မွန်ပြည်သစ်နှင့် အစိုးရ ငြိမ်းအဖွဲ့ ပထမဆုံး ဆွေးနွေး

မွန်ပြည်သစ်ပါတီနှင့် အပြန်အလှန် ယုံကြည်မှု ရရှိပြီး ပထမဆုံးအကြိမ် ဆွေးနွေးမှုအပေါ် ရာနှုန်းပြည့် အားရကျေနပ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ခေါင်းဆောင်ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။
မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - လဝီဝမ် / ဧရာဝတီ)
ထိုင်းနိုင်ငံ စံခရဘူရီမြို့ရှိ ဖွန်ဖုံလင်ဟိုတယ်တွင် မွန်ပြည်သစ်ပါတီနှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ ယနေ့ကျင်းပသော ဆွေးနွေးပွဲအပြီး ဦးအောင်မင်းက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
မီးရထားပို့ဆောင်ရေး ဝန်ကြီးလည်း ဖြစ်သူ ဦးအောင်မင်းက“ရာနှုန်းပြည့်အားရ ကျေနပ်မှုရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကလည်း ကျနော့်ကိုယုံတယ်၊ ကျနော်ကလည်းပဲ သူတို့ကို ယုံကြည်တယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးတာ အဓိက ယုံကြည်မှုပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ဆွေးနွေးပွဲသည် ပထမဆုံး စတင်တွေ့ဆုံခြင်းဖြစ်၍ သဘောတူညီမှု တစုံတရာ မရသေးကြောင်း နှစ်ဘက်စလုံးမှ ကိုယ်စားလှယ်များက ဆိုသည်။
ဦးအောင်မင်းက “အခုစပြီဆိုတော့ ဆက်ပြီး ဆွေးနွေးသွားမယ်။ နောက်လထဲမှာ ထပ်ပြီးတော့ ငြိမ်းချမ်းရေး ကိစ္စတွေ စကားပြောနိုင်ကြမှာပါ” ဟုလည်း ပြောသည်။
ဦးအောင်မင်းနှင့် အတူပါဝင်သော ကိုယ်စားလှယ်တဦးက ငြိမ်းချမ်းရေး တကယ်လိုချင်သောကြောင့် အပင်ပန်းခံ လာရောက်ခြင်းဖြစ်ကြောင်း၊ ယမန်နေ့က ကရင်အမျိုးအသားအစည်းအရုံး (KNU) နှင့် မဲဆောက်မြို့တွင် ဆွေးနွေးခဲ့သေးကြောင်း ပြောဆိုသည်။
မွန်ပြည်သစ်ပါတီဘက်မှ ကိုယ်စားလှယ်အဖြစ်ပါဝင်သော ဆရာတော် တပါးကမူ “အခုမှ စတာဆိုတော့ အားရကျေနပ်မှု မရှိသေးပါဘူး။ ဒီလိုပဲ အရင်တုန်းကလည်း အပစ်အခတ် ရပ်ခဲ့ပေမယ့် ဘာမှ ပြောင်းလဲမှု မရှိသေးတော့ သံသယတော့ ရှိနေတုန်းပါပဲ” ဟု ဧရာဝတီသို့ မိန့်သည်။
ယခင်က ငြိမ်းချမ်းရေးကိစ္စ ပျက်ပြားရသည်မှာ တဦးတယောက်တည်း၏ အမိန့်အာဏာကို လိုက်နာ ဆောင်ရွက်ခဲ့ကြသောကြောင့် ဖြစ်ကြောင်း၊ လက်ရှိဆွေးနွေးပွဲများသည် တဦးတယောက်၏ သဘောထားမဟုတ်ဘဲ အစိုးရတဖွဲ့လုံး အပြင် တခြားသော အဖွဲ့အစည်းများ၊ ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်လာသောကြောင့် ငြိမ်းချမ်းရေး ကိစ္စများ အောင်မြင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးအောင်မင်းက ပြောသည်။
ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီက ကချင်ဒေသတွင် ဆက်လက်တိုက်ခိုက်နေမှုကို တင်ပြခဲ့ပြီး တိုင်းရင်းသားဒေသ အားလုံးတွင် ငြိမ်းချမ်းရေးလုပ်ရန် ပြောဆိုသည့်အခါ ဦးအောင်မင်းက ကချင်ဒေသမှ စစ်ပွဲများသည် အစိုးရကြောင့် မဟုတ်ကြောင်း၊ KIA က စတင် တိုက်ခိုက်ခြင်းကြောင့်ဖြစ်ကြောင်း ကာကွယ်ပြောဆိုသွားသည်ဟု သိရသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့်လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေး မရမချင်း ဆက်လက်ဆွေးနွေးမည်ဟု ဦးအောင်မင်းက ဆိုသည်။
KIA နှင့် အစိုးရတပ်တို့ ဆက်လက် တိုက်ခိုက်နေခြင်းနှင့် ပတ်သက်၍ ဦးအောင်မင်းက“ဒါက နိုင်ငံတော်သမ္မတက တဖက်သတ် အပစ်အခတ်ရပ်စဲလိုက်ပြီ။ သမ္မတရဲ့လမ်းညွန်ချက်က တပ်တွေအဆင်ဆင့် ရောက်သွားရင်တော့ အားလုံးပြီးသွားပါပြီ” ဟု ပြောသည်။
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းကို သဘောထားပျော့ပျောင်းသူ၊ နားထောင်ပေးတတ်သူ၊ စိတ်ရှည်သူတဦးအဖြစ် ရှုမြင်ကြောင်း မွန်ဆရာတော်က မိန့်သည်။
“သူကစိတ်ရှည်ရှည်နဲ့ ဒီဘက်က ပြောတာကို နားထောင်ပေးတယ်၊ ဆွေးနွေးတယ်၊ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့လည်း သူက ဆွေးနွေးသေးတယ်။ ဒါပေမယ့် မွန်ပြည်သစ်ကတော့ ငြိမ်းချမ်းရေးကိစ္စကိုပဲ အဓိက လိုချင်တဲ့အကြောင်းတွေကို ဆွေးနွေးပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။
မွန်ပြည်သစ်အနေဖြင့် ငြိမ်းချမ်းရေးကိစ္စကို ကနဦး ဆွေးနွေးသော်လည်း နိုင်ငံရေး ဆွေးနွေးပွဲကိုမူ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် ဆွေးနွေးလိုကြောင်း ဦးအောင်မင်းသို့ ပြောရာ ထိုကိစ္စကို ဗဟိုအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြမည်ဟု အဖြေပေးကြောင်း မွန်ပြည်သစ်ပါတီ ကော်မတီဝင်တဦးက ဆိုသည်။
ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် မြန်မာအီးဂရက်စ်မှ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဒေါက်တာနေ၀င်းမောင် စသည့်ပုဂ္ဂိုလ်များနှင့် မွန်ပြည်သစ်ပါတီဘက်မှ ပါတီအတွင်းရေးမှူး ဦးနိုင်ဟံသာ၊ မွန်ဆရာတော်နှစ်ပါးနှင့် အဖွဲ့ဝင် ပုဂ္ဂိုလ်တချို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအပြီး ပြန်ခါနီးတွင် ဦးအောင်မင်းက မွန်ဆရာတော်နှစ်ပါးကို ဂါရ၀ပြု လက်ဆောင်ပေးအပ် ရှိခိုးပြီး “ငြိမ်းချမ်းရေး မြန်မြန် ရအောင် ဆုတောင်းပေးကြပါဘုရား။ တပည့်တော်လည်း အောင်မြင်အောင် ကြိုးစားပါ့မယ် ဘုရား”ဟု လျှောက်ထားခဲ့ကြောင်း၊ နေ့လယ် ၁၂ နာရီကျော်တွင် ဆွေးနွေးပွဲ ကိစ္စများကို အဆုံးသတ်ခဲ့ကြကြောင်း သိရသည်။
ခင်ဦးသာ (ဧရာဝတီ)

ပြည်ပရောက် မြန်မာအလုပ်သမားများကို ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြု

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများက အစိုးရသို့  ပေးဆောင်ရသော ၀င်ငွေခွန်ကို လာမည့် ဇန်န၀ါရီ ၁ ရက်မှစတင်၍ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က တရားဝင်ကြေညာသည်။

“ဟုတ်ပါတယ်။ Cabinet အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာ။ နယူးရီးယားဖြစ်တော့ မင်္ဂလာရှိတဲ့သတင်းကို ထုတ်ပြန်ပေးလိုက်တာ”ဟု အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက 7Day News သို့ အတည်ပြုပြောကြားသည်။ အထက်ပါဆုံးဖြတ်ချက်ကို ယနေ့ (ဒီဇင်ဘာ ၂၂ရက်) နေပြည်တော်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုဝန်ကြီးများ၏အစည်းအဝေး (Cabinet အစည်းအဝေး) တွင် အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများက နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်ရသည့်ဝင်ငွေခွန်ကို ၀င်ငွေခွန်ဥပဒေပုဒ်မ-၅၊ ပုဒ်မ ခွဲ(ခ)အရ ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။

ပြည်ပနိုင်ငံများတွင် သွား ရောက်လုပ်ကိုင်နေသော မြန်မာအလုပ်သမားသုံးသန်းကျော်ရှိပြီး၊ တရားဝင်သွားရောက်လုပ်ကိုင်နေသူမှာ ခုနစ်သိန်းနီးပါးရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်သိန်းကပြောသည်။ သို့သော် ထိုင်းနိုင်ငံတစ်နိုင်ငံတည်း မှာပင် မြန်မာအလုပ်သမား သုံးသန်းမှ လေးသန်းအတွင်းရှိနိုင်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးဆောင်ရွက်နေသော အင်န်ဂျီအိုများမှ တာဝန်ရှိသူအချို့ကပြောသည်။ ထိုင်းနိုင်ငံပြီးလျှင် မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားများ ဒုတိယအများဆုံး သွားရောက် လုပ်ကိုင်နေသောနိုင်ငံဖြစ်သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ၂၀၁၁ သြဂုတ်လ ၁၉ ရက်တွင် ပြည်ပရောက်မြန်မာအလုပ်သမားများ ပေးဆောင်နေရသော ၀င်ငွေခွန်ကို ၁၀ ရာခိုင် နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျှော့ချပေး ခဲ့သည်။ သို့သော် အဆိုပါဝင်ငွေ ခွန်လျှော့ပေါ့ပေးမှုမှာ ခြောက်လတည်းအတွက်သာဖြစ်သည်။ သို့သော်လည်း အထက်ပါဆုံးဖြတ်ချက်ကြောင့် ၂၀၁၂ ဇန်န၀ါရီ ၁ ရက်မှစ၍ ပြည်ပအလုပ်သမားများအနေဖြင့် ၀င်ငွေခွန် လုံးဝပေးဆောင်စရာမလိုတော့ကြောင်း 7Day News မှာ ဖော်ပြထားပါသည်။
By: သစ်ထူးလွင်

အညှာအတာကင်းသော အုပ်ချုပ်သူ


နိုင်ငံက စီးပွားရေးကျဆင်းနေပြီး အငတ်ဘေးအန္တရာယ်ရှိနေပေမယ့်လည်း ကင်ဂျုံအီလ်ကတော့ မြောက်ကိုရီးယားအစိုးရကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ နိုင်ငံရေးကျွမ်းကျင်သူ အုပ်ချုပ်ရေးသမားတစ်ဦး ဖြစ်ပါတယ်။
အသက် ၆၉ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ ကင်ဂျုံအီလ်ဟာ ၀ါဒဖြန့်ချိရေး၊ နိုင်ငံရေးအကျဉ်းစခန်း၊ အဖေ့ဆီက အမွေ ဆက်ခံထားတဲ့ ပုံရိပ်ကိုးကွယ်မှုတွေကိုအသုံးပြုပြီး အာဏာကို သက်တမ်းရှည်အောင် ထိန်းထားနိုင်ခဲ့တဲ့ အညှာအတာကင်းသော အုပ်ချုပ်ရေးသမား တစ်ဦးဖြစ်ပါတယ်။ ၁၉၉၀ ပြည့် အစောပိုင်းနှစ်များက ဆိုဗီယက်ရဲ့ အကူအညီတွေ ခြောက်ခမ်းသွားပြီး အခြေအနေတွေ မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ မြောက်ကိုရီးယားရဲ့ ဗဟိုဦးစီး စီးပွားရေးပြိုလဲတော့မယ်လို့ ခန့်မှန်းချက်တွေကိုတောင် အာခံနိုင်ခဲ့သူပါ။ သူအုပ်ချုပ်နေဆဲ ၁၉၉၀ ပြည့်လွန်နှစ်လယ်များကနေ နှောင်းပိုင်းထိ လူတစ်သန်းလောက် သေခဲ့တဲ့ အငတ်ဘေး ကြုံခဲ့ရပေမယ့် ကင်ဂျုံအီလ်ဟာ ၂၀၀၆ ခုနှစ် အောက်တိုဘာလနဲ့ ၂၀၀၉ ခုနှစ်မေလမှာ နျူက လီးယားစမ်းသပ်ဖို့အတွက် ရင်းမြစ်တွေ ရရှိနေဆဲပါ။
နျူကလီးယားနဲ့ ဒုံးကျည် စီမံကိန်းတွေကြောင့် ပိတ်ဆို့မှုတွေ ပြင်းထန်လာပေမယ့်လည်း ကင်ဂျုံအီလ်ကတော့ အာဏာလွှဲပြောင်း ဆက်ခံရေးကို အရှိန်မြှင့် ဆောင်ရွက်ခဲ့ပါတယ်။  ၂၀၀၈ ခုနှစ် သြဂုတ်လမှာ လေဖြတ်ခဲ့တဲ့ ကင်ဂျုံအီလ်ဟာ ကျောက်ကပ်ပျက်စီးနေတာကို ခံစားနေရတယ်လို့လည်း အချို့သတင်းတွေက ဖော်ပြခဲ့ပါတယ်။ လေဖြတ်ထားပြီးတဲ့နောက်ပိုင်း အကျိုးဆက်တွေကြောင့် ကင်ဂျုံအီလ်ရဲ့ ဆုံးဖြတ်ချက်ချမှုတွေဟာ အမှားတွေများလာ တယ်လို့လည်း လေ့လာသုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။ ကင်ဂျုံအီလ်က အငယ်ဆုံးသားဖြစ်တဲ့ ကင်ဂျုံအွန်ကို ဆက်ခံသူအဖြစ် အာဏာလွှဲပြောင်းပေးဖို့ အရှိန်မြှင့် ကြိုးပမ်းခဲ့တာကို သူတို့က ထောက်ပြခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် မတ်လတုန်းက တောင်ကိုရီးယားစစ်သင်္ဘော Cheonan ကို တော်ပီဒိုနဲ့ တိုက်ခိုက်ခဲ့တာကိုလည်း သူတို့က ထောက်ပြပါတယ်။  အမျိုးသားကာကွယ်ရေး ကော်မရှင် ဒုဥက္ကဋ္ဌအဖြစ် ကင်ဂျုံအွန်ကို ခန့်အပ် ပြီးတဲ့နောက် နှစ်လအကြာမှာ အဲဒီ အဖြစ်အပျက်ဖြစ်ခဲ့တာပါ။
စစ်သင်္ဘောတိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ လက်တုံ့ပြန်ပိတ်ဆို့အရေးယူမှုတွေက ပိုပြင်းထန်လာပါတယ်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ မြောက်ကိုရီးယားက ယုံပြောင်နယ်စပ်ကျွန်းအနီးကို ဗုံးကြဲခဲ့တာကြောင့် တောင်ကိုရီးယား မရိန်းတပ်သားနှစ်ဦးနဲ့ အရပ်သားနှစ်ဦးသေဆုံးခဲ့ပါတယ်။

လေဖြတ်ထားပြီးတဲ့ နောက်ပိုင်းအကျိုးဆက်တွေကြောင့် ကင်ဂျုံအီလ်ရဲ့ ဆုံးဖြတ်ချက်ချမှုတွေဟာ အမှားတွေများလာတယ်လို့လည်း လေ့လာသုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။ ကင်ဂျုံအီလ်က အငယ်ဆုံးသားဖြစ်တဲ့ ကင်ဂျုံအွန်ကို ဆက်ခံသူအဖြစ် အာဏာလွှဲပြောင်းပေးဖို့ အရှိန်မြှင့်ကြိုးပမ်းခဲ့တာကို သူတို့က ထောက်ပြခဲ့ပါတယ် ...
၁၉၅၀-၅၃ ကိုရီးယားကျွန်း ဆွယ်စစ်ပွဲနောက်ပိုင်း အရပ်ဘက် နေရာတစ်ခုကို ပထမဆုံးအကြိမ် တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ ကင်ဂျုံအွန်က သြဇာကြီးတဲ့ စစ်အင်အားနဲ့ ယုံကြည်စိတ်ချရမှုတည်ဆောက်ဖို့ ကြိုးပမ်းနေ ချိန်မှာ ပြုံယမ်းဆီက အန္တရာယ်တွေရှိလာနိုင်တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က သတိပေးထားခဲ့ပါတယ်။ ကင်ဂျုံအီလ်ဟာ ဖခင်ဖြစ်သူကင်အီဆွန်းဆီက အာဏာအမွေရရှိခဲ့သူပါ။  ကင်ဂျုံအီလ်ကို ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရှေး ဟောင်း ကိုရီးယားတို့မွေးဖွားရာ နေရာ၊ တရုတ်နဲ့နယ်စပ် ပေကတူတောင်မှာ မွေးဖွားခဲ့တယ်လို့ တရားဝင်မှတ်တမ်းတွေက ဆိုပါတယ်။ ဒါပေမဲ့ သူ့ကို တကယ်မွေးဖွားခဲ့တာကတော့ ကိုရီးယားကျွန်းဆွယ်ကို ကိုလိုနီပြုထားတဲ့ဂျပန်တွေကို ဖခင်ဖြစ်သူ တိုက်ပွဲဝင်နေတုန်း ရုရှား ပြောက်ကျားစခန်းတစ်ခုမှာပါလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ၁၉၄၁ ခုနှစ်မှာ မွေးတယ်လို့လည်း ဆိုကြပါတယ်။
၁၉၆၄ ခုနှစ်မှာ တက္ကသိုလ်က ဘွဲ့ရပြီးတဲ့နောက် အာဏာရလုပ်သားပါတီမှာ နိုင်ငံရေးရာထူး အဆင့်ဆင့် ရယူခဲ့ပါတယ်။ ၁၉၈၀ မှာ အာ ဏာဆက်ခံရမယ့်သူအဖြစ် တရားဝင် ရွေးချယ်ခံခဲ့ရပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်များ ထိ ဖခင်ဖြစ်သူက သူ့အတွက် အချိန်သိပ်မပေးနိုင်ဘူးလို့ ကောလာဟလ ထွက်ခဲ့ပါတယ်။ အဲဒီတုန်းက ညီဖြစ်သူ ကင်ပြုံအီလ်က ဆက်ခံဖို့ သေချာနေချိန်ပါ။
၁၉၇၅ မှာ ကင်ဂျုံအီလ် သြဇာ စတက်လာပါတယ်။ ပေါ်လစ်ဗျူရို အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ယဉ်ကျေးမှုရေးရာမှာ အကြီးအကဲ ဖြစ်လာပါတယ်။၁၉၈၀ မှာ ကင်ကို ''လေးစားရသော ခေါင်းဆောင်ကြီး'' (Dear Leader) အဖြစ် တရားဝင် ခန့်အပ်ခဲ့ပါတယ်။၁၉၉၄ ခုနှစ်မှာ ကင်အီဆွန်း သေဆုံးပြီးတဲ့နောက် ကင်က အာဏာအမွေကို ဆက်ခံခဲ့ပါတယ်။
ကင်ဂျုံအီလ်ဆီ ရောက်ဖူးတဲ့သူတွေ၊ သူ့ဆီက ထွက်ပြေးလာတဲ့သူတွေကတော့ ကင်ဂျုံအီလ်ဟာ ကော့ညက်လေးသောက်ပြီး Playboy မဂ္ဂဇင်းဖတ်တဲ့သူလို့ ပုံဖော်ပြောကြပါတယ်။ သူက နိုင်ငံခြားရုပ်ရှင်တွေကြိုက်ပြီး ညစားကောင်းကောင်းနဲ့ အမျိုးသမီးတွေကိုလည်း နှစ်သက်တဲ့သူပါ။ ဟောလိဝုဒ်ရုပ်ရှင်အခွေ ၂၀၀၀၀ လောက် စုထားတယ်လို့ သူကပြောပါတယ်။  ၁၉၇၈ ခုနှစ်က တောင်ကိုရီးယား ရုပ်ရှင်ဒါရိုက်တာတစ်ဦးနဲ့ သူ့ရဲ့ ရည်စားကို ပြန်ပေးဆွဲ ဖို့ ကင်ဂျုံအီလ်က ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်က တောင်ကိုရီးယား ၁၇ ဦး သေဆုံးစေခဲ့တဲ့ မြန်မာနိုင်ငံမှာ ဗုံးဖောက်ခွဲလုပ်ကြံမှုကို စီစဉ်ခဲ့ရာ မှာ ကင်ဂျုံအီလ်ပါတယ်လို့ ဆိုပါတယ်။  အာဏာတရားဝင်ရယူပြီးတဲ့ နောက်ပိုင်းမှာ ကင်ဂျုံအီလ်ဟာ ပြင်ပကမ္ဘာနဲ့ တဖြည်းဖြည်း ထိတွေ့ဆက်ဆံလာခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဇွန်လမှာ တောင်ကိုရီးယား သမ္မတကင်ဒေးဂျုံနဲ့ ပြုံယမ်းမှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီနှစ်နှောင်းပိုင်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက်ဟာ ပြုံယမ်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ အမေရိကန်နဲ့ နျူကလီးယား လက်နက် ဖျက်သိမ်းရေး သဘောတူညီချက် ပျက်ပြားပြီးတဲ့နောက်ပိုင်း အနောက်နဲ့ဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။  ၂၀၀၉ ခုနှစ်မှာ မြောက်ကိုရီးယားက နျူကလီး ယားလက်နက်ဖျက်သိမ်းရေး ခြောက်နိုင်ငံဆွေးနွေးပွဲ ကိုကျောခိုင်းခဲ့ပြီး နျူလက်နက် အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ပြောခဲ့သူပါ။
Ref: AFP, Telegraph
 Written by အောင်မျိုးသူ   (EMG)

