သင်္ကြန်မှာ ဖော်ချွတ်ခြင်းအကြောင်း အက်ဆေး [သွန်းနေစိုး]

ဒါဟာ တစ်နှစ်ထက်တစ်နှစ် ပိုသောင်းကျန်းလာတဲ့ သင်္ကြန်မှာ ဖော်ချွတ်လာကြပုံတွေအကြောင်း ရှုံ့ချလိုတဲ့စာ မဟုတ်သလို အဲဒါကို ထောက်ခံရေးသားတဲ့စာလည်း မဟုတ်ပါဘူး။

အားလုံးသိကြတဲ့အတိုင်း ကျနော်တို့သင်္ကြန်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာတာတော့ အမှန်ပါပဲ။ ဒီအတွက် ရှုံ့ချမယ်ဆိုရင် လွယ်ပါတယ်။ ပစ်ပစ်နှစ်နှစ် ရစရာမရှိအောင် ပြောပစ်လိုက်လို့ ရတာပါပဲ။
ဒါပေမဲ့ ကျနော်စဉ်းစားကြည့်တယ်။ ဒီလိုပြောနေရုံနဲ့ ဒီကိစ္စကြီးကို တားဆီးလို့ ရမှာလား။ ဒီအတွက် ဘာလုပ်ကြမလဲ။

ကျနော် အခုရေးချင်တာက အဲဒီကိစ္စကို တားဆီးနိုင်ဖို့ဖြစ်ပါတယ်။

အကြမ်းဖျဉ်းစဉ်းစားကြည့်ရင်တော့ လွယ်ပါလိမ့်မယ်။ ဟာ ဒါများ ဘာခက်တာလိုက်လို့ ဒီလို မ၀တ်နဲ့ ၀တ်ရင် အပြစ်ပေးမယ် ဘာညာလုပ်လိုက်ပြီးတာပဲလို့ တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုလေးသတိပြုစေလိုတာက အရာရာကို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ လိုက်ချုပ်ချယ်လွန်းရင် အာဏာရှင်စနစ်အောက် ကျနော်တို့တွေ ပြန်ရောက်သွားပါလိမ့်မယ်။

လိုအပ်တာက အားလုံးက လိုလိုချင်ချင်နဲ့လိုက်နာလာစေဖို့ပါပဲ။

ကျနော် အရင်ဆုံးတစ်ခု ပြောကြည့်ပါမယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ စိတ်အဆင့်အတန်းဟာ တဖြည်းဖြည်းနိမ့်ကျလာတယ် ... လို့ပြောရင် သင်လက်ခံမှာလား။ တကယ်လို့ အတင်းမျက်စိမှိတ် ငြင်းချင်တယ်ဆိုရင် ကျနော်ကတော့ ပြိုင်မငြင်းလိုတော့ပါ။ သင်္ကြန်နဲ့ ပတ်သက်တာလေးပဲ ပြန်သွားကြရအောင်။

တကယ်တော့ ခုလိုဖော်ချွတ်လာတာတွေဟာ သင်္ကြန်မှ မဟုတ်ပါဘူး။ တစ်နှစ်ထက်တစ်နှစ် တစ်ချိန်ထက် တစ်ချိန် ပိုပိုပြီးဆိုးလာတာ ကျိန်းသေပါပဲ။ သင်္ကြန်ကျမှ မူးကလည်း မူးနေ၊ မြူးကလဲ မြူးနေတော့ ပိုသိသာကုန်တော့တာပေါ့။ ကျနော်ကတော့ ဒီအတွက် အကြောင်းရင်း တစ်ခုအဖြစ် မြန်မာမိန်းကလေးတွေ Identity ပျောက်နေကြတဲ့ အဖြစ်ကိုပဲ အရင်ဆုံး အကြောင်းရင်းရှာပြချင်ပါတယ်။
လူဆိုတာက သူများထက် သာချင်တယ်။ အများကြားမှာ ပေါ်လွင်ထင်ရှားနေစေ့ချင်တတ်တယ် မဟုတ်လား။ ဒီအတွက် သူ့မှာ အများထက်သာလွန်ထူးခြားတဲ့အရည်အချင်း မရှိတဲ့အခါ ဖော်ချွတ်တာတွေ ဖြစ်ကုန်တော့တာပေါ့။ ဒီတော့ဘာဖြစ်သလဲ? သူများဝိုင်းကြည့်တာ ခံရတယ်လေ။ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သူက ဒါကို သာယာပါတယ်။

ကျနော်တစ်ချိန်က လူသတ်မှုတွေအကြောင်းလေ့လာဘူးတယ်။ လူတော်တော်များများဟာ လူသတ်မှုဖြစ်ရခြင်းမှာ ဘေးတွန်းအားလည်း အများကြီးပါတာကို တွေ့ရပါတယ်။ အများရှေ့မှာ ငါဟာ မိုက်တယ်ကွ၊ လူသတ်ရဲတယ်ကွ ဆိုတဲ့စိတ်တွေက သူတို့ကို နောက်ဆုတ်လို့ မရတဲ့ မပြန်လမ်းဆီပို့သွားတော့တာ။

အခု ဖော်ကြချွတ်ကြတဲ့ကောင်မလေးတွေကလည်း ဒီအတိုင်းပါပဲ။ လူတွေ သူ့ကို ၀ိုင်းကြည့်ကြတဲ့အခါ ... ဟာ တယ်ဟုတ်တဲ့ ငါပါလား၊ လူတွေတောင် ၀ိုင်းကြည့်ကြတယ် ကြည့်စမ်းဆိုတဲ့ စိတ်ဓာတ်အခြေခံကနေ ဒီလိုမျိုးတွေ ပိုလုပ်ဖို့ တွန်းအားဖြစ်စေတယ်။ မိန်းကလေးဆိုတာကတော့ သူပိုင်တဲ့ အလှအပကို ဖော်ပြချင်တဲ့ စိတ်အခြေခံရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဘယ်ယောက်ျားလေးမှ ပုဆိုးကို ထောက်ထည့်ပြီး တင်အလှပေါ်အောင် မ၀တ်ဘူးမဟုတ်လား။ ဒါပေမဲ့ အဲဒီလို ယဉ်ကျေးမွန်ရည်တဲ့ အလှဖော်ပြလိုခြင်းမျိုးနဲ့ပဲဆိုကောင်းတာပေါ့။

အခုက တရားလွန်တွေ ဖြစ်ကုန်တော့တာ။ တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ အလှကို ဖော်ပြလိုခြင်းနဲ့ ဟိရိသြတ္တပ္ပတရားကင်းမဲ့ခြင်းကြားက မျဉ်းဟာ တော်တော်လေးပါးလျားပါတယ်။ ဒီအတွက် တားနိုင်တဲ့အရာတစ်ခုတော့ရှိတယ်။ ဒီလို အလွန်အကျွံသရုပ်ပျက်လုပ်လာခြင်းကို သူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတစ်ခုလုံးက အဆင့်အတန်းမရှိတဲ့အရာအဖြစ် ပုံဖော်သဘောထားကြဖို့ပါပဲ။

ဒီနေရာမှာ မိန်းကလေးချင်းရော ယောက်ျားလေးတွေရော လိုအပ်ပါတယ်။ ဒီလို မထော်မနှမ်းဝတ်ထားတဲ့ကောင်မလေးတစ်ယောက် မဏ္ဍပ်ပေါ်တက်လာတဲ့အခါ အနူကို တွေ့သလို မိန်းကလေးတွေက ရှဲကနဲဖြစ်သွားမယ်။ ယောက်ျားလေးတွေကလည်း သွားရည်ယိုတဲ့အကြည့်နဲ့ ကြည့်မနေပဲ ဘယ်လို အဆင့်အတန်းလဲ မသိဘူးလို့ နှာခေါင်းရှုံ့ မျက်နှာလွှဲလိုက်ကြမယ်ဆိုရင် ဒီလို ဘယ်သူမှ ၀တ်ရဲလိမ့်မယ် မဟုတ်ပါ။

နောက်တစ်ချက်က ကျနော်တို့ လူ့အဖွဲ့အစည်းကို ရှေ့ဆောင်ရှေ့ရွက်ပြုနေသူတွေနဲ့လဲ အတော်သက်ဆိုင်လိမ့်မယ် ထင်ပါတယ်။ လူငယ်တွေ အားကျအတုယူပြတဲ့သူတွေက ဘယ်လို ၀တ်ပြစားပြ နေပြထိုင်ပြလဲဆိုတာ အင်မတန်အရေးကြီးတယ်။ တနည်းပြောရရင် အနုပညာရှင်တွေပေါ့။ မင်းသမီးတွေက ဖော်ချွတ်ပြနေမှတော့ နောက်က ကောင်မလေးတွေ ဖော်ချွတ်ပြနေတာ ဘာဆန်းတော့မလဲ။

ဒီနေရာမှာ တစ်ခုလေးတော့ ဆွေးနွေးချင်ပါတယ်။ နာမည်ကြီး အကယ်ဒမီဒါရိုက်တာကြီးတစ်ယောက်က ကျနော့်ကို ပြောဘူးတယ်။ အခုခေတ်မင်းသမီးအသစ်တွေမှာ အနုပညာကိုတကယ်စိတ်ဝင်စားတဲ့သူ အတော်နည်းသွားပြီ တဲ့။ ဒါရိုက်တာကို ကုမ္ပဏီပိုင်ရှင်ကို မင်းသားကို လူပေးမယ်။ ဒါဆို မင်းသမီးဖြစ်ပြီလို့ ထင်နေသူတွေက များတယ်တဲ့။ အရင်က ဒေါ်ကြည်ကြည်ဌေးလည်းပြောခဲ့ဘူးတယ်။ ခုခေတ်က အနုပညာရှင်တွေ မဟုတ်တော့ဘူး၊ အညုပညာရှင်တွေတဲ့။

ဒါကို ဘယ်လို တားဆီးကြမလဲ? ဒီမိုကရေစီခေတ်ဖြစ်လေတော့ လည်ပင်းစာဆွဲ ရင်ပြင်ထုတ်ဒါဏ်ပေးဆိုတာမျိုးတော့ မရဘူး။ အရေးကြီးတာက လူငယ်တွေ အားကျအတုယူသူတွေမှာ အပေါ်ယံ ဗဟိဒ္ဒ ရုပ်သွင်သာမက အတွင်း အဇ္ဖတအရည်အချင်းလည်းရှိကြဖို့ ပျိုးထောင်ကြရပါမယ်။ ဒီအတွက်တော့ နိုင်ငံတော်ပိုင်းက အဓိက လိုအပ်လာပါပြီ။ အကယ်ဒမီလိုမျိုးကို အလှည့်ကျပေးနေတာမျိုး မလုပ်ပဲ ဒီနှစ်တော်သူ မရှိရင် ဘယ်သူမှ မပေးနဲ့။ တကယ်တော်သူကိုပဲ ပေးတာမျိုး။ အနုပညာသမားစစ်စစ်တွေ ထွက်ပေါ်လာစေရာ ကျောင်းကြီးတွေ ဖွင့်ပေးတာမျိုးလိုပါလိမ့်မယ်။

ပြောရရင်တော့အများကြီးပါပဲ။ အဓိကကတော့ တိုင်းပြည်ချမ်းသာရင် ဒါတွေအတော်များများ အဆင်ပြေလာမယ်လို့ ထင်ပါတယ်။

နောက်ပြီး ကျနော်တို့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ကိစ္စမှာ အသိပညာပေးပုံလည်း အတော်လိုတယ်လို့ ထင်မိတယ်။ အခုတက္ကသိုလ်တွေမှာ မြန်မာဝတ်စုံကို အတင်းဝတ်ခိုင်းတယ်။ ကလေးတွေက ရိုးရာဝတ်စုံကို ချစ်လာရမယ့်အစား မုန်းတောင်သွားတော့တယ်။ တကယ်က လူငယ်တွေရဲ့ အသွေးထဲ အသားထဲမှာ ရိုးရာကို ချစ်မြတ်နိုးစိတ်ပေါ်အောင်လုပ်ရမှာ။

အဲဒီလိုမဖြစ်ဖြစ်အောင်ဆိုပြီး ဇွတ်အတင်းကြိမ်လုံးနဲ့ ကြိုက်ခိုင်းလို့ မရဘူး။ လာစမ်း သီချင်းကြီးတွေ နားထောင်နေ၊ အိပ်မငိုက်စေနဲ့လို့ လုပ်လို့ မရဘူး။ ရုပ်မြင်သံကြားမှာတော့ ကိုရီးယားမင်းသမီးတွေ ဖော်ချင်သလောက်ဖော် ချွတ်ချင်သလောက်ချွတ်ခိုင်းထားပြီး မြန်မာကားတွေကို ဘယ်လိုဝတ် ဘယ်လိုစားရမယ်လုပ်လို့ မရဘူး။ ဒီနေရာမှာ ကြုံတုန်းပြောရရင် အခု သင်္ကြန်လိုမျိုးမှာ မိန်းကလေးတွေ အရက်ကို ပေါ်ပေါ်တင်တင်ဖောဖောသီသီသောက်လာတာ ကိုရီးယားဇာတ်ကားတွေရဲ့ သြဇာ အများကြီးပါတယ်လို့ ထင်ပါတယ်။ ဒီအတွက်ကိုတော့ ကျနော် ရေးဖြစ်ခဲ့တဲ့ Status လေးတစ်ခုရဲ့ အဓိကအကြောင်းအရာကို ပြန်ရေးပြခြင်းနဲ့ပဲ အဆုံးသတ်ပါရစေ။

သင်္ကြန်ဟာ အရက်ပွဲတော်ဖြစ်နေပါပြီ။
မိန်းကလေးတွေကတောင် ပေါ်ပေါ်တင်တင် ဖောဖောသီသီကြီး သောက်နေတယ်။
အဲဒါ ကိုရီးယားကားတွေရဲ့ သြဇာ တော်တော်ကြီးပါတယ်လို့ ယူဆပါတယ်။
ကိုရီးယားကားတွေ ဈေးကွက်မှာ ရှိနေတာကို မပြောလိုပါ။
ဈေးကွက်ဖွင့်ထားတဲ့အခါ ကိုရီးယားကားသာမက ဟောလီးဝုဒ်၊ ဘောလီးဝုဒ် အစုံရှိမှာပါပဲ။
ဒါပေမဲ့ မြန်မာပြည်မှာ လူကြည့်အများဆုံးဖြစ်တဲ့ ရုပ်မြင်သံကြားဌာနတွေ ကိုယ်တိုင်က
ကိုရီးယားယဉ်ကျေးမှုလွှမ်းမိုးအောင် တင်သွင်းနေခြင်းအပေါ်သဘောမတူပါ။
ကျနော်တို့နဲ့ ယဉ်ကျေးမှု မတူပါ။ ကြာရင် တိုင်းပြည်ပျက်ပါတော့မယ်။
တိုင်းပြည်ကို ချစ်ရင် ကိုရီးယားကားတွေ ရုပ်မြင်သံကြားက ပြနေတာ ရပ်တန့်ပေးပါ။
ဘာကြောင့် ဒီလိုလုပ်လဲ စဉ်းစားမရပါ။
ကိုရီးယားဆို မြောက်ကိုရီးယားကတော့ ကျနော်တို့နဲ့တော်တော်နီးနီးစပ်စပ် ပတ်သက်ပါလေရဲ့။ဒါပေမဲ့ ...
ဒုံးပျံလွှတ်တာတောင် ဖွတ်ကနဲ ရေထဲကျတဲ့နိုင်ငံကို ဘာမှ အထင်ကြီးစရာ မမြင်ပါ။



သွန်းနေစိုး Thorn Nay Soe
 Facebook
သင်္ကြန်မှာ ဖော်ချွတ်ခြင်းအကြောင်း အက်ဆေး [သွန်းနေစိုး] သင်္ကြန်မှာ ဖော်ချွတ်ခြင်းအကြောင်း အက်ဆေး [သွန်းနေစိုး] Reviewed by သစ်ထူးလွင် on 21:44 Rating: 5

62 comments:

HM said...

