The Voice Weekly အမှု အခြေခံဥပဒေ ခုံရုံးတင် စရာမလိုဟု ဆုံးဖြတ်

ဇွန် ၂၀၊ ၂၀၁၂၊ YPI

The Voice Weekly ဂျာနယ်၏ သတင်းဖေါ်ပြမှု အပေါ် သတ္တုတွင်းဝန်ကြီးဋ္ဌာနက အသရေဖျက်မှုဖြင့် စွဲဆိုသည့် အမှုတွင် ဂျာနယ်ဘက်မှ ဥပဒေအကျိုးဆောင်က လျှောက်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသို့ တင်ဖို့လိုအပ်သည့် အမှုကိစ္စ မဟုတ်ဟု ဒဂုံမြို့နယ်တရားရုံးက ယနေ့ဆုံးဖြတ်လိုက်သည်။

ယင်းကဲ့သို့ ဆုံးဖြတ်သည့်နောက် နကိုစွဲဆိုထားသည့် အသရေဖျက်မှု ပုဒ်မ ၅၀၀ စွဲဆိုချက်ကို ဆက်လက်စစ်ဆေးရန် လာမည့် ဇွန်လ ၂၈ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း တရားရုံးသို့ သွားရောက်နားထောင်သည့် သတင်းထောက် တဦးက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၅၄(က)တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများ မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်ရှိသည်ဟု ဖေါ်ပြထားခြင်းကြောင့် ဂျာနယ်၏ ဥပဒေအကျိုးဆောင် ဦးသိန်းညွှန့်က အခြေခံဥပဒေခုံရုံးသို့ တင်ပြရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယခင်တပတ်ရုံးချိန်းက သတင်းရေးသားသူ၏ အမည်ထုတ်ဖေါ်ရန် သတ္တုတွင်းဝန်ကြီးဋ္ဌာနဘက်မှ လျှောက်ထားချက်ကို တရားရုံးတော်မှ ပလပ်ခဲ့သည်။
ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရသစ်တက်လာပြီးနောက် သတင်းဂျာနယ်များအပေါ် ချုပ်ကိုင်ထားမှုကို အထိုက်အလျှောက်လျော့ပေါ့ပေးပြီးနောက် ယခုကဲ့သို့ ၀န်ကြီးဋ္ဌာနက ပုဂ္ဂလိကပိုင် သတင်းဂျာနယ်အား တရားစွဲဆိုမှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။
မကြာမီလပိုင်းအတွင်း လွှတ်တော်တွင် တင်ပြရန်ရှိသည့် မီဒီယာဥပဒေ ပြဋ္ဌာန်းရန်ရှိပြီး ယင်းမတိုင်မီ သတင်းကောင်စီဖွဲ့စည်းကာ သတင်း ဂျာနယ် နှင့် စာအုပ်စာစောင်များအပေါ် ကြိုတင်စိစစ်ခွင့်ပြုသည့် လုပ်ငန်းစဉ်ကို ရပ်ဆိုင်းမည်ဟု ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ထုတ်ဖေါ်ပြောဆိုထားသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် သတင်းလွတ်လပ်ခွင့်အနည်းဆုံးနိုင်ငံများ စာရင်းတွင် ဆယ်စုနှစ်များစွာ ပါဝင်ခဲ့ပြီး လွန်ခဲ့သည့်နှစ်မှ စတင်၍ သတင်းမီဒီယာထိန်းချုပ်မှုအချို့ကို ဖြေလျော့ပေးခဲ့သည်။ ။

Yangon Press International
The Voice Weekly အမှု အခြေခံဥပဒေ ခုံရုံးတင် စရာမလိုဟု ဆုံးဖြတ် The Voice Weekly အမှု အခြေခံဥပဒေ ခုံရုံးတင် စရာမလိုဟု ဆုံးဖြတ် Reviewed by သစ်ထူးလွင် on 17:05 Rating: 5

No comments:

Powered by Blogger.