တကယ်မွှေးမှာလား ကံ့ကော်မြေ

“ကန်ရေပြင် မြေနီလမ်း ..တို့နဲ့ဝေး ..စွယ်တော်ခုံပြာတန်း တို့နဲ့ဝေး .. ယုံပါကွာ အချစ်ဆုံးမင်းကို . တို့တော့ သတိရ နေမှာပါ ...”

လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ကျောင်းဖွင့်ချိန် ဇွန်လများမှာ မိုးစက်များခပ်ဖွဲဖွဲရွာနေပေလိမ့်မည်။ စိန်ပန်းတွေလည်း ရဲရဲပွင့်နေလိမ့်မည်။ တရုတ်စကားပွင့်တွေလည်း ဖူးပွင့်နေပေလိမ့်မည်။ အဓိပတိလမ်းမကြီးတစ်လျှောက် ထီးရောင်စုံကိုယ်စီဖြင့် အဆင်အသွေးစုံ ကျောင်းသား၊ ကျောင်းသူများ ပျားပန်းခတ်နေလိမ့်မည်။ သည်လမ်း မကြီးကို ဂုဏ်ယူဝံ့ကြွားစွာ ခြေချခဲ့ကြပါလိမ့်မည်။

ပြီးတော့ ရန်ကုန်တက္ကသိုလ် ရင်ခွင်ကို ခိုလှုံဖူးသူတို့ ဘယ်တော့မှမေ့မရနိုင်သည့် သစ်ပုပ်ပင်ကြီး၊ အဓိပတိလမ်းကို ၀င်ဝင်ချင်း ဘယ်ဘက်က မန္တလေးဆောင်ကြီး၊ ညာဘက်က ဗိုလ်အောင်ကျော် ကျောက်တိုင်ပုလေး၊ ဂျပ်ဆင်ဘုရားကျောင်း၊ ရွှေဘိုဆောင်၊ နာမည်ကျော်မာလာဆောင်၊ အင်းလျားဆောင်၊ ကိုအောင်ဆန်းနေဖူးသော ပဲခူးဆောင်စသည့် အဆောင်များအားလုံး၏ ပင်မဖြစ်သော ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး၊ တက္ကသိုလ်စာကြည့်တိုက်ကြီး .. ပြီးတော့ .. ကံ့ကော်ပင်တွေ၊ ပိတောက်ပင်တွေ၊ တရုတ်စကားပွင့်လေးတွေ၊ သစ်တိုပင်လမ်းကလေး၊ ဦးချစ်လက်ဖက်ရည်ဆိုင်၊ ယမ်းဘီလူးဆိုင်၊ အင်းလျားကန်ပေါင်။

ရန်ကုန်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတို့အတွက် ဂုဏ်ယူစရာအထိမ်းအမှတ်နေရာများစွာက ခေတ်အဆက်ဆက် ရှင်သန်နေဆဲဖြစ်သည်။ ယခင်က တက္ကသိုလ်ကြီးထဲ ခြေချဖူးသူတို့ ၏ သတင်းစကားများ၊ တက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် စာရေးဆရာကြီးများ၏ ရေးသားဖော်ပြ ချက်များကိုသာ ယနေ့မှာတော့ ခေတ်လူငယ်တို့အတွက် ပုံပြင်တစ်ပုဒ်နှယ် ကြားသိခဲ့ရသည်။

တက္ကသိုလ်ကြီးအကြောင်း မည်သည့်အချိန်မှာပင် ကြားရစေတော့ ချက်ချင်းပင်ပြေးကြည့်၊ ပြေးတက်လိုက်ချင်သည့်စိတ်ကလည်း တဖွားဖွားပေါ်လာတတ်စမြဲ၊ သို့ သော် ရန်ကုန်တက္ကသိုလ်ကြီး ကိုယ်တိုင်ပင် သူ့ရင်သွေးများနှင့်ဝေးကွာခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။
အမိရင်ခွင်မှ အမှတ်တရများကိုတော့ ဘယ်သောအခါမျှ မမေ့နိုင်ကြ။

