အင်းလေးကန်အတွင်း ရေအရည်အသွေး တဖြည်းဖြည်း ကျဆင်းလာ

72211
အင်းလေးကန် တစ်နေရာကို ၂၀၁၁ ခုနှစ်အတွင်းက တွေ့ရစဉ်
အင်းလေးကန်အတွင်း ရေပြင်ဧရိယာ ကျဉ်းမြောင်းလာကာ တစ်နှစ်ထက်တစ်နှစ် ရေအရည်အသွေး  တဖြည်းဖြည်း ကျဆင်းလာမှုကြောင့် သောက်သုံးရေအဖြစ် အသုံးပြုရန် မသင့်တော်သည့် အခြေအနေတွင် ရှိနေကြောင်း သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်များထံမှ သိရှိရသည်။
“အင်းလေးကန်ဟာ အားလုံး သိကြတဲ့ အတိုင်းပါပဲ။ ကန်ရေပြင် တဖြည်းဖြည်း ကျဉ်းမြောင်းလာသလို ရေအရည်အသွေးကလည်း တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။ အရင်နှစ်တွေတုန်းက အခြေအနေက သောက်ဖို့ မသင့်တော်ပေမယ့်သုံးလို့ ရနိုင်တဲ့ အနေအထားရှိ သေးတယ်။ ခုနောက်ပိုင်းမှာ ကျန်းမာရေးရှုထောင့်အရ သုံးဖို့တောင် မသင့်တော်တော့တဲ့ အနေအထားမှာရှိနေပါတယ်။ ဒီရေမှမသုံးရင် သုံးစရာရေမရှိလို့ မဖြစ်မနေ သုံးနေရတယ်ဆိုရင်လည်း ဒီရေကိုသုံးနေရတဲ့အတွက် အကျိုးသက်ရောက်မှုက တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်ပြီး လာနိုင်ပါတယ်။ ဒါတွေကို ဒေသခံတွေ သတိပြုသင့်ပါတယ်” ဟုလည်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦး ကဆိုပါသည်။
ရေအရည်အသွေး ကျဆင်းရခြင်း ဖြစ်ပေါ်စေသည့် အကြောင်းရင်းများမှာ ပိုးသတ်ဆေးများ အလွန်အကျွံ သုံးစွဲလာခြင်း၊ ဓာတ်မြေသြဇာ သုံးစွဲမှု များပြားလာခြင်း၊ ရေမှော်၊ ဗေဒါ၊ ဒိုက်စသည်များ ဖွံ့ဖြိုးလာခြင်း၊ ရေခြံ(floating gardens) အဟောင်းများ စနစ်တကျ မဖယ်ရှားနိုင်ခြင်း၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားများ၏ စွန့်ပစ်ပစ္စည်းများ ပေါများလာခြင်း၊ မိလ္လာစနစ်များ ခေတ်မမီခြင်းနှင့် လက်ရက်ကန်းများတွင် အသုံးပြုသော ဆိုးဆေး(Dye)များအား ကန်အတွင်း စွန့်ပစ်ခြင်းများကြောင့် ဖြစ်ကြောင်းလည်း သိရသည်။
“အင်းလေးဝန်းကျင်က ဒေသခံတွေမှာ သဘာဝနဲ့မကိုက်ညီတဲ့ အသက်မွေးမှုတွေရှိနေတယ်။ စားဝတ်နေရေးက ခေတ်နဲ့ လိုက်လျောညီထွေ ရှိအောင် မလုပ်တာလည်း ပါတယ်။ ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးတယ်။ ခရမ်းချဉ်သီးအတွက် ဓာတ်မြေသြဇာတွေ အသုံးများလာတယ်။ အမှိုက်တွေ စည်းကမ်းမဲ့ပစ်တယ်။ စတဲ့ အကြောင်းအရာတွေကြောင့် ရေအရည်အသွေး ကျကျလာတယ်။  ကျန်းမာရေး ရှုထောင့်ကနေ ကြည့်ရင် ဒီရေတွေကို ဒေသခံတွေ သောက်သုံးနေတာဟာ သက်ရောက်မှုတွေ လာနိုင်တယ်။ဒါကြောင့် ဒီရေတွေကို သောက်သုံးရေအဖြစ် မသုံးသင့်တဲ့အခြေအနေမှာ ရှိနေပါတယ်”ဟု လည်း   UNDP မှတာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။
အင်းလေးကန်သည် ၁၉၃၄ ခု နှစ် မြေတိုင်းမြေပုံများအရကန်အ ကျယ်အ၀န်းမှာ ၁၀၄ စတုရန်းမိုင်၊ ၂၀၀၅ ခုနှစ်တွင် ၈၇ ဒသမ ၅၄ စတု ရန်းမိုင်၊၂၀၀၇ ခုနှစ်တွင် ၆၃ စတု ရန်းမိုင်သာရှိတော့ကြောင်း ရှမ်း ပြည်နယ်မြေစာရင်းဦးစီးဌာနမှရရှိ သောသတင်းများအရ သိရှိရသည်။
အင်းလေးကန်အတွင်း ရေ၀င်ချောင်းစုစုပေါင်း ၂၉ ချောင်းရှိကာ အဓိကစီးဝင်သည့် ချောင်းများမှာ နမ့်လတ်ချောင်း၊ နယ်ခြားချောင်း၊ ကလောချောင်းနှင့် ဘီလူးချောင်းတို့ဖြစ်ကာ ရေဆင်းဧရိယာ စုစုပေါင်း ၁၄၂၂  စတုရန်းမိုင် ရှိကြောင်းလည်း သိရှိရသည်။
အင်းလေးကန် ရေဝေရေလဲ ဒေသခွဲများမှ ကန်အတွင်း အနည်ကျမှုနှင့်ရေစီးဝင်မှုများ အခြေအနေ
စဉ်     ရေဝေရေလဲဒေသခွဲများ   ဧရိယာ km2 ရေစီးဝင်မှုm3/yrd အနယ်ပို့ချမှု t/yrd
၁။   နမ့်လတ်ချောင်းရေဝေရေလဲ    ၁၁၄၉ ၅၀၅ .၅*၁၀ ၁၀၄၀၀၀
၂။  နယ်ခြားချောင်းရေဝေရေလဲ     ၂၅၀ ၉၂ .၅*၁၀ ၁၉၀၀၀
၃။  ကလောချောင်းရေဝေရေလဲ ၇၄၂ ၂၇၅ .၆*၁၀ ၅၆၀၀၀
၎။    အထက်ဘီလူးချောင်း ရေဝေရေလဲ ၈၁၃ ၄၇၉ .၆*၁၀ ၉၈၂၉၃

