အသည်းကြားက မဲတပြားနောက်ဝယ်

athe

(၁)

‘အသည်းကြားက မဲတပြား’ဆိုတဲ့ စကားလုံးလေးတွေက တကယ်တော့ အဲဒီခေတ်ရဲ့ သရုပ်ကို ထင်ဟပ်စေတာ ကတော့ အမှန်ပါ။ တန်ဘိုးရှိတဲ့ မဲတပြားဟာ နိုင်ငံရဲ့ အပြောင်းအလဲတွေမှာ အများကြီး အထောက်အကူပြုတယ် ဆိုတာကို တင်စား ပြောဆိုခဲ့ကြတာပါ။

ဒါပေမယ့် အခုခေတ်မှာတော့ အသည်းကြားက မဲတပြားဟာ တကယ်ကော တန်ဘိုးရှိရဲ့လားဆိုတာ မေးခွန်း ထုတ်စရာ ကောင်းလောက်အောင် ကြားဖြတ် ရွေးကောက်ပွဲကြီး နီးလာလေလေ၊ နိုင်ငံရေးပါတီတွေဆီက၊ အထူးသဖြင့် ဒီမိုကရေစီ အင်အားစု ပါတီတွေဆီကနေ အသံတွေ ထွက်ပေါ်လာနေပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီးတုန်းက တွေ့ကြုံခဲ့ရတဲ့ ခါးသက်တဲ့ မဲလိမ် မဲမသမာမှုတွေ၊ ကြိုတင်မဲတွေဟာ အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတိုင်း အထူးသတိထား ပြောဆိုနေကြရတဲ့
ပြဿနာတခု ဖြစ်နေပါတယ်။

ဒီနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကို ပါဝင်လာတာကြောင့်လည်း လက်ရှိ အာဏာရပါတီဖြစ်တဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောဆိုခွင့်ရှိသူတွေက မဲမသမာမှုတွေ မဖြစ်အောင်၊ လွတ်လပ်မျှတပြီး ပွင့်လင်း မြင်သာမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်မယ်ဆိုပြီး နိုင်ငံတကာကိုပါ ကြွေးကြော်လာကြပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲလုပ်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တဲ့ အချိန်မှာတောင် တနိုင်ငံလုံးက မဲဆန္ဒနယ် ၄၈ နေရာ လုံးမှာရှိတဲ့ မဲပေးနိုင်သူဦးရေ စာရင်းတွေက အခုထက်ထိ မတည်ငြိမ်သေးပါဘူး။ အိမ်ထောင်စု စာရင်းတွေ မတိကျမှု
ကြောင့် နိုင်ငံရေးပါတီတွေနဲ့ ရပ်/ကျေး ကော်မရှင်တွေ စကားများနေရဆဲ ဖြစ်ပါတယ်။

“မဲစာရင်း မတိကျမှုတွေ ဖြစ်နေတာက အိမ်ထောင်စု စာရင်းတွေ မတိကျမှုကြောင့် ဖြစ်ရတာပါ။ ဥပမာ ဒီအိမ်ထောင်စု မှာ လူဦးရေ ၈ ဦး ရှိတယ် ဆိုပါစို့။ နှစ်ဦးက အိမ်ထောင် ကွဲထွက်သွားမယ်။ တဦးက နိုင်ငံခြား ထွက်နေမယ်။ သေတာ လည်း ရှိမယ်။ ဒါပေမယ့် စာရင်းမှာတော့ ၈ ဦးပဲ။ ဒါတွေကို တတ်နိုင်သလောက် လိုက်ရှာစုဆောင်းပြီး ကော်မရှင်တွေ ကို တင်ပြတဲ့အခါ အဲဒီစာရင်းတွေကို လိုက်ဖျက်ပေးနေရတယ်”လို့ မင်္ဂလာတောင်ညွ့န့် မြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းနဲ့ စည်းရုံးရေး ဆင်းတဲ့နေရာမှာ လိုက်ပါကူညီနေသူ တဦးက လက်ရှိ ကြုံနေရတဲ့ အခက်အခဲတခုကို ပြောပြပါတယ်။

