အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ လက်နက်ငယ် (၁၈၀)လက် သိမ်းဆည်းရမိခဲ့

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး သတင်း ထုတ်ပြန်ချက် ( ၂ / ၂၀၁၂)



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၂)

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်

၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်



ရခိုင် ပြည်နယ် အတွင်း ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ အသိပေး ကြေညာခြင်း

၁။ ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်း ထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန် ကြေညာခဲ့ ပြီးဖြစ်ပါသည်။

၂။ တစ်ကျော့ပြန်ဖြစ်ပွားလာသော ပဋိပက္ခဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်စီးသည့် လူနေအိမ် (၅၃၅၁) အိမ်နှင့် လူဦးရေ (၃၂၂၃၁)ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့ပါသည်။

၃။ လူ့အဖွဲ့အစည်းနှစ်ခု အကြားရှိ ပဋိပက္ခများသည် သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မှု အခြေအနေသို့ ကူးပြောင်းတော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုပင် လက်နက်ဖြင့် ရန်မူခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ ဒေသန္တရလုပ်လက်နက်ငယ် (၁၈၀)လက် သိမ်းဆည်းရမိခဲ့ပါသည်။ ထို့ပြင် အဆိုပါ လက်နက်ပြုလုပ်သူအချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများ ကိုလည်း ဖမ်းဆီးရမိသဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

၎။ ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက်အထားများကို တွေ့ရှိရပါသည်။

၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီး ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာနှင့် ဉာဏ်ပညာ အမြော်အမြင်ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ ယခုကဲ့သို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မထိခိုက် မညှိးနွမ်းစေရေးအတွက် နိုင်ငံတော်ကိုချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ကလည်း ငြိမ်းချမ်းစွာဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုပါသည်။

၆။ လက်ရှိအခြေအနေတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ပဋိပက္ခဖြစ်စဉ်များ၌ ဆက်စပ်ပတ်သက်သူများကို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား နိုင်ငံတော်မှ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

 Myanmar President Office
အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ လက်နက်ငယ် (၁၈၀)လက် သိမ်းဆည်းရမိခဲ့ အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ လက်နက်ငယ် (၁၈၀)လက် သိမ်းဆည်းရမိခဲ့ Reviewed by သစ်ထူးလွင် on 20:21 Rating: 5

7 comments:

johnmoe said...

ဒီမိုကရေစီစနစ် ရောက်ရှိအောင် ပြောင်းလဲနေတဲ့အချိန်မှာ အနှောက်အယှက် ပေးတာပါပဲ။ ဒီလို ပဋိပက္ခဖြစ်အောင် ရည်ရွယ်ပြီးပြုလုပ်တဲ့ ပြည်တွင်း၊ပြည်ပ မည်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို မဆို ထိထိရောက်ရောက် အရေးယူပြီး မှန်ကန်တဲ့ ဥပဒေ၊ အချုပ်အခြာ အာဏာ တည်ရှိကြောင်း နိုင်ငံတကာသို့ ပြပေးပါ။

Sein Win said...

ကျောသားရင်သားမခွဲခြားပဲပြတ်သားစွာအရေးယူဘို့လိုပါတယ်

Anonymous said...

ရခိုင်ဖြစ်ဖြစ်၊ဘယ်လူမျိုးဖြစ်ဖြစ်...ဥပဒေချိုးဖေါက်သူကိုထိထိရောက်ရောက်အရေးယူစေလိုပါတယ်..ကျနော်ထောက်ခံပါတယ်

than htut said...

ဒါနှောင့်ရှက်တာပေါ့ နိုင်ငံအတွက်အများကြီးထိခိုက်လာနိုင် တယ်ဆိုတာပြောစရာမလိုပါဘူး လူတိုင်းတွက်ဆနိုင်ပါတယ် တကယ်နှောက့်ယှက်သူရှိတယ်ဆိုရင်အမိဖမ်းနိုင်ဖို့လုပ်ရ မယ် နောက်မိတဲ့သူကိုပြင်းပြင်းထန်ထန်အပြစ်ပေးရမယ် တကယ်လုပ်ဖို့လိုပါတယ် ဘာကြောင့်လည်း ဒါဟာလည်း သမိုင်းသစ်တစ်ရပ်မှာမော်ကွန်းဝင်မယ့်ကိစ္စကြီးဖြစ်လို့ပါဘဲ

touttout said...

နောက်ကွယ်မှာ အကောင်ကြီးကြီးတွေ ပါနေရင်ရော အရေးယူမှာပါလားခင်ဗျာ။ the rule of law က တကယ်ရှိလို့လား။ ရှိရင်လည်း နိုင်ငံတကာက ယုံကြည်လာအောင် နမူနာလေးဖြစ်ဖြစ် လုပ်ပြလိုက်ပါ့လား။ သြော် - မြန်မာနိုင်ငံက အပြောမဟုတ် အဟုတ်ကို ဒီမိုကရေစီ ကျင့်သုံးနေပါလားလို့ သူသူကိုယ်ကိုယ် သိသွားအောင်။

myo chit said...

နှလုံးသားမှာအမုန်းတရားဆိုရှိနေသမျှတော့ပန်းပွင့်ကလည်းလက်နက်ဖြစ်နေမှာပဲ

King said...

သံယံဇာတတွေကြွယ်ဝတဲ့နယ်မြေတခုမှာအခုလိုဖြစ်နေတာကရေရှည်မှာနိုင်ငံအတွက်အလွန်နစ်နာပါတယ်။ပြည်သူတွေရဲ့မျက်နှာကိုကြည့်ပြီးဆူပူရမ်းကားရန်လိုနေတဲ့သူမှန်သမျှရခိုင်ရယ်ရိုဟင်ဂျာရယ်ဘာရယ်ညာရယ်မ ကြည့်ပဲပြတ်ပြတ်သားသားကျောသားရင်သားမခွဲခြားပဲအရေးယူပေးလိုက်ရင်ငြိမ်းချမ်းသွားမှာပါ။

Powered by Blogger.