MAIလေကြောင်းလိုင်းအား ဗုံးဖောက်ခွဲရန် ခြိမ်းခြောက်စာကြောင့် ရန်ကုန်ရှိ ကုလ၀န်ထမ်းများအကြား သတိပေးချက်ထုတ်ပြန်

ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၁၂

မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း( MAI) အား ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့ တို့ တွင် ဗုံးခွဲရန် ခြိမ်းခြောက် သတိပေးစာပို့ ခံရမှုကြောင့် ရန်ကုန်ရှိ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းများနှင့် သံရုံးများအကြား ဖေဖော်ဝါရီလ ၇ ရက်နေ့ ကသတိပေးစာတွေ ထုတ်ပြန်ထားပါတယ်။ "Son of Allah" အလာရဲ့ သား လို့ အမည်ပေးထားတဲ့ အစွန်းရောက်အဖွဲ့ တခုက MAI ကို ပေးပို့ တဲ့ ဒီစာမှာ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ဂရက် နေ့ တို့ မှာ ရန်ကုန်ကနေ ပျံသန်းမယ့် MAI ရဲ့ ညနေပိုင်း လေကြောင်းခရီးစဉ် တခုခု အပေါ်မှာ ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ထားတယ်လို့ ပါရှိကြောင်း သတိပေးစာတွေ ထဲမှာ ဖော်ပြထားပါတယ်။ ဒီစာကို ဘယ်သူဘယ်ဝါတွေကပို့ တယ်၊အစစ်အမှန်လား၊ခြိမ်းခြောက်မှု သက်သက်လား စတာတွေကို သေချာမသိသေးပေမယ့် ၀န်ထမ်းတွေအနေနဲ့ အဲဒီနေ့ တွေမှာ ပျံသန်းမယ့် လေကြောင်းလိုင်းတွေကို ရှောင်ဖို့ စာထဲမှာ တိုက်တွန်းထားပါတယ်။ ဒီအသိပေးချက်ကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကနေ စတင်ရရှိခဲ့တာဖြစ်ပြီး ကုလ၀န်ထမ်းတွေ အတွင်းကြားမှာပဲ အသိပေးထားတာ ဖြစ်တယ်လို့ ရန်ကုန်ရှိ ကုလ၀န်ထမ်းတဦးက ပြောပါတယ်။ ဘန်ကောက်ရှိ MAI လေကြောင်းရုံးကို မေးမြန်းကြည့်ရာမှာတော့ အခုလို သတင်းနဲ့  အသိပေးချက်တွေကို မဟုတ်ကြောင်း ပြောဆိုပါတယ်။ရန်ကုန်ကလုံခြုံရေးဆိုင်ရာ အဖွဲ့ အစည်းတွေဆီကလည်း အခုလို ခြိမ်းခြောက် စာနဲ့ ပက်သက်လို့ အသိပေး ထုတ်ပြန်ချက်တွေ မတွေ့ ရသေးပါဘူး။ ၁၉၅၀ က စတင်ပျံသန်းခဲ့တဲ့ MAI လေကြောင်းလိုင်း ရဲ့ ပြည်တွင်းခရီးစဉ် တချို့ မှာ အရေးပေါ်ဆင်းသက်ရမှုနဲ့ ထိခိုက်ပျက်စီးရမှုတွေ ရှိခဲ့ပေမယ့် ကုမ္ပဏီရဲ့ အင်တာနက်စာမျက်နှာပေါ်မှာတော့ ရာနှုန်းပြည့် ထိခိုက်မှုမရှိ ခဲ့ဘဲ လုံခြုံစိတ်ချရတဲ့ လေကြောင်းလိုင်းဖြစ်နေသေးကြောင်း ဖော်ပြထားပါတယ်။

ဘားမားဗီဂျေ

ပုဂံမြို့ မှ တိုင်ကြားစာ


CIA ညွှန်ကြားရေးမှူး မြန်မာပြည်သို့ လာရောက်ဖွယ်ရှိ

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ညွှန်ကြားရေးမှူး Mr. David H. Petraeus သည် မြန်မာနိုင်ငံသို့ သွားရောက်ဖွယ်ရှိကြောင်း သတင်းရရှိသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မစ္စတာ Petraeus ကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မှ အမည်မဖော်လိုသည့် အမေရိကန်အရာရှိတဦးကို ကိုးကား၍ နယူးယောက်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။
ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆူရာပေါင်ကလည်း မစ္စတာ Petraeus နှင့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဘန်ကောက်တွင် တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲ၌ မစ္စတာ Petraeus သည် မြန်မာနိုင်ငံသို့ သွားလိမ့်မည်ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။
ယမန်နှစ် စက်တင်ဘာလက ဝါရှင်တန်ရှိ သမ္မတ အိမ်ဖြူတော်တွင် CIA ညွှန်ကြားရေးမှူးအဖြစ် ကျမ်းကျိန်ပြီးနောက် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ - Getty Images)
ယခုကဲ့သို့ CIA ညွှန်ကြားရေးမှူးတဦးအနေဖြင့် မြန်မာနိုင်ငံသို့လာရောက်ရန်ရှိခြင်းသည် အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမို တိုးမြှင့်လာဖွယ်ရှိပြီး အမေရိကန်က သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ထားမည့်ကိစ္စနှင့်လည်း ဆက်စပ်နိုင်ကြောင်း သံအမတ်ကြီးဟောင်း၊ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ဧရာဝတီသို့ ပြောသည်။
“အမေရိကန် CIA နဲ့ မြန်မာနိုင်ငံက လွတ်လပ်ရေးရပြီး ဖဆပလ ခေတ်ကတည်းက စစ်ရေး နိုင်ငံရေး အစုံပေါ့၊ သူတို့နဲ့ ဆက်ဆံရေးရှိခဲ့တာ။ နောက် ဦးနေ၀င်း ခေတ်အထိပေါ့။ မြန်မာနိုင်ငံက တရုတ်တို့၊ အမေရိကန်တို့အတွက် မဟာဗျူဟာ ကျတယ်” ဟု သခင်ချန်ထွန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် CIA သည် စီးပွားရေး၊ ကုန်သွယ်ရေး၊ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး စသည့် အဖက်ဖက်က သတင်းများကို သိရှိအောင် လုပ်လေ့ရှိကြောင်း၊ မြန်မာက တရုတ်နှင့် နီးနီးကပ်ကပ်ရှိသည်ကို ချိန်ခွင်ရှာညှိရန်လည်း ယခုကဲ့သို့ ညွှန်ကြားရေးမှူးအဆင့် လာခြင်းဖြစ်နိုင်ကြောင်း သခင် ချန်ထွန်းက သုံးသပ်သည်။
မြန်မာ့ တပ်မတော်မှ စစ်အရာရှိများကိုလည်း အမေရိကန် စစ်တက္ကသိုလ်များသို့ ယခင်က ပညာသင်စေလွှတ်ခဲ့ကြောင်း၊ ၀န်ကြီးချုပ် ဦးနုလက်ထက်မှစ၍ ဦးနေ၀င်းခေတ်အထိ မြန်မာနိုင်ငံသည် အမေရိကန်၊ တရုတ်၊ ရုရှား အင်အားကြီးနိုင်ငံများအကြား ဘက်မလိုက် ဟန်ချက်ညီ ရပ်တည်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှအစ စစ်ရေး၊ နိုင်ငံရေးအဆုံး မြန်မာ-အမေရိကန် ဆက်ဆံရေး ကျယ်ပြန့်ခဲ့သည်ဟု သခင်ချန်ထွန်းက ဆက်လက်ပြောသည်။
၂၀၀၄ ခုနှစ်က စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါများ ဖယ်ရှား ခံရပြီးနောက် အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခဲ့သည့် တန်ပြန်စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး အောင်လင်းထွဋ် ကလည်း ၁၉၈၈ ခုနှစ် မတိုင်မီအထိ မြန်မာစစ်ထောက်လှမ်းရေးနှင့် အမေရိကန် ထောက်လှမ်းရေး အနီးကပ်ရှိခဲ့ပြီး အထူးသဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများတွင်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ကင်းကွာခဲ့ကြောင်း ပြောဆိုခဲ့ဖူးသည်။
အမေရိကန် CIA က အလိုရှိသော ဘိန်းဘုရင် ဦးခွန်ဆာကို မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေအိမ်အကျယ်ချုပ် ချထားခဲ့ပြီး ဦးခွန်ဆာ ကွယ်လွန်ချိန်အထိ အကာအကွယ်ပေးခဲ့သည်။
စစ်သက် ၃၇ နှစ်ရှိ ဗိုလ်ချုပ်ကြီးဟောင်း မစ္စတာ Petraeus ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် အမေရိကန် သမ္မတ အိုဘားမားက CIA ညွှန်ကြားရေးမှူး ခန့်အပ်ခဲ့သည်။
မစ္စတာ Petraeus သည် ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲတွင် နံမည်ကြီး အမှတ် ၁၀၁ လေကြောင်းချီ တပ်မဟာ၏ ကွပ်ကဲရေးမှူး ဖြစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် အီရတ်စစ်မြေပြင်တွင် အထင်ရှားဆုံး စစ်ဆင်ရေး ကွပ်ကဲရေးမှူးဖြစ်ခဲ့သည်။ အာဖဂန်နစ္စတန် စစ်ဆင်ရေးတွင်လည်း ထိပ်တန်း စစ်ဆင်ရေးကွပ်ကဲမှု တာဝန်ယူခဲ့သူ ဖြစ်သည်။
အမေရိကန်တွင် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုကြီး ဖြစ်ပွားပြီးနောက် မစ္စတာ Petraeus သည် ထောက်လှမ်းရေး အချက်အလက်များရရှိရန် သူလျှိုစစ်ဆင်ရေးများကို ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အီရန်နှင့် အခြားနိုင်ငံများတွင် လျှို့ဝှက် စီစဉ်ခဲ့သူလည်းဖြစ်သည်။
မစ္စတာ Petraeus သည် နိုင်ငံတကာ ဆက်ဆံရေး အထူးပြုဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိထားသည်။
ဧရာဝတတီ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဝန်ခံမှုများ တိုက်တွန်းမှုများ ပြုလုပ်

တပ်မတော်တွင် နှစ် ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း တယောက်
ဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တိုင်းပြည် အခြေအနေနှင့် ပတ်သက်၍ ဝန်ခံမှုတချို့ ပြုလုပ်ခဲ့ပြီး  အမှန်တကယ် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ကြရန် လွှတ်တော် အမတ်များကို တိုက်တွန်း ပြောဆိုသွားသည်။

"အမှန်အတိုင်း ဝန်ခံပြောဆိုရမည်ဆိုလျှင် ယနေ့ တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများ၏ လက်ရှိ ရရှိနေသော လုပ်ခ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများသည် ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေမရှိကြပါ။ အခြေခံစားဝတ်နေရေး၊ လူမှုရေးအတွက် လောက်ငစွာ မရရှိပါ" ဟု နိုင်ငံ့ဝန်ထမ်းများ လုပ်ခ လစာများ တိုးမြှင့်ပေးရန်
ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။

“လုပ်ခ၊ လစာနည်းတာကို အကြာင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက်စာတမ်းကြေးများ တောင်းယူခြင်းနင့် အခြားမလျော်ကန်သော လာဘ်ပေးလာဘ်ယူဆန်သည့် ပြုမူဆောင်ရွက်ခြင်းများကို နေရာအနှံ့ ဌာနအများစုလိုလိုပင် တခုမဟုတ်တခု ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတာကို ဝမ်းနည်းစွာ ကြားသိနေရပါတယ်” ဟုလည်း ပြောသွားသည်။
shwemann
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တိုင်းပြည် အခြေအနေနှင့် ပတ်သက်၍ အမှန်တကယ် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ကြရန် လွှတ်တော် အမတ်များကို တိုက်တွန်း ပြောဆို (ဓါတ်ပုံ မဇ္ဈိမ)

နိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အခြေခံထုတ်ကုန် ထုတ်လုပ်သူများမှာလည်း အရှုံးပေါ်နေပြီး “အရှုံးပေါ်နေမှုဟာ
နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ပါ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ဝန်ထမ်းများကို များစွာ ထိခိုက်နေရပါတယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပြီး တာဝန်ရှိသူများက ဆောင်ရွက်မပေးရာလည်း
ရောက်ပါတယ်။ ဒီအခြေအနေများကို ဝမ်းနည်းစိတ်မကောင်းစွာဖြင့် လက်ခံနေရမည့် အချိန်မဟုတ်တော့ပါဘူး” ဟုလည်း သူရဦးရွှေမန်း က ထည့်သွင်း ပြောသွားသည်။

မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် အမိန့်ညွှန်ကြားချက်ဖြင့် နွေစပါး၊ မိုးစပါး စိုက်ပျိုးစေခြင်းသည်လည်း ဒေသ၏
ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပြီး၊ အသေးစိတ် လေ့လာခြင်းမရှိသည့် ဆည်စီမံကိန်းများကြောင့် အချို့ဒေသများတွင် လယ်မြေများ ရေကြီးကာ စိုက်ပျိုးနိုင်ခြင်း မရှိဟုလည်း ထောက်ပြ
ပြောဆိုသွားသည်။

မြန်မာနိုင်ငံရှိ စက်ရုံ အလုပ်ရုံများ၊ လျှပ်စစ် ဓာတ်အားပေးစက်ရုံများ၏ အခြေအနေနှင့် ပတ်သက်၍လည်း “စက်ရုံသာ ပြီးစီးပြီး ကျွမ်းကျင်လုပ်သားမရှိ၊ လုပ်သားမလုံလောက်၊ စက်ရုံသာပြီးစီးပြီး လျှပ်စစ်ဓာတ်အား မလုံလောက်၊ လျှပ်စစ်ဓာတ်အားမရ၊ စက်ရုံသာပြီးစီးပြီး စွမ်းအင်(Energy) ခေါ် Gas မလုံလောက်၊ Gas မရ၊ အခြားလိုအပ်သော
လောင်စာစွမ်းအင်များမရ၊ ကုန်ကြမ်းများ မလုံလောက်၊ ကုန်ကြမ်းများမရ" ဟုလည်း ထည့်သွင်းပြောသွားသေးသည်။

အတိတ်မှ မှားယွင်းမှုများကို သင်ခန်းစာယူကာ ပြုပြင်ပြောင်းလဲမှုများ ရဲဝံ့စွာ ဆောင်ရွက်သွားကြရန်လည်း သူ၏ လွှတ်တော်တွင်း ဆွေးနွေးမှုတွင် ဦးရွှေမန်းက ထည့်သွင်း ပြောကြားသွားသေးသည်။

“အတိတ်က ဖြစ်ပျက်ခဲ့တဲ့ကိစ္စများကို ပြစ်တင်ဝေဖန်မှုပြုနေလျှင်လည်း ဘာမှအကျိုးမထူးပါ။ အတိတ်အပေါ် သင်ခန်းစာများယူပြီး ရဲဝံ့စွာ ပြုပြင်ဆောင်ရွက်သွားဖို့ပဲ လိုပါတယ်။ အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ကြရပါ မယ်။ ခံယူချက်(Concept)တွေ၊ စိတ်ထား(Mind set)တွေ ခေတ်မီဖို့ ခေတ်နှင့်လျော်ညီဖို့ လိုပါတယ်။ ကောင်းတာ
ဖြစ်ဖို့ ပြောင်းလဲကြရအောင်ပါ။ ကိုယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံသားကို တကယ်ချစ်လျှင် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် ဘာသာအယူအစွဲမထားဘဲ စီမံဆောင်ရွက် ကြရအောင်ပါ။ သန်း ၆ဝ သော ပြည်သူလူထုကြီး၏ မျက်နှာနှင့် အကျိုးစီးပွားကိုကြည့်ကြရအောင်ပါ” ဟု ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များကို ပြောဆိုသွား သည်။

ဦးရွှေမန်းက သူ၏ လွှတ်တော်အတွင်း တင်ပြမှုများနှင့်ပတ်သက်၍ “ကျနော်တင်ပြနေတာက ပြည်သူများရဲ့ အသံ
တွေပါ၊ ပြည်သူများထဲမှ ဝန်ထမ်းများ၏ အသံတွေပါ၊ ပြည်သူ့ရဲ့ ဆန္ဒတွေပါ။ ပြည်သူများ၏ မျှော်လင့်ချက်တွေပါ။
ပြည်သူများ၏ မျှော်လင့်ချက်တွေကို ဤပြည်ထောင်စုလွှတ်တော်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာ အမြင့်ဆုံးသော သြဇာအကြီးမားဆုံးသော ဤလွှတ်တော်ကြီးက အတည်ပြုပေးပါ” ဟုလည်း ထည့်သွင်းပြောသွား သည်။

အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးရွှေမန်းသည် ဇန်နဝါရီလ ၂၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ပါတီ၏ အထူးအစည်းအဝေးတွင်လည်း သူ၏ ပါတီဝင်များကို “အမြီးရ အမြီးစား၊ ခေါင်းရ ခေါင်းစား မလုပ်ကြနဲ့တဲ့။ စစ်ဆေးလို့ရှိရင်တော့ အကုန်ပြုတ်မှာ" သတိပေးသွားကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီမှ ဗဟိုဦးစီး အဖွဲ့ဝင် တဦးက မဇ္ဈိမကိုပြောသည်။

ဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်တပ်တပ်မှ ၂ဝ၁ဝ ခုနှစ်တွင် အနားယူကာ အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသူ ဦးရွှေမန်းသည် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလအတွင်းက နေပြည်တော်တွင်ပြုလုပ်သည့် “ကမ္ဘာ့ ဒီမိုကရေစီနေ့” တွင် မိမိကိုယ်ကိုယ် “ဒီမိုကရေစီ ဘက်တော်သား” ဟု သုံးနှုန်းပြောဆိုခဲ့သူလည်းဖြစ်သည်။

၁၉၆၉ ခုနှစ်တွင် စစ်တက္ကသိုလ် (Defence Services Academy) အမှတ်စဉ် ၁၁ ကျောင်းဆင်း သူရဦးရွှေမန်းသည် တပ်မတော်တွင် ၁၉၆၉ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူး၊ ၂ဝဝ၃ ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး၊ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၂ဝ၁ဝ တွင် တပ်မှ အနားယူကာ
နေပြည်တော် ဇေယျာသီရိမြို့နယ်မှ ကြံ့ခိုင်ရေးပါတီပြည်သူ့လွှတ်တော် အမတ်အဖြစ် ဝင်ရောက်အရွေးခံကာ အနိုင်ရခဲ့သူဖြစ်သည်။

အသက် ၆၅ နှစ်ရှိပြီဖြစ်သည့် ဦးရွှေမန်းသည် ဦးသိန်းစိန်အစိုးရ၏ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။
ချင်းမိုင် (မဇ္ဈိမ) ။          ။ 

လစာတိုးပေးမည်ဆိုတဲ့ ဦးရွှေမန်း မိန့်ခွန်း အပြည်အစုံ (အသံဖိုင်)

Shwe Mahn Parliament speech 07022012 by dvbradio

အစိုးရ ဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက အဆိုတင် သွင်းတာကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။
ဖေဖော်ဝါရီ (၇)ရက်နေ့ လွှတ်တော်မှာ ပြောကြားသွားသော ဦးရွှေမန်း မိန့်ခွန်း အသံဖိုင်
ဒီဗွီဘီ

အိုးဝေသံကျူး၊ ခွပ်ဒေါင်းမြူးစေ

ယခုအပတ် True News Journal အတွက်ရေးခဲ့သော ဆောင်းပါးဖြစ်ပါတယ်။ ဆင်ဆာထိလို့ အဖြုတ်ခံရတာကြောင့် FB မှာတင်လိုက်တာပါ။

                        
၂၅.၁.၂၀၁၂ နေ့ခင်းက မင်းကိုနိုင်ရောက်လာပြီး နှုတ်ဆက်ပါတယ်။ သူနဲ့အတူ သူ့ရဲဘော်နှစ်ယောက် ပါလာတယ်။ ဂျာနယ်တွေ မပြတ်ဖတ်နေရလို့ ပြင်ပအခြေအနေတွေ သိသင့်တာ မှန်သမျှသိထားတာ တွေ့ရလို့ ၀မ်းသာရတယ်။ အထူးသဖြင့် ကျန်းကျန်းမာမာနဲ့ လူလုံးမပျက် ပြန်ရောက်လာတာ တွေ့ရလို့ ပိုပြီးဝမ်းသာရတယ်။

တစ်လေသံတည်းထွက်
အတော်ကြာကြာ စကားစမြည်ပြောပြီးတဲ့အခါက ဆုံးမစကားတွေ ကြားပါရစေဦးလို့ ပြောလာတယ်။ ပြောစရာမလိုပါဘူး။ ထောင်ထဲမှာ အကြာကြီးနေပြီး ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ကြမှာ ဖြစ်ပေမယ့် ပြည်သူတွေကြားမှာနေပြီး၊ ပြည်သူတွေအတွက် နိုင်ငံရေး ဆက်လုပ်မယ် ဆိုတဲ့ ရပ်တည်ချက်ကတော့ တစ်ဆံချည်လောက်တောင် ရွေ့လျားမသွားခဲ့ဘူး။ သရက်ထောင်က လွတ်တဲ့သူရော၊ တောင်ကြီးထောင်က လွတ်တဲ့သူရော၊ ကလေး၊ခနီး္တ စတဲ့ ထောင်တွေကလွတ်တဲ့သူရော၊ တိုင်ပင်မနေရဘဲနဲ့ တစ်ခွန်းတည်းသော စကားကို တညီတညွတ်တည်း ပြောကြတယ်။ ပါတီမထောင်ဘူး၊ ရွေးကောက်ပွဲ မ၀င်ဘူး၊ ဒီမိုကရေစီ အရေးဆောင်ရွက်သူ အားလုံးနဲ့ လက်တွဲ လုပ်ကိုင်သွားမယ်တဲ့။

