ့ခွင့်မရခဲ့ဘဲ မြေအောက်ခန်းထဲတွင်ချုပ်နှောင်ထားသည်ကို သိရှိခဲ့ရကြောင်း တောင်ကြီးမြို့ NLD အဖွဲ့ဝင်တစ်ဦးကပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုချက်မရရှိသေးပေ။

YPI

မွန်အမျိုးသမီးများနေ့ကို မော်လမြိုင်မြို့တွင် ပထမဆုံး အကြိမ်ကျင်းပခွင့်ရ

မတ်လ ၈ ရက်၊ ၂၀၁၂ (YPI)

သတ္တမ အကြိမ်မြောက် မွန်အမျိုးသမီးများနေ့ကို မော်လမြိုင်မြို့ပေါ်၌ ပထမဆုံးအကြိမ်ကျင်းပခွင့် ရခဲ့ကြောင်း မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ မိမိုးမိုးအေးက ပြောသည်။

“မော်လမြိုင်မှာ ဒါက ပထမဆုံးအကြိမ်ကျင်းပတာပါ ၊ လူ၂၀၀လောက်တက်ရောက်ခဲ့တယ်၊ မွန်အမျိုးသမီး တယောက်အနေနှင့် ကိုယ့်မွန်အမျိုးသမီးများနေ့ အခမ်းအနားကို အခုလို တသီးတသန့် ကျင်းပခဲ့ရတဲ့ အတွက် ဂုဏ်ယူပါတယ်”ဟု ၎င်းကဆက်ပြောသည်။

မွန်အမျိုးသမီးများနေ့ကို မတ်လ ၄ရက်နေ့ တပေါင်လဆန်း ၁၂ ရက်နေ့တွင် ကျင်းပခဲ့ပြီး မော်လမြိုင်မြို့ မိုင်ဒါကွင်းရှေ့  မွန်ဓမ္မာရုံတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

“မွန်အမျိုးသမီးများနေ့ကို မော်လမြိုင်မှာ ကျင်းပချင်နေတာကြာပြီ အရင်က ဒီမိုကရေစီ မိုးလေ၀သ အခြေအနေမကောင်းလို့ အခုတော့ မိုးလေ၀သ အခြေအနေကောင်းပြီးဆိုတော့ ကျင်းပခဲ့တာပါ၊ ဘာအနှောင့်အယှက်မှမရှိပါဘူး” ဟု အဆိုပါနေ့ကျင်းပ ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးပေးခဲ့သည့် မွန်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့မှဒုဥက္ကဌ နိုင်ပန်းအောင်ကပြောသည်။

မြန်မာနိုင်ငံသမိုင်းတွင်  တပါးတည်းသော အမျိုးသမီးဘုရင်မဖြစ် ခဲ့သည့် မွန်ဘုရင်မကြီး ရှင်စောပု (ခေါ်) ဗညားထော၏ မွေးနေ့ကို မွန်အမျိုးသမီးများနေ့ အဖြစ်သတ်မှတ်ခဲ့ပြီးနောက်  ကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၇)ကြိမ်မြောက်ရှိပြီးဖြစ်သည်။

မော်လမြိုင်မြို့ ပေါ်တွင်ကျင်းပခဲ့သည့်မွန်အမျိုးသမီးများနေ့ကို လာမည့် ဧပြီလ ၁ရက်နေ့တွင် တရားဝင်ပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်မည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့က ဂုဏ်ပြုကြောင်း အခမ်းအနားတွင် ကြေငြာစာတမ်း ဖတ်ကြားခဲ့သည်။

မွန်ဘုရင်မ ရှင်စောပုဧ။်အကြောင်းမွန်အမျိုးသမီးများနေ့ ကျင်းပရခြင်းအကြောင်း ကိုမွန်ဘာသာ ၊ဗမာဘာသာဖြင့် ဖတ်ပြခဲ့ပြီး မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသူများအများအပြားတက်ရောက် ခဲ့သည်ဟုဆိုသည်။

