တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု ၇၇ မှုရှိခဲ့ကာ တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန် မှုရှိ

7301
ဓါတ်ပုံ (Eleven Media Group)

တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု ၇၇ မှုရှိခဲ့ကာ တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန် မှုရှိခဲ့ပြီး  အရေးယူမှုလျော့ရဲခြင်းအပေါ် ဝေဖန်မှုများရှိနေ၊ အဂတိလိုက်စားကာ တရားသဖြင့် မစီရင်သော တရားသူကြီးများကို စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူခြင်းထက် ပြည်သူ့ရှေ့မှောက်တွင် ဥပဒေအရအပြစ်ပေး အရေးယူခြင်းသည် ဒီမိုကရေစီစနစ်နှင့် ပိုမိုကိုက်ညီမှုရှိမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား
သမ္မတကြီးမိန့်ခွန်း ပြောကြားပြီးသည့်နောက် ပြည်သူလူထုက တရားစီရင်ရေးဆိုင်ရာ တရားသူကြီးများအပေါ်တွင် တိုင်ကြားမှု ၇၇ မှုရှိခဲ့ပြီး တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်း မှာ မှန်ကန်မှုရှိခဲ့ကြောင်း၊ ထို့ပြင် ရာထူးအဆင့် လျှော့ချခံရသူ နှစ်ဦး၊ အငြိမ်းစားပေးခြင်း ခံရသူတစ်ဦးနှင့် သတိပေးခြင်းခံရသူ ၄၀ဦး အပါအ၀င် ၀န်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရသူ တရားသူကြီးပေါင်း ၅၇ ဦး ရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူလူထုနယ်ပယ်တွင် တရားမျှတမှုမရှိသော တရားစီရင်မှုများ၊ လာဘ်ပေးလာဘ်ယူမှု များ ပြုလုပ်ကာ တရားစီရင်မှုများအပေါ် တိုင်ကြားမှုများစွာ ရှိနေသော်လည်း ပြစ်မှုဆိုင်ရာ ဥပဒေများအရ ထိရောက်စွာ အရေးယူနိုင်မည့် ဥပဒေများ မရှိသေးခြင်း၊ အရေးယူမှုအပိုင်း ၌ အားနည်နေခြင်းများအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်အကြံပြုခဲ့ကြသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို တင်သွင်းခဲ့သည့် “တရားရေးမဏ္ဍိုင် ဖြောင့်မတ် ကြံ့ခိုင်ရေးအတွက် ၀ိုင်းဝန်းကူညီ ထောက်မပေးရေး အဆို”ကို ထောက်ခံဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က “ကျွန်တော့်အနေနဲ့ သူရဦးအောင်ကို တင်သွင်းခဲ့တဲ့အဆို ကို ဝေဖန်အကြံပြုချက်များနှင့်တကွ တင်ပြပါမယ်။ ဒီအဆိုကို ဘာကြောင့် ထောက်ခံတင်ပြ ရသလဲဆိုတာ ကျွန်တော်တို့ရဲ့ တရားရေးမဏ္ဍိုင်ဟာ အင်မတန်မှယိမ်းယိုင်နေပြီဆိုတာ ပြည်သူလူထုရဲ့ ပြောဆိုဝေဖန်ချက်တွေက သက်သေခံနေပါတယ်။ ဒီနေ့ပြည်သူကနေ နိုင်ငံခြား သတင်းဌာနတွေကို ပေးပို့တဲ့တင်ပြ စာတွေကို နားထောင်လိုက်ရင် ဒီရက်ပိုင်းလေးမှာပဲ သထုံမြို့နယ် ဥပဒေ၀န်ထမ်း၊ တခြားမြို့နယ်က တရားသူကြီးတွေ ပြည်သူလူထုအပေါ်မှာ ဥပဒေနဲ့အညီ လွတ်လပ်စွာ တရား မစီရင်တဲ့ ဥပဒေလိုင်စင်ရပြီး အလွဲသုံးစားလုပ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်ဆို တာ ကျွန်တော်တို့ ငြင်းလို့မရပါဘူး။ နောက်တစ်ခုက ကျွန်တော် တရားရုံးချုပ်နဲ့ပတ်သက်ပြီး မေးထားတဲ့ မေးခွန်းရှိပါတယ်။ ကျွန်တော့်မေးခွန်းက ကြယ်ပွင့်ပြပါ။ ဒါပေမယ့် ကျွန်တော့်ဆီကို