ကွမ်းစားရာ၌ ထည့်စားသော ဆေးအချို့ကြောင့် နောက် ဆက်တွဲ ရောဂါဖြစ်ပွားမှု များပြားလာ

ကွမ်းစားရာတွင် နိုင်တီတူး၊ ဖိုးတီဖိုက် စသည့်ဆေးပြင်းများ ထည့်သွင်းစားသုံးမှု များပြား လာသောကြောင့် ကွမ်းစားခြင်း၏နောက်ဆက်တွဲ ရောဂါဖြစ်ပွားမှုလည်း ပိုမိုများပြားလာကြောင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မေးရိုးနှင့်ခံတွင်း ခွဲစိတ်ကုဌာနမှ အငြိမ်းစားပါမောက္ခ ဌာနမှူး ဦးကိုကိုမောင်က ပြောပြခဲ့ ပါသည်။

အလားတူ ကွမ်းကို ကွမ်းသီး၊ ထုံး၊ ဆေးရွက်တို့ဖြင့် မိရိုးဖလာ စားသုံးနေကြရာမှ နိုင်တီတူး၊ ဖိုးတီဖိုက်စသည့် ဆေးပြင်းများထည့်သွင်း စားသုံးလာမှုကြောင့် ခံတွင်းရောဂါ ဖြစ်ပွားမှုများသည်လည်း ယခင်ကထက် သက်တမ်း ထက်ဝက်ခန့်စော၍ ဖြစ်ပွားလာသည်ကို တွေ့ရှိလာရကြောင်း သိရသည်။

လူထု လူတန်းစားမရွေး ဈေးနှုန်း သင့်တင့်စွာဖြင့် နေရာအနှံ့ ကန့်သတ်ချက်မရှိ အလွယ်တကူ ၀ယ်ယူ စားသုံးနိုင်ခြင်းတို့ကြောင့် ကွမ်းစားသုံး မှုနှုန်းမှာလည်း နိုင်ငံ၌ မြင့်မားလျက် ရှိနေပြီး ဆယ်ကျော်သက် အရွယ်မှ စတင်၍ ကွမ်းစားသည့် အလေ့အကျင့် ရှိလာရာ ကွမ်းစားခြင်းနှင့်ပတ်သက်၍ ရောဂါဖြစ်ပွားမှု အခြေအနေမှာလည်း ယခင်က အသက် ၄၀ ၀န်းကျင် နောက်ပိုင်းမှသာ သွားဖုံးကင်ဆာ ဖြစ်ပွားမှုများ တွေ့ရှိရသော်လည်း ယခုအခါအသက် ၂၅ နှစ်ဝန်းကျင် အရွယ်မှစ၍ ဖြစ်ပွားနေမှုများ ရှိလာကြောင်း သွားဘက်ဆိုင်ရာဆေး တက္ကသိုလ် မေးရိုးနှင့် ခံတွင်းခွဲစိတ်ကုဌာနမှ အငြိမ်းစား ပါမောက္ခဌာနမှူး ဦးကိုကိုမောင်က ပြောပြခဲ့ပါသည်။

“မြန်မာ့ရိုးရာထုံး၊ ကွမ်းသီး၊ ဗမာဆေးတွေနဲ့ စားနေတာ မဟုတ်ဘဲ ပြုပြင်ထားတဲ့ ဆေးတွေနဲ့ စားသုံးနေတာ ဖြစ်တဲ့အတွက် ကန့်သတ်ချက် တွေမရှိဘဲ လွယ်လွယ်ဝယ်လို့ရနေသမျှ ကာလပတ်လုံး ကွမ်းနဲ့ပတ်သက် တဲ့ ပြဿနာတွေ နောက်ပိုင်းပိုများလာမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး စေတနာ့ဝန်ထမ်း မူးယစ် ကြီးကြပ်ရေးမှူးအသင်း ဥက္ကဋ္ဌဦးစံရှိန် က ဆိုပါသည်။

“ကွမ်းသီးခြမ်းတွေကို ကန့်နဲ့ စိမ်လိုက်တဲ့အခါ ကွမ်းသီးကပွလာတယ်။ ပွလာတဲ့ကွမ်းသီးကို အရောင် ဖွေးပြီးလှနေအောင် ဓာတုချွတ်ဆေးတစ်မျိုးနဲ့ အရောင်ချွတ်တယ်။ ပြီးတော့ရေဆေးပြီး နေလှန်း အခြောက်ခံတယ်။ ဆေးရွက်ကြီးကိုလည်း အရက်၊ ပျားရည်တွေနဲ့ ရောစိမ်ထားပြီးတော့ နှပ်ဆေးသဘောမျိုး အသွင်ပြောင်းထားတယ်။ ထုံးကိုလည်းရေနဲ့ဖျော်၊ အပေါ်ယံရေကြည်တွေကို သွန်ပစ်ပြီး အနည်ထိုင်ကျန်ခဲ့တဲ့ ထုံးအနှစ်သားကိုမှ ပျစ်ပျစ်ဖျော်ထားတဲ့ နို့မှုန့်တွေနဲ့ ရောလိုက်တယ်။ ထုံးကို စားတဲ့အခါမှာ နို့မှုန့်တွေပါတဲ့အတွက် ထုံးသားက ဆိမ့်ဆိမ့်လေးဖြစ်နေတယ်။ ထုံးကလည်း ပြုပြင်ထားတဲ့အတွက် သဘာဝ ထုံးမဟုတ်တော့ဘူး။ ဒါ တွေတင်မကပါဘူး။ အိမ်နီးချင်း နိုင်ငံတွေကနေ တရားမ၀င်လမ်းကြောင်း တွေကတစ်ဆင့် တင်သွင်းလာကြတဲ့ နိုင်တီတူး၊ ဖိုးတီဖိုက်၊ စတားဗမာ ဆေး၊ ဆစ်ဂနယ်စတဲ့ ဆေးပြင်းတွေ ကိုလည်း ထည့်စားကြပါသေးတယ်။ ဒီဆေးတွေရဲ့သဘာဝက အလွန်ပြင်းထန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကနေ ၀င်တဲ့ပြုပြင်ထားတဲ့ ကွမ်းသီးအထုတ်လေးတွေကို ဈေးကွက်ထဲမှာ ရောင်းချနေတာတွေလည်း ရှိပါတယ်။ အဲဒါတွေအားလုံးဟာ သဘာဝကို ဆန့်ကျင်ပြီး ပြုပြင်ထားတဲ့ ဓာတုဗေဒဒြပ်ပေါင်းတွေ ဖြစ်ပါတယ်။ စားကျင့်ပါသွားရင်လည်း စွဲလမ်းစေတတ်တဲ့ အာနိသင် တွေရှိပါတယ်”ဟု ၎င်းက ဆက်လက် ပြောပြခဲ့ပါသည်။      

EMG

မြိတ်မြို့ နယ် NLDရုံးခန်းဖွင့်ပွဲနှင့်ဆိုင်းဘုတ်တင်ပွဲအခမ်းအနား


မြိတ်မြို့ နယ် NLD ရုံးခန်းဖွင့်ပွဲနဲ့ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၂၁)ရက်နေ့ နံနက် ၈း၃၀ မှာပြုလုပ်ခဲ့ပါတယ်။ အလံတင်ခြင်း၊ မြို့ နယ်ဆိုင်းဘုတ်ဖွင့်ခြင်းတို့ ပြုလုပ်ခဲ့ပြီး ဧည့်ပရိသတ်ပေါင်း တစ်ထောင်ကျော်ခန့် တက်ရောက်ခဲ့ပါတယ်။ ၉း၃၀ မှာ အခမ်းအနား ပြီးဆုံးခဲ့ပါတယ်။

  National League for Democracy

ဇာဂနာရဲ့ အနုပညာပြပွဲ ရုပ်ရှင်ကားတချို့ စင်္ကာပူရဲက ပြသခွင့် ပိတ်ပင်

စင်္ကာပူနိုင်ငံ အခြေစိုက် “ရသအလင်း” အဖွဲ့က စီစဉ်တဲ့ “ရုန်းကန် ရှင်သန်နေ သော အလှတရား- Surviving Beauty” အနုပညာ ဟောပြောပွဲနဲ့ ရုပ်ရှင်ပြပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့ညက စင်္ကာပူ နိုင်ငံမှာ ကျင်းပခဲ့ရာမှာ စင်္ကာပူ အာဏာပိုင်တွေက ဆင်ဆာကင်းလွတ်ခွင့် မရှိတဲ့ ရုပ်ရှင်ကားတချို့ကို ပြသခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
(Photo: AFP)
ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရ။ (Photo: AFP)
အပိတ်ပင်ခံရတဲ့ ဇာတ်ကားတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ “လွတ်လပ်ခြင်း အနုပညာ” ပွဲတော်မှာ ဝင်ရောက် ယှဉ်ပြိုင်ပြီး ဆန်ကာတင်အဆင့် ရွေးချယ်ခံခဲ့ရတဲ့ ဇာတ်ကားတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဆင်ဆာကင်းလွတ်ခွင့် လက်မှတ် မရယူထားတဲ့အတွက် အဲဒီဇာတ်ကားတွေကို ပြသခွင့် ပိတ်ပင်ခဲ့တာ ဖြစ်တယ်လို့ သရုပ်ဆောင်ဒါရိုက်တာ လူရွှင်တော် ကိုဇာဂနာက RFA ကို ပြောပါတယ်။

ပရိသတ် ရာနဲ့ချီပြီး တက်ရောက်အားပေးတဲ့ အဲဒီဟောပြောပွဲ အမေးအဖြေကဏ္ဍမှာ တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေကို လူရွှင်တော် ကိုဇာဂနာက ပြန်လည် ဖြေကြားသွားပါတယ်။

RFA

AGD ဘဏ်က မော်တော်ကားနဲ့ တိုက်ခန်းတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေး မယ်လို့ ကြေညာလိုက်ပါတယ်

၁။ အငှားဝယ်ယူ စနစ်ဖြင့် ရောင်းချမည့်ပစ္စည်းများ။

      ၁။ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများ၊
      ၂။ Computer နှင့် ဆက်စပ်ပစ္စည်းများ။
      ၃။ တယ်လီဖုန်းကဒ်နှင့် ဆက်စပ်ပစ္စည်းများ။
      ၄။ ဆေးရုံနှင့် ဆေးခန်းသုံးပစ္စည်းများ။
      ၅။ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကရိယာများ။
      ၆။ စက်ဘီး၊ ဆိုင်ကယ်များ။
      ၇။ မော်တော်ယာဉ်နှင့် ယန္တယားများ။
      ၈။ လုပ်ငန်းသုံး စက်ပစ္စည်းနှင့် Generator များ။
      ၉။ တိုက်ခန်းနှင့် လုံးချင်းအိမ်ယာများ။

၂။ ကုန်စည် / ပစ္စည်းတန်ဘိုးအလိုက် ခွင့်ပြုသက်တမ်းနှင့် နှုန်းထား။
    (၁) ကျပ် ၅၀သန်းအထိ။
        - သက်တမ်း                     ၁နှစ်သက်တမ်း။
        - လက်ငင်းပေးချေရန်         တန်ဘိုး၏   ၂၀%။
        - ငှားရမ်းခနှုန်း                  တန်ဘိုး၏    ၇%။
        - ၀န်ဆောင်ခ                   တန်ဘိုး၏    ၁%။
        -အရစ်ကျ ပေးသွင်းရန်ငွေ    တန်ဘိုး၏ ၈၀%ကို (၁၂)ရစ် အညီအမျှခွဲ၍ (၁၂)လ လစဉ်ပေးသွင်းရန်။

    (၂) ကျပ်၅၀သန်းအထက်မှ ကျပ်၁၅၀သန်းအထိ။
        - သက်တမ်း                     ၂နှစ်သက်တမ်း။
        - လက်ငင်းပေးချေရန်         တန်ဘိုး၏၂၀%။
        - ငှားရမ်းခနှုန်း                  တန်ဘိုး၏ ၁၄%။
        - ၀န်ဆောင်ခ                   တန်ဘိုး၏ ၁%။
        - အရစ်ကျ ပေးသွင်းရန်ငွေ   တန်ဘိုး၏ ၈၀%ကို (၂၄)ရစ် အညီအမျှခွဲ၍ (၂၄)လ လစဉ် ပေးသွင်းရန်။

    (၃) ကျပ် ၁၅၀ သန်းအထက်မှ ကျပ်၃၀၀သန်းအထိ။
        - သက်တမ်း                     ၃နှစ်သက်တမ်း။
        - လက်ငင်းပေးချေရန်         တန်ဘိုး၏၂၀%။
        - ငှားရမ်းခနှုန်း                  တန်ဘိုး၏ ၂၁%။
        - ၀န်ဆောင်ခ                   တန်ဘိုး၏ ၁%။
        - အရစ်ကျ ပေးသွင်းရန်ငွေ   တန်ဘိုး၏ ၈၀%ကို (၁၂)ရစ် အညီအမျှခွဲ၍ (၃)လ တစ်ကြိမ် ပေးသွင်းရန်။

၃။ သတ်မှတ်သက်တမ်း မစေ့ရောက်မီ အပြေအကြေပေးသွင်းပါက မူလက ပေးသွင်းခဲ့သည့် ငှားရမ်းခငွေမှ အောက်ပါအတိုင်း ပြန်လည်ထုတ်ပေးပါမည်။
     (၁) ၁နှစ်ချေးငွေကို (၆)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၂၅%။
     (၂) ၂နှစ်ချေးငွေကို (၆)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၅၀%။
     (၃) ၂နှစ်ချေးငွေကို (၁၂)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၂၅%။
     (၄) ၃နှစ်ချေးငွေကို (၁၂)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၄၀%။
     (၅) ၃နှစ်ချေးငွေကို (၂၄)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၂၀%။

၎။ အရစ်ကျငွေ ပေးသွင်းရန် သတ်မှတ်ရက်။
     စတင်ခွင့်ပြုသည့်နေ့သည် (၂၂)ရက်နေ့အတွင်းဖြစ်ပါက ကပ်လျှက်လ၏ လဆန်း(၅)ရက်အတွင်း။
     စတင်ခွင့်ပြုသည့်နေ့သည် (၂၃)ရက်နေ့မှ နောက်ပိုင်းဖြစ်ပါက နောက်တစ်လ၏ လဆန်း(၅)ရက်အတွင်း။

၅။ ပျက်ကွက်ကြေး။
     လစဉ်   လဆန်း(၅)ရက်အတွင်း ပေးသွင်းရန် ပျက်ကွက်ပါက ပျက်ကွက်သည့်ရက်များအတွက်   အရစ်ကျပေးသွင်းရမည့် ငွေပမာဏပေါ်တွင် ကျပ်၁၀၀လျှင် တစ်ရက် (၄)ပြားနှုန်းဖြင့်   ပျက်ကွက်ကြေးပေးဆောင်ရပါမည်။