အဓိပတိလမ်းထက်က ရွက်ကြွေများ
“ကြင်နာသူရဲ့ ကံ့ကော်တန်း .. ခြေရာထင်ကျန်ဆဲ အဓိပတိလမ်း ... ရင်မှာသံမှိုစွဲ နှလုံးအိမ်ထဲ ... တို့တော့သတိရနေမှာပါ”
ရန်ကုန်တက္ကသိုလ်ပင်မဂိတ်ပေါက်မှ လှမ်းဝင်လိုက်သည်နှင့် အဓိပတိလမ်းမကြီးက ခန့်ထည်စွာ ဆီးကြိုပါလိမ့်မည်။ ယခုအခါ ပြန်လည်ပြင်ဆင်ထားသည့် အဓိပတိလမ်းသည် ၀ဲယာတစ်ဖက် တစ်ချက်၌ မီးတိုင်သစ်များ၊ ပိုးထားသော ကတ္တရာသစ်များ၊ ပလက်
ဖောင်းသစ်များ၊ မြက်ခင်းသစ်များဖြင့် ကြည့်ကောင်းနေပေသည်။ ၀င်ဝင်ချင်း ညာဘက်သို့ လှည့်ကြည့်ပါက ဗိုလ်အောင်ကျော်အထိမ်းအမှတ် ကျောက်တိုင်ငယ်လေး တွေ့ရပါမည်။

ဘယ်ဘက်သို့ လှမ်းကြည့်ပါက New Hall ဟုခေါ်ဆိုခဲ့ကြသော မန္တလေးဆောင်၊ အမရဆောင်၊ ရာမညဆောင်၊ တောင်ငူဆောင်စသည်တို့ကို တွေ့ရမည် ဖြစ်သည်။ အဓိပတိလမ်းမတစ်လျှောက်တွင် ငွေစာရင်းရုံး၊ ရွှေဘိုဆောင်၊ ဒဂုံဆောင်၊ တက္ကသိုလ် စာကြည့်တိုက်နှင့် သိပ္ပံ၊ ၀ိဇ္ဇာစာ သင်ဆောင်များရှိကြသည်။

ဗြိတိန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်ဖွဲ့စည်းပုံအတိုင်း တည်ထောင်ထားသော ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမကြီးသည် ယနေ့ထက်တိုင်ပင် သစ်ရွက်ခြောက်များ တဖွဲဖွဲကြွေကျဆဲဖြစ် သည်။ သူ့ရင်ခွင်ပေါ် နင်းဖြတ်လာမည့် ကျောင်းသား၊ ကျောင်းသူတို့၏ ခြေသံများကိုလည်း နားစွင့် နေဆဲဖြစ်ပါသည်။

အထီးကျန်သော်လည်း အကျည်း မတန်သည့် ကျောင်းဆောင်များ
ရန်ကုန်ကောလိပ်အဆောက်အအုံများကို ၁၉၀၀ ပြည့်နှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၂၀၊ ဒီဇင်ဘာလ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ်ကြီးအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။

သထုံ၊ ပဲခူး၊ ပင်းယ၊ အင်းဝ၊ စစ်ကိုင်းကျောင်းဆောင်များသည် Central Hall ပင်မကျောင်းဆောင်များဖြစ်ပြီး ၁၉၂၈ ခုနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည်။ ပြည်၊ တကောင်းနှင့် ပုဂံဆောင်များကို ၁၉၂၆ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ၀ိဇ္ဇာနှင့်သိပ္ပံစာသင်ဆောင်များ အပါအ၀င် ရွှေဘိုဆောင်၊ ဒဂုံဆောင်၊ သီရိဆောင်များကို ၁၉၃၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။

New Hall ဟုခေါ်သည့် မန္တလေး၊ အမရ၊ ရာမည၊ တောင်ငူဆောင်များ၊ မာလာဆောင်၊ ရတနာဆောင်၊ အင်းလျားဆောင်တို့ကို လွတ်လပ်ရေးခေတ်ဦးကျမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ သထုံလမ်းဘက်တွင် ပညာရေးကျောင်းသူများ နေထိုင်သည့် တီတီစီကျောင်းဆောင် (နှင်းဆီကုန်း) လည်းရှိသည်။

လက်ရှိရန်ကုန်တက္ကသိုလ် နယ်မြေကြီးကို ၁၉၁၈ ခုနှစ် ဇွန်လမှစတင်ကာ ဧက ၇၀၀ နှင့် ၈၀၀ အကြား ကျယ်ဝန်းသည့် သရက်နှင့် မရမ်းခြံများကို ခုတ်ထွင်ရှင်းလင်း၍ ရန်ကုန်တက္ကသိုလ် အဆောက်အအုံများ ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

အင်္ဂလိပ်ခေတ်လက်ရာ အဆောက်အအုံနီနီကြီးများ၏ အခန်းငယ်များထဲမှ စာအံသံများ ထွက်ပေါ်ခဲ့ဖူးသည်။ ဂစ်တာသံများ၊ ပျော်ရွှင်စွာရယ်မောသံများ ပေါ်ထွက်ခဲ့ဖူးသည်။ တေးသီချင်းများဖြင့် အဆောင်သူတို့ အိပ်မက်တွေ လှပခဲ့ကြသည်။

ထင်ရှားသည့်နိုင်ငံ့ခေါင်းဆောင်အချို့သည် ထိုအဆောင်များထဲမှပင် ပေါ်ထွက်လာကြသည်။ အနုပညာရှင်များစွာသည် ထိုအဆောင်များထဲမှာ သန္ဓေတည်ခဲ့ကြသည်။ စာပေပညာရှင်များသည် ထိုအဆောင်များထဲမှာ ဉာဏ်ကွန့်မြူးခဲ့ကြသည်။ ပဲခူးဆောင်မှ ကိုအောင်ဆန်းနေထိုင်ခဲ့သည့် အခန်းငယ်လေးကို တန်ဖိုးထားခဲ့ကြသည်။

မည်သို့မျှ မေ့ပျောက်မရနိုင်သော အဆောင်ဟောင်းကြီးများထဲမှာ ကြီးမားသော သမိုင်းကြောင်းတွေ ရှိသည်။ မြန်မာတစ်နိုင်ငံလုံး၏ အနာဂတ်အဆုံးအဖြတ်သည် ထိုအဆောင်ဟောင်းကြီးများထဲမှ ပေါ်ထွက်လာဖူးသည်။ ယခင်က စည်ကားသိုက်မြိုက်ခဲ့ဖူးသည့် အ ဆောင်ဟောင်းကြီးများသည် ယခုအခါ ခြောက်သွေ့နွမ်းလျနေပါသည်။ လူတွေကလည်း နေထိုင်သည်ဆိုရုံ၊ ရှိသည်ဆိုရုံမျှ။

ထိုသို့နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့သော်လည်း အဆောင်များအားလုံး အကျည်းမတန်သေးပါ။ ခန့်ညားထည်ဝါလျက်ပင် ရှိပါသည်။ လက်ရှိတွင် ရန်ကုန်တက္ကသိုလ်ရှိ အဆောင်များကို ပြန်လည်မွမ်းမံပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

သမိုင်းကြောင်းကို ငုံ့ကြည့်နေသော သစ်ပုပ်ပင်ကြီး
အဓိပတိလမ်းမထက်မှာ ရန်ကုန်တက္ကသိုလ်စတည်စဉ်ကတည်းက ရှိနေခဲ့သည့် သစ်ပုပ်ပင်ကြီးကို တွေ့ရပါမည်။ မလှမ်းမကမ်းမှာ ဘွဲ့နှင်းသဘင်ကြီးက ထည်ဝါစွာ ရပ်တည်လျက်ရှိသည်။ နှစ်ပေါင်းတစ်ရာကျော်လာပြီဖြစ်သည့် သစ်ပုပ်ပင်အိုကြီးသည် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံဆဲ။