နိုင်ငံရေးအကျဉ်းသား​ နှစ်သုတ် ခွဲလွှတ်မည်

နိုင်ငံရေးအကျဉ်းသားတွေကို ဇန်န၀ါရီ လဆန်းပိုင်းမှာ နှစ်သုတ်ခွဲပြီးတော့ အကျဉ်းထောင်တွေထဲကနေ ပြန်လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို နှစ်သုတ်ခွဲပြီး ဇန်န၀ါရီ ၄ ရက်နေ့မှာ တခါ ဖေဖ်ါဝါရီ ၁၂ ရက်နေ့မှာ တခါ လွှတ်ပေးမယ်ဆိုပြီး အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က တာဝန်ရှိသူ တဦးဖြစ်တဲ့ ရထားဝန်ကြီးက တိုင်းရင်းသား​ ​ခေါင်းဆောင်တွေကို ပြောခဲ့တာပါ။
မနေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)နဲ့​တွေ့ဆုံစဉ်​ ​ပြောခဲ့တာဖြစ်ကြောင်း​ ​ကေအန်ယူမှ ဖဒိုဒေးဗစ်ထောက ပြောပါတယ်။
“အစိုးရသစ်လက်ထဲ အကျဉ်းဦးစီးဌာနက ဒီအကျဉ်းသားတွေ စာရင်းကို လွှဲပြောင်းပေးတဲ့အချိန်မှာ သူတို့အနေနဲ့ ရရှိတာက အားလုံးက ရာဇဝတ် အကျဉ်းသားလို့ပဲ သူတို့ သိရတယ်လေ။ ဆိုတော့ ဒီဟာကို သေချာအောင် ကိုဇာဂနာ ဦးစီးတဲ့ အကျဉ်းသားဟောင်းတွေကနေပြီးတော့ တထောင်ဝင် တထောင်ထွက် လိုက်လံ စာရင်းကောက်ယူ ပြုစုတဲ့ဟာက အခု စာရင်းအရ ပြောမယ်ဆိုရင် ၆၀၀ နီးနီး ရှိတယ်လို့ သူ အဲဒါကို ပြောပြပါတယ်။ ကျနော်တို့ အေအေပီပီကနေ တင်ပြထားတဲ့ ဦးရေနဲ့ ဆိုရင်တော့ နည်းနည်းတော့ ကွာဟမှုတော့ ရှိတာကိုတော့ တွေ့ရတယ်ပေါ့လေ။ အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ လွတ်မြောက်ရေး အတွက် ဦးအောင်မင်းက ဆက်လက်ပြီး ရှင်းပြတာကတော့ ဒီ ဇန်နဝါရီလ ၄ ရက်နေ့မှာ အကျဉ်းသားတွေ လွှတ်တဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားအချို့လည်း ပါဝင်မယ်။ နောက်ပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ နောက်တကြိမ် လွှတ်မယ်ဆိုရင်လည်း နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်မယ်။ ဒီအကြိမ်ကျရင်တော့ နိုင်ငံရေး အကျဉ်းသားတွေက ကုန်သလောက် ရှိသွားပြီလို့ ကျနော်တို့ကို ပြောပြသွားတာ ရှိပါတယ်။”
ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အေအေပီပီ အတွင်းရေးမှုး ကိုတိတ်နိုင်က
“အဲဒီလိုတော့ ကြားနေတာပဲ။ သို့ပေမယ့် သူတို့ပြောတာကတော့ နှစ်သုတ်ခွဲလွှတ်မယ်၊ ဒုတိယအသုတ်မှာတော့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးမယ်လို့ သူတို့ပြောတယ်။ သို့ပေမယ့် သူတို့က နိုင်ငံရေးအကျဉ်းသား ဆိုတာကို ဘယ်လို သတ်မှတ်ထားလဲ ဆိုတဲ့ကိစ္စ တခါမှ မကြေညာတဲ့အခါကျတော့ ဘယ်လိုလူတွေကို လွှတ်ပေးမှာလဲ၊ အရေအတွက် ဘယ်လောက်ကို လွှတ်ပေးမှာလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမယ့် အခြေအနေမျိုး ရှိတယ်။ သေချာတာကတော့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်လာဖို့အတွက်ကတော့ နည်းနည်း ခက်လိမ့်ဦးမယ် ထင်တယ်။ အကန့်အသတ်အနေနဲ့ပဲ လွှတ်ပေးဖို့ များပါတယ်။”
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အပြောအရ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေး ဆက်လုပ်မယ်ဆိုတဲ့ အကန့်အသတ်နဲ့ လွှတ်နိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။
အေအေပီပီရဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းအရဆိုရင်တော့ ၁၅၄၆ ဦး ရှိနေပြီးတော့ အစိုးရနဲ့ အခြား အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းဟာ ကွာဟာတာတွေ ရှိပါတယ်။ အစိုးရစာရင်းအရ ရာဂဏန်း အနည်းငယ် လွှတ်ပေးမှာကို အတိုက်အခံအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။
အေအေပီပီက စာရင်းရယ်၊ အန်အယ်ဒီက စာရင်းနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက စာရင်းတွေကတော့ ကွဲပြားနေတယ်လို့ နိုင်ငံတော် သမ္မတ အကြံပေး ဦးနေဇင်လတ်က ပြောပါတယ်။
“အေအေပီပီပြောထားတဲ့ စာရင်းရယ်၊ နောက်တခါ အန်အယ်လ်ဒီက ဒေါ်အောင်ဆန်းစုကြည်တို့ ပြောထားတဲ့ စာရင်းရယ်၊ နောက်တခါ ပြည်ထဲရေးက ပြောထားတဲ့ စာရင်းရယ် အဲဒီ သုံးခုကတော့ နည်းနည်းလေး ကွာတယ်ပေါ့ဗျာ။ တခု ရှိတာကတော့ အေအေပီပီကတော့ ကျနော် အမှတ်မမှားရင် ၁၅၀၀ လား​ ​ပြောထားတယ်။ ​ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က​ ​ပြောတာကျတော့ ၅၉၁ ယောက်ပေါ့ဗျာ၊ နောက်တခါ ပြည်ထဲရေးက ပြောတာကျတော့ ၅၀၀ ကျော်ပေါ့ဗျာ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထဲရေးပြောတာကတော့ နီးစပ်တယ်ပေါ့။ ဒါကတော့ နည်းနည်းလေး ဝိဝါဒလေး ကွဲတဲ့ဟာ ဖြစ်နိုင်တယ်ပေါ့။”
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့ကနေ ပြောထားပြီးတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးနိုင်မယ်လို့ ဦးနေဇင်လတ်က ပြောပါတယ်။ 
မင်းလွင် (ဒီဗွီဘီင်္)

ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ် အကြောင်း ပါရှိတဲ့ DVD ပြည်တွင်းမှာဖြန့် ချီခွင့်ရရှိ

Asian Fame Media Group မှဖြန့်ချိတဲ့ ရတီမဂ္ဂဇင်းနဲ့ Mrမဂ္ဂဇင်းတွင်Making DVDကို ပရိသတ်များ ကြည့်ရှုလို့ရအောင် ထည့်သွင်းထားပါတယ်။ ရတီမဂ္ဂဇင်း Making DVD အခွေကို အောက်တိုဘာလမှ စတင်ပါဝင်ခဲ့ပြီး ယခုဇန်နဝါရီလတွင် (၄)ခွေ ထုတ်ဝေခဲ့ပါတယ်။ ဇန်နဝါရီလ ရတီမဂ္ဂဇင်းတွင် ထူးထူးခြားခြား ဒေါ်အောင် ဆန်းစုကြည်နှင့် အနုပညာရှင်များ တွေ့ဆုံခဲ့သည့်သတင်းကို ‘သတင်းများနှင့် ရွက်လွှင့်ခြင်း’ အစီအစဉ်တွင် ထည့်သွင်းဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလထုတ် Mr မဂ္ဂဇင်းတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ဘဘဦးတင်ယုနဲ့ အင်တာဗျူးကို ဖော်ပြခဲ့ပါတယ်။ အဆိုပါ ရတီမဂ္ဂဇင်းနဲ့ Mr မဂ္ဂဇင်းတွင် ထည့်သွင်းထားသော Making DVD ကို မြန်မာနိုင်ငံ ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်အဆင့်အတန်း မြှင့်တင်ရေး၊ ဆင်ဆာအဖွဲ့သို့ တရားဝင် ဆင်ဆာတင်ပြပြီး ထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်။ ယခုဆိုရင် ဆင်ဆာအဖွဲ့က ဆင်ဆာမူဝါဒနှင့် စည်းကမ်းချက် ၁ဝချက်အနက် ၄ချက် လျှော့ပေါ့ပေးထားတဲ့အပြင် ပေါ်လစီအရ ထည့်သွင်းရသော တချို့အချက်အလက်များ ကို ဖော်ပြဖို့ မလိုတော့တဲ့အတွက် အဲ့ဒီ Making DVD မှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းတို့၊ ကိုကျော်သူအကြောင်းတို့ ဆင်ဆာက ခွင့်ပြုလာတာ ဖြစ်မှာပါလို့ အဲ့ဒီ အခွေကို ရိုက်ကူးတင်ဆက်တဲ့ ဒါရိုက်တာဖြစ်သူပေါ်ပြူလာ အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ)က ပြောပါတယ်။ 

ထွဋ်မြတ် (ပေါ်ပျူလာဂျာနယ်)
 ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတ၊ရုပ်ရှင် (ရုပ်/သံ)

လွတ်လပ်ရေးနေ့ မှာ နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွှတ်မယ်လို့ မီရထားဝန်ကြီးဦးအောင်မင်း ပြော

မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို လာမည့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့မှစတင်၍ နှစ်ကြိမ်ခွဲ လွှတ်ပေးမည်ဟု အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန် အင်းစိန်ထောင်ရှေ့တွင် လွတ်မြောက်လာမည့် သူများကို စောင့်ဆိုင်းနေသူများ (ဓာတ်ပုံ - ဧရာဝတီ)
ဦးအောင်မင်းသည် အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။
ယမန်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် နှစ်ဘက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ လာရောက်ဆွေးနွေးစဉ် ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ဆွေးနွေးပွဲတက်ရောက်သူ KNU ကိုယ်စားလှယ်တဦးက“၀န်ကြီး ဦးအောင်မင်းပြောတာက နိုင်ငံရေးအကျဉ်းသားတွေကို လာမယ့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့မှာတကြိမ် ၁၂ ရက်နေ့မှာတကြိမ် ၂ ကြိမ်ခွဲပြီး အားလုံးနီးပါးကို အစိုးရက လွှတ်ပေး ဖို့ ရှိတယ်လို့ ကျနော်တို့ကို အလွတ်သဘောပြောခဲ့ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆွေးနွေးပွဲတွင်ပါရှိသည့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုဒေးဗစ်ထော ကလည်း အလွတ်ဆွေး နွေးပြောဆိုကြရာတွင် နိုင်ငံရေးအကျဉ်းသား လွှတ်မည့်ကိစ္စများအပြင် ပဒိုမန်းငြိမ်းမောင် အပါအ၀င် အဖမ်းခံထားရသည့် အဖွဲ့ ၀င်များနှင့် ပတ်သက်သည့် ကိစ္စရပ်များလည်းပါရှိသည်ဟု ပြောကြားသည်။
KNU ခေါင်းဆောင်တဦးကလည်း“ဒီကိစ္စကိုကျနော်တို့ဘက်က ဆွေးနွေးတောင်းဆိုမှု မရှိပါဘူး၊ ဦးအောင်မင်းပြောတာက ပဒိုမန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးရင် KNU အတွက်အကျိုးဖြစ်မှာလားဆိုပြီးတော့မေးပါတယ်၊ ကျနော်တို့ဘက်ကပြန်ပြော တာက သူ့ကိုလွတ်ပေးရင်တော့ လက်ရှိနှစ်ဘက်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေကို အထောက်အကူဖြစ်စေ မှာဖြစ်ပြီး ပဒိုမန်းငြိမ်းမောင်အပါအ၀င် အခြားအဖမ်းခံထားရတဲ့ KNU အဖွဲ့ဝင်တွေကိုလည်း လွတ်စေချင်တယ်လို့ ကျနော်တို့ဘက် က သဘောထားပြန်ပေးခဲ့ပါတယ်”ဟု ပြောသည်။
မန်းငြိမ်းမောင်သည် ဇူလိုင်လ ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှတဆင့် မြန်မာ နိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် မကြာသေးခင်က ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသည်။
ယနေ့ရက်စွဲဖြင့် ထွက်ရှိလာသည့် ပြည်တွင်း အပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ပြည်သူ့လွတ်တော် ဥက္ကဌ ဦးရွှေမန်း က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ လွတ်မြောက်ရန် ပိုနီးကပ်လာပြီဖြစ်သည်ဟု ရန်ကုန်တွင် ပြုလုပ်သည့် ပြည့်သူ့လွတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်(ရန်ကုန်-ရုံးခွဲ) ဖွင့်ပွဲ အခမ်း အနားတွင် ပြောကြားသွားသည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းသား ၆၃၅၉ ဦး ကို လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား၂၀၀ ခန့် ပါဝင်သည်။
ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ နောက်ဆုံးရ စာရင်းများအရ မြန်မာ နိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၅၄၆ ဦးရှိပြီး မြန်မာအစိုးရ၏ စာရင်းတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသား ၂၀၀ ကျော်သာရှိသည်ဟု သိရသည်။
ဧရာဝတီ

အင်တာနက်ဆိုင် ဝန်ထမ်းအချို့ မိန်းကလေးများ၏ ဂျီမေးလ် ရောင်းစားလာ

အင်တာနက်ဆိုင်များရှိ စက်ထိန်းချုပ်ကိုင်တွယ်သူ ဆိုင်တာဝန်ခံများသည် အခကြေးငွေဖြင့် ဆိုင်၌လာရောက်အသုံးပြုသူ မိန်းကလေးများ၏ ဂျီမေးလ်အကောင့်ကို လိုချင်သူရှိလျှင် ငွေဖြင့်ရောင်းစားခြင်းများ ရှိလာကြောင်း သုံးစွဲသူအချို့က ပြောသည်။
”ကျွန်မအကောင့်ထဲကို နေ့တိုင်းယောက်ျားလေး ၅ ယောက်လောက် ဝင်ဝင်လာတယ်။ ပိုသိသာတာက ကျွန်မအကောင့်က လူနည်းတယ်။ ဒါနဲ့ ကျွန်မလည်းဝင် လာတဲ့ အကောင့်တွေကို မေးလိုက်တော့ ရိုင်းစိုင်းတဲ့စကားတွေပြောပြီး ကျွန်မအကောင့်ကို ကျွန်မသုံးနေတဲ့ ဆိုင်ကကောင်လေးက ရောင်းတာလို့ ပြောတယ်”ဟု အသက် ၂ဝ အရွယ်အမျိုးသမီးတစ်ဦးက သူမ၏ အတွေ့အကြုံကို ပြောသည်။
အင်တာနက် သင်တန်းတက်နေသူ ကျောင်းသားတစ်ဦးက အင်တာနက်ဆိုင်အချို့သည် သုံးစွဲသူများ၏ အကောင့်နာမည်၊ Passwordများကို ကြည့်ရှုနိုင်ရန် ဆော့ဖ်ဝဲများ ထည့်ထားကာရရှိသည့် ဂျီမေးလ်အကောင့်များကို ပြန်လည်ဖြန့်ဝေခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ပြင် ငွေပေး၍ ဖွင့်ခိုင်းသော ဂျီမေးလ် အကောင့်များ တွင် ဗိုင်းရပ်စ်များ ထိန်းချုပ်နိုင်သော လျှို့ဝှက်သင်္ကေတများ ရိုက်ထည့်ထားခြင်းမျိုးလည်း ရှိကြောင်း ဆိုသည်။
မိမိ၏ဂျီမေးလ်လုံခြုံမှုရှိမရှိနှင့် ငွေပေးဖွင့်သည့် အကောင့်အချို့အပေါ် အိုင်တီပညာရှင် ဦးကျော်ကျော်က ”အကောင့်တစ်ခုကို ငွေပေးပြီး ဖွင့်ခိုင်းလိုက်ပေမယ့် အကောင့်ဖွင့် ပေးတဲ့သူက ရိုးရိုးသားသားရှိရင်တော့ ကောင်းပါတယ်။ အီးမေးလ် အကောင့်ဖွင့်မယ်ဆိုရင် ထိန်းချုပ်လို့ ရတာတွေအများကြီးပဲ။ တစ်ဆင့်ခံ ဖွင့်ပေးတဲ့အတွက် ကိုယ့် အကောင့်ကို အချိန်မရွေးဝင်ကြည့်နိုင်အောင် လုပ်ထားမယ်ဆိုရင် မလုံခြုံနိုင်ဘူး” ဟု သုံးသပ်ပြသည်။
ယခင်က ပြည်တွင်းမှာပင် ဂျီမေးလ်အကောင့်ဖွင့်ရန် လွယ်ကူမှုရှိခဲ့သော်လည်း ယခုအခါ နိုင်ငံခြား ဖုန်းနံပါတ်အား အကောင့်ဖွင့်ရန် ရိုက်သွင်းရသည့်အတွက်ကြောင့် အလျင်စလို အကောင့်ဖွင့်လိုသူများသည် အင်တာနက်ဆိုင်တချို့ အား ငွေပေး၍ ဖွင့်ခိုင်းခြင်းများ ဖြစ်လာခဲ့သည်။
ထိုသို့ငွေပေး၍ ဖွင့်ခိုင်းခဲ့သည့်အကောင့်သည် အဆင်ပြေမှုမရှိခဲ့ကြောင်းကို ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသူ ဦးမင်းဇော်က ”ဂျီတော့ခ်၊ အီးမေးလ်အကောင့်တစ်ခုကို အမြန် လိုချင်လျှင် ၈ဝဝဝ တဲ့။ အဲဒါကျွန်တော်လည်း အမြန်လိုလို့ ဖွင့် ခိုင်းလိုက်တယ်။ အကောင့်က မသုံးဘဲနဲ့ အမြဲပွင့်နေတယ်။ အဲဒီထဲမှာလည်း အရေးကြီးတဲ့လူတွေကို မ ထည့်ရဲတော့လို့ အကောင့်ပြောင်း လိုက်ရတယ်” ဟု သူ၏ အဖြစ် အပျက်ကို ပြောသည်။
ထပ်မံ၍ နိုင်ငံခြားဆက်သွယ်၍ အလုပ်လုပ်ကိုင်နေသူတစ်ဦးကလည်း ”အကောင့်ခိုးဖို့ဆို တော် တော်ခက်တယ်။ အခုနောက်ပိုင်း ဟက်ကာသင်တန်းတွေ ထိန်းချုပ် နိုင်တဲ့ ဆောဖ့်ဝဲတွေ ရောက်လာတော့ ဂျီမေးလ်တွေ၊ အင်တာနက်တွေ က စိတ်ချရမှုမရှိတော့ဘူး။ ဟိုတစ်လောက သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ဆီ A4လေးခုစာ လောက်ရှိတဲ့ မေးလ်တစ်ခုပို့လိုက် တယ်။ အဲဒီမှာ အကောင့်နာမည် Passwordတွေ ရေးထားတာ အများကြီးပဲ။ ကျွန်တော်တောင် မယုံလို့ အဲဒီအကောင့်နာမည်တစ်ခု နဲ့ Passwordကို ဖွင့်ကြည့်လိုက်တော့ တကယ်ပွင့်သွားတယ်။ အဲဒါကြောင့် တစ်ဆင့်ခံငွေပေးပြီး ဖွင့်ခိုင်းတာမပြောနဲ့ ကိုယ်တိုင်ဖွင့်ထားတဲ့ အကောင့်တောင် ခိုးဖို့လွယ်သွား ပြီ” ဟု ၄င်းက ရှင်းပြသည်။
မေမြန်မာ
ပေါ်ပျူလာဂျာနယ်

