လွတ်တော်အမတ်တချို့နဲ့ စကားပြောခြင်း

ထက်အောင်ကျော် (၂၆-၀၅-၂၀၁၂)
http://www.colourparliament.com

လွန်ခဲ့တဲ့နှစ် ၂၀-ကျော်ကာလ အတွေ့အကြုံအရဆိုရင် ဒီလို မေလ ၂၇-၀န်းကျင်မှာရေးတဲ့ ဆောင်းပါးတွေဟာ ၁၉၉၀- မေလ ၂၇-ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနှစ်ပါတ်လည်နဲ့ အဲဒီရွေးကောက်ပွဲ မှာအနိုင်ရခဲ့တဲ့ လွတ်တော်အမတ်တွေအကြောင်းဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီတခါ မေ ၂၇-မှာ ကျနော် ရေးမဲ့ဆောင်းပါးက ၉၀-ရွေးကောက်ခံအမတ်တွေအကြောင်းမဟုတ်ဘဲ ၂၀၁၀-နိုဝင်ဘာရွေးကောက်ပွဲ နဲ့ ၂၀၁၂-ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကနေတက်လာတဲ့ အမတ်တချို့နဲ့တွေ့ဆုံမှုအကြောင်းဖြစ် ပါတယ်။

တခါ ဒီအမတ်တွေကို ကျနော်တွေ့ဆုံခွင့်ရတဲ့နေရာဟာ အမတ်တွေရုံးထိုင်တဲ့ နေပြည်တော်မှာ မဟုတ်ဘဲ လွန်ခဲ့တဲ့နှစ် ၂၀-ကျော်လုံးလုံး ၉၀-ရွေးကောက်ပွဲကနေတက်လာတဲ့ ပြည်ပရောက်အမတ် တွေ။ အမျိုးသားညွန့်ပေါင်းအစိုးရ၀န်ကြီးတွေကို ထောက်ခံလာခဲ့တဲ့ နော်ဝေးနိုင်ငံ အော်စလိုမြိုမှာဖြစ် နေပြန်ပါတယ်။

ညွန်ပေါင်းအစိုးရ၀န်ကြီးတွေ။ ပြည်ပရောက်လွတ်တော်အမတ်တွေနဲ့အတူ လွန်ခဲ့တဲ့နှစ်တွေ က ကျနော်တို့တက်ရောက်ဆင်နွဲခဲ့ဖူးတဲ့ မေလ ၁၇- နော်ဝေးနိုင်ငံအမျိုးသားနေ့အခန်းနားမှာလဲ အခု တော့ ပြည်ပရောက်အမတ်တွေအစား နေပြည်တော်က ပါလီမန်ဥက္ကဌ သူရဦးရွေမန်းနဲ့ လွတ်တော် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ဆင်နွဲနေတာကို မြင်လိုက်ရတဲ့အတွက် ဒီနှစ် အော်စလိုမြင်ကွင်းဟာ အတော့်ကို ထူးထူးခြားခြားဖြစ်နေပါတယ်။

အပြောင်းအလဲတွေ တကယ်ဖြစ်နေပြီလား

ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း မြင်ကွင်းတွေနဲ့ လူတွေကတော့ အယင်နဲ့မတူ တမူပြောင်းလဲနေတာ အထင်အရှားပါဘဲ့။ ဒါပေမဲ့ အပေါ်ယံမြင်ကွင်းအပြင် အနှစ်သာရအရကော တကယ်ပြောင်းလဲနေတာ ဟုတ်ပါရဲ့လား။ ဧည့်ခံပွဲတခုမှာ ခဏတာတွေ့ဆုံခွင့်ရခဲ့တဲ့ လွတ်တော်ကိုယ်စားလှယ် ၉-ကို ဒီမေးခွန်း တွေအတွက် ကျနော် စကားပြောကြည့်ခဲ့ပါတယ်။

ကျနော်တွေ့ဆုံ နှုတ်ဆက်ခွင့်ရခဲ့တဲ့ လွတ်တော်အမတ်စာရင်းကို အယင်ဆုံးတင်ပြရမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဒေါက်တာမျိုးအောင်နဲ့ ဦးသိန်းဆွေ။ အမျိုးသားဒီမိုကရေစီ အင်အားစု NDF မှ ဦးခင်မောင်ရည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ NUP မှ ဦးညဏ်ဆွေ ၀င်း။ ဖလုံစဝေါပါတီမှ စောသိန်းအောင်။ ရခိုင်အမျိုးသားတိုးတက်ရေးပါတီမှ ဒေါ်ခင်စောဝေ။ ရှမ်း အမျိုးသားများဒီမိုကရက်တစ်ပါတီမှ နန်းဝါနု။ မွန်ဒေသလုံးဆိုင်ရာပါတီမှ မိမြင့်သန်းနဲ့ ကချင်ပါတီမှ ဒေါ်ဒွဲဘူတို့ဖြစ်ပါတယ်။

လွတ်တော်ဥက္ကဌ ဦးရွေမန်းအပါဝင် ကြံ့ခိုင်ရေးပါတီက အမတ်တွေ။ ၀န်ကြီးတွေကတော့ DVB ရုံးမှာလုပ်တဲ့ အဲဒီ ဧည့်ခံပွဲကို မလာသလို နော်ဝေရှိ မြန်မာတွေနဲ့လဲ တွေဆုံခြင်းမရှိတဲ့အတွက် ကျနော်တွေ့ခွင့်မရ လိုက်ပါဘူး။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ပါလီမန်တခုလုံး။ ပါလီမန်အမတ် တွေအားလုံး ဒီမိုကရေစီရေးအတွက် လက်တွဲအလုပ်လုပ်နေကြပါတယ်လို့ဆိုပေမဲ့ အခုချိန်ထိတော့ နိုင်ငံရေးဖြတ်သန်းမှုဆိုင်ရာ သမိုင်းကြောင်းတွေ။ သူဘက်။ ကိုယ့်ဘက်ဆိုတဲ့ အမြင်တွေရှိနေဆဲလို့ ယူ ဆရပါတယ်။