အမြော်အမြင်ရှိတဲ့စကား
လိမ္မာလိုက်ကြတာ။ လူငယ်တွေ ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေး ခံစားချက်တွေနဲ့ အာလဘတတွေ ရှေ့တန်းမတင်ဘူး။ ပြည်သူတွေ စိတ်ချမ်းသာ၊ကိုယ်ချမ်းသာနဲ့ အကြောက်တရားအားလုံးက ကင်းဝေးတဲ့ဘ၀မျိုးနေနိုင်ဖို့အတွက် လုပ်ဆောင်နေသူမှန်သမျှနဲ့ ပူးပေါင်းဆောင်ရွက်မယ်တဲ့။ ပြည်သူအားလုံးချစ်ကြတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အရင်ကအတိုင်း ဆက်လက်ထောက်ခံပြီး ဘေးက၀န်းရံသွားမယ်တဲ့။ ဘယ်လောက်အမြော်အမြင်ရှိတဲ့ စကားလဲ။ ၀န်းရံတယ်ဆိုတဲ့ စကားကို တမင်ရွေးပြီး ပြောလိုက်တာကိုက သူတို့ရဲ့ ကိုယ်ပိုင်အရည်အသွေးကို ဖော်ပြနေတာဖြစ်တယ်။

မငြိုငြင်နဲ့ မစော်ကားနဲ့
လိမ္မာပြီးသားတွေမို့ အထွေအထူး ဆုံးမစကားပြောစရာမရှိပါဘူး ပြောပေမယ့် သူတို့က သိပ်ပြောစေချင်နေတာကြောင့် စကားနှစ်ခွန်း ပြောလိုက်တယ်။ ပထမ တစ်ခွန်းက ပြည်သူကို အမြဲဦးထိပ်ထားပါ။ ဘယ်တော့မှ မငြိုငြင်နဲ့ ဘယ်တော့မှ ကိုယ်နှုတ်၊နှလုံးနဲ့ စော်ကားသလို မပြုမိစေနဲ့ ဆိုတဲ့ စကားဖြစ်တယ်။ ဘာကြောင့်ဒီ စကားပြောရသလဲဆိုတော့ ပြည်သူလူထုက သူတို့ချစ်တဲ့ သူတွေဆိုရင် သိပ်ကို မြင်ချင်တွေ့ချင်ကြတာ။ အပြင်ထွက်လာတာကိုတွေ့ရင် ပြေးပြီး နှုတ်ဆက်ချင်တယ်။ လက်ကလေးကိုထိရထိရ ထိချင်တယ်။ စကားပြောသံလေးတစ်ခွန်းဖြစ်ဖြစ် ကြားချင်တယ်။ လူတွေသိပ်များပြီး လမ်းပိတ်နေရင် စိတ်ထဲမှာငြိုငြင်လာတတ်တယ်။ ငြိုငြင်တော့ ကိုယ်၊နှုတ်၊ အမူအရာပြောင်းသွားတယ်။ ဒီအချိန်မှာ ကိုယ့်ဘေးကလိုက်ပါလာတဲ့ “အနားပြာ” တွေကလူတွေကို တွန်းထုတ်ဖယ်ရှားပြီး မာမာကျောကျောနဲ့ မောင်းမဲတာမျိုးလုပ်လေ့ရှိတယ်။

အိုးဝေသံကျူးပါစေ
လူတွေဝိုင်းအုံလာတာကချစ်လို့ပါ။ မုန်းတဲ့သူဆို မျက်စောင်းတောင်ထိုး မကြည့်ဘူး။ ဒါကိုမောက်မောက်မာမာနဲ့ တွန်းထုတ်ဖယ်ရှားလုပ်တာက ပြည်သူကို စော်ကားတဲ့ သဘောသက်ရောက်တယ်။ အဲဒီလို “စွမ်းအားရှင်” မျိုးတွေကို ဘယ်သွားသွားခေါ်မသွားပါနဲ့လို့ ပြောလိုက်တယ်။ ဒုတိယစကားကတော့ မင်းကိုနိုင် သရက်ထောင်က လွတ်လာတော့ မြို့လူထုက ခွပ်ဒေါင်းအလံတလူလူလွှင့်ပြီး ကြိုဆိုကြတယ်။ အဓိပ္ပါယ် အများကြီးရှိတယ်။ ခွပ်ဒေါင်းအလံ မိုးယံမှာလွင့်ပျံနေပါစေ။ မြေမှာချပြီး နင်းချေမပစ်ပါနဲ့။ သူများနောက်ကနောက်မြီးဆွဲလုပ်ပြီး မလိုက်ပါနဲ့ဆိုတဲ့ ရည်ရွယ်ချက်တွေပါလိမ့်မယ်လို့ ယူဆတယ်။ ဒါကြောင့် ခွပ်ဒေါင်းကို သူ့နေရာမှန်မှာပဲ လွင့်ပျံပြီးအိုးဝေသံကျူးရင့်ပါစေဆိုတဲ့ စကားပြောလိုက်ပါတယ်။

ရှေ့တန်းကဦးဆောင်
ခွပ်ဒေါင်းဆိုတာ မြန်မာ့သမိုင်းမှာ ရှေ့တန်းကဦးဆောင်ပါဝင်ခဲ့တာဖြစ်တယ်။တို့ဗမာအစည်းအရုံး ခေတ်မှာလည်း ခွပ်ဒေါင်းကိုယ်စားပြုတဲ့ သခင်အောင်ဆန်းတို့ သခင်ဗဟိန်းတို့ ဦးဆောင်ကဏ္ဍက ပါဝင်ခဲ့တယ်။ ဖဆပလခေတ်မှာလည်း ခွပ်ဒေါင်းကိုယ်စားပြု ခေါင်းဆောင်တွေ ရှေ့တန်းက ပါခဲ့တယ်။ ဂျပန်တော်လှန်ရေးမှာလည်း ရှေ့တန်းကပဲ။ လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်မှာ ခွပ်ဒေါင်းအလံဟာ ရှေ့တန်းကငွါးငွါးစွင့်စွင့် ပါဝင်ခဲ့တာချည်းဖြစ်တယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီးကို စတင်ခဲ့တာလည်း ခွပ်ဒေါင်းကိုယ်စားပြု လူငယ်တွေပဲ ဖြစ်ကြတယ်။

နားခွက်ကမီးတောက်ပြီးသား
ဒီအစဉ်အလာကို ဆက်လက်ထိန်းသိမ်းဖို့က ၈၈မျိုးဆက်တွေမှာ တာဝန်ရှိတယ်။ ဒါကြောင့် ဒုတိယစကားကို ပြောလိုက်တာဖြစ်တယ်။ တစ်ဦးတစ်ယောက်၊ ဒါမှမဟုတ် တစ်သင်းတစ်ဖွဲ့ရဲ့ နောက်ကလိုက်ပါပြီိး နောက်မြီးဆွဲ လုပ်ရင်ခွပ်ဒေါင်းရဲ့ သမိုင်းကို ရိုက်ချိုးပစ်လိုက်သလိုဖြစ်သွားလိမ့်မယ်။ “တို့ခေတ်ကျမှညံ့ကြတော့မှာလား” လို့ အပြစ်တင်စရာဖြစ်သွားလိမ်မယ်။ ပြောမယ့်သာပြောတာပါ သူတို့ လူငယ်တွေက ချက်ဆိုနားခွက်ကမီးတောက်ပြီးသားတွေပါ။ နှစ်ဆယ့်တစ်ရာစု လူငယ်တွေမဟုတ်လား။

မေးခွန်းမမေးရဲဘူး
အခုအချိန်မှာ ပြည်သူလူထုအတွက် အဓိက လိုအပ်နေတာက သူတို့အရေးကိစ္စမှန်သမျှကို ရှေ့ကမားမားမတ်မတ်ရပ်ပြီး ပြောဆိုလုပ်ကိုင်ပေးမယ့်သူဖြစ်တယ်။ နှစ်ပေါင်းငါးဆယ်လုံးလုံး တစ်သွေးတစ်သံ တစ်မိန့် အာဏာရှင်စနစ် အုပ်ချုပ်ရေးအောက်မှာ နေခဲ့ကြရလေတော့ ပြည်သူတွေဟာ အရပ်ထဲက ဆယ်အိမ်ခေါင်းမင်း ပြောသမျှ နာခံကြရတယ်။ ထည့်ဆိုသမျှ ထည့်ကြရတယ်။ လုပ်ဆိုသမျှ လုပ်ကြရတယ်။ ဘာကြောင့်လဲ ဘာဖြစ်လို့လဲဆိုတဲ့ မေးခွန်းမျိုးပြန်မမေးရဲကြဘူး။ ဒါကြောင့် သူတို့ရှေ့ကရပ်ပြီး သူတို့ကိုယ်စား ပြောပေး လုပ်ပေးမယ့်သူကို လိုချင်ကြတယ်။

မြစ်ဆုံရေကာတာ သာဓက
နိုင်ငံရေးပါတီတွေ ရှိနေပြီးသား မဟုတ်လားလို့ မေးစရာရှိတယ်။ နိုင်ငံရေးပါတီဆိုတာက အခါခပ်သိမ်းအားကိုးလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ပါတီတွေအတွက် လုပ်ဆောင်ရတဲ့ တာဝန်တွေက တစ်ဖက်ရှိသေးတယ်။ ပြီးတော့ နိုင်ငံရေး ကစားရတာတွေလည်းရှိတယ်။ မှန်တိုင်း မပြောနိုင်ဘဲ ဒစ်ပလိုမေစီ ကျင့်သုံးရတာတွေရှိတယ်။ မချစ်ပေမယ့် အောင့်ကာနမ်းရတာတွေရှိတယ်။ မနမ်းပေမယ့် ပင့်သက်ရှူပြရတာတွေရှိတယ်။ ထင်ရှားတဲ့သာဓကပြရရင် မြစ်ဆုံရေကာတာကိစ္စကိုကြည့်။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကမှ စမပြောကြဘူး။ သူတို့နဲ့မဆိုင်သလိုဘဲ နေကြတယ်။ မနေနိုင်တဲ့ စာနယ်ဇင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသမားတွေက ၀င်ပြီးပြောကြ၊ ဆိုကြ၊ ရေးသားကြတွေ လုပ်တော့မှ အစိုးရက အရေးယူ ဆောင်ရွက်ခဲ့တာဖြစ်တယ်။

တိုင်တွန်းစကား
အဲဒီနောက် မီးရထားခတွေ ဆယ်ဆတက်၊ မီတာခတွေတက်၊ ရေခွန်မီးခွန်တွေတက်ဆိုတဲ့ ကိစ္စတွေရှိလာတာကိုလည်း ဘယ်ပါတီ အဖွဲ့အစည်းကမှ ၀င်မပြောကြဘူး။ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်လာတဲ့အတွက် အရပ်သူအရပ်သားတွေ မြေဇာပင်ဖြစ်နေကြရတာတွေကိုလည်း မသိသလိုဘဲ နေကြတယ်။ အဲဒါတွေကို ပြည်သူလူထုက အားမလို အားမရဖြစ်ကြတယ်။ ဒီလိုအချိန်မှာ ၈၈တွေ လွတ်လာပြီး ပါတီမထောင်ဘူး၊ ရွေးကောက်ပွဲမ၀င်ဘူး၊ ပြည်သူတွေကြားမှာနေပြီး ပြည်သူတွေအတွက် နိုင်ငံရေးလုပ်မယ်လို့ ပြောကြတော့ သိပ်ပြီးအားရ၀မ်းသာဖြစ်ကြတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ကြပါစေလို့ တိုင်တွန်းစကား ဆိုလိုက်ရပါတယ်။

လူထုစိန်ဝင်း
၂၅.၀၁.၂၀၁၂

ပြည်သူ့အသံနှင့် ပြည်သူ့ဝန်ထမ်း


ကျွန်တော်ဟာ ငယ်ငယ်ထဲက ဆရာဝန်တစ်ယောက် သိပ်ဖြစ်ချင်ခဲ့တာပါ။ ရည်ရွယ်ထားတဲ့အတိုင်းလည်းဖြစ်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ပေမယ့် ဘ၀ရဲ့အခြေအနေအရ (အဓိက က ကျွန်တော်ရဲ့ ညံ့ဖျင်းမှုဖြစ်ပါလိမ့်မယ်)  ဘာဘွဲ့လွန်အထူးကုမှ မရခဲ့ပါဘူး။ လုပ်သက် ၁၀ နှစ်ကျော်လာတဲ့အခါမှာ ကျွန်တော် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး တစ်နည်း မြို့နယ်ဆရာဝန်ဘ၀ကို ရောက်ခဲ့ပါတယ်။ တွေ့ဖူးတဲ့ ဆရာဝန်အငယ်တစ်ယောက်ပြောသလို ဆိုရရင် မြို့နယ်ဆရာဝန်ဆိုတာ လက်ထောက်ဆရာဝန် အကြီးစားပါပဲတဲ့။ အရည်အချင်းကြောင့်ရတယ်လို့ သူမှတ်ထင်အသိအမှတ်ပြု ပုံမရပါဘူး။ အမြဲတမ်း ကြက်ခေါင်းဆိတ် မခံတဲ့ ကျွန်တော်နှုတ်ဆိတ်စွာနှင့် နေခဲ့ရပါတယ်။ အဲဒါကိုကြားသိသွားတဲ့ ကျွန်တော့်ထက်လုပ်သက် ရော၊ အသက်ပါကြီးတဲ့မြို့နယ်ဆရာ ၀န်အစ်ကိုကြီးတစ်ယောက်ကတော့ ဒီလိုဖြေပါတယ်။ သူက မျှစ်တစ်ချောင်းနှင့် ၀ါးတစ်လုံး မတူပါဘူးတဲ့။  ၀ါးဆိုတာ မျှစ်ကဖြစ်လာပေမယ့် မျှစ်နှင့်အိမ်ဆောက်လို့ မရသေးပါဘူး။ ၀ါးဖြစ်မှ အိမ်ဆောက်လို့ ရပါတယ်တဲ့။ ကျွန်တော်ကတော့ ကိုယ်လည်း အငယ်ဘ၀က ကြီးလာခဲ့တာကြောင့် ကျွန်တော့်ငယ်ဘ၀ကျွန်တော့်အထက် မြို့နယ်ဆရာဝန်ကြီးတွေ၊ ဆေးရုံအုပ်၊ ဆေးရုံအုပ်ကြီးတွေနှင့် ဆက်ဆံခဲ့တုန်းက သူတို့တွေရဲ့ကောင်းမွန်တဲ့ လုပ်ရပ်တွေကို အတုခိုးပြီး ခုမြို့နယ် ဆရာဝန်ဘ၀မှာ လိုက်နာဆောင်ရွက်ပေးခဲ့ပါတယ်။ ကိုယ်မနှစ်သက်ခဲ့တဲ့ သူတို့ရဲ့ အပြုအမူတွေကို လုံးဝ ရှောင်ကျဉ်ပေးနိုင်ခဲ့ပါတယ်။ အားလုံးက ဆရာကြီး၊ ဆရာကြီးလို့ ခေါ်ဆိုနေကြတဲ့ ရေကန်သေးသေးလေးထဲက ငါးကြီးကြီးလေးဘ၀ကိုလည်း ကျေနပ်အားရနေမိခဲ့ပါ တယ်။
မြို့နယ်ဆရာဝန်တစ်ယောက်မှာ ကုသရေး၊ ပြည်သူ့ကျန်းမာရေးအတွက် စီမံခန့်ခွဲရေး၊ ကွင်းဆင်းကြီးကြပ်ရေး၊ နေရာချထားရေးနှင့် အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို မဖြစ်မနေ လုပ်ဆောင်ရပါတယ်။ တာဝန်ယူတတ်ရင် အလုပ်တွေချည်းပါပဲ။ ဒီကြားထဲမှာ အရေးပါတာရော၊ မပါတာပါ ရောထွေးနေတဲ့ အစည်းအဝေးပေါင်းစုံကလည်း လစဉ် ခြိမ်းခြောက်နေပါတယ်။ (တစ်ခါတလေဆို လူနာတွေရော အလုပ်တွေကိုပါ ပစ်ထားခဲ့ရပြီး အစည်းအဝေးသွား တက်ရာမှာ အစည်းအဝေးက အိမ်ဖြည့်ရုံသက်သက် အရေးလည်းမပါ အရာလည်းမရောက်ဆိုရင် တက်ရောက်မိတာကို အမြဲနောင်တရမိခဲ့ပါတယ်။) ခုနင်ကဆိုခဲ့တဲ့ လက်ထောက်ဆရာဝန်ကလေးပြောသလို ကြီးလာလို့ဖြစ်စေ၊ အရည်အသွေးကြောင့် ဖြစ်စေ ရရှိလာခဲ့တဲ့ မြို့နယ်ဆရာဝန်ဘ၀မှာ အဲဒီလိုလုပ်ငန်းတွေ များပြားနေပေမယ့် ကျွန်တော်ကတော့ ကျေနပ်နေပါတယ်။ တစ်နိုင်ငံလုံးအတွက် မစွမ်းဆောင်နိုင်ပေမယ့် ကိုယ်တာဝန်ယူရတဲ့ နိုင်ငံရဲ့ အပုံသုံးရာပုံ တစ်ပုံကိုတော့ အကောင်းဆုံး တတ်စွမ်းသရွေ့ ပြည်သူအားလုံး စိတ်၏ ချမ်းသာရေး၊ ကိုယ်၏ ကျန်းမာရေး ရရှိသွားအောင်ဆောင် ရွက်သွားမယ်လို့ ဆုံးဖြတ်ထားခဲ့ပါတယ်။

ကျွန်တော်မြို့နယ်ဆရာဝန်ဖြစ်လာတဲ့ လွန်ခဲ့သော ၁၀ လကျော် တစ်နှစ်နီးပါးကာလကို ပြန်သုံးသပ်တဲ့အခါ အဓိက ကျွန်တော်လုံးပန်းခဲ့ရတဲ့ အလုပ်တွေကတော့ တိုင်ကြားမှုတွေကို ဖြေရှင်းပေးနေရတာပါပဲ။ ကျွန်တော်ကတော့ တိုင်ကြားမှုတွေကို ကြိုဆိုပါတယ်။ ကြီးတဲ့အမှုသေးအောင် သေးတဲ့အမှုပပျောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သလို တကယ်လို့ အပြစ်တွေ့ခဲ့ရင်လည်း ခွင့်လွှတ်နားလည်နိုင်လောက်တဲ့အမှုဆို နောက်နောင်မလုပ်တော့အောင် သတိပေးစည်းရုံးဖို့ ကြိုးစားခဲ့ပါတယ်။ အတွေ့အကြုံအရဆိုရရင် တချို့တွေဟာ ပြုပြင်လာပြီး အင်မတန် အားကိုးရတဲ့သူတွေ ဖြစ်လာကြပါတယ်။ ဘယ်လိုမှ ပြင်လို့မရ လက်တွဲလို့မရတဲ့ စုန်းပြူးတွေ ရှိကောင်းရှိနိုင်ပေမယ့် ကျွန်တော်ကတော့ ကံကောင်းစွာ မတွေ့ခဲ့သေးပါဘူး။ အခုခေတ်မှာလည်း ၀န်ထမ်းတစ်ယောက်ကို အပြစ်ပေးလို့ လွယ်သလို ပြန်ခန့်ဖို့ မလွယ်လှပါဘူး။ အထူးသဖြင့် နယ်မြေတစ်ခုအတွက် မရှိမဖြစ်လိုအပ်တဲ့ သားဖွားဆရာမတွေ၊ သူနာပြုတွေဆိုပိုလို့ ဆိုးပါတယ်။ အမှားဆိုတာ လူတိုင်း မကင်းနိုင်ကြပါဘူး။
ခွင့်လွှတ်ညှိနှိုင်းပေးနိုင်တဲ့အမှားမျိုးဆို ကျွန်တော်တို့အမြဲအဆင်ပြေအောင်ဆောင် ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့တချို့ သောလူ၊ အဖွဲ့အစည်းတွေဟာ ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေကို အခြေခံပြီး အမြစ်ပြတ်သုတ်သင်ရေး၊ လက်ဝေခံဖြစ်ရေး၊ လက်ဝါးကြီး အုပ်ခြယ်လှယ်ရေးဆိုတဲ့ ပြည်သူ့အကျိုးကို အခြေမခံတဲ့အချက်တွေကို အခြေခံပြီး တိုင်ကြားနေကြတာကို စိတ်ညစ်ဖွယ်ရာတွေ့မြင်နေရပါတယ်။ အဲဒီလိုလူ၊ အဖွဲ့အစည်းတွေနှင့်ဆို ကျွန်တော်တို့ လုပ်ရကိုင်ရ မလွယ်တော့ပါဘူး။ သူတို့လိုချင်တဲ့ ရည်ရွယ်ချက် မရောက်မချင်း ထပ်ခါတလဲလဲ အပြစ်ရှာ တိုင်ကြားနေတတ်ကြပါတယ်။ ပြည်သူတွေရဲ့ခံစားချက်ပါလို့ ဆိုပေမယ့် သူတို့ဆိုလိုတဲ့ ပြည်သူတွေ၊ သူတို့ဖော်ပြတဲ့ နစ်နာနေပါတယ်ဆိုတဲ့ ပြည်သူတွေဆိုတာ ခေတ်အဆက်ဆက် အခွင့်အလမ်းပေါ်တိုင်း ပေးနိုင်သူနားရောက်လာတတ်တဲ့ လူတွင်ကျယ်တွေ၊ အခွင့်ထူးခံတွေ ဖြစ်နေတတ်ပါတယ်။ အမှန်ကိုအမှားဖြစ်အောင် တစ်ဆိတ်ကိုတစ်အိတ် ချဲ့ကြတဲ့အခါ နစ်နာသူတွေက ကျွန်တော်တို့ကို ကျွန်တော်၊ ကျွန်မတို့မှန်ကန် မှုအတွက်ရော ဘာများတုံ့ပြန်ပေးမှာလဲလို့ ဆိုကြပါတယ်။ လီဆယ်တိုင်တန်းသူတွေကိုရော အရေးမယူတော့ ဘူးလားလို့ မေးကြပါတယ်။
တိုင်ကြားတယ်ဆိုရင် အောက်ခြေထိ ဆင်းပြီးစစ်ဆေးတဲ့ ကျွန်တော်တို့ဟာ တရားသူကြီးတွေမဟုတ်ဘဲ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေသာဖြစ် ပါတယ်။ အပြစ်ပေးပိုင်ခွင့်၊ ပြန်လှန် အရေးယူပိုင်ခွင့် မရှိပါဘူး။ အထက်အဆင့်အသီးသီးကိုသာ ကျွန်တော်တို့တွေ့ရှိသမျှတွေကို ပြန်လှန်တင်ပြပေးရတာပါ။ အထက်အဆင့်ကပဲ နောက်ဆုံးဆုံးဖြတ်ချက်ကို ချပေးတာပါ။ နောက်ပြီးတော့ ကျွန်တော်တို့ တစ်ခါတလေ စစ်ဆေးတဲ့အခါ ညောင်မြစ်တူးပုတ်သင်ဥပေါ်သလို ကိစ္စတွေလည်း တွေ့ရတတ်ပါတယ်။ ကျွန်တော်ကတော့ သေးတဲ့အမှု ပပျောက်စေဆိုတဲ့ ရည်ရွယ်ရင်းရှိတဲ့အတွက် မဆိုင်ဘဲတွေ့လာရတဲ့ ပြစ်ချက်အားနည်းချက်ကလေးတွေကို သက်ဆိုင်သူတွေကို တိုးတိုးတိတ်  တိတ်ပဲ ခေါ်ယူသတိပေးလိုက်ပါတယ်။ တချို့စစ်ဆေးသူတွေကတော့ အဲဒီအပြစ်တွေကိုပါ တိုင်စာနှင့် ဆိုင်ဆိုင် မဆိုင်ဆိုင် အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြတတ်လို့ တိုင်စာထဲက ကိစ္စကြောင့် အလုပ်မထိခိုက်ဘဲ စစ်ဆေးရေးအဖွဲ့ရဲ့ သေချာစွာဖော်ထုတ်မှုကြောင့် ဒုက္ခရောက်ရသူတွေလည်း ရှိတတ်ပါတယ်။ ရှာတတ်ရင်အပြစ်ဆိုတာ ဘယ်သူမှ ကင်းမယ်မထင်ပါဘူး။  တစ်ခါတလေ ကိုယ်လုပ်နေတာ အမှန်လို့တောင် ထင်ပြီးလုပ်နေတတ်ကြပါတယ်။ ဘာကြောင့်ပါလဲ။