၆။ ကုန်စည်/ ပစ္စည်းပြန်လည်သိမ်းဆည်းခြင်း။
     လစဉ်   အရစ်ကျ ပေးသွင်းရမည့်ငွေကို (၃)ကြိမ် ဆက်တိုက်ပျက်ကွက်ပါက   အငှားဝယ်ထားသူသည် အငှားဝယ်ယူထားသည့်ပစ္စည်းကို ပြန်လည်သိမ်းဆည်းခံရမည်   ဖြစ်ပြီး၊ ပေးသွင်းထားသည့် ငွေများအားလုံးကို အဆုံးရှုံးခံရမည် ဖြစ်သည်။

၇။ အငှားရောင်းချသူ (Authorized Dealer) ၏ အရောင်းကော်မရှင်မှာ ပစ္စည်းတန်ဘိုး၏ ၁% ဖြစ်ပါသည်။


ချေးငွေဌာန
အေဂျီဒီဘဏ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးခရီးစဉ်အဖြစ် ထားဝယ်၊ မန္တလေး၊ ပုသိမ်မြို့များသို့သွားမည်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား ဂျွန်မက်ကိန်းနှင့် အမေရိကန်အထက်လွှတ်တော်အမတ်များကိုတက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ယနေ့ညနေ ၄ နာရီမှ ၅ နာရီအထိ တစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြပြီတွေ့ ရစဉ်
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်- ဇန်န၀ါရီ ၂၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံရေးခရီးစဉ်အဖြစ် လာမည့်ဇန်န၀ါရီ ၂၉ရက်တွင် ထားဝယ်မြို့သို့ သွားရောက်မည်ဖြစ်သည်။
နှစ်ပတ်အတွင်း နိုင်ငံရေးခရီးစဉ်၃ကြိမ်ထွက်ရှိရန်ရှိပြီး ထားဝယ်ခရီးစဉ်ပြီးလျှင် ဖေဖ၀ါရီ ၄၊၅ ရက်တွင် မန္တလေးမြို့သို့သွားရောက်မည်ဖြစ်သည်။ ဖေဖ၀ါရီ ၇ရက်တွင် ပုသိမ်မြို့သို့နေ့ချင်းပြန်ခရီးသွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှသတင်းရရှိသည်။ အဆိုပါခရီးစဉ်အတွင် သတင်းဌာနများကိုလည်း မိမိတို့အစီအစဉ်ဖြင့် သတင်းလိုက်ပါယူနိုင်ရန် ဖိတ်ကြားထားသည်။

7Day News Journal

ကချင်ပြည်သူများ ငြိမ်းချမ်းရေးကို မျှော်လင့်နေကြတယ်

ပြတင်းတံခါးပေါက်မှ အပြင်ကို မျက်လုံးဝှေ့ကာ ငေးမောကြည့်နေလိုက်တယ်။ ရထားလမ်းတစ်လျှောက် တဲအိမ်လေးနှင့် ကင်းစောင့် စစ်သားတွေကို တစ်မိုင်မှာ တစ်စုလောက် မြင်နေရတယ်။ ဝါးတဲလေးထဲမှာ စောင်ခြုံပြီး မီးလှုံနေကြတယ်။
သတင်းတွေက အစုံကြားနေရတယ်။ ဈေးသတင်း၊ ရေဒီယို သတင်း၊ ရပ်ကွက် သတင်းတွေ စုံနေအောင်ပါပဲ။ မြန်မာအစိုးရ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် တို့ကြား စစ်ဖြစ်နေကြောင်း နေ့၊ ည ကြားနေရပါတယ်။
- -   အသက်ကြီးကြီးငယ်ငယ်အမျိုးသမီးတွေ၊ ကလေးငယ်တွေ။ အဖိုးအိုအဖွားအိုတွေပါ မကျန်  ခုတော့ ကချင်ပြည်နယ် အနောက်ဘက်ပိုင်း ဖားကန့် ကျောက်စိမ်းမှော် အထိ စစ်မီးက တစ်စစ လောင်ကျွမ်းနေပြီ။  KIA () () ”   ဒီစစ်ပွဲတွေကြောင့် ဖားကန့်မြို့နယ်က ကျောင်း၊ ဖားကန့် မြစ်ကြီးနား ကားလမ်းမလည်း ခရီးသွားလာခွင့်တွေကိုလည်း ခေတ္တ ပိတ်ထားလိုက်ရတယ်။ ကုန်ဈေးတွေ တစ်ဟုန်ထိုး တက်လာတာနဲ့ အညီ ဝယ်သူမဲ့ ဖြစ်နေပါတယ်။
-ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တွေလည်း ရပ်နားခိုင်းလိုက်တော့ ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး နေရပ်သို့ တစ်ရက်ကို အယောက် ထောင် ကျော်ပြန်နေကြတယ်။ ခုဆို ဖားကန့်၊ ဆိုင်းတောင်၊ လုံးခင်း စတဲ့ ကျောက်စိမ်းမှော်တွေ လူတွေ မရှိပဲ တိတ်ဆိတ်နေပါပြီ။ ဖားကန့်မြို့နယ်က ဆင်းလာကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ချင်းတွင်းမြစ်မှာ ဖွေးနေအောင် မြင်နေရတယ်လို့ မှုံရွာ ဒေသခံ တစ်ဦးက ဆိုပါတယ်။ ဒီလောက်များတဲ့သူတို့ ဘယ်ကို ခြေဦးတည့်ကြမှာလဲ။
ကချင်ပြည်နယ် မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့နယ်မှာလည်း ညနေ ၅နာရီ မှောင်ရီပျိုးလာပြီဆို ခြံတံခါးသော့ခတ်။
ဇန်နဝါရီလ ၁၈ ရက်နေ့မှာ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ  နှင့် မြန်မာ အစိုးရနှစ်ဖတ် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနေတာကို ကြားရတော့ ကချင်ပြည်နယ်က ပြည်သူတွေအားလုံး ၀မ်းသာပျော်ရွှင်သွားကြတယ်။ ပြည်နယ်အေးချမ်းတော့မှာလား။ အပြောင်းအလဲကြီး တစ်ခု ဖြစ်လာမယ်လို့ လည်း တွေးပျော်ရင်း ဆောင်းတွင်းအအေးဒဏ်ကို အံတုရင်ဆိုင်ရင်း ငြိမ်းချမ်းရေးကို မျှော်လင့်နေကြပါတယ်။

ဂျာတော့ပ်(ရွှေမြစ်မခ)

တိုးတက်ပြောင်းလဲမှုနှင့် နိုင်ငံတော်သမ္မတ၏ ဆောင်ရွက်ချက်များကို ဆက်လက်စောင့်ကြည့် သွားမည် ဟု ဂျွန်မက်ကိန်းပြောဆို

နိုင်ငံတော်သမ္မတ၏ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း “တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲမှုတွေပေါ် စစ်ဆေးမှုတွေ ပြုလုပ်ပါမယ် လွတ်လပ်ပြီးတရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲဖြစ်ဖို့ကလဲ အရေးကြီးပါတယ် အမေရိကန်ကနေပြီးတော့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့က တိုးတက်ပြောင်းလဲမှုတွေ သမ္မတရဲ့ လုပ်ဆောင်ချက်တွေ ကြည့်မှာပါ အဓိက အကြောင်းအရင်းကတော့ ရွေးကောက်ပွဲပေါ့ “ ဟု အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မတ်ကိန်းက ပြောသည်။
အမေရိကန်ပြည်ထောင်စု အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မတ်ကိန်းနှင့်အခြားသောအမတ်များသည်၂၀၁၂ခုနှစ်ဇန်န၀ါရီလ၂၂ရက်နေ့ နံနက်ပိုင်းတွင်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
၂၀၁၂ခုနှစ် ဇန်န၀ါရီ ၂၃ရက်နေ့တွင် အမေရိကန် အထက်လွှတ်တော်အမတ်ဂျွန်မတ်ကိန်းသည် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
ဝင့်သင်ဇာကျော်(ရွှေမြစ်မခ)
 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ဂျွန်မက်ကိန်း တို့ အဖွဲ့ တွေ့ ဆုံ (ရုပ်/သံ)

" … ဒီ sanction တွေ အစကတည်းက လုပ်ကတည်းက ဘာကြောင့်လုပ်တယ်၊ ဘာတွေ ဘာတွေ ဘယ်ခြေလှမ်းတွေ လှမ်းလို့ရှိရင် ဒီ sanction တွေကို ရုတ်သိမ်းပေးမယ် ဆိုတာ ပြောထားပြီးသားပါ။ အဲဒီတော့ ဒီ … သူတို့ သတ်မှတ်ထားတဲ့ ခြေလှမ်းတွေ လှမ်းပြီးလို့ ရှိရင်တော့ santion တွေ စပြီးတော့ ရုတ်သိမ်းမှာပါ။ ဒီခြေလှမ်းတွေက ရွေးကောက်ပွဲ ကြားဖြတ်ရွေးကောက်ပွဲ တစ်ခုတည်းတော့ မဟုတ်ပါဘူး … " ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက ဂျွန်မက်ကိန်း ဦးဆောင်သည့် အမေရိကန် အထက်လွှတ်တော် အမတ်များနှင့် တွေ့ဆုံမှုအပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ဂျွန်မက်ကိန်း ဦးဆောင်သည့် အမေရိကန် အထက်လွှတ်တော် အမတ်များနှင့် တွေ့ဆုံ-- (ဓါတ်ပုံ)

ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ဂျွန်မက်ကိန်း ဦးဆောင်သည့် အမေရိကန် အထက်လွှတ်တော် အမတ်များနှင့် တွေ့ဆုံ-- The Voice Weekly

အဖိုးဖြစ်သူကနေ မြေးဖြစ်သူအထိ အာဏာလက်ဆင့်ကမ်းပြီး အုပ်ချူပ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံအကြောင်း တစေ့တစောင်း (ရုပ်/သံ)

အာဏာရှင်နိုင်ငံတွေမှာ ဒီကနေ့ ခောတ်စားနေတာတခုကတော့ နိုင်ငံရေးအကျဉ်းသားလွတ်ပေးတဲ့ ဖြစ်ရပ်ပါပဲ။ ဒီအထဲမှာ အာရှရဲ့  အဆိုးဆုံး အာဏာရှင်နိုင်ငံ..ဒေသတွင်းနိုင်ငံတွေသာမက နိုင်ငံတကာကိုပါ နျူကလီယနည်းပညာတွေနဲ့ ခြိမ်းခြောက်နိုင်တဲ့နိုင်ငံ...မြန်မာ ဆီးရီးယား အီရန် စတဲ့ နိုင်ငံတွေကို တရားမ၀င်စစ်လက်နက်တွေ ခိုးရောင်းချနေတဲ့..မြောက်ကိုရီးယားနိုင်ငံလဲ ပါဝင်ပါတယ်…အဖိုးဖြစ်သူကနေ မြေးဖြစ်သူအထိ အာဏာလက်ဆင့်ကမ်းပြီး အုပ်ချူပ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံအကြောင်း တစေ့တစောင်းကို ဒီတပါတ် အစီအစဉ်အတွက် တင်ဆက်ပေးထားပါတယ်။
 
မိုးအေး တင်ဆက်သည် (ဒီဗွီဘီ)

Hot-News-Vol-2-No-75

Hot-News-Vol-2-No-75

ABSDFကျောင်းသားတပ်မတော်ခေါင်းဆောင်ဟောင်း တချို့ မြန်မာပြည်ပြန်မည်

ကိုအောင်သူငြိမ်း
ကိုအောင်နိုင်ဦး

ABSDF ကျောင်းသားတပ်မတော် အတွင်းရေးမှူးဟောင်းကိုအောင်သူငြိမ်း နှင့် အဖွဲ့ ဝင်ဟောင်းများဖြစ်တဲ့ ကိုအောင်နိုင်ဦး၊ ကိုမင်းဇော်ဦးတို့ ဖေ ဖော်ဝါရီလဆန်းတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

" အလည်အပတ်အနေနဲ့ လာမှာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေပြောင်းလဲလာလို့ပါ။ ဖြစ်နိုင်ရင်တော့ အပြီးပြန်လာချင်ပါတယ်။ ဒါပေမဲ့ အကူးအပြောင်းမှာ မှတ်ပုံတင်ကိစ္စတရားဝင် ပြန်နေထိုင်ဖို့၊ ပတ်စပို့ပြန်လျှောက်ထားဖို့ စသည်ဖြင့် အချိန်ယူရပါဦးမယ်။ ကျွန်တော်တို့ပြည်ပမှာ နေထိုင်လာတာ ၂၄ နှစ်နီး ပါးရှိပြီဆိုတော့ ဘ၀အစိတ်အပိုင်းတော်တော်များများက ပြည်ပမှာ ချိတ်ထားသလိုဖြစ်နေတယ်။ ဥပမာ-ဘဏ် အကောင့်၊ ခရစ်ဒစ်ကတ် စသည်ဖြင့်ပေါ့ဗျာ" ဟု ဗဟိုဖွံ့ဖြိုးမှုတိုးတက်ရေးအဖွဲ့မှ ကိုအောင်သူငြိမ်းက ပန်းသတင်းဂျာနယ်ကို ပြောသည်။

ယခုပြန်လာမည့် သုံးဦးအနက်မှ ကိုအောင်သူငြိမ်းနှင့် ကိုအောင်နိုင်ဦးတို့သည် ဗဟိုဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူများ ဖြစ်ကြောင်း ပြည်တွင်းထုတ် ပန်းသတင်းဂျာနယ်မှာဖော်ပြထားပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိမ်က ပြည်ပရောက်မြန်မာနိုင်ငံသားများကို တိုင်းပြည်ပြန်လည် တည်ဆောက်ရာတွင် ပူးပေါင်းပါဝင်နိုင်ရန်အတွက် ပြန်လာရန်ဖိတ်ခေါ်မှုများ ပြုလုပ်သဖြင့် ပြည်ပသို့အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားတချို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

By:သစ်ထူးလွင်

ပြည်သူချစ်တဲ့သူတွေ ပြည်သူနဲ့အတူ အမြဲရှိပါစေ

w7_1612 ၁၃-၁-၂၀၁၂ နေ့ဟာ အင်မတန် ၀မ်းမြောက်ပျော်ရွှင်စရာကောင်းတဲ့နေ့ ဖြစ်တယ်။ နိုင်ငံတစ်ဝန်းလုံးက ပြည်သူအားလုံးလည်း အုန်းအုန်းကျွက်ကျွက်ဖြစ်အောင် ပျော်ကြတယ်။ ဒီလိုပျော်စရာကောင်းတာ မျိုးကမ္ဘာပေါ်က ဘယ်နိုင်ငံ ဘယ်လူမျိုးမှ ခံစားဖူးလိမ့်မယ်မဟုတ်ဘူးလို့ တွေးကြည့်မိတယ်။
တစ်နိုင်ငံလုံးပျော်
အင်းစိန်ထောင်ကြီးရှေ့မှာ လူတွေထောင်နဲ့ချီ စုဝေးရောက်ရှိနေပြီး ထောင်ထဲကထွက်လာသူတွေကို လက်ခုပ်သံတွေညံနေတဲ့ကြားက ပြေးဖက်သူက ဖက်၊ ပန်းစည်းပေးသူက ပေး၊ ပြုံးမျက်ရည်တွေနဲ့ ငေးသူက ငေးဖြစ်နေကြတဲ့မြင်ကွင်းမျိုးလည်း ဘယ်နိုင်ငံမှ ကြုံဖူးကြမယ်မထင်ပါဘူး။ မြန်မာလူမျိုးတွေအဖို့တော့ တစ်ကြိမ်တစ်ခါသာမဟုတ်ဘူး ဒီလိုပျော်စရာနေ့မျိုးတွေ ခဏခဏကို ကြုံတွေ့ခဲ့ကြဖူးတယ်။ ရှည်လျားတဲ့ နှစ်ငါးဆယ်ကာလကို ထည့်မပြောတော့ပါဘူး။ ဒီသုံးနှစ်လောက်အတွင်းမှာ ကို အကြိမ်တွေမနည်းလှဘူး။ မှတ်မှတ်ရရဆို ဦးဝင်းတင်လွတ်တုန်းက တစ်ကြိမ်ဒီလိုပျော်ခဲ့ကြရတယ်။ မနှစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်တုန်းကလည်း တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်အောင် အပျော်ကြီးပျော်ခဲ့ကြတယ်။