နှစ်ပေါင်းများစွာ ပညာရေးနိမ့်ကျနေလို့ထင်ပါတယ်။
စိတ်ပျက်တယ်။ သူတို့ကိုယ်တိုင် ဆင်ချင်တုံတရားလေးရှိစေချင်တယ်။
မိန်းမပျက်ဆိုရင်လည်း ဂုဏ်ရှိရှိလုပ်ပါ။ ဒီလိုတော့မလုပ်စေချင်ဘူး။

aungnaingoo said...

ဟုတ်ပါတယ်...ဒီမိုကရေစီဆိုတာ..ကျွန်တော်တို့မြန်မာပြည်သားတွေ
ကောင်းကောင်းနားမလည်ကြပါဘူး..အခုလို.သရုပ်ပြက်တဲ့ဓာတ်ပုံတွေတင်ပြီ
ကိုယ့်နိုင်ငံကိုမြင့်တင်နေတာမျိုလည်း.မလိုလားပါဘူး..ကိုယ့်ဘာသာကို
အေးအေးဆေးဆေးထိမ်းသိမ်းထားရင်ကောင်မည်လို့..မျှော်လင့်ပါတယ်
အရှက်သိက္ခာမရှိလို့..ဝတ်ပြတာကို အရှက်မရှိအောင့် ကဲ့ရဲ့ပေးလိုက်ရင်
သူနောက်တစ်ကြိမ် ဒီလိုဖြစ်လာစရာအကြောင်းမရှိတော့ပါဘူး

casper said...

ဟုတ်ပါတယ်....ဒါလို ဖြစ်ရတဲ. ကိစ္စဟာ ကိုရီးယား ဇာတ်ကားတွေ မြန်မာပြည် မှာထုတ်လွင်.ပြသတဲ. အကျိုးပါပဲ....မြန်မာ တွေကမဟုတ်တဲ. နေရာမှာ အတုယူတာ အလွန်တော်ပါကြောင်း.....ကိုရီးယား ဇာတ်ကားတွေ ၇ဲ.ပရောဂ ဟာ 70ံ/. ခန်.ပါဝင်ပါကြောင်း....ဒါကြောင်. ကိုရီးယား ဇာတ်ကားတွေ မြန်မာပြည်မှာ ထုတ်လွင်.ပြသခွင်.ပြုတဲ. ပြန်ကြားရေး ၀န်ကြီး လုစဉ် မမှီတဲ. ကျော်ဆန်းကိုလဲ ကန်.ကွတ်ပါကြောင်း....ကြောင်း...ကြောင်း ..ကြောင်း...........

maung said...

တချိန်ကမြန်မာအမျိုးသမီးလေးများသည် ထမီ ရင်ဖုန်းလက်ရှည်ကလေးများဖြင့်အလွန်ကျက်သရေ ရှိခဲ့ကြပါသည် ။ ။ အခုတော့ ဖြင့်..........

jesuschrist said...

သူတို့ကိုအပြစ်တင်ဝေဖန်မယ့်အစား သူတို့ဘာလို့ဒီလိုဖြစ်ရတာလဲ ဆိုတဲ့အကြောင်းအရင်းဇစ်မြစ်ကိုသိဖို့လိုတယ်။ ဒါဟာဘာကြောင့်လည်းဆိုတော့ အဓိက ကတော့မိဘတွေဆုံမပဲ့ပြင်တာနဲ့ဆိုင်တယ်။ ဘာလို့လဲဆိုတော့ မိဘတွေက သားသမီးတွေကို ဘာသာတရားထက်ပညာရေး၊ လူမှုရေးအပြိုင်အဆိုင်တွေကို ခေါင်းထဲရိုက်ထည့်ထားတော့ ဘာသာရေးမှာ အားနည်းလာပြီး မှေးမိန်ပျောက်ကွယ်လိုဖြစ်နေတာတွေကြောင့်ပါ။ တကယ်ဘာသာတရားရှိတဲ့ သူတွေရဲ့သားသမီးတွေက ဒီလိုမနေပါဘူး။ ဘာလို့လည်းဆိုတော့ ဘာသာရေးနဲ့ယဉ်ကျေးမှုက ဒွန်တွဲနေပြီးသားပါ။ ဘာသာရေးကိုနားလည်တဲ့သူက ယဉ်ကျေးမှုကိုသိပြီးသားပါ။ ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ်သွားပြောလို့မရပါဘူး။ နိုင်ငံတော်အုပ်ချုပ်တဲ့သူတွေမကောင်းတာလည်း ဒါကလည်းသူ့သမိုင်းနဲ့သူပါပဲ။ အုပ်ချုပ်တဲ့လူမကောင်းတော့တာနဲ့ မိဘတွေကရောကိုယ့် သားသမီးကို မထိန်းသိမ်းနိုင်ကြတော့ဘူးလား။ ဒါဟာသဘာဝမကျသလို၊ အမှန်တရားလည်းမဟုတ်ပါဘူး။ ကိုယ်အသုံးမကျလို့ ကိုယ့်သားသမီးဒီလိုဖြစ်ရတာပဲ။ ကိုယ့်သားသမီးကရော ကိုယ့်စကားနားထောင်သလား။ နားမထောင်ဘူးလားဆိုတာ မိဘကအသိဆုံးပါ။ သားသမီးဆိုတာမိဘအပေါ်မှာအများကြီးမူတည်ပါတယ်။ လူဆိုတာစကားပြောရင်ကျေးတာကိုပဲ ကြိုက်ကြတဲ့သူတွေချည်းပဲ၊ ကိုယ်သားသမီးလိမ်မာအောင်ဘယ်လိုနားဝင်အောင်ပြောရမလည်းဆိုတာ မိဘတွေကစဉ်စားပီးဆုံးမရမှာပါ။ ပြောလို့မရလေ၊ ဆဲလိုက်၊ရိုက်လိုဆိုရင်တော့ အဲ့သားသမီးကနားမဝင်တဲ့ အပြင် ပိုပြီးအရွှဲ့တိုက်တက်ကြတာပဲ။ အရွှဲ့တိုက်တယ်ဆိုတာ လူကြီးလူငယ်မရွှေးလုပ်တတ်ကြတာပဲ။ အဲ့တော့ပျက်စီးတော့လည်းကိုယ့်သားသမီးပဲ။ မကောင်းအပြောခံရတော့လည်းကိုယ်ပါပဲ။ ကယ့်ဒီလောက်ဆိုလူတွေမှာဘာတွေလိုအပ်ချက်ရှိနေပြီးလဲဆိုတာသိလောက်ပြီလို့ထင်ပါတယ်။ အစစအရာရာစဉ်စားကြည့်ကြပါ ဟုတ်လားမဟုတ်လားလို့။ ကျွနုပ်ပြောတဲ့အထဲမှာအမှားပါရင်လည်းတောင်းပန်ပါတယ်။

Anonymous said...

တော်တော်များများ လက်ခံပါတယ်....
ကိုရီးယားကား မကြည့်နဲ့ ဆိုတာတော့ သိပ် လက်မခံပါဘူး.....
အသိပညာ ရှိအောင် လုပ်ဖို့ပဲလိုတာပါ....
အရက်ရဲ့ကြေးကျွန် ဖြစ်သွားနိုင်တာ....
အိမ်ထောင်ဖက်ရဲ့ ယုံကြည်မှု သစ္စာရှိမှု တွေဆုံးရှုံးရမှာ....
ဒီလို စရိုက်ရှိတဲ့လူ တိုးတက်တဲ့ အလေ့ အထ မရှိဘူးဆိုတာ....
သူ့ အနုပညာ ရေစုန် မျှောသွားတော့မှာ ....
သူ့မိဘ ကို အရှက်ရစေမှာ.... စသဖြင့်သာ သိစေချင်ပါသည်.

ကာလနဂါး said...

အဓိကကတော့ ကိုယ်ပိုင်အရည်အချင်း ပြောပလောက်အောင် မရှိတဲ့အမျိုးသမီးတွေမှာ ဖြစ်တတ်တာမျိုးပါ။ လူအများရဲ့ စိတ်ဝင်စားမူရှိအောင်လုပ်ဖို့ဆိုတာ ဒီလိုနည်းတွေကပဲ လွယ်တာဖြစ်တော့ မိန်းခလေး မပြောနဲ့ အချို့အမျိုးသား လူငယ်တွေတောင် ပုံမှန်မဟုတ်တဲ့ ၀တ်စားဆင်ယင်မူမျိုးတွေနဲ့ Attention seeking လုပ်ကြတာပါ။ ဒါမျိုးတွေက ရာခိုင်နုန်း အနည်းနဲ့ အများ နိုင်ငံတိုင်း၊လူမျိုးတိုင်းမှာ ရှိကြတာချည်းပါပဲ ။ လုံးဝပျောက်သွားအောင်တော့ မရှိနိုင်ပါဘူး ၊ အဲ..ရာခိုင်နုန်းနည်းသွားအောင် လုပ်ဖို့ဆိုတာက ကျနော်တို့ ပတ်ဝင်းကျင်၊မိဘအသိုင်းအ၀ိုင်းနဲ့ အစိုးရကိုယ်တိုင်က လောကနိတိလိုဆုံးမမူမျိုးကို လေးစားမူရှိပီ၊ ကလေးတိုင်း ကလေးတိုင်းကို မူလတန်းအရွယ်လောက်တည်း က ခေတ်နဲ့ညီတဲ့ လောကနီတိမျိုးကို နားလည်သဘောပေါက်အောင်၊ ဆရာ၊ဆရာမတွေကိုယ်တိုင်ကလည်း စံပြဖြစ်ပီး ကလေးတွေကိုလည်း စာထဲမှာတင်မဟုတ်ပဲ လက်တွေ့လေ့ကျင့်ပေးနိုင်အောင် ဖန်တီးပေးနိုင်ရင်တော့ ဒီလိုရင့်ကျက်မူမရှိတဲ့ လူမျိုးတွေနည်းသွားနိုင်မယ်လို့ပဲမြင်ပါတယ် ၊

Unknown said...

အလား လိုက်ကြည့်ပြီး မနေနိုင် မထိုင်နိုင် လျှောက်ပြောနေတယ် ။ ဘာမှမဟုတ်တာကို ။ ခင်ဗျားတို့ကော တောင်ရှည် ၀တ်ဖူးလား ။ ဘယ်မိန်းကလေးကမှ ထိုင်မသိမ်းမ၀တ်ဘူး ။ ကိလေသာတွေ တော်တော်ပွါးနေ ။

jack said...

ကိုရီးယား ကိုကြည့် လို့ တော့ဘာမှမဖြစ်ပါဘူး ကိုရီးယားထဲမှာကောင်းကွက် တွေအများကြီးရှိပါတယ် ... မြန်မာမိန်းကလေးတွေအတုယူစရာလဲအများကြီး ရှိပါတယ် ............. သင်္ကြန်ဖော်ရွတ်တွေထဲမှာတော့်ဒီနှစ်တော်တော်ရုပ်ပြတ် ပါတယ် ..... မင်းသမီးတွေဒီလိုဝတ် စားထားတော့ သူတို့ ကိုအတုယူနေတဲ့ မိန်းကလေးတွေအများကြီးပါ ...... အဲဒီမိန်းကလေးတွေတာဒီလိုဝတ်စားသွားရင် ဘယ်လိုနေမလဲ .....................

Anonymous said...

ထောက်ခံပါသည် သွန်းနေစိုး ပြောစရာကျန်နေသေးတယ်ဆိုတာသိပါသည်
ကိုယ်တွေ့ပါ

မင်းမင်းသူ said...

ကိုရီးယားကားနဲ့တော့ သိပ်ပြီးတိုက်ဆိုင်တယ် မထင်ပါဘူးဗျ.လူဆိုတာ ကိုယ်ကောင်းရင် ခေါင်းဘယ်မှမရွေ့ပါဘူး..အဓိကကတော့အုပ်ထိမ်းသူမိဘနဲ့ သူနေတဲ့ပတ်ဝင်းကျင်က ပိုသက်ဆိုင်မယ်ထင်ပါတယ်..သိုသော်လည်:ဘယ်သူမပြုမိမိမှုပါပဲ...

ဖိုးခွား said...

ကိုသွန်းနေစိုးပြောသလိုပဲ သင်္ကြန်ဟာ အရက်ပွဲတော်ဖြစ်နေပါပြီး ...မှန်ပါတယ်...( မသောက်ရဘူးလို့ ကျွှန်တော်မဆိုလိုပါ )သင်္ကြန်မဏ္ဍပ်ကြော်ငြာတွေမှာလည်း အရက်ကြော်ငြာတွေပဲ...ဘယ်သူ့မှာတာဝန်ရှိသလဲ........။

လူမျိုး said...

ဇစ်မြစ်ရှာတော့ တွေ့ကြလား....ဇစ်မြင်ကအငဲဆီမှာလေ.....ဟဟဟဟဟ နောက်ဆုံးတော့လဲဒီဘူတာဘဲဆိုက်တာဘဲ...သူ့ဖာသာဝတ်ချင်ရာဝတ်မှာပေါ့..လူတယောက်ကိုအဲလိုသွားပီးဘာမဆိုင်ညာမဆိုင်ချုပ်ချယ်လို့ရတဲ့ဥပဒေ ဒီမိုကရေစီမှာရှိလား.....ခင်ဗျားတို့ပြောပြောနေကြတဲ့ လူ့အခွင့်ရေးလေ.....ဟဟဟဟဟဟဟဟ......

လူမျိုး said...

ဇစ်မြစ်ရှာတော့ တွေ့ကြလား....ဇစ်မြင်ကအငဲဆီမှာလေ.....ဟဟဟဟဟ နောက်ဆုံးတော့လဲဒီဘူတာဘဲဆိုက်တာဘဲ...သူ့ဖာသာဝတ်ချင်ရာဝတ်မှာပေါ့..လူတယောက်ကိုအဲလိုသွားပီးဘာမဆိုင်ညာမဆိုင်ချုပ်ချယ်လို့ရတဲ့ဥပဒေ ဒီမိုကရေစီမှာရှိလား.....ခင်ဗျားတို့ပြောပြောနေကြတဲ့ လူ့အခွင့်ရေးလေ.....ဟဟဟဟဟဟဟဟ......

min said...

ကိုရီးယားမှာအပြင်မှာဘယ်မိန်းကလေးမှရင်သားဖော်ပြီးမဝတ်ပါဘောင်းဘီတိုစကတ်တိုသာဝတ်ချင်ဝတ်မယ်မဖော်ပြသင့်တဲ့အရာတွေကိုရဲရဲတင်းတင်းဖော်မဝတ်ကြပါဘူးမြန်မာမာမိန်းကလေးတွေတော်တော်ရဲတင်းကြတယ်နော်

serrano said...

ဗိုလ်ချုပ်ပြောသလို....နိုင်ငံကြီးဖြစ်နေပြီ..

Su Su Aung said...

