လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကျေးရွာများ ဆန္ဒထုတ်ဖော်

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း ပြောင်းရွှေ့ကျေးရွာများ ချင်းတွင်းမြစ်အတွင်း ဆန္ဒထုတ်ဖော် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်း လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းနယ်မြေအတွင်း ပြောင်းရွှေ့ရမည့် ကျေးရွာများဖြစ်သော ၀က်
မှေး၊ ဆည်တည်းနှင့် ဇီးတောကျေးရွာများမှ ဒေသခံ ၃၀၀ ဦးကျော် စုပေါင်း၍ သြဂုတ်လ ၁၇ ရက် ည(၇)နာရီအချိန်တွင် မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်အတွင်း ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ဆီမီးမျောပွဲကျင်းပခဲ့သည်။

 "လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းနယ်မြေအတွင်း ပြောင်းရွှေ့ရမည့် ကျေးရွာတွေအနေနဲ့ ဆန္ဒထုတ်ဖော်တာပါ။ လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းကြီး လုံးဝရပ်တန့်စေရေးနဲ့ လယ်ယာမြေအသိမ်းခံရသူတွေ ကျေးရွာနေအိမ် အသိမ်းခံရသူတွေရဲ့ အပူမီးတွေကို ချင်းတွင်းမြစ်ထဲမှာ မျောတဲ့အနေနဲ့ ကျင်းပတာဖြစ်ပါတယ်"ဟု အဆိုပါ ချင်းတွင်းမြစ်အတွင်း မီးမျောပွဲပါဝင်သူတစ်ဦးကပြောသည်။

 လက်ပန်းတောင်းတောင်တွင် သီတင်းသုံးပြီး လယ်တီဒီပဏီကျမ်းကြီး(၂)ကျမ်းနှင့် ကျမ်းသေး(၂)ကျမ်းတို့ကို ပြုစုတော်မူခဲ့သော လယ်တီဆရာတော်ကြီး၏ ဘူမိနက်သန်အောင်မြေ လက်ပန်းတောင်းတောင်ကြီး ပျက်စီးမှုဘေးမှ ကင်းဝေးစေရန်၊ တိုင်းတစ်ပါးတရုတ်တို့၏ အတင်းအဓမ္မ လယ်ယာမြေသိမ်းဆည်းမှုမှ ကင်းဝေးစေရန်နှင့် လက်ပန်းတောင်းတောင် ပတ်ဝန်းကျင်ရှိ ကျေးရွာများ အပူသောကများ ဝေးပါရစေဟု ချင်းတွင်းမြစ်လယ်တွင် ဆုတောင်းပွဲကျင်းပခဲ့ခြင်းဖြစ်သည်။

 ဒေသခံ ၃၀၀ ကျော်မှာ ချင်းတွင်းမြစ်အတွင်း စက်လှေ(၅)စီးဖြင့် သြဂုတ်လ ၁၇ ရက် ည(၇)နာရီအချိန်တွင် မုံရွာမြို့ ဆုတောင်းပြည့်စေတီတော်ကို ဦးခိုက်ကာ ဆီမီးမျောပွဲအား တစ်နာရီနီးပါးကြာမြင့်သည်အထိ ကျင်းပပြုလုပ်ခဲ့သည်။ လက်ပန်းတောင်းတောင်သည် တောင်ပေါင်း(၃၃)လုံးဖြင့် ဖွဲ့စည်းထားသည်။ တစ်ချိန်က လယ်တီဆရာတော်ကြီး တရားအားထုတ်ကျင့်ကြံရာ၊ ဒီပနီကျမ်းများ ပြုစုခဲ့ရာ တောင်တန်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ မြန်မာနိုင်ငံသတ္တုတွင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ စက်မှုကုမ္ပဏီတစ်ခု ပူးပေါင်း၍ မြန်မာဝမ်ပေါင်ကုမ္ပဏီအမည်ဖြင့် ကြေးနီသတ္တုတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

သတင်း - ဓါတ်ပုံ 7Day News Journal




အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်