ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတမည်ဟု ဦးသိန်းစိန် အာမခံ
သမ္မတဦးသိန်းစိန်က ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲသည် သန့်ရှင်းလွတ်လပ် မျှတမှုရှိမည်ဟု အာမခံလိုက်ကြောင်း နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရေး မက်ခူလီက ပြောသည်။
နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရေး မက်ခူလီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင်တွေ့ဆုံအပြီး ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကြားဖြတ်ရွေးကောက်ပွဲ သန့်ရှင်းမျှတမယ်လို့ အာမခံချက်တွေ သမ္မတကြီး၊ နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် မြန်မာအစိုးရ အရာရှိတွေဆီက ရရှိထားပါတယ်။ ရွေးကောက်ပွဲက သန့်ရှင်းမျှတ လွတ်လပ်မယ်ဆိုရင် လက်ခံမယ်ဆိုတာကို ကျနော် မနေ့က နေပြည်တော်မှာ သမ္မတကြီးအပါအ၀င် အစိုးရအရာရှိတွေနဲ့ တွေ့ဆုံတုန်းက ပြောခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ သန့်ရှင်းမျှတလွတ်လပ်ဖို့ဆိုတာ လုပ်စရာတွေ အများကြီးရှိပါတယ်” ဟု မစ္စတာ မာရေး မက်ခူလီက ဆိုသည်။
“ကျနော်လာတဲ့ခရီးစဉ်က နယူးဇီးလန်အစိုးရကိုယ်စား လာရောက်တာဖြစ်ပြီး မြန်မာ့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ ကျနော်တို့ရဲ့ စိတ်ဝင်စားမှုကို ပြဖို့ဖြစ်သလို ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရဖို့ မျှော်လင့်ပါတယ်။ ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းအတွက် အင်မတန်မှ အရေးကြီးတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်” ဟု မစ္စတာ မက်ခူလီက ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “နယူးဇီလန်က ကျမနှစ်သက် သဘောကျတဲ့နိုင်ငံတွေထဲမှာ တခုအပါအ၀င်ဖြစ်ပါတယ်။ နိုင်ငံသေးတခုဖြစ်ပေမယ့် အခြေအနေတွေကို နားလည်သဘောပေါက်မှုတွေက နိုင်ငံကြီးတွေထက် သာပါတယ်။ ကျမတို့နိုင်ငံက နိုင်ငံကြီးတခု မဟုတ်သလို၊ နိုင်ငံသေးတခုလည်း မဟုတ်ပါဘူး။ ကျမတို့ နိုင်ငံမှာ ဖြေရှင်းဖို့ ပြဿနာတွေ အများကြီးရှိပါတယ်။ နယူးဇီလန်အနေနဲ့ ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု လမ်းကြောင်းမှာ မိတ်ဆွေကောင်းတဦးအနေနဲ့ ဆက်လက်ကူညီသွားမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။
မစ္စတာ မက်ခူလီသည် သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့်လည်း ခရီးစဉ်အတွင်း တွေ့ဆုံခဲ့သည်။
ဧရာဝတီ
ကြားဖြတ်ရွေးကောက်ပွဲ အများစုအနိုင်ရမည်ဟု ပြည်ခိုင်ဖြိုး အတွင်းရေးမှုးပြောကြား
ဦးအောင်သောင်း
၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့်  ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အများစုနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပါတီ အတွင်းရေးမှုး ဦးအောင်သောင်းက ထုတ်ဖော် ပြောကြား လိုက် သည်။‘‘လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့  လစ်လပ်မဲဆန0x081ဒနယ် နေရာအများစုမှာ အနိုင်ရမယ်လို့ မျှော်လင့်ပါတယ် ၊ နေပြည်တော်မှာလည်း ရာနှုန်းပြည့်နီးပါး နိုင်မယ်လို့ မျှော်လင့် ထား ပါ တယ်’’ ဟု ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှုး ဖြစ်သူ  တောင်သာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း က တရုတ်နိုင်ငံ ရွှေလီမြို့ ကျင်းချိန်ဟိုတယ်တွင် ကျင်းပလျက်ရှိသော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် KIO ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့  ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့အပြီးတွင် ရန်ကုန်တိုင်း(မ်) ဂျာနယ် နှင့် တွေ့ဆုံစဉ် ယင်းသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့်  ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန0x081ဒနယ် ၄၈ နေရာအတွက် နိုင်ငံရေးပါတီ ၁၇ ခုက ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယင်းကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်  ပါတီတို့ သည် လစ်လပ်နေရာ ၄၈ နေရာ အပြည့် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများဖြစ်ကြပြီး တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီ သည် လစ်လပ်နေရာ ၂၄ နေရာ ယှဉ်ပြိုင်မည်ဟု သိရသည်။၂၀၁၀ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သော  ရွေးကောက်ပွဲတွင်  ပြည်ခိုင်ဖြိုးပါတီ သည် အမျိုးသားလွှတ်တော် ၁၆၈ နေရာ တွင် ၁၂၉ နေရာ ၊ ပြည်သူ့လွှတ်တော် ၃၃၀ နေရာတွင် ၂၅၉ နေရာ ရရှိခဲ့သည်။
ရန်ကုန်တိုင်းမ်
ကေအိုင်အိုနှင့်အစိုးရ ဆွေးနွေးပွဲပြန်စ
မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင် လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)တို့ ဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒုတိယ အကြိမ်တွေ့ဆုံဆွေးနွေးမှုကို သည်နေ့ စတင်လိုက်ပါတယ်။
ကေအိုင်အိုနဲ့အစိုးရ ရွှေလီမြို့ တွေ့ဆုံပွဲ
ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ကေအိုင်အို ဒု- စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က သည်လို ပြောပါတယ်။
“၁၂ နာရီ ၄၅ မိနစ်မှာ စနေတာပါ။ လောလောဆယ်တော့ ဇန်န၀ါရီ ၁၈၊ ၁၉ မှာ ကျနော်တို့ တင်ပြထားတဲ့ ဆွေးနွေးရေး အဆင့် ၃ ဆင့် ကိစ္စကို ဆွေး နွေးဖို့ ရှိပါတယ်။ အစိုးရကိုယ်စားလှယ်တွေအနေနဲ့ ဘယ်လိုမျိုး ပြင်ဆင် လာသလဲ ဆိုတာ မသိရသေး ပါဘူး။ အခုမှ အစည်းအဝေးက စတာ။”
ကေအိုင်အိုက အစိုးရထံတင်ပြတဲ့ အပိုင်းသုံးပိုင်းထဲက ပထမပိုင်းမှာ အချက်ရှစ်ချက် ပါရှိပြီး တဖက်နဲ့ တဖက် စွပ်စွဲ ပုတ်ခတ်တာတွေ ရှောင်ကြဉ်ဖို့ ၊ ပြဿနာဖြစ်နိုင်တဲ့ တပ်တွေ ကိစ္စကို ဆွေးနွေးပြီး ဖမ်းထားသူတွေ ပြန်လွှတ်ပေးဖို့နဲ့ သည်သတင်းကို လူသိရှင်ကြား တရားဝင် ထုတ်ပြန်ပေးဖို့ အချက်တွေ ပါဝင်တယ်လို့ သူက ပြောပါတယ်။
ဒုတိယပိုင်းမှာ အချက် ၅ ချက် ပါဝင်ပြီး ပင်လုံညီလာခံလို ညီလာခံကြီး တခု ကျင်းပဖို့နဲ့  ဒီညီလာခံမှာ အစိုးရရော၊ တိုင်းရင်းသားပြည်သူ လူထုတရပ်လုံးကပါ သဘောတူညီချက် တရပ်ကို ရရှိအောင် ဆောင်ရွက်ဖို့  အချက်တွေ ပါတယ်လို့ သူက ပြောပါတယ်။
တတိယပိုင်းမှာတော့ ရရှိထားတဲ့ သဘောတူညီချက်တွေကို နိုင်ငံတော် အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင် တာဝန်ရှိသူများက ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အချက်တွေ ပါတယ်လို့ သူကပြောပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဇန်န၀ါရီ ၁၈ နဲ့ ၁၉  ကလည်း အလားတူ တွေ့ဆုံခဲ့ပြီး စစ်ရေးအရှိန် ထိန်းသိမ်းသွားနိုင်ဖို့နဲ့ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် ပြဿနာ ဖြစ်ပွားနိုင်ခြေရှိတဲ့ ဒေသတွေမှာ နှစ်ဘက် တပ်တွေရဲ့ ကိစ္စကို ညှိနှိုင်းဆောင်ရွက်ကြဖို့ ၊ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အများပြည်သူ သိအောင် မှန်ကန်တဲ့ သတင်းတွေ ထုတ်ပြန်ဖို့၊ နိုင်ငံ ရေး နည်းလမ်းနဲ့ ဆက်လက်ညှိနှိုင်း ဆွေးနွေးကြဖို့ သဘောတူခဲ့ကြ ပါတယ်။
အစိုးရနဲ့ ကေအိုင်အိုအကြား ၁၉၉၄ တုန်းက အပစ်အခတ်ရပ်ခဲ့ဖူးပေမယ့် အရင်န၀တ၊ နအဖအစိုးရက နယ်ခြားစောင့်တပ် ပြောင်းခိုင်း တာနဲ့ လက်နက်ချခိုင်းတာကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြီး ဦးသိန်းစိန် အစိုးရလက်ထက်အထိ ဆက်တိုက်နေကြတာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ
ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းတိုက်ခိုက်ခံရကြောင်း ဦးခွန်သာမြင့် အတည်ပြုပြောကြား
ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော ယာဉ်တန်းသည် နေပြည်တော်သို့ ဝင်ရောက်လာစဉ်တွေ့ ရပုံ
ဓာတ်ပုံ- ဥက္ကာကိုကို
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ မန္တလေး-နေပြည်တော် မဲဆွယ်စည်းရုံးရေး ခရီးစဉ် အပြန်လမ်းခရီးတွင် မိုင်တိုင် ၈၅ ၊ ၇ဖာလုံ နှင့် ၈၆မိုင်အကြား ဒညင်းကုန်းကျေးရွာအနီး အရောက်တွင် ခဲနှင့်ပစ်ခတ်ခံရပြီး ယာဉ်တန်းထဲမှ အဆိုတော်လင်းလင်းပါသော စတုတ္တမြောက်ယာဉ်ကိုထိမှန်ကာကား ၏ နောက်ညာဘက်မှန် ကွဲခဲ့ကြောင်း သိရသည်။မတ်လ ၅ရက်နေ့ ည၈နာရီ မိနစ်၂၀အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ကာ ပြည်ထဲရေးဌာနမှ ထိုကဲ့သို့ပစ် ခတ်ခံရခြင်းမှာ ပထမဆုံးမဟုတ်ကြောင်း ယခင်ကလည်း သံရုံးကားနှင့် လူကြီးယာဉ်တန်းများကိုပါ ထိုနေရာတွင် ပစ်ခတ်ခံရဖူးကြောင်း ၊ ယခုအခါ အမှု့မှန်ပေါ်ပေါက်စေရန် သေသေချာချာ သွားရောက်စစ် ဆေးသွားမည်ဟု ပြောဆိုခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သာမြင့်က အတည်ပြုပြောကြားသည်။
7Day
ဗိုလ်ချုပ်ရုပ်ရှင်အတွက် ရှားပါးမှတ်တမ်းမှတ်ရာအများအပြားကို ပြည်သူတွေ လှူဒါန်းကြ
အလဈရှင်တစ်ဦး လှူဒါန်းတဲ့ ၁၉၅၄ ခုနှစ်၊ ဇူလိုင်လထုတ် ယုဝတီဂျာနယ်တွင် ဗိုလ်ချုပ်ဓာတ်ပုံနဲ့အတူ ကျဆုံးတဲ့ နှစ်ပတ်လည်ဆောင်းပါးကို ရေးသား ဖော်ပြထားပါတယ်။
လာမယ့် ၂၀၁၃ ခုနှစ်မှာရိုက်ကူးမယ့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကားမှာ ခိုင်မာတဲ့မှတ်တမ်းအချက် အလက်တွေ ထည့်သွင်းနိုင်ဖို့အတွက် ဗိုလ်ချုပ်နဲ့ ပတ်သက်ဆက်နွှယ်သမျှ မှတ်တမ်း မှတ်ရာတွေကို လှူဒါန်း (သို့) ငှားရမ်းကြဖို့ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ က သတင်းထုတ်ပြန်ပြီးတဲ့နောက် အများ ပြည်သူတွေထံက အားတက် သရော လှူဒါန်းပေးပို့တာတွေကို အမြောက် အမြား လက်ခံရရှိတယ်လို့ ရုပ်ရှင်ဖြစ် မြောက်ရေးကော်မတီအဖွဲ့ဝင် ဒါရိုက်တာ ကြည်ဖြူသျှင်က မြန်မာတိုင်း(မ်)ကို ပြော ပါတယ်။
ပေးပို့လှူဒါန်းလာကြတဲ့ ပစ္စည်းတွေ ထဲမှာ ဗိုလ်ချုပ်ရဲ့ဓာတ်ပုံများ၊ ဗိုလ်ချုပ် အကြောင်းရေးသားဖော်ပြထားကြတဲ့ သတင်းစာနဲ့ စာအုပ်များ၊ သမိုင်းဝင် မိန့်ခွန်းတွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပြားများအပြင် အဲဒီခေတ်က အသုံးပြုခဲ့ကြတဲ့ ဂျပန်ဓားနဲ့ မော်တော် ကားများလည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။
"အစ်မတို့ လုံးဝ မမျှော်လင့်ထားတဲ့ ရှားပါးစာအုပ်တွေ၊ ဗိုလ်ချုပ် အောင်ဆန်း ခေတ်က ထုတ်ဝေတဲ့ သတင်းစာနဲ့ ဓာတ်ပုံတွေ အများကြီးရပါတယ်။ ဗိုလ်ချုပ်ဓာတ်ပုံဆို အခုနောက်ပိုင်းထွက် တဲ့ ဂျာနယ်နဲ့ စာအုပ်တွေမှာပါတဲ့ပုံတွေ ပဲ မြင်ဖူးတာကိုး။ "ဗိုလ်ချုပ် အင်းလေးမှာ လှေနဲ့သွားခဲ့ တဲ့ ပုံမျိုးတွေအပါအ၀င် တော်တော် ထူးထူးဆန်းဆန်းဓာတ်ပုံတွေ ရခဲ့တယ်။ ပိုပြီးထူးဆန်းတာက ဗိုလ်ချုပ်အောင် ဆန်းကို ဆုငွေငါးကျပ်ထုတ်ပြီးတော့ ဖမ်းဝရမ်းထုတ်တုန်းက သုံးခဲ့တဲ့ ဗိုလ်ချုပ် ရဲ့ဓာတ်ပုံတွေပါ လှူတဲ့အထဲမှာ ပါလာ တယ်။ နောက်ပြီး အဲဒီဓာတ်ပုံတွေကို ပြပြီး ဖမ်းဝရမ်းထုတ်ခဲ့တယ်ဆိုတဲ့ မှတ် တမ်းစာတွေပါ အလှူရခဲ့တယ်"လို့ အလှူရှင်တွေ ပေးပို့ကြတဲ့ မှတ်တမ်း ပစ္စည်းတွေအကြောင်းကို ကြည်ဖြူသျှင် က ပြောပြပါတယ်။