လှည်းတန်းလမ်းဆုံ ဗုံးကွဲမှု နောက်ဆက်တွဲ သတင်း

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီး ရန်ကုန် တက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးအိမ်သာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ်

ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ တက္ကသိုလ်ရိပ်သာဝန်းနှင့် တစ်ဆက်တည်းရှိသော ပန်းခြံငယ်အတွင်း ဖွင့်လှစ်ထားသည့် အများသုံးသန့်စင်ခန်း၌ ဗုံးပေါက်ကွဲမှုကြောင့် အဆိုပါသန့်စင်ခန်း၏ ၀န်ထမ်းတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၀န်ထမ်းတစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သန့်စင်ခန်း ၀န်ထမ်းဖြစ်သည့် လှိုင်သာယာမြို့နယ်နေ ဒေါ်မြတ်သန်းရီ အသက် ၄၂ နှစ်မှာ မျက်နှာစုတ်ပြဲ၊ ဦးနှောက်ပွင့်၊ ၀ဲလက်ကောက်ဝတ်မှပြတ်ထွက်၊ ယာ ဘက်လက်တစ်ထောင်ဆစ်မှ ပြတ်ထွက်စသည့်ဒဏ်ရာများရကာ သေဆုံးခဲ့ကြောင်း၊ ၀န်ထမ်းတစ်ဦးဖြစ်သည့် မခင်မြတ်နွယ် အသက် ၂၄ နှစ၊် တိုက် (၂) ၊အခန်း (၁၂) ဟံသာဝတီ စည်ပင်ရိပ်သာနေသူမှာ ယာလက်ကောက်ဝတ်၊ ယာမျက်ခုံး စုတ်ပြဲဒဏ်ရာနှင့် ပါးစပ်သွေးထွက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
bomb2
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီး ရန်ကုန် တက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးအိမ်သာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ်
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့ စစ်ဆေးချက်အရ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီလောက်မှာ အသက် ၂၂ အရွယ်လို့ ခန့်မှန်းရတဲ့ ကုလားဆင်လူငယ်တစ်ဦးက အဲဒီ သန့်စင်ခန်းထဲကို ၀င်လာပြီးတော့ အပေါ့သွားတယ်။ ပြီးတော့ သူကပါလာတဲ့အိတ်ကို ဒီမှာခဏအပ်ထားမယ်။ တည်းခိုခန်းစုံစမ်းဖို့ သွားအုံးမယ်ဆိုပြီး ထားသွားခဲ့တာပါ။ အခု တရားခံလို့ ယူဆရတဲ့ အဲဒီသူကို အမြန်ဆုံးဖမ်းမိဖို့ အတွက် ဆောင်ရွက်နေပါပြီ "ဟု ဗုံးကွဲခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

အဆိုပါ သန့်စင်ခန်း၏ အလယ်လျှောက်လမ်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုမရှိသေးသည့် ဗုံးတစ်လုံးကိုလည်း ရဲတပ်ဖွဲ့ နှင့် BE တပ်မှ တာဝန်ရှိသူများက မိုင်းအတက်ကို ဖြတ်တောက်ခဲ့ကြောင်း သိရသည်။
ပေါက်ကွဲခဲ့သည့် ဗုံးအမျိုးအစားမှာ C4 အမျိုးအစားဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
bomb3
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီး ရန်ကုန် တက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးအိမ်သာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ်
ဗုံးပေါက်ကွဲသည့်ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် အနီးနားရှိ အနော်ရထာကွန်ဒိုအိမ်ယာတွင် နေထိုင်သူတစ်ဦးကလည်း "ကျွန်တော်က အဲဒီအချိန်က ရေသောက်နေတုန်း ၀ုန်းဆိုပြီးတော့ အသံအကျယ်ကြီး ကြားလိုက်ရတော့ ၀ရံတာကနေ ကြည့်လိုက်တဲ့ အခါမှာ အဲဒီပန်းခြံထဲမှာရှိတဲ့ သန့် စင်ခန်းက အလူမီနီယမ်တွေနဲ့ အပိုင်း အစတွေက အုန်းပင်ကို ကျော်ပြီးလွှင့်စင်သွားတာကို တွေ့ရပါတယ်။ ဒါ နဲ့ သွားကြည့်တော့ အမျိုးသမီးတစ် ဦးကို ဆေးရုံကို ပို့ဖို့ဆောင်ရွက်နေ တာတွေ့ရတယ်။ သန့်စင်ခန်းအရှေ့ က လမ်းမပေါ်မှာ ပြတ်သွားတဲ့ လက်ချောင်းလေးတွေကိုလည်း တွေ့ရပါတယ် " ဟု ၄င်း၏မြင်တွေ့ ရမှုအပေါ် ပြန်ပြောပြခဲ့သည်။
အဆိုပါဖြစ်စဉ်ကို ကမာရွတ် မြို့နယ်ရဲစခန်း (ပ) ၄၀၀ /၂၀၁၁၊ ပေါက်ကွဲ အက်ဥပဒေပုဒ်မ ၃၊ ကမာ  ရွတ်မြို့နယ်ရဲစခန်း (ပ)၄၀၁/၂၀၁၁ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၀၇/ ၃၂၆ တို့ဖြင့် အမှုဖွင့်ထားပြီး တရားခံ အား ဖမ်းဆီးရမိရန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
EMG

စင်္ကာပူမှ မြန်မာ ငွေလွှဲ ဒေါ်လာ ၄.၅ သန်း လိမ်ယူထွက်ပြေး

စင်္ကာပူက ငွေလွှဲသူ မြန်မာအမျိုးသမီးတဦး သိန်းထောင်ပေါင်းများစွာ ခိုးယူထွက်ပြေး
မိုးမခအထောက်တော်၊ စင်္ကာပူ၊ ဒီဇင်ဘာ၊ ၂၂၊ ၂၀၁၁
စင်္ကာပူနိုင်ငံ၊ ပင်နဆူလာပလာဇာမှာ ဖွင့်လှစ်ထားတဲ့ "ရွှေရတနာ" မြန်မာဆိုင်ပိုင်ရှင်အမျိုးသမီးက ငွေလွှဲဖို့ အများက အပ်ထားတဲ့ ငွေ ယူအက်စ်ဒေါ်လာ ၄ သန်းမှ ၅ သန်းဖိုးကြားကို ခိုးယူပြီး အင်္ဂလန်နိုင်ငံသို့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ စင်္ကာပူမှာသာမက မြန်မာပြည်က လွှဲငွေများအပါအ၀င်ဖြစ်တာကြောင့် ရန်ကုန်က (ရွှေရတနာ) ရုံးခန်းကို အစိုးရက ချိတ်ပိတ်လိုက်ပြီလို့ ဆိုပါတယ်။
ငွေလွှဲက မိမိအကျိုးအတွက်အလွဲသုံးစားပြီး လိမ်ညာခိုးယူထွက်ပြေးတဲ့အကြောင်း စင်္ကာပူရဲကို တိုင်ကြားတဲ့အတွက် စင်္ကာပူရဲက သူ့မှတ်ပုံတင်နဲ့ လိုက်ရာမှာ အင်္ဂလန်ကို ထွက်သွားတဲ့အကြောင်း၊ လန်ဒန်မှာ တည်းခိုနေတဲ့ ဟိုတယ်လိပ်စာကို ထုတ်ဖော်နိုင်တဲ့အကြောင်း ၊ ဟိုတယ်မှာ ဖမ်းဆီးရမိပြီ ဖြစ်တဲ့အကြောင်း စင်္ကာပူက မြန်မာများအသိုင်းအ၀ိုင်းမှာ သတင်းဖြစ်နေပါတယ်။ အတည်ပြုချက်မရသေးပါဘူး။
"လူမိပြီး ပိုက်ဆံတွေ မဖမ်းမိရင်တော့၊ ငွေတွေအားလုံး လူတွေ ဆုံးကြမှာပဲ။ ပင်နဆူလာမှာ ဆူနာမိဝင်တိုက်လိုက်သလိုပဲလို့ ပြောနေကြတယ်။ မြန်မာပြည်ကို ပိုက်ဆံပို့တဲ့ စနစ်ကလည်း တရားမ၀င် Hondi နဲ့ ငွေလွှဲနေကြရတာဆိုတော့ ဘယ်လိုနည်းနဲ့မှ လုံခြုံမှုတွေ၊ အာမခံတွေ မရှိဘူးလေ။"
လို့ မြန်မာစင်္ကာပူနိုင်ငံသားတဦးက မိုးမခကို ပြောပြပါတယ်။
အဆိုပါအမျိုးသမီးကိုယ်တိုင်က ၂၀၀၅ ခုနှစ်မှာ (ရွှေမန္တလေး) အမည်နဲ့ မြန်မာဆိုင်တဆိုင် ဖွင့်ပြီး လွှဲငွေတွေကို အပိုင်စီးပြီး ထွက်ပြေးခဲ့ဘူးတယ်။ အဲသည်တုန်းက စင်္ကာပူအစိုးရကို တိုင်တာ တောတာတွေ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ အခု (ရွှေရတနာ) အမည်နဲ့ ဆိုင်သစ်တခု ပြန်လာဖွင့်တာ ၂ နှစ်လောက်ပဲ ရှိသေးကြောင်း၊ ယခု (ရွှေရတနာ) ဆိုင်ကို ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းသည်က ဟန်မပျက်ဖွင့်ထားတာ မနေ့ကအထိ ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသမီးရဲ့ ဆွေမျိုးတွေကလည်း မန္တလေးမြို့က ဖြစ်ကြောင်း၊ မြန်မာပြည်က အစိုးရအသိုင်းအ၀ိုင်းထဲက အကောင်ကြီးကြီးတကောင်ရဲ့ ငွေတွေပါသွားလို့ အမှုမှာ လူသိရှင်ကြားဖြစ်ရတယ်လို့ မိုးမခမိတ်ဆွေတဦးက ဖြေကြားပါတယ်။
ဆိုင်လိပ်စာက အောက်ပါအတိုင်းဖြစ်တာကို အင်တာနက်မှာ တွေ့ရပါတယ်။
SHWE YADANAR TRADING PTE LTD, #03-52, Peninsula Plaza, Tel : 6337 0891

လုပ်ခ၊ လစာ ခေါင်းပုံဖြတ်မှု လူပွဲစားကုမ္ပီဏီကို သက်ဆိုင်ရာသို့ တိုင်ကြား

တရုတ်နိုင်ငံမှာ အလိမ်ခံရတဲ့ မြန်မာအလုပ်သမားများ


တရုတ်နိုင်ငံရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်ရန် အေးဂျင့်တစ်ခု၏ အကူအညီရယူ၍ သွား ရောက်ခဲ့သော မြန်မာလုပ်သား ၅၀ ကျော် လုပ်ခလစာအပြည့်အ၀မရခြင်းနှင့် လုပ်အားခခေါင်းပုံဖြတ်စေခိုင်းမှု များကြောင့် ပို့ဆောင်ခဲ့သည့် ကုမ္ပဏီအား ကာယကံရှင်များက သက်ဆိုင်ရာသို့ တိုင်ကြားရန် စီစဉ်လျက်ရှိ ကြောင်း သတင်းရရှိသည်။
ယင်းကုမ္ပဏီမှတစ်ဆင့် သွားရောက်သည့်မြန်မာလုပ်သား ၅၀ ကျော်သည် တရုတ်နိုင်ငံရှိ နည်း ပညာစက်ရုံတစ်ရုံတွင် လုပ်ကိုင်ခွင့်ရရှိရန်အတွက် ပြည်တွင်းမှ ၀န်ဆောင်မှုပေးသည့်ကုမ္ပဏီအား ပို့ဆောင်ခ တစ်ဦးလျှင် ကျပ်ဆယ့်နှစ်သိန်းပေးဆောင်ခဲ့ရပြီး၊ အလုပ်ခွင်သို့ ရောက်ရှိရာတွင် သက်ဆိုင်ရာစက်ရုမှ လစာငွေ အပြည့်မပေးခြင်း၊ ပုံမှန်လစာ မရှင်းပေးခြင်း၊ နိုင်ငံကူးလက်မှတ်များ သိမ်းဆည်းထားခြင်းတို့ကို ပြုလုပ်ခဲ့ ကြောင်း ယင်းစက်ရုံမှ ပြန်လာခဲ့သူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းရှိ ပို့ဆောင်ပေးသည့် ကုမ္ပဏီက မူလ ပြောဆိုခဲ့ရာတွင် လစာယွမ်ငွေ ၂၅၀၀ မှ ၃၀၀၀ အတွင်းပေးအပ်မည်၊ ထမင်းနှစ်လတိတိ အခမဲ့ကျွေးမည်ဖြစ်၍ ခန့်မှန်းလစာ ကျပ်ငွေသုံးသိန်း ၀န်းကျင် ရမည်ဆိုသောလည်း လုပ်ငန်းခွင်ရောက်ရှိချိန်တွင်မူ ပြောထားသည့်လစာ၏ ထက်ဝက်မျှသာ ရရှိပြီး မိမိစရိတ် ဖြင့်ပင် စားသောက်ရကြောင်း အလုပ်ချိန်အား ၁၂ နာရီကြာသတ်မှတ်ခဲ့ခြင်းများကြောင့် စက်ရုံအလုပ်သမား အချို့က တရုတ်နိုင်ငံရှိ မြန်မာသံရုံးသို့ အကူအညီတောင်းခံတိုင်ကြားခဲ့ကြောင်း သိရသည်။

လုပ်သားအချို့အား နေရပ်သို့ပြန်ပို့ပေးခဲ့သော်လည်း လစာများရရှိရန် ကျန်ရှိနေခြင်း၊ နစ်နာ ဆုံးရှုံးမှုများအား ပြန်လည်ရရှိရန် ယခုအချိန်အထိ ကုမ္ပဏီဘက်မှ လုပ်ဆောင်ပေးခြင်းမရှိကြောင်း သိရသည်။

ယင်းအခြေအနေများကြောင့် ကာယကံရှင်များဘက်မှ ပို့ဆောင်ပေးသာ ကုမ္ပဏီအား အလုပ် သမားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့သို့ တိုင်ကြားမည်ဖြစ်ကြောင်း ယင်စက်ရုံမှ ပြန်လည်ရောက်ရှိလာ သည့် အလုပ်သမားမိဘတစ်ဦးက 7 Day News သို့ပြောသည်။

By: သစ်ထူးလွင်

သမ္မတအမိန့် ရှေ့တန်းစစ်မျက်နှာသို့ မရောက်သေး

ကချင်ပြည်နယ်မှ ထိုးစစ်များကို ရပ်တန့်ကာ ခုခံတိုက်ခိုက်ခြင်းသာ ပြုလုပ်ရန် သမ္မတမှ ကာ ကွယ်ရေးဦးစီးချုပ်ထံ စာပို့ခဲ့သော်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် ဝေးလံဒေသများတွင် ရောက်ရှိနေ သည့် ရှေ့တန်းတပ်ရင်းအဖွဲ့များဆီသို့ ညွှန်ကြားချက်ထပ်ဆင့် ပေးပို့ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းက ပြောသည်။

" တပ်တွေရဲ့ အစဉ်အလာသဘောအရ ကာကွယ်ရေးဦးစီးချုပ်ကနေ တိုင်းမှူး၊ ဗျူဟာမှူး၊ တပ် ရင်းမှူး၊ တပ်ရင်းကနေမှ ရှေ့တန်းတပ်ရင်း တပ်ဖွဲ့တွေအထိ အဆင့်ဆင့်တွေက ဝေးလံတဲ့နေရာတွေမှာ ရောက် နေတတ်တယ်။ ဆက်သွယ်ရေးမပြည့်စုံတဲ့ နေရာတွေ ရောက်နေတဲ့အတွက် အချိန်ယူရတယ်။ ဒီနေ့အမိန့်ထုတ် ပြီး နက်ဖြန်ရပ်လိုက်တာမျိုးတော့ မရေလောက်ဘူး" ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

သမ္မတက ကာကွယ်ရေးဦးစီးချုပ်ထံသို့ အမိန့်ညွှန်ကြားချက် မပေးပို့ခင်ကတည်းကပင် တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ဌာနချုပ်တည်ရှိရာ နေရာများသို့ လုံးတိုက်ခိုက်ခြင်းမပြုပါဟု နှုတ်ကတိပေး ထားခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှုဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဦးသိန်းဇော်က ပြောသည်။

အမိန့်ညွှန်ကြားချက်မှာ ရှေ့တန်းစစ်မျက်နှာသို့ မရောက်ရှိသေး၍ သော်လည်းကောင်း နှစ်ဦး နှစ်ဖက်စလုံးက ထုတ်ပြန်ချက်ကို မသိရှိသေး၍ သော်လည်းကောင်း အသေးစား ပစ်ခတ်မှုအချို့ရှိနိုင်ကြောင်း ၄င်းတို့က ဆိုသည်။

" အဲဒါကို မုန့်နဲ့ တုတ်နဲ့ပေးတယ်လို့ ပြောလို့မရပါဘူး" ဟု ဦးအောင်သောင်းက ဆိုသည်။

7 DAY NEWS Journal

NLDပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရန်စီစဉ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မှတ်ပုံတင်ပြီးပါက ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တစ်နှစ်အတွင်း ကျင်းပရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၉ ရက်တွင် အင်န်အယ်လ်ဒီရုံးချုပ်တွင် ပြုလုပ်ခဲ့သော ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အစည်းအဝေး၌ ပါတီ၏နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေးကို စတင်ဆွေးနွေးခဲ့ကြောင်း အင်န်အယ်လ် ဒီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ထိုညီလာခံတွင် ပါတီနှင့်ကင်းကွာခဲ့သော၊ ထွက်သွားသော ပါတီဝင်ဟောင်းများကို အင်န်အယ်ဘ်ဒီပါတီသို့ ပြန်လည်ဝင်ရောက်လိုပါက တင်ပြခွင့်ပြုရန် စီစဉ်နေကြောင်း ဦးဉာဏ်ဝင်းက ဆက် လက်ပြောသည်။

ယခုအခါ ပါတီဝင်ဟောင်းတစ်ဦးဖြစ်သော အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်မှာ အင်န်အယ်လ်ဒီပါတီသို့ ပြန်လည်ဝင်ရောက်ရန် အမျိုးသားဒီမိုကရေ စီပါတီသစ်မှ တရားဝင်နုတ်ထွက်ခဲ့သည်။ ထို့အတူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးမှာလည်း အင်န်အယ်လ်ဒီပါတီသို့ ၀င်ရောက်ရန် အင်န်ဒီအက်ဖ်ပါတီမှ တရားဝင်နုတ်ထွက်သွားပြီးဖြစ်ကြောင်း အခွင့်အလမ်းဂျာနယ် မှာဖော်ပြထားပါသည်။
By: သစ်ထူးလွင်