“မွန်အမျိုးသမီးတွေရဲ့ဘ၀က သမာရိုးကျမှာပဲစီးမျောနေကြတယ် စားဝတ်နေရေးနဲ့ပဲ လုံးပန်းနေကြတော့ အပြင်ကို လေ့လာဖို့ အချိန်မပေးနိုင်ဘူး၊ ထက်ထက်မြက်မြက် မရှိကြဘူး ၊ဒါကြောင့် အမျိုးသမီးတွေရဲ့ဘ၀ပိုတိုးတက်ဖို့လိုတယ်”ဟု မိမိုးမိုးအေးက ပြောသည်။

 
ယခင်လက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့သည့် မွန်အမျိုးသားနေ့ မြင်ကွင်း

သတ္တမအကြိမ်မြောက် မွန်အမျိုးသမီးများနေ့ကို Mon Women Network(MWN) မှကြီးမှူးပြီး ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းရွာနှင့် မွန်ပြည်နယ် ကျေးရွာအတော်များများတွင်လည်း ကျင်းပခဲ့ကြောင်း လွတ်လပ်သည့်မွန်သတင်း အေဂျင်စီ၏ ဖေါ်ပြချက်အရ သိရသည်။

ထို့အပြင် (၇)ကြိမ်မြောက်မွန်အမျိုးသမီးများနေ့ကိုအမျိုးသမီးတို့ရဲ့ဘ၀လုံခြုံမှုရှိစေရေးနှင့်လူနေမှုအဆင့် အတန်းတိုးတက်မြင့်မားရေး၊ပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးဖြစ်ပေါ်စေရေးစသည့်အချက်များဖြင့်သမ္မတဦးသိန်းစိန်အားမွန်အမျိုးသမီးများနေ့ ကြေငြာချက် အနေဖြင့်ထုတ်ပြန်တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့က လည်း ယခင်ကျင်းပခွင့် မရခဲ့သည့် ရန်ကုန်မြို့တွင် မွန်အမျိုးသားနေ့ကို ကျင်းပခဲ့ရာ လူထောင်နှင့်ချီတက်ရောက်ခဲ့သည်ကိုတွေ့ရသည့်ကာ မွန်ပြည်နယ်တ၀ှမ်းတွင်လည်း စည်းကားသိုက်မြိုက်စွာကျင်းပခွင့်ရရှိခဲ့သည်ဟု သိရှိရသည်။          ။

ကလေးခရိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၊ ရံပုံငွေဈေးရောင်းပွဲတော် ကျင်းပ

ကလေးမြိ့နယ်၊ မြို့နယ်လုံးဆိုင်ရာ ရတနာပုံရွှေဘုံသာ စေတီတော်မြတ်ကြီး၊
ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကျင်းပရာတွင် ကလေးခရိုင်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မှ ရံပုံငွေ ဈေးရောင်းပွဲတော်ကို မတ်လ
(၆/၇) တွင် ပါတီဝင်လူငယ်များ၊ ၈၈ အဖွဲ့များ ဦးဆောင်ကာ ဝေဇယန္တာလမ်းတွင်
ကျင်းပခဲ့ကြောင်း သိရသည်။


 ဈေးရောင်းပွဲတော်တွင် ပင်နီ၊ တီရှပ်၊ဦးထုပ်၊
ပြက္ခဒိန်၊ ဗလာစာအုပ်၊ ရင်ထိုး၊ အမေစုပုံပါ ဖန်ခွက်၊ အမေစုခရီးစဉ်
မှတ်တမ်း CD များ၊ ဒီလှိုင်းဂျာနယ်များကို ရောင်းချခဲ့ပြီး ကလေးမြို့ရှိ
အမေစုချစ် ပြည်သူများ နှစ်ရက်လုံး စည်ကားသိုက်မြိုက်စွာ
အားပေးဝယ်ယူခဲ့ကြသည်။


 ( ဒီဈေးရောင်းပွဲတော် ကျင်းပရတာဟာ
အဖွဲ့ချုပ်ရံပုံငွေအတွက်လည်ြး
ဖစ်သလို ပြည်သူများ လွတ်လပ်စွာ
အားပေးဝယ်ယူနိုင်ဖို့အတွက် ရည်ရွယ်ပါတယ် ) ဟု ကလေးခရိုင်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သတင်းနှင့် ပြန်ကြားရေး အဖွဲ့မှ
ပြောခဲ့သည်။     


သတင်း-ဓါတ်ပုံ ။  ။ ကိုဝါကာ 
Myanmar News Now

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မဲဆွယ်မှုများပြုလုပ်နေ

မတ် ၈၊ ၂၀၁၂ (YPI)

