ပခုက္ကူ မဲဆွယ်ပွဲ မသမာမှုများ တိုင်းကော်မရှင်ထံ တိုင်ကြား

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ဖြစ်ပွားနေသည့် ရွေးကောက်ပွဲ မသမာမှုများအား တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားထားကြောင်း ယင်းနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ပြောသည်။
ရန်ကုန်မြို့တွင် ယခုလအတွင်းက မဲဆွယ်စည်းရုံးရေးလုပ်နေသော ကြံ့ခိုင်ရေးပါတီဝင်များ (ဓာတ်ပုံ - Reuters)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ငွေနှင့်ပစ္စည်းများပေးကာ မဲဆွယ်နေခြင်း၊ အစိုးရ၀န်ထမ်းများ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် အာဏာဖြင့် ခြိမ်းခြောက်နေခြင်း စသည့် ရွေးကောက်ပွဲမသမာမှုများ ဖြစ်ပွားနေသည်ဟု NLD အမတ်လောင်း ဦးပိုက်ကိုက ပြောသည်။
“မဲစာရင်း ပြဿနာတွေရော စက်ရုံအလုပ်ရုံတွေက မဲစာရင်း အစုလိုက်အပြုံလိုက်ကြီး ပြောင်းသွားတဲ့ ကိစ္စရယ်၊ ကြံ့ဖွံ့က မသမာတဲ့နည်းတွေနဲ့ မယ်ဆွယ်တဲ့ကိစ္စ ကော်မရှင်ကို ကျနော်ပြောတယ်။ ပစ္စည်းတွေပေးပြီး လာဘ်ထိုးတဲ့ နည်းတွေနဲ့ သူတို့ကို မဲထည့်ပါလို့ လုပ်နေတာတွေပေါ့” ဟု ဦးပိုက်ကိုက ဧရာဝတီကို ပြောသည်။
ကြံ့ခိုင်ရေးပါတီ အမတ်လောင်း ဦးကျော်တင့်က ယခုလ ၂၂ ရက်နေ့တွင် ပခုက္ကူမြို့ အမှတ် (၈) ရပ်ကွက်ရှိ ဒေသခံများအား တအိမ်လျှင် ကုလားပဲဆံ ၂ ဗူး၊ အိုင်အိုဒင်းဆား ၁ ထုပ်နှင့် ငွေ ၂ ထောင်စီပေးကာ ကြံ့ခိုင်ရေးပါတီအား မဲပေးကြရန် ပြောဆို စည်းရုံးသွားခဲ့သည်။
ထို့အပြင် ပခုက္ကူ တက္ကသိုလ်၊ ပညာရေးကောလိပ်နှင့် ရဲဌာနမှ ၀န်ထမ်းများအားလုံး ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးရမည်ဟု ဖိအားပေး ခြိမ်းခြောက်မှုများ ရှိနေကြောင်း ပခုက္ကူ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင်တဦးက ပြောသည်။
“ပခုက္ကူ တက္ကသိုလ်က ဆရာ ဆရာမတွေအားလုံး ကြံ့ခိုင်ရေးကိုပဲ မဲပေးရမယ်လို့ ညွှန်ကြားထားတယ်။ ပခုက္ကူ တက္ကသိုလ်က ဆရာတယောက် အဖွဲ့ချုပ်ရုံးကို လာပြောပြသွားတာ။ ရဲတွေကိုလည်း ကြံ့ခိုင်ရေးကို မဲမပေးဘူးဆိုရင် နယ်ဝေးကို ပြောင်းပစ်မယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။
မည်သူမဆို ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်တဦးဦး၏ လွပ်လပ်စွာ မဲပေးနိုင်သည့်အခွင့်အရေးကို ခြိမ်းခြောက်ပါက တနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ် နိုင်ကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ပုဒ်မ ၅၈ တွင် ဖော်ပြထားသည်။