ကျေးဇူးတင်ပါတယ်ဆရာ၊ အခုလိုဆောင်းပါးတွေ၊ အသိတွေ များများပြန့်ပွားစေပြီး လူထုကြားမှာ အထူးသဖြင့်လူငယ်တွေကြားမှာ ကောင်းတဲ့အရည်အချင်းတွေမြင့်မားလာစေပြီးမကောင်းတဲ့အကျင့်စရိုက်တွေ လျော့ပါးအောင် အားလုံးဝိုင်းဝန်းကာကွယ်ကြရအောင်။

phyoekoko said...

ဘာလို အဲလို ဖြစ်ရတာလဲ ကိုးရီးယားလည်း ပါကောင်းပါလိမ့်မယ် အခြေခံစိတ်ဓာတ် ကတော လိုအပ်တာကို ဘာပြောပြော ကိုယ်ညီအစ်ကို မောင်နှမ တွေကိုသာ ထိမ်းကြပြီး သစ်လွင်တံ ဒီမိုကရေစီ နင်ငံမှာ ငါတိုတွေရဲ ယဉ်ကျေးမှုကို ထိမ်းသိမ်းကြရအောင် သင်္ကြန်သူလေးရယ်.........

တြိရတနာ said...

ယခုဖေါ်ပြချက် လက်ခံပါတယ်။ဇွတ်အတင်း လိုက်လုပ်ခိုင်းတာကို လုံးဝလုံးဝဆန့်ကျင်သလို ကိုယ်တိုင်လည်း ကိုယ့်သားသမီကို မခိုင်းပါဘူး။ကျုပ်ဇနီးဟာ သမီးကြီး ရဲမေဝတ်စုံဝတ်ချင်တာကို ရဲကိုမကြိုက်လို့ ခွင့်မပြုပါဘူး။ဒါလည်းသူက အဲဒီမှာနေခဲ့တာလေ။ကျုပ်က အဝေးကနေမြင်တယ် ဒီတော့ မင်းနောက်ဆို ကလေးတွေလိုချင်တာကို မပိတ်ပင်ပဲ အဲဒါလိုချင်ရင် ဘယ်လိုနေထိုင်ကျင့်ကြံရမယ် ပြောပြီးသဘောတူရင် လိုက်ရောလိုက်ပါလို့ ပြောလိုက်တယ်။ဒီနေ့ထိ ဒီအတိုင်းပါပဲ။ကျုပ် ဦးဦး ကျုပ်ကို အလယ်တန်း တက်ခိုင်းပုံကိုကြည့် မင်းရောက်ဖူးတယ် ဗဟုသုတ ရဖို့စာလုံးဝမကျက်နဲ့ ကျတဲ့အတန်းကထွက် ဒါနဲ့ကျွန်တောတက်လာလိုက်တာ လွတ်လွတ်လပ်လပ်နဲ့ အထက်တန်းပညာပြီးသွားတယ်။အသုဘ ဖဲဝိုင်းမှာတွေ့လို့ထွက်ပြေးခဲ့ရတဲ့နေ့ကလဲ နောက်နေ့ခေါ်ဆူမယ်ထင်တာ မဆူပါဘူး။ဒါပေမဲ့ သူဆက်ဆံပုံက မင်းအရည်အချင်းမရှိရင် လူ့အောက်ကျမယ်ဆိုတာ ပေါ်လွင်နေတာကျွန်တော် ကျွန်တော် ဒီလိုဖြစ်လာတောကြည့်ရင် ခုကျနော်ပြန်သိလာရပါတယ်။ အတင်းအကျပ်ခိုင်းစေ လိုက်နာစေတာဟာ လွတ်နေတဲ့အချိန်လေးမှာ လက်မခံနှိုင်လောက်တဲ့အမှားတွေ ဖြစ်စေတာပါပဲ။

Anonymous said...

ကိုသွန်းနေစိုး ရေးထားတာကောင်းပါတယ်။ တစ်ဦးနှင့်တစ်ဦး အမြင်ချင်းဖလှယ်လို့ရတာပေါ့။ ဘယ်သူ့ကိုမှ အပြစ်တင်ရေးသားခြင်းမျိုး မလုပ်ဘဲနဲ့ အပြုသဘောမျိုးနဲ့ ပြောဆိုဆွေးနွေး မယ်ဆိုရင် ပိုပြီးကောင်းမယ်လို့ထင်ပါတယ်။
လူရဲ့စိတ်ဆိုတာ အမျိုးမျိုးအထွေထွေလေ။ ကိုယ့်စိတ်ကိုတောင်မှမနိုင်တာ။ သူများရဲ့စိတ်ကို ပြောဆိုဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
ကိုရီးယားကားတွေ ပြသတာဟာလည်း တစ်စိတ်တစ်ပိုင်းတော့ ပါမယ်လို့ ထင်မိပါတယ်။ ကြည့်တဲ့သူတွေထဲမှာ အသိဥာဏ်ပညာရှိတဲ့သူရှိသလို မရှိတဲ့သူတွေလည်းရှိနိုင်ပါတယ်။ အတုမြင် အတတ်သင်ဆိုသလိုပေါ့။ တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုးပေါ့။ အသိဥာဏ်ပညာ ရှိတဲ့သူတွေက ကောင်းတာကိုတော့ အတုယူပြီး မကောင်းတာကိုတော့ လိုက်မလုပ်ဘူးပေါ့။ အသိဥာဏ်ပညာမရှိတဲ့သူတွေကတော့ ကောင်းတာရော မကောင်းတာရောဆိုသလို လိုက်ပြီး လုပ်ချင်လုပ်နိုင်တာပေါ့။ ဥပမာ မိန်းခလေးတွေ တော်တော်များများ ကြည့်လိုက်ရင် ဆံပင်ဖြောင့်(ကာလာနီ)၊ဘောင်းဘီတို/ ရှည် ၀တ်တဲ့ပုံစံတွေက ကိုရီးယားပုံစံ တွေဖြစ် နေတယ်။ ယောက်ျားလေးတွေကတော့ ဆံပင်ထောင် ဘောင်းဘီရှည်/တို၊ ကောင်လေး တွေကတော့သိပ်ပြီး မသိသာပါဘူး။
တောင်ရှည်ပုဆိုး၊ ထိုင်မသိမ်း ၀တ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူး။ သူနေရာနှင့်သူပေါ့။
တချို့ဆိုရင်မိဘတွေကိုယ်တိုင်က ကိုရီးယားဇတ်လမ်းတွေကို တစ်နေကုန်ထိုင်ပြီးကြည့်တယ်။ မိဘတွေကြည့်တော့ သားသမီးတွေကပါ ကြည့်ဖြစ်တာပေါ့။ ကလေးက ၂တန်း ၃တန်းအရွယ် မသိသင့်တာ တွေရော သိသင့်တာတွေရော အကုန်သိကုန်တယ်။ အဲဒီတော့ ဒီကလေးက ဘယ်လိုဖြစ်လာလည်းဆိုတော့ အရမ်းသိချင်လာတယ်။ စပ်စုချင်လာတယ်။ ဒါမျိုးဆိုရင်တော့ မိဘတွေကိုယ်တိုင်ပိုပြီး တာဝန်ရှိလာတယ်။
အခုရေးသားချက်တွေထဲက ဒါက ဒီလိုမဖြစ်နိုင်ဘူး။ ဒါကတော့ ဒီလိုဖြစ်နိုင်တယ်ဆိုရင်လည်း ထောက်ပြပြောဆိုပါ။

Unknown said...

ဒီနှစ်သင်္ကြန်မှာတွေ့ ရတဲ့ ပုံတွေကတော့  တော်တော်လေးကို ဆိုးဝါးလွန်းပါတယ်။ မိဘတွေက ပဲ မဆုံးမတော့ လို့ လား ...နောက်..နေထိုင်ရာ ပတ်ဝန်းကျင်ကပဲ ဒါမျိုးတွေ ဖြစ်နေလို့ လား....ထင်ပေါ်ချင်တဲ့ စိတ်ကြောင့် လား...စိတ်ကို အလိုလိုက်တာလား...စသည်သည်....ဘယ်လို ပဲဖြစ်ဖြစ်...ကိုယ့် ကျင့် တရားကင်းမဲ့ တဲ့ ငါးခုံးမတွေကြောင့် ..ကျန်တဲ့  အမျိုးကောင်းသမီးလေးတွေကိုကော အထင်သေးခံရတော့မယ်...ဒီ ငါးခုံးမ အပုတ်တွေကို ယဉ်ကျေးတဲ့ လူအသိုင်းဝိုင်းက ပယ်ပစ်လိုက်ပါ..............................

ppw said...

ဟုတ်ပါသည်။ အပေါ်ကသမီးလေး တစ်ယောက်ကို တစ်ခုတော့ပြောချင်ပါသည်။ တောင်ရှည်မဝတ်ပေမဲ့ အမျိုးသားတွေက တစ်နေရာကလွဲရင် အကုန်လုံးပေါ်လို့ သင့်တော်ပါတယ်။ ဟုတ်မဟုတ်စဉ်းစားကြည့်ပေါ့။ အခုဆွေးနွေးနေကြတာက မြန်မာအမျိုးသမီးတွေ လုံလုံခြုံခြုံဝတ်စားသင့်တဲ့အကြောင်းကို ဆွေးနွေးခြင်းဖြစ်ပါသည်။ မဝတ်ရဘူးလို့ မဆိုလိုပါ။ သူ့နေရာနဲ့သူပေါ့။ ကမ်းစပ်မှာ ရေကူးဝတ်စုံဝတ်လို့ ဘယ်သူမှ အပြစ်မပြောပေမဲ့ လူပုံအလယ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲမှာ ရေကူးဘော်လီနဲ့ လာတော့ လူတွေ ပြောပြီပေါ့။
ဒါကို ပြောတဲ့လူကို အပြစ်တင်သင့်သလား။ အဲ့ဒီလို ဖြစ်နေတဲ့အဓိက အကြောင်းအရင်းကတော့ ဘာသာတရားအတော်အားနည်းနေကြတယ်လို့ ထင်ပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ ကျွန်တော်တို့ ငယ်ငယ်က ဆိုရင် ကျောင်းမှာ ယဉ်ကျေးမှုသင်တန်းတွေ ပို့ချပါတယ်။ နောက်ပိုင်း အဲ့လိုတွေ မလုပ်တာ နှစ်ချို့နေပါပြီ။ သားသမီးမကောင်း မိဘကောင်းတဲ့။ ကဲသမီးလေးတို့ရေ မြန်မာနိုင်ငံမှာ အဲ့ဒီလိုပေါ်ပေါ်ဝတ်ချင်တယ်ဆိုရင် အရင်ဆုံးကိုယ့်မိဘ မျက်နှာကို ပြေးမြင်လိုက်ကြနော်။ နိုင်ငံခြားမှာ ဆိုရင်တော့ underwear ဝတ်ပြီး လျှောက်သွားနေလည်းဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ သူတို့ နိုင်ငံမှာ ဒို့နိုင်ငံကြီးလို ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုဓလေ့စရိုက်မှ မရှိခဲ့တာ ။ အမှန်တစ်ကယ်တော့ မြန်မာ့ ယဉ်ကျေးမှုဟာ အရမ်းကို ချစ်စရာကောင်းပါတယ်။ ချစ်တတ်ရင်ပေါ့။ အမျိုးကောင်းသမီးလေးများ ဖြစ်ကြပါစေ။

Anonymous said...

မှန်ပါတယ်ဗျာ။ အကြောင်းကြောင်းကြောင့် ဒီလိုဖြစ်နေကြတာပါ။ ဒါဟာ တိုင်းပြည်အုပ်ချုပ်သူများနဲ့လည်း တိုက်ရိုက်တော့ ပတ်သက်နေပါတယ်။ ဒါပေမယ့် အကုန်လုံးတိုက်ရိုက်မဟုတ်သေးဘူး။ တချို့အရာတွေကမှန်တယ်၊ တချို့အရာတွေကလည်း မှားနေတယ်။ ကျွန်တော်တို့အာရှကို ယဉ်ကျေးမှုက အနောက်နိုင်ငံတွေကနေလာတာများပါတယ်။ ကိုးရီးယားက စကတ်တိုတာတွေ ပေါ်တာတွေကလည်း အနောက်ကလာတပါ။ ဒါဆိုရင် သူတို့ဆီလည်း အနောက်ကကူးတယ်၊ ကျွန်တော်တို့ဆီကိုတော့ အရင်တုန်းက တိုးတက်မှုနည်းတော့ ကိုးရီးယားတို့ တရုပ်တို့ ဆီက အခုပြန်ကူးတယ်။ အဓိကကတော့ media က ကူးတယ်။ ဗမာပြည် ပိုင်ဟွေ့လာတော့ လိုက်ခွဲဝတ်ကြတယ်၊ နောက်ကိုးရီးယား ။ အနောက်က သူ့ယဉ်ကျေးမှုနဲ့သူ အိုဗာတင်းမဖြစ်တော့ဘူး၊ နောက်ကလိုက်ရတဲ့တိုင်းပြည်တွေက ပိုပြီးတော့ သူ့ကိုမှီအောင် လိုက်ရင်းနဲ့ ကျော်ထွက်သွားကြတယ်။ အဲဒီနေရာမှာ ဘယ်သူတွေအရေးပါသလဲဆိုတော့ နိုင်ငံကျော်အနုပညာရှင်တွေ၊ ကမ္ဘာကျော်အနုပညာရှင်တွေ သူတို့တွေက စံပြပုဂ္ဂိုလ်တွေပါ။ အခု ဗမာပြည်မှာ မိုက်ကန်းကန်းပုံစံလူငယ်တွေကို ကြည့်လိုက် Rapper ဆိုရင် မိုက်ကန်းကန်းနေရမယ့် ပုံစံမျိုးတွေ တွေ့လာရတယ်။ ဒါဟာ အတုမြင်အတတ်သင်တဲ့အရွယ်ကစပြီးတော့ သွန်သင်မှု ပေးနိုင်မယ့်လူ မရှိတော့ဘူး။ ရန်ကုန်မြို့မှ မိဘတွေကလည်း သူ့အလုပ်နဲ့သူ လည်နေသူတွေ၊ အကြောင်းအမျိုးကြောင့် သားသမီးတွေအပေါ်မှာ ဂိုက်ပေးနိုင်မှု နည်းပါးမှုတွေ တွေ့လာရတယ်။

Anonymous said...