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်သည် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်မှုများပြုလုပ်ပေးနေသည့်ပြင် မဲဆွယ်အခမ်းအနားများအတွက် စင်မြင့်တည်ဆောက်ရာတွင် ဒေသခံများကို လုပ်အားပေးစေခိုင်းမှုများကိုပါ လုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။

မြင်းကကွင်းတိုက်နယ်ဒေသခံတစ်ဦးက “ကျွန်တော်တို့ဆီကို ရှေ့လ ၂၄ ရက်ကလာတာ၊ မလာခင် သုံးရက်လောက်အလိုမှာ မဏ္ဍပ်ဆောက်ဖို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက လူငယ်တွေကို လုပ်အားပေးလာခေါ်တယ်” ဟု ပြောသည်။



ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်သည် ဖေဖေါ်ဝါရီလအတွင်းက ငပုတောမြို့နယ်၊ မြင်းကကွင်းတိုက်နယ်အပါအ၀င် ဒေသငါးခုခန့်သို့သွားရောက်ခဲ့ပြီး ရောက်ရာဒေသတိုင်းတွင် ပြောကြားသောမိန့်ခွန်းများ၌ ကြံ့ခိုင်ရေးပါတီကို မဲထည့်ရန်တိုက်တွန်းမှုများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ပုသိမ်မြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးများတွင် ဧရာဝတီတိုင်းသား ၀န်ကြီးချုပ် အဘဦးသိန်းအောင်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အား မဲပေးကြပါစို့ ဟူသောစာတန်းဖြင့် ဦးသိန်းအောင်ဓါတ်ပုံများကပ်ကာကြော်ငြာထားခြင်း၊ ရပ်ကွက်အတွင်း ကြံ့ခိုင်ရေးပါတီဝင်သူတိုင်းကို ငွေကျပ်သုံးသောင်းကို နေ့သွင်းအနေဖြင့်ထုတ်ချေးပေးခြင်း၊ ၎င်းပါတီတံဆိပ်ပါသော အင်္ကျီများနှင့် ဦးထုပ်များကို အခမဲ့ပေးခြင်းများပြုလုပ်နေကြောင်း ပုသိမ်မြို့ခံတို့ကပြောသည်။

ပုသိမ်ခရိုင်တရားလွှတ်တော်ရှေ့နေတစ်ဦးက“ ဦးသိန်းအောင်ဟာ အလုပ်အရမ်းလုပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါပေမယ့် သူ့မှာပါတီစွဲကရှိနေတော့ ဥပဒေနဲ့ငြိစွန်းနေတာစိတ်မကောင်းစရာပဲ” ဟု မှတ်ချက်ပြုသည်။

အစိုးရ၀န်ကြီးများအနေဖြင့် ၎င်းတို့သက်ဆိုင်ရာ ပါတီလုပ်ငန်းများနှင့် ပါတီအတွက် မဲဆွယ်စည်းရုံးခြင်းများမပြုလုပ်ရန် နည်းဥပဒေများထုတ်ပြန်ထားသည်။      ။

လက်ပတောင်းတောင်ပေါ် ရွှေမြင်တင်ဘုရားပွဲတော် အပိတ်ခံရ


အပိတ်ခံထားရတဲ့ကြားကကျင်းပခဲ့တဲ့ လက်ပတောင်းတောင်ပေါ်
ရွှေမြင်တင်ဘုရားပွဲတော်

လက်ပတောင်းတောင်ပေါ်
ရွှေမြင်တင်ဘုရား
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို.နယ် လက်ပတောင်းတောင်ပေါ်
ရွှေမြင်တင်ဘုရားပွဲတော် အပိတ်ခံရကြောင်းသိရပါတယ်။

လက်ပတောင်းတောင်ကြီးကို အစိုးရက တရုတ်တွေကို
ဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းဖို့ အတွက်ရောင်းစားထားတာဖြစ်ပါတယ်။

နှစ်ပေါင်း(100)ကျော်ကတည်ထားကိုးကွယ်လာခဲ့တဲ့
တောင်ထိပ်ရွှေမြင်တင်ဘုရားပွဲတော်ကို အခု တပေါင်းလပြည်.နေ. (၃-၇-၂၀၁၂) မှာ
ကျင်းပခွင်.ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