အိမ်ထောင်စုစာရင်းတွေ တိကျမှု မရှိခြင်းကလည်း ရပ်ရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ အချိန်နဲ့ တပြေးညီ ပြင်ဆင်မထား
နိုင်တဲ့ အားနည်းချက်တွေကြောင့်လည်း ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ယှဉ်ပြိုင်မယ့် ကော့မှူး မြို့နယ်မှာတောင် မဲပေးနိုင်တဲ့ ဦးရေက ပြီးခဲ့တဲ့နှစ်က ပြုစုထားတဲ့ စာရင်းအရဆိုရင် ၈ဝ,ဝဝဝ ကျော် ရှိပါတယ်။

ဒါပေမယ့် ဒီစာရင်းတွေထဲမှာ သေဆုံးစာရင်းတွေ၊ စာရင်းမှာ မပါဝင်တော့တဲ့သူတွေလည်း ရှိနေပါသေးတယ်။ ဒီလို မသေချာ မရေရာတဲ့ မဲစာရင်းတွေကြောင့် နိုင်ငံရေးပါတီတွေ တကယ်တမ်း အပြိုင်အဆိုင် ယှုဉ်ပြိုင်ကြတဲ့အခါ တန်ဖိုးရှိတဲ့ မဲတပြား ဖြစ်လာပါတော့မလားဆိုတာ သံသယကြီးကြီး ထားနေရတဲ့ အဖြစ်ကို ရောက်ရပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပါတီပြိုင်ဘက်အဖြစ် ယှဉ်နေရပေမယ့် ပုဂ္ဂိုလ်ရေးအရ ဆိုရင်တော့ အစ်မတဦးပါပဲလို့ ဆိုတဲ့ ပြည်ခိုင်ဖြိုးပါတီက ပြိုင်ဘက် ဒေါက်တာစိုးမင်းက ကော့မှူးနယ်မှာ သူကြုံရတဲ့ အခက်အခဲကတော့ ရှေးအဆက် ဆက် နေလာခဲ့တဲ့ ဒေသခံတွေက ပုံစံ ၁ဝ အဝင်အထွက်နဲ့ ပတ်သတ်ပြီး အားနည်းခဲ့တာပါပဲလို့ ဆိုပါတယ်။

သူ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည် ကြုံရတဲ့ သေဆုံးစာရင်းတွေ မဲစာရင်းတွေမှာ ပါတယ်ဆိုတာ လက်ခံနေတဲ့ သဘောဆောင်သလို သူ့အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်မယ့် နောက်ဆုံး မဲစာရင်းကိုသာ စောင့်တော့ မယ်လို့ ဆိုပါတယ်။

(၂)

အင်အားကြီးပါတီနှစ်ခုထဲမှာ ပြည်ခိုင်ဖြိုးပါတီကတော့ ၄၈ နေရာလုံး ပြိုင်မှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကတော့ ၄၇ နေရာပဲ ပြိုင်ဖြစ်မှာ ဖြစ်ပေမယ့် ဒီတခေါက် ရွေးကောက်ပွဲမှာတော့ အပြင်းအထန် ပြိုင်ဆိုင်မှု ကြီးလာမယ့် ပွဲကြီးပွဲကောင်း တခုလည်း ဖြစ်ပါတယ်။

ဒီတခေါက် ကြားဖြတ်ရွေးကောက်ပွဲက အရင် ၂ဝ၁ဝ တုန်းကနဲ့ မတူတဲ့အချက်ကတော့ မဲစာရင်းတွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စည်းရုံးရေး ဆင်းသူတွေက အချိန်နဲ့တပြေးညီ ကော်မရှင်
တွေကို ပေးပို့ အကြောင်းကြားနေတာပဲ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း ကတော့ ဒီလိုမဲစာရင်းတွေရှိနေတဲ့ အချိန်မှာပဲ ပါတီက ဒီကြားဖြတ်ရွေးကောက်ပွဲမှာ နေရာ ၄ဝ လောက်မှာ အနိုင်ရမယ်လို့ ခန့်မှန်းပြောဆိုထားသလို
ပြည်ခိုင်ဖြိုးကလည်း ၄၈ နေရာလုံးမှာ ရာနှုန်းပြည့် အနိုင်ရဖို့ မှန်းထားတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောဆိုနေ ပါတယ်။

