စစ်မှန်သော နိုင်ငံရေးသမား ကိုသာလျှင်

ဤသို့သောခေါင်းစဉ်ကိုတပ်၍ ရေး သားရခြင်းမှာယနေ့နိုင်ငံရေးလောကတွင် လည်းအခြားသော စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးလောကတွင်းမှ (အတုအ ရောင်)များရှိခဲ့ခြင်း၊ ရှိနေခြင်း၊ ရှိနိုင်ဦး မည်ဖြစ်ခြင်းကြောင့်စစ်မှန်သောနိုင်ငံရေး သမားများနှင့် အတုအရောင်နိုင်ငံရေးသ မားများကို ကွဲကွဲပြားပြား၊ ခွဲခွဲခြားခြားလေ့ လာသိရှိနိုင်ကြရန်ဖြစ်ပါသည်။ လူတိုင်း သည် နိုင်ငံရေးသတ်္တ၀ါများဖြစ်ကြသည် ဖြစ်၍ နိုင်ငံရေးနှင့်ကင်းကွာ၍မရနိုင်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နိုင်ငံရေးနှင့်လူတို့သည် အကြောင်းတစ်ခု မဟုတ်၊ တစ်ခုနှင့်ဆက်စပ်ပတ်သက်၍ နေကြရသည်ဖြစ်သည်။
ထို့ကြောင့်နိုင်ငံရေးနှင့်မကင်းနိုင်သူ တိုင်း နိုင်ငံရေးအကြောင်း၊ နိုင်ငံရေးသ မားတို့၏အကြောင်းများကို သိရှိထားကြ ရန်အမှန်ပင် လိုအပ်သည်။ ဤသို့သိထား ခြင်းဖြင့် နိုင်ငံနှင့်လူမျိုးအတွက် စစ်မှန် သောနိုင်ငံရေးသမားများကိုစိစစ်ရွေးချယ် တာဝန်ပေးနိုင်ကြမည်ဖြစ်ပါသည်။စစ်မှန် သောနိုင်ငံရေးသမားများနှင့်ပတ်သက်၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ပြောဆိုရှင်းလင်းချက်ကို သိထားရန်လိုမည်ဖြစ်ပါသည်။ ၁၉၄၁ ခုနှစ်၊ ဂျပန်နိုင်ငံ၊ ဟိုက်နန်ကျွန်းတွင် ရဲ ဘော်သုံးကျိပ်ဝင်များ စစ်ပညာသင်ကြား နေစဉ် အားလပ်သည့်ညနေခင်းတစ်နေ့ ၌ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်မှ ဗိုလ်ချုပ်အောင်ဆန်းအား ““နိုင်ငံရေးဆို တာဘာလဲ၊ နိုင်ငံရေးသမားဆိုတာရော ဘာလဲ၊ ဘယ်လိုအရည်အချင်းတွေနဲ့ ပြည့်စုံရမှာလဲ”” ဆိုသည့်အမေးကို ဗိုလ် ချုပ်က ““လူတိုင်းကတော့ ကိုယ့်ဘ၀ရပ် တည်ရေးကစပြီး ကိုယ့်အိမ်၊ ကိုယ့်ရပ် ကွက်/ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း ပြည်ကြီးတစ်ခုလုံးရဲ့ လူမှုရေးကိစ္စတွေပဲ၊ နိုင်ငံရေးစကားနဲ့ပြောရရင်တော့ လူတွေ စားမှုသောက်မှု၊ နေမှုထိုင်မှုအားလုံးဟာ နိုင်ငံရေးကြီးပေါ့ကွ”” ဟု ရှင်းပြခဲ့သည့် အပြင် ဆက်လက်၍ ဗိုလ်ချုပ်က နိုင်ငံ ရေးသမားဟူသည်-
(၁) တိုင်းပြည်ကျရောက်နေသည့်ဘေးကို တကယ်စွန့်စားပြီး ကယ်တင်ချင်တဲ့စိတ် ဓာတ်မျိုးအပြည့်ရှိရမယ်။
(၂) အလုပ်လုပ်ကိုင်တဲ့နေရာမှာ ရိုးသား မှုအပြည့်အ၀ရှိရမယ်။
(၃) စွန့်စားရမဲ့နေရာမှာလည်း ဇွဲသတ်္တိနဲ့ ပြည့်စုံပြီး ကိုယ်ကျိုးစွန့်လွှတ်ပြီး အသက် ကိုစွန့်ရဲတဲ့စိတ်မျိုးလည်း မွေးတတ်ရမယ်။
(၄) ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ ကိုပဲ အမှန်လို့မယူဆတဲ့ စိတ်ထားမျိုးရှိ ရမယ်။
(၅) ကိုယ့်လူမျိုးနဲ့ ကိုယ့်ကိုကိုယ်အားကိုး တဲ့ မျိုးချစ်စိတ်လဲရှိရမယ်။ စသည်ဖြင့် နိုင်ငံရေးသမားတို့၏ ထားရှိရမည့် စိတ် ဓာတ်နှင့် အရည်အချင်း(၅)ရပ်ကို ရှင်း လင်းဆွေးနွေးခဲ့သည်ဟု ဗိုလ်မင်းခေါင် (ကလောင်အမည်ရွှေတူ)က ၎င်းင်းဦးစီး ထုတ်ဝေသော ““ရွှေတူဂျာနယ်””အတွဲ(၁)၊ အမှတ် (၂)၊ ၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလ ထုတ်တွင်““နိုင်ငံရေးသမားဟူသည်””ခေါင်း စဉ်ဖြင့် ရေးသားခဲ့သည်ကို မှတ်သားခဲ့ရ ပါသည်။ ဗိုလ်ချုပ်လမ်းညွှန်ခဲ့သော နိုင်ငံ ရေးသမားအစစ်အမှန်ဆိုသည်မှာ ထို အရည်အချင်းများနှင့် ပြည့်စုံရမည်ဖြစ်ပါ သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးသမား (အတုနှင့်အစစ်) ကွဲပြားခြားနားမှုများကို သေချာဂနပြန်လည်လေ့လာဆန်းစစ်ကြည့် သောအခါတွင် ဤသို့တွေ့ရှိရမည်ဖြစ်ပါ သည်။
နိုင်ငံရေးသမား(အတု)များသည် အပြောကောင်း ကြသော်လည်း အကောင်းမပြောကြသူများဖြစ်သည်ကို တွေ့ရသည်။ ပြည်သူများအကြိုက်၊ ရေ ပေါ်ဆီလိုက်၍ ပြောဆို၊ လုပ်ဟန်ပြ၍ အတွင်း၌ မိမိအကျိုးရှိရာများကိုကြိတ်၍ ယူတတ်ကြသည်။ တစ်နည်းဆိုရသော် ရှေ့တွင်တစ်မျိုး၊ ကွယ်ရာတစ်မျိုးမျက်နှာ နှစ်ဖက် (ပေါ်လစီ)ကိုကျင့်သုံးတတ်ကြ သူများဖြစ်သည်။ လူတကာအထင်ကြီး အောင် ဟန်ရေးပြတတ်ကြသော်လည်း အများအတွက် တကယ့်အရေးပေါ်လာ သည့်အခါ အကြောင်းအမျိုးမျိုးပြ၍တာ ၀န်ကို ရှောင်လွှဲနေတတ်ကြသည်။အရေး ကြုံလျှင် ပုဆိုးခြုံထဲက လက်သီးပြတတ် သောလူစားမျိုးဖြစ်သည်။ အများပြည်သူ တို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း၊ ကြိုးပမ်းဆောင်ရွက်ခြင်းမရှိ မျက်နှာရ မည့်အလုပ်မျိုးဆိုလျှင် နှမ်းဖြူး၍ လူကြီး နားကပ်၍ဖော်လံဖားကပ်္ပလီလုပ်တတ်ကြ သည်။ အများပြည်သူအတွက် အများ ပြည်သူအရေးခေါင်းထဲ၌မည်သည့်အခါမှ မစဉ်းစား၊ စိတ်ကူးမထား၊ မိမိအတွက် မည်သို့ကြံဖန်၍အကျိုးရှိရာရှိကြောင်းများ ကိုသာ စဉ်းစားတွေးခေါ်လျက် ဖန်တီးမှု ပြုလုပ်၍ အခွင့်အရေးရယူရန်ကြိုးစားသူ ဖြစ်သည်။ သူတို့သည် ရဲဘော်၊ ရဲဘက် စိတ်လုံးဝမရှိ၊ လူတန်းစားကိုယ်စားပြု နှလုံးသားနှင့် စာနာမှုမရှိအခွင့်သာလျှင် သာသလို မိမိအတွက်ဘနဖူးသိုက်တူး ကြမည့်သူများဖြစ်သည်။ သူတို့လိုအပ် သည့်အခါ ပြည်သူလူထုထံ အသနားခံ အောက်ကြို့၍ပြောဆိုတတ်ကြသလောက် ပြည်သူလူထုကတရားသဖြင့်ရရှိအပ်သော အခွင့်အရေးကို ရရှိရန်တင်ပြဆွေးနွေး ဆောင်ရွက်ပေးရန် တင်ပြလျှင်မသိတော့ သလို၊ မတန်သလိုပြောဆိုဆက်ဆံလိုကြ သည်။ အချို့ဆိုလျှင် မရှိသောအာဏာ ပါဝါသံဖြင့် ဟိန်းဟောက်ပြောဆိုခဲ့ကြ သည်။ ဤလိုလူတွေက နေရာအတော် များများတွင် နိုင်ငံရေးသမားအမည်ခံ၍ နိုင်ငံရေးလုပ်နေကြသည်။
စစ်မှန်သောနိုင်ငံရေးသမားဟူသည် ဖော်ပြခဲ့သော(အတုနိုင်ငံရေးသမားများ တို့နှင့်အတူသောအပြုအမူ၊အကျင့်အကြံ၊ နေထိုင်ပြောဆိုမှုတို့မှအစ စိတ်နေ သဘောထားလက်တွေ့လုပ်ရပ်များနှင့် (ပြောင်းပြန်)ဖြစ်သည်ဟု အကျဉ်းအား ဖြင့် မှတ်သားကြရန်ဖြစ်ပါသည်။ စစ်မှန် သောနိုင်ငံရေးသမားဆိုသည်မှာ ဥပမာ အားဖြင့်ဥဒဟဂုဏ်ဆောင်၍တင်ပြရလျှင် မြန်မာနိုင်ငံ၏မျိုးချစ်ပုဂိ္ဂုလ်၊ ငြိမ်းချမ်းရေး ဘခင်ကြီးဖြစ်သောဆရာကြီးသခင်ကိုယ် တော်မှိုင်းနှင့် အာဇာနည်ခေါင်းဆောင် ကြီး သခင်မြတို့၏ သဘောထားကိုတင် ပြလိုသည်။ တစ်ချိန်က သမ္မတကြီးစော ရွှေသိုက်တာဝန်ပြီးဆုံးကာနီးတွင် သမ်္မတ အသစ်တင်ရန် စဉ်းစားခဲ့ကြစဉ်က သခင် ၀တင်က ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကို အဆိုပြုသည့်အခါ ဆိုရှယ်လစ်ခေါင်း ဆောင်အချို့က ဆရာကြီးဟာ ကွန်မြူ နစ်တွေနဲ့ နီးစပ်သူဖြစ်သည်ဟုဆိုကာ ပယ်ချခဲ့သည်။ ထိုအကြောင်းကို သခင် ၀တင်က ဆရာကြီးသဘောကိုမေးကြည့် ခဲ့ရာ ““အားလုံးက သဘောတူပြီးဆရာ့ကို သမ္မတလုပ်ခိုင်းရင်တောင် ဆရာမလုပ်ပါ ဘူးကွာ။ ဆရာက အာဏာရှိတဲ့အလုပ် ဆိုရင် တစ်ပဲသားလောက်ပဲရှိရှိ ဘယ်လို မှမလုပ်ချင်ပါဘူး”” ဟုပြောခဲ့သည်ကို သခင်ဝတင်၏ အတွေ့အကြုံတင်ပြချက် တစ်ခုကို မှတ်သားခဲ့ရပါသည်။ ထို့အတူ အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ် သော သခင်မြသည်လည်း စစ်မှန်သော နိုင်ငံရေးသမားကောင်းတစ်ဦးအဖြစ်ဝိဇူရ သခင်ချစ်မောင်ပြုစုသည့် ““အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီးသခင်မြ”” စာ အုပ်တွင် သခင်ဝတင်က ဂုဏ်ပြုရေးသား ခဲ့သည်မှာ သခင်မြသည် နာမည်ကြီးချင် တာကိုအောင့်ထားနိုင်သည်။ ပိုက်ဆံချမ်း သာချင်တာကို အောင့်၍ထားနိုင်သည်၊ အသောက်အစား၊ လောင်းကစားမှု၊ ပျော်ပါးမှုကင်းစင်သည်။ ၀င့်ဝင့်ဝါ၀ါမရှိ ဖြစ်သလိုနေနိုင်သည်။ ၀တ်နိုင်၊ အိပ်နိုင် သည်။ လိုချင်သည်ကို အောင့်၍ထားနိုင် သည်။ ဘယ်နေရာတွင်မှ မာန်မာနမရှိ၊ စိတ်ဆိုးစရာကိုအောင့်နိုင်သည်။ တစ်စုံ တစ်ရာတွင် ပြဿနာနှင့်ကြုံတွေ့ပါက အမှန်ဆုံးဖြစ်အောင် စဉ်းစားချင့်ချိန်၍ ဆုံးဖြတ်နိုင်သည်။ ဆိုခဲစေ၊ မြဲစေဆိုသည့် အတိုင်း စကားကိုအလွန်အကျွံဘယ်ခါမှ မပြော၊လူသားထဲမှအကောင်းဆုံးလူသား တစ်ဦးကို လက်ညှိုးထိုး၍ ပြစမ်းပါဟုဆို လျှင်(စစ်မှန်သောနိုင်ငံရေးသမားဟောင်း) သခင်မြအား စံပြနမူနာလူသားအဖြစ်ပြ နိုင်ပါသည်ဟူ၍ တင်ပြခဲ့သည်မှာလည်း မှတ်သားဖွယ်ရာပင်ဖြစ်ပါသည်။
ထို့အပြင်ရှေးလူကြီးသူမများက ဆိုဆုံးမခဲ့သည်မှာ ““တင်လဲပျားသကာနှင့် စီရင်ထားတဲ့နတ်သုဒ္ဓာတမျှရသာပြည့်စုံသော ခဲဘွယ်ဘောဇဉ်အထဲ မစင်တစ်ပဲသားမျှ ကျပါက ထိုခဲဘွယ်ဘောဇဉ်မှာ စွန့်ပစ်ရ ကြောင်း။ ခါးတောက်မြစ်ယက် စိုက်ရော ဖက်က သရက်ပင်မင်း သီးချိုကင်း၏”” ဆိုသောလင်္ကာအရသရက်သီးရဲ့အရသာ ကို ခါးတမာတွေက မည်သို့ဖျက်ဆီးတတ် ကြသည်ကို သိခဲ့ကြပြီးဖြစ်ပါသည်။ မည် သည့်ဘာသာတွင်ဖြစ်စေ၊မည်သည့်ကျမ်း စာများပင်ဖြစ်ဖြစ် ကောင်းမြတ်သည့်သူ သူတော်စင်တွေကြားထဲ မကောင်းမှုပြု သည့်လူတစ်ယောက် ရောလျက်ရှိလာ လျှင် လူကောင်းများဒုက္ခတွေ့ကြုံရသည့် ဆို့သည့်အကြောင်းဆုံးမ ရေးသားထား သည်များကို တွေ့ရှိကြရမည်ဖြစ်ပါသည်။
ထို့ကြောင့် အများပြည်သူတို့၏ အကျိုးအတွက် သာမာန်လူတွေမလုပ်နိုင် ဘဲ ““နိုင်ငံရေးဆိုတာ ပရဟိတလုပ်ငန်း၊ လောကတ္တစရိယကျင့်တဲ့လုပ်ငန်း၊ ဒါဟာ ဒွိဟိတ်ပုဂိ္ဂုလ်တွေ မလုပ်နိုင်ဘဲ တိဟိတ် ပုဂိ္ဂုလ်များ၊ ဘုရားအလောင်းမှသာ လုပ်နိုင်တဲ့လုပ်ငန်းလို့ ယူဆပါတယ်”” ဟူ ၍ မြန်မာပြည်သို့ ခေတ္တရောက်ရှိလာ သော အိနိ္ဒယဘုရင်ခံချုပ်လော့လူဝီ မောင့်ဘက်တန်ကို နိုင်ငံရေးသမားများ နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ ရှင်းလင်းပြောကြားချက်များကိုလည်း သတိပြုကြရန်လိုအပ်လှပေသည်။ ဖော် ပြခဲ့သည့်အတိုင်း အလွန်မွန်မြတ်လှသည့် စစ်မှန်သော နိုင်ငံရေးသမားကောင်းတို့ ၏လောကတွင်းသို့အများပြည်သူအကျိုး မကြည့်၊ မိမိအတ္တကိုယ်ကျိုးအတွက်သာ အခွင့်ထူးခံရေး၊ အခွင့်အာဏာရရှိရေး၊ ယုတ်စွအဆုံး(ရပ်/ကျေးအဆင့်အုပ်ချုပ် ရေးမှူးများ) တာဝန်ရရှိရေးမှ လွှတ်တော် အဆင့်ဆင့်တို့၌ အမတ်နှင့်ဝန်ကြီးဖြစ်ရေး လောက်သာရည်မှန်း၍ (အတုနိုင်ငံရေး သမား)များကဆန်အိတ်ထဲကြွက်ချေးများ ရောမိလာမည်ကို သတိပြုသင့်ကြပေ သည်။ သို့ဖြစ်ပေရာစစ်မှန်သောနိုင်ငံရေး လောကကြီး ထိုသူများကြောင့် ဒုက္ခတွေ့ ပြီး မပျက်စီးသွားရလေအောင် နိုင်ငံရေး ပါတီတိုင်းနှင့် အများပြည်သူအပေါင်းတို့ သည် စစ်မှန်သော နိုင်ငံရေးသမားများ ကိုသာလျှင်စိစစ်ရွေးချယ်အားပေးထောက် ခံကူညီသွားသင့်လှပါကြောင်း သတိပေး တင်ပြရေးသားရပါကြောင်း။

စောကျော်အေး(ပန်းဘဲတန်း) hotnewsweekly

အဝေးပြေးကားဝင်းအ၀င်လမ်း၌ အုပ်စုဖွဲ့၍ မသမာမှုများ လုပ်ဆောင်လျက်ရှိနေကြ

အုပ်စုဖွဲ့ ပုံမှားရိုက်ကာ မသမာမှုများ လုပ်ဆောင်နေသည့် သီရိမန္တလာကားကြီးဝင်း အ၀င်လမ်းဖြစ်သည့် ၈၉ လမ်းနှင့်၂၆ လမ်းဆုံကို တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်
မန္တလေးမြို့ အနောက်ဘက်ရှိ သီရိ မန္တလာအဝေးပြေးကားဝင်း အ၀င်လမ်း ဖြစ်သော ၈၉ လမ်းနှင့် ၂၆ လမ်းဆုံရာ တစ်ဝိုက်တွင် အုပ်စုဖွဲ့ကာ ပုံမှားရိုက် အရောဝင်ပြီး မသမာမှုများလုပ်ဆောင် မှုများရှိနေကြောင်း ကိုယ်တွေ့ကြုံရသူများ ပြောကြားချက်အရ သိရသည်။

"ကားကြီးကွင်းရှိတဲ့ ၈၉ လမ်းအတိုင်း ကျွန်တော် လမ်းလျှောက်ပြီး ပြန်လာတော့ လူတစ်ယောက်က အသိလိုလိုနဲ့ လှမ်းခေါ်ပါတယ်။ "ဘယ်ကပြန်လာတာလဲ၊ သူ့ကိုမမှတ်မိဘူးလားနဲ့ အရောဝင်ပါတယ်။ အဲဒီလို အချိန်မှာပဲ နောက်တစ်ယောက် ထပ်ရောက်လာပြီး မကောင်းတဲ့ မိန်းမနဲ့ ပျော်ပါးချင်လို့ လိုက်ပို့ပေးနိုင်မလား ဆိုပြီး အဲဒီလူကို လာ ပြောရော။ အဲဒီမှာတင် ပထမလူက ကျွန်တော့ကို တိုးတိုးကပ်ပြောပြီး ဟိုလူကိုခေါ်သွားပြီး ဖဲလိမ်ရိုက်ရအောင်လို့ ပြောပြန်တယ်။

"ကျွန်တော်လည်း အစကတော့ ငြင်းသေးတယ်၊ ဒါပေမယ့် ခဏနေ တော့ လူက မြောနေသလိုဖြစ်သွားတယ်။ စိတ်ထဲမှာလည်း ဟိုလူဖဲလိမ်ရိုက်ခံရတော့မှာပဲ၊ သူ့မှာပါတဲ့ ပိုက်ဆံကုန်တော့ မှာပဲဆိုတဲ့ စိုးရိမ်စိတ်ပဲ ၀င်နေမိတယ်"ဟု အဆိုပါ ကားကြီးဝင်းအနီးတွင် နေထိုင်သော အသက် ၃၀ နှစ်ခန့်ရှိ ကိုငယ်လေးက ယခုလ ၃ ရက်နေ့က ပြောသည်။