ဒေသခံအာဏာပိုင်တွေနဲ့ဓါတ်ငွေ့ ပိုက်လိုင်းသွယ်တန်းနေ့ တဲ့ တရုတ်တွေက
ပိတ်ပင်တာလို့ ဆိုပါတယ်။

 ဒါပေမဲ့ကျောင်းထိုင်ဘုန်းကြီးက အခတ်ခဲများစွာထဲ ဖြစ်အောင်ကျင်းပခဲ့ကြပါတယ်
လာရောက်ဖမ်းဆီးပါ ကိုယ်တိုင်အဖမ်းခံမယ် ဘုန်းကြီးစ၀တ်ထဲက ဘုရားကို
အသက်ပေးလှူထားတာပဲ လာကြပါ ဘယ်သူ.မှမကြောက်ဘူးဆိုပြီး ကျင်းပခဲ့ပါတယ်။

အဆိုပါပိတ်ပင်မှုကြောင့် နှစ်စဉ် ပရိတ်သတ်(၂၀၀၀)ကျော်အနည်းဆုံးလာရောက်လေ့ရှိတဲ့
ဘုရားပွဲမှာ ဒီနှစ်တော. သွားတဲ့သူဘာလုပ်မယ်ညာလုပ်မယ်ဆိုတော. (300)လောက်ပဲ
လာကြပါတယ်။

အဲဒီဒေသမှာ တရုတ်တွေက ကျော်ရွာ၊ ၀က်ပုတ်ရွာ နဲ့ မိုးကြိုပြင်ရွာ တွေကို သိမ်းထားပြီး
 ကျေးရွာ (၃)ရွာလောက်က လူတွေ လယ်တွေအိမ်တွေမရှိတော.ပါဘူး။
ဘုန်းတော်ကြီးကျောင်းတွေနဲ့  ဘုရားတွေလဲဖျတ်စီးခံခဲ့ရပါတယ်။

 အခုအခါ အစိုးရကအပိုင်ပေးထားတဲ့နေရာကို ရဟန်းခံတဲ့သိမ်(ပထမလယ်တီဆရာတော်ကြီး)
သမုတ်ထားတဲ့သိမ်ကို တရုတ်တွေကဖျတ်စီးဖို.ကြံနေကြပါတယ်။

ကိုဇော် (မုံရွာ) Myanmar News Now

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေပွဲ (ရုပ်/သံ)


ကြားဖြတ်ရွေးကောက်ပွဲဟာ အနာဂတ်အတွက် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေဟာ မက်လ ၆ ရက်နေ့ မနက် ၆ နာရီခွဲမှာ တွေ့ဆုံခဲ့ကြပါတယ်။ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတဖို့အရေး စစ်မှန်တဲ့ပြည်ထောင်စု ပေါ်ပေါက်ရေး နဲ့ အပြောင်းအလဲတွေကို ပူပေါင်းပြီး အမြန်ဆုံးလုပ်ဆောင်ဖို့ ၁ နာရီခန့်အကြာ တွေ့ဆုံပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အမတ်တွေကို တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။
 ဘားမားဗီဂျေ

အလှရွေးထားတာမဟုတ်ဘူး အလုပ်လုပ်ဖို့ ရွေးထားတာဖြစ်ကြောင်း ကိုယ်စားလောင်းများကို ဒေါ်စု ပြောကြား (ရုပ်/သံ)


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ဝင်ရောက် အရွေးချယ်ခံမည့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ
အခမ်းအနားကို ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ နံနက် ၉း၃၀ ကနေ စတင်ခဲ့တဲ့ အဲ့ဒီ အခမ်းအနားအတွင်း
ဗဟိုအောင်နိုင်ရေး အဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အောင်နိုင်ရေး ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က အဖွင့် မိန့်ခွန်း
ပြောကြား ခဲ့ပါတယ်။
ဘားမားဗီဂျေ
ဗဟိုအောင်နိုင်ရေး အဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံ

မကွေးမြို့ မှာ ဒေါ်စု ကို သိက္ခာကျအောင် အပုပ်ချစာစောင်တွေ ဖြန့် ဝေနေတဲ့ ငါးမင်းဆွေ (ရုပ်/သံ)


