လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် ဇာတ်ကားပေါင်း ၁၈၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် (The Art of Freedom Film Festival) သို့ မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်သည့် ရုပ်ရှင်ကားပေါင်း ၁၈၀ ရှိသော်လည်း ပြည်ပနိုင်ငံများမှ ပေးပို့ယှဉ်ပြိုင်သောဇာတ်ကားများမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာတိုက်ကြီးမှ ဆက်သွယ်ရေးစည်းကမ်းစနစ်နှင့် အင်တာနက်ကွန်နက်ရှင်တို့ကြောင့် ပြိုင်ပွဲမှ ပယ်ဖျက်ရရန်အခြေအနေ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။


“စာတိုက်ကနေတစ်ဆင့်ပို့တာတွေက ဒီဗီဒီတွေဖြစ်နေတဲ့အတွက် ဆင်ဆာကနေတစ်ဆင့်ထုတ်ယူဖို့ စာတိုက်ကြီးက အကြောင်းကြားတယ် ၊ဆင်ဆာကို ဖြတ်နေရင် တစ်လလောက်ကြာမှာမို့ဒီကားတွေက အဆင်မပြေဘူး။ နောက်ပြီး ကိုသူရ စာနယ်ဇင်းရှုင်းလင်းပွဲမှာ ပြောသွားခဲ့တဲ့ အွန်လိုင်းမှာ ၁၆ ကားလောက်ရောက်နေပြီဆိုတာအပြင် နောက်ထပ်ထပ်ပို့ထားတာတွေ ရှိနေပေမယ့် မြန်မာပြည်ကွန်နက်ရှင်အနေအရ ဒေါင်းလော့ဒ်ဆွဲဖို့အဆင်မပြေဘူး။ ဒါကြောင့် ပြည်ပအနေနဲ့က လူကြုံနဲ့ထည့်ပေးလိုက်တဲ့ ဇာတ်ကားလောက်ပဲပါတော့မယ်” ဟု ရုပ်ရှင်ပွဲတော်မှအကဲဖြတ် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုသည်။


လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်သို့ ပေးပို့ယှဉ်ပြိုင်သည့် ဇာတ်လမ်းများမှာ ဇန်န၀ါရီလ ၁ ရက်မှ ၃ ရက်အထိ ကျင်းပပြသမည့် ရုပ်ရှင်ပွဲတော်အတွက် အလွန်များပြားသည့်ပမာဏဖြစ်နေပြီး ပြိုင်ပွဲကပေးထားတဲ့ Theme အား ဖေါ်ပြနိုင်မှုနှင့် အရည်အသွေးပေါ်ကို အကဲဖြတ်အဖွဲ့မှ ကိုသူရ (ခ) ဇာဂနာနှင့် မင်းထင်ကိုကိုကြီးတို့က ပထမအဆင့်အနေဖြင့် ရွေးချယ်ကာ ပြပွဲအတွက်ပြသသွားမည်ဖြစ်သည်။

ထိုမှပြပွဲအပြီး ဒုတိယအဆင့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အကဲဖြတ်အဖွဲ့ဝင်နှစ်ဦးမှ ရွေးချယ်အကဲဖြတ်ပြီး Beast Shoot ဆု၊ Beast Documentary ဆု၊ Audience Choice ဆုအပြင် အခြားခေါင်းစဉ်တစ်ခုဖြင့် ဆုတစ်ခုလည်းရှိကြောင်း သိရသည်။

ထိုပြိုင်ပွဲအတွက် မောင်မောင်ဦး(စနိုးဝှိုက်)၊ ကိုပေါက်၊ ၀ိုင်း စသည့်နာမည်ကြီး ဒါရိုက်တာအများအပြားပါဝင်ရိုက်ကူးယှဉ်ပြိုင် ထားကြပြီး ဇာတ်ကား ၁၈၀ ကို ပထမအဆင့်စီစစ်ရွေးချယ်ပြီးပါက ဒီဇင်ဘာ ၃၁ ရက် ညနေတွင်  တော်ဝင်စင်တာ ၇ ထပ်တွင်းကျင်းပမည့်  ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအား ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများမှ တက်ရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ထို့နောက် ဇန်န၀ါရီ ၁ ရက်မှ ၃ ရက်အထိ ပထမအဆင့်ရွေးချယ်ခံရသည့် ရုပ်ရှင်များကို တော်ဝင်စင်တာရှိ ရုပ်ရှင်ရုံ ၃ ရုံ၌ပြသကာ ဇန်န၀ါရီ ၄ ရက်တွင် ဆုပေးပွဲ ကျင်းပသွားမည်ဖြစ်သည်။ ထိုအတွက် ယခုအချိန်အထိ ရုပ်ရှင်အစည်းအရုံးဆင်ဆာဋ္ဌာနမှ တစ်စုံတစ်ရာ တားမြစ်ပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်(The Art of Freedom Film Festival)မှာ လွတ်လပ်ခြင်းအပေါ်ဖွင့်ဆိုမှုကို အခြေခံ၍ရိုက်ကူးဖန်တီးထားသည့် ရုပ်ရှင်ဇတ်ကားများမှတစ်ဆင့် မြန်မာပြည်သူများအကြား လွတ်လပ်ခြင်း၏ အနှစ်သာရအတွေးအခေါ်အယူအဆများ ပျံ့နှံ့စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ရုပ်ရှင်ပွဲတော်တွင် ဆုရရှိသူများအား ဒေါ်အောင်ဆန်းစုကြည်မှ ဆုချီးမြှင့်သွားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Newyork Institute ၏ကမ်းလှမ်းချက်ဖြင့် အဆိုပါတက္ကသိုလ်တွင် ရုပ်ရှင်သင်တန်း သုံးလ သင်ယူခွင့်ရမည်ဖြစ်သည်။
by 7Day News Journal