ကျနော်စကားပြောကြည့်သလောက်ကတော့ လက်ရှိအပြောင်းလဲကို တကယ့်အပြောင်းလဲအ ဖြစ်ဒီလွတ်တော်အမတ်တွေက ယုံကြည်နေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ အခုအပြောင်းအလဲဟာ "စလုံးရေးစ" အဆင့်ဘဲ့ရှိသေးတဲ့အတွက် ရှေ့လျောက်အများကြီးကျိုးစားဖို့လိုနေသေးတယ်လို့ သူတို့ က ဆိုပါတယ်။ စစ်သားအမတ် ၂၅-ရာခိုင်နှုံးနဲ့ ကြံ့ခိုင်ရေးပါတီက ၇၀-ရာခိုင်နှုံးကျော်ရှိနေဆဲဖြစ်တဲ့ လက်ရှိလွတ်တော်ကနေ အပြောင်းလဲတွေတကယ်လုပ်နိုင်ပါ့မလား။ လူကြိးမင်းတို့ရဲ့အဆိုတွေကို လွတ်လပ်စွာတင်ပြခွင့်ရပါရဲ့လားဆိုပြီး မေးကြည့်တဲ့အခါမှာတော့ "အစောပိုင်းတုန်းကတော့ နဲနဲရှိန်နေ လို့ သိပ်မတင်ပြရဲဘူးပေါ့ဗျာ။ နောက်ပိုင်းမှာတော့ နိုင်ငံရေးအကျဉ်းသားအကြောင်း။ ထောင်တွင်းအ တွေအကြုံတွေကိုပါ ထည့်ပြောနိုင်တဲ့အထိ ပါလီမန်ကလွတ်လပ်လာပါတယ်" လို့ ၈၈-အရေးတော်ပုံမှာ ပါဝင်ခဲ့ဖူးသူ ဦးခင်မောင်ရည်ကပြောပါတယ်။

တစည အမတ် ဦးညဏ်ဆွေဝင်းကတော့ ကြံခိုင်ရေးနဲ့ စစ်တပ်ကအများစုဖြစ်နေတယ်ဆိုပေမဲ့ တိုင်းပြည်အတွက်အကျိုးရှိမဲ့အဆိုပြုချက်ဆိုရင် အားလုံးကလက်ခံပါတယ်လို့ဆိုပါတယ်။ တပ်မတော် သား ကိုယ်စားလှယ်တဦးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ အပြိုင်အဆိုင်ငြင်းကြတဲ့ အဆိုပြုချက်တခုမှာ တပ် မတော်သားဖက်က နိုင်သွားတဲ့ သာဓကတခုကို သူကထုတ်ပြပါတယ်။ တခါ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း ရေးကိစ္စ။ နိုင်ငံရေးအကျဉ်း သားလွတ်ပေးရေးကိစ္စတွေကိုလဲ သူက ထောက်ပြပါတယ်။ ဒါပေမဲ့ ကချင် ဒေသမှာတိုက်ပွဲဆက်ဖြစ်နေတဲ့ကိစ္စ။ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေဆဲကိစ္စတွေ။ ပြည်ပရောက် နေသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်မပေးသေးတဲ့ကိစ္စတွေကိုလဲ ဆက်လုပ် ဖို့လိုနေဆဲဖြစ်ကြောင်း သူ တို့က သဘောတူကြပါတယ်။

ပါလီမန်ထဲမှာ အမတ်တွေအားလုံး တန်းတူဆွေးနွေးခွင့်ရနေပြီဆိုပေမဲ့ ပါလီမန်ခန်းမ အပြင် ဖက်ရောက်တာနဲ့ အမတ်တွေရဲ့အခွင့်ရေးကွာခြားသွားတယ်လို့ သူတို့ကဆိုပါတယ်။  "ဟောဒီဓါတ်ပုံ တွေကိုသာကြည့်။ ကျနော်တို့အမတ်မင်းတွေ နေပြည်တော်မှာ ဘယ်လိုနေရတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်လိမ့်မယ်" ဆိုပြီး ဦးခင်မောင်ရည်က သူရဲ့လက်ကိုင်ဖုန်းထဲက ဓါတ်ပုံတွေကိုပြပါတယ်။ နေပြည်တော် စည်ပင်သာယာတည်းခိုခန်းမှာ တနေ့ ကျပ် ၂၀၀၀-နဲ့ လွတ်တော်အမတ်တွေတည်းနေ ရတဲ့အဆာင်မှာ မီးမလာတဲ့အတွက် ဖထီးစောသန်းအောင်နဲ့အဖွဲ့ အကျီချွတ်ပြီး အပြင်မှာထွက်အိပ်နေ ရပုံအပါဝင် လွတ်တော်အမတတဦးရဲ့်အဆင့်တန်းအတိုင်း နေထိုင်ခွင့်မရတဲ့ အမတ်သစ်တွေရဲ့ ရုပ်ပုံ တွေကို မြင်ခဲ့ရပါတယ်။

ဒါပေမဲ့ အမတ်အားလုံး ဒီလိုနေရတာမျိုးတော့မဟုတ်ပါ။ နေပြည်တော်မှာ ရုံးခန်းမရှိတဲ့။ ပိုင် ဆိုင်မှုမရှိသေးတဲ့ ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစုအမတ်တွေသာ ဒီလိုနေရတာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီအမတ်တွေကတော့ သူတို့ပါတီဝင်းထဲမှာ အားလုံး အိုကေပြီး အဆင်ပြေနေပါတယ်လို့ ဒီအမတ်တွေကဆိုပါတယ်။

