“ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေသောအခါ (၁)

ကမ္ဘာပေါ်တွင် နိုင်ငံပေါင်းများစွာရှိကြပါသည် ။ နိုင်ငံတစ်ခု(state)ကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် လူဦးရေ (popul-ation) နယ်မြေ အပိုင်းအခြား (territory) အုပ်ချုပ်သူအစိုးရ (government) နှင့် အချုပ်အချာအာဏာ (sovereignty) ဟူသည့် အချက်များနှင့်ပြည့် စုံရပါသည် ။ နိုင်ငံတစ်ခုစီ၏ သမိုင်းနောက်ခံ အကြောင်းအချက်များ ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ ၊ ရေမြေတောတောင် သဘာဝများ ၊ ယှဉ်တွဲနေထိုင်သော တိုင်းရင်းသား လူမျိုးစုများ၊ ဖွံ့ဖြိုးတိုးတက်မှု နှင့် အသိပညာ စသည့်အခြေခံများပေါ်တွင် မူတည်၍ နိုင်ငံများ၏ အုပ်ချုပ်ရေးစနစ်အသွင်သဏ္ဍာန် များလည်း အမျိုးမျိုးကွဲပြားကြပါသည် ။

ကမ္ဘာ့နိုင်ငံ အသီးသီး၏ အုပ်ချုပ်ရေးစနစ်များကို လေ့လာကြည့်လျှင် (၁)သမ္မတစနစ်ကို အပြည့်အ၀ကျင့်သုံးသော နိုင်ငံ (Countries with a full presidential system) (၂) သမ္မတစနစ်ကို တစ်စိတ်တစ်ပိုင်း ကျင့်သုံးသော နိုင်ငံ (Countries with a semi- presidential system) (၃) သမ္မတကို ပါလီမန်မှရွေးချယ်တင်မြှောက်ပြီး  သမ္မတတွင်လုပ်ပိုင်ခွင့် အာဏာရှိသောစနစ်ကို ကျင့်သုံးသော နိုင်ငံ (Parliamentary republics with an executive presidency chosen by the Parliament) (၄) ဂုဏ်ထူးဆောင် သမ္မတ(သမ္မတတွင်လုပ်ပိုင်ခွင့်အာဏာမရှိ)ကို ပါလီမန်မှ ရွေးချယ်တင်မြှောက်ပြီး ၀န်ကြီးချုပ်တွင်သာ လုပ်ပိုင်ခွင့်ပေးအပ်ထားသော စနစ်ကို ကျင့်သုံးသောနိုင်ငံ (Parliamentary republic with a ceremonial president, where the prime minister is the executive ) (၅) ၀န်ကြီးချုပ်အား လုပ်ပိုင်ခွင့်အာဏာ ကို ကျယ်ပြန့်စွာပေးအပ်ထားပြီး အခြေခံဥပဒေဖြင့် ချုပ်ကိုင် ထားသော ဘုရင် စနစ်( စည်းမျဉ်းခံဘုရင်စနစ်) ကို ကျင့်သုံးသော နိုင်ငံ (Constitutional monarchies where executive power is vested in a Prime minister/ premier) (၆) အခြေခံဥပဒေဖြင့် ချုပ်ကိုင်ထားသော ဘုရင်စနစ်( စည်းမျဉ်းခံဘုရင်စနစ်) ကိုကျင့်သုံးသော်လည်း သီးခြား အစိုးရအဖွဲ့အကြီးအကဲထားရှိသော၊ တော်ဝင်မိသားစုတွင် နိုင်ငံရေး သြဇာရှိသောစနစ်ကို ကျင့်သုံးသော နိုင်ငံ (Constitutional mona-rchies which have a separate head-of-government , but where royalty hold political power) (၇) အပြည့်အ၀ ဘုရင်(စော်ဘွား)စနစ်ကို ကျင့်သုံးသော နိုင်ငံ(Absolute monarchies) (၈) တစ်ပါတီစနစ်ကိုကျင့်သုံးသော နိုင်ငံ (Single – party state) များဟု၍ တွေ့မြင်ရမည်ဖြစ်ပါသည် ။

မြန်မာနိုင်ငံ၏  အုပ်ချုပ်ရေးစနစ်သည် ကမ္ဘာက အသိအမှတ်ပြုသတ်မှတ်ချက်အရ (Republics with a presidential system of government) ထဲတွင်ပါဝင်ပါသည် ။ သို့သော် သမ္မတကို ပြည်သူလူထုမှ တိုက်ရိုက်ဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ရခြင်း မဟုတ်ဘဲ လွှတ်တော်မှ ရွေးကောက်တင်မြှောက်ခြင်းဖြစ်သဖြင့် (Parliamentary republics with an executive presidency chosen by the Parliament) စနစ်ဟုလည်းဆိုနိုင်ပါလိမ့်မည် ။ ထို့ပြင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား ၊ အာရှ နိုင်ငံများဖြစ်သော ၊ ဂျပန် ၊ အီရတ် ၊ ပါကစ္စတန် ၊ ဥရောပနိုင်ငံများဖြစ်သော ယူနိုက်တက်ကင်းဒမ်း ၊ ဂျာမဏီ ၊ အီတလီ ၊ စပိန် တို့ကဲ့သို့လွှတ်တော်နှစ်ရပ်ဖြင့်ဖွဲ့စည်း ထားသော Bicameral system စနစ်ကိုကျင့်သုံးသည့်နိုင်ငံများထဲတွင်လည်း အပါ အ၀င် ဖြစ်ပါသည် ။