ရင်ထဲကအလုံးကြီးကျ
အခု ဇန်န၀ါရီ ၁၃ ရက်ကျတော့ မနက်အိပ်ရာကထလိုက်တာနဲ့ ကျက်သရေမင်္ဂလာရှိလှတဲ့သတင်းကို အရင်ဆုံး စကြားလိုက်ရတယ်။ ခွန်ထွန်းဦးနဲ့ မင်းကိုနိုင်အပါအ၀င် အနှစ် နှစ်အလလ မျှော်လင့်စောင့်စားနေရသူတွေ အားလုံး ပြန်ထွက်လာပြီတဲ့။ နားနဲ့ကြားရတာကိုအားမရလို့ ကွန်ပျူတာကိုကြည့်လိုက်တော့ အားလုံးလွတ်တဲ့အကြောင်း ၀က်ဘ်ဆိုက်သုံး လေးခုမှာ ရေးထားတာတွေ့တော့မှ စိတ်ချသွားတယ်။ ၁၂ ရက်နေ့က နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ထွက်ပြီးကတည်းက ဒီတစ်ခါပါမှာလား သေချာပြီလားနဲ့ ရင်တမမဖြစ်နေခဲ့တာ အခုမှရင်ထဲက အလုံးကြီးကျသွားတော့တယ်။ ညကဆို တစ်ညလုံး မပျော်တစ်ချက် ပျော်တစ်ချက် ဖြစ်နေခဲ့ရတယ်။
ဘယ်ကလူကြီးလဲ
နံနက် ၁၀ နာရီလောက် သတင်းထောက်တွေရဲ့ အမေးကို ဖြေနေတဲ့ မင်းကိုနိုင်ရဲ့အသံကိုကြားလိုက်ရတော့ စိတ်ချသွားပြီး လွတ်လွတ်လပ်လပ် ပျော်သွားတယ်။ သာယာဝတီ ထောင်ကလွတ်တဲ့ မနီလာသိန်းက သမီးလေးကိုပြန်တွေ့ရတော့ အရမ်း ပျော်တယ်။ ဒါပေမဲ့ သမီးလေးကတော့ သူ့ကိုစိမ်းနေသေးတယ်လို့ ပြောတာကြားလိုက်ရတော့ ရင်ထဲမှာ မကောင်းဘူး။ ဆို့သွားတယ်။ ကိုယ်လည်း သူ့လို နှစ်ခါကြုံဖူးခဲ့တာကိုး။ ပထမအကြိမ်မှာသားကို သုံးလအရွယ်နဲ့ ထားခဲ့ရတယ်။ ဒုတိယအကြိမ်ကျတော့သမီးက ၁၀ လသမီး။ နှစ်တွေ အကြာကြီးနေမှ ပြန်တွေ့ကြရတော့ အစမှာ ခပ်စိမ်းစိမ်းပါပဲ။ ''အမေဘယ်ကလူကြီးလဲ''လို့ အမေးမခံရတာ ကိုပဲ ကျေးဇူးတင်နေရသေးတယ်လေ။
ရုပ်သံနဲ့ မျက်စိမခွာ
၁၃ ရက်နေ့တစ်နေ့လုံး ရုပ်သံ စက်ရှေ့မှာပဲ ထိုင်နေတယ်။ လာသမျှလူတွေကိုလည်း ဒီဗီဘီနဲ့ပဲ ဧည့်ခံလိုက်တယ်။ တဂွမ်ဂွမ်နဲ့ ဆက်သမျှ ဖုန်းတွေကိုလည်း ရုပ်သံကြည့်ရင်း ဖြေလိုက်တယ်။ အသက်ကြီးလာတော့ လူကပိုပြီး ပူတတ်တယ်။ ဘာပြောပြော အိမ်ရောက်ပြီဆိုမှ စိတ်ချနိုင်မှာမို့ ရုပ်သံနဲ့ မျက်စိမခွာဘဲ စောင့်ကြည့်နေမိတယ်။ ရုပ်သံ ဖန်သားပြင်ပေါ်က ပျော်ရွှင်မြူးတူးနေကြတဲ့ လူတွေကိုကြည့်ရင်းနဲ့ စာအစမှာရေးခဲ့တဲ့ 'ဒီလိုပျော်စရာ ကောင်းတာမျိုးကမ္ဘာပေါ်က ဘယ်နိုင်ငံ ဘယ်လူမျိုးမှ ခံစားဖူးလိမ့်မယ်မဟုတ်ဘူး' ဆိုတဲ့အတွေး ၀င်လာခဲ့တာဖြစ်တယ်။
အကျဉ်းစခန်းတွေထဲက
အဲဒီလို တွေးမိတာနဲ့တစ်ဆက်တည်း ဒုတိယကမ္ဘာစစ်ကြီးပြီးပြီးချင်း အကျဉ်းစခန်းတွေထဲက အသက်မသေဘဲ ကျန်ရစ်နေသူတွေထွက်လာတာကို မိဘဆွေမျိုးသားချင်းတွေနဲ့ ဇနီးသားမယားတွေက ရင်တထိတ်ထိတ်နဲ့ စောင့်ကြိုနေကြတဲ့မြင်ကွင်း တွေ မျက်စိထဲပြန်မြင်လာတယ်။ ကိုယ်ရှာနေသူကို တွေ့လိုက်ရတဲ့အခါ သူတို့မျက်နှာတွေပေါ်မှာ ၀မ်းသာခြင်းနဲ့ ၀မ်းနည်းခြင်းခံစားမှု နှစ်မျိုးတစ်ပြိုင်တည်းဖြစ်ပေါ်လာတာကို အရအမိ ရိုက်ယူထားနိုင်တဲ့ ဓာတ်ပုံဆရာရဲ့လက်ရာ ဓာတ်ပုံစာအုပ်ကို သေတ္တာတွေထဲမှာ ပြန်ရှာဦးမှပဲလို့ ခေါင်းထဲမှာ မှတ်ထားလိုက်တယ်။
ခွပ်ဒေါင်းအောင်လံ တလူလူ
ရုပ်မြင်သံကြားရှေ့မှာ တစ်နေ့လုံးထိုင်နေတယ်လို့ဆိုရပေမယ့် အာရုံကတော့ အပြည့်မရောက်ပါဘူး။ ဧည့်သည်တွေ ၀င်လိုက်ထွက်လိုက်၊ ဖုန်းသံတဂွမ်ဂွမ်မြည်လိုက်ဖြစ်နေတော့ အာရုံတွေလည်း ဟိုရောက် ဒီရောက်ပါပဲ။ အသေအချာ မျက်စိထဲ မှာစွဲသွားတဲ့မြင်ကွင်းကတော့ သရက်ထောင်ကထွက်လာတဲ့ မင်းကိုနိုင်ကို သရက်မြို့သူမြို့သားများက ခွပ်ဒေါင်းအလံတလူလူလွှင့်ပြီး ကြိုဆိုတဲ့မြင်ကွင်းဖြစ်တယ်။ သရက်လိုမြို့ငယ်လေးမှာတောင် လူစုလူဝေးက ရာနဲ့ချီပြီးရှိတယ်။ သရက်မြို့သူမြို့သားများရဲ့သတ္တိကို လေးစားမိသလို မင်းကိုနိုင်ကိုချစ်ကြတာကိုလည်း ကျေနပ်အားရဖြစ်မိတယ်။ အောင်လံဘက်ကိုကူးတော့ ပရိသတ်က ကမ်းလုံးညွတ်မတတ်ရှိပြီး ခွပ်ဒေါင်းအလံတွေလည်း လေမှာ တဖျပ်ဖျပ် လွင့်ပျံနေကြတော့တယ်။

သည်းသည်းလှုပ်အောင်ချစ်ကြ 
မင်းကိုနိုင်ခမျာ အိမ်ပြန်ခရီးကို အသော့နှင်မသွားနိုင်ဘူး။ ပြည်သူတွေက ဟိုကထွက်တား၊ ဒီကထွက်တားနဲ့ တစ်တားတည်းတားနေကြလို့ ရောက်လေရာအရပ်မှာ နှုတ်ဆက်စကားတွေ ပြောရတယ်။ ပန်းကုံးစွပ်တာ ခံရတယ်။ အောင်သပြေတွေ ကမ်းတာယူရတယ်။ ပြည်သူတွေက ချစ်ကြတာကိုး။ အသက်ထင်ရှားရှိ နေဆဲမှာ တစ်တိုင်းတစ်ပြည်လုံးက 'သဲသဲလှုပ်' အောင်ချစ်ကြတဲ့ နိုင်ငံရေးသမားဆိုလို့ တစ်သက်မှာနှစ်ယောက်ပဲ တွေ့ဖူးတယ်။ တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်။ နောက်တစ်ဦးက မင်းကိုနိုင်။
ငါတကောကောတတ်

ဒေါ်အောင်ဆန်းစုကြည်က အခုသမ္မတ ဦးသိန်းစိန်အစိုးရနဲ့ လက်တွဲပြီး လွှတ်တော်နိုင်ငံရေးလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်။ ဒီမိုကရေစီလမ်းခရီးမှာ ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့ဆိုတာ မရှိမဖြစ် အင်္ဂါရပ်တွေဖြစ်တယ်။ ဒါပေမဲ့ ပြီးပြည့်စုံပြီလို့တော့ မဆိုနိုင်ဘူး။ ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့နဲ့ တက်လာပြီးမှ အာဏာရှင်ဆန်ဆန် အုပ်ချုပ်သွားတဲ့ အစိုးရမျိုးတွေလည်း အများကြီးရှိခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ ကမ္ဘာ့နိုင်ငံတိုင်းမှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီက 'ကိုယ်စားပြုဒီမိုကရေစီ' စနစ် ဖြစ်တယ်။ ကိုယ်စားလှယ်တွေကို ပြည်သူလူထုက ရွေးကောက်ပြီး လွှတ်တော်ထဲ ပို့လိုက်ပေမယ့် ကိုယ်စားလှယ်တွေဟာ လွှတ်တော် ထဲရောက်ပြီးတဲ့အခါ ပြည်သူ့ဆန္ဒကို ဦးထိပ်ပန်ဆင်ခြင်းမပြုတော့ဘဲ ငါ တကောကောတာမျိုးတွေ ဖြစ်လေ့ရှိတယ်။

ဒီအချိန်မှာ ပြည်သူရဲ့ အရေးကိစ္စမှန်သမျှကို ပြည်သူတွေ အလိုကျ လုပ်ကိုင်ဆောင်ရွက်မယ့် အဖွဲ့အစည်းမျိုး မရှိမဖြစ် လိုအပ်ပါတယ် ...

ပြည်သူ့ဒီမိုကရေစီ

အကောင်းဆုံးကတော့ တိုင်းရေးပြည်ရာ ကိစ္စမှန်သမျှမှာ ပြည်သူပြည်သားတွေအားလုံး ပါဝင်ဆွေးနွေးဆုံးဖြတ်တဲ့ 'တိုက်ရိုက်ဒီမိုကရေစီ' ဒါမှမဟုတ် 'ပြည်သူ့ဒီမိုကရေစီ' ဖြစ်တယ်။ ဒါပေမဲ့ ဒါကလက်တွေ့လုပ်ဖို့ မဖြစ်နိုင်သေးဘူး။ ဒီအချိန်မှာ ပြည်သူရဲ့ အရေးကိစ္စ မှန်သမျှကို ပြည်သူတွေအလိုကျ လုပ်ကိုင်ဆောင်ရွက်မယ့် အဖွဲ့အစည်းမျိုး မရှိမဖြစ်လိုအပ်ပါတယ်။ ထောင်ကလွတ်လာတဲ့ မင်းကိုနိုင်တို့ လူငယ်အားလုံးက သူတို့ဟာ ပါတီမထောင်ဘူး၊ ရွေးကောက်ပွဲ မ၀င်ဘူး။ ပြည်သူတွေရဲ့ အရေး ကိစ္စမှန်သမျှကို ပြည်သူတွေရဲ့ ရှေ့ကရပ်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောကြတာကို ကြားရတော့ အများကြီး စိတ်ချမ်းသာသွားတယ်။
အဖွဲ့အစည်းတွေအများကြီး

သူတို့လူငယ်တွေကို ပြည်သူတွေက ချစ်ကြတယ်။ ယုံကြည်အား ကိုးကြတယ်။ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို အရင်ကအတိုင်း ၀န်းရံပေးရင်း ပြည်သူတွေရဲ့အသံကို ကိုယ်စားပြုပေးမယ့် အင်အား တောင့်တင်းတဲ့အဖွဲ့အစည်းကြီးအဖြစ် မြင်တွေ့လိုကြတယ်။ ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံရေးပါတီတွေအပြင် တခြားအသင်းအပင်း အဖွဲ့အစည်းတွေလည်း မရေမတွက်နိုင်လောက်အောင် ရှိမြဲဖြစ်တယ်။ လိုအပ်လာရင် သူတို့လူငယ်တွေဟာ ၈၈ မျိုးဆက်လူငယ်များဆိုတဲ့ နာမည်နဲ့ပဲဖြစ်ဖြစ် အရပ်ဘက်လူထုအဖွဲ့အစည်းတစ်ရပ်အဖြစ်ရှိနေရင် သိပ်ကောင်းပါလိမ့်မယ်။
အားကိုးအားထားပြုနိုင်တဲ့
နိုင်ငံရေးပါတီဆိုတာက လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းကျင့်ဝတ်တွေရှိတယ်။ ဒစ်ပလိုမေစီ ကျင့်သုံးရတာတွေ ရှိတယ်။ မှန်တိုင်းပြောမဖြစ်ဘဲ ထိန်းချုပ်ရတာတွေရှိတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အချိန်မရွေး သူတို့ရှေ့က မားမားမတ် မတ်ရပ်ပြီး ပြောဆိုလုပ်ကိုင်ပေးမယ့် အဖွဲ့အစည်းမျိုး လိုအပ်တယ်။ ဒီမိုကရေစီခေတ်ရောက်ရင် နိုင်ငံသားအားလုံးရဲ့ အရေးကိစ္စအမျိုးမျိုးကို ဆောင်ရွက်ဖို့ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေလည်း အများကြီးရှိလာဖို့ လိုအပ်လိမ့်မယ်။ ၈၈ မျိုးဆက်လူငယ်တွေက နဂိုကတည်းက ပြည်သူချစ်တဲ့အဖွဲ့ဖြစ်တော့ ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူလူထု အားကိုးအားထားပြုနိုင်မယ့် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း သိစေလိုက်ရပါတယ်။

