မိုးထိမိုးမိ ရွှေလုပ်သား တောင်းဆိုချက် သဘောတူပြီ

ဇွန် ၁၄၊ ၂၀၁၂၊ YPI

တပိုင်တနိုင် ရွှေတူးဖေါ်သည့် လုပ်ငန်းများဆက်လက် လုပ်ကိုင်ရန်ခက်ခဲ့သည့် သတ်မှတ်ချက်ကြောင့် ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတူးလုပ်သား ထောင်နှင့်ချီ ဆန္ဒပြပြီး ၁၄ရက်အကြာတွင် လုပ်သားများ၏ တောင်းဆိုချက်များ ကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက သဘောတူညီလိုက်ပြီဖြစ်သည်။

မိုးထိမိုးမိ ရွှေလုပ်သားများ၏ တောင်းဆိုချက် ၆ ချက်ကို ရရှိရန် လွန်ခဲ့သည့် ၄ ရက်မှစ၍ ညှိနှိုင်းလာခဲ့ရာ ယမန်နေ့မှစ၍ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ မှ တာဝန်ရှိသူ ဦးစိုးထွန်းရှိန် ကိုယ်တိုင် ပါဝင်လာသည့်နောက် ယနေ့နေ့လည် ၁၂နာရီခွဲတွင် သဘောတူညီချက်ရရှိခြင်းဖြစ်သည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ကိုဟန်ဝင်းအောင်က YPI သို့ပြောသည်။

ယခုနောက်ဆုံး သဘောတူညီမှုရသည့် အချိန်၌ ပိတ်ဆို့ထားသည့်နေရာတွင်  ဆန္ဒပြလုပ်သား ၁၇၀၀ ၀န်းကျင် ရှိနေသေးကြောင်းလည်း သိရှိရသည်။

ညှိနှိုင်းရာတွင် မန္တလေးတိုင်း အစိုးရအဖွဲ့ သတ္တုတွင်းဝန်ကြီးလည်းပါဝင်ကာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် တပိုင်တနိုင်ရွှေတူး လုပ်ငန်း ကိုယ်စားလှယ်များ ပါဝင်သည်ဟု ၎င်းကပြောသည်။

“မကြာခင် အချိန်မှာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြတော့မယ်” ဟု ၎င်းက ယနေ့မွန်းလွဲ  ၂ နာရီတွင် YPI သို့ပြောသည်။

ရွှေလုပ်သားများ ၎င်းတို့တောင်းဆိုချက်ရရှိရေးအတွက် နေပြည်တော် သမ္မတနေအိမ်ရှေ့ထိ ချီတက်ဆန္ဒပြရန် မိုးထိမိုးမိဒေသမှ လွန်ခဲ့သည့် ရက်ပိုင်းကထွက်ခွာလာရာတွင် ရမည်းသင်းမြို့နင့် ၆မိုင်အကွာ ရွှေမြင်တင်တောင်ခြေ၌ ရာနှင့်ချီသည့် လုံထိန်းတပ်များ၏ တားဆီး ပိတ်ဆို့ထားခြင်းခံခဲ့ရသည်။  ၎င်းနောက်  ညှိနိုင်းမှု လုပ်ဆောင်လျှက်ကာ ၄ ရက်အကြာတွင် သဘောတူညီချက်ရသွားခြင်းလည်း ဖြစ်သည်။
ဆန္ဒပြ မိုးထိမိုးမိ ရွှေလုပ်သားများအား လုံထိန်းတပ်ဖွဲ့များက ရွှေမြင်တင် တောင်ခြေ၌ တားမြစ်ပိတ်ဆို့ထားစဉ် (ုဓါတ်ပုံ Ashin Vicittabhivamsa ဖေ့စ်ဘွတ်)

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီမှာ အစိုးရနှင့် နီးစပ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများ အစုရှယ်ယာ ထည့်ဝင်ကာ ဖွဲ့စည်းခဲ့သည့် ကုမ္ပဏီဖြစ်၍ တရုတ်မြန်မာနယ်စပ် ရေထွက်ပစ္စည်းရောင်းဝယ်ရာတွင် ၀န်ဆောင်မှုပေးကာ ရောင်းရငွေ၏ ၄% အထိ ပေးဆောင်ရသဖြင့် ရေထွက်ပစ္စည်း တင်ပို့သူမျာက မကျေနပ်သည့် အဖြစ်အပျက်များလည်း လွန်ခဲ့သည့် နှစ်ပိုင်းက ဖြစ်ပျက်ခဲ့ဖူးသည်။

ယခုလပိုင်းအတွင်း ရန်ကုန်မြို့အနီးအနားရှိ စက်မှုဇုန်များတွင် အလုပ်သမား အခွင့်အရေး တောင်းဆိုဆန္ဒပြမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျှက်ရှိသည်။ သီတင်းပတ်နှင့် ချီကာကြာမြင့်သည့် ယင်းဆန္ဒပြမှုများကို အလုပ်သမား ၀န်ကြီးဋ္ဌာန တာဝန်ရှိသူများက ကြားဝင်ညှိနှိုင်းဖြေရှင်းခဲ့သည်ကိုတွေ့ရသည်။ အငြင်းပွားမှု ဖြေရှင်းရာတွင် အခြေခံ လုပ်ခလစာ သတ်မှတ်ချက် မရှိခြင်းက အလုပ်သမား အခွင့်အရေး ထိခိုက်မှု၏ ပင်မအချက်ဖြစ်သည်ဟုလည်း အလုပ်သမားအရေး ဆောင်ရွက်သူများက ဝေဖန်ထောက်ပြကြသည်။

မြန်မာနိုင်ငံသည် အလုပ်သမား အခွင့်အရေး နှင့်သက်ဆိုင်သည့် အသင်းအပင်းဖွဲ့စည်းခွင့်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေများ ပြဋ္ဌာန်းပြီးဖြစ်ကြောင်း ယခုရက်ပိုင်းက ဂျီနီဗာတွင်ကျင်းပလျှက်ရှိသည့် အိုင်အယ်လ်အိုညီလာခံတွင် အလုပ်သမား ၀န်ကြီးဋ္ဌာန ၀န်ကြီး ဦးအောင်ကြည်က တင်ပြခဲ့သည်။

ယင်းသို့တင်ပြပြီးနောက် ယမန်နေ့က အိုင်အယ်လ်အို ညီလာခံမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် တားမြစ်ကန့်သတ်ချက်များကို ရုပ်သိမ်း၊ ပယ်ဖျက်၊ ဆိုင်းငံ့ပေးခဲ့သည်။        ။
by Yangon Press International
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်