ပြန်လာတော့ ကြယ်ပွင့်ပြ မေးခွန်းဆိုပေမယ့် ထိပ်တန်းလျှို့ဝှက်လို့ ပါလာပါတယ်။ အဲဒါကြောင့် ပြည်ထောင်စု တရားရုံးချုပ်ရဲ့ ပြန်ကြားချက်ကို ထိပ်တန်း လျှို့ဝှက်လို့ ပါတဲ့အတွက် လွှတ်တော်တွင်းမှာ ကျွန်တော် ကိုးကားခွင့် ရှိ၊ မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ပြည်ထောင်စု တရားရုံးချုပ် သက်ဆိုင် သူများကို မေးမြန်းပါရစေ။ ဥက္ကဋ္ဌ ကြီးမှတစ်ဆင့် ဖြေကြားပေးပါလို့ တင်ပြပါတယ်။ (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက ဆက်လက်ဆွေးနွေးရန် ပြောကြားသည်)။ ဥက္ကဋ္ဌကြီး ခင်ဗျာ ကျွန်တော့်ဆီ ပြန်ကြားစာအရ သမ္မတကြီးမိန့်ခွန်းပြောပြီးတော့ ၃၃ /၂၀၁၁မှာ ပြည်သူလူထုက တရားစီရင်ရေးအပေါ်မှာ တိုင်ကြားခဲ့တာ ၇၇ မှုရှိပါတယ်။ အဲဒီ ၇၇ မှုနဲ့ ပတ်သက်ပြီးတော့ အရေးယူမှုကတော့ ၁၀ ယောက်ကို ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ နှစ်ဦးကို ရာထူးအဆင့် လျှော့ချခြင်း ရှိပါတယ်။ အငြိမ်းစားပေးခြင်း ခံရသူတစ်ဦး ရှိပါတယ်။ သတိပေးခြင်းခံရသူ ၄၀ ဦး ရှိပါတယ်။ စုစုပေါင်းဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရတဲ့ တရားသူကြီး ၅၇ ဦးရှိကြောင်း တွေ့ရပါတယ်။ ခြုံပြောရရင် ပြည်သူလူထုရဲ့ တိုင်ကြားချက်ဟာ ၈၀ ရာခိုင်နှုန်းနီးပါး မှန်ကန်တယ်ဆိုတာ ပြည်ထောင်စုတရားရုံးချုပ်ရဲ့ ပြန်စာအရ ဖော်ပြနေပါ တယ်။ ပြည်သူလူထု နယ်ပယ်မှာတင် မကပါဘူး။ မကြာခင်က လန်ဒန်ကနေ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းကောက်ယူရေး အဖွဲ့ရဲ့ အစီရင်ခံစာမှာ တရားဥပဒေစိုးမိုးမှု အနည်းဆုံး ၁၀ နိုင်ငံ စာရင်းမှာ ကျွန်တော်တို့ နိုင်ငံ ပါဝင် နေပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားရေး ဂုဏ်သိက္ခာကို ထိပါးရုံတင်မကဘဲ ယခုနိုင်ငံရေး အခြေအနေသစ် အရ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်း ခြင်း၊ ဆိုင်းငံ့ခြင်းကာလမှာ ကျွန်တော်တို့နိုင်ငံမှာ လာရောက်မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက်လည်း မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အဆိုးဆုံးစာရင်းမှာ ပါဝင်နေတာကို မလိုလားအပ်ဆုံး အခြေအနေနဲ့ အရေးတကြီး ပြုပြင်ရပါတော့မယ်”ဟု ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ဆွေးနွေးသွားခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဆွေးနွေးချင်ပါတယ်။ တရားရေးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတစ်ဝန်း စိတ်ဝင်စားနေသလို ပြင်ပနိုင်ငံ များကလည်း စိတ်ဝင်စားနေတဲ့ကိစ္စ ဖြစ်တဲ့အတွက် တကယ်လို့သာ ဖွင့်ပေးမယ်ဆိုရင် အချိန်ပိုပေးမယ်ဆိုရင် ဒီထက်မက ဆွေးနွေးမယ့်သူများ လည်း ပေါ်လာမှာဖြစ်ပါတယ်။ ဒီ နေရာမှာ ဦးသိန်းညွန့်က ဥက္ကဋ္ဌကို မေးခွန်းမေးပါတယ်။ ကြယ်ပွင့်ပြ မေးခွန်းကို ပြန်ဖြေတဲ့အခါမှာ စာ နဲ့ဖြေတယ်။ ထိပ်တန်းလျှို့ဝှက် ဖြစ်နေတယ်။ ဒါကြောင့်မို့ ဥက္ကဋ္ဌကြီး ဒါကိုဖြေကြားပေးပါ။ ရှင်းလင်းပေးပါလို့ ပြောတဲ့အခါမှာ ကျွန်တော်က ဆွေးနွေးပါလို့ပဲ ပြောလိုက်ပါတယ်။ ဦးသိန်းညွန့် ဆွေးနွေးတဲ့နေရာမှာ ထိပ်တန်းလျှို့ဝှက်လို့ ဖော်ပြရတဲ့အကြောင်းကို ကျွန်တော် သဘော ပေါက်ပါတယ်။ တရားသူကြီးများ၊ တရားရေး အဖွဲ့အစည်းများက တာဝန်ရှိသူများကို တရားရုံးချုပ်အနေနဲ့ အရေးယူခဲ့တာ အမှုပေါင်း ဘယ်လောက်၊ လူပေါင်း ဘယ်လောက်၊ ပုဂ္ဂိုလ်ပေါင်း ဘယ်လောက် ဒီလိုဖော် ပြထားတာတွေ့ရမယ်။ ဒါကို ကျွန်တော့်အထင် ပြောမယ်ဆိုရင် ပြည်သူကို ထုတ်ပြန်ကြေညာပေးမယ် (သို့မဟုတ်) လွှတ်တော်ကို အသိပေးမယ်ဆိုရင် တရားသူကြီးများအနေနဲ့ ခုနကဲ့သို့ အမှုကိစ္စများမှာ ပါဝင် ပတ်သက်နေတာတွေ ရှိနေတယ်။ ဒါကြောင့်မို့ ဒီလိုထုတ်ပြန်လိုက်တယ် ဆိုရင် တရားရုံးချုပ် တရားသူကြီးနဲ့ တခြားတရားသူကြီးများမှာ သိက္ခာတွေ ကျသွားနိုင်တယ်ဆိုတဲ့ အနေအထားအရ ထိပ်တန်းလျှို့ဝှက်ဆိုတာ ဌာန အတွင်းမှာ (သို့မဟုတ်) သူ့ပတ်ဝန်း ကျင်အတွက်ပဲ ဒီလိုဖြစ်မယ်လို့ ကျွန်တော်ယူဆပါတယ်။ တကယ်တန်း ကျတော့ ကျွန်တော့်အမြင်ပြောရရင်  ဒီကိစ္စမျိုးမှာ တရားရုံးချုပ်အနေနဲ့ ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ပြော ဖို့လိုပါတယ်။ ဘယ်တရားသူကြီး၊ ဘယ်နေရာမှာ၊ ဘာကိစ္စအတွက် တရားသဖြင့် မစီရင်လို့ (သို့မဟုတ်) အဂတိလိုက်စားလို့ ဒီလိုဆောင်ရွက် တာ။ ဒါကြောင့်မို့ ဒီလိုအရေးယူ လိုက်တယ်ဆိုလို့ရှိရင် တရားရုံးချုပ် အပေါ်မှာ ပြည်သူတွေအမြင်ပိုပြီးတော့ ကောင်းနိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါကြောင့် ဦးသိန်းညွန့် ဆက်ဆွေးနွေးပါလို့ ပြောခြင်းဖြစ်ပါတယ်။ အဲဒီမှာမှ အခုလိုတရားရုံးချုပ်က စီမံလိုက်တာက စီမံခန့်ခွဲရေး နည်းလမ်းအားဖြင့် အပြစ်ပေးတယ်လို့ အကြမ်းဖျင်း သဘောပေါက်ပါတယ်။ တကယ်ဖြစ်သင့်တာက ဒီလိုကိစ္စမျိုး ပေါ်ပေါက်လာရင် ဥပဒေအရ အရေးယူ အပြစ်ပေးခြင်းဟာ ပိုပြီးတော့ နှစ်ဖက်မျှတလို့ ပြည်သူ့ရှေ့မှောက်မှာ တရားစီရင်လိုက်တယ် ဆိုလို့ရှိရင် ပြည်သူလည်းသိ၊ သက်ဆိုင်ရာ တရားသူကြီးများလည်း သိ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများလည်း သိ သွားမှာဖြစ်တဲ့အတွက် ပိုကောင်းမွန် တဲ့ကိစ္စဖြစ်ပါတယ်။ ဒါကတစ်ချက်ပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရှေ့ဆက်သွားမယ့်ခရီးမှာ စီမံခန့် ခွဲရေးနည်းလမ်းဖြင့် အရေးယူခြင်းထက် ဥပဒေအရ အပြစ်ပေး အရေးယူခြင်းဟာ ဒီနေ့သွားတဲ့စနစ်နဲ့ပိုပြီး ကိုက်ညီမှုရှိကြောင်း ကျွန်တော့်အနေနဲ့ ထင်မြင်သုံးသပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းဝါနုက “ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၇၇ မှာ တရားသူကြီး များရဲ့တရားစီရင်ရေးဆိုင်ရာ ဆောင် ရွက်ချက်များကို အရေးယူမှု မပြုနိုင်ရန် ကင်းလွတ်ခွင့် ပြုထားပါတယ်။ အဲဒီကင်းလွတ်ခွင့်ကို ပယ်ဖျက်သင့်ပါတယ်။ ဒါမှသာ သဘောရိုးလို့ တွင်ကျယ်စွာသုံးပြီး မရိုးမဖြောင့် ပြုလုပ်ခြင်းများ ပပျောက်ကာ တရားစီရင်ရေး ကဏ္ဍကို တည့်မတ်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