"ဇာတ်ဝင်ခန်းမှာ သုံးဖို့အတွက် ဗိုလ် ချုပ်တို့ခေတ်က စီးခဲ့တဲ့ကားတွေ လာပြ တယ်။ ကားတွေက ဟိုခေတ်ကကား တွေပါ။ တော်တော်အံ့ဩစရာကောင်း တာက အဲဒီခေတ်က မာစီးဒီးဆိုပြီး လာပြတဲ့ကားတွေဆို မောင်းလို့ တောင် ရသေးတယ်။ အစ်မတို့ဆီကို မောင်းပြီး လာပြတာ"လို့လည်း ပြောပါတယ်။
ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေကို အသံသွင်း ထားတဲ့ ဓာတ်ပြားတွေထဲက တချို့ကွဲ အက်နေတဲ့အချပ်တွေကို စင်ကာပူနိုင်ငံ မှာ ခေတ်မီနည်းပညာသုံးပြီး အသံပြန်ရ အောင် ပြုလုပ်သွားမယ်လို့လည်း ကြည် ဖြူသျှင်က ပြောပါတယ်။
"ဗိုလ်ချုပ်နေရာက သရုပ်ဆောင်မယ့် သူကို ဓာတ်ပြားတွေ ပေးနားထောင်ပြီး ကျင့်ခိုင်းမယ်။ ဗိုလ်ချုပ်က ဘယ်လိုအသံ နေ အသံထားနဲ့ပြောတယ်၊ ဘယ်လို စရိုက်မျိုးရှိတယ်ဆိုတာ ဒီမှတ်တမ်းနဲ့ ဓာတ်ပြားတွေကို နားထောင်ပြီး လေ့လာ မှာပါ"လို့လည်း ဆိုပါတယ်။
သူက ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့ 'အာဇာနည်နေ့'အပြင် 'လွတ်လပ်ရေးနေ့'မှာ ထုတ်ဝေခဲ့တဲ့ သတင်းစာစောင်တွေကို လည်း ရရှိတာကြောင့် ရုပ်ရှင်ရိုက်ကူး ရာမှာ သမိုင်းကြောင်း မှန်ကန်ဖို့အတွက် အများကြီး အထောက်အကူဖြစ်တယ် လို့လည်း ဆိုပါတယ်။
"၁၉၄၈၊ ဇန်န၀ါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရတဲ့နေ့က ထုတ်တဲ့ သတင်းစာကို အစ်မတို့ မမြင်ဖူးတော့ ဘူးလေ။ ဒါတွေက စိတ်ကူးယဉ်ပြီး ထည့်လို့မရဘူး။ ဒါကြောင့် ဒီသတင်းစာ ကိုကြည့်ပြီး အစ်မတို့ ချွတ်စွပ်တူတဲ့ သတင်းစာတစ်စောင်ဖြစ်အောင် လုပ် နိုင်တယ်"လို့လည်း ပြောပါတယ်။
ဗိုလ်ချုပ်ကျဆုံးတဲ့နေ့က ထုတ်ရှိခဲ့တဲ့ စာစောင်တွေဟာ ၆၅ နှစ်တိုင်သက်တမ်း ရှိခဲ့ပြီဖြစ်ပေမယ့် ကောင်းမွန်စွာ ထိန်း သိမ်းထားကြ တာကြောင့် ဟောင်းနွမ်း စုတ်ပြဲမနေဘဲ အသစ်အတိုင်း ရရှိတယ် လို့လည်း ပြောပြပါတယ်။
"အလှူထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတဲ့ တံဆိပ်ခေါင်းတွေ လာလှူကြတယ်။ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ မှတ်တမ်းတွေကို သေသေ ချာချာ ထိန်းသိမ်းထားကြပုံပါ။ တကယ့်ကို တန်ဖိုးဖြတ်လို့မရတဲ့ သမိုင်း အမွေအနှစ်တွေပါပဲ။ ဒါတွေကိုကြည့် ခြင်းအားဖြင့် တိုင်းသူပြည်သားတွေ ဗိုလ်ချုပ်ကို ဘယ်လောက်ချစ်လဲဆိုတာ၊ မျိုးချစ်စိတ်ဓာတ် ဘယ်လောက်ထိရှိလဲ ဆိုတာ မြင်ရတာပေါ့"လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
ခုလို ပြည်သူတွေ အမြတ်တနိုးသိမ်း ဆည်းခဲ့ကြတဲ့ မှတ်တမ်းမှတ်ရာတွေကို ရုပ်ရှင်ရိုက်ကူးရေး ပြီးစီးသွားတဲ့အခါ လူအများ ကြည့်ရှုလေ့လာနိုင်ဖို့ ပြတိုက် ပြုလုပ်ပြီး ပြသထိန်းသိမ်းသွားမယ်လို့ လည်း ဆိုသလို ရရှိတဲ့မှတ်တမ်းမှတ်ရာ တွေကို အသုံးချပြီး ရုပ်ရှင်ကားမှာ သမိုင်းအချက်အလက်တွေ မှန်မှန်ကန် ကန်နဲ့ ထည့်သွင်းရိုက်ကူးသွားမယ်လို့ လည်း ပြောပါတယ်။
"ဘာဖြစ်လို့လဲဆိုတော့ သမိုင်းကြောင်း အစစ်ကို ပြချင်တဲ့ဇာတ်ကားဖြစ်လို့ပဲ။ အချက်အလက်ကို မှန်ကန်အောင်ပြတဲ့ အပေါ်မှာမှ အနုပညာရသမြောက်အောင် ဖန်တီးမှုက ဒုတိယအဆင့်ဖြစ် မှာပါ"လို့ ဇာတ်ကားရိုက်ကူးမယ့်ပုံစံကို ရှင်းပြပါတယ်။
ဇာတ်ကားကြည့်တဲ့သူကို အဲဒီခေတ် ဆီရောက်သွားစေချင်ပြီး အဲဒီအချိန် အခါက အကြောင်းအရာတွေကို သိရှိစေ ချင်တာကြောင့် ဗိုလ်ချုပ်ဇာတ်ကားမှာ သမိုင်းကြောင်း အစစ်အမှန်ကို ပြနိုင် အောင် ကြိုးစားသွားမယ်လို့လည်း ပြော ပါတယ်။
၁၉၄၆ ခုနှစ်ကနေ ၁၉၆၂ ခုနှစ် အတွင်း ထုတ်ဝေတဲ့ မဏ္ဍိုင်၊ ဟံသာဝတီ၊ ဖဆပလသတင်းစဉ်၊ မြန်မာ့ရှေ့ဆောင်၊ မြန်မာ့အလင်း၊ ရန်ကုန်နေ့စဉ်သတင်း စာ၊ ဒီးဒုတ်ဂျာနယ်တွေကို တခုတ်တရ စုဆောင်းထားတဲ့ ဇီဇ၀ါစာအုပ်တိုက် ပိုင်ရှင် ဦးကျော်မင်းက "၁၉၄၇ ခုနှစ် အစောပိုင်းလောက်ကထုတ်တဲ့ သတင်း စာတွေမှာ ဗိုလ်ချုပ်မျက်နှာဖုံးပုံတွေ ချည်းပဲ။ အဲဒီခေတ်က သတင်းစာတွေက ပွင့်ပွင့် လင်းလင်းနဲ့ သတင်းဦး၊ သတင်း ထူးတွေ ဖော်ပြကြတယ်။ ဗိုလ်ချုပ်မိန့်ခွန်း တွေ၊ အစည်းအဝေးဆုံးဖြတ်ချက်တွေကို နောက်တစ်နေ့ သတင်းစာမှာပဲ ထည့် သွင်းဖော်ပြကြတယ်။ "၁၉၇၀ ကျော်လောက်ထိ အာဇာ နည်နေ့တိုင်း အာဇာနည်ဗိမာန်မှာ သွားရောက်ဂါရ၀ ပြုတဲ့သူတွေကို ကျဆုံး သွားတဲ့ အာဇာနည်ခေါင်းဆောင်တွေ ရဲ့အတ္ထုပ္ပတ္တိအကျဉ်းပါတဲ့ စာအုပ်ငယ် ကလေးတွေ ဝေတယ်။ ကျောင်းသား လူငယ်တွေ ကိုယ့်နိုင်ငံက ခေါင်းဆောင် တွေရဲ့အကြောင်းကို သိအောင် ဝေတာပါ။ ဒါပေမယ့် အဲဒီအစဉ်အလာလေးက ပျောက်သွားတာ ကြာပြီ။ အဲဒီတုန်းက ဝေတဲ့စာအုပ်ငယ်လေးတွေကို အခု ထက်ထိ သိမ်းဆည်းထားတုန်းပဲ" လို့ ပြောပြပါတယ်။
 ဇွန်ပန်းပွင့် (မြန်မာ့တိုင်းမ်)
နှစ်ပေါင်း ၁၅၀ ပြည့်တော့မယ့် မကွေးမြို့နယ်က ကွေ့ချောင်းခံတပ်
မကွေးတိုင်းဒေသကြီး မကွေးမြို့ အောက်ဘက် ၁၂မိုင်အကွာ ဘုရားကုန်းကျေးရွာအနီး ဧရာဝတီမြစ်၏ အရှေ့ဘက်တွင် တည်ရှိ၍ မင်းတုန်းမင်းတရားကြီးလက်ထက် မြန်မာသက္ကရာဇ် ၁၂၂၅ ခု အေဒီ-၁၈၆၃ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော ကွေ့ချောင်းခံတပ်ကြီးမှာ လာမည့် ၂၀၁၃ ခုနှစ်တွင် သက်တမ်းနှစ် ၁၅၀ ပြည့်တော့မည် ဖြစ်သည်။
အဆိုပါခံတပ်ကြီးကို မင်းတုန်း မင်းတရားကြီး၏ ညီတော်ကနောင်မင်းသားကြီးမှ ကြီးကြပ်၍ ပြင်သစ်လူမျိုးကို ပိုဟိုပယ်ရီ၊ အီတာလျံလူမျိုး မိုလီနာရီတို့၏ နည်းပညာများဖြင့် မြန်မာအင်ဂျင်နီယာများ ပူးပေါင်းတည် ဆောက်ခဲ့ကြောင်း သိရသည်။ ခံတပ်ကြီးကို အေဒီ-၁၈၆၀ ခုနှစ်မှ အေဒီ ၁၈၆၃ ခုနှစ်အထိ သုံးနှစ် တည်ဆောက်ခဲ့ရပြီး အလျား ၂၇၅ ပေ၊ အနံ ၁၅၅ပေ၊ အမြင့် ၁၂ ပေနှင့် ထု ၄ ပေရှိသော အုတ်တံတိုင်း များဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။ ခံတပ်ကြီး၏ အရှေ့ဘက်၊ အနောက် ဘက်နှင့်မြောက်ဘက်တို့တွင် ရန်သူကို တိုက်ခိုက်ရန် သေနတ်ပစ်ပေါက် များပါသော နံရံများဖြင့်တည်ဆောက် ခဲ့ပြီး သေနတ်ပစ်ပေါက်ပေါင်း ၁၅၉ ပေါက်ပါရှိကြောင်း သိရသည်။ခံတပ် အတွင်းပိုင်းတွင် စစ်သည်တန်းလျား ၂ ခု၊ အရာရှိဆောင်တစ်ဆောင်၊ အခန်း ၁၃ ခန်းနှင့် လက်နက်တိုက် တစ်တိုက်တို့ ပါဝင်တည်ဆောက်ခဲ့သည်။ ထိုအခန်းများ၏ အပေါ်ဘက် အမိုးကို အုတ်အင်္ဂတေဖြင့် တည်ဆောက်ထားခဲ့ပြီး ထိုအမိုးမှကျသော ရေကိုသောက်သုံးရေအဖြစ် သိုလှောင်နိုင်ရန် ခံတပ်ကြမ်းပြင်မြေအောက်တွင် ရေကန်တစ်ခု ထားရှိတည်ဆောက်ခဲ့ကြောင်း သိရသည်။ ထိုရေကန်မှာ အလျား ၇၂ပေ၊ အနံ ၁၇ ပေ၊ မြေ အောက် အနက် ၈၅ ပေရှိပြီး ခံတပ်ကြမ်းပြင်တွင် ရေတွင်းပုံသဏ္ဍန် ရေခပ်ပေါက် ၂ ပေါက်တည်ဆောက် ထားခဲ့ကြောင်းသိရသည်။ ထိုအဆောင် တန်းလျားများ၏ အုတ်အင်္ဂတေ အမိုး များမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးကျဲခံရသောကြောင့် ပျက်စီးခဲ့ကြောင်းသိရသည်။ ခံတပ်ကြီး၏ အရှေ့တောင်ဘက်တွင် အလျား ၁၆၉ ပေ၊ အနံ ၁၄ ပေရှိသော ဥမင်တစ်ခု တည်ဆောက်ထားခဲ့ပြီး ထိုဥမင်ထဲတွင် စစ်တိုက်ဆင်များ ထားရှိခဲ့သောကြောင့် ဆင်ကျုံးဟုခေါ်ဆိုခဲ့ကြောင်း၊ ထိုဆင်ကျုံး၏အပေါ်ဘက်တွင် ဆင်များအတွက် လေ၀င်ပေါက် ၇ ပေါက် ကိုလည်း တည်ဆောက်ထားခဲ့သည်။
ခံတပ်ကြီးကို မြစ်ဘက်သို့ ဆင်ခြေလျောအနေအထားဖြင့် မြေက တုတ် ၄ ဆင့်ထားရှိ တည်ဆောက်ခဲ့ပြီး အပေါ်ဆုံးကတုတ်၏ အရှေ့ဘက်တွင် မျှော်စင်တစ်ခု ထားရှိခဲ့ကြောင်း၊ ခံတပ်ကြီးတစ်ခုလုံး၏ တည်ဆောက်ပုံကို အဆင် ၃ ဆင့်ဖြင့် တည်ဆောက်ထားခဲ့ပြီး ပထမအဆင့်သာ မြေပေါ်တွင်ထားရှိခဲ့ကြောင်း သိရသည်။
ခံတပ်ကြီး၏ အနောက်တောင်ထောင့်တွင် နောက်ပွင့်စိန်ပြောင်းထားရှိသော နေရာ၊ ခံတပ်၏တောင်ဘက် အပေါ်ဆင့်တွင် အမြှောက်တင် ခုံ ၈ ခုံ၊ အောက်ဆင့်တွင် အမြှောက်တင်ခုံ၅ခုံ၊ အရှေ့တောင်ထောင့်တွင် အမြှောက်တင်ခုံ ၃ ခုံထားရှိခဲ့ကြောင်း သိရသည်။ ကွေ့ချောင်းခံတပ်ကြီး၏ အနောက်မြောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်း ဓားလွယ်ခုတ်အနေအထားတွင် မင်းလှခံတပ် တည်ရှိသည်။ ဧရာဝတီမြစ်ပြင်မှ ကြည့်လျှင် မင်းလှခံတပ်မှာ ပိုမိုမြင်သာသည်။ ထို့ကြောင့် ရန်သူများ မင်းလှခံတပ်ကို အာရုံစိုက်စဉ် ကွေ့ချောင်းခံတပ်မှ အမာခံ တိုက်ခိုက်လေ့ရှိခဲ့ကြောင်း သိရသည်။ မကွေးမြို့နှင့်အနီးတစ်ဝိုက် ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် ဆင်ပေါင်ဝဲ ကတုတ်၊ ထူးပေါက်ကတုတ်၊ ပန်းတောင်ပြင် ကတုတ်၊ မင်းလှခံတပ်နှင့် ကွေ့ချောင်းခံတပ်ဟူ၍ ခံတပ်ကတုတ် ၅ ခုတည်ရှိခဲ့သည်။ ထိုခံတပ်များအနက် ကွေ့ချောင်းခံတပ်မှာ အကြီးဆုံးနှင့် စနစ်အကျဆုံး တည်ဆောက်ခဲ့သော ခံတပ်ဖြစ်ကြောင်း သိရသည်။ ကွေ့ချောင်းခံတပ်၏ တောင်ဘက်နံရံအခြေတွင် ၁၂ ပွဲကျ ဗိုလ်ခေါ် ဗိုလ်မှူးကြီးသိဒ္ဒိရန် အောင်ကျဆုံးခဲ့သော အထိမ်းအမှတ် ကျောက်တိုင်ကိုလည်း စိုက်ထူထားရှိခဲ့ပြီး ယနေ့တိုင် ရှိနေဆဲပင်ဖြစ်သည်။
ထိုခံတပ်ကြီးသို့ မကွေးမြို့ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာလေ့ရှိပြီး မြသလွန်ဘုရားပွဲတော်ရက်များတွင် မကွေးဆေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ အဓိက လာရောက်လေ့ရှိကြောင်း၊ ဧရာဝတီ မြစ်ရိုးတစ်လျှောက် ပန်းတော်(၁)၊ ပန်းတော်(၂)သင်္ဘောများဖြင့် လာရောက်သော နိုင်ငံခြားသားခရီးသွားများလည်း ၀င်ရောက်လေ့လာလေ့ရှိကြောင်း ခံတပ်ထိန်းသိမ်းရေးတာဝန်မှူး ဦးဝင်းထိန်က ပြောပြသည်။
ကွေ့ချောင်းခံတပ်ကြီးမှာ အင်္ဂလိပ်နယ်ချဲ့တို့၏ တတိယကျူးကျော်စစ်ကို ခုခံတိုက်ခိုက်ခဲ့ရာတွင် အဓိကခံတပ်ဖြစ်ခဲ့ကြောင်း သိရသည်။ ထိုခံတပ်ကြီးကို ၁၉၅၇ ခုနှစ်မှစ၍ ရှေ့ဟောင်းသုသေသန ဦးစီးဌာန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ဇယားဝင် အဆောက်အဦအဖြစ် သတ်မှတ်၍ ပြုပြင်ထိန်းသိမ်းထားခဲ့ကြောင်း သိရှိရပါသည်။
EMG
ကျိုက်မှော်ဝန်း ရေလယ်စေတီတော်၏ (၁၀၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် သမ္ဗာန်ခတ်ပြိုင်ပွဲ ကျင်းပ
ကျောက်တန်းမြို့ ကျိုက်မှော်ဝန်း ရေလယ်စေတီတော်(၁၀၂) ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် သမ္ဗာန်ခတ်ပြိုင်ပွဲကို မတ်လ ၆ရက်နေ့က ကျောက်တန်းမြို့ရှိ ကျိုက်မှော်ဝန်းရေလယ် စေတီတော်တည်ရှိရာ မှော်ဝန်းချောင်းအတွင်းတွင် ကျင်းပခဲ့ပါသည်။
''ဒီပြိုင်ပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ဒီဘုရားပွဲတော်ရက်အတွင်းမှာ ဘုရားဖူးလာတဲ့သူတွေ ပျော်ရွင်ရအောင် ထည့်သွင်းကျင်းပတာပါ။ ကျွန်တော်တို့ ကျိုက်မှော်ဝန်း ရေလယ်စေတီတော် ကူးတို့သမ္ဗာန် အသင်းသားတွေလည်း ပျော်ပျော် ရွှင်ရွှင် ညီညီညွတ်ညွတ် ဖြစ်စေချင်တာလည်း ပါပါတယ်။ ဒီသမ္ဗာန်ခတ်ပြိုင်ပွဲဆိုတာဟာ ကျိုက်မှော်ဝန်း ရေလယ်စေတီတော်ဘုရားပွဲရဲ့ အထိမ်းအမှတ်တစ်ခုလိုဖြစ်ပြီး နှစ်စဉ်နီးပါး ထည့်သွင်းကျင်းပဖြစ်ပါတယ်။ နောင်လာမယ့်နှစ်တွေမှာလည်း ကျင်းပနိုင်အောင် ကြိုးစားသွားမှာပါ''ဟု ပန်းတောကူးတို့ သ/မ လီမိတက် ဥက္ကဋ္ဌ ဦးဆောင်းတင်မှ ပြောပြခဲ့ပါသည်။