၎င်းမှာ ထိုအဖြစ်အပျက်ကို ပြီးခဲ့သောဒီဇင်ဘာလကုန်က ကြုံတွေ့ခဲ့ရ ခြင်းဖြစ်ပြီး အဆိုပါလူနှစ်ယောက်နှင့် အတူ ၁၉ လမ်းဘက်ရှိ အိမ်တစ်အိမ်သို့ ပါသွားခဲ့ကြောင်း၊ အဆိုပါ အိမ်သို့ အရောက်တွင် ပထမလူက ဖဲကစားကြရန်ပြောပြီး ကိုငယ်လေးတွင် ပါလာသော လိမ္မော်သီးအလုံး ၃၀ ပါအိတ်ကို ဖွင့်၍ အခြားရှိနေသူများကိုပါ ဝေငှစား စေကြောင်း၊ ၎င်းအိမ်ရှိ ဘုရားစင်ကို မြင်မှ ကိုငယ်လေးမှာ ၎င်းတို့အိမ်ကို ပုံမှန် ဆွမ်းခံကြွသော ဦးပဉ္ဇင်းတစ်ပါး၏ ကျောင်းတိုက်မှာ အဆိုပါအရပ်တွင်ရှိကြောင်း အသိစိတ်ပြန်ဝင်လာပြီး အဆိုပါ အိမ်မှဇွတ်ပြန်လာခဲ့ရကြောင်းဆိုသည်။

"အဲဒီအချိန်မှာ ဘာကြောင့်တော့ မသိဘူး၊ လူကလည်း မြောနေသလိုပါပဲ။ အခုနောက်ပိုင်းလည်း အဲဒီလူတွေကို တွေ့နေရတာပဲ၊ ပိုတောင်ရဲတင်းနေကြသေးတယ်။ များသောအားဖြင့် ကားကြီးဝင်းအ၀င်လမ်းဖြစ်တဲ့ ၈၉ လမ်းပေါ်၊ ၂၅ လမ်းနဲ့ ၂၆ လမ်းကြားမှာ အများဆုံး တွေ့ရတယ်။ "နှစ်ယောက်တစ်စု၊ သုံးယောက် တစ်စု စုပြီးရပ်နေကြတာ။ သူတို့က ပျောက်သွားလည်း ခဏပဲ၊ ပြီးရင် ပြန်ရောက်လာကြတာပဲ။ ပိုက်ဆံပါတဲ့ လူထင်ရင် ဇွတ်လှမ်းခေါ်ပြီး ရောတယ်။ ဘေးပတ်ဝန်းကျင်ကလည်း သိနေကြတာပဲ။ ဒါပေမယ့် ဘာမှ ၀င်မပြောရဲကြပါဘူး။ ဒီဘက်ရပ်ကွက်တွေမှာ အဲဒီလိုနဲ့ ခံလိုက်ရတဲ့သူတွေ ရှိပါတယ်"ဟု ကိုငယ်လေးက ဖြည့်စွက် ပြောသည်။

၎င်း ၈၉ လမ်းနှင့် ၂၆ လမ်းဆုံရာ အနီးရှိ အရပ်အခေါ် နေရှင်နယ်ဝင်းအတွင်း နေထိုင်သူတစ်ဦးမှာလည်း လွန်ခဲ့သော နှစ်ပတ်ခန့်က ဆီပုံးဖြင့် ဆီဝယ်သွားရာမှ အဆိုပါအဖြစ်အပျက်မျိုး ကြုံတွေ့ရပြီး လိုက်ပါသွားကြောင်း၊ ထို့နောက် ဖဲကစား ဖြစ်ခဲ့ရာ ပါရှိသွားသော ငွေနှစ်သိန်းကျော်မှာ ကုန်သွားခဲ့ကြောင်း သိရသည်။

"ဒီတစ်ဝိုက်မှာလာကြည့်ရင် အဲဒီလို လူတွေကို တွေ့ရမယ်၊ သိသာပါတယ်။ အရေးတယူလုပ်ပြီးလည်း တိုင်ရဲတဲ့သူက မရှိကြပါဘူး၊ ကျွန်တော်တို့လည်း တွေ့ပေမယ့် ဒီအတိုင်းပဲ ကြည့်နေရတာ ပဲ"ဟု ၈၉ လမ်းပေါ်တွင် နေထိုင်သူ တစ်ဦးက ဖြည့်စွက်ပြောသည်။

ဖြိုးဝေကျော်(မြန်မာ့တိုင်းမ်)

NLDပါတီ ကိုယ်စားလှယ်လောင်းများအား ဇန်န၀ါရီလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ပါတီသို့စာရင်းပေးသွင်းရမည်

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများအား ဇန်န၀ါရီလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ပါတီသို့စာရင်းပေးသွင်းရမည် ဖြစ်ပြီး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ရွေးချယ် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကိုယ်စားလှယ်လောင်းများအား ပြည်နယ်နှင့် တိုင်းများတွင်ရှိသော အဖွဲ့ဝင်များမှ တင်သွင်းလာကြမည် ဖြစ်ပြီး၊ဇန်န၀ါရီလ ၁၁ ရက်နေ့ထိ နောက်ဆုံးထားတင်သွင်းနိုင်ကြောင်း သိရှိရသည်။

အဆိုပါ ပါတီမှရွေးချယ်ခံ ကိုယ်စားလှယ်လောင်းများမှာ ဧပြီလ ၁ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၈ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် ဇန်န၀ါရီလ ၉ ရက်နေ့တွင် နာယက (၅) ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ (၇) ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

နယကကြီးများအဖွဲ့တွင်  ဦးတင်ဦး ၊ ဦးဝင်းတင် ၊ ဦးသန်းထွန်း၊ ဦးလှဖေ ၊ဦးညွန့်ဝေ တို့ဖြစ်မှပါဝင်ပြီး  ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင်  ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဥာဏ်ဝင်း ၊ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်နှင့် ဒေါက်တာမေ၀င်းမြင့် တို့ဖြစ်ကြောင်း သိရှိရသည်။

ဇန်န၀ါရီလ ၉ ရက်နေ့တွင် ပါတီဝင်အသစ်များကို လက်ခံခဲ့ပြီး၊နယ်ဒေသများသို့လည်း ပါတီဝင်လျှောက်လွှာ တသန်း ဖြန့်ချိပေးခဲ့ကြောင်း သိရှိရသည်။ အန်အယ်ဒီပါတီအနေဖြင့် ဗဟိုအလုပ်အမှုဆောင်အသစ်များကိုလည်း တိုးချဲ့သွားရန် အစီစဉ် ရှိကြောင်း  သိရှိရသည်။

ဇန်န၀ါရီလ ၆ ရက်နေ့တွင် မှတ်ပုံတင်ကျခဲ့ပြီး၊ ဇန်န်ဝါရီလ ၉ ရက်နေ့တွင် ဆိုင်းဘုတ်အသစ်၊ အဖွဲ့ဝင်အသစ်တို့ဖြင့် စတင်ဆောင်ရွက်ခဲ့သည်။

အန်အယ်ဒီပါတီသည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိခဲ့သော်လည်း ၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် တပြည်လုံးအတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သော နိုင်ငံရေးပါတီဖြစ်သည်။

မေသင်္ကြန်ဟိန်၊ ၀င့်သင်ဇာကျော်(မြစ်မခ)

တံခါးဟောင်းကြီးရဲ့ တကျွိကျွိမြည်သံ

အခုတစ်လော စာပေဟောပြောပွဲအချို့ လိုက်ဟောရင်း ဟင်္သာတ ဇလွန်စာပေ ခရီးမှာ ဆရာဦးအောင်သင်းနဲ့ ပြန်ဆုံခဲ့တယ်ဗျ။ အင်မတန် အဟောအပြော ကောင်းတဲ့ဆရာ ဦးအောင်သင်းက ကျွန်တော့်ကို သတင်းစာ၊ ဂျာနယ်အလုပ် တွေနဲ့ပဲ နစ်မြုပ်နေပြီး ရသစာပေ မရေးရကောင်းလားလို့ တပျစ် တောက်တောက် ဝေဖန်တာကို လှိမ့်ပြီး ခံခဲ့ရတယ်ဗျာ။ သူနဲ့ အတူ ခရီးသွားရင်း  လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က စာပေ ဟောပြောပွဲတစ်ခုမှာ ဆရာအောင်သင်း ပြောပြခဲ့တဲ့ အဖြစ်အပျက်ကလေးတစ်ခုအကြောင်း ပြန်ပြီး သတိရနေမိတယ်ဗျ။

နှစ်ပေါင်းများစွာ ယဉ်ပါး
    အဲဒီဟောပြောချက် အနှစ်ချုပ်က နိုင်ငံခြားသား စာရေးဆရာတစ်ယောက် သူ့ကိုယ်သူ တွေ့ရှိသွားခဲ့ပုံအကြောင်း ဖြစ်တယ်ဗျ။ အဲဒီစာရေးဆရာရဲ့အိမ်က တံခါးမကြီးဟာ နှစ်တွေကြာ ရာသီဥတုက တိုက်စားတော့ တံခါးပေါက်နဲ့ အံကျမဖြစ်တော့ဘူး။ အပြင်ကို ထွက်တိုင်း အပြင်က ပြန်လာတိုင်း အိမ်ထဲဝင်တဲ့အခါ အဲဒီတံခါးမကြီးဟာ အားနဲ့မပြီး ဖွင့်မှရတယ်။ ဒါတောင် တကျွိကျွိနဲ့ အသံမျိုးစုံက မြည်သေးတယ်။ အဲဒီလိုဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာပြီ။ စာရေးဆရာတို့ တစ်အိမ်သားလုံးဟာ အဲဒီတံခါးကြီးရဲ့ တကျွိကျွိ မြည်သံနဲ့ ကောင်းကောင်းကြီး ယဉ်ပါးနေကြပြီ။

တကျွိကျွိကို လွမ်းသလိုလို
    တစ်နေ့တော့ စာရေးဆရာဟာ လေးငါးခြောက်ရက်လောက်ကြာတဲ့ ခရီးရှည်တစ်ခု ထွက်သွားတယ်။ ခရီးက ပြန်ရောက်လာပြီး အိမ်ထဲဝင်ဖို့ အဲဒီတံခါးမကြီးကို ဖွင့်လိုက်တော့ တံခါးက ကျွိကျွိမမြည်တော့ဘူး။ လျှောခနဲ အသာလေးပွင့်သွားတယ်။ အဲဒီ ပထမဆုံး အတွေ့အကြုံမှာတော့ စာရေးဆရာ ဟာ ဘာမှထူးထူးခြားခြား မခံစားရဘူး။ ဒါပေမယ့် နောက်နေ့ နောက်နေ့ တွေမှာလည်း တံခါးက ဖွင့်လိုက်တိုင်း အဲသလိုပဲ အလွယ်တကူ လျှောခနဲ လျှောခနဲ ပွင့်သွားတဲ့အပေါ် စာရေးဆရာက စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားလာရတယ်။ သူ့ရဲ့ မသိစိတ်ထဲမှာ တံခါးပွင့်တိုင်း အရင်က နှစ်ပေါင်းများစွာ ယဉ်ပါးလာခဲ့သလိုပဲ တကျွိကျွိမြည်ပြီးမှ ပွင့်သွားတဲ့ အတွေ့အကြုံကို လွမ်းဆွတ်သလိုလို ခံစားနေရတယ်။ အခုအချိန်မှာ ပွင့်လိုက်တာနဲ့ တံခါးက ဘာသံမှ မကြားဘဲ လျှောခနဲ အလွယ်တကူပွင့်သွားတဲ့အပေါ် သူ့ရင်ထဲမှာ ဟာတာတာကြီးဖြစ်ပြီး သူ့မှာအပြစ်ရှိသလိုလို ဘာလိုလို ခံစားနေရတယ်။

အဟောင်းဆွဲငင်မှုက ရုန်းထွက်ဖို့
    အဲဒီစာရေးဆရာဟာ နောက်ပိုင်းမှာ အဲသလို ဘာကြောင့်ဖြစ်ရ သလဲ ဆိုတာကို ပြန်သုံးသပ်ကြည့်တော့ အဟောင်းမှာ ခေါက်ရိုးကျိုး အရိုးစွဲနေကြတဲ့ လူသားတွေရဲ့ သဘာဝတစ်ခု၊ ]အသစ်}က လွယ်ကူချောမွေ့တယ်ဆိုရင်တောင်မှ ခက်ခဲတဲ့ ]အဟောင်း}ရဲ့ ဆွဲငင်မှုထဲက ရုန်းထွက်ဖို့ ခက်ခဲလေ့ရှိကြတဲ့ သဘာဝတစ်ခုအကြောင်း ရှာဖွေတွေ့ရှိသွားခဲ့တယ်လို့  ဟောပြောခဲ့တာ ဖြစ်တယ်ဗျ။
    အခုဆိုရင် ခရစ်နှစ် ပြက္ခဒိန်အရ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူး သွားခဲ့ပြီဗျာ။ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်သုံးသပ်တဲ့ အလုပ်ဟာ ဘယ်အချိန် ဘယ်အခါမျိုးမှ လုပ်ရမယ့်အလုပ်ဖြစ်တယ်ဆိုပြီး သတ်မှတ်မထားပေမယ့် ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့ လူသားတွေဟာ ဒီအလုပ်ကို နှစ်ဟောင်း အကုန် နှစ်သစ်အစမှာ လုပ်လေ့ရှိကြတာဖြစ်တယ်ဗျ။ အထူးသဖြင့် နှစ်သစ်တစ်ခုအရောက်မှာ အဲဒီအလုပ်ကို မှတ်မှတ်ရရ အလေးအနက် ထားပြီး လုပ်လေ့ရှိကြတာဖြစ်တယ်ဗျ။ ဒါကြောင့် ကျွန်တော်လည်း အခုလို နှစ်သစ်ကူးအခါသမယမှာ ကိုယ့်ကိုယ်ကိုယ် ရပ်တန့်စစ်ဆေးတဲ့ အလုပ်ကို ခါတိုင်းထက် အချိန်ပိုပေးပြီးလုပ်ဖြစ်ခဲ့တယ်ဗျာ။ ချစ်စွာသော စာဖတ်ပရိသတ် များ အပါအ၀င် မြန်မာပြည်သူအားလုံးလည်း အဲသလို လုပ်ဖြစ်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်ဗျာ။

သံသယနဲ့ မနာလိုမှု
    မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော်တို့ လူမျိုးတွေဟာ သံသယနဲ့ မနာလိုမှုအားကြီးတယ်လို့ ပြောဆိုခဲ့ကြောင်း ကျွန်တာ် ဖတ်ခဲ့ဖူးတယ်ဗျ။
    ဗိုလ်ချုပ်အောင်ဆန်းစကားဆိုရင် ဘယ်တော့မှ မမှားဘူးလို့ မပြောနိုင်တာ မှန်ပေမယ့် ဗိုလ်ချုပ် တိုင်းပြည်ကို  ဘယ်လောက်အထိ  ချစ်မြတ်နိုးတယ်။ အသက်အရွယ်နဲ့မလိုက်အောင် အရည်အသွေး ဘယ်လောက် ထူးချွန် ထက်မြက်တယ်။ ဘယ်လောက်ရိုးသားဖြူစင်၊ အာဃာတ၊ မာန်မာန ကင်းစင်တယ်ဆိုတဲ့ အများလက်ခံထားကြပြီးသား လေးစား ချက်တွေအရ ဗိုလ်ချုပ်ရဲ့ အဲဒီစကားဟာ ကျွန်တော်တို့ အသေအချာ အလေးထား ဆင်ခြင်သုံးသပ်ရမယ့် စကားဖြစ်တယ်လို့ ကျွန်တော်တော့ ယူဆတယ်ဗျာ။

ပြည်သူတွေရဲ့ မျှော်လင့်ချက်
    အားလုံးသိကြတဲ့အတိုင်း အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီရေးဦးတည်တဲ့ အပြောင်းအလဲတွေကို စတင်မြင်တွေ့နေရတဲ့ အချိန် ဖြစ်တယ်ဗျာ။ ရာစုတစ်ဝက်နီးပါးကာလအတွင်း ဒီလိုမြင်ရတာ (တစ်နည်း) ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ အခုလောက် ခိုင်ခိုင် မာမာ တောက်ပ လင်းလက်နေတာ ဒါ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ကျွန်တော် ရိုးရိုးသားသား ဆိုချင်တယ်ဗျ။

လွတ်လပ်စွာသံသယဖြစ်ခွင့်
    သမိုင်းအတွေ့အကြုံတွေကြောင့် လက်ရှိ အစိုးရအပေါ်ကိုရော လူထုခေါင်းဆောင်တွေအပေါ်ကိုပါ သံသယစိတ်ရှိသူတွေ ရှိနေကြ ဦးမယ်ဆိုတာ ကျွန်တော် နားလည်နိုင်တယ်ဗျ။ ဒီမိုကရေစီက သဘောထားကွဲပြားမှုရှိတာကို လက်ခံသဘောတူ agree to disagree တာမို့ လွတ်လပ်စွာ သဘောထားကွဲပြားခွင့်၊ လွတ်လပ်စွာ သံသယဖြစ်ခွင့်ရှိတာကို ကျွန်တော် လက်ခံပါတယ်။
    ဒါပေမယ့် သံသယဟာ ရှိသင့်တဲ့အတိုင်းအတာထက် ပိုရင်တော့ အဲဒီသံသယကို ရင်ဝယ်ပွေ့ထားရသူကိုယ်တိုင် ပူပြင်းလောင်မြိုက် ရမှာ ဖြစ်သလို သူ့ပတ်ဝန်းကျင်ကလူတွေဟာလည်း အဲဒီအပူရှိန်ကြောင့် ဝေဒနာခံစားကြရမှာ ဖြစ်တယ်ဗျ။

ရေကူးပြီးလိုက်နေမယ့်အစား
    ဒီဇင်ဘာလ ၁၀ရက်နေ့က  ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဗယ်ဆု ချီးမြှင့်ခံရမှု အနှစ်နှစ်ဆယ်ပြည့် ဂုဏ်ပြုပွဲမှာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်က ဒီမိုကရေစီပန်းတိုင်ဆီသို့ လျှောက်လှမ်းရာမှာ မိမိတို့နဲ့ အမြင်ချင်းမတူသူတွေကို ]]ရေကူးပြီး လိုက်နေမယ့်အစား ဒေါ်အောင်ဆန်း စုကြည် ပဲ့ကိုင်နေတဲ့ လှေကြီးပေါ်တက်လိုက်ပြီး ၀ိုင်းကူလှော်ကြပါ။ လှော်တဲ့သူ ပိုများလာရင် ပန်းတိုင်ကို ပိုပြီးမြန်မြန်ရောက်ပါလိမ့်မယ်}} လို့ ကမ်းလှမ်းခဲ့တယ်ဗျ။
    ဒီမိုကရေစီဟာ ငြိမ်းချမ်းစွာလုပ်ဆောင်နေသမျှကာလပတ်လုံး မတူကွဲပြားခြားနားတဲ့ အမြင်သဘောထားထုတ်ဖော်မှုတွေကို လက်ခံ ရုံသာမက ကာကွယ်စောင့်ရှောက်မှုပါပေးတဲ့စနစ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ပန်းတိုင်ဆီသို့ ရေကူးပြီး အရောက်လှမ်းနေသူတွေကို လည်း အပြစ်ဆိုစရာ အကြောင်း မရှိဘူးဗျ။ လှေကို နောက်က ဆွဲမထားဘူးဆိုရင်ပေါ့ဗျာ။

မနာလိုတာ အကုသိုလ်စိတ်
    ဗိုလ်ချုပ်ပြောခဲ့တဲ့ စိတ်ထားနှစ်ခုမှာ သံသယသာလျှင် အလေးထား ဆွေးနွေးအပ်တဲ့အကြောင်းအရာဖြစ်ပြီး မနာလိုဝန်တိုမှုဆိုတာကတော့ အကုသိုလ်စိတ်တစ်မျိုးသာဖြစ်တာကြောင့် အကျယ်ချဲ့ ဆွေးနွေးစရာမရှိဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မုဒိတာစိတ်ထားကို လူတိုင်းထားနိုင်ရင် လောကကြီး ငြိမ်းချမ်းမယ်လို့ ပြောသွားတယ်ဗျာ။ မနာလိုဝန်တိုမှုရဲ့ ဆန့်ကျင်ဘက်ဟာ မုဒိတာစိတ်ပဲဗျ။

ယုံကြည်မှု ရှေ့တန်းတင်ပါ
    သံသယအကြောင်းဆက်ပြောရရင် ကျွန်တော်ကတော့ ယုံကြည်မှုမရှိရင် ဘာအလုပ်မှ ရှေ့ဆက်လုပ်မရဘူးလို့ ယုံကြည်လက်ခံထားသူဖြစ်တယ်ဗျ။ ဒါကြောင့် ဒီကနေ့ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံရေး အပြောင်းအလဲတွေ အကြောင်း စဉ်းစားတဲ့အခါ ကျွန်တော်က သဘောလွယ်သူပဲပြောပြော သံသယထက် ယုံကြည်မှုကို ရှေ့တန်းပိုတင်ပြီး လုပ်ဆောင်ချင်သူ ဖြစ်တယ်ဗျ။ ပြည်သူတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ရင်တော့ လုပ်တဲ့သူတွေကို သမိုင်းခုံရုံးက ပြစ်ဒဏ်စီရင်ချက်ချမှာပေါ့ဗျာ။ အခုအချိန်မှာ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့  တံခါးဟောင်းကြီးရဲ့ တကျွိကျွိမြည်သံကို စွဲလမ်းမနေသင့် တော့ဘူး ထင်တာပဲဗျာ။
မောင်ဝံသ ၀၃ ၀၁ ၂၀၁၂
The Messenger ဂျာနယ် ယခုအပတ်ထုတ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။

ပရိသတ် အကြိုက်ဆုံး ဆုရ ဒါရိုက်တာ ဝိုင်းရဲ့ ဇာတ်ကား အပေါ် ဆင်ဆာ အဖွဲ့ဝင်ဟောင်း တစ်ဦးရဲ့ အမြင်

ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ ‘အဲဒီအခန်း ဖြတ်’ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဆရာ ဒေါက်တာ ခင်မောင်လွင်ရဲ့ ခံစားချက် အမြင်ကို မေးကြည့်တော့ ”ဒီဇာတ်ကား နိဂုံးမှာ ရေး သားထားတဲ့ အတိုင်း မကြောက်မရွံ့ သရုပ်ဆောင်ပေးသော သရုပ်ဆောင်များကို ကျေးဇူးတင်တယ် ဆိုတဲ့စကားကို သဘောကျတယ်။ ဘာလို့လဲဆိုရင် သရုပ်ဆောင် ဆိုတာ သရုပ်ပါအောင် လုပ်ရတယ်။ သရုပ်ပါအောင် လုပ်တဲ့ နေရာမှာ သူ့ရဲ့ပင်ကို အနုပညာနဲ့ ဖျော်ဖြေ ရတဲ့သဘော ရှိတယ်။ မှတ်ချက် အနေနဲ့ တကယ် အဖြစ်မှန်က ဒီလိုမျိုးတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆင်ဆာ အဖွဲ့မှာ ၁၉၉၈ ကနေ ၂ဝ၁ဝထိ လုပ်ခဲ့တယ်။ ဆင်ဆာ အဖွဲ့ထဲမှာတော့ ဒီလိုမျိုး မဟုတ်ဘဲ ပွင့်ပွင့် လင်းလင်း ညှိနှိုင်း ဖြေရှင်းရတာတွေ ရှိပါတယ်။ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရတဲ့ အပိုင်းတွေလည်း ရှိတယ်။ လက်သီးထိုး မယ့်အစား ဆုံးဖြတ်ချက် ချတဲ့နေရာမှာ တစ်ယောက်ကို တစ်ယောက် သဘော မတူညီတဲ့ အချက်တွေ ရှိပေမယ့် အများဆန္ဒနဲ့ ဆုံးဖြတ်ကြပါတယ်။ အများနဲ့ တစ်ယောက်ဖြစ်ရင် အရှုံးပေး ရတာမျိုးတွေ ရှိတယ်။ ဌာန ဆိုင်ရာတွေရဲ့ လုပ်ထုံး လုပ်နည်းတွေ ကြားထဲမှာ ရုန်းမထွက်နိုင်ခဲ့ တာတော့ အမှန်ပါ။ အခုဆိုရင် ဆင်းရဲမွဲတေတဲ့ အပိုင်းတွေ၊ ဥပဒေနဲ့ ပတ်သက်ပြီး အားနည်းချက် ရှိတဲ့ အခန်းတွေကို နိုင်ငံတော်ကိုယ်၌က ပွင့်ပွင့်လင်းလင်း ပြောလာပါပြီ၊ ၂ဝ၁၁ခုနှစ် ဆွေးနွေးတဲ့ အချိန်မှာ ပွင့်ပွင့်လင်းလင်း ပဲပြောကြတယ်။ တိုင်းပြည် တိုးတက် စေချင်ရင် အမှန်ကို မြင်ဖို့ လိုတယ်။ အခြေအနေမှန်ကို တင်ပြပေးတဲ့ အနုပညာ သမားတွေကို ကျေးဇူးတင်တယ်။ ရှုထောင့် အရပြောရရင် အနုပညာက လူအများ ကြိုက်ရမယ်။ စာရေးဆရာ အမြင်အရ ဆိုရင် ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ့်ရပ်တည်ချက်နဲ့  ကိုယ်ပဲလေ၊ ကွဲပြားသော်လည်း မဏ္ဍိုင်အနေ နဲ့ မီဒီယာကို တန်ဖိုး ထားတဲ့ခေတ်မှာ မီဒီယာ ဘက်က ကိုယ့်ရဲ့ဆောင်ရွက်ချက်ကို ကိုယ် တာဝန်ယူနိုင်စွမ်း ရှိရမယ်။ တင်ပြလိုက်တဲ့ အနုပညာမှာ ခိုင်မာတဲ့ ထုထည် အမှန်တရား ကို သေသေချာချာ စုစည်းပြီး ဖန်တီးမယ်ဆို ရင် သမိုင်း တွင်နိုင်ပါတယ်။”လို့ ပြောပါတယ်။
လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် မှာ ဒီဇာတ်ကားက ပရိသတ် အကြိုက်ဆုံး ဆုရရှိခဲ့တဲ့ အပေါ် ဆရာ့အမြင်ကို မေးကြည့်တော့ ”ပရိသတ် တစ်ယောက် အနေနဲ့ ကြိုက် နှစ်သက်တယ်။ ပရိသတ် အားလုံးလည်း ကြိုက်မှာပါ။ ကြည့်လိုက်တဲ့ လူတစ်ယောက် က ပျော်ရွှင်နိုင်တယ်။ လောကကြီးမှာ အမြီးအမောက် မတည့်ဘဲ လွဲချော်နေတာကို ဟာသရသ ပေါ်လွင်ပါတယ်။ တကယ့် အတွင်းထဲ မှာ ဒီလိုမျိုး မဟုတ်ပါဘူး။ အနည်းငယ်တော့ ရှိကောင်း ရှိလိမ့်မယ်။ တစ်ကမ္ဘာလုံးနဲ့ ယှဉ်လိုက်ရင် ပရိသတ် အားလုံး ကြိုက်အောင် လုပ်ကြတယ်။ ဒါကို အမှန်တရားလို့ ပြောမရဘူး။ ဖျော်ဖြေရေးတော့ ကြိုက်နှစ်သက်တယ်။ ဒီ အချက်အလက်တွေကို ခိုင်လုံအောင် လေ့ လာဖို့ လိုတယ်” လို့ ပြောပါတယ်။
ဆင်ဆာ အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံကို မေးကြည့်တော့ ”ကြည့်ရှုမှု အပိုင်းမှာ သူ့ ရှုထောင့် အနေနဲ့ သူကြည့်ကြတယ်။ အဲဒီလို ကြည်တဲ့အခါ ရပ်တည်ချက် မတူလို့ ထိပ်တိုက် ဖြစ်ကြတာတွေလည်း အများကြီးပဲ၊ အဲဒီ အချိန်တုန်းက ရှိနေတဲ့ မူဝါဒနဲ့သာ အကိုက်ညီဆုံး ဖြစ်အောင် ဆောင်ရွက် ကြတယ်။ အခု ပြောင်းလဲလာတဲ့ အခြေအနေမှာ ဒီလိုမျိုးတွေ မဖြစ်သင့်ဘူး။ အရင်တုန်းက ရုပ်ရှင်၊ ဗီဒီယိုက တစ်နှစ်ကို ဇာတ်ကား(၁ဝဝဝ)ကျော် လောက် ကြည့်ရတယ်။ တော်တော်လေး ငြီးငွေ့အောင် ကြည့်ရတယ်။ ကြည့်ပြီး ပျော်ရွှင်ရတဲ့ ဇာတ်ကားက ဘယ်လောက်မှ သိပ်မရှိဘူး။ စိတ်ထဲ မှာ ဟာသ ရသလေး ရသွား တာမျိုး မရှိ သလောက်ပဲ၊ စိတ်ထဲ အမြဲညစ်ရတယ်။ ပြတဲ့ ပြကွက်တွေက လိုအပ်ချက်တွေ ရှိကြတယ်။ အခုဟာက ရုပ်ရှင်၊ဗီဒီယို၊ ဒီဗီဒီ အပြင် တခြား ဖျော်ဖြေရေးတွေ ဝင်လာတယ်။ Cyber Space တွေ များလာတယ်။ ဆင်ဆာ ဆိုတာ အလှမ်းမမီတဲ့ ကမ္ဘာလောကကြီးက အများကြီး ကျယ်ဝန်းလာတယ်။ ဒါကို သိထားရ တယ်။  မြန်မာနိုင်ငံသား အားလုံးကို ကိုယ်စားပြုတဲ့ ရပ်တည်ချက်တွေ ရှိကြရမယ်။ မြန်မာ့ ရိုးရာယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင် ဓလေ့ ထုံးစံတွေ ညီမျှအောင် သင်ခန်း စာ ရမယ့် ဟာမျိုး လိုအပ်တယ်၊ ဂုဏ်ကို ဖော် ဆောင်ပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မယ် ဆိုရင် ဝမ်းသာစရာ ကောင်းတယ်”လို့ ပြောပါတယ်။
ထွဋ်မြတ် (ပေါ်ပျူလာဂျာနယ်)

အိမ်ရှင်အဖြစ် ငါးနိုင်ငံပြိုင်ကားမောင်းပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ငါးနိုင်ငံပြိုင်ကားမောင်းပြိုင်ပွဲကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့သုဝဏ္ဏအားကစားနယ်မြေ Top Ruby Land Racing Karts Club က စီစဉ်ခြင်းဖြစ်ကာ အဆိုပါ Club တွင် ကျင်းပမည်ဖြစ်ကြောင်း ယင်း Club မှ MD ဦးအောင်နိုင်ဦး ကဆိုသည်။ ချစ်ကြည်ရေးသဘောအရ ပြုလုပ်ရန်ဖိတ်ခေါ်ထားသော ပြိုင်ပွဲဖြစ်ပြီးလာရောက်ယှဉ်ပြိုင်မည့် နိုင်ငံ များမှာ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် စင်ကာပူတို့ဖြစ်ကြောင်း သိရသည်။

ပြိုင်ကားမောင်းအားကစားသမားများမှာ အဆိုပါနိုင်ငံများမှ တစ်နိုင်ငံလျှင် ၂၀ ဦးစီဖိတ်ခေါ် ထားကြောင်း၊ ပြိုင်ပွဲကျင်းပရန် ရည်ရွယ်ခြင်းမှာ အဆင့်မြင့်အားကစားနည်းဆိုသည်ကို သိစေလို၍ဖြစ်ကြောင်း ယင်းကပြောသည်။ မြန်မာနိုင်ငံအနေဖြင့် ပြိုင်ပွဲတွင် တစ်ဦးသာဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ SEA Games တွင်ပြိုင်ကားမောင်းအားကစားကို ၀င်ပြိုင်မည့်သူများ မွေးထုတ်လိုသည့်အတွက် ဖြစ်ကြောင်းသိရ သည်။ Top Ruby Land Racing Karts Club ကို ၂၀၀၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ကာ နိုင်ငံတကာအဆင့်ရှိ ပြိုင် ကားပြိုင်ပွဲများကို ကျင်းပရန်ထိရည်ရွယ်ထားသည်ဟု ပြည်မြန်မာသတင်းဂျာနယ် မှာဖော်ပြထားပါသည်။

By: သစ်ထူးလွင်

ဖားကန့်တွင် စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်

ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တချို့နေရာကို သွားလာမှု ပိတ်ထားလိုက်တဲ့အတွက် ဖားကန့်မြို့နယ်အတွင်းမှာ အခြေခံစားသောက် ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့တယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကို သွားတဲ့ လမ်းတွေကို တံတားညီနောင် တံတားကစပြီး အသွားအလာ ပိတ်ပစ်လိုက်တာကြောင့် ဆန်ဈေးနဲ့ စားသောက်ကုန်ဈေးတွေ အဆမတန် မြင့်တက်ခဲ့တယ်လို့ ဖားကန့်မြို့နယ် အနီးနား ကျေးရွာ ဒေသခံတွေက ဆိုပါတယ်။
အစိုးရတပ်တွေ တက်လာမှာကို ဟန့်တားတဲ့ အနေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)က ပိတ်တာလို့လည်း ပြောပါတယ်။
ပြည်မဘက်မှာမှာ တအိတ်ကို ကျပ် ၃၀,၀၀၀ လောက် ရှိတဲ့ ပေါ်ဆန်းမွှေးဆန်ဟာ အဲဒီဒေသမှာ ကျပ် ၈၀,၀၀၀ နားထိ ထိုးတက်လာနေတယ်လို့ ဖားကန့်ဒေသခံက ပြောပါတယ်။
“တပ် တက်လာတယ် ဘာညာဆိုတော့ ကားလမ်းက ကေအိုင်အေ ဘက်ကနေ ပိတ်ထားတာ။ ပြောရင်တော့ ကေအိုင်အေ ပိတ်ထားတာပေါ့။ မိုးကောင်း ဖားကန့်ကို ပိတ်ထားတယ်၊ ဆန်ဈေးကတော့ဗျာ ဖားကန့်မြို့ပေါ်တင် အခု ကျပ် ၅၀,၀၀၀ လောက်ရှိသွားပြီ မှော်ထဲဆိုရင် ကျပ် ၇၀,၀၀၀ တို့ ၈၀,၀၀၀ တို့ ဖြစ်သွားပြီ။”
မှော်တွေထဲမှာတော့ ခုနှစ်သောင်းအထိ ဈေးမြင့်တက်ခဲ့တဲ့ အတွက် ဒေသခံတွေအနေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဖားကန့်အနီး ရွာတရွာက ဒေသခံတဦးက ဆိုပါတယ်။
“ဒေသခံတွေက တော်တော်လေး ဒုက္ခရောက်နေတာပေါ့။ ကားပေါ်က အကုန်လုံး ပြန်ဆင်းခိုင်းဆိုတော့လေ၊ တံတားညီနောင်ပေါ့နော် အဲဒီကနေ အကုန်လုံး လုံးဝ မ၀င်ရတော့ဘူးဗျ။”
ကချင်ပြည်နယ် ဒေသခံတွေ အများစုကတော့ ချင်တုံ၊ ၇၀၀ ဘူ၊ ခတ်ချိုဆန် စတဲ့ ဒေသထွက် ဆန်အမျိုးအစားတွေကို အများဆုံး စားသောက်ကြတယ်လို့ ဆိုပါတယ်။
အရင်က တပိသာကို ကျပ် ၁၀၀၀ ကျော်လောက် ရှိတဲ့ ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီက ကျပ် ၂၀၀၀ အထိ၊ အရင်က ကျပ် ၂၈,၀၀၀ ဈေးပေါက်တဲ့ ပုဇွန်ဆီက ကျပ် ၃၀,၀၀၀။ ကျပ် ၄၂,၀၀၀ ထောင်လောက်ပေါက်တဲ့ ပုဇွန်ဆီအကောင်းစား ကတော့ ကျပ် ၄၄,၀၀၀ ထိ ဈေးမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကြီးမြင့်တာနဲ့ အတူ တချို့ဆိုင်တွေမှာ စားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ သူက ဆိုပါတယ်။
“အခု လောလောဆယ်မှာတော့ ကျပ် ၅၀,၀၀၀ ရှိတယ်၊ ဒါပေမယ့် ၀ယ်စားရမယ့် နေရာက မရှိဘူး။ ဆန်က ကုန်သွားပြီ။ ကောက်ဟောင်းကတော့ သူက ကျပ် ၂၀,၀၀၀ ကျော် ၃၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ ဖြစ်သွားတာ။  ကျပ် ၅၀,၀၀၀ တောင်မှ ရှာဝယ်လို့ မရဘူးပေါ့။”
ဖားကန့်လမ်း ပိတ်ထားတဲ့အတွက် ကုန်စိမ်းတွေ သယ်ဆောင်လို့မရဖြစ်ပြီး  မိုးညှင်းမှာတော့ ကုန်စိမ်းတွေပုံပြီး လျှော့ဈေးနဲ့ ထိုးရောင်းနေရလို့ ဈေးကျနေပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှု ပြတ်လပ်မှုတွေ ဖြစ်နေပြီး စစ်ပွဲတွေကြောင့် ကချင် စစ်ပြေးဒုက္ခသည် လေးသောင်းကျော်လောက် ထွက်ပြေး ပုန်းအောင်း နေကြပါတယ်။ 
ဒီဗွီဘီ

လယ်ဝေး ကြံ့ဖွံ့ အမတ် ကားတိုက်မှု အရေးယူခြင်း​ မရှိ

နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဌေးဝင်းဟာ ယာဉ်တိုက်မှု ဖြစ်ပွားပေမယ့် အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ရဲကလည်း အမှုမဖွင့်ပေးပါဘူး။
ပြည်ခိုင်ဖြိုးပါတီ ​ ကိုယ်စားပြု လယ်ဝေးမြို့နယ် ၂၀၁၀ အမတ် ဦးဌေးဝင်း မောင်းတဲ့ ပြည်ခိုင်ဖြိုးကားဟာ မနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ ညက မိခင်နဲ့ကလေး စောင့်ရှောက်ရေးရုံးရှေ့မှာ လမ်းဘေးရပ်ထားတဲ့ ဆိုင်ကယ်ကို ကားနဲ့ဝင်တိုက်တာ ဖြစ်တယ်လို့ ဒေသခံ ကျောင်းအုပ်ဆရာကြီးဟောင်း တဦးက ပြောပါတယ်။
ကားတိုက်မှုကြောင့် ဆိုင်ကယ်ရပ်ပြီး စကားပြောနေသူ နှစ်ဦးစလုံး လွင့်စင်ထွက်ခဲ့ရပြီး  ဒီထိခိုက်တဲ့ လူငယ်နှစ်ဦးကို ဦးဌေးဝင်းက တာဝန်မယူဘဲ ကြိုက်ရာကို တိုင်ကြားနိုင်တယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ကားတိုက်ခံရတဲ့ အမျိုးသမီးဟာ သူ့တပည့်မ ဖြစ်တဲ့အတွက် အကြောင်းစုံကို သိခဲ့ရတာ ဖြစ်တယ်လို့ အဲဒီအငြိမ်းစား ကျောင်းအုပ်ကြီးက ပြောဆိုပြီး ယာဉ်တိုက်ချိန်မှာ ဦးဌေးဝင်းဟာ အရက်မူးနေတယ်လို့ ပြောပါတယ်။
အငြိမ်းစားကျောင်းအုပ်ကြီးက ခုလို ပြောပါတယ်။
“နေပြည်တော်သွားပြီး အပြန်မှာ လမ်းဘေးမှာ ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေကြတာ။ အဲ့အချိန်မှာ မူးနေတဲ့ ဦးဌေးဝင်းက ကားနဲ့ဝင်တိုက်တာ။ တိုက်မိတဲ့အချိန်မှာ ကလေးတွေက လမ်းဘေးကို လွင့်ထွက်သွားတယ်။ ဦးဌေးဝင်းက ကားပေါ်ကဆင်းလာပြီး လာကြည့်တယ်။ မသေပါဘူးကွာဆိုပြီး ကားပေါ်ပြန်တတ်သွားပြီး မောင်းမလို့လုပ်တော့ ကားတိုက်ခံရတဲ့ သီဟဆိုတဲ့ကောင်လေးက မောင်းပြေးလို့မရဘူးပြောတော့ ငါ့ကိုဘာကောင် အောက်မေ့တုန်း ငါကလွှတ်တော်အမတ် ဌေးဝင်းဆိုပြီး ခြိမ်းခြောက် ပြောသွားတယ်။”
အဲဒီ အငြိမ်းစားကျောင်းအုပ်ဆရာကြီးဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လယ်ဝေးမြို့နယ်မှာ တသီးပုဂ္ဂလအမတ်အဖြစ် ၀င်ပြိုင်ဖူးပါတယ်။
ဦးဌေးဝင်းဟာ လူနာနှစ်ဦးကို ဆေးရုံမပို့ဘဲ ကားမောင်းနှင် ထွက်ပြေးဖို့ လုပ်ခဲ့ပေမယ့် ကားအောက်မှာ မော်တော်ဆိုင်ကယ် ရှိနေလို့ ကားမောင်းထွက်လို့ မရဘဲ နောက်ပိုင်းကျမှ ကားကို လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးက လာရောက် ယူဆောင် သွားတယ်လို့ ဆိုပါတယ်။
လူနာနှစ်ဦးကိုတော့ ဒေသခံအရပ်သားတွေက လယ်ဝေးဆေးရုံကို ပို့ဆောင် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်ခံရတဲ့ အမျိုးသမီးက လည်ပင်းနာနေ သလို အမျိုးသားက ပခုံးရောင်ရမ်းလို့ ကုသခဲ့ရပါတယ်။
ယာဉ်တိုက်ခံရတဲ့ မော်တော်ဆိုင်ကယ်ကို လယ်ဝေးမြို့နယ်ရဲစခန်းမှာ သိမ်းဆည်း ထားပေမယ့် အမှုမဖွင့်ပေးဘဲ ကြန့်ကြာနေဆဲ ဖြစ်ပါတယ်၊ ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာရဲ့ အရှေ့ဘက်ခြမ်းက လယ်ဝေးမြို့နယ်အပိုင်၊ ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာရဲ့ အနောက်ဘက်ခြမ်းက ဒက္ခိဏသီရိမြို့နယ်အပိုင် ဖြစ်တဲ့အတွက် မြို့နယ်ရဲစခန်းနှစ်ခုက သူ့စခန်းအပိုင်မှာ ငါ့စခန်းအပိုင်မှာ ဖြစ်တာဆိုပြီး အပြန်အလှန် တာဝန်မယူတဲ့အတွက် ဘယ်စခန်းမှာမှ အမှုမဖွင့်ရသေးဘဲ ဖြစ်နေပါတယ်။
ခုချိန်မှာ ဦးဌေးဝင်းက ယာဉ်တိုက်ခံရတဲ့ လူငယ်နှစ်ဦးကို လျော်ကြေးပေးပြီး ကျေအေးနိုင်ဖို့ လိုက်လံ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။ 

ဒီဗွီဘီ

သူခိုးနှင့် ရင်ဆိုင်တွေ့၍ ဖမ်းဆီးရာမှ အိမ်ရှင်တစ်ဦး သေဆုံး၊ တစ် ဦး ဒဏ်ရာရ

သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ကျန်စစ်သားလမ်းတွင် သူခိုးဖမ်းဆီးရာမှ အိမ်ရှင် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ၃၀-၁၂-၂၀၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး သက်ဆိုင်ရာမှ သိရ သည်။