 ဝေယံဖြိုးဦး (Eleven Media Group)
တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု ၇၇ မှုရှိခဲ့ကာ တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန် မှုရှိ တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု ၇၇ မှုရှိခဲ့ကာ တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန် မှုရှိ Reviewed by သစ်ထူးလွင် on 12:29 Rating: 5

25 comments:

kk said...

(အခုလိုတရားရုံးချုပ်က စီမံလိုက်တာက စီမံခန့်ခွဲရေး နည်းလမ်းအားဖြင့် အပြစ်ပေးတယ်လို့ အကြမ်းဖျင်း သဘောပေါက်ပါတယ်။ တကယ်ဖြစ်သင့်တာက ဒီလိုကိစ္စမျိုး ပေါ်ပေါက်လာရင် ဥပဒေအရ အရေးယူ အပြစ်ပေးခြင်းဟာပိုပြီးတော့ နှစ်ဖက်မျှတလို့ ပြည်သူ့ရှေ့မှောက်မှာ တရားစီရင်လိုက်တယ် ဆိုလို့ရှိရင် ပြည်သူလည်းသိ၊ သက်ဆိုင်ရာ တရားသူကြီးများလည်း သိ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများလည်း သိ သွားမှာဖြစ်တဲ့အတွက် ပိုကောင်းမွန် တဲ့ကိစ္စဖြစ်ပါတယ်။ )သိပ့်ကောင်းတာပေါ့ ဥက္ကဌကြီးရယ် သမ္မတကြီးကတော့ လူသိသူမသိ အရေးယူနေပါတယ်လို့
ဟိုတလောကလေးတင်မိန့်ခွန်းပြောသွားပါတယ်..ဒါပေမယ့်
ပြည်သူကဘာမှန်းမသိ ညာမှန်းမသိ ဖြစ်သွားရပါတယ် . လွှတ်တော်ဥက္ကဌကြီးပြောသလို လူသိရှင်ကြား အရေးယူမှုလုပ်မယ်ဆိုရင်တော့ တော်တောင်တရားသူကြီးတွေလဲ ငြိမ်သွားနိုင်ပါတယ်.အရေးယူမှုကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ပါစေ..

datha said...

တရားသူကြီးတွေကော ရှေ့နေတွေကော
နှစ်ဘက်စားတွေချည်းဘဲ
တရားခံ ဘက်ကလည်း စားတာဘဲ
တရားလို ဘက်ကလည်း စားတာဘဲ
ပြီးတော့ ငွေပိုပေးတဲ့သူကိုဘဲ အနိုင်ပေးလိုက်တာဘဲ
မြန်မာနိုင်ငံအတွက် စကားပုံရှိတယ်
ငွေများ တရားနိုင် တဲ့
ရှေ့လူကြီးတွေက မဟုတ်ဘဲနဲ့ ပြောမခဲ့ပါဘူး
ရှေ့နေတွေကလည်း အမှု့သည်ကို အမှု့ကြောင်းပြောစရာရှိရင်
အရက်ဆိုင်မှာဘဲ ပြောကြတာလေ
အရက်သောက်ပြီးမှပြောတော့ ဘယ်မှန်နိုင်တော့မလဲ
ပြီးတော့ ရှေ့နေတွေက
တရားခွင်မှာတော့ တကယ်ရန်ဖြစ်နေသားမှတ်ရတယ်
အရက်ဆိုင်ရောက်တော့
သား အဖဘဲ
မသွားသင့်တဲ့နေရာ 3ခုရှိတယ်
1. ရဲစခန်း
2. တရားရုံး
3. ဆေးရုံ
အဲဒီနေရာတွေသွားမိရင်တော့ အိပ်ထဲပါတာကုန်မယ်မှတ်.....

zzmyoe said...

မြန်မာပြည်တရားစီရင်ရေး စနစ်မှာလိုအပ်ချက်တွေ ရှိနေပါတယ်လို့ပါးစပ်ကပြော နေတာကြာပါပြီ၊ဘယ်လိုအရေးယူမယ်ဘယ်လို ဆောင်ရွက်မယ်ဆိုတာ ကိုယခုထိအောင်ဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး၊တရားသူကြီးတွေ အပြစ်လုပ်တာကိုသိပြီ ပြည်သူကိုချပြပါလို့တောင်းဆိုပါတယ်၊ပြီးတော့ နစ်နာခဲ့ရတဲ့ သူတွေကိုရော ဘာလုပ်ပေးမှာလဲ၊တချို့ဆိုဘ၀တွေ နဲ့ရင်းခဲ့ရတာ ပြောနေဖို့တောင်မလိုပါဘူး၊တရားသူကြီးတွေ ကိုအရေးယူဆောင် ရွက်နိုင်မယ့် ဥပဒေ မရှိသေးရင်လည်း ချက်ခြင်းဆောင်ရွက်ပါ၊ပြည်သူ ကသာအမိ ပြည်သူသာအဖ ကိုစကားအဖြစ်ပြောမနေပါနဲ့။လုပ်လို့ရတာကို အချိန်မဆွဲပါနှင့်၊ချက်ချင်းဆောင်ရွက်ပါ။

pyisoe said...