ပြည်သူတွေ ဘာလိုလိုလုပ်ပေးရမယ်လည်း မဟုတ်ပါဘူး။ ကျင့်ဝတ်၊ နီတိ၊ စည်းကမ်းအတိုင်းသာ တစ်လမ်းထဲထား မှန်မှန်ကန်ကန် ဆောင်ရွက်သွားဖို့ လိုပါတယ်။ လူခင်လို့ မူပြင်တယ်၊ လူမုန်းလို့ မူသုံးတယ်ဆိုတာကို အတိတ်မှာထားခဲ့ပြီး မူမှန်လူမှန်ဆောင်ရွက် သွားရမည့်အချိန်လို့ ထင်မြင်မိပါတော့တယ် ...
ကျွန်တော့်ရဲ့ လွတ်လပ်တဲ့အမြင်နှင့်ဖော်ပြရရင် ကျွန်တော်တို့ ၀န်ထမ်းတွေမှာ ခံယူချက်တွေေ၀၀ါးနေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံရဲ့ခေတ်စနစ်အခြေအနေတွေကြောင့် နှစ်ပေါင်းများစွာ အမိန့်အာဏာအောက်ကပဲ ဆောင်ရွက်တတ်ခဲ့ကြပါတယ်။ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းဆိုတာထက် အစိုးရ၀န်ထမ်း ပီသဖို့သာ ကြိုးစားတတ်အောင် လေ့ကျင့်သင်ကြားခံခဲ့ရပါတယ်။ သူ့ဆန်စားရဲရမယ်ဆိုပြီး နိုင်ငံတော်နှင့်ပြည်သူတို့၏သစ္စာကို စောင့်သိရိုသေပါမယ်ဆိုတာထက် အထက်အဆင့်သော အစိုးရအုပ်ချုပ်သူတွေရဲ့အလိုကို လိုက် ဆောင်ရွက်တတ်ခဲ့တာ ကြာပါပြီ။ (တစ်ခါတလေ လမ်းကြောင်း အမှားပေါ်တောင်ရောက်၊ ရည်ရွယ်ချက်ပျောက်ပြီး လုပ်ငန်းတွေ ထိခိုက်ခဲ့ရပါတယ်) အဲဒီကာလတွေတုန်းက ၀န်ထမ်းတွေမှာ ၀န်ထမ်းကျင့်ဝတ်စည်းကမ်းအတိုင်းပဲ ဆောင်ရွက်ရမှာလား အုပ်ချုပ်သူတွေရဲ့အမြင်နှင့် ချမှတ်လာတဲ့လမ်းညွှန်ချက်တွေအတိုင်း လုပ်ရမှာလားဆိုတဲ့ေ၀၀ါးတဲ့အတွေးတွေကို ခံစားကြရပါတယ်။ နောက်ဆုံးကျင့်ဝတ် အတိုင်းလည်းမဟုတ်၊ ညွှန်ကြားချက်အတိုင်းလည်း မဟုတ်တဲ့ ဟိုလိုလို ဒီလိုလိုလမ်းကြောင်းကိုသာ ရွေးချယ်ပြီး စမ်းတ၀ါးဝါး လုပ်ကိုင်ခဲ့ကြရပါတော့တယ်။ အမှားကြာလာ တော့အမှန်လို့ထင်လာတတ်ပါတယ်။
အဲဒီအချိန်မှာစစ်ဆေးမှုတွေလုပ်လိုက်တော့ အပြစ်တွေ တွေ့ရတော့တာပေါ့။ ရင်နာစရာကောင်းတာကတော့ တချို့သောနေရာတွေမှာ မကြာသေးခင်ကမှ သွေဖည်လာတဲ့ လမ်းကြောင်းတစ်ခုကို အတူတကွလုပ်ကိုင်ခဲ့၊ အဲဒီလို လုပ်ပါလို့ညွှန်ကြားချက်ပေးခဲ့သူတွေ က ခုချိန်မှာအဲဒီလမ်းကြောင်းရဲ့အား နည်းချက်ကိုထောက်ပြတိုင်ကြားစေ ပြီး ခါတော်မီပြည်သူ့သူရဲကောင်းဘွဲ့ ခံယူချင်တာပါပဲ။ ဘယ်လိုပဲဖြစ်ပါစေ ယနေ့ခေတ်ရဲ့ အနေအထားအရ ကျွန်တော်တို့အားလုံးဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။ အစိုးရ ကိုယ်၌သည်ပင် ပြည်သူကရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရ ဖြစ်နေပါပြီ။ ပြည်သူ့ကိုပဲ တာဝန်ခံဆောင်ရွက်ရတော့မှာပါ။ ပြည်သူ့အတွက်ဆိုတော့ ထွေထွေထူးထူး မဟုတ်တော့ပါဘူး။ ပြည်သူတွေဘာ လိုလိုလုပ်ပေးရမယ်လည်း မဟုတ် ပါဘူး။ ကျင့်ဝတ်၊ နီတိ၊ စည်းကမ်းအတိုင်းသာ တစ်လမ်းထဲထား မှန်မှန်ကန်ကန် ဆောင်ရွက်သွားဖို့ လိုပါတယ်။ လူခင်လို့ မူပြင်တယ်၊ လူမုန်းလို့ မူသုံးတယ်ဆိုတာကို အတိတ်မှာထားခဲ့ပြီး မူမှန်လူမှန်ဆောင်ရွက်သွားရမည့် အချိန်လို့ ထင်မြင်မိပါတော့တယ်။
Written by နန္ဒ၀င်း(ဆေး-၁)    
EMG

ဆက်သွယ်ရေးဥပဒေမူကြမ်း အတည်ပြုရင် တချို့ကုမ္ပဏီတွေက Sim Card အလကားပေးမည်ဆို

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ Second  Mobile  Operator အဖြစ်လုပ်ကိုင်ရန်လျောက်ထားသည့် ပြည်တွင်း ပြည်ပကုမ္ပဏီပေါင်း ရာကျော်ရှိပြီး ပြည်ပကုမ္ပဏီများမှ ကမ်းလှမ်းထားမှုပိုမိုများပြားကြောင်း သိရသည်။
''Second  Mobile  Operator လုပ်ဖို့ လျှောက်ထားတာတွေ ရာနဲ့ချီပြီးရှိပါတယ်။ ပြည်ပကဆို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံချင်တာတောင် ရှိတယ်။အဲဒီအဆိုပြုချက်တွေ အားလုံးကို လက်ခံထားပါတယ်။ ပြည်ပကဆို ရုရှား၊ ဂျပန်၊ နော်ဝေ၊ ကိုရီးယား၊ အမေရိကန်၊ ယူကေ စသဖြင့် အများကြီးပါ။ တချို့က ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံချင်တယ်လို့ တင်ပြလာပြီး Business Plan တွေလည်း တင်ပြလာပါတယ်။ တချို့ကုမ္ပဏီတွေဆို Sim Card အလကားပေးမှာတောင် ရှိပါတယ်။ ကမ္ဘာမှာ ဆက်သွယ်ရေးလုပ်ငန်းက အရင်းအနှီးကြီးသလို အမြတ်အစွန်းလည်းများတဲ့အတွက် လုပ်ချင်တဲ့သူလည်း များတယ်။ အဲဒီအတွက် လုပ်ခွင့်ပေးမယ်ဆိုရင်တောင် သင့် တင့်တဲ့သူကိုပဲပေးသွားမှာပါ။ လက် ရှိမှာဆက်သွယ်ရေးဥပဒေရေးဆွဲ နေတုန်းဖြစ်ပြီး ရှေ့အပတ်ထဲမှာရှေ့နေချုပ်ရုံးကို ပြန်လည်ပေးပို့ ဖို့ရှိပါတယ်။ ပြင်စရာမရှိတော့ဘူးဆိုရင် လွှတ်တော်ကို တင်ပြသွားမှာပါ။ နောက်တစ်ချိန်မှာ လွှတ်တော်က အတည်ပြုပြီးရင် ဖုန်းအော်ပရေတာ ကုမ္ပဏီလုပ်ကိုင်ခွင့် ချပေးတာတွေ ဖြစ်လာမှာပါ။ လုပ်ခွင့်ရရင် အားလုံးကို ဖိတ်ခေါ်မှာပါ။ အဲဒီထဲကမှ ပြည်တွင်းလုပ်ငန်းရှင်တွေကို ဦးစားပေးသွားမှာပါ''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဣဒ္ဓိလှက ပြောကြားခဲ့သည်။
အဆိုပါ ဆက်သွယ်ရေးဥပဒေမူကြမ်းအား လွှတ်တော်တွင် တင်ပြသွားရန်ရှိပြီး  ယင်းဥပဒေတွင် ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍများ၌ ပုဂ္ဂလိကဘက်မှ ၀င်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သတ်၍ ပိုမိုဦးစားပေး ရေးဆွဲထားကြောင်းလည်း သိရသည်။
EMG

မောင်းသူမဲ့လေယာဉ်များ စမ်းသပ်ပျံသန်းမှု ဆောင်ရွက်နေကြောင်း သိရ

မြန်မာ့တပ်မတော်မှစမ်းသပ်ပျံသန်းနေသည့်မောင်းသူမဲ့ လေယာဉ်
နျူကလီးယားဆိုင်ရာ သုတေသနလုပ်ငန်း၊ ဓာတ်ရောင်ခြည်အန္တရာယ် ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်း၊ နျူကလီးယားစွန့်ပစ္စည်းများ စီမံထိန်းသိမ်းရေး သုတေသနလုပ်ငန်းများနှင့် မောင်းသူမဲ့လေယာဉ်များ စမ်းသပ်ပျံသန်းမှုများကို ဆောင်ရွက်နေကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာကိုကိုဦးက ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။
နျူးကလီးယားဆိုင်ရာ သုတေသနသနလုပ်ငန်းများအနေဖြင့် ဓာတ် ရောင်ခြည်တိုင်းတာရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ နျူကလီးယား စက်ကိရိယာပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး သုတေသနလုပ်ငန်းများ Non Destructive Testing  သုတေသနလုပ်ငန်းများ၊ အစားအစာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် နျူကလီးယားစွန့်ပစ်ပစ္စည်းများ စီမံထိန်းသိမ်းရေးဆိုင်ရာ သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''လေကြောင်းဆိုင်ရာ သုတေသနလုပ်ငန်းများအနေနဲ့ကတော့ နိုင်ငံတော် အကျိုးပြုလုပ်ငန်းတွေမှာ ဘက်စုံအသုံးပြုနိုင်မယ့် မောင်းသူမဲ့လေယာဉ်တွေကို သုတေသနပြု တည်ဆောက်ခဲ့ပြီး စမ်းသပ်ပျံသန်းမှုများကို ဆောင်ရွက်လျက်ရှိပါတယ်။ တည်ဆောက်ပြီးတဲ့လေယာဉ်တွေကိုလည်း အလိုအလျောက် ပျံသန်းမှုစနစ်နဲ့ ထိန်းကျောင်းပျံသန်းနိုင်ဖို့အတွက် လိုအပ်တဲ့ ထိန်းချုပ်မှုစနစ်တွေကိုလည်း သုတေသနပြုဆောင်ရွက် လျက်ရှိပါတယ်''ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာကိုကိုဦးက ဖေဖော်ဝါရီလ ၆ရက်နေ့၌ ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများအဖြစ် ဇီဝနည်းပညာသုတေသန လုပ်ငန်းများ၊ နာနိုနည်းပညာ သုတေသနလုပ်ငန်းများ၊ Computer Numerical Control Machine သုတေသန လုပ်ငန်းများ၊ အင်ဂျင်ထုတ် လုပ်ရေး သုတေသနလုပ်ငန်းများ၊ ရေအားလျှပ်စစ် တာဘိုင်ထုတ်လုပ်ရေး သုတေသနလုပ်ငန်းများ၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးနှင့် အသုံးချရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုတေသနလုပ်ငန်းများ၊ ဒြပ်ပစ္စည်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ မောင်းသူမဲ့လေယာဉ် သုတေသနလုပ်ငန်းများ၊ ကွန်ပျူတာဆိုင်ရာ သုတေသနလုပ်ငန်းများဖြစ်ကြောင်း သိရသည်။
စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်း၊ ကုန်ချောနှင့် စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သဘာဝသယံဇာတများကို ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ လူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် သဘာဝပတ်ဝန်းကျင် ရှိ အန္တရာယ်ရှိနိုင်သော ပစ္စည်းများ၏ သက်ရောက်မှုများကို တိုင်းတာစမ်းသပ်စစ်ဆေးခြင်းစသည့် လုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ခေတ်မီဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ပေးနိုင်မည့် အမျိုးသားဓာတ်ခွဲခန်းကို ဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ ၀ယ်ယူဖြည့်တင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
EMG

 ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ ဦးတည်သည့် လူကုန်ကူးမှု ၆၉ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဦးတည်သည့် လူကုန်ကူးမှု ၆၉ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးငယ်များကို တရုတ်အမျိုးသားများနှင့် အဓမ္မလက်ထပ်ရန် ရောင်းစားခြင်းဖြစ်စဉ်များပြားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ သတင်းရရှိပါသည်။

၂၀၁၁ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေအရ အရေးယူခဲ့သည့် လူကုန်ကူးမှုပေါင်း ၁၃၆ မှုရှိခဲ့ပြီး အဓမ္မထိမ်းမြားမှု ၈၉ မှု၊ ပြည့်တန်ဆာမှု ၂၉ မှု၊ အဓမ္မစေခိုင်းမှု ၁၄ မှု၊ အဓမ္မ ကိုယ်ဝန်ဆောင်စေမှု ၁ မှု၊ ကလေးသူငယ် လူကုန်ကူးမှု ၁ မှု၊ အဓမ္မ တောင်းရမ်းစေခိုင်းမှု ၁ မှုနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့စေခိုင်းမှု ၁ မှုတို့ ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ လူကုန်ကူးမှုများ ဖြစ်ပေါ်ရာတွင်လည်း တရုတ်နိုင်ငံသို့ ဦးတည်၍ ဖြစ်ပွားသည့် လူကုန်ကူးမှုအများဆုံး ဖြစ်ပွားခဲ့ပြီး ဒုတိယအများဆုံးမှာ ပြည်တွင်းတွင် ဖြစ်ပွားခြင်းဖြစ်ကာ ထိုင်းနိုင်ငံသို့ ဦးတည်သည့်အမှုမှာ တတိယအများဆုံး ဖြစ်ပွားခဲ့သည်။ ယင်းအနက် တရုတ်နိုင်ငံသို့ ဦးတည်သည့်အမှု ၉၄ မှု၊ ပြည်တွင်း၌ ဖြစ်ပွားမှု ၂၃ မှုနှင့် ထိုင်းနိုင်ငံသို့ ဦးတည်သည့် အမှု ၁၉ မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

''တရုတ်နိုင်ငံမှာက အမျိုးသမီးတွေကို တင်တောင်းရတဲ့ စရိတ်မြင့်မားမှုက အဓိကပြဿနာဖြစ်နေတဲ့အတွက် အမျိုးသမီးတွေကို တရုတ်နိုင်ငံမှာရှိတဲ့ အမျိုးသားတွေနဲ့ အဓမ္မလက်ထပ်ထိမ်းမြားဖို့ ရောင်းစားကြတဲ့အမှုက ၂၀၁၁ ခုနှစ်အတွင်းမှာ ၆၉ ဒသမ ၁ ရာခိုင်းနှုန်းရှိခဲ့တယ်။ ထိုင်းနိုင်ငံကို ဦးတည်တဲ့အမှု ၁၉ မှုထဲမှာ ၈ မှုက ထိုင်းနိုင်ငံမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေနဲ့ ပင်လယ်ငါးဖမ်းသင်္ဘောတွေမှာ မြန်မာလူမျိုးတချို့ တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်ကြတာတွေကြောင့် အဓမ္မစေခိုင်း အလုပ်စေခိုင်းမှုနဲ့ ပြည့်တန်ဆာပြုမှု ဖြစ်ပွားခဲ့တယ်။   ပြည်တွင်းလူကုန်ကူးမှု ၂၃ မှုမှာတော့ အမျိုးသမီးငယ်တွေကို သွေးဆောင်ဖြားယောင်းပြီး ပြည့်တန်ဆာလုပ်ခိုင်းတဲ့အမှု ၂၁ မှု ဖြစ်ပွားခဲ့ပြီး လုပ်အားခေါင်းပုံဖြတ်မှုနဲ့ ကလေးသူငယ် လူကုန်ကူးမှု ၂ မှုဖြစ်ပွားခဲ့တယ်'' ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။
၂၀၁၁ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေအရ အရေးယူခဲ့သည့် လူကုန်ကူးမှု ၁၃၆ မှုတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၅၇ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင် ဒုတိယအများဆုံး ၁၈ မှုဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၇ မှုဖြင့် တတိယအများဆုံးနှင့် ကချင်ပြည်နယ်တွင် စတုတ္ထအများဆုံး ၁၅ မှု ဖြစ်ပွားခဲ့သည်။ ယင်းအနက် ၂၀၁၁ ခုနှစ်အတွင်း လူကုန်ကူးခံရသူမှာ အမျိုးသား ၄၅ ဦးနှင့် အမျိုးသမီး ၂၂၀ ဦးတို့ရှိခဲ့ပြီး တရားခံပေါင်း အမျိုးသား ၁၂၆ ဦး နှင့် အမျိုးသမီး ၁၂၅ ဦးတို့ကို အရေးယူမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။


အရေးယူခဲ့သည့် လူကုန်ကူးမှု ၁၃၆ မှုတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၅၇ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင် ဒုတိယအများဆုံး ၁၈ မှု ဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၇ မှု ဖြင့် တတိယအများဆုံးနှင့် ကချင်ပြည်နယ်တွင် စတုတ္ထအများဆုံး ၁၅ မှု ဖြစ်ပွားခဲ့သည်။
''လူကုန်ကူးခံရတဲ့သူတွေထဲမှာ အများစုကတော့ သွေးဆောင်ဖြားယောင်းခံရပြီး တရားမ၀င် အလုပ်လုပ်ကိုင်ရာကတစ်ဆင့် လူကုန်ကူးခံရတာ ပိုများတယ်။ တချို့ကျတော့လည်း နယ်ကတက်လာပြီး အလုပ်လုပ်ဖို့ ရှာနေတဲ့အချိန်မှာ တစ်ဖက်နိုင်ငံမှာ အလုပ်သွားလုပ်ရင် ၀င်ငွေပိုရနိုင် တယ်လို့ ပြောတဲ့သူတွေနဲ့တွေ့လို့ ယုံမိပြီး သွားအလုပ်လုပ်ရာကနေ ကိုယ့်ကိုရောင်းစားလိုက်မှန်းမသိဘဲ တစ်ဖက်နိုင်ငံကို ရောက်သွားလို့ ကိစ္စမျိုးစုံ ကြုံတွေ့မှ သိကြရတာတွေလည်း ရှိတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီး သာမန်မဟုတ်တဲ့ ငွေကြေးဆွဲဆောင်မှုတွေကို လုံးဝမယုံကြည်သင့်ဘဲ တရားဝင် လုပ်ရတဲ့အလုပ်မျိုးကိုပဲ ရွေးချယ်လုပ်ကိုင်သင့်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အထူးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ အရေးယူခဲ့သည့်တရားခံများတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့်ကချင်ပြည်နယ်တို့မှ အများဆုံးပါဝင်နေပြီး လူကုန်ကူးခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ များပြားကြကြောင်း သိရှိရပါသည်။
EMG

ဒီမိုကရက်တစ်မဟာမိတ်ပါတီ နှင့် ၈၈-ပြည်သူ့ အင်အားစုပါတီ နိုင်ငံရေးပါတီအဖြစ်မှပယ်ဖျက်ခြင်း

ပယ်ဖျက်ခံရတဲ့ ပါတီနှစ်ခုကတော့ ဒီမိုကရက်တစ်မဟာမိတ်ပါတီ နှင့် ၈၈-ပြည်သူ့ အင်အားစုပါတီ ဖြစ်ပါတယ်။