အဆိုပါဖြစ်ရပ်မှာ ထိုနေ့ညနေ ၅ နာရီအချိန်ခန့်က ကြီးပွားရေးရပ်ကွက်၊ ကျန်စစ်သားလမ်း၊ … နေအိမ်တွင် သူခိုးကပ်နေကြောင်း အော်ဟစ်အကူအညီတောင်းသံကြားရ၍ အနီးရှိ ဘောလုံးကစားသူ၊ အရန်မီး သတ်နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ခဲ့ရာ အဆိုပါအိမ်အတွင်းမှ လူတစ်ဦးထွက်ပြေးသည်ကို တွေ့ရပြီး လိုက်လံဖမ်းဆီးရာ နေအိမ်ခြေရင်း နှစ်အိမ်ကျော်ရှီ ဦးပြည်ကျော်၏ နေအိမ်အောက်မှ ထွန်းထွန်းဝင်း ကို ငွေကျပ်တစ်သိန်းငါးထောင်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းနောက် ၄င်းခိုးယူခဲ့သည့် အိမ်အတွင်းသွားရောက်စစ်ဆေးရာ အိမ်ရှင်ဒေါ်မြင့်မြင့် (၇၇ နှစ်) မှာ လည်ပင်းရှေ့ဘက်နှင့် ယာဘက်ပြတ်ရှဒဏ်ရာ ၀ဲဘက်လက်ညှိးနှင့်လက်မကြား ပြတ်ရှဒဏ်ရာများနှင့် တွေ့ရပြီး နေအိမ်အပေါ်ထပ်သို့ တက်ရောက်ရှာဖွေရာ အိမ်ရှင်ဦးဝင်းကြိုင်(၇၅နှစ်) တွင် ယာရင်အုံ၊ ၀မ်းဗိုက် ဓားထိုးသွင်းဒဏ်ရာ၊ လည်ပင်း၊ ယာပေါင် ပြတ်ရှဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် သင်္ဃန်းကျွန်း၊ စံပြ ဆေးရုံသို့ ပို့ဆောင်ကုသစေခဲ့ကြောင်း၊ ဆေးကုသခံယူနေစဉ် ဦးဝင်းကြိုင်မှာ သေဆုံးသွားခဲ့ကြောင်း သိရ၍ သုဝဏ္ဏရဲစခန်းက(ပ)၃၁၁/၂၀၁၁ ပုဒ်မ-၇၃၉/၃၀၂(၁)(ဂ)ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရ သည်။

ယင်းသို့ စစ်ဆေးရာတွင် ထွန်းထွန်းဝင်း(၃၀ နှစ်) ပုံ(ဘ-ဦးကျော်ရှိန်) ၏ထွက်ဆိုချက်များအရ ၄င်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ၀ါးခယ်မမြို့နယ်၊ ကျုံမငေးမြို့တွင် နေထိုင်သူဖြစ်ကြောင်း၊ အဆိုပါနေအိမ် တွင် ၂၀၁၁ ခုနှစ်အတွင်း လေးကြိမ်လာရောက်ခိုးခဲ့ကာ ပထမအကြိမ်တွင် ငွေကျပ်နှစ်သိန်းကျော်၊ ဒုတိယအ ကြိမ်တွင် ကျောက်တစ်လုံးပါ ရွှေလက်စွပ်တစ်ကွင်း၊ ပုလဲလုံးများပါ ရွှေလက်ကောက်နှစ်ကွင်းနှင့် ငွေကျပ်တစ် သိန်းခန့်၊ တတိယအကြိမ်တွင် ငွေကျပ် ၁၀၅၀၀၀ ခိုးယူခဲ့ပြီး ယခုစတုတ္ထအကြိမ် ထပ်မံခိုးယူရန် အိမ်အတွင်း ပုန်းခိုခဲ့ပြီး ၃၀-၁၂-၂၀၁၁ ရက် ညနေ ၄ နာရီခွဲ အချိန်ခန့်တွင် ပုန်းခိုနေစဉ်မှ အပေါ်ထပ်သို့ တက်လာသော အိမ်ရှင် ဦးဝင်းကြိုင်က ၄င်းကိုမြင်တွေ့သွားခြင်းကြောင့် တစ်ဦးနှင့် တစ်ဦး လုံးထွေးသတ်ပုတ်ခဲ့ပြီး ဦးဝင်းကြိုင် ကို ဓားဖြင့် သုံးလေးချက်ဆက်တိုက်ထိုးခဲ့ကြောင်း၊ ဆက်လက်၍ အိမ်ပေါ်မှဆင်းပြေးလာစဉ် နေအိမ်အောက် ထပ်တွင် ဒေါ်မြင့်မြင့်က သူခိုးသူခိုးဟုအောင်၍ တားဆီးသောကြောင့် ဓားဖြင့် ယမ်းကာထွက်ပြေးခဲ့ကြောင်း ထွက်ဆိုချက်အရ သိရသည်ဟု ပြည်မြန်မာသတင်းဂျာနယ် မှ ရေးသားဖော်ပြလိုက်ပါသည်။

By: သစ်ထူးလွင်

The Lady ထိုင်းမှာ ရုံတင်တော့မည်

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးနှင့် မိသားစုဘဝတို့ကို ဇာတ်လမ်းဆင် ရိုက်ကူးထား သည့် The Lady ရုပ်ရှင်ကားကို ထိုင်းနိုင်ငံ တဝှန်းတွင် ဖေဖော်ဝါရီ ၂ ရက်နေ့၌ စတင်ရုံတင်ပြသမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုသည် သူတို့၏ ဘဝကို အဓိကမထားပဲ တိုင်းပြည်အတွက် စွန့်လွှတ် စွန့်စားပုံတို့ကို ပရိသတ်များ ကြည့်ရှုရမည်ဟု ထိုင်းနိုင်ငံတွင် အကြီးဆုံး ရုပ်ရှင်အုပ်စု တခု ဖြစ်သည့် Major Cineplex အင်တာနက် စာမျက်နှာတွင် ကြော်ငြာထားသည်။

နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွေထဲကမှ သဒ္ဓါနှင့်လူ့နားလည်မှုတရားတို့ကို တင်ဆက်ပြသထားပြီး ဗမာပြည်ဒီမိုကရေစီလှုပ်ရှားမှု၏ ဗဟိုချက်နေရာမှ အမျိုးသမီးတယောက်၏ ငြိမ်းချမ်းစွာ လှုပ်ရှားမှုအကြာင်းလည်း
ဖြစ်သည်ဟုဆိုသည်။

ပြင်သစ်ဒါရိုက်တာ Luc Besson က ၂ဝ၁ဝ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ အဓိက ရိုက်ကူးထားပြီး ဒေါ်အောင်ဆန်းစုကြည် အဖြစ် မင်းသမီး မစ်ရှဲယိုးက သရုပ်ဆောင်ထားကာ ခင်ပွန်းသည် ဗြိတိသျှလူမျိုး တိဘက် သမိုင်းပညာရှင် မိုက်ကယ်အဲရစ် အဖြစ် David Thewlis က သရုပ်ဆောင် ထားသည်။

နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် Jonathan Raggett, Jonathan Woodhouse  နှင့် မြန်မာနိုင်ငံသားများ လည်း ပါဝင်သရုပ်ဆောင်ထားကြသည်။

ချင်းမိုင် (မဇ္ဈိမ)

အရက်သေစာ သောက်စားမှုကြောင့် မှုခင်းများ အများဆုံး ဖြစ်ပွားလျက်ရှိ

ဇန်န၀ါရီ ၇ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်း ခရိုင် ကြည့်မြင်တိုင်မြို.နယ် ဆိပ်ကြီးရပ်ကွက် အမက ၁၈  စာသင်ကျောင်း မှာ ပြုလုပ်ခဲ့တဲ့ မှုခင်းကျဆင်းရေး ၊ အသိပညာ ဟောပြောပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ မှုခင်းများ ဖြစ်ပွားရခြင်း အကြောင်းရင်း တွေဟာ အရက်သေစာ သောက်သုံးမှုကြောင့် အများဆုံး ဖြစ်ပွားပွားလျက် ရှိတယ်လို့ သိရပါသည်။

အရက်သောက်တဲ့ လူတွေဟာ မူးလာပါက လူသတ်မှု ၊ ခိုးမှု ၊ မုဒိန်းမှု ၊ နာကျင်စေမှု စတဲ့ အမှုတွေကို ကျူးလွန်ဖို့ လွယ်စေတယ်လို့ သိရပါသည်။ အဆိုပါပွဲမှာ တာဝန်ရှိသူ တစ်ဦး ရဲ့ ပြောကြားချက်အရ မြို့နယ်တွေမှာ ဖြစ်ပွားတဲ့အမှုတွေမှာ ဖြစ်ပွားမှု အများဆုံးဟာ အရက် သော က်ပြီးမှ ကျူးလွန်ကြတာ ဖြစ်တယ်လို့ သိရပါသည်။

အဆိုပါ မှုခင်း ကျဆင်းရေး အသိပညာပေး ဟောပြောပွဲမှာ ဟောပြောမှုတွေကို အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ၊ ဒုတိယရဲမှူးကြီး မျိုးအောင်နဲ့ ဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ၊ ကြည့်မြင်တိုင်မြို့နယ်  ဒုတိယ ရဲတပ်ဖွဲ့မှူး အပါအ၀င် တာဝန်ရှိသူတွေမှ ဟောပြောခြင်းနဲ့ လက်ကမ်း စာစောင် ဖြန့်ဝေခြင်း များ ပြုလုပ်ခဲ့တာ ဖြစ်ပါသည်။ ဒါ့အပြင် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးမှ ကြည့်မြင်တိုင်မြို့နယ် အမက ၁၈ စာသင်ကျောင်းကို အလှူငွေ ပေးအပ်ခြင်းများလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါသည်။
MRTV-4

အောက် မြန်မာပြည် တွင် တစ်နှစ်တာ အတွင်း မီးလောင်မှု ၄၀၀ကျော် ဖြစ်ပွားခဲ့

မြန်မာနိုင်ငံ တောင်ပိုင်း ရှိ အောက် မြန်မာပြည်မှ ၂၀၁၁ ခုနှစ် အတွင်း ပြည်နယ်နှင့် တိုင်း ဒေသကြီး အသီးသီးမှာ တစ်နှစ်တာ အတွင်း မီးလောင်မှု အကြိမ် ၄၀၀ကျော် ဖြစ်ပွား ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ ၊ အောက်မြန်မာပြည် ဦးစီး ဌာနရှိ ညွှန် ကြားရေးမှူး ဦးသင်းဌေးရွှေရဲ့ ပြောပြချက် အရ သိရှိရပါတယ်။ အောက်မြန် မာပြည် ဌာန အတွင်း ရန်ကုန် ၊ ဧရာဝတီ ၊ ပဲခူးနဲ့ တနင်္သာရီ စတဲ့ တိုင်းဒေသကြီးနဲ့ ကရင် ပြည်နယ် ၊ မွန် ပြည်နယ်နဲ့ ရခိုင် ပြည်နယ်တို့မှာ မီးလောင်မှု အကြိမ် ၄၂၃ ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ရခိုင် ပြည်နယ်မှာ အကြိမ် ၅၀ မီးလောင်ခဲ့ပြီး ခန့်မှန်း တန်ဖိုး ကျပ်သိန်း တစ်သောင်း တစ်ထောင့်တစ်ရာ့ငါးဆယ်ကျော်နဲ့ ဆုံးရှုံးမှု တန်ဖိုး အများဆုံး ဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်း ဒေသ ကြီးမှာတော့ ၁၇၇ ကြိမ် မီးလောင်ခဲ့ပြီး တစ်နှစ်တာ အတွင်း မီးလောင်မှု အ ကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ ဆုံးရှုံးမှု တန်ဖိုးကတော့ ခန့်မှန်း တန်ဖိုးကျပ် ၁၃၃၆ သိန်းေ ကျာ် ဖြစ်ပြီး မီးလောင်မှုကြောင့် ဒုတိယ အများဆုံး ဆုံးရှုံးမှု ရှိခဲ့ပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးမှာ စုစုပေါင်း ၅၂ ကြိမ် ဖြစ်ပွားခဲ့ကာ ခန့်မှန်း တန်ဖိုးကျပ် ၃၈၂ သိန်းကျော် ဆုံးရှုံးခဲ့ပါတယ်။ တနင်္သာရီ တိုင်း ဒေသကြီးမှာ  စုစုပေါင်း ၁၃ ကြိမ် ဖြစ်ပွားကာ ခန့်မှန်း တန်ဖိုးကျပ် ၂၁၇ သိန်းကျော် ဆုံးရှုံး ခဲ့ရပါတယ်။

ဆက်လက်ပြီး ပဲခူးတိုင်း ဒေသကြီးမှာလည်း မီးဖိုမီးကြောင့် ၂၁ ကြိမ် ၊ ပေါ့ဆမီးကြောင့် ၂၈ ကြိမ် ၊ အလိုအလျှောက် မီးကြောင့် ၂ ကြိမ် ၊ လျှပ်စစ်မီးကြောင့် ၅ ကြိမ်နဲ့ မသမာသူ ရှို့မီး ၆ ကြိမ် စုစုပေါင်း ၆၂ ကြိမ် ဖြစ်ပွားခဲ့ကာ ခန့်မှန်း တန်ဖိုးကျပ် ၂၇၈ သိန်းကျော် ဆုံးရှုံးခဲ့ တယ်လို့ သိရပါတယ်။ ဒါ့ အပြင် မွန် ပြည်နယ်မှာလည်း မီးလောင်တဲ့ အကြိမ် ၅၆ ကြိမ်မြောက် ဖြစ်ပွားခဲ့ပြီး ခန့်မှန်း တန်ဖိုး ကျပ် ၂၂၀ သိန်းကျော် ဆုံးရှုံးခဲ့ပါတယ်။ အဆိုပါ မီးလောင်မှု များထဲမှာ ပေါ့ဆမီးကြောင့် မီးလောင်မှု မှာ အများဆုံး ဖြစ်ပွားလျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။
MRTV-4

တန်ဖိုးနည်း GSM ဖုန်းများတွင် အင်တာနက် သုံးစွဲမှုပါ ပါဝင်မည်

လာမယ့် ဖေဖေါ်ဝါရီလကုန် မတ်လလောက်မှ ချထားပေးမယ့် တန်ဖိုးနည် GSM မိုဘိုင်း ဖုန်းတွေမှာ အင်တာနက်လိုင်း သုံးစွဲမှု ပါရရှိမှာ ဖြစ် တယ်လို့ ဇန်န၀ါရီလ ၁၀ ရက်နေ့က ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်းမှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရ ပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဟာ တန်ဖိုးနည်း GSM ဖုန်းလိုင်း သန်း ၃၀ စီမံကိန်းကို ၂၀၁၁ ခုနှစ် ဇူလိုင် လကုန်ပိုင်းက စတင် လုပ်ကိုင်ခဲ့တာ ဖြစ်ပါသည်။

အခုချထား ပေးမှာကတော့ ပထမနှစ် စီမံကိန်းဖြစ်တဲ့ တန်ဖိုးနည်း GSM ၄ သန်းဖြစ်ပြီး အင်တာနက်လိုင်း သုံးစွဲမှုကိုတော့ ရာနှုန်းပြည့် ရရှိမှာ မဟုတ်ဘဲ အလုံးရေ အကန့်အသတ်နဲ့ သာ သုံးစွဲနိုင်မှာ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ ရဲ့ ပြောကြားချက်အရ သိရပါသည်။

အဆိုပါ တန်ဖိုးနည်း GSM မိုဘိုင်း ဖုန်းတွေကိုတော့ အခုလက်ရှိ ရောင်းချနေတဲ့ ကျပ် ၅ သိန်း တန် GSM ဖုန်းများအတိုင်း ရောင်းချမှာ ဖြစ်ပါသည်။ အဲ့ဒီ တန်ဖိုးနည်း GSM ဖုန်းတွေရဲ့ ဈေးနှုန်းကေ တာ့ ကုန်ကျစရီတ်များကို တွက်ချက်မှု မပြုလုပ်ရ သေးတာကြောင့် ဈေးနှုန်း အတိအကျ မသိ ရသေးဘဲ ခန့်မှန်းခြေ ကျပ် ၃ သိန်းထက်တော့ မကျော်လွန်ဘူးလို့ သိရပါသည်။

MRTV-4

ရန်ကုန် တောင်ဒဂုံမှာ တကိုယ်တော် ဆန္ဒပြ (ရုပ်/သံ)

ရန်ကုန်တောင်ဒဂုံမှာ တကိုယ်တော် ဆန္ဒပြပွဲ ဒီနေ့ ဖြစ်ခဲ့ပါတယ်။ ကျန်စစ်သားလမ်းမှာ အင်္ဂါနေ့ မနက် ဇန်န၀ါရီ ၁၀ ရက် ကိုးနာရီခွဲက အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဝင် ဦးစိုးကြွယ်ဟာ ဆိုင်းဘုတ်ကိုင်ပြီး တကိုယ်တော် ဆန္ဒပြခဲ့တာပါ။ အစိုးရ ၀န်ထမ်းတွေရဲ့ လဒ်စားမှုတွေ၊ ပြည်သူတွေအပေါ် အဓမ္မငွေကြေး ကောက်ခံတာတွေကို မကျေနပ်လို့ ဆန္ဒပြတာလို့ ဆန္ဒပြသူရဲ့ သားဖြစ်တဲ့ ကိုညီညီမင်းက ပြောပါတယ်။ တကိုယ်တော်ဆန္ဒပြသူ ဦးစိုးကြွယ်ကို နောက်ပိုင်းမှာ တောင်ဒဂုံရဲက ဖမ်းပါတယ်။ အာမခံပေးတယ်လို့  သိရပေမဲ့ အမှုစွဲတင်မှာ ဖြစ်ပါတယ်။ ညနေ ၃ နာရီ အထိ ရဲစခန်းထဲက ထွက်မလာသေးပါဘူး။ ။

ဆိပ်ကြီး ခနောင်တိုမြို့နယ် မှ ငါးမြို့နယ်ကွန်ယက် အစည်းအဝေး (ရုပ်/သံ)

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် အန်အယ်ဒီ ရွေးကောက်ပွဲ အောင်နိုင်ရေး  ငါးမြို့နယ် ကွန်ရက် အစည်းအဝေး ကို ဇန်နဝါရီလ ၈ ရက်နေ့က ကျင်းပ ပြုလုပ် သွားခဲ့ပါသည်။
ငါးမြို့နယ်မှ NLD ပါတီဝင်များနဲ့ အားပေး ထောက်ခံသူ အယောက် ၄ဝ ခန့် တက်ရောက်ကာ အန်အယ်ဒီ ရွေးကောက်ပွဲ အောင်နိုင်ရေး နှင့် နိုင်ငံရေး အကျဉ်းသားများ
အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုရန် အချက်များကို ဆုံးဖြတ် ဆွေးနွေး သွားခဲ့ကြပါသည်။


၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာတစ်လွှား စောင့်ကြည့်ရမည့် အကြောင်းအရာ ခြောက်ခုတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

ကမ္ဘာတစ်လွှားတွင် ၂၀၁၂ ခုနှစ်အတွင်း စောင့်ကြည့်ရမည့် ထင်ရှားသော အကြောင်းအရာ ခြောက်ခုကို The Sunday Tribune Spectrum က မြန်မာနိုင်ငံမှ NLD ပါတီ ဒုတိယ ခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်လည်း ပါဝင်လာကြောင်း ၄-၁-၂၀၁၂ ရက်က သိရသည်။ အဆိုပါ သတင်းဌာန၏ www.tribuneindia.com တွင် ဖော်ပြချက်အရ ဒေါ်အောင်ဆန်းဆုကြည်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့်အတူ နာမည်ကျော်ပုဂ္ဂိုလ်အဖြစ် ပါဝင်လာခဲ့ပြီး ၂၀၁၂ တွင် မြန်မာနိုင်ငံ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြန်ဝင်လာခဲ့ခြင်းကို စောင့်ကြည့်ရမည့် အကြောင်းအရာ တစ်ခုအဖြစ် ဖော်ပြခြင်း ခံခဲ့ရကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ကိစ္စကို နိုင်ငံရေးလောကထဲသို့ ပြန်လည်ဝင်ရောက်လာခြင်း ဟူသော ပုံစံဖြင့် ရွေးချယ်ဖော်ပြခဲ့ကြခြင်း ဖြစ်ကာ သူကဲ့သို့ပင် ပါကစ္စတန်မှ Imran Khan က နိုင်ငံရေးလောကအတွင်းသို့ ဝင်ရောက်လာခြင်းကိုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

World Watch ၂၀၁၂ သတင်းဌာန၏ ၂၀၁၂ အတွင်း အလေးထား စောင့်ကြည့်ရမည့် ကိစ္စများတွင် ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲ ဝေဖန်ခံနေရမှုကိစ္စ၊ ဥရောပ၏ စီးပွားရေးနှင့် ငွေကြေးအကျပ်အတည်း ကိစ္စကို ၂၀၁၂ တွင် မည်သို့ ကိုင်တွယ် ဖြေရှင်းနိုင်မည်နည်း ဆိုသည့်ကိစ္စ၊ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ၂၀၁၂ ရွေးကောက်ပွဲနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စောင့်ကြည့်နေမှု ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် လွှတ်တော်အတွင်းသို့ ဝင်ရောက်မည့်ကိစ္စ၊ အိန္ဒိယနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ လေကြောင်းပြင်ဆင်မှုကိစ္စနှင့် ပါကစ္စတန်မှ Imran Khan ၏ နိုင်ငံရေးပြောင်းလဲရမည့် အနေအထားတို့ကို ဖော်ပြထားသည်ကို တွေ့ရသည်။ ယင်း အကြောင်းအရာများ အားလုံးသည် ၂၀၁၂ ခုနှစ်အတွင်း အထူးစောင့်ကြည့်ရမည့် ပြောင်းလဲသွားနိုင်ဖွယ်ရာ ရှိသော ကိစ္စများ ဖြစ်နေသည်ဟု ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၂ နိုင်ငံရေး အလားအလာမှာ ပို၍ စိတ်ဝင်စားဖွယ်ရာ ကောင်းနေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲသည် ဧပြီလ ၁ ရက်တွင် ကျင်းပမည်ဟု မြန်မာနိုင်ငံက ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
By Pyi Myanmar