ဘာသာတရားကလည်း မသွန်သင်နိုင်တော့ဘူး၊ ကျွန်တော် ဗြိတိန်တော်ဝင် မိသားစု မင်္ဂလာအခမ်းအနားခွေလေးကို ကြည့်မိတယ် အော် တော်ဝင်မိသားစုမင်္ဂလာဆောင်ကို ကြည့်ဖို့ တိုင်းသူပြည်သားတွေက (၃)ရက်လောက်ကြိုပြီးလာစောင့်နေကြတယ်တဲ့။ အဲဒီမှာ တွေလိုက်ရတာက ဗမာပြည်မှာလို ဖော်ချွတ်ထားတာလည်းမတွေ့ရဘူး။ စည်းကမ်းရှိလိုက်တာ၊ အားလုံးက အလံလေးတွေကိုင်ပြီးတော့ လာကြည့်နေကြတာ လမ်းကြီးတွေကလည်း ကောင်းလိုက်တာ၊ စနစ်တကျနဲ့ ဘုရားကျောင်းကြီးကလည်းကောင်းလိုက်တာ သူတို့မင်္ဂလာဆောင်ကိုလည်း သူတို့ရဲ့ ဘုရာကျောင်းမှာ ဆောင်ကြရတာ ခရစ်ယာန်ဘုန်းတော်ကြီးကလည်း မင်္ဂလာတရားတော်ကိုဟောကြားပြီးတော့ သေတဖန်သက်တဆုံး ပေါင်းသင်ကြဖို့ပြောတော့ သြော် ငါတို့တိုင်းပြည်က လူတွေ အတုတော့ ယူကြတယ်၊ ဒါမျိုးကြတော့ အတုမယူကြပါလား၊ကျွန်တော်အခုနပြောသလိုဘဲ အနောက်ကလာတာမှန်ပေမယ့် အနောက်ဆိုတိုင်း ရိုင်းရိုင်းစိုင်းစိုင်းမ၀တ်ကျပါဘူး။ သူမှာလည်း ချွန်ထွက်သူတွေတော့ ရှိတာပေါ့။ ဘာသာတရားမှလည်း ယဉ်ကျေးမှုရှိပြီးသားပါ။ ဒီလိုပါဘဲ ကျွတော်တို့ မြန်မာပြည်မှာလည်း ဘာသာတရားကရှိပါတယ်။ ဒါပေမယ့် ဘာသာတရားရဲ့ ထိမ်းကြောင်းမှုက မရှိဘူးဖြစ်နေတယ်။ ဘာဖြစ်လို့ မရှိတာလည်းဆိုတော့လည်း ရှင်းပါတယ်။ ဗုဒ္ဓကဒီမိုကရေစီကျလို့ပါ။ ကိုးကွယ်ပါလို့ မပြောခဲ့ဘူး၊ ကြိုက်ရင် လုပ်နိုင်တယ်ဆိုတော့၊ force နဲ့ မလုပ်ဘူး၊ တချို့ဘာသာက သွားကိုသွားရမယ်လို့ မိဘကလည်း force ပေးတော့ ဘုရားကျောင်းကို သွားကိုသွားတယ်။ နောက်ကျတော့ ကြိုက်လို့သွားတယ်။ အဲဒီမှာ ကျွန်တော့်တို့ကိုယ်တိုင် ဘုန်းကြီးကျောင်းမရောက်ဖြစ်ပါဘူး။ တိုင်းပြည်အုပ်ချုပ်သူများကလည်း ဒီနေရာမှာ လိုအပ်ပါတယ်၊ အဓိကကျလာပါတယ်။ ပညာရည်မြင့်လာရင်လည်းသူ့အလိုလို ယဉ်ကျေးလာပါတယ်။ ပညာတတ်ပြီးတော့ မူးယစ်ဆေးဝါး၊ အရက်ကို ကြိုက်နှစ်သက်သွားရင်လည်း သူ့အလိုလို ရိုင်းသွားတတ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ အရက်က သိပ်လွယ်လွယ်ကူကူပေါပေါများများ ၀ယ်လို့ရတယ်။ အသက်အကန့်အသတ်မရှိ ရောင်းချပေးတယ်။ ရွာတွေမှာဆိုလည်း အခုဆို ၁၂နှစ်ဝန်းကျင်ကနေ စပြီးတော့ သောက်တတ်တာ အသက်အပိုင်းအခြားမရှိ သောက်လာကြတယ် သက်တမ်းတွေအကုန်တိုလာတယ်။ ဘာသာတရားကလည်း manage မလုပ်နိုင်ဘူး၊ ဘုန်းကြီးကျောင်းလည်း မရောက်ဘူး၊ ဘုန်းကြီးကျောင်းရောက်လည်း ဘုန်းကြီးက ဒီကိစ္စသိပ်မပြောရဲဘူး၊ အဓိကကတော့ အရက်က သိပ်ပေါများတယ် သိပ်လွယ်ကူတယ်ဝယ်ရတာ ဒါတွေကို နိုင်ငံတော်အသိစိတ်နဲ့ တာဝန်ကြီးတရပ်အနေနဲ့ ဆောင်ရွက်မှရမယ်၊ နောက်တစ်ခုက မိန်းခလေးတွေကလည်း အရှက်တစ်ခုကိုနားလည်းတတ်လာအောင် media ကနေပြီးတော့ လုပ်ဆော်လုပ်ဆောင်ရမယ်၊ အတုခိုးရင်လည်း စကတ်ဝတ်တလည်း လက်ခံပါတယ်၊ သူ့တိုသင့်သလောက်ဘဲဝတ်သင့်ပါတယ်၊ နောက် ဘောင်းဘီလက်ခံရမှာဘဲ အရှက်ပိုလုံပါတယ်၊ standard ရှိရှိ ၀တ်ဖို့လိုတယ်၊ ဗမာပြည်ကို အခုဆို အနောက်တိုင်းပြည်တွေကလည်းလာတာအများကြိပါဘဲ တွေ့နေကြတာဘဲ အဲဒီလောက်ဆိုးဆိုးရွားရွားဝတ်တာတွေ မတွေ့ရပါဘူး၊ သူတို့ယဉ်ကျေးပါတယ်။ နောက်ကလိုက်ကတဲ့တိုင်းပြည်တွေက ဆိုးနေတာ ကျော်တက်ချင်တာကို တလွဲကျော်တက်ချင်ကြတာပါ။ နောက်ပြီး ပညာရေး အဓိကပါဘဲ၊ ဆရာမတွေကလည်း ယဉ်ကျေးတတ်အောင် သိမ့်မွေ့တတ်အောင် မသွန်သင်နိုင်ဘူး၊ သူတို့ကလည်း ကျူရှင်ရရေးကိုဘဲ အဓိကဖြစ်နေကြတယ်၊ သူတို့ကိုယ်တိုင်ကလည်း မေတ္တာတရားရှိပြီး သွန်သင်မှ ယဉ်ကျေးသိမ်မွေ့တဲ့သူတွေထွက်လာမှာပါ။ တိုင်းပြည်က ဆင်းရဲတဲ့အတွက်လည်းပါပါတယ်၊ လူတစ်ယောက်လာ အလုပ်ခလစာ မြင့်မြင့်ရလာရင်လည်း အရက်သမားသိပ်ဖြစ်မှာမဟုတ်ဘူး၊ အလုပ်က သူကို ဆွဲခေါ်သွားလိမ့်မယ်၊ အခုဗမာပြည်မှာက ကုမ္မဏီတွေကလည်း ဘွဲ့ငါးဘွဲ့လောက်တောင်းပြီးတော့ ပေးတော့ လခက (၅)သောင်းလောက်ကစပေးတော့ လူတွေက လုပ်ခလစမလောက်တော့ မလုပ်ချင်တော့ဘူး၊ လေနေတယ်၊ အဲဒီတော့ မိဘဆီတောင်းတယ်၊ လက်ဖက်ရည်ဆိုင်ထိုင်တယ်၊ ဘီယာဆိုင်ထိုင်တယ်၊ အဓိက တိုင်းပြည်ဖွံ့ဖြိုးဖို့ လိုသွားပြီ၊ ဖွံ့ဖြိုးရင်အလုပ်အကိုင်ပေါများမယ်၊ လစာကောင်းမယ်ဆိုရင် လဖက်ရည်ဆိုင်၊ ဘီယာဆိုင်ကို နေ့တိုင်းမထိုင်ဖြစ်ဖြစ်လာလိမ့်မယ်။ အဓိက တရားခံကတော့ တိုင်းပြည်မတိုးတက်မှု၊ အတွေးအခေါ်နည်းမှု၊ လမ်းစပျောက်မှု့တွေက နေပြီး စပွန်စာတွေများလာတယ်၊ စပွန်စာရရေးချွတ်ကြရင်းနဲ့ အကုန်လုန်းအခု ချွတ်လာကြတယ် အနောက်တိုင်းပြည်ကို လိုက်ရင်းနဲ့ တိုင်းပြည်စီးပွားရေးကတော့ ကျော်ထွက်မလာဘဲ ယဉ်ကျေးမှုကလည်းကျော်ထွက်မလာဘဲ အဖော်အချွတ်က အနောက်နိုင်ငံတွေထက် ကျော်ထွက်ပါတော့တယ်။ အားလုံးဘဲ ဆင်ခြင်တုံတရားလေးထားပြီးတော့ အရာရာကို ပြုပြင်ပြောင်းလဲကြဖို့ကို တိုက်တွန်းအပ်ပါတယ်။

Cinderella said...

‌ခေတ်နဲ့အညီအတိုဝတ်တာ‌လောက်အထိက‌တော့ခွင့်လွှတ်လို့ရပါ‌သေး
တယ်..ဒါ‌ပေမဲ့တမင်တကာဆွဲ‌ဆောင်ပြီးအ‌ပေါ်‌အောက်‌ဖေါ်ထားတာ
က‌တော့‌အောက်တန်းကျလွန်းပါတယ်..သူ့ဘာသူနိုက်ကလပ်သွားတဲ့အ
ချိန်၊‌ဈေး‌ခေါ်ချိန်ဝတ်ရင်‌တော့တမျိုး‌ပေါ့..ခုဟာက‌နေ့ခင်းေ ကြာင်‌တောင်
က‌လေး၊လြူကီးမကျန်‌ပျော်ရွှင်‌နေကြတြဲ့မန်မာသက်ြန်ကို အရုပ်ဆိုးအကျည်း
တန်‌စေတဲ့အတွက်ဝိုင်းဝန်းရှုတ်ချသင့်ပါတယ်..မိဘ‌တွေက‌ရောကိုယ့်
သမီးဒီလိုဝတ်‌နေတာဒီအတိုင်းကြည့်‌နေသတဲ့လား..အံ့ဖွယ်ဘဲ‌နော်...။

Anonymous said...

ူလူတွေအကုန်တွေ့ပါလိမ့်မယ် နှစ်ဆန်း(၁)ရက်နေ့ကျရင် ရွှေတိဂုံဘုရားပေါ်မှာ လာပြီးတော့ အပြစ်ဖြေကြပြီ၊ အဲဒီနေ့လာရင်တော့ သူတို့မဟုတ်တဲ့အတိုင်း တွေ့ရပါလိမ့်မယ်၊ ယဉ်ကျေးမှုဆိုတာ လူ့အဆင့်အတန်းတစ်ရပ်ကို ထိမ်းသိမ်းစောင့်ရှောက်ခြင်းတစ်မျိုးပါ၊ ကျွန်တော်တို့မြန်မာတွေရဲ့ စိတ်ရင်းက ယဉ်ကျေးမှုရှိပါတယ်၊ အခုဘယ်ကနေ ဘယ်လိုပျက်လာမှန်းကို မသိတော့ဘူး၊ အနောက်ကိုအတုခိုးရင်လည်း သူတို့ရဲ့တိုးတက်မှု၊ စည်းကမ်းရှိမှုတွေကို အတုခိုးပြီး တခြားအရာတွေကို ဦးနှောက်ရှိရှိ စဉ်းစားပြီးမှ ခိုးကြ၊ ဆင်ခြင်ပြီးမှ ခိုးကြပါ၊ အနောက်နိုင်ငံတွေမှာ ပုံမှန်ချိန်ဆို ၀တ်စားမှုကလည်း စမတ်ကျတယ်၊ သေသပ်တယ်၊ နေရာတိုင်း ဖော်ချွတ်မနေဘူး၊ ယဉ်ကျေးတယ်။ လွတ်လပ်တယ်၊ အတုခိုးကြပါ အဲဒါမျိုးတွေ၊ ပညာတတ်တယ်၊ အတွေးအခေါ်တွေကောင်းတယ်၊ အဲဒါတွေကိုခိုးကြပါ၊ အရက်တွေအလွန်အကျွံသောက်ပြီး အတွေအခေါ်တွေမရပ်ပစ်ပါနဲ့၊ မိန်းခလေးတွေကလည်း ဖော်ချွတ်တာတွေချည်းဘဲ လိုက်စဉ်းစားပြီးတော့ ဘယ်လိုဖော်ချွတ်ရမလဲဘဲ အမြဲတွေးပြီးတော့ မလုပ်ပါနဲ့၊ လုပ်သင့်တာနဲ့ လုပ်ရမှာနဲ့ လုပ်ချင်တာနဲ့ကို ခွဲခြားဆင်ခြင်ပြီးမှ လုပ်ကြပါ၊

eint said...

အခုတင်ထားတဲ့ ဆောင်းပါးက တော်တော်လေးပြည့်စုံကောင်းမွန်ပါတယ်...
မိန်းကလေးတွေ အရက်သေစာသောက်စားလာတဲ့ပြသနာက ကိုးရီးယားယဉ်ကျေးမှုတွေ(ဇာတ်ကားတွေထဲမှုာ အရက်သောက်ပြခြင်းကိုဆိုလိုပါသည်)လွှမ်းမိုးလာတာနဲ့ တိုက်ရိုက်နီးပါးသက်ဆိုင်နေပါတယ်...
အဲလိုဇာတ်ကားတွေကို တော်တော်များများကို ဆင်ဆာ မဖြတ်ဘဲ ပြသနေတဲ့ MRTV-4လို channelမျိုးကိုလည်း ကန့်ကွက် သင့်ပါတယ်...
(ဒီနေရာမှာ ဆင်ဆာဖြတ်တဲ့ အဖွဲ. တွေရဲ့ မတူညီတဲ့ ဆင်ဆာ ဖြတ်မှုစည်းမျဉ်းတွေကိုလည်းရှုတ်ချသင့်ပါတယ်)...
အထက်မှာပြောထားတဲ့[ဒီနေရာမှာ မိန်းကလေးချင်းရော ယောက်ျားလေးတွေရော လိုအပ်ပါတယ်။ ဒီလို မထော်မနှမ်းဝတ်ထားတဲ့ကောင်မလေးတစ်ယောက် မဏ္ဍပ်ပေါ်တက်လာတဲ့အခါ အနူကို တွေ့သလို မိန်းကလေးတွေက ရှဲကနဲဖြစ်သွားမယ်။ ယောက်ျားလေးတွေကလည်း သွားရည်ယိုတဲ့အကြည့်နဲ့ ကြည့်မနေပဲ ဘယ်လို အဆင့်အတန်းလဲ မသိဘူးလို့ နှာခေါင်းရှုံ့ မျက်နှာလွှဲလိုက်ကြမယ်ဆိုရင် ဒီလို ဘယ်သူမှ ၀တ်ရဲလိမ့်မယ် မဟုတ်ပါ။]ဆိုတဲ့အတိုင်းသာ အသိစိတ်နဲ့ လိုက်နာကြရင် မြန်မာနိုင်ငံဟာ ကျက်သရေရှိတဲ့နိုင်ငံဖြစ်မှာပါ...
ပြောရရင် ဒီလိုလုပ်ဖို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်...

HM said...

ဒီလိုအတွေးတွေတွေးမိအောင်ရေးပေးတာ သိပ်တာဝန်ကျေပါတယ်ဆရာ မိဘဆိုတာ လူနဲစုပါ ပတ်ဝန်းကျင်ဆိုတာ လူများစုပါ သိပ်သက်ဆိုင်ပါတယ် နယ်တွေမှာ ဒီလိုဝတ်ရင် ၀ိုင်းအော်လွန်းလို့ သိပ်မ၀တ်ရဲကြပါဘူး အဲဒီအလေ့အကျင့်ကို မိန်းကလေးပေမယ့် အားပေးပါတယ်။

ကိုဇေလင်း said...