ပခုက္ကူတွင် NLD မှ ဦးပိုက်ကိုနှင့် ကြံ့ခိုင်ရေးမှ ဦးကျော်တင့်တို့ နှစ်ဦး အမတ်လောင်းအဖြစ် ယှဉ်ပြိုင် အရွေးခံကြမည် ဖြစ်သည်။
နိုင်ငံတ၀ှမ်းတွင် ကြိုတင်မဲများကို မတ်လ ၃၀ နှင့် ၃၁ ရက်နေ့တွင် ကောက်ခံရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားသော်လည်း ပခုက္ကူရှိ သူနာပြုသင်တန်းကျောင်းနှင့် ပညာရေးကောလိပ်ရှိ သင်တန်းသားများကို ယခုလ တတိယပတ်အတွင်းက ကြိုတင်မဲများ ကောက်ခံခဲ့ကြောင်း သိရသည်။
“ကြိုတင်မဲ ကောက်ခံရတဲ့အထဲက သူနာပြုဆရာမတယောက်က ပြောတယ်။ ကြိုက်တာကို လွပ်လွပ်လပ်လပ် ပေးလို့ ရတယ်ဆိုလို့ ဦးပိုက်ကိုကို ပေးခဲ့တယ်လို့ ပြောတယ်။ ဒါပေမယ့် ကြိုတင်မဲ ကောက်ရမယ့် အချိန် မဟုတ်ဘဲ ဖြစ်နေတယ်” ဟု ဦးပိုက်ကိုက ပြောသည်။
ပခုက္ကူတွင် မဲပေးနိုင်သူပေါင်း ၁ သိန်း ၉ သောင်း ၉ ထောင်ကျော်ရှိပြီး မဲရုံပေါင်း ၃၂၄ ရုံ ထားရှိသွားမည်ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံ ၃၂၂ ရုံ ရှိခဲ့သော်လည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် အထည်ချုပ်စက်ရုံ ၂ ရုံ၌ မဲရုံ ၂ ရုံ ထပ်တိုးလာသည်။
ပခုက္ကူမြို့ အနောက်မြောက်ဘက်ရှိ အထည်ချုပ်စက်ရုံနှင့် မြို့ အရှေ့ဘက်ရှိ ချည်မျှင်နှင့် အထည်စက်ရုံမှ ၀န်ထမ်းများနှင့် ၎င်းတို့၏ မိသားစုအပါအ၀င် လူပေါင်း ၂၀၀၀ ကျော်၏ မဲစာရင်းများကို ကာယကံရှင်များ၏ ဆန္ဒမပါဘဲ လူနေ ရပ်ကွက်အတွင်းမှ စက်ရုံဝင်းအတွင်း ထားရှိမည့် မဲရုံဧရိယာသို့ ပြောင်းရွေ့ခဲ့ကြောင်း ပခုက္ကူ NLD က ပြောသည်။
“စက်ရုံဝန်ထမ်းတွေက မပြောင်းချင်ဘူး။ သူတို့အာဏာနဲ့ပဲ ပြောင်းသွားတာ။ ရုံးမှာ စက်ရုံဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေက လာလာပြီး အဲဒါ ဘယ်လို လုပ်ပေးနိုင်သလဲဆိုတာပဲ လာလာပြောနေတယ်” ဟု ပခုက္ကူ NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင်က ပြောသည်။
ပခုက္ကူ NLD က ယင်းကိစ္စအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြမေးမြန်းခဲ့ရာ စက်ရုံဝန်ထမ်းများ၏ ဆန္ဒအရ ပြောင်းရွှေ့ပေးခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ပခုက္ကူမဲစာရင်းတွင် ကွယ်လွန်သွားသူတို့၏ အမည်များ ပါဝင်နေခြင်း၊ မှတ်ပုံတင်နံပါတ်များ မှားယွင်းနေခြင်း၊ မြို့တွင် မရှိသူတို့၏ အမည်များ ပါဝင်နေခြင်း၊ မဲဆန္ဒရှင်တို့၏ အမည်များ မှားယွင်းနေခြင်း အများအပြားကို NLD က ထောက်ပြခဲ့ရာ အနည်းငယ်သာ ပြန်လည်ပြင်ဆင်ပေးခဲ့သည်ဟု ဦးပိုက်ကိုက ပြောသည်။
အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယခုလ ၂၄ ရက်နေ့က မဲပေးနိုင်သူစာရင်း ထုတ်ပြန်ခဲ့ရာ ယခင် ထုတ်ပြန်ခဲ့သည်ထက် လူ ၄၀၀၀ ခန့် လျော့နည်းသွားကြောင်း သိရသည်။
မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်က မဲပေးနိုင်သူ ၁၆၃၀၀၀ ကျော် ရှိသည်ဟု ယခုလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း ပြီးခဲ့သည့် စနေနေ့တွင် ၁၅၉၀၀၀ ဟု နောက်ဆုံးအတည်ပြု ထုတ်ပြန်ခဲ့သည်ဟု မော်လမြိုင် NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် ကိုကြည်ဇော်လွင်က ပြောသည်။
မူလ ထုတ်ပြန်ခဲ့သည့်စာရင်းတွင် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ သွားရောက် အလုပ်လုပ်ကိုင်နေသူများ၊ သေဆုံးပြီးသူများ ပါဝင်နေသည့်အတွက် ပြင်ဆင်ပေးရန် NLD က တင်ပြခဲ့ရာ ကော်မရှင်က ပြန်လည်စိစစ် ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။
မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်တွင်လည်း မဲပေးနိုင်ပါလျှက် မဲစာရင်းတွင်နာမည်မပါသူ ၁၀၀၀ ခန့်ကို နောက်တိုး မဲစာရင်းအဖြစ် ထုတ်ပြန်ပေးရန် ခရိုင်ကော်မရှင်သို့ ယခုလ ၂၄ ရက်နေ့က တင်ပြထားပြီး အကြောင်းပြန်ခြင်း မရှိသေးဟု NLD အမတ်လောင်း ဦးအုန်းကြိုင်က ပြောသည်။
မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်တွင် မဲဆွယ်စည်းရုံးရေး လာသည့် NLD အောင်နိုင်ရေးအဖွဲ့လာလျှင် မည်သူမှ မထွက်ဘဲနေရန် ပါတီကြီးတခု၏ တာဝန်ရှိသူများနှင့် ဒေသခံ အုပ်ချုပ်ရေးအဖွဲ့က ပြောဆို၍ မဲဆန္ဒရှင်များအား ဖိအားပေး ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေပြီး မဲစာရင်းပြဿနာလည်း ကြီးမားကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD မှ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်နှင့် အောင်နိုင်ရေး အဖွဲ့က ဧရာဝတီကို ပြောသည်။
“အဓိက ကျနော်တို့ တွေ့ရတာက မဲဆန္ဒရှင်တွေရဲ့ အကြောက်တရားပဲ။ အခက်အခဲ အများကြီးတွေ့ရတယ်။ ဒါပေမယ့် ကျနော်တို့က အခက်အခဲရှိတာကို ကျေးဇူးတင်တယ်။ ကျနော်တို့ အောင်မြင်မှုဟာ တန်ဖိုးရှိမှာပါ” ဟု ဦးဝင်းထိန်က ဆိုသည်။