၀၉-၉၉ ဆယ်လူလာ အပြီးပိတ်မည်

၀၉-၉၉ နံပါတ်ဖြင့်စသော ဆယ်လူလာဖုန်းလိုင်းအား လာမည့်နှစ်ဆန်းပိုင်းတွင် အပြီးပိတ်သိမ်းသွားမည်ဟု သတင်းအချက်နည်းပညာဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးကပြောသည်။

"လောလောဆယ်မပိတ်သေးပါဘူး။ နောက်နှစ်ဇန်နဝါရီလလောက်မှာ ပိတ်သွားမှာပါ။ လိုင်းပိတ်တဲ့ အခါကြရင်လည်း ၀၉-၈၀ ဖုန်းတွေ ငါးသိန်းဖုန်းနဲ့ လဲလှယ်ပေးသလို မျိုးပဲ ဆောင်ရွက်သွားမှာပါ။ အဓိကကတော့ စနစ်ဟောင်းဖုန်းတွေကို စနစ်သစ်ဖုန်းတွေနဲ့ အစားထိုးတဲ့သဘောပါ" ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ နည်းစနစ်ဟောင်းနွမ်းမှုကြောင့် အပြီးသတ်ပိတ်သိမ်းလိုက်သော ဖုန်းလိုင်းမှာ ၀၉-၈၀ ဖုန်းလိုင်းနှင့် ၇၂ ဖြင့်စသော ခြင်းဖုန်းများဖြစ်ပြီး ငါးသိန်းတန် CDMA 800 MHz, GSM ဖုန်းများဖြင့် လဲလှယ်ပေးထားကြောင်း သိရသည်။

"လဲလှယ်ပေးတဲ့အခါမှာလည်း ငွေအလိုက်ပေးစရာမလိုပါဘူး။ ဖုန်းနဲ့ပါတ်သက်တဲ့ စာရွက်စာတမ်းပေးလိုက်တာနဲ့ ရပါပြီ။ ၈၀ ဖုန်းလဲလှယ်ပေးတဲ့ ရုံးတွေမှာပဲ ဆက်လက်လဲလှယ်ပေးသွားမှာပါ" ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

လက်ရှိတွင် ဖုန်းလိုင်းပိတ်သိမ်းလိုက်သည့် ခြင်းဖုန်းနှင့် CDMA ဖုန်းများအား ပန်းဆိုးတန်း မြန်မာ့ဆက်သွယ်ရေးရုံး၊ အလုံဆက်သွယ်ရေးရုံး၊ ရွှေဂုံတိုင်မိုဘိုင်းအိတ်ချိန်းရုံးနှင့် ရန်ကုန်စာတိုက်ကြီး လေးနေရာတွင် လဲလှယ်ပေးခဲ့ရာ အများစုမှာ ပန်းဆိုးတန်း မြန်မာ့ဆက်သွယ်ရေး ရုံးတွင်သာ လဲလှယ်မှုပိုများကြောင်း သိရသည်။

"ဝယ်တုန်းက ဈေးကြီးပေးပြီး ဝယ်ခဲ့ရတယ်။ အခုပြန်ရောင်းတော့လည်း ဘယ်သူမှ မဝယ်ဘူး။ ဆက်သွယ်ရေးမှာ သွားလဲတော့လည်း ငါးသိန်းတန်ဖုန်းပဲရတယ်။ ဆယ်သိန်း နီးပါးအရှုံးပေါ်တယ်။ လဲတော့မလဲချင်ပါဘူး။ မဖြစ်မနေလဲလှယ်ရတော့မယ်ဆိုမှ သွားလဲမှာပါ" ဟု မင်္ဂလာတောင်ညွှန့်မှ ဆယ်လူလာဖုန်းကိုင်ဆောင်သူ မနီလာဝင်းကပြောသည်။

ပေါ်ပြုလာ - vol 3, no 50

'အဲ့ဒီအခန်းဖြတ်' က ဖြစ်ရပ်မှန်ဟု ဒါရိုက်တာ ဝိုင်း ပြော

မြန်မာ့ ရုပ်ရှင်ဆင်ဆာဘုတ် အဖွဲ့၏ ရုပ်ရှင်နှင့် ဗီဒီယိုများအပေါ် ဆင်ဆာဖြတ်တောက်မှု အခြေအနေများကို ပထမဆုံး သရုပ်ဖေါ် ရိုက်ကူးထားသည့် “အဲ့ဒီအခန်းဖြတ်” ရုပ်ရှင်ကားတိုသည် တကယ့်
ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားခြင်းဟု ထိုရုပ်ရှင်ကို ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးခဲ့သူ ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။

“အဲဒီထဲမှာ တကယ်အမှန်အကန် အကုန်ပါတာ။ ကျနော် လုပ်ကြံပြီး ရိုက်ထားတာ တခုမှ မပါဘူး။ တကယ့် ဖြစ်ရပ် မှန်တွေပါ။” ဟု ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။ အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ မိမိတို့ ရုပ်ရှင်လောကသားများ ခံစားနေရသည့် ဆင်ဆာဖြတ်တောက်မှုများကို တင်ပြလိုခြင်းဟုလည်း ဒါရိုက်တာ ဝိုင်းက ပြောသည်။

၁၈ မိနစ်ကြာမြင့်သည့် အဆိုပါ ရုပ်ရှင်ကားတွင် ပြန်ကြားရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ သာသနာရေး စသည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် ရုပ်ရှင်ဆင်ဆာဘုတ် အဖွဲ့သည် ယင်းတို့ ကိုယ်စားပြုသည့် ဝန်ကြီးဌာနကို ထိခိုက်စေမည့် ပြကွက်များ စိစစ်ဖြတ်တောက်ပုံကို သရုပ်ဖေါ် ရိုက်ကူးထားခြင်း ဖြစ်သည်။



ဒါရိုက်တာ ရိုက်ကူးတင်ပြလာသည့် သူတောင်းစား အခန်းကို ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမှ “သူတောင်းစားက အပြင်မှာရှိချင်ရှိမယ် ရုပ်ရှင်ထဲမှာ မရှိရဘူး။ ဒါ နိုင်ငံတော်ကို သိက္ခာချနေတာ။”ဟု ဆိုကာ
ဖြတ်ပစ်သည့် ဇာတ်ဝင်ခန်းကိုလည်း ရိုက်ကူး တင်ပြထားသည်။

ယင်းအပြင် ဝန်ထမ်းများ လာဘ်စားသည်ကို သရော်သည့် ရုပ်ရှင်ဇာတ်ဝင်ခန်း တင်ပြရိုက်ကူး ထားသည်ကိုလည်း
ပြည်ထဲရေး ဝန်ကြီးဌာနမှ ဝန်ထမ်းက “ Good Governance Clean Government လုပ်နေတဲ့အချိန်မှာ အဲဒီ
ပြကွက်တွေ ခွင့်ပြုလိုက်ရင် အကုန်လုံး ကွိုင်တက်ကုန်မှာပေါ့။” ဟုဆိုကာ ဖြတ်ခိုင်းပြန်သည်။

ထိုကဲ့သို့ မိမိတို့ ဖန်တီးထားသည့် အနုပညာကို ဖြတ်တောက်မှုများကြောင့် စိတ်ထိခိုက်ရသည်ဟုလည်း ဒါရိုက်တာဝိုင်းက ပြောသည်။

“တခါတလေကျရင် အသေအလဲ သရုပ်ဆောင်ထားတဲ့ ပြကွက်တွေ ဘာမှန်းမသိဘဲနဲ့ ဖြတ်ခံလိုက်ရတယ်။ ဒီမှာ လုပ်ထားတာက ရင်ဘတ်တွေနဲ့ လုပ်ထားတာ သေရော။ သူတို့တွေက ကျနော်တို့ နှလုံးသားတွေကို ဓါးနဲ့ ဖြတ် လိုက်သလိုပဲ။ အဲဒီအခါကျတော့ သရုပ်ဆောင်တွေမှာလည်း အခက်အခဲ၊ ဒီဘက်က စဉ်းစားပြီးလုပ်ထားတဲ့ ဇာတ်ညွန်းဆရာမှာလည်း အခက်အခဲ၊ ဖန်တီးထားတဲ့ ဒါရိုက်တာမှာလည်း အခက်အခဲ Felling တွေက သွားပြီ
ပေါ့ဗျ။ လူကိုသတ်တာထက် Felling တွေကို သတ်တာ ပိုဆိုးတယ်။” ဟု ဝိုင်းက မဇ္ဈိမကို ပြောသည်။

အဲဒီအခန်းဖြတ် ဇာတ်ကားတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းအဖြစ် သရုပ်ဆောင်ခဲ့သူ သရုပ်ဆောင် ကိုဇော်ဝင်းနိုင်ကလည်း “ကိုယ်ရိုက်တဲ့ အခန်းလေး ဖြတ်တဲ့အထဲ ပါသွားတယ်ကွ ဆိုတာ ကျနော်တို့ ကားတွေ
တော်တော်များများ ခံစားဖူးပါတယ်။ အဲဒါဖြတ်တဲ့အထဲ ပါသွားတယ်ဆို ရင်ထဲမချမ်းသာဘူးလေ။ ဪ ငါတို့ လုပ်ထားတာ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးတို့ ဘာတခုမှလည်း မစော်ကားဘူး၊ နောက် ဆဲရေးတိုင်းထွာ တာလည်း မဟုတ်ဘူးဗျ။” ဟု မဇ္ဈိမကို ပြောသည်။

ယင်းအပြင် ဆင်ဆာဘုတ်အဖွဲ့သည် ရိုက်ကွက် တခုတည်းကိုပင် ပေးချင်သည့်သူကိုပေးကာ၊ မပေးချင်သည့်သူကို ဆင်ဆာဖြတ်တောက်မှုများ ပြုလုပ်သည်ဟု ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။

“အဲဒီအခန်းဖြတ်” ရုပ်ရှင်ဇာတ်လမ်းတိုသည် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် ဒါရိုက်တာ ကိုသူရတို့ ဦးဆောင် ကျင်းပသည့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ကား ဖြစ်သည်ဟုလည်း သိရသည်။

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ကားပေါင်း ၁၈၀ ခန့် လက်ခံရရှိပြီး ဇန်နဝါရီလ ၁၊ ၂၊ ၃ ရက်နေ့များတွင် ရွေးချယ်ကာ လေးရက်နေ့တွင် ဆုပေးပွဲ ကျင်းပမည်ဟုလည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မဇ္ဈိမကို ပြောသည်။

ဆုပေးပွဲအခမ်းအားကို ရန်ကုန်မြို့ တော်ဝင်စင်တာ ဟိုတယ် အထပ် ခုနှစ်တွင် ကျင်းပမည်ဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ ဆုချီးမြှင့်မည်ဟုလည်း သိရသည်။ ဆုကြေးကို ကျပ်ငွေ ၁၀ သိန်း ပေးမည်ဟု သိရသည်။
မျိုးသန့် -- ချင်းမိုင် (မဇ္ဈိမ)

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် ဇာတ်ကားပေါင်း ၁၈၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် (The Art of Freedom Film Festival) သို့ မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်သည့် ရုပ်ရှင်ကားပေါင်း ၁၈၀ ရှိသော်လည်း ပြည်ပနိုင်ငံများမှ ပေးပို့ယှဉ်ပြိုင်သောဇာတ်ကားများမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာတိုက်ကြီးမှ ဆက်သွယ်ရေးစည်းကမ်းစနစ်နှင့် အင်တာနက်ကွန်နက်ရှင်တို့ကြောင့် ပြိုင်ပွဲမှ ပယ်ဖျက်ရရန်အခြေအနေ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။


“စာတိုက်ကနေတစ်ဆင့်ပို့တာတွေက ဒီဗီဒီတွေဖြစ်နေတဲ့အတွက် ဆင်ဆာကနေတစ်ဆင့်ထုတ်ယူဖို့ စာတိုက်ကြီးက အကြောင်းကြားတယ် ၊ဆင်ဆာကို ဖြတ်နေရင် တစ်လလောက်ကြာမှာမို့ဒီကားတွေက အဆင်မပြေဘူး။ နောက်ပြီး ကိုသူရ စာနယ်ဇင်းရှုင်းလင်းပွဲမှာ ပြောသွားခဲ့တဲ့ အွန်လိုင်းမှာ ၁၆ ကားလောက်ရောက်နေပြီဆိုတာအပြင် နောက်ထပ်ထပ်ပို့ထားတာတွေ ရှိနေပေမယ့် မြန်မာပြည်ကွန်နက်ရှင်အနေအရ ဒေါင်းလော့ဒ်ဆွဲဖို့အဆင်မပြေဘူး။ ဒါကြောင့် ပြည်ပအနေနဲ့က လူကြုံနဲ့ထည့်ပေးလိုက်တဲ့ ဇာတ်ကားလောက်ပဲပါတော့မယ်” ဟု ရုပ်ရှင်ပွဲတော်မှအကဲဖြတ် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုသည်။


လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်သို့ ပေးပို့ယှဉ်ပြိုင်သည့် ဇာတ်လမ်းများမှာ ဇန်န၀ါရီလ ၁ ရက်မှ ၃ ရက်အထိ ကျင်းပပြသမည့် ရုပ်ရှင်ပွဲတော်အတွက် အလွန်များပြားသည့်ပမာဏဖြစ်နေပြီး ပြိုင်ပွဲကပေးထားတဲ့ Theme အား ဖေါ်ပြနိုင်မှုနှင့် အရည်အသွေးပေါ်ကို အကဲဖြတ်အဖွဲ့မှ ကိုသူရ (ခ) ဇာဂနာနှင့် မင်းထင်ကိုကိုကြီးတို့က ပထမအဆင့်အနေဖြင့် ရွေးချယ်ကာ ပြပွဲအတွက်ပြသသွားမည်ဖြစ်သည်။

ထိုမှပြပွဲအပြီး ဒုတိယအဆင့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အကဲဖြတ်အဖွဲ့ဝင်နှစ်ဦးမှ ရွေးချယ်အကဲဖြတ်ပြီး Beast Shoot ဆု၊ Beast Documentary ဆု၊ Audience Choice ဆုအပြင် အခြားခေါင်းစဉ်တစ်ခုဖြင့် ဆုတစ်ခုလည်းရှိကြောင်း သိရသည်။

ထိုပြိုင်ပွဲအတွက် မောင်မောင်ဦး(စနိုးဝှိုက်)၊ ကိုပေါက်၊ ၀ိုင်း စသည့်နာမည်ကြီး ဒါရိုက်တာအများအပြားပါဝင်ရိုက်ကူးယှဉ်ပြိုင် ထားကြပြီး ဇာတ်ကား ၁၈၀ ကို ပထမအဆင့်စီစစ်ရွေးချယ်ပြီးပါက ဒီဇင်ဘာ ၃၁ ရက် ညနေတွင်  တော်ဝင်စင်တာ ၇ ထပ်တွင်းကျင်းပမည့်  ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအား ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများမှ တက်ရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ထို့နောက် ဇန်န၀ါရီ ၁ ရက်မှ ၃ ရက်အထိ ပထမအဆင့်ရွေးချယ်ခံရသည့် ရုပ်ရှင်များကို တော်ဝင်စင်တာရှိ ရုပ်ရှင်ရုံ ၃ ရုံ၌ပြသကာ ဇန်န၀ါရီ ၄ ရက်တွင် ဆုပေးပွဲ ကျင်းပသွားမည်ဖြစ်သည်။ ထိုအတွက် ယခုအချိန်အထိ ရုပ်ရှင်အစည်းအရုံးဆင်ဆာဋ္ဌာနမှ တစ်စုံတစ်ရာ တားမြစ်ပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်(The Art of Freedom Film Festival)မှာ လွတ်လပ်ခြင်းအပေါ်ဖွင့်ဆိုမှုကို အခြေခံ၍ရိုက်ကူးဖန်တီးထားသည့် ရုပ်ရှင်ဇတ်ကားများမှတစ်ဆင့် မြန်မာပြည်သူများအကြား လွတ်လပ်ခြင်း၏ အနှစ်သာရအတွေးအခေါ်အယူအဆများ ပျံ့နှံ့စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ရုပ်ရှင်ပွဲတော်တွင် ဆုရရှိသူများအား ဒေါ်အောင်ဆန်းစုကြည်မှ ဆုချီးမြှင့်သွားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Newyork Institute ၏ကမ်းလှမ်းချက်ဖြင့် အဆိုပါတက္ကသိုလ်တွင် ရုပ်ရှင်သင်တန်း သုံးလ သင်ယူခွင့်ရမည်ဖြစ်သည်။
by 7Day News Journal

အင်းတော်မြို့ နယ်မှာ သနပ်ခါးရောင်မိုးရွာသွန်း

ကချင်ပြည်နယ် မိုင်ဂျာယန်မြို့တွင် သနပ်ခါးမိုးရွာစဉ်ကတွေ့ ရပုံ
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊  အင်းတော်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်တွင် ဒီဇင်ဘာလ ၂ဝ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်က အဝါရောင် ရှိသော မိုးရွာသွန်းသွားခဲ့သည်ဟု သတင်းရရှိပါသည်။

အဆိုပါ မိုးမှာ  ပေနှစ်ဆယ် ပတ်ဝန်းကျင်ခန့်မှာပဲ  ကွက်ကြားမိုးကဲ့သို့ ရွာသွန်းသွားခဲ့ပြီး အချိန် သုံးမိနစ်ခန့်သာ ကြာမြင့်ခဲ့သည်ဟု သိရှိရပါသည်။ မိုးရွာနေချိန်တွင် စပါးကျီဆောက်နေသည့် လူသုံးလောက်ဟာ အဆိုပါ မိုးရေ စိုသွားသည့်အတွက် ချက်ချင်းပင် ရေချိုးလိုက်ရပြီး မိုးရေထိသူ တစ်ယောက်ကတော့ အနည်းငယ် ယားယံသည်ဟုလည်း ဆိုပါသည်။ မိုးရွာပြီးစ အချိန်မှာ ရပ်ကွက်ထဲမှလူများ သွားရောက် ကြည့်ရှုသည့်အချိန်တွင် သနပ်ခါးစက်များကဲ့သို့ အဝါရောင်အကွက်များ တွေ့ရသည်ဟု အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောပါသည်။

အောင်မင်္ဂလာရပ်ကွက်နေ ပြည်သူတွေဟာ အလားတူ အဝါရောင် မိုးမျိုး ကချင်ပြည်နယ် အရှေ့တောင်ပိုင်း တရုတ်နယ်စပ်မှာရှိသည့် မိုင်ဂျာယန်မြို့တွင်လည်း အောက်တိုဘာလအတွင်းက ရွာချခဲ့သည်လို့ ရေဒီယိုသတင်းတွေတွင် နားထောင်ဖူးသည့်အတွက် ကြောက်ရွံ့နေကြပါတယ်လို့ ဒေသခံတစ်ဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။
 ဘားမားဗီဂျေ

နွားထိုးကြီးတွင် မြွေအဝယ်လိုက်နေသဖြင့် ကြွက်များထကြွ



နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ မြွေများကို တရုတ်က အလွန်အကျွံဝယ်ယူခဲ့မှုကြောင့် မြွေများရှားပါးလာပြီး ကြွက်သောင်းကျန်းမှုများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တရုတ်များသည် လွန်ခဲ့သော ၄ နှစ်ခန့်ကပင် နွားထိုးကြီးမြို့နယ် အတွင်း ကျေးရွာများမှ မြွေများကို ဝယ်ယူခဲ့သောကြောင့် မြွေများရှားပါးလာပြီး ကြွက်များပေါများလာကာ ခုနှစ်မြေပဲပေါ်ချိန်တွင် မြေပဲခင်းများကို ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

"ကြွက်က ဒီနှစ်မိုးကုန်လောက်မှ စပြီးပေါ်လာတာ။ ကျွန်တော်သိသလောက်တော့ အရင်ကတစ်ခါမှ ကြွက်တွေ မကျဖူးဘူးဗျ။ အခုနောက်ပိုင်း ကြွက်တွေပေါ်လာတာ ကျွန်တော်တို့နယ်မှာ မြွေတွေရှားသွားလို့ပဲ။ အရင်ကဆို မြွေတွေက ကျွန်တော်တို့အိမ်တွေထဲအထိ တောင်ဝင်တာ။ အခုသိပ်တောင် မတွေ့ရတော့ဘူး" ဟု နွားထိုးကြီးမြို့တွေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများလုပ်ကိုင်နေသူ ကိုနိုင်ထူးအောင်က ပြောသည်။