ကျိုက်မှော်ဝန်း ရေလယ်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး ဘုရားပွဲကာလအတွင်း ဓမ္မပူဇာတရားပွဲများ၊ မဟာပဋ္ဌာန်းဒေသနာတော် အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲ၊ ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ဆွမ်းတော်ကြီးတင်လှူပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ မီးမျောပွဲတော်၊ စတုဒိသာ (နိဗ္ဗာန်ဈေးပွဲတော်) များကိုလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
EMG
စီဘီတွဲနှစ်တွဲမှ ၀င်ရောက်တိုက်မိခဲ့သည့် ငမိုးရိပ်တံတား(ကမာကြည်)ကို နည်းပညာပိုင်းဖြင့် စစ်ဆေးသွားမည်
ကျောက်စရစ်ကျင်း ၂၀၀ ကျော် တင်ဆောင်လာသည့် စီဘီတွဲနှစ်တွဲမှ ၀င်ရောက်တိုက်မိခဲ့သည့် ငမိုးရိပ်တံတား (ကမာကြည်)ကို နည်းပညာပိုင်းဖြင့် သေချာစွာ စစ်ဆေးသွားမည်ဖြစ်ကြောင်းကို သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ လက်ထောက် အင်ဂျင်နီယာဖြစ်သူ ဦးရဲညွန့်က ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်ကို ၂၀၁၂ ခုနှစ် မတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ပြီး ကျောက်စရစ်များ တင်ဆောင်လာသည့် စီဘီတွဲနှစ်တွဲစလုံးမှာ ယင်းနေ့ ညနေ ၄ နာရီခွဲအချိန်တွင် ငမိုးရိပ်ချောင်းအတွင်း မြုပ်သွားခဲ့ကြောင်း သိရှိရသည်။
ငမိုးရိပ်တံတား(ကမာကြည်) ရေလယ်တိုင်အမှတ် ၆၊၇ ကို ၀င်ရောက်တိုက်မိခဲ့သည့် မြစ်ကျောက်စရစ်တင် စီဘီတွဲအမှတ် ၈၁၇၊ ၈၂၃တို့မှာ မတ်လ ၄ ရက်နေ့ ညနေပိုင်းတွင် ဆိပ်ကြီးခနောင်တိုမှ တောင်ဒဂုံမြို့နယ်ရှိ ပုဂ္ဂလိက ကျောက်စရစ်ဒိုင်တစ်ခုသို့ သွားရောက် ပို့ဆောင်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ထောက်အင်ဂျင်နီယာ ဦးရဲညွန့်က''ဖြစ်တဲ့နေ့က တံတားရဲ့ ရေလယ်တိုင်အမှတ် ၅၊ ၆၊ ၇ ကိုလှည့်ပတ်ပြီး ကြည့်ရှုစစ်ဆေးတဲ့ အခါမှာတော့ ပျက်စီးမှုတွေ မတွေ့ရပေမယ့် မတ်လ ၇ ရက်နေ့ ရေကျသွားတဲ့အချိန်မှာ စစ်ဆေးကြည့်တော့ တိုင်အမှတ် ၆ နဲ့ ၇ မှာရှိတဲ့ ဘိုးပိုင်ကို သံထည်ပတ်ထားတဲ့ တစ်လုံးစီမှာ တစ်ပေခွဲစီလောက် ပြတ်ထွက်နေတာကို တွေ့ရပါတယ်။ ၀င်တိုက်မိလိုက်တဲ့ စီဘီနှစ်တွဲက ရေအရှိန်ပါတယ်။ ၀ိတ်ပါတယ်။ ဒါကြောင့် တံတားရဲ့ ခံနိုင်ရည်ကို မျက်လုံးနဲ့ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ နည်းပညာနဲ့ တိုင်းတာ ပြီးတော့ စစ်ဆေးသွားပါမယ်''ဟု ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် စီဘီတွဲမှ တာဝန်ရှိသူအချို့ကို သုဝဏ္ဏရဲစခန်းမှ (ပ) ၉၉/၂၀၁၂၊ ပုဒ်မ ပပက၆(၁) ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ ငမိုးရိပ်ချောင်းအတွင်း နစ်မြုပ်သွားသည့် စီဘီနှစ်တွဲကို မတ်လ ၁၂ ရက်နေ့တွင် အပြီးဆယ်တင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
EMG
 မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်းသုံးအဖြစ် သုံးစွဲသွားမည်ဟုသိရ
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို ကျောက်ဖြူမြို့အနီး တွေ့ရစဉ်
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်းသုံးအဖြစ် သုံးစွဲသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးက ပြောကြားခဲ့သည်။
''မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ စာချုပ်အရ အကြမ်းဖျင်းအားဖြင့် သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်းသုံးအဖြစ် သုံးစွဲသွားမယ်။ လိုအပ်ချက် ရှိလာရင်လည်း ဒီထက်ပို သုံးသွားဖို့ ရှိပါတယ်။ ၂၀ ရာခိုင်နှုန်းကို လောလောဆယ် လျာထားတယ်။ ဥပမာ- သန်း ၅၀၀ ပို့မယ်ဆိုရင် သန်း ၁၀၀ လောက် ဖြစ်ချင်ဖြစ်မယ်။ ဒါကိုပြည်တွင်းသုံး အနေနဲ့ သုံးမယ်။ စက်ရုံ အလုပ်ရုံတွေကို ပေးသွားဖို့ ရှိပါတယ်။ အဲဒီအတွက်လည်း ပိုက်လိုင်းကနေ သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ဖို့နေရာတွေကိုလည်း သတ်မှတ်ပြီးသား ရှိပါတယ်''ဟု လည်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် သဘာဝဓာတ်ငွေ့များ ထပ်မံတွေ့ရှိပါက ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများတွင် လုံလောက်စွာ အသုံးပြုနိုင်ရန်အတွက် ပြည်ပသို့ ရောင်းချခြင်း မပြုတော့ကြောင်းလည်း သိရှိရသည်။
''လက်ရှိပိုက်လိုင်းကတော့  ပြည်ပကို ထုတ်ရောင်းမယ်။ တိုင်းပြည်ရဲ့အခြေအနေကြောင့် ထုတ်ရောင်းရတာပါ။ နောက်ထပ် ထပ်မံတွေ့ရှိလာရင်တော့ ပြည်ပကို မရောင်းတော့ဘူး။ ပြည်တွင်းမှာ FDI(Foreign Direct Investment) တွေ များလာတော့မယ်။ နိုင်ငံခြားကုမ္ပဏီတွေ ၀င် လာရင် အဲဒီစက်ရုံအလုပ်ရုံတွေအတွက် လျှပ်စစ်ကို ရေအားက ပေးမလား၊ gas turbine က ပေးမလားဆိုတာ ကြည့်ရမယ်။ နောက်ပိုင်းကျရင်တော့ ပြည်တွင်းက စက်မှုလက်မှု လုပ်ငန်းရှင်တွေအတွက် သုံးစွဲသွားမှာပါ'' ဟုလည်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ စီမံကိန်းအား ၂၀၁၃ ခုနှစ် ဇွန်လတွင် စီမံကိန်းအပြီးသတ်နိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရှိရသည်။
EMG
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ငွေလဲနှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း နှုန်းရှင်အဖြစ် ထားရှိမည်
နိုင်ငံခြားခရီးသွားများကို သိမ်ဖြူငွေလဲစင်တာတွင် တွေ့ရစဉ်
လာမည့် ၂၀၁၂-၂၀၁၃ဘဏ္ဍာ ရေးနှစ်မှစ၍ မြန်မာငွေလဲနှုန်းထားကို ဈေးကွက်ပေါက်ဈေးအတိုင်း နှုန်းရှင်အဖြစ် ထားရှိမည်ဖြစ်ပြီး အစိုးရအဖွဲ့၏ ရ-သုံးငွေရှင်းတမ်းနှင့် ၀န်ကြီးဌာနများ၏ နိုင်ငံခြားငွေသုံးစွဲမှုများကို အမေရိကန် ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၈၀၀ နှုန်းဖြင့် တွက်ချက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နီးစပ်သည့် ပညာရှင်များနှင့် ငွေလဲနှုန်းတစ်ခုတည်း ပေါင်းစည်းရေးနှင့် ပြောင်းလဲရေးတွင် ပါဝင်သည့် ပညာရှင်များထံမှ သတင်းရရှိပါသည်။
''လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ထားသွားမယ်၊ အစိုးရရဲ့ အသုံးစရိတ်တွေမှ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၈၀၀ အဖြစ် တွက်ချက်မယ်လို့ သိထားပါတယ်။ ပြင်ဆင်ရမယ့် ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ကိုတော့ ဒီကြားထဲပြင်ဆင်သွားဖို့ လိုမှာပါ''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ဝင် ပါမောက္ခ ဦးမော်သန်း (ပါမောက္ခချုပ်-ငြိမ်း၊ စီးပွားရေး တက္ကသိုလ်)က ပြောကြားပါသည်။
နိုင်ငံတော်သမ္မတရုံး စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်က ''ဧပြီလ ၁ ရက်နေ့ကစပြီး ပြောင်းမယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌတစ်ဦးက အစည်းအဝေးတစ်ခုမှာ ပြောသွားတာပါ။ ဒီကိစ္စကို ဗဟိုဘဏ်က ဆုံးဖြတ်တာပါ၊ ကျွန်တော်နဲ့ မဆိုင်ဘူး။ ထင်မြင်ချက်လည်း မပေးလိုပါဘူး'' ဟု ဆိုပါသည်။
ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင် (မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ-ငြိမ်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကြံပေးအဖွဲ့ခေါင်းဆောင်) ကလည်း ''ဒါက ဗဟိုဘဏ်က ဆုံးဖြတ်ပြီး လုပ်ကိုင်မှရမယ့် ကိစ္စပါ။  ကျွန်တော်တို့က ဆုံးဖြတ်လို့ မရပါဘူး။ အခုထိတော့ တရားဝင် မကြေ ညာသေးဘူး။ ဒီကိစ္စက လုပ်ကိုလုပ်ရမယ့် ကိစ္စပါ။ လုပ်နည်းကိုင်နည်း မှန်ဖို့အရေးကြီးတယ်။ အလောသုံးဆယ်လည်း လုပ်ဖို့မသင့်တဲ့ထဲမှာ ပါတယ်။ အိုင်အမ်အက်ဖ်လို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သဘောတူညီမှုလည်း လိုတယ်။ အခုလို နှုန်းရှင်ထားတော့မယ်ဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒီလထဲမှာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားနိုင်တယ်''ဟု ထင်မြင်ချက်ပေးပါသည်။
ယင်းကဲ့သို့ ငွေလဲနှုန်းကိုနှုန်းရှင် ထားရှိရာတွင် Managed Float  အဖြစ်ထားရှိမည်ဖြစ်ပြီး လိုအပ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၀င်ရောက် ထိန်းကျောင်းဖွယ် ရှိနေကြောင်း၊ အက်ဖ်အီးစီဈေးနှုန်း၊ ပို့ကုန်မှရငွေ (earning) တို့ကိုလည်း ထားရှိတော့မည်မဟုတ်ဘဲ ငွေလဲနှုန်း တစ်မျိုးတည်းသာ ထားရှိတော့မည်ဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံ၏ ငွေလဲနှုန်း ပြုပြင်ပြောင်းလဲမှုတွင် ဒေသတွင်းနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရန် အခြေခံကျသော အချက် နှစ်ချက်ရှိသည်ဟု ဦးမြင့်က သုံးသပ်ထားပြီး ၎င်းတို့မှာဖြစ်ပေါ်နေသော ငွေလဲနှုန်းထားအမျိုးမျိုးကို တစ်မျိုးတည်းအဖြစ် ပေါင်းစည်းရန်နှင့် နိုင်ငံ၏ လက်ရှိ ငွေပေး ငွေယူ ရှင်းတမ်း (balance of payments)၊ သာမန်စာရင်း(current account) တို့တွင် ချမှတ်ထားသော အတားအဆီးများကို ဖယ်ရှားရန်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရေးသည် ငွေလဲနှုန်းကိစ္စချည်းသက်သက် မဟုတ်တော့ဘဲ နိုင်ငံအဆင့် စီးပွားရေးမူဝါဒ (macroeconomic policy) များနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲ ရန်လိုအပ်ကြောင်း ယမန်နှစ်က ပြုလုပ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ဦးမြင့်က ထင်မြင် သုံးသပ်ထားပါသည်။
ပါမောက္ခ Dr. Joseph Stiglitz ကလည်း မြန်မာနိုင်ငံအနေဖြင့် သဘာဝ သယံဇာတကျိန်စာသင့်မှုကြောင့် ငွေပုံပေါ်ထိုင်ပြီး သုံးစွဲရင်းက တဖြည်းဖြည်း ဆင်းရဲနွမ်းပါးလျက်ရှိကြောင်း၊ အဆိုပါကျိန်စာကြောင့် ဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းများ တန်ဖိုးတက်ခြင်း၊ သယံဇာတမှရရှိငွေများကို လွဲမှားစွာ အသုံးချခြင်းဆိုသော ပြဿနာများကို ဖြစ်ပေါ်စေပြီး ၀င်ငွေခွဲဝေမှုမမျှတခြင်းကဲ့သို့ အဆိုးဆုံးအခြေအနေကို ရောက်ရှိနေသော်လည်း စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ကောင်းမွန်ပါက ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်သော စီးပွားရေးပညာရပ်ဆိုင်ရာ ဟောပြောပွဲတွင် ထည့်သွင်းသုံးသပ်ထားပါသည်။
မြန်မာနိုင်ငံအနေဖြင့် သဘာဝသယံဇာတ ကျိန်စာသင့်မှုကြောင့် ငွေပုံပေါ်ထိုင်ပြီး သုံးစွဲရင်းက တဖြည်းဖြည်း ဆင်းရဲနွမ်းပါးလျက်ရှိကြောင်း၊ အဆိုပါကျိန်စာကြောင့် ဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းများ တန်ဖိုးတက်ခြင်း၊ သယံဇာတမှ ရရှိငွေများကို  . . .