 Written by လူထုစိန်ဝင်း  
EMG

အိပ်မက်ထဲက ညီမျှခြင်း


၂၀၁၁ ခုနှစ် မိုးစပါးစိုက်ပျိုး ရာသီတွင် တောင်သူလယ်သမားများအတွက် အိပ်မက်ကောင်း မက်ခဲ့ကြသည်။

၂၀၁၀ ပြည့်နှစ် မိုးစပါးရိတ် သိမ်းပြီးချိန်၌ကြုံတွေ့ခဲ့ကြရသော ရာသီဥတုအခက်အခဲနှင့် ဈေးနှုန်းအခက်အခဲကြောင့် လက်မှိုင်ချခဲ့ရသော တောင်သူလယ်သမားများအနေဖြင့် ဆောင်းသီးနှံပဲကို အားကိုး မျှော်မှန်းခဲ့ကြသည်။
၂၀၁၁ ခုနှစ် ဧပြီလမှစတင်ပြီး ပို့ကုန်ရငွေ ဒေါ်လာဈေးနှုန်း ကျဆင်းမှုကြောင့်လည်းကောင်း၊ ရာသီဥတုကြောင့်လည်းကောင်း ပဲစိုက်တောင်သူများအထိနာခဲ့ရပြန်သည်။ ထိုအခြေအနေသည် တောင်သူလယ်သမား များအတွက် အနာကြီးနာနေခဲ့သဖြင့် လယ်ယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန်ပင် အခက်အခဲရှိနေခဲ့ကြသည်။ ၂၀၁၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လွှတ်တော်အမတ်များ၏ ဆွေးနွေးချက်များ၊ ဂျာနယ်များ၏ ထောက်ပြရေးသားချက်များကြောင့် တောင်သူလယ်သမားများအတွက် အားတက်ခဲ့ကြရသည်။
လွှတ်တော်အမတ်များ၏ ဆွေးနွေးချက်များ၊ ဂျာနယ်များ၏ ထောက်ပြပြောဆိုမှုများတွင် ၂၀၁၁ ခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးဈေးနှုန်းကို ထုတ်လုပ်သူစရိတ်ထက် မနိမ့်ရုံသာမက တောင်သူလယ်သမားမိသားစု စားဝတ်နေရေးကိုပါ ကာမိစေမည့် စပါးဈေးနှုန်း အာမခံချက်ပေးမည့်သဘောမျိုး ဆွေးနွေးလာခဲ့ကြသည်။ တစ်ခေတ်တစ်ခါက မြန်မာ့စီးပွားရေးလောကတွင် လက်ခံခဲ့ကြသော ညီမျှခြင်းကိုပင် ထောက်ပြပြော ဆိုလာကြ သည်။ ၎င်းညီမျှခြင်းမှာ စပါးတင်း ၁၀၀၊ ရွှေတစ်ကျပ်သားနှင့် ကျွန်း သစ်တစ်တန်၏ဈေးနှုန်း တူညီနေခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် ကျွန်းသစ်သည် နိုင်ငံတော်ကသာ တာဝန်ယူထုတ်လုပ်ရောင်းချခြင်းဖြစ်သဖြင့် ဖော်ပြပါညီမျှခြင်းမှ ဖယ်ထားမည်ဆိုပါက ရွှေတစ်ကျပ်သား၏တန်ဖိုးနှင့် စပါးတင်း ၁၀၀ ၏ တန်ဖိုးတူ ညီနေရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ယခုအခါတွင် ရွှေတစ်ကျပ်သားတန်ဖိုးမှာ ကျပ်ခုနစ်သိန်းခန့်ရှိသဖြင့် စပါးတင်း ၁၀၀ ကိုကျပ်ခုနစ်သိန်းခန့်များ ရလာလေမလားဟု ခန့်မှန်းခဲ့ကြခြင်းဖြစ်သည်။ ထိုကဲ့သို့သော ဆွေးနွေးချက်များကို လယ်သမားများအ တွက် တစ်သက်တာအတွင်း မကြားဖူးခဲ့သော စကားသံများဖြစ်ခဲ့သည်။ ယခုတော့ ကြားလာရပြီ။ အိပ်မက်လှလှလည်း မက်ခဲ့ကြသည်။ အထူးသဖြင့် ၂၀၁၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများကို ထိုအိပ်မက်ကြောင့် ကျော်လွှားနိုင်ခဲ့သည်။
မိုးစပါးစိုက်ပျိုးရာသီတွင် အောက်မြန်မာနိုင်ငံ၌ ဇူလိုင်လလယ်ခန့်မှ မိုးမှန်လာခြင်းကြောင့် ပျိုးထောင်မှု နောက်ကျမှ လုပ်ငန်းစတင်ခဲ့ကြရသည်။ သက်ကြီးစပါး (ပေါ်ဆန်းမွှေး၊ တောင်ပျံ) စိုက်ပျိုးသူများမှ အချို့သာလျှင် ကြိုတင်ပြီး ပျိုးခင်းကိုရေ စုပ်စက်ဖြင့် ရေတင်၍ ပျိုးထောင်သူ အနည်းအပါးရှိခဲ့ကြသည်။ အများအားဖြင့် ဇူလိုင်လဒုတိယနှင့် တတိယသီတင်းပတ်မှသာ ပျိုးထောင်နိုင်သူများခဲ့ကြသည်။ ထို့အပြင် အောက်တိုဘာလ ဆန်းခန့်တွင် မြန်မာနိုင်ငံတောင်ပိုင်းမှ မုတ်သုန်ဆုတ်ခွာသွား ခြင်းနှင့်အတူ  မိုးလည်းခွာခဲ့သည်။ ထို့ကြောင့် စပါးသက်တမ်းရက် ၁၀၀ မှ ၁၂၀ ခန့်သာရှိသောစပါးများသာ အောင်မြင်ဖြစ်ထွန်းခဲ့သော်လည်း ရက် ၁၂၀ ကျော်သော သက်လတ်နှင့် သက်ကြီးစပါးများအတွက် မိုးရေလိုအပ်မှုကြောင့် အဖျင်းများပြီး စပါးအထွက် သိသိသာသာ ကျဆင်းသွားခဲ့သည်။
စိုက်ပျိုးချိန်ကာလအတွင်း ရေကြီးခြင်းကြောင့် ပျိုးခင်းနှင့်စိုက်ခင်းများ ရေ၀င်နစ်မြုပ်ကြရပြန်သည်။ သို့သော် ဖော်ပြခဲ့သောအိပ်မက်ကြောင့် လိုအပ်သည့်အရင်းအနှီးကို ဖျစ်ညှစ်ထုတ်ပြီး အကြိမ်ကြိမ်ပျိုးထောင် စိုက်ပျိုးကြသူများလည်း ရှိခဲ့သည်။ ဤ တွင် မေးစရာ မေးခွန်းနှစ်ခု ရှိသည်။ ''တောင်သူလယ်သမားများ စီးပွားရေးတွက်ခြေမကိုက်ဘဲ အဘယ်ကြောင့် လယ်ယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြသနည်း'' ဟူ၍ ဖြစ်သည်။ စာရေးသူ လ့လာထားချက်အရ မြန်မာလယ်သမားအများ စုသည် မိုးရွာလာချိန်တွင် လယ်ထဲဆင်း၍ လယ်မလုပ်ရပါက မစားနိုင်၊ မအိပ်နိုင်သူများသာ ဖြစ်ကြသည်။ ၎င်းတို့အတွက် မိရိုးဖလာ အလုပ်ဖြစ်သဖြင့် အရိုးစွဲနေသော အလုပ်ဖြစ်သည်။ စီးပွားရေးအရ တွက်ခြေကိုက်သည်၊ မကိုက်သည်မှာ အ ဓိကမဟုတ်ဘဲ လယ်မလုပ်ရလျှင် မနေနိုင်သူများသာဖြစ်ကြသည်။ ထို့ကြောင့်လည်း ပြန်ရချက်မသေချာသည့်တိုင် မိမိတို့ မက်ခဲ့သော အိပ်မက်အတွက် အကြိမ်ကြိမ် ကုန်ကျစရိတ် စိုက်ထုတ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ စပါးစိုက်ပျိုးချိန်ကလည်း ယခုနှစ် စပါးပေါ်လျှင် စပါးတင်း ၁၀၀ လျှင် ကျပ်လေးသိန်းခန့် အနည်းဆုံး အာမခံဈေးနှုန်း သတ်မှတ်ပြီး ၀ယ်မည်ဟူ သောကောလာဟလများကလည်း ပေါ်ခဲ့ပြန်သဖြင့် တောင်သူလယ်သမားများ အတင့်ရဲစွာ အရင်းအနှီးရှာဖွေ ချေးငှားပြီး အကြိမ်ကြိမ် လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။
ယခုအခါ စပါးထွက်လာပြီဖြစ်သဖြင့် လယ်သမားများရင်ဆိုင်ရသည့်စပါးဈေးနှုန်းမှာ ရင်နင့်ဖွယ်ပင်ဖြစ်သည်။ သက်ကြီးစပါးမှာ အထွက်နည်းသည်ကတစ်ကြောင်း၊ ပြည်တွင်းဈေးကွက်အတွက် စားသုံးသူကြိုက် နှစ်သက်မှုကြောင့်တစ်ကြောင်းကြောင့် တင်း ၁၀၀ ဈေးနှုန်းမှာ ကျပ်ငါးသိန်းခန့်ရှိသည်။ သို့သော် သက်ငယ်စပါးတင်း ၁၀၀ အတွက် ဈေးနှုန်းမှာမူ ကျပ်သုံးသိန်းနှင့် ကျပ်သုံးသိန်းအောက်တွင်သာ ဈေးဖြစ်လျက်ရှိသည်။ ယခုနှစ်စိုက်ပျိုးရာသီအတွင်း စာရေးသူလေ့လာခဲ့သော ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ တောင်သူလယ်သမားအချို့၏ ပျမ်းမျှစပါးတစ်ဧကထုတ် လုပ်မှုကုန်ကျစရိတ်ကိုကြည့်ပါက အောက်ပါအတိုင်း တွေ့ရပါသည်။
ဇယားတွင်ဖော်ပြထားသည့်အတိုင်း စပါးတစ်ဧကအတွက် စိုက်ပျိုးထုတ်လုပ်မှုစရိတ်မှာ ၁၄၇၅၀၀ ကျပ်ခန့်ရှိပြီး ပျမ်းမျှတစ်ဧက အထွက်နှုန်း တင်း ၅၀ အတွက်ရရှိသော တန်ဖိုးငွေကျပ် ၁၅၀၀၀၀ ခန့်နှင့် နှိုင်းယှဉ်ပါက လယ်သိမ်းချိန်ပြီးပါက 'လယ်ပိုင်ရှင်အတွက် ဆန်ကောနှင့် ကောက်ဆွသာကျန်မည်' ဟူသော ဆိုရိုးအတိုင်းပင်ဖြစ်မည်။ အကယ်၍များ တစ်ကြိမ်မက ပျိုးထောင်စိုက်ပျိုးရခြင်း၊ လိုအပ်သည့်အရင်းအနှီးကို အစိုးရနှင့် ချေးယူရခြင်းများရှိခဲ့ပါက အရှုံးကြီးရှုံးမည်သာဖြစ်သည်။ ဤတွင် ကိုယ်တိုင်လယ်ယာလုပ်ကိုင်နိုင်သူ၊ ကိုယ်ပိုင်ကျွဲနွားရှိသူများအတွက် ထိုက်သင့်သော အကျိုးကျေးဇူး ရရှိနိုင်သည်။ ထိုဝင်ငွေသည်ပင် တောင်သူ လယ်သမားများ၊ ၎င်း၏ လုပ်အားစိုက်ထုတ်ခဲ့ရသည့် လုပ်ခသာဖြစ်ပြီး အလုပ်သမား၏ လုပ်ခထက် ပင်နိမ့်ကျနေသည့် ၀င်ငွေဖြစ်သည်။ တောင်သူလယ်သမားမိသားစု၏ စားဝတ်နေရေး အသုံးစရိတ်ကိုပါ ထည့်သွင်း စဉ်းစားပါက ယခုနှစ်ရရှိသော စပါးဈေးနှုန်းသည် တောင်သူလယ်သမားများအတွက် စီးပွားရေး တွက် ခြေကိုက်မှု လုံးလုံးလျားလျား ကင်းမဲ့နေမည်သာဖြစ်သည်။
ဤဖြစ်ရပ်မျိုး အကြိမ်ကြိမ် အထပ်ထပ် ခံစားလာရသော လယ်သမားများအတွက် လယ်ယာကုန်ထုတ်လုပ်ငန်းအပေါ် အားထုတ်ကြိုးပမ်းလိုစိတ် လျော့ပါးလာစေရုံသာမက လယ်ယာလုပ်ငန်းကို စွန့်ခွာလိုသူ များပြားလာမည် ဖြစ်သည်။

နိုင်ငံအတော်များများသည် လယ်ယာထွက်ကုန်ဈေးနှုန်းအာမခံသည့် စနစ်ကျင့်သုံးလာကြသည်မှာလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မျှော်မှန်းလုပ်ဆောင်ချက်ပင်ဖြစ်သည်။ တောင်သူလယ်သမားများ၏ ၀ယ်လိုအား မြင့်မားလာမှုမှတစ်ဆင့် မြို့ပြထုတ်ကုန်ထုတ်လုပ်မှု တိုးတက်လာစေမည်ကို မျှော်မှန်းကြခြင်းဖြစ်သည်။ ဤနည်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှုရရှိလာအောင် လုပ်ခဲ့ကြသည် ...
အထက်တွင်ဖော်ပြထားသကဲ့သို့ 'လယ်သမားများသည် စီးပွားရေး တွက်ခြေကိုက်သည်၊ မကိုက်သည်ကို အဓိကမထားဘဲ ၀ါသနာအရ လယ်ယာကို ဆက်လက်လုပ်ကိုင်နေကြမည်သာဖြစ်သည်'ဟူသော ယူဆချက်ကြောင့် ၎င်းတို့ကို လျစ်လျူရှု ထားမိက ကာလရှည်တွင် မမျှော်မှန်းဘဲထွက်ပေါ်လာမည့် တောင်သူလယ်သမားများ၏ အနုတ်လက္ခဏာ တုံ့ပြန်ချက်သည် တိုင်းပြည်အတွက် အလွန်အမင်း အထိနာမည်သာဖြစ်သည်။
ဤပြဿနာကိုဖြေရှင်းရန် အချိန်ဆွဲ၍မဖြစ်။ လယ်သမားများအတွက် စပါးပေါ်လျှင် အများအားဖြင့် မရောင်းမဖြစ် ရောင်းချကြရသည်။ ဈေးတက်မည်ဟု ခန့်မှန်းကြသည့်တိုင်အောင် သိမ်းဆည်းသိုလှောင်ထားနိုင်ခြင်း မရှိကြ။ ဆပ်ရမည့်အကြွေး၊ စားဝတ်နေရေးစရိတ်နှင့် အထွေထွေ အသုံးစရိတ်တို့အတွက် ပေါက်ဈေးဖြင့် ရောင်းကြမည်သာဖြစ်သည်။ ယခုပင်ရောင်းနေကြရပြီ။ သူတို့၏ အရှုံးကို သူတို့ပို၍ ပို၍သိလာကြသည်။ စပါးဈေးနှုန်းမြင့်မားရေးကို မျှော်မှန်းလာကြသည်။ စပါးစိုက်ပျိုး ချိန်မက်ခဲ့သော အိပ်မက်နှင့်လက်တွေ့မှာ သိသိသာသာ ကွာခြားနေသည်။

မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ကိုအမှီပြု နေသူများဖြစ်သည်။ ၎င်းတို့၏ ၀ယ်လိုအားကျဆင်းမှုသည် မြန်မာ့ဈေး ကွက်အတွင်း စုစုပေါင်းဝယ်လိုအား ကို သိသိသာသာ ကျဆင်းမည်သာဖြစ်သဖြင့် ထိုအချက်သည် စီးပွားရေး အဆောက်အအုံတစ်ခုလုံးကို စီးပွားရေး တုံ့ဆိုင်းသွားနိုင်သည်။ အိမ်နီးချင်းထိုင်းနိုင်ငံအပါအ၀င် နိုင်ငံအတော်များများသည် လယ်ယာထွက်ကုန်ဈေးနှုန်း အာမခံသည့်စနစ် ကျင့်သုံးလာကြသည် မှာလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မျှော်မှန်းလုပ်ဆောင်ချက်ပင်ဖြစ်သည်။ တောင်သူလယ်သမားများ၏ ၀ယ်လိုအားမြင့်မားလာမှုမှတစ်ဆင့် မြို့ပြထုတ်ကုန်ထုတ်လုပ်မှု တိုးတက်လာစေမည်ကို မျှော်မှန်းကြခြင်းဖြစ် သည်။ ဤနည်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှု ရရှိလာအောင်လုပ်ခဲ့ကြသည်။
အကယ်၍များ စီးပွားရေးတွက်ခြေမကိုက်မှုကြောင့် တောင်သူလယ်သမားများ၏ ထုတ်လုပ်မှုကျဆင်းသွားခဲ့ပါက ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ ပြည်ပပို့ကုန်တင်ပို့ရေးကိုပါ ထိခိုက်လာနိုင်မည်။ ဤအချက်ကို နိုင်ငံတော်အစိုးရသာမက လယ်ယာထွက် သီးနှံကို ပြည်ပပို့ကုန်အဖြစ် တင်ပို့နေကြသော လုပ်ငန်းရှင်ကြီးများပင် သတိချပ်သင့်သည့် အချက်ဖြစ်သည်။

ယခုတော့ဖြင့် ကယ်သူဝေးနေပြီဖြစ်သော တောင်သူလယ်သမားတို့၏အဖြစ်သည် တစ်မိုးတွင်းလုံးမျှော်မှန်းခဲ့ကြသည့် စပါးတင်း ၁၀၀ နှင့် ရွှေတစ်ကျပ်သားဟူသော ညီမျခြင်းသည် အိပ်မက်သာဖြစ်ခဲ့ကြပြီ။ အနိမ့်ဆုံး စပါးဈေးမျိုးတင်း ၁၀၀ အတွက် လေးသိန်းမှမရလျှင် တောင်သူလယ်သမားများ စိတ်ပျက်အားလျော့လာမည်။ ယခုနှစ် မတ်ပဲနှင့်ပဲတီစိမ်း စိုက်ဧက သိသိသာသာ ကျဆင်းသွားခြင်းသည်ပင် လယ်သမားများ၏ ဈေးကွက် အပေါ် အနုတ်လက္ခဏာ တုံ့ပြန်မှုဖြစ်သည်။ အကယ်၍ လာမည့် စပါးစိုက်ချိန်တွင် တောင်သူလယ်သမားများက ယခုပဲစိုက်ချိန်ကဲ့သို့သာ တုံ့ပြန်ခဲ့ကြလျှင် ပြည်တွင်းစားသုံးမှုကိုပါ ထိပါးလာနိုင်မည်ဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းရန် အချိန်ဆွဲ၍ မရ။သေရေး ရှင်ရေးတမျှ အရေးကြီးလှသဖြင့် အမြန်နိုင်ဆုံးမြန်နိုင်သမျှ မြန်မြန်ဖြေရှင်းရမည့် ပြဿနာဟုပင် ဆိုလိုက်ပါရစေ။
စပါးတစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်
စဉ် အကြောင်းအရာ ပျမ်းမျစရိတ် (ကျပ်)
၁။ ပျိုးခင်း+စိုက်ခင်း၏ထွန်ယက်စရိတ် ၃၅၀၀၀
၂။ မျိုးစပါး ၁၀၀၀၀
၃။ ပျိုးနုတ်ခ ၁၅၀၀၀
၎။ ကောက်စိုက်ခ ၂၂၅၀၀
၅။ ဓာတ်မြေသြဇာ ၂၅၀၀၀
၆။ ကောက်ရိတ်ခ ၁၈၀၀၀
၇။ အထွေထွေလုပ်အားခ ၁၀၀၀၀
၈။ နယ်/လှေ့စရိတ် ၁၂၀၀၀

တစ်ဧက၏စုစုပေါင်းကုန်ကျစရိတ် ၁၄၇၅၀၀
Written by မောင်သံဒိုင်(ဘောဂဗေဒ) EMG

မြန်မာ - တရုတ် သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ တွင် မြေလျော်ကြေးမရရှိမှုများ ကြုံတွေ့

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းနေသည့် ဓာတ်ငွေ့ပိုက် လိုင်း ဖြတ်သန်းရာ ပြည်နယ်၊ တိုင်း ဒေသကြီးများတွင် မကွေးတိုင်းဒေသကြီးသည်လည်း အပါအ၀င်ဖြစ်နေပြီး ယခုအခါတွင် အဆိုပါဒေသ၌ လယ်ယာမြေ ဆုံးရှုံးမှုနှင့် မြေလျော်ကြေးမရရှိမှုများ ကြုံတွေ့နေကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာတွင် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းမှ ရခိုင်ရိုးမအထိ ကျယ်ပြန့်သော မင်းဘူးလွင်ပြင်ပါဝင်နေကာ ယင်းလွင်ပြင်၌ မင်းဘူး၊ စကု၊ မင်းလှ၊ မင်းတုန်း၊ ငဖဲ၊ ပွင့်ဖြူမြို့နယ်တို့ ပါဝင်နေသည်။ မင်းဘူးလွင်ပြင်တွင် လယ်ယာစိုက်ပျိုးရေးကို ဒေသခံများက အဓိကလုပ်ငန်းတစ်ရပ်အနေဖြင့် လုပ်ကိုင်နေကြပြီး လက်ရှိတွင် ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားရာတစ်လျှောက်၌ တောင်သူများ၏ လယ်ယာမြေများ ပါဝင်နေခြင်းဖြစ်သည် ဟု ဒေသခံအချို့က ဆိုပါသည်။  ''ငဖဲမြို့နယ်ဆို ရခိုင်ရိုးမနဲ့ ဆက်စပ်နေတယ်။ အဲဒီမှာ မြေဧက ၁၅ ဧကကို ယူတယ်ပေါ့။ ၀ယ်မယ်ဆိုပေမယ့် အခုအထိ ငွေရတာမရှိသေးဘူး။ လူတွေက လျော်ကြေး ဘယ်လိုရမှာလဲဆိုတာ ဒွိဟဖြစ်နေကြတယ်။ ပိုင်ရှင်က ငဖဲမြေစာရင်းကို အမည်ပေါက်ဖို့ လုပ်တယ်။ မြေစာရင်းက အမည်ပေါက်လုပ်ပေး လိုက်တယ်။ သူက ပိုင်ရှင်ပေါ့။ ဒါပေမယ့် လျော်ကြေးမရသေးဘူး။ နောက်ထပ် မြေဧက ၁၅ ဧကတောင် ထပ်ချဲ့ဖို့လုပ်ပါတယ်''ဟု မင်းဘူးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။
ဓာတ်ငွေ့ပိုက်လိုင်းသည် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်မှ စတင်ဖြတ်သန်းလျက် ရခိုင်ရိုးမ၊ အလယ်ပိုင်းဒေသ၊ ရှမ်းကုန်းမြင့် ဒေသကို အဆင့်ဆင့်ဖြတ်သန်းကာ တရုတ်-မြန်မာနယ်စပ်သို့ ရောက်ရှိလျက် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ တင်ပို့မည်ဖြစ်သည်။ ယင်းပိုက်လိုင်းသည် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ပြီးနောက် တရုတ်နိုင်ငံ အဖို့ အဓိကအားထားရာ စွမ်းအင် စီမံကိန်းတစ်ရပ်ဖြစ်လာပြီး တရုတ်နိုင်ငံမှ ပြည်နယ်လေးပြည်နယ်အတွက် စွမ်းအင်အသုံးပြုမည်ဖြစ်သည်ဟု သိရှိရသည်။
''ပဒါန်းမှာဆို လယ်ယာမြေတွေ ပါတယ်ပေါ့။ ပိုင်ရှင်တွေက တော့ လျော်ကြေးတောင် မလိုချင် ဘူး။ မြေပဲလိုချင်တာ။ ပိုက်လိုင်းက မြေအောက်မှာ နှစ် ၅၀ လောက်ထားမှာ။ သုံးနှစ်စာ လျော်ကြေးပေးပြီး လုပ်သွားမလား။ တောင်ယာမြေတွေဖြစ်တော့ မီးရှို့ရင် နောက်ပိုင်း ပိုက်လိုင်းရှိတော့ မလုပ်ရပါဘူးလို့ တခြားမြေတွေမှာပါ တားမြစ်တာတွေလည်း ရှိလာနိုင်တယ်။ နိုင်ငံအကျိုး စီးပွားအတွက် ပိုက်လိုင်းဖြတ်ရင်လည်း ဖြတ်သွားပါပေါ့။ ဒါပေမယ့် အထွက်ကောင်းတဲ့ ယာမြေပဲ အစားပြန်လိုချင်ပါတယ်''ဟု ဒေသခံတစ်ဦးက ဆိုပါသည်။ မင်းဘူးလွင်ပြင်တွင် ပိုက် ဆက်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေရာတွင် နှစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိ၌ ပိုက်လုံးများကို မြေအောက်သို့ နေရာချမှု မပြုလုပ်ရသေးကြောင်း သိရသည်။ မင်းဘူးလွင်ပြင်ရှိ ကုန်းသာတွင် ပိုက်လိုင်းထားသိုရာစခန်းနှင့် ပဒါန်းတွင် အလုပ်သမားများ၊ စက်ယန္တရားများ ထားသိုရာစခန်းများအဖြစ် အသုံးပြုလျက်ရှိသည်။
လက်ရှိတွင် ပဒါန်းမှ မင်းဘူး ဒေသအထိ မြေပိုင်ရှင်များဆီမှ လယ်ယာမြေများ ၀ယ်ယူသည်ဆိုသော်လည်း မြေလျော်ကြေးများကို ရရှိခြင်းမရှိသေးကြောင်း၊ မင်းဘူး၊ စကုဒေသတွင် သီးနှံလျော်ကြေးများသာ ရရှိထားကြောင်း သိရှိရသည်။
EMG

မြန်မာလွှတ်တော်ကိုယ်စားလှယ်များကို အမေရိကန်လွှတ်တော်သို့ လာရောက်လေ့လာရန် ဂျွန်မက်ကိန်းဖိတ်ကြား

ယနေ့နံနက်ပိုင်းက ပြည်သူ့လွှတ်တော်ရှိ ဇဗ္မူသီရိခန်းမတွင် ဂျွန်မက်ကိန်းနှင့် သူရဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေးစဉ်။
ဓာတ်ပုံ - သန်းထူး
နေပြည်တော်၊ ဇန်န၀ါရီ- ၂၂
အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ယနေ့တွေ့ဆုံဆွေးနွေးစဉ် လွှတ်တော်နှစ်ရပ်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မြန်မာလွှတ်တော်ကိုယ်စားလှယ်များကို အမေရိကန်လွှတ်တော်သို့ လာရောက်လေ့လာရန် ဖိတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၂၂ ရက်(ယနေ့)နံနက် ၁၁း၁၅ နာရီမှ ၁၁း၅၅ နာရီအထိ မိနစ် ၄၀ ကြာ ဂျွန်မက်ကိန်းနှင့် သူရဦးရွှေမန်းတို့ ပြည်သူ့လွှတ်တော် အဆောက်အအုံမှ ဇမ္ဗူသီရိခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် လွှတ်တော်နှစ်ရပ် အတွေ့အကြုံ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ (အမတ်များ)ကို အမေရိကန်လွှတ်တော်သို့ လာရောက်လေ့လာရန် မက်ကိန်းက ဖိတ်ကြားခဲ့သည်ဟု တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းထောက်များ၏ မေးမြန်းမှုကို သူရဦးရွှေမန်းက ပြန်လည်ဖြေကြားစဉ် ပြောကြားသွားသည်။ ထိုတွေ့ဆုံဆွေးနွေးပွဲ၌ စီးပွားရေးပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ မက်ကိန်းက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအခြေအနေပေါ် လိုက်လျောညီထွေစွာ တစ်ဆင့်ချင်း ရုပ်သိမ်းပေးသွားရန် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သူရဦးရွှေမန်းက ပြန်လည်ဖြေကြားသည်။

ရှစ်လအတွင်း ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ လာရောက်သော ဂျွန်မက်ကိန်းနှင့် အမေရိကန် အထက်လွှတ်တော်အမတ်များမှာ ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

