၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ ပြုလုပ်၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်း မရှိဘဲ သ၀ဏ်လွှာပေးပို့ခဲ့

72612
၂၀၁၂ ခုနှစ် ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့သည်။
အခမ်းအနားကို နံနက် ၁၁ နာရီ အချိန်တွင် စတင်ခဲ့ပြီး အစီအစဉ် ၈ ရပ်ဖြင့် ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေး နေ့ သ၀ဏ်လွှာပေးပို့ခဲ့သည်။
အစီအစဉ်အရ နိုင်ငံတော်အား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ ဒီမိုကရေစီအရေးတော်ပုံ အဆက်ဆက်တွင် ကျဆုံးခဲ့ရသော ရဟန်းရှင်လူ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူများအား ၀မ်းနည်းသောအားဖြင့် တစ်မိနစ် ငြိမ်ခဲ့ကြပြီး နာယက ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပြီး၊ ၆၇ နှစ်မြောက်ဖက်ဆစ် တော်လှန်ရေးနေ့ ကြေညာချက် စာတမ်းကို ဖတ်ကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာတွင် ‘ယနေ့သည် ၆၇ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်ပါသည်။ ဖက်ဆစ်တော်လှန်ရေးနေ့ဆိုသည် မှာ တိုင်းရင်းသား ပေါင်းစုံပါဝင်သော ပြည်သူလူထုကြီးက တရားမဲ့အာဏာသုံးပြီး ပြည်သူတွေရဲ့ဘ၀ကို ချုပ်ခြယ်ဖိနင်းခဲ့တဲ့ အဖြစ်ဆိုးကို ဖယ်ရှားခဲ့သော လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ ယနေ့မှာလည်း ကျွန်မတို့တွေ ဒီဖက်ဆစ် အကြောက်တရား လွှမ်းမိုးမှုကို တော်လှန်ပြီး ကိုယ်လိုလားသော လူ့အဖွဲ့ အစည်းတစ်ခု ထူထောင်နိုင်ဖို့ ကြိုးပမ်းနေရတဲ့ အချိန်အခါ ဖြစ်ပါတယ်။ စိတ်ဓာတ်တော်လှန်ရေးကြီး ကာလလို့ ဆိုနိုင်ပါတယ်။ တော်လှန်ရေးသမားကောင်း မည်သည် ကဗျာ ဆရာကြီးမင်းသုဝဏ် ၁၉၆၃ ခုနှစ် က တော်လှန်ရေးနေ့အတွက် ရေးသားခဲ့သော သူ့မှာတမ်း ကဗျာပါစိတ်ဓာတ်လို မွေးမြူရမှာ ဖြစ်ပါတယ်။ ငါအများကြီးလုပ်ခဲ့ပြီးပြီ၊ ပေးဆပ်ပြီးပြီ ဆိုသော စိတ်ဓာတ်မျိုး ဘယ်တော့မှမထားဘဲ ငါလုပ်ပေးစရာတွေ အများကြီး ရှိသေးပါလား ဆိုသော စိတ်ဓာတ်သာ ရှိရမှာဖြစ်ပါတယ်။ ကဗျာထဲတွင် ကွယ်လွန်ခါနီး တော်လှန်ရေးသမားကို ရွာသားများက ၀ိုင်း၍ တိုင်းပြည်ကို ဘာများမှာခဲ့လိုသနည်း မေးရာ ခရီးမတ်တပ်လမ်း ခုလတ်မှာ ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍ အားနာတဲ့ကြောင်း ပြောပါလေ၊ အသက်မထွက်မီ စကားပါးခဲ့ပါသည်၊ ထိုကဲ့သို့ပင် ကျွန်မတို့ ယခု စိတ်ဓာတ် တော်လှန်ရေး ဆင်နွှဲနေရတဲ့ကာလတွင် တိုင်းချစ်ပြည်ချစ် တိုင်းရင်းသား အားလုံးသည် မိမိတို့အနေနှင့် မည်မျှလုပ်ခဲ့ပြီးပြီဟူ၍ မစဉ်းစားဘဲ မည်မျှလုပ်ကိုင်ရန် ရှိသေးသည်ကိုသာ အာရုံစိုက်စေချင်ပါတယ်။ ကျွန်မတို့ ကြားဖြတ်ရွေးကောက်ပွဲ အတွက် ရုန်းကန်လှုပ်ရှားချိန်မှစ၍ မသမာမှုအမျိုးမျိုး အထူးသဖြင့် ပြည်သူကို ခြိမ်းခြောက်ဖိအားပေးမှု အမျိုးမျိုးကြုံတွေ့ခဲ့ရပါတယ်။ ဤသို့အခက်အခဲများကို ပြည်သူနှင့် ကျွန်မတို့ ဒီမိုကရေစီ အမှန်တကယ်လိုလားသော အဖွဲ့အစည်းများက ထက်မြတ်သော သတ္တိ၊ ခိုင်မာသောဇွဲ၊ ၀ီရိယနဲ့ ရင်ဆိုင်ကျော်လွှားရမှာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ အေးချမ်းသာယာ စေရန် အဓိကဆောင်ရွက်ပေးနိုင် သော အင်အားစုမှာ ပြည်သူများသာ ဖြစ်ပါတယ်။ ပြည်သူများလိုလား နေသော ဒီမိုကရေစီပြည်ထောင်စု ကြီး ထူထောင်ရန် ဦးတည်သော ပြည်သူ့စိတ်ဓာတ် တော်လှန်ရေး အောင်မြင်ပါစေကြောင်း ယနေ့ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ တွင် ဆုမွန်ကောင်းတောင်းအပ်ပါသည်’ဟု ပါရှိပါသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များ၊ သံတမန်များနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပြီး၊ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။
EMG
၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ ပြုလုပ်၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်း မရှိဘဲ သ၀ဏ်လွှာပေးပို့ခဲ့ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ ပြုလုပ်၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်း မရှိဘဲ သ၀ဏ်လွှာပေးပို့ခဲ့ Reviewed by သစ်ထူးလွင် on 18:04 Rating: 5