ကြားဖြတ်ရွေးကောက်ပွဲအား EU စောင့်ကြည့်မည်

လာမည့် ဧပြီ ၁၀ ရက်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ မှ ထွက်ပေါ်လာမည့် အသံများကို ဥရောပ သမဂ္ဂအလှည့်ကျ ဥက္ကဋ္ဌအ ဖြစ်တာဝန် ထမ်းဆောင်လျက်ရှိသည့် ဒိန်းမတ် နိုင်ငံက အနီးကပ် စောင့် ကြည့် လေ့လာမည်ဖြစ်ကြောင်း ဒိန်း မတ်နိုင်ငံဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးက ဇန်န၀ါရီ ၆ ရက်တွင် ရန်ကုန်မြို့ ၌ ပြောကြား သည်။

ဇန်န၀ါရီ ၆ ရက်မှ ၉ ရက်အ ထိ မြန်မာနိုင်ငံ သို့ လာရောက်ခဲ့ သည့် ဒိန်းမတ် နိုင်ငံဖွံ့ဖြိုးမှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီး မစ္စတာခရစ္စ တီပန်ဖရစ်ဘာ့ခ်ျ သည် ဇန်န၀ါရီ ၆ ရက်တွင် ဗဟန်းမြို့နယ်၊ ကန်တော်ကြီး အပန်းဖြေ ဥယျာဉ်ရှိ Signature Restaurant ၌ ကျင်းပခဲ့သည့် ကုလ သမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (ယူနီ ဆက်)နှင့် လက်မှတ်ရေး ထိုးပွဲတွင် ထို ကဲ့သို့ပြောကြားခြင်းဖြစ်သည်။

“ကြားဖြတ် ရွေးကောက်ပွဲဟာ ပိုမို ခိုင်မာတဲ့ ဒီမိုကရေစီစနစ်ဖော် ဆောင်ရေး အတွက် အဓိကကျတဲ့ လက္ခဏာ တစ်ခုဖြစ်လာပါလိမ့်မယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာ ပိုမိုခိုင် မာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မြန် မာနိုင်ငံမှာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက် ရေး အတွက် ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေရှိလာမယ်လို့ ကျွန် တော်တို့မျှော်လင့် ပါတယ်။ ပိုမိုခိုင်မာ တဲ့ စေ့စပ် ညှိနှိုင်းမှုနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်မှု တွေကိုမြင်တွေ့ရဖို့ ကျွန်တော်တို့ မျှော်လင့် ပါတယ်။ ပါလီ မန် အသစ်ဟာ မြန်မာပြည်သူ တွေအ တွက် ပိုမို ကောင်းမွန်တဲ့ ပဲ့တင်တုံ့ပြန်မှု တစ်ခု ပေးနိုင်မလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့် ရမှာပါ”ဟု ဒိန်းမတ်ဝန်ကြီးက ပြောကြားသည်။

ကြားဖြတ် ရွေးကောက်ပွဲသည်  လွတ်လပ်ပြီး တရားမျှတမှုရှိ မည်ဟုမျှော် လင့်ပါ သလားဟု မီဒီယာ တစ်ခုက မေး မြန်းသည့်အခါ “ကျွန်တော်တို့ အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့်မှာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး တရားမျှ တမှုရှိ၊မရှိ ပွင့်လင်း မြင်သာပြီး ဒီမိုကရေစီ နည်းလမ်း တကျဆောင်ရွက် ခြင်းရှိ မရှိစတာ တွေနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံ အတွင်းက လက်တွဲဖော်တွေရဲ့အ သံကို လည်းနားစွင့် နေပါတယ်။ ဒါဟာ မြန်မာနိုင်ငံက ပြည်သူတွေ အတွက် absolute right တစ်ခုဖြစ်ဖို့ ကျွန် တော်တို့ မျှော်လင့်ပါတယ်။ မြင်တွေ့ရ တော့မယ့် ဖွံ့ဖြိုး တိုးတက်မှု တွေကို ကြို ဆိုပါတယ်။ ယခု ထက်ပိုပြီး ဒီမိုက ရေစီဆန် တဲ့ ခြေလှမ်းတွေ အတွက် တွန်းအားပေး ထောက်ခံမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာ အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးပြီးပညာရေး၊ ကျန်းမာ ရေး စတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု တွေပြုလုပ် ခဲ့ပါတယ်”ဟု ဒိန်းမတ်ဝန် ကြီးကဖြေကြားသည်။

ဧပြီ ၁ ရက်တွင် ကျင်းပ မည့် ကြားဖြတ် ရွေးကောက်ပွဲကို လစ်လပ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၄၀၊ လစ်လပ် အမျိုးသား လွှတ်တော်မဲဆန္ဒ နယ်ခြောက်ခု နှင့် လစ်လပ်တိုင်း ဒေ သကြီး လွှတ်တော် မဲဆန္ဒနယ်နှစ်ခု (လွှတ်တော် အသီးသီး၌ လစ်လပ်နေ သော မဲဆန္ဒနယ် ပေါင်း ၄၈ ခု)တွင် ကျင်းပ မည်ဖြစ်ကြောင်း၊ ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များအနေဖြင့် ဇန်န၀ါရီ ၁၆ ရက်မှ ၃၁ ရက်အထိ တင်သွင်းနိုင်ပြီး အမည်စာ ရင်းရုပ်သိမ်း လိုပါက ဖေဖော်ဝါရီ ၃ ရက်အထိ ပြန်လည် ရုပ်သိမ်းနိုင် ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏ တရားဝင် သတင်းထုတ် ပြန်ချက်အရသိရသည်။

ခိုင်လင်းကျော်၊ ထွန်းလင်း (မြန်မာပို့ စ်)

ရန်ကုန် ဓါတ်ပုံပွဲတော် ဒေါ်စု ဆုချီးမြှင့်ပေးမည်

 လေးကြိမ်မြောက် ‘ရန်ကုန်ဓါတ်ပုံပွဲတော်’ Yangon Photo Festival တွင် ဆုရရှိသည့် ဓါတ်ပုံပညာရှင်များအား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း စီစဉ်သည့် French Institute of Myanmar က ဆိုသည်။

နှစ်စဉ် ကျင်းပနေကျ ဖြစ်သည့် Yangon Photo Festival ကို ဇန်နဝါရီ ၂၈ ရက်ညတွင် ‘ရန်ကုန်ဓါတ်ပုံ ဆည်းဆာ’ Yangon Photo Night ကျင်းပပြီး အကဲဖြတ်ဒိုင်များ ရွေးချယ်ပေးမည့် စုစုပေါင်း ဒေါ်လာ ၅ ထောင်ဖိုး ဆု ၇ ဆု ချီးမြှင့်မည် ဖြစ်သည်။
ygnphotofestival
အခမဲ့ တက်ရောက်နိုင်မည့် အလုပ်ရုံ ဆွေးနွေးပွဲများလည်း စီစဉ်ပေးထားရာ ဝါသနာရှင် အဆင့်များအတွက် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၂ မှ ၁၉ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ဓါတ်ပုံဆရာ ကြီးမြင့် က ၎င်း၏ အတွေ့အကြုံနှင့် ပညာဝေငှပေးမည် ဖြစ်သည်။

ပညာရှင်အဆင့် ဓါတ်ပုံသီဖွဲ့မှု photo-essay အလုပ်ရုံ ဆွေးနွေးပွဲကိုမူ ဇန်နဝါရီ ၁၄ ရက်မှ ၂၁ ရက်နေ့အထိ
ပြုလုပ်မည်ဖြစ်ကာ အကောင်းဆုံး လက်ရာများအား ရန်ကုန် ဓါတ်ပုံဆည်းဆာတွင် ပြသထားမည် ဖြစ်သည်။

၂၀၀၉ ခုမှ စတင်ခဲ့သည့် Yangon Photo Festival မှာ ကမ္ဘာတဝှန်း ဓါတ်ပုံလက်ရာမွန်များအား မြန်မာနိုင်ငံတွင် ခင်းကျင်းပြသပြီး မြန်မာဓါတ်ပုံဆရာ လူငယ်များအား မွေးထုတ်ပေးရန် ရည်ရွယ် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ယခုနှစ်တွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများအား စူးနစ်စွာ တင်ပြကြမည် ဖြစ်သည်။

အလုပ်ရုံ ဆွေးနွေးပွဲများ အတွက် စိတ်ဝင်စားသူ မည်သူမဆို ရန်ကုန်မြို့ ပြည်လမ်းရှိ French Institute သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

ကိုပေါက် နယူးဒေလီ (မဇ္ဈိမ) 

၅၀၀၀ တန် ဆင်းမ်ကဒ် ရောင်းချမည်ဆိုခြင်းမှာ ဥပဒေ အရရော၊ နည်းပညာအရပါ မဖြစ်နိုင်

ရန်ကုန်၊ ဇန်နဝါရီလ ၉ ရက်။ ။ အခုလ ပထမအပတ်က ပြည်သူလူထုကြား ပြန့်နှံ့သွားတဲ့ မိုဘိုင်းဖုန်း ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချဖို့ ကုမ္ပဏီတစ်ခုက စီစဉ် ဆောင်ရွက်နေခြင်းမှာ ဥပဒေ အရရော နည်းပညာ အရပါ လောလောဆယ် မဖြစ်နိုင်ဘူးလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ ဇန်နဝါရီ ၉ ရက်က ပြောကြားပါတယ်။

တနင်္လာနေ့ မွန်လွဲ ၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်းမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအပြီး တွေ့ဆုံမေးမြန်းရာမှာ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အဲဒီလို ဖြေကြားခဲ့တာပါ။

“ကျွန်တော်တို့ နားလည်တာတော့ ဥပဒေအရဆိုရင် ကျွန်တော်တို့ ဆက်သွယ်ရေးနဲ့ပဲ ပေါင်းလုပ်ရမှာပါ။ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေရှိတယ်။ ဥပမာ- သစ်တောထွက် ပစ္စည်းတို့၊ တွင်းထွက်ပစ္စည်းတို့၊ ပို့ဆောင်ရေးလုပ်ငန်းတို့၊ ဆက်သွယ်ရေးလုပ်ငန်းတို့ လျှပ်စစ်တို့ စတာတွေက နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေဆိုပြီး အခြေခံဥပဒေမှာကို ပြဋ္ဌာန်းထားတာ။ အဲဒီလုပ်ငန်းတွေကိုပဲ နိုင်ငံတော်နဲ့ အများပြည်သူ အကျိုးစီးပွား အလို့ငှာဆိုတဲ့ တစ်ပိုဒ်ရှိတယ်။ Private (ပုဂ္ဂလိက) ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်မယ်ဆိုရင်လည်း ခွင့်ပြုတယ်။ ဒါပေမယ့် ပေါင်းလုပ်ရမယ်။ အခု ကျွန်တော်တို့ GSM သန်း ၃၀ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်” လို့ အခြေခံဥပဒေကို ကိုးကားပြီး ပြောပါတယ်။

သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ်အတွင်း သတင်းစာဆရာများက အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာလည်း မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ၎င်းတို့နဲ့ ဆက်သွယ်ခြင်းမရှိဘဲ ဖြစ်ပေါ်လာတဲ့ ကိစ္စဖြစ်လို့ တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း၊ နည်းပညာအရ မိုဘိုင်းကွန်ယက် တစ်ခုဖြစ်ဖို့ တည်ဆောက်ရာမှာ နေချင်းညချင်း မဖြစ်နိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး ဖုန်းမဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးက ချပေးထားတဲ့ ဖုန်းတွေနဲ့ ဘယ်လိုကွန်ယက် ချိတ်ဆက် ခေါ်ဆိုမယ် ဆိုတာကို နားမလည်နိုင်ကြောင်း၊ အလားတူ မြန်မာ့ဆက်သွယ်ရေးရဲ့ မိုဘိုင်းကွန်ယက်ထဲ မဖြတ်ဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မှာ မဟုတ်ကြောင်း စသဖြင့် နည်းပညာအရ မဖြစ်နိုင်သေးတဲ့ အခြေအနေတွေကို မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းနဲ့ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က ရှင်းပြပေးပါတယ်။

ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချပေးပြီး မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃၀ ကျပ်နဲ့ GSM ဖုန်းတွေ ရောင်းချပေးနိုင်ဖို့ ရွှေပြည်တံခွန် ကုမ္ပဏီက ကြိုးစားနေတဲ့အကြောင်း အခုလ ဇန်နဝါရီ ၃ ရက်က သတင်း ထုတ်ပြန်ခဲ့တာပါ။ အဆိုပါ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးကို လုပ်ငန်းလုပ်ကိုင်ခွင့် တင်ထားဆဲ အခြေအနေသာဖြစ်လို့ လက်ရှိ အခြေအနေမှာ လုပ်ကိုင်ခွင့် မရသေးဘူးလို့လည်း ဆိုတယ်။ အခုလို တကယ် လုပ်ကိုင်ခွင့်မရသေးဘဲ သတင်း ထုတ်ပြန်မှုမျိုးတွေ ဆက်လုပ်ကြမယ်ဆိုရင် ပြည်သူလူထုအတွက် အခက်တွေ့နိုင်ကြောင်း အွန်လိုင်း Developer တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

ရတနာပုံ သတင်း

ငါးထောင်တန်ဖုန်း အကောင်အထည်ပေါ်လာပါက ဖုန်းဈေးကွက်အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ဟုဆို

ငွေကျပ်ငါးထာင်တည်းဖြင့် ဖုန်းအသုံးပြုနိုင်မည်ဆိုခြင်းကြောင့် ဖုန်းဈေးကွက်အတွင်းတွင် အပြောင်းအလဲများဖြစ်ပေါ်နိုင်ကြောင်း မိုဘိုင်းဖုန်းရောင်းချသူများနှင့် အကျိုးဆောင်ဈေးကွက်အတွင်းမှ ကျွမ်းကျင်သူများကပြောသည်။

“ဈေးနှုန်းဒီလောက်ထိ သက်သာတယ်ဆိုတာက စားရိတ်သက်သာတဲ့စနစ်တစ်ခုဖြစ်တဲ့ .UMTS (Universal Mobile Telecommunication Network) ကိုသုံးထားလို့ပါ” ဟု ရွှေပြည်တံခွန်ကုမ္ပဏီဒါရိုက်တာ ဦးလွင်နိုင်ဦးကပြောကြားသည်။ UMTS စနစ်မှာ Voiceand High Speed data technology ဖြစ်ပြီး ယင်းစနစ်ကိုအသုံးပြုခြင်းဖြင့် infrastructure အသုံးပြုမှုစရိတ်လျှော့ချနိုင်ခြင်းနှင့် high-bandwidth data applications ကြည်လင်သော VoIP စနစ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယင်း UMTS စနစ်တွင် HSPA (High Speed Packet Data) ၀န်ဆောင်မှုကို တွဲဖက်အသုံးပြုနိုင်ခြင်းကြောင့် ကမ္ဘာ့မိုဘိုင်းကွန်ရက်တစ်ခုအဖြစ် လျင်မြန်စွာချိတ်ဆက်ရရှိနိုင်ကြောင်း သိရသည်။

“ဘယ်လိုနည်းပညာပဲသုံးထားသုံးထား ငါးထောင်ကျပ်ဆိုတာက အရမ်းကိုချိုသာလွန်းတဲ့နှုန်းထားပါ။ ဒီလိုမျိုး ဈေးနှုန်းသက်သက်သာသာနဲ့ သုံးနိုင်မယ်ဆိုရင်တော့လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒါပေမဲ့ အခုချိန်ထိမယုံကြည်နိုင်သေးပါဘူး။ လက်ထဲရောက်ရှိတဲ့အခါကျမှ တကယ်ပါလားဆိုပြီး ယုံမိမယ်ထင်တယ်” ဟု မိုဘိုင်းဖုန်းသုံးစွဲသူတစ်ဦးကပြောသည်။ “လက်ရှိဈေးကွက်အနေအထားကတော့ ငါးသိန်းတန် GSM တွေ အရောင်းရဆုံးဖြစ်နေတယ်။ ငါးထောင်တန် အကောင်အထည်ပေါ်လာမယ်ဆိုရင်တော့ ဘယ်လိုဈေးကွက်ဖြစ်လာမလည်းဆိုတာတော့ ပြောရခက်သွားပြီ။ ဈေးပေါရင်တော့ ၀ယ်လိုအားတက်မှာဖြစ်ပြီး ဟန်းဆက်ကတော့ ပစ္စည်းပြတ်မဲ့အနေအထားရှိနိုင်ပါတယ်” ဟု Mobile Bank မှ ဦးတင်မောင်လတ်ကပြောကြားသည်။ UTMS စနစ်မှာ ယနေ့ကမ္ဘာတွင် အသုံးတွင်ကျယ်သောစနစ်ဖြစ်သည်ဟုသိရပြီး စရိတ်သက်သာမှု၊ လွယ်ကူလျင်မြန်မှုတို့အပြင် အသုံးပြုစက်ပစ္စည်းများလွယ်ကူမှုကြောင့် အခြား GSM နည်းပညာများထက် ကမ္ဘာအနှံ့ အသုံးပြုလျက်ရှိလာပြီဖြစ်သည်ဟု သိရသည်။ ဂျပန်နိုင်ငံတွင် ၂၀၀၁ ခုနှစ်တွင်စတင်အသုံးပြုခဲ့ပြီး ဥရောပနှင့် အမေရိကတိုက်များတွင် ၂၀၀၄ ခုနှစ်က စတင်အသုံးပြုခဲ့ကြောင်း၊ အာဆီယံနိုင်ငံများတွင် ၂၀၀၇ ခုနှစ်က စတင်အသုံးပြုခဲ့ကြောင်း သိရှိရသည်။

“လတ်တလောထူခြားတာတော့ မရှိသေးပါဘူး။ တစ်ကယ်သာ အကောင်အထည်ပေါ်လာမယ်ဆိုရင်တော့ ဟန်းဆက်တွေလည်း ဈေးကွက်ဝယ်လိုအား ပိုများနိုင်ပါတယ်။ ဈေးနှုန်းမြင့်တက်၊ မမြင့်တက်ဆိုတာကတော့ လိုင်းကတ်ထွက်တဲ့အခါကျမှပဲသိမယ် ” ဟု Mr.Fone မှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ မိုဘိုင်းဖုန်းဈေးကွက်အတွင်းတွင် ဖေဖော်ဝါရီလ၌ လာမည့် တန်ဖိုးနည်းဖုန်းများကို စောင့်မျှော်နေသူများလည်းရှိပြီး ငါးထောင်တန်းဖုန်းများ ဈေးကွက်အတွင်းသို့ အမှန်တကယ်ရောက်ရှိလာပါက ၎င်းကိုစောင့်မျှော်နေသူ ပိုများလာလိမ့်မည်ဟု ဖုန်းအသုံးပြုနေသူတစ်ဦးက ခန့်မှန်းပြောကြားသည်။

“ယခုလက်ရှိ မိုဘိုင်းဖုန်းပွဲစားဈေးကွက်ကတော့ ဘယ်လိုဖုန်းအမျိုးအစားပဲထွက်ထွက် ရှိနေအုံးမယ်လို့ထင်တယ်။ ဒါပေမဲ့ ငါးထောင်တန်ဖုန်းထွက်မယ်ဆိုရင်တော့ ပွဲစားဈေးကွက်က လုံးဝပပျောက်သွားနိုင်ချေရှိတယ်လို့ သုံးသပ်မိပါတယ်” ဟု မိုဘိုင်းဖုန်းအကျိုးဆောင်တစ်ဦးက သုံးသပ်ပြောကြားသည်။ “ဘယ်လိုဖုန်းအမျိုးအစား၊ ဘယ်လိုဈေးနှုန်းပဲရှိရှိ ကိုယ်ပိုင်ပုံစံကိုယ်ပိုင် အရည်အသွေးတွေနဲ့ သွားမယ်လို့ထင်ပါတယ်။ ဘယ်ဟာကကောင်းတယ်၊ ဘယ်ဟာကမကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး။ ကားတွေလိုပေါ့ သူ့တန်ဖိုး သူ့ပုံစံနဲ့ရှိနေမယ်လို့ထင်ပါတယ်” ဟု အသုံးပြုသူတစ်ဦးကပြောသည်။

ထွန်းထွန်း (အင်တာနက်ဂျာနယ်)