ကမ္ဘာပေါ်တွင် မတူကွဲပြားသောသမ္မတစနစ်ကို ကျင့်သုံးသောနိုင်ငံ (၄၃)နိုင်ငံရှိသည်။ သမ္မတစနစ်ကျင့်သုံးသော နိုင်ငံအများ စုတွင် နိုင်ငံဦးသျောင်သမ္မတအဖြစ် အရွေးချယ်ခံမည့် ပုဂ္ဂိုလ်၏အရည်အချင်းများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင်ထည့်သွင်းရေးဆွဲ ထားတတ်ကြပါသည်။ ထိုသို့ သမ္မတ၏အရည်အချင်းသတ်မှတ်ချက်များသည် အထက်တွင်ဖော်ပြခဲ့သည့် သမိုင်းနောက်ခံ အကြောင်း အချက်များ ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ ၊ ရေမြေတောတောင်သဘာဝများ ၊အတူယှဉ်တွဲ နေထိုင်သော လူမျိုးစုများ၊  ဖွံ့ဖြိုးတိုးတက်မှုနှင့် အသိပညာ အခြေခံများပေါ်တွင် များစွာမူတည်ကြောင်းတွေ့ရပါသည် ။ သို့သော် မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပြဌာန်းထားသောသမ္မတနှင့်ဒုသမ္မတတို့၏အရည်အချင်းသတ်မှတ်ချက်များမှာကမ္ဘာ့နိုင်ငံများ၏ သတ်မှတ်ချက်စံနှုန်း များနှင့် မတူညီဘဲ သိသိသာသာကွဲပြားခြားနားလှသည်ကို တွေ့မြင်ရပါသည် ။ “တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ် ဆန်း” ဟူသော စကားနှင့် ပင် မလုံလောက်ပဲ ၊ “ ငါရှင်ဘုရင် ငါ့တိုင်းပြည်- ဘယ်နှစ်ပတ်လှည့်လှည့်” ဟူသောစကားကို သုံးမှသာ လိုက်လျောညီထွေဖြစ် မည်ထင်ပါသည် ။ မြန်မာပြည်သူ/သားများ နှိုင်းယှဉ်လေ့လာ သုံးသပ်ဆုံးဖြတ်နိုင်ကြစေရန် ကမ္ဘာပေါ်မှ သမ္မတစနစ်ကျင့်သုံးသော ဒီမိုကရေစီ နိုင်ငံများ ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ၏ အရည်အချင်းသတ်မှတ်ချက်များကို လိုရင်းတိုရှင်းဖော်ပြလိုပါသည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ ၂၀၀၄ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပိုဒ် ၆၂ (The 2004 Constition, Article 62) အရ သမ္မတ အဖြစ် အရွေးချယ်ခံမည့် ပုဂ္ဂိုလ်သည် အာဖဂန် မိဘများမှ ဖွားမြင်သောအာဖဂန်နိုင်ငံသား မွတ်စလင်ဘာသာဝင် ဖြစ်ရမည် ၊ အခြားနိုင်ငံ ၏ နိုင်ငံသားမဖြစ်စေရ ။ အရွေးချယ်ခံသည့်နေ့တွင် အသက် ၄၀ ထက်မငယ်သူ ဖြစ်ရမည် ။ တရားရုံးလုပ်ထုံးလုပ်နည်းများအရ ပြစ်ဒဏ် ကျခံရသူ မဖြစ်စေရ ဟု သတ်မှတ်ထားသည် ။

အယ်လဘေးနီးယား နိုင်ငံတွင် ၁၉၉၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂) အပိုဒ် ၈၆ (The 1998 Constitution, Article 86, Section 2)အရ သမ္မတအဖြစ်အရွေးချယ်ခံမည့်ပုဂ္ဂိုလ်သည် အယ်လဘေးနီးယား နိုင်ငံတွင် ၁၀နှစ်ထက်မနည်း နေထိုင်သူ အယ်လ် ဘေးနီးယား နိုင်ငံသားဖြစ်ရမည် ။ အသက် ၄၀ ပြည့်ပြီးသူဖြစ်ရမည် ဟူ၍ သတ်မှတ်သည် ။

အယ်လ်ဂျီးရီးယားနိုင်ငံ၏ ၁၉၉၆ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)အပိုဒ် ၇၃ (1996 Constitution Article 73,section 1)အရ အယ်လ်ဂျီးရီးယား နိုင်ငံသား မွတ်စလင် ဘာသာဝင်ဖြစ်ရမည် ။ အသက်(၄၀) ပြည့်ပြီးသူ ဖြစ်ရမည် ။နိုင်ငံသား နှင့် နိုင်ငံရေး အခွင့်အရေးများကို အပြည့်အ၀ခံစားခွင့်ရရှိသူဖြစ်ရမည် ။ သမ္မတအဖြစ်အရွေးခံသူ၏ ဇနီး/ခင်ပွန်းသည် အယ်လ်ဂျီးရီးယား နိုင်ငံသား ဖြစ်ရမည်။ ၁၉၄၂ ခုနှစ်ဇူလိုင်လ မတိုင်မီ မွေးဖွားသူဖြစ်လျှင် ၁၉၅၄ ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့ တော်လှန်ရေးတွင် တရားမျှတသည့် ဘက်မှပါဝင်ခဲ့ဖြစ်ကြောင်း သက်သေပြနိုင်သူ ဖြစ်ရမည် ။ ထို့ကာလနောက်ပိုင်းတွင်မွေးဖွားသူ ဖြစ်လျှင် ၎င်း၏ မိဘများသည် ထို တော်လှန်ရေးတွင် မသင့်မလျော် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိကြောင်း သက်သေပြနိုင်ရမည် ။ သူ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ နှင့် နိုင်ငံအတွင်း သို့မဟုတ် နိုင်ငံပြင်ပတွင်ရှိသော ပိုင်ဆိုင်မှုများကို ပြည်သူအား ထုတ်ဖော်ကြေငြာတင်ပြရမည် ဟု သတ်မှတ်သည် ။

အင်ဂိုလာနိုင်ငံ၏ ၁၉၉၂ ဖွဲ့စည်းပုံ (Article 58 of the 1992 Constitution)အရ အသက်(၃၅)နှစ်ပြည့်ပြီးသူ မွေးရာပါအင်ဂို လာ နိုင်ငံသား ဖြစ်ရ မည် ။ နိုင်ငံသား နှင့် နိုင်ငံရေးအခွင့်အရေးများကို အပြည့်အ၀ ခံစားခွင့်ရရှိသူဖြစ်ရမည် ဟု သတ်မှတ်သည် ။

အာဂျင်တီးနားနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၈၉ (Article 89 of the Argentine Constitution) အရ နိုင်ငံနယ်နမိတ်အတွင်းမွေးဖွားသူဖြစ်ရမည် ။ အကယ်၍ နိုင်ငံရပ်ခြားတွင် မွေးဖွားသူ ဖြစ်လျှင် အာဂျင်တီးနားဇာတိဖွား နိုင်ငံသားများမှ မွေးဖွားသူဖြစ်ရမည်။လွှတ်တော်အမတ်အဖြစ်ရွေးချယ်ခံထိုက်သောအရည်အချင်းရှိသူ ဖြစ်ရမည် (အပိုဒ် ၅၅- လွှတ်တော်အမတ် အရွေး ခံရန်အတွက် အသက် (၃၀) ပြည့်ပြီးသူ ဖြစ်ရမည် ။ နိုင်ငံသား အဖြစ် ၆ နှစ်ကြိုတင်ဖြစ်ပြီးသူ ဖြစ်ရမည် ။ တစ်နှစ်တာ ၀င်ငွေ ပီဆို ၂၀၀၀ နှင့် အလားတူ ၀င်ငွေရှိသူ ဖြစ်ရမည်) ဟု သတ်မှတ်သည်။