ပြည်ပရောက်နေသူတွေအပေါ် သူတို့ဘယ်လိုမြင်သလဲ

တနိုင်ငံလုံးနဲ့ဆိုင်တဲ့ တိုင်းရေး ပြည်ရေးကိစ္စတွေအပြင် အဲဒီတိုင်းရေး-ပြည်ရေးကိစ္စလုပ်ရင်းနဲ့ ပြည်ပကိုရောက်သွားကြတဲ့အင်အားစုတွေအပေါ် အစိုးရသစ်နဲ့ ပါလီမန်သစ်က ဘယ်လိုသဘောထား သလဲဆို တဲ့အချက်ကိုလဲ ကျနော်အလေးပေးမေးမြန်းဖြစ်ပါတယ်။ ဒါဟာ ကိုယ်နဲ့တိုက်ရိုက်ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အပြင်  သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်ကလဲ ပြည်ပရောက်မြန်မာတွေ ပြည်တော်ပြန်လာဖို့ ဖိတ်ခေါ်နေ တာ ၂-ကြိမ်ရှိနေပြီဖြစ်ပါတယ်။

"နိုင်ငံရေးအကျဉ်းသားကိစ္စ။ ပြည်တွင်းစစ်ကိစ္စ။ ပြည်ပရောက်နေသူတွေကိစ္စ အားလုံးကို ကျ နော်တို့အဆိုပြုတင်ပြခဲ့ပါတယ်။ ဒါပေမဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်လို ဥပဒေမျိုး အခုချိန်ထိ မ ထုတ်ပြန်နိုင်သေးတာကတော့ ၀မ်းနဲစရာဘဲ့" လို့ အမတ်တဦးကပြောပါတယ်။ နောက်အမတ်တဦးက တော့ "ငြိမ်းချမ်းရေးဆိုတာ တိုက်ပွဲတွေရပ်လိုက်ယုံနဲ့မပြီးဘူးလေ။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ မှာရောက်နေသူတွေ။ နယ်စပ်မှာရောက်နေသူတွေ မိသားစုနဲ့ပြန်လည်ပေါင်းစည်းနိုင်ရေးကလဲ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တခုဘဲ့လေ" လို့ဆိုပါတယ်။

"ပြည်ပမှာရောက်နေသူတွေကိစ္စကို ခင်ဗျားတို့အလေးထားတယ်ဆိုရင် အခုခရီးစဉ်မှာ ဘာ ကြောင့် ပြည်ပရောက်မြန်မာတွေနဲ့တွေဖို့အစီစဉ်မပါသလဲ" ဆိုပြီး ကျနော်က မေးမိပါတယ်။ "အမှန် တိုင်းဝန်ခံရရင် နော်ဝေးမှာ မြန်မာတွေဒီလောက်များနေမှန်း။ ကျနော်သူငယ်ချင်းတွေကိုယ်တိုင် ဒီမှာရှိ နေမှန်းကြိုမသိခဲ့ဘူးဗျ" လို့ ဦးခင်မောင်ရည်ကဖြေပါတယ်။ နောက်တခါ အခုခရီးစဉ်ဟာ ပထမ-ဆုံး သော မြန်မာလွတ်တော်အမတ်တွေရဲ့ ပြည်ပခရီးစဉ်။ ဥရောပခရီးစဉ် ဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဖိတ် ကြားတဲ့နိုင်ငံရဲ့အစိုးရအဖွဲ့။ ပါလီမန်အဖွဲ့တွေနဲ့ တွေ့ဆုံရေးကသာ အဓိကလွှမ်းမိုးနေခဲ့တာဖြစ်ပုံရတယ် လို့ ယူဆရပါတယ်။

ဒါဆိုရင် ဇွန်လ ၁၅-ရက်နေ့မှာ နော်ဝေးနိုင်ငံဆီရောက်လာမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် အတွင်းမှာကော ပြည်ပရောက်မြန်မာတွေနဲ့ အချိန်ပေးတွေဆုံဖို့အစီစဉ်များရှိလာနိုင်မလား။ ကျနော်တို့ ဖက်က ဘာတွေတင်ပြပြီး သူတို့ဖက်က ဘာတွေလုပ်ပေးနိုင်မလဲ။ နိုဗယ်ဆုယူမဲ့အခန်းနားအကြောင်း ကို သတင်းတွေထဲမှာတွေ့နေရပေမဲ့ မြန်မာတွေနဲ့သီးခြားတွေဆုံပွဲအခြေနေ။ ပြည်ပရောက်မြန်မာတွေ အပေါ် NLD ပါတီနဲ့ ပါလီမန်သစ်ရဲ့သဘောထားတွေကိုတော့ မကြားရသေးပါဘူး။

အစီစဉ်အတိအကျ ဘာမှမသိရသေးဘူးဆိုပေမဲ့ နော်ဝေးအပြင် ဆွီဒင်။ ဒိန်းမတ်။ နယ်သာ လန်။ ဂျာမနီနဲ့ အခြားဥရောပနိုင်ငံတချို့က ရာနဲ့ချီရှိတဲ့ အဝေးရောက်မြန်မာတွေကတော့ ဒေါ်အောင် ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ ဇွန် ၁၅-မှာ နော်ဝေးကိုလာမဲ့အကြောင်း သတင်းပို့ထားကြပါတယ်။ တခါ တခြားနိုင်ငံတွေက အဝေးရောက်မြန်မာတွေကလဲ ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန်ကိုရောက်ချိန်မှာ တွေ့ခွင့်ရဖို့ ကျိုးစားနေကြကြောင်းသိရပါတယ်။

ဒီလိုတွေဆုံတဲ့အခါ ပြည်ပရောက်နေသူတွေက ဘာတွေတင်ပြပြီး ဒေါ်အောင်ဆန်းစုကြည် ဖက်က ဘာတွေလုပ်ပေးနိုင်မလဲ။ နှစ် ၂၀-ကျော်ကာလအတွက် ပထမ-ဆုံး အတွေ့အကြုံဆိုတော့ ဘယ်သူမှကြိုမသိနိုင်သေးပါဘူး။