6 comments:

sai said...

လာပြန်ပြီ ပြသာနာကောင်တွေ..သတိထားဟေ့ ....

Anonymous said...

အခုလို နေ့ထူးနေ့မြတ်တစ်ခုကို ပါတီကြီးတစ်ခုက အသိအမှတ်ပြု အခမ်းအနား ပြုလုပ်ခြင်းဟာ တပ်မတော်နဲ့ NLD အကြား အနာဂတ်မြန်မာနိုင်ငံတော်အတွက် လက်တွဲလုပ်ဆောင်နိုင်မယ့် ကောင်းမြတ်တဲ့ အလားအလာလို့ မြင်ပါတယ်...ဂုဏ်ယူပါတယ်..

nyo said...

အရမ်းကောင်းတဲ့ အမေစုရဲ့ ကြေညာစာတမ်းလေးပါ

amtkhunlay said...

ဖက်ဆစ်တော်လှန်ရေးကို တစ်နိုင်ငံလုံး ပါဝင်ဆင်နွဲခဲ့ကြသကဲ့သို့ စစ်အာဏာရှင် တော်လှန်ရေးကိုလည်း အားလုံးပါဝင်ဆင်နွဲကြပါစို့။
ဖက်ဆစ်---->>>စစ်အာဏာရှင်---->>>>ဒီမိုကရေစီ
စစ်အစိုးရမှသည် ပြည်သူအစိုးရဆီသို့
ညီစေ........

Saing said...

ဒီမိုကရေစီအရေးတော်ပုံ အဆက်ဆက်တွင် ကျဆုံးခဲ့ရသော ရဟန်းရှင်လူ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူများကို လေးစားဂုဏ်ယူပါသည်။

ကိုဖြိုး said...

အမစုရဲ့ ကြေငြာစာတမ်းက အရမ်းကိုကောင်းမွန်ပြည့်စုံပါတယ်

Powered by Blogger.