ဟိုင်မို ဆံပင်တုစက်ရုံ အလုပ်သမား နစ်နာမှု ၈၈ မျိုးဆက်မှ ကိုးရီးယား သံရုံးသို့ အကြောင်းကြားမည်

မေလ ၃၀၊ ၂၀၁၂၊ ပိုင်ပိုင် (YPI)

အခြေခံလစာနည်းပါးမှုကြောင့် လွန်ခဲ့သည့် ရက် (၂၀) ခန့်မှ စတင်ဆန္ဒပြခဲ့ကြသော ကိုရီးယားလူမျိုးပိုင်ဆိုင်သည့် ဟိုင်မိုဆံပင်တုစက်ရုံမှ အလုပ်သမားများအရေးကိစ္စနှင့် ပတ်သက်ပြီး ကိုရီးယားသံရုံးသို့ အကြောင်းကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောသည်။

ကိုမင်းကိုနိုင်က “ဒီကိစ္စကို ပစ်မထားဘူး။ ဒီထက်အခြေအနေ တိုးတက်အောင် တရားတဲ့နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်။ နိုင်ငံတကာသိအောင် အစ်ကိုတို့အားလုံးဝိုင်းဝန်း ဖော်ထုတ်ပေးမယ်။ ကိုရီးယားသံရုံးကိုလည်း စာပို့မယ် ” ဟု ယနေ့နေ့လည် ဟိုင်မိုစက်ရုံမှ ဆန္ဒပြအလုပ်သမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။



အဆိုပါအကြောင်းကြားစာတွင် ဟိုင်မိုစက်ရုံအလုပ်သမားများ၏ ဆန္ဒပြရခြင်းဖြစ်စဉ်အား ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့အနေဖြင့် ပေးပို့သွားမည်ဖြစ်ပြီး အလုပ်သမားများဆန္ဒရှိပါက ၎င်းတို့၏ လက်မှတ်များနှင့် တကွပေးပို့သွားမည်ဟု ၄င်းကပြောသည်။

Hi Art  ကုမ္ပဏီပိုင် ဟိုင်မို ဆံပင်တုစက်ရုံမှ အလုပ်သမားများသည် အခြေခံလစာ နည်းပါးမှုကြောင့် မေလ ၉ ရက်နေ့မှစတင်ကာ ဆန္ဒပြခဲ့ပြီး အခြေခံလစာတိုးမြှင့်ပေးရေးအပါအ၀င် တောင်းဆိုချက် အချက် ၄၀ ကျော်ကို တောင်းဆိုခဲ့သော်လည်း အခြေခံလစာ တိုးမြှင့်ပေးခြင်းကိစ္စကို လိုက်လျောပေးခြင်းမရှိသေးပေ။ အလုပ်ရှင်ဘက်မှ ဆန္ဒပြအလုပ်သမားများ အလုပ်ဆက်လက် လုပ်ကိုင်လိုခြင်းရှိမရှိကို ယနေ့နောက်ဆုံးထား၍ အကြောင်းကြားရမည်ဖြစ်ကြောင်း စာကပ်ထုတ်ပြန်ခဲ့သည်။

ဟိုင်မို စက်ရုံမှ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သည့် မယမင်းလွင်က အလုပ်သမား ၀န်ကြီးဋ္ဌာနမှ လာရောက်ညှိနှိုင်းပေးမှုများနှင့်ပတ်သက်၍ “ အလုပ်သမားဝန်ကြီးဌာနကလူတွေက ဖြေရှင်းပေးမယ်ပြောပြီးရောက်လာပေမယ့် သူတို့ကအလုပ်ရှင်ပြောတဲ့အတိုင်း လက်ခံဖို့ပဲပြောတယ်။ အလုပ်ရှင်ဘက်ကရော ကျွန်မတို့အလုပ်သမားတွေဘက်ကပါ ကျေနပ်လောက်တဲ့ နှုန်းထားတစ်ခုကို သတ်မှတ်ပေးတာမဟုတ်ဘူး ” ဟု YPI သို့ပြောသည်။

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သည် ယနေ့နေ့လည်တွင် ဟိုင်မိုဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမား များအား အနုပညာရှင်များလှူဒါန်းသည့် ဆန် (၁၀) အိတ်နှင့် ပေါင်မုန့်များပေးအပ်ခဲ့ပြီး၊ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံ နှင့် ဆန်နီမြန်မာ စက်ရုံများရှိ ဆန္ဒပြအလုပ်သမားများအား သွားရောက်အားပေးစကား ပြောကြားခဲ့သည်။

ယခုလအတွင်း အခြေခံလစာတိုးမြှင့်ပေးရေးအတွက် အဓိက တောင်းဆိုသည့် အလုပ်သမားဆန္ဒပြမှုများ စက်ရုံပေါင်း (၃၀) ၀န်းကျင်တွင် ရက်ဆက်နီးပါး ဖြစ်ပွားခဲ့ရာ စက်ရုံအချို့သာ ပြေလည်မှု ရရှိခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း (ILO)နှင့် ဆက်သွယ်ဆောင်ရွက်သူများ ကွန်ရက်မှ ဦးသက်ဝေက ပြောသည်။

အလုပ်သမားဝန်ကြီးဌာန၊ ညှိနှိုင်းရေးအဖွဲ့မှ တာဝန်ရှိသူ ဦးစိုးဝင်းက “ကျွန်တော်တို့ကတော့ အလုပ်ရှင်နဲ့ အလုပ်သမားပြေလည်အောင် မနားတမ်းညှိပေးနေတယ်။ အလုပ်သမားဘက်ကလည်းသူတို့လစာကို တိုးပြီးလိုချင်မှာပဲ။ ကျွန်တော်တို့  ဘက်ကတော့ ပြေလည်အောင်ထပ်ပြီးညှိသွားပေးမှာပါ”ဟု ပြောသည်။