ဒီလို မဲစာရင်းတွေနဲ့ နိုင်ငံရေးပါတီကြီးတွေအကြားမှာ အသက်ခပ်ပြင်းပြင်းရှူနေရတဲ့ နိုင်ငံရေး ပါတီငယ်တွေကကော ဒီပြိုင်ပွဲမှာ ဘယ်အခန်းကဏ္ဍကနေ ပါမလဲ ဆိုတာကလည်း ပရိသတ်တွေ စောင့်ကြည့်ရမယ့် အချက်တခု ဖြစ်ပါတယ်။

“လူစိတ်ဝင်စားတဲ့ ပါတီနဲ့ ပါဝါ အင်အားကြီးတဲ့ ပါတီကြီးနှစ်ခုကြားမှာ ယှဉ်ရပေမယ့် မကြောက်ပါဘူး။ ကြိုးစားပြီး ယှုဉ်ပြိုင်သွားမှာပဲ”လို့ အမျိုးသားဒီမိုကရေစီ ပါတီသစ်က ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျော်က မီဒီယာတွေကို
ပြောပါတယ်။

(၃)

ပါတီတွေကတော့ အနိုင်ရဖို့ စည်းရုံးရေးတွေ အပြိုင်အဆိုင် ဆင်းနေချိန်မှာ ပြည်သူတွေကကော ကိုယ့်လက်ထဲက မဲတပြားဟာ တန်ဘိုးရှိတဲ့ မဲတပြားဆိုတာ သိကြရဲ့လားဆိုတာကို မေးကြည့်လိုက်ရင် အများစုကတော့ မဲပေးရမယ် ဆိုတဲ့ အခြေခံ တာဝန်ကို သိလာကြပေမယ့် ပါတီနဲ့ လူနဲ့ ကြားမှာ ဘယ်ဟာကို ဦးစားပေး ရွေးချယ်ရမယ်ဆိုတာကို
ဝေခွဲမရ ဖြစ်နေကြသူတွေ များပါတယ်။

“ကျမကတော့ ခမောက်ပါတီကိုပဲ မဲပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့” ဆိုတဲ့ မရမ်းကုန်းမြို့နယ်မှာနေတဲ့ အသက် ၃ဝ ကျော်အရွယ် အမျိုးသမီးငယ်တဦး က ပြောပါတယ်။ သာမန်အခြေခံလူတန်းစား တဦးအနေနဲ့ ခမောက် ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားမပြုတော့ဘူး ဆိုတာကို သူ့အနေနဲ့ မသိပါဘူး။

ဒီလိုပဲ “ကျမကတော့ ခြသေ့င်္ကို မကြိုက်လို့ သူက လွဲရင် ကျန်တာတွေကို အမှန်ခြစ်ခဲ့တယ်”ဆိုပြီး ၂ဝ၁ဝ တုန်းက မဲပေးခဲ့တာကို ပြန်ပြောပြတဲ့ မဲဆန္ဒရှင်တွေလည်း ကြုံပါတယ်။ ကိုယ်လုပ်လိုက်တဲ့ အမှားဟာ တန်ဘိုးရှိတဲ့ မဲကို ပယ်မဲဖြစ်သွားစေပြီး ဘာမှ အကျိုးမရှိဘူး ဆိုတာကိုလည်း နားမလည်သူတွေ ဒုနဲ့ဒေးပါပဲ။