  7Day News Journal

ဟိုပင်မြို့တွင် အကြမ်းဖက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွား

ကချင်ပြည်၊ ဟိုပင်မြို့ မြသီတာရပ်မှာ မီးရထားဝန်ထမ်း အရပ်သားတစ်ဦးကို စစ်တပ်အရာရှိတစ်ဦးက သေနတ်နဲ့ပစ်သတ်မှု သောကြာနေ့က ဖြစ်ခဲ့ပါတယ်။ ဟိုပင်မြို့မှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီး ဥပဒေမဲ့ ရမ်းကားတာတွေ မကြာခဏ ဖြစ်တာကြောင့် အမြဲလို စိုးရိမ်ထိတ်လန့်နေရပြီး လုံခြုံမှု ကင်းမဲ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်စုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကချင်ပြည်နယ် ဟိုပင်မြို့ နမ့်ခွင်ရွာက အဘ ဦးပြည်မောင်ရဲ့သား၊ မြန်မာ့ မီးရထားဝန်ထမ်း တစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်နိုင် ကို ဇန်န၀ါရီလ ၂၀ ရက်နေ့ ည ၁၁ နာရီမှာ စကားများ ရန်ဖြစ်ရာကနေ ဟိုပင်အခြေစိုက် ခမရ (၃၈၈) က ဗိုလ်ကြီးတစ်ဦးက ပစ်သတ်ခဲ့တာပါ။ သေဆုံးသူရဲ့ အိမ်နီးနားချင်းနေထိုင်သူ၊ အခင်းဖြစ်ပွားတဲ့ နေရာအနီးက မြို့ခံတစ်ဦး ပြောပြတာက -
“လူသတ်ပြီးတော့မှ သူတို့က အလောင်းပါ ဖျောက်ဖို့လုပ်တဲ့ အစီအစဉ်ပဲဗျ။ ဟိုပင်ကတပ်ပဲ။ စွမ်းထက် ဆိုင်ကယ်ပြင်ဆိုင် ဆိုတာက ၀ပ်ရှော့ဆရာ နှစ်ဦး။ သူတို့က အဲဒီထဲမှာ မူးနေတာ၊ ဟိုပင်ဘူတာကနေ ဂျမဒါလေး လမ်းခွဲဆိုင် ခေါ်တာပေါ့။ ဇော်ဇော်နိုင်ရယ်၊ နိုင်ကိုကိုရယ်၊ ဇော်ထွန်းနိုင်ရယ်၊ ရဲမင်းထွဋ်ရယ်၊ အဲဒီကောင်လေး ၄ ယောက်က အဲဒီစားသောက် ဆိုင်ထဲမှာ သွားပြီးတော့ အရက်သောက်တာ။ စကားများကြတာက ဘယ်လိုတွေ များကြတယ်တော့ မသိဘူး။ စကားများရာကနေပြီးတော့ အဲဒီ ဗိုလ်ကြီး ဆိုတာကနေပြီးတော့မှ သူ့ထဲမှာပါလာတဲ့ ပစ်စတိုနဲ့ ဇော်ဇော်နိုင်ကို ပစ်ထည့်လိုက်တာ ဦးနှောက် ပွင့်သွားတယ်။ ဇော်ဇော်နိုင် အဲဒီမှာတင် ပွဲချင်းပြီး သေရောဗျာ။”
ရထားဝန်ထမ်းလေးကို ပစ်သတ်ယုံသာမက ဆိုင်ထဲမှာ သေနတ် ပစ်ဖောက်မှုတွေ လုပ်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဆိုင်ရှင်က လူသတ်မှုနဲ့ပတ်သက်ပြီး ဟိုပင်ရဲစခန်းကို အကြောင်းကြားခဲ့တာကြောင့် ရဲက ရောက်လာချိန်မှာ အလောင်းကို ရှာမတွေ့ဘဲ တရားခံဖြစ်သူ ဗိုလ်ကြီးက အလောင်းဖျောက်ဖျက်မှုကိုပါ ဆက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“စခန်းမှူးနဲ့ ရဲအုပ် အဖွဲ့က ရောက်လာတော့ ခုနကသေသွားတဲ့သူရဲ့ အလောင်းက မရှိတော့ဘူး။ ဒါပေမဲ့ အဲဒီ ဆိုင်ရှင်က ပြောတာက ခုနကတုန်းက ဗိုလ်ကြီးက အဲဒါကို ဆိုင်ကယ်နဲ့ သယ်သွားတယ်။ အဲဒါ ဆေးရုံကို ပို့မယ်လို့ ပြောတယ် ဆိုပြီးတော့ သူတို့ လိုက်ကြတော့၊ ရဲတွေလည်း အလောင်းလိုက်ရှာကြတာ။ တစ်မိုင်ကုန်းဆိုတာ ရှိတယ်။ ဟိုပင်ရဲ့ အနောက်တည့်တည့်မှာပဲလေ။ အဲဒီမှာ သင်္ချိုင်း မီးသဂြုင်္ိဟ်စက် ရှိတယ်။ မီးသဂြုင်္ိဟ်စက်က တောင်ပေါ်မှာ တည်ထားတာလေ။ တောင်စောင်းမှာကျတော့ သူတို့ မီးသဂြုင်္ိဟ်စက်က ထွက်လာတဲ့ ပြာတွေမီးသွေးတွေကို အလောင်းတွေရှို့ပြီးတော့မှ ထွက်တဲ့ဟာတွေကို စွန့်ပစ်တဲ့ ချောက်တွေ ရှိတယ်လေ။ အဲဒီကြားထဲကို သူတို့က မီးသွေးတွေ ပြာတွေစွန့်ပစ်တဲ့ဘက်ကို အလောင်းကြီးကို ပစ်ထည့်လိုက်တာကိုး။ အောက်ကို တော်တော်လေး၊ ပေ ၅၀ လောက်ကျပြီးမှ အဲဒါ မီးတွေ ဘာတွေထွန်းပြီးတော့ ရှာကြတော့ အဲဒါ သင်္ချိုင်းမြေထဲကနေ အဲဒီအလောင်းကို ရှာတွေ့တာပေါ့ဗျ။ ခမရ ကိုတော့ ရဲကနေ အကြောင်းကြားတာဗျ။ ရဲကနေ အကြောင်းကြားတော့ အဲဒီက တပ်ရင်းဗိုလ်ကြီးက အဲဒီကောင်ကို ဖမ်းထားလိုက်ပြီလို့ ပြောတယ်။”
အလောင်းကိုတော့ ဟိုပင်က သင်္ချိုင်းဘေးက ချောက်ထဲမှာ မနက် ၃နာရီကျော်မှ ရဲတွေက ပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဟိုပင်မှာ ညနေ ၇ နာရီ ကျော်တာနဲ့ လမ်းပေါ် မထွက်ရဲကြဘဲ သေနတ်သံတွေက အမြဲလိုလို ကြားနေရပြီး တရားဥပဒေစိုးမိုးမှု မရှိတာကြောင့် လူထုတွေအနေနဲ့ ထိတ်လန့် ကြောက်ရွံ့နေရတယ် လို့လည်း ဆိုပါတယ်။
“ကျနော်တို့ဆီမှာ လူရမ်းကားတွေ လုပ်ချင်တိုင်းလုပ်လို့ မရအောင် တရားဥပဒေ စိုးမိုးရေးက မရှိတော့ ညနက်နက်ဆိုရင် အရက်တွေမူး၊ သေနတ်တွေ တဒိုင်းဒိုင်းပစ်။ ကျုပ်တို့လူထုက တော်တော်ကို စိတ်ညစ်နေရတယ်လေ။ အခုဆို အဲဒီသင်္ချိုင်းကို ဒီကနေ့ ၂ နာရီမှာ ကျနော်လည်း လိုက်သွားတယ်။ မီးသဂြုင်္ိဟ်တာလေ သူတို့ နမ့်ခွင်ရွာကလူတွေ ၃၀၀ လောက်လာတာ။ ကားတွေနဲ့၊ ကားကြီးတွေနဲ့ လာကြတာ။ လိုက်ပို့ကြတယ်လေ။ လူတွေက တောက်တခေါက်ခေါက်နဲ့ ပေါ့ဗျာ။ တကယ်ကျတော့ သေနတ်က ပြောမယ်ဆိုရင် တိုင်းပြည်ကာကွယ်ဖို့ပေါ့ဗျာ၊ ပြည်ပရန် ကာကွယ်ဖို့ ပေးထားတာပဲဗျာ။ ကိုယ့် ရွာသူရွာသားချင်း ပစ်ဖို့မှမဟုတ်တာ။ ထစ်ခနဲရှိ ဒီလိုပစ်သတ်ကြေးဆို ခက်ရပေရဲ့။”
သေဆုံးသူ အလံကိုင် ရထားဝန်းထမ်းလေးဟာ အသက် ၂၄ နှစ်ဟာ ရှိသေးပြီး အင်္ဂလိပ်စာမေဂျာနဲ့ ကျောင်းပြီးလာတာ မကြာသေးဘဲ အလုပ်ဝင်လုပ်နေတာလို့ ဆိုပါတယ်။ ဒီလို ပစ်သတ်မှုနဲ့ပတ်သက်လို့ ဟိုပင်ဘူတာကို ဆက်သွယ်မေးမြန်းတဲ့အခါ ပြောပြဖို့ ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ စားသောက်ဆိုင်က ဆိုင်ရှင်ကတော့ ပ နံပါတ် ၃/၂၀၁၂၊ ရာဇ၀တ်ပုဒ်မ (၃၀၂) အရ ရဲကို အမှုဖွင့် တိုင်ကြားထားတယ်လို့ ဆိုပါတယ်။ တရားခံနဲ့ပတ်သက်ပြီး ဟိုပင်ရဲစခန်းအနေနဲ့ အရေးယူ ဆောင်ရွက်ခြင်း ရှိမရှိကို မေးမြန်းဖို့အတွက် ဟိုပင်ရဲစခန်းကို ဆက်သွယ်တဲ့အခါမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

VOA

“After you”

ရန်ကုန်လေဆိပ်
ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့် လေယာဉ်ကို ကျွန်တော် စောင့်နေ ခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခု ရှိတယ်။ အဲဒီ့တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်း ဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် ၂၀လောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲ့ဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာအကြာကြီးပဲ။

ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲ့ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြော နေတဲ့လူတွေကိုကြည့်ပြီး
“အားနာမှုမရှိလိုက်ကြတာ”လို့ ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ”က  ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကို သွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲ့ဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည် တွေသယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်က ကျွန်တော် တို့တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီးတက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ် ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။

ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကိုတွန်းပြီး အစား အသောက်လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ရတယ်။ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။
ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက် တယ်။ တကယ်တော့ အဲ့ဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။

“After you” 
အဲ့ဒီစကားကိုကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။

“After you” တဲ့။

After ဆိုတာ... ပြီးနောက်။

you ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။

ဒီတော့... “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်”ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ် စကားတစ်ခုပါ။
 ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။

ကျွန်တော်ဟာ  “After me” သမားပဲ။

ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်း ငါရဖို့...။

ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။

ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။

လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့...။

အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့...။
ငါအဆင်ပြေဖို့...။

“After me”....

“After me”....

“After me”....
ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။

တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာ မှတ်သားလောက်ပါတယ်။

“After you” ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစား ဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေ ကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့ တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘောတွေ ပါဝင်နေတယ်။

အဖေက ၀င်ပြောတယ်။

“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့  မှတ်သင်္ကေတဟာ “After me” ပဲ။ “ အသက်တွေကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေကြီးလေလေ တပ်မက်မှုတွေများလေလေ” ဆိုရင် ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you” သမားတွေ များလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။

သူကလည်း ကိုယ့်အပေါ် “After you”

ကိုယ်ကလည်း သူ့အပေါ် “After you”

မိဘကလည်း သားသမီးအပေါ် “After you”

သားသမီးကလည်း မိဘအပေါ် “After you

လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”

လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”

ဆရာကလည်း တပည့်အပေါ် “After you”

တပည့်ကလည်း ဆရာ့အပေါ် “After you”

အပြန်အလှန် “After you” ဆိုတဲ့....

ဝန်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။

ဦးဘုန်း(ဓာတု)
မန္တလေး

ရာဇဝင်ထဲမှာ အန်ကယ်ကြီးကို ထားခဲ့

ကဲ ကဲ .... ထပါ ထပါ ဒေါ်မမ ရယ် .... ဒီလောက်ဆို ပြည်သူမြင်ပါပြီ
သြော် .... ဦးခင်ညွန့် အိမ်မှာကလည်း အရာရာကို ရွှေကွတ် ထားတာပါလား
ဘိုထိုင် အိမ်သာကိုကော ရွှေကွတ်ထားသေးလားလို့ မေးချင်မိတယ် ...
ဒေါ်မမ ရယ် ပြည်သူတွေ ဆင်းရဲနေတယ်ဗျာ ... ခင်ဗျား ရိုက်လာတဲ့ ဒေါင့်က မမှန်ဘူး ... ခြံထဲ စွပ်ကျယ်နဲ့ အလုပ်လုပ်နေတဲ့ ပုံမှ ပြည်သူက ကြွေမှာပေါ့ ...

ယနေ့ထုတ် Hot News မျက်နှာဖုံးပါ အယ်ဒီတာချူပ် ဒေါ်မမ ....

( ကိုဇာဂနာ က လက်ချင်းချိတ်ပြတော့ မမ ကလဲ အပြိုင်ပေါ့လေ )

အဂ္ဂမဟာ ဒီမိုဖက်တီး (Facebook)