ဒါပေမဲ့ ကျနော်ကတော့ လွန်ခဲ့တဲ့နှစ် ၂၀-ကာလလွတ်မြောက်ရေး လှုပ်ရှားမှုအတွင်း ဘန်ကောက်မှာတွေ့ခွင့်ရခဲ့တဲ့ အရှေ့တီမောနိုင်ငံသားတွေ အိမ်ပြန်သလိုမျိုး။ ပြည်ပ မှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ဖူးတဲ့ ဂျိုဆေးရာမို့ဟိုတာ José Ramos-Horta တို့ ပြည်တော်ပြန်ပြီး တာနဲ့ ချက်ချင်းနိုင်ငံရေးလုပ်ခွင့်ရသလိုမျိုး ကျနော်တို့ အဝေးရောက်မြန်မာတွေ ရန်ကုန်ပြန်ရောက် တာနဲ့ ချက်ချင်းနိုင်ငံရေးလုပ်ခွင့်ရလာနိုင်မလား။ ဦးနုခေတ်က ရှိခဲ့ဖူးတဲ့ ၂-နိုင်ငံသား လက်မှတ်ဆိုတာ တွေကို ပါလီမန်သစ်က စဉ်းစားပေးလာနိုင်မလားဆိုပြီး စိတ်ကူးယဉ်နေမိပါတယ်။

မတူတာလေးတွေ

အရှေ့တီမောသားတွေကိုအားကျပြီး စိတ်ကူးယဉ်နေတဲ့ကျနော်ဟာ နောက်တနေ့မှာတော့ ဒီ စိတ်ကူးတွေအကြောင်း လွတ်တော်အမတ်တွေဆီ အီးမေးလ်ပို့ဦးမှ။ twittter နဲ့ Facebook ကနေ ပွါးဦးမှဆိုပြီး သူတို့ပေးသွားတဲ့ လိပ်စာကဒ်တွေကိုထုတ်။ ကွန်ပြူတာရှေ့မှာထိုင်။ Gmail ကိုဖွင့်ပီး add လုပ်ဖို့ ပြင်ပါတယ်။ အဲဒီတော့မှ အမတ် ၉-ဦးမှာ ၃-ဘဲ့ အီးမေးလ်လိပ်စာပါပြီး ကျန်အမတ်တွေက တယ်လီဖုန်းနဲ့ ရုံးလိပ်စာတွေဘဲ့ပါတာတွေ့ ရပါတယ်။ တခါ အီမေးလ်ပါတဲ့ အမတ် ၃-ဦးရဲ့ လိပ်စာကို အသေချာဖတ်ကြည့်တော့ "ဟ လွတ်တော် အမတ်တွေကလဲ ငါတို့ individual တွေလို gmail ဘဲ့သုံး တာလား။ လွတ်တော်ကလုပ်ပေးထားတဲ့ ၀က်ဆိုက်တွေ။ အီမေးလ်လိပ်စာတွေမရှိဘူးလား" ဆိုပြီး ကျနော် အသံထွက် ငြီး မိပါတယ်။

ပြီးတော့ စိတ်ထဲမှာ နဲနဲသံသယရှိလာလို့ တခြားနိုင်ငံကအမတ်တွေလဲ gmail သုံးရင် သုံးမှာ ပေါ့လေဆိုပြီး ကျနော့်လိပ်စာကဒ် စာအုပ်ထဲက နော်ဝေးလွတ်တော်အမတ်တဦးရဲ့ ကဒ်ကိုထုတ်ပြီး ကြည့်မိပါတယ်။ gmail မသုံးပါဘူး။ ...@stortinget.no လို့ရေးထားတာတွေ့ပါတယ်။ ဒါဆိုရင် ကျနော် တို့မြန်မာနိုင်ငံက လွတ်တော်အမတ်တွေလဲ ...@parliament.mm လို့ ဘာကြောင့်မသုံးနိုင်သေးတာ လဲ။ တနိုင်ငံလုံးကို e-စနစ်ဖြစ်အောင်လုပ်နေတဲ့ အစိုးရသစ်နဲ့ ပါလီမန်အတွက် ၀က်ဆိုက်တခုဖွင့်ရေး။ အီးမေးလ်လိပ်စာလုပ်ရေးက ဘာကြောင့်ဒီလောက်နှောက်နှေးနေရတာလဲ။ ကျနော်တောင် ဒီလိုစဉ်း စားနေရင် သူတို့ရဲ့လိပ်စာကဒ်တွေရထားတဲ့ နော်ဝေးပါလီမန်ကအမတ်တွေ။ နော်ဝေးနိုင်ငံခြားရေးဌာန က ၀န်ကြီးတွေနဲ့အစိုးရ၀န်ထမ်းတွေ ဘယ်လိုစဉ်းစားနေမလဲ။ နည်းပညာရှင်တွေကို မြန်မာနိုင်ငံဆီ အမြန်ပို့ပီး ပါလီမန်အတွက် ၀က်ဆိုက်ဖွင့်ပေးဖို့စဉ်းစားနေကြလေမလား။

မြန်မာအမတ်နဲ့ နော်ဝေအမတ်တို့ရဲ့လိပ်စာကဒ်ချင်းယှဉ်ပြီး စဉ်းစားခန်းဖွင့်နေတဲ့ကျနော်ဟာ နည်းပညာကနေတဆင့် အမတ်တဦးချင်းစီရဲ့ လုပ်ရည်ကိုင်ရည်နဲ့ မတူညီတဲ့ပညာရေးစနစ်။ နိုင်ငံရေး စနစ်တွေအကြောင်းကိုပါ တွဲပီးစဉ်းစားမိနေပါတယ်။ ဆိုလိုတာကတော့ မြန်မာအမတ်နဲ့ နော်ဝေးအ မတ်တွေကြားမှာ အီးမေးလ်လိပ်စာကွာယုံတင်မကဘဲ နေရာအတော်များများမှာ ကွာခြားချက်တွေရှိ နေနိုင်ပါတယ်။ ဥပမာအားဖြင့် ကျနော်ကိုလိပ်စာကဒ်ပေးထားတဲ့ နော်ဝေးလွတ်တော်အမတ်ဟာ အ သက် ၂၀-ကျော်ဘဲ့ရှိသေးပြီး နိုင်ငံရေးသိပ္ပံတို့။ အုပ်ချုပ်မှုပညာတို။ ဥပဒေတို့နဲ့ဘွဲရထားသူ။ တနည်း အားဖြင့်ပြောမယ်ဆိုရင် လွတ်တော်အမတ်ဖြစ်ဖို့။ နိုင်ငံရေးသမားအဖြစ် အသက်မွေးဝမ်းကြောင်း လုပ် ဖို့အတွက် ကျောင်းတက်စဉ်ကတည်းက စနစ်တကျလေ့လာသင်ကြားလာတဲ့ professional politician ဖြစ်ပါတယ်။