သူ့လိုပဲ ပါတီကို ကြိုက်ပေမယ့် ကိုယ်ပေးရမယ့် မဲဆန္ဒနယ်မှာ ဘယ်သူပါလဲဆိုတာ မသိတဲ့သူတွေ ရန်ကုန်မြို့ပေါ်က မဲဆန္ဒနယ်တွေမှာတောင် တော်တော်များများ ရှိနေပါတယ်။ အခြေခံလူတန်းစားတွေကို စည်းရုံးရေးဆင်းတဲ့ အခါမှာ လည်း ပါတီတွေ ကြုံရတဲ့ အခက်အခဲကတော့ “ပါတီက ဘာလုပ်ပေးမှာမို့လို့လဲ”လို့ ပြန်မေးခံရတာတွေပါပဲတဲ့။

“တချို့က တကယ်ကိုပဲ ပြည်ခိုင်ဖြိုးကို သူတို့ဆန္ဒအရ ပေးသွားတာတွေ ရှိခဲ့ဖူးတယ်။ ဟိုက ငွေချေးပေးတာတို့၊ အရင်းအနှီး ထုတ်ပေးတာတို့ လုပ်ပေးခဲ့တာတွေကြောင့်၊ အများစုက ကျေးရွာတွေမှာ ဖြစ်တာ များတယ်”လို့ ပဲခူးတိုင်း အတွင်းမှာ မဲရုံမှူး တာဝန်ကျခဲ့ဖူးသူတဦးက ပြောပါတယ်။

(၄)

ဒီမိုကရေစီ နိုင်ငံကြီးများမှာ ဆိုရင်တော့ ပြိုင်ဘက်ပါတီနှစ်ခုရဲ့ မဲအောင်နိုင်မှု ရာခိုင်နှုန်းဟာ ဥပမာ ၅၂ ရာခိုင်နှုန်း၊ ၄၈ ရာခိုင်နှုန်း အစရှိတာတွေနဲ့ မတိမ်းမယိမ်း အရှုံး/အနိုင် ရလဒ် ပေါ်ထွက်လေ့ ရှိပါတယ်။ ယှဉ်ပြိုင်တဲ့ ပါတီတွေဟာ အရည်အချင်း သူမသာ ကိုယ်မသာ ရှိမှသာ ပြိုင်ပွဲက ကြည့်လို့ကောင်းသလို တိုးတက်မှုလည်း ရှိမှာ ဖြစ်ပါတယ်။

အတိုက်အခံပါတီ (တနည်းအားဖြင့် ရှုံးနိမ့်တဲ့ပါတီ)ဟာ အာဏာရပါတီရဲ့ နောက်တလှမ်း နှစ်လှမ်း အကွာဆိုရင် အာဏာရပါတီလည်း ထင်ရာစိုင်းလို့ မရသလို အတိုက်အခံ ပါတီကလည်း ဆက်လက်ကြိုးစားလိုစိတ် ရှိပါလိမ့်မယ်။ သိပ်ကွာခြားသွားပြီ ဆိုရင်တော့ စနစ်ကျမှု မရှိတဲ့ ကျေးရွာဘောလုံးပွဲလိုပဲ တခုခု လွဲချော်မှု ရှိနေလို့ပဲဆိုတာ ငြင်းချက် ထုတ်စရာ မလိုတော့ပါဘူး။

အစိုးရကလည်း အခုချိန်မှာ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေကို လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ ဘယ်လောက် သန့်ရှင်းလွတ်လပ်မျှတတယ် ဆိုတာ ပြဖို့ လာလေ့လာဖို့ ဖိတ်ခေါ်လိုက်ပါပြီ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မှားခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ကော်မရှင်က တတ်နိုင်သမျှ ပြုပြင်ပြောင်းလဲ
နေတယ်လို့လည်း နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြနေတာကိုလည်း တွေ့နေရပါပြီ။

အခုဆိုရင် ပြည်ခိုင်ဖြိုးနဲ့ ယှဉ်ပြိုင်မယ့် ပြိုင်ဘက်ကောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လည်း ကွင်းထဲကို ဝင်လာ ပါပြီ။ စောင့်ကြည့်မယ့်ဒိုင်၊ စနစ်ပိုကောင်းလာမှု၊ ပြိုင်ဘက်ကောင်း ပါဝင်လာတဲ့ ဒီတခေါက် ပြိုင်ပွဲကတော့ မသမာမှု
တွေ နည်းလာတယ်ဆိုရင် ကြည့်ကောင်းဦးမှာ အသေအချာပါပဲ။
ညီသစ် (မဇ္ဈိမ)
အသည်းကြားက မဲတပြားနောက်ဝယ် အသည်းကြားက မဲတပြားနောက်ဝယ် Reviewed by သစ်ထူးလွင် on 16:54 Rating: 5

9 comments:

Tony said...