အလင်းတန်း ဂျာနယ် အမှတ်စဉ် ၆၈၈

ကွန်ပျူတာနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖြေဆိုရမည်

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဖွင့်လှစ် သင်ကြား လျက်ရှိသည့် အခြေခံ ယာဉ်မောင်းနှင် ထိန်းသိမ်းနည်း အခြေခံ ယာဉ်မောင်းသင်တန်း ကျောင်းတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်၌ ဖွင့်လှစ်ခဲ့ သည့် အခြေခံယာဉ်မောင်း သင်တန်းအမှတ် စဉ် ၃ / ၂၀၁၁ မှစ၍ သင်တန်းသားများအနေဖြင့် IT နည်းပညာစနစ် ကိုသုံးပြီး touchscreen monitor (လက်နှင့်တို့ထိ၍) ယာဉ်စည်းကမ်း လမ်းစည်း ကမ်းဖြေ ဆိုကြရမည်ဟု သိရသည်။ မေးခွန်း အားလုံး ဖြေဆို နိုင်မှသာ သင်တန်းဆင်း အောင် လက်မှတ်ပေး အပ်သွား မည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေးဝန် ကြီး ဌာန ကုန်းလမ်းပို့ဆောင်ရေးအင်ဂျင်နီယာဌာနမှ ကျောင်းအုပ်ကြီး ဒုတိယ အင်ဂျီနီယာချုပ်ဦးစိုးလှိုင်က မြန်မာပို့စ်ဂျာနယ်သို့ ရှင်းပြသည်။
ပုဗ္ဗသီရိ အခြေခံ ယာဉ်မောင်းသင်တန်းကျောင်း တွင် မော်တော်ယာဉ် ဖွဲ့စည်း တည်ဆောက်ပုံ၊ မော် တော်ယာဉ်ကြိုတင် ကာကွယ်မောင်းနှင်ခြင်း၊ မော်တော် ယာဉ် မောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းစ သည့် ဘာသာရပ်များ အား ကုန်းလမ်းပို့ဆောင်ရေး အင် ဂျီနီယာ ဌာနရှိ ၀ါရင့် နည်းပြ ဆရာများက အပါတ်စဉ် စနေ / တနင်္ဂနွေ ရုံးပိတ်ရက်များ တွင် နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ လေးပါတ်ကြာ စာတွေ့ လက်တွေ့ သင်ကြားပေးလျက်ရှိပြီး သင်တန်းကြေးမှာ ငွေကျပ် ၅၀၀၀၀ ၊ ယာဉ်စည်းကမ်း လမ်းစည်း ကမ်းစာ အုပ်စာတမ်းဖိုး ကျပ် ၂၀၀၀၊ ယာဉ်မောင်း လိုင်စင် အတွက် ငွေကျပ် ၂၀၀၀၊ စုစုပေါင်း ငွေကျပ် ၅၄၀၀၀ ပေးသွင်း ရမည်ဖြစ်ကြောင်းသိရသည်။

မြန်မာပို့ စ်

ဗြိတိန် ပါလီမန် ရေးရာများ ကို လေ့လာခွင့် ရလိုကြောင်း သူရဦးရွှေမန်း ပြောကြား

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဗြိတိန် ပါလီမန် ရေးရာများ ကို လေ့လာခွင့် ရလိုကြောင်း သူရဦးရွှေမန်း ပြောကြား
ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်များအနေဖြင့်ဗြိတိန် ပါလီမန်ရေး ရာများကို လေ့လာခွင့် ရလိုကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေ မန်းက ဇန်န၀ါရီ ၅ ရက်တွင် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝီလီယံ ဟေ့ဂ်နှင့်တွေ့ဆုံစဉ်ပြောကြားသည်။
“၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ လွှတ်တော်အသီးသီး ကို ဖွဲ့စည်း ဆောင်ရွက်နေသည်မှာ တစ်နှစ်ပင် မပြည့်သေးဘဲ လွှတ်တော် ကိုယ်စားလှယ် များသည်လည်း လွှတ် တော်ရေးရာ ကိစ္စများတွင် အတွေ့ အကြုံနည်းပါးပြီး ဒီမိုကရက်တစ်ပြု ပြင်ပြောင်း လဲရေးများ ဆောင်ရွက် လာသည်မှာ အချိန်တို တောင်းလှပါ တယ်။ လွှတ်တော် ကိုယ်စားလှယ် များရဲ့ အရည်အချင်းကိုမြှင့်တင် ပေး ရန် လိုအပ် နေသလို လိုအပ်သည် များကို ပံ့ပိုးဖြည့်ဆည်း ပေးနိုင်ရန် ကြိုးစား နေပါ တယ်။ ဒါကြောင့် ဒီမိုကရေစီ ၏ မိခင် ကြီးဟု ဂုဏ်ပြု ခေါ်ဆိုနေကြတဲ့ ဗြိတိန် ပါလီမန်ရဲ့ အတွေ့အကြုံများကို မျှဝေ ပေးစေ လိုပါတယ်။ ကောင်းမွန်သော အကြံဥာဏ်များကိုလည်း ရယူလိုပါတယ်။ မိမိတို့ လွှတ်တော် ကိုယ်စားလှယ် များအ နေဖြင့် ဗြိတိန် ပါလီမန် ရေးရာများကို လေ့လာခွင့် ရမည်ဆိုပါက အရည်အ ချင်းမြှင့်တင်ရေး တွင် များစွာ အထောက် အကူဖြစ် လိမ့်မယ်လို့ ယုံကြည် ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့အား လေ့လာရေး ခရီးစဉ် ဖိတ်ကြားမည်ဆို ပါက ကြိုဆို ပါတယ်။ ဒီမိုကရက် တစ် ပြုပြင်ပြောင်းလဲရေး များဆောင်ရွက် ရာတွင် များစွာ အကျိုးရှိစေမည်ဟု ယုံ ကြည်ပါတယ်” ဟု သူရဦးရွှေမန်းကပြော ကြားသည်။
ယခင်က မြန်မာနှင့်ဗြိတိန် နိုင်ငံ တို့အကြား ဆက်ဆံရေး မကောင်းခဲ့ ကြခြင်းသည် စိတ်မကောင်း ဖွယ်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဗြိ တိန် နိုင်ငံနှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန် စေရန် တစ်ဖက် တွင် လည်း မိတ်ဆွေ ကောင်းများ ဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ တို့နှင့်ဆက် ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့် တင်ရေး ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မိမိ အနေဖြင့် ဗြိ တိန် အောက်လွှတ်တော် ဥက္ကဋ္ဌအား သင့်တော်သော အချိန်တွင် မြန်မာ နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားပါ ကြောင်း သူရဦးရွှေမန်းက ၀ီလီယံ ဟေ့ဂ်နှင့် တွေ့ဆုံစဉ်ပြောကြားသည်။

ခိုင်လင်းကျော်၊ ခိုင်မင်း(နေပြည်တော်)
မြန်မာပို့ စ်

တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီးတွေ့ဆုံခဲ့မူအပေါ် ဦးအေးသာအောင်နှင့်တွေ့ဆုံမေးမြန်းခန်း

အဲဒီမှာ ၀ီလျံဟိတ်နဲ တွေ့တဲ့ အခါ တိုင်းရင်းသား ခေါင်းဆောင်တွေက ဘာတွေကို အဓိကထားပြီး တင်ပြခဲ့ကြသလဲ ဆိုတာ နည်းနည်းလောက်ရှင်းပြပေးပါ။


Images
အဓိက ကတော့ ကျနော်တို့ အခုဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သတ်ပြီး ပြည်တွင်းစစ်ကို အမြန် ရပ်စဲဖို့ရယ်။ နောက်ပြီး ပြည်တွင်းစစ်ဖြစ်ရတဲ့ အကြောင်းနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ အခြေအနေ တွေကို တင်ပြ ပြောဆိုကြတယ်။ ပြည်တွင်းစစ်ကို ရပ်စဲနိုင်ဖို့ ဆိုရင် တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို ပေးပြီးတော့ ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုပါတယ်။ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မှသာ အခုဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို ရပ်စဲနိုင်မယ် ဆိုတာ တွေကို တင်ပြခဲ့ပါတယ်။ နောက်တစ်ချက်က အထူးသဖြင့် ဦးခွန်ထွန်းဦး တို့လို တိုင်းရင်းသား ခေါင်းဆောင်တွေ၊ မင်းကိုနိုင်တို့လို ကျောင်းသား ခေါင်းဆောင်တွေကို လွှတ်ပေးမှသာ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်နဲ့တကွ အမျိုးသားပြန်လည် သင့်မြတ်ရေး တည်ဆောက်နိုင်ဖို့ ဆိုတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ထို့အတူ ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကိုလည်းပဲ ဆွေးနွေးပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်က ဘာတွေ ပြန်ပြောခဲ့ ပါသလဲ။

သူက ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေ အပေါ် အထူးစိတ်ဝင်စားပြီးတော့ ပြည်တွင်းစစ် ရပ်စဲမယ့်ကိစ္စ၊ ပြီးတော့ အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကိစ္စတွေကိုလည်း အလေးနက်ထားပြီးတော့ ပြောပါတယ်။ ဒီကိစ္စရပ်တွေကို နေပြည်တော်မှာ ဆွေးနွေးတင်ပြခဲ့တယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ပြောပြပါတယ်။

ဦးအေးသာအောင် အနေနဲ့ ၀ီလျံဟိတ် မြန်မာနိုင်ငံကို လာတဲ့ ခရီးစဉ် အပေါ်မှာ ဘယ်လို သဘောအမြင်ရှိပါသလဲ။

ဗြိတိန် နိုင်ငံ အပါအ၀င် နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေ အပေါ်မှာ အထူး စိတ်ဝင်တစား ရှိနေတယ်။ ဒါကြောင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း နိုင်ငံခြားရေး ၀န်ကြီး တစ်ဦး ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူ့ခရီးစဉ်ဟာလည်း ထူးခြားမူ၊ တိုးတက်မူတွေ ရှိလာမှာ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စိတ်ဝင်တစားနဲ့ မေးမြန်းတယ်။ ဆွေးနွေးတယ်ဆိုကတည်းက တစ်စုံတစ်ရာ နိုင်ငံရေးအရ ဖြစ်ပေါ် ပြောင်းလဲမူတွေ ဖြစ်ဖို့ သူတို့ လိုလားနေတယ်ဆိုတာကတော့ သေချာပါတယ်။ ဒါကြောင့်လည်း လာတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒီလို ပြောင်းလဲ တိုးတက်ဖို့ အတွက်လည်းဘဲ သူတို့ အနေနဲ့ ဆက်လက်ပြီး မြန်မာ အစိုးရကို တွန်းအားပေးသွားမယ်ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုတယ်။ ပြီးတောပြည်တွင်းစစ်ကို ရပ်စဲဖို့ လိုတယ်လို့ မြန်မာ အစိုးရကို သူက တွန်းအားပေး ပြောဆိုသွားတယ်။ ဒါတွေကို ဦးသိန်းစိန် အစိုးရက လိုက်လျော ပေးမယ်လို့ကော မြင်မိပါသလား။

လောလောဆယ် အခြေမှာကတော့ မမြင်သေးပါဘူး။ ဒါပေမဲ့ အတိုင်းအတာတစ်ခုထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေက တဆင့် ဖြစ်လာနိုင်စရာတွေတော့ တွေ့နေရပါတယ်။ NLD ကလည်း တရားဝင်ပါတီ မှတ်ပုံတင်တယ်။ ကြားဖြတ် ရွေးကောက်ပွဲလည်း ၀င်မယ်။ အဲဒီရွေးကောက်ပွဲက တဆင့် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါလီမန်ထဲကို ရောက်လာမဲ့ အနေအထားတွေ ရှိနေတယ်။ အဲဒီကနေ တိုးတက် ဖြစ်ပေါ်လာမယ့် အလားအလာတွေတော့ ရှိနေတယ်လို့တော့ သုံးသပ်လို့ရပါတယ်။

ဝီလျံဟိတ်နဲ ဦးအေးသာအောင်တို့နဲ ဘယ်မှာတွေ့ကြပါသလဲ။

တိုင်းရင်းသား ညီနောင် (၅) ပါတီ အပါအ၀င် တစ်ခြား တိုင်းရင်းသား အဖွဲ့တွေ ကျွန်တော် အပါအ၀င် တွေ့တာကတော့ ဗြိတိသျှ သံအမတ်ကြီး အိမ်မှာ ဖြစ်ပါတယ်။ ညနေ ၅နာရီကနေ ၆ နာရီထိ ဖြစ်ပါတယ်။

CRPP နဲ တွေ့တယ်လို့ သိရပါတယ်။ ဘယ်မှာ တွေ့တာပါလဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲအိမ်မှာ တွေ့ပါတယ်။ ညနေ ၁၀ နာရီ ၁၅ မိနစ်ကနေ ၁၁ နာရီထိတွေ့ပါတယ်။


နိရဉ္စရာ

NLD ခေါင်းဆောင်မှု ပုံသဏ္ဍာန် ပြောင်းလဲဖွဲ့စည်း

ဒေါ်အောင်ဆန်းစုကြည် အား CEC ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဦးတင်ဦး အား သဘာပတိ အဖွဲ့၏ နာယက အဖြစ်လည်းကောင်း ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC ပုံမှန်အစည်းအဝေးမှ ဆုံးဖြတ်လိုက်သည်။

တနင်္လာနေ့က ၂ နာရီခန့်ကြာ ပြုလုပ်သည့် CEC အစည်းအဝေးမှ ဆုံးဖြတ်ချက်အရ CEC အဖွဲ့ဝင်များအဖြစ် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးဝင်းမြင့်နှင့် ဒေါ်မေဝင်းမြင့်တို့ ပါဝင်ပြီး သဘာပတိ အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေနှင့် ဦးလှဖေတို့ ပါဝင်သည်။
opening-ceremony-of-nld-new-signboard-3
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးနှင့် အန်အယ်လ်ဒီပါတီဝင်များကို ပါတီဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးရှေ့တွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီကို မှတ်ပုံတင်တဲ့အခါမှာ ပါတီရဲ့ ဖွဲ့စည်းပုံကို ကျနော်တို့ တင်ရတယ်။ သဘာပတိရှိမယ်။ CEC ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပြန်လည် ဖွဲ့စည်းပါတယ်။ လက်ရှိ အခြေအနေအရ ပါတီရဲ့ အုပ်ချုပ်မှုအတွက် ပထပမဆုံး ပြန်လည် အတည်ပြု ဖွဲ့စည်းတဲ့ သဘောပါ”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခင် ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေမှာ ကျန်းမာရေးအရ အနားယူထားသည်မှာ ကြာပြီဖြစ်ကြောင်း ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ အသက် ၈၀ ကျော်အရွယ်တွေက ကျန်တဲ့လူတွေကို နေရာဖယ်ပေးလို့ ရအောင်၊ တခြားအခန်းကဏ္ဍ
တွေ လုပ်နိုင်အောင် ပါတီရဲ့ သဘာသပတိအဖွဲ့ လုပ်မယ်။ လူသစ်တွေတော့ မရွေးရသေးဘူး”ဟု ပြောသည်။

NLD ပါတီမှာ ၁၉၈၈ စက်တင်္ဘာလအတွင်း စတင်ဖွဲ့စည်းခဲ့ပြီး ယခုကာလအထိ ပါတီညီလာခံ ကျင်းပနိုင်ခဲ့ခြင်း မရှိသေးပေ။ ယခုခေါင်းဆောင်မှု ပုံစံသစ်အားလည်း CEC အဖွဲ့ဝင်များကသာ ပြောင်းလဲ ပြင်ဆင်လိုက်ခြင်း
ဖြစ်သည်။

CEC အဖွဲ့ဝင်များကို ထပ်မံ ရွေးချယ်သွားမည် ဖြစ်ပြီး ပါတီဝင် လျှောက်လွှာများကို တိုင်းနှင့် ပြည်နယ်အလိုက်
ဖြန့်ဝေလိုက်ပြီ ဖြစ်သည်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်သည့်နေရာ ၄၈ နေရာလုံးတွင် NLD က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ နေပြည်တော် လေးနေရာတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး တနင်္လာနေ့တွင်ပင် ရန်ကုန်မြို့ ဗဟိုအောင်နိုင်ရေးအဖွဲ့များနှင့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု မန္တလေးတိုင်း
အောင်နိုင်ရေး အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် ဒီမိုကရေစီရေးအပေါ် သစ္စာစောင့်သိသူ၊ ပညာအရည်အချင်းနှင့် အလုပ်အကိုင် အတွေ့အကြုံ ရှိသူ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လူငယ်များကို ဦးစားပေးမည်ဟု ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် သုံးနေရာတွင် NLD ကိုယ်စားလှယ်လောင်းအဖြစ် ဖားကန့်မြို့နယ်တွင် ဦးဒါ့ရှီလဆိုင်း၊ မိုးကောင်းမြို့နယ် မဲဆန္ဒနယ်တွင် ၁၉၉၀ အနိုင်ရအမတ် ဦးထွန်းကြည်နှင့် ဗန်းမော်မြို့နယ်တွင်
ပြည်နယ် စည်းရုံးရေး တာဝန်ခံ ဦးဘမြင့်ကို ရွေးချယ်ထားသည်ဟု သိရသည်။

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ကိုယ်စားလှယ်လောင်းအဖြစ် စည်းကော်မတီ ဥက္ကဋ္ဌ ဦလှိုင်အေး၊ စစ်ကိုင်းတိုင်း ပုလဲမြိုကနယ်တွင် ဦးအောင်ရှင်၊ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ကိုယ်စားလှယ်လောင်း အဖြစ် ဗဟိုတရားရုံး
ရှေ့နေ ဦးခင်မောင်လတ်၏ အမည်စာရင်းကို တင်သွင်းထားသည်ဟု သိရသည်။

နာယက အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ဦးစီး၍ “ဒီလှိုင်း” “D-Wave”စာစောင်ကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပထမဆုံးစာစောင်အဖြစ် ဖြန်ဝေသွားရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်တွင်းပြည်ပ ဆောင်းပါးရှင်များ၏ ဆောင်းပါးများ၊ ပါတီမူဝါဒနှင့် လှုပ်ရှားမှု သတင်းများ ထည့်သွင်းဖော်ပြသွားရန် စီစဉ်နေသည်ဟု ဦးဝင်းတင်က ပြောသည်။

ချင်းမိုင်(မဇ္စျိမ)

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့တွင်း ပါဝင်နိုင်ကြောင်း သမ္မတ အကြံပေးပြောဆို

ဒေါ်အောင်ဆန်းစုကြည်သာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာမယ်ဆိုရင် သူ့ကို အစိုးရ အဖွဲ့ထဲမှာ သင့်တော်တဲ့ တာဝန် တစ်ခုခု ပေးနိုင်ဖွယ်ရာ ရှိတယ်လို့ သမ္မတရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာ နေဇင်လတ် က မနေ့က ပြောဆိုလိုက်တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ရေးသား ဖေါ်ပြကြပါတယ်။
RFA
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း အာဆီယံ ထိပ်သီးညီလာခံတွင် လွတ်လပ်တဲ့အာရှအသံ မြန်မာပိုင်း အစီအစဉ်နှင့် သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ် တွေ့ဆုံခဲ့စဉ်။
ဒီလိုတာဝန်ယူဖို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒအပေါ်မှာ မူတည်တယ်လို့ ဒေါက်တာ နေဇင်လတ်က ပြောဆိုပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေ စိုးမိုးရေးကို စိတ်ထက်သန်တယ် ဆိုရင်လည်း တရားရေးနဲ့ ဆိုင်တဲ့ တာဝန်တစ်ခုခု ပေးအပ်နိုင်ဖွယ် ရှိတယ်လို့ ဒေါက်တာနေဇင်လတ် က ပြောပါတယ်။ သူ့ရဲ့ပြောဆိုချက် အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားနဲ့ ပတ်သက်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကိုမေးမြန်းတဲ့အခါ - ”ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးကပဲ ၀င်ဖို့ စိတ်ဝင်စားတယ်၊ တကယ်လို့ လွှတ်တော်ထဲ ရောက်လာခဲ့ရင် ရာထူးတို့ ဘာတို့ ဒါတွေ ကျနော် ဘာမှ မသိပါဘူး။ ဒါပေမဲ့ NLD အနေနဲ့ ပြောရင် တော့ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရ နဲ့ ပြည်သူလူထု အကျိုးရှိမယ့် အလုပ်တွေကို ပူးပေါင်း ဆောင်ရွက်တဲ့ နေရာမှာ အကျိုးရှိနိုင်တယ်ပေါ့ ” လို့ အာအက်အေကို ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ထဲ ရောက်လာရင် ကြိုဆိုမှာ ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ပြောဆိုခဲ့သလို၊ သမ္မတ ကိုယ်တိုင်က ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတစေချင်တယ် လို့ ဒေါက်တာ နေဇင်လတ်ရဲ့ ပြောဆိုချက်ကို သတင်းတွေမှာ ဖေါ်ပြပါတယ်။ လွတ်တော်မှာ လက်ရှိ လစ်လပ်နေတဲ့ ကိုယ်စားလှယ် နေရာတွေ အတွက် ကြားဖြတ် ရွေးကောက်ပွဲကို လာမယ့် ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကျင်းပမယ့် နေရာတိုင်းမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင် နေပြီ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း စာရင်းတွေကို လာမယ့် ဇန်နဝါရီလ (၁၁) ရက်နေ့နောက်ပိုင်းမှာ ထုတ်ပြန် ကြေညာမယ်လို့ သိရပါတယ်။

RFA

NLD ပါတီသစ် ဆိုင်းဘုတ်တင်ပွဲ (ရုပ်/သံ)

ယနေ နေ့လည် ၁၂း၁၅ နာရီတွင် NLD ရုံးချုပ်တွင် ဆိုင်းဘုတ် တင်ပွဲ အခမ်းအနား ကျင်းပရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်
ဦးတင်ဦးတို့ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပါတယ်။