အာမေးနီးယားနိုင်ငံတွင် ၁၉၉၉ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ်  ၅၀ (Article 50 of the 1999 Constitution) အရ အသက် (၃၅)နှစ်ပြည့်ပြီးသူ ၊ အာမေးနီးယား နိုင်ငံသားအဖြစ် တစ်ဆက်တည်း ၁၀နှစ် ဖြစ်ပြီးသူ နိုင်ငံအတွင်း တစ်ဆက်တည်း ၁၀ နှစ်ကြာ နေထိုင်သူ ၊ သမ္မတရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူဖြစ်ရမည် ဟု သတ်မှတ်သည် ။

သြစတီးရီးယားနိုင်ငံတွင် ၁၉၈၃ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) အပိုဒ် ၆၀ (Article 60, section (3) of the 1983 Constitution) အရ ဖက်ဒရယ် သမ္မတရွေးကောက်ပွဲပြုလုပ်သည့် နှစ်၏ ဇန်န၀ါရီလ (၁)ရက်နေ့တွင် အသက်(၃၅) နှစ် ပြည့်ပြီးသူ ၊ အောက်လွှတ်တော်အတွက် မဲပေးပိုင်ခွင့်ရှိသူ ၊ဖြစ်ရမည် ဟု သတ်မှတ်သည် ။

အဇာဘိုင်ဂျန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၁၀၀ (Article 100 of the Constitution states) အရ သမ္မတလောင်းသည် အသက် ၃၅ နှစ်အောက် မငယ်ရ။ အဇာဘိုင်ဂျန်နိုင်ငံတွင် ၁၀ နှစ်ကြာ အမြဲနေထိုင်သူ ဖြစ်ရမည် ၊ မဲပေးခွင့်ရှိသူဖြစ်ရမည် ၊ ပြစ်ဒဏ်ကျခံဘူးသူ မဖြစ်ရ ၊ အခြားနိုင်ငံ၏ပတ်သက်သူ သြဇာခံမဖြစ်ရ ၊ တက္ကသိုလ်ဘွဲ့ရဖြစ်ရမည် ။ နှစ်နိုင်ငံသား ခံယူထားသူ မဖြစ်ရ ဟု သတ်မှတ်သည် ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅)အပိုဒ် ၄၈ (Article 48, section 5 of the Constitution) အရ အသက်(၃၅)နှစ်အောက် ငယ်ရွယ်သူ ၊ ပါလီမန်သို့ ရွေးကောက်ခံရန် အရည်အချင်း မပြည့်မီသူ (ပါလီမန်ရွေးကောက်ပွဲတွင် အရွေးခံရန် အရည်အချင်းများမှာ အသက် (၂၅) နှစ်ထက်မငယ်သော နိုင်ငံသား ဖြစ်ရမည် ။ အကြွေးမဆပ်နိုင်၍ ပြစ်ဒဏ်သတ်မှတ်ခြင်းခံရသူ ၊ အခြားနိုင်ငံသား သို့မဟုတ် အခြားနိုင်ငံသို့ သစ္စာခံထားသူ ၊ ရွေးကောက်ပွဲမတိုင်မီ (၅)နှစ်အတွင်း နှစ်နှစ်သို့မဟုတ် ထို့ထက်ပို၍ ထောင်ဒဏ်ချမှတ်ခြင်းခံရဘူးသူ ၊ အစိုးရအမှုထမ်းဖြစ်သူ၊ တရားဥပဒေအရ အရည်အချင်းချွတ်ယွင်းသူ၊ ကျင့်သုံးနေသော အခြေခံဥပဒေ အရ စွပ်စွဲပြစ်တင်ခံရဘူးသူ မဖြစ်ရ) ဟု သတ်မှတ်ထားသည် ။

ဘရာဇီးနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) အပိုဒ်(၁၄) (Article 14, Section III (3) of the Constitution) အရ (၁) ဘရားဇီး နိုင်ငံသားဖြစ်သူ (၂) မဲပေးပိုင်ခွင့်ရှိသူ (၃) မဲပေးရန် မှတ်ပုံတင်ထားသူ (၄) မဲဆန္ဒနယ်တစ်ခုတွင် နေထိုင်သူ (၅) ပါတီတစ်ခုခု၏ ပါတီဝင်ဖြစ်သူ (၆) အသက်(၃၅) နှစ်ပြည့်ပြီးသူ ဖြစ်ရမည် ဟု သတ်မှတ်ထားသည် ။

            ကိုလံဘီယာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၁၉၁ (Article 191 of the Colombian) အရ ကိုလံဘီယာနိုင်ငံဇာတိဖွား ဖြစ်ပြီး အပြည့်အ၀ နိုင်ငံသား ဖြစ်သူဖြစ်ရမည် ။ အသက်(၃၀)ထက်မငယ်သူဖြစ်ရမည် ဟု သတ်မှတ်ပါသည် ။

ပြင်သစ်နိုင်ငံတွင် ရွေးကောက်ပွဲဥပဒေ (Code électoral)အရ ပြင်သစ်နိုင်ငံသားဖြစ်သူ ၊ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၊ပြစ်မှုကြောင်းအရ သို့မဟုတ် ခုံအဖွဲ့ဆုံးဖြတ်ချက်အရ ပြစ်ဒဏ်ကျခံရရန် ရှိသူမဖြစ်စေရ။ ဘဏ်စာရင်းရှိသူ ၊ နိုင်ငံလုံးကျွတ် ဆန္ဒမဲပေးပိုင်ခွင့်နှင့် သမ္မတ ရွေးချယ်ခံပိုင်ခွင့် အတွက်  ၁၉၆၂ နိုင်ဝင်ဘာ ၆ ရက်နေ့ ထုတ်ပြန်သော ဥပဒေ ပုဒ်မ ၆၂-၁၂၉၂ (Law No. 62-1292 of 6 November 1962 on the election of the President by universal suffrage) အရ အရည်အချင်းပြည့်မီသော အရွေးချယ်ခံရပြီးဖြစ်သည့် လွှတ်တော်အဖွဲ့ဝင်များ၊အုပ်ချုပ်ရေးမှုးများ အနည်းဆုံး ၅၀၀ဦးကသမ္မတအဖြစ်အမည်စာရင်း တင်သွင်းသူ၊ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ (၂၀၁၁ ဧပြီလ ၁၄ တွင် ထုတ်ပြန်သော ဥပဒေသစ် the second alinea of article #154 of French Electoral code အရ သမ္မတလောင်း၏ အသက်ကို ၂၃ နှစ်အစား ၁၈ နှစ်သို့ လျော့ ချခဲ့သည် ။)

ဂျာမဏီနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) အပိုဒ် ၅၄ (Article 54, section 1, of the German constitution) အရ ဘွန်ဒက်တက်(ဂ်) (Bundestag =the national parliament of the Federal Republic of Germany). ရွေးကောက်ပွဲတွင် မဲပေးခွင့် ရှိသူ ၊ အသက် ၄၀ ပြည့်ပြီးသူဖြစ်ရမည် ဟုလည်းကောင်း ၊ အခန်း (၁) အပိုဒ်  ၁၁၆ (Article 116, section 1) တွင် ဂျာမဏီ နိုင်ငံသား ဟူသည်မှာ ဂျာမဏီ နိုင်ငံသားလက်မှတ် ကိုင်ဆောင်သူ သို့မဟုတ်  ဂျာမန် လူမျိုး ဇာတိ သို့မဟုတ် ဇနီး၊ ခင်ပွန်း သို့မဟုတ် ထိုသူတို့၏ သားမြေးများ အဖြစ်ဖြင့် ၁၉၃၇ ဒီဇင်ဘာ ၃၁ တွင် သတ်မှတ်သည့် နယ်နမိတ်အရ ဂျာမန်(ရိုက်ခ်ျ) နိုင်ငံတော် နယ်နမိတ်အတွင်း နေထိုင်ခွင့်ပြုခြင်းခံရသူဖြစ်ရမည် ဟုလည်းကောင်း သတ်မှတ်ထားပါသည် ။

အိန္ဒိယနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၅၈ (Article 58 of the Constitution) အရ အိန္ဒိယနိုင်ငံသားဖြစ်ရမည် ။ အသက် ၃၅ နှစ်နှင့်အထက်ဖြစ်ရမည် ၊ အောက်လွှတ်တော် (Lok Sobha=the lower house of the Parliament of India) ၏ အဖွဲ့ဝင် ဖြစ်ရန် အရည်အချင်းပြည့်မီသူဖြစ်ရမည်။ အိန္ဒိယအစိုးရနှင့်ဆိုင်သော ဌာနတစ်စုံတစ်ခု(သို့) အစိုးရဟုဆိုနိုင်သော ဒေသဆိုင်ရာ အာဏာပိုင် လက်အောက်ရှိ ဌာနတစ်ခုခု တွင်တာဝန်ယူထားသူ မဖြစ်ရ၊ သို့သော် ဒုသမ္မတ ၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ၊ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၏အကြီးအမှူးတို့အပါအ၀င် ပြည်နယ် သို့မဟုတ် ပြည်ထောင်စု ၏ ၀န်ကြီးတစ်ဦးဦး တာဝန်ယူထားသူများ သည် သမ္မတ လောင်းအမည် တင်သွင်းခွင့်ရှိသည် ။ ( ထိုသူတို့သည် သမ္မတအဖြစ်ရွေးချယ်ခံရပါက သမ္မတတာဝန်ကို ထမ်းဆောင်သည့်နေ့တွင် ယခင်တာဝန်များမှ နှုတ်ထွက်ပြီး ဖြစ်သည်ဟု ယူဆရမည် ဟု သတ်မှတ်သည်။)

မက္ကဆီကို နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိဘတစ်ဦး (အနည်းဆုံး)သည် မွေးရာပါနိုင်ငံသားဖြစ်သော)မွေးရာပါ နိုင်ငံသား ဖြစ်ရမည် ၊ အသက် ၃၅နှစ် ရှိ၍ သက်တမ်းတစ်လျောက်တွင် အနည်းဆုံ အနှစ်(၂၀) နိုင်ငံအတွင်း နေထိုင်သူ ဖြစ်ရမည် ။ ရွေးကောက်ပွဲ ကာလတွင် တစ်နှစ်တာလုံး နိုင်ငံအတွင်းနေထိုင်သူ ဖြစ်ရမည် ။ ရွေးကောက်ပွဲကာလမတိုင်မီ အနည်းဆုံး ၆လ တွင် ပြည်နယ်အုပ်ချုပ် ရေးမှူး ၊ ရှေ့နေချုပ် ၊ နိုင်ငံတော် အတွင်းဝန် သို့မဟုတ် အတွင်းဝန်၏ လက်အောက်တို့တွင်တာဝန်ရှိသူ မဖြစ်စေရ ဟု သတ်မှတ်ထား ပါသည် ။

ဖိလစ်ပိုင်နိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၂) အပိုဒ် ၇ (Article 7, Section 2 of the Philipine Constitution) အရ- အနည်းဆုံး အသက်(၄၀)ရှိသူ ၊ မဲပေးပိုင်ခွင့်ရှိသူ ၊ ရေးဖတ်တတ်သူ ၊ မွေးရာပါ ဖိလစ်ပိုင်နိုင်ငံသားဖြစ်သူ၊ ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး (၁၀)နှစ် ဖိလစ်ပိုင်တွင် နေထိုင်သူ ဖြစ်ရမည် ဟု သတ်မှတ်ထားပါသည် ။

တူရကီနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၁၀၁ (Article 101 of the Constitution of Turkey) အရ အထက်တန်း ပညာအောင်ပြီးသူ ၊ အနည်းဆုံး အသက် (၄၀) ပြည့်ပြီးသူ ၊ အမျိုးသားညီလာခံအဖွဲ့ဝင် သို့မဟုတ် ပါလီမန်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခွင့်ရှိသူ၊ တူရကီနိုင်ငံသားဖြစ်သူ ၊ အပိုဒ် ၇၆(စစ်မှုထမ်းဥပဒေ)အရ စစ်မှုထမ်းရန်ပျက်ကွက်သူ၊ ဂုဏ်သိက္ခာကင်းမဲ့သောပြစ်မှု ( ဥပဒေ ၊ နိုင်ငံသား ၊ ၀န်ထမ်း) ကျူးလွန်သူ  ၊  လက်နက်ကိုင်တပ်ဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ထားခြင်းမရှိသူများ အရွေးချယ်ခံပိုင်ခွင့် ရှိသည်ဟု သတ်မှတ်ပါသည် ။