ကိုရီးယားကားတွေလွှမ်းမိုးမှုပါတာတော့ အမှန်ပဲ အကိုရေ မြန်မာ့အသံမှာတောင် မြန်မာဇာတ်ကားလွှတ်တာနည်းသွားပါပီ ကိုရီးယားကားကတော့ ပုံမှန်ကို လွှင်ပြနေတာပါပဲ ....မြန်မာမိန်းကလေးတွေရဲ့ အတုမြင် အတက်သင်စိတ်ကလည်း ဒီနေရာကျတော့ တော်ပြန်ရော တွေးကြည့်ရင် တစ်မျိုးသားလုံးအတွက် ရင်လေးစရာအတော်ကောင်းပါတယ် .... အသောက်အစားထွန်းကားလာတယ် အလေအလွင့်စိတ်တွေပေါများလာတယ် ပြောမယ့်ဆိုမယ့် လူကြီးမိဘတွေ နည်းပါးလာတယ် ဘေးလူကအမြင်မတော်လို့ ပြောပြန်တော့လည်း အပြောခံရတဲ့ သားသမီးမိဘနဲ့ စကားများရပြန်ရော ဒီလိုနဲ့ လူငယ်တွေရဲ့ အကျင့်စာရိတ္တတွေပျက်မှန်းမသိပျက်ကုန်ပါပီ .... ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတွေ ပျောက်မှန်းမသိကို ပျောက်ပျက်လာပါပီ ဗျာ .... အားလုံးပဲ ဒါတွေကို သေသေချာချာ ညှိနှိုင်းတိုင်ပင်ပီး ပြုပြင်ဖို့ အရမ်းကို အရေးကြီးပါတယ် ..........

Joker said...

ပို့စ်တင်ထားတာ ကောင်းပါတယ်၊ ကျွန်တော်တို့ဘယ်လောက်ပဲ အော်ဟစ် ရှုတ်ချနေလဲ မိမိကိုယ်တိုင် ရှက်စိတ်(မကောင်းမှုလုပ်ရမှာကို ရှက်တဲ့စိတ်)၊ ကြောက်စိတ်(မကောင်းမှုလုပ်ရမှာကို ကြောက်တဲ့စိတ်) မရှိရင်၊ မပေါ်ပေါ်အောင်ဖော်ရတာကို ခေတ်မှီတယ်လို့ ထင်နေရင်တော့ ဒီလိုပဲဆက်ဖြစ်နေအုံးမှာပါပဲ၊

ပွကြီး said...

ဟားဟားဟား..ကြောင်ပါ့သွန်းနေစိုးရယ်။ အခြေခံစိတ်ဓါတ် မကောင်းတဲ့ ပြည့်တန်ဆာသာသာတွေကို ပြောချင်တာများ ဘာမဆိုင် ညာမဆိုင် ကိုရီးယားကားက ပါရသေးတယ်။ တစ်ဦးချင်းဆီနဲ့ဆိုင်တာတွေပါကွာ။ မင်းပြောပုံအရဆိုရင် ကိုရီးယားမှာ ဖာသာသာတွေချည်း ဖြစ်တော့မယ်။

tarksoe theitark said...

မြို့ပြယဉ်ကျေးမှု ထွန်းကားလာတဲ့အခါ လူတွေဟာပိုပြီးလွတ်လပ်ချင်လာတယ်
လွတ်လပ်ဖို့အတွက် စံနစ်ကျတဲ့ ကလပ်တွေ အမြဲတမ်းရှိနေဖို့လိုတယ် သူ့အဆင့်လိုက်သွားပြီး စိတ်တင်းကျပ်တဲ့အခါသွားရောက် ဖွင့်ထုတ်နိုင်ဖို့လိုတယ် ကျွန်တော်တို့ဆီမှာ ကလပ်ဆိုတာ ဟော့ရမ်းလွမ်းတဲ့လူငယ်တွေ အတွက်လောက်သာဖြစ်နေသေးတယ် အဆင့်ရှိရှိ ကလပ်တွေရှိနေရင် လူတော်တော်များများ အတွက်စိတ်ဖြေဖျောက်နိုင်မယ် သင်္ကြန်ကာလ တစ်ခုမှာသာ ဖွင့်ထုတ်နေကြတော့ခက်တယ် သင်္ကြန်ဆို တာ ရိုးရာအတွက် ပိုမိုဦးစားပေးလုပ်သင့်တယ် ရိုးရာအကတွေ သီချင်းတွေပိုမို နေရာရသင့်တယ် ခုသင်္ကြန်မှာ နိုင်ငံခြားသီချင်းတွေပိုမို နေရာ ရနေကြတယ် နိုင်ငံခြားယဉ် ကျေး မှုတွေပိုမိုနေရာရနေတယ် မူဝါဒရေးဆွဲသူတွေ နားလည်ဖို့လိုတယ် မူဝါဒ အဓိကကျပြီး လိုက်နာဖို့အတွက် အုပ်ချုပ်ရေး သမားတွေ အရေးကြီးတယ်

mabaydar said...

အပေါ်ကပြောခဲ့တာတွေအားလုံးကို လက်ခံပါတယ်... ရိုးရာဝတ်စုံကို မုန်းမသွားအောင် အတင်းအကျပ်ခိုင်းစေတာထက် မြတ်နိုးလာအောင် အသိပညာ၊ စိတ်ဓာတ်တွေကို မြှင့်တင်ပေးတာအကောင်းဆုံးပါ...
ဒါပေမဲ့ အောက်ဆုံးအပိုဒ်မှာ ကိုရီးယားကားတွေပြတာကို ရပ်သင့်တယ်ဆိုတဲ့အချက်ကတော့ အနည်းငယ် အစွန်းရောက်သွားတယ်လို့ထင်ပါတယ်...
ကိုရီယားကားမှာ မင်းသမီးတွေအရက်သောက်လို့ အတုခိုးပြီး လွန်လွန်ကြူးကြူး ပျက်စီးကြတယ်ဆိုရင်... အာရှတစ်ခုလုံးရစရာမရှိတော့ပါဘူး... ကိုရီးယားကားတွေဟာ မြန်မာပြည်တစ်ခုတည်းကို စိုးမိုးနေတာမဟုတ်ပါဘူး... ကိုရီးယားအနုပညာဈေးကွက်က ဂျပန်ကိုတောင် ကျော်တတ်ပြီး ကမ္ဘာကိုရင်ဘောင်တန်းဖို့ကြိုးစားနေပါပြီ... ဒီတော့ ရုပ်ရှင်ကြည့်လို့ ပျက်စီးတယ်ဆိုရင်တောင်မှ အဲဒိရုပ်ရှင်ကို ကြည့်ပြီး အတုခိုးမှားစေတဲ့ စိတ်ဓာတ်နဲ့ အသိဥာဏ်ပေါ်အများကြီး မူတည်သွားပါပြီ... အရက်မူလို့ ကျောပိုးပေးပြီး အိမ်ကို လုံခြုံစွာပြန်ပို့ပြီး မှဲ့တစ်ပေါက်မစွန်းစေခဲ့တဲ့ ယောကျာင်္းဆိုတာ ရုပ်ရှင်ထဲမှာပဲရှိတယ် အပြင်မှာမရှိဘူးဆိုတဲ့ အသိလေးတွေမရှိကြလို့ပါ... သူတို့က သူတို့ယဉ်ကျေးမှုနဲ့ ရာသီဥတုကြောင့်သောက်တယ်... ကိုယ်တွေက ယဉ်ကျေးမှုအရရော ရာသီဥတုကြောင့်ရော မကိုက်ညီတာ အတုယူစရာမဟုတ်ပါဘူး... (ကြိုက်လို့သောက်တယ်ဆိုရင် ပြောစရာမရှိပါ)... ဒီတော့ မြန်မာပြည်သူတွေရဲ့ mindset အသိတရားနဲ့ ပဲဆိုင်ပါတယ်... ကိုရီးယားကားကြည့်တာက အသိတရားရှိရင် ဘာမှမဖြစ်ပါဘူး.. မဗေဒါ ကိုရီးယားကားကြိုက်တယ်... ဒါပေမဲ့ သူတို့ယဉ်ကျေးမှုကို အတုခိုးချင်စိတ် အရက်သောက်ချင်စိတ်မရှိပါဘူး...

ဆန္ဒမွန် said...

ဒီလိုဖြစ်ရတာ ဒီကောင်မလေးတွေရဲ့  အပြစ်ကြီးတဲ မြင်လို့မရပါဘူး၊ နည်းနည်းတော့ သေချာစဉ်းစား လေ့လာသင့်ပါပြီ။ (၁)အနှစ် ၂၀ ကျော်ထုတ်လွှင့်ခဲ့ တဲ့  ကိုရီးယား ဇတ်လမ်းတွေရဲ့ အကျိုးဆက်လား၊ (၂)ဆင်းရဲမွဲတေမှု့ ရဲ့ အကျိုးဆက်လား၊ (၃) စိတ်ကြွဆေးများ အလွယ်တကူဝယ်ယူနိုင်မှု့ လား (၄)ကိုယ့်နိုင်ငံကိုယ့်ယဉ်ကျေးမှု့ ကို မချစ်တတ်တော့ တဲ့ အကျိုးဆက်လား၊ စဉ်းစားလို့ရသမျှ ဒီမေးခွန်းများနဲ့ ၀ိုင်းဝန်း ဖြေရှင်းနိုင်ဖို့ တင်ပြလိုကပါတယ်။(Globalization) ကိုကြီး ပုံချလို့မရပါဘူး၊ ကိုယ့်ရဲ့  National Figure ,National Identity ကို မြတ်နိုးတတ်အောင် ကလေးတွေကို သေချာသုတေသနလုပ်ပြီး သင်ပေးသင့်ပါပြီ။ လူကြီးတွေမှာ တာဝန်ရှိပါတယ် လူကြီးတွေမှာ အပြစ်ရှိပါတယ်။

mkthurein said...

ကိုသွန်းနေစိုးခင်ဗျား
ကိုရီးယားကားတွေကို ရုပ်သံတွေကမပြလို့ရှိရင် ကောင်းလာနိုင် တယ်၊ ဆိုတာခင်ဗျားကျိန်းသေပြောရဲပါသလားခင်ဗျာ။ ပြောရဲ တယ်ဆိုရင်တော့ကျွန်တော်ထပ်ပြောချင်တယ်ဗျ။ ကျွန်တော့အမြင်ကတော့မဆိုင်ပါဘူးခင်ဗျာ။ ကျွန်တော်တို့ယနေ့ လူငယ်တွေဒီလိုဝတ်တာစားတာဟာဘာမှမဆိုင်ဘူးဗျ။ ကိုယ်တုံး လုံးချွတ်နေဦးတော့ ဘာမြှဖစ်မသွားဘူး၊ ဒီလိုပြောကြေးဆိုရင် တစ်ချိန်ကြရင် လွှတ်တော်ထဲကိုရောက်မယ့်ကောင်တွေက နားကပ်နဲ့၊ ဆံပင်ကိုပန့်ထောင်ထားမယ်။ အမျိုးသမီးအမတ်တွေက ကြိုးတစ်ချောင်အကျီင်္နဲ့ စကပ်တိုဝတ်ပြီးလွှတ်တက်လိမ့်မယ်။ ဒီလိုအပြောင်းအလဲကိုကျွန်တော်တို့လက်ခံနိုင်ရမယ်။ ဘယ်လောက်ပဲယဉ်ကျေးမှုအရဘာတွေဖြစ်နေဖြစ်နေ နှလုံးသားလှဖို့ပဲကျွန်တော်တို့ကြိုးစားရမှာပါ။ မိတ်ဆွေက ကိုယ်ရီးယားကားကြောင့်လို့ပြောတာကိုကြည့်ရရင် ကိုယ်ရီးယားကားကို မကြိုက်တဲ့အခံရှိပုံရတယ်၊ အမှန်တော့ကြည့် တက်ဖို့ပဲလိုတာပါ။ ကြည့်တတ်ရင် ဒီမှာဗဟုသုတရနိုင်စရာတွေအများကြီးရှိပါတယ်။ ဆရာဦးအောင်သင်းပြောတဲ့လေသံအတိုင်းပြောရင် တိုစရာမရှိတော့ရင် ပြန်ပြီးရှည်လာလိမ့်မယ်။ ဖော်စရာမရှိတော့ရင်ပြန်ပြီးတော့လုံလာလိမ့်မယ်ဗျ။ သမိုင်းကိုလေ့လာပြီးမှ စာရေးစေလိုပါတယ်ကိုသွန်းနေစိုးခင်ဗျား.............

ကျေးဇူးတင်လျက်
mkthurein
Mawkyun

genius said...

... ဖေါ်ကြ .. ချွတ်ကြတဲ.ကိစ္စက ... ရှင်းရှင်းလေးပါ ၊ လင်ကောင်း ၊ သားကောင်း ၊ ချစ်သူကောင်း မ၇၇ှိ တာအပေါ် မကြေနပ်မှုပါ ၊ ၇ထားပြီးသား LADY တွေ ကြည်. ... အိနြေ္ဒ ကိုရလို. ၊ မ၇သေးသူတွေက .. ဟယ် .. ငါ.မှာ ဒီပစ္စည်းတွေ ၇ှိတာတောင် စိတ်မ၀င်စားကြဘူး ... ကြည်.ကြရော.လဟယ် .... ဆိုပြီး ....... ၊ ဒါဟာ ယောက်ျားလေးတွေပယောဂ လည်းပါတယ် ၊ ...... ......

မရဏမင်း said...

ကောင်းတယ်ဗျာ..ထောက်ခံမဲပေးပါတယ်..မှတ်ချက်။ပယ်မဲမဖြစ်ပါစေနဲ့ဗျာ

Weik Zar said...

ကဲဒါဆိုလည်း၊လွှတ်တော်မှာဥပဒေ အဖြစ်ပြဌာန်းနိုင်အောင်
ကြီးစားကြဗျာ။ Women to wear opaque cloths from neck to feet at the public places.

ခင်မျိုးချစ် said...

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးတွေကို လွဲမှားစွာ အသုံးမချကြစေလိုပါ။ ဖော်ချင်ဖော်နိုင်တယ် ချွတ်ခြင် ချွတ်နိုင်တယ် ကိုယ့်အခွင့်အရေးနဲ့ ကိုယ်ပဲ၊ ဒီမိုကရေစီစနစ်ဆို တာ လူတွေ ဒီလို ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရှိဖို့ ဖော်ဆောင် ပေးရမယ်လို့ မဆိုလိုပါ။ ဒီမိုကရေစီ ဆိုတာ လူအများစုရဲ့ ဆန္ဒသဘောထား ကို ဖော်ဆောင်ပေးရ မယ့် အလွန်ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုပါ။ အခု အဖော်အချွတ်ကိစ္စ အရက် ပင်လယ်ကိစ္စမှာ တော့ လူအများစုက လက်မခံနိုင်ဘူး ၀ိုင်းဝန်း ရှုံ့ချကြမယ်ဆိုရင် အလိုလို လျော့နည်း ပပျောက် လာမှာမယ်လို့ ယုံကြည်ပါတယ်။ အခု သူတို့လုပ်နေတာ ကလည်း လူပုံအလည်မှာ သတိထား ဂရုစိုက်မှု ခံချင်လို့ ဖြစ်ပါတယ်။ တစ်ယောက် တစ်လေ နှစ်ယောက် နှစ်လေလောက်က သူတို့နား ကပ်သွားမယ့်အစား ရှဲသွားရင် သူတို့လည်း အောင်မယ် လူတွေက ငါတို့ကို အနူအ၀ဲများ မှတ်နေလား ဆိုပြီး ရုတ်တရက်တော့ စိတ်တိုမှာဖြစ်ပေမယ့် နောက်တော့ ဒီလိုဘာလို့ဖြစ်နေပါလိမ့်ဆိုပြီး ဆင်ခြင်လာ ပါလိမ့်မယ်။ သားသမီးမကောင်းမိဘခေါင်းဆိုသလိုပါပဲ မိဘတွေကလည်း ခွင့်ပြုကြလို့ ဖြစ်နေတာမို့ မိဘလူတန်း စားတွေကလည်း မိမိတို့ သားသမီးငယ်များကို တတ်နိုင် သလောက် ထိန်းကျောင်း ပဲ့ပြင်သင့်လှပါတယ်။ ကိုရီးယား မတွေ ဘယ်လောက် တိုတို ၀တ်ဝတ် ဘယ်လို ကက မတော် တဆများ အတွင်းခံပေါ်သွားတာ တွေ့ဘူးကြပါသလား။ သူတို့ဖော်တာက အဆင့်ရှိပါတယ်။ အခု မြန်မာမတွေလိုက် လုပ်တာကတော့ အဆင့်မရှိဘူး ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံမဖြစ် အောင် ၀ိုင်းဝန်းထိန်းသိမ်းကြပါစို့။

crusekoole said...