အ​မေရိကန်ကိုယ်စား​လှယ်များ​ ​နေပြည်​တော်​ရောက်ရှိ

အ​ မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန်ရဲ့​ မြန်မာပြည် ခရီး​စဉ်အပြီး​မှာ ​နောက်ဆက်တွဲ တိုး​တက်မှု​တွေကို လာ​ရောက်​လေ့​လာတဲ့​ အ​နေနဲ့​ မြန်မာနိုင်ငံဆိုင်ရာ အ​မေရိကန် မူဝါဒ ညှိနှိုင်း​ရေး​မှူး​ ဒဲရက်မစ်ချဲလ်နဲ့​ လူကုန်ကူး​မှု တိုက်ဖျက်​ရေး​ သံအမတ် လူး​ဝစ်စီဒဲလ် ဘာကာဟာ ​နေပြည်​တော်မှာ ​ရောက်ရှိ​နေပါတယ်။
ဒဲရက်မစ်ချဲလ်l
အ​မေရိကန် ညှိနှိုင်း​ရေး​မှူး​ ဒဲရက်မစ်ချဲလ်ဟာ ဒီက​နေ့​မနက် ရန်ကုန်ကို ​ရောက်ရှိလာပြီး​ ​နေပြည်​တော်ကို ဆက်လက် သွား​ရောက်​နေတယ်လို့​ ရန်ကုန် အ​ခြေစိုက် အ​မေရိကန်သံရုံး​ ​ပြောခွင့်​ရသူ Michael Quinlan က ​ပြောပါတယ်။
အစိုး​ရဘက်က ဘယ်သူ​တွေနဲ့​ ​တွေ့​ဆုံသလဲဆိုတာကို​တော့​ ခုချိန်ထိ မသိရ​သေး​ဘူး​လို့​ ဆိုပါတယ်။
အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန် ခရီး​စဉ်ရဲ့​ ​နောက်ဆက်တွဲအဖြစ် တိုး​တက်မှု​တွေကို လာ​ရောက်တာ ဖြစ်တယ်လို့​လည်း​ ခရီး​စဉ်နဲ့​ ပတ်သက်တဲ့​ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
မစ်ချဲလ်ရဲ့​ ၄ ကြိမ်​မြောက် ဒီခရီး​စဉ်ဟာ ၄ ရက်ကြာမြင့်​မှာ ဖြစ်ပြီး​ ရန်ကုန်၊​ ​နေပြည်​တော်မှာအစိုး​ရ အရာရှိ​တွေနဲ့​ ​တွေ့​ဆုံမှာ ဖြစ်ပါတယ်။ သူက ပုဂံကိုလည်း​ သွား​ပြီး​တော့​ တခြား​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​နဲ့​ အ​သေး​စား​ ​ငွေ​ချေး​ လုပ်ငန်း​တွေကိုလည်း​ ​လေ့​လာမှာ ဖြစ်တယ်လို့​ ဆိုပါတယ်။
မစ်ချဲလ်ဟာ ထိုင်း​နိုင်ငံ ​မြောက်ပိုင်း​ကိုလည်း​ သွား​ရောက်ပြီး​ နယ်စပ်က ဒုက္ခသည်အ​ရေး​ ​ဆွေး​နွေး​မှာ ဖြစ်သလို အကူအညီ​ပေး​နေတဲ့​ အဖွဲ့​တွေနဲ့​လည်း​ ​တွေ့​ဆုံမယ်လို့​ ထုတ်ပြန်ချက်က ​ပြောပါတယ်။
မစ်ချဲလ်နဲ့​ အတူ လူကုန်ကူး​မှုတိုက်ဖျက်​ရေး​ သံအမတ် လူး​ဝစ်စီဒဲလ်ကလည်း​ ​ရောက်ရှိလာပါတယ်။ သူတို့​ရဲ့​ တချို့​သော အစည်း​အ​ဝေး​တွေက အတူဖြစ်မှာ ဖြစ်သလို တချို့​ အစည်း​အ​ဝေး​တွေက​တော့​ သီး​သန့်​ ဖြစ်ပါလိမ့်​မယ်။ အစိုး​ရရဲ့​ လူကုန်း​ကူး​မှုတိုက်ဖျက်​ရေး​ ကိစ္စရပ်များ​ကို လုပ်​ဆောင်ရာမှာ ကူညီဖို့​နဲ့​ လူကုန်ကူး​မှု အ​ခြေအ​နေများ​ကို ​လေ့​လာဖို့​အတွက် ​ရောက်ရှိလာတာ ဖြစ်ပါတယ်။
အလုပ်သမား​ အခွင့်​အ​ရေး​ ပိုမို​ကောင်း​မွန်​ရေး​နဲ့​ လိင်ပိုင်း​ဆိုင်ရာ ကုန်ကူး​တာ​တွေကို လုပ်​ဆောင်တာ​တွေကို ဒဲရက်မစ်ချဲလ်နဲ့​ အတူ မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ ​ဆွေး​နွေး​မယ်လို့​လည်း​ ခရီး​စဉ်နဲ့​ ပတ်သက်တဲ့​ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
ရန်ကုန်မှာ​ တော့​ အစိုး​ရမဟုတ်​သော လူမှု​ရေး​အဖွဲ့​အစည်း​၊​ နိုင်ငံတကာ အဖွဲ့​အစည်း​တွေအပါအဝင် အမျိုး​သား​ လူ့​အခွင့်​အ​ရေး​ ​ကောင်စီနဲ့​လည်း​ ​တွေ့​ဆုံသွား​မယ်လို့​လည်း​ အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ရဲ့​ အင်တာနက် စာမျက်နှာမှာ ​ရေး​သား​ထား​ပါတယ်။
မနက်ဖြန်မှာ​တော့​ နိုင်ငံတကာ ​ငွေ​ကြေး​ရံပုံ​ငွေအဖွဲ့​က ကိုယ်စား​လှယ်​တွေကလည်း​ မြန်မာနိုင်ငံကို လာ​ရောက်မှာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၂ ရက်​နေ့​မှာ​တော့​ မြန်မာနိုင်ငံကို ပိတ်ဆို့​အ​ရေး​ယူမှု​တွေ လုပ်​ဆောင်ဖို့​ ဖိအား​ပေး​ခဲ့​တဲ့​ အ​မေရိကန် လွှတ်​တော်အမတ် ဂျိုလ်း​ ခ​ရော်​လေး​ဟာ အစိုး​ရအရာရှိများ​၊​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်များ​၊​ မြန်မာဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်တို့​နဲ့​ ​တွေ့​ဆုံမှာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ

၂၀၁၂ ဒဂုံ​ရွှေ​အောင်လံ မြန်မာ့​ရိုး​ရာလက်​ဝှေ့​ပြိုင်ပွဲ

၂၀၁၂ ဒဂုံ​ရွှေ​အောင်လံ မြန်မာ့​ရိုး​ရာလက်​ဝှေ့​ပြိုင်ပွဲ​နောက်ဆုံး​နေ့​ ပွဲစဉ်​တွေကို ဇန်နဝါရီလ ၈ ရက်​နေ့​က ရန်ကုန်မြို့​ အမျိုး​သား​အား​ကစား​ပြိုင်ပွဲရုံ ၁ မှာ ကျင်း​ပ ပြုပ်လုပ်ခဲ့​ပြီး​ ​အောင်လံဆုအတွက် ဗိုလ်လုပွဲ ၄ ပွဲနဲ့​ စိန်​ခေါ်ပွဲ ၄ ပွဲ စုစု​ပေါင်း​ ပွဲစဉ် ၈ ပွဲ ပါဝင်ခဲ့​ပါတယ်။

ဝမ်ချိုင်းနှင့် ရွှေဝါထွန်း
ဒဂုံ​ရွှေ​ အောင်လံ ဗိုလ်လုပွဲ​တွေ အ​ကြောင်း​မ​ပြောခင် ပရိသတ်အကြိုက် ​တွေ့​ခဲ့​တဲ့​ စိန်​ခေါ်ပွဲစဉ်ကို ဦး​စွာ တင်ပြလိုပါတယ်။ မြန်မာပြည် ချန်ပီယံ​ဟောင်း​တွေ ဖြစ်ကြတဲ့​ သထုံ​ရွှေဝါထွန်း​နဲ့​ ဝမ်ချိုင်း​(မြဝတီ)တို့​ရဲ့​ ပွဲစဉ်ကို ပရိတ်သတ် စိတ်ဝင်တစား​ ​စောင့်​ကြည့်​ခဲ့​ကြပြီး​ ​စောင့်​ကြည်ရကျိုး​နပ်ခဲ့​တဲ့​ ပွဲစဉ်တပွဲ ဖြစ်ခဲ့​ပါတယ်။
မြန်မာပြည် ချန်ပီယံအဖြစ် ၁၂ နှစ်တိုင် ရပ်တည်ခဲ့​သူ ​ရွှေဝါထွန်း​ဟာ အသက် ၅၀ ​ကျော်ပြီ ဆို​ပေမယ့်​ သူ့​ရဲ့​ လက်​ဝှေ့​ အရည်အ​သွေး​ မပျက်စီး​သေး​ကြောင်း​ သက်​သေပြ သွား​နိုင်ခဲ့​တယ်။ ​ရွှေဝါထွန်း​ရဲ့​ ဘယ်​ထောက် လက်သီး​ထိုး​ချက်​တွေ လှပ​သေသပ်ဆဲ ဖြစ်သလို၊​ ချုပ်ဒူး​တိုက်ချက်၊​ တံ​တောင်ရိုက်ချက်​တွေကလည်း​ မြန်မာ့​ရိုး​ရာလက်​ဝှေ့​ ဆိုတာ ဒါပါလား​လို့​ ​ငေး​ယူရ​လောက်​အောင် ပညာသား​ ပါလှပါတယ်။ တချိန်က မြန်မာ့​ရိုး​ရာလက်​ဝှေ့​ရဲ့​ အ​ကောင်း​ဆုံး​လူ ဖြစ်ခဲ့​သူ ဝမ်ချိုင်း​ကလည်း​ ငယ်မူငယ်​သွေး​ပြကာ ထိုး​လုံး​သတ်ကွက် ​ကောင်း​အချို့​ကို ပြသနိုင်ခဲ့​လို့​ ၃ ချီ ယှဉ်ပြိုင်မှူအပြီး​မှာ သ​ရေပွဲအဖြစ် ပြီး​ဆုံး​ခဲ့​တာ ဖြစ်ပါတယ်။
စိန်​ ခေါ်ပွဲစဉ်များ​ ယှဉ်ပြိုင်အပြီး​ ဒုတိယတန်း​ ဒဂုံ​ရွှေ​အောင်လံ ဗိုလ်လုပွဲကို ဆက်လက် ကျင်း​ပရာမှာ ​တောင်က​လေး​ကလပ်ရဲ့​ လက်​ဝှေ့​သမား​ ​ရွှေသိန်း​အောင်က သ​ပြေညို(ဘိလပ်​မြေစက်ရုံ)ကို အမှတ်ပြတ်နဲ့​ အနိုင်ရသွား​ပါတယ်။ သ​ပြေညိုရဲ့​ ညာဝိုက်လက်သီး​ကြောင့်​ ဒုတိယအချီမှာ ​ရွှေသိန်း​အောင် အမှတ်စဉ် ​ရေတွက်ခံခဲ့​ရ​ပေမယ့်​ ကျန်အချီ​တွေမှာ လက်စဇဇွမ်း​ပြနိုင်ခဲ့​လို့​ ဒုတိယတန်း​အောင်လံရှင် အဖြစ်ထိုက်ထိုက် တန်တန် ဗိုလ်စွဲသွား​တာ ဖြစ်ပါတယ်။
အထူး​ဒဂုံ​ရွှေ ​အောင်လံဗိုလ်လုပွဲ ဒီ​ခေါင်း​စဉ်​အောက်မှာ ယှဉ်ပြိုင်ခဲ့​ကြသူ​တွေက ဝင်း​ထွန်း​(မြန်မာ)နဲ့​ မာဆွတ်(အီရန်)တို့​ဖြစ်ပါတယ်။ မာဆွတ်ဟာ ထိုင်း​ဘုရင့်​ဖလား​​ ​မွေထိုင်း​ပြိုင်ပွဲရဲ့​ ချန်ပီယံတဦး​လို့​ သိရပြီး​ ပြီး​ခဲ့​တဲ့​နိုဝင်ဘာ ၄ ရက်​နေ့​က မန္တ​လေး​မြို့​မှာ စိုး​လင်း​ဦး​ကို အသာစီး​က​နေ ယှဉ်ပြိုင်နိုင်ခဲ့​လို့​ ပရိတ်သတ် စိတ်ဝင်စား​ခံရတဲ့​ လက်​ဝှေ့​သမား​ ဖြစ်ပါတယ်။

နှာခေါင်းရိုးကျိုးသွားသည့် မာဆွတ်
ဒါ​ပေမယ့်​ မာဆွတ်နဲ့​ ဝင်း​ထွန်း​တို့​ရဲ့​ ပွဲစဉ်ဟာ ​မျှော်လင့်​သလို ပွဲ​ကောင်း​တပွဲ မဖြစ်ခဲ့​ပါဘူး။ ပြိုင်ထိုး​ ဆိုင်ထိုး​တာမျိုး​ မရှိခဲ့​ဘဲ ချိန်ဆ​နေတာနဲ့​ပဲ အချိန်ကုန်​နေလို့​ ကြိုး​ဝိုင်း​ဒိုင်ဟာ လက်​ဝှေ့​သမား​ ၂ ဦး​လုံး​ကို အချိန်ဆွဲ မ​နေဘဲ ထိုး​ဖို့​ သတိ​ပေး​မှူ​တွေ ပြုလုပ်ခဲ့​ရပါတယ်။ စတုတ္ထ အချီမှာ နှစ်ဦး​လုံး​ထွေး​ လဲကျရာမှာ ဝင်း​ထွန်း​ရဲ့​ တံ​တောင်နဲ့​ ထိမိပြီး​ မာဆွတ် နှာ​ခေါင်း​ရိုး​ကျိုး​သွား​လို့​ ​ဆေး​ရှုံး​အဖြစ် အရှုံး​ပေး​လိုက်ရပါတယ်။
ပထမတန်း​ ဒဂုံ​ရွှေ​အောင်လံ ဗိုလ်လုပွဲမှာ​တော့​ ရုရှား​လက်​ဝှေ့​သမား​ ဆာရီ​ကော့​ဗ်ကို မြန်မာလက်​ဝှေ့​သမား​ ရန်နိုင်​အောင် မယှဉ်နိုင်​အောင်ဖြစ်ခဲ့​ပြီး​ မြန်မာ့​လက်​ဝှေ့​ သိက္ခာ ကျရတဲ့​ပွဲစဉ် ဖြစ်ခဲ့​ပါတယ်။ ဆာရီ​ကော့​ဗ်က လက်သီး​တွဲလုံး​တွေ၊​ ဒူး​တိုက်ချက်၊​ တံ​တောင်ရိုက်ချက်​တွေနဲ့​ ရန်နိုင်​အောင်ကို အထိနာ​စေခဲ့​ပြီး​ အမှတ်နဲ့​ ဆုံး​ဖြတ်ရာမှာ ဒိုင် ၅ ဦး​လုံး​ရဲ့​ အနိုင်​ပေး​မှုကို ရရှိပြီး​ ပထမတန်း​ ဒဂုံ​အောင်လံဆုကို ရယူသွား​တာ ဖြစ်ပါတယ်။
အလွတ်တန်း​ ဒဂုံ​ရွှေ​အောင်လံ ဗိုလ်လုပွဲ ၂၀၀၉ မှာ စတင်ကျင်း​ပခဲ့​တဲ့​ ဒဂုံ​ရွှေ​အောင်လံ မြန်မာ့​ရိုး​ရာလက်​ဝှေ့​ပြိုင်ပွဲမှာ ​စောငမန်း​ဟာ ၃ ကြိမ်ဆက် ဗိုလ်စွဲထား​သူ ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာလည်း​ ချန်ပီယံဘွဲကို ဆက်ထိန်း​နိုင်ခဲ့​လို့​ ၄ ထပ်ကွမ်း​ ချန်ပီယံ ဖြစ်လာပါတယ်။ ဒါ​ပေမယ့်​ မက်ဆီဒိုး​နီး​ယား​ လက်​ဝှေ့​သမား
ဒါဗစ်နဲ့​ ယှဉ်ပြိုင်ရာမှာ ​စောငမန်း​က အမှတ်ပြတ်နဲ့​ အမှန်တကယ် အနိုင်ရသင့်​သလား​ ဆိုတာက​တော့​ ​မေး​ခွန်း​ထုတ်စရာ ဖြစ်ခဲ့​ပါတယ်။
စောငမန်း​ရဲ့ ​ လက်သီး​တွဲလုံး​အချို့​ ဒါဗစ်ကို ထိခဲ့​ပြီး​ လူချင်း​အပူး​မှာ ​စောငမန်း​ရဲ့​ ​ခေါင်း​ဆတ်မှု​တွေကလည်း​ ထိ​ရောက်မှုရှိခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ဒါဗစ်ရဲ့​ညာဝိုက်​ကြောင် ​စောငမန်း​ ဘယ်မျက်လုံး​ ပိတ်လုဖြစ်ခဲ့​တာ၊​ လူချင်း​ ပူး​သွား​တိုင်း​ ဒါဗစ်ကသာ ကိုင်​ပေါက်နိုင်ခဲ့​တာ​တွေ​ကြောင့်​ ​စောငမန်း​ အသာရတယ်လို့​ မဆိုနိုင်ပါဘူး​။ ဒါ​ပေမယ့်​ အမှတ်​ပေး​ဒိုင် ၅ ဦး​လုံး​က ​စောငမန်း​ အနိုင်အဖြစ် ဆုံး​ဖြတ်ခဲ့​ကြတာ ဖြစ်ပါတယ်။
ဒီပွဲကို လာ​ရောက်ကြည့်​ရှုခဲ့​တဲ့​ မြန်မာလက်​ဝှေ့​ ဝါသနာရှင်တဦး​က​တော့​ “​စောငမန်း​ ကို အား​လုံး​က အနိုင်​ပေး​ခဲ့​တာ အံ့​ဩစရာပါ။ မြန်မာလက်​ဝှေ့​မှာ ဖမ်း​ချုပ်ကိုင်​ပေါက်တဲ့​ သတ်ကွက်ကို ထိ​ရောက်တဲ့​ သတ်ကွက်အဖြစ် အမှတ်​ပေး​ပါတယ်။ ဒါဗစ်က ငမန်း​ကို ၃ ကြိမ်​လောက် ကိုင်​ပေါက်ခဲ့​တာ အား​လုံး​ အသိပါ။ မြန်မာလက်​ဝှေ့​သမား​တွေဟာ ဒီဒဂုံ​ရွှေ​အောင်လံပြိုင်ပွဲမှာ လက်စွမ်း​အရ နိုင်ငံခြား​သား​တွေကို အသာမရခဲ့​တာ သိသာပြီး​ မြန်မာ အမှတ်​ပေး​ဒိုင်​တွေရဲ့​ ဆုံး​ဖြတ်မှုကလည်း​ ဂုဏ်သ္ခိကာအရ အရှုံး​ပြခဲ့​တယ်လို့​ ဆိုရမှာပါ”လို့​ ဖွင့်​ဟသွား​ပါတယ်။ 
ဒီဗွီဘီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲတွင် ပါတီဝင်လျှောက်လွှာ တစ်သန်းခန့်ရောင်းချပေးခဲ့ရ


၂၀၁၂ခုနှစ် ဇန်န၀ါရီရီလ ၉ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆိုင်းဘုတ်တင်အခမ်းအနားပြုလုပ် ကျင်းပခဲ့ပြီး  ပါတီဝင်လျှောက်လွှာတစ်သန်းခန့်ကို  ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့    ရောင်းချပေးခဲ့ ကြောင်း သိရှိရသည်။အဆိုပါနေ့ နေ့လည် ၁၂နာရီ ၁၅မိနစ်အချိန်ခန့်တွင် အန်အယ်လ်ဒီ ခေါင်းဆောင်များ ဖြစ်သည့်  ဦးတင်ဦး ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့မှ ဆိုင်းဘုတ်တင်ဖွင့်လှစ်ပေးခဲ့ပြီး အန်အယ်လ်ဒီပါတီဝင် ဖြစ်လို သူများအတွက် ပါတီဝင်လျှောက်လွှာများကို ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။“ပါတီလျှောက်လွှာကို ရုံးချုပ်က တစ်သန်း ထုတ်တယ်၊ အဲ့ဒါကို ပြည်နယ်နဲ့တိုင်းမှာရှိတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင် တွေကို ပြန်ရောင်းပေးတယ်၊ အဲ့ဒီမြို့နယ်မှာရှိတဲ့ မည်သူမဆို အဖွဲ့ဝင်တွေဆီကနေ ဖောင်ဝယ်ဖြည့်ပြီး ပါတီဝင်အဖြစ် လျှောက်ထားလို့ရပါတယ် “ဟု အန်အယ်လ်ဒီ ပါတီဝင်တစ်ဦးဖြစ်သူ ဦးနိုင်းနိုင်းက ပြောသည်။ပါတီဝင်လျှောက်လွှာတစ်စောင်လျှင် ၁၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးလျှက်ရှိပြီး  သက်ဆိုင်ရာမြို့နယ်အလိုက် မိမိမြို့နယ်ရှိ အန်အယ်လ်ဒီအဖွဲ့ဝင်များထံတွင် ၀ယ်ယူနိုင်ကြောင်း သိရှိရသည်။“လျှောက်လွှာတွေကို စိတ်ဝင်စားပြီး ပါတီဝင်ဖြစ်လိုတဲ့ မည်သူမဆို တစ်စောင်တစ်ရာနဲ့ ၀ယ်ဖြည့်ပြီး တင်နိုင် ပါတယ်၊ အန်အယ်လ်ဒီပါတီ ရုံးချုပ်မဟုတ်ရင်တောင် ကိုယ့်မြို့နယ်က အဖွဲ့ချုပ် အဖွဲ့ဝင်တွေဆီမှာ ၀ယ်လို့ ရပါတယ် ”ဟု ပါတီလျှောက်လွှာရောင်းချနေသူတစ်ဦးက ပြောသည်။ပါတီဝင်လျှောက်လွှာဖြည့်ပြီးသူများအနေဖြင့် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး (သို့မဟုတ်) သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အဖွဲ့ချုပ်အဖွဲ့ဝင်ထံသို့ ပေးပို့နိုင်ကြောင်း သိရှိရသည်။