ပါမောက္ခ Dr. Joseph Stiglitz က ''နိုင်ငံခြားငွေလဲနှုန်း တန်ဖိုးမြင့်ပြီး  ကူးစက်တတ်တဲ့ Dutch Disease ပြဿနာကို ရှောင်ရှားနိုင်ဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ အဲဒီလို ငွေတန်ဖိုးတက်တာက ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီး ဖြစ်စေတာကြောင့် နိုင်ငံခြားငွေလဲနှုန်းကို ကောင်းစွာ စီမံခန့်ခွဲနိုင်ရမှာ ဖြစ်ပါတယ်။ တရုတ်နဲ့ အရှေ့အာရှနိုင်ငံတွေမှာ နိုင်ငံခြား ငွေလဲနှုန်း စီမံခန့်ခွဲမှုကို ထိရောက်ကောင်း မွန်စွာဆောင်ရွက်နိုင်ခဲ့တဲ့ သာဓကကောင်းတွေ ရှိပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးရေးလမ်းမှာ တစ်ခုတည်းသော နိုင်ငံခြားငွေလဲနှုန်းသာ ရှိစေတဲ့နည်းနဲ့ ဖွံ့ဖြိုးမှုကို မြှင့်တင်သင့်ပါတယ်။ ငွေလဲနှုန်း အမျိုးမျိုးကြောင့် ဘတ်ဂျက် ခွဲဝေမှုမှာ ထင်သာမြင်သာ မရှိဘဲ ထိရောက်မှုကိုလည်း အားနည်းစေတယ်။ ဘတ်ဂျက်ခွဲဝေမှု စနစ်မကျတာနဲ့ မထိန်းချုပ်နိုင်တာတို့က ငွေကြေးဖောင်းပွမှုကို ဖြစ်စေတယ်။ တစ်ခုတည်းသော နိုင်ငံခြားငွေလဲနှုန်း မထား  နိုင်သေးရင်တောင် ဈေးကွက်ပေါက်ဈေးအရ ဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေလဲနှုန်းကိုတော့ နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ရပါမယ်''ဟု ငွေလဲနှုန်းနှင့်ပတ်သက်၍ ဟောပြောခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ငွေလဲနှုန်းကိစ္စ အပါအ၀င် စီးပွားရေးကိစ္စများ ပြုပြင်ပြောင်းလဲမှုပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ချိတ်ဆက် လုပ်ဆောင်လျက်ရှိကြောင်း၊ အိုင်အမ်အက်ဖ်အဖွဲ့အနေဖြင့် နိုင်ငံ၏ စီးပွားရေး တည်ငြိမ်စေရန် အမျိုးမျိုးဖြစ်နေသော ငွေလဲနှုန်းများကိုတစ်ခုတည်း ဖြစ်စေရန် ပေါင်းစည်းရေးမှာ အရေးကြီးဆုံး လုပ်ငန်းစဉ်အဖြစ် သုံးသပ်ထားပြီး မြန်မာ့စီးပွားရေးသည် လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၆ ရာခိုင်နှုန်း တိုးတက်ကာ အနာဂတ်အာရှဒေသ၏ စီးပွားရေး ထွန်းသစ်လာသည့် နိုင်ငံတစ်ခုဖြစ်လာနိုင်သည်ဟု သုံးသပ်ထားပါသည်။
EMG
ငါး၊ ပုစွန်များအပေါ်တွင် ထိုင်းနိုင်ငံမှ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ရရှိပြီး မြန်မာနိုင်ငံမှ ၃၀ ရာခိုင်နှုန်းသာ ရရှိနေ
မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးဈေးကြီး
မြန်မာနိုင်ငံမှ ထွက်ရှိသော ငါး၊ ပုစွန်များမှာ အဓိကအားဖြင့် ထိုင်းနိုင်ငံရှိ ရနှောင်းမြို့သို့ ရောက်ရှိနေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ငါးဈေးကွက်ကြီး ဖြစ်ပေါ်နေကြောင်း၊ မြန်မာနိုင်ငံ တောင်ဘက်ဆုံးပိုင်းရှိ မြိတ်ကျွန်းစုနှင့် မြန်မာ့ပင်လယ်ပြင်အတွင်းမှ ထွက်ရှိသော ငါးပုစွန်များကို ထိုင်း နိုင်ငံရနှောင်းမြို့သို့ အဓိကတင်ပို့ပေးရလျက်ရှိကာ အဆိုပါဒေသနှင့် မဟာချိုင်ဒေသမှာ အရှေ့တောင်အရှတွင် အဓိက ငါးဈေးကွက်ကြီး ဖြစ်ပေါ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ငါးပုစွန်များအပေါ်တွင် ထိုင်းနိုင်ငံမှ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ရရှိနေပြီး မြန်မာနိုင်ငံမှ အကျိုးအမြတ် ၃၀ ရာခိုင်နှုန်းသာ ရရှိနေသောကြောင့် ငါးဈေးကွက်ကြီး မြန်မာနိုင်ငံတွင် ပြန်လည်ရောက်ရှိလာရန်အတွက် တာဝန်ရှိသူများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးဈေးတံတားတွင် ဆိုက်ကပ်ထားသောလှေများ
''ထိုင်းနိုင်ငံ ရနှောင်းမြို့မှာရှိတဲ့ ဂိုဒေါင်တွေမှာ လာရောင်းတဲ့ လှေအားလုံးလိုလိုက မြန်မာနိုင်ငံက လာရောင်းတဲ့ ငါးလှေတွေပါ။ ရနှောင်းက ဂိုဒေါင်တွေမှာ လေလံတင်ပြီး သူတို့က မဟာချိုင်နဲ့ ဘန်ကောက်ကို ပြန်တင်ပို့ပေးတာပေါ့။ ဈေးကွက်အဆုံးကို ကျွန်တော်တို့က မတင်ပို့နိုင်သလို မြန်မာနိုင်ငံကထွက်တဲ့ ရေထွက်ပစ္စည်းကို အမှီပြုပြီး ရနှောင်းမှာ ငါးဈေးကွက်ကြီး ဖြစ်နေတာတွေ့ရတယ်။ မြန်မာနိုင်ငံက ရွှေ့ပြောင်း လုပ်သားတွေပါ သွားရောက်လုပ်ကိုင်နေရတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံက ရေထွက်ပစ္စည်းလည်း တင်ပို့ပေးရ၊ အဲဒီလုပ်ငန်း အဆင်ပြေစေဖို့ ရွှေ့ပြောင်းလုပ်သားတွေလည်း တင်ပို့ပေးရတယ်။ ငါးပုစွန် ဈေးကွက်က ရတဲ့အကျိုးအမြတ်ကိုတော့ ထိုင်းနိုင်ငံက တန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်တာတို့၊ အခွန်အခတွေကြောင့် မြန်မာနိုင်ငံက တင်ပို့တဲ့ ငါးပုစွန်တွေပေါ်မှာ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ရရှိနေပြီး မြန်မာနိုင်ငံက  ၃၀ ရာခိုင်နှုန်းလောက်သာ ရရှိတယ်လို့ တွက်ချက်ထားတာ တွေ့ရတယ်။ အဲဒီတော့ မြန်မာနိုင်ငံက ထွက်တဲ့ ငါးပုစွန်တွေကို မြန်မာနိုင်ငံမှာ ဈေးကွက်ပြန်လည်ရရှိရေးအတွက် မြန်မာနိုင်ငံမှာ ရှိပြီးသားလည်းဖြစ်တဲ့ အရှေ့တောင်အာရှမှာ အကြီးဆုံး ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးဈေးကြီး ပြန်လည်လည်ပတ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနအသီးသီးနဲ့ ဒေသခံလုပ်ငန်းရှင်တွေ ပါဝင်မယ့် ပညာရှင်အဖွဲ့ကို မြိတ်မြို့က အပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးဈေးကြီးကို စေလွှတ်ပြီး ဆွေးနွေး ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ် လို့သိရတယ်''ဟု ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မြိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးလေလံဈေးကြီးသို့ လာရောက်လေ့လာပြီး သက် ဆိုင်သည့် နယ်ပယ်အသီးသီးမှ ပညာရှင်အဖွဲ့ စေလွှတ်ပြီး ငါးလေလံဈေးကြီး ပြန်လည် လည်ပတ်နိုင်ရန်အတွက် ဆွေးနွေးသွားရန် မှာကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် ၁၉၆၂ ခုနှစ်မှ စတင်ပြီး ၎င်းတို့နိုင်ငံတွင် ငါးမျိုးသုဉ်းသွားပြီဖြစ်ကြောင်း ကမ္ဘာကို ကြေညာထားခဲ့သော်လည်း မြန်မာနိုင်ငံမှထွက်ရှိသော ငါးပုစွန်များကို အမှီပြုကာ အရှေ့တောင်အာရှတွင် ကြီးမားသော ငါးဈေးကွက်ကြီးကို ပိုင်ဆိုင်ရယူထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ ရနှောင်းမြို့တွင် မြန်မာ့ပင်လယ်မှထွက်ရှိသော ငါးပုစွန်များကိုအမှီပြုကာ တစ်နေ့လျှင် အမေရိကန်ဒေါ်လာ သုံးသန်းမှ လေးသန်းကြား အရောင်းအ၀ယ်ဖြစ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် မြိတ်-မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်ကာ အဆင့်မီလမ်းဖောက်လုပ်နိုင်ပါက ဒေသခံလုပ်ငန်းရှင်များ အပါအ၀င် အခြေခံလူတန်းစားများ၊ အလယ်အလတ်လုပ်ငန်းရှင်များပါ အလုပ်အကိုင် အခွင့်အလမ်းများစွာ ပွင့်သွားနိုင်ပြီး ရေထွက်ကုန်တင်ပို့မှုများလည်း မြန်ဆန်စွာ တင်ပို့နိုင်မည့်အပြင် ငါးဈေးကွက်ကြီးမှာလည်း မြန်မာနိုင်ငံတွင် ပြန်လည်ရောက်ရှိလာမည်ဟု ဒေသခံလုပ်ငန်းရှင်များက သုံးသပ်ပြောကြားလျက်ရှိကြောင်း သိရသည်။ 
EMG
အဖွဲ့ချုပ်က နေပြည်တော်မှာ လာပြီးတော့ ယှဉ် ပြိုင်ခိုင်းတာ စွန့်စားမှုတစ်ရပ် အနေနဲ့လုပ်တာပါ
4492
ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ လယ်ကွင်းတစ်ခုတွင် မဲဆွယ်စည်းရုံးမှု ပြုလုပ်နေရသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်သို့ မတ်လ ၅ ရက်နေ့ နှင့် ၆ ရက်နေ့များတွင် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အတွက်  ဟောပြောစည်းရုံးမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ ဟောပြောစည်းရုံးရာတွင် ဇမ္ဗူသီရိမြို့နယ်၌ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နေပြည်တော်မှာ လာပြီးတော့ ကျွန်မတို့ ကိုယ်စားလှယ်တွေကို လာပြီးတော့ ယှဉ် ပြိုင်ခိုင်းတာဟာ ကျွန်မတို့စွန့်စားမှုတစ်ရပ် အနေနဲ့လုပ်တာပါ။ ဒါပေမယ့် ကျွန်မတို့ဟာ ဒီမြို့နယ်က ပြည်သူတွေကို ယုံကြည်လို့လည်း လာပြီးတော့ စွန့်စားတာဖြစ်ပါတယ်။ ဒီမြို့နယ်မှာဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံ အတွက် အင်မတန်မှ အရေးကြီးတဲ့ အင်အားစုနှစ်ရပ် ပါတယ်လို့ ကျွန်မ ထင်ပါတယ်။ ရွာသူရွာသားတွေ ပါတယ်။ ၀န်ထမ်းတွေလည်းပါတယ်”ဟု ပြောကြားခဲ့သည်။
အခုဆိုရင် ကြားဖြတ်ရွေးကောက်ပွဲကို တစ်ကမ္ဘာလုံးက အာရုံစိုက်နေပါပြီ။ တကယ်ပဲ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းပေါ် ရောက်ဖို့ ဦးတည်နေပါသလား ဆိုတာကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေကြပါပြီ။ အခုဆိုရင် ဘယ်သူကဖြင့် ဖွံ့ဖြိုးရေး အကူအညီပေးချင်ပါတယ်။ ဘယ်ဝါကဖြင့် ရင်းနှီး မြှုပ်နှံချင်ပါတယ်။ ဒါတွေအားလုံး ရည်ရွယ်ချက်တွေရှိပါတယ်။ ဒါကြောင့် လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတဖို့၊ သန့်ရှင်းဖို့ အများကြီးလိုပါတယ်
“ကျွန်မတို့ ၀န်ထမ်းတွေနဲ့ ပတ်သက်လို့ပြောချင်တာက ကျွန်မတို့ နိုင်ငံတစ်နိုင်ငံဟာ တိုးတက်ဖို့၊ နိုင်ငံတစ်နိုင်ငံဟာ ချောချောမွေ့မွေ့ နဲ့အလုပ်ဖြစ်ဖို့ ဆိုလို့ရှိရင်ဝန်ထမ်းတွေဟာ အဆင့်မြင့်ဖို့လိုတယ်။ ၀န်ထမ်းတွေဟာ သိက္ခာရှိရှိနဲ့ အလုပ်လုပ်နိုင်ဖို့ လိုတယ်။ ၀န်ထမ်းတွေ သိက္ခာရှိရှိ အလုပ်လုပ်နိုင်ဖို့ဆိုတာက အုပ်ချုပ်မှု စနစ်၊ ဥပဒေရေးရာစနစ်၊ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ အဲလိုဘာဖြစ်လို့ သက်ဆိုင်လဲလို့ ပြောလဲဆိုတော့ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်နော်။  ပြည်သူလူထု တော်တော်များများက ၀န်ထမ်းတွေကို လာဘ်ပေးလာဘ်ယူ လုပ်တယ်ဆိုပြီးတော့ စွပ်စွဲကြတယ်။ ဒါပေမယ့် ၀န်ထမ်းတွေရဲ့ ဘ၀ကိုလည်း ပြန်ကြည့်ပါဦး။ ကျွန်မ တို့ငယ်ငယ်တုန်းက အကြောင်း ပြန်ပြောပါရစေ။ ကျွန်မက အခု ၆၇ နှစ်မပြည့်သေးဘူး။ မပြည့်သေးဘူး ဆိုတာ ကျွန်မငယ်ငယ်တုန်းက ကျွန်မမှတ်မိနေတဲ့ အချိန်လောက် ဆိုတာက အရင် နှစ်ငါးဆယ်လောက်တုန်းက ပေါ့နော်။ နှစ်ငါးဆယ်ဆိုတော့ ကြာတော့ကြာပါပြီ။ ဒါပေမယ့် သမိုင်း အမြင်နဲ့ကြည့်ရင် ဒီလောက်ကြာတဲ့ ကာလ မဟုတ်ပါဘူး။ အဲဒီတုန်းက ကျွန်မတို့နိုင်ငံရဲ့ ၀န်ထမ်းတွေဟာ ဒီနိုင်ငံတင် မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာကို အသန့်ရှင်းဆုံး ၀န်ထမ်းတွေ ထဲမှာ အပါအ၀င်ဖြစ်တယ်။ ဥပမာ တစ်ခုအနေနဲ့ ကျွန်မပြောပြမယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက တစ်ခါတစ်လေ ဓာတ်မီးတွေဘာတွေ ပျက်တာပဲ။ ဓာတ်မီးပျက်လို့ရှိရင် အဲဒီတုန်းက ဓာတ်မီးဌာနပေါ့နော်။ အီးပီစီပေါ့နော်။ အဲဒီကို