ဧရာဝတီ
ပခုက္ကူ မဲဆွယ်ပွဲ မသမာမှုများ တိုင်းကော်မရှင်ထံ တိုင်ကြား ပခုက္ကူ မဲဆွယ်ပွဲ မသမာမှုများ တိုင်းကော်မရှင်ထံ တိုင်ကြား Reviewed by သစ်ထူးလွင် on 16:47 Rating: 5

12 comments:

မစပ်စု said...

ကုလားပဲဆံ၂ဗူး၊အိုင်အိုဒင်းဆား၁ထုပ်၊ငွေ၂ထောင် ဟုတ်လား တစ်ကယ်လိုကြံဖွတ်နိုင်သွားရင် အဲဒီထက်၁၀ဆ သူတို့ ပြန်ယူမှာပါ ဒါကြောင့် မဲပေးမမှားကြပါနဲ့ 

amtkhunlay said...

ကြားသာ ကြားရ နားဝမှာ မသက်သာ။
ခုချိန်ထိ မပြီးသေးတဲ့ ပန်းချီကားတစ်ချပ်ပါလား။
တစ်မျိုးပြီး တစ်မျိုး မရိုးနိုင်တဲ့ ဇာတ်လမ်းတွေပဲနော်။
သနပ်ခါး ပါးကွက်ကျားနဲ့ လက်အဆုံးစန့်အောင် မြောက်ထားတဲ့ အဒေါ်ရေ ကုလားပဲ နှစ်ဘူးအစား ဆန်နှစ်ပြည် တောင်းရင်ကောင်းပါလိမ့်မယ်။ ပြီးတော့ ရန်ကုန်က စရိတ်ကြီးတယ်လို့။ ငွေ နှစ်ထောင် မရဘူး။ သုံးထောင်လောက်ပေးပါလို့ ထပ်တောင်းနော်။
သူတို့ပြောတဲ့အတိုင်းလည်း လုပ်အုံးနော်။ တော်ကြာ....
သူတို့က .....သိတယ်နော်။

အောင်ရဲမိုး said...

လောကမှာမကောင်းတဲ့ သူတွေ က တစ်ချိန်တော့ ကျဆုံးရမှာပါ။

Anonymous said...

ရွေးကောက်ပွဲဥပဒေတွေရှိနေပါတယ်..ဖိအားပေးတာတို့ ခြိမ်းခြောက်တာတို့ ရှိတယ်ဆိုရင်..သေချာလက်ဆုပ်လက်ကိုင်ပြနိုင်ဖို့လိုပါတယ်...သေချာလက်ဆုပ်လက်ကိုင်ပြနိုင်ပြီဆိုရင် ကော်မရှင်မှာ ကန့်ကွက်တိုင်တန်လို့ရနေတာကို ပါတီအောင်နိုင်ရေးကို ဦးဆောင်နေသော ပါတီခေါင်းဆောင်တိုင်းသိကြမယ် ထင်ပါတယ်...သွားပုတ်လေလွင့်..ပြောတဲ့စကားမျိုးကိုတော့..လုံးဝ..လက်မခံပါဘူး...ပြီးတော့..ပါတီပေါင်းစုံယှဉ်ပြိုင်တဲ့..ပါတီစုံရွေးကောက်ပွဲ ဖြစ်တဲ့အတွက်...တစ်ခြားပါတီတွေက မပြောပဲ NLD ချည်း ကြံ့ဖွတ် မကောင်းကြောင်း ပြောနေရင်း..ရန်သူတွေ..ဖြစ်သွားကြရင်.. မကောင်းကြတော့ပါဘူး...အဲဒီမှာ ခံရမယ့်သူတွေက ပြည်သူတွေပါ...သဘောပေါက်ကြမယ်ထင်ပါတယ်..

ko htoo said...

ဆပ်ကပ်ထဲက တိရိစ္ဆာန်တွေကို ကြည့်ဖူးကြပါသလား။ ခိုင်းစရာရှိရင် ကြာပွတ်သံပေးပြီးခိုင်းတယ်၊ ခိုင်းတဲ့အတိုင်း အောင်မြင်အောင်လုပ်ပြရင် စားစရာကလေး လက်မလောက် ပါးစပ်ထဲခွံ့ကျွေးတယ်။ ပြပွဲပြီးသွားတာနဲ့ သံကြိုးနဲ့ချည်ပြီး လှောင်အိမ်ထဲ ပြန်ထဲ့ထားလိုက်ရော။ ကိုယ့်ကိုယ်ကို ဆပ်ကပ်ထဲက သတ္တဝါတွေမဖြစ်ချင်ရင် ကြာပွတ်သံကိုလည်း မကြောက်ကြပါနဲ့၊ စားစရာလေး လက်မလောက်ကျွေးတာကိုလည်း ကျေနပ်မနေကြပါနဲ့ဗျာ။

yangaiaung29 said...

မစပ်စုရေ ဆယ်ဆမဟုတ် ပါဘူးဗျ ။ အဆရာ ထောင်နဲကိုပြန်ယူမှာ

tertee said...

ကြိုတင်မဲ ဆိုမှတော. ပြီးရင် သူတို.ကြိုက်သလို ပြောင်းကြတော.မှာလေ...
ညစ်ချက်ကတော.ကမ်းကုန်ဘဲ

gwantaylay said...