တက္ကသိုလ်နယ်မြေမှ ကျောင်းသားကျောင်းသူတိုင်းသည် သစ်ပုပ်ပင်ကြီးနှင့် ထိတွေ့ရင်းနှီးခဲ့ကြသည်။ သူ့အရိပ်အောက်မှာ ခိုဝင်ခဲ့ကြသည်။ သူ့ပင်စည်မှာ စာထွင်း၍ တစ်သက်တာ အမှတ်တရများ ရေးခြစ်ခဲ့ကြသည်။

နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းရှိ သက်တမ်းရင့်သစ်ပင်ကြီးများစွာ ပြိုလဲခဲ့ရသည်။ ထိုစဉ်က ကျောင်း သားဟောင်းများသာမက ပြည်သူအများက သူတို့ချစ်သော သစ်ပုပ်ပင်ကြီးကို စိုးရိမ်တကြီးဖြစ်ခဲ့ရသည်။ ရန်ကုန်တက္ကသိုလ်နှင့် တွဲမြင်ရသည့် ကြီးမားသော ဂုဏ်ပုဒ်တစ်ရပ်ကြောင့် သစ်ပုပ်ပင်ကြီး အဆုံးသတ်သွားမှာကို စိုးထိတ်ခဲ့ ကြသည်။ သစ်ပုပ်ပင်ကြီးရှိနေဆဲပါ။ ကြံ့ကြံ့ခံ၍ နာဂစ်ကို ဖြတ်သန်းနိုင်ခဲ့သည်။

ဂျပ်ဆင်အိုနှင့်ဓမ္မာရုံ
အမေရိကန် ဘက်ပတစ် သူနာပြုအဖွဲ့ ထူထောင်သော ဘက်ပတစ်ကောလိပ်သည် ၁၈၉၄ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည်။ အဆိုပါကောလိပ်ကို ယုဒသန်ကောလိပ်ဟူ၍ ၁၉၁၈ ခုနှစ်တွင် အမည်ပြောင်းလဲခဲ့သည်။ ယုဒသန်ဘုရားကျောင်းကိုလည်း တည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင် ဂျပ်ဆင်ခန်းမ၊ ဂျပ်ဆင်ဘုရားကျောင်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ၁၉၂၀ ရန်ကုန် တက္ကသိုလ် အက်ဥပဒေအရ ရန်ကုန်ကောလိပ်နှစ်ခုကိုပေါင်းစည်းကာ ရန်ကုန်တက္ကသိုလ်ဟူ၍ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

ဂျပ်ဆင်ဘုရားရှိခိုးကျောင်းမှာ ယနေ့ထက်တိုင် တနင်္ဂနွေနေ့တိုင်း လူစည်ကားဆဲဖြစ်သည်။ အမေရိကန်အဖွဲ့က ဂျပ်ဆင်ဘုရားရှိခိုးကျောင်းကို တည်ဆောက်ခဲ့ကြသလို မြန်မာကျောင်းသားကြီးများကလည်း တက္ကသိုလ်ရိပ်သာလမ်းနှင့် လှည်းတန်းမီးပွိုင့်အနီး၌ တက္ကသိုလ်ဓမ္မာရုံကြီးကို ၁၉၃၁-၃၂ ခုနှစ်တွင် တည်ဆောက်ပြုပြင်ခဲ့ကြသည်။

ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းက ခရစ်ယာန်ဘုရားကျောင်းနှင့် ဗုဒ္ဓဘာသာ ဓမ္ဓာရုံကြီးတို့ နှစ်ခုစလုံးသည် ယခုအခါ အိုမင်းလာကြပြီဖြစ်သည်။ သမိုင်းဝင် နေရာများအဖြစ် တည်ရှိနေကြပြီဖြစ်သည်။ ဂျပ်ဆင်ဘုရားကျောင်းထိပ်မှာ လရိပ်ကတော့ သာဆဲပင်။