တယ်လီဖုန်း ဆက်ပြီး ပြောလိုက်ရုံပဲ။ ဘယ်လမ်းမှာတော့ ဓာတ်မီးပျက်နေပြီဆိုပြီး။ ဟိုဖက်က ဟုတ်ကဲ့ဆိုပြီး နာရီဝက် ၄၅ မိနစ်လောက်ကြာတော့ ဓာတ်မီး ကပြန်လာရော။ ဘယ်သူကမှ လာပြီး လက်ဖက်ရည်ဖိုးလည်း မတောင်းဘူး။ ဘယ်တုန်းက လာပြင်သွားမှန်းတောင် မသိလိုက်ဘူး။ အဲဒီလို ကျွန်မ တို့အခြေအနေတွေ ရှိခဲ့တယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် “ကျွန်မအမြဲပဲ စိတ်ထဲမှာထင်တယ်။ ကျွန်မတို့ပြည်သူ ပြည်သားတွေဟာ မညံ့ဘူး။ ဒါပေမယ့် နည်းနည်းတော့ ကြောက်တတ်တယ်။ အဲတော့ ကြောက်တဲ့စိတ်တွေကို ဖယ်ရှားနိုင်ရမယ်။ အခုကျွန်မ နားလည်သလောက် တချို့နေရာတွေ မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးလိုက်ရင် ဓာတ်မီးတွေ ပြတ်သွားမှာပဲ ဆိုပြီးတော့။ အဲဒီလိုခြိမ်းခြောက်မှုတွေဟာ ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်း ဥပဒေတွေနဲ့ မညီဘူးဆိုတာ အားလုံးကိုသိစေချင်ပါတယ်။ ဒီတော့ ဒီလိုခြိမ်းခြောက်မှုတွေ ရှိလို့ ရှိရင် ကျွန်မတို့ကိုတိုင်ပါ။ သတ္တိရှိရှိနဲ့ လက်မှတ်ထိုးပြီးတိုင်ပါ။ ကျွန်မတို့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြသွားပါမယ်။ ကျွန်မတို့ဟာ ရာစုနှစ်နဲ့ချီ ပြီးတော့ မီးပျက်တာကို ခံခဲ့ရတဲ့သူတွေပဲ။ ဓာတ်မီးပြတ်တာကို ကြောက်ရမှာလား။ ဒီမိုကရေစီ ယူမလား။ မီး ယူမလားဆို ဒီမိုကရေစီရလို့ရှိရင် မီး က အလိုလိုရမှာပါ။ ဒါပေမယ့် မီးရရုံနဲ့တော့ ဒီမိုကရေစီအတွက် အာမခံ ချက်မရှိဘူး။ ဒါကြောင့် ဘယ်ဟာက အဓိက၊ ဘယ်ဟာက သာမည ဆိုတာ သေသေချာချာ ခွဲခြားကြပါလို့ ကျွန်မပြောချင်ပါတယ်။ ကျွန်မက ကျွန်မတို့နိုင်ငံအတွင်းမှာ ညီညွတ်မှု တွေ အများကြီးလိုချင်တယ်။ လူတိုင်းလူတိုင်း အဖွဲ့တိုင်းအဖွဲ့တိုင်းနဲ့ ကျွန်မတို့ အဆင်ပြေချင်တယ်။ ကျွန်မတို့ကတော့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဖြောင့်ဖြောင့်မတ်မတ်ပဲ ကြိုးစားသွားပါမယ်”ဟု ၎င်းကပြောကြားခဲ့သည်။
“ကျွန်မနားလည်သလောက် က ပေါ့နော်။ ဒီဘက်မှာဆိုလို့ရှိရင် ဒက္ခိဏသီရိမြို့နယ်က ပြည်သူတွေ ဟာ အင်မတန်မှ ဘ၀မှာရုန်းကန်ရပါတယ်။ အဲတော့ ကျွန်မတို့တွေက ဘ၀တူတွေပဲ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဘယ်လောက်ရုန်းကန် ရသလဲဆိုတာ အများသိပြီးဖြစ်ပါတယ်။ ရုန်းကန်ရတဲ့သူချင်း အတူတူ ဆိုတော့ နားလည်မှုရှိတယ်။ ဘ၀ မှာ ဘယ်လိုရုန်းကန်ရသလဲ။ ဘ၀မှာ ဘယ်လို အခက်အခဲတွေနဲ့ တွေ့ရသလဲ။ ကျွန်မတို့အဖွဲ့ချုပ်ဆိုလို့ရှိရင် ဆင်းဆင်းရဲရဲနဲ့ ပင်ပင်ပန်းပန်းနဲ့ ရပ်တည်ခဲ့တာ နှစ် ၂၀ ကျော်ပါပြီ။ ဒါကြောင့်မို့ ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှုကို တကယ့်ကို လက်တွေ့နားလည်တဲ့အဖွဲ့ ဖြစ်ပါတယ်လို့ ကျွန်မပြောပါရစေ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဒက္ခိဏ သီရိမြို့နယ် မဲဆွယ်စည်းရုံးမှုတွင် ပြောကြားခဲ့သည်။
“ကျွန်မတို့ရဲ့အင်မတန်မှ သတ္တိရှိရှိနဲ့ နေပြည်တော်မှာတက်ပြီး ပြိုင်တဲ့ကိုယ်စားလှယ်တွေကို အားပေးကြပါ။ ထောက်ခံကြပါ။ မဲပေးကြပါ လို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မ ဒီမလာခင်တုန်းက စိတ်ထဲမှာ ထင်မိတယ်။ ဒက္ခိဏသီရိမြို့နယ် က ရွာသူရွာသားတွေကလည်း တော်တော်များတယ် ဆိုတော့၊ ၀န်ထမ်း တွေလည်း ပါလားတော့ မသိဘူးပေါ့နော်။ ကျွန်မက နည်းနည်းများ ကြောက်ကြမလားလို့ ထင်သေးတယ်။ အဲဒီတော့ ကြောက်တာမကြောက်တာထက် အရေးကြီးတာက မဲပေးဖို့ ကျွန်မကပြောပါရစေ။ ကျွန်မတို့က လက်တွေ့ကျတယ်လေ။ လက်တွေ့ ကျတယ် ဆိုတော့ ကြောက်တဲ့သူကို မကြောက်နဲ့လို့ အတင်းပြောလို့မရဘူး။ ဒါပေမယ့် ကျွန်မပြောချင်တာက ကြောက်သည်ဖြစ်စေ၊ မကြောက်သည်ဖြစ်စေ ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စကိုတော့ လုပ်နိုင်အောင်လို့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ယူရမယ်။ အဲဒါဟာ ဘ၀မှာ တိုးတက်ချင်ရင် ဒီလိုပဲလုပ်ရမှာပဲ”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“အခုဆိုရင် ကြားဖြတ် ရွေးကောက်ပွဲကို တစ်ကမ္ဘာလုံးက အာရုံစိုက်နေပါပြီ။ တကယ်ပဲ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းပေါ် ရောက်ဖို့ ဦးတည်နေပါသလား ဆိုတာကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေကြပါပြီ။ အခုဆိုရင် ဘယ်သူကဖြင့် ဖွံ့ဖြိုးရေး အကူအညီပေးချင်ပါတယ်။ ဘယ်ဝါကဖြင့် ရင်းနှီးမြှုပ်နှံချင်ပါတယ်။ ဒါတွေအားလုံး ရည်ရွယ်ချက်တွေ ရှိပါတယ်။ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲဟာ တရားမျှတဖို့၊ သန့်ရှင်းဖို့ အများကြီးလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် ကျေးရွာကွင်းပြင်တွင် ပါတီအောင်နိုင်ရေး စည်းရုံးဟောပြောပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင် တစ်ယောက်ဖြစ်သလို International Figure လည်း ဖြစ်ပါတယ်။ မကြာခင်မှာ လွှတ်တော်ထဲကို ရောက်ရှိပြီး တစ်ချိန်ချိန်မှာ နိုင်ငံခေါင်းဆောင်တစ်ဦး သို့မဟုတ်  နိုင်ငံအတွက် အရေးပါတဲ့တာဝန်တွေကို ထမ်းဆောင်မယ့်သူတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ဒေသဆိုင်ရာ အာဏာပိုင်တွေ အပါအ၀င် တာဝန်ရှိသူတွေအနေနဲ့ သူ့ဂုဏ်သိက္ခာနဲ့ လျော်ညီတဲ့ လေးစားစွာပြုမူ ဆက်ဆံပြောဆိုမှုမျိုး လုပ်သင့်ပါတယ်။ ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စမျိုးတွေက အစ အဟန့်အတား ဖြစ်စေတာမျိုး မလုပ်သင့်ပါဘူး။  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်မှုတွေ အပေါ် သာမန်ပါတီတစ်ခုရဲ့ လုပ်ဆောင်မှုမျိုးလို့ မမှတ်ယူသင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ထောက်ရှုပြီး ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်တာပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် အလေးထား ဆက်ဆံတာဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို လိုလားကူညီတာနဲ့ အတူတူပါပဲ။ တစ်ဖက်ကလည်း လူထုခေါင်းဆောင် တစ်ဦးရဲ့ လုံခြုံရေးအတွက် ယာဉ်တန်းနဲ့ လူအများကြီး တောက်လျှောက် သွားလာမှုမျိုးထက် သတ်သတ်မှတ်မှတ် နေရာ တွေမှာပဲ လုပ်ဆောင်သင့်ပါတယ်။ လုံခြုံရေးအရ တစ်ခုခုဖြစ်ခဲ့ရင် တိုင်းပြည်မှာနစ်နာစရာတွေ အများကြီးပါ။  ဒီလိုအချိန်မျိုးမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် နှစ်ဦးနှစ်ဖက် ချိန်ချိန်ဆဆ လုပ်ဆောင်သင့်တယ်။ ချိန်ဆပြီးလည်း စကားပြောသင့်ပါတယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် က ပြောကြားခဲ့သည်။
EMG
ကသာမီးဝိုင်းကူငြိမ်းပေးတဲ့ ၀န်သိုမီးသတ်ကား တိမ်းမှောက်မှုကြောင့် အရန်မီးသတ်(၂)ဦးသေဆုံး
(၇.၃.၂၀၁၂)ရက်နေ့၊ နံနက်ကဖြစ်ပွားခဲ့သည့် ကသာစည်ပင်ဈေးမီးလောင်မှုသို့ 
သွားရောက်ခဲ့သည့် ကသာနှင့်နီးစပ်တဲ့မြို့တွေက မီးသတ်ကားတွေထဲက ၀န်းသို
အရန်မီးသတ်က မီးသတ်ကား(၁)စီးဟာ လမ်းအလွန်ကြမ်းတဲ့ မဲဇာအဆင်းမှာ တိမ်းမှောက်ခဲ့ကြောင်းသိရပါတယ်။ 
မီးသတ်ကားတိမ်းမှောက်မှုကြောင့် အရန်မီးသတ်(၂)ယောက်သေဆုံးပြီး၊
ကြားရတဲ့သတင်းကတော့ တယ်(စိတ်မကောင်းစရာ) မီးသတ်ကားလည်းပျက် သွားတယ်၊ ဒါပေမယ့်ကသာဈေးမှာရှိတဲ့မီးသတ်တွေကတော့တစ်နေ့လုံး/တစ်ညလုံးငြိမ်းသတ်နေကြ
တုန်းဘဲ၊ မီးစလောင်တာကတော့ ဈေးနားမှာရှိတဲ့ လူနေအိမ်ဆိုင်ခန်းက
 နေ စလောင်တာဈေးနဲ့ ဆက်စပ်နေတဲ့ ပလပ်စတစ်အမိုးတွေကြောင့် ဈေးကိုကူးလောင်
Myanmar News Now
မြန်မာအပေါ်ဒဏ်ခတ်မှုတွေ လတ်တလော ရုပ်သိမ်းဦးမည်မဟုတ်
DerekMitchell
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒဲရက်ခ်မစ်ချဲလ် ရှေ့သီတင်းပတ်ထဲ မြန်မာနိုင်ငံကိုသွားရောက်ပြီး ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအစီအစဉ်တွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။
မတ်လ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ခရီးစဉ်အတွင်း မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲ အစီအစဉ်တွေအပါအဝင် မြန်မာနိုင်ငံက နောက်ဆုံးအခြေအနေတွေကို ဆွေးနွေးမယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရတာဝန်ရှိသူတွေက ရှေ့လကျင်းပမယ့်ရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံအပေါ် အမေရိကန်က ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို ရုပ်သိမ်းသင့်မသင့် စဉ်းစားရာမှာ အခရာကျမယ်လို့လည်း အစောပိုင်းမှာ ပြောဆိုထားတာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိဘူးဆိုပြီး အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန်က လတ်တလော ဒဏ်ခတ်မှုတွေကိုတော့ ဖယ်ရှားအုံးမှာမဟုတ်ဘူးလို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုရီယားနျူလန်က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်တာ၊ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေ ပါဝင်ခွင့်ရလာတာလို အခြေအနေမျိုးတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ကတော့ ဒဏ်ခတ်မှုတွေလျှော့ပေါ့တဲ့ အစီအစဉ်တစိတ်တပိုင်းအဖြစ် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို နည်းပညာအကူအညီတွေပေးတာကို ခွင့်ပြုတဲ့အကြောင်း ပြီးခဲ့တဲ့လထဲမှာပဲ ကြေညာခဲ့တာပါ။
အမေရိကန်အထူးကိုယ်စားလှယ် မစ်ချဲလ်ရဲ့ခရီးစဉ်အတွင်း ရန်ကုန်နဲ့မန္တလေးမြို့တွေကိုလည်း သွားရောက်ပြီး လူမှုအသိုင်းအဝိုင်းနဲ့သက်ဆိုင်ရာ ပုဂ္ဂိုလ်အများအပြားကိုလည်း တွေ့ဆုံဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
VOA
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၏ ယာဉ်တန်း ဂျင်ကလိ နှင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခံရ
လာမဲ့ဧပြီလမှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာသောယာဉ်တန်းအား ၆ရက်နေ့ညက ဂျင်ကလိဖြင့်ချောင်းမြောင်း ပစ်ခတ်ခြင်းခံရပြီး လုံခြုံရေးလူငယ်၂ယောက်ဒဏ်ရာရရှိသွားပါတယ်.
ဒေါ်အောင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေပါတဲ့ယဉ်ဟာ ၆ရက်နေ့ည၇နာရီက ရန်ကုန်မြို့ကနေမြောက်ဖက်ကီလို၁၄၀ဝေးတဲ့ အဝေးပြေးလမ်းမကြီးပေါ်အဖြတ် ပြင်းပြင်းထန်ထန်ဒဏ်ရာရသေစေနိုင်တဲ့ဂျင်ကလိလက်နက်နဲ့ချောင်းမြောင်းပစ်ခတ်ခြင်းခံခဲ့ရပြီး လောက်စလုံး(အမာ)ကို ကားမှာတွေ့ရှိတယ် လို့ဂျပန်နိုင်ငံရှိ nhk သတင်းဌာနကကြေငြာသွားပါတယ်..
ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ မော်တော်ယာဉ်တန်းဟာနေပြည်တော်မဲဆွယ်စည်းရုံးရေးမှ ရန်ကုန်သို့ အပြန်လမ်းခုလတ်မှာ ဒေါ်အောင်ဆန်းစုကြည်စီးတဲ့မော်တော်ကားနောက်၂စီးကျော်က ဂျင်ကလိကြောင့် ကားမှန်ကွဲသွားပြီး လုံခြုံရေးအဖွဲ့ဝင်၂ယောက်ဒဏ်ရာရသွားပါတယ်.
NLD ဟာလာမဲ့လ ၁ရက်နေ့ကျင်းပမဲ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေ ၄၈နေရာ မှာဝင်ရာက်ယှဉ်ပြိုင်အေ၇ွးခံရေးတဲ့အတွက် စည်းရုံးရေးလုပ်ဆောင်နေတဲ့အချိန်အခါလည်းဖြစ်ပါတယ်..
မဲဆန္ဒနယ်မြေလမ်းတလျှောက်မှသိန်းသောင်းချီတဲ့ ပြည်သူများဟာ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပေမဲ့လည်း NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ရဲ့ ရွေးကောက်ပွဲပိုစတာဆုတ်ဖြဲ ခံရခြင်း၊ မဲဆန္ဒနယ်မြေတချို့တွင် မဲစာရင်းများ မှားယွင်းနေသောပြဿနာကိစ္စများကြောင့်
တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ပါ့မလားဆိုတဲ့ အသံများကလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်..
ဘာသာပြန်..ဒေါင်းမာန်ဟုန်
来月、ミャンマーで行われる議会の補欠選挙に立候補している、民主化運動のリーダー、アウン・サン・スー・チーさんの車列が、6日夜、何者かに襲われ、スー・チーさんにけがはありませんでしたが、警護の男性2人がけがをしました。
スー・ チーさんが率いる政党、NLD=国民民主連盟によりますと、現地時間の6日午後7時ごろ、ミャンマー最大の都市、ヤンゴンから北におよそ140キロ離れた 高速道路上で、スー・チーさんの車列に、殺傷能力のあるパチンコから発射されたとみられる弾が撃ち込まれたということです。
スー・チーさんは、首都ネピドーでの遊説を終えてヤンゴンに戻る途中で、スー・チーさんの乗った車の2台後ろを走っていた車の窓ガラスが割れて、警護の男性2人がけがをしたということですが、スー・チーさんにけがはありませんでした。
来月1日に行われる、議会上下両院と地方議会の補欠選挙を巡っては、政党として再登録を果たしたNLDが、48すべての議席に対し、スー・チーさん自身を含む候補者を擁立しました。
スー・チーさんは、各地で熱狂的な支援者に出迎えられる一方で、選挙ポスターが切られるなど、選挙妨害とみられる被害も出ているということで、国際社会が求める公正な選挙が実施できるかが課題となっています。
ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော ယာဉ်တန်းသည် နေပြည်တော်သို့ ဝင်ရောက်လာစဉ်တွေ့ ရပုံ
ဓာတ်ပုံ- ဥက္ကာကိုကို
ဒါအပြင် တောင်ငူမြို့ လူထုဟောပြောပွဲမှာ ဂျင်ကလိဖြင့် ချောင်းမြောင်တိုက်ခံခဲ့ရပါတယ်။
ဒီသတင်းနဲ့ ပါတ်လို့ Myanamar News Now မှ ဖော်ပြခဲ့တဲ့ သတင်းကိုလည်း ပြန်လည်
ဖော်ပြပေးလိုက်ပါတယ်။
ဟောပြောပွဲမှာ ဟောပြောနေစဉ်  ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကို 
တာဝန်ယူထားတဲ့ နယ်မြေခံလုံခြုံရေးအဖွဲ့ ဝင်တဦး ဂျင်ကလိ ထိမှန်ခံရကြောင်း
သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် တရားဟောနေတဲ့ စဉ်မြင့်ဘက်ရှိ လုံခြုံရေးကို လာ
ရောက်ထိမှန်တာဖြစ်ပြီး ဂျင်ကလိနဲ့ ချောင်းမြောင်းတိုက်ခိုက်ခံထားရတဲ့ လုံခြုံရေးအဖွဲ့ ဝင်ကို
ယခုအခါ တောင်ငူဆေးရုံမှာတင်ထားကြောင်း Myanmar News Now
မှ စုံစမ်းသိရှိရပါတယ်။
မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများ ပြင်၍မရနိုင်တော့ဟု တိုင်း ကော်မရှင်ဥက္ကဋ္ဌပြော
 မဲဆန္ဒရှင်များစာရင်း မှားယွင်းမှုများနှင့် ပတ်သက်၍ ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ရန် အချိန် ကန့်သတ်ချက် ကုန်ဆုံးသွားပြီဖြစ်၍ ပြင်ဆင်နိုင်တော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
"ကျနော်တို့က သူတို့ကို လုံလောက်တဲ့ Sufficient time ပေးပြီးပြီ ဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ သူ ပြီးအောင်လုပ်
ပေါ့။ ဒါမှမဟုတ် ကျနော်တို့က မဲစာရင်း ကိစ္စတွေပဲ တောက်လျှောက်လုပ်နေရင် တခြား လုပ်စရာအလုပ်တွေ လုပ်ဖို့ အချိန် မရှိတော့ဘူး" ဟု မဇ္ဈိမကို ပြောသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၁၁ (က)အရ မဲဆန္ဒရှင် စာရင်း မှားယွင်းမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှု များ ပြုလုပ်လိုပါက မဲစာရင်း ထုတ်ပြန်ကြေညာပြီးသည့် နေ့မှစ၍ ၇ ရက်အတွင်း ပြုလုပ်နိုင်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း လပ်လပ်နယ်မြေ အသီးသီးတွင် မဲဆန္ဒရှင်စာရင်းကို ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့မှ စတင်၍ ထုတ်ပြန်ရန် ညွှန်ကြားထား၍ အင်္ဂါနေ့တွင် သတ်မှတ်ရက် ကုန်ဆုံးသွားပြီဖြစ်ကြောင်း ဦးကိုကို က "အခုအချိန်ကတော့ Too Late လေ။ ဒီအချိန်မှာတော့ နည်းနည်း နောက်ကျသွားပြီပေါ့" ဟု ပြောသည်။
အချို့လစ်လပ်မဲဆန္ဒနယ်များရှိ ရွေးကောက်ပွဲ ကော်မရှင်တို့မှာ သတ်မှတ်ရက်ထက် နောက်ကျ၍ မဲစာရင်း ထုတ်ပြန်ပေး၍ အမှားပြင်ရန် လုံလောက်သည့် အချိန်မရရှိဟုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောသည်။
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ ရွာ ၁၉ ရွာတွင် မတ်လ ၃ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ခဲ့ခြင်း မရှိသည့်အပြင် ဖျာပုံခရိုင် မင်းလှစု ကျေးရွာတွင် မတ်လ ၄ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ခြင်းမရှိဟု ဖျာပုံခရိုင် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ကိုကျော်ဇေယျာက မဇ္ဈိမကို ပြောသည်။
ထို့အတူ ရှမ်းပြည်နယ်၊ ကလော မဲဆန္ဒနယ်တွင် မတ်လ ၆ ရက်နေ့တွင်မှ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်သည်ဟု NLD ၏ ကလောမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်ခင်မိုးမိုးက ပြောသည်။
ထို့ကြောင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများမှ မဲစာရင်း ထုတ်ပြန်သည့် ရက်ကိုသာ အတည်ယူ၍ ကော်မရှင်များထံသို့ မဲမှားယွင်းမှုများ ဆက်လက် တင်ပြသွားမည်ဟု ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂,ဝဝဝ ကျော်ခန့် ရှိသည့် မင်္ဂလာတောင်ညွှန့်မြို့နယ် တောင်ညွှန့်ရထား ရပ်ကွက်တွင်လည်း မဲဆန္ဒရှင်စာရင်းတွင် ကွယ်လွန်ပြီးသူများ ပါနေခြင်း၊ စိတ်ဝေဒနာရှင်များ၊ ရွှေ့ပြောင်းသွားသူများ၏ အမည်များ ပါရှိနေခြင်းကဲ့သို့ အမှားအယွင်းများ စုစုပေါင်း အရေအတွက် ၁,၁၈၁ ဦးရှိနေခြင်းကြောင့် ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲသို့ အင်္ဂါနေ့တွင် စာရေးသားတင်ပြခဲ့သည်ဟု NLD ၏ မင်္ဂလာတောင်ညွှန့်မြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင် ကိုရာဇာက ပြောသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၏ လွှတ်တော် ကိုယ်စားလှယ်
လောင်း ဦးသုဝေ ကလည်း "အဲဒါတွေကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလည်း ရှိတယ်။ တအိမ်ထောင်လုံး မဲစာရင်းထဲ မပါတာတို့ သေပြီးတဲ့လူတွေ မဲစာရင်းထဲ ပါနေတာတို့ အဲဒါတွေ ရှိနေပါတယ်။ ၂ဝ၁ဝ တုန်းက ကျနော်တို့ မဲစာရင်းလည်း မရဘူး။ ဒီလူတယောက်ဟာ မဲတခါပေးသလား ၁ဝ ခါ ပေးသလား ဆိုတာလည်း ကျနော်တို့ မသိနိုင် ဘူး။ ပိုတာတွေလည်း ရှိခဲ့တယ်" ဟု မဇ္ဈိမကို ပြောသည်။
၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းပြုစုမှုမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ လူဦးရေစာရင်းကို မူတည်ကာ လုပ်ဆောင်
သော်လည်း ပြန်လည် ပြင်ဆင်ဖြည့်စွက်ကာ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ကော်မရှင်ဥက္ကဋ္ဌ က ပြောသည်။
မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများကို သတ်မှတ်ပုံစံများဖြင့် သတ်မှတ်ချိန်အတွင်း ရွေးကောက်ပွဲ ကော်မရှင် အသီးသီးသို့ တင်သွင်းနိုင်သော်လည်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၁၁ (ဃ) တွင် ကာလ အပိုင်းအခြား ထက် ကျော်လွန်သော တောင်းဆိုလွှာ၊ ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာများကို လက်ခံခြင်း မပြုရဟုလည်း ပြဋ္ဌာန်းထား သည်။
အဆိုပါ နည်းဥပဒေ ပုဒ်မ ၁၄ (က) တွင်မူ မဲစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအချို့၏ အမည်များသည် အစုအဝေး အလိုက် ကျန်ရစ်ခဲ့ကြောင်း တွေ့ရှိလျှင် ထိုအမည်အား မဲစာရင်းမှ ပယ်ဖျက်ခြင်းကို ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့က ရွေးကောက်ပွဲ မတိုင်ခင် ၇ ရက်အတွင်း ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းပါရှိသည်။
 ချင်းမိုင် (မဇ္ဈိမ)
ခင်ဗျားပါးစပ် ဆက်ပိတ်ထား၊ အကြွေး ဘယ်သူဆပ်မလဲ
 အကြွေး ဘယ်သူဆပ်မလဲ
မကြာသေးမီက ပြည်တွင်းပြည်ပမှာ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး  ပြောဆိုနေတာက မြန်မာပြည်ကြီး အကြွေးတင်နေတယ် ဆိုတဲ့အကြောင်းအရာပါပဲ။
မြန်မာပြည် အကြွေး ဒေါ်လာ ၁၁၀၂၃ ဒဿမ ၂၉၈ သန်း တင်ရပုံကို ကာတွန်း ဘီရုမာက ဧရာဝတီအတွက် အခုလို သရုပ်ဖော်ပေးထားပါတယ်
သယံဇာတ အများအပြား ထွက်နေတဲ့ မြန်မာနိုင်ငံကြီးဟာ ပြည်ပကြွေးမြီ   ဒေါ်လာ ၁၁ ဘီလီယံကျော် တင်နေတယ် တဲ့။
ဦးနေ၀င်း အစိုးရ နဲ့ နအဖ စစ်အစိုးရ  ချေးယူခဲ့တဲ့ အကြွေးစာရင်းကို အခု သူတို့ရဲ့ နောက်ပေါက် တမတ်သားအစိုးရက ပထမဆုံး သတင်းထုတ်ပြန်လိုက်ခြင်းပါ။
ဒီလို ပွင့်ပွင့်လင်းလင်းသတင်းထုတ်ပြန်ပေးတာကိုပဲ ကျေးဇူးတင်ရမလား၊ ဒီလို သတင်းမျိုးကို မကြားရရင် အကောင်းသားလို့ ပြောရမလား ဆိုပြီး မြန်မာပြည်သူတွေအကြား အံ့သြ အပြစ်တင် ၀မ်းနည်းသံတွေကတော့ မိုးလုံး ညံနေပါတော့တယ်။
သြော် … ဟို ကျေးဇူးရှင်အစိုးရတွေဟာ တိုင်းသူပြည်သားတွေအတွက် အမွေတွေ ချန်ထားခဲ့တာပါလား၊ ဒီလောက် အကြွေးတင်ရလောက်အောင် တိုင်းပြည်နဲ့ လူထုအတွက် ဘာတွေများ သုံးခဲ့လို့လဲ ဆိုပြီး ပြောသူတွေကလည်း ပြောကုန်ကြပါပြီ။
ရှေးဘုရင်မင်းများလက်ထက်မှာ တိုင်းသူပြည်သားတွေက သူတို့မှာ တင်နေတဲ့ အကြွေးတွေကို အရှင်မင်းကြီး ဆပ်ပေးဖို့ အသနားခံကြအခါမှာ ဘုရင်ကြီးက “ဘာမှ မစိုးရိမ်လေနဲ့။  ဖြေရှင်းပေးတော်မူမယ်” ဆိုတဲ့ စကားနဲ့အညီ “ကြွေးတင် ရှင်ဘုရင်ဆပ်” ဆိုတဲ့ စကားပုံတရပ် ရှိခဲ့ဖူးပါတယ်။
ကဲ မစပ်စုတို့ မြန်မာနိုင်ငံရဲ့ အရှင်မင်းကြီးများကရော ဘယ်ရောက်သွားပါလိမ့်။ တိုင်းသူပြည်သားတွေကရော ဘယ်မှာများသွားရောက် အသနားခံ တောင်းဆိုကြရပါလိမ့်မလဲလို့ တွေးတောစရာဖြစ်နေပါပြီ။
တချို့တွေကလည်း  ယခင် စစ်အစိုးရနဲ့ နီးစပ်တဲ့အရှိန်တွေကြောင့် တိုင်းပြည်ရဲ့ အဓိက စီးပွားရေး အခန်းကဏ္ဍတွေကို ရရှိထားကြတဲ့ ဦးတေဇ (Htoo Trading Company)၊ ဦးဇော်ဇော် (Max Myanmar Group) မိုက်ကယ်မိုးမြင့် (Myint & Associates Group)၊ ဇေကမ္ဘာ ဦးခင်ရွှေ (Zaykabar Company)၊ ဦးအိုက်ထွန်း (Olympic Construction Company)၊ ဦးဌေးမြင်(Yuzana Company)၊ ဦးထွန်းမြင့်နိုင် (Asia World Company) စတဲ့ စတဲ့ ကမ္ဘာ့ အချမ်းသာဆုံးစာရင်းများတောင် ၀င်နေမလား မသိနိုင်တဲ့ နာမည်ကြီး စီးပွားရေးသမားကြီးတွေကများ စုပေါင်းပြီး ဒီအကြွေးတွေကိုများ ဆပ်ပေးလိုက်ရင်.. ဆိုတဲ့ အသံတွေကလည်း ထွက်လာပါတော့တယ်။
