ရေနဂါး အလှည့်ကျသော ၂၀၁၂ တရုတ်နှစ်ကူး

တရုတ်လူမျိုးတို့အတွက် အရေးကြီးဆုံးနှင့် အရှည်ကြာဆုံးဆင်နွှဲသော တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီလ ၂၃ ရက်တွင် စတင်ဆင်နွှဲကြမည်ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ တရုတ်နှစ်သစ်ကူးအတွက် အလှည့်ကျသည်မှာ တရုတ်ရာသီခွင်၏ ပဉ္စမမြောက် သင်္ကေတဖြစ်သော နဂါးဖြစ်ပြီး နဂါးနက်နှစ် သို့မဟုတ် ရေနဂါးနှစ်ဟုလည်း ခေါ်ဆိုသည်။
ကမ္ဘာကိုလည်နေသော လအပေါ် အခြေပြုတွက်ချက်သည့် တရုတ် Lunar ပြက္ခဒိန်၏ ပထမဆုံးလ၏ ပထမဆုံးနေ့မှာ ဇန်န၀ါရီလ ၂၃ ရက် ဖြစ်သည်။ သို့သော် တရုတ်နက္ခတ်ဗေဒ ပြက္ခဒိန်အရ ပထမဆုံးလဖြစ်သော Tiger month ၏ ပထမဆုံးနေ့မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ဖြစ်ကြောင်း သိရသည်။ ယင်းပထမဆုံးလကို နွေဦးစတင်ခြင်း (Start of Spring) ဟု ခေါ်ဆိုပြီး တရုတ်စံတော်ချိန်အရ နဂါးနှစ်မှာ ဖေဖော်ဝါရီလ ၄ ရက်၊ ည ၆ နာရီ၊ ၂၃ မိနစ်တွင် စတင်ကြောင်း ဖော်ပြထားသည်။ ယင်းအတွက်ကြောင့် (Start of Spring) မတိုင်မီ ဇန်န၀ါရီလတွင် မွေးဖွားသူများမှာ နဂါးနှစ်ဖွားများ မဟုတ်ဘဲ ယုန်နှစ်ဖွားများသာဖြစ်ကြောင်း သတ်မှတ်ထားသည်။
တရုတ်နှစ်သစ်ကူးနှင့်ဆိုင်သော ဒဏ္ဍာရီလာပုံပြင်များအနက် Nian ဟုခေါ်သော ရုပ်ဆိုးသည့် မှင်စာပုံပြင်မှာ ထင်ရှားသည်။ ယင်းပုံပြင်တွင် Nian ၏ ရန်မှလွတ်ရန် ရွာသားများက တောင်ပေါ်သို့ထွက်ပြေးရန် ပြင်ဆင်နေစဉ် သူဖုန်းစားတစ်ဦး ရောက်လာခဲ့သည်ဟု ဆိုသည်။ ယင်းသူဖုန်းစားကို ကယ်တင်ရန် မတတ်နိုင်သည့်အဆုံး တွင် ရွာတွင် တစ်ယောက်တည်းထား ခဲ့ရသည်။ ရွာသားများပြန်လာသောအခါ သူဖုန်းစားသည် စက္ကူနီများကို တံခါးများတွင်ချိတ်ဆွဲခြင်း၊ အ၀တ်နီများကို ၀တ်ဆင်ခြင်း၊ မီးရှူးမီးပန်းများကို ပစ်ဖောက်ခြင်းဖြင့် Nian ကို ပင်လယ်သို့ထွက်ပြေးအောင် လုပ်ဆောင်နိုင်ခဲ့သည်ကို မြင်တွေ့ခဲ့ကြောင်း ဖော်ပြထားသည်။
တရုတ်နှစ်သစ်ကူးနေ့မှာ အများအားဖြင့် ဂရီဂိုရီယန်ပြက္ခဒိန်အရ ဇန်န၀ါရီလ ၂၀ ရက်မှ ဖေဖော်ဝါရီလ ၂၀ရက်အကြား ကျရောက်လေ့ရှိသည်။ နှစ်သစ်ကူးပွဲအတွက် နှစ်မကုန်မီ နောက်ဆုံးလ၏ ၈ ရက်နေ့မှစတင်၍ ပြင်ဆင်သဖြင့် သီတင်းပတ်သုံးပတ်ခန့် အချိန်ယူသည်။ နှစ်သစ်ကူးပွဲကိုမူ နှစ်သစ်၏ ပထမဆုံးလ ၁၅ ရက်အထိ ဆင်နွှဲသဖြင့် ပြင်ဆင်ချိန်နှင့်ပေါင်းပါက တစ်လကျော်ခန့် ကြာမြင့်ကြောင်း သိရသည်။