ယခုနှစ်သည် နွားထိုးကြီးမြို့နယ်တွင် ရာသီဥတုကောင်းသောကြောင့် တောင်သူများက မြေပဲအထွက်နှုန်းကောင်းမည်ဟု မြေပဲအထွက်နှုန်းကောင်းမည်ဟ်ု မျှော်မှန်းထားသော်လည်း မြေပဲခင်များ အတွင်းကြွက်များ သောင်းကျန်းခဲ့သောကြောင့် မျှော်မှန်းထားသည့် မြေပဲအထွက်နှုန်း ထက်ဝက်လျော့ကျခဲ့ကြောင်းကို ကိုနိုင်ထူးအောင်က ဆက်လက်ပြောသည်။

နွားထိုးကြီးမြို့နယ် အတွင်းတွင် ကြွက်များသောင်းကျန်းခဲ့သောကြောင့် ဓာတ်မြေဩဇာဆိုင်များတွင် ကြွက်သတ်ဆေးများလည်း ရောင်းအားကောင်းခဲ့ကြောင်း သိရသည်။

"အရင်က ဓာတ်မြေဩဇာဆိုင်တွေမှာ ကြွက်သတ်ဆေး မရောင်းရဘူး။ ဒီနှစ်မှ တအားရောင်းရတာ။ ကြွက်သတ်ဆေးက အခုမှသုံးဖူးတာဆိုတော့ လယ်တွေအတွက်၊ ပတ်ဝန်းကျင်အတွက် ဘာဘေးထွက်ဆိုးကျိုးပေးမလဲတော့ မပြောတတ်ဘူး" ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။

တရုတ်များသည် လွန်ခဲ့သော ၇ နှစ်၊ ၈ နှစ်ခန့်မှ စတင်ကာ နွားထိုးကြီးမြို့နယ် အတွင်းက လယ်မြေများမှ ထွက်သော အင်းကျောက်များကို ဈေးကောင်းပေးဝယ်ယူခဲ့ပြီး မြွေများအပါအဝင် အခြားဒေသထွက်ပစ္စည်းများကိုလည်း ဝယ်ယူခဲ့ကြောင်း၊ ယခုအခါ မြွေများရှားပါးလာသောကြောင့် တောက်တဲ့များကို ဝယ်ယူလာခဲ့ကြောင်း ပေါ်ပျူလာဂျာနယ်မှာဖော်ပြထားပါသည်။

By: သစ်ထူးလွင်

မြန်မာကလေး ၇ဝ ရာခိုင်နှုန်းတွင် သန်ကောင်ရောဂါပိုး စွဲကပ်နေ

မြန်မာနိုင်ငံအတွင်းရှိ မွေးစမှ ၁ဝ နှစ်အောက်အတွင်းရှိ ကလေးအယောက် ၁ဝဝ တွင် ၇ဝ ရာခိုင်နှုန်းမှာ သန်ကောင် ရောဂါပိုးငါးမျိုး စွဲကပ်မှုခံနေရကြောင်း ကျန်းမာရေး ဦးစီးဌာန  အာဟာရဖွံ့ဖြိုးရေးစီမံချက်မှ တာဝန်ရှိသူတစ်ဦးက ၄င်းတို့ ပြုလုပ်ထားသော သုတေသနရလဒ်များကို ကိုးကားပြီး ပြောကြားသည်။
ထို့အပြင် မြန်မာကိုယ်ဝန် ဆောင်မိခင် ၁ဝဝ တွင် ၄ဝ ရာခိုင် နှုန်းမှာ ယင်းကဲ့သို့ သန်ကောင် စွဲကပ် သည့်ရောဂါဖြစ်ပွားနေကြကြာင်း ၄င်းကထပ်လောင်းပြောကြား သည်။ ယင်းကဲ့သို့ သန်ကောင်စွဲကပ်မှု အဓိကဖြစ်ပွားနေရသည့် အကြောင်းအရင်းများမှာ မသန့်ရှင်းသော အစားအစာများကို စားသုံးနေရခြင်း၊ သောက်သုံးရေများ တွင် ရောဂါ ပိုးများ သန့်စင်ထားမှုမရှိခြင်း၊ ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင်  အာဟာရပြည့်ဝသော အစားအစာများ စားသုံးနိုင်မှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
မြန်မာနိုင်ငံ၌ ဖြစ်ပွားမှုများသော သန်ကောင်များမှာ သန်လုံးကောင်၊ တုတ်ကောင်၊ ကြာပွတ်သန်ကောင်၊ ချိတ်သန်ကောင်နှင့် သံပြားကောင် အမျိုးအစား များဖြစ်ကြောင်း၊ သန်ကောင်ရောဂါ စွဲကပ်နေပါက ကလေးများတွင် စံချိန်မီမကြီးထွားနိုင်ခြင်း၊ အာဟာရမဖွံ့ဖြိုးခြင်းနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ခြင်း တို့ ဖြစ်ပေါ်စေနိုင်ကြောင်း ကလေးအထူးကု ဆရာဝန်ကြီးတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း၌ ရောင်းချလျက်ရှိသော ဖုံးအုပ်ထားခြင်းမရှိသည့် လမ်းဘေးအစားအစာများတွင် သန်ကောင်ရောဂါပိုး စွဲကပ်နိုင်သည့် အနေအထားများ ကို တွေ့မြင်နေရပြီး ဖုန်များထူထပ်ခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်မသန့်ရှင်းသော နေရာများတွင် ထိုအစားအစာများကို မိခင်ရောကလေးပါ မသိကျိုးကျွန်ပြု၍ စားသုံးနေ ကြသည်ကို လေ့လာတွေ့ရှိနေရကြောင်း ကူး စက်တတ်သောရောဂါများ ကာကွယ်ရေး စီမံချက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိုင်လင်း(ပေါ်ပျူလာဂျာနယ်)

ရိုးရာ လက်ဝှေ့ အကြို ဗိုလ်လုပွဲတွင် နိုင်ငံခြားသားများ အနိုင်ရ

ဒဂုံရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့အကြို ဗိုလ်လု ပွဲစဉ်များကို ဒီဇင်ဘာ ၁၈ ရက်က သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁)၌ ကျင်းပခဲ့ရာ မြန်မာ့ ရိုးရာ လက်ဝှေ့ သမားများကို နိုင်ငံခြားသား လက်ဝှေ့သမားများက အနိုင် ရရှိပြီး ဗိုလ်လုပွဲ တက်ရောက်သွား ကြောင်း သိရသည်။
ပထမတန်း ဒဂုံရွှေအောင်လံ ပြိုင်ပွဲတွင် ထွန်းထွန်း(မြန်မာ)နှင့် ဆာရီ ကော့ဖ်(ရုရှား)တို့ ယှဉ်ပြိုင်ရာ ဆာရီကော့ဖ်က ဒိုင်ငါးဦးစလုံး အနိုင်ပေးမှုဖြင့် လည်းကောင်း၊ အလွတ်တန်း ဒဂုံရွှေအောင်လံ ပြိုင်ပွဲတွင် ရန်ကြီးအောင် (မြန်မာ)နှင့် ဒါဗစ်(အာမေးနီးယား) တို့ယှဉ်ပြိုင်ရာ ဒိုင်ပွဲရပ်ဖြင့် ဒါဗစ်က အနိုင် ရရှိခဲ့သည်။ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပမည့် ဒဂုံရွှေအောင်လံ ဗိုလ်လုပွဲတွင် ဆာရီကော့ဖ် (ရုရှား)နှင့် ရန်နိုင်အောင် (မြန်မာ)၊ ဒါဗစ် (အာမေးနီးယား)နှင့် စောငမန်းတို့ ယှဉ်ပြိုင် ဗိုလ်လုကြမည်ဟု သိရသည်။
ပေါ်ပျူလာဂျာနယ်

ပြန်ပေးဆွဲခံရတဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီကားများ ပြန်လွှတ်ပေး

တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို တည်ဆောက်နေသည့် အီတာလျံ-ထိုင်း Italian-Thai Development (ITD) ကုမ္ပဏီမှ ကား ၁၆ စီးနှင့် ကားသမားများကို BBKဟု ဆိုသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များက ယမန်နေ့က ပြန်ပေးဆွဲကြောင်း သိရသည်။

ထားဝယ်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း စတင်ရန် ပြင်ဆင်နေသည့် မြင်ကွင်း
ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်ထားသော ကားလမ်းပေါ်တွင် အလုပ်လုပ်နေစဉ် ပြန် ပေးဆွဲခဲ့ခြင်း ဖြစ်သည်။
ပြန်ပေးဆွဲထားသည့် ကားများကို ၆ နာရီခန့် ထိန်းသိမ်းထားပြီး နေ့လယ် ၁၂ နာရီတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ကရင်တိုင်းရင်း သား သတင်းဌာန ကွယ်ကလူမှ အယ်ဒီတာ စောအယ်နာက ဧရာဝတီသို့ ပြောသည်။
“အဲဒီနေ့ မနက်မှာ ပြန်ပေးဆွဲပြီးတော့ နေ့လယ် ၁၂ နာရီမှာ ပြန်လွှတ်ပေးလိုက်တယ်၊ ကားသမားတွေဆီက ဂြိုဟ်တုဖုန်း ၃ လုံးနဲ့ ဘတ်ငွေ ၁၀၀၀၀ သိမ်းယူလိုက်တယ်”ဟု ၎င်းက ဆိုသည်။
BBK လက်နက်ကိုင်အဖွဲ့က ၎င်းတို့၏ ပိုင်နက်အတွင်း၌ အလုပ်သမားများ ကျူးကျော် ၀င်ရောက်ပြီး အလုပ်လုပ်မည်ဆိုလျှင် တဦးကို ဘတ်ငွေ ၁၀၀၀ ပေးဆောင်ရန် သတိပေးခဲ့ကြောင်း စောအယ်နာက ဆက်ပြောသည်။
ယင်းဒေသတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၄ တပ်ဖွဲ့ဝင်များ လှုပ်ရှားနေပြီး ITD ကုမ္ပဏီ က လမ်းဖောက်လုပ် နေခြင်း ဖြစ်သည်။
ITD ကုမ္ပဏီမှ ကားများကို ပြန်ပေးဆွဲခဲ့သော BBK တပ်ဖွဲ့သည် မည်သည့် အဖွဲ့အစည်း ဖြစ်ကြောင်း မသိရှိရသေးပေ။
KNU ထားဝယ်ခရိုင် ဥက္ကဌ စောကွယ်ထူးဝင်းကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ ITD ကုမ္ပဏီက အကြောင်းကြားထား သော ကြောင့်၊ ၎င်း၏ KNU တပ်ဖွဲ့ဝင်များကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း ITD ကုမ္ပဏီတွင် အလုပ်လုပ်နေသော အလုပ်သမား ၅၀ခန့်သည် အစိုးရတပ်နှင့် KNU တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မောင်းမကန် မြောက်ဘက်တွင်ရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ITD ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားပြီး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ သံမဏိစက်ရုံများ၊ ရေနံသန့်စင်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်း ကီလိုမီတာ) အကျယ်အ၀န်းရှိကြောင်း စီမံကိန်း ဆောက်လုပ်ခွင့်ရ ITD ကုမ္ပဏီ၏ မှတ်တမ်းများအရ သိရသည်။
မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြထားချက်အရ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကုန်တင် သင်္ဘောကြီး ၂၅ စင်းတပြိုင်တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည်ဟု သိရသည်။
ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူထက်သာမည်ဟု ဆိုထားသော ထားဝယ် ရေနက် ဆိပ် ကမ်း စီမံကိန်း၏ အရေးပါပုံ၊ စီမံကိန်းကြောင့် နိုင်ငံ၏စီးပွားရေး တိုးတက်လာနိုင်ပုံတို့ကို မြန်မာစာနယ်ဇင်းများတွင် ဖော်ပြခဲ့ကြ သည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရဖွယ်ရှိပြီး ဆုံးရှုံးနစ်နာမှုများ ရှိလာမည်ကို စိုးရိမ်သောကြောင့် ITD ကုမ္ပဏီ ယာဉ်များ KNUထိန်းချုပ်ဒေသတွင် သွားလာနေခြင်း မပြုလုပ်ရန် ပိတ်ပင်ခဲ့ဖူးသည်။
သန်းထိုက်ဦး (ဧရာဝတီ)

သမီးမေမေကို လူဆိုးတွေ သတ်သွားတယ်

လှည်းတန်းတွင် ဗုံးကွဲသည်ဟု ကြားရချင်း၌ ကျနော့်ရင်ထဲ ဗြောင်းဆန်သွားမိပါသည်။
ပြီးတော့ ချက်ချင်း သွေးတွေဆူပွက်၊ ဘာကိုမှ မမြင်နိုင်အောင် ဖြစ်သွားမိသည်။

ယုတ်မာလိုက်ကြတာ၊ ယုတ်မာကြပြန်ပြီ။ စိတ်ထဲတွင် အခါခါ ရေရွတ်မိ၏။
ဒေါသလည်း ထွက်သည်။ ထိုဒေါသအား ပေါက်ကွဲခွင့်လည်း မရပါသောကြောင့် ယောက်ျားတန်မဲ့ ငိုချင်သလိုလိုပင်ဖြစ်သွားမိ၏။

သေတာက တစ်ယောက်၊ ဒါဏ်ရာပြင်းတာက တစ်ယောက်တဲ့။ မိန်းလေးတွေ ... တဲ့။ သတင်းတွေက ဆက်တိုက်ဆိုသလို လာ၏။
မီဒီယာများ တာဝန်ကျေကြပါပေသည်။ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မရပါဘဲလျက် ဗုံးကွဲမှုသတင်းတွေကို တဖျပ်ဖျပ် ဆက်ကာဆက်ကာ တင်ပေးနေ၏။
ဖတ်ရင်း ဖတ်ရင်း သတင်းက ပိုစုံလာသလိုရှိသည်။ ထိုစဉ်မှာပင် ကျနော့်ရင်ထဲ ထိတ်လန့်မှုတစ်ခု ကြီးစိုးလာခဲ့လေ၏။
ဒီသတင်းရဲ့ အရေးကြီးဆုံးအပိုင်းကို သိမှ သိရပါမည်လော။
သတင်းတစ်ခုမှာ ဘယ်ဟာ အရေးကြီးသလဲဟု ကျနော်က ခွဲခြားနေခြင်းမဟုတ်ပါ။
သို့သော် ကျနော်သိလိုလှသည့် အရေးကြီးဆုံး အပိုင်းမှာ ဒီကိစ္စလုပ်သူ (တကယ့်) လက်သည်တရားခံ ဘယ်သူနည်းဟူသော မေးခွန်းပင်ဖြစ်ပါသည်။
ထို တကယ့်လက်သည်အား အများရှေ့မှောက်ဆွဲထုတ်ခြင်းကို မြင်ရလိုပါသည်။
အများရှေ့မှောက်တွင် တိကျခိုင်မာစွာ စစ်ဆေး၍၊ အများရှေ့မှောက်တွင် ထိရောက်သော ပြစ်ဒါဏ်ကို တိကျခိုင်မာစွာ ပေးစေ့ချင်ပါသည်။

အငြှိုးထားတတ်သူဟု မထင်စေ့လိုပါ။ သို့သော် အပြစ်ပြုသူအား ခွင့်မလွှတ်တတ်သည်မှာ ကျနော်စိတ်ရင်း ဖြစ်ပါသည်။
ယခုကိစ္စ ဗုံးခွဲသူကိုလည်း ဘာလုပ်ချင်ပါသနည်း။
အများရှေ့မှောက် တရားခွင်တွင် တည့်တည့်ကြီး စိုက်ကြည့်ခွင့်ရချင်ပါသည်။

မင်း ဘာကြောင့် ဒီလိုလုပ်ရသလဲ?
မင်း ဘာကြောင့် ဒါလောက် အောက်တန်းကျရသလဲ?
မင်းကို စေခိုင်းတာ ဘယ်သူတွေလဲ?
မင်းကကော ခိုင်းတိုင်းလုပ်ရအောင် လူ့အသိဥာဏ် မရှိတော့ဘူးလား?
ဘာကိုကြောက်လို့ လုပ်တာလဲ? ဘာကို မျှော်လင့်ပြီးလုပ်တာလဲ?
ဒီလို လုပ်ရပ်နဲ့ မင်းပြန်ရမယ့်ဟာ တန်ရဲ့လား?
မင်းတစ်ဘ၀လုံး ဒီလုပ်ရပ်အမည်းစက်ကို စိတ်စနိုးစနှောင့်လုံးဝမဖြစ်ဘဲ ဆက်အသက်ရှင်နေနိုင်မလား?
စသဖြင့် ထိုတရားခံအား (အခွင့်ရလျှင်) မေးချင်သော စကားလုံးများစွာရှိပါသည်။
သို့သော် ကျနော် မမေးတော့ပါ။ ထိုမေးခွန်းတွေ အားလုံးပါဝင်နေမည့် မျက်လုံးအကြည့်တစ်ခုသည်ပင် လုံလောက်လိမ့်မည် ထင်၏။

အကယ်၍ တရားခံကိုသာ ပြည်သူ့ရှေ့မှောက် တရားခွင် တင်ခွင့်ရခဲ့ပါလျှင် အားလုံးဝိုင်းကြည့်ကြမည့် မျက်လုံးအကြည့်များနှင့်ပင်
ထိုသူ ... ရှက်တတ်လျှင် လဲသေသွားလောက်ပါလိမ့်မည်။
မရှက်တတ်လျှင်လည်း သူ့တစ်ဘ၀လုံး ခြောက်လှန့်နေပေတော့မည် ... ဟု ကျနော်ယုံကြည်ပါသည်။

ဗုံးကွဲမှုသတင်းများက နောက်ပိုင်းတွင် ဆက်တိုက်လာနေ၏။
အစက ၁၈နှစ်အရွယ် မိန်းမငယ်ာကလေးတစ်ဦးသေ။ တစ်ဦးဒါဏ်ရာရသည် ... တဲ့။
`ဟာ အရွယ်ငယ်ငယ်ကလေးတွေ´ ဟု စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိသည်။

နောက်တော့ သတင်းထပ်လာ၏။
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ သန့်စင်ခန်း ၀န်ထမ်း မမြစမ်းရည် အသက် ၃၀ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ သန့်ရှင်းရေးဝန်ထမ်း မခင်မြတ်နွယ် အသက် ၂၄ နှစ်ဖြစ်သည်ဟု သိရပါသည်။
... တဲ့။

သန့်စင်ခန်း ၀န်ထမ်းလေးတွေ ဆိုပဲ။
သူတို့ခမျာ လခမှ ဘယ်လောက်ရကြရှာလေမလဲ?
အောက်ခြေ၀န်ထမ်းကလေးတွေဖြစ်၍ ဘယ်လိုမှ ကြွယ်ပိုးကြွယ်ဝရှိကြလိမ့်မည် မဟုတ်မှန်း အတိအကျ ခန့်မှန်းလို့ရပါသည်။
အလုပ်က မမြင့်မားသောငြား ရိုးသားသန့်စင်သော အလုပ်ကို မွန်မြတ်ဖြူစင်စွာ လုပ်ကိုင်ကြသူကလေးများ။
သူတို့မှာ မှီခိုနေသော မိသားစုတွေများရှိလိမ့်မလား?
တကယ်လို့ရှိနေမယ်ဆိုရင် အဲဒီမိသားစုတွေအနေနဲ့ နောင်ဘယ်လိုများ ဆက်ပြီးရပ်တည်သွားကြမှာပါလိမ့်မလဲ?