မာယာများတဲ့ အကယ်ဒမီ

၁၉၅၂ ခုနှစ်က စတင်၍ အနုပညာလောကနှင့် အနုပညာသမားများကို အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတော်အစိုးရ၊ တနည်းအားဖြင့် ရုပ်ရှင်အနုပညာရှင်များ၏ သရုပ်ဆောင်မှု အတတ်ပညာကို အသိအမှတ်ပြုခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲသည် ယခုဆိုလျှင် အနှစ် (၆၀) တင်းတင်းပြည့် ခဲ့ပြီဖြစ်သည်။ ၁၉၅၂ ခုနှစ်မှ စတင်၍ ၂၀၁၁ ခုနှစ်အထိ ထူးချွန်ဆုပေါင်း (၃၂၈) ဆု ချီးမြှင့်ပြီးခဲ့သည်ကို ကျွန်တော်သိခဲ့ရသည်။ ၁၉၄၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ငွေရတုသဘင် အထိမ်းအမှတ်ပွဲကြီးကို မြန်မာပြည် ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)နှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့သည် မြန်မာ့ရုပ်ရှင် အနုပညာရှင်များအား တစ်လေးတစ်စား အသိအမှတ်ပြုစွာဖြင့် တက်ရောက်ချီးမြှင့်ခဲ့သေးသည်။

လွန်ခဲ့သော ၁၉၅၂ ခုနှစ်တွင် လူ့လောကသို့ မရောက်သေးသော၊ လူမဖြစ်သေးသော ကျွန်တော့် အဖို့တော့ အတိတ်ကို ပြန်မတူးဆွလိုပါ။ ကျွန်တော်ကလေးအရွယ် ရုပ်ရှင်ပိုးထသော အရွယ်မှစ၍ မှတ်မိ သလောက် (ဦး)ကောလိပ်ဂျင်နေဝင်း၊ (ဦး)ညွှန့်ဝင်း၊ (ဒေါ်)ကြည်ကြည်ဋ္ဌေး၊ (ဒေါ်)ဝါဝါဝင်းရွှေ၊ (ဒေါ်) ခင်သန်းနု၊ (ဒေါ်)နွဲ့နွဲ့မူ စသည့် အနုပညာရှင်များသည် အလွန့်အလွန် သရုပ်ဆောင်ရာတွင် ထူးချွန်ထက်မြတ်သော ပရိသတ်၏နုလုံးသားအား ဆွဲကိုင်ဖမ်းဆုပ်နိုင်သော အနုပညာရှင်ကြီးများဖြစ်သည်နှင့်အလျှောက် ထူးချွန်ထက်မြတ်သော အကယ်ဒမီရွှေစင်ရုပ်တုကြီးများကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။ သို့သော် ထိုဝါရင့်သရုပ်ဆောင်ကြီးများထဲတွင် (ဦး)ကျော်ဟိန်း မပါဝင်ခဲ့ချေ။ (ဦး)ကျော်ဟိန်း မည်မျှပင် သရုပ်ကောင်းသော်ငြားလည်း အကယ်ဒမီဆုဟူသော ထူးချွန်ဆုကို နှစ်ပေါင်းများစွာ လက်ဝယ်သို့ မရောက်ရှိခဲ့ချေ။ ဘဘ ဦးသုခ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော “အကာကအချစ် အနှစ်ကမေတ္တာ” ဟူသော ဇာတ်ကားတွင် ကတောင်းမြှောင်အောင်ကြိုက်သည့် အရုပ်ဖြင့် ထူးချွန်ဆုကို ရရှိခဲ့သည်မှာ အံသြ စရာတစ်ခု ဖြစ်ခဲ့ရသည်။

 ဤတွင် ကျွန်တော်၏ အနုပညာသမားတစ်ယောက်၏ ခံစားချက်များကို တင်ပြပါတော့မည်။
 ကျွန်တော်သည် ၁၉၈၃ ခုနှစ်တွင် လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်၏ “ချစ်ကြိုးလေး နှစ်မျှင်” နှစ်ကိုယ်ခွဲဇာတ်ကားဖြင့် ရုပ်ရှင်အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့သည်။ ၁၉၇၀ ခုနှစ် မတိုင်ခင်ကတည်းက ဖခင် ဦးစိန်တင် ဦးစီးလုပ်ကိုင်နေသော “အမျိုးသား” ရုပ်ရှင်ကုမ္ပဏီပိုင် ရုပ်ရှင်ရိုက် ကူးရေး စတူဒီယိုထဲတွင် ကြီးပြင်းလာသည်နှင့်အညီ အနုပညာသည်များ စုံလင်စွာနှင့် ရင်းနှီးခဲ့သူ တစ်ယောက်လည်းဖြစ်သည်။ ကျွန်တော် ရုပ်ရှင်သရုပ်ဆောင်စတင်ဖြစ်သည့် အချိန်ကာလများတွင် လူငယ်သရုပ်ဆောင်သစ်များ ရှားပါးနေသည်နှင့်အညီ လူငယ်စရိုက်၊ လူငယ်သဘာဝ၊ လူငယ်တို့၏ ဝတ် စားဆင်ယင်မှုတို့ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ရသော လူငယ်သရုပ်ဖော် ရုပ်ရှင်ဇာတ်ကားများသာဖြစ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ခေတ်ကာလတွင် ဝတ်စားဆင်ယင်မှု ဒီဇိုင်းများသည် ခေတ်လူငယ်ကိုယ်စားပြု ဝတ်စားဆင်ယင်မှုများကို အလေးသာခဲ့ရသည်။

ကျွန်တော်၏ အနုပညာသက်တမ်း (၅)နှစ်တာ ကာလသို့ ရောက်ရှိသောအခါ သဘာဝဇာတ်ရုပ်များ၊ သဘာဝကာရိုက်တာများကို စတင်ခြေလှမ်းခဲ့တော့သည်။ ထို ကာလများတွင် ရိုက်ကူးခဲ့သော “မာနမင်းသား”၊ “မရဲ့မောင်လေး”၊ “ရင်ခုန်မိတာအချစ်လား”၊ “ချစ်မ” စသည့် ရုပ်ရှင်ဇာတ်ကားများသည် အလွန်အောင်မြင်ခဲ့သော ဇာတ်ကားများဖြစ်တော့သည်။ ထိုစဉ်အခါက ကျွန်တော်သည် အနုပညာသမားတစ်ဦး၏ ပြည်သူအပေါ်ပေးဆပ်ရမည့်၊ ပြည်သူ့ကိုယ်စား သရုပ်ဖော် ပေးရမည့် ပြည်သူ့အနုပညာသမားတစ်ဦး၏ တာဝန်တစ်ရပ်ကို သိရှိနားလည်ခဲ့ရသည်။ ထို့ကြောင့် စာပေ ဗိမာန်ဆုရ “တဒင်္ဂလေးများစွာ” ဟူသော ဝတ္ထုအား ဒါရိုက်တာ အေဝမ်းသိန်းထွဋ် (စပ်စု)မှ တစ်ဆင့် ဖတ်ရှု မိကာ လူငယ်ပြုပြင်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဟူသော တိုင်းကျိုးပြည်ကျိုးပြုဇာတ်လမ်းဖြစ်ပါ၍ ဖခင် ဦးစိန်တင်အား ကိုယ်ပိုင်အမျိုးသားရုပ်ရှင်မှ ထုတ်လုပ်ရိုက်ကူးရန် တိုက်တွန်းခဲ့သည်။ ဖခင် ဦးစိန်တင်မှ ဒါရိုက်တာ ကြည်စိုးထွန်းအား ရိုက်ကူးစေခဲ့သည်။ ထို “တဒင်္ဂလေးများစွာ” ဇာတ်လမ်းအား ကျွန်တော့်အနေဖြင့် ဖတ်ရှုပြီးသည့်နောက် လူငယ်တို့၏ ရည်ရွယ်ချက်ပန်းတိုင်အား တည့်တည့်မတ်မတ် ထိရောက်အောင် ပစ်နိုင်သော “ဒိုး” ဟူသော အမည်နာမအား ရုပ်ရှင်ဇာတ်ကားအဖြစ် အသုံးပြုရန် တိုက်တွန်းခဲ့သည်။

ယင်း “ဒိုး” (အဖြူ/အမဲ) ရုပ်ရှင်ဇာတ်ကားမှာ ကျော်သူ၊ စိုးသူ၊ မေဝင်းမောင်၊ ဒေါ်မြင့်မြင့်ခင် စသည့်အနုပညာသည်များ ပါဝင်ခဲ့ကာ အလွန်အောင်မြင် လူကြိုက်များခဲ့သည့် ဇာတ်ကား ဖြစ်ခဲ့သည်။ ယင်း “ဒိုး” ဇာတ်ကားအား ကျွန်တော်များစွာ အားထားခဲ့သည်။ အကြောင်းမှာ ၁၉၈၆၊ ၁၉၈၇၊ ၁၉၈၈ ခုနှစ်များတွင် အကယ်ဒမီထူးချွန်ဆု အခမ်းအနားများ နိုင်ငံတော်အစိုးရမှ ပြုလုပ်ခဲ့ခြင်း မရှိခဲ့ပါ သောကြောင့် “ဒိုး” ဇာတ်ကားသည် ၁၉၈၉ ခုနှစ် အကယ်ဒမီထူးချွန်ဆုပွဲနှင့် အကျုံးဝင်နေသောကြောင့် ကျွန်တော်တို့ မျှော်လင့်ချက်များ ထားရှိခြင်းဖြစ်သည်။ ထို့ပြင် ကျွန်တော်ရုပ်ရှင်လောကထဲသို့ ရောက်ခဲ့ ချိန်မှစ၍ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲဖိတ်စာများကို သက်ဆိုင်ရာအနုပညာရှင်များအား ဖိတ်ကြားရာတွင် ဥပမာအားဖြင့် ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့လျှင်သော်၎င်း၊ ယောကျာ်းဖြစ်သူသည် ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့သော်၎င်း၊ ဇနီးမောင်နှံနှစ်ဦးစလုံးကို ထိုင်ခုံတွဲလျက်ဖိတ်ကြားခြင်း မပြုခဲ့။ ယောကျာ်းဖြစ်သူနှင့် ဇနီးဖြစ်သူနှစ်ဦးစလုံး ရုပ်ရှင်အနုပညာလောကတွင် လုပ်ကိုင်နေပါမှ ဇနီးမောင်နှံနှစ်ဦးစလုံး ထိုင်ခုံတွဲလျက်ရရှိသည်။ သို့သော် ၁၉၈၉ခုနှစ်၌ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ပွဲတက်ရောက်ရန် ဖိတ်ကြားသောအခါ ကျွန်တော်၏ ဖခင်နှင့် မိခင်တို့သည် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသောအချိန်ဖြစ်သည်။ ထို့ကြောင့် အကယ်ဒမီ အကဲဖြတ်ဘုတ်အဖွဲ့မှ ဖိတ်စာဖိတ်ကြားရာတွင် ကျွန်တော့်အား ဇနီးဖြစ်သူနှင့် မတက်မနေရ၊ ထို့အပြင် “အမျိုးသားရုပ်ရှင်” ကုမ္ပဏီကိုယ်စား တက်ရောက်မည့် သူတစ်ဦးပါ မဖြစ်မနေ တက်ရောက်ရန် ပြောကြားခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ အထူးခြားဆုံး အကြိုးစားဆုံး သရုပ်ဆောင်ခဲ့သော “ဒိုး” ဟူသော ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီဆုနှင့် မလွဲနိုင်တော့ပြီဟု ယုံကြည်မိခဲ့သည်။

ကျွန်တော်၏ စိတ်အစဉ်တို့သည် အကယ်ဒမီပွဲခင်းထဲတွင် လွန်စွာမှ စိတ်လှုပ်ရှားနေမိတော့သည်။ သတင်းထောက်များ၊ ရုပ်ရှင်လောကသားများ၏ မျက်လုံးများသည် ကျွန်တော့်ထံ ဝိုင်းဝန်းစူးစိုက် ကြည့်ရှုကြခြင်းကို ခံနေရသည်။ ကျွန်တော်သည် ရုပ်ရှင်သက်တမ်း (၆) နှစ်ကြာသည်အထိ ထူးချွန်ဆု အကယ်ဒမီဆုကို မရရှိသေးသော အနုပညာအင်အား၊ ခွန်အားများ နည်းပါးနေသော ချို့တဲ့သည့် အနုပညာရှင်တစ်ယောက်ကဲ့သို့ ခံစားနေရသည်။ ရနိုး ရနိုးနှင့် ဤ အကယ်ဒမီ ထူးချွန် ဆုကြီးကို ဤတစ်ကြိမ်တွင် ပစ်မလွဲရတော့မည်ဟု ယုံကြည်မိသည်။ ကျွန်တော်၏ ဇနီးဖြစ်သူ ရွှေဇီးကွက် မှလည်း အနားမှ ကျွန်တော်၏လက်အားဆုပ်ကိုင်ကာ ကျွန်တော့်အား အားပေးမှုကိုခံနေရသည်။ အခမ်းအနားစ၍ ယင်းနှစ်အတွင်း ထူးချွန်သော အကောင်းဆုံးဇာတ်ကားဆုကို ကြေငြာလိုက်သည့်အခါ …. “ဒိုး”။ အကောင်းဆုံးသော အထူးချွန်ဆုံးသော ဒါရိုက်တာဆုကို ကြေငြာလိုက်သည့်အခါ …. “ဒိုး” ရုပ်ရှင်ဇာတ်ကားအား ရိုက်ကူးသော ဒါရိုက်တာ ကြည်စိုးထွန်း ဖြစ်နေသည်။ ထို့ကြောင့် ကျွန်တော်အပါ အဝင် ရုပ်ရှင်လောကသားများမှ ရုပ်ရှင်သရုပ်ဆောင်အထူးချွန်ဆုံးသောဆုကို တွက်ဆ၍ ရသွားပြီ ဖြစ်သည်။ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားနှင့် အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာဆု ရရှိသည်ဖြစ်ပါက ထို ဇာတ်ကားထဲတွင် အကောင်းဆုံးသော သရုပ်ဆောင်ဆုတစ်ဆု အနည်းဆုံးရသင့်သည် မဟုတ်ပါလား။ ထိုအချိန်တွင် အခမ်းအနား အစီအစဉ်ကိုကြေငြာရာတွင် စီစဉ်တင်ဆက်သူ (အမည်မမှတ်မိ)မှ ကြေငြာရာတွင် ၁၉၈၉ ခုနှစ်အတွက် အကောင်းဆုံးသော အထူးချွန်ဆုံးသော ရုပ်ရှင်သရုပ်ဆောင် မင်းသားဆုကို ရရှိ သည့် အမျိုးသားသရုပ်ဆောင်မှာ ကိုကျော် . . ကျော် . .  ကျော် . . ကျော် ဟူ၍ (အသံအားဆွဲငင်မှုပြု၍) ကြေငြာလိုက်စဉ် ကျွန်တော်၏ အနီးတွင် ဝိုင်းဝန်း၍ အားပေးချီးမြောက်မိ အနုပညာသမားများ၊ မှတ်တမ်း တင် ရိုက်ကူးမည့် ဓါတ်ပုံဆရာများ၊ ဗဟိုသတင်းရိုက်ကူးရေးအဖွဲ့သားများ ဝိုင်းဝန်း၍ နှုတ်ဆက်စကား ပြောခြင်း၊ အင်တာဗျူးလုပ်ခြင်း၊ ဓါတ်ပုံရုပ်ရှင်များရိုက်ကူးခြင်းတို့ကို မျက်စိမဖွင့်နိုင်လောက်အောင် ကင်မရာမီးရောင်များဖြင့် ဝေဝါး၍ နေတော့သည်။ သို့ရာတွင် အစီအစဉ်တင်ဆက်သူ၏ ကိုကျော် ဟူသော ဆွဲငင်မှုအသံ၏ အဆုံးတွင် “ဟိန်း” ဟူ၍ အသံတစ်ခုတည်းသာ ကြားမိလိုက်တော့သည်။

ကျွန်တော်၏ မျက်ဝန်းအစုံတွင် မျက်ရည်စက်များ ခိုတွဲကာ မျက်လုံးပေါင်းတစ်သိန်းခန့် ဝိုင်းဝန်း၍ ဂရုဏာသက်စွာ ကြည့်ရှုမှုကို မခံနိုင်သည့်အဆုံး ကျွန်တော် အကယ်ဒမီဆုပေးပွဲ (အမျိုးသားယဉ်ကျေးမှုကဇာတ်ရုံ) ခန်းမ မှ ပြေး၍ ထွက်ခွာသွားတော့သည်။ အမျိုးအမည်မသိသော လက်ချက်ဖြင့်၊ အမျိုးအမည်မသိသော ဒဏ်ရာ ကို ရရှိခဲ့သည်။ ကြေကွဲမှု၊ ဝမ်းနည်းမှု၊ နာကျည်းမှု၊ ပေါက်ကွဲမှု စသည့် ဒေါသ၊ မောဟများဖြင့် ပြည့်လျှံ ပေါက်ကွဲမိသည်။ အနီးအနားတွင် ကျွန်တော့်၏နောက်မှ ထပ်ချက်မကွာ လိုက်လံအားပေး ဖြေသိမ့် နေသော ဇနီးဖြစ်သူ ရွှေဇီးကွက်နှင့်အတူ ကျွန်တော်တို့ နေအိမ်ရှိရာသို့ ဦးတည်၍ ပြန်ခဲ့တော့သည်။ ထိုနေ့ ညတစ်ညလုံးနီးပါး ကျွန်တော်၏ “ဒိုးဟေ့ …. ဒိုး” ဟူသော ပေါက်ကွဲသံ၊ ကြွေးကြော်သံတို့သည် ကျောက် တံတားမြို့နယ်ရှိ ရုပ်ရှင်သမားတို့စုဝေးရာနှင့် ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့တွင် ပဲ့တင်ထပ်နေမည် ဟု ကြားသိသူတိုင်း သိရှိကြမည်ဖြစ်သည်။ ထို့ကြောင့် အခမ်းအနားကြေငြာသူတို့၏ ကြေငြာချက် ကြောင့် အကယ်ဒမီရွှေစင်ရုပ်အား ရင်နာခဲ့ရသော ပေါက်ကွဲခဲ့ရသော ရုပ်ရှင်သရုပ်ဆောင်များလည်း ရှိခဲ့ဖူးမည် ဖြစ်သည်။ဤသည်မှာ ကျွန်တော်အနုပညာသက်တမ်း၏ ပထမဦးဆုံးသော အကယ်ဒမီပေါက်ကွဲမှုပင် ဖြစ်တော့သည်။

ထို့အပြင် ၁၉၈၉ ခုနှစ် အကယ်ဒမီ ဆုပေးပွဲတွင် ရွေးချယ်ထားရာ၌ ပါဝင်သော ကျွန်တော် ပထမ ဦးဆုံး ဒါရိုက်တာအဖြစ် ရိုက်ကူးထားသော  “ကောင်းချစ်တဲ့မမ” ဇာတ်ကားတွင် ကျွန်တော် ၀ါသနာပါ သော ဓါတ်ပုံပညာရပ်များကို အစွမ်းကုန် အသုံးပြုရိုက်ကူးခဲ့ရာ ဓါတ်ပုံဆုကို မရရှိခဲ့ချေ။ ယင်းဇာတ်ကား တွင် ကျွန်တော်သည် ဇာတ်ကောင်တို့၏ စရိုက်များအားပေါ်လွင်ရန် ဓါတ်ပုံပညာရပ်ဖြင့် Filter ချပ်များ အသုံးပြုကာ မွန်းတပ်(ဒ်)အဖြစ် ရိုက်ကူးတင်ပြခဲ့သောကြောင့် ရုပ်ရှင်ကြည့်ပရိတ်သတ်များအထူး နှစ်သက်ခဲ့သော အောင်မြင်သော ဇာတ်ကားဖြစ်ခဲ့သည်။ ယင်း ၁၉၈၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဟောလိဝုဒ်မှ အော်စကာဆုပေးပွဲတွင် သရုပ်ဆောင် ဒါရိုက်တာ ကလင့်အိစ်စ၀ုစ်(တ်) ရိုက်ကူးသော Untouchable ဟူသော ကောင်းဘွိုင်ရုပ်ရှင်ဇာတ်ကားအတွက် ဓါတ်ပုံဆုကို Filter ချပ်များ အသုံးပြု၍ အော်စကာဆုကို ထိုက်ထိုက်တန်တန်ကြီး ရရှိသွားခဲ့သည်။ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်လောကတွင် Filter အသုံးပြုပါက ဓါတ်ပုံဆုကို မပေးကြောင်း သိရှိခဲ့ရတော့သည်။