နှစ်သစ်ကူးတွင် တစ်ဦးနှင့်တစ်ဦး ကံကောင်းပါစေဟု အဓိပ္ပာယ်ရသော Kung Hei Fat Choy စကား ဖြင့် ဆုတောင်းပေးသလို မင်္ဂလာနှစ်သစ်ပါဟု အဓိပ္ပာယ်ရသည့် Kung Hall Sun Hei စကားများဖြင့် နှုတ်ဆက်လေ့ ရှိသည်။ အသက်ကြီးသူများ၊ အိမ်ထောင်ရှိသူများက ၎င်းတို့၏ ကလေးများ၊ ငယ်ရွယ်သူ ဆွေမျိုးများကို စာအိတ်နီများထဲတွင် ပိုက်ဆံများထည့်ပြီး (Hong Bao) ပေးသော ဓလေ့ရှိသည်။ ယင်းအိတ်များကို အိပ်ရာအောက် တွင် ထားအိပ်ပါက အိပ်မက် ဆိုးများမမက်ဘဲ ကောင်းမွန်စွာ အိပ်စက်နိုင်ကြောင်းလည်း အယူရှိသည်။
ခြင်္သေ့အကများ၊ နဂါးအကများဖြင့် လှည့်လည်ကပြ ဖျော်ဖြေလေ့ရှိပြီး မီးရှူးမီးပန်းများကိုလည်း ကျယ်လောင်စွာ ဖောက်လေ့ရှိသည်။ ယင်းကဲ့သို့ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းဖြင့် ပြီးခဲ့သောနှစ်က ကံမကောင်းမှုများ၊ ၀မ်းနည်းစရာအဖြစ်များလွင့်စင်ကာ လာမည့်နှစ်တွင် ကံကောင်းခြင်း၊ တိုးတက်ခြင်းများ ဆောင်ကြဉ်းလာနိုင်မည်ဟု အယူအဆရှိသည်။
တရုတ်ပြက္ခဒိန်တွင် Ying နှင့် Yang ဟုခေါ်သော Heavenly Stem နှစ်ခုကို သစ်သား၊ မီး၊ မြေ၊ သတ္တု၊ ရေစသည့် ဓာတ်ငါးမျိုးနှင့်ပေါင်းစပ်ရာ ဇာတာခွင်အရ Ying Wood ၊ Yang Wood ၊ Ying Fire ၊ Yang Fire စသည့်ဖြင့် Stem ၁၀ ခု ရှိသည်။ ထို့ပြင် ရာသီခွင်သင်္ကေတများအဖြစ် ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ သိုး၊ မျောက်၊ ကြက်၊ ခွေး၊ ၀က် စသော တိရစ္ဆာန် ၁၂ မျိုးကို Earthly Branch အဖြစ် သတ်မှတ်ထားသည်။
Yang မှာ မဂဏန်း (၁၊ ၃၊ ၅) ဖြစ်ပြီး အဖိုကိုယ်စားပြုသည်။ Ying မှာ စုံဂဏန်း (၂၊ ၄၊ ၆)ဖြစ်ပြီး အမကိုယ်စားပြုသည်။ Yang အစုတွင် ကြွက်၊ ကျား၊ နဂါး၊ မြင်း၊ မျောက် နှင့်ခွေးတို့ပါဝင်ပြီး Ying အစုတွင် နွား၊ ယုန်၊ မြွေ၊ သိုး၊ ကြက်နှင့် ၀က်တို့ ပါဝင်သည်။
ယင်းရာသီခွင်သင်္ကေတ တိရစ္ဆာန်များနှင့်ပတ်သက်၍ ကောင်းကင်ဘုံမ Jade Emperor သည်  ၎င်းကိုလာတွေ့ရန် တိရစ္ဆာန်အားလုံးအား ဖိတ်ကြားခဲ့သည်ဟု ပုံပြင်တစ်ခုတွင် ဆိုထားသည်။ သို့သော် တိရစ္ဆာန် ၁၂ ကောင်သာ လာရောက်တွေ့ဆုံခဲ့ပြီး ယင်းတိရစ္ဆာန်များကို လတစ်လချင်းစီအလိုက် သတ်မှတ်ပေးခဲ့ကြောင်း ဆိုထားသည်။ အခြားပုံပြင်တစ်ခုတွင်မူ ဗုဒ္ဓက တရုတ်နိုင်ငံကို ပြန်လည်ကွပ်ကဲ စီမံရန်အတွက်ဆွေးနွေးရန် တိရစ္ဆာန်များအား ဖိတ်ကြားခဲ့ကြောင်း၊ လာ ရောက်သောတိရစ္ဆာန် ၁၂ ကောင်၏ စိတ်နေသဘောထားများအတိုင်း လ ၁၂ လတွင် မွေးဖွားသူများတွင် ထင်ဟပ်စေရမည်ဟု သတ်မှတ်ခဲ့ကြောင်းလည်း သိရသည်။
တရုတ်ဒဏ္ဍာရီလာ ပုံပြင်များအရ တရုတ်နဂါးသည် ကောင်းကင်မှလာကြောင်း၊ ယင်းအတွက်ကြောင့် ကောင်းကင်ဘုံရှိသည်ဟု လက်ခံထားပြီး တစ်နည်းအားဖြင့် ကောင်းကင်ဘုံမှ အခွင့်အာဏာအဖြစ် မှတ်ယူကြသည်။