ကမ္ဘာ့ဒီမိုကရေစီအင်အားကြီးနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမေရိကန်နိုင်ငံဖွား နိုင်ငံသားဖြစ် ရမည် ။ အမေရိကတွင် အနည်းဆုံး ၁၄ နှစ် အမြဲနေထိုင်သောသူ ဖြစ်ရမည် ။ တစ်ကြိမ်ထက်ပို၍ သမ္မတတာဝန်ကို ထမ်းဆောင်ဘူးသူ မဖြစ်စေရ ၊ လွှတ်တော်၏ စွပ်စွဲပြစ်တင်ခြင်း ခံရဘူးသူ မဖြစ်စေရ ။ အမေရိကန်နိုင်ငံကို ဆန့်ကျင်မှုတွင် ပါဝင်ပတ်သက်သူ မဖြစ်စေရ ၊ အနည်းဆုံးအသက် ၃၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည် ဟု သတ်မှတ်ထားပါသည်။

အာရှကျားတစ်ကောင်ဖြစ်သောတောင်ကိုရီးယားနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁- အပိုဒ် ၆၇ ပိုဒ်ခွဲ(၄) (section (1) Article 67 – 4) အရ အမျိုးသား ညီလာခံတွင် ရွေးချယ်ခံပိုင်ခွင့်ရှိသူ ၊သမ္မရွေးကောက်ပွဲံကျင်းပသည့်နေ့တွင် အသက် ၄၀ ပြည်ပြီးသူတိုင်း သမ္မတအဖြစ် အရွေးခံပိုင်ခွင့် ရှိသည် ဟု သတ်မှတ်ပါသည် ။

အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတ၏ အရည်အချင်းသတ်မှတ်ချက်များကို အသေးစိတ် ပြဌာန်း ထားကြောင်း တွေ့ရပါသည်။၁၉၄၅ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရသမ္မတအဖြစ်အရွေးခံသူသည်အင်ဒိုနီးရှားဇာတိ ဖြစ်ရမည်။ အနည်းဆုံးအသက်(၃၀) ပြည့်ပြီးသူ နိုင်ငံသား ဖြစ်ရမည် ။ ပုဂ္ဂလိကပိုင်ကော်ပိုရေးရှင်းတစ်ခုခုတွင် ပါဝင်ပတ်သက်သူ မဖြစ်စေရ ။ မွေးရာပါနိုင်ငံသားဖြစ်ရမည် ။ အခြားနိုင်ငံသားအဖြစ် ဆန္ဒရှိသူ မဖြစ်စေရ ။ အင်ဒိုနီးရှားနိုင်ငံနယ်နမိတ်အတွင်း အမြဲနေထိုင်သူဖြစ်ရမည် ။ နိုင်ငံကို သစ္စာဖောက်ဖျက် သူ မဖြစ်စေရ ။ သမ္မတတာဝန်များကို ထမ်းဆောင်နိုင်သည့် ကိုယ်စွမ်း ညဏ်စွမ်းရှိသူ ဖြစ်ရမည် ။ ဥပဒေက ပြဌာန်းထားသည့် အခြား အချက်အလက်များနှင့် ကိုက်ညီရမည် ၊ နိုင်ငံရေးပါတီတစ်ခုသို့မဟုတ် ပါတီအဖွဲ့အစည်းများက အမည်စာရင်း တင်သွင်းခံရသူ ဖြစ်ရ မည် ဟုသတ်မှတ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင်ပြဌာန်းသော သမ္မတနှင့် ဒုသမ္မတ ရွေးကောက်ပွဲ ဥပဒေ အမှတ် ၄၂ (2008 Law No. 42 about Presidential and Vice Presidential Election) အရ (၁) တစ်ဆူတည်းသောဘုရားကို ယုံကြည်သူ ဖြစ်ရမည်။  (၂) မွေးရာပါ နိုင်ငံသား ဖြစ်ရမည် ၊ အခြားနိုင်ငံသား ဖြစ်လိုသူမဖြစ်စေရ (၃) နိုင်ငံတော်သစ္စာဖောက်ဖျက်သူ ၊ အဂတိ လိုက်စားသူ နှင့် အခြားပြစ်မှုကျူးလွန်သူမဖြစ်စေရ ။ (၄)သမ္မတ၏တာဝန်များကိုထမ်းဆောင်နိုင်သည့် ကိုယ်စွမ်းညဏ်စွမ်းရှိသူ ဖြစ် ရမည် ။ (၅)အင်ဒိုနီး ရှားနိုင်ငံနယ်နမိတ်အတွင်း အမြဲနေထိုင်သူဖြစ်ရမည် ။(၆)အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ ပိုင်ဆိုင်မှု တင်ပြထားပြီးသူ ဖြစ်ရမည် ။(၇)ပုဂ္ဂိုလ်အရသော်၎င်း အသင်းအဖွဲ့အရသော်၎င်း နိုင်ငံတော်အားထိခိုက်နစ်နာစေသော ကြွေးမြီတင်ရှိသူ မဖြစ်စေရ (၈)တရားရုံး ဆုံးဖြတ်ချက်အရ လူမွဲစာရင်း ကြေငြာခြင်းခံရသူ မဖြစ်စေရ ။ သိက္ခာမဲ့သော လုပ်ရပ်တစ်စုံတစ်ရာတွင် မည်သည့်အခါမျှ ပါဝင်ပတ်သက်သူမဖြစ်စေရ (၉)မဲဆန္ဒရှင် မှတ်ပုံတင်ပြီးသူ ဖြစ်ရမည် ။(၁၀)အခွန်ထမ်းအဖြစ် မှတ်ပုံတင်ထားသူ ၊ (အနည်းဆုံး)လွန်ခဲ့ သည့် (၅) နှစ်တာ အတွက် အခွန်ပေးဆောင်ပြီးသူ ဖြစ်ရမည် (၁၁)ယခင်က သမ္မတ သက်တမ်းနှစ်ဆက် ထမ်းဆောင်ပြီးသူ မဖြစ်စေရ (၁၂)ပန်ကက်ဆီလာ Pancasila (Pantjasila  ဟုလည်းစာလုံးပေါင်း)ကို သစ္စာစောင့်သိသူ ဖြစ်ရမည် ။ အင်ဒိုနီးရှား လွတ်လပ်ရေးကြေငြာချက်၊မျှော်မှန်းချက်တို့ကို ယုံကြည်သူ ဖြစ်ရမည် (၁၃) ငါးနှစ်ထက်ပို၍ ထောင်ဒဏ်ကျခံစေရန် စီရင်ချက်ချမှတ်ခံရသူ မဖြစ်စေရ (၁၄)အသက် ၃၅ နှစ်ထက် မငယ်စေရ(၁၅) (အနည်းဆုံး) အခြေခံပညာ အထက်တန်း (သို့မဟုတ်) ၎င်းနှင့် ညီမျှသော အတန်းပညာ တက်ရောက်သင်ကြားခဲ့သူဖြစ်ရမည် ။(၁၆) မည်သည့်အခါမှ အင်ဒိုနီးရှားကွန်မြူနစ်ပါတီဝင် သို့မဟုတ် ပါတီ၏ လူထုအဖွဲ့အစည်းဝင် မဖြစ်ခဲ့ဘူးသူဖြစ်ရမည်(၁၇) အမြှော်အမြင်ရှိသူ ၊ ၁ဟူ၍ သတ်မှတ်ထားပါသည် ။ ၎င်းဥပဒေ၏ အဆုံးတွင်  “has a vision, mission, and programs to executing the office of President“ ဟုဖော်ပြထားသည်ကို တွေ့ရရာ မြန်မာနိုင်ငံတွင် ပြဌာန်းထားသော သမ္မတ၏ အရည်အချင်းသတ်မှတ်ချက် ဖြစ်သည့် နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး ၊ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ စစ်ရေးစသည့် အမြင်များ ရှိရမည် ဟူသည့်အချက်နှင့် ခပ်ဆင်ဆင် တူညီနေသည်ကိုတွေ့ရပါသည် ။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ သမ္မတနှင့် ဒုသမ္မတတို့၏ အရည်အချင်းများ သတ်မှတ်ချက်တို့တွင် အခန်း(၃) အပိုဒ် ၅၉တွင်-(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာရှိသူဖြစ်ရမည် ။(ခ) မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်ပိုင်နက်အတွင်း၌ မွေးဖွား သော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည် ။ (ဂ) ရွေးကောက်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် (၄၅) နှစ်ပြည့်ပြီးသူ (ဃ) နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး ၊ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ စစ်ရေး စသည့် အမြင်များ ရှိရမည် (င) သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံး အနှစ်(၂၀) နိုင်ငံတော်တွင်အခြေချနေထိုင်ခဲ့ သူဖြစ်ရမည် ။ ခြွင်းချက်-နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့်ကာလ အဖြစ်ထည့်သွင်းရေတွက်ရမည် ။(စ)မိမိကိုယ်တိုင်သော်လည်းကောင်း ၊မိမိ၏ မိဘတစ်ပါးပါးသော်လည်း ကောင်း ၊  မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း ၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း ၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း ၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ ။ (ဆ) ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည် ဟု သတ်မှတ်ပြဌာန်းထားသည်ကိုတွေ့ရပါသည် ။