အင်းတော်မြို့ နယ်မှာ သနပ်ခါးရောင်မိုးရွာသွန်း

ကချင်ပြည်နယ် မိုင်ဂျာယန်မြို့တွင် သနပ်ခါးမိုးရွာစဉ်ကတွေ့ ရပုံ
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊  အင်းတော်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်တွင် ဒီဇင်ဘာလ ၂ဝ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်က အဝါရောင် ရှိသော မိုးရွာသွန်းသွားခဲ့သည်ဟု သတင်းရရှိပါသည်။

အဆိုပါ မိုးမှာ  ပေနှစ်ဆယ် ပတ်ဝန်းကျင်ခန့်မှာပဲ  ကွက်ကြားမိုးကဲ့သို့ ရွာသွန်းသွားခဲ့ပြီး အချိန် သုံးမိနစ်ခန့်သာ ကြာမြင့်ခဲ့သည်ဟု သိရှိရပါသည်။ မိုးရွာနေချိန်တွင် စပါးကျီဆောက်နေသည့် လူသုံးလောက်ဟာ အဆိုပါ မိုးရေ စိုသွားသည့်အတွက် ချက်ချင်းပင် ရေချိုးလိုက်ရပြီး မိုးရေထိသူ တစ်ယောက်ကတော့ အနည်းငယ် ယားယံသည်ဟုလည်း ဆိုပါသည်။ မိုးရွာပြီးစ အချိန်မှာ ရပ်ကွက်ထဲမှလူများ သွားရောက် ကြည့်ရှုသည့်အချိန်တွင် သနပ်ခါးစက်များကဲ့သို့ အဝါရောင်အကွက်များ တွေ့ရသည်ဟု အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောပါသည်။

အောင်မင်္ဂလာရပ်ကွက်နေ ပြည်သူတွေဟာ အလားတူ အဝါရောင် မိုးမျိုး ကချင်ပြည်နယ် အရှေ့တောင်ပိုင်း တရုတ်နယ်စပ်မှာရှိသည့် မိုင်ဂျာယန်မြို့တွင်လည်း အောက်တိုဘာလအတွင်းက ရွာချခဲ့သည်လို့ ရေဒီယိုသတင်းတွေတွင် နားထောင်ဖူးသည့်အတွက် ကြောက်ရွံ့နေကြပါတယ်လို့ ဒေသခံတစ်ဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။
 ဘားမားဗီဂျေ

နွားထိုးကြီးတွင် မြွေအဝယ်လိုက်နေသဖြင့် ကြွက်များထကြွ



နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ မြွေများကို တရုတ်က အလွန်အကျွံဝယ်ယူခဲ့မှုကြောင့် မြွေများရှားပါးလာပြီး ကြွက်သောင်းကျန်းမှုများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တရုတ်များသည် လွန်ခဲ့သော ၄ နှစ်ခန့်ကပင် နွားထိုးကြီးမြို့နယ် အတွင်း ကျေးရွာများမှ မြွေများကို ဝယ်ယူခဲ့သောကြောင့် မြွေများရှားပါးလာပြီး ကြွက်များပေါများလာကာ ခုနှစ်မြေပဲပေါ်ချိန်တွင် မြေပဲခင်းများကို ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

"ကြွက်က ဒီနှစ်မိုးကုန်လောက်မှ စပြီးပေါ်လာတာ။ ကျွန်တော်သိသလောက်တော့ အရင်ကတစ်ခါမှ ကြွက်တွေ မကျဖူးဘူးဗျ။ အခုနောက်ပိုင်း ကြွက်တွေပေါ်လာတာ ကျွန်တော်တို့နယ်မှာ မြွေတွေရှားသွားလို့ပဲ။ အရင်ကဆို မြွေတွေက ကျွန်တော်တို့အိမ်တွေထဲအထိ တောင်ဝင်တာ။ အခုသိပ်တောင် မတွေ့ရတော့ဘူး" ဟု နွားထိုးကြီးမြို့တွေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများလုပ်ကိုင်နေသူ ကိုနိုင်ထူးအောင်က ပြောသည်။

ယခုနှစ်သည် နွားထိုးကြီးမြို့နယ်တွင် ရာသီဥတုကောင်းသောကြောင့် တောင်သူများက မြေပဲအထွက်နှုန်းကောင်းမည်ဟု မြေပဲအထွက်နှုန်းကောင်းမည်ဟ်ု မျှော်မှန်းထားသော်လည်း မြေပဲခင်များ အတွင်းကြွက်များ သောင်းကျန်းခဲ့သောကြောင့် မျှော်မှန်းထားသည့် မြေပဲအထွက်နှုန်း ထက်ဝက်လျော့ကျခဲ့ကြောင်းကို ကိုနိုင်ထူးအောင်က ဆက်လက်ပြောသည်။

နွားထိုးကြီးမြို့နယ် အတွင်းတွင် ကြွက်များသောင်းကျန်းခဲ့သောကြောင့် ဓာတ်မြေဩဇာဆိုင်များတွင် ကြွက်သတ်ဆေးများလည်း ရောင်းအားကောင်းခဲ့ကြောင်း သိရသည်။