အဲဒီ ပုံထဲ က မိန်းမတွေ သောက်ရှက်မရှိတာတော့  အမှန်ပဲ ဗျာ
ကျန်တာတော့ မပြောချင်ပါဘူး

အရက်သောက်ပြီး မူးပြ အန်ပြနေတာ ဂုဏ်ယူနေကြတယ်

nwechotae said...

ပညာပေး ဖို့ လိုမယ်ထင်တာပါပဲ

Anonymous said...

မိဘတွေမှာ ဆုံးမဖို့ တာဝန်ရှိသလို
မိမိကိုယ်ကို တန်ဖိုးထားလေးစားတတ်ဖို့ လဲ လိုအပ်ပါတယ် . . ကိုးရီယားကားတွေကြောင့်ဆိုတာတော့ မဟုတ်ပါဘူး . . အခုခေတ်မှာ ဂြိုလ်တုလိုင်းတွေက တစ်ဆင့် ကမ္ဘာတစ်ဝှမ်းက ခေတ်မှီတိုးတက်မှု့ တွေကို လှမ်းမြင်နေရတာပဲလေ . . ဒါတွေကို အမြင်မှားပြီး ခေတ်နောက်အမှီလိုက်မှ လူရာဝင်မယ်လို့ ထင်နေတဲ့ ဒီက ခလေးတွေက အသိပညာနည်းနေတာတော့အမှန်ပဲ အရှင်းဆုံးပြောရရင်တော့ ဦးနှောက်ပညာ ဖွံ့ ဖြိုးမှု အားနည်းနေတာပေါ့ . . ဒါကြောင့်သာ အကောင်း အဆိုးကို ခွဲခြားမမြင်ပဲ အတုယူမှားနေကြတာပါ . .
အဆင့်အတန်းရှိတဲ့ အလုပ်တစ်ခုကိုရဖို့ လူတွေ့ စစ်ဆေး (အင်တာဗျူး) ခံဖူးတဲ့ ပညာတတ်မိန်းခလေးတွေကတော့ ၀တ်စားဆင်ရင်မှု့ က ဘယ်လောက် အရေးပါလဲ ဆိုတာ အသိဆုံးဖြစ်မှာပါ . . ဒါဟာဘာကို ပြလဲဆိုရင် လူတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာပေါ့ . . . ဒါကြောင့် တန်ဖိုး ရှိတဲ့ အရာတစ်ခုကို ရဖို့ ဆိုတာ ကိုယ်တိုင် တန်ဖိုးရှိဖို့ လိုအပ်ပါတယ် လို့ ပြောပါရစေ . .

HtetNWin said...

နယ်တွေမှာတော့ အဲလိုမဆိုးသေးပါဘူး။မြို့ကြီးတွေကတော့ လူစုံ..အကျင့်စုံ..စရိုက်စုံ..နိုက်ကလာပ်..ကာရာအိုကေ..ဘီယာဘားက လေဒီတွေနဲ့တော့ မြို့သင်္ကြန်က ဘယ်လှပါ့မလဲ။

luthaar said...

ကျနော်တို့နိုင်ငံ ဆင်းရဲတယ်ဗျာ။ အနေဆင်းရဲ အစားစာလဲ ဆင်းရဲ ပိုဆိုးတာ အသိဥာဏ် ဆင်ခြင်တုံတရားလဲ အတော်လေးမွဲတယ်။ ဆင်းရဲတဲံ ရပ်ကွက် ခဏခဏပြဿနာတက်တယ်။ ရရာ အလုပ်အကိုင်လေးတွေအပေါ်မှီချုပြီး နေရ၊ မြင်ရ အတုခိုးရမဲ့ ရှေ့ဆောင်တွေက ကိုးရီးယားမင်းသမီး-မြန်မာ့ မော်ဒယ်နဲ့ ရုပါရှင်မင်းသမီး အသိဥာဏ်ဆင်းရဲရတဲ့အထဲ ဒီလိုမျိုးခေတ်ကိုအမှီလိုက်- ပျော်ချင်တဲ့ပုံစံ က အသိဥာဏ် ခံယူချက်ဆင်းရဲတဲ့ ယောင်္ကျားလေးများအတွက် စိတ်ကြွဆေးလှံတိုစိုက်ရာ မြေနိမ့်။ ပညာရေးဆင်းရဲတဲ့ မြန်မာမြေမှာ အကောင်းဆုံးစီးပွားရေးက အရက်နှင့်ဘီယာ-ဒါတွေကို အားကိုးစပွန်ဆာရတဲ့ သင်္ကြန်။ ဒီအချိန်အခါမှာ အတုယူရမယ့် ဘ၀ ပုံစံက ဆိတ်ငြိမ်တဲ့ တောကျောင်းတောင်ကျောင်းမှာ ဥပုသ်ယူ တရားအားထုတ် တဲ့ ယောဂီ အမျိုးသမီး ကလေးများကိုတော့ အင်တာနက် စာမျက်နှာများကတောင် မမြင်နိုင်အောင်ကွယ်နေတော့ သမီးငယ်များခမျာ မေ့ပျောက်နေတော့တယ်။ အရက်မှုး ဆေးမင်ကြောင်တု ၀တ်- ယောဂီချောချော လာငတ်တဲ့ ပက်လန်ပက်လန် ကောင်စုတ်တွေကို ကျောင်းဝက မောင်းထုတ်ရလောက်အောင်ကို ခင်မျာများမှာလဲ အသိဥာဏ် ဟိရိတရား ကင်းမဲ့တာ အံ့ပါရဲ့။ အားလုံး---အထူးသဖြင့် အမျိုးရဲ့ identity ဖော်ဆောင်လိုသူများ တဦးချင်းရော စိတ်တူရာ အဖွဲ့လိုက်ပါ နိုးနိုးကြားကြား ဆောင်ရွက်ချိန်တန်ပါပြီ...လို့။ ၀ံသာနု ခေတ်သစ်တခေတ် ကို ဖေါ်ထုတ်ရမယ့် အချိန်ကျရောက်ကြောင်း သမိုင်းက မီးမောင်းထိုးပြလိုက်တယ်လို့....ကျနော့ အမြင်ကို ပြောပါရစေ။ အူမတောင့်မှသီလစောင့်သူများကို အူမ (တောင့်၊) မတောင့်သော်လဲ သီလ စောင့်သူများက မေတ္တာရှေ့ဆောင်ရှေ့ရွက်ပြု တိုက်တိုက်တွန်းတွန်းလဲ--မိမိရပ်တည်ရာ နေရာက စတင်ကြပါစို့

U Nay Min said...

ကိုရီးယား ကိုအပြစ်တင်နေစရာမလိုဘူးလို့တော့ထင်တယ်၊ ဒီနိုင်ငံထဲမှာနေနေတဲ့ ကလေးတွေကိုကပြက်ချင်လာတာပါ၊
သွန်သင်ဆုံးမမှုရော့နဲလာတာလို့ ဘဲထင်ပါတယ်။

ကိုဇေလင်း said...

ကိုရီးယားကားတွေ ရုပ်မြင်သံကြားက ပြသနေတာကို ရပ်တန့်ပေးပါ ဆိုတာလေးပဲ လွန်တာပါ ..... ဆိုလိုတဲ့အဓိပ္ပာယ်ကို သေချာလေး ဖက်စေချင်တယ် ဘာလို့လည်းဆိုတော့ မြန်မာ့အသံမှာ ကိုရီးယားကကြည့်ဖို့က အချိန်အတိအကျရှိပီးသား ဘာလို့လည်း သူတို့ကားတွေကပုံမှန်ကို လွှင့်တင်ပြသနေတာလေ မြန်မာအသံဖြစ်ပီး မြန်မာရုပ်ရှင်ဇာတ်ကားတွေကျ ပုံမှန်လွှင့်တင်ပြသမှုမရှိပါဘူး ဒါတော့နည်းနည်းလွန်ရာကျမနေဘူးလား မြန်မာ့အသံမှာ မြန်မာဇာတ်ကားကြည့်ဖို့ အတော်ခဲယဉ်းနေသလားလို့ပါ ..... မြန်မာ့အသံမှ အတိကျဆုံးနဲ့အမှန်ကန်ဆုံးထုက်လွှင့်ပြသမှုက သတင်းနဲ့ကိုရီးယားကားတွေပါ..........မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေမပါပါဘူး .......ဒါကိုတော့ သတိပြုစေချင်တယ် .....

Anonymous said...

ယဉ်ကျေးမှု နဲ့ ဝတ်စားဆင်ယဉ်မှု ထိမ်းသိမ်းဖို့ ဆိုတာ
ကိုရီးယားဇတ်လမ်းတွေ မပြယုံနဲ့ မလုံလောက်ဘူး
အဓိက ကျတာက မိဘနဲ့ ဆ၇ာတွေဘဲ
ဝိုင်းဝန်ထိမ်းသိမ်းဖို့ လိုတယ်

myanmar.classical said...

မြန်မာတွေရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ အားနည်းလာတယ်ဆိုတာကြားရတော့ မခံချင်ဖြစ်မိတယ်။ ဒါပေမယ့် မဟုတ်ဘူးလားလို့ပြန်မေးမိတော့လဲ ဟုတ်နေပြန်ရော။ inconvenience truth ပေါ့ဗျာ။ အချိုးခံလိုက်ရတဲ့ မဏ္ဍိုင်တစ်ရပ်ပေါ့။ ပညာရေးမဏ္ဍိုင်၊ ကျန်းမာရေးမဏ္ဍိုင်၊ စာရိတ္တမဏ္ဍိုင် စသဖြင့် အဖျက်စီးခံလိုက်ရတဲ့ မဏ္ဍိုင်တွေ တွေကြောင့် တွေးခေါ်မြော်မြင်မှုအပိုင်းမှာ အားနည်းကုန်တယ်။ ခေတ်ရေစီးကြောင်း ကြောင့်ပြင်ပယဉ်ကျေးမှုတွေ တလဟော ဝင်လာတယ်။ အဆီးအတားမရှိပဲ။ မြန်မာတွေမှာကိုယ်ပိုင်ယဉ်ကျေးမှုရှိတယ်။ လက်ခံပါတယ်။ ဒါပေမယ့်အခုခေတ်မှာ အဲ့ဒီကိုယ်ပိုင်ယဉ်ကျေးမှုကိုဖေါ်ထုတ်ထိန်းသိမ်းမယ့်သူလဲ နည်းသွားပြီ၊ တလဟောဝင်လာတဲ့ ပြင်ပယဉ်ကျေးမှုကို ဆည်တုပ် ကာကွယ်ပေးမယ့် ကိုပိုင်ယဉ်ကျေးမှုကအားနည်းသွားပြီ။ ကိုးရီးယားကား ၁၀ ကားပြရင် မြန်မာယဉ်ကျေးမှုကိုပြသနိုင်တဲ့ ရုပ်ရှင်/အစီအစဉ် တစ်ခုမလာပါဘူး။ အဲ့ဒီတော့ အတုယူလွယ်တဲ့ လူငယ်တွေ ကအတုယူမှားကုန်ရော။ ကိုးရီးယားကားကိုကြီး အပြစ်တင်လို့မရဘူး။ ကိုးရီးယားကားတွေထဲမှာ ကျွန်တော်သတိထားမိတာတစ်ခုရှိတယ်။ သူတို့ရဲ့ဝတ်စားဆင်ယဉ်ပုံပေါ့။ သူတို့ဝတ်စားပုံက အနောက်တိုင်းဆံပေမယ့် သူတို့ရဲ့ ဇာတ်ကားတွေရဲ့ theme ကဝတ်စားပုံကိုအဓိကအသားမပေးဘူး။ ခေတ်ရေစီးကြောင်းအရ ဝတ်စားဆင်ယဉ်ထုံးဖွဲ့မှုတစ်ခုထက်မပိုဘူးလို့မြင်မိပါတယ်။ ကျွန်တော့်အမြင်ဖြစ်ပါတယ်။ နောက်တစ်ခုက ကိုးရီးယားကားတွေထဲမှာ ယဉ်ကျေးတဲ့ အပြုအမူတွေကို ပေါ်အောင်ပီပြင်အောင် ရိုက်ပြနိုင်တယ်။ အဲ့ဒါတွေက ဘာလဲဆိုတော့ သူတို့ကားတွေထဲမှာ မိသားစုစာရိုက်၊ ကြီးသူကို ငယ်သူကရိုသေမှု အဘိုးအဖွား မိဘတွေကို ရိုသေမှုလေးစားမှု ဒါတွေကို ပီပြင်အောင်ရိုက်ပြနိုင်တယ်။ သေသေခြာခြာ သတိထားပြီးကြည့်ကြည့်ပါ။ လူကြီးမိဘတွေကို စကားပြောပုံဆိုပုံတွေ၊ ပြီးတော့ ပွဲကြီးပွဲကောင်းတွေ၊ ရိုးရာယဉ်ကျေးမှုနဲ့ဆိုင်တဲ့ပွဲသဘင်တွေမှာ ရိုးရာဝတ်စုံကိုသေသေခြာခြာပွဲထုတ်ပြထားတယ်။ ကိုးရီးယားကိုရောက်ဘူးတဲ့ သူငယ်ချင်းကပြောဘူးတယ်။ အပြင် reality မှာ အခုခေတ်ကိုးရီးယားတွေကအဲ့ဒီလိုမဟုတ်ဘူးတဲ့၊ အရမ်းအနောက်တိုင်းဆံတယ်။ ဒါပေမယ့် ရုပ်ရှင်ကားတွေထဲမှာကတော့ လူမျိုးကြီး ယဉ်ကျေးမှုကြီးတဲ့ လူမျိုးအဖြင့်ပေါ်အောင်ရိုက်ပြနိုင်တယ်။ မင်းသမီးက အတိုအပြတ်လေးဝတ်ထားပေမယ့် သူလူကြီးမိဘကိုစကားပြောပုံဆိုပုံတွေက သူ့ကိုယဉ်ကျေးသူအဖြစ်ပဲမြင်သွားစေတယ်။ ဒီလိုဖြစ်အောင်လဲ အစိုးရကစည်း ကမ်းသက်မှတ်ချက်ထုတ်ပေးထားတယ်။ ဒါတွေက ကိုးရီးယားကားတွေထဲက အတုယူစရာတွေပေါ့။ မြန်မာကားတွေထဲမှာကတော့ တခါတလေ မိဘကိုတောင် သူငယ်ချင်းပြောလားပြောရဲ့။ တခါတခါရန်ဖြစ်နေသလားတောင် ထင်မိတယ်။ ယဉ်ကျေးမှုကိုလဲပေါ်အောင်မရိုက်ပြနိုင်ဘူး။ ကိုး ရီးယားကားတွေပေါ်ကြီးအပြစ် ပုံချလို့မရပါဘူး။ ပြန်လည်ထိန်းသိမ်းပေးမယ့် မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို မြှင့်တင်ထိန်းသိမ်းမှု အားနည်းနေတာပါ။ ဘယ်နေရာကြည့်ကြည့် သူများယဉ်ကျေးမှုကြီးပဲမြင်နေရရင် လူငယ်တွေလွယ်လွယ်မြင်လွယ်လွယ်တွေ့ လွယ်လွယ်လက်ခံသွားကြမှာပေါ့။ မျက်စိ ၁၀ ခါဖွင့်ကြည့်လိုက် သူများယဉ်ကျေးမှု ၅ ခါ ကိုယ့်ယဉ်ကျေးမှု ၅ ခါမြင်ရတယ်ဆို ကိုယ့်ယဉ်ကျေးမှုကိုလဲနှစ်သက်တဲ့ မြတ်နိုးတဲ့လူငယ်တွေ ပေါ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ စိတ်ဓါတ်ပိုင်းအားနည်းသွားပြီလို့ မသက်မသာပြောရပေမယ့်လဲ မြန်မာလူငယ်တွေရဲ့ အမှားအမှန်ဝေဖန်နိုင်မှုကို အခုပြီးသွားတဲ့ ရွေးကောက်ပွဲမှာ တွေ့လိုက်ရတယ်။ အများကြီးမျှော်လင့်ချက်ရှိသေးတယ်။ လူငယ်တွေကို ရိုးရာယဉ်ကျေးမှုနဲ့ များများ ထိတွေ့ပေးကြပါ။ ထိတွေ့မှုများအောင် လွတ်လပ် တရားမျှတတဲ့ စည်းကမ်းထိန်းသိမ်းမှု မူဝါဒလေး လုပ်ပေးလိုက်ပါ။ မြန်မာလူငယ်တွေ အတွေးအခေါ်မညံ့ဘူး၊ ဆိုတာ ကျွန်တော်ရဲရဲကြီး ပြောရဲပါတယ်။ ကွင်းကောင်းလေး ဖန်တီးပေးလိုက်ပါ။ ခြေစွမ်းပြမယ့်သူတွေပေါ်ထွက်လာ လိမ့်မယ်။ မြန်မာတွေခြေစွမ်းမညံ့ပါဘူး။ ကွင်းမကောင်းတာပါ။