          နောက်တစ်ဖန် ၁၉၉၂ ခုနှစ်တွင် အကယ်ဒမီမကျေပွဲအတွက် ထပ်မံတက်ရောက်ခဲ့ပြန်သည်။ ထို နှစ်တွင် အကယ်ဒမီတစ်ကြို ရွေးချယ်ရာ၌ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့ရိုက်ကူးသော “မူပိုင် ချစ်သူ” ဇာတ်ကားပါဝင်နေ၍ဖြစ်သည်။ ထိုနှစ်တွင် “မူပိုင်ချစ်သူ” ဇာတ်ကားအား သရုပ်ဆောင်ခဲ့ရာ၌ ကျွန်တော် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားတိုက်အင်တိုက် ကြိုးစားသရုပ်ဆောင်ခဲ့ခြင်းကြောင့် ယင်းဇာတ် ကားအတွက် အကယ်ဒမီဆုကို မျှော်လင့်မိခြင်းဖြစ်သည်။ ယင်းနှစ်တွင် “မူပိုင်ချစ်သူ” ဇာတ်ကားနှင့် အမျိုးသမီးသရုပ်ဆောင် ထူးချွန်ဆုအား မေသန်းနုတစ်ဦးသာ ရရှိခဲ့ပြန်သည်။“မူပိုင်ချစ်သူ” ဇာတ်ကား တွင် ထူးချွန်ဆုရသော သရုပ်ဆောင်မေသန်းနု၏ ဇာတ်လမ်းဇာတ်ကွက်များအား ပြသရာတွင် ကျွန်တော် ၏ သရုပ်ဆောင်မှုများ၏ အားသာမှုများကို တက်ရောက်သူအားလုံး သိရှိကြမည်ဖြစ်သည်။ သို့သော် ယင်း ၁၉၉၂ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု  တစ်ဆုမျှ ပေးခဲ့ခြင်းမရှိ။ ထို့ကြောင့် ထိုနှစ်တွင် အမျိုးသားသရုပ်ဆောင်တစ်ဦးတစ်ယောက်မျှ သရုပ်ဆောင်အတတ်ပညာ မကျွမ်းကျင်ကြောင်း ဖော်ပြလိုက်သလို ဖြစ်နေတော့သည်။ ထို့ကြောင့် ယင်းအခမ်းအနားမှ ကျွန်တော် ဒုတိယအကြိမ်မြောက် အိနြေ္ဒမဆည်နိုင်လောက်အောင် ကြေကွဲ၍ ထွက်လာခဲ့ပြန်သည်။ ထိုနှစ်တွင် ကျွန်တော်၏ ဇနီးဖြစ်သူ အားလည်း ဖိတ်ကြားခြင်းမရှိ၍ ကျွန်တော်၏ အားငယ်မှု၊ ကြေကွဲမှုတို့ကို ကွယ်လွန်သူ လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်၊ ကွယ်လွန်သူ အကိုကြီး ဦးဇော်လင်းနှင့် အနုပညာမောင်နှမများမှ ဝိုင်းဝန်း ဖြေသိမ့်အားပေးမှုကို ခံခဲ့ရသည်။ ဤ ၁၉၉၂ ခုနှစ်မှစ၍ ကျွန်တော်နှင့် အကယ်ဒမီရွှေစင်ရုပ်တုတို့ ကွာရှင်း ပြတ်ဆဲခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆို ထိုနှစ်မှစ၍ အကယ်ဒမီဆုပေးပွဲကို ကျွန်တော် စိတ်မဝင်စား တော့။ မတက်ရောက်ခဲ့တော့ချေ။ နောင်တစ်ချိန်မှ ကျွန်တော် ထပ်မံ၍ ကြားသိခဲ့ရပြန်သည်။ “မူပိုင်ချစ်သူ” ဇာတ်ကားတွင် သရုပ်ဆောင် ကျော်သူသည် ဆရာဝန် ဇာတ်ကောင်စရိုက်အား သရုပ်ဆောင်ရာတွင် ရှပ်အင်္ကျီ အပေါ်ကြယ်သီးအား ဖြုတ်ထားခြင်းကြောင့် အကယ်ဒမီဆုကို မပေးခဲ့တာဟူ၍ မြန်မာရုပ်ရှင် အကယ်ဒမီ သင်ခန်းစာအား ရရှိခဲ့ပြန်သည်။

          ၁၉၉၄ ခုနှစ်တွင် အကယ်ဒမ်ရွှေစင်ဆုနှင့် ကျွန်တော်ပြန်လည်၍ စေ့စပ်ခြင်းကို ခံခဲ့ရသည်။ ထိုနှစ် တွင် အကယ်ဒမီဆုပေးမည့် နေ့ရက်အချိန်တွင် ကျွန်တော်သည် ကျွန်တော့်၏အိမ်တွင် တစ်ဦးတည်း ယမကာ မှီဝဲ၍ အကယ်ဒမီတည်းဟူသော ရွှေစင်ရုပ်တုအား မေ့ပစ်နိုင်အောင် ကြိုးစားနေသည်။ အခမ်း အနားသို့ တက်ရောက်ရန် ဖခင်ဖြစ်သူမှ လာရောက်ခေါ်ရာတွင် ကျွန်တော် ငြင်းဆန်ခဲ့၍ ဖခင်ဖြစ်သူ စိတ်မကောင်းစွာဖြင့် ကျွန်တော်၏အိမ်မှ ထွက်ခွာသွားသည်။ ထိုနှစ်သည် အကယ်ဒမီဆုပေးပွဲ သမိုင်း ကာလတစ်လျှောက် အထူးခြားဆုံးပွဲတစ်ခုလည်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော အများပြည်သူ ကြည့်ခွင့်၊ အားပေးခွင့်မရခဲ့သော အကယ်ဒမီထူးချွန်ဆုပေးပွဲများကို ပထမဦးဆုံးသော သုဝဏ္ဏအားကစား ကွင်းတွင် ပြည်သူလူထုအား လက်မှတ်ရောင်းချ၍ ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ကျွန်တော်နှင့် ကင်းကွာနေသော အကယ်ဒမီဆုအား အများပြည်သူတို့မှ ကျွန်တော့်အား ရရှိစေလိုသော ဆန္ဒများ ပြည့်ဝ နေတော့သည်။ ပွဲခင်းတစ်ခုလုံးတွင် “ကျော်သူ .. ရရင်ရ … မရရင် ….. ” ဟူ၍ ကြွေးကြော်သံများ ကြားနေရသည်ဟု သိရှိရသည်။ ပွဲအစီအစဉ် စတင်သည့်အချိန်တွင် အစိုးရဋ္ဌာနမှ လူကြီးတစ်ဦးက ပြန်ကြားရေးဝန်ကြီးမှတဆင့် ရုပ်ရှင်လုပ်ငန်းဋ္ဌာနရှိ အရာရှိတစ်ဦးနှင့်အတူ ကျွန်တော်၏ ဖခင်နှင့် ကျွန်တော့်ကို သွားရောက်ခေါ်ရန် ပြောကြားခဲ့သောကြောင့် ကျွန်တော့်အား နေအိမ်တွင်လာရောက် အတင်းအကျပ်ခေါ်ဆောင်သွားတော့သည်။
ယမကာမှီဝဲနေသော ကျွန်တော်သည်တိုက်ပုံနှင့် တွေ့ရာ လုံချည်တို့အား ဝတ်ဆင်၍ ရုပ်ရှင်လုပ်ငန်းမှ အသုံးပြုသော မော်တော်ယာဉ်ပေါ်သို့ ကြားညှပ်၍ ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။ (ရုပ်ရှင်လုပ်ငန်း မော်တော်ကားပေါ်မှ ကျွန်တော် ခုန်ဆင်းမှာကို စိုးရိမ်လို့လားတော့မသိ) ပွဲခင်းကျင်းပရာ သုဝဏ္ဏအားကစားကွင်းသို့ ရောက်ရှိသော ကားပေါ်မှ ဆင်းဆင်းခြင်း ရုပ်ရှင်လုပ်ငန်းမှ လူကြီးများက Congratulation ဟူ၍ လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ပွဲခင်း ထဲတွင် ကျွန်တော်ထိုင်စရာ နေရာမရှိ၍ ဖျော်ဖြေရေးတီးဝိုင်းဘေးရှိ ခုံတွင်သာ ထိုင်ခဲ့ရသည်။ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ကြေငြာသောအခါ ဒါရိုက်တာ ဇင်ရော်မောင်မောင် ရိုက်ကူး သော “တပြည်သူ မရွှေထား” ဇာတ်ကားမှ သရုပ်ဆောင် ကျော်သူ ဟူ၍ ကြားမိလိုက်သည်။ ထိုအချိန်တွင် ကျွန်တော်၏ခန္ဓာကိုယ်သည် လေထဲသို့ (၃/၄) ကြိမ်ခန့် မြှောက်တက်သွားသည်။ ကျွန်တော့်အား ဂရုဏာ၊ အကြင်နာ၊ မုဒိတာတို့ဖြင့် ဝိုင်းဝန်းအားပေးကြသော အနုပညာညီအစ်ကိုများမှ ဝိုင်းဝန်း၍ ကျွန်တော့်အား လေထဲသို့ မြှောက်တင်အားပေးကြသည်။ ထိုအချိန်တွင် ကျွန်တော့်အတွေးထဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားပေးပြောကြားခဲ့သော စကားသံ ပဲ့တင်ထပ်မိတော့သည်။ ထိုနှစ်မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းတွင် ပြည်သူများ၏ ပေးစာများလက်ခံကာ အပါတ်စဉ် ဒေါ်အောင် ဆန်းစုကြည် ပြန်လည်ဖြေကြားသောအချိန်က ကျွန်တော်သည် အနုပညာသက်တမ်း (၉) နှစ်ကြာခဲ့ပြီ ဖြစ်သည်။ အနုပညာနှင့်ပတ်သက်၍ ကြိုးစားခဲ့သူလည်းဖြစ်သည်။ သို့သော် ယခုအချိန်ကာလထိ အကယ်ဒမီထူးချွန်ဆုဆိုတာ မရရှိခဲ့ခြင်းမှာ စဉ်းစား၍မရနိုင် ဟူ၍ ပေးစာပို့ခဲ့ဖူးသည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားချက်မှာ ယခု ပေးပို့သောစာပါ အနုပညာရှင်ကို ပြောချင်တာက တော့ “အများပြည်သူက တစ်ခဲနက်ပေးထားသော ဆုကိုရရှိနေပြီပဲ။” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် “တပြည်သူမရွှေထား” အကယ်ဒမီကျင်းပရာ နှစ်သည်လည်း အများပြည်သူပရိသတ်အား ကြည့်ရှုခွင့် ပေးခဲ့သည့်အတွက် အများပြည်သူဆန္ဒအတိုင်း ပြည့်ဝခဲ့ရသည်ဟု ကျွန်တော်ယုံကြည်မိတော့သည်။

          ထို ၁၉၉၄ ခုနှစ်မှစ၍ အကယ်ဒမီဆုပေးပွဲ ကိစ္စရပ်များအား ကျွန်တော်အနေဖြင့် အသားကျသွားပြီ ဖြစ်သည်။
သွေးအေးသွားပြီဖြစ်သည်။ အမေ ဒေါ်အောင်ဆန်းစုကြည်၏ စကားအတိုင်း အများပြည်သူ၏ ထောက်ခံအားပေးမှုကသာ အဓိကဆိုတာကို ကျွန်တော် နားလည်သွားတော့သည်။ ထို့ကြောင့် ကျွန်တော် ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကျေစွာဖြင့် ကျွန်တော်လုပ်ဆောင်ရမည့် ပေးဆပ်ရ မည့် အနုပညာခွန်အားများကို အသုံးချကာ အများပြည်သူတို့အတွက် အဓိကထား၍ ရိုက်ကူးခဲ့တော့သည်။ အကယ်ဒမီဆု ဆိုသော ရူးသွပ်မှု ဝေါဟာရ ကျွန်တော့်ထံတွင် မရှိတော့။ ကျွန်တော် မခံစားရတော့ချေ။ ၂၀၀၃ ခုနှစ်တွင် ကျွန်တော်သည် ဖခင်တစ်ဦး၊ မိခင်တစ်ဦး၏ ခံစားမှု၊ အနစ်နာခံမှု၊ ပေးဆပ်မှုများကို ဂုဏ်ပြုလိုသောကြောင့် “အမေ့နို့ဖိုး” ဟူသော ရုပ်ရှင်ဇာတ်ကားအား ဖခင်ဖြစ်သူ၏ အမျိုးသားရုပ်ရှင် ကုမ္ပဏီမှ ထုတ်လုပ်ရိုက်ကူးပေးခဲ့သည်။ “အမေ့နို့ဖိုး” ရိုက်ကူးစဉ် ကျွန်တော့်၏ ဦးတည်ချက်သည် ကမ္ဘာ ပေါ်ရှိ မိခင်များအားလုံးကို ကိုယ်စားပြု ဂုဏ်ပြုရိုက်ကူးခဲ့ခြင်း၊ ကိုယ်လုပ်ဆောင်ရမည့် လုပ်ငန်းအား တာဝန်ကျေစွာ လုပ်ကိုင်ရိုက်ကူးခဲ့ခြင်းစသည့် ကိုယ့်လိပ်ပြာ … ကိုယ်လုံစွာ ရိုက်ကူးခဲ့ခြင်းတို့ကြောင့် ၂၀၀၃ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင် “အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားရိုက်ကူးသော ဖခင်၏ အမျိုးသားရုပ် ရှင်၊ ဇာတ်ညွှန်းရေးသားသော ဆရာငြိမ်းမင်း၊ ကင်မရာ ရိုက်ကူးသော ကျောက်ဖြူ၊ အဓိကသရုပ်ဆောင် မင်းသမီး ထွန်းအိန္ဒြာဗိုလ်၊ အဓိက ဇာတ်ပို့သရုပ်ဆောင် ချိုပြုံး၊ ဇော်ဦးနှင့် ဒါရိုက်တာဆုအဖြစ် နောက်ဆုံး အကြိမ် ကျွန်တော် ရရှိခဲ့သည်။ ယင်းကဲ့သို့ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဇာတ်ကားတစ်ကားတည်းမှ အကယ်ဒမီ ထူးချွန်ဆု (၇) ဆုကို ဆွတ်ခူးရယူပြီးသည့်နောက် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစ၍ မြန်မာ့ ရုပ်ရှင်လောကထဲတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ကို ပိတ်ပင်တားဆီးခံခဲ့ရတော့သည်။ ယခုဆိုလျှင် မြန်မာ့ ရုပ်ရှင်လောကနှင့် ကင်းကွာခဲ့သည်မှာ (၄) နှစ်ကျော် (၅) နှစ်နီးပါးရှိခဲ့ပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲများကိုလည်း ဖိတ်ကြားခြင်းကို မခံခဲ့ရတော့ချေ။

          ယခု ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကျင်းပမည်ဖြစ်သော အကယ်ဒမီ ထူးချွန်ဆု ပေးပွဲအတွက် ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက် ဟူ၍ ထူးခြားအံသြစွာဖြင့် ဖိတ်ကြားခြင်းကိုခံခဲ့ရသည်။ ဤတွင် ရုပ်ရှင်အစည်းအရုံးသို့ ကျွန်တော် ပြန်လည်၍ မေးကြားခဲ့သည်။ “လေးနှစ်ကျော် ရုပ်ရှင်လောကမှ ဖယ်ထုတ်ခြင်းခံထားရသော သရုပ်ဆောင် ဒါရိုက်တာတစ်ဦးကို ဘာကြောင့် ဖိတ်ကြားရတာလဲ” ဟူ၍ မေးမြန်းရာ ရုပ်ရှင်အစည်းအရုံး၏ တာဝန်ရှိသူမှ “အစိုးရပြောင်းသွားလို့ မူလည်းပြောင်းသွားပြီ” ဟု ပြောကြားသည်။ ထပ်မံ၍ ကျွန်တော်က “အရင်တုန်းက တစ်ယောက်တည်းဖိတ်တာ အခုဘာကြောင့် ဇနီးမောင်နှံ နှစ်ယောက်စလုံးကို ဖိတ်တာလဲ” ဟု ပြန်လည်၍ မေးကြားရာ။ တာဝန်ရှိသူမှ “အစိုးရပြောင်း သွားပြီ ဒါကြောင့် မူလည်းပြောင်းသွားပြီ” ဟုသာ ထပ်မံ၍ ဖြေကြားခဲ့တော့သည်။ ထပ်မံ၍ ကျွန်တော့်အား “ကိုကျော်သူ နှုတ်ခမ်းမွှေး မုတ်ဆိတ်တွေရိတ်သွားဦးစင်ပေါ်တက်ပြီး ဆုရမယ့်သူတွေအတွက် ကြေငြာ ခိုင်းရင် ခိုင်းလိမ့်မယ်။ ဒုတိယတန်းမှာ နေရာပေးထားတယ်တဲ့”။

          ထို့ကြောင့် …. အစိုးရပြောင်းသွားပြီ မူလည်းပြောင်းသွားပြီဆိုငြားလည်း ကျွန်တော်ကျော်သူ အတွက်တော့ ဘာမူမှ မပြောင်းလဲသေးပါ။ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာကျော်သူ ဘဝမှ သုဘရာဇာ လူမှုရေးသမားကျော်သူ ဘဝသို့ တစ်နည်းအားဖြင့် ပြောင်းလဲပေးလိုက်သော နိုင်ငံတော်အစိုးရ ပြန်ကြား ရေးဋ္ဌာနမှ ကျွန်တော့်အား ရုပ်ရှင်ရိုက်ကူးခွင့်ရရှိသော အနုပညာသမားဘဝသို့ ပြန်လည်၍ ပြောင်းလဲပေး ခြင်း (တရားဝင်) မပြုသေးပါ။ ထို့ကြောင့် ကိုယ့်လမ်း  ကိုယ်သွား၊  ကိုယ့်အလုပ်  ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်သီလ ကိုယ်လုံ၊ ကိုယ့်သမိုင်း ကိုယ်ရေးဖို့ပဲ လိုပါတော့တယ်  . . . . မာယာများတဲ့ရွှေစင်ရုပ်တုရယ် ဟုသာ ပြောကြားလိုက်ရပါတော့သည်။

ကျော်သူ




















ဒေါ်အောင်ဆန်းစုကြည် ပုသိမ် ကိုးသိန်းအားကစားကွင်း၌ လူထုအားပြောကြားသည့် မိန့်ခွန်း အပြည့်အစုံ

အခုအချိန်ဟာ ကျွန်မတို့ ပါတီတည်ဆောက်နေတဲ့ အချိန်မို့လို့ ပါတီတည်ဆောက်ရေး အနေနဲ့လည်း ကျွန်မတို့လာတာဖြစ်ပါတယ်။ ဒီအပြင်မှာလည်း လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့အချိန်မှာ ကျွန်မတို့ ပါတီရွေးကောက်ပွဲတွက်လည်း စည်းရုံးဖို့ လာခဲ့တာဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မသိပ်ပြီးတော့ စီကာပတ်ကုံး မပြောချင်ဘူး၊ ရိုးရိုးပဲပြောချင်တာက ကျွန်မတို့ရဲ့ ကိုယ်စားလှယ်ကိုထောက်ခံအားပေး မဲပေးကြပါလို့ပဲပြောချင်ပါတယ်။ (ဟေး ဟေး ဟေး လက်ခုပ်သံများ)
ကျွန်မတို့ဟာ ဒီအချိန်မှာ ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာလည်းသိပ်မများပါဘူး၊ ဒီနေရာလေး နည်းနည်းကိုဝင်ပြီးရွေးလို့ ဘာထူးမှာလည်းလို့ပြောကြတယ်။ ဒါပေမယ့်ကျွန်မတို့ကတော့ ဘယ်နေရာကဖြစ်ဖြစ် ရတဲ့နေရာက ပြည်သူတွေရဲ့ အကျိုးကို အထိရောက်ဆုံးလုပ်ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါကြောင့်မို့လို့ ရှိတဲ့နေရာတွေမှာ ၀င်ပြိုင်တာပါ၊ မဲထည့်တဲ့နေရာမှာ လူပုဂ္ဂိုလ်တဦးတယောက်သာမက အဖွဲ့အစည်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ပြည်သူတွေ ဒီမိုကရေစီလုံခြုံမှုအောက်မှာ နေနိုင်ရေးဖို့အတွက်ု မဲပေးတယ်လို့ စိတ်ထဲမှာထားပြီးတော့ ကျွန်မတို့ အဖွဲ့ချုပ်ကိုမဲထည့်ပေးစေချင်ပါတယ်။ (ဟေး )

   အခုဒီလောက် အင်တိုက်အားတိုက် ကြိုပြီးမှ ပုသိမ်မှာ မဲကို ကျွန်မတို့ မနိုင်ဘူးဆိုရင် မဟုတ်တော့ဘူးနော်၊ (ဟေး )  
ကျွန်မတို့ မြန်မာပြည်တ၀ှမ်းခရီးသွားတဲ့ အခါမှာ ဘာကိုသတိထားမိလည်းဆိုတော့ လာကြိုကြတဲ့ ပြည်သူတွေအမြဲပဲ ရွှင်ရွှင်လန်းလန်းနဲ့ရှိပါတယ်။ ဒီလောက်တောင် ခက်ခဲတဲ့ဘ၀တွေကို ဖြတ်သန်းနေရတဲ့ကြားထဲက ဒီလောက်တောင် လှိုက်လှိုက်လှဲလှဲပြုံးပြုံးရွှင်ရွင် တက်တက်ကြွကြွ ကြိုဆိုတာဟာ ပြည်သူတွေကို ကျွန်မတို့ အင်မတန်မှ ကျေးဇူးတင်သလို ဒီလိုပြည်သူတွေနဲ့ဆို ကျွန်မတို့ဟာ တကယ်ပဲ သာယာတဲ့ ပြည်ထောင်စုကြီးတခုကို ဆောက်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်။ (ဟေး )

လမ်းမှာကျွန်မတို့ကို ကြိုဆိုတဲ့ သူတွေထဲမှာဆိုရင် ကရင်တိုင်းရင်းသူ တိုင်းရင်းသားတွေ ကပြီးကြိုဆိုတာ တွေ့တဲ့အခါကျတော့ ကျွန်မစိတ်ထဲမှာ ကျွန်မတို့ဟာ တိုင်းရင်းသားပေါင်းစုံနဲ့ စုပေါင်းပြီး တည်ထောင်ထားတဲ့  ပြည်ထောင်စုကြီးဖြစ်စေချင်တယ်။ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓါတ်အပေါ်မှာ ခြေခံပြီး ထူထောင်မယ်ဆိုရင်နဲ့ တည်ထောင်မယ်ဆိုလို့ရှိရင် ပြည်သူတွေဟာ အေးအေးချမ်းချမ်းနဲ့ ဖွံ့ဖြိုးနိုင်မယ့်ဘ၀ကိုရောက်နိုင်မှာပါ။
ဒါပေမယ့် ဒီကိစ္စဟာ ၀ိုင်းပြီးကြိုးစားရမယ့် ကိစ္စပါ၊ ကျွန်မအမြဲပဲပြောပါတယ်။ ကျွန်မဟာ ပြည်သူတွေကို လွယ်လွယ်နဲ့ စည်းရုံးချင်တဲ့ စိတ်နဲ့ပဲ မဖြစ်နိုင်တာတွေ မပြောပါဘူး။

ကျွန်မရိုးရိုးပဲပြောရမယ်ဆိုရင် နိုင်ငံတနိုင်ငံတိုးတက်ဖို့ဆိုတာဟာ ပြည်သူတွေပါမှ ဖြစ်နိုင်ပါတယ်။ ပြည်သူတွေ မပါရင် မဖြစ်နိုင်ပါဘူးဆိုတာ သိစေချင်ပါတယ်။

ကျွန်မတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ပြည်သူတွေဟာ ကျွန်မတို့နောက်က မရှိလို့ရှိရင် ကြိုးစားချက်တွေဟာ ထိရောက်နိုင်မှာ မဟုတ်ပါဘူး၊ နောက်က မားမား မတ်မတ်ရှိရဲ့လား (ရှိပါတယ်)