"အရင်က ဓာတ်မြေဩဇာဆိုင်တွေမှာ ကြွက်သတ်ဆေး မရောင်းရဘူး။ ဒီနှစ်မှ တအားရောင်းရတာ။ ကြွက်သတ်ဆေးက အခုမှသုံးဖူးတာဆိုတော့ လယ်တွေအတွက်၊ ပတ်ဝန်းကျင်အတွက် ဘာဘေးထွက်ဆိုးကျိုးပေးမလဲတော့ မပြောတတ်ဘူး" ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။

တရုတ်များသည် လွန်ခဲ့သော ၇ နှစ်၊ ၈ နှစ်ခန့်မှ စတင်ကာ နွားထိုးကြီးမြို့နယ် အတွင်းက လယ်မြေများမှ ထွက်သော အင်းကျောက်များကို ဈေးကောင်းပေးဝယ်ယူခဲ့ပြီး မြွေများအပါအဝင် အခြားဒေသထွက်ပစ္စည်းများကိုလည်း ဝယ်ယူခဲ့ကြောင်း၊ ယခုအခါ မြွေများရှားပါးလာသောကြောင့် တောက်တဲ့များကို ဝယ်ယူလာခဲ့ကြောင်း ပေါ်ပျူလာဂျာနယ်မှာဖော်ပြထားပါသည်။

By: သစ်ထူးလွင်

မြန်မာကလေး ၇ဝ ရာခိုင်နှုန်းတွင် သန်ကောင်ရောဂါပိုး စွဲကပ်နေ

မြန်မာနိုင်ငံအတွင်းရှိ မွေးစမှ ၁ဝ နှစ်အောက်အတွင်းရှိ ကလေးအယောက် ၁ဝဝ တွင် ၇ဝ ရာခိုင်နှုန်းမှာ သန်ကောင် ရောဂါပိုးငါးမျိုး စွဲကပ်မှုခံနေရကြောင်း ကျန်းမာရေး ဦးစီးဌာန  အာဟာရဖွံ့ဖြိုးရေးစီမံချက်မှ တာဝန်ရှိသူတစ်ဦးက ၄င်းတို့ ပြုလုပ်ထားသော သုတေသနရလဒ်များကို ကိုးကားပြီး ပြောကြားသည်။
ထို့အပြင် မြန်မာကိုယ်ဝန် ဆောင်မိခင် ၁ဝဝ တွင် ၄ဝ ရာခိုင် နှုန်းမှာ ယင်းကဲ့သို့ သန်ကောင် စွဲကပ် သည့်ရောဂါဖြစ်ပွားနေကြကြာင်း ၄င်းကထပ်လောင်းပြောကြား သည်။ ယင်းကဲ့သို့ သန်ကောင်စွဲကပ်မှု အဓိကဖြစ်ပွားနေရသည့် အကြောင်းအရင်းများမှာ မသန့်ရှင်းသော အစားအစာများကို စားသုံးနေရခြင်း၊ သောက်သုံးရေများ တွင် ရောဂါ ပိုးများ သန့်စင်ထားမှုမရှိခြင်း၊ ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင်  အာဟာရပြည့်ဝသော အစားအစာများ စားသုံးနိုင်မှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
မြန်မာနိုင်ငံ၌ ဖြစ်ပွားမှုများသော သန်ကောင်များမှာ သန်လုံးကောင်၊ တုတ်ကောင်၊ ကြာပွတ်သန်ကောင်၊ ချိတ်သန်ကောင်နှင့် သံပြားကောင် အမျိုးအစား များဖြစ်ကြောင်း၊ သန်ကောင်ရောဂါ စွဲကပ်နေပါက ကလေးများတွင် စံချိန်မီမကြီးထွားနိုင်ခြင်း၊ အာဟာရမဖွံ့ဖြိုးခြင်းနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ခြင်း တို့ ဖြစ်ပေါ်စေနိုင်ကြောင်း ကလေးအထူးကု ဆရာဝန်ကြီးတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း၌ ရောင်းချလျက်ရှိသော ဖုံးအုပ်ထားခြင်းမရှိသည့် လမ်းဘေးအစားအစာများတွင် သန်ကောင်ရောဂါပိုး စွဲကပ်နိုင်သည့် အနေအထားများ ကို တွေ့မြင်နေရပြီး ဖုန်များထူထပ်ခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်မသန့်ရှင်းသော နေရာများတွင် ထိုအစားအစာများကို မိခင်ရောကလေးပါ မသိကျိုးကျွန်ပြု၍ စားသုံးနေ ကြသည်ကို လေ့လာတွေ့ရှိနေရကြောင်း ကူး စက်တတ်သောရောဂါများ ကာကွယ်ရေး စီမံချက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိုင်လင်း(ပေါ်ပျူလာဂျာနယ်)