ဟိုင်မို စက်ရုံတွင် အလုပ်သမား ၁၈၀၀ ကျော်ရှိပြီး ၂၀၀၅ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့သည်ဟုသိရှိရသည်။           ။
Yangon Press International
ဟိုင်မို ဆံပင်တုစက်ရုံ အလုပ်သမား နစ်နာမှု ၈၈ မျိုးဆက်မှ ကိုးရီးယား သံရုံးသို့ အကြောင်းကြားမည် ဟိုင်မို ဆံပင်တုစက်ရုံ အလုပ်သမား နစ်နာမှု ၈၈ မျိုးဆက်မှ ကိုးရီးယား သံရုံးသို့ အကြောင်းကြားမည် Reviewed by သစ်ထူးလွင် on 05:43 Rating: 5

4 comments:

ပ င သား said...

လစာ ဘယ်လောက်ပေးထားလဲ၊ သူတို့ဘယ်လောက်လိုချင်လဲ၊ညှိုကြပေါ့၊လူတယောက်တနေ့ ၂၀၀၀ိ လောက်ရမှ စားလို့လောက်မှာ။

minsoeaung said...

မင်းကိုနိုင်ညီလေး
လုပ်ပေးပါကွာ။ဒါကအမှန်တကယ်ဖြစ်သင့်တဲ့အတွက်
ထောက်ခံအားပေးပါတယ်။မြောင်းတကာကသံမနိစက်ရုံ
လည်းသွားပါအုံး။အစာငတ်ခံတဲ့သူတွေကျန်းမာရေးထိ
ခိုက်ကုတ် ပြီနော်။ကြိုးစားထားညီလေးရေ။

freedom soe said...

အဲလိုတွေဖြစ်နေရတာတွေက..ပြည်သူလူထုရဲ့.ခံစားမှု..မပြေလည်မှုတွေကိုအခုလို.နိုင်ငံက..ပွင့်လင်းမြင်သာမှုရှိလာတဲ့အပေါ်.ပြည်သူတွေဘက်က..ရဲဝင့်စွာ..သိမြင်တောင်းဆိုလာတာပါ။ဒါကို..ဒီမိုကရေစီလို့ခေါ်ပါတယ်..လွတ်လပ်စွာမတရားမှုတွေကို..ရဲဝင့်စွာတောင်းဆို..ညှိုနှိုင်းရင်း..ခေတ်သစ်အရင်းရှင်စနစ်..ပဒေသရာဇ်စနစ်တွေကို..တော်လှန်ကြရမယ့်အချိန်ပါ..ဒီမိုကရေစီဆိုတာ..အားလုံးအတွက်ပါဆိုပေမယ့်..အရင်းရှင်ဓနရှင်တွေ. ဆက်လက်ဗိုလ်ကျ.ကြီးစိုးရေးမဟုတ်ပါဘူး..ဒါဟာပြဌာန်းပေးမယ့်..တန်းတူအခွင့်အရေးနဲ့ နိုင်ငံသားခံစားခွင့်..ကာကွယ်မှု..အလေးပေးမှု..ဥပဒေမရှိလို့ဖြစ်ရတာပါ..ဒါကိုယ့်နိုင်ငံမှမဟုတ်ပါဘူး..လူ့အခွင့်အရေးချိုးဖောက်နေတဲ့.ဥရောပ.အာရှနိုင်ငံတွေအများကြိးမှာလဲ..အားနည်းနေဆဲပါ..ညီမျှ
ခြင်းတွေ.မရှိသရွေ့ ..ဘယ်တော့မှမပြိးနိုင်တဲ့.တိုက်ပွဲတွေ.မငြိမ်မသက်မှုတွေနဲ့..လုံးထွေးနေရဥိးမှာပါ..ဒါကြောင့်.ညီမျှခြင်းတွေ..လူတိုင်းကိုယ်စီရကြပါစေလို့
ကျွန်တော်ကိုသက်ထက်ပိုင်..ဆုတောင်းလျှက်

MYO MYINT said...

ဒီကနေ့မြန်မာပြည်မှာလာရောက်ရင်းနှီးမြှတ်နှံနေတဲ့သူတွေရဲ့အဓိကရည်ရွယ်ချက်ကလုပ်အားခဈေးပေါလို့အကျိုးအမြတ်ပိုရအောင်လာကြတယ်ဆိုတာကိုမမေ့စေချင်ပါဘူး၊မြန်မာပြည်သူတွေအလုပ်အကိုင်ပေးချင်လို့ဆိုပြီးဘယ်သူမှမလာပါဘူး၊သူတို့နိုင်ငံလောက်အကျိုးအမြတ်မရှိဘူးဆိုရင်ဒီကစက်ရုံပိတ်ပြီးပြန်သွားမယ့်သူတွေချည်းပါ၊ထိုင်းမှာဘယ်လောက်ရလို့ဒီမှာဘယ်လောက်ပေးရမယ်ဆိုပြီးအလုပ်ရှင်ကိုအကြပ်ကိုင်မယ်ဆိုရင်ဖွတ်မရဒါးမဆုံးဖြစ်မဲ့အပြင်နောက်လာမဲ့ဖွတ်တွေကိုလည်းဆုံးရှုံးရပါလိမ့်မယ်၊လူမှန်ရင်ဘို့နှစ်ဘို့ထားစဉ်းစားဘို့အကြံပေးခြင်ပါတယ်။

Powered by Blogger.