အများညီ၍ “ဤ”ကို “ကျွဲ” ဖတ်သည်မှာပြဿနာမဟုတ်ပါ ။ နကိုယ်က“ ဤ” ဟုသတ်မှတ်ထားသည်ကို “ကျွဲ” ဟု ဖတ်ရန်အတွက် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ညှိနှိုင်းညီညွတ်ကြခြင်းသည်ကား ပြဿနာတစ်ခု ဖြစ်လာပါသည် ။ ထို့ထက်ပို၍ ကျန်သူများကိုပါ “ ဤ ” ကို “ဤ” ဟု ဖတ်ခွင့်မပေးဘဲ “ ကျွဲ” ဟုသာ ဖတ်ရမည်ဟု အတင်းအဓမ္မ ပြုကျင့်ကြခြင်းမှာ အလွန်ပင်ပြဿနာဖြစ်လာပါသည် ။ မိမိ နေအိမ် လုံခြုံရေးအတွက်  ခြံဝင်းအခိုင်အမာ ကာရံခြင်းမှာ သင့်လျော်သော်လည်း လိုအပ်သည်ထက်ပို၍ ခိုင်မာတောင့်တင်း မြင့်မားစွာ (အလုံပိတ်) ကာရံသောခြံဝင်းသည် မိမိအတွက် ထောင်နံရံသဖွယ် ပြန်လည်ပြုမူတတ်သည်ကို သတိချပ်ကြစေလိုပါသည် ။ မိမိအိမ်ကို ပြင်ပမှလူများ မမြင်နိုင်စေရန်ကာကွယ်သော ခြံတံတိုင်းသည် မိမိအတွက်လည်း ပြင်ပသို့ မမြင်နိုင်စေရန် ပိတ်ဆို့ကာဆီးသော အတား အဆီး ဖြစ်တတ်သည်ကို နားလည်ရန်လိုပါလိမ့်မည် ။

မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခန်း(၃) အပိုဒ် ၅၉ ပါ သမ္မတအရည်အချင်းများနှင့် စပ်လျဉ်း၍ ပြည်သူတစ်ယောက် အနေဖြင့် ညဏ်မီသလောက် သုံးသပ်တင်ပြလိုပါသည် ။

(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာရှိသူဖြစ်ရမည် ။

ထိုအချက်ကို နိုင်ငံသားတစ်ယောက်အနေဖြင့် ကျေကျေနပ်နပ်လက်ခံပါသည် ။ နိုင်ငံတော်၏ သမ္မတသည် နိုင်ငံတော်နှင့် နိုင်ငံ သားများအပေါ် သစ္စာရှိသူဖြစ်ရမည် ဆိုသည်မှာ အလွန်ပင်လိုအပ်သော အချက်ဖြစ်ပါသည် ။ သို့သော် “သစ္စာ” ဟူသည်ကို မည်သည့် အချက်အလက်များဖြင့် တိုင်းတာပါသနည်း ။ သမ္မတမဖြစ်မီ သစ္စာရှိရန်လိုသည်လား ၊ သမ္မတဖြစ်နေစဉ် သစ္စာရှိရန် လိုသည်လား ၊ သမ္မတဖြစ်ပြီးနောက်တွင် သစ္စာရှိရန်လိုသည်လား ၊နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာရှိ သူဖြစ်ရန်လိုအပ်သည်ဟုဆိုလျှင်  ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့၏ ဥက္ကဌများသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရန်မလိုအပ်ပါဟုဆိုလိုပါသည်လား ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိ သူဖြစ်ရန် မလိုအပ်ပါဟုဆိုလိုပါသည်လား စသည်မေးခွန်းများကိုတော့ မေးလိုပါသေးသည် ။

(ခ) မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်ပိုင်နက်အတွင်း၌ မွေးဖွား သော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည် ။

