စစ်တွေတွင် အသုဘသဂြိုင်္လ် ရန် အခက်အခဲ တွေ့ကြုံ

ရန်ကုန် သြဂုတ် ၃၁

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ တစ်ခုတည်း သော မှန်စီသုသာန်မှာ ဒေသတွင်း ဆူပူ အကြမ်းဖက်မှု များကြောင့် ယခုအချိန်ထိ အသုံးပြုရန် ယာယီ ရပ်ဆိုင်းထားသည့်အတွက် အသုဘသဂြိုလ်မှုများ ပြုလုပ်ရာတွင် အခက်အခဲ များဖြင့် ကြုံတွေ့ နေရကြောင်း စစ်တွေမြို့ နာရေး ကူညီမှု အသင်းထံမှ သိရှိရသည်။

“တစ်ခါတစ်လေ အလောင်း ဆယ်ကိုးလောင်း ထပ်သွားတာရှိတယ်။ အဲဒါတွေကို
အဆင်ပြေအောင် ထားဖို့ ကျွန်တော်တို့ မှာ အအေးခန်း မရှိဘူး။“ ဟု စစ်တွေမြို့ နာရေး ကူညီမှု အသင်းဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ယင်းသို့ အသုဘအလောင်းများ ထပ်သွားရခြင်းမှာ ယခုလက်ရှိ အသုံးပြုနေသည့် ယခင် အာကျိတ်တော်ကုန်းက သုသာန် ဟောင်းမှာ အသုဘသဂြိုလ်ရန် မြေနေရာ အဆင်မပြေသဖြင့် အလောင်းများကို တစ်ခါတည်း သဂြိုလ်ရန် စုထားရသည့် အတွက် ဖြစ်ကြောင်း၊ ယင်းသို့ စုထားရာတွင်လည်း အအေးခန်း မရှိသဖြင့် အခက်အခဲများ ကြုံနေရကြောင်း စစ်တွေမြို့ နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူ တစ်ဦး က The Voice Weekly သို့ပြောကြား သည်။

"လောလောဆယ်တော့ အာကျိတ်တော်ကုန်းက အရင် သင်္ချိုင်းဟောင်းနေရာမှာ မီးသဂြိုလ်နေရတယ်။ အဲဒီကို ဘယ်သူမှ မသွားရဲဘူး။ပြီးတော့ စစ်တွေမှာဖြစ်တဲ့ ပြဿနာက အဲဒီက စဖြစ်တာ။ အသုဘ သွားပို့တဲ့ ကားတွေကို ဘင်္ဂါလီ တွေက ဝိုင်းပြီး ရိုက်ခဲ့ကြတာလေ။" ဟု ၄င်းကဆိုသည်။

အဆိုပါ မှန်စီ သုသာန်မှာ စစ်တွေမြို့၏ အနောက်မြောက်ဘက် ပင်လယ်ကမ်းစပ် အနီးတွင် တည်ရှိပြီး စစ်တွေမြို့နှင့် လေး မိုင်ကျော် ငါးမိုင်ခန့် အကွာအဝေးတွင်ရှိကြောင်း၊ အဆိုပါ သုသာန်သို့ သွားရာ လမ်းလျှောက်တွင် ဘင်္ဂါလီ ကျေးရွာများ ရှိနေသဖြင့် ဘင်္ဂါလီ လူမျိုးများက ရန်ပြုမည်ကို စိုးရိမ်၍ ယင်းသို့ အသုံးမပြုနိုင်ခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

"လူတစ်ဦးရဲ့ နောက်ဆုံး အချိန်ကိုတောင် ကောင်းကောင်းမွန်မွန် လိုက်ပို့ခွင့် မရဘူးဆိုတာ အတော်လေး ဆိုးဝါးတဲ့အရာပါ။ ဒါတွေက မဖြစ်သင့်တဲ့ အရာတွေ ဒါကို တာဝန်ရှိတဲ့သူတွေက အဆင်ပြေအောင် လုပ်ပေး စေချင်ပါတယ်။" ဟု စစ်တွေမြို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ စစ်တွေပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ၄င်း၏ အမြင်ကို ရှင်းပြ သည်။

အဆိုပါကိစ္စရပ်များနှင့် ပတ်သတ်၍ The Voice Weekly က ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ရပ်မိရပ်ဖများနှင့် နာရေးကူညီမှုအသင်းတို့က မှန်စီသုသာန်၌သင်္ဂြီုလ်ရသည်မှာ ၄င်းတို့အတွက် လုံခြုံမှုမရှိ၍ယခင်သုသာန်ဟောင်းဖြစ်သည့် အာကျိတ်တော်ကုန်းကသုသာန်ကို အသုံးပြုခွင့် ပေးရန် မိမိတို့ အစိုးရအဖွဲ့ကို တောင်းဆိုသဖြင့် ဘုန်းတော်ကြီးများထံ ခွင့်တောင်း၍ယင်းသို့ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း၊ မိမိတို့အ နေဖြင့်စစ်တွေမြို့တွင် လုံခြုံရေးလုံလုံလောက်လောက်ချထားလျှက်ရှိကြောင့် ၄င်းကရှင်းပြသည်။

စစ်တွေမြို့ရှိ နှစ်ပေါင်းများစွာ ရခိုင်တိုင်းရင်းသားများအသုံးပြုခဲ့သော အာကျိတ်တော်ကုန်းမှ သုသာန်ဟောင်းကို အစိုးရ၏ အစီအမံဖြင့် လက်ရှိ အသုံးပြုနေသော မှန်စီသုသာန်နေရာသို့ ၂၀၀၉ ခုနှစ်တွင်ပြောင်းရွှေ့ခဲ့သည်။

The Voice Weekly


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်