အေးပေါ့ကွာ..စောင့်ကြည့်ကြတာပေါ့..အမှန်အကန်လား..အကြံအဖန်လားဆိုတာ..April Fool တော့မလုပ်နဲ့ပေါ့ကွာ..

Anonymous said...

ဟုတ်ပါတယ်..ကိုညီသစ်ရေ...ကိုညီသစ်သုံးသပ်ထားတာ သဘာဝကျပါတယ်ဗျာ..ကောင်းပါတယ်..ဘယ်နိုင်ငံမှာမဆို..ပြိုင်ဘက်ပါတီနှစ်ခုက အင်အားမျှမှ ထင်ရာစိုင်း၊ အနိုင်ကျင့်မှုတွေ ပျောက်သွားမှာပါ..

Unknown said...

ဟုတ်ကဲ့ပါ အခြေအနေကတော့ တော်တော့ကို ကြည့်လို့ကောင်မှာပါ....ကြံ့ဖွတ်အနေနဲ့ ပြိုင်ဘက်ပါတီ NLD ကိုစည်းဝိုင်းအတွင်းကိုရောက်အောင်ခေါ်ထားပြီးတော့ အမျိုးမျိုးအပိတ်အပင်အတားအဆီးတွေနဲ့ ဘောင်ခတ်ထားတာကိုလဲ တွေ့နေရပါတယ် ....ကြံ့ဖွတ်ပါတီကြီးက ပြိုင်ဘက် NLD ကို သသိသိသာသာကြီး ၀င်ရောက်နှောက်ယှက်ရမ်းကားနေတာတွေကိုလဲ တိုင်းသိ ပြည်သိ ကမ္ဘာသိပါ ဒါပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေက အရေးယူတားဆီးပေးခြင်း ကာကွယ်စောင့်ရှောက်ခြင်းမျိုးတွေလည်းမရှိခဲ့ဘူး....မဲစာရင်းတွေကိုလဲ သေချာရေရာ တိကျမှုဆိုတာမရှိဘူး လ.၀.က က တာဝန်ရှိသူတွေကလဲ စာရင်းအင်းမနိုင်အရည်အချင်းမရှိကြဘူး.....အခုပွဲမစခင်ကတိုင် အရာရာအားလုံ့းဟာလိမ်လည်မှုတွေ မတိကျမှုတွေ ရန်လိုမှုတွေ ကိုကြည့်ရှု့သုံးသပ်မယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ တရားမျှတမှုမရှိနိုင်သလို ၂၀၁၀ ရွေးကောက်ပွဲလိုပဲ မဲခိုးပွဲကြီးတစ်ခုကိုကမ္ဘာသိ ကျင်းပလိုက်ခြင်းသာ.... တရားမျှတစွာနဲ့ ရှင်းရှင်းလင်းလင်း ပြုလုပ်ကျင်းပမယ်ဆိုရင်တော့ NLD ဟာ ၉၉.၉ ရာခိုင်နှုန်းနဲ့ကိုအနိုင်ရမယ်ဆိုတာ ကြိုတင်တွက်ဆလို့ရပေမယ် ...အရာရာဟာ ဆန့်ကျင်ဘက်ဖြစ်သွားမယ်ဆိုရင်တော့.....?????????

amtkhunlay said...