ငါးမင်းဆွေ သည် မကွေးမြို့သို့ မတ်လ ရ ရက်နေ့ ၂၀၁၂ နေ့ က ဗ/၈၃၆၆စူပါရုဗ်အဖြူရောင်
ကားဖြင့်ရောက်ရှိလာပြီးလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားမဟုတ်မမှန်အပုပ်ချ
 ပြောဆိုပြီးလက်ကမ်းစာစောင်များကိုလက်ဖက်ရည်ဆိုင်များသို့ဖြန့်ဝေသွားခဲ့ပါသည်။
ငါးမင်းဆွေ မကွေးမှာ အပုပ်ချစာစောင်ဖြန့် ဝေနေစဉ်တွေ့ ရပုံ

ငါးမင်းဆွေသည် မည်သည့်အဖွဲ့အစည်းဧ။်အထောက်အပံ့ကိုယူပြီးယခုလိုလုပ်နေသည်ကို 
မသိရှိပါ။ ငါးမင်းဆွေသည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားအပုပ်ချသည့်
သတင်းကိုမကျေနပ်သူရှိပါက တရားဆွဲလည်းဆွဲ၊ဂရုမစိုက်ဘူး၊တိုင်ချင်ရာတိုင်ဟု
ပြောဆိုကြွေးကြော်သွားခဲ့ပါသည်။


ညီမွန် (မကွေး) Myanmar News Now


၇-၃-၂၀၁၂ နံနက်ပိုင်းတွင် မကွေးမြို့ ၊ မြို့ မဈေး ၊ ကန်သာဈေး နှင့် လူစည်ကားသော
လမ်းပေါ်ဈေးတန်းများ၊ လက်ဖက်ရည်ဆိုင်များတွင် ဗ/၈၃၆၆ ဗင်အမျိုးအစား
မော်တော်ယာဉ်ဖြင့် ငါးမင်းဆွေ နှင့် အပေါင်းအပါများ ဒေါ်အောင်ဆန်းစုကြည် အား
အပုဒ်ချသော ၀ါဒဖြန့် စာများဝေငှသွားစဉ်တွေ့ ရစဉ်။

ဓါတ်ပုံ-မကွေး သတင်းထောက်

အရှင်ဂမ္ဘီရ ပြန်လည် လွတ်မြောက်


အရှင်ဂမ္ဘီရ
 အစိုးရသစ်၏ လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ်အရ မကြာသေးခင်ကမှ မြောင်းမြ အကျဉ်းထောင်မှ လွတ်မြောက်လာသူ အရှင်ဂမ္ဘီရကို ရန်ကုန်တိုင်း ဒေသကြီး သတင်းတပ်ဖွဲ့က မတ်လ ၆ ရက်နေ့ ညပိုင်းတွင် ယာယီ ထပ်မံထိန်းသိမ်း ခဲ့ပြီး ၂၄ နာရီအကြာ မတ်လ ၇ ရက်နေ့ ည ၉ နာရီခွဲတွင် ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ကြောင်း အရှင်ဂမ္ဘီရ၏ အစ်ကိုအကြီးဆုံး ဖြစ်သူ ကိုအောင်ကျော်ကျော်က The Voice Weekly သို့ ပြောကြားသည်။
သတင်းတပ်ဖွဲ့က အရှင်ဂမ္ဘီရကို ထိန်းသိမ်းထားစဉ် ရှေ့ဆက်၍ မည်သည့် လုပ်ငန်းစဉ် လုပ်ဆောင်မည်နည်း၊ ကချင် ပြည်နယ်သို့ မည်သည့် အတွက်ကြောင့် သွားသနည်း၊ ကချင် လွတ်မြောက်ရေး တပ်မတော်နှင့် ပတ်သက်မှု ရှိ၊ မရှိ စသည်တို့နှင့် ပတ်သက်၍ မေးမြန်းခဲ့ကြောင်း ၎င်းထံမှ သိရသည်။
အရှင်ဂမ္ဘီရသည် ဒဂုံမြို့နယ် (အရှေ့ပိုင်း) အမှတ် (၁) ရပ်ကွက်၊ အနော်ရထာလမ်း (၅၀ ကွေ့အနီး) ရှိ မကွေး ပရိယတ္တိ ကျောင်းတိုက်တွင် ခေတ္တ သီတင်းသုံး နေစဉ် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး လတ်တလော အဆိုပါ ကျောင်းတိုက်၌ပင် သီတင်းသုံးလျက် ရှိသည်။ အရှင်ဂမ္ဘီရ နှင့်အတူ ၎င်း၏ ညီငယ် ကိုလွင်မောင်မောင်နှင့် ထန်းတပင်မှ လယ်သမားများ အရေး ဆောင်ရွက်နေသူ ကိုထွန်းထွန်းဦး တို့လည်း ထိန်းသိမ်းခံ ခဲ့ရကာ အရှင်ဂမ္ဘီရနှင့် တစ်ရက်တည်း ပြန်လည် လွတ်မြောက်လာခဲ့သည်။ အရှင်ဂမ္ဘီရသည် ဖေဖော်ဝါရီလ ၁၇ ရက်မှ မတ်လ ၅ ရက်နေ့အထိ ကချင်နှင့် ကရင် ပြည်နယ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း လေးဂွနဲ့ ပစ်ခံရ