ယခုပင်လျှင် အခွန်အခ၊ လမ်းပန်းဆက်သွယ်ရေး (ရထားခ)၊ မီတာခတွေ ဈေးတက်တော့မည့်အကြောင်း သတင်းတွေကြားရ၏။
ဒီလိုအချိန်မှာ အိမ်၏၀င်ငွေကို အဓိကရှာဖွေပေးနေသူ သေဆုံးသွားလို့ကတော့ ကျန်ရစ်သူတွေအဖို့ ပဋာမြေလူးရမယ့် ကိန်းပေပဲ။

နိုင်ငံခြားတွေမှာတော့ အလုပ်တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားရှာသူဆိုလျှင် ထောက်ပံ့ကြေးတွေ တနင့်တပိုးရသည်ဟု ကြားဘူးပါ၏။
ဒီလိုကိစ္စမျိုးတွေကိုကော ပေးလေ့ရှိသလား ကျနော်သေချာ မသိ။
ဘာပဲဖြစ်ဖြစ် ယခု သေဆုံးသွားရှာသော ၀န်းထမ်းမလေးနှင့် ဒါဏ်ရာရသူမှာလည်း သူ့အလုပ်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေခြင်းပါပဲ။
အကယ်၍ တာဝန်မသိပဲ အပြင်သာ လျှောက်သွားနေမည်ဆိုလျှင် ဒီလို ကံဆိုးမှုမျိုးနှင့် သူတို့ရင်ဆိုင်တိုးကောင်းမှ တိုးရပေလိမ့်မည်။
သည် အများသုံးသန့်စင်ခန်းဆိုတာ အစိုးရပိုင်ဆိုလျှင် ပင်စင်တော့ ရလိမ့်မည် ထင်၏။ ပုဂ္ဂလိကပိုင်ဆိုလျှင်ရော ...။
ဘာပဲဖြစ်ဖြစ် ကံဆိုးရှာသော အောက်ခြေ၀န်ထမ်းလေးများအတွက် ထောက်ပံ့မှုတစ်ခုခုတော့ ပြုသင့်သည်ဟု ထင်မိပါသည်။

ခံစားချက်တွေကတော့ တကယ့်ကို ဗြောင်းဆန်နေခြင်းပါ။
သေဆုံးသွားသူအတွက် စိတ်မကောင်းတာရော။
ကျန်ရစ်မည့် မိသားစုအတွက် စာနာပူပန်မိတာရော။
လုပ်သွားသည့် လူမဆန်သော လက်သည်အတွက် ဒေါသဖြစ်မိတာရော။
အားလုံးရောပြွန်းကာ လူက ဘာအတွေးကိုမှ ဖမ်းယူဆုပ်လို့ မရချင်တော့။

စိတ်လှုပ်ရှားစွာ တောင်စဉ်ရေမရ လျှောက်တွေးမိသည်။
တစ်ချို့လူများ အပေါ့စွန့်သွားလေ့ရှိသော နံရံများတွင် ရေးလေ့ရှိသည့် စာတမ်းတစ်ခုရှိ၏။
`ဤနေရာတွင် ခွေးများသာ သေးပေါက်ကြသည်´ ဟု ရေးတတ်သည်။
ထိုစာတမ်းမျိုးမှီးကာ ဗုံးဖောက်တတ်တဲ့နေရာတွေမှာ ..
`ဤနေရာတွင် ခွေးတောင်မှ အပြစ်မဲ့ပြည်သူကို ဗုံးမခွဲ။
ဗုံးခွဲသူမှာ ခွေးထက်အောက်တန်းကျသူများ ဖြစ်လိမ့်မည်။´
ဟု ရေးထားရင် ကောင်းမလား။
ဒါပေမဲ့ ဘယ်သူက ဘယ်နေရာ လာခွဲမလဲဆိုတာ ကြိုမသိနိုင်တော့ခက်တာပဲ။
သေချာသည်ကတော့ ဤသို့ ဗုံးခွဲသူ ဆိုသည်မှာ သရဲဘောကြောင်သူများသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်လည်း ... ဗုံးခွဲကြောင်းသတင်းကြားပြီးချင်းတွင်

ဘယ်အဖွဲ့က ခွဲခွဲ၊ ဘယ်သူ ခွဲခွဲ၊ ဘာကြောင့် ခွဲခွဲ
လူမဆန်သောလုပ်ရပ်၊ သူရဲဘောကြောင်သော ဖျက်လိုဖျက်ဆီးလုပ်ရပ်ဟု
ပြင်းထန် အထင်သေးစွာ ရှုံ့ချ ကန့်ကွက်ပါသည်။
ဘာရည်ရွယ်ချက်ရှိနေသနည်း? ဘာကို ဦးတည်နေသနည်း?
ဘယ်လိုတွက်တွက် ဘာမှအကျိုးမရှိသော လုပ်ရပ်သာဖြစ်သည်။
အင်မတန် အောက်တန်းကျသော စိတ်ဓာတ်နှင့် ပြုမူခြင်းသာဖြစ်သည်။
... ဟု ကျနော်ရေးမိခြင်းပင်။

ထိုစဉ်မှာပင် ... တိုက်တိုက်ဆိုင်ဆိုင် ကျနော့်နားထဲ အသံလေးတစ်သံကို ကြားယောင်လာမိ၏။
သမီးမေမေကို လူဆိုးတွေ သတ်သွားတယ် .... ဟု ၀မ်းပမ်းတနည်း ရေရွတ်လိုက်သော အသံ။
လွန်ခဲ့သော တစ်ပတ်ကျော်ကျော်လေးကမှ ကျနော်ကြားမိခဲ့ခြင်းပါ။

ကျနော့်အသိတစ်ယောက်၏ အလှူတစ်ခုသို့ သွားရင်း ကြားခဲ့ရခြင်းဖြစ်၏။
လူရင်းတွေချည်းမို့ အဲဒီအလှူမှာ ကျနော်တို့ သက်တောင့်သက်သာ ရှိလှပါသည်။
ထိုလှူတွင် ချစ်စရာအင်မတန်ကောင်းသော ကလေးမလေးတစ်ယောက်ကို တွေ့၏။
ပါးဖောင်းဖောင်းလေးတွေက နီမြန်းလျက်။ ကျစ်ဆံမြီးတိုနှံ့နှံ့လေးနှစ်ဘက်ကို ဘယ်ညာခွဲဖြာချထား၏။
တစ်ယောက်တည်း။ ကျနော်ထိုင်ရာ စားပွဲမှာ လာစားနေသည်။ ရှိလှမှ လေး ငါးနှစ်လောက်ပါ။
အလှူပေးသူ ကျနော့်သူငယ်ချင်းအိမ်တွင် ကလေးငယ် မရှိကြောင်း ကျနော်သိသည်။
မုန့်ဟင်းခါးကို ကိုယ့်ဖာသာ ခပ်စားရင်း ပါးစပ်များပေပွနေသော ကလေးငယ်ကို ရယ်ချင်စိတ်နှင့် ချစ်စနိုးကြည့်ရင်း စပ်စုမိ၏။

`သမီး မိဘတွေရော၊ သမီး´ ဆိုသော်
`ဖေဖေကြီးက နောက်ဘက်မှာ ပန်းကန်တွေ ဆေးနေတယ်´
တဲ့။ ကြည့်ရတာ ဒီအလှူမှာ ကူညီလုပ်ကိုင်ပေးဖို့ ခေါ်ထားသော သူတစ်ဦးဦး၏ သမီးငယ်ဖြစ်ပေမည်။
`သမီးမေမေကရော နောက်ဘက်မှာပဲလား´
ကလေးငယ်က ခေါင်းခါ၏။ ကျနော် ထပ်မေးမိပြန်သည်။
`သြော် ပါမလာဘူးလား သမီး´
`မေမေ မရှိဘူး ဦးဦး´ ကလေးမလေးက တိုးတိုးလေး ပြောသည်။
ကျနော် ခေါင်းကို ငဲ့ကာနားထောင်မိစဉ် နောက်တစ်ခွန်းထပ်ပြောပြန်၏။
... `သမီးမေမေကို လူဆိုးတွေသတ်သွားတယ်´
ထိုစကားက ပို၍တိုးပါသည်။ သို့သော် နားစိုက်ထောင်မိတာဆိုတော့ တိတိပပ ကျနော်ကြားလိုက်မိ၏။
ကြားကြားချင်းပင် ရင်ထဲ လှိုက်ကနဲဖြစ်သွားသည်။
ပြောပြီးချင်းပင် ကလေးမကလေးက ခေါင်းငုံ့သွားသည်။

ခုနက တောက်ပသော မျက်ဝန်းလေးများတွင် မျက်ရည်များ စွတ်စိုနေလေမလား။
ကလေး၏ စကားသံနောက်ဆုံးတွင် အဖျားခပ် တုန်ယင်သွားခြင်းကိုတော့ ကျနော်သတိပြုမိလိုက်ပါသည်။
သူ ဘာမှ ဆက်မပြောတော့။ ဆက်မပြောနိုင်တော့တာလည်း ဖြစ်ပေလိမ့်မည်။
အေးစက်တင်းမာသော လောကကြီးကို အမိမဲ့ဘ၀နှင့် ဘယ်လိုများ ဒီကလေးဖြတ်သန်းနေရပါသနည်း။ နောက် ဆက်ပြီး ဘယ်လိုများဖြတ်သန်းရဦးပါမည်နည်း။
ကျနော်လည်း ထပ်မမေးနိုင်တော့ပါ။ ငေါင်၍ ငေးကြည့်နေမိပါသည်။
လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်ရှိနေသော စားပွဲဝိုင်းတွင် တိတ်ဆိတ်ခြင်းက လွှမ်းမိုး၍ သွား၏။

ထိုစဉ်မှာပင် တိုက်ဆိုင်သည်ဟု ပြောရမလား? ရက်စက်လွန်းသော တိုက်ဆိုင်မှုပင်ဖြစ်ပါလိမ့်မည်။
မိသားစု တစ်စု ၀င်လာ၏။
အဖေရယ် အမေရယ် သမီးလေးတစ်ယောက်ရယ်။
အဖေနဲ့ အမေက ဘေးတစ်ဘက်တစ်ချက်ဆီက။ သမီးလေးက အလည်ခေါင်က။
သမီးလေးကို လက်ချင်းတွဲလို့ ခြံရံလို။
ကလေးက ဖအေနှင့် မအေ၏မျက်နှာ တစ်လှည့်စီကြည့်ကာ ရယ်ပြုံး၍ လာသည်။
ကျနော်တို့နား ဖြတ်ကျော်သွားသော် ခိုးခိုးခစ်ခစ်ရယ်သံလွင်လွင်ကို ကြားရ၏

ကျနော်နှင့် တစ်ဝိုင်းတည်းအတူထိုင်နေသော မိတဆိုး ကလေးမလေးက တစ်ချက်လှမ်းကြည့်ကာ ဖျပ်ကနဲမျက်လွှာပြန်ချသွားသည်။
ဒီတစ်ခါတော့ ကျနော် သေချာသိလိုက်ပါသည်။ သူ့မျက်ဝန်းများတွင် မျက်ရည်များ ဆို့၍နေကြလေ၏။
ပြီးတော့ သူ့မျက်နှာကလေး ဘယ်တော့မှ ပြန်မော့မလာတော့ပါ။
ကျနော်သည်လည်း သူ့ကို ဆက်မကြည့်နေနိုင်တော့။ အဘယ့်ကြောင့်ဆိုသော် ကျနော်လည်း မျက်ရည်ဝဲလာသောကြာင့်ဖြစ်ပါသည်။

နောက်မှ သိရပါသည်။ ထိုကလေးမလေး၏ မိခင်သည်လည်း တစ်ချိန်က ဗုံးကွဲမှုတစ်ခုမှာ သေဆုံးခဲ့ရတာတဲ့။
ကလေးက လည်ဝယ်တော့ သူ့ကို ဘယ်လိုညာညာ အမှန်တိုင်းသိမြင်နေ၏။
`သမီးအမေကို လူဆိုးတွေ သတ်သွားတယ်´
ထိုစကားကို မေးသူရှိတိုင်း ပြောပြတတ်သည်။
သို့သော် ထိုစကားပြောပြီးတိုင်း သူမခမျာ ရပ်တန့်လိုက်ရမြဲ။
လူဆိုးတွေက ဘယ်သူလဲ? ကလေးမလေး မသိ။
ဘာကြောင့် သတ်တာလဲ? ကလေးမလေး မသိ။
ဒီလိုရက်ရက်စက်စက်လုပ်ရအောင် သူမအမေမှာ ဘာအပြစ်များရှိရှာလို့လဲ? ကလေးမလေး မသိ။

သူမ သေချာသိသည်ကတော့ ...
မိဘနှစ်ပါး လက်ကို တစ်ဘက်တစ်ချက်ကိုင်စွဲကာ လုံခြုံနွေးထွေးစွာ သွားလာခွင့်၊
မိဘနှစ်ပါး၏ မျက်နှာကို ကြည်နူးစွာ မော့ကြည့်ရင်း ပျော်ရွှင်ချမ်းမြေ့စွာ ရယ်မောခွင့်ကို
ဒီတစ်သက် သူမ မရနိုင်တော့ခြင်းသာပဲ ဖြစ်လေသည်။

(ယခု သေဆုံးသွားရရှာသော အပြစ်မဲ့ သန့်ရှင်းရေးဝန်ထမ်းမလေးတွင်ရော အိမ်ထောင်ရှိနေသလား? သမီးကလေးရှိနေမလား? ကျနော်မသိပါ။
သမီးအမေကို လူဆိုးတွေ သတ်သွားတယ်ဟူသော စကားသံမျိုးတော့ နောက်ထပ် မကြားလိုတော့တာ အသေအချာပဲဖြစ်ပါသည်။
မကြားချင်တာ မဟုတ်ပါ။ မကြားဝံ့ခြင်းဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ယခုသေဆုံးသွားရှာသူမှာ မိသားစုတော့ ရှိနေမှာပေါ့။
သမီး မမကို လူဆိုးတွေသတ်သွားတယ်။ သမီး ဒေါ်ဒေါ်ကို လူဆိုးတွေသတ်သွားတယ် ... လို့များ မြည်တမ်းနေကြမလား?
အမေ့ သမီးကို လူဆိုးတွေသတ်သွားတယ်ကွယ်လို့များ တုန်တုန်ရီရီ မျက်ရည်တစမ်းစမ်းဖြင့် ရေရွတ်သံကြားရလေမလား?

လှည်းတန်းလမ်းဆုံမှ ဗုံးပေါက်ကွဲသံတစ်ခုသည် ကျနော်တို့ နှလုံးသားအားလုံးကို ထုနှက်ဖိဆီးနေတော့မည် ဖြစ်ပါလေတော့သည်။)

သွန်းနေစိုး Thorn Nay Soe (Facebook)
21. 12. 2011 - 3: 25 PM

လှည်းတန်းဗုံးကွဲမှု နောက်ဆက်တွဲ (သတင်း-ဓါတ်ပုံ)


ဗုံးကွဲမှုကြောင့် ဒဏ်ရာရရှိသူအား သယ်ဆောင်သွားစဉ်

ဒီဇင်ဘာလ ၂၁ ရက် ၊ နံနက် ၁၁ နာရီခွဲ ၀န်းကျင်ခန့်တွင် ကမာရွတ် မြို့နယ် လှည်းတန်း လမ်းဆုံ အနီးရှိ အများပြည်သူသုံး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး  တစ်ယောက်သေ၊ တစ်ယောက် ဒဏ်ရာ ရရှိကြောင်း ရဲတပ်ဖွဲ့မှ အတည်ပြုခဲ့သည်။ 
ဗုံ့းပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ သန့်စင်ခန်း ၀န်ထမ်း မမြစမ်းရည် အသက် ၃၀ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ သန့်ရှင်းရေးဝန်ထမ်း မခင်မြတ်နွယ် အသက် ၂၄ နှစ်ဖြစ်သည်ဟု သိရပါသည်။

ခုံးကျော်-မီတာခ-၀န်ကြီး နှင့် ဂျာနယ် အရှုပ်တော်ပုံ

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၇) အမှတ်(၄၉) တွင် ဖော်ပြထားမှုကို တွေ့ရစဉ်
ခုံးကျော်တံတားများ ဖြတ်သန်းခကောက်ခံမည်ဆိုသည်မှာ မဟုတ်မှန်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားကြောင်း၊ မီတာခ နှစ်ဆတိုးမြှင့်မည်မှာ မဟုတ်မှန်ကြောင်း လျှပ်စစ်(၂) ပြည်ထောင်စုဝန်ကြီးက ပြောကြားကြောင်း သတင်းများအား ရန်ကုန်တိုင်းမ် သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

ရန်ကုန်တွင် ခုံးကျော်တံတားကြီးလေးစင်းကို အဆင့်နှစ်ဆင့်ခွဲခြား၍ လေးလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းခုံးကျော် တံတားကြီးများတွင် ဖြတ်သန်းခ ကောက်ခံမည်ဆိုသည်မှာ လုံးဝမဟုတ်မှန်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်ဟူ၍ ယခုတစ်ပတ်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၇)၊ အမှတ်(၄၉)တွင် ဖော်ပြထားသည်။

ထို့အပြင် လျှပ်စစ်ဓာတ်အား သုံးစွဲခနှုန်းထားကို နှစ်ဆထိ တိုးမြှင့်ကောက်ခံသွားမည်မဟုတ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက်ကြောင်း အဆိုပါ ရန်ကုန်တိုင်းမ်ဂျာနယ် တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်မည့် ခုံးကျော်တံတားများထဲမှ ခုံးကျော်တံတားနှစ်ခုအား B.O.T  စနစ်ဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုဝင်ဘာလ ၂၈ ရက်နေ့၌ နေပြည်တော်တွင်ပြုလုပ်ခဲ့သော မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ပြောကြားထားခြင်း ဖြစ်သည်။

''လှည်းတန်းခုံးကျော်အတွက် ကမ္ဘောဇဘဏ်က ငွေချေးယူပြီးလုပ်မယ်။ တာမွေ ငါးလမ်းဆုံအတွက် ကျွန်တော်တို့ စက်မှုဘဏ်က ချေးယူပြီးလုပ်မယ်။ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တွေအတွက်ကတော့ တာဝန်ယူမယ့်ကုမ္ပဏီက အရင်းစိုက်ထုတ်လုပ်မယ်။ BOT စနစ်နဲ့ လုပ်သွားမှာပါ'' ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏  နိုဝင်ဘာလ ၂၈ ရက်နေ့က ပြောကြားချက်ကို Biweekly Eleven Journal တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
ထို့ပြင် နိုဝင်ဘာလ ၂၈ ရက် နေ့မီဒီယာတွေ့ဆုံပွဲအပြီး နောက် ထုတ်ဝေခဲ့သော အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ရွှေဂုံတိုင်နှင့် ဘုရင့်နောင်ခုံးကျော်တံတားများကို သက်ဆိုင်ရာဆောက်လုပ်ရေးကုမ္ပဏီ များ၏ရင်းနှီးမြှုပ်နှံမှု (Build, Ope-rating, Transfer- BOT) စနစ်ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
b38_09_1
(၁) 7Day News ဂျာနယ်၊ (၂) Popular News ဂျာနယ်နှင့် (၃) မြန်မာတိုင်း(မ်) ဂျာနယ်တို့တွင် ဖော်ပြထားမှုကို တွေ့ရစဉ်
ထို့အပြင် လျှပ်စစ်မီတာခများ အား ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ နှစ်ဆတက်မည်ဟုအမှတ်(၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ဒီဇင်ဘာလ ၁၁ ရက်နေ့၌ နေပြည်တော်ရှိ အမှတ်(၂) လျပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် Weekly Eleven၊ 7Day၊ မြန်မာတိုင်း(မ်)၊ The Voice နှင့် ရန်ကုန်တိုင်းမ် စသည့်ဂျာနယ်များနှင့် တွေ့ဆုံစဉ် ပြောကြားထားခြင်း ဖြစ်သည်။