တရုတ်ဧကရာဇ်သည် ကောင်းကင်ဘုံမှလာသူဖြစ်သဖြင့် နဂါးများကို အမိန့်ပေး ညွှန်ကြားနိုင်ကြောင်း ဆိုထားသည်။
တရုတ်တွင် နဂါးမှာ အောင်မြင်မှုအရှိဆုံး အမှတ်သင်္ကေတအဖြစ် သတ်မှတ်ခံရပြီး ဘုရင်များသည် နဂါးရုပ်ပါသော တော်ဝင်ဝတ်စုံများ ၀တ်ဆင်လေ့ရှိသည်။ နဂါး၏ သားကိုးကောင် အကြောင်းကို မင်မင်းဆက် (အေဒီ ၁၃၆၈-၁၆၄၄) အထိ သိရှိသူနည်းပါးပြီး နဂါးကိုးကောင်အကြောင်းနှင့် ပတ်သက်၍ ပုံပြင်တစ်ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။
မင်မင်းဆက်၏ ပထမဆုံးဘုရင်အား ကူညီပေးရန် ကောင်းကင်ဘုံရှိ နဂါးမင်းသည် ၎င်း၏သားကိုးကောင်ကို စေလွှတ်ခဲ့သည်။ အကူအညီပေး လုပ်ငန်းစဉ်ပြီးဆုံးပြီးနောက် နဂါးကိုးကောင်သည် ကောင်းကင်ဘုံသို့ ပြန်ရန်ပြင်ဆင်ခဲ့သည်။ သို့သော် ဘုရင်က ဆက်လက်ကူညီစေချင်သည်။ နဂါး ကိုးကောင်မှာ လက်မခံသဖြင့် ဘုရင်က မတားဆီးနိုင်ခဲ့ပေ။ ယင်းအတွက်ဘုရင်က နဂါးကိုးကောင်အနက် အစွမ်းရှိဆုံး နံပါတ်ခြောက်နဂါးကို မှော်ကျောက်တိုင်ယူလာရန် တစ်ဖက်လှည့်ဖြင့် ခိုင်းစေခဲ့သည်။ ယင်းမှော်ကျောက်တိုင်မှာ တစ္ဆေ၊သရဲ၊ မကောင်း ဆိုးဝါးများကို နှိမ်နင်းနိုင်စွမ်းရှိသည်။ နံပါတ်ခြောက်နဂါးမှာ ယင်းကျောက်တိုင်အောက်မှ မရုန်းထွက်နိုင် သဖြင့် ကျန်နဂါးများမှာလည်း နံပါတ်ခြောက် နဂါးမပါသဖြင့် ကောင်းကင်ဘုံသို့ ပြန်၍မရခဲ့ပေ။ သို့သော် နဂါးကိုးကောင်သည် ဘုရင်ကို ကူညီခြင်းမပြုတော့သလို နဂါးအဖြစ် မနေထိုင်တော့ဘဲ မကောင်းဆိုးဝါးများအဖြစ် အသွင်ပြောင်းခဲ့သည်ဟု ဆိုသည်။ ယင်းနောက်ပိုင်းမှစ၍ နဂါးကိုးကောင်သည် တရုတ်တွင်ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းပုံပြင်တွင် ဖော်ပြထားသည်။
တည်ငြိမ်သည့် သွင်ပြင်လက္ခဏာရှိသော ယုန်နှစ်ဖြစ်သည့် ၂၀၁၁ ခုနှစ်တွင် ယုန်လက္ခဏာနှင့်ဆန့်ကျင့်ဘက်အဖြစ် ကမ္ဘာတစ်ဝန်းတွင် အထူးသဖြင့် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသတွင် အာဏာရှင်အချို့ ပြုတ်ကျမှု၊ ဥရောပဘဏ္ဍာရေးကြွေးမြီ အကျပ်အတည်းဆိုးရွားမှု၊ အာရှဒေသရှိ နိုင်ငံအချို့တွင် ပြင်းထန်သော သဘာဝကပ်ဘေးတို့ ကြုံတွေ့ခဲ့သည်။ ရဲရင့်တက်ကြွသောပင်ကိုယ်ဗီဇရှိသည့် နဂါးနှစ်ဖြစ်သော ယခုနှစ်တွင်မူ အံ့သြမှင်သက်ရလောက်သည့် ကောင်းမွန်သော၊ဆိုးရွားသော မည်သည့်အပြောင်းအလဲများ ဖြစ်ပေါ်မည်ဆိုခြင်းကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။
Written by အောင်သိန်းဝင်း    
EMG
ရေနဂါး အလှည့်ကျသော ၂၀၁၂ တရုတ်နှစ်ကူး ရေနဂါး အလှည့်ကျသော ၂၀၁၂ တရုတ်နှစ်ကူး Reviewed by သစ်ထူးလွင် on 06:31 Rating: 5

