“ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေသောအခါ(၂)

၎င်းမှတစ်ဆင့် နိုင်ငံ၏ လျို့ဝှက်ချက် များ ပေါက်ကြားသည်ဆိုကာ ထိုစစ်အရာရှိကြီးနှုတ်ထွက်ခဲ့ရပါသည်။ (ဤနေရာတွင်သက်ဆိုင်သူများ နှင့်သားမြေးများ ၏ ဂုဏ်သိက္ခာ အတွက် အမည်များကို မဖော်ပြခြင်းအား နားလည်ခွင့်လွှတ်စေလိုပါသည်)။ ထိုအချက်ကို ယခု ရည်ရွယ်ချက်ရှိရှိ အကွက်ကျကျ အသုံးချလိုက်ကြသည်ဟု ဆိုချင်ပါသည် ။ အထပ်ပေါင်းများစွာ အခန်းပေါင်းများစွာ ပါဝင်သော မိုးမျှော် အဆောက်အဦးတစ်လုံး၏ မည်သည့်နေရာတွင် မည် သို့ဖြစ်နေသည်ကို ဂြိုဟ်တုထောက်လှမ်းရေးဖြင့် ကြည့်မြင်နိုင်သောခေတ် ၊ အကျီကြယ်သီးတစ်လုံး၊ ဘော့ပင်ထိပ်ဖူးလေးတစ်ခုတွင်အသံဖမ်းကိရိယာပင်မကဗီဒီယိုမှတ်တမ်းတင်စက်ပင် ထည့်သွင်းထားနိုင်သော နည်းပညာ ခေတ်၊ တစ်နေရာမှတစ်နေရာသို့ သတင်းအချက်အလက်ပေါင်း သိန်းသန်းကုဍေချီ၍ စက္ကန့်ပိုင်းအတွင်းပေးပို့နိုင်သော ခေတ်တွင် နိုင်ငံတော် သမ္မတကိုယ်တိုင်မှသော်လည်းကောင်း ၎င်း၏အနီးဝန်းကျင်မှ မည်သူမဆိုထံမှ သော်လည်းကောင်း နိုင်ငံတော်လျို့ဝှက်ချက် ပေါက်ကြား နိုင်ပါသည်။ သို့ဖြစ်၍ နိုင်ငံတော် သမ္မတ၏ ခင်ပွန်း/ဇနီး ၊ သားသမီးတို့မှ တစ်ဆင့် နိုင်ငံတော် လျို့ဝှက်ချက် ပေါက်ကြားမည်ကို စိုးရိမ်ရသည် ဟူသောအကြောင်းပြချက်သည် ၊ “ အိုးကွဲအခြေပွင့် တစ်လုံးတွင် ရေထည့်ယူလာပြီးမှ အိုးနှုတ်ခမ်းမှ ရေဖိတ်ကျမည်စိုး၍ သတိကြီးစွာ သယ်ဆောင်လာရသည် ” ဟူသောအကြောင်းအရာထက်ပင် ပို၍ပြောင်မြောက်သော ဟာသပြက်လုံးတစ်ခုသာ ဖြစ်ပါလိမ့် မည် ။

(ဆ) ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတ အတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည် ။ (အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်၍ ဤအချက် အတွက် သီးခြားစောဒကတက်ဖွယ်မရှိပါ ။ )

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသစ်စက်စက်နိုင်ငံဖြစ်ပါသည် ။ ဒီမိုကရေစီနိုင်ငံဟူသည် လူ့အခွင့်အရေးကို အပြည့်အ၀ ပေးရပါ သည် ။ ထိုသို့လူ့အခွင့်အရေးပေးသည် ဆိုရာတွင် လူတစ်ဦးချင်းတစ်ယောက်ချင်းစီကိုသာကြည့်မြင်ရပါသည် ။ အသား အရောင် ၊ လူမျိုးဘာသာ ၊ မိဘ ၊ သားသမီး ဆိုသည်တို့ကို ထည့်သွင်းအကဲဖြတ်၍ မရပါ ။ နိုင်ငံအကြီးအကဲ၏ သားမြေးဖြစ်ပါလျှက် မတရားမှုများ ဥပဒေ ချိုးဖောက်မှုများပြုလုပ်ပါက ထိုကျူးလွန်သူကိုသာ အရေးယူရပါသည် ။ နိုင်ငံအကြီးအကဲကို အရေးယူ၍ မရပါ ( တာဝန်ယူ တတ်သောသူများကမူ ကိုယ့်တာဝန်ကိုယ်ယူတတ်ကြပါသည် ) သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတနှင့် ဒုတိယ သမ္မတများ၏ အရည်အချင်းသတ်မှတ်ချက်များ ဟူသည်မှာ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးပြဌာန်းချက်များနှင့် ကင်းလွတ်၍ အပမာန မှန်းဆချက်များဖြင့် ရေးဆွဲပြဌာန်းထားချက်များသာ ဖြစ်သည်ဟု ဆိုချင်ပါသည် ။ ထို့ထက်ပို၍ ဆိုရပါလျှင် “လူပုဂ္ဂိုလ် တစ်ဦးတစ် ယောက် ၊ အဖွဲ့အစည်း တစ်ခုခုအား ရည်ရွယ်ချက်ရှိရှိဖြင့် တားဆီးပိတ်ပင်ထားသော ဥပဒေမျှသာ” ဖြစ်သည်ဟု တင်ပြလို ပါသည် ။ ဤသို့သော “ဤ” ကို “ကျွဲ” ဖတ်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် ညီညွတ်ခဲ့ကြသည့် ခေါင်မိုးမလုံသည့်ဇာတ်လမ်းများသည် ဒီမိုကရေစီ နိုင်ငံသစ်အား သည်းခြေပျက် စေမည့် အကြောင်းတရားများသာဖြစ်ပါကြောင်း ၊ဤဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြင်ဆင်ခွင့်မရစေရန် ကြိုတင် ကြံစည်ထားသော လုပ်ရပ်များသည် ကမ္ဘာ့အလည်တွင် အရှိန်အဟုန်ဖြင့် မြင့်မားတိုးတက်လာတော့မည့် ဒီမိုကရေစီနိုင်ငံတော်သစ်အား အခက်အခဲများနှင့် ပြဿနာများကိုသာ သယ်ဆောင်လာလိမ့်မည်သာ ဖြစ်ပါကြောင်း အသိပေးတင်ပြလိုက်ရပါသည် ။

 ထင်လင်းဦး (Wisdom Villa)
by Messenger News                                                     
“ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေသောအခါ(၂) “ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေသောအခါ(၂) Reviewed by သစ်ထူးလွင် on 09:16 Rating: 5

No comments:

Powered by Blogger.