ဇာတ်လိုက်ကျော်အင်းလျားနှင့် အတိတ်ဆိုးတံတားဖြူ
“အိမ်ပြန်ချိန် .. တို့ခွဲ .. တစ်လမ်းစီမို့ .. ပြန်လည်ဆုံဆည်းကြနိုင်ဖို့ .. ကံကိုသာ မျှော်လင့်ရင်းအဝေးက .. တို့ သတိရနေမှာပါ ..””
ရေပြင်သည် လေအသော့တွင် လှိုင်းကြက်ခွပ်လေးများ လှုပ်ကာလှုပ်ကာဖြင့် အမြင်တင့်နေဆဲ။ တက္ကသိုလ် ကျောင်းသားနှင့် တက္ကသိုလ်ကျောင်းသူတို့၏ ချစ်သူ့နယ်မြေဖြစ်သော အင်းလျားကန်ပေါင်သည် တစ်သက်တာ လက်တွဲရမည့် အိမ်ထောင်ဖက်ကို ရွေးချယ်ပေးလိုက်လေ့ရှိသည်။ အင်းလျားကန်ပေါင်ထက်မှ ကျောင်းသား၊ ကျောင်းသူတို့၏ ခြေရာများမှာလည်း မေ့ပျောက်မရသည့် အမှတ်တရများထဲမှ တစ်ခုပင်ဖြစ်သည်။ အင်းလျားကန်ပေါင်အောက်ဘက် ပြည်လမ်းပေါ်မှ တံတားဖြူမှတ်တိုင်ကတော့စနစ်ဆိုးအောက်မှာ သွေးစက်တို့ဖုံးလွှမ်း၍ တံတားနီအဖြစ် အတိတ်ဆိုးတွင်ရစ်ခဲ့ရသည်။ ၁၉၈၈ မတ်လ ၁၆ ရက် (တံတားနီအရေးအခင်းနေ့)ကို တံတားဖြူမှတ်တိုင်နှင့် အင်းလျားရေပြင်ကြီးက ဘယ်တော့မှမမေ့။

အစဉ်အလာကြီးသော တက္ကသိုလ်
တစ်ချိန်က ရန်ကုန်တက္ကသိုလ်သည် ပညာရေးနှင့်ပတ်သက်လျှင် အရှေ့တောင်အာရှတွင် အစဉ်အလာကြီးမားခဲ့သည်။ ၁၉၆၀ မတိုင်မီအထိ နိုင်ငံရပ်ခြား အချို့မှ ကျောင်းသားကျောင်းသူများသည် ရန်ကုန်တက္ကသိုလ်တွင် လာရောက်ပညာသင်ကြားခဲ့ကြရသည်။

ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခဒေါက်တာလုစ်၊ ကျောင်းအုပ်ကြီး ဦးဖေမောင်တင်၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာတိုက်စိုး၊ ဒေါက်တာ သန်းထွန်း၊ ပါမောက္ခချုပ်ဒေါက်တာ ထင်အောင်၊ ဒေါက်တာသာလှ၊ ဒေါက်တာညီညီ၊ ဒေါက်တာမောင်မောင်ခတို့အပြင် အင်္ဂလိပ်စာဌာနမှဆရာကြီးဦးမျိုးမင်း၊ ဦးခင်မောင်လတ်၊ ဒဿနိကဗေဒပါမောက္ခ ဒေါက်တာခင်မောင်ဝင်း၊ ယခုနိုင်ငံတော်သမ္မတ အကြံပေး ဦးမြင့် (စီးပွားရေးတက္ကသိုလ်) တို့အထိ ပေါ်ထွန်းခဲ့ကြသည်။