ရိုးရာ လက်ဝှေ့ အကြို ဗိုလ်လုပွဲတွင် နိုင်ငံခြားသားများ အနိုင်ရ

ဒဂုံရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့အကြို ဗိုလ်လု ပွဲစဉ်များကို ဒီဇင်ဘာ ၁၈ ရက်က သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁)၌ ကျင်းပခဲ့ရာ မြန်မာ့ ရိုးရာ လက်ဝှေ့ သမားများကို နိုင်ငံခြားသား လက်ဝှေ့သမားများက အနိုင် ရရှိပြီး ဗိုလ်လုပွဲ တက်ရောက်သွား ကြောင်း သိရသည်။
ပထမတန်း ဒဂုံရွှေအောင်လံ ပြိုင်ပွဲတွင် ထွန်းထွန်း(မြန်မာ)နှင့် ဆာရီ ကော့ဖ်(ရုရှား)တို့ ယှဉ်ပြိုင်ရာ ဆာရီကော့ဖ်က ဒိုင်ငါးဦးစလုံး အနိုင်ပေးမှုဖြင့် လည်းကောင်း၊ အလွတ်တန်း ဒဂုံရွှေအောင်လံ ပြိုင်ပွဲတွင် ရန်ကြီးအောင် (မြန်မာ)နှင့် ဒါဗစ်(အာမေးနီးယား) တို့ယှဉ်ပြိုင်ရာ ဒိုင်ပွဲရပ်ဖြင့် ဒါဗစ်က အနိုင် ရရှိခဲ့သည်။ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပမည့် ဒဂုံရွှေအောင်လံ ဗိုလ်လုပွဲတွင် ဆာရီကော့ဖ် (ရုရှား)နှင့် ရန်နိုင်အောင် (မြန်မာ)၊ ဒါဗစ် (အာမေးနီးယား)နှင့် စောငမန်းတို့ ယှဉ်ပြိုင် ဗိုလ်လုကြမည်ဟု သိရသည်။
ပေါ်ပျူလာဂျာနယ်

ပြန်ပေးဆွဲခံရတဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီကားများ ပြန်လွှတ်ပေး

တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို တည်ဆောက်နေသည့် အီတာလျံ-ထိုင်း Italian-Thai Development (ITD) ကုမ္ပဏီမှ ကား ၁၆ စီးနှင့် ကားသမားများကို BBKဟု ဆိုသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များက ယမန်နေ့က ပြန်ပေးဆွဲကြောင်း သိရသည်။

ထားဝယ်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း စတင်ရန် ပြင်ဆင်နေသည့် မြင်ကွင်း
ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်ထားသော ကားလမ်းပေါ်တွင် အလုပ်လုပ်နေစဉ် ပြန် ပေးဆွဲခဲ့ခြင်း ဖြစ်သည်။
ပြန်ပေးဆွဲထားသည့် ကားများကို ၆ နာရီခန့် ထိန်းသိမ်းထားပြီး နေ့လယ် ၁၂ နာရီတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ကရင်တိုင်းရင်း သား သတင်းဌာန ကွယ်ကလူမှ အယ်ဒီတာ စောအယ်နာက ဧရာဝတီသို့ ပြောသည်။
“အဲဒီနေ့ မနက်မှာ ပြန်ပေးဆွဲပြီးတော့ နေ့လယ် ၁၂ နာရီမှာ ပြန်လွှတ်ပေးလိုက်တယ်၊ ကားသမားတွေဆီက ဂြိုဟ်တုဖုန်း ၃ လုံးနဲ့ ဘတ်ငွေ ၁၀၀၀၀ သိမ်းယူလိုက်တယ်”ဟု ၎င်းက ဆိုသည်။
BBK လက်နက်ကိုင်အဖွဲ့က ၎င်းတို့၏ ပိုင်နက်အတွင်း၌ အလုပ်သမားများ ကျူးကျော် ၀င်ရောက်ပြီး အလုပ်လုပ်မည်ဆိုလျှင် တဦးကို ဘတ်ငွေ ၁၀၀၀ ပေးဆောင်ရန် သတိပေးခဲ့ကြောင်း စောအယ်နာက ဆက်ပြောသည်။
ယင်းဒေသတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၄ တပ်ဖွဲ့ဝင်များ လှုပ်ရှားနေပြီး ITD ကုမ္ပဏီ က လမ်းဖောက်လုပ် နေခြင်း ဖြစ်သည်။
ITD ကုမ္ပဏီမှ ကားများကို ပြန်ပေးဆွဲခဲ့သော BBK တပ်ဖွဲ့သည် မည်သည့် အဖွဲ့အစည်း ဖြစ်ကြောင်း မသိရှိရသေးပေ။
KNU ထားဝယ်ခရိုင် ဥက္ကဌ စောကွယ်ထူးဝင်းကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ ITD ကုမ္ပဏီက အကြောင်းကြားထား သော ကြောင့်၊ ၎င်း၏ KNU တပ်ဖွဲ့ဝင်များကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း ITD ကုမ္ပဏီတွင် အလုပ်လုပ်နေသော အလုပ်သမား ၅၀ခန့်သည် အစိုးရတပ်နှင့် KNU တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မောင်းမကန် မြောက်ဘက်တွင်ရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ITD ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားပြီး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ သံမဏိစက်ရုံများ၊ ရေနံသန့်စင်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်း ကီလိုမီတာ) အကျယ်အ၀န်းရှိကြောင်း စီမံကိန်း ဆောက်လုပ်ခွင့်ရ ITD ကုမ္ပဏီ၏ မှတ်တမ်းများအရ သိရသည်။
မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြထားချက်အရ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကုန်တင် သင်္ဘောကြီး ၂၅ စင်းတပြိုင်တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည်ဟု သိရသည်။
ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူထက်သာမည်ဟု ဆိုထားသော ထားဝယ် ရေနက် ဆိပ် ကမ်း စီမံကိန်း၏ အရေးပါပုံ၊ စီမံကိန်းကြောင့် နိုင်ငံ၏စီးပွားရေး တိုးတက်လာနိုင်ပုံတို့ကို မြန်မာစာနယ်ဇင်းများတွင် ဖော်ပြခဲ့ကြ သည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရဖွယ်ရှိပြီး ဆုံးရှုံးနစ်နာမှုများ ရှိလာမည်ကို စိုးရိမ်သောကြောင့် ITD ကုမ္ပဏီ ယာဉ်များ KNUထိန်းချုပ်ဒေသတွင် သွားလာနေခြင်း မပြုလုပ်ရန် ပိတ်ပင်ခဲ့ဖူးသည်။
သန်းထိုက်ဦး (ဧရာဝတီ)