ဒါပေမဲ့ ကျနော်တို့ မြန်မာအမတ်တွေကတော့ အဲဒီခေတ်ကိုမရောက်သေး။ အဲဒီလိုလေ့လာခွင့် တွေမရသေး။ ကျနော်တို့နိုင်ငံရဲ့ပညာရေးစနစ်မှာ နိုင်ငံရေးသိပ္ပံတွေ။ အုပ်ချုပ်မှုအတတ်ပညာတွေ။ သ တင်းစာပညာတွေ မရှိသေး။ ဒီတော့ အယင်ကရှိပြီးသားပညာရေးစနစ်ကနေတက်လာတဲ့ ဆရာဝန် တွေ။ ရှေ့နေတွေ။ အင်ဂျင်နီယာတွေ။ ကျောင်းဆရာတွေ။ စစ်ဗိုလ်ဟောင်းတွေ။ စီးပွါးရေး လုပ်ငန်း ရှင်တွေကနေ လွတ်တော်အမတ်ဖြစ်လာသူတွေကိုသာ ပါလီမန်ထဲမှာအများစုအဖြစ်မြင်နေရဆဲဖြစ်ပါ တယ်။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ အနောက်နိုင်ငံတွေက နိုင်ငံရေးသမားတွေလို professional politician အဖြစ် အတတ်ပညာနဲ့နိုင်ငံရေးလုပ်တဲ့အဆင့်ကိုမရောက်သေးဘဲ လွန်ခဲ့တဲ့ နှစ် ၂၀- ကျနော်တို့ခေတ်ကလိုဘဲ့ စိတ်ဓါတ်နဲ့ လုပ်နေတဲ့ နိုင်ငံရေးအဆင့်မှာဘဲ့ရှိနေသေးတယ်လို့ ကျ နော် ခံစားမိပါတယ်။

ဒီအတွက် ကျနော်တို့ဘာတွေပြင်ဆင်ဖို့လိုမလဲ။ ၂၀၁၂-မှာ မပြင်နိုင်ရင်တောင် ၂၀၁၅-အမှီ တခုခုပြင်ဆင်နိုင်မလား။ လက်ရှိအမတ်တွေကို နိုင်ငံတကာပါလီမန်တွေဆီ လေ့လာရေးလွတ်တဲ့အပြင် နောက်ဖြစ်လာမဲ့အမတ်လောင်းတွေ။ အသက် ၂၀-တန်းလူငယ်တွေအတွက်ပါ စနစ်တကျ ကြိုပြင်ဖို့ လိုမနေဘူးလား။ ကျနော်တို့ရဲ့ နိုင်ငံရေးစနစ်တွေ။ ပညာရေးစနစ်တွေ။ စဉ်းစားပုံတွေကို အမြန်ဆုံး ပြောင်းလဲပြီး နိုင်ငံတကာနဲ့ရင်ဘောင်တန်းရမဲ့အချိန်ကိုရောက်နေပြီမဟုတ်လားလို့ လွတ်တော်အမတ် တွေရဲ့ မတူညီတဲ့ လိပ်စာကဒ်တွေကိုကိုင်ရင်း ကျနော်စဉ်းစားနေမိပါတယ်။
လွတ်တော်အမတ်တချို့နဲ့ စကားပြောခြင်း လွတ်တော်အမတ်တချို့နဲ့ စကားပြောခြင်း Reviewed by သစ်ထူးလွင် on 15:23 Rating: 5

14 comments:

မောင်လေး said...

ကောင်းပါတယ်ဗျာ၊ အရည်အသွေးပြည့်ဝတဲ့ politician ဆိုတာ ချက်ခြင်းကြီးတော့အရာအားလုံးနတ်ရေကန်ထဲခုန်ဆင်းလိုက်သလိုဘယ်လာပြည့်စုံနိုင်ပါ့မလဲ။အပြုသဘောနဲ့ လိုအပ်ချက်တွေတော့ရှိနေမှာပါဘဲ။ဒါတွေကိုထောက်ပြပြောဆိုတတ်တဲ့လူ ကထောက်ပြပြောဆိုပြီးတော့ ပြုပြင်ဆောင်ရွက် သွားကြရင် ပန်းတိုင်ကို အမြန်ရောက်နိုင်မှာပါ။

Ko Nyo Khant ( Mdy university.) said...

