ကျောက်ပန်းတောင်း EPC က ဆန္ဒမပြရန် မီးပျက်ရသည့် အကြောင်းအရင်းအား လိုက်လံအသိပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့တွင် EPC (စွမ်းအင်နှင့်လျှပ်စစ်ဌာန) ပေးထားသူများသည် မီးရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခြင်းများ မပြုလုပ်စေရေးအတွက် ရပ်ကွက် အတွင်းသို့ မီးပျက်ရသည့်အကြောင်းအရင်းကို လိုက်လံအသိပေးလျက်ရှိကြောင်း သိရှိရသည်။

ပေါင်းလောင်း ၊ ရဲရွာ နှင့် လောပိတတို့တွင် ရေအားလျှပ်စစ်တွင် ရေအားနည်းနေခြင်းနှင့် ရွှေလီ-မန်စမ်ရှိ (၂၃၀)တာဝါတိုင် ကျိုးသွားခြင်းကြောင့် မီးပျက်ရခြင်းဖြစ်ကြောင်း မြို့နယ် EPC ရုံးကဆိုသည်။

“မီးကအရင်လို (၂၄)နာရီ မပေးနိုင်ဘူးလို့ မေတ္တာရပ်ခံထားတယ် ပေါင်းလောင်း ၊ ရဲရွာတို့ လောပိတတို့မှာ ရှိတဲ့ ရေအားလျှပ်စစ်မှာ ရေနည်းနေတာရယ် ရွှေလီ မန်စမ် ၂၃၀ တာဝါတိုင်လဲ ကျိုးသွားလို့ဆိုတာကို အသိ ပေးပါတယ် “ ဟု မြင်းခြံခရိုင် EPC ရုံးတွင် လိုင်းမင်းတာဝန်ယူထားသူ နိုင်ဇော်ဟိန်းက ပြောသည်။

ပြည်နယ်နှင့်တိုင်းအချို့သို့ မည်သည့်အချိန်တွင် မီးပုံမှန်ပြန်လည်ရရှိမည်ကို အတိအကျမသိရှိနိုင်သေးကြောင်း၊ ရပ်ကွက်များ အတွင်း သို့ ဆိုင်ကယ်ဖြင့် လော်စပီကာတပ်ကာ လှည့်လည်အသိပေးခြင်းမျိုးဖြစ်ကြောင်းကိုလည်း  ၄င်းက ဆက်ပြော ဆိုသည်။

“ဒီတာဝါတိုင်တွေ ပျက်ဆီးသွားတာတို့ ရေအားလျှပ်စစ်မှာ ရေနည်းနေတာတွေကိုတော့ ဘယ်တော့လောက် ပြန်ပြင်ဆင်ပြီး တိုင်းတွေ ပြည်နယ်တွေကို မီးပုံမှန်ပြန်ပေးနိုင်မလဲဆိုတာတော့ တိတိကျကျ အဖြေမပြောနိုင် သေးဘူးဗျ ” ဟု လိုင်းမင်း တာဝန်ယူထားသူ နိုင်ဇော်ဟိန်းက ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ်ရှိ ပြည်တော်သာ ၊ လွတ်လပ်ရေး နှင့် သာယာအေး ရပ်ကွက်အပါအ၀င် ရပ်ကွက် (၁၂)ခုသို့လိုက်လံ အသိပေးရခြင်းမှာ အခြားတိုင်းဒေသကြီးကဲ့သို့ မီးရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခြင်း များဖြစ်ပေါ်မည် စိုးရိမ်သောကြောင့် ကြိုတင်အသိပေးရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီကျောက်ပန်းတောင်းက ဒေသခံတွေ မန္တလေးကလို မီးရရှိရေးဆိုပြီး ဆန္ဒပြတောင်းဆိုမှာစိုးလို့ သူတို့ဘက်က အရင် ကြိုတင်ပြီး မီးဘာကြောင့် ပျက်တာလဲဆိုတာ ကြေညာအသိပေးတာပါ “ဟု ကျောက်ပန်းတောင်းမြို့နယ် (၁၂)ရပ်ကွက်နေ ဒေသခံတစ်ဦးက   ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ကွက်(၁၂)ခုရှိပြီး စွမ်းအင်နှင့်လျှပ်စစ်ရုံးမှ ရပ်ကွက်များသို့ တစ်ရက်လျှင်(၆) နာရီ မီးပုံမှန်ပေးရန်အစီအစဉ်ရှိကြောင်း သိရှိရသည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်