သမီးမေမေကို လူဆိုးတွေ သတ်သွားတယ်

လှည်းတန်းတွင် ဗုံးကွဲသည်ဟု ကြားရချင်း၌ ကျနော့်ရင်ထဲ ဗြောင်းဆန်သွားမိပါသည်။
ပြီးတော့ ချက်ချင်း သွေးတွေဆူပွက်၊ ဘာကိုမှ မမြင်နိုင်အောင် ဖြစ်သွားမိသည်။

ယုတ်မာလိုက်ကြတာ၊ ယုတ်မာကြပြန်ပြီ။ စိတ်ထဲတွင် အခါခါ ရေရွတ်မိ၏။
ဒေါသလည်း ထွက်သည်။ ထိုဒေါသအား ပေါက်ကွဲခွင့်လည်း မရပါသောကြောင့် ယောက်ျားတန်မဲ့ ငိုချင်သလိုလိုပင်ဖြစ်သွားမိ၏။

သေတာက တစ်ယောက်၊ ဒါဏ်ရာပြင်းတာက တစ်ယောက်တဲ့။ မိန်းလေးတွေ ... တဲ့။ သတင်းတွေက ဆက်တိုက်ဆိုသလို လာ၏။
မီဒီယာများ တာဝန်ကျေကြပါပေသည်။ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မရပါဘဲလျက် ဗုံးကွဲမှုသတင်းတွေကို တဖျပ်ဖျပ် ဆက်ကာဆက်ကာ တင်ပေးနေ၏။
ဖတ်ရင်း ဖတ်ရင်း သတင်းက ပိုစုံလာသလိုရှိသည်။ ထိုစဉ်မှာပင် ကျနော့်ရင်ထဲ ထိတ်လန့်မှုတစ်ခု ကြီးစိုးလာခဲ့လေ၏။
ဒီသတင်းရဲ့ အရေးကြီးဆုံးအပိုင်းကို သိမှ သိရပါမည်လော။
သတင်းတစ်ခုမှာ ဘယ်ဟာ အရေးကြီးသလဲဟု ကျနော်က ခွဲခြားနေခြင်းမဟုတ်ပါ။
သို့သော် ကျနော်သိလိုလှသည့် အရေးကြီးဆုံး အပိုင်းမှာ ဒီကိစ္စလုပ်သူ (တကယ့်) လက်သည်တရားခံ ဘယ်သူနည်းဟူသော မေးခွန်းပင်ဖြစ်ပါသည်။
ထို တကယ့်လက်သည်အား အများရှေ့မှောက်ဆွဲထုတ်ခြင်းကို မြင်ရလိုပါသည်။
အများရှေ့မှောက်တွင် တိကျခိုင်မာစွာ စစ်ဆေး၍၊ အများရှေ့မှောက်တွင် ထိရောက်သော ပြစ်ဒါဏ်ကို တိကျခိုင်မာစွာ ပေးစေ့ချင်ပါသည်။

အငြှိုးထားတတ်သူဟု မထင်စေ့လိုပါ။ သို့သော် အပြစ်ပြုသူအား ခွင့်မလွှတ်တတ်သည်မှာ ကျနော်စိတ်ရင်း ဖြစ်ပါသည်။
ယခုကိစ္စ ဗုံးခွဲသူကိုလည်း ဘာလုပ်ချင်ပါသနည်း။
အများရှေ့မှောက် တရားခွင်တွင် တည့်တည့်ကြီး စိုက်ကြည့်ခွင့်ရချင်ပါသည်။

မင်း ဘာကြောင့် ဒီလိုလုပ်ရသလဲ?
မင်း ဘာကြောင့် ဒါလောက် အောက်တန်းကျရသလဲ?
မင်းကို စေခိုင်းတာ ဘယ်သူတွေလဲ?
မင်းကကော ခိုင်းတိုင်းလုပ်ရအောင် လူ့အသိဥာဏ် မရှိတော့ဘူးလား?
ဘာကိုကြောက်လို့ လုပ်တာလဲ? ဘာကို မျှော်လင့်ပြီးလုပ်တာလဲ?
ဒီလို လုပ်ရပ်နဲ့ မင်းပြန်ရမယ့်ဟာ တန်ရဲ့လား?
မင်းတစ်ဘ၀လုံး ဒီလုပ်ရပ်အမည်းစက်ကို စိတ်စနိုးစနှောင့်လုံးဝမဖြစ်ဘဲ ဆက်အသက်ရှင်နေနိုင်မလား?
စသဖြင့် ထိုတရားခံအား (အခွင့်ရလျှင်) မေးချင်သော စကားလုံးများစွာရှိပါသည်။
သို့သော် ကျနော် မမေးတော့ပါ။ ထိုမေးခွန်းတွေ အားလုံးပါဝင်နေမည့် မျက်လုံးအကြည့်တစ်ခုသည်ပင် လုံလောက်လိမ့်မည် ထင်၏။

အကယ်၍ တရားခံကိုသာ ပြည်သူ့ရှေ့မှောက် တရားခွင် တင်ခွင့်ရခဲ့ပါလျှင် အားလုံးဝိုင်းကြည့်ကြမည့် မျက်လုံးအကြည့်များနှင့်ပင်
ထိုသူ ... ရှက်တတ်လျှင် လဲသေသွားလောက်ပါလိမ့်မည်။
မရှက်တတ်လျှင်လည်း သူ့တစ်ဘ၀လုံး ခြောက်လှန့်နေပေတော့မည် ... ဟု ကျနော်ယုံကြည်ပါသည်။