ကျွန်မအနေနဲ့ ဒီလိုပြည်သူတွေက အင်မတန်မှ ပူပြင်းတဲ့နေ အောက်မှာလာပြီးတော့ ကျွန်မတို့ကို အားပေးတယ်ဆိုတာ အင်မတန်မှ ခံနိုင်ရည်ရှိတဲ့ နိုင်ငံပဲဆိုတာ သဘောပေါက်ပါတယ်။ ဒီခံနိုင်ရည်တွေကို ခံနိုင်ရည်ရှိတဲ့ အင်အားတွေကို ကျွန်မတို့နိုင်ငံ အေးချမ်းဖို့ တိုးတက်ဖို့ သုံးရမှာပါ။ အဲဒီဟာမှာ အားလုံးပါဝင်စေချင်ပါတယ်။ အထူးသဖြင့် လူငယ်တွေပါဝင်စေချင်ပါတယ်။ (ဟေး)
ကျွန်မတခုတော့ နည်းနည်းစိတ်ပူပါတယ်။ လာကြိုတဲ့အထဲမှာ လူငယ်တွေ အများကြီး  လာကြိုတဲ့အခါ တော်ကြာ စာမေးပွဲတွေ ဘာတွေ မဖြေဖြစ်ရင် စာမေးပွဲကျမှာကို စိုးရိမ်ပါတယ်။ (လက်ခုပ်သံများ)

ကျွန်မတို့လူငယ်တွေကို ပညာတတ်စေချင်တယ်။ ဒါဟာ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ဖြစ်ပါတယ်။ ကျွန်မတို့ဟာ နိုင်ငံအတွက် ဘာလုပ်ပေးရမလဲဆိုရင် ပြည်သူတွေရဲ့ အသံကိုနားထောင်လိုက်လို့ ရှိရင် အဖြေက ရှင်းရှင်းလေးပါ။ ပြည်သူတွေဟာ ဆင်းရဲတဲ့ ဘ၀ကနေ လွတ်မြောက်စေချင်တယ်၊် ပညာရေး ကျန်းမာရေး ဘက်မှာ တိုးတက်စေချင်တယ်ဆိုတာ ကြားရပါတယ်။ ဒါဟာ ကျွန်မတို့ ရည်ရွယ်ချက်နဲ့လည်း ထပ်တူထပ်မျှ ဖြစ်ပါတယ်။ အရှေ့လူတွေ ခဏထိုင်ပေးပါ။ အနောက်ကလူတွေ မြင်ရအောင်လို့၊ သတင်းထောက်တွေလည်း ထိုင်ပေးပါ၊ သတင်းထောက်တွေ ကျွန်မကို ရန်ကုန်မှာ တချိန်လုံးတွေ့နေတာပဲ၊ ဒီမှာ ခဏသာတွေ့ရတဲ့ ပြည်သူတွေကို ငဲ့ညှာပြီး ထိုင်ပေးပါ။ (ဟေး   )

အားလုံးဟာ တယောက်နဲ့ တယောက် နားလည်မှုရှိမှ ဖြစ်မယ်နော်၊ ကိုယ်လိုချင်တာပဲ ဇွတ်လုပ်နေရင် ကျွန်မတို့နိုင်ငံအတွက် မကောင်းပါဘူး။ နားလည်မှုနဲ့ အရှေ့ကလူတွေ ခဏထိုင်ပေးပါ။ (ဟေး)

အရှေ့မှာရောက်နေတဲ့သူက အနောက်ကသူတွေကို အမြဲညှာရတယ်။ ဒါဟာ လုပ်သင့်တဲ့လုပ်ထိုက်တဲ့ ကိစ္စပဲ။ ကျွန်မအဲလောက်ပြောလိုက်တော့ အခါကျတော့ ဘာကိုဆိုလိုတယ်ဆိုတာ လူတိုင်းလူတိုင်းဟာ အခွင့်အရေး နဲ့ ကိုက်ညီတဲ့ တာဝန်ရှိတယ်ဆိုတာ ပြောချင်တာပါ၊ ဒါကြောင့် ပိုပြီးအခွင့်ရေး ရလေလေ ပိုပြီး တာဝန်ကြီးလေလေဆိုတာနားလည်စေချင်ပါတယ်။
ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ ၀င်တဲ့အခါ မူ ၃ခုကို အဓိကထားပြီး ၀င်မှာဖြစ်ပါတယ်။ အဲဒီမူသုံးခုက ဘာလဲဆိုရင် ပထမတခုက ဥပဒေစိုးမိုးရေးပဲ၊ ဥပဒေစိုးမိုးရေး ကိုလိုလားရခြင်းက ပြည်သူတွေရဲ့ လုံခြုံရေးပဲ၊ ကျွန်မတို့ပြည်သူတွေ စိတ်ချလက်ချ အေးအေးချမ်းချမ်းနေနိုင်ဖို့ပါ၊ ဥပဒေစိုးမိုးရေးဆိုတာ လူတိုင်းလူတိုင်း ဘ၀နဲ့ ဆိုင်ပါတယ်။ တောင်သူလယ်သမားတွေနဲ့လည်း ဆိုင်တယ်။ ကိုယ့်ကိုယ်ပိုင်လုပ်ငန်းကို လုပ်နေတဲ့ လုပ်ငန်းရှင်လေးတွေနဲ့လည်း ဆိုင်တယ်၊ လုပ်ငန်းရှင်ကြီးတွေနဲ့လည်း ဆိုင်ပါတယ်။ ဥပဒေစိုးမိုးရေး ရှိရင် ကိုယ့်ကို ဘယ်သူက မှ ကိုယ့်ကိုလာပြီးတော့ မတရားသဖြင့် လာအနိုင်ကျင့်လို့မရပါဘူး။ ဥပဒေစိုးမိုးရေးဆိုတာ ပြည်သူတွေကို အကာအကွယ်ပေးထားဖို့ အဓိကဖြစ်ပါတယ်။ ဒါကြောင့်ပြည်သူတွေကို အကာအကွယ်ပေးထားမယ့် ဥပဒေခိုင်ခိုင်မာမာဖြစ်ဖို့ ကျွန်မတို့ အဖွဲ့ချုပ်ကနေပြီးတော့ တောင်းဆိုနေတာဖြစ်ပါတယ်။
(လက်ခုပ်သံများ )

ပုသိမ်ထီးဖြင့် ပုသိမ်မြို့တွင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်
နောက် တခုကတော့ ကျွန်မတို့ဟာ ပြည်တွင်းငြိမ်းချမ်းရေးကို တောင်းဆိုနေပါတယ်။ ဒါကတော့ ထူးထူးထွေထွေ ရှင်းပြနေဖို့ မလိုပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးရမှ ကျွန်မတို့ဟာ စစ်မှန်တဲ့ ပြည်ထောင်စုအဖြစ် ရပ်တည်နိုင်မှာပါ။ ဧရာဝတီတိုင်းဆိုလို့ရှိရင် တနည်းအားဖြင့် စံနမူနာထားရမယ့်တိုင်း လို့ပြောလို့ရပါတယ်။ ဗမာအများစုရှိပေမယ့် ကရင်တိုင်းရင်းသားတွေလည်းအများကြီး ရှိပါတယ်။ မွန်တိုင်းရင်းသားတွေလည်း အများကြီး ရှိပါတယ်။ အားလုံးဟာ အေးအေးချမ်းချမ်းနဲ့ ညီရင်းအစ်ကိုမောင်ရင်းနှမလို့ အေးအေးချမ်းချမ်းနဲ့ နေနိုင်တယ်ဆိုတာဟာ ဧရာဝတီတိုင်းက ရှေ့ကနေပြီးစံပြအဖြစ်ရပ်တည်ပေးစေချင်ပါတယ်။ (ဟေး )

ဒီတနိုင်ငံလုံးဟာ ဧရာဝတီမြစ်ကြီးကို အဓိကထားပါတယ်။ ဒါကြောင့်မို့လို့ ဒီတိုင်းဟာ ဧရာဝတီတိုင်း နာမည်ရထားတာ အင်မတန်မှ ထူးခြားတယ် မင်္ဂလာရှိပါတယ်လို့ ယူဆပါတယ်။ ကိုယ်ရဲ့ အမည်နဲ့လိုက်အောင် တန်ဖိုးရှိရှိ မင်္ဂလာရှိရှိ ကျက်သရေရှိရှိ ဒီတိုင်းကို ထူထောင်ပေးစေချင်ပါတယ်။ ကျွန်မတို့ ပြည်သူတွေဟာ စိတ်တက်ကြွတာလောက် စည်းကမ်းရှိတဲ့နေရာမှာတော့ နည်းနည်းလေး အင်အားနည်းတယ်လို့ ပြောရပါမယ်။ စိတ်တက်ကြွတာမှာ အင်အားများတယ်။ စည်းကမ်းရှိတဲ့နေရာမှာ အင်အားနည်းပါတယ်။ အင်အားများတဲ့နေရာမှ ဒီအင်အားတွေကို မှန်မှန်ကန်ကန် သုံးရမယ်၊ များတဲ့နေရာက နည်းတဲ့နေရာကို ဖြည့်ပေးစေချင်ပါတယ်။ အင်အားကို မှန်မှန်ကန်ကန်သုံးမှ အများကို အကျိုးပြုပါမယ်။ အင်အားကို အလွဲသုံးစားလုပ်ပြီဆိုရင် အများအတွက် အန္တရာယ်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေဟာ ကိုယ့်ရဲ့ အင်အားတွေကို မှန်မှန်ကန်ကန်နဲ့ အများအကျိုးအတွက် နိုင်ငံအကျိုးအတွက် သုံးစေချင်ပါတယ်။ နောက်ပြီးတော့ ရှိနေတဲ့ အားနည်းမှုတွေကိုလည်း ပြုပြင်စေချင်ပါတယ်။ နိုင်ငံတနိုင်ငံဟာ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်ပြီဆိုပြီး ရပ်သွားလို့မရပါဘူး။ အမြဲပဲရှေ့ကို ဆက်ပြီးသွားနေရမှာပါ။ ဒါကြောင့် ကျွန်မတို့ ဟာ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုရုံနဲ့ မပြီးပါဘူး၊ အဲဒီအဆင့်ကနေ ဖူလုံတဲ့အဆင့် ချမ်းသာတဲ့အဆင့်ရောက်ဖို့ ကျွန်မတို့ကြိုးစားရပါမယ်၊  အဖက်ဖက်က ကျွန်မတို့ ကြိုးစားရပါလိမ့်မယ်။ အလုပ်ဖန်တီးရေးဆိုတာလည်း အရေးကြီးတယ်။ ပညာရေးမှာ ကျွန်မတို့ လူငယ်တွေ ကိုယ်တတ်ထားတဲ့ပညာတွေ သင့်သင့်တော်တော် သုံးနိုင်ဖို့ အရေးကြီးပါတယ်။ ပညာတွေတတ်ထားပြီး အလုပ်မရှိဘူးဆိုရင် ဒီပညာတွေဟာ အဟောသိကံဖြစ်သွားနိုင်ပါတယ်။ (ဟေး )

ဒါကြောင့် ကျွန်မတို့လူငယ်တွေကို အထူးသဖြင့် အနာဂတ်တွက်အားကိုးရတာကြောင့်မို့လို့ ပညာရေးကို မြှင့်တင်စေချင်ပါတယ်။ ပညာတတ်ပြီး မကျန်းမာလို့ရှိရင်လည်း လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို လုပ်နိုင်ဖို့အားနည်းသွားမှာပါ၊ ဒါကြောင့် ကျန်းမာရေးအလေးထားပြီး တော့၊ ပြည်သူပြည်သားတွေဟာ ပိုက်ဆံမရှိလို့ ကျန်းမာရေး ဂရုမစိုက်နိုင်ဘူးဆိုတဲ့အနေအထားမှာ မရှိအောင်လို့ ကြိုးစားပြီး လုပ်ချင်ပါတယ်။ ပြည်သူတွေအားလုံး ကျန်းမာမယ် ပညာနဲ့ပြည့်စုံမယ်ဆိုလို့ရှိရင် ဒီနိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံတခုဖြစ်လာဖို့ အခွင့်အရေးတွေ အများကြီးရှိပါတယ်။

(ပရိသတ် အမေး ဒေါ်စု ပျော်ရွင်ပါသလား )
ပျော်ရွင်ပါတယ်။ ဒီနေ့ပဲ ပျော်ရွင်လို့မရဘူး တသက်လုံးပျှော်ရွှင်မှကောင်းမှာပါ၊ (ဟေး )

ရေရှည်ပျော်ရွှင်ဖို့ ကျွန်မတို့အားလုံး လက်တွဲလုပ်သွားရမှပါ။ အတူလုပ်တဲ့အခါမှာဆိုလို့ရှိရင် အထူလက်တွဲလုပ်နိုင်လို့ရှိရင် အလုပ်က ဘယ်လောက်ပဲ အခက်အခဲရှိပါစေ ပင်ပန်းတဲ့စိတ်ထက် တက်ကြွတဲ့စိတ်က ပိုပါလိမ့်မယ်၊ ဒါက အခုဒီမှာရောက်နေတဲ့ ပရိသတ်က သက်သေပါပဲ၊ နေပူအောက်မှ ပင်ပန်းတဲ့စိတ်မရှိပဲ တက်တက်ကြွကြွကျွန်မတို့ကို အားပေးတာဟာ ဒါဟာ ပြည်သူတွေရဲ့ မေတ္တာနဲ့ စေတနာသာမက ပြည်သူတွေရဲ့ စွမ်းအားကို ဖေါ်ပြနေတယ်လို့ ကျွန်မကဒီလိုပဲမြင်ပါတယ်။
အခုနောက် ၂ လမပြည့်ခင်၊ ၂ လတောင် မကျန်တော့ဘူးပေါ့နော်၊ ၂လနီးပါးကာလမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ လုပ်တော့မယ်။

အဲဒီရွေးကောက်ပွဲတွေက တဆင့်ကျွန်မတို့ ကိုယ်စားလှယ်တွေဟာ လွှတ်တော် ထဲရောက်သွားပြီဆိုလို့ရှိရင် တတ်နိုင်သမျှ ပြည်သူတွေရဲ့ အကျိုးကို ထမ်းဆောင်ပါမယ်။ ဒီထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ အခြားဥပဒေတွေနဲ့ ပတ်သက်လို့ ပြင်သင့်တာတွေ ပြင်ဖို့ကျွန်မတို့ ကြိုးစားပါမယ်။ အဲဒီလိုကြိုးစားတဲ့အခါကျရင် ပြည်သူရဲ့ ထောက်ခံမှုကို လိုအပ်တယ်ဆိုတာ အခုကတည်းက ပြောထားပါရစေ။

ကျွန်မတို့ ပြည်သူရဲ့ ထောက်ခံမှုမရှိရင်တော့ ဘယ်တော့မှ ရေရှည်မှာ အောင်မြင်မှုမရနိုင်ပါဘူး၊ ဒီတော့ပြည်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ၊ ကိုယ်တဦးတယောက်ရဲ့ စွမ်းအားဟာ မနည်းဘူးဆိုတာနားလည်ပါ။ နောက်ပြီးတော့ ကိုယ့်ရဲ့ မဲတပြားရဲ့ စွမ်းအားဟာ မနည်းဘူးဆိုတာလည်း သဘောပေါက်စေချင်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ရွေးကောက်ပွဲဆိုတာ ခဏခဏဖြစ်တာ မဟုတ်ပါဘူး၊ တခါတလေမှ ဖြစ်တာပါ၊ (ဟေး )

ဒီလို တခါတလေမှ ဆိုတဲ့အဆင့်ကနေပြီး ပုံမှန်ဖြစ်တဲ့အဆင့်သာမက ပုံမှန်လွတ်လွတ်လပ်လပ် မျှမျှတတနဲ့ ဖြစ်နိုင်ဖို့ကျွန်မတိုအားလုံး ၀ိုင်းပြီး ကြိုးစားရပါလိမ့်မယ်။ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် မျှမျှတတရှိနိုင်ဖို့ဟာပြည်သူအားလုံးဝိုင်းကူညီပါလို့ ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ (ဟေး)

ရွေးကောက်ပွဲစည်းကမ်း စည်းမျဉ်း ဥပဒေဘယ်လိုရှိသလဲ ဆိုတာကို ကျွန်မတို့အဖွဲ့ချုပ်က ကြိုးစားပြီးဆောင်ရွက်ပေးပါမယ်။ ပြည်သူတွေကလည်း ဒီစည်းမျဉ်းစည်းကမ်း တွေအတိုင်းဖြစ်ရဲ့လားဆိုတာ ၀ိုင်းဝန်းကြည့်ရှုပြီးတော့ ရွေးကောက်ပွဲကို ကာကွယ်စောင့်ရှောက်ပေးစေချင်ပါတယ်။

ရွေးကောက်ပွဲကို ကာကွယ်စောင့်ရှောက်ပေးပြီးတော့ ကျွန်မစောစောက ပြောတာကို ထပ်ပြီးပြောပါရစေ ရွေးကောက်ပွဲမှာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲထည့်ဖို့ မမေ့ပါနဲ့လို့ပြောပါရစေ၊ အဲဒီတနေ့မှာ အပင်ပန်းခံပြီး မဲရုံကိုသွားပြီး ကျွန်မတို့အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းကို မဲထည့်ပေးပါ၊ မဲထည့်တဲ့နေရာမှာလည်း မမှားနဲ့နော်  ပယ်မဲဖြစ်အောင်လည်း မလုပ်ပါနဲ့၊ ကျွန်မတို့မဲတွေက ပယ်မဲဖြစ်ဖို့ လွယ်ပါတယ်။ သေသေချာချာသတိထားပြီးတော၊ လက်ကမ်းစာစောင်တွေလည်း ကျွန်မတို့ဝေပါမယ်။ ဘယ်လိုမဲထည့်ရမယ်ဆိုတာ မဲထည့်တဲ့နေရာမှာ ပယ်မဲမဖြစ်အောင် ဘယ်လိုသတိထားရမယ်ဆိုတာကို ကိုယ်တိုင်တင်မက ကိုယ့်ရဲ့ အသိမိတ်ဆွေတွေကိုပါ ပညာပေးပြီးတော့ နှိုးဆော်ပေးကြပါလို့ ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။ အခုဆိုရင် နေကလည်းအင်မတန်ပူပါပြီ ပြည်သူတွေက တကယ်တော့ ကျွန်မကိုလာပြီးတော့ နားထောင်ဖို့အတွက် ကျွန်မကိုလာပြီတော့အားတွေနဲ့ ဖြည့်ဆည်းပေးတာဆိုတာကို ကျွန်မနားလည်ပါတယ်။ အဲဒီအတွက်လည်း အင်မတန်ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ကို အနှစ်နှစ်ဆယ် ကျော်ထောက်ခံခဲ့တဲ့ ပြည်သူလူထု ကျွန်မတို့ကို အနှစ်နှစ်ဆယ်ကျော်  ရှင်သန်နိုင်အောင်လို့ ကာကွယ်ပေးခဲ့တဲ့ ပြည်သူလူထုကို ကျွန်မတို့များမကြာခင် ဆပ်နိုင်မယ့် အခွင့်အရေးရနိုင်မယ်လို့ မျှော်လင့်ပါတယ်လို့ ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။     ။
 ဖေဖေါ်ဝါရီ ၇၊ ၂၀၁၂ (YPI)

အလင်းတန်း ဂျာနယ် အမှတ်စဉ် ၆၉၂



အစိုးရနှင့် KNU/KNLA အဖွဲ့ တို့ အချက်(၇)ချက် လက်မှတ်ရေးထိုး

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KNU / KNLA  အဖွဲ့တို့ ပဏာမအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် ၇- ချက် ကိုလတ်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KNU / KNLA  အဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမြင်ကွင်းပဏာမအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက် ၇- ချက်

(က) တပ်မတော်နှင့် KNU/KNLAငြိမ်းချမ်းရေးကောင်စီတို့အကြား လက်ရှိတည်ရှိနေသော ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းမည်။

(ခ) KNU/KNLAငြိမ်းချမ်းရေးကောင်စီ ဝင်များကို မဲလ၊ ထို့ကော်ကိုး နေရာတွင် အခြေပြုနေထိုင်ရန် သဘောတူသည်။

(ဂ) နှစ်ဖက်အပြန်အလှန်ပြောဆိုဆက်ဆံ ဆွေးနွေးမှုများ ပြုလုပ်ရန် အတွက် နှစ်ဖက်သဘောတူညီသော နေရာများတွင် နှစ်ဖက်သဘောတူညီသော ပုဂ္ဂိုလ်များဖြင့် ဆက်ဆံရေးဌာန စခန်းများကို ထူထောင်မည်။
ကုမ္ပဏီ၏ စီးပွားရေးဆက်ဆံရေး ရုံးများကို ဘားအံ၊မြ၀တီ၊ဘုရားသုံးဆူ ၊မောတောင် ကော့သောင်း တို့တွင် ထားရှိမည်။

(ဃ)နှစ်ဖက်သဘောတူညီထားသော နယ်မြေများမှအပ နယ်မြေကျော်လွန် လက်နက်ကိုင်ဆောင် သွားလာမှုများကို နှစ်ဖက်ကြိုတင် ညှိနှိုင်းပြီး ဆောင်ရွက်မည်။

(င)ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့် KNU/KNLAငြိမ်းချမ်းရေးကောင်စီ မှ အဆင့်မြင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့သည်နှစ်ဖက်သဘောတူညီသော နေရာ အချိန်ကာလတွင် တွေ့ဆုံ၍ နယ်မြေ တည်ငြိမ်  အေးချမ်းရေး ၊ ဖွံဖြိုးတိုးတက်ရေး တပ်ဖွဲ့ဝင်များ အခြေချနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရသည် အထိ ဆက်လက်  ဆွေးနွေးရန် သဘောတူသည်။