ဤအချက်အရဆိုလျှင် ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံတွင် သမ္မတဖြစ်ခွင့်ရမည်မဟုတ်ပါ ။(၎င်း၏ ဖခင် Barak Hussein Obama,Senior သည်ယခုထက်တိုင် ကင်ညာနိုင်ငံသားဖြစ်ပါသည် ။ ကင်ညာနိုင်ငံအစိုးရ၏ အဆင့်မြင့် စီးပွားရေးပါရဂူတစ်ဦးလည်း ဖြစ်ပါသည်။ မိခင် Ann Dunham သည်လည်း ကင်ညာနိုင်ငံတွင် အတူလိုက်နေထိုင်ပါသည်။ အိုဘာမား သမ္မတအဖြစ်အရွေးခံရရန် ဖခင်ကို ကင်ညာနိုင်ငံမှ အမေရိကန်သို့ပြောင်း၍ နိုင်ငံသားခံယူခိုင်းခဲ့ခြင်းမျိုး မရှိခဲ့ပါ။) ဤအချက်သည် ဒီမိုကရေစီနိုင်ငံတစ်ခုနှင့်မည်သို့ မျှမဆီလျော်သော သတ်မှတ်ချက်တစ်ရပ်ဖြစ်သည်ဟု ဆိုချင်ပါသည် ။ သားသမီးသည် မိဘကို ရွေးချယ်ပိုင်ခွင့် မရှိပါ ။ အရည်အချင်း ပြည့်ဝ၍ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်မှုများဆောင်ကြဉ်းပေးနိုင်မည့် အရည်အချင်းရှိသော ပုဂ္ဂိုလ်တစ်ဦးသည် ၎င်း၏ မိဘများအနက်မှ တစ်ဦး တိုင်းရင်းသားမဖြစ်ခြင်းကြောင့် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်မရှိ ဟူသောကိစ္စသည် မည်မျှ အဓိပ္ပါယ်ကင်းမဲ့ သည်ကို စဉ်းစားတတ်သူများသိနိုင်ကြပါသည် ။တစ်ဦးတစ်ယောက်၏ပင်ကိုယ်အရည်အချင်းကို သူနှင့်မဆိုင်သော အပ အရည်အချင်း ဖြင့် ခြေဖျက်ခြင်းဟုပင် ဆိုနိုင်ပါသည် ။ သိုးငယ်နှင့် ၀ံပုလွေပုံပြင်ကဲ့သို့ပင် “ နင်မဟုတ်ရင် နင့်အဖေ” ဟု အပြစ်ရှာထားသော ဥပဒေဟု ပင်ဆိုချင်ပါသည်။

ယခင်အစိုးရအဆက်ဆက်တွင် ဤသို့သောမူဝါဒများကို ကျင့်သုံးခဲ့သောကြောင့် ထူးချွန်ထက်မြက်သော ပညာတတ်များ (ထိုက်တန်သော ရာထူးဌာနန္တရများတွင် တာဝန်ထမ်းဆောင်ခွင့် မရကြသောကြောင်)့ နိုင်ငံမှ ထွက်ခွာသွားခဲ့ကြ၍ မျက်မှောက်တွင် နိုင်ငံ၏ ဦးနှောက်ယိုစီးမှု ပြဿနာနှင့် ရင်ဆိုင်တွေ့ကြုံနေရသည်ကို ထောက်ချင့်စေလိုပါသည် ။ ဤအပိုဒ်တွင် ပြဌာန်းသင့်သည်မှာ (အခြားဒီမိုကရေစီနိုင်ငံများတွင်ပြဌာန်းသည့်အတိုင်း) “ မိဘများနိုင်ငံသားဖြစ်ရမည်၊ နိုင်ငံတော်ပိုင်နက်အတွင်း၌ မွေးဖွားသော မွေးရာပါ နိုင်ငံသားဖြစ်ရမည် ” ဟုသတ်မှတ်သင့်ပါသည်။

(ဂ) ရွေးကောက်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် (၄၅) နှစ်ပြည့်ပြီးသူဖြစ်ရမည် ။

ဤအချက်နှင့်ပတ်သက်၍ စောဒကတက်ဖွယ်မရှိပါ ၊သို့သော် အခြားဒီမိုကရေစီနိုင်ငံများ၏ သမ္မတများထက် အသက် (၁၀) နှစ်ပိုမို အိုမင်းသောနိုင်ငံတော်သမ္မတကဦးဆောင်မည့်နိုင်ငံတစ်ခုအဖြစ်အမြဲရပ်တည်သွားရမည်ကိုတော့သတိပြုသင့်သည် ။ ထူးချွန်ထက်မြက် သောသူ တစ်ယောက်၏ နိုင်ငံအတွက်ပေးဆပ်မည့် လုပ်အားကို နိုင်ငံတော်နှင့် နိုင်ငံသားများက ခံစားရမည့် အခွင့်အရေး ကို (၁၀)နှစ် နောက်ကျပြီးမှ ခံစားရခွင့်ရမည်ဟုလည်း အဓိပ္ပါယ်သက်ရောက်နေသည်ကိုမူ သတိချပ်သင့်ကြပါသည် ။ 

(ဃ) နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး ၊ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ စစ်ရေး စသည့် အမြင်များ ရှိရမည် ။

လူတစ်ဦးတစ်ယောက်တွင် မည်သည့်အမြင်များရှိသည်ဆိုသည်ကို တိုင်းတာနိုင်သည့် အရာများမရှိနိုင်ပါ ။ မြင်တွေ့ချက်များ အရ မှန်းဆအကဲဖြတ်မှုများဖြင့်သာ ဆုံးဖြတ်ရပါသည် ။ နိုင်ငံရေးလုပ်သည်ဆိုကတည်းက နိုင်ငံရေးအမြင်တော့ အထိုက် အလျောက် ရှိကြ မည်သာဖြစ်ပါသည် ။ အုပ်ချုပ်ရေး အမြင်ရှိရမည် ဆိုသည်မှာမည်သည်ကိုဆိုလိုပါသနည်း ၊ နှစ်ပေါင်း(၂၀) ကျော်ကြာအောင်စစ်အာဏာ ရှင်အစိုးရကို ဆန့်ကျင်ခဲ့ကြရသည့် နိုင်ငံရေးသမားများမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်ကိုပင် ထမ်းဆောင်ဖူးကြသူများမဟုတ်၍ အုပ်ချုပ်ရေးအမြင်မရှိဟုဆိုနိုင်ပါမည်လား ။စီးပွားရေးအမြင်ရှိရမည်ဆိုသည်ကို မည်သို့တိုင်းတာမည်နည်း၊ မည်သို့သော စီးပွားရေးလုပ် ငန်းများကို တည်ထောင်ပိုင်ဆိုင်လုပ်ကိုင်နေသူဖြစ်ရမည်နည်း ။ လွန်ခဲ့သော အာဏာရှင်ခေတ်အတွင်းတွင် အစိုးရ နှင့် အလွမ်းသင့်သူ များသာ စီးပွားရေးလုပ်ငန်းကြီးများကို တည်ထောင်ပိုင်ဆိုင်ခွင့်ရှိကြသည်မဟုတ်ပါလား ။အမျိုးမျိုးဖိနှိပ်ခဲ့၍ စီးပွားရေးပျက်စီးခဲ့ရသူ နိုင်ငံ ရေးသမားများကို စီးပွားရေးအမြင်မရှိဟု ဆိုလိုပါသလား ။ စစ်ရေးအမြင်ဟူသည်မှာ အဘယ်ကိုဆိုလိုပါသနည်း ။ စစ်မှုထမ်းဖူးသူ များသည်သာ စစ်ရေးအမြင်ရှိသူဟု ဆိုလိုပါသလား ။ ဤသို့ဆိုလျှင် တပ်မတော်သားများမှအပ အခြားနိုင်ငံသူ/သားများသည် သမ္မတ ဖြစ်ခွင့်မရှိဟု ဆိုလိုပါသလား ဟူသည့်မေးခွန်းများကို မေးရပါလိမ့်မည်။