ရာဇဝင်ထဲမှာ အန်ကယ်ကြီးကို ထားခဲ့
အောင်မောင်း
အစိုးရဖြစ်စေ၊ အုပ်ချုပ်သူဖြစ်စေ မည်မျှပင်ကောင်းမွန်သည် ဆိုငြားအံ့၊ ကာလရှည်ကြာ အပြောင်းအလဲမရှိလျှင်  နိုင်ငံရေးအရ တည်ငြိမ်မှု ရှိလိမ့်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ အားလုံးပါဝင်ခွင့်ရှိပြီး လူ့သဘာဝအရပင်လျှင် နိုင်ငံရေးအာဏာ မရဖူးသူက ရရန် ကြိုးပမ်းခြင်း၊ ရဖူးသူကလည်း ပြန်လည်ရရန် ကြိုးပမ်းခြင်းတို့ ကြုံတွေ့နေရမည်ဖြစ်သောကြောင့် နိုင်ငံရေးအာဏာကို အလှည့်မရသည့် နိုင်ငံရေး အင်အားစုများက တချိန်ချိန်တွင် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းကြမည်မှာလည်း ဓမ္မတာဖြစ်သည်။ ထိုအခါတွင် နိုင်ငံရေး မတည်မငြိမ်ဖြစ်လာပြီး တိုင်းပြည် လည်း နာသည်။ ထို့ကြောင့် အစိုးရဆိုသည်မှာ တစ်ဖွဲ့တည်းက ရေရှည်အုပ်ချုပ်နေလျှင်လည်း မကောင်း၊ အစိုးရအဖွဲ့တွေ မကြာခဏ ပြောင်းလဲနေလျှင် လည်းမကောင်း ဟူသည့်သဘောရှိပြီး ကာလအကန့်အသတ် အတိုင်းအတာတစ်ခုအတွင်း လူထုကို ရွေးချယ်ခွင့်ပေးထားခြင်း ဖြစ်ပေလိမ့်မည်။
ယနေ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတစ်ခုကို ရောက်နေပြီဆိုသည်မှာ ငြင်းဆန်၍မရသည့် ကိစ္စပင်။ အစိုးရအဖွဲ့သစ်သည် လူဟောင်းများဖြင့် ပွဲထွက်လာသည် ဆိုသော်လည်း နိုင်ငံရေးလမ်းကြောင်းကတော့ အသစ်ဖြစ်နေပြီဖြစ်သည်။ ပို၍ထင်ရှားသည်မှာ စစ်အစိုးရပုံစံမျိုး မဟုတ်တော့ဘဲ လွှတ်တော်တွင် ပြည်သူကို ကိုယ်စားပြုသော ပလေယာအသစ်များ ပါဝင်ခွင့်ရလာပြီဖြစ်သည်။ လာမည့် ရွေးကောက်ပွဲ သုံးလေးခုအတွင်း အစိုးရအဖွဲ့တွင် ပလေယာအသစ်၊ မျက်နှာသစ်များ ထပ်မံတွေ့မြင်ရဖွယ်ရှိပါသည်။ အနီးစပ်ဆုံး လာမည့် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင်ပင် လွှတ်တော်၌ မျက်နှာသစ်များ ထပ်မံတွေ့မြင်ရဖွယ်ရှိသည်။ သမ္မတ ဦးသိန်းစိန်နှင့် ဝါရှင်တန်ပိုစ့်တို့ တွေ့ဆုံမေးမြန်းအပြီးတွင် သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့အတွင်း ပါဝင်လာရေးမှာ ၎င်းအနေဖြင့် လက်ခံရမည့်ကိစ္စဟု ထုတ်ဖော် ပြောကြားခဲ့ပြီးဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်မှလည်း ပြည်သူ အတွက် အကျိုးရှိပါက အစိုးရအဖွဲ့အတွင်း ရာထူးရယူသွားဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားပြီးဖြစ်သည်။
တိုင်းပြည်၏ ပြောင်းလဲလာသော အခြေအနေများအပေါ် မူတည်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမြင်များလည်း ပြောင်းလဲလာခဲ့ပြီဖြစ်သည်။  အထူးသဖြင့် မြန်မာနိုင်ငံကို ကာလရှည်ကြာ ပိတ်ဆို့ ထားခဲ့သော အမေရိကန် ပြည်ထောင်စုနှင့် အနောက်ဥရောပ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးအဆင့်အထိ လာရောက်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံနှင့် နီးကပ်စွာဆက်ဆံသွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများ ဆက်တိုက်ဆိုသလို တွေ့နေရပြီဖြစ်သည်။ အာဆီယံဥက္ကဋ္ဌရာထူးကိုလည်း ၂၀၁၄တွင် စတင်ထမ်းဆောင်တော့မည်ဖြစ်ပြီး ပထဝီနိုင်ငံရေး အခြေအနေကြောင့် လွတ်လပ်သော အာဆီယံ ကုန်သွယ်မှုဇုန်ပေါ်အပြီးတွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ရုတ်ခြည်းမြင့်တက်လာနိုင်မည့် အလားအလာကောင်းများလည်း မြင်တွေ့နေရပြီ ဖြစ်သည်။ ရေမြင့်လျှင်ကြာတင့်ဆိုသကဲ့သို့ပင် နိုင်ငံရေး၊ စီးပွားရေးများ ဖွံ့ဖြိုးမှုနောက်တွင် လူမှုရေးဖွံ့ဖြိုးမှုများလည်း ကပ်ပါလာပြီး ယင်းကြောင့် ဖြစ်ထွန်းလာသည့် အကျိုးဆက်များကို ခံစားရမည်မှာလည်း မြန်မာပြည်သူများပင်ဖြစ်ပါသည်။
ထိုကဲ့သို့ အခြေအနေမျိုးသို့ ရောက်ရှိရန် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲခရီးမှာ ၂၃ နှစ်တာမျှ ကြာမြင့်ခဲ့ရသည်။ နိုင်ငံရေးအင်အားစုများနှင့် မီဒီယာတို့မှာ အခွင့်အလမ်းပေါ်သည်နှင့် ဒီမိုကရေစီ အပြောင်းအလဲအတွက် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့ကြရသည်လည်း ဖြစ်သည်။ အထူးသဖြင့် စာပေလွတ်လပ်ခွင့် အထိုက်အလျှောက်ရလာသည့် အချိန်မှစ၍ မီဒီယာမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့ သည်။ အချို့သောမီဒီယာများမှာ ယနေ့ကဲ့သို့ နိုင်ငံရေးအခင်းအကျင်း ပေါ်ပေါက်လာစေရေးအတွက် အပြင်းအထန်ဝေဖန်ခံ၍၊ ကြံ့ကြံ့ခံ၍ ရပ်တည် လာခဲ့ရသည်။ ထို့ကြောင့် မီဒီယာအနေဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် တာဝန်ကျေခဲ့သည်ဟုပင် ဆိုရမည်ဖြစ်သည်။
သို့သော် ယနေ့မီဒီယာများ၏ လုပ်ရပ်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် မီဒီယာတို့ ပေးဆပ်ခဲ့ရသော စေတနာတွေကို ဝေဒနာတွေဖြစ်အောင် လုပ်နေသကဲ့သို့ ဖြစ်နေသည်။ ဆိုရလျှင် မီဒီယာတွေကိုယ်တိုင်က ၎င်းတို့ ကြိုးပမ်းခဲ့သော နိုင်ငံရေး ပြောင်းလဲမှုကို နောက်ကြောင်းပြန်လှည့်အောင် လုပ်နေကြခြင်းဖြစ်သည်။ ထင်ရှားမြင်သာသည့်ကိစ္စမှာ အန်ကယ်ကြီးကို ပရိုမိုးရှင်းလုပ် ပွဲထုတ်လာကြခြင်းဖြစ်သည်။ မားသားကြီး ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဘရားသားကြီးဆိုသည်မှာ ကိုမင်းကိုနိုင်ဟု ပြောဆိုသုံးနှုန်းကြသဖြင့် အန်ကယ်ကြီးဆိုသူမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ဆိုလိုခြင်းဖြစ်ကြောင်း စာရှုသူအနေဖြင့် သဘောပေါက်နိုင်ပါလိမ့်မည်။ စနေနေ့ နံနက်ပိုင်းထုတ် ရန်ကုန်ခရော်နီကယ် အပတ်စဉ်ထုတ်စာစောင် ခေါင်းကြီးပိုင်းတွင် အယ်ဒီတာဖြစ်သူက “ကျားသေကိုအသက်သွင်းကြသူများသို့” ဟု ခေါင်းစဉ်တပ်၍ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို နိုင်ငံရေးလောကထဲ ပြန်ဆွဲခေါ်ရန် ကြိုးပမ်းနေသည့် မီဒီယာများကို သတိပေးထားသည်ကို ဖတ်လိုက်ရသည်။ အင်တာနက်စာမျက်နှာများတွင်လည်း ဦးခင်ညွန့် နိုင်ငံရေးထဲ ပြန်ဝင်သင့်၊ မဝင်သင့်၊ ယခင်က ဦးခင်ညွန့် ကျူးလွန်ခဲ့သော လူသားချင်း မတရားမှုများကို သင်ပုန်းချေပေးသင့်၊ မပေးသင့် စသည်ဖြင့် အငြင်းပွားသည့် စာတွေလည်း ဆက်တိုက်ဆိုသလို တွေ့လာရသည်။
ထို့ကြောင့် မီဒီယာများအား နိုင်ငံရေးပြောင်းလဲမှုကို ဆောင်ရွက်ရာတွင် မည်သို့ ဆောင်ရွက်နေသနည်းဟု မေးခွန်းထုတ်ရမလို ဖြစ်လာသည်။ အထက်ကဆိုခဲ့သော ရန်ကုန်ခရော်နီကယ်ခေါင်းကြီးကဲ့သို့ပင် စောင်ရေတက်လို၍လော၊ မသိနားမလည်၍လော၊ သို့တည်းမဟုတ် မည်သို့မည်ပုံ ပြောင်းပြောင်း ပြောင်းဖို့ကအဓိက ယခင်ကစစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီဖြစ်အောင် ပြောင်းခဲ့သည်၊ ယခု ဒီမိုကရေစီမှ စစ်အုပ်ချုပ်ရေးဖြစ်အောင် ပြန်ပြောင်းလိုက်ဦးမည်ဟူသည့် စေတနာတွေကြောင့်လောဟူ၍ အမှန်တကယ်ပင် မေးစရာ၊ တွေးစရာတွေ ပေါ်လာပါသည်။ အမည်တပ်၍ အပြစ်ဆိုရလျှင် လျှပ်တပြက် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် အန်ကယ်ကြီးတို့ပြုလုပ်သော အင်တာဗျူးမှာ စိတ်မချမ်းသာစရာပင်။ ဦးကျော်ဆန်း၏ လက်ကိုင်ဒုတ်ဟု ကင်ပွန်း တပ်ခံရလောက်အောင်ပင် ဦးမြတ်ခိုင်မှာ အန်ကယ်ကြီးကို မြှောက်ထိုးပင်ကော်လုပ်၍ နိုင်ငံရေးအတွင်းပြန်လာရန် ညိုမြလုပ်နေသည်။ နောက် ဂျာနယ်တစ်စောင်မှာ ဖေးဘရိတ်ဂျာနယ် ဖြစ်သည်။ တိုင်းပြည်ကို ယနေ့တိုင် နာလံပြန်မထူနိုင်အောင် လုပ်သွားခဲ့သော ဦးနေဝင်းမိသားစုမှ  မြေးဖြစ်သူ ဇွဲနေဝင်းကို သတင်းလုပ်၍ ဖော်ပြလိုက်သေးသည်။ နိုင်ငံရေးနှင့် မည်သို့မျှမပတ်သက်သော မာဖီးယားကို ပွဲထုတ်သည့် ထိုမီဒီယာ၏ ရပ်တည်ချက်ကိုလည်း နားလည်၍မရ။ မိမိတို့ လုပ်ရပ်မည်မျှ အန္တရာယ်ကြီးနေသည်၊ နိုင်ငံတည်ဆောက် ရေးကို မည်မျှ ထိခိုက်သွားစေသည်ဆိုသည်ကို တွေးကြဖို့ကောင်းပါသည်။
စာရေးသူအနေဖြင့် အန်ကယ်ကြီးကို လူတော်တစ်ယောက်၊ တိုင်းပြည်အတွက် အသုံးဝင်သူတစ်ယောက်ဟု လက်ခံနိုင်သည့်တိုင် တိုင်းပြည်ကို နောက်တစ်ကြိမ် အန္တရာယ်မပြုတော့ဟူသည့် ယုံကြည်မှုမျိုး မရှိနိုင်သေးသည်မှာလည်း ပုဂ္ဂိုလ်ရေး ခံစားမှုသက်သက်သာဖြစ်ပါသည်။ အန်ကယ်ကြီးကို အချို့သောပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ထက်ပင် ချစ်ခင်နှစ်သက်ကြသည်ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ဖူးပါသည်။ သို့ရာတွင် အာဏာ ဆိုသည်မှာ တိမ်းမူးရီဝေစေတတ်သည့် သဘောရှိရာ အာဏာခုံပေါ် ပြန်ရောက်သည်နှင့် တပြိုင်နက် ယခင်ကကဲ့သို့သော အာဏာတည်ဆောက်မှုမျိုး မလုပ်နိုင်ဟုလည်း အာမခံ၍မရသည့် အခြေအနေလည်း ရှိပါသည်။ ထို့ကြောင့် အထက်ပါခေါင်းကြီးတွင် ဖော်ပြထားသလိုပင် ကျားသေကို ပြန်၍ အသက်မသွင်းကြခြင်းမှာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ အန်ကယ်ကြီးအနေဖြင့် ပြစ်ဒဏ်ကျခံရပြီး အကျယ်ချုပ်မှ လွတ်မြောက်လာသဖြင့်သာ ယခင်က ၎င်းကျူးလွန်ခဲ့သော လူသားချင်း အနိုင်အထက်ပြုကျင့်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို  ပြည်သူတွေက ခေတ္တမေ့လျော့နေကြခြင်းသာဖြစ်သည်။ သို့တည်းမဟုတ် မြန်မာလူမျိုးများပီပီ လွယ်လွယ်ကူကူ ခွင့်လွှတ်လိုက်ကြခြင်းလည်း ဖြစ်နိုင်ပါသည်။ ခွင့်လွှတ်နိုင်မှုနှင့်အတူ တပါတည်း မေ့ပစ်နိုင်ကြ လျှင် ပိုမိုကောင်းမွန်နိုင်ပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ယခင်က ၎င်းကျူးလွန်ခဲ့မှုများကို မေ့မေ့ပျောက်ပျောက်ဖြစ်၍ နိုင်ငံရေးထဲ ပြန်မလာတော့ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် သမ္မတကြီးကဲ့သို့သော ဗိုလ်ချုပ်ဟောင်းများကိုယ်တိုင် လုပ်ဆောင်နေကြသည်ကို အတုယူနိုင်ကြလျှင် ပိုကောင်းပါလိမ့်မည်။
နိုင်ငံရေးဆိုသည်မှာ ဆက်လက်ရွေ့လျားနေမည်သာဖြစ်ပြီး ပါဝင်ပတ်သက်သည့် ဇာတ်ကောင်များသည် တစ်ချိန်ချိန်တွင် သမိုင်းအဖြစ်သာ ကျန်ရှိခဲ့ လိမ့်မည်ဖြစ်သည်။ အန်ကယ်ကြီးကိုလည်း ရာဇဝင်ထဲမှာ ထားခဲ့ခြင်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ ထိုထက်ပိုလျှင်မူ………………။
yangonchronicle

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတ၀န်း လှည့်လည် မဲဆွဲမည်

ဓါတ်ပုံ (မြတ်လေးငုံ ဘလော့ဂ်)
မြန်မာနိုင်ငံ အတွင်းရှိ သက်တမ်းအရင့်ဆုံး ပါတီများအနက် တစ်ခုဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ်များသို့ သွားရောက် မဲဆွယ်မည် ဖြစ်ကြောင်း အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက The Voice Weekly သို့ ပြောကြားသည်။

ကြားဖြတ် ရွေးကောက်ပွဲကို ကချင်၊ မွန်၊ ရှမ်းပြည်နယ်များနှင့် စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ တိုင်းဒေသကြီးတို့ရှိ လစ်လပ်နေရာ ၄၈ နေရာမှ မြို့နယ်ပေါင်း ၅ဝ ကျော်တွင် ကျင်းပမည် ဖြစ်သည်။

" အကုန်လုံး သွားနိုင်မယ် လို့တော့ မထင်ဘူး။ နေရာက ရွေးနေတုန်းပဲ။ အချိန်ကြောင့်ပါ။ အချိန်မီရင်တော့ အကုန်လုံး သွားမယ် " ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

မည်သည့် အချိန်တွင် အခြားဒေသများသို့ သွားရောက်မည်ကို မသိရှိ သေးသော်လည်း တနင်္သာရီတိုင်း ဒေသကြီး ထားဝယ် ခရိုင် လောင်းလုံးနှင့် မြိတ်ခရိုင် ကျွန်းစုမြို့နယ် တို့ကိုမူ ဇန်နဝါရီ လကုန်ပိုင်းခန့်တွင် လာရောက်ရန် အစီအစဉ် ရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင် ဦးအောင်စိုးက The Voice Weekly သို့ ပြောကြားသည်။

ဦးအောင်စိုးမှာ လောင်းလုံးမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် နေရာတွင် ဝင်ရောက် အရွေးချယ်ခံမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ် ဇန်နဝါရီ လကုန်တွင် ထားဝယ်ဒေသသို့ နောက်ဆုံး လာရောက်ခဲ့ဖူးပြီး ယခုတစ်ကြိမ် လာရောက်ပါက နေ့ချင်းပြန် လာရောက်ရန် အလားအလာ ပိုမိုများပြားကြောင်း ဦးအောင်စိုးက ပြောကြားသည်။