(စ)ပဏာမ ငြိမ်းချမ်းရေးဆောင်ရွက် ပြီးသည့်နောက်တွင် တစ်ဖက်နိုင်ငံ၌ ရောက်ရှိနေသော တိုင်းရင်းသားတို့၏ ပြန်လည်ဝင်ရောက် အခြေချနေထိုင်မည့် နေရာတွင် ၄င်းတို့၏ စားဝတ်နေရေး ကျန်းမာရေး လမ်းပန်း ဆက်သွယ်ရေး၊  ရေ၊ မီး  အစရှိ သည့် ဖွံ့ဖြိုးရေး  လုပ်ငန်းများ အတွက် အလျင်အမြန် အကောင်ထည်ဖော်  ဆောင်ရွက်နိုင်ရေး  အတွက် နိုင်ငံတော်မှ ခွင့်ပြု၍ ကိုယ်ထူကိုယ်ထ လုပ်ဆောင်ခွင့်ကို ပံ့ပိုး သွား မည်။

(ဆ) KNU/KNLA  ငြိမ်းချမ်းရေးကောင်စီ  မှတင်ပြထားသော ငြိမ်းချမ်းရေး အဓိပ္ပါယ်ဖွင့်ဆိုချက် အပေါ် မူအားဖြင့် သဘောတူညီ၍ နှစ်ဦးနှစ်ဖက်မှ ကြိုးပမ်း သွားမည် ဖြစ်ပါသည်။

ရန်ကုန်တိုင်းမ်

ဝန်ထမ်းလစာတိုးပေးရေး သူရဦးရွှေမန်း အဆို ပြည် ထောင်စုလွှတ်တော်က အတည်ပြု

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦး ရွှေမန်း
သန့်ရှင်းသော အစိုးရ၊ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာစေရန် နိုင်ငံဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများ ကို လာမည့် ဘဏ္ဍာရေး နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေး အပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦး ရွှေမန်းတင်ပြသည့် အဆိုကို ပြည် ထောင်စုလွှတ်တော်က အတည်ပြုခဲ့ ကြောင်း သတင်းရရှိပါသည်။
ဖေဖော်ဝါရီလ ၇ရက်နေ့ကပြု လုပ်ခဲ့သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမနေ့အစည်း အဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်သို့ အဆို တင်သွင်းခဲ့ခြင်းဖြစ်ကာ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး လက်ငင်း ရေတိုနှင့် ရေရှည်အကျိုး များအတွက် ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေဖြင့် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
“အမှန်အတိုင်း ၀န်ခံပြောဆိုရ မည်ဆိုလျှင် ယနေ့တာဝန်ထမ်း ဆောင်နေကြသော နိုင်ငံ့ဝန်ထမ်း များ၏လက်ရှိရရှိနေသော လုပ်ခ၊ လစာ၊စရိတ်နှင့် ချီးမြှင့်ငွေများသည် ယနေ့ ခေတ်ကာလနှင့် လိုက်လျော ညီထွေမရှိကြပါ။ အခြေခံ စားဝတ် နေရေး၊ လူမှုရေးအတွက် လောက်ငှ စွာမရရှိပါ။ ဒါကြောင့် ကျွန်တော်၏ တင်ပြချက်သည် ယနေ့ဝန်ထမ်း များ၏ လခ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများအား ထိုက်သင့်သလို အလျှင်အမြန်တိုးပေးရန်လိုသည် ဆိုတဲ့ အချက်ကို တင်ပြရခြင်းပဲဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက အဆိုပြုချက် ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။
“အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်သလို အူမတောင့်ပြီး သီလ မစောင့်လျှင်တော့ သူ့တာဝန်ပဲ ဖြစ်ပြီးသူတို့ တရားကို သူတို့ စီရင်မှာဖြစ်ပါတယ်။ တစ်ဘက်က အခွင့်အရေးနှင့်သက်သာချောင်ချိရေး၊ အခြားတစ်ဘက် စည်းကမ်း နှင့် ဥပဒေအပြန်အလှန် ထိန်းကျောင်းခြင်းဖြင့် Clean ဖြစ်လာမှာဖြစ်ပါ တယ်။ Clean ဖြစ်လာမှ Good Governance လုပ်လာနိုင်မှာ ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ယင်းကဲ့သို့ လစာတိုးမြှင့်ပေးခြင်းအားဖြင့် ကုန်ဈေးနှုန်းကြီးမြင့် လာမည့် စိုးရိမ်မှုများ ရှိနေသော်လည်း ထိုစိုးရိမ်မှုများဖြင့် ၀န်ထမ်းများ၏ လိုငွေကို ယခုအတိုင်း ဆက်လက်ထားရှိရန် မဖြစ်သင့်တော့ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။
“ထိုသို့ လစာနှင့်စရိတ်များကို တိုးပေးလျှင်လည်း ကုန်ဈေးနှုန်းကြီးမြင့် လာနိုင်တယ်လို့ တစ်ချို့ ကပြောကြပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်လာမယ်၊ ငွေကြေးဖောင်းပွနှုန်းတွေ ဖြစ်လာမှာစိုးလို့ ထိုက်သင့်သော လုပ်ခ၊ လစာချီးမြှင့်မှုနှင့် စရိတ်များဒီလိုပဲ ဆက်ထားနေလျှင် နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ပိုင်းဘ၀၊ ရုပ်ပိုင်းဘ၀များအား ထိခိုက်ကာ ယင်းတို့၏ လိုငွေကို နည်းလမ်းမျိုးစုံသုံးပြီးရှာကြရပါမယ်။ ကိုယ့်လုပ်အား ကို အရင်းတည်ပြီး ဆရာ၊ ဆရာမများက အချိန်ပိုကျူရှင်ပြရတာ၊ ဆရာဝန်၊ သူနာပြုကပြင်ပဆေးခန်းမှာ ညဥ့်နက်သန်းခေါင်အထိ ဆောင် ရွက်နေရတာ၊ ရငွေ၊ လုပ်ခ၊ လစာ မလုံလောက်လို့ ပြင်ပနိုင်ငံများသို့ ထွက်ခွာအလုပ်လုပ်ရတာ၊ ထိုသို့ လုပ်ရာတွင်လည်း မိမိပညာနှင့် အဆင့်အတန်းကို နှိမ့်ချပြီးလုပ်နေရတာတွေ ရှိနေဦးမှာဖြစ်ပါတယ်။ ၀န်ထမ်းများ လုပ်ငန်းခွင်ပျော်စေရေး ကျောင်းသားများ ကျောင်းနေပျော်စေရေး၊ တပ်မတော်သားများ တပ်နေပျော်စေရေးတို့အတွက် တာဝန် နှင့် လုပ်ပိုင်ခွင့်အခွင့်အရေး၊ လုပ်ခ၊ လစာ၊ စရိတ်ချီးမြှင့်မှုများဟာ အဓိကသက်ဆိုင်တယ်ဆိုတာ သတိပြုရ မှာဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ပြောပါသည်။
လက်ရှိအချိန်တွင် လုပ်ခ၊ လစာနည်းခြင်းကို အကြောင်းပြုပြီး ၀န်ထမ်းများအနေဖြင့် လာဘ်စားနေကြသည်ကို စိတ်မကောင်းဖွယ် ကြားသိနေရကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။
“အခြားအချို့ဌာနများမှ တာ ၀န်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများကလည်း လုပ်ခ၊ လစာ နည်း ခြင်းကို အကြောင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက်စာ တမ်းကြေးများ တောင်းယူခြင်းနှင့် အခြားမလျော်ကန်သော လာဘ်ပေး လာဘ်ယူဆန်သည့် ပြုမူဆောင်ရွက်ခြင်းများကို နေရာအနှံ့၊ ဌာနအများစုလိုလိုပင် တစ်ခုမဟုတ်တစ်ခု ပုံစံ အမျိုးမျိုးဖြစ်ပေါ်နေတာကို ၀မ်းနည်းစွာ ကြားသိနေရပါတယ်” ဟု သူရဦးရွှေမန်းက ပြောပါသည်။
“ဒီအခြေအနေများကြောင့် မိမိတို့ဝန်ထမ်းများ အကျင့်ပျက်လာကြတယ်။ စာရိတ္တတွေ ပျက်လာကြတယ်။ အကျင့်ပျက်၊ စာရိတ္တပျက်တဲ့ ၀န်ထမ်းများတွင်သာ တာဝန်ရှိတာ မဟုတ်ဘဲ နိုင်ငံတော်အပိုင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအပိုင်းမှာပါ တာဝန်ရှိတယ်လို့ ခံယူရ မှာဖြစ်ပါတယ်။ ၀န်ထမ်းမဟုတ်သော နိုင်ငံသားများကလည်း အကျင့်ပျက်သော အကျင့်ကိုပျက်စေသော ပြုမူဆောင်ရွက်ပေးမှု၊ ဖန်တီးမှုများ မလုပ်လိုသော်လည်း လုပ်ကြရပြန်တယ်။ သူတို့က စည်းကမ်းအတိုင်း၊ ဥပဒေအတိုင်း လုပ်မယ်ဆိုရင်လည်း ငွေပေးပြီး၊ လာဘ်သဘောပေးပြီး လုပ်ရတာထက် ခက်ခဲမှုတွေ၊ အကုန်အကျရှိမှုတွေ များပြီး အဆင်မပြေမှုတွေ ရင်ဆိုင်ကြုံတွေ့ရပြန်တော့ နောက်ဆုံးအကျင့်ပျက်၊ စာရိတ္တပျက် လမ်းကြောင်းလည်း ရောက်နေကြရပါတယ်လို့ ကြားသိနေရပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားခဲ့ပါ သည်။
ထို့အပြင်” ဥစ္စာဓနဆုံးရှုံးလျှင် ဘာမှမဆုံး ရှုံးဟုမှတ်ပါ။ (When Wealth Is Lost , Nothing Is Lost)၊ ကျန်းမာ ရေးဆုံးရှုံးပြီဆို လျှင် တစ်စုံတစ်ရာ ဆုံးရှုံးပြီဟု မှတ်ပါ (When Health is Lost, Something is Lost)၊ ကိုယ်ကျင့်တရားဆုံးရှုံးပြီဆိုလျှင် အားလုံး ဆုံးရှုံးပြီဟု မှတ်ပါ(When Character is Lost, Everything is Lost)ဆိုသည့် အတိုင်း လူတစ်ယောက်အတွက်သော် လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံ အတွက် သော်လည်းကောင်း၊ အကျင့်စာရိတ္တနှင့် စိတ်ဓာတ်ပျက်ယွင်းသွားလျှင် နိုင်ငံအတွက်များစွာသော ဆုံးရှုံးမှုများ ကြုံတွေ့ရမှာဖြစ်လို့ ကျွန်တော်တို့ပြည်သူ့ကိုယ်စားလှယ်များ ဘာလုပ်ကြမလဲ၊ ကျွန်တော်တို့မှာ တာဝန်မရှိဘူးလား၊ တာဝန်ရှိလျှင် ဘာလုပ်ကြမှာလဲ စဉ်းစားဖို့ လိုအပ်လာပါတယ်”ဟု ဆက်လက်ပြော ကြား ခဲ့ပါသည်။
“မလွှဲမရှောင်သာ ကြုံတွေ့လာနိုင်ရတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ယနေ့ တောင်သူလယ်သမားများ၊ မွေးမြူရေးသမားများ၊ အခြေခံကုန် ထုတ်လုပ်သူများ ကြုံတွေ့နေရတဲ့ စပါးနှင့် သီးနှံများဈေးနှုန်းကျ၍ အရှုံးပေါ်နေမှု၊ ငါးမွေးမြူထုတ်လုပ်သူများ အရှုံးပေါ်မှုများ ရှိပါတယ်။ ထုတ်လုပ်သူများ အရှုံးပေါ်နေမှုဟာ နိုင်ငံအတွက်ကောင်းတဲ့ လက္ခဏာမဟုတ်ပါ။ တောင်သူလယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ဝန်ထမ်းများကို များစွာ ထိခိုက်နေပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာပြီး တာဝန်ရှိသူများက ဆောင်ရွက်မပေးရာ လည်းရောက်ပါတယ်။ ဒီအခြေအနေများကို ၀မ်းနည်းစိတ်မကောင်း စွာဖြင့် လက်ခံနေရမည့် အချိန်မဟုတ်တော့ပါ”ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည့် အဆို ၌ နိုင်ငံဝန်ထမ်းများ၏ လုပ်ခ၊ လ စာနှင့်ပတ်သက်သော အကြောင်းအရာများကို ပြောကြားခဲ့သည့် နည်းတူ အကောင်းဆုံးနှင့် စိတ်အချရဆုံးဖြစ်သော လူသား အရင်းအမြစ်များ ဖွံ့ ဖြိုးရေးစီမံကိန်းများကို လုံလောက် သော ရင်းနှီးမြုပ်နှံမှုများဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေး နှင့် ကျန်းမာရေးအပါအ၀င် အခြားသော ၀န်ကြီးဌာနနှင့် ပေါင်းစပ်ပြီး စနစ်တကျ လစ်ဟာမှုမရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ရင်းနှီးမြုပ်နှံမှု၊ အကုန်အကျခံမှုများဖြင့် ဆောင်ရွက်မှ သာလျှင် နိုင်ငံသားအားလုံး စိတ်ဓာတ်နှင့် စည်းကမ်းကောင်း ပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသော နိုင်ငံသားများ ဖြစ်လာနိုင်ကြောင်း အစရှိသည်တို့ကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါသည်။
သူရဦးရွှေမန်း တင်သွင်းခဲ့သော အဆို၌ နိဂုံးချုပ်အနေဖြင့် အချက် ခြောက်ချက်ကို ဖော်ပြခဲ့ပြီး ထိုအချက်များမှာ  -
(၁) ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာ နှင့် အညီနေထိုင် စားသောက်နိုင်ဖို့ နှင့် သန့်ရှင်းသော အစိုးရ၊ ကောင်း မွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာဖို့နှင့် နိုင်ငံသားများ၊ ၀န် ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြင့်ငွေများကို လာမည့် ဘတ်ဂျက် နှစ်အစတွင်  မဖြစ်မနေတိုးမြှင့်ပေးရေး။
(၂) ပြည်သူ့ဘဏ္ဍာငွေများကို အသုံးပြု၍အမှန်တကယ် လက်တွေ့ကျကျ နိုင်ငံ့အကျိုး ပြည်သူလူထု အကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်း များကိုသာ ဥပဒေပြုပေးရေးနှင့် ထိုသို့ မဟုတ်သော စီမံကိန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျော့၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရေး။
(၃) နိုင်ငံနှင့် နိုင်ငံသားများ၏ လက်ငင်း၊ ရေတိုနှင့် ရေရှည် အကျိုးဖြစ်ထွန်းစေသော ထာဝစဉ် ရှင်သန်စေမည့် အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (သို့မဟုတ်) လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမှုများကို တင်ပြ ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာသို့ တိုက်တွန်းပေးရေး။
(၄) တာဝန်အရ ဥပဒေနှင့်အညီ ဆောင်ရွက်နေကြသူများ၊ အဖွဲ့အစည်းများအား နားလည်လက်ခံပြီး လေးစားချစ်ကြည်စွာဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပေးရေး။
(၅) နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအား တားဆီးပိတ်ပင်သော၊ ပျက်စီးယုတ်လျော့စေသော ပြည်တွင်း ပြည်ပမှ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကို မဆို၊ ဆန့်ကျင်သွားရေး။
(၆) တည်ဆဲဥပဒေများကို အဖွဲ့အစည်းများ အနေဖြင့်လည်းကောင်း၊ ပြည်သူများထဲမှ ပြည်သူတစ်ဦး အနေဖြင့် လည်းကောင်း၊ ပြည်သူတစ်ရပ်လုံးနှင့် အတူ ရိုသေလေးစား လိုက်နာကြရေး  စသည်တို့ ပါဝင်ခဲ့ပါသည်။
ထိုကဲ့သို့တင်သွင်းခဲ့သော အဆိုကို  ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးစောလှထွန်းနှင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဒေါ်နန်းဝါနုတို့ ထောက်ခံခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးက သဘောတူညီခဲ့သည့်အတွက် အဆိုကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။
EMG

အမေရိကန် ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုကို မြန်မာစိတ်ဝင်စား

CH-53E, Cobra Gold 2002

 နိုင်ငံစုံပါဝင်ပြီး အမေရိကန် ပြည်ထောင်စု ဦးဆောင်သည့် နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု အား မြန်မာက စိတ်ဝင်တစားရှိကြောင်း ထိုင်း စစ်တပ် အကြီးတန်း အရာရှိတဦးက ဂျပန် ကျိုဒိုသတင်းဌာနကို အင်္ဂါနေ့က ထုတ်ဖော် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ အနေဖြင့် အနာဂတ်တွင် ထို နှစ်စဉ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ၌ ပါဝင်ရန် စိတ်ဝင်စားသည်ဟု လွန်ခဲ့သည့် အပတ်က ပြောဆိုခဲ့သည်ဟု အဆိုပါ ထိုင်းအရာရှိက ဆိုသည်။

ရွှေမြွေဟောက် Cobra Gold ၁၂ အား ထိုင်းနိုင်ငံတွင် အင်္ဂါနေ့က စတင် ပြုလုပ်လျက်ရှိပြီး ထိုပူးတွဲစစ်ရေးလေ့ကျင့်မှု သည် အာရှ-ပစိဖိတ် ဒေသတွင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်သည်။

ယခုလက်ရှိ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် နိုင်ငံများမှာ ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံတို့ ဖြစ်သည်။

အမေရိကန် ကမ်းတက် တပ်ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ပစ်ခတ်မှု လေ့ကျင့်ခန်းများ၊ စစ်မတိုက်ရသည့် အမှုထမ်းများ အား ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးသည့် လေ့ကျင့်ခန်းများ ပါဝင်သကဲ့သို့ ကွန်ပျူတာများ အသုံးပြု၍ စစ်ပွဲ အခြေအနေမျိုး ဖန်တီးကာ စစ်အမိန့်ပေးသည့် လေ့ကျင့်ခန်းများလည်း ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည်။ ထို့အပြင် လူသားချင်းစာနာမှု အကူအညီပေးသည့် လေ့ကျင့်ခန်းများနှင့် အရပ်သားများအား အကူအညီပေးသည်
လေ့ကျင့်ခန်းများသည်လည်း စစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းတရပ် အဖြစ် ပါဝင်သည်။


Cobra Gold စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်

အမေရိန်ကန် ပြည်ထောင်စု ပစိဖိတ်ကွပ်ကဲရေးဌာနချုပ် စစ်ဦးစီးချုပ် (USCINCPAC) က ဒီဇိုင်းရေးဆွဲသော Cobra Gold စစ်ရေးပူးပေါင်း လေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ - ကျူးကျော်မှုများကို ဟန့်တားနိုင်ရန်၊ ငြိမ်းချမ်းရေးကို
မြှင့်တင်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီကျသော အတွေးအခေါ်များကို အားပေးရန်နှင့် ရှောင်လွှဲ၍ မရသော ပဋိပက္ခဖြစ်လာပါက လိုအပ်လျှင် အမေရိကန်က ဝင်ရောက်ကူညီတိုက်ခိုက်ခြင်းကို ခွင့်ပြုရန် စသည့် ရည်ရွယ်ချက်များ ပါဝင်သည်။ ထို့ပြင် CG စစ်ရေးလေ့ကျင့်မှုသည် လူသားချင်း စာနာထောက်ထားသော အကူအညီများ ထောက်ပံ့ ကူညီရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အဓိက ရည်ရွယ်၍ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပန်းတိုင်

Cobra Gold ၏ ပန်းတိုင်မှာ အကျပ်အတည်းများ ဖြစ်လာပါက အကျပ်အတည်းများကြားတွင် ငြိမ်းချမ်းရေး၊ ဟန့်တားရေးနှင့် ပူးပေါင်းဆောင်ရွက်သော နည်းများဖြင့် ညှိနိုင်းဆောင်ရွက်နိုင်ရန်နှင့် ပါဝင် ဆောင်ရွက်နိုင်ရန်
ဖြစ်သည်။ ပဋိပက္ခများ ဖြေရှင်းရာတွင် ဖြစ်နိုင်ပါက မဟာမိတ် နိုင်ငံများနှင့်ပူးပေါင်း၍ ပဋိပက္ခများကို အလျင်အမြန် ဆုံးဖြတ်နိုင်ရန်ဖြစ်သည်။

နိုင်ငံတကာ၏ စောင့်ကြည့်မှု

အစပိုင်းတွင် နိုင်ငံတကာက Cobra Gold စစ်ရေးလေ့ကျင့်မှုကို စိုးရိမ်ခဲ့ကြပြီး၊ ၂၇ ကြာ စစ်ရေးလေ့ကျင့်မှု နောက်ပိုင်း တွင် Cobra Gold ၏ အစီအစဉ်အရ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများကို စောင့်ကြည့်
လေ့လာစေပြီးသောအခါ Cobra Gold သည် မည်သည့်နိုင်ငံကိုမျှ စစ်ရေးအရ ခြိမ်းခြောက်မှု မရှိကြောင်း၊ နိုင်ငံတကာ က သာမက၊ အာဆီယံနိုင်ငံများကပါ လက်ခံလာခဲ့ကြသည်။

တတိယနိုင်ငံများက Cobra Gold စစ်ရေးလေ့ကျင့်မှုအပေါ် စိတ်ဝင်စားမှုများလာခြင်းကြောင့်၊ အမေရိကန် ပစိဖိတ် စစ်ဌာနချုပ်က Cobra Gold စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်လေ့လာစေသည့် အစီအစဉ်တခုကို ရေးဆွဲခဲ့သည်။ ထိုအစီအစဉ်ကို စီမံခန့်ခွဲရန် ထိုင်းနှင့် အမေရိကန်မှ အရာရှိများ ပူးပေါင်းကြီးကြပ်ကာ စောင့်ကြည့် လေ့လာရေးအဖွဲ့ (COLT) ကို ဖွဲ့စည်းခဲ့ပြီး၊ အဖွဲ့၏ ဒါရိုက်တာအဖြစ် ထိုင်းတပ်မတော်မှ ဗိုလ်မှူးကြီး တဦးက ဆောင်ရွက်ပြီး၊ လက်ထောက် ဒါရိုက်တာအဖြစ် အမေရိကန် ရေတပ်မှ ဗိုလ်ကြီးတဦးက ဆောင်ရွက်သည်။