အဝါကဒ်ထိပြီးတဲ့ ကစားအမားဟာ နောက်တစ်ကြိမ် အပြစ်ကျူးလွန်ရင် နှစ်ဝါ၊ တစ်နီ နဲ့ အထုတ်ခံရမယ်ဆိုတာကို နားလည်သဘောပေါက်ထားဖို့လိုပါတယ်။ ကွင်းလယ်ဒိုင်၊ စည်းကျပ်ဒိုင် တရားမျှတရင် ရှုံးသွားသည့်တိုင် ပရိတ်သတ်က ကျေနပ်ကြမှာပါ။ အားလုံး သန့်ရှင်းကြပါစေ။

Toe Toe said...

နေပြည်တော်မှာတော့ ကနဦးထွက်လာတဲ့မဲစာရင်းမှာမပါဘဲကျန်နေတဲ့ဥပဒေနဲ့
ညီတဲ့သူတွေအမည်စာရင်းပြန်ထည့်ပေးပြီး၊စာရင်းတွေထုတ်ပြန်လိုက်ပြီလို့
ပြောပါတယ်။သမ္မတ နဲ့ကော်မရှင်ဥက္ကဌ တို့ပြောတဲ့စကားကိုတည်အောင်လုပ်
နေပါင်္ပြီ၊မသိသေးတဲ့ညစ်နည်းမရှိတော့ဘို့တော့လိုတယ်။အပေါ်ကတော့သန့်ရှင်း
စေချင်တယ်ဆိုတာယုံလောက်စရာအခြေအနေပါ။ညစ်ချင်တာကနေရာပြန်မရတဲ့
ဝန်ကြီးဟောင်းCEC တွေပါ။

purewhite said...

တကယ်တမ်းတော့ ကျွန်မတို့ပြည်သူတွေက စားဝတ်နေရေးအတွက် အရမ်းရုန်းကန်လှုပ်ရှားရတဲ့ သူတွေကများပါတယ်။ ဒီတော့ တက်လာတဲ့မင်းကိုယ့်မင်းလို့ ပြီးပြီးရောပြောနေကြတဲ့ သူတွေများပါတယ် ဒီထဲမှာမှ ခေတ်ပညာတတ်လူငယ်တွေပါပါနေတာ ကို စိတ်မကောင်းစွာတွေ့ရတယ်။ သူတို့ကိုပေးတော့ဘာဖြစ်လာမှာမို့လဲ လို့မေးသမားတွေလည်းရှိပါတယ်။ တကယ်တမ်းက အတိုက်အခံရှိမှ တိုင်းပြည်ကတိုးတက်မှာပါ။ ဒီလောက်လေးပဲ လူပြိန်းအတွေးတွေးရင်ကို ပြည်သူတွေက အတိုက်အခံပါတီတွေကိုပဲ ဒီတကြိမ်မှာ မဲပေးသင့်တာပါ။ ကျွန်မအမြင်ပြောတာပါ။ လက်ရှိအာဏာရပါတီ ရဲ့ အကျင့်ဆိုးတွေပျောက်ဖို့က အရည်အချင်းရှိတဲ့ အတိုက်အခံတော်တော်များများ လွှတ်တော်ထဲကိုရောက်ဖို့လိုပါတယ်။ ဒါမှလဲတိုင်းပြည်ရဲ့အနာဂတ် ကောင်းမှာပါ။ ဒါတွေကို ပြည်သူတော်တော်များများ သိဖို့လိုအပ်ပါတယ်။ ခက်တာက ကျွန်မတို့တိုင်းပြည်ရဲ့ ခေတ်ပညာတတ်လို့ပြောရမဲ့ ဘွဲ့ရတော်တော်များများက အရည်အချင်းအစစ်နဲ့ရထားတဲ့ဘွဲ့တွေကနည်းနေတာရယ်။ ကိုယ်ပိုင်စဉ်းစားညဏ်နည်းတာရယ်နဲ့ စာဖတ်အားနည်းတာတွေဟာ အမှားအမှန်ခွဲနိုင်တဲ့ အရည်အချင်း နည်းနေကြတယ်။ လူတိုင်းကို မဆိုလိုပါဘူး တော်တော်များများကိုပြောတာပါ။ ပြီးတော့နားလည်တဲ့လူတွေကလည်း သူတို့လက်ခံနိုင်လောက်အောင် ရှင်းပြနိုင်တဲ့ အခြေအနေမရှိဘူးဖြစ်နေတယ်။ ဥပမာ - အချိန် ပေါ့ လူတွေက ဘ၀အတွက်ရှာစားနေကြရတာလေ သီးသန့် အဲဒီအတွက်အချိန်မပေးနိုင်ကြဘူး။ ဒီအားနည်းချက်တွေကို သိတာက ပြည်ခိုင်ဖြိုးပါတီလေ လူပြိန်းတွေလို့လူတွေကို သတ်မှတ်ပြီး လူပြိန်းနည်းနဲ့ မဲဆွယ်နေကြတယ်။ ဒါပေမယ့် ကျွန်မတို့ ပြည်သူတွေ သူတို့ထင်သလောက် မညံ့ဘူးဆိုတာကိုတော့ April (၁) ရက်နေ့မှာ တွေ့ရမှာပါ။ သူတို့ထင်ထားသလို ကျွန်မတို့ပြည်သူတွေ မညံ့ပါစေနဲ့လို့ ဆုတောင်းနေပါတယ် ကိုသစ်ရေ။