လွန်ခဲ့တဲ့နှစ်ပေါင်းလေးငါးဆယ်လောက်က လူတစ်ယောက်အလုပ်ရပြီဆိုရင် ပြောလေ့ရှိတာက `အဲဒီနေရာက အောက်ဆိုက်ရတယ်` `ကြားပေါက်ရတယ်``သူ့နေရာက စားသာတယ်`ဒီလိုဝေဖန်လေ့ရှိကြတယ်။ အဲဒါ ဘာကိုဆိုလိုတယ်ဆိုတာ စဉ်းစားကြည့်ပါ။ နှစ်ပရိစ္ဆေဒအားဖြင့် မခန့်မှန်းလောက်အောင်ကြာညောင်းခဲ့တဲ့ မြန်မာတွေရဲ့ ဝန်ထမ်းဘဝလာဘ်ရတဲ့အပေါ်ထားတဲ့ mindset ကြီးပါ။ အဲဒါကိုပဲ ဂုဏ်တစ်ခုလို ထင်စွဲနေတဲ့အစွဲဟာ ဘယ်လောက်ကြာခဲ့ပြီလဲ။ မဆလ နောက်ပိုင်း ခိုးစား ပေါင်းစား စားလာကြတာ အဲလိုမှမစားချင်ရင် အလုပ်ထွက်ပဲ။ လူရိုးဆိုရင် သင်းချိုင်းသာသွားနေတော့ ဆိုတဲ့အထဲကပဲ။ အဲသလောက်ဆိုးရွားတဲ့ ဝန်ထမ်းအသီးသီးရဲ့ အတွင်းစိတ်မှာ ရှိနေတဲ့mindsetကြီးကို ပျောက်အောင် ဘာဆေးနဲ့ ဘယ်လိုကုကြမလဲ။ ပြင်းထန်တဲ့စကားအနေနဲ့ပြောကြတာတော့ မျိုးဆက်နှစ်ဆက်သုံးဆက်လောက်သုတ်သင်လိုက်ရင်တောင် ပျောက်ပါ့မလားတဲ့။ တစ်ချို့ဝန်ထမ်းတွေ ပြောတာတော့ အထက်ကသာမစားပါနဲ့၊ အောက်ကမစားရဲပါဘူးတဲ့။ အဲနောက်တော့ အထက်ကစားချင်တော့ အောက်နဲ့ပေါင်းပြီး ဝေစားဝါးစေ ညီကြသလေ ဖြစ်ကုန်ရော။ ပြည်သူလူထုတွေကလည်း ပေးမှလုပ် ပုဒ်မလေးကိုသဘောပေါက်တော့ လာဘ်ပေးလာဘ်ယူအလုပ်က တရားဝင် လုပ်ထုံးလုပ်နည်းတစ်ခုလိုဖြစ်သွားတဲ့ အနေအထား။ ကိုင်း- ဘာလုပ်ကြမလဲ၊ သင်္ကြန်မှာကလေးတွေအော်ကြသလို `ခွက်စုတ်ကြီးနဲ့ပက်တဲ့ရေ ရီတာပေါ့ ရီတာပေါ့`။ လာဘ်စားတဲ့ အကြီးစားကြီးတွေ သေဒဏ်ပေးတဲ့ ဥပဒေမျိုး မြန်မာနိုင်ငံမှာ မရှိခဲ့သေးဘူးမဟုတ်လား။ ဘယ်သူ့လက်ထက်မှာ စတင်ထုတ်ပြန်နိုင်မလဲဆိုတာ မျှော်ကြည့်နေမယ်။ အဲလိုဥပဒေမျိုးရှိလာပြီ ဆိုရင်တော့ `ရီတာပေါ့`လို့ မအော်နိုင်လောက်ပါဘူး ထင်တယ်။

The Nature Myanmar said...

တရားစီရင်ရေးမဏ္ဍိုင်က အားနည်းနေတာ မဟုတ်ဘူး...
အားကိုမရှိတော့တာ...
တိုင်းလေးတိုင်နဲ့ ထောက်ထားတဲ့ တိုင်းပြည်...တစ်တိုင်က တော်တော် အခြေအနေဆိုးနေရင်...အသစ်လဲလိုက်တာက ရေရှည်ခံလိမ့်မယ်...
ဒီတိုင်းပြည်မှာ တကယ်ဖြစ်ပျက်သွားတဲ့ ဆုံးရှုံးမှုတစ်ခု ပြောချင်ပါတယ်...အလျှဉ်းသင့်လို့ ပါ...ကျနော်တို့ အညာဇာတိမြို့ က ရဲစခန်းမှူးတစ်ယောက် ကိုယ့်ကိုကို အဆုံးစီရင်သွားဘူးတယ်...
သူတာဝန်ကျခဲ့တာ...ရန်ကုန်မြို့ လယ်ခေါင်မှာ...နယ်မှာ မဟုတ်ဘူး...
အဲဒီတုန်းက မင်းနေပြည်တော်ဘဲ...
ဘာသာတရားကိုင်းရှိုင်းတယ်၊ ပိုက်ဆံနဲ့ ပစ်ပေါက်တာ မခံတဲ့လူ...ကူညီတတ်တယ်...တကယ့် ကူညီပါရစေ အစစ်...
တိုင်းပြည်မှာ ရှားရှားပါးပါး ၀န်ထမ်းမျိုးတွေပေါ့...ချုပ်ပြောရရင် အခြေအနေဆိုးတွေက သူ့ကို မဟုတ်တာလုပ်အောင် တွန်းပို့ခဲ့ တယ်...
မဟုတ်တာလုပ်လို့ မရကြတော့ သူ့ကို ဘေးကြပ်နံကြပ်ဖြစ်အောင် လုပ်ကြတယ်...အထူးသဖြင့် အမဲကောင်တွေပေါ့...အပေါ်နဲ့ ပေါင်းပြီး အကြပ်ကိုင်ကြတာ...မြန်မာဖြစ်ပြီး တိုင်းတစ်ပါးသားနဲ့ ပေါင်းပြီး နှိပ်ကွပ်ခံရတာ...စဉ်းစားမိတိုင်း ယူကြုံးမရဖြစ်ရတယ်...သူမရှိတော့ သူ့မိသားစု လက်ဗလာဘဲ ကျန်ခဲ့တယ်...အဲဒီလူက မဟုတ်တာ မလုပ်လို့ ဒုက္ခရောက်သွားတာ...
အပေါ်က သတင်းဖတ်ပြီး အဲဒီလူကို သွားသတိရလို့ ရေးမိတာပါ...
ဒီအချိန်မှာ ကျုပ်တို့ တိုင်းပြည်က အဲလိုလူမျိုးတွေ အရမ်းလိုတယ်...
အသိအမှတ်ပြု မခံရတဲ့ မျိုးချစ်တွေပေါ့...
ကိုယ်ြ့ပည်သူကို ကာကွယ်နိုင်တဲ့ ဥပဒေမျိုး လိုအပ်သလို တရားရေးလည်း ကိုယ်ခံအားကောင်းဖို့ အရမ်းလိုတယ်...
ပြင်ပြီဆိုမှတော့ ရေရှည်ခံအောင် တစ်ခါတည်း ပြင်လိုက်တာကောင်းပါတယ်...
မြန်မာ့လွှတ်တော်ကြီးလည်း မြန်မာပြည်သူတွေကို တကယ် ကါကွယ်စောင့်ရှောက် ပေးနိုင်သော တရာဥဒေများပြုစုနိုင်ပါစေ...

