ပဋိပက္ခများကြောင့် သုံးရက်အတွင်း သုံးဦးသေ၊ ၂၅ ဦး ဒဏ်ရာရ၊ အိမ်ခြေတစ်ထောင်ကျော် မီးလောင်

ရန်ကုန်၊အောက်တိုဘာ-၂၅

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိ သေဆုံးသူသုံးဦး ဒဏ်ရာရရှိသူ ၂၅ ဦးရှိပြီး အိမ်ခြေ တစ်ထောင်နီးပါး မီးလောင်ကျွမ်း ခံရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့  ပြန်ကြားရေးမှူး ဦးဝင်းမြိုင်က အတည်ပြု ပြောကြားသည်။

အောက်တိုဘာ ၂၁ ရက်မှ စတင်၍ ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တောမြို့နယ်တို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ယခုအခါ ငြိမ်သက်လာပြီဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သို့သော် အောက်တိုဘာ ၂၅ ရက် အခြေအနေများနှင့် ရသေ့တောင်၊ စစ်တွေ ဆင်ခြေဖုံးနေရာအချို့တွင်လည်း ပဋိပက္ခဖြစ်ပွားနေသည်ဆိုခြင်းနှင့်ပတ်သက်၍ အတည်မပြုနိုင်သေးကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အဓိကဖြစ်ပွားလျက်ရှိသော မြို့နယ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့် တိုးမြှင့်ခြင်းများ ဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း၊ အောက်တိုဘာ ၂၇ ရက်တွင် ကျရောက်မည့် ကုရ်အာနီအိဒ်ပွဲတော် မကျင်းပရန် တစ်စုံတရာ ဟန့်တားခြင်း၊ အနှောင့်အယှက်ပေးခြင်းများကို အစိုးရမှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

7Day News Journal

ဓါတ်ပုံ - ကိုအောင် (Facebook)

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်