ဒေါ်စုရဲ့ နေပြည်တော် စည်းရုံးရေးခရီးစဉ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း မတ်လ ၆ရက်နေ့ ညနေ ရနာရီခွဲခန့်က နေပြည်တော်က ရန်ကုန်အပြန် လမ်းမှာ ယာဉ်တန်းပါ ကားတစီး လေးဂွနဲ့ အပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

နေပြည်တော်က အပြန် အုတ်တွင်းမြို့မှာ တရားဟောပြီး ပြန်အထွက် အမြန်လမ်းမပေါ် မိုင်တိုင် ၈၅ နဲ့ ၈၆ ကြား ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ ကားနဲ့ တကားကျော် လုံခြုံရေးကားရဲ့ နောက်ညာဘက်မှန်ကို လေးဂွနဲ့ အပစ်ခံရတယ်လို့ ယူဆရကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ကိုယ်ရေးလုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က ဘီဘီစီကို ပြောပါတယ်။

မှန်တွေကွဲကြေပြီး ကားပေါ်ပါသူတွေ မှန်စထိမှန်တဲ့ ဒဏ်ရာရပေမယ့် အကြီးအကျယ်ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။

အဲဒီနေရာမှာ အခုလို လေးဂွနဲ့အပစ်ခံရမှုဟာ ၆လ အတွင်း တတိယမြောက် ဖြစ်ရပ်ဖြစ်ပြီး အရင်းသံရုံးကားတစီးနဲ့ လူကြီး ယာဉ်တန်းတခု အလားတူ အပစ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလို ဖြစ်ရပ်ဟာ ဒီလမ်းမှာ သွားလာနေတဲ့ ယာဉ်တွေ အန္တရာယ်များပြီး လူမျိုသိက္ခာကို ထိခိုက်နိုင်တဲ့ ဖြစ်ရပ်ဖြစ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကို ဖြစ်ရပ်မှန် ဖေါ်ထုတ်ပေးဖို့ အကြောင်းကြားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တိုက်ခိုက်တာ ဟုတ်မဟုတ်ဆိုတာကိုတော့ အသေအချာ မပြောနိုင်ပေမယ့် သူ့အနေနဲ့တော့ မထင်ဘူးလို့ ဦးခွန်သာမြင့်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီး စဉ်တွေအတွင်း လုံခြုံရေးနဲ့ပတ်သက်ပြီး သက်ဆိုင်အာဏာပိုင်တွေ လုံခြုံရေးဆိုင်ရာတွေနဲ့ ကြိုတင်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာက ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သူက ပြောပါတယ်။

လောလောဆယ်မှာ သက်ဆိုင်ရာက ဖြစ်ရပ်မှန်ကို ဖေါ်ထုတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။


ဘီဘီစီ

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့်စာရင်းမှာ ပြည်သူများ ချန်လှပ်ခံရ

By ဇာဏီ၊ မတ်လ ၈ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

လာမည့် ဧပြီလ ၁ ရက်နေ့မှာ  ကျင်းပမယ့်  ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြန်ကြားရေး တာဝန်ခံဖြစ်သည့် ဦးအုန်းကြိုင် ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်း မဟာအောင်မြေ ပြည်သူ့လွှတ်တော် နေရာအတွက် မဲပေးပိုင်ခွင့် ရှိသည့်စာရင်းမှာ ချန်လှပ်ခံရတဲ့လူတွေ အများအပြား ရှိနေသည်ဟု သတင်းရရှိပါသည်။