ကိုကိုကြီး said...

တရားစီရင်ရေး...မဏ္ဍိုင်ကိုပြင်ဆင်သင့်တာကြာပါပြီ...။ တရားသူကြီးများ တရားလို...တရားခံက...လာဘ်စားတဲ့ပိုက်ဆံကိုတောင်..ပြဲနေလို့ဆိုပြီး ပြန်လဲလှယ်ခိုင်းတဲ့တရားသူကြီးတွေရှိတယ်...နာမည်ထုတ်မရေးချင်လို့..။ ဟင်း..ဟင်း..ဟင်း...

sean said...

မိုက်တယ်.. လွှတ်တော် ပုံမှန်လုပ်ဆောင်ဘို့စတင် ထွက်ခွာပြီ...
ကြိုဆိုအပ်ပါတယ်.
ဒီမိုကရေစီ မှာ ဖြောင့်မတ်တဲ့ တရားစီရင် မှုမဏ္ဍိုင်ပါတယ်..
ဦးသိန်းညွန့် ကတော့ ဟုတ်လာနေပြီ.. coming ကိုပြောတာ arrive ကိုမပြောသေးဘူး.. ရောက်မှာပါ..

byeiktar(byeikchitthu) said...

အဘက်ဘက်က စားတာ အဲဒါ။

Cho said...

တိုင်ခဲ့ပါသေးတယ်။ အမှုတခုဖြစ်တာမှာ တရားသူကြီးက ဟိုဘက် side ကနေအကြီးအကျယ် ပိုက်ဆံပေးလိုက်တော့ မတရားသဖြင့်ဆုံးဖြတ်လိုက်လို့၊ တိုင်လိုက်တာ၊ ခေါ်ယူ ဆုံးမလိုက်တယ်တဲ့..။ နောက်တော့ သိပ်မကြာဘူး. ပိုနေရာကောင်းတဲ့ဆီကို ရွေ့ပေးလိုက်ကြရော။ အတိအကျသက်သေ သက်ကာယတွေနဲ့ တိုင်လိုက်တာပါ။ ဒါပေသိ မြို့နယ်တရားသူကြီးမ က ဗိုလ်ချုပ် တင်အောင်မြင့်ဦးရဲ့ကိုယ်ရံတော်ရဲ့ အကိုတိုင်းတရားသူကြီးတစ်ယောက်ရဲ့ တိတ်တိတ်ပုန်းဖြစ်နေတော့ကာ.။ လက်ပူးလက်ကျပ်မိပြီး ၊ မတရားဆုံးဖြတ်လိုက်တာတောင် သတိပေးရုံအဆင့်ဘဲတဲ့..။ ခုလိုမျိုး လွှတ်တော်ဥက္ကဌ ကြီးက သေသေချာချာ တည့်မတ်ပေးရင်တော့ အလွန့်အလွန် ကျေးဇူးတင်လိုက်ပါမယ်။

minsoeaung said...

ဥပဒေဝန်ထမ်းတွေ ဖေါက်ပ်ြရင် ပြစ်ဒဏ်ကိုနှစ်ဆ ပေးသင့်ပါတယ်။ထောင်ဝန်ထမ်းတွေ အပြစ်ရှိရင် ဗူး
ကျတယ်။အခြားသူတွေထက်ပိုတာခံစားရပါတယ်။
ဒါကြောင့်ဥပဒေဝန်ထမ်းအပြစ်လပ်ုရင် ပြစ်ဒဏ်နှစ်ဆ
ပေးသင့်ပါကြောင်း

kokogyip said...

ဆေးရုံရဲစခန်းတရားရုံးတွေရောက်လာ
သူတွေဟာဒုက်ခရောက်လာကြသူတွေသာဖြစ်ပါတယ်။
သူတို့တွေရဲ့ဒုက်ခတွေကိုတတ်နိုင်သလောက်ကူညီပေးရမှာဖြစ်တယ်။
ဒါပေမဲ့လက်တွေမှာမျက်ဖြူဆိုက်လေဆရာကြိုက်လေဆိုသလိုလူနာနဲ့တရား
ခံတွေဟာဆေးရုံတရားရုံးဆိုတဲ့မုဆိုးများရဲ့သားကောင်ဖြစ်နေရရှာတယ်။ခုလိုအရေယူလိုက်တာဝမ်းမသာပေမဲ့ကျေနပ်စရာဖြစ်တယ်။လူသိရှင်ကြားလုပ်တာပိုကောင်းပါတယ်။

Anonymous said...