အပြောင်းအလဲများရဲ့အစ၊ ကျောင်းသားသမဂ္ဂနဲ့ တိုက်ပွဲခေါ်သံ
ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ဒီဇင်ဘာလ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ဖွင့်ချင်းပင် ဆောက်နှင့်ထွင်းသလိုဖြစ်ခဲ့ရသည်။ ဖွင့်လှစ်လိုက်သည့် တက္ကသိုလ်နှင့်အတူ ပေါ်ထွက်လာခဲ့သည့် ကိုလိုနီနယ်ချဲ့အစိုးရ၏ ၁၉၂၀ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်သောအားဖြင့် ကျောင်းသား ၂၆ ဦး ခေါင်းဆောင်၍ ပထမကျောင်းသားသပိတ်ကြီးကို ၁၉၂၀ ဒီဇင်ဘာ ၅ ရက်နေ့ (တန်
ဆောင်မုန်းလဆုတ် ၁၀ ရက်) တွင် စတင်ဆင်နွှဲခဲ့ကြသည်။ ထိုသပိတ်ကြီး၏ နောက်ဆက်တွဲအဖြစ် ယနေ့နိုင်ငံတော်က သတ်မှတ်ထား
သော အမျိုးသားနေ့အဖြစ် ပေါ်ပေါက်လာခဲ့သည်။

၁၉၃၈ ဒီဇင်ဘာလ ၂၀ ရက် ဒုတိယကျောင်းသားသပိတ်တွင် အတွင်းဝန်များရုံးကို ကျောင်းသားများ ၀ိုင်းဝန်းဆန္ဒပြခဲ့ကြရာမှ မြင်းစီးပုလိပ်များ၏ ရိုက်နှက်မှုကြောင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးခဲ့ရသည်။

ကိုနု၊ ကိုအောင်ဆန်း၊ ကိုသိန်းဖေ၊ ကိုသိန်းတင် (ညိုမြ)၊ ကိုကျော်ငြိမ်းတို့သည် ကျောင်းသားသမဂ္ဂကို ဦးဆောင်၍ နယ်ချဲ့အား ဆန့်ကျင်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီး ခေတ်တွင်လည်း ကျောင်းသား သမဂ္ဂနှင့် ကျောင်းသားခေါင်းဆောင်အသီးသီးသည် ကျောင်းသားအခွင့်အရေးသာမက ပြည် တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးတို့တွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့ကြစမြဲ။

ဤသို့ဖြင့် ၁၉၆၂ ခုနှစ်၊ ဇူလိုင် လ ၇ ရက်တွင် စစ်အာဏာရှင် နေ၀င်း၏ တပ်များက သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက်ဆီးရုံသာမက ပစ်ခတ်မှုကြောင့် ကျောင်းသားကျောင်းသူပေါင်း ရာနှင့်ချီကျဆုံးခဲ့ရသည်။ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းနှင့် ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးတော်ပုံတို့တွင် ကျောင်းသားများရက်စက်စွာ သတ်ဖြတ်ခံကြရသော်လည်း ဦးကားမညွတ်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် လုံထိန်းများ၏ လက်ချက်ဖြင့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရသည်။ ထိုမှစ၍ ကျောင်းသားလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး ၁၉၉၆ တွင် ကျောင်းသားသပိတ်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်ကိုပိတ်ပစ်ခဲ့ပြီး တက္ကသိုလ်သစ်များကို ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များ၏ အပြင်ဘက်သို့တိုင် ပြောင်းရွှေ့တည်ဆောက်ကာ ကျောင်းသားကျောင်းသူများကို ဝေးလံစွာ တက်ရောက်စေခဲ့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။

ကျောင်းသားများသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး သံဃာ့အရေးအခင်းကြီးတွင်လည်း သံဃာထုနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ ကြသည်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲများနှင့် ကြီးမားသော လှုပ်ရှားမှုတိုင်းတွင် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားများကတိုင်းပြည်အတွက် အမြဲဦးဆောင် ပါဝင်ခဲ့ကြလေသည်။