 "ကျနော်တို့ မဲပေးချင်တဲ့လူရှိရင် ရုံးရှေ့မှာ နာမည်တွေနဲ့ ကပ်ထားတယ်။ ရပ်ကွက်တွေ ဥပမာ ၄၁၅၊ ၄၃၁ တို့ အကွက်တွေ အများကြီးပဲ ကပ်ထားပါတယ်။ မဲပေးချင်တဲ့လူတွေ လာကြည့်၊ နာမည်မပါရင် လာပြောဖို့ သူတို့ကြေငြာတဲ့အခါ ကျနော်တို့ မတ်လ ၈ ရက်နေ့ ဒီကနေ့ သွားကြည့်တယ်။ အကွက် (၄၀၅) စာရင်းမှာ ကျနော်တို့ တမိသားစုလုံးရဲ့ နာမည်မပါဘူး။ အဲ့ဒီအတွက် ရပ်ကွက်ရုံးကို သွားပြောတဲ့အခါမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည် က ဒီနေ့ မတ်လ ၈ ရက်နေ့ ဖြစ်နေပြီမို့ မဲစာရင်းက ပိတ်သွားပြီ၊ မင်းတို့ မဲပေးပိုင်ခွင့် မရှိတော့ဘူး လို့ ပြန်ပြောပါတယ်" ဟု မိသားစုတစုလုံး မဲစာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ အကွက် (၄၀၅) နေ ပြည်သူတဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

 မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့၊ အကွက် (၄၀၅)လက်သမားရပ် (စိန်ပန်း) မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှာ မဲပေးပိုင်ခွင့်ရှိသည့် စာရင်းကို ကပ်ထားတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၉ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိသာ လာရောက်ပြင်ဆင်နိုင်ခွင့်ရှိတယ်လို့ ကြေငြာထားတာ ဖြစ်ပါတယ်။

"တချို့လူတွေကျတော့ သွားမကြည့်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နာမည်တွေက အများကြီးဆိုတော့ တော်ယုံတန်ယုံ မကြည့်နိုင်တဲ့လူတွေကျတော့ မဲပေးပိုင်ခွင့်မရှိတော့ဘူး ဖြစ်သွားတာ တော်တော်တော့ များမယ်။ လူတွေက ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာဆိုတော့ တကူးတကကြီး နာမည်လာရှာမနေနိုင်ဘူး။ စာရင်းတွေကလဲ အများကြီး ကပ်ထားတော့ အများကြီး လိုက်ရှာရမှာ။ တကယ်လို့ ကိုယ့်နာမည်မတွေ့ရင် အိမ်ထောင်စုဇယား ယူ ၊ မှတ်ပုံတင် ယူပြီးတော့မှ သူတို့ဆီ နာမည် ပြန်ပေး၊ အဲကျတော့မှ ကျနော်တို့က မဲထည့်လို့ရမှာတဲ့၊ အခုကျတော့ မဲပေးခွင့် မရတော့ဘဲ ကျန်ခဲ့တယ်။" လို့ ဆိုပါတယ်။

"ဒါက သူတို့ မသမာမှု ပြုလုပ်တာပဲ၊ မဲထည့်ရမည့်လူတွေကို အလုပ်ရှုပ်အောင် လုပ်တယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ စာရင်းမှာ သွားပြီး မထည့်ဖြစ်တဲ့လူ၊ မကြည့်ဖြစ်တဲ့ လူနဲ့ သတိမထားမိတဲ့လူတွေက တော်ယုံတန်ယုံကျတော့ သွားမပေးဖြစ်တော့ဘူး၊ မပေးဖြစ်တဲ့ မဲတွေက သူတို့ထဲရောက်ပြီး ကြိုတင်မဲတွေ ဖြစ်သွားမှာ။ ကျနော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ( NLD) ကို မဲပေးချင်တာလေ။ ကျနော်တို့ချစ်တဲ့လူ၊ ကျနော်တို့ တကယ်တမ်း အားပေးမည့်လူ သူ့အတွက် နေရာတခုခု မရမှာကို ကြောက်တယ်။ ကျနော်တို့က အမှောင်မှာလဲ နေလာတာ ကြာပြီဆိုတော့ အခုမှ အလင်းတွေ့တာ၊ကျနော်တို့နိုင်ငံကို ကောင်းတာပဲ ဖြစ်စေချင်ပါတယ်"လို့ ထပ်မံ ပြောဆိုလိုက်ပါတယ်။

