မုံရွာ ကားပစ္စည်းဆိုင် မီးလောင်မှု သူငယ်တန်း ကလေးသေဆုံး

မုံရွာ၊ သြဂုတ် ၈

မုံရွာမြို့တွင် လူစည်ကားရာ ကျောက္ကာ လမ်းမကြီးနှင့် ပြည်ထောင်စု လမ်းမကြီး ဆုံရာ မီးပွိုင့် အနီးရှိ သိန်းစင်္ကြာ ကားပစ္စည်းဆိုင် မီးလောင်မှုကြောင့် ၆ နှစ်အရွယ် သူငယ်တန်း ကျောင်းသားလေး တစ်ဦး သေဆုံး ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး မီးသတ် ဦးစီးဌာမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မီးလောင်မှုမှာ သြဂုတ်လ ၈ ရက်နေ့ နံနက်၁၂ နာရီ ၃၀ မိနစ်တွင် စတင်ခဲ့ပြီး မိခင်နှင့် ကလေးငယ်မှာ ဒုတိယထပ် တွင် ပိတ်မိနေကာ မီးလောင်အပြီး ၂၀ မိနစ် အချိန်ခန့် တွင်မှ တိုက်၏ အပြင်သို့ ကယ်ထုတ် နိုင်ခဲ့ပြီး၊ ကလေးငယ်မှာ မီးလောင်ဒဏ်နှင့် မီးခိုးမွန်းသည့် ဒဏ်ကြောင့် သေဆုံးခဲ့ရပြီး မိခင်မှာ မီးလောင် ဒဏ်ရာ ရရှိခဲ့ကြောင်း မီးလောင်မှုကို မျက်မြင် တွေ့ရှိခဲ့ရသည့် ၀ါစက် တိုက်တန်းမှ အသက်၃၀ ခန့် အရွယ်ရှိ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

ယင်းမီးလောင်မှုမှာ ဓာတ်ဆီပုံး အတွင်းမှ ရေသန့်ဘူး အတွင်းသို့ ပြန်လည် ထည့်သည့် အချိန်တွင် တည်ငြိမ် လျှပ်စစ်ကြောင့် စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး မီးသတ် ဦးစီးဌာနထံမှ သိရသည်။

"မီးလောင်တဲ့ အချိန်မှာ ပိုင်ရှင် အမျိုးသားကြီးက မအော်ဘူး ဒီအတိုင်း ရပ်ကြည့်နေတာ အပေါ်မှာ ကလေးတွေ ရှိပါတယ် လူတွေ ရှိပါတယ် လို့လဲ မအော်ဘူး။ ဘေးက လူတွေ သိတော့မှ မီးသတ်ကို ဖုန်းဆက်ပြီး ခေါ်ရတယ် ကျွန်တော်တို့ရဲ့ဆိုင်နဲ့က ကပ်နေတာ ကျွန်တော့ဆိုင်တော့ သွားပြီလို့ ထင်ထားတာ ဆိုင်နောက်ဖေးက နေ ရေပုံးနဲ့ ရေလောင်းတာ။ မီးအားက အရမ်းများတယ်။ အင်ဂျင်ဝိုင်တွေရော ဓာတ်ဆီတွေရော၊ ကား ပစ္စည်းတွေဆိုတော့ လောင်အားက ကောင်းတယ်။ မီးလောင်ချိန် တစ်နာရီလောက် ကြာတယ်"ဟု မီးလောင်ခဲ့သည့် ကားပစ္စည်းဆိုင်နှင့် အနီးရှိ ဓာတ်ပုံဆိုင် လုပ်ငန်းရှင်က ဖြစ်စဉ်အား ပြန်လည် ပြောပြသည်။

ယင်းမီးလောင်မှုကို (ပ) ၃၅၀ ပုဒ်မ၂၈၅/၃၀၄(က) ဖြင့် မုံရွာမြို့ အမှတ် (၂)  ရဲစခန်းတွင် အမှုဖွင့် အရေးယူ ထားကြောင်း မီးသတ်ဌာန ထံမှ သိရသည်။

The Voice Weekly

မုံရွာ ကားပစ္စည်းဆိုင် မီးလောင်မှု သူငယ်တန်း ကလေးသေဆုံး မုံရွာ ကားပစ္စည်းဆိုင် မီးလောင်မှု သူငယ်တန်း ကလေးသေဆုံး Reviewed by သစ်ထူးလွင် on 11:19 Rating: 5

No comments:

Powered by Blogger.