(င)သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံး အနှစ်(၂၀) နိုင်ငံတော်တွင်အခြေချ နေထိုင် ခဲ့ သူဖြစ်ရမည် ။ ခြွင်းချက်-နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့်ကာလ အဖြစ်ထည့်သွင်းရေတွက်ရမည် ။

ဤအချက်အားလည်း အထူးစောဒကတက်ဖွယ်မရှိပါ ။ သို့သော် အထက်တွင်ဖော်ပြခဲ့သလိုပင် အထွေထွေဖိနှိပ်မှုများကြောင့် နိုင်င မှ ထွက်ခွာသွားခဲ့ကြပြီး၊ ယခုကဲ့သို့ ဒီမိုကရေစီလမ်းစပေါ်သို့ပြန်ရောက်လာသောနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကြမည့် ထူးချွန်ထက် မြက်သော ပညာတတ်များ၊ ပညာရှင်များ အတွက် နစ်နာစေသော ပြဌာန်းသတ်မှတ်ချက်ဟု ဆိုချင်ပါသည် ။

(စ)မိမိကိုယ်တိုင်သော်လည်းကောင်း ၊မိမိ၏ မိဘတစ်ပါးပါးသော်လည်း ကောင်း ၊  မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း ၊မိမိ ၏ တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း ၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်း ကောင်း ၊ တိုင်း တစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ များ မဖြစ်စေရ ။

ဤအချက်မှာလည်း ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီမှုမရှိသော ပြဌာန်းချက်တစ်ရပ်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် လူ့အခွင့်အရေးအရ မိဘသည် အရွယ်ရောက်ပြီးသူ သားသမီး၏ လိုအင်ဆန္ဒကို ပိတ်ပင်တားမြစ်၍ မရနိုင်ပါ ၊ ဥပမာအားဖြင့် မိဘသည် NLD ပါတီဝင်ဖြစ်၍ သားသမီးကို NLD ပါတီဝင်ဖြစ်ရန် အတင်းအဓမ္မခိုင်းစေ၍ မရနိုင်ပါ ။ မိဘသည် ကြံ့ခိုင်ရေးပါတီ အလုပ် အမှုဆောင်ဖြစ်၍ သားသမီးကို ကြံ့ခိုင်ရေးပါတီကို မဲပေးရန် အဓမ္မခိုင်းစေ၍ မရနိုင်ပါ ။ မိဘက မျိုးချစ်စိတ်ပြည့်ဝစွာဖြင့် မြန်မာပြည်တွင် အေးတူပူမျှ နေလိုပါသော်လည်း သားသမီးက အမေရိကန်တွင် နေထိုင်ခွင့် (D-form) ပေါက်၍ သွားရောက် အခြေချနေထိုင်သည်ကို အဓမ္မတားမြစ်၍ မရနိုင်ပါ ။ သားသမီးက စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ရင်း လူ့သဘောသဘာဝအရ အိမ်ထောင်ပြုလိုက်သည်ကို မိဘက အတင်းအဓမ္မကန့်ကွက်၍ ရနိုင်မည်မဟုတ်ပါ။ ထိုသို့ အိမ်ထောင်ကျသဖြင့် နိုင်ငံခြားသူ/သား (နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ သို့မဟုတ် တိုင်းတစ်ပါးနိုင်ငံသား) အား သားမက်သို့မဟုတ်ချွေးမ တော်စပ်လိုက်ရမည် သာဖြစ်ပါသည် ။ (ထိုသားသမီးအား မျိုးချစ်စိတ် နိုင်ငံချစ်စိတ်မရှိဟူ၍ သားသမီးအဖြစ်မှ စွန့်လွှတ်ရန်မှာ ဗုဒ္ဓဘာသာဝင်မိဘများ အတွက် ဖြစ်နိုင်သည့်ကိစ္စမဟုတ်ပါ )။ ထိုသို့သော သားသမီးကြောင့် မိဘသည် နိုင်ငံတော်သမ္မတအဖြစ်မှ အရွေးခံခွင့်ဆုံးရှုံး သည်ဟူသော ဥပဒေ သတ်မှတ်ချက်သည် သားသမီးက ခိုးမှု လုယက်မှုကျူးလွန်သောကြောင့် မိဘအားဖမ်းဆီး သည် ဟူသော သဘောတရားမျိုးဖြစ် နေပါသည်။

ဤပြဌာန်းချက်သည် နိုင်ငံတော်၏ လှို့ဝှက်ချက် ပေါက်ကြားမည်စိုးသောကြောင့် ဤအချက်ကို ထည့်သွင်းသည်ဟု အစိုးရ များက အကြောင်းပြကြပါသည်။ ထိုသဘောတရားသည် ဦးနေ၀င်း အိမ်စောင့်အစိုးရခေတ်က စတင်သည်ဟုယူဆရပါသည် ။ အိမ်စောင့်အစိုးရအဖွဲ့ဝင် စစ်အရာရှိကြီးတစ်ဦး၏ ဇနီးသည် နိုင်ငံခြားသူဖြစ်ပါသည်။

ထင်လင်းဦး (Wisdom Villa)
by Messenger News
“ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေသောအခါ (၁) “ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေသောအခါ (၁) Reviewed by သစ်ထူးလွင် on 09:11 Rating: 5

No comments:

Powered by Blogger.