 မိသားစုတစုလုံး မဲစာရင်းထဲမှာ မပါဝင်တဲ့အတွက် ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ပြောကြားတဲ့အခါ မဲစာရင်းပိတ်သွားပြီဟုသာ အကြောင်းပြန်ကြားလိုက်တဲ့အတွက် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်မဲပေးခွင့်ဆုံးရှုံးသွားပြီဖြစ်တဲ့ အကွက်(၄၀၅)နေ ပြည်သူတဦးက ဘားမားဗီဂျေမီဒီယာ နက်ဝက်ကို ဆက်သွယ်ပြောကြားလာတာ ဖြစ်ပါတယ်။

  
ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ မဲဆွယ်စည်းရုံးရေး လာရောက်စဉ်

ဘားမားဗီဂျေ

နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင် သတ္တိရှင် အမျိုးသမီးဆုရ

ဓာတ်ပုံ AP
မဇင်မာအောင် လက်ဝဲဘက် -(ဒု)၊ အခြားဆုရှင်များနှင့်အတူ သမ္မတကတော် မီရှဲလ်အိုဘားမား(လယ်)၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ယာဘက်အတွင်း (စတုတ္ထမြောက်)
လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ ကမ္ဘာတဝန်းက အမျိုးသမီး (၁၀) ဦးကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမေရိကန်အစိုးရက ချီးကျူးဂုဏ်ပြု လိုက်ပါတယ်။
၂ဝ၁၂ ခုနှစ်အတွက် အမျိုးသမီး ရဲစွမ်းသတ္တိရှင်တွေအဖြစ် နိုင်ငံ အသီးသီးက အမျိုးသမီးဆယ်ဦးကို ချီးမြှင့်ခဲ့တာမှာ မြန်မာနိုင်ငံက မဇင်မာအောင်လည်း ပါဝင်ပါတယ်။ ဒီမိုကရေစီနဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ တိုးမြှင့်ရရှိရေး ကြိုးပမ်းလုပ်ဆောင်မှုတွေ အတွက် နိုင်ငံရေးလှုပ်ရှားသူ မဇင်မာအောင်ကို ဂုဏ်ပြု ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
မဇင်မာအောင်ဟာ အကျဉ်းထောင်ထဲမှာ ၁၉၉၈ ခုနှစ်ကနေ ၂ဝဝ၉ ခုနှစ်အထိ ၁၁ နှစ်ကြာ အကျဉ်းကျခံခဲ့ရသူ ဖြစ်ပါတယ်။ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီးတဲ့ အချိန်ကတည်းက စပြီး နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍ တိုးတက်လာရေးအပါအဝင် အနာဂတ် ဒီမိုကရေစီနိုင်ငံအတွက် အကျိုးရှိစေမယ့် လုပ်ငန်းတွေကို တခြား အဖွဲ့အစည်းတွေနဲ့ လက်တွဲ လုပ်ဆောင်ခဲ့ပါတယ်။
အမျိုးသမီးတွေရဲ့ တန်းတူညီမျှခွင့်အတွက် ကြိုးစားလုပ်ဆောင် တာဟာ မှန်ကန်တဲ့ လုပ်ရပ်တခုသာမကဘဲ ချက်ချာပါးနပ်တဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်လို့ ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) က ပြောခဲ့ပါတယ်။
မဇင်မာအောင်နဲ့အတူ အသိအမှတ်ပြု ချီးမြှင့်ခံရတဲ့ အမျိုးသမီး ရဲစွမ်းသတ္တိ ဆုရှင်တွေထဲမှာ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဆော်ဒီအာရေဗီးယား၊ ဆူဒန်၊ တူရကီ၊ လစ်ဗျား၊ ကိုလမ်ဘီယာ၊ မော်လ်ဒိုက်ဗ်၊ တူရကီနဲ့ ဘရာဇီးလ်နိုင်ငံတွေက ဖြစ်ပါတယ်။
VOA
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်