အမှန်တရားဖြစ်အောင် ဆုံးဖြတ်ချမှတ်တဲ့သူတွေက
မဟုတ်တာလုပ်နေပြီဆိုမှတော့ တိုင်းပြည်ကသွားပြီပေါ့ကွာ
မတရားဖမ်းစီးခံထားရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်အမြန်ပေး
အဲဒီကောင်တွေကို အကုန်ဖမ်းထည့်ပစ် ဒါမှပြည်သူလူထုအကျိုး
တိုင်းပြည်အကျိုး တကယ်လုပ်တယ်လို့ဆိုရမှာ

ziwasoe144 said...

ဒီခေတ်တရားသူကြီးဆိုတဲ့ အကောင်တွေ ကောင်မတွေ
ငွေရှင်တွေရဲ့ကျွန်တွေပါ၊
မဟော်သဓာ ကဓားနဲ့လိုက်ပြီး၊ ဝေသန္တရာက ဖနောင့်နဲ့
ပေါက်၊ အ၀ီစိ ဂျိုးကပ်၊ ငရဲ အထပ်ထပ်ကျပါစေ။

Anonymous said...

လွှတ်တော်က တရားရေး ဘက်ကို ဇောင်းပေး ဖေါ်ဆောင်ပေးတာ ကျေးဇူးတင်တယ်....
အရင် တစ်ခါ ဖော်ပြဖူးတဲ့ စာရင်းစစ် အစီရင်ခံစာ လို ဖြစ်မှာလည်း စိုးရိမ်ပါတယ်....
အတွင်းသိ အစင်းသိ တွေ အနေနဲ့ကတော့ စာရင်းစစ် အကြောင်း ကောင်းကောင်း သိမှသိပဲ.....
ခုလည်း တရားရေး အဖွဲ့တွေကို ဟန်ပြ အရေးယူတာ အူကြောင်ကြောင်ကောင် ထိုးထည့်ခံရတာ ဖြစ်မှာ စိုရိမ်မိပါသည်....

Dr.Shwebo said...

အထက်က ကိုငါမြန်မာ ဖော်ပြထားတွေက အမှန်ပါဘဲ၊ တရားဖြောင့်မတ်စွာ ဆုံးဖြတ် စီရင်ချင်တဲ့ ၀န်ထမ်းတွေ အများကြီးရှိပါတယ်၊ ဒါပေမယ့် အချို့ကိစ္စ တွေမှာ နည်းလမ်းမကျမှန်း သိလျက် နဲ့ ဘေးကျပ်နံကျပ်ဘ၀မျိုးနဲ့ လျှောက်လမ်းရတဲ့ အနေအထားမျိုးတွေ ကြုံတွေ့ရပါတယ်၊ အဲဒီလိုခံစားဘူးတဲ့ ၀န်ထမ်းတော်တော်များ ရှိမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်၊ တစ်ခုက ၀န်ထမ်းဆိုတာမျိုးမှာလည်း သူ့ကို မှီခိုနေရတဲ့ မိသားစုဆိုတာတွေရှိပါတယ်၊ ၀န်ထမ်းတွေ အဂိတိလိုက်စားမှု မရှိအောင် ထိရောက်ဟန့်တားလောက်တဲ့ ပြစ်မှုပြစ်ဒဏ်တွေနဲ့ အရေးယူသင့် တယ်ဆိုတာတော့ ဖြစ်သင့်ပါတယ်၊ ဒါပေမယ့် နိုင်ငံတော်က နိုင်ငံတာဝန် ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းတွေရဲ့ လစာ၊ နေထိုင်စားသောက်မှုကအစ ပြန်ကြည့်သင့်ပါတယ်၊ ၀န်ထမ်းဆိုတာ ကိုယ်တာဝန်ယူရတဲ့ တာဝန်အပေါ်မှာ စိတ်က အပြည့်အ၀နှစ်ပြီး လုပ်ဆောင် နိုင်ကြရင် နိုင်ငံတော်က ချမှတ်ထားတဲ့ ၀န်ထမ်းကောင်းတွေ မလွဲမသွေ ဖြစ်လာမှာပါ၊ အခုတော့ ၀န်ထမ်းတော်တော်များများမှာ မိသားစု စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေကို ထည့်တွက်နေရပါတယ်၊ အဂတိလိုက်စားမှု၊ ဒါမှမဟုတ် ပြင်ပစီးပွားရေး လုပ်ငန်းတစ်ခုခုအပေါ်မှာ အာရုံစိုက်နေရရင် နိုင်ငံတော်က ဘယ်လိုဘဲ ဥပဒေတွေ ပြဌာန်းပြဌာန်း စည်းကမ်းတွေ ဘယ်လောက်ချမှတ်ချမှတ် အောင်မြင်မှာ မဟုတ်ပါဘူး၊ လက်ရှိ အောက်ခြေ ၀န်ထမ်းတစ်ဦးရဲ့လစာ (၁)သိန်းလောက်ကို မိသားစု(၄)ယောက်ရှိတဲ့ ၀န်ထမ်းတစ်ယောက် ဘယ်လိုခွဲဝေ သုံးစွဲရမလဲဆိုတာ နိုင်ငံတော် တာဝန်ရှိ လူကြီးမင်းများ ကိုယ့်မိသားစုနဲ့ယှဉ်ပြီး ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်၊ ဒါ့ကြောင့် ၀န်ထမ်းတစ်ဦးအနေနဲ့ ပူပင်ကြောင့်ကျမှု ကင်းရှင်းစွာနဲ့ ပေးအပ်တဲ့ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး လွှတ်တော်အတွင်း ထည့်သွင်းစဉ်းစား ဆုံးဖြတ်ပေးလိုကြောင်း တင်ပြအပ်ပါသည်။

sawsaw said...