စပ်မိလို့ ပြောရရင် မြန်မာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဆိုတော် သရုပ်ဆောင် မင်းသမီးများကို ပိုက်ဆံထောင်တန် အုပ်လိုက် ဆုချီးမြှင့်နေတဲ့ ဓာတ်ပုံတွေ ဖေ့ဘုတ် စာမျက်နှာတွေပေါ် မကြာသေးမီက ရောက်လာတာနဲ့ ပတ်သက်ပြီး ဖြေရင်းချက်တောင် ထုတ်လိုက်ရပါသေးတယ်။
ဇေကမ္ဘာ ဦးခင်ရွှေကလည်း  လွတ်ငြိမ်းချမ်းသာခွင့်ရနေတဲ့ စစ်ထောက်လှမ်းရေးချုပ်ဟောင်း ဦးခင်ညွန့် အလုပ်လက်မဲ့ ဖြစ်နေရှာတယ် ဆိုပြီး အလုပ်အကိုင် ပေးထားပါတယ်။ ဒါဟာ  ကျေးဇူးဆပ်လိုက်တာပါလို့ ဆိုပါတယ်။
အဲ့ဒီလို သဒ္ဓါတရား ကျေးဇူးတရားများ နားလည် သိတတ်လှတဲ့ မြန်မာပြည်ရဲ့ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီးများကရော မြန်မာပြည် တင်နေတဲ့ အကြွေးတွေ ဆပ်ပေးလိုက်ရင် ကောင်းလေမလားလို့ မစပ်စုနဲ့အတူ ပြည်သူတွေလည်း တွေးမိကြမယ် ထင်ပါတယ်။
အခုတော့ “ကြွေးတင်ရှင်ဘုရင်ဆပ်”ဆိုတဲ့ စကားပုံလေးက “ကြွေးတင် ပြည်သူဆပ်” ဆိုပြီး ပြောင်းသွားလေတော့မလားလို့ စိုးရိမ် ပူပန်ရင်း..။
ခင်ဗျားပါးစပ် ဆက်ပိတ်ထား
မြန်မာ့ရုပ်ရှင်အစည်းအရုံးဟာ NGO  လို ရပ်တည်ရမယ်၊ အစိုးရနဲ့မဆိုင်တဲ့  လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်သွားမယ် ဆိုပြီး  မြန်မာ့ရုပ်ရှင်လောကသားတွေ တကြော်ကြော် တောင်းဆိုနေရာကနေ မတ်လ ၁၂ ရက်နေ့ နောက်ပိုင်းမှာ  အစည်းအရုံးရဲ့ နာယက၊ အမှုဆောင်သစ်တို့ကို  စိတ်ကြိုက် ရွေးချယ်တင်မြှောက်ခွင့် ရခဲ့ပါတယ်။
မြန်မာ့ရုပ်ရှင်အစည်းအရုံးကို ဆက်ပြီး ချုပ်ကိုင်ဦးမယ် ဆိုတဲ့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း (ဓာတ်ပုံ - ဧရာဝတီ)
ဒီကိစ္စကို မြန်မာ့ရုပ်ရှင်လောကသားတွေနဲ့ ရုပ်ရှင်လုပ်ငန်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ဆုံ ညှိနှိုင်းခဲ့တာပါ။
“အခုလို လုပ်လိုက်တဲ့အခါမှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ချုပ်ကိုင်မှု မပါတော့ဘူး။ နောက် … မဲရွေးတဲ့အခါမှာ ရွေးကောက်တဲ့ အခါမှာ မပါဘူးလို့ ပြောထားပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ရုပ်ရှင်လုပ်ငန်းရဲ့ အုပ်စီးမှု မပါတော့ဘူးပေါ့။ အရင်ကတော့ အနုပညာသည်က တခုခုပြောလိုက်ရင် ခင်ဗျားပါးစပ် ပိတ်ထား၊ ထိုင်ဆိုရင် ထိုင်ရတဲ့ အခြေအနေမျိုး မရှိတော့ဘူးပေါ့” လို့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ဧရာဝတီကို ပြောခဲ့ပါတယ်။
သူပြောသလို “ခင်ဗျားပါးစပ် ပိတ်ထား” ဆိုတဲ့အခြေအနေ မရှိတော့ဘူးလို့ ယူဆရတာပေါ့လေ။
စောစောက ပြောသလို စိတ်ကြိုက် လုပ်ခွင့် ပေးလိုက်ရာကနေ ပြန်ကြားရေးဌာန  ဦးဆောင်ညွှန်မှူး၊ ရုပ်ရှင်လုပ်ငန်း ဦးဆောင်ညွှန်မှူး တို့က ရွေးကောက် တင်မြှောက်ရာမှာ ပါဝင် လုပ်ဆောင်သွားမယ် လို့ မတ်လ ၂ ရက်နေ့မှာ  ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ပြောသွားပြန်ပါပြီ။
ရုပ်ရှင်လောကသားတွေမှာတော့ ၀မ်းနည်းရမလို ၀မ်းသာရမလိုနဲ့ အပြောင်းအလဲ မြန်လှချည်လားရယ်လို့ ပြောဆိုကုန်ကြပါပြီ။
“နိုင်ငံတိုးတက်ကောင်းမွန်အောင် လုပ်နေတဲ့လူ နဲ့ နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းကို နောက်ပြန်ဆွဲနေတဲ့လူ နှစ်ခု ရှိရင်တော့ ကောင်းတာလုပ်တဲ့လူကိုပဲ ဦးစားပေးလိမ့်မယ်လို့ ကျနော်တို့ မြန်မာတွေက ယုံကြည်တယ်ဗျ” လို့ မောင်မျိုးမင်းက ဆိုလိုက်ပါတယ်။
အခုတော့ ရုပ်ရှင်လောကသားတွေ စိတ်ကြိုက် လွတ်လပ်စွာ ရွေးကောက် တင်မြှောက်ခွင့်ရဖို့ တောင်းဆိုထားတာပါ ဆိုမှ ပြန်ကြားရေးနဲ့ ရုပ်ရှင်လုပ်ငန်းကပဲ ကြီးကြပ် လုပ်ကိုင်မယ်လို့ ချက်ချင်း စိတ်ပြောင်းသွားပြန်တော့ “ခုတမျိုးတော်ကြာတမျိုး” လို့ ပြောတာထက် ၊ “ခုတမျိုး ခုတမျိုး” လို့ ဆိုရင် ပိုပြီး သင့်တော်မယ် ထင်ပါတယ်။
မစပ်စု (ဧရာဝတီ)
ဝါဏိဇ္ဖဆုံးဖြတ်ချက်အား ကိုအလုပ်သမားများ အယူခံဝင်မည်
ဝါဏိဇ္ဖဆုံးဖြတ်ချက်အား ကိုအလုပ်သမားများ အယူခံဝင်မည်
by Yangon Press International on Wednesday, March 7, 2012 at 6:23am ·
မတ်၊ ၇ ၊ ၂၀၁၂ (YPI) 
မရမ်းကုန်းမြို့နယ် ၀ါဏိဇ္ဖတရားရုံး၏ ဆုံးဖြတ်ချက်အရ ဆိုပါက အလုပ်သမားများ၏ လုပ်ခလစာသည် ယခင်ကထက်ပင် နည်းသွားနိုင်သဖြင့် ယင်းဆုံးဖြတ်ချက်အား အလုပ်သမားများထဲမှ ကျေနပ်မှု မရှိပဲ ရန်ကုန်တိုင်းဒေသကြီး ၀ါဏိဇ္ဖတရားရုံးသို့ အယူခံဝင်မည်ဟု တိုင်ရီဖိနပ်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင် မမိုးဝေက ပြောသည်။
၎င်းက “ အမိန့်စာထုတ် စတုန်းကတော့ ဟုတ်မလိုလို ရှိခဲ့ပေမယ့် တကယ်တမ်း ရှင်းလင်းချက်တောင်းကြည့်လိုက်တော့ အရင်ကထက်တောင် နည်းသွားသေးတယ်။ ဒါကြောင့် တိုင်းဝါဏိဇ္ဖရုံးကို အယူခံတင်သွားမှာပါ” ဟုပြောသည်။
ဝါဏိဇ္ဖတရားရုံး၏ လက်ရှိဆုံးဖြတ်ချက်အရ အလုပ်သမားများသည် ယခင်က ရရှိသောရက်မှန်ကြေး၊ အတတ်ပညာကြေး၊ ဆုကြေး၊ တာဝန်ကျေကြေး၊ လုပ်သက်ကြေး စသည်တို့ကိုရရှိတော့မည်မဟုတ်ဘဲ စုစုပေါင်းဝင်ငွေအဖြစ် တစ်လလျှင် ၅၁၀၀၀ ကျပ်ကိုသာရရှိမည်ဖြစ်သည်။
တိုင်ရီ ဖိနပ်စက်ရုံ လုပ်သားများ ဆန္ဒပြနေသည်ကို ယခင်သီတင်းပတ် က ယခုကဲ့သို့ တွေ့မြင်ရသည်။
လက်ရှိဆုံးဖြတ်ချက်အားအလုပ်သမားများဘက်မှ သဘောမတူပါက ဖေဖော်ဝါရီလအတွက် လစာကို အလုပ်သမားများ ရရှိနိုင်မည် မဟုတ်ကြောင်း ၀ါဏိဇ္ဖရုံးမှပြောကြားသည်ဟု မမိုးဝေကပြောသည်။
ယခုကိစ္စနှင့် ပတ်သက်၍ အလုပ်သမားကိုယ်စားလှယ်များက အလုပ်ရှင်နှင့် တွေ့ဆုံဆွေးနွေးကြရာ အလုပ်ရှင်ဘက်မှ ယခုလ ၉ ရက်နေ့တွင် လစာများထုတ်ပေးမည်ဟု ပြောကြောင်း ယင်းကဆက်လက်ပြောသည်။
ယခုအချိန်တွင် ဖေဖော်ဝါရီလအတွက် လစာကိုမရရှိသေးသဖြင့် အလုပ်သမားများအနေဖြင့် စားဝတ်နေရေး ကြပ်တည်းလျက်ရှိကြောင်း ၎င်းက ပြောသည်။
တိုင်းဒေသကြီး ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရာတွင် ထူးခြားမှုမရှိပါက အလုပ်သမားများအပေါ်မူတည်ပြီးဆက်လက်ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မမိုးဝေက ဆက်ပြောသည်။
လှိုင်သာယာမြို့နယ် တိုင်ရီဖိနပ်ချုပ်စက်ရုံမှ အလုပ်သမားများသည် တရုတ်နှစ်သစ်ကူးရုံးပိတ်ရက် လစာငွေ ဖြတ်တောက်ခံရမှုအပေါ် မကျေနပ်သဖြင့် ယခင်လ ၆ ရက်နေ့မှ စတင်ဆန္ဒပြခဲ့ရာယမန်နေ့ဆိုလျင်  တစ်လပြည့်ပြီဖြစ်သည်။
ယင်းအလုပ်သမားများသည် တစ်နာရီလျှင် လုပ်ခလစာ ၇၅ ကျပ်မှ ၁၅၀ ကျပ်တိုးမြှင့်ရရှိရေးနှင့် ရက်မှန်ကြေးတစ်လလျှင် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်သို့ တိုးမြှင့်ရရှိရေး စသောအချက်များကို တောင်းဆိုထားပြီးအလုပ်ရှင်ဘက်မှ တစ်နာရီလျှင် လုပ်ခ ၁၀၀ ကျပ်နှင့် ရက်မှန်ကြေး တစ်လလ၊ျှင် ၇၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန် ကမ်းလှမ်းထားသည်။
အလုပ်သမား ၁၈၀၀ ၀န်းကျင်အနက် အချို့မှာအလုပ်ရှင်ဘက်မှတိုးမြှင့်ပေးသည့် နှုန်းထားကိုကျေနပ်ခြင်းမရှိသော်လည်း မိမိတို့၏ စားဝတ်နေရေးကြောင့် လုပ်ငန်းခွင်ပြန်ဝင်လျက်ရှိကြောင်း ယင်းအလုပ်သမားများ၏ခေါင်းဆောင် ဦးမျိုးမင်းသိန်းက ဆိုသည်။        ။
ကယားပြည်နယ်အဆင့် ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုး
မတ်လ (၇) ရက်၊ ၂၀၁၂ (YPI)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့်အစိုးရတို့အကြားပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီမှုကိုမတ်လ (၇)ရက်နေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။
ရထားဝန်ကြီးဦးအောင်မင်းခေါင်းဆောင်သော အဖွဲ့ဝင်( ၁၁) ဦးပါ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် KNPPမှ အတွင်းရေးမှူး-၁ ခူဦးရယ် ဦးဆောင်သော အဖွဲ့ဝင် ၁၆ ဦးပါ ငြိမ်းချမ်းရေးအဖွဲ့တို့သည်လွိုင်ကော်မြို့၌ ပြည်နယ်အဆင့်ဆွေးနွေးပြီးနောက် သဘောတူခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲသို့ တက်ရောက်သူကေအန်ပီပီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်ဦးဒယ်နီယာက“ကျွန်တော်တို့နဲ့ အပစ်အခတ်ရပ်မယ်ဆိုတဲ့ သဘောတူညီချက်တော့ ရတယ်”ဟုပြောသည်။
လွိုင်ကော်မြို့တွင် ယနေ့ ပြုလုပ်သည့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ပဏာမ လက်မှတ်ရေးထိုးပြီးနောက်
နှစ်ဖက် ဆက်ဆံရေးရုံးများထားရှိရန်နှင့် ပြည်ထောင်စုအဆင့် ဆက်လက်ဆွေးနွေးရန်တို့ကိုလည်းသဘောတူ ကြသည်။ပြည်ထောင်စုအဆင့် ဆွေးနွေးမည့်ရက်အတိအကျကိုမူမသတ်မှတ်ရသေးကြောင်းသိရသည်။
ဆွေးနွေးကြရာတွင် KNPPဘက်မှ တောင်းခဲ့သောအချက်(၂၀) လုံးကိုမူအားဖြင့် သဘောတူညီခဲ့ပြီးယင်းမှ အချို့အချက်များကိုပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ၌ ပြန်လည်ဆွေးနွေးသွားမည်ဟု အစိုးရအဖွဲ့ကပြောကြားခဲ့ကြောင်း ဦးဒယ်နီယာကဆိုသည်။
ကေအန်ပီပီအတွင်းရေးမှူး(၂)ဖြစ်သူဦးအောင်ဆန်းမြင့်ကလည်း“ကျွန်တော်တို့အနေနဲ့ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကိုတင်ပြလိုက်ပါတယ်။ အားလုံးကိုဆုံးဖြတ်ချက် တိတိကျကျ သဘောတူညီချက်တွေ မရသေးတဲ့အတွက် တမျိုးတော့ အားမရဘူး။ ဒါပေမယ့် အခြားအဖွဲ့အစည်းတွေမှာ မဖြစ်သေးတဲ့ လေ့လာသူတွေနဲ့ နှစ်ဦးနှစ်ဖက်ဆွေးနွေးရတဲ့အတွက်တော့ အားရပါတယ်”ဟုပြောသည်။
ပြီးခဲ့သည့်ဒုတိယအကြိမ် တွေ့ဆုံမှုတွင် ကေအန်ပီပီဘက်မှဆွေးနွေးပွဲများပြုလုပ်ရာတွင် ကြားခံအဖွဲ့အစည်း သို့မဟုတ် နိုင်ငံတစ်ခုခုက လေ့လာခွင့်ကိုတောင်းဆိုထားခဲ့သဖြင့် ယခုဆွေးနွေးပွဲတွင် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကိုယ်စားလှယ်၊ ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန်နှင့် အမေရိကန်သံရုံးကောင်စစ်ဝန်တို့လာရောက်လေ့လာခွင့်ရခဲ့သည်။
အစိုးရနှင့် အပစ်အခတ်ရပ်မည်ဟုသဘောတူညီချက်ရလိုက်သော်လည်းတပ်စခန်းများကိုရက်(၆၀)အတွင်း ပြန်လည်ရုပ်သိမ်းခြင်း၊ဒေသအတွင်းစစ်လေ့ကျင့်ရေးကျောင်းများတည်ဆောက်ခြင်း၊ တပ်ဖွဲ့ တပ်စခန်းများထပ်မံတိုးချဲ့ခြင်းမပြုရန် တို့ကိုမူသဘောတူညီမှုမရသေးကြောင်းဦးဒယ်နီယာကပြောသည်။
“ငြိမ်းချမ်းရေးတကယ်လုပ်မယ်ဆိုရင် အစိုးရတပ်တွေ ရှိနေသေးတော့ တစ်ခါတစ်လေထပ်ဖြစ်နိုင်သေးတယ်။ ငြိမ်းချမ်းရေးလုပ်မယ်ဆိုရင်တပ်တွေ လျော့လေလေ ငြိမ်းချမ်းရေးအတွက် အကျိုးရှိလေလေပေါ့။”ဟုသူကပြောသည်။