သို့..ကျော်တင့်..ပခုက္ကူသားတစ်ယောက်မှ မရိုမသေ စာရေးအပ်ပါသည်..မင်းဖွင့်ထားတဲ့ဆန်ဆိုင် ပြုတ်သွားချင်ရင် မင်း ထောက်ပံ့တာတွေ ရပ်တန်းကရပ်လိုက်ပါ..မင်းရဲ့သမီးကိုလဲ ငါတို့ရဲတပ်ဖွဲ့က ၀ိုင်းထားပြီ ..အဲ..နောက်တာ..ဇာတ်လမ်းထဲကလိုပေါ့..ဒါပေမယ့် ကျော်တင့်ရာ..မင်း..မဲဆွယ်တာကြီးကတော့မမိုက်ပါဘူး ..ကုလားပဲနဲ့ဆားနဲ့ ပိုက်ဆံနဲ့ကတော့နည်းတာပေါ့ ဟင်းချိုမှုန့်လေးပါ ထည့် ငရုတ်သီးစိမ်းလေးနဲ့ ကြက်သွန်ဖြူနီလေးပါ ရော..ပြီးတော့ပဲဆီစစ်လေးပါပေးလိုက်လေ..ဒါမှဒါနမြောက်မှာပေါ့ကွာ..ဒါပေမယ့် ဆင်းရဲသူတွေကတော့ ယူချင်မှာပဲ မင်း လိုချင်တဲ့မဲ ကိုတော့ ရချင်ရမယ် ဒါပေမယ့် ရင်ထဲကလာတဲ့ မဲစစ်စစ်ကိုတော့ NLD ပေးပြီးသားဆိုတာ မင်းသိဖို့ကောင်းတယ် ကျော်တင့်ရာ..။ (ပခုက္ကူသားတစ်ယောက်)

zest said...

ဟုတ်ကဲ့...ကျွန်တော်က မလေးမှာ နေတာပါ...ဒီမှာ ကုလားပဲဆံ ၁ ကီလို ၁.၅၀..အိုင်အိုဒင်းဆား ၁ ထုပ် ၀၀.၈၀ ပြား...မြန်မာငွေနှစ်ထောင်
မလေးငွေ ၄.၀၀ ရင်းဂစ်..သူတို့ ပေးတာကို တွက်ကြည့်ရင် ၁.၅၀+၀၀.၈၀+၄.၀၀=၆.၃၀ ပါ...ကျွန်တော်တို့အတွက် ရီစရာပါပဲ...ကဲ ဗျာ မြန်မာတွေမညံ ကြပါနဲ့လို့...ရုန်းထွက်ကြပါ...သေချာစဉ်းစားကြပါ..ကျွန်တော်ဘာလို့ ဒီမှာ ဘာလို့ကျွန်လာခံနေကြရလဲဆိုတာ ခံစားနေရတဲ့ ကျွတ်တော်တို့ထက် ဘယ်သူမှမသိနိင်ပါဘူး....ဒါမျိုးတွေဖြစ်အောင် ဘယ်သူတွေ လုပ်ခဲ့လဲဆိုတာ ကျွန်တော် မပြောလဲ သိနေကြမှာပါ...လက်တကမ်း အရင်မကြည့်ပဲနဲ့..ခင်ဗျားတို့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ နောက်ဘက် ကနှစ် ၂၀ ကိုကြည့်ပါ...ကျွန်တော် လုပ်သင့်တာကို လုပ်ကြပါစို့.......

sm said...

ဟုတ်တယ်ဗျို့ အဆိပ်ပင်ကို ထပ်ပြီးရေမလောင်းမိကြပါစေနဲ့

sai said...

စေတနာရှိရင် အရင်ကတဲက ပေးခဲ့ပါလား

Oo lay Gyi said...

ငါတို့မြို့ကလူတွေမညံ့ကြလောက်ပါဘူး...........ပေးတာယူ...ပြောတာနားထောင်မယ်...........ကြွေးတာစားမယ်.........ပြီးရင်မဲပေးတာတော့ ကိုယ်ကြိုက်တာပေးဖို့ပဲအရေးကြီးတယ်ဆိုတာ
ပခုက္ကူက လူတွေသိပြီးသားပါ................ဟဲဟဲ...........

Powered by Blogger.