''ကျွန်တော်တို့အနေနဲ့ တရားဝင်ရရှိတဲ့ သတင်းကိုရေးတာပါ။ လျှပ်စစ်မီတာခ တိုးမယ်ဆိုတာလည်း ဒုဝန်ကြီးကိုယ်တိုင်ပြောတာ ဖြစ်သလို ခုံးကျော်တံတား BOT စနစ် ကျင့်သုံးမယ်ဆိုတာလည်း MIC  ဥက္ကဋ္ဌကိုယ်တိုင် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါပဲ။ BOT ဆိုတာ နားလည်တာက ဆောက်ပြီး ငွေပြန်ကောက်တာ။ မလုပ်သင့် မလုပ်ထိုက်တာကိုလည်း စတုတ္ထမဏ္ဍိုင် တစ်ခုဆိုတာနဲ့အညီ ထောက်ပြခဲ့တာပဲဖြစ်တယ်။ ဒါဟာ မဟုတ်မမှန် သတင်း မဟုတ်ပါဘူး။ အခု ရန်ကုန်တိုင်းမ်မှာ  မီတာခနှစ်ဆတိုးမြှင့်မယ်ဆိုတာ မဟုတ်မမှန်ဆိုပြီး ငြင်းထားတယ်လို့ ဆိုထားတယ်။ ပြည်သူအတွက် အ ကျိုးမရှိဘူးဆိုလည်း ပြင်လိုက်ရုံပဲရှိတာပေါ့။ အခု မြန်မာနိုင်ငံစီးပွားရေး အခြေအနေကတော့ အားရစရာ မရှိသေးဘူး။ လာဘ်ပေး၊ လာဘ်ယူက ထူပြောနေတုန်း ရှိသေးတယ်။ လူထုရဲ့စီးပွားရေးအခြေအနေ၊ လူနေမှု အဆင့်အတန်း မြင့်တက်မလာသေးဘူး။ လူတွေ သက်သာချောင်ချိမလာသေးဘူး။ အရင်တုန်းက စီးပွားရေးကို လက်ဝါးကြီးအုပ်ခဲ့တာ လုပ်ငန်းရှင်ကြီး လေး၊ ငါးယောက်။ အခု လေး၊ ငါးယောက်နေရာမှာ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်ကြီးနှစ်ယောက်၊ သုံးယောက် လောက်ကို ဖယ်ထုတ်ပြီး ကျန်တဲ့တိုင်းရင်းသားလုပ်ငန်းရှင် အမည်ခံ ၁၄၊ ၁၅ ယောက်က အခု လက်ဝါးကြီးအုပ်ဖို့ ပြင်ဆင်နေတယ်လို့ လူအများစုမြင်နေကြပြီ။ လုပ်ငန်းတွေအားလုံး သူတို့ချည်းပဲရနေတာ။ တချို့ ရင်းနှီးမြှုပ်နှံဖို့ပေးတဲ့ဟာတွေမှာလည်း မီဒီယာကို တရားဝင် Transparency ရှိရှိ ပေးထားတာမျိုးတွေ မရှိဘူး။ အခု အစိုးရသစ်လက်ထက်မှာ ဘယ်စက်ရုံတွေ၊ ဘယ်မြေကွက်တွေကို ဘယ်လို ရောင်းချငှားရမ်းတယ်၊ ဘယ်နှုန်းနဲ့ဆိုတာ မသိရသလို ကြိုတင်ကြေညာတာမျိုးလည်း မရှိဘူး။  ဘယ်စက်ရုံ ဘယ်သူရသွားတယ်ဆိုတာလည်း နောက်ဆုံးစက်ရုံဖွင့်မှ သိရတာမျိုး ဖြစ်နေတယ်။ အရင်အစိုးရနဲ့ အခုအစိုးရက မတူဘူး။ ဒါကြောင့် ဒီမိုကရေစီ အစိုးရ ပီပီသသ Transparency ရှိတာမျိုး မြင်ချင်ပါတယ်။ လာဘ်ပေး လာဘ်ယူရှိရင် တိုင်ကြားနိုင်သည်ဆိုတာ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လက်တွေ့ကျကျ သတင်းထုတ်ပြန်တာမျိုး ဖြစ်စေချင် ပါတယ်။ သတင်းစာရှင်းလင်းပွဲလုပ်မှ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူလူထုက စီးပွားရေးအပေါ်မှာ ယုံကြည်မှုမရှိဘူးလို ဖြစ်နေတယ်။ အခုထက်ထိ လူတော်တော်များများဟာ သူတို့ငွေတွေ အားလုံးကို ငွေရလွယ်တဲ့ အိမ်၊ ခြံ၊ မြေ၊ ကားတွေမှာပဲ ရင်းနှီးမြှုပ်နှံတယ်။ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေက အခုထက်ထိ အားနည်းနေတုန်းပါပဲ။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေကလည်း အခုထက်ထိ မ၀င်သေးဘူး။ လာဘ်ပေး၊ လာဘ်ယူနှုန်းထားကို မလျော့ချနိုင် ရင်တော့ ရင်းနှီးမြှုပ်နှံတဲ့သူတွေ တော်တော် အခက်အခဲတွေ့လိမ့်မယ်။ အခုလည်း နိုင်ငံတကာပွဲစားတွေ ပြည်တွင်းက သက်ဆိုင်ရာကိုပိုင်တဲ့ ပွဲစားတွေချည်းပဲ၊ ရင်းနှီးမြှုပ်နှံမှုမှာ ခြေရှုပ်နေတယ်။ ပထမဆုံး ရင်းနှီးမြှုပ်နှံဖို့ လာတဲ့သူတွေနဲ့တင် ကျွန်တော်တို့ နာမည်ပျက်သွားလိမ့်မယ်။ တိုင်း ပြည်ရဲ့ရေရှည်အကျိုးစီးပွားအတွက် စတုတ္ထမဏ္ဍိုင်အနေနဲ့ ကျွန်တော်တို့ ထောက်ပြနေတာကို အလေးအနက်ထား စဉ်းစားစေချင်ပါတယ်။ တိုင်းပြည်ကောင်းဖို့ ကျွန်တော်တို့အားလုံး ၀ိုင်းလုပ်ကြဖို့လိုပါတယ်''ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

ခုံးကျော်တံတား BOT စနစ် ကျင့်သုံးမယ်ဆိုတာလည်း MIC  ဥက္ကဋ္ဌ ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါပဲ။ BOT ဆိုတာ နားလည်တာက ဆောက်ပြီး ငွေပြန်ကောက်တာ။ မလုပ်သင့် မလုပ်ထိုက်တာကိုလည်း စတုတ္ထမဏ္ဍိုင်တစ်ခုဆိုတာနဲ့အညီ ထောက်ပြခဲ့တာပဲဖြစ်တယ်။ ဒါဟာ မဟုတ်မမှန် သတင်းမဟုတ်ပါဘူး။
ဒီဇင်ဘာလ ၁၈ ရက် (တနင်္ဂနွေ)နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ခုံးကျော်တံတားဖြတ်သန်းခ ကောက်ခံမည်ဆိုသည်မှာ မဟုတ်မှန်ဟု ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြထားပြီး အဆိုပါရှင်းလင်းပွဲသို့ တက်ရောက်ရန် Eleven Media Group အား ဖိတ်ကြားခြင်းမပြုခဲ့ပါ။ ထို့အတူ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် မီတာခနှစ်ဆတိုးမြှင့်မည်မှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်ဟု ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြထားသော် လည်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်ဖော်ပြမှုတွင် မီတာခနှစ်ဆ တိုးမြှင့်မည်မှာ မဟုတ်မှန်ဟူသော တိုက်ရိုက်ပြောဆိုသည့်စကား ပါဝင်ခြင်းမရှိသည်ကို တွေ့ရပါသည်။ ယင်းတွေ့ဆုံပွဲကိုလည်း Eleven Media Group အား အကြောင်းကြား ဖိတ်ကြားခဲ့ခြင်းမရှိပါ။
''ဒီလို သတင်းစာရှင်းလင်းပွဲတွေ မဖိတ်တာမျိုးကအစ ကျွန်တော်တို့အပေါ် မမြင်နိုင်တဲ့ ဖိအားတွေပေးတာ မသင့်တော်ဘူးလို့ပဲ ကျွန်တော်တို့ မြင်တယ်။ လူကျွံဘောဖမ်းကစားတာကို မကြိုက်ဘူး''ဟု Eleven Media Group  ၏ CEO ဒေါက်တာ သန်းထွဋ်အောင်ကပြောကြားခဲ့သည်။  ထပ်မံသိရှိရသော သတင်းများအရ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံတို့တွင် တည်ဆောက်မည့် ခုံးကျော်တံတားများကို FMI ကုမ္ပဏီနှင့် လှည်းတန်း လမ်းဆုံ ခုံးကျော်တံတားကို ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီတို့က တည်ဆောက်ခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။
EMG

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တွေ့ဆုံဆွေးနွေးမည်

ဓါတ်ပုံ(သစ်ထူးလွင်)
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၁၁ ရက်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဦးဥာဏ်ဝင်းက အတည်ပြုပြောကြားသည်။ သို့သော် တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့် အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးသွားသည်ကို မသိရကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

ထို့အတူ သူရဦးရွှေမန်းနှင့် တွေ့ဆုံမည်ဟု သိထားရပြီး မည်သည့် ရက်တွင်တွေ့ဆုံမည်ဖြစ်ကြောင်းကို မသိရှိရသေးကြောင်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌနှစ်ဦးဖြစ်သော ဦးခင်အောင်မြင့်၊ သူရဦးရွှေမန်းတို့အပြင် အစိုးရအဖွဲ့မှ တာဝန်ရှိသူ အချို့နှင့် လည်းယခုလပိုင်းအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်မှာနိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် သြဂုတ် ၁၉ ရက်တွင် ပထမဆုံး အကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အစိုးရ၏ ဆက်ဆံရေးဝန်ကြီးဖြစ်သော ပြည်ထောင်စု ဝန်ကြီးဦးအောင်ကြည်နှင့် အောက်တိုဘာလ ၃၀ တွင် နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့သည်။ ဦးအောင်ကြည်နှင့် တွေ့ဆုံဆွေးနွေးမှုမှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် လေးကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုဖြစ်ကြောင်း၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
By: သစ်ထူးလွင်

လှည်းတန်းလမ်းဆုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား (နောက်ဆုံးရ သတင်း)

လှည်းတန်းလမ်းဆုံ
လှည်းတန်း လမ်းဆုံအနီး ဗုံးကွဲမှု ၊ နောက်ဆုံးရ သတင်း
ဒီဇင်ဘာ ၂၁၊ မွန်းတည့် ၁၂ နာရီ
ဗုံးကွဲမှုတွင် တယောက်သေ၊ တယောက်ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့မှ အတည်ပြု၊ ကျန်ရှိသည့် ဗုံးတလုံးအား အင်ဂျင်နီယာတပ် GE မှ လာရောက်ရှင်းလင်းပြီးဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်တဦးက အတည်ပြုပြောဆိုသည်။
ဗုံးအမျိုးအစား မည်သူ့လက်ချက်ဖြစ်သည် အချက်အလက်များ မသိရှိရသေးပါ။
 လှည်းတန်းလမ်းဆုံ ဗုံးကွဲမှု နောက်ဆုံးရ သတင်း
ဒီဇင်ဘာ ၂၁ရက်၊ ၁၁နာရီ ၃၅ မိနစ်
လှည်းတန်းလမ်းဆုံ ဗုံးကွဲမှုကြောင့် အမျိုးသမီး တယောက်သေ၊ အမျိုးသမီးတဦး ဒဏ်ရာရ၊ ဒဏ်ရာရရှိသူကို လွန်ခဲ့သည့် မိနစ်ပိုင်းတွင်းက ဆေးရုံသို့ သယ်ဆောင်သွားသည်ကိုတွေ့ရှိရကြောင်း ၊ ဦးခေါင်းနှင့် ခြေလက်များတွင် ဒဏ်ရာရသွားသည်။
နောက်ထပ် ချိန်ကိုက် ဗုံးတလုံး ကွဲနိုင်သေးသဖြင့် လုံခြုံရေး တပ်ဖွဲ့များက ရှင်းလင်းရန် လုပ်ဆောင်နေကြောင်းYPI သတင်းအရသိရသည်။
 ဒီဇင်ဘာ ၂၁ နံနက်၁၁ နာရီ ၁၈ မိနစ်၊
ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ အများသုံးသန့်စင်ခန်း တွင်ဗုံးပေါက်ကွဲမှု ဖြစ်ပွား၊ အပျက်အစီးရှိသော်လည်း သေဆုံးဒဏ်ရာရမှု ရှိမရှိ မသိရရှိရသေးကြောင်း YPI သတင်းအရသိရပါသည်။
Eleven Facebook စာမျက်နှာမှာတော့---
ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးအိမ်သာ (ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်)တွင် ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိ ထားကြောင်း သိရပါသည်။ 
(အတည်မပြုနိုင်သေးသော သတင်းများအရ သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့မှာ အသက် ၁၈နှစ် ၀န်းကျင်ခန့်သာ ရှိသူများ ဖြစ်ကြောင်း သိရသည်။)မပေါက်ကွဲသေးသော ဗုံးရှိနေသေးသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရှာဖွေစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေသည်ဟု သတင်းရရှိပါသည်။
ယနေ့နံနက် (၁၁) နာရီ ကျော်ခန့်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီး ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးအိမ်သာတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်ဟု ရေးသားထားပါသည်။
သတင်းစုစည်းတင်ပြခြင်း
By: သစ်ထူးလွင်

နစ်နာချက်များကို တိုင်ကြားပါက အရေးယူ သွားမည်ဟု ဆို

မတရားမှု၊ အဂတိ လိုက်စားမှု၊ အနိုင်ထက် ပြုကျင့်မှု များကြောင့် ပြည်သူ၏ နစ်နာချက် များကို တိုင်ကြားလျှင် တိတိကျကျ မှန်မှန်ကန်ကန် ဆောင်ရွက်ပေး သွား မည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောသည်။
”တိုင်စာတွေ အပေါ်မှာ ကျွန်တော်တို့ စိစစ်နေပါတယ်။ စိစစ်ပြီး ဥပဒေကြောင်း အရ ဆောင်ရွက်လို့ ရတာတွေကို ကျွန်တော်တို့ ဆောင်ရွက် လျက် ရှိပါတယ်” ဟု၎င်း ကပြောသည်။
တိုင်ကြားရာ၌ မှန်မှန်ကန်ကန် ရှိရန် လိုအပ်ပြီး မမှန်မကန် တိုင်ကြားမှု ပြုလုပ်မည် ဆိုပါကလည်း ယင်း တိုင်ကြားသူအား ဥပဒေကြောင်း အရ ပြန်လည် အရေး ယူနိုင်ကြောင်း၊ ဥပဒေကြောင်း အရ နစ်နာသည် ဆိုပါက မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အဆင့်ဆင့် လျှောက်ထားလွှာတက် နိုင်ပြီး ၄င်းတွင်မူ နစ်နာမူများ ရှိနေသည် ဆိုလျှင် ဥပဒေချုပ် ရုံးသို့ထပ်မံ တိုင်ကြားနိုင်ကြောင်း၊ ယင်းသို့ မဟုတ်မူဘဲ အမှုပင် မတက်ရသေးခင် တိုင်ကြားမှု များသည် ဥပဒေကြောင်း အရ ဖြေရှင်းပေးရန် ခက် ခဲကြောင်း ဦးရဲအောင်မြင့်က ပြောသည်။
”အမှုက မတက် ရသေးဘူး။ တရားလိုဘက် ကလည်း တိုင်တယ်။ တရားခံ ဘက်ကလည်း တိုင်တယ်။  ကျွန်တော်တို့ ဘက်ကလည်း ဘယ် ဘက်ကနေပြီးတော့ ဘာလုပ်ရမယ် မှန်းမသိဘူး။ ဘာ စာရွက်မှလည်း မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့က စောင့်ပြီးတော့ ပေါ်ပေါက်လာတဲ့ အမှုတွဲ ပေါ်ပေါက်ချက်ပါ အတိုင်း ဆောင်ရွက် ရပါတယ်။ ကျွန်တော် တို့ရယ်၊ ရဲရယ်၊ တရား သူကြီးရယ်က On Paper လုပ်ရပါတယ်။ အပြင် မှာ ဘယ်လောက်ပဲ မှန်ကန်ပါစေ။ မျက်မြင် သက်သေ၊ ကွင်းဆက် သက်သေ ၊ကောက်ယူနိုင်တဲ့ သက်သေ မရှိဘူး ဆိုရင် ဒီအမှုက ကျွန်တော်တို့ လွှတ်ရမှာပဲ ဖြစ်ပါတယ်။ အဲလို လွှတ်တာကို လာဘ်စားလို့ လွှတ်တယ်လို့ စွပ်စွဲမယ် ဆိုရင် လည်း ကျွန်တော်တို့ ကခံရမယ့် အနေအထား ရှိပါတယ်” ဟု ၄င်း ကပြောသည်။
သို့ရာတွင် တချို့သော အဖြစ်အပျက် များသည် ဥပဒေကြောင်း အရ အမှုဖွင့် တိုင်ကြားရန် ခက်ခဲ ကြောင်း ၊ နိုင်ငံတော် အဆင့်က ပြုပြင် ပြောင်းလဲမှု လုပ်နေပေ မယ့် အောက်ခြေပိုင်း အတော်များများ၌ ယခင်အတိုင်းပင် ရှိနေခြင်းကြောင်း၊ တိုင်ကြားမှု များကို စိစစ် စစ်ဆေးရာ၌ စာရွက်ပေါ်တွင် စစ်ဆေးခြင်းမျိုး မဟုတ် ဘဲ အောက်ခြေ အထိ ရောက်အောင် စစ်ဆေးရန် လိုအပ်ကြောင်း အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်(မိတ္ထီလာ) ဦးဝင်းဇော် ကပြောသည်။
မန္တလေးတိုင်း ဒေသကြီး အတွင်း မတရားမှု များကြောင့် အများဆုံး တိုင်ကြားခံရသည့် ဌာနမှာ မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ ဖြစ်ကြောင်း သိရ သည်။
ဥာဏ်လင်းအောင်
ပေါ်ပျူလာဂျာနယ်

ကျောက်ဖြူ-မူဆယ် ရထားလမ်း

ကျောက်ဖြူ-မူဆယ်ရထား
တရုတ်နှင့် နားလည်မှုစာ ချွန်လွှာသာရေးထိုးရသေးသည့် ကျောက်ဖြူ-မူဆယ်ရထားလမ်းပိုင်းဆောင်ရွက်ရေးကိစ္စရပ်ကို လက်ရှိ၌ ဆက်လက်ညှိနှိုင်းဆွေးနွေး ဆဲအဆင့်တွင်ပင်ရှိနေပြီး သယ်ယူပို့ဆောင်ရေးပိုင်း၌ မြန်မာဘက်မှရနိုင်မည့် ဝင်ငွေအား အဓိကထားဆွေးနွေးနေကြောင်း နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ ”ရထားလမ်းပိုင်းပြီးစီးတဲ့ အခါ ဖြတ်သန်းသွားလာမှုတွေက လုပ်တော့မယ်။ ဒီတော့ မြန်မာ ဘက်ကရရှိရမယ့် ဝင်ငွေ၊ ဒါတွေ ကို အခုလတ်တလောမှာညှိနှိုင်းမှု တွေလုပ်နေတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။၂ဝ၁၁ ခုနှစ် ဧပြီလတွင် နားလည်မှုစာချွန်လွှာ (MOU) ကို နှစ်နိုင်ငံတာဝန်ရှိသူများ လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း သဘော တူစာချုပ်ဖြစ်သည့် (MOA) အား လက်မှတ် မရေးထိုးသေး သဖြင့် ဖောက်လုပ်ရေးလုပ်ငန်း များကို မစတင်နိုင်သေးပေ။ (MOU) နားလည်မှု စာချွန် လွှာအရ ကျောက်ဖြူ-မူဆယ် ရထားလမ်းပိုင်းအနေဖြင့် ရခိုင် ပြည်နယ်ကျောက်ဖြူမြို့မှ မကွေး တိုင်းဒေသကြီး မင်းဘူးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဖြတ်ကာ ရှမ်းပြည်နယ်လာရှိုးမှ တစ်ဆင့် မန္တလေး မူဆယ်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း၊ မူဆယ်မှလမ်းပိုင်းကိုမူ တရုတ်ဘက် မှ ရွှေလီနှင့် ထပ်မံကာ ချိတ်ဆက် ရန်ရှိကြောင်း သိရသည်။ ကုန်တင်ရထားအပြင် လူစီးရ ထားပါပြေးဆွဲမည်ဖြစ်သဖြင့် နှစ်ဦး နှစ်ဖက် အကျိုးရှိစေမည့် ခရီးလမ်း ဖြစ်စေမည့်အပြင် မြန်မာစက်ခေါင်း မောင်းများကိုသာ စာချုပ်အရအသုံး ပြုသွားမည်ဖြစ်ကြောင်းမြန်မာ့မီးရထား မှ အကြီးတန်းအရာရှိက ပြောသည်။
”စက်ခေါင်းမောင်းကို မြန်မာ လူမျိုးပဲသုံးမယ်ဆိုတဲ့ သဘောတူ ညီချက်က ရှိထားတယ်။ ဒီတော့ မြန်မာဘက်က အလုပ်အကိုင်ပိုရ မယ်။ နောက်ပြီး ဖြတ်သန်းရတဲ့ လမ်းတစ်လျှောက်က ကုန်တွေကို လည်း သယ်ယူပို့ဆောင်ပေးဖို့လည်း ရှိတဲ့အတွက်ဒေသခံတွေဝင်ငွေတိုးစေ မှာပါ”ဟု¤င်းကထပ်လောင်းပြောသည်။  ယင်းအတွက်ေ ကြာင့် တရုတ် ပြည် ယူနန်မှ ကုန်စည်များ မြန်မာ ဘက်သို့ပိုမိုဝင်ရောက်နိုင်ဖွယ်ရှိသည့် အပြင်၊ မြန်မာဘက်မှလည်း ကုန် စည်များပိုမိုတင်ပို့သွားနိုင်ဖွယ်လည်း ရှိသည့် အတွက် ကုန်သည်တို့မျှော်လင့် နေကြကြောင်း ကျောက်ဖြူမြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။  ”ဒီစီမံကိန်းက ကောင်းတာ ပေါ့၊ နောက်ပြီး ဒီမှာကြားနေရတာ က လူစီးပါ ပါမယ်ဆိုတော့ ခရီး သွားရတာလည်းအဆင်ပြေတယ် လေ။ ဒီလိုမှမဟုတ်ရင် ရခိုင်က ရေလမ်းကိုပဲ အဓိကထား သွား နေရတာကြောင့်ပါ”ဟု ကျောက်   ဖြူမြို့နယ်မှ ဒေသခံတစ်ဦးက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ရခိုင်ပြည်နယ်အတွင်း၌ ကျောက်ဖြူ-ကူမင်း သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို လည်း လုပ်ဆောင်နေပြီဖြစ်ရာ ကျောက်ဖြူ- မူဆယ်ရထားလမ်း ပိုင်းမှာ ထိုစီမံကိန်းနှင့် ပတ်သက် ဆက်သွယ်မှု မရှိဟု မြန်မာ့ မီး ရထားမှ ငြင်းဆိုသည်။
သို့သော်လည်း ကုန်းတွင်း ပိတ်ဒေသများရှိနေသည့် တရုတ် နိုင်ငံအတွက်မူ တခြားနိုင်ငံများ ဆီမှကုန်စည်များအားသယ်ဆောင် နေရသည့်အတွက် ထိုထက်အချိန်   မြန်ကာ ကုန်ကျစရိတ်သက်သာ စေမည့် ကျောက်ဖြူ-မူဆယ် ရထားလမ်းပိုင်းကို အစဉ်အားကိုး သွားဖွယ်ရှိနေကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။
မင်းသုအောင်
ပေါ်ပျူလာဂျာနယ်