မြန်မာနိုင်ငံမှာ professional politician တစ်ယောက်မှမရှိတော့ပါဘူး...အကုန်လုံးဖြုတ်..ထုတ်..သတ်...လုပ်လို့ ကုန်ပါပြီ...လမ်းစဉ်ပါတီခေတ်မှာ..ပါတီသဘောတရားတွေရိုက်သွင်းပေးမဲ့ အရာမထင်ခဲ့ပါဘူး..ပါတီတွင်းမှာ...ပြည်သူ့ကောင်စီခေတ်မှာ..ဥက္ကဌ တွေကို..တပ်က...ဒု-ဗိုလ်မှူးကြီးအဆင့်ရှိသူတွေ ၀င်ရောက်လာတဲ့အခါ.ပါတီကေဒါတွေနဲ့..သဟဇာတမဖြစ်ခဲ့ပါဘူး...နိုင်ငံရေးသမားက...နိုင်ငံရေးလုပ်ပေမဲ့...စစ်တပ်က၀င်လာပြီး...နိုင်ငံရေးလုပ်တာမှာအောင်မြင်မှုမရှိခဲ့ပါဘူး..နိုင်ငံရေးလုပ်စားတဲ့ကောင်စီက..အုပ်ချုပ်ရေးအဖွဲ့ပါဘဲ..နိုင်ငံရေးနဲ့...အုပ်ချုပ်ရေး..သဟဇာတမဖြစ်ခဲ့ပါဘူး...ပါတီမှာ..အဲဒီအချိန်ကစပြီးဂိုဏ်းကွဲနေခဲ့ပါပြီ..တစ်ပါတီဖြစ်ပေမဲ့..စည်းလုံးမှုမရှိတဲ့တစ်ပါတီဖြစ်နေပါပြီ...ပါတီနဲ့ကောင်စီကွဲပြားသွားတာ..မသိလိုက်ကြပါဘူး...ပါတီခေါင်းဆောင်များက..ပါတီအလုပ်ကိုလုပ်ကိုင်နေချိန်မှာ..ကောင်စီများက...အုပ်ချုပ်ရေးအပိုင်းမှာ..စားသောက်နေကြပါပြီ...အဲဒီအချိန်က..ပါမစ်များကို...ကောင်စီကကိုင်နေပါတယ်..ဒါဘာကိုပြောခြင်သလည်းဆိုတော့ အထက်ကပြောခဲ့တဲ့ professional politician မဟုတ်လို့ပါဘဲ..နိုင်ငံရေးအသိရှိသူ...နိုင်ငံရေးစိတ်ဓာတ်ရှိသူတွေကို...ချိုးနှမ်ခဲ့တဲ့အတွက်...တိုင်းပြည်ဟာချောက်ထဲရောက်သွားတာပါဘဲ...ယခုလည်း...၀န်ကြီးများနဲ့..၀န်ကြီးချုပ်များဟာ..professional politician များမဟုတ်ကြပါဘူး...ရာထူးအဆင့်အလိုက်..သင်တန်းပို့ချပြီး..0nly knowladge နဲ့ အုပ်ချုပ်လာတဲ့..အုပ်ချုပ်သူလူတန်းစားများဘဲဖြစ်ပါတယ်..ဥပမာပြရရင်..လယ်ဆည်ဝန်ကြီးဖြစ်တဲ့သူဟာ...မိမိနိုင်ငံကဆန်ရေစပါးပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ပေမဲ့..မိမိဒေသ..စပါးကိုသုတေသနမပြုဘဲ..အထွက်တိုးအောင်မဆောင်ရွက်ဘဲ...နိုင်ငံခြားစပ်မျိုးစပါးကိုဘဲ..လက်ဝေခံ..စံပြစိုက်ပျိုးသွားတာကိုကြည့်ရင်သိနိုင်ပါတယ်..မြန်မာနိုင်ငံမှာသုတေသနပြုထုတ်လုပ်ထားတဲ့..မှော်ဘီ-၁၊မှော်ဘီ-၂ တို့လို..ကောင်းမွန်တဲ့..အထွက်တိုးတဲ့မျိုးဖြစ်အောင်..ပိုမိုပြန့်ပွားအောင်မလုပ်ဆောင်ဘဲ...သုတေသနကိုအားမပေးဘဲ...ရေတို..နိုင်ငံခြားစပ်မျိုးစပါးများကိုစိုက်ပျိုးစေတာ..သူ့ရဲ့ယုံကြည်ချက်သက်သက်သာဖြစ်စေပါတယ်..တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့လုံးဝမဖြစ်နိုင်ပါဘူး...နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ..ရေမြေရာသီဥတုကွာခြားပါတယ်...မြန်မာနိုင်ငံမှာ..နိုင်ငံခြားစပ်မျိုးစပါးတွေစိုက်ပျိုးလာခဲ့တာတော်တော်ကြာခဲ့ပါပြီ...ကျယ်ကျယ်ပြန့်ပြန့်အောင်မြင်မှုမရှိခဲ့တာ...လက်တွေ့ပါဘဲ..ဦးမြင့်လှီုင်..တိုင်းမှူးဘ၀က..စိုက်ပျိုးခဲ့တဲ့..ဆင်းရွှေလီစပါးဟာ...သူဒေသမှာတင်ဘဲ...ယခုစိုက်ပျိုးထုတ်လုပ်မှုမရှိတော့ပါဘူး...အဲဒိဒေသကိုလည်းသွားရောက်ပြီးစိုက်ပျိုးဖို့မတိုက်တွန်းတော့ပါဘူး...အဲဒါဘာကိုပြသလည်းဆိုတော့..Knowladge နဲ့ Techinician ကွာခြားမှုပါဘဲ...တကယ်ပညာရှင်များကလက်တွေ့အကောင်အထည်မဖော်ပြဘဲနဲ့သိတယ်ဆိုယုံလေးနဲ့လက်တွေ့အကောင်အထည်ဖော်ပြနေတာ..ရှက်စရာကောင်းပါတယ်...တကယ်တန်းစိုက်ပျိုးရေးပညာရှင်များကသာဘယ်လိုနည်းစနစ်နဲ့..ဘယ်လိုမျိုးက..ဘယ်လိုစိုက်ရမယ်ဆိုတာရှင်းလင်းပြသရမှာဖြစ်ပါတယ်..ပညာရှင်တွေကိုဒီလိုနောက်တန်းပို့လို့..တိုင်းပြည်ဟာမဖွံ့ဖြိုးမတိုးတက်ခဲ့တာပါ..နိုင်ငံရေးသမားကနိုင်ငံရေးအလုပ်ပြီး...ပညာရှင်တွေကိုမွေးထုတ်ပြီး..ပညာရှင်တွေကိုမစော်ကားရင်...နိုင်ငံရေးသမားပီပီသသဖြစ်ခြင်ရင်...ကိုယ့်အလုပ်ကိုလုပ်ကြဖို့မေတ္တာရပ်ခံပြိး..ရှေဆက်ချီတက်ကြပါစို့လို့.............

u kyawkyaw said...