KNPP နှင့် အစိုးရတို့သည် ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၂၉ရက်နေ့တွင် ထိုင်းနိုင်ငံမယ်ဆိုင်မြို့၌တစ်ကြိမ်၊ ၂၀၁၂ ခု ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်ထိုင်းနိုင်ငံချင်းမိုင်မြို့၌ တစ်ကြိမ် ပဏာမတွေ့ဆုံဆွေးနွေးခဲ့သေးသည်။
ကေအန်ပီပီနှင့် ယခင်စစ်အစိုးရတို့အကြား ၁၉၉၅ ခုကလည်းအပစ်အခတ်ရပ်စဲခဲ့ပြီးသုံးလအကြာတွင် ပျက်ပြားသွားခဲ့သည်။     ။
ဒီမိုကရေစီရေးအတွက် ဆက်အားပေးဖို့ နယူးဇီလန်ကို ဒေါ်စုတိုက်တွန်း
ဓာတ်ပုံ Khin Maung Win
နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Murray McCully နဲ့ ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံကို ၂ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ နယူးဇီလန်နိုင်ငံခြားရေး ဝန်ကြီး မာရေး မက်ကာလီ (Murray McCully) ဟာ ဒီကနေ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတက်လာပြီးတဲ့နောက်ပိုင်း ပထမဆုံးလာရောက်တဲ့ နယူးဇီးလန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ် အတွင်း အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လို မှတ်ချက်ချခဲ့ပါသလဲ ဆိုတဲ့ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး လာရောက်ခဲ့တဲ့ နယူးဇီးလန် နိုင်ငံခြားရေးဝန်ကြီး မာရေး မက်ကာလီ ကို မတ်လ ၇ ရက် ဗုဒ္ဓဟူးနေ့မနက်က သူမရဲ့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ တွေ့ဆုံခဲ့တာပါ။
ဧပြီလ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေအပေါ် နယူးဇီလန်က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး နယူးဇီးလန် နိုင်ငံခြားရေးဝန်ကြီး မာရေးမက်ကာလီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို အခုလို ပြောဆိုခဲ့ပါတယ်။
“ဖြစ်ပေါ်နေတဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကနေ လက်တွေ့ အကျိုးရလဒ်တွေကို လူထုက သေချာပေါက်ရနိုင်အောင် ကျနော်တို့ လုပ်ရပါလိမ့်မယ်။”
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ နယူးဇီးလန်နိုင်ငံဟာ သူမ နှစ်သက်တဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်တယ်လို့ ရည်ညွှန်းရင်းနဲ့ အခုလို ပြောဆိုခဲ့ပါတယ်။
“ကျမတို့ နိုင်ငံဟာ သေးငယ်တဲ့ တိုင်းပြည်လေးတခု မဟုတ်သလိုဘဲ ကြီးမားတဲ့ နိုင်ငံတခုလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမတို့မှာ ဖြေရှင်းရ မယ့် ပြဿနာတွေကတော့ အများကြီးကို ရှိနေပါတယ်။ ဒီမိုကရေစီ ထူထောင်တဲ့လမ်းကြောင်းကို လျှောက်လှမ်းတဲ့နေရာမှာ ကျမတို့ကို ကူညီဖို့အတွက် နယူးဇီးလန်က မိတ်ဆွေတွေက ပိုပြီး နားလည်မယ်ဆိုတာ သေချာပါတယ်။”
ဒါ့အပြင် မစ္စတာ မက်ကာလီဟာ အင်္ဂါနေ့က မြန်မာသမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံမှုအပေါ် မစ္စတာ မက်ကာလီ က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်သာမြင့် က ပြန်ပြောပြပါ တယ်။
“အစိုးရဘက်က ပုဂ္ဂိုလ်တွေနဲ့လည်း သူတွေ့ခဲ့တဲ့အကြောင်း ပြောပါတယ်။ သူ တွေ့ခဲ့တဲ့အထဲမှာတော့ အကုန်လုံးက ပြုပြင်ပြောင်းလဲမှု အတွက်ကို အကုန်လုံးက လိုချင်နေတယ်လို့ သူလည်း ယူဆတယ်ပေါ့နော်- အဲဒီလို ပြောပါတယ်။ နောက်ပြီးတော့မှ ကျနော်တို့ရဲ့ အခြေအနေပေါ့နော်- အခုလောလောဆယ်မှာ အရေးအကြီးဆုံးက ကြားဖြတ်ရွေးကောက်ပွဲဆိုတော့ အဲဒါနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုလည်း ပြောဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ တွေ့ကြုံခဲ့ရတဲ့ဟာတွေကိုပဲ ပြန်ပြောတာပေါ့။ ပြန်ပြောတယ်ဆိုတာမှာ အဓိက ကတော့ မဲစာရင်းတွေမှာ မှားနေတဲ့ဟာတွေပေါ့နော်- ကျန်တာတွေကတော့ နောက်ပိုင်းကို နယူးဇီလန်အနေနဲ့၊ ဒါမှမဟုတ်လို့ရှိရင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျနော်တို့အခုဖြစ်နေတဲ့ ဒီမိုကရက်တစ် ထရန်စဖော်မေးရှင်း (Democratic Transformation) ပေါ့ဗျာ- အဲဒီဟာတခုလုံးကို ဘယ်လို ကူပေးနိုင်မလဲဆိုတာကို-ဒါကိုပဲ မေးတာပါ။”
ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီဝင်တွေဟာ မြန်မာနိုင်ငံကို နိုင်ငံရေးအရ အများက ယုံကြည်လက်ခံမှုပေးနိုင်မယ့် ပြီးတော့လည်း အနောက်အုပ်စုနိုင်ငံတွေရဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းသွားအောင် အထောက်အကူဖြစ်စေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ လွှတ်တော်နေရာ ၄၈ နေရာစလုံးကို ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ဒါ့အပြင် ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ဒီကြားဖြတ်ရွေးကောက်ပွဲဟာ နိုင်ငံတကာရဲ့  အရေးယူ ဒဏ်ခတ်မှုတွေကို ပြန်လည်ဆန်းစစ်တဲ့ နေရာမှာ အဓိက စမ်းသပ်ချက်လည်း ဖြစ်တယ်လို့ မြန်မာပြည်ကို လာရောက်ကြတဲ့ ခေါင်းဆောင်တွေက ပြောဆိုထားတာပါ။
စစ်တပ်က ခန့်အပ်ထားသူတွေနဲ့ ကျောထောက် နောက်ခံပေးထားသူတွေ လွှမ်းမိုးနေတဲ့ လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေ အောင်မြင်အောင် လုပ်နိုင်မှာလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
နယူးဇီလန်နဲ့ မြန်မာနိုင်ငံ ၂ နိုင်ငံကြား အပြန်အလှန် ဆက်ဆံမှုတွေ ရှိပေမဲ့လည်း နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိတဲ့ မြန်မာနိုင်ငံနဲ့ သံတမန်ရေး၊ ကုန်သွယ်ရေး ဆက်ဆံမှုတွေကတော့ ကြီးကြီးမားမား မရှိပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံကို နိုင်ငံခြားရေး ဝန်ကြီးတဦးအနေနဲ့ မစ္စတာ မက်ကာလီ လာရောက်ခဲ့တာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဒါ့အပြင် နယူးဇီးလန်နိုင်ငံမှာ ဝန်ကြီးဌာနအမှုထမ်း ၃ဝဝ လောက် အလုပ်ဖြုတ်ခံရတော့မယ့်အချိန်မှာ - မစ္စတာ မက်ကာလီရဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်အတွင်း ဒေါ်လာ ၂ သောင်း ၆ ထောင် ကုန်တဲ့ စင်းလုံးငှား လေယာဉ်ကို အသုံးပြုခဲ့တဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေ လည်း ရှိနေတာဖြစ်ပါတယ်ရှင်။
VOA
အင်တာနက် Hacker အဖွဲ့ Anonymous ခေါင်းဆောင်ကို ဖမ်းလိုက်ပြီ
Anomymous- အမည်မသိလို့ခေါ်တဲ့ နိုင်ငံတကာ ကွန်ပြူတာကွန်ယက် ဖောက်ထွင်းရေးအဖွဲ့ကြီးရဲ့ ခေါင်းဆောင်တချို့ဟာ အခုတော့ အမည်မသိတွေ မဟုတ်ကြတော့ပါဘူး- အမည်တွေ ပေါ်ကုန်ပါပြီ။
ကွန်ပြူတာဖောက်ထွင်းသူ ဟက်ကာ (Hacker) ဇေဗီယာ မွန်ဆေးဂူးလ် (Xavier Monsegur) အပါအဝင် ထိပ်တန်းကွန်ပြူတာဖောက်ထွင်းသူ ဟက်ကာ ၆ ဦးကို ဖမ်းဆီးလိုက်ပြီဖြစ်တဲ့အကြောင်း နယူးယောက် အာဏာပိုင်များက အင်္ဂါနေ့မှာ အသိပေး ကြေညာပါတယ်။
ဟက်ကာများကို ဖမ်းဆီးနိုင်ဖို့အတွက် ဟက်ကာနာမည်ဝှက် ဆာဘူး (Sabu) လို့ သိကြတဲ့ ဇေဗီယာမွန်ဆေးဂူးလ်က အာဏာပိုင်များနဲ့ ပူးပေါင်းကူညီမှု ပေးခဲ့တယ်လို့ အာဏာပိုင်များက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ဇေဗီယာမွန်ဆေးဂူးလ်ဟာ ကွန်ပြူတာများ ဖောက်ထွင်းခဲ့တဲ့အကြောင်း ဝန်ခံဖြောင့်ချက်ပေးခဲ့ပါတယ်။
အခုအခါမှာ ဒေါ်လာ ၅ သောင်းတန်တဲ့ အာမခံနဲ့ အပြင်မှာ ရှိနေပါတယ်။ ဧရာမ credit (အကြွေး) ကဒ် ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ ဗီဇာနဲ့ မာစတာကဒ်တို့ကိုလည်းကောင်း၊ ကွန်ပြူတာကတဆင့် ငွေချေမှု ဝန်ဆောင်လုပ်ငန်း Paypal ကိုလည်းကောင်း၊ တူနီးရှား၊ အယ်လ်ဂျီးရီးယား၊ ယီမဲန်၊ ဇင်ဘာဘွေ အစိုးရတွေနဲ့ အမေရိကန်ဆီးနိတ် ကွန်ပြူတာစနစ်တွေကို ဖောက်ထွင်းခဲ့တဲ့အကြောင်း ဇေဗီယာ မွန်ဆေးဂူးလ်က ဝန်ခံဖြောင့်ချက်ပေးခဲ့ပါတယ်။
တခြား ဟက်ကာအုပ်စုတွေဖြစ်ကြတဲ့ Lulz Security နဲ့ Internet Feds မှာလည်း မွန်ဆေးဂူးလ်ပါဝင်ခဲ့ကြောင်း ရုံးတော်ကိုတင်တဲ့ စာရွက်စာတန်းများမှာ ပါဝင်ပါတယ်။
VOA
မကွေးမြို့ မှာ ငါးမင်းဆွေအမည်နဲ့ ဒေါ်စု ကို အပုပ်ချတဲ့စာတွေဖြန့်ဝေနေ
မတ်လ ၇ ရက်နေ့ ၂၀၁၂  
 ဒေါ်အောင်ဆန်းစုကြည် ကို အပုပ်ချထားတဲစာတွေ ကောင်မလေး (၃) ယောက်တစ်ဖွဲ့  ပြီးတော့ ကောင်လေး (၂) ယောက် တစ်ဖွဲ့ဖြန့်ဝေနေတာပါ။ ပတ်ဝန်းကျင်က လူတွေ
ရုတ်ရုတ်သဲသဲဖြစ်လာတော့ ငါးမင်းဆွေ အမည်ခံ အပုပ်ချစာ ဖြန့် ဝေနေသူတွေ 
ထွက်ပြေးသွားကြတယ်လို့ မျက်မြင်တွေ့ ရှိုသူ မကွေးမြို့ ခံကပြောပါတယ်။
 Myanmar News Now
တောင်ငူလူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ဂျင်ကလိ ထိမှန်
တောင်ငူမြို့ လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ ရစဉ်
 ဟောပြောနေစဉ် ဂျင်ကလိ နဲ့ ချောင်းမြောင်းတိုက်ခိုက်ခံရကြောင်းသိရပါတယ်။ 
ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကို တာဝန်ယူထားတဲ့ နယ်မြေခံလုံခြုံရေးအဖွဲ့ ဝင်တဦး ဂျင်ကလိ ထိမှန်ခံခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် တရားဟောနေတဲ့ စဉ်မြင့်ဘက်ရှိ လုံခြုံရေးကို လာ
ရောက်ထိမှန်တာဖြစ်ပြီ ဂျင်ကလိထိမှန်ခံထားရတဲ့ လုံခြုံရေးအဖွဲ့ ဝင်ကို
ယခုအခါ တောင်ငူဆေးရုံမှာတင်ထားကြောင်း Myanmar News Now
မှ စုံစမ်းသိရှိရပါတယ်။
Myanmar News Now
ဒေါ်အောင်ဆန်းစုကြည် ပဲခူးတိုင်းခရီးစဉ် ( သတင်း-ဓါတ်ပုံ)
ဒေါ်အောင်ဆန်းစုကြည် ကို တောင်ငူမြို့ Royal Kaytumadi Hotel မှာတွေ့ ရစဉ်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တောင်ငူမြို့ Royal Kaytumadi Hotel သို့ ၆-၃-၂၀၁၂ နေ့လည် ၁း၀၀ နာရီတွင် ရောက်ရှိလာပြီး နေ့လည်စာ စားသုံးကာ ၁း၄၅ တွင်ပြန်လည်ထွက်ခွာသွားပါသည်။
ဒေါ်အောင်ဆန်းစုကြည် တောင်ငူမြို့ လူထုဟောပြောပွဲမှာတွေ့ ရစဉ်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် တောင်ငူမြို့
လွတ်လပ်ရေးကျောက်တိုင်ကွင်း အတွင်းသို့ ၆-၃-၂၀၁၂  နေ့လည် ၂း၁၅ တွင်
ရာက်ရှိကာ ပရိသတ်ကို  မိနစ်သုံးဆယ်ခန့်စကားပြောပြီး
ပြန်လည်ထွက်ခွာသွားသည်။
ဒေါ်အောင်ဆန်းစုကြည် အုတ်တွင်းမြို့ လူထုဟောပြောပွဲ
 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပဲခူးမြို့နောက်ဆုံးခရီးစဉ်ဖြစ်
သော အုတ်တွင်းမြို့လူထုဟောပြောပွဲကို ၆-၃-၂၀၁၂ ညနေ ၅း၀၀ နာရီခန့်တွင်
 ဟောပြောခဲ့ပြီး ၅း၅၀ တွင် ရန်ကုန်သို့ပြန်လည်ထွက်ခွာသွားသည်။
ဟောပြောပွဲများသို့သောင်းချီနေသော ပြည်သူများတတ်ရောက်ကျသည်။
သတင်း-ဓါတ်ပုံ D-Wave
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်