Anonymous said...

ဈေးကွက်စီးပွားရေးခေတ်မှာ ရောင်းအားမြှင့်ဘို့ လိုအပ်လာလို့ သူ့ဈေးကွက်သူဖန်တီးကြပုံရပါတယ်။ မိန်းကလေးတိုင်း ရုပ်ရှင်ကြည့်ပြီး မရှက်မကြောက် ဖော်ရဲချွတ်ရဲကြပါ့မလား။ ကိုယ့်အမြင်ကိုယ့်ရှုထောင့်က မကောင်းဘူးလို့ မြင်ပေမယ့် သူ့အခြေအနေက ဒီလိုလုပ်ဖို့တောင်းဆိုလာလို့ လုပ်လာကြတယ်ဆိုရင် မြန်မာပြည်ရဲ့စီးပွားရေးချွတ်ခြုံကျလာမှုကြောင့်လို့ အကြောင်းရှာကြည့်ချင်တယ်ဗျာ။ စားဝတ်နေရေးကြတ်တည်းပြီဆိုရင် ရှက်စရာတို့ ကြောက်စရာတို့ဆိုတာတွေ သိပ်မစဉ်းစားကြတော့ဘူး။ အူမတောင့်ရဲ့သားနဲ့ သီလမစောင့်ကြတာတော့ ကိုယ်ရေးကိုယ်တာ ကိုယ့်ဝါသနာကြောင့်နဲ့တူပါတယ်။

aung naing said...

ကျနော်တို့မြန်မာလူငယ်တွေကိုအဆင့်နိမ့်တဲ့ပညာရေးစနစ်တွေနဲ့ စစ်အာဏာရှင်တွေကဖျက်ဆိးထားတာပါ၊လူငယ်တွေညံလေ စစ်အာဏာရှင်တွေဝမ်း သာလေပေါ့။

khin maung than said...

သူတို့တွေမှာအုပ်ထိန်းသူမိဘကောရှိလို့လား

alexander said...

alexander
ဒီကိစ္စကနည်းနည်းတော့အေ၇းကြီးသွားပြီလို့ ထင်တယ်ခင်ဗျ၊
ကိုရီးယားကားတွေကြောင့်လို့ တော့ပြောလို့ မရပါဘူး။ကျွန်တော်ထင်သလောက်တော့ယောက်ျားလေးတွေနဲ့ လဲပတ်သတ်တယ်လို့ ထင်ပါတယ် ၊သင်္ကြန်မှာရင်ဖုံးနဲ့ ထမီနဲ့ ထွက်လည်တဲ့ မိန်းကလေး
ကောရှိတော့လို့ လား၊ရှိရင်ကောဘယ်သူကများအထင်ကြီးလေး
စားလို့ လဲ၊မြန်မာနိုင်ငံရဲ့ ၈၀ရာခိုင်နှုန်းလောက်က နိုင်ငံခြားယဉ်ကျေးမှုကိုအတုယူနေကြတာ အများသောအားဖြင်းလူုငယ်၁၀၀
မှာ၉၅လောက်ထိအဲလိုဖြစ်နေတာ ကျွန်တော့်အထင်တော့ပြင်
ဖို့ မလွယ်လောက်တော့ဘူး ကိုယ်မကြိုက်ရင်မဝတ်ဖို့ သာရှိ
တော့တယ်ကွန့် မန့်သိပ်မရေးဘူးတော့မှားတာရှိရင်ခွင့်လွတ်စေချင်ပါတယ်ဗျာ၊

ကိုပေါက် said...

နိုင်ငံခြား ဇာတ်ကားတွေ ကြည့်တဲ့နေရာမှာ ကောင်းတာတွေကို ရှာကြံအတုယူရမဲ့အစား မကောင်းတာတွေကိုပဲ အတုယူကြတာကိုး။ တိုင်းတပါးလူမျိုးရဲ့ အကျင့်စရိုက်တွေကို ကောင်းတာလေးတွေ အတုယူ၊ မကောင်းတာကိုပယ်၊ ဒါမှ ယဉ်ကျေးတဲ့လူမျိုး ဖြစ်လာမှာပေါ့။ အခုဆို လူတွေက (အထူးသဖြင့် မိန်းကလေးများ) သူများခြေထောက် တက်နင်းသွားပြီးရင်တောင် ဆောရီးပါ၊ မတော်လို့ပါလို့ ပြောရကောင်းမှန်းတောင် မသိကြဖူးဘဲ။

Anonymous said...

အမှန်တရားတခုကိုအနီးစပ်ဆုံးတင်ပြချင်ပါတယ်။
ဝတ်စားဆင်ယင်မှုဆိုတာဘယ်သူနဲ့မှမသက်ဆိုင်ပါဘူး။
မိမိကိုယ်ကိုမိမိဆင်ခြင်နိုင်ရေးကအဓိကကျပါတယ်။
နိုင်ငံအုပ်ချုပ်သူတွေနဲ့လည်းမသက်ဆိုင်သလို
ပတ်ဝန်းကျင်နဲ့လည်းအပြည့်အ၀မသက်ဆိုင်ပါဘူး။
ရုပ်ရုပ်တွေကတော့ကိုရီးယားတင်မဟုတ်ပါ။
ကုလားကားတရုတ်ကားအင်္ဂလိပ်ကားစသည်ဖြင့်
အများဆုံးကြည့်ကြပါတယ်။ကောင်းတာကိုအတုယူရမှာ
မိမိတယောက်အတွက်မိမိသာတာဝန်ရှိတယ်။
မကောင်းတာကိုဘေးဖယ်တက်ရမယ်။
အထူးသဖြင့်အနုပညာသမားများကပိုပြီးဆင်ခြင်သုံးသပ်ဖို့
အေ၇းကြီးပါတယ်။အသိတရားကအဓိကကျပါတယ်။
မင်းသမီးတယောက်အနေနဲ့ဘယ်နေရာကိုဘယ်လိုအ၀တ်စား
မျိုးကိုရွေးချယ်သင့်သလဲဆိုတာအိုင်ဒီယာရှိရမယ်။
ကမ်းခြေမှာရေကူးအကျီင်္မလုံမလဲ
ဝတ်ဆင်ထားလည်းသင့်တော်ပါတယ်။
ယဉ်ကျေးမှုအရမြန်မာ့ရိုးရာဝတ်စုံကိုပဲဝတ်ရမယ်လို့မဆိုလိုပါ။
ရေပက်မယ်။ရေပက်ခံထွက်မယ်ဆိုရင်
ထမိန်ဝတ်ထားလည်းမသင့်တော်ပါ။
ဒီအခါဘောင်းဘီအတိုအရှည်ဝတ်တာလည်းလက်ခံလို့ရတယ်။
ဒါပေမဲ့မပေါ်သင့်တဲ့အရှက်ကိုတော့ပေါ်တင်ကြီး
ဖေါ်ပြနေစရာမလိုဘူး။အဲ့လိုဖေါ်ပြလိုက်တဲ့အခါ
စတိုင်မရှိတော့ပဲအဆင့်တန်းရှိရှိမ၀တ်စားတက်တဲ့
သူတယောက်အဖြစ်လူတွေရဲ့အကြည့်ကိုခံရမှာသေချာတယ်။
ယောင်္ကျားလေးတွေကလည်းမြင်လိုက်လို့
အဲ့ဒီမိန်းကလေးကိုတန်ဖိုးထားသောမျက်လုံးနဲ့
ကြည့်မှာမဟုတ်ဘူးဆိုတာမိန်းကလေးတိုင်းကစဉ်းစားတက်ရင်
ဆင်ခြင်လို့ရပါတယ်။မင်းသမီးတယောက်ကအင်တာနက်မှာ
ကိုယ်တုံးလုံးနဲ့နာမည်ကြီးတာတော့မဟုတ်ပါ။
ဒါကလည်းတဦးတယောက်ရဲ့ညစ်ပက်မှုကြောင့်
သူ့အခန်းထဲသူနေချင်သလိုနေနေတာကို
အင်တာနက်ပေါ်တင်လိုက်လို့နာမည်ကြီးတယ်လို့
လူတွေရဲ့ခပ်နိမ့်နိမ့်အတွေးတွေကြောင့်
့တချို့သောအနုပညာရှင်တွေကအတုခိုးမှားလိမ့်မယ်။
ဒါလည်းပဲမိမိရဲ့နှိမ့်ကျတဲ့စိတ်ဓါတ်ကအခြေခံသွားလို့
အတုယူမှားနေတာပဲ...
ကျမတို့လည်းကိုရီးယားနိုင်ငံအနောက်နိုင်ငံတွေကိုလည်း
ရောက်ခဲ့ဖူးပါတယ်။
လူဆိုတာပတ်ဝန်းကျင်အမျိုးမျိုးနဲ့ဆုံဆည်းဖြစ်တယ်။
အရက်ဆိုတာကိုရီးယားနိုင်ငံမှာမိန်းမယောကျာင်္းတူတူသောက်နေခြင်းဟာ
သူ့ရာသီဥတုကမသောက်မဖြစ်မို့သောက်လာခဲ့တာအစဉ်အလာပဲ။
အနောက်နိုင်ငံလည်းထို့အတူ..
သူတို့သောက်တဲ့အရက်တွေကအကောင်းစားတွေကို
သူ့အချိန်နဲ့သူသောက်တယ်။သူ့နေရာနဲ့သူသောက်တယ်။
စည်းကမ်းထားတယ်။ကျမတို့လည်းအနဲအကျဥင်္်းအေးလွန်းလို့
့သောက်ဖြစ်တယ်။တန်ဆေးလွန်ဘေးပဲ။
မိန်းကလေးပဲဖြစ်ဖြစ်ယောကျာင်္းလေးပဲဖြစ်ဖြစ်
သွေးလည်ပတ်မှုအနေနဲ့သောက်မယ်ဆိုဆေးပဲ..
အလွန့်အကျွန်သောက်နေမယ်ဆိုရင်ဘေးဖြစ်မယ်။
အမှားတွေကျူးလွန်ဖို့ဝန်မလေးတော့ဘူး။
ကျမတို့နိုင်ငံမှာပူလွန်းလို့အလကား
တိုက်ရင်တောင်မသောက်ဖြစ်ပါဘူး။
ကိုရီးယားနိုင်ငံမှာမိန်းကလေးတွေတိုင်းဝတ်ချင်သလိုမ၀တ်ကြပါဘူး။
မနက်ပိုင်းရုံးတက်နေတဲ့မိန်းကလေးတွေအလုပ်ခွင်ကို
စတိုင်ကျအောင်ဝတ်ရတယ်။ကျောင်းသူတွေဆိုမိတ်ကပ်
လုံးဝမလိမ်းကျဘူး။မိတ်ကပ်ကိုအိမ်ထောင်သယ်တွေကျမှ
လိမ်းကျတယ်။သူ့နိုင်ငံမှာလည်းသူ့ယဉ်ကျေးမှုနဲ့သူပါ။
ကမ္ဘာကြီးတခုလုံးကိုအင်တာနက်ကနေကြည့်လို့ရချိန်မှာ
ဘယ်အရာမဆိုဦးနှောက်ကအသိတရားကိုထိန်းချုပ်ဖို့
ပေးထားတာပဲ..အမှားအမှန်...အဆိုးအကောင်းကို
ဝေဖန်ပိုင်းခြားနိုင်ဖို့အသိတရားတွေအားထုတ်နိုင်ပါစေ....

honey said...

တကယ်တော့ ကိုရီးယားကြည့်တာနဲ့ဘာမှမဆိုင်ပါဘူး လူစိတ်နဲ့ပဲ ဆိုင်ပါတယ် ဒီလူမှာဒီလိုစိတ်ရှိပေမယ့် နောက်လူမှာရှိချင်မှရှိမှာလေ ကိုရီးယားကားထဲကမိန်းမတွေ အရက်သောက်လို့လိုက်သောက်တာဆိုရင် မိန်းမအကုန်လုံး ကိုရီးယားကားကြည့်တဲ့ အဒေါ်ကြီးတွေ အဘွားကြီးတွေ ဘယ်လိုလုပ်မလည်း အကုန်လိုက်သောက်ကုန်မှာပေါ့ လက်မခံပါဘူး ကိုယ့်မျက်စိရှေ့မှာမြင်တာတစ်ယောက်တည်းနဲ့ အကုန်ဝါးလုံးသိမ်းမပြောကြပါနဲ့ သင်္ကြန်တွင်း အဲလို အရက်မသောက်တဲ့ မိန်းကလေးတွေလည်း အများကြီးရှိပါတယ် အဓိက ကစိတ်ပါပဲ သောက်ချင်တဲ့လူ သောက်ချင်စိတ်ရှိတဲ့လူက သောက်မှာပဲ ဘာမှမဆိုင်ပါဘူး

Anonymous said...