Thai Prime Minister (Yingluck Shinawatra) ထိုင်းဝန်ကြီးချုပ်ယင်လတ်ရှင်နာဝါထရာ

ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချူပ်အဖြစ် ဒီနှစ် August လ ၅ရက်နေ့ က ခန့်အပ်ခံရတဲ့ Yingluck Shinawatra) သို့မဟုတ် အန်တီ ယင်လတ် တစ်ယောက် မြန်မာနိုင်ငံကို ရောက်ရှိတဲ့ ဒုတိယနေ့မှာ ရန်ကုန်ကို လာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးလျှင် ရွှေတိဂုံဘုရားကို ဆက်လာမည်လို့ သတင်းရလို့ ကျနော်တို့ နေ့လည်ထဲက အလုပ်ရူပ်လို့နေပါတယ် ။ လေဒီ ၂ယောက်တွေ့ကြသည့်ပုံကို မည်သည့် သတင်းသမားမဆို ( Photojournalism ) ရိုက်ချင်ကြမှာ အမှန်ပင်ပါ ။ အဲ့ဒါတင်မကပါဖူး ကျနော်တို့ သမတကြီးနဲ့ တွေ့ဆုံတဲ့ပုံကိုလဲ ဓာတ်ပုံရိုက်ချင်နေလို့ သူ ရောက်လာတဲ့ နေ့ထဲက ကျနော် နေပြည်တော်ကိုပင် သွားပြီး သတင်းယူဖို့ ကြိုးစားကြည့်ပါသေးတယ် ။ ဖိတ်ကြားထားတဲ့ မီဒီယာ တွေပဲ သွားခွင့်ရှိတယ်ဆိုတာနဲ့ လက်လျှော့လိုက်ရတယ် ။ ဒီနေ့လဲ လေဒီ ၂ယောက်တွေ့ဆုံမဲ့ ထိုင်းသံရုံးမှာ ဓာတ်ပုံရိုက်ခွင့် မပါလာပြန်ဖူး ၊ ဓာတ်ပုံရိုက်ခွင့်ကို မြန်မာနိုင်ငံက ဓာတ်ပုံ သတင်းထောက် ၂ယောက်ပဲ ခွင့်ပြုတာကြောင့် စိုးကြီးနဲ့ ကိုခင်မောင်ဝင်းတို့ ပဲ ရိုက်ခွင့်ရလိုက်ပြီး ကျန်တဲ့ မီဒီယာတွေ တခုမှ ရိုက်ခွင့်မရတာနဲ့ ကျနော်ရယ် ၊ ဖိုးတေ ရယ် မထူးဖူးကွာ သေချာအောင်တော့ ရွှေတိဂုံမှာ တတ်စောင့်နေရအောင်ဆိုပြီး နေ့လည် ၂နာရီခွဲထဲက ကျနော်တို့ ၂ယောက် ရေသန့်တဗူး ၊ အာလူးကြော် တထုတ် ၊ နေကြာစိ တထုတ် ၊ ဆိပ်သားခြောက် တထုတ် ( ရိက္ခာ ) အပြည့်အစုံဝယ်ကာ ရွှေတိဂုံ ကုန်းမြေကို ရောက်ရှိခဲ့လေ တမုံ ..

ရွှေတိဂုံ ရောက်တော့ ၂ယောက်ထဲ ပါလာတာလေးတွေ စားရင်း တော်ကီတွေ ပွားကာ ဟိုရိုက်ဒီရိုက်လျှောက်ရိုက်ဖြစ်နေသေးတယ်။ ထူးဆန်းတာတခုက ကော်ဇောနီ ပါ  ဟယ်ရာရီကလင်တန် လာတုန်းကတော့ ကောဇောနီ ခင်းထားသလား မခင်းထားသလား သတိမထားခဲ့ပေမယ့် ဒီနေ့တော့ ညနေ ၃နာရီလောက်ထဲက ဘုရားရင်ပြင်တော်မှာ သန့်ရှင်းရေးလုပ်သူများ နှင့် ကော်ဇောခင်းသူများ တော်တော် အလုပ်ရူပ်နေတာ သတိထားမိပါတယ်။

နောက်တော့ တဖွဲဖွဲနဲ့ သတင်းထောက်တွေ သာတိုးလေပေမယ့် ။ ထိုင်းဝန်ကြီးချူပ် ရောက်လာမဲ့ အချိန် မသိရသေးတော့ အားလုံးထိုင်သာ စောင့် ဘ၀ နဲ့ နေ့လည်ကနေ ညနေ ၊ ညနေက နေ ညဦးအထိ ရောက်လာပါတယ် ။ နေ့လည် ၂နာရီခွဲ ထဲက ထိုင်စောင့်ခဲ့ရသမျှ  ည ၇နာရီ ထိုးလုထိုးခင်မှာ ထိုင်းဝန်ကြီးချူပ် ရွှေတိဂုံတောင်ဖက်မုတ်က နေ တတ်လာတဲ့အထိ စောင့်ရတဲ့အလုပ်ပြီးမြောက်သွားပြီး ရိုက်ရတဲ့အလုပ် တဆက်ထဲ ဖြစ်လာပါတယ် ။




ဓာတ်ပုံ ကောင်းတပုံရဖို့အတွက် ဒီလိုတွေ ရိုက်ကြရပါတယ် ။


ရွှေတိဂုံဘုရား အရှေ့ဖက် မုတ်လောက် အရောက်မှာ လူတွေရယ်၊ လုံခြုံရေးတွေရေ ပြည့်နေတာနဲ့ ကျနော်လဲ ဆောင်းတန်းတခုကို ပတ်ပြီး သူတို့ အရှေ့ဖက်ရောက်အောင် ပြေးရပါသေးတယ် ။ လူလဲ တော်တော် ဇောနဲ့ ပြေးမိတော့ အရှိန်လဲ တော်တော် များပါတယ် ။ ကံဆိုးတာ တခုကတော့ ကျနော် ဆောင်းတန်းတခုကို အကွေ့ လူတယောက် က ဆောင်းတန်းပေါ်က ဆင်းလာတာကို အရှောင် ရင်ပြင်တော်မှာ ရှိတဲ့ သောက်ရေအိုးစဉ်တခုက ရေဖိတ်ထားတယ်ထင်တယ် အဲ့ ရေအိုင်ကို နင်းပြီး ကျနော် စလစ်ဖြစ်သွားတယ်  လူက ဒယိုးဒယိုင် ဖြစ်ထဲက ကျနော်သိလိုက်ပြီ ကျနော် အရှိန်မထိန်းနိုင်တော့ပဲ ချောလဲတော့မယ်ဆိုတာ .. ညာဖက်လက်တဖက်မှာ ကင်မရာ နောက်ဖက်ကျောပိုးအိပ် ညာအစွန်မှာ ထည့်ထားတာက လန့်စ်တချောင်း .. မထူးဇာတ် ခင်းပြီး ကျနော် ဘယ်ဖက် ခြေထောက်ကို ကွေးချလိုက်တယ် ဒူးနဲ့ ကြမ်းပြင်နဲ့ ဒိုင်းကနဲပဲ လူက ၁ပတ်လိမ့်ထွက်သွားတယ် .. တော်တော် သတိရှိရှိထားထားလို့ ကျနော် ညာဖက် ကင်မရာကို ဆွဲမြှောက်လိုက်သည့်တင်အောင် ညာဖက် တံတောင်ဆစ်က ကြမ်းခင်းနဲ့ ညားပြီး အရေခွံပါလန်သွားတယ် .. ဘုရားလုံခြုံရေး ၃ယောက် ဖုန်း၊ဒိုင်း ဆိုတဲ့အသံကြားလို့ ကျနော့်ကို မြင်ပြီး ပြေးလာထူမှ ထနိုင်ပေမယ့် ကျနော် အခြေအနေ ကျနော် ကောင်းကောင်း လမ်းလျှောက်လို့ ချက်ခြင်း မရဖြစ်နေတယ် ။ တော်တော်လေးလဲ အီစလံ ဝေသွားတယ် ။ ကျနော် နဲ့ နည်းတူ အနောက်က နေ ပြေးလိုက်လာတဲ့ ဓာတ်ပုံ ဆရာ ၂ယောက်က ပြေးရင်းလွှားရင်းနဲ့ သတင်းမေးသွားလေရဲ့ .. ကင်မရာ ဘာဖြစ်သွားသေးလဲ တဲ့ .. ဓာတ်ပုံဆရာတွေ မှန်းသိသာပါလေတယ် ။ လူတော့ ဖြစ်ချင်ရာဖြစ် ကင်မရာတော့ အထိမခံနိုင်ဖူး ဆိုတဲ့ စိတ်ဓာတ်ခြင်းတူနေတာကိုး :D



ခြေထောက်က နာနေတော့ ဖြေးဖြေးခြင်းပဲ အရှေ့ဆုံးက လျှောက်ပြီး ရသလောက်ပဲ လိုက်ရိုက်ဖြစ်တော့တယ် ။ ကံများကောင်းချင်တော့ တောင်ဖက်မုတ် ဓာတ်လှေကား ဆင်းတဲ့ နားကျတော့ ကျနော့်အရှေ့မှာ လက်တွဲထားတဲ့ လုံခြုံရေးစည်းက ၂ခြမ်းခွဲပြီး ၀င်ပေါက်ကို ဖွင့်ပေးတာနဲ့ ကြုံတယ် ။ ကျနော်က ရှေ့ဆုံး ရောက်နေတော့ ကျနော့ တယောက်ထဲ ကွက်ကျန်ခဲ့ပြီး ၀န်ကြီးချူပ် ရှေ့တည့်တည့် ရောက်သွားတယ် ။ အရှေ့ဆုံးကနေ ဓာတ်ပုံ ကောင်းကောင်းရိုက်ခွင့်တွေ ရပေမယ့် လောဘ ကြီးပီး ဗီဒီယို ရိုက်လိုက် ဓာတ်ပုံရိုက်လိုက် အလုပ် ၂ခု တပြိုင်ထဲကို ရတဲ့အချိန်၂မိနစ် အတွင်းမှာ လုပ်ချလိုက်တော့ ၂ခုစလုံး အပိုင်မရလိုက်ဖူးဗျာ ။ အမှန်ဆို ပုံကောင်းကောင်း ထပ်ရမှာ အခုတော့ အောင်မှတ်သာသာ အောက်က ပုံလေးတွေပဲ ရိုက်လို့ ရလိုက်တယ် ။ နောက်ဆို ဒါမျိုးတွေ ဆင်ခြင်ရမယ် ။ လောဘ မကြီးပဲ ရတာကို အကောင်းဆုံးရိုက်ဖို့ ပဲ တွေးရမယ်လို့ ဒီနေ့တော့ သင်ခန်းစာရလိုက်လေရဲ့ ..



http://yeaungthu.com/thai-prime-minister-yingluck-shinawatra

အာဆီယံရထားလမ်း စီမံကိန်းသတင်းထွက်ပြီး ဒဂုံမြို့သစ် မြေဈေးထိုးတက်


အာဆီယံရထားလမ်းပိုင်းစီမံကိန်းနှင့် မြောက်ဒဂုံနှင့် မြောက်ဥက္ကလာပမြို့နယ်များသို့ ဆက်သွယ်မည့် တံတားနှစ်စင်း ထပ်မံတည်ဆောက်မည်ဟူသော သတင်းထွက်ပေါ်ပြီးနောက် ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြေကွက် တန်ဖိုး ရုတ်တရက်ထောင်တက်သွားကာ မယုံနိုင်လောက်အောင် အရောင်းအ၀ယ် ဖြစ်လျှက်ရှိသည်ဟု မြေကွက် ၀ယ်ရောင်းများက YPI သို့ပြောသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ  ပေ ၄၀၊ ၆၀ မြေကွက်တကွက်၏ ဈေးနှုန်းမှာ ယခု သတင်းမထွက်ပေါ်မီအချိန်ထိ ကျပ် ၃ သိန်းခန့်ရှိခဲ့ရာမှ လွန်ခဲ့သော သီတင်းနှစ်ပတ်အတွင်း  တည်နေရာပေါ်မူတည်၍ အနည်းဆုံး ၁၅ သိန်းဝန်းကျင်မှ  အများဆုံး သိန်းတစ်ရာကျော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

“အခုအချိန်မှာ ၀ယ်လက်ကအရမ်းများတယ်။ ရောင်းမယ့်သူပဲရှာရတာ။ တစ်နေ့တည်းမှာ တစ်ဦးတည်း ၁၄ ကွက်လောက် ၀ယ်တဲ့သူတောင်ရှိတယ်။ ဈေးတက်လာတာက ၀ယ်လက်တွေကိုယ်တိုင် ဈေးမြှင့်ပေးလို့ တက်လာတာ။ ရောင်းတဲ့သူက စခေါ်တာမဟုတ်ဘူး” ဟု မြောက်ဒဂုံမြို့နယ်မှ အကျိုးဆောင် ဦးစောအယ်ထူးကဆိုသည်။

အကျိုးဆောင် တစ်ဦးဖြစ်သူ  ဒေါ်ကြည်ကြည်မိုးက “အစိုးရကသိမ်းမယ်ဆိုပြီးသတင်းထွက်နေတဲ့ ရပ်ကွက်တွေမှာတော့ ဈေးသိပ်မတက် လာဘူး။ ဒါပေမယ့် အခြားရပ်ကွက်တွေ အကုန်လုံနီးပါးဈေးတက်နေတယ် ” ဟု ဆိုသည်။

မြေကွက်အရောင်းအ၀ယ်ကို မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းနှင့် ပင်လုံလမ်းထောင့် (၇၊ ၈ လမ်းဆုံ) ရှိ ကောင်းမွန်ကျော် လက်ဖက်ရည်ဆိုင်၌ မြေကွက်ဝယ်ရောင်းနှင့် ပွဲစားများဖြင့် နေ့စဉ်စည်ကားလျှက်ရှိသည်ကို တွေ့ရသည်။


အရောင်းအ၀ယ် ပြုလုပ်ရာတွင် မြေကွက် တည်နေရာသို့ ကိုယ်တိုင်သွားရောက် ကြည့်ရှုခြင်းမရှိပဲ မြို့ပြနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန မှ ထုတ်သော မြေပုံကိုကြည့်ရှုကာ အရောင်းအ၀ယ် လုပ်နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လိမ်လည်မှုများနှင့် ကြုံတွေ့ရသူ များလည်း ရှိကြောင်း ဦးစောအယ်ထူးက ဆိုသည်။

မြေကွက်ဝယ်ယူသူ ၀ယ်ယူသူအများစုမှာ တရုတ်လူမျိုးများနှင့် ရှမ်းတရုတ်များဖြစ်ကြောင်း၊ အခြား စီးပွားရေးဈေးကွက်များ ကျဆင်းနေချိန်တွင် ငွေရင်းနှီးကို အိမ်ခြံမြေဘက်သို့ ရွှေ့ပြောင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြခြင်းဖြစ်ကာ  နိုင်ငံခြားသားများပင် လာရောက် လေ့လာမှု ရှိနေသည်ဟု ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။

အိမ်၊ ခြံ၊ မြေ အရောင်းအ၀ယ်လုပ်နေကြသော ၇၊၈ လမ်းဆုံမှ ကောင်းမွန်ကျော် လ္ဘက်ရည်ဆိုင်

ယခုကိစ္စနှင့်ပတ်သတ်ပြီး ယူနတီ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော်ကလည်း “ ၉၆ ခုနှစ်ဝန်းကျင် လောက်တုန်းက သန်လျင်ဘက်မှာ အခုလို ဖြစ်ဖူးတယ်။ စက်မှုဇုန်လုပ်မယ်ဆိုတဲ့သတင်းကြောင့် မြေကွက်တွေ အရောင်းအ၀ယ်တော်တော်ဖြစ်ခဲ့ဘူးတယ်။
အဲဒီတုန်းကတော့ အခုလို ဈေးမမြောက်ဘူး။ နောက်တော့လည်း ပြန်ငြိမ်သွားတာပဲ” ဟု ဆိုသည်။

၁၉၉၇ ခုနှစ်ကလည်း ရန်ကုန်မြို့သစ် ဆင်ခြေဖုန်းမြို့နယ်များဖြစ်သည့် တောင်နှင့် မြောက်ဒဂုံ သံလျင်မြို့နယ်ရှိ မြေကွက်များကို ၀ယ်ယူကာ လက်လွှဲရောင်းချခြင်းဖြင့် အကျိုးအမြတ်ရရှိခဲ့ကြသည်။ သို့ရာတွင် ၁၉၉၇ ခုနှစ် အာရှစီးပွားပျက်ကပ် ဖြစ်ပွားသည့်နောက် တွင် မြေကွက်ဈေးကွက်ပျက်ကာ ဆယ်စုနှစ်တခုကြာသည်အထိ ဈေးနှုန်းသိသိသာသာ မမြင့်တက်ပဲ ရှိနေခဲ့သည်။ ယင်းကာလကို အိမ်ခြံမြေ ရွှေခေတ်ဟု ရည်ညွှန်း ခေါ်ဆိုကြသည်။

ယခုလက်ရှိကာလတွင် ဒဂုံမြို့သစ်မြို့နယ်များသာမက တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း ၊ ဒလ၊ သန်လျင် စသော ဆင်ခြေဖုန်း မြို့နယ်များတွင်လည်း အိမ်းခြံမြေများ အရောင်းအ၀ယ်သွက်လျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များကဆိုသည်။    ။

ဒီဇင်ဘာ ၂၀၊ ၂၀၁၁ (YPI)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်