ဝင့်သင်ဇာကျော်(မြစ်မခ)

ဘုရားသုံးဆူမြို့နယ် ဘုရားပွဲတခုမှာ ဗုံးပေါက်ကွဲ

ဗုံးဖေါက်ခွဲမှုကို ဘယ်သူတွေက လုပ်တယ် ဆိုတာ အခုအချိန်အထိ မသိရသေးပါ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲက အနန်းကွင်း ကျေးရွာ ဘုရား ပွဲမှာ မနေ့ည ၁၁ နာရီက ဗုံးပေါက်ကွဲခဲ့လို့ လူ ၄ ဦး သေဆုံးသွားပြီး လူ ၄၅ ဦး ထက်မနည်း ဒါဏ်ရာရရှိသွား ပါတယ်။အခုဗုံးဖေါက်ခွဲမှုကို ဘယ်သူတွေက လုပ်တယ် ဆိုတာကိုတော့ အခုအချိန်အထိ မသိရသေးပါ။သေဆုံးဒဏ်ရာ ရသူ အားလုံးနီးပါးဟာ ကရင်လူမျိုးတွေ ဖြစ်ကြပြီး၊ သံပုရာရွာသားက (၁၃) ဦး၊ တောင်စွန်းရွာသား (၂) ဦး၊ မုဒုံမြို့မှ ဈေးသည် (၂) ဦးနဲ့ ခုန်ခန်ကျေးရွာက တဦး နဲ့ တခြားသူတွေကတော့ အနန်းကွင်း ရွာသားတွေ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။အခုဗုံးပေါက်တဲ့နေရာဟာ အနန်းကွင်းကျေးရွာမှာ အခြေစိုက်တဲ့ အမှတ်(၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ရဲ့ ဗျူဟာရုံး ခြံစည်းရိုးနဲ့ ကပ်ရပ်ဖြစ်ပါတယ်။ပွဲတော်လုံခြုံရေးကို စစ်ဆင်ရေးနဲ့ ကွပ်ကဲရေး ဌာနချုပ် စကခ (၁၉) လက်အောက်ခံ တပ်ရင်း တခုက တာဝန်ယူထားတဲ့ကြားက အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
BBC

တိုင်းပြည် အတွက် လုပ်ဆောင်ကြဖို့ အမျိုးသမီးတွေကို နှိုးဆော်လိုက်တဲ့ စန္ဒီမြင့်လွင် ရဲ့သီချင်း

စန္ဒီမြင့်လွင်က နယူးရီးယားမှာ ရှိုးပွဲသုံးပွဲ လောက်ဆိုပြီး ဖြတ်သန်း ဖြစ်ခဲ့ပါတယ်။ နယူးရီးယားမှာ ရှိုးပွဲအတွက် ပြင်ဆင်နေရတဲ့ အတွက် ပျော်ဖို့ကို မစီစဉ်ဖြစ်ပါဘူး လို့ ပြောပါတယ်။ ဒီဇင်ဘာ ၃ဝ ရက်နေ့ ဂီတဖျော်ဖြေ ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပုံပါတဲ့ အင်္ကျီ ဝတ်ပြီး သီချင်း သုံးပုဒ်ကို ဖျော်ဖြေဖြစ်ခဲ့တဲ့ စန္ဒီမြင့်လွင်က “နေ့ခင်း ဖဲကြိုးဖြတ်ဖို့သွားက တည်းက အမေစု ပုံပါတဲ့ အင်္ကျီကို တစ်ခါ တည်းဝယ်တယ်။ ပါးမှာ ကပ်တဲ့ဟာ ပါသေးတယ်။ ဂျင်းနီနဲ့ နှစ်ယောက် ဆင်တူ ဝယ်ပြီး ဝတ်ကြတယ်။ ဒါလည်း ဂုဏ်ပြုတာတစ်မျိုး ပေါ့။ ဒီအင်္ကျီလေး ဝတ်ရတဲ့ အတွက်လည်း စိတ်ထဲမှာ ပျော်တယ်။ အဲ့ဒီ ခံစားချက်ထက် ကို နေ့ခင်းပိုင်း ဖဲကြိုး ဖြတ်တဲ့အချိန်မှာ အမေစုနား ကပ်ရတဲ့ အချိန် ရင်ထဲမှာ တဒုန်း ဒုန်းနဲ့ ဘယ်လိုကြီး ဖြစ်နေမှန်း မသိဘူး။ တစ်ခါ မှလည်း အဲဒီလို မခံစားမိဘူး။ အမေစုပါးကို နမ်းခွင့်တောင်းပြီး ပါးကို နမ်းခဲ့တယ်” လို့  ဒီဇင်ဘာ ၃ဝ ရက်နေ့က သူမရဲ့စိတ်ခံစားမှု တွေကို ပြောပြပါတယ်။

ဂီတ အနုပညာရှင်တွေက ဇာတိသွေး၊ ဇာတိမာန် တက်ကြွ စေမယ့် သီချင်းတွေဆိုဖို့ စီစဉ်နေကြပြီး ဒီအခွေထဲက အဖွဲ့လိုက် သီဆိုတဲ့ တစ်ပုဒ်မှာရက်ပ် စာသား တစ်ပိုဒ်ကို ဝင်ဆိုထားကြောင်း သီချင်းရဲ့ အဓိပ္ပာယ်လေးက အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့ တန်းတူ ရင်ပေါင်တန်းပြီး တိုင်းပြည် အတွက် လုပ်ဆောင် ကြဖို့ဖြစ်ကြောင်း စန္ဒီမြင့်လွင်က ပြောပါတယ်။ အနုပညာရှင် တစ်ယောက် အနေနဲ့ တိုင်းပြည် အတွက် တစ်ထောင့် တစ်နေရာ က ပါဝင်ခွင့်ရတဲ့ အတွက် စန္ဒီမြင့်လွင်က .. ” ဂုဏ်ယူပါတယ်။ ဒီးဒီတို့က သဲတစ်ပွင့်လည်း ဖြစ်ချင်ဖြစ်မှာပဲ။ သဲတစ်ပွင့်ရဲ့တစ်ဝက်လည်း ဖြစ်ချင်ဖြစ်မှာပဲ။ တိုင်းပြည် အတွက် ကိုယ်က တစ်ထောင့် တစ်နေရာက သဲတစ်ပွင့် ပဲဖြစ်ဖြစ်၊ ဘာလေးပဲဖြစ်ဖြစ် ပါဝင်ခွင့် ရတယ်ဆိုရင် ကိုယ်က လူပိုကြီးမဟုတ်ဘူး။ ငါသည် တိုင်းပြည်အတွက် လူပိုကြီးတစ်ယောက် မဟုတ်ဘူးလို့ ကိုယ့် ကိုယ်ကိုယ် ခံယူထားပါတယ်” လို့ သူမရဲ့ခံယူချက်ကို ပြောပြပါတယ်။ ရှော့ခ် ဗီစီဒီကို အလောတကြီး လုပ်ဘဲ တစ်ပုဒ်ချင်းစီကို အေးအေးဆေးဆေး စဉ်းစား ပြီး အေးအေးဆေးဆေးပဲ ရိုက်ချင်တဲ့ အတွက် လောလောဆယ် မရိုက်ဖြစ်သေးဘဲ သင်္ကြန်ပြီး မှပဲ စရိုက်ဖြစ်တော့မယ် လို့ပြောပါတယ်။
ခိုင်ဝေလွင် (ပေါ်ပျူလာ)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ခွင့်လျှောက်လွှာ ( ပုံစံ )


မြန်မာ-စင်္ကာပူ နိုင်ငံခြားငွေလွှဲ/ပို့အလုပ်ရုံတစ်ခုမှ ကျပ်သိန်းပေါင်း ၆၆၀၀ ကျော် လိမ်လည်မှုဖြစ်ပွား

Peninsula Plaza
ကြည်မြင်တိုင်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေလွှဲ/ ပို့ အလုပ်ရုံတစ်ခုမှ ပြည်ပနိုင်ငံသို့ ငွေလွှဲပို့သည့် ငွေကျပ်သိန်းပေါင်း ၆၆၀၀ ကျော်အား လိမ်လည်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ်အ တွင်းကိုရဲနိုင်(၃၅)နှစ် ဒေါပုံမြို့နယ်နေသူသည် ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးရပ်ကွက်ကွမ်း ရွဲတန်းလမ်း အမှတ်/၈၂ ရှိ နိုင်ငံခြားငွေလွှဲ/ပို့ လုပ်ငန်းသူ ဒေါ်ယဉ်ယဉ်အေး (၄၂) နှစ်၊ ဒေါ်စိုးစိုးသန်း(၄၀)နှစ် (လိပ် စာတူ)နှင့် ဦးပြုံး(၆၀)နှစ် ရွှေကမ္ဘာအိမ်ယာ မင်းဓမ္မလမ်း (၃) ရပ်ကွက် မရမ်းကုန်းမြို့နယ်နေသူတို့သုံးဦး ရုံးခန်းဖွင့်လှစ်လုပ်ကိုင်သည့် နိုင်ငံခြားငွေလွှဲ/ပို့သည့် အလုပ်ရုံးမှ စင်ကာပူနိုင်ငံသို့ ငွေအကြိမ်ကြိမ်လွှဲ ပို့ခဲ့ရာ ၂၀၁၁ ခုနှစ်ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ငွေကျပ်သိန်း ၁၇၂၀၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် နေ့တွင် ငွေကျပ် ၁၉၈၆၇၅၀၀၀ ၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ငွေကျပ် ၂၉၃၀၃၅၀၀၀ ၊စုစုပေါင်း ကျပ် ၆၆၃၇၁၀၀၀၀ အား စင်္ကာပူနိုင်ငံရှိ ကိုအောင်မင်းထွန်း(Golden Trade Link Co. Ltd;)၊ အမှတ် ၁၁၁၊ North Bride Road 0815 Peninsula Plaza ထံသို့ ငွေလွှဲပို့ပေးရန် ဒေါ်ယဉ်ယဉ်အေးပါသုံးဦးထံသို့ ပေးအပ်ခဲ့ရာ ၎င်းတို့ သုံးဦးမှငွေလက်ခံရရှိကြောင်း လက် မှတ်ရေးထိုးပေးခဲ့သော်လည်း စင်္ကာ ပူနိုင်ငံရှိ ကိုအောင်မင်းထွန်းထံသို့ ငွေလွှဲပြောင်းရောက်ရှိခြင်းမရှိသဖြင့် အဆိုပါသုံးဦးထံသို့ သွားရောက်စုံစမ်းရာ အတွေ့မခံဘဲ တိမ်းရှောင်နေကြောင်းသိရသည်။ 

ယင်းကဲ့သို့အတွေ့မခံဘဲ တိမ်းရှောင်နေသည့် ၎င်းတို့သုံးဦးအပေါ် အရေးယူပေးရန် တရားလိုပြု တိုင်ကြားမှုအား ကြည်မြင်တိုင်ရဲစခန်း (ပ)၄/၂၀၁၂၊ ပုဒ်မ-၄၂၀ ဖြင့် ဇန်န၀ါရီလ ၂ရက်နေ့တွင် အမှုဖွင့်ပြီး တရားခံများကို ဖမ်းဆီးရမိရန် စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 EMG

ထားဝယ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီ

ထားဝယ်ရေနက်စီမံကိန်းတွင်ပါဝင်မည့် မဂ္ဂါဝပ် ၄၀၀၀ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဇန်န၀ါရီလ ၉ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 'အမှန်အတိုင်းပြောရရင် ကျွန်တော်တို့လည်း မီဒီယာတွေရဲ့ စကားကို နားထောင်တယ်။ လေ့လာတယ်။ သတင်းဂျာနယ်အားလုံးက ကျောက်မီးသွေးလုပ်ရင် ဘာဖြစ်မယ်ဆိုတာ ဖော်ပြကြတယ်။ ဒါတွေအကုန်လုံးဖတ်ပြီးတော့ ဒီလိုဆိုလို့ရှိရင် ကျောက်မီးသွေးမလုပ်သင့်ဘူး။ ၄၀၀ မဂ္ဂါဝပ်ထွက်မယ့် စက်ရုံကိုတော့ ပြန်ဆွေးနွေး၊ ၄၀၀၀ မဂ္ဂါဝပ်ကိုတော့ မလုပ်တော့ဘူးလို့ အားလုံးဝိုင်းပြီး ဆုံးဖြတ်လိုက်တာပါ' ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေး အဖွဲ့အစည်းအဝေးခန်းမတွင် ဇန်န၀ါရီလ ၉ ရက်နေ့ နံနက်ပိုင်းကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထားဝယ်ခရိုင်အတွင်း ပြုလုပ်မည့် ထားဝယ်ရေနက်စီမံကိန်းနှင့် အထူးစက်မှုဇုန် အကောင်အထည်ဖော်ရာတွင် ကျောက်မီးသွေးသုံး လျပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံ တည်ဆောက်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ မဂ္ဂါဝပ် ၄၀၀၀ ထွက်ရှိမည့် စက်ရုံစီမံကိန်းအား ရပ်ဆိုင်းခြင်းနှင့် မဂ္ဂါဝပ် ၄၀၀ ထွက်ရှိမည့် စက်ရုံစီမံကိန်းအား ပြန်လည်ဆွေးနွေးမည်ဖြစ်ကြောင်း တရားဝင်ပြောကြားခဲ့ခြင်းဖြစ် ပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအချို့ကို တည်ဆောက်ရန် စီစဉ်မှုများရှိခဲ့သော်လည်း ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ ရှိလာနိုင်သဖြင့်  အဆိုပါစီမံကိန်းများကိုလည်း ဆက်လက်ဆောင်ရွက်တော့မည်မဟုတ်ကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
EMG

မန်းစည်ပင်ရဲ့ ငွေတစ်ချောင်းမြောင်း မဟာစီမံကိန်း ပြိုကျ (ဓါတ်ပုံ)





ငွေတစ်ချောင်းမြောင်း ။၆၄လမ်း ၂၂x၂၃ လမ်း

ဓါတ်ပုံ(Mandalay Voice)

(၉.၁.၂၀၁၂ နံနက် ၉နာရီခန့်) စည်ပင်မြေနဲ့လုံးဝလွတ်ကင်းရာနေရာဖြစ်ပါတယ်။ မစဉ်းမစား အုတ်တံတိုင်းများဘေးလာပြီး မြောင်းအနက်ကြီးလာတူးလို့ပြိုကျတာလို့ ဆိုပါတယ်။

၂၀၁၁အတွင်း လူ့အခွင့်အရေး သတင်းမှတ်စု (ရုပ်/သံ)



ဒီဗွီဘီ

သိန္နီ​မြို့​နယ်​တွင် မိုးသက်လေ​ပြင်း​တိုက်​ခတ်​၍ နေအိမ်​များ​ပျက်စီး

ပျက်စီး သွား တဲ့ နမ့် အွန် ကျေးရွာ က စိုင်း ပွင့် နန်း ဟွမ် တို့ မိသား စု ရဲ့ နေအိမ်
ပြီး​ခဲ့​တဲ့ ဇန်နဝါရီ​လ ၃ ရက်​နေ့​ည​က မိုးသက်လေ​ပြင်း​တိုက်​ခတ်​တာ​ကြောင့် ရှမ်း​ပြည် မြောက်​ပိုင်း သိန္နီ​မြို့​နယ် နား​ဆော့  ကျေးရွာ​အုပ်စု​ထဲ​ရှိ ကျေးရွာ​တွေ​က လူ​နေအိမ်​တွေ ပြို​ကျ​ပြီး ကလေး​တစ်​ယောက် သေ​ဆုံး​ခဲ့​တယ်​လို့ သတင်းရ​ရှိ​ပါ​တယ်။

ဖြစ်ပွား​ပုံ​ကတော့ ည ၁​၀ နာရီ​လောက်​မှာ မိုးလေပြင်း​ထန်​စွာ တိုက်​ခတ်​ရွာ​သွန်း​ပြီး မိုးသီး​များ​လည်း​ကျ​လာ​တာ​ကြောင့် လူ​နေအိမ် တခိျု့ ပြို​ကျ​ခဲ့​ပါ​တယ်။ နေအိမ်​တွေ ပြို​ကျ​လို့ ကလေး​တစ်​ယောက်​လည်း သေ​ဆုံး​ခဲ့​ပါ​တယ်။ ပြို​ကျ​ပျက်စီး​ခဲ့​တဲ့ အိမ်​တွေ​ကတော့ နမ့်​အွန်​ကျေးရွာ​က စိုင်း​ပွင့်၊ နန်း​ဟွမ် တို့​ရဲ့ အိမ်၊ စိုင်း​နေ​မျိုး၊ နန်း​ထွေး တို့​ရဲ့​အိမ်၊ စံ​လောင်း​ကျေးရွာ​က စိုင်း​ခမ်း​အွန်၊ နန်း​လှ တို့​ရဲ့​အိမ်​တွေ​ပဲ ဖြစ်​ပါ​တယ်။ သူ​တို့ အိမ်​တွေ​အပြင် တခြား​မိသား​စု​တွေ​ရဲ့ မီးဖို​ဆောင် တခိျု့၊ မိသား​စု​ပိုင် ဆိုင်​ကယ်​တခိျု့​လည်း ပျက်စီး​သွား​ပါ​တယ်။ အဲ​ဒါ​အပြင် ကျေးရွာ​အပြင်​ဘက်​ရှိ စိုက်​ခင်း အတော်​များ⁠များ​လည်း ပျက်စီး​သွား​တယ်​လို့ သိ​ရ​ပါ​တယ်။

အိမ်​ပြို​ကျ​လို့ သေ​ဆုံး​သွား​တဲ့ ကလေး​ကတော့ နမ့်​အွန်​ကျေးရွာ​နေ စိုင်း​ပွင့် နန်း​ဟွမ် တို့​ရဲ့ အသက် ၆ နှစ်​အရွယ်​ရှိ သမီး​ဖြစ်​သူ နန်း​ဝမ်း​ခမ်း ပဲ​ဖြစ်​ပါ​တယ်။ စိုင်း​ပွင့် နဲ့ နန်း​ဟွမ် တို့​ဇနီးမောင်နှံ​မှာ သမီး ၄ ယောက်​ရှိ​ပြီး ၁​၂ နှစ်​အရွယ် တစ်​ယောက်၊ ၈ နှစ်​အရွယ် တစ်​ယောက်​နဲ့ ၆ နှစ်​အရွယ် အမွှာ နှစ်​ယောက်​တို့​ဖြစ်​ပါ​တယ်။ သေ​ဆုံး​သွား​တဲ့ သမီး​ငယ် နန်း​ဝမ်း​ခမ်း​ကတော့ အငယ်​ဆုံး​ပဲ​ဖြစ်​ပါ​တယ်။

မိုးသက်လေ​ပြင်း​ကြောင့် အိမ်​ပြို​ပျက်​ပြီး ထိခိုက်​ဒဏ်ရာ​ရ ဒုက္ခရာက်​ခဲ့​တဲ့ မိသား​စု​တွေ​ကို ကူညီ​ဖို့ သိန္နီ​မြို့​နယ် အတွင်း​မှာ​ရှိ​တဲ့ လူ​မှု​ရေး တက်​ကြွ​လှုပ်ရှား​တွေ​က​ပဲ ရပ်​ထဲ​ရွာ​ထဲ​မှာ နှိုးဆော်​အလှူခံ​ပြီး စိုင်း​ပွင့် နန်း​ဟွမ် တို့​မိသား​စု​အတွက် ဆေး​ဖိုး​ဝါး​ခ ကျပ် တစ်​သိန်း​လေး​သောင်းကျော်၊ အိမ်​အမိုး​မိုး​ရန် သွပ်ပြား တစ်​အိမ်​ကို ၃​၂ ချပ်​စီ (အိမ်​သုံး​လုံး​အတွက် ကျပ်​သုံး​သိန်း​နှစ်​သောင်းကျော်​ဖိုး)၊ မိုး​ဖို​ဆောင်​ပြို​ကျ​ခဲ့​တဲ့ အိမ်​နှစ်​လုံး​အတွက် ကျပ်​သုံး​သောင်း​စီ နဲ့ စုစုပေါင်း ကျပ်​ငါး​သိန်း​လေး​သောင်း​ဖိုး​ခန့် ကူညီ​ခဲ့​ကြ​တယ်​လို့ သိ​ရ​ပါ​တယ်။ ဒါ့​အပြင် ရပ်​ထဲ​ရွာ​ထဲ​မှ ထပ်မံ​ကူညီ​သွား​ဖို့​လည်း ရှိ​နေ​သေး​ကြောင်း​လည်း သိ​ရ​ပါ​တယ်။

အခု​လို ရပ်​ရွာ​က ကူညီ​တာ​က​လွဲ​လို့ အာဏာပိုင်​အဖွဲ့​အစည်း​တွေ​က​လည်းကောင်း၊ တခြား​လူ​မှု​ရေး နိုင်ငံ​ရေး အဖွဲ့​အစည်း​တွေ​က​လည်းကောင်း လာ​ရောက်​ကူညီ​တာ​မျိုး မ​ရှိ​သေး​ဘူး​လို့ ကော့လီမီဒီယာ သတင်းအရ သိ​ရ​ပါ​တယ်။

By: သစ်ထူးလွင်

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်