၂ဝဝဝ ခုနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများက စောင့်ကြည့်
လေ့လာခဲ့ပြီး၊ ၂ဝဝ၁ ခုနှစ်တွင် သြစတြေးလျ၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ မွန်ဂိုလီးယားနှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း ၉ နိုင်ငံမှ ကိုယ်စားလှယ် ၃၅ ဦးတို့က စောင့်ကြည့်လေ့လာခဲ့သည်။ ၂ဝဝ၈ ခုနှစ် CG ကို သြစတြေးလျ၊ ကမ္ဘောဒီးယား၊ တရုတ်၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ မလေးရှား၊ မွန်ဂိုလီးယား၊ ရုရှ၊ တောင်ကိုရီးယားနှင့် ဗီယက်နမ် နိုင်ငံတို့မှ ကိုယ်စားလှယ်များအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ
စောင့်ကြည့်လေ့လာသူများ တက်ရောက်ခဲ့ကြသည်။ ယခုနှစ် ၂ဝ၁ဝ ခုနှစ် Cobra Gold လေ့ကျင့်မှုကို တရုတ်၊
ပြင်သစ်၊ ဖိလစ်ပိုင်၊ ဂျာမဏီနှင့် အခြားနိုင်ငံများမှ အရာရှိ ၁ဝ ဦးတို့ စောင့်ကြည့်လေ့လာကြမည်ဟု သိရသည်။

တတိယနိုင်ငံများအနေနှင့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လေ့ကျင့်မည်ဆိုပါက၊ ထိုသို့ မပါဝင်မီ စောင့်ကြည့်
လေ့လာရေး အစီအစဉ်တွင် ဦးစွာပါဝင်ရမည်ဟု Cobra Gold စောင့်ကြည့်လေ့လာရေးအဖွဲ့ (COLT) က သတ်မှတ် ထားသည်။ စင်္ကာပူနိုင်ငံအနေနှင့်လည်း Cobra Gold စစ်ရေးလေ့ကျင့်မှုကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာခဲ့ပြီး၊ ၂၀၀၀ ခုနှစ်မှ စတင်ကာ ၎င်း၏ လက်နက်ကိုင်တက်ဖွဲ့များ CG လေ့ကျင့်မှုတွင် ပါဝင်ခွင့်လေ့ကျင့်ခွင့် ရရှိခဲ့ခြင်း
ဖြစ်သည်။ ယခုနှစ်တွင်မူ တောင်ကိုရီးယားနိုင်ငံပါ ပါဝင်လာပြီး စုစုပေါင်း ၆ နိုင်ငံ ပူးပေါင်းလေ့ကျင့်မည် ဖြစ်သည်။

အချို့က Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားနိုင်ငံ ပါဝင်လာခြင်းသည် အရှေ့အာရှ၌ အာဏာ အားပြိုင်မှုကို ခြိမ်းခြောက်နေကြောင်းလည်း သုံးသပ်ကြသည်။ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူအချို့ကမူ
တောင်ကိုရီးယားနိုင်ငံက ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လာခြင်းသည် ဘန်ကီမွန်းအနေနှင့် ကုလသမဂ္ဂတွင် အထွေထွေ အတွင်းရေးမှူး ဖြစ်လာသည့် အခြေအနေတွင် တောင်ကိုရီးယားနိုင်ငံ အနေနှင့်လည်း အခြားနိုင်ငံများ အရေးကို ဂရုစိုက်ကြောင်း ပြသသည့် သဘောမျိုးဖြင့် ပါဝင်တာလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှု၌ အမေရိကန်လေတပ်မှ MC-130P (Combat Shadow tankers), MH-53J PAVE-LOW III, MH-60L Black Hawks နှင့် UH-1V Medivac စသည့် ရဟတ်ယာဉ်များကို ကြည်းတပ် လေ့ကျင့်မှု တွင် အသုံးပြုမှာ ဖြစ်ပြီး၊ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု၌ CH-46, UH-1, SH-60, F-14, F-18, ES-3, EA-6 and C-2; and US Marine Corps: KS-130, C-12F, CH-46, CH-53E, F/A-18, AV-8B, AH-1W and UH-1N စသည့် ရဟတ်ယာဉ်များ အသုံးပြုမည်ဖြစ်သည်။ အသုံပြုမည့် သင်္ဘောများမှာ အမေရိကုန်လုပ် EPU 111 of Oklahoma City; EPU 113 of Fort Worth, Texas; EPU 116, Everett, Wash.;  EPU 117 of Alameda, Calif စသည့် သင်္ဘောများ
ဖြစ်သည်။

၂ဝဝ၃ ခုနှစ် CG ကို ထိုင်းနိုင်ငံအရှေ့တောင်ဘက်၊ ဘန်ကောက်မြို့မှ ၁၄၅ ကီလိုမီတာအကွာရှိ ရာရောင် (Rayong) ခရိုင်၌ ကျင်းပခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင် ၁၄ဝဝဝ နှင့် ထိုင်းလက်နက်ကိုင် တပ်ဖွဲ့ ၇၀၀၀ ပူးပေါင်း စစ်ရေးလေ့ကျင့် ခဲ့သည်။ ၂ဝဝ၃ CG စစ်ရေးပူးပေါင်း လေ့ကျင့်မှုတွင် အမေရိကန်စစ်တပ်မှ သင်္ဘော ၆ စင်း၊  လေယာဉ် ၄၁ စင်း နှင့် ထိုင်းဘက်မှ စစ်သင်္ဘော ၁၁  စင်းနှင့် လေယာဉ် ၃၂ စင်း တို့ဖြင့် ပူးပေါင်းလေ့ကျင့်ခဲ့ကြသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုအတွက် ကုန်ကျမှု

၂ဝဝ၉ ခုနှစ် CG လေ့ကျင့်မှုအတွက် ထိုင်းနိုင်ငံက ဘတ် သန်းပေါင်း ၄၀ ကုန်ကျခံခဲ့ပြီး၊ အမေရိကန်ဘက်မှ ဒေါ်လာ ၁၁၃ သန်းသုံးစွဲခဲ့သည်။ သို့သော် ယခုနှစ်အတွက် မည်ရွေ့မည်မျှ သုံးစွဲမည်ဆိုသည်ကို မသိရှိရသေးပေ။

Cobra Gold  နှင့် မြန်မာနိုင်ငံ

၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့က စင်္ကာပူနိုင်ငံ Shangari-La ဟော်တယ်၌ ပြုလုပ်သော အစည်းအဝေး၌ အမေရိကန် ကာကွယ်ရေးကြီးဌာန ဝန်ကြီး ရောဘတ်ဂိတ် (Robert Gates) က မြန်မာနိုင်ငံရှိ နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို ကူညီရန် မြန်မာအစိုးရ အရာရှိများနှင့် ဆွေးနွေးခဲ့ပြီး၊ Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် အသုံးပြုသော အမေရိကန်
ရေတပ်သင်္ဘောများ စေလွှတ်ခြင်းကို မြန်မာစစ်အစိုးရဘက်က လက်မခံခဲ့ပေ။
မဇ္ဈိမသတင်းဌာန ။      ။

ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်ကိုင်ရရှိရေး လုပ်ဆောင်မည်ဟု ဒေါ်စု ပြော

 ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်ရရှိရေးတို့ကို ကြိုးစား လုပ်ဆောင်သွားမည်ဟု
ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပါတီစည်းရုံးရေး ခရီးစဉ်ဖြင့် ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ရောက်ရှိနေစဉ် အင်္ဂါနေ့ မွန်းလွဲပိုင်းက မြို့ခံလူထုပရိတ်သတ် ၃ သောင်းကျော်ကို မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်းပြောဆိုသွားခြင်း
ဖြစ်သည်။

“လူငယ်တွေကို ပြုစုပျိုးထောင်ပေးချင်တယ်။ ပညာတွေ ပိုပြီးတော့ ရအောင်လို့ လုပ်ပေးချင်တယ်။ လူကြီးလူငယ် မရွေး အားလုံးဟာ တင့်သင့်တဲ့ ကျန်းမာရေး စောင့်လျှောက်မှု ရဖို့ဆိုတာ ကျမတို့ NLD ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါဟာ ရိုးရိုးလေးပါ။ ကျမတို့ နိုင်ငံမှာ ပညာရေးစနစ်ကို ပိုပြီးတော့ ကောင်းမွန်အောင် လုပ်ရမယ်။ ကျန်းမာရေးစနစ်ကို ပိုပြီးတော့ ကောင်းမွန်အောင် လုပ်ရမယ်။ တင့်သင့်တဲ့ လစာတွေ၊ အလုပ်အကိုင်တွေ ရဖို့အတွက် ကျမတို့ ကြိုးစား သွားရမယ်”  ဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ လူထုကို ပြောသည်။
dspathain1
ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်ရရှိရေးတို့ကို ကြိုးစား လုပ်ဆောင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြော (ဓါတ်ပုံ မဇ္ဈိမ)

NLD အနေဖြင့် ပြည်သူ့အကျိုးအတွက် ရည်မှန်းကာ ၂ဝဝ၈ အခြေခံဥပဒေထဲမှ ပြင်ဆင်စရာ လိုအပ်နေသည့် အချက်များကို ပြင်နိုင်ဖို့ ရည်ရွယ်ပြီး တိုင်းရင်းသား ပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြီးအတွင်း
အေးချမ်းသာယာစွာ နေထိုင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးကို အလေးထား လုပ်ဆောင်မှာဖြစ်သလို ပြည်သူများကို အကာအကွယ်ပေးနိုင်မည့် ဥပဒေစိုးမိုးရေးတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း
ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

“ဥပဒေစိုးမိုးရေးဆိုတာ ဘာလဲဆိုတော့ ပြည်သူတွေကို အကာအကွယ်ပေးမယ့် ဥပဒေတွ စိုးမိုးခြင်း ဖြစ်ပါတယ်။ ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့အတွက် သုံးရမယ့် အရာပါ။ ပြည်သူတွေကို အနှောက်အယှက်ပေးတဲ့
နေရာမှာ သုံးရမယ့် အရာ မဟုတ်ပါဘူးဆိုတာ အားလုံးသိအောင် ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က မြောင်းမြ လူထုပရိတ်သတ်အား ပြောသည်။

မြို့ခံလူထုကလည်း လက်ခုပ်သြဘာပေး ထောက်ခံခဲ့ကြသလို “အမေစု ကျန်းမာပါစေ” ဟုလည်း အော်ဟစ် ဆုတောင်းကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မြောင်းမြခရီးစဉ်တွင်  အစိုးရဝန်ထမ်းများလည်း အရပ်ဝတ်ဖြင့် လာရောက်ကြိုဆိုမှုများရှိခဲ့သည်။ မြို့ခံတဦးက “ဒီလိုကြိုဆိုမှုမျိုး ကျနော်တို့မြို့မှာ တခါမှ မရှိခဲ့ဖူးဘူး” ဟု မှတ်ချက်ပြုသည်။

ဧရာဝတီတိုင်း ခရီးစဉ်၌ ပုသိမ်နှင့် မြောင်းမြမြို့များကို ဦးတည်သွားခဲ့သော်လည်း အသွားနှင့် အပြန် ခရီးတလျှောက် တွင် ထိုမြို့နှစ်မြို့အပါအဝင် လမ်းတလျှောက်ရှိ ကျေးရွာ ဒေသခံများက ကရင်ဒုံးယိမ်းအကများ၊ ပန်းစည်း၊ ပန်းကုံးများ၊ NLD အမှတ်တံဆိပ် ခွပ်ဒေါင်းအလံများကို ဝှေ့ယမ်းကာ ကြိုဆိုနှုတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ပုသိမ်မြို့တွင်လည်း မြို့အဝင် လမ်းတလျှောက် ကြိုဆိုသူများ ပြည့်နှက်နေပြီး နည်းပညာ တက္ကသိုလ်မှ ကျောင်းသူ
ကျောင်းသားများကလည်း NLD အမှတ် တံဆိပ် ခွပ်ဒေါင်းအလံများ၊ အင်္ကျီများ၊ ဦးထုပ်များကို ဝတ်ဆင်ကာ ကြိုဆိုခဲ့ကြသလို မြို့ပေါ်ရှိ “ကိုးသိန်း”အားကစားကွင်းကြီးအတွင်း၌ လူဦးရေး တသိန်းဝန်းကျင်ခန့် လာရောက် ကြိုဆိုခဲ့ကြကြောင်း ယင်းခရီးစဉ်တွင် လိုက်ပါသွားသူများနှင့် ဒေသခံတို့ အပြောအရ သိရသည်။

ပုသိမ်မြို့ ကိုးသိန်း ကွင်းအတွင်း ပြောဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းထဲတွင် ဒေသခံများအနေဖြင့် ကြားဖြတ်ရွေး ကောက်ပွဲ မဲပေးရာတွင် ပယ်မဲများ ဖြစ်မသွားစေရန် ဂရုတစိုက် မဲပေးကြရန်နှင့် မဲများ မပျောက်ဆုံးစေရန် အတွက်လည်း ဒေသခံ ပြည်သူများက စောင့်ကြည့်ပေးဖို့ တိုက်တွန်းပြောဆိုသွားသည်။

“မဲထည့် ပေးတဲ့နေရာမှာလည်း မမှားနဲ့နော်။ ပယ်မဲဖြစ်အောင်လည်း မလုပ်ပါနဲ့။ ကျမတို့မဲတွေဟာ ပယ်မဲဖြစ်တာ လွယ်ပါတယ်။ ဘယ်လို မဲထည့်ရမလဲဆိုတဲ့ လက်ကမ်းစာစောင်တွေလည်း ကျမတို့ ဝေပါမယ်။ ဘယ်လို မဲထည့်ရမယ်။ ပယ်မဲ မဖြစ်အောင် ကိုယ်တိုင်တင်မက ကိုယ်ရဲ့ အသိမိတ်ဆွေတွေကိုလည်း ပညာပေးပြီးတော့ နှိုးဆော်ပေးကြပါလို့ ကျမ မေတ္တာရပ်ခံပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားသည်။

ထို့အတူ တခဲနက် ကွင်းလုံးပြည့် လာရောက်အားပေးကြသည့် ပရိတ်သတ်ကြီးကို “အခုဒီလောက်ထိ အင်တိုက်အားတိုက် ကြိုပြီးမှ ပုသိမ်မှာ ကျမတို့ မဲများများ မနိုင်ရင်တော့ တခုခုတော့ မဟုတ်တော့ဘူးနော်” ဟု ဒေါ်အောင်ဆန်းစုကြည်က အရွှန်းဖောက် ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်များတွင် ဧရာဝတီတိုင်းဘက်သို့ သွားရောက်ရန် ကြိုးပမ်းခဲ့သော်လည်း လမ်းခုလတ်တွင် အာဏာပိုင်များက ပိတ်ဆို့ဟန့်တားခဲ့သည်။

၁၉၈၉ ဧပြီလ ၅ ရက်နေ့က ကွယ်လွန်လေပြီးသော NLD ဒုဥက္ကဋ္ဌ ဦးကြည်မောင်နှင့် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်ရာ ဓနုဖြူတွင် စစ်တပ်က ဟန့်တားခဲ့သည်။ ပစ်ခတ်ရန် အသင့်အနေအထား နောက်ဆုံးမိနစ်တွင်မှ ပစ်မိန့်ပြန်လည် ရုပ်သိမ်းခဲ့ခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့သို့ နေချင်းပြန် ခရီး သွားရောက်ရာတွင် ထားဝယ်မြို့ခံတို့ ထောင်ပေါင်းများစွာတို့ ကြိုဆိုခဲ့ကြသည်။ ယင်းအပြင် ယခုလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ရန် စီစဉ်ထားသော်လည်း ဟောပြောပွဲ ကျင်းပရန် နေရာ အခက်အခဲ ရှိနေခြင်းကြောင့် ခရီးစဉ်ကို ခေတ္တ ရွှေ့ဆိုင်းထားလိုက်ရသည်။
 ချင်းမိုင် (မဇ္ဈိမ) ။      ။

NLD ရန်ပုံငွေ ပန်းချီပြပွဲ ရဲက မေးမြန်းစုံစမ်း

မန္တလေးမြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရန်ပုံငွေအတွက် ပြုလုပ်သည့် ပွင့်သစ်လွင်ပန်းချီပြပွဲနှင့် ပတ်သက်၍ ချမ်းအေးသာဇံမြို့နယ် အမှတ် (၆) ရဲစခန်းမှ စုံစမ်းမှုများ ပြုလုပ်ကြောင်း သတင်းရသည်။
ပွင့်သစ်လွင် ပန်းချီပြပွဲ (ဓာတ်ပုံ - ညိုကြီး/ဖေ့စ်ဘုတ်)
ယနေ့နံနက် ၉ နာရီခွဲခန့်က ချမ်းအေးသာဇံမြို့နယ် ရဲစခန်းမှ နယ်မြေတာဝန်ခံ ရဲတပ်ကြပ် အေးကျော်နှင့် ရဲတပ်ကြပ် ဌေးလွင်တို့က ၎င်း၏အိမ်သို့ လာရောက် မေးမြန်းခြင်းဖြစ်ပြီး ပန်းချီကားရောင်းချရသည့် တန်ဖိုးငွေနှင့် ၀ယ်ယူသူများ၏ စာရင်းကို ရဲစခန်းသို့ တင်ပြရန် လာရောက် ပြောဆိုခြင်းဖြစ်ကြောင်း ပြပွဲတာဝန်ခံ ပန်းချီ ဦးကျော်မိုးသာက ဧရာဝတီသို့ ပြောသည်။
“ပြပွဲမှာ တင်တဲ့ကားနဲ့ ရောင်းရငွေကို ပြောပါလို့ ဆိုတယ်။ စာရင်းကတော့ အခုမပေးနိုင်ဘူး၊ သိချင်ရင် ပြပွဲမှာ လာဖတ်ပါ၊ ဘာမှ ထိန်ချန်စရာမရှိဘူး” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ လာရောက်မေးမြန်းခြင်းမှာ အထက် အာဏာပိုင်များက စေခိုင်း၍ဖြစ်ကြောင်း ရဲတပ်ကြပ် အေးကျော်က ရှင်းပြသည်ဟု ဦးကျော်မိုးသာက ဆက်လက်ပြောသည်။
အောင်မြေသာဇံမြို့နယ် အမှတ် (၆) ရဲစခန်း၏ စုံစမ်းမှုနှင့်ပတ်သက်ပြီး ရဲတပ်ကြပ် အေးကျော်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာ မိမိအနေဖြင့် စခန်းမှူး၏အမိန့်အရ ပန်းချီးကားအရောင်းအ၀ယ်ကို မေးမြန်းရခြင်းဖြစ်ကြောင်း၊ စာရင်းအတိအကျ မရသေးသည့်အတွက် စခန်းမှူးအား တင်ပြရခြင်းမရှိသေးကြောင်း ဖြေဆိုသည်။
အလားတူ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ပါတီဝင်ဖြစ်သူ လက်ဖက်ခြောက်လုပ်ငန်းပိုင်ရှင် ဦးမြမောင်ဆိုသူကလည်း လာရောက် မေးမြန်းစုံစမ်းသေးကြောင်း ဦးကျော်မိုးသာက ပြောသည်။
အဆိုပါ ပန်းချီပြပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ မန္တလေးမြို့ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလ ဗိမာန်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပန်းချီဆရာ ၂၄၀ ကျော်၏ ကားပေါင်း ၃၀၀ ခန့် ပြသရောင်းချခဲ့ပြီး ကျပ်သိန်း ၈၀ ခန့် ရောင်းချရကြောင်း သိရသည်။
ပန်းချီကားများ၏ ရောင်းရငွေမှ ၃၀ ရာခိုင်နှုန်းကို NLD ပါတီသို့ လှူဒါန်းမည်ဖြစ်ပြီး ပန်းချီဆရာများအနေဖြင့်လည်း မိမိတို့စေတနာ အလျောက် ထပ်မံလှူဒါန်းမည်ဟုလည်း သိရသည်။
ဦးကျော်မိုးသာက “ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီး ဦးသိန်းစိန်နဲ့ လက်တွဲပြီး တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း လုပ်မယ်ဆိုတဲ့အတွက် ပန်းချီဆရာများအနေဖြင့် သိုင်းဝိုင်းတဲ့သဘောပါ ” ဟု ဆိုသည်။
အဆိုပါ ပန်းချီးပြပွဲကို NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း လာရောက်နိုင်ခြင်း မရှိသည့်အတွက် NLD နာယက ဦးဝင်းတင်မှ ဖွင့်လှစ်ပေးခဲ့သည်။
ရန်ပိုင်(ဧရာဝတီ)

7Day News Journal ဖေဖော်ဝါရီလ- ၂- ၂၀၁၂

10-46_web

BENS အဖွဲ့ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံဖို့ လာရောက်လေ့လာ


Montgomery C. Meigs 
President & Chief Executive Officer
General Montgomery Meigs ဦးဆောင်တဲ့အမေရိကန်စီးပွားရေးလုပ်ငန်းရှင်()ဦးလာတယ်..
မြန်မာပြည်လာရောက်တဲ့ရက်အတိအကျမသိပေမဲ့ပြန်တဲ့ရက်က
(..၂၀၁၂)ဖြစ်တယ်။
UMFCCI အပါအ၀င်မြန်မာစီးပွားရေးသမားတော်တော်များများနဲ့တွေ့သွားတယ်။
အစိုးရတာဝန်ရှိသူများနဲ့လည်းအလွတ်သဘောတွေ့သွားတယ်လို့သိရတယ်။
BENS မှာနံမည်ကြီးအမေရိကန်ကုမ္မဏီတော်တော်များများကCEO တွေပါဝင်ပါတယ်
..
HIV/AIDS ကိစ္စတွေမှာအကူညီပေးနိုင်ရေးအတတ်နိုင်ဆုံးကြိုးစားသွာမယ်
..ချင်းပြည်နယ်ဖက်မှာ
ဒေသဖွံ့ဖြိုးရေးတွေအတွက်အကူအညီပေးနိုင်ဖို့ကွင်းဆင်းလေ့လာမည့်အဖွဲ့စေလွှတ်သွားမယ်လို့သိရတယ်။
မြန်မာပြည်ကိုလာလေ့လာရင်းကလူမှုရေးလုပ်ငန်းတွေစလုပ်ပြီးအခြေအနေကောင်းရင်စီပွားရေးလုပ်ငန်းများပါ

ရင်းနှီးမြုပ်နှံသွားမည့်သဘောရှိပါတယ်။
MNN
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်