" လာရင်တော့ မဲအပြတ်အသတ် နိုင်မှာပဲ " ဟု ထားဝယ်မြို့ခံ အသက် ၄ဝကျော် အရွယ်ရှိ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက မှတ်ချက် ပေးသည်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် မော်လမြိုင်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ရန် သေချာသော်လည်း လာရောက်မည့် အချိန်ကို မသိရှိရသေးကြောင်း မော်လမြိုင် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဇော်က ပြောကြားသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ NLD သည် နေရာအပြည့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ယင်းမဲဆန္ဒနယ်များတွင် ဝေးလံသီခေါင်သော ဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်၊ ရှမ်းပြည်နယ် လားရှိုး၊ ကလော၊ တနင်္သာရီတိုင်း ဒေသကြီး လောင်းလုံး၊ ကျွန်းစုမြို့နယ်တို့လည်း ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က လွတ်မြောက်ပြီး နောက်ပိုင်း ပထမဆုံးအဖြစ် ဇူလိုင်လ ပထမပတ်အတွင်း ပုဂံသို့ အပန်းဖြေခရီး သွားရောက်ခဲ့သည်။
The Voice Weekly

မြတ်လေးငုံ ဘလော့ဂ် မှ ဓါတ်ပုံများဖြစ်ပါသည်။








၁၈.၁.၂၀၁၂ ၁၀း၃၀နာရီအချိန်တွင်ကော့မှူးမြို့နယ်မဲဆန္ဒနယ်အတွက်ရွေးကောက်ပွဲဝင်ရန်တောင်ပိုင်းခရိုင်
အထွေထွေရွေးကောက်ပွဲကော်မရှင်ရုံးသံလျှင်မြို့သို့သွားရောက်ပြီးလွှတ်တော်ကိုယ်စားလှယ်အမည်စားရင်း
အဆိုပြုလွှာကိုကိုယ်တိုင်သွားရောက်တင်သွင်းစဉ်တခဲနက်ကြိုဆိုနှုတ်ဆက်သူများအားတွေရစဉ် မှတ်တမ်း ဓာတ်ပုံများဖြစ်ပါသည်.။
 

ပြင်သစ်၏ ရန်ကုန်ဓာတ်ပုံပွဲတော် ဒေါ်အောင်ဆန်းစုကြည် အကဲဖြတ်ဒိုင်ဥက္ကဋ္ဌလုပ်မည်

ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ သတင်းစာ ရှင်းလင်းပွဲမှာ  ပြင်သစ်လို ဖြေကြား၊
 ပြောဆိုသွားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
 (ဓါတ်ပုံ-Google Images)
ပြင်သစ် ယဉ်ကျေးမှုဌာနက ကျင်းပပြုလုပ်သော ရန်ကုန်ဓာတ်ပုံပွဲတော်တွင် ပါဝယှဉ်ပြိုင်ပြသ သည့် မြန်မာဓာတ်ပုံများကို အကဲဖြတ်ရာ၌ ဒေါ်အောင်ဆန်းစုကြည်က ဒိုင်လူကြီးအဖွဲ့ဥက္ကဋ္ဌအဖြစ် ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်သစ်ယဉ်ကျေးမှုဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါဓာတ်ပုံပွဲတော်ကို ဇန်န၀ါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီမှစတင်ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း၊ ဓာတ်ပုံပွဲတော်ကို ရန်ကုန်ဓာတ်ပုံပွဲတော်ညဟု အမည်ပေးထားကာ ပွဲတော်တွင် ပင်လယ်ပျော်ဆလုံ များအကြောင်း၊ တရုတ်ပြည်မှ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအခြေအနေပြ ဓာတ်ပုံများ၊ ရေ၏မရှိမဖြစ်အ ရေးကြီးမှုဓာတ်ပုံများ၊ ပျားရည်ရှာဖွေစုဆောင်းသူများ၏ ဓာတ်ပုံများ၊ ရှန်ဟိုင်းမှအမှတ်တရနှင့် ခံယူချက်ဓာတ်ပုံ များအပြင် ၀င်ရိုးစွန်းများကို ထိန်းသိမ်းကြပါစို့ဟူသောအမည်ဖြင့် နိုင်ငံတကာဓာတ်ပုံများတို့ ပါဝင်မည်ဖြစ် ကြောင်း၊ ပြပွဲတွင် ညနေ ၆ နာရီ၌ တစ်နှစ်တာ ဇာတ်လမ်း နောက်ခံအကောင်းဆုံး ဓာတ်ပုံများတို့ပါဝင်မည် ဖြစ် ပြီး ယင်းဓာတ်ပုံများအား အကဲဖြတ်ဆုရွေးချယ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဒိုင်လူကြီးအဖွဲ့ဥက္ကဋ္ဌအဖြစ် ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ည ၈ နာရီ၌ဒိုင်လူကြီးများ အကဲဖြတ်ရွေးချယ်ထားသော တစ်နှစ်တာအ ကောင်းဆုံး ဓာတ်ပုံဆုနှင့် Canon Kodak ဓာတ်ပုံဆုများချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ရန်ကုန်ဓာတ်ပုံပွဲတော်ညအမည်ရှိ ဓာတ်ပုံပြပွဲကို ပြင်သစ်ယဉ်ကျေးမှုဌာန မြက်ခင်းပြင် အမှတ် ၃၄၀၊ ပြည်လမ်းစမ်းချောင်းတွင် ကျင်းပမည်ဖြစ်ရာ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ဝင်ရောက်လေ့လာကြည့် ရှုနိုင်မည်ဖြစ်သည်။
The Voice Weekly Journal 

ရန်ကုန်နှင့် ပဲခူးမြို့နယ်အချို့ သောက်သုံးရေရှားပါး

ဓါတ်ပုံ(Google Images)
ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များ ဖြစ်သည့် သာကေတ၊ ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)အစရှိသော မြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် တို့တွင် သောက်သုံးရေရှားပါး ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း ယင်းဒေသခံများ၏ အဆိုအရသိရှိရ သည်။

လက်ရှိအနေအထားတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ စစ်တွေမြို့နယ်၊ ရန်ကုန်တိုင်းဒေ သကြီးရှိ မြို့နယ်အချို့တွင် သောက်သုံးရေများ ရှားပါးပြတ်လပ်လာကြောင်း၊ ကန်ရေကိုသာအဓိကထား သုံးစွဲ လျက်ရှိသော ရပ်ကွက်များတွင် ရေရှားပါးမှုပြဿနာမှာ ပိုမိုကြီးထွားလာလျက်ရှိကြောင်း၊ ပိုမိုကြီးထွားလာလျက် ရှိကြောင်း၊ မိုးရေများကို သိုလှောင်ထားသော ကန်များမှာလည်း ရေခန်းခြောက်လာပြီး ရပ်ကွက်အတွင်းရှိ လူအ များသုံးစွဲရာတွင် လုံလောက်မှုမရှိတော့ကြောင်း၊ အ၀ီစိရေကို သုံးစွဲနေသူများရှိသော်လည်း ဒေသခံအများစုမှာ ကန်ရေကိုသာ အဓိကထားသုံးစွဲလျက်ရှိကြောင်း သုံးခွမြို့နယ်မှ အသက် ၃၀ အရွယ်ဒေသခံအမျိုးသား တစ်ဦး က ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်မူ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒလနှင့်ဒေါ ပုံမြို့နယ်တို့တွင် ရေပြတ်လပ်မှုများ ကြုံတွေ့ရခြင်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ကဖြန့်ဝေသောရေကို လုံလောက်စွာမရရှိခြင်းများကြောင့်လည်း ပါဝင်ကြောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် တွင် နေထိုင်သူများထံမှ သိရသည်။

" စစ်တွေမှာ သိသိသာသာရေရှားလာတယ်။ စစ်တွေကန်တော်ကြီးက ရေကိုတစ်ဆင့် ပြန်ပြီး ပေးတော့ ရေကပုံမှန်မလာဘူး။ တစ်ရက်ခြားမှ တစ်ခါလာတော့ သိပ်တော့ အဆင်မပြေပါဘူး" ဟု စစ်တွေမြို့ နယ် ရွှေပြားရပ်ကွက်မှ မြို့မိမြို့ဖတစ်ဦးကဆိုသည်။

ယင်းကဲ့သို့ သောက်သုံးရေကန်များ ခြောက်သွေ့လာကာ မြေအောက်ရေများ ရှားပါးလာခြင်း တွင် သစ်တောများပြုန်းတီးလာမှုသည် အဓိကအချက်အနေနှင့် ပါဝင်ကြောင်း၊သစ်တောများစိမ်းလမ်းစိုပြည်စေ ရန် ဆောင်ရွက်ရမည်ဖြစ်ပြီး သစ်တောများ ခုတ်ယူသုံးစွဲခြင်း၊ ဆီအုန်းစိုက်ပျိုးခြင်းတို့ များပြားလာမှုကြောင့် ရေ အမှတ်ကျသွားခြင်းဖြစ်ကြောင်း၊ မြေအောက်ရေကို စုပ်ယူထိန်းသိမ်းရာတွင် သစ်တောသစ်ပင်များသည် အရေး ကြီးကြောင်း၊ ယင်းကဲ့သို့ နေရာအနှံ့အပြား ရေခန်းခြောက်မှုများကို ကာကွယ်နိုင်ရန် ဒေသအသီးသီးတွင် သစ် ပင်စိုက်ပျိုး ထိန်းသိမ်းခြင်းများ ပြုလုပ်သင့်ကြောင်း သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ဆိုသည်။

" ရေထိန်းတောမရှိလို့၊ ရေရှားမှုဖြစ်လာတာ" ဟု ၄င်းက ပြောကြားသည်။

The Voice Weekly Journal 

ရန်ကုန်တိုင်း ခရမ်းမြို့ နယ် အုပ်ချုပ်ရေးမှူး လာဒ်စားမှု (တိုင်ကြားစာ)

ခရမ်းမြို့နယ်တွင် အားကစားဖွင့်ဖြိုးတိုးတက်စေရန်မြို့မိမြို့ဖများမှ
ကော်မတီ တစ်ခုဖွဲ့စည်းခဲ့ပါ သည်။ခရမ်းကော်မတီမှ
ငွေကြေးသိန်းပေါင်းများစွာစိုက်

ထုတ်၍ အာကစားကွင်းနှင့် အားကစားရုံ
ကိုပြုပြင်ခဲ့ပါသည်။ ထိုအခါ အုပ်ချုပ်ရေးမှူး ဦးတင်မြင့်မှ ကော်မတီတွင်
နာယကအဖြစ်ဆောင် ရွက်ပြီးအား/ကာမှာ အစဉ်အဆက်
ငွေကြေးအရှုပ်အရှင်းများရှိနေပါ
သဖြင့် အုပ်ချုပ်ရေးဌာနမှ
ငွေကြေးဝင်ရောက်ကိုင်တွယ်သုံးစွ
ဲခြင်း မည်သည့်လွှမ်းမိုးမှုမှ
ပြုလုပ်မည်မဟုတ်ကြောင်း ပထမ ဆုံးအစည်းအဝေးပွဲပြောကြားခဲပါ
သည်။ ဆက်လက်၍
အား/ကာ ပြင်ဆင်မှုများအတွက် ရက်ကွက်  ၁၂ရက်ကွက် ၊ကျေးရွာ ၅၄ရွာ
အုပ်ချုပ်ရေးမှူးများထံမှ ၁၄၁ သိန်းကောက်ခံပေးမည်ဟု ကတိ
စကားပြေားကြားခဲပါသည်။ ထို့ကြောင့် အား/ကာ ကော်မတီမှငွေကြေးများ
စိုက်ထုတ်၍ ပြင်ဆင် မှုများပြုလုပ်ပြီး မြို့နယ်ပညာရေးမှူးဖလား U-10 နှင့်
အုပ်ချုပ်ရေးမှူးဖလား U-23 ဘောလုံးပွဲများ ကျင်းပနိုင်ကြပြီ ဖြစ်ပါသည်။
ပြိုင်ပွဲကျင်းပနေစဉ် မြို့မိမြို့ဖများအား ကြီးကြပ်ရေးကော်မတီဆိုပြီး
လွှမ်းမိုးမှုစတင်ခဲပါသည်။ မြို့မိမြို့ဖကော်မတီများအားအသိ
မပေးပဲ
ဒေသခံဒိုင်များအား တာဝန်မှ ရပ်နားခြင်း၊ ဆုချီးမြှင့်မည့်ဆုံးဖြတ်
ချက်များကို ပယ်ဖျက်ခြင်း ၊ ကွင်းဝင်ခွင့်လက်မှက်များကို ပယ်ဖျက်ခြင်း၊
အထွထွေအုပ်ချုပ်ရေးမှူးမှ ကိုယ်ပိုင်လက်မှတ်များကို
ရိုက်နှိပ်ထုတ်ဝေရောင်း ချခြင်း စသည့်မတရားမှုများကို
စတင်လုပ်ဆောင်လာခဲ့ပါသည်။နေရာတိ
ုင်းတွင် တာဝန်နှင့်
လုပ်ကိုင်ခွင့်ဆိုတာရှိပါသည်။ စစ်တပ်တွင်ရှိသလို
ပြည်သူလူထုတွင်လည်းရှိကြောင်း ဗိုလ်ကြီးဟောင်း
အုပ်ချုပ်ရေးမှူးဦးတင်မြင့် သိဟန်မတူပါ။ လက်မှတ် ဘယ်လောက်ရိုက်သည် ၊
ဘယ်လောက်ရောင်းရသည် ၊ ငွေကြေးမည်မျှရသည်ကို အား/ကာ ကော်မတီနှင့်
မြို့မိမြို့ဖများ အား အသိပေးခြင်း မပြုပဲ ထင်ရာစိုင်းကာ အာဏာပါဝါပြ၍
မတရားသဖြင့် နိုင့်ထက်စီးနင်း  ပြုနေ  ပါသည် ။အား/ကာကော်မတီမှ
စိုက်ထုတ်ငွေများကိုလည်း ပြန်လည်ပေးအပ်ခြင်း မပြုသေးပါ ။ ကော်မတီမှရ
မည်ဆိုသော  ၁၄၁ သိန်းအနက်မှ ၂၀၂၅၀၀၀ (သိန်း၂၀ကျော်)သာရရှိခဲပါသည်။
ကျန်သောငွေကြေးများ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကိုလည်း မသိရပါ ၊
ထို့ကြောင့်  အုပ်ချုပ်ရေးမှူး ဦးတင်မြင့်  မတရားသဖြင့် ကိုယ်ကျိုးရှာ
လာဘ်စားနေမှုအား  နိုင်ငံတော် သမ္မတကြီး  ဦးသိန်းစိန်နှင့်
ပြည်ထဲရေးဝန်ကြီး ဌာနတို့ သိစေရန် ခရမ်းမြို့မှ အသိပေးတိုင်ကြား အပ်ပါသည်
။ ကြိုက်သလိုမေး ကြိုက်သလိုစစ် ရိုက်မစစ်ပဲဖြေမည့် --- ဒီမိုကရေစီ
ခရီးလမ်းမှ ဆူးကြမ်းများကို ဖယ်ရှားပေးပါရန် ရဲဝံ့စွာ တိုင်ကြားအပ်ပါသည်

                                                                               (ခရမ်းသားများ)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်