ladyjune said...

ကိုသစ်ထူးလွင်ဒါလေးကိုဒီလိုအချိန်မှာ ခေါင်းစဉ်ပေးလိုက်လို့ ကျေးဇူးတင်ပါတယ်.purewhite ပြောတာကိုလက်ခံပါတယ်.ဟုတ်ပါတယ်ပြည်သူတွေ ကြားထဲမှာ အထူးသဖြင့် ဒီရန်ကုန်ပတ်ဝန်းကျင်ဘက်မှပေါ့..မဲဆန္ဒနယ်တွေရှိနေရဲ့သားနဲ့.မဲသွားမထည့်ချင်တဲ့ပြည်သူတွေ အများကြီးပါ.သူတို့ပြောတာက."အရင်ရွေးကောက်ပွဲတုန်းကလဲ.မဲပေးတာပါ.ဒါပေမဲ့ဘာမှလဲမထူးဘူး.ဘာမှလဲဖြစ်လာတာမရှိဘူး.ငါတို့မပေးတော့လဲဘာဖြစ်မှာမို့လို့လဲ.ငါတို့ပေးလိုက်တော့ရော ဘာပြောင်းလဲနိုင်မှာမို့လို့လဲ.မဲသွားထည့်ရင်တောင် သူများကမှတ်ထားပြီး ထောင်ထဲထည့်နေအုံးမယ်။ရှိတဲ့အလုပ်လေးပြုတ် သွားအုံးမယ်။အန်တီစု ကိုနာမည်တောင်မပြောရဲတဲ့ သူတွေအများကြီးပါ"အဲဒီလိုလူတွေကိုမြင်တိုင်း အဲဒီလိုအသံတွေကြားရတိုင်း ရင်ထဲမှာ မျက်ရည်ဝဲမိလောက်အောင်ကို ခံစားမိပါတယ်။ရုံးတစ်ရုံးမှာ အလုပ်လုပ်နေတဲ့ Manager အစ်မ(အသက်44)နှစ်ရှိပြီနော်.၀န်ထမ်းလေးတစ်ယောက်က အန်တီစုအကြောင်းပြောလို့တဲ.ဆူလိုက်တာမှ ရစရာ မရှိဘူး.သူပြောတာက ဘာမှဖြစ်လာမှမဟုတ်ပဲ.အလုပ်မဟုတ်တာကို လုပ်နေကြတယ်တဲ့.နင်တို့ကို ဒီcompany ကလစာပေးထားတာ.အဲဒီ အန်တီစု က လစာ ပေးတာမဟုတ်ဘူးတဲ့.ကောင်း2နေ ဆိုပြီးပြောနေလေရဲ့..ကြားရတဲ့ ရင်ထဲမှာ..တော်တော်ကို မခံမရပ်ဖြစ်မိပါတယ်။။အဲဒီလိုလူတွေ နားမလည်ကြတာက သူတို့ကို အဲဒီလိုစိတ်ဝင်အောင်(ကြောက်စိတ်) ၀င်အောင် လုပ်ခဲ့တဲ့သူတွေကို နာကျည်းရမှာမဟုတ်လား.အခု လူတွေရဲ့စိတ်ထဲမှာ .ငါတို့လုပ်လို့ဘာမှုဖြစ်လာမှာမဟုတ်ဘူး..ငါတို့ပါလိုက်ရင် ငါတို့စီးပွါးပျက်သွားမယ်ဆိုပြီး..ကိုယ်ကိုးကြည့်အတ္တသမားတွေ ရှိနေပါတယ်...အများကြီးမှ အများကြီးပါပဲ.အန်တီအသံကိုတောင် မကြာဘူးတဲ့သူတွေလဲ...အများကြီးပါပဲ...ဒီနိုင်ငံကြီး အန်တီကြောင့်ပြောင်းလဲသွားရင်.တိုးတက်သွားရင် အဲဒီလိုလူတွေပဲ သူတို့သားသမီးမျိုးဆက်တွေကို. ရှေ့ဆုံးက တိုးတက်စေချင်အုံးမှာ..ရင်ဖွင်ခွင့်ပြုတဲ့ ကိုသစ်ထူးရေ.ကျေးဇူးတင်ပါသည်.