ရန်ကုန်တက္ကသိုလ် ပြန်လည်အသက်ဝင်လာတော့မည်လော
“လိုင်ဘရီလေးလည်း တို့နဲ့ ဝေး .. အာစီလေးလည်း သတိရမိတယ် .. ရင်မှာလွမ်းလို့ ကျတဲ့ မျက်ရည် .. ဂျပ်ဆင်အိုကလေး .. ဘယ်မမေ့ဘူး...”
နှစ်များစွာကြာအောင် စွန့်ပစ်ခြင်းခံထားရသည့် ရန်ကုန်တက္ကသိုလ်နယ်မြေသည် သမ္မတ ဦးသိန်းစိန်ဦးဆောင်သော ဒီမိုကရေစီအစိုးရသစ် လက်ထက်တွင် ပြန်လည်အသက်ဝင်လာတော့မည့် သဏ္ဍာန်ကို ခပ်ရေးရေးတွေ့လာရသည်။ အမေရိကန် သမ္မတဘားရက်အိုဘားမား၏ နိုဝင်ဘာ ၁၉ ရက် ခရီးစဉ်တွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအတွင်း မိန့်ခွန်းပြောကြားပြီးနောက် ရန်ကုန်တက္ကသိုလ်အား ပြည်တွင်းပြည်ပမှ ပြန်လည်အာရုံစိုက်မိလာကြခြင်းသည် တက္ကသိုလ်နယ်မြေ၏ ပြန်လည်ရှင်သန်မှုအတွက် ရောင်နီဦးတစ်ရပ်ပင်ဖြစ်ပါသည်။

ပြင်ဆင်မှုများပြုလုပ်လာသည့် ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းများ၊ အင်္ဂလိပ်စာ သင်တန်းများ၊ ဖွင့်လှစ်နေဆဲဖြစ်
သော်လည်း အများစုသော ကျောင်းဆောင်များကတော့ သော့ခတ်ထားဆဲ။

ထိုကျောင်းဆောင်များသည် တိုင်းပြည်အနာဂတ်ကို ဖန်တီးမည့် ကျောင်းသား၊ ကျောင်းသူများကို စောင့်ကြိုနေပါသည်။ အဓိပတိလမ်းကြီး သည်လည်းကောင်း၊ သစ်ပုပ်ပင်ကြီးသည်လည်းကောင်း၊ ဂျပ်ဆင်အိုကြီးသည်လည်းကောင်း၊ ဘွဲ့နှင်းသဘင်ကြီးသည်လည်းကောင်း တစ်ချိန်က အရှေ့တောင်အာရှတွင် လက်မထောင်နိုင်ခဲ့သည့် ပညာရေးစနစ်တစ်ရပ်နှင့် ပညာရည်နို့သောက်စို့ကြမည့် ရင်သွေးများကို မျှော်လင့်ကြိုဆို နေပါသည်။

ကံ့ကော်ပန်းများ ပင်လုံးကျွတ် ဝေေ၀ဆာဆာပွင့်လာမည့် တစ်နေ့တွင် အဓိပတိလမ်းမကြီးပေါ်၌ တက်ကြွသော ခြေသံများနှင့် ချိုလွင်လတ်ဆတ်သော ရယ်သံများ ပျံ့လွင့်လာပါလိမ့်ဦးမည်။ ယခုတော့ လေတစ်ချက်ဝှေ့လိုက်တိုင်း ရွက်ခြောက်များ တရှဲရှဲ အော်မြည်၍ တဖွေ့ဖွေ့ တဖွဲဖွဲ ကြွေကျ နေဆဲ .....။

မှတ်ချက်-တို့သတိရနေမှာပါသီချင်းကို လူမောင်(ဆေး-၁)ရေးဖွဲ့ခြင်းဖြစ်ပါသည်။

ရေးသားသူ- ဥက္ကာကိုကို -7Day News Journal


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