ဗုံးကွဲမှုသတင်းများက နောက်ပိုင်းတွင် ဆက်တိုက်လာနေ၏။
အစက ၁၈နှစ်အရွယ် မိန်းမငယ်ာကလေးတစ်ဦးသေ။ တစ်ဦးဒါဏ်ရာရသည် ... တဲ့။
`ဟာ အရွယ်ငယ်ငယ်ကလေးတွေ´ ဟု စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိသည်။

နောက်တော့ သတင်းထပ်လာ၏။
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ သန့်စင်ခန်း ၀န်ထမ်း မမြစမ်းရည် အသက် ၃၀ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ သန့်ရှင်းရေးဝန်ထမ်း မခင်မြတ်နွယ် အသက် ၂၄ နှစ်ဖြစ်သည်ဟု သိရပါသည်။
... တဲ့။

သန့်စင်ခန်း ၀န်ထမ်းလေးတွေ ဆိုပဲ။
သူတို့ခမျာ လခမှ ဘယ်လောက်ရကြရှာလေမလဲ?
အောက်ခြေ၀န်ထမ်းကလေးတွေဖြစ်၍ ဘယ်လိုမှ ကြွယ်ပိုးကြွယ်ဝရှိကြလိမ့်မည် မဟုတ်မှန်း အတိအကျ ခန့်မှန်းလို့ရပါသည်။
အလုပ်က မမြင့်မားသောငြား ရိုးသားသန့်စင်သော အလုပ်ကို မွန်မြတ်ဖြူစင်စွာ လုပ်ကိုင်ကြသူကလေးများ။
သူတို့မှာ မှီခိုနေသော မိသားစုတွေများရှိလိမ့်မလား?
တကယ်လို့ရှိနေမယ်ဆိုရင် အဲဒီမိသားစုတွေအနေနဲ့ နောင်ဘယ်လိုများ ဆက်ပြီးရပ်တည်သွားကြမှာပါလိမ့်မလဲ?

ယခုပင်လျှင် အခွန်အခ၊ လမ်းပန်းဆက်သွယ်ရေး (ရထားခ)၊ မီတာခတွေ ဈေးတက်တော့မည့်အကြောင်း သတင်းတွေကြားရ၏။
ဒီလိုအချိန်မှာ အိမ်၏၀င်ငွေကို အဓိကရှာဖွေပေးနေသူ သေဆုံးသွားလို့ကတော့ ကျန်ရစ်သူတွေအဖို့ ပဋာမြေလူးရမယ့် ကိန်းပေပဲ။

နိုင်ငံခြားတွေမှာတော့ အလုပ်တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားရှာသူဆိုလျှင် ထောက်ပံ့ကြေးတွေ တနင့်တပိုးရသည်ဟု ကြားဘူးပါ၏။
ဒီလိုကိစ္စမျိုးတွေကိုကော ပေးလေ့ရှိသလား ကျနော်သေချာ မသိ။
ဘာပဲဖြစ်ဖြစ် ယခု သေဆုံးသွားရှာသော ၀န်းထမ်းမလေးနှင့် ဒါဏ်ရာရသူမှာလည်း သူ့အလုပ်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေခြင်းပါပဲ။
အကယ်၍ တာဝန်မသိပဲ အပြင်သာ လျှောက်သွားနေမည်ဆိုလျှင် ဒီလို ကံဆိုးမှုမျိုးနှင့် သူတို့ရင်ဆိုင်တိုးကောင်းမှ တိုးရပေလိမ့်မည်။
သည် အများသုံးသန့်စင်ခန်းဆိုတာ အစိုးရပိုင်ဆိုလျှင် ပင်စင်တော့ ရလိမ့်မည် ထင်၏။ ပုဂ္ဂလိကပိုင်ဆိုလျှင်ရော ...။
ဘာပဲဖြစ်ဖြစ် ကံဆိုးရှာသော အောက်ခြေ၀န်ထမ်းလေးများအတွက် ထောက်ပံ့မှုတစ်ခုခုတော့ ပြုသင့်သည်ဟု ထင်မိပါသည်။

ခံစားချက်တွေကတော့ တကယ့်ကို ဗြောင်းဆန်နေခြင်းပါ။
သေဆုံးသွားသူအတွက် စိတ်မကောင်းတာရော။
ကျန်ရစ်မည့် မိသားစုအတွက် စာနာပူပန်မိတာရော။
လုပ်သွားသည့် လူမဆန်သော လက်သည်အတွက် ဒေါသဖြစ်မိတာရော။
အားလုံးရောပြွန်းကာ လူက ဘာအတွေးကိုမှ ဖမ်းယူဆုပ်လို့ မရချင်တော့။