စုစုပေါင်း        ၂၉၅၄            ၁၃၅၃ .၂*၁၀ ၂၇၇၂၉၃
မှတ်ချက်။ ။ အင်းလေးကန် အတွင်းသို့ တစ်နှစ်အတွင်းစီးဝင်သည့် ရေပမာဏစုစုပေါင်းမှာ ကုဗမီတာ ၁ ဒသမ ၃၅ ဘီလျံ ဖြစ်ပါသည်။
EMG
အင်းလေးကန်အတွင်း ရေအရည်အသွေး တဖြည်းဖြည်း ကျဆင်းလာ အင်းလေးကန်အတွင်း ရေအရည်အသွေး တဖြည်းဖြည်း ကျဆင်းလာ Reviewed by သစ်ထူးလွင် on 05:16 Rating: 5

2 comments:

OZI said...

Need more educating the residence for drinking water issue. Hope that UNDP and regional authority are seeking alternatives. Pls, don't make full stop here. Act proactive action.

innthar said...

ရေပေါ်စိုက်ခင်း၊ဟိုတယ်စွန်ပစ်ပစ်စည်း၊လက်ယက်ကန်းဆိုးဆေး၊မစင်အညစ်အကြေးတွေကိုစွန့်ပစ်ရန်ဒေသခံကိုပညာပေးရန်လိုအပ်သလို၊ပတ်ဝန်းကျင်ထိန်းသိမ်းဖို့အစိုးရ၊ပါတီများ၊အသင်းများလိုအပ်နေတယ်။

Powered by Blogger.