စားဝတ်နေရေးကြပ်တည်းနေသောမင်းသမီး
လည်းမဟုတ်ပါ။မိသားစုအသိုင်းဝိုင်းရဲ့
ဂုဏ်သိက္ခာလေးကိုတော့လူတိုင်းလူတိုင်းထိန်းသိမ်း
သင့်ပါတယ်။
လူတယောက်ရဲ့အရည်အချင်းဟာ
အဲ့ဒီလူတယောက်ရဲ့
အတွေးအခေါ်အနေအတိုင်
ရည်ရွယ်ချက်ပေါ်မူတည်နေတာကြောင့်
ကိုရီးယားရုပ်ရှင်အနုပညာသည်များထက်
မြန်မာအနုပညာသည်များအထူးသတိထားသင့်ကြောင်းပါ။

ကိုဆိတ်ကြီး said...

သူ့နေရာနဲ့သူဝတ်တက်ဖို့လိုတာပါ။ တိုတာ ရှေတာကို ဒီနေရာမှာဘဲ ကွက်ပြောလို့မရပါဘူး။ ထမီဝတ်ထားလည်း ပြခြင်ရင် လှန်ပြလို့ရတာဘဲ။ အလှပြတာနဲ့လှန်ပြတာအကွာကြီးပါ။ လူ့တန်ဖိုးတက်လာရင် စိတ်ဓာတ်တန်ဖိုးလည်းတက်လာမှာပါ။ တန်ဖိုးရှိတဲ့ အလှမျိုးတွေတိုးပွါးပါစေ လို့ဆုတောင်းပါတယ်ဗျာ။ သောက်တာလည်း ဒီလိုပါဘဲ။ သူ့နေရာနဲ့သူပေါ့။

Unknown said...

ကို သွန်းနေစိုး ကြည့်လဲပြောဗျ ၊ ကိုဟာကို မနိုင်တာကို သူများ သွားပြောမနေနဲ့။ ပြောအားရှိနေတယ်ပေါ့လေ မီးပုံးပျံကြီးတွေ လွှတ်တင်နိုင်တဲ့ နိုင်ငံကြီးဆိုတော့ ကာ သူများ ဒုံးကျဉ် ရေထဲကျတာ ပြောအားကောင်းနေတယ် ပေါ့ ။ အဲ့လိုပြောတတ်တာ ဂုဏ်ယူပါတယ်ဗျာ ၊ ကျေးဇူးလဲ တင်သပ တော်ရေ့ .......

Aye Mu said...

တော်တော်လေးကောင်းပါတယ်.ကျွန်မလည်းကိုးရီးယားကားတွေကိုကြည့်မရတာတော်တော်ကြာပါပြီ.အခုလူတွေက ကိုးရီးယားမှလူထင်ကြတာပါ. ကြောငြာတာတော်မှ ကိုးရီးယားနဲံယှဉ်ပြီး ကိုးရီးယားမင်းသမီးလေးလိုလှနေတာဘာကြောင့်လဲဆိုပြီး မြန်မာမင်းသမီးကိုပြထားပါတယ် မြန်မာတွေမှာလည်းအလှရှိပါတယ် ကိုးရီးယားဆိုတာ 100 မှာမှ တစ်ယောက်လှချင်မှလှတာပါ

naing naing said...

ကိုယ်ပိုင်အသိညဏ် အတွေးအခေါ်မရှိသရွေ့တော့ ထပ်ဖြစ်နေအုံးမှာ ဖြစ်ပါသည်။ ကိုယ်တိုင်ပြုပြင်မှ ရကြမည်သာဖြစ်ပါသည်။

Nanda Aung said...

ကျွန်တော့်အနေနဲ့ ခုလိုမြန်မာမိန်းခလေးတွေ ၀တ်စားဆင်ရင်မှု ကိုကြည့်ရတာမြန်မာယဉ်ကျေးမှု့နဲ့မကိုက်ဘူးလို့ပြောပြန်ရင် လည်းပြောတဲ့သူသာစကားအဖတ်တင်ကျန်ခဲ့မယ်လို့ထင်ပါတယ်ဂျပန်နိုင်ငံမှာမိန်းခလေးတွေတော်တော်များများခေတ်ဆန်ဆန်ဝတ် စားတာတွေလည်းရှိပါတယ် ဒါပေမဲ့လို့သူတို့ခေတ်ဆန်ဆန်ဝတ် စားမှုက သူတို့နိုင်ငံရဲ့ယဉ်ကျေးမှု့ကိုထိခိုက်လောက်တဲ့အထိမျိုးဝတ် စားတာမတွေ့ရပါဘူး....ဗမာအမျိုးသမီးတွေပေါင်တို စကတ်တိုဝတ်တာ ကို အပြစ်မပြောလိုပေမဲ့လူမြင်မကောင်းတဲ့ အထိဝတ်စားတာက တော့ ကိုယ့်ဂုဏ်သိက္ခာကိုထည့်မစဉ်းစား ရင်တောင် ကိုယ့်နိုင်ငံအထင်သေးမဲ့ အပြုမှုမျိုးတော့မလုပ်သင့်ပါဘူး.... ခေတ်ဆန်တယ်ဆိုတာ ဖော်ရော်မှမဟုတ်ပါဘူး သူများထက်ပိုထူးချင်လို့ဝတ်တာလည်း ဖော်ရော်ဝတ်ပြမှ မဟုတ်ပါဘူး.. ကိုယ့်နိုင်ငံရာသီဥတုနဲ့လိုက်ဖက်တဲ့ဝတ်စား ဆင်ယင်မှု့မျိုးကိုဝတ်ဆင်ကြည့်ရင် အဓိပ္ပါယ်ရှိတဲ့ဝတ်စား ဆင်ယင်မှုလည်းဖြစ်သလို လူမြင်ကောင်းတဲ့ဝတ်စားဆင်ယင်မှု မျိုးလည်းဖြစ်လိမ့်မယ်လို့ တွေးမိပါတယ်...ဆိုလိုတာက ဂျပန်မှာအေးတဲ့ရာသီဥတုအချိန်ကာလက များတယ်ဆိုပေမဲ့ နွေရာသီအချိန်ကာလမှာလည်းအတိုတွေဝတ်ဆင်ပါတယ်...ဒါပေမဲ့လို့လူများမြင်မကောင်းလောက်အောင် ဖော်ဝတ်စားချင်းမရှိပဲ ကိုယ်နဲ့လိုက်ဖက်တဲ့အ၀တ်အစားကို ၀တ်ဆင်တာကိုတွေ့ရပါတယ်.... ဗမာပြည်ကမိန်းခလေးတွေလည်း ၀တ်စားဆင်ယင်မှုပြုမယ်ဆိုရင် ကိုယ်နဲ့လိုက်ဖက်မယ့် ပတ်ဝန်းကျင်မကဲ့ရဲ့တဲ့အ၀တ်စားမျိုးနဲ့ခေတ်ဆန်တဲ့ဟာမျိုးကို ၀တ်သင့်ပါတယ်...ဖက်ရှင်စာအုပ်မှဒီဇိုင်းတွေကိုလေ့လာပြီး ကိုယ်နဲ့လိုက်ဖက်ပြီးသင့်တော့်တဲ့ အ၀တ်စားမျိုးကိုဝတ်ဆင်ကြည့်ကြပါ...လို့အကြံပြုချင်ပါတယ်......

phoenix said...

မိန်းကလေးတွေ အရက်သေစာသောက်စားလာတဲ့ပြသနာက ကိုးရီးယားယဉ်ကျေးမှုတွေ(ဇာတ်ကားတွေထဲမှုာ အရက်သောက်ပြခြင်းကိုဆိုလိုပါသည်)လွှမ်းမိုးလာတာနဲ့ တိုက်ရိုက်နီးပါးသက်ဆိုင်နေပါတယ်...ကိုရီးယားကားတွေလွှမ်းမိုးမှုပါတာတော့ အမှန်ပဲ အကိုရေ မြန်မာ့အသံမှာတောင် မြန်မာဇာတ်ကားလွှတ်တာနည်းသွားပါပီ ကိုရီးယားကားကတော့ ပုံမှန်ကို လွှင်ပြနေတာပါပဲ မိဘဆိုတာ လူနဲစုပါ ပတ်ဝန်းကျင်ဆိုတာ လူများစုပါ သိပ်သက်ဆိုင်ပါတယ် နယ်တွေမှာ ဒီလိုဝတ်ရင် ၀ိုင်းအော်လွန်းလို့ သိပ်မ၀တ်ရဲကြပါဘူး.ဘာသာတရားကလည်း မသွန်သင်နိုင်တော့ဘူး၊ ကျွန်တော် ဗြိတိန်တော်ဝင် မိသားစု မင်္ဂလာအခမ်းအနားခွေလေးကို ကြည့်မိတယ် အော် တော်ဝင်မိသားစုမင်္ဂလာဆောင်ကို ကြည့်ဖို့ တိုင်းသူပြည်သားတွေက (၃)ရက်လောက်ကြိုပြီးလာစောင့်နေကြတယ်တဲ့။ အဲဒီမှာ တွေလိုက်ရတာက ဗမာပြည်မှာလို ဖော်ချွတ်ထားတာလည်းမတွေ့ရဘူး။ စည်းကမ်းရှိလိုက်တာ၊ အားလုံးက အလံလေးတွေကိုင်ပြီးတော့ လာကြည့်နေကြတာ လမ်းကြီးတွေကလည်း ကောင်းလိုက်တာ၊ စနစ်တကျနဲ့ ဘုရားကျောင်းကြီးကလည်းကောင်းလိုက်တာ သူတို့မင်္ဂလာဆောင်ကိုလည်း သူတို့ရဲ့ ဘုရာကျောင်းမှာ ဆောင်ကြရတာ ခရစ်ယာန်ဘုန်းတော်ကြီးကလည်း မင်္ဂလာတရားတော်ကိုဟောကြားပြီးတော့ သေတဖန်သက်တဆုံး ပေါင်းသင်ကြဖို့ပြောတော့ သြော် ငါတို့တိုင်းပြည်က လူတွေ အတုတော့ ယူကြတယ်၊ ဒါမျိုးကြတော့ အတုမယူကြပါလား၊ကျွန်တော်အခုနပြောသလိုဘဲ အနောက်ကလာတာမှန်ပေမယ့် အနောက်ဆိုတိုင်း ရိုင်းရိုင်းစိုင်းစိုင်းမ၀တ်ကျပါဘူး။ သူမှာလည်း ချွန်ထွက်သူတွေတော့ ရှိတာပေါ့။ ဘာသာတရားမှလည်း ယဉ်ကျေးမှုရှိပြီးသားပါ။ ဒီလိုပါဘဲ ကျွတော်တို့ မြန်မာပြည်မှာလည်း ဘာသာတရားကရှိပါတယ်။ ဒါပေမယ့် ဘာသာတရားရဲ့ ထိမ်းကြောင်းမှုက မရှိဘူးဖြစ်နေတယ်။ ဘာဖြစ်လို့ မရှိတာလည်းဆိုတော့လည်း ရှင်းပါတယ်။ ဗုဒ္ဓကဒီမိုကရေစီကျလို့ပါ။ ကိုးကွယ်ပါလို့ မပြောခဲ့ဘူး၊ ကြိုက်ရင် လုပ်နိုင်တယ်ဆိုတော့၊ force နဲ့ မလုပ်ဘူး၊ တချို့ဘာသာက သွားကိုသွားရမယ်လို့ မိဘကလည်း force ပေးတော့ ဘုရားကျောင်းကို သွားကိုသွားတယ်။ နောက်ကျတော့ ကြိုက်လို့သွားတယ်။ အဲဒီမှာ ကျွန်တော့်တို့ကိုယ်တိုင် ဘုန်းကြီးကျောင်းမရောက်ဖြစ်ပါဘူး။ တိုင်းပြည်အုပ်ချုပ်သူများကလည်း ဒီနေရာမှာ လိုအပ်ပါတယ်၊ အဓိကကျလာပါတယ်။ ပညာရည်မြင့်လာရင်လည်းသူ့အလိုလို ယဉ်ကျေးလာပါတယ်။ ပညာတတ်ပြီးတော့ မူးယစ်ဆေးဝါး၊ အရက်ကို ကြိုက်နှစ်သက်သွားရင်လည်း သူ့အလိုလို ရိုင်းသွားတတ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ အရက်က သိပ်လွယ်လွယ်ကူကူပေါပေါများများ ၀ယ်လို့ရတယ်။ ဒါဟာ တိုင်းပြည်အုပ်ချုပ်သူများနဲ့လည်း တိုက်ရိုက်တော့ ပတ်သက်နေပါတယ်။ ဒါပေမယ့် အကုန်လုံးတိုက်ရိုက်မဟုတ်သေးဘူး။ တချို့အရာတွေကမှန်တယ်၊ တချို့အရာတွေကလည်း မှားနေတယ်။ ကျွန်တော်တို့အာရှကို ယဉ်ကျေးမှုက အနောက်နိုင်ငံတွေကနေလာတာများပါတယ်။ ကိုးရီးယားက စကတ်တိုတာတွေ ပေါ်တာတွေကလည်း အနောက်ကလာတပါ။ ဒါဆိုရင် သူတို့ဆီလည်း အနောက်ကကူးတယ်၊ ကျွန်တော်တို့ဆီကိုတော့ အရင်တုန်းက တိုးတက်မှုနည်းတော့ ကိုးရီးယားတို့ တရုပ်တို့ ဆီက အခုပြန်ကူးတယ်။ အဓိကကတော့ media က ကူးတယ်။ ဗမာပြည် ပိုင်ဟွေ့လာတော့ လိုက်ခွဲဝတ်ကြတယ်၊ နောက်ကိုးရီးယား ။ အနောက်က သူ့ယဉ်ကျေးမှုနဲ့သူ အိုဗာတင်းမဖြစ်တော့ဘူး၊ နောက်ကလိုက်ရတဲ့တိုင်းပြည်တွေက ပိုပြီးတော့ သူ့ကိုမှီအောင် လိုက်ရင်းနဲ့ ကျော်ထွက်သွားကြတယ်။ အဲဒီနေရာမှာ ဘယ်သူတွေအရေးပါသလဲဆိုတော့ နိုင်ငံကျော်အနုပညာရှင်တွေ၊ ကမ္ဘာကျော်အနုပညာရှင်တွေ သူတို့တွေက စံပြပုဂ္ဂိုလ်တွေပါ။ အခု ဗမာပြည်မှာ မိုက်ကန်းကန်းပုံစံလူငယ်တွေကို ကြည့်လိုက် Rapper ဆိုရင် မိုက်ကန်းကန်းနေရမယ့် ပုံစံမျိုးတွေ တွေ့လာရတယ်။ ဒါဟာ အတုမြင်အတတ်သင်တဲ့အရွယ်ကစပြီးတော့ သွန်သင်မှု ပေးနိုင်မယ့်လူ မရှိတော့ဘူး။ ရန်ကုန်မြို့မှ မိဘတွေကလည်း သူ့အလုပ်နဲ့သူ လည်နေသူတွေ၊ အကြောင်းအမျိုးကြောင့် သားသမီးတွေအပေါ်မှာ ဂိုက်ပေးနိုင်မှု နည်းပါးမှုတွေ တွေ့လာရတယ်။ဒါလို ဖြစ်ရတဲ. ကိစ္စဟာ ကိုရီးယား ဇာတ်ကားတွေ မြန်မာပြည် မှာထုတ်လွင်.ပြသတဲ. အကျိုးပါပဲ....မြန်မာ တွေကမဟုတ်တဲ. နေရာမှာ အတုယူတာ အလွန်တော်ပါကြောင်း.....ကိုရီးယား ဇာတ်ကားတွေ ၇ဲ.ပရောဂ ဟာ 70ံ/. ခန်.ပါဝင်ပါကြောင်း..

Powered by Blogger.