၁၉၉၀ခုနှစ်ရွေးကောက်ခံကိုယ်စားလှယ်တွေ၏မြန်မာပြည်သူတို့အပေါ်သိသောအမြင်၊မြန်မာပြည်သူတို့၏ဒီမိုကရေစီရေချိန်ကိုသေချာသိနားလည်မှုမရှိဘဲငါ့စကားနွားရဆိုသလိုလုပ်ခဲ့သဖြင့်လူအတွေး၊လူအကျင့်မရှိသောသူများကအကြောင်းပြချက်အမျိုးမျိုးရပြီးတိုင်းပြည်ကိုဖျက်ဆီးသွေးစုတ်ခဲ့ကြသည်။ဒါကြောင့်လွန်ခဲ့သောနှစ်၂၀ကအတိုင်းရုပ်ပိုင်းဆိုင်ရာမပြောင်းလဲသော်လည်းစိတ်ပိုင်းဆိုင်ရာမှာလုပ်စားမရအောင်ပျက်ဆီးခဲ့ရသည်။ယခုလည်းဒီမိုကရေစီခေါ်လူကိုလူနဲ့တူအောင်ဆက်ဆံရေး၊အခွင့်ထူးခံလူတန်းစားပပျောက်ရေး၊ပြည်သူအားလုံးဆင်းရဲချမ်းသာကွာဟမှုနည်းပါးရေးတို့ကိုဆောင်ရွက်ပေးမည့်သူတွေအနေနှင့်အသိဥာဏ်မြင့်မားစွာဖြင့်အပြောအဆိုအလုပ်အကိုင်များသတိကြီးစွာနှင့်ဦးဆောင်သွားရပါမည်၊ပြည်သူများ၏စိတ်ပိုင်းဆိုင်ရာအားနဲပျက်ဆီးခဲ့သဖြင့်ဦးဆောင်သူများ၏အခန်းကဏ္ဍသည်ယနေ့အချိန်အခါသည်အလွန်အရေးကြီးနေပါသည်၊၁၉၉၀တုံးကကဲ့သို့လုပ်ရည်ကိုင်ရည်အားနဲခဲ့ပါကအချိန်မရွေးအကြောင်းပြချက်များရပြီးဖက်စစ်အာဏာရှင်အောက်သို့ပြန်ရောက်သွားနိုင်ပါသည်။

demon501 said...

ကိုထက်အောင်ကျော်ရေလေးစားပါတယ်ဗျာ။ဒီလိုတွေးပီးရေးတော့အခုလက်ရှိအခြေနဲ့ကွက်တိပါပဲလားကျွနတော်တို့ဗမာပြည်ဘယ်တော့ဦးမော့နိုင်မလဲမသိဘူး။

ဆုလာဘ် said...

ေ၇ွမန်းကိုဘယ်သူမှအာမခံ၇ဲပါဘူး ဒီလူတွေကိုပြောင်းလဲ၇င်တော့အကောင်းဆုံပါ

မိုးတိမ် said...

ကောင်းလိုက်တဲ့ဆောင်းပါးဗျာ .....

linn said...

'တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ အနောက်နိုင်ငံတွေက နိုင်ငံရေးသမားတွေလို professional politician အဖြစ် အတတ်ပညာနဲ့နိုင်ငံရေးလုပ်တဲ့အဆင့်ကိုမရောက်သေးဘဲ လွန်ခဲ့တဲ့ နှစ် ၂၀- ကျနော်တို့ခေတ်ကလိုဘဲ့ စိတ်ဓါတ်နဲ့ လုပ်နေတဲ့ နိုင်ငံရေးအဆင့်မှာဘဲ့ရှိနေသေးတယ်လို့ ကျ နော် ခံစားမိပါတယ်။'

ကျွန်တော့အမြင်နဲ့တစ်ထပ်ထဲပါပဲ။ စေတနာကို ယုံကြည်လေးစားပေမဲ့ တစ်ကယ်အစိုးရတစ်ရပ်ကို run ဘို့ဆိုရင် အမတ်တွေ (နိုင်ငံရေးသမားတွေ)မှာ ဖြည့်ဆည်းစရာတွေ အများကြီးရှိနေပါတယ်။ မင်းအထင်သေးရန်ကော၊ မင်းကိုယ်မင်းအထင်ကြီးတာလားဆိုရင် သူများတွေ တော်တာတွေ့နေတော့ ကိုယ့်တိုင်းပြည်ကလူတွေကို အဲလိုဖြစ်စေချင်တဲ့ စေတနာ ဆန္ဒနဲ့ပါ။ ပြီးပြောခဲ့ဘူးပါတယ်။ လိုချင်စိတ်ရှိရင် ဖြည့်ဘို့ ဖြစ်နိုင်ပါတယ်ဆိုတာကိုပါ။ ( ဒီချုပ်ကအမတ်တွေကတော့ BC မှာ English စာတက်ဘို့ လုပ်နေပြီတဲ့၊ ကျွန်တော့အနေနဲ့ တိုင်းပြည်အတွက် ဦးသိန်းညွန့် (သင်ကန်းကျွန်း)လို လက်ရည်မျိုးရှိတဲ့အမတ်တွေ အများကြီးလိုချင်ပါတယ်။ ဦးသိန်းညွန့် English စာ တော်ချင်မှတော်ပါမယ်။ လူချင်းမတွေ့ဘူးလို့ မသိပါ။ လွှတ်တော်ထဲမှာတော့ လုပ်ရည်ကိုင်ရည် တစ်ကယ်ရှိကြောင်း ပြနိုင်ခဲ့ပါတယ်။

Htein Aung said...

change လို့ သုံးမဲ့အစား chance to change လို့သုံးရမယ်ထင်ပါတယ်။

မန်းလေးသား said...

