စစ်တွေဈေးကြီး မွတ်ဆလင် ဆိုင်များမှ ပစ္စည်းများကို အပြင်သို့ ရွှေ့ပြောင်း

စစ်တွေ ဈေးကြီးရှိ မွတ်ဆလင် လူမျိုးများပိုင် ဈေးဆိုင်များမှ ပစ္စည်းများကို အာဏာပိုင်များ၏  အကူအညီဖြင့် သူတို့နေထိုင်ရာ ကျေးရွာ ရပ်ကွက်များသို့ ပြောင်းရွှေ့နေကြောင်း သိရသည်။

ယနေ့ (ဇွန်လ ၂၇ ရက်နေ့) နေ့လည် ၁၂ နာရီမှ စပြီး ရွှေ့ပြောင်းနေခြင်း ဖြစ်သည်။

“ နေ့လည် ၁၂ နာရီကနေ ရွှေ့နေတာ အခုအချိန်ထိ မပြီးသေးဘူး။ အခု ဒီမှာက ညနေ ၅ နာရီ ကျော်ဆိုတော့ ပစ္စည်းတွေကို ရွှေ့နေတာ  ၅ နာရီ နီးပါး ရှိနေပါပြီ။ ပစ္စည်းတွေ ရွှေ့နေတုန်းပါဘဲ” ဟု စစ်တွေ ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောသည်။

မွတ်ဆလင် လူမျိုးများပိုင်ဆိုင်သော ပစ္စည်းများကို သူတို့နေထိုင်ရာ သက်ကယ်ပြင်၊ သဲချောင်းရွာများဘက်သို သယ်ယူနေကြသည်ဟု မျက်မြင်များကလည်း ပြောကြားသည်။

စစ်တွေ ဈေးကြီးတွင် မွတ်ဆလင် လူမျိုးများပိုင်သော ဆိုင်ခန်း၁၀၀ နီးပါးခန့်ရှိပြီး အများစုမှာ ဆေးဆိုင်များ ဖြစ်ကြောင်း သိရသည်။

“ ဈေးဆိုင် အများစုကတော့ ဆေးဆိုင်တွေများပါတယ်။ ဒါ့ပြင် ကားပစ္စည်းတွေ၊ အိမ်ဆောက် ပစ္စည်းတွေ အရောင်းဆိုင်တွေ အကုန်လုံး ပါဝင်တယ်။ ဒီလို ရွှေ့ပြောင်းပီးတဲ့ နောက်ပိုင်းမှာ မွတ်ဆလင် ဆိုင်တွေစစ်တွေ ဈေးကြီးမှာ ရှိတော့မှာ မဟုတ်ဘူး” ဟုစစ်တွေဈေးကြီး ငါးခြောက် ပွဲရုံ ပိုင်ရှင် တစ်ဦးက ပြောသည်။

ယခုကဲ့သို့  စစ်တွေ ဈေးကြီးရှိ မွတ်ဆလင် ဈေးဆိုင်များမှ ပစ္စည်းများကို အပြင်သို့ ရွှေ့ပြောင်းခြင်းမှာ အနာဂတ်တွင် ရခိုင် လူမျိုးနှင့် မွတ်ဆလင် လူမျိုးများကို ရောနှော မထားဘဲ သီးသန့်စီ ထားရန် အစီအစဉ်၏ တစိတ်တပိုင်းပင် ဖြစ်ကြောင်း စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။ မွတ်ဆလင်လူမျိုးများပိုင် ဆိုင်များမှ ပစ္စည်းများကို ရွှေ့ပြောင်းပြီးနောက် စစ်တွေ ဈေးကြီးကိုလည်း ပြန်လည် ဖွင့်လှစ်မည်ဟု သိရသည်။

နိရဉ္စရာ သတင်းဌာန
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်