ပြည်ထောင်စုလွှတ်တော်၌ ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက် အပြည့်အစုံ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဆိုင်ရာအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၌ ယနေ့ ဒေါ်အောင်ဆန်း စုကြည်(ကော့မှူးမဲဆန္ဒနယ်)၏ ဆွေးနွေးချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်။

အခု ဦးမြင့်စိုး အဆိုကို တရားဥပဒေ ရှုထောင့်က ကြည့်နိုင်သလို နိုင်ငံရေးရှုထောင့်ကလည်း ကြည့်နိုင်ပါတယ်။ တရားဥဒေ ရှုထောင့်ကနေ အများအပြား ဆွေးနွေးသွားပြီး ဖြစ်ပါတယ်။ အဲဒါကိုတော့ ထပ်ပြီး မဆွေးနွေးတော့ပါဘူး။ နိုင်ငံရေးရှုထောင့်ကနေပဲ ဆွေးနွေးပါရစေ။

နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီမိုကရေစီကိုကျင့်သုံးတဲ့ နိုင်ငံတွေမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့အကြား ချိန်ခွင်လျှာညီမျှရေးအတွက် ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အငြင်းအခုံတွေ ဖြစ်ကြတာ ပြသနာတွေတက်တာ မထူးဆန်းပါဘူး။

ထိုနည်းတူပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်တာ။ သဘော မတူညီမှုတွေဖြစ်တာ၊ ပြသနာတွေတက်တာလည်း မထူးဆန်းပါဘူး။ ဒီလိုအခြေအနေတွေ ရောက်ခဲ့ရင် ကြိုက်သလို မကြိုက်သလို ဒီဘက်ဟိုဘက် ဝေဖန်တာ တိုက်ခိုက်တာ ပြောဆိုတာတွေ ရှိတတ်ပါတယ်။

ဒီလိုပြသနာတွေတက်လို့ ကျွန်မတို့အနေနဲ့လည်း စိတ်ပျက်စရာလည်း မရှိပါဘူး။ ကြောက်ရွံ့စရာလည်း မရှိပါဘူး။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ပြသနာတွေပဲဖြစ်ဖြစ် တယ်အရေးကြီးတာက ဒီပြသနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာပါပဲ။ ပြသနာကို ဖြေရှင်းတဲ့နေရာမှာ တကယ့် ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ညီရဲ့လား။ တကယ်ကို ပြည်သူပြည်သားတွေရဲ့ အေးချမ်းသာယာရေးကို ဦးတည်ရဲ့လားဆိုတာကို စဉ်းစားပြီးတော့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။

 ပြသနာဖြေရှင်းပုံ ဖြေရှင်းနည်းက မှန်လို့ရှိရင် ကျွန်မတို့ နိုင်ငံရဲ့ သိက္ခာလည်းတက်ပါလိမ့်မယ်။ ပြည်သူတွေကလည်း ဒီဖြေရှင်းပုံဖြေရှင်းနည်းရဲ့ရလဒ်ကို တလေးတစားနဲ့ လက်ခံမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မပြောချင်တိာက အခုကိစ္စက တရားဥပဒေကိစ္စဖြစ်တဲ့အပိုင်းမှာ တရားဥပဒေအရ ကျေကျေနပ်နပ် နှစ်ဦးနှစ်ဖက် ဆွေးနွေးဖို့လိုပါတယ်။

 တစ်ဖက်နဲ့တစ်ဖက် လေးစားဖို့လိုပါတယ်။ ကိုယ့်အမြင်နဲ့မတူတဲ့သူဟာ အားလုံးမှားတယ်ဆိုပြီးတော့ စွပ်စွဲလို့မရပါဘူး။ ကိုယ့်အမြင် သူ့အမြင် နှစ်ဖက်စလုံးကို လေးစားဖို့လိုပါတယ်။ နားလည်အောင် လုပ်ဖို့လိုပါတယ်။ ပြည်သူတွေလည်း နားလည်အောင် လုပ်ဖို့လိုပါတယ်။ အဓိကကတော့ ပြည်သူတွေပါပဲ။ ပြည်သူတွေအတွက်ဆိုတဲ့ ဒီပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူတွေရဲ့ လေးစားမှုခံနိုင်မှ ပြည်ထောင်စုလွှတ်တော်ဆိုတဲ့ ဂုဏ်နဲ့ကိုက်ညီမှာ ဖြစ်ပါတယ်။

 ဒါကြောင့်အခု ပြသနာတက်နေတာ မှန်ပါတယ်။ ဒီပြသနာကို ဖြေရှင်းတဲ့နေရာမှာ အားလုံးဟာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် သဘောထားကြီးကြီးနဲ့ အမြော်အမြင်ရှိရှိနဲ့ ဖြေရှင်းဖို့ကိုပဲ ဦးတည်ကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။

Popular Myanmar News Journal

ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်၌ ခုံရုံးကိစ္စ ဆွေးနွေးနေစဉ်

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်