မြန်မာ့လူ့အခွင့်အရေး အခြေအနေလေ့လာရန် ကုလကိုယ်စားလှယ် ရောက်ရှိ

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားဟာ ဒီကနေ့​ နေ့လယ်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်လာပြီး မြန်မာပြည် နိုင်ငံရေးနဲ့ လူ့အခွင့်အရေး တိုးတက်မှု အခြေအနေတွေ လေ့လာမှာ ဖြစ်ပါတယ်။
သောမတ်စ် ကင်တားနား
မြန်မာနိုင်ငံမှာ အသစ်ဖွဲ့စည်းထားတဲ့ အမျိုးသား လူ့အခွင့်အရေး​ ​ကော်မရှင်အဖွဲ့နဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ တွေ့ဆုံကာ သူတို့လုပ်ငန်းစဉ်ရဲ့ တိုးတက်ပြောင်းလဲမှု အခြေအနေတွေ​ ​တင်ပြသွားမယ်လို့​ ​ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။
“ကော်မရှင်ရဲ့ ​ ​လေးလအတွင်းမှာ​ ​ဆောင်ရွက်ချက်တွေက အတော်လေးများပြားပါတယ်။ ပြည်တွင်း အဖွဲ့အစည်းတွေကော အန်ကယ်တို့နဲ့ ထိတွေ့တဲ့ ဖိလစ်ပိုင် လူ့အခွင့်အရေး ကော်မရှင်ကကော ဒီကာလအတောအတွင်းမှာ အန်ကယ်တို့​ အနေနဲ့ ဆောင်ရွက်ထားတဲ့ ဆောင်ရွက်ချက်တွေအနေနဲ့ ကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သူတို့ရဲ့​ ​အ​တွေ့​အကြုံအရ​ ​တော်တော်လေး​ ​ကြိုးစားပမ်းစား ဆောင်ရွက်ထားတာ တွေ့ပါတယ်။”
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၅ ရက်နေ့ကမှ မြန်မာနိုင်ငံမှာ ပထမဆုံး စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဟာ ဒီကနေ့ထိ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ တိုင်ကြားစာပေါင်း ၁၂၅၀ စောင်ကို လက်ခံရရှိခဲ့တယ်။ ၉၆၇ စောင်ဖတ်ပြီး သက်ဆိုင်ရာလူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၅၇၂ စောင် ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ယုံကြည်မှုကြောင့် ထောင်သွင်း အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ကြေညာချက် ၃ကြိမ် ထုတ်ပြန်ခဲ့တယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။
မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံမှာ ၆ ရက်တာ နေထိုင်မှာဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူတွေ၊ ပါလီမန်အမတ်တွေ အပါအ၀င် အမျိုးသား လူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။
အခုလတ်တလော ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ဖိအားပေးသွားမယ့်အပြင် အကျဉ်းထောင်တွေကိုလည်း သွားရောက်ကြည့်ရှုမယ်လို့ ကုလသမဂ္ဂ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီခရီးစဉ်က လေ့လာတွေ့ရှိချက်တွေကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပြီး အစီရင်ခံစာ အပြည့်အစုံကိုတော့  လာမယ့် မတ်လမှာ ပြုလုပ်မယ့် ၁၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲမှာ တင်ပြသွားမယ်လို့ သိရပါတယ်။
လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနားဟာ​ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက မြန်မာနိုင်ငံကို   နောက်ဆုံးအကြိမ်  လာရောက်ခဲ့ပါတယ်။ 
ဒီဗွီဘီ
မြန်မာ့လူ့အခွင့်အရေး အခြေအနေလေ့လာရန် ကုလကိုယ်စားလှယ် ရောက်ရှိ မြန်မာ့လူ့အခွင့်အရေး အခြေအနေလေ့လာရန် ကုလကိုယ်စားလှယ် ရောက်ရှိ Reviewed by သစ်ထူးလွင် on 18:04 Rating: 5

No comments:

Powered by Blogger.