6 comments:

Anonymous said...

ကျေးဇူးပါ

kyaw soe ko ko said...

အေးပါ တရုတ်ကြီးတို့ ရယ်........နဂါး ဆိုတော့လဲ နဂါးပေါ့.......ဘယ်နှစ်ပဲရောက်ရောက် ၈၈ နောင်တော်ကြီးတို့ ရေ ...အမေ့ ကိုသွားတွေ့ လိုက်ကြပါအုံး....

victorchaint said...

တရုတ်ပြည်မှာ နဂါးကျန်ခဲ့တယ်ဆိုလည်း တရုတ်ပြည်မှာပဲ ကျင်းပပေါ့ ဘယ်နှယ့်အခုဟာက တကမ္ဘာလုံးမှာရှိတဲ့မြို့တိုင်းမှာ လိုက်ကျင်းပနေတာ အမြင်ကတ်ဖို့ကောင်းတယ်

kyaw soe ko ko said...

သားစိုး အဖွဲ့ က ဆို နားမထောင်ဘူးကွာ....ပွင့်ပွင့်လင်းလင်းပြော...MOM.Com ရေ....

Anonymous said...

MOM.com ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို သွားမတွေ့ခိုင်းနဲ့  ။ တော်ကြာ သီချင်းလေးတွေလာ နားထောင်ကြပါဦးခင်ဗျာ ဆိုပြီး ကြော်ငြာနေအုံးမယ်။ ငါတောင် စိတ်ညစ်လာပီ comment တခု ဖတ်ချင်လို့ဖွင့်လိုက် သူ့ကြော်ငြာတိုးလိုက် မျက်စိနောက်လာပီနော်

san san said...

မြန်မာပြည်ပါနော်။သင်္ကြန်အကြောင်းဘဲပြောကြပါ။

Powered by Blogger.