စိတ်လှုပ်ရှားစွာ တောင်စဉ်ရေမရ လျှောက်တွေးမိသည်။
တစ်ချို့လူများ အပေါ့စွန့်သွားလေ့ရှိသော နံရံများတွင် ရေးလေ့ရှိသည့် စာတမ်းတစ်ခုရှိ၏။
`ဤနေရာတွင် ခွေးများသာ သေးပေါက်ကြသည်´ ဟု ရေးတတ်သည်။
ထိုစာတမ်းမျိုးမှီးကာ ဗုံးဖောက်တတ်တဲ့နေရာတွေမှာ ..
`ဤနေရာတွင် ခွေးတောင်မှ အပြစ်မဲ့ပြည်သူကို ဗုံးမခွဲ။
ဗုံးခွဲသူမှာ ခွေးထက်အောက်တန်းကျသူများ ဖြစ်လိမ့်မည်။´
ဟု ရေးထားရင် ကောင်းမလား။
ဒါပေမဲ့ ဘယ်သူက ဘယ်နေရာ လာခွဲမလဲဆိုတာ ကြိုမသိနိုင်တော့ခက်တာပဲ။
သေချာသည်ကတော့ ဤသို့ ဗုံးခွဲသူ ဆိုသည်မှာ သရဲဘောကြောင်သူများသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်လည်း ... ဗုံးခွဲကြောင်းသတင်းကြားပြီးချင်းတွင်

ဘယ်အဖွဲ့က ခွဲခွဲ၊ ဘယ်သူ ခွဲခွဲ၊ ဘာကြောင့် ခွဲခွဲ
လူမဆန်သောလုပ်ရပ်၊ သူရဲဘောကြောင်သော ဖျက်လိုဖျက်ဆီးလုပ်ရပ်ဟု
ပြင်းထန် အထင်သေးစွာ ရှုံ့ချ ကန့်ကွက်ပါသည်။
ဘာရည်ရွယ်ချက်ရှိနေသနည်း? ဘာကို ဦးတည်နေသနည်း?
ဘယ်လိုတွက်တွက် ဘာမှအကျိုးမရှိသော လုပ်ရပ်သာဖြစ်သည်။
အင်မတန် အောက်တန်းကျသော စိတ်ဓာတ်နှင့် ပြုမူခြင်းသာဖြစ်သည်။
... ဟု ကျနော်ရေးမိခြင်းပင်။

ထိုစဉ်မှာပင် ... တိုက်တိုက်ဆိုင်ဆိုင် ကျနော့်နားထဲ အသံလေးတစ်သံကို ကြားယောင်လာမိ၏။
သမီးမေမေကို လူဆိုးတွေ သတ်သွားတယ် .... ဟု ၀မ်းပမ်းတနည်း ရေရွတ်လိုက်သော အသံ။
လွန်ခဲ့သော တစ်ပတ်ကျော်ကျော်လေးကမှ ကျနော်ကြားမိခဲ့ခြင်းပါ။

ကျနော့်အသိတစ်ယောက်၏ အလှူတစ်ခုသို့ သွားရင်း ကြားခဲ့ရခြင်းဖြစ်၏။
လူရင်းတွေချည်းမို့ အဲဒီအလှူမှာ ကျနော်တို့ သက်တောင့်သက်သာ ရှိလှပါသည်။
ထိုလှူတွင် ချစ်စရာအင်မတန်ကောင်းသော ကလေးမလေးတစ်ယောက်ကို တွေ့၏။
ပါးဖောင်းဖောင်းလေးတွေက နီမြန်းလျက်။ ကျစ်ဆံမြီးတိုနှံ့နှံ့လေးနှစ်ဘက်ကို ဘယ်ညာခွဲဖြာချထား၏။
တစ်ယောက်တည်း။ ကျနော်ထိုင်ရာ စားပွဲမှာ လာစားနေသည်။ ရှိလှမှ လေး ငါးနှစ်လောက်ပါ။
အလှူပေးသူ ကျနော့်သူငယ်ချင်းအိမ်တွင် ကလေးငယ် မရှိကြောင်း ကျနော်သိသည်။
မုန့်ဟင်းခါးကို ကိုယ့်ဖာသာ ခပ်စားရင်း ပါးစပ်များပေပွနေသော ကလေးငယ်ကို ရယ်ချင်စိတ်နှင့် ချစ်စနိုးကြည့်ရင်း စပ်စုမိ၏။

`သမီး မိဘတွေရော၊ သမီး´ ဆိုသော်
`ဖေဖေကြီးက နောက်ဘက်မှာ ပန်းကန်တွေ ဆေးနေတယ်´
တဲ့။ ကြည့်ရတာ ဒီအလှူမှာ ကူညီလုပ်ကိုင်ပေးဖို့ ခေါ်ထားသော သူတစ်ဦးဦး၏ သမီးငယ်ဖြစ်ပေမည်။
`သမီးမေမေကရော နောက်ဘက်မှာပဲလား´
ကလေးငယ်က ခေါင်းခါ၏။ ကျနော် ထပ်မေးမိပြန်သည်။
`သြော် ပါမလာဘူးလား သမီး´
`မေမေ မရှိဘူး ဦးဦး´ ကလေးမလေးက တိုးတိုးလေး ပြောသည်။
ကျနော် ခေါင်းကို ငဲ့ကာနားထောင်မိစဉ် နောက်တစ်ခွန်းထပ်ပြောပြန်၏။
... `သမီးမေမေကို လူဆိုးတွေသတ်သွားတယ်´
ထိုစကားက ပို၍တိုးပါသည်။ သို့သော် နားစိုက်ထောင်မိတာဆိုတော့ တိတိပပ ကျနော်ကြားလိုက်မိ၏။
ကြားကြားချင်းပင် ရင်ထဲ လှိုက်ကနဲဖြစ်သွားသည်။
ပြောပြီးချင်းပင် ကလေးမကလေးက ခေါင်းငုံ့သွားသည်။