လွှတ်တော်ကိုယ်စားလှယ်များ ခင်များ လွှတ်တော်မှပဲ အချိန်မဖြုန်းပါနဲ့ ။ ပြည်သူတွေ ဘယ်လိုတွေခံစား၊ စားသောက်နေရတာကို စုံစမ်းပြီး အဆင်ပြေအောင် အမြန်ဆုံးဆောင်ရွက်ပေးဘို့  တကယ်လိုအပ်နေပြီ။
နိုင်ငံတခုတွင် အဓိကအကျဆုံးကတော့ စားဝတ်နေရေး၊ စာရေးသောက်ရေး ပိုပြီးအရေးကြီးပါတယ်။

akabikhu said...

တရားသူကြီး လာဘ်စားရင် မိုးခေါင်တယ် ။

SOE TINT said...

ိတရားစီရင်ရေးပျက်ပြားရခြင်းအစ-ဆွေတော်မျိုးတော်တွေရဲ့ကိစ္စကပါ။ ကိုယ်ပိုင်ပြဿနာအပြင် ဈေးကွက်တခုလို စီးပွါးရှာလိုက်ကြတာမကြားချင်အ
ဆုံးပါ။ဒီမှာတင် လွတ်လပ်၊မှန်ကန်၊မျှတ မှုကင်းရင်လဲ လုပ်ကွက်ရှိပါတယ်
ဆိုတဲ့ အမျိုသားဂုဏ်သိက္ခာနဲ့ပြောင်းပြန်အချိုးညီ စီးပွားရေးလက်နက်ကြီးတခုနဲ့
ကိုယ်ကျိုးရှာခဲ့ကြတော့သည်က---

Fox said...

ဟေ့ ကျန်တာပြောချင်ပြော
ဆေးရုံက ဘာဆိုင်လို့လဲ ..
ဒီလောက် ပစ္စည်းမစုံ ..ငွေ မရှိကြားက ကောင်းအောင် ကုပေးနေတာကို

kaungkin said...

တရားစီရင်ရေးလောက ပျက်စီးနေတာဟာ တရားသူကြီးတွေချည်းကြောင့်တော့မဟုတ်ဘူး။ အဲဒီယန္တရားမှာ ပါဝင်နေ
သူတွေ အများကြီးပါ။ အားလုံးက တရားစောင့်ကြမှ တရားဥပဒေစိုးမိုးရေး
ဆိုတာတွေရှိလာမယ်။ တရားဥပဒေတကယ်စိုးမိုးလာပြီဆိုရင် လူတန်းစား
အားလုံး ဥပဒေကိုလေးစားလိုက်တာကြရတော့မယ်။ လာဘ်ပေးလာဘ်ယူ
တွေ ပပျောက်လာမယ်။ အဲဒီအခါ ဘယ်သူ့မျက်နှာမှမထောက်ဘူး၊ ဥပဒေကိုချိုးဖောက်တာနဲ့ ထိထိရောက်ရောက် ပြစ်ဒဏ်တွေပေးမယ်။ ဒါဆိုရင်တော့ တိုင်းပြည်က စည်းကမ်းရှိတဲ့တိုင်းပြည် ဖြစ်လာမှာပါ။

bobo said...

တရားသူကြီးတွေက သူများကိုသာ တရားစီရင်တတ်တာ..
ကိုယ်မတရားလုပ်တာကိုတော့ ကင်းလွတ်ခွင့်-77 လို့ ပြဌာန်းထားတယ်
မတရားဘူး..............

P ,P said...

မသိလို့လုပ်တာ အပြစ်ပေါ့တယ်။ သိရဲ့သားနဲ့ ကျူးလွန်တာ ကပိုအပြစ်ကြီးပါတယ်။ တရားစီရင်ရေးဝန်ထမ်း ဆိုတာ ဥပဒေကိုနားလည်သိရှိပြီး သူဖြစ်ပါတယ်။ ထိုသူမျိုးက ကျူးလွန်ရင်တော့
အမြင့်ဆုံး အပြစ်ဒဏ်ထက်ပိုပြီး အပြစ်ပေးသင့်ပါတယ်။

kokogyip said...

FOX
ပြည်သူ့ဆေးရုံများကိုမဆိုလိုပါဘူးခင်ဗျာ။

kokogyip said...

fox
ပြည်သူ့ဆေးရုံတွေကိုမဆိုလိုပါဘူးခင်ဗျာ။

Richard said...

မတရားဆုံးကတော့ တရားရုံးပါဘဲ
အခု သူတို့က စကားပုံကိုပြင်ထားတယ်
“ငွေများတရားနိုင်” မဟုတ်တော့ဘူး “ငွေနည်းတရားရှုံး” တဲ့

Powered by Blogger.