Sugar Moon said...

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်
အကွက်-422 ရှိ ရပ်ကွက်ဥက္ကဌ ခင်မောင်ကြည်မှာ ကြံ့ဖွတ် ကိုမဲထည့်မှ မီး၊နဲ့ရေကို မှန်မှန်ပေးမယ် လို့ပြောပါတယ်။မဲမထည့်ရင် မီးဖြတ်ထားမယ်။လို့ပြောနေပါတယ်။ရပ်ကွက်တွင်းရှိ လူများမှာ ရေ၊မီး အခက်တွေ့နေပါတယ်။ဘယ်လိုပဲလုပ်လုပ် ကြံ့ဖွတ်ကို တော့မဲမထည့်နိုင်ပါဘူးလို့ရပ်ကွက်တွင်းရှိ လူများမှပြောကြားကြောင်း သိရပါတယ်။

thihathuya said...

ဒီပွဲဟာကြည့်လို့ကောင်းတဲ့ပွဲထက်ရင်ခုန်စရာပိုကောင်းနေပါတယ်အရင်နှစ်တွေထက်အဆင့်ရှိလာတယ်.မဲမသမာမှု့အတွက်လည်းအဓိကထားစောင့်ကြည့်နေတယ်..ပြည်သူတွေအရွေးမမှားအောင်.အတွေးမှန်ကန်ဖို့နဲ့ပယ်မဲစာရင်းဖြစ်မသွားရအောင်.ပညာပေးသရုပ်ပြဟောပြောပွဲတွေနဲ့အဖက်ဖက်ကအကောင်းဆုံးဖြစ်အောင်ကြိုးစားထားကြတယ်.တစ်ခုရှိတာကအထက်ကကွန်မန့်တွေပြောသလို.တစ်ဦးချင်းဆီကကိုယ်ပိုင်အသိနဲ့တာဝန်ယူတတ်တဲ့စိတ်ဓါတ်လိုအပ်ပါတယ်တစ်ယောက်ကလည်းငါထည့်လည်းဘာဖြစ်မလဲငါမထည့်ရင်လည်းဘာမှမဖြစ်လို့တွေးကြလုပ်ကြရင်.အနိင်အရှုံးအတွက်အလွန်နစ်နာပါတယ်.ကိုယ်မဖြည့်လည်းဘာမှမဖြစ်လို့သာခံယူခဲ့ရင်တော့ကျွန်တော်တို့လိုလားတဲ့စစ်မှန်တဲ့ဒီမိုကရေစီရေအိုးကြီးပြည့်လာနိင်
ဖို့မသေချာသေးပါ..

Powered by Blogger.