ဦးထက်အောင်ကျော်ကို ကျေးဇုတင်ပါတယ်ခင်ဗျာ.... ကျွန်တော်တို့လိုသာမာန်ပြည်သူ တစ်ယောက်အနေနဲ့ ရှင်းရှင်းလင်းလင်းနဲ့ အသိပညာ ဗဟုသုတတိုးပွားစေပါတယ်ဗျာ.... အခုလက်ရှိနိုင်ငံအပေါ်မှာ မြင်နေတဲ့ အမြင်ကိုတိုးတက်စေပါတယ်.... ပိုပြီးတော့လဲ စဉ်းစားလို့ရသွားပါတယ်....

မိုးကြိုး မုန်တိုင်း said...

ပြောင်းလဲမှုလမ်းကြောင်းပေါ်မှာ.. ပြည်သူဘက်ကရပ်တည်ပေးနေတဲ့... ဦးရွှေမန်းကြီးတစ်ယောက်... ဒီလိုမျိုးထိုင်ခုံပေါ်မှာ.မထိုင်ဘူးဖူးနဲ့တူတယ်ဗျ..
နေရထိုင်ရတာ ခက်နေပုံပဲ.. ဘယ်တတ်နိုင်ပါမလဲဗျာ... အခြေအနေအရပေါ့... လွှတ်တောထဲရောက်မှ ဆိုဖာနဲ့ ထိုင်ဗျာ...
ဒို့တိုင်းပြည်ကြီး အနာဂတ်မှာ တိုးတက်ဖို့အတွက်.. ဘဲကြီးရေ... ကြိုးစားပေးဦးဗျာ ... နော်

anawmar said...

အို....ဗမာပြည်သားအပေါင်းတို့....
သင်တို့ မျှော်လင့်တမ်းတနေသော ပြည့်ဝသောဒီမို ကရေစီမြန်မာပြည်သစ်သည် (က) အာဏာရှင်ကြီးဦးသန်း ရွှေ ငရဲရွာ လားလျှင်သော်၎င်း (ခ) ကာချုပ်ကြီးမင်းအောင် လှိုင်မှ ပြည်သူချစ် ပြည်သူ့အကျိုးပြု ပြည်သူ့တပ်မတော်သား စစ်စစ်အဖြစ် ပြောင်းလဲခံယူလာလျှင်သော်၎င်း ဖြစ်နိုင်ဖွယ်ရှိကြောင်း သိစေအပ်သည် မှတ်ကြလေလော့ မှတ်လေလော့။

ခန့်သူအောင် said...

ဘယ်အရာမဆို လူသာသည်အဓိကပါ။ အခု ဦးရွှေမန်းတို့ နော်ဝေးနိုင်ငံကိုလာလည်တယ် နော်ဝေး နိုင်ငံအမျိုးသားနေ့ကိုသွားတက်တော့ ဘယ်လိုခံစားရလဲ ဆိုတာ သိစေချင်တယ်။ နော်ဝေးနိုင်ငံ လွတ်လပ်ရေးရတာ အခုလို တည့်တန့်ခိုင်မြဲအောင် လုပ်နိုင်တာ နော်ဝေးလူ့အဖွဲ့စည်းရဲ့ အတွင်းစိတ်ကို ပြောင်းလဲပစ်နိုင်လို့ဘဲ့။ နော်ဝေး လူမျိုးတွေဟာ အရင်က ဥရောပတခွင် မှာ ပင်လယ်ဓမြတွေပါ။ အခုတော့ နိုင်ငံကကာက လေစားထိုက်တဲ့ အတုယူစရာကောင်းတဲ့ လူနေမှု စနစ်တခုကို တည်ဆောက်နိုင်တာ ဟာ တကယ်တမ်းပြုပြင်ပြောင်းလဲချင်တဲ့စိတ် အမြင်မတူတာတွေကို အမြင်တူအောင်လုပ်တာထက် အများအကျိုးကို ရေရှည်မျှော်မှန်းပြီး အားလုံးပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ခဲ့လို့ အခုလိုတည့်တန့်ခိုင်မြဲနေတာဖြစ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာက အမြင်မတူရင် တို့ရန်သူလို သဘောထားနေတာ ကြောင့် အခုထက်ထိ ဘာမှမယ်မယ်ရရမဖြစ်လာတာဖြစ်တယ်။ လူသားတိုင်း အမှားကိုယ်စီရှိကြတယ်။ တကယ်တမ်းပြောင်းလဲချင်တဲ့စိတ် ပြောင်းလဲနိုင်တဲ့စိတ် ပြောင်းလဲသင့်တဲ့စိတ်တွေ ကို ကျနော်တို့မြန်မာနိုင်ငံသားအားလုံး လက်ခံစဉ်းစားဖို့လိုမယ်။ ဘယ်သူမပြု မိမိအမှု့။

Fighter said...

ကျွနတော်နိုင်ငံမှာ လက်ရာထူးကြီးကြီးယူထားသူအားလုံးဟာ ကိုယ်ရဲ့စိတ်ခံစားမှုတွေကို ဖုံးကွယ်ပြီး အထက်လူကြီးအကြိုက်
ပြောဆိုနေထိုင်ကြင့်ကြံကြပါတယ်။
ဒီလိုနေထိုင်ကြတာကိုပဲ
ရှေးရိုးစွဲတွေက ပညာတတ်လို့
တလွဲယူခဲ့ကြပါတယ်။
ဒါကြောင့်မို့လို့ပဲ ကျွန်တော်တို့ဟာ စစ်အုပ်ချုပ်ရေးအောက်
နှစ်ပေါင်းကြာရှည်အောင်နေကြရတာပါ။

mahar maharzaw said...

ဖုန်တောထဲက ထွက်လာတဲ့ အမတ်တွေဆိုတော့ ဖုန်ပေနေတာ
မဆန်းပါဘူး ။ ခါချတဲ့သူနဲ့  မခါချတဲ့သူတွေ ရောနေသေးလို့ 
ဖုန်နံ့  ကတော့ရနေဦးမှာပါပဲ။

Powered by Blogger.