ခုနက တောက်ပသော မျက်ဝန်းလေးများတွင် မျက်ရည်များ စွတ်စိုနေလေမလား။
ကလေး၏ စကားသံနောက်ဆုံးတွင် အဖျားခပ် တုန်ယင်သွားခြင်းကိုတော့ ကျနော်သတိပြုမိလိုက်ပါသည်။
သူ ဘာမှ ဆက်မပြောတော့။ ဆက်မပြောနိုင်တော့တာလည်း ဖြစ်ပေလိမ့်မည်။
အေးစက်တင်းမာသော လောကကြီးကို အမိမဲ့ဘ၀နှင့် ဘယ်လိုများ ဒီကလေးဖြတ်သန်းနေရပါသနည်း။ နောက် ဆက်ပြီး ဘယ်လိုများဖြတ်သန်းရဦးပါမည်နည်း။
ကျနော်လည်း ထပ်မမေးနိုင်တော့ပါ။ ငေါင်၍ ငေးကြည့်နေမိပါသည်။
လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်ရှိနေသော စားပွဲဝိုင်းတွင် တိတ်ဆိတ်ခြင်းက လွှမ်းမိုး၍ သွား၏။

ထိုစဉ်မှာပင် တိုက်ဆိုင်သည်ဟု ပြောရမလား? ရက်စက်လွန်းသော တိုက်ဆိုင်မှုပင်ဖြစ်ပါလိမ့်မည်။
မိသားစု တစ်စု ၀င်လာ၏။
အဖေရယ် အမေရယ် သမီးလေးတစ်ယောက်ရယ်။
အဖေနဲ့ အမေက ဘေးတစ်ဘက်တစ်ချက်ဆီက။ သမီးလေးက အလည်ခေါင်က။
သမီးလေးကို လက်ချင်းတွဲလို့ ခြံရံလို။
ကလေးက ဖအေနှင့် မအေ၏မျက်နှာ တစ်လှည့်စီကြည့်ကာ ရယ်ပြုံး၍ လာသည်။
ကျနော်တို့နား ဖြတ်ကျော်သွားသော် ခိုးခိုးခစ်ခစ်ရယ်သံလွင်လွင်ကို ကြားရ၏

ကျနော်နှင့် တစ်ဝိုင်းတည်းအတူထိုင်နေသော မိတဆိုး ကလေးမလေးက တစ်ချက်လှမ်းကြည့်ကာ ဖျပ်ကနဲမျက်လွှာပြန်ချသွားသည်။
ဒီတစ်ခါတော့ ကျနော် သေချာသိလိုက်ပါသည်။ သူ့မျက်ဝန်းများတွင် မျက်ရည်များ ဆို့၍နေကြလေ၏။
ပြီးတော့ သူ့မျက်နှာကလေး ဘယ်တော့မှ ပြန်မော့မလာတော့ပါ။
ကျနော်သည်လည်း သူ့ကို ဆက်မကြည့်နေနိုင်တော့။ အဘယ့်ကြောင့်ဆိုသော် ကျနော်လည်း မျက်ရည်ဝဲလာသောကြာင့်ဖြစ်ပါသည်။

နောက်မှ သိရပါသည်။ ထိုကလေးမလေး၏ မိခင်သည်လည်း တစ်ချိန်က ဗုံးကွဲမှုတစ်ခုမှာ သေဆုံးခဲ့ရတာတဲ့။
ကလေးက လည်ဝယ်တော့ သူ့ကို ဘယ်လိုညာညာ အမှန်တိုင်းသိမြင်နေ၏။
`သမီးအမေကို လူဆိုးတွေ သတ်သွားတယ်´
ထိုစကားကို မေးသူရှိတိုင်း ပြောပြတတ်သည်။
သို့သော် ထိုစကားပြောပြီးတိုင်း သူမခမျာ ရပ်တန့်လိုက်ရမြဲ။
လူဆိုးတွေက ဘယ်သူလဲ? ကလေးမလေး မသိ။
ဘာကြောင့် သတ်တာလဲ? ကလေးမလေး မသိ။
ဒီလိုရက်ရက်စက်စက်လုပ်ရအောင် သူမအမေမှာ ဘာအပြစ်များရှိရှာလို့လဲ? ကလေးမလေး မသိ။

သူမ သေချာသိသည်ကတော့ ...
မိဘနှစ်ပါး လက်ကို တစ်ဘက်တစ်ချက်ကိုင်စွဲကာ လုံခြုံနွေးထွေးစွာ သွားလာခွင့်၊
မိဘနှစ်ပါး၏ မျက်နှာကို ကြည်နူးစွာ မော့ကြည့်ရင်း ပျော်ရွှင်ချမ်းမြေ့စွာ ရယ်မောခွင့်ကို
ဒီတစ်သက် သူမ မရနိုင်တော့ခြင်းသာပဲ ဖြစ်လေသည်။

(ယခု သေဆုံးသွားရရှာသော အပြစ်မဲ့ သန့်ရှင်းရေးဝန်ထမ်းမလေးတွင်ရော အိမ်ထောင်ရှိနေသလား? သမီးကလေးရှိနေမလား? ကျနော်မသိပါ။
သမီးအမေကို လူဆိုးတွေ သတ်သွားတယ်ဟူသော စကားသံမျိုးတော့ နောက်ထပ် မကြားလိုတော့တာ အသေအချာပဲဖြစ်ပါသည်။
မကြားချင်တာ မဟုတ်ပါ။ မကြားဝံ့ခြင်းဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ယခုသေဆုံးသွားရှာသူမှာ မိသားစုတော့ ရှိနေမှာပေါ့။
သမီး မမကို လူဆိုးတွေသတ်သွားတယ်။ သမီး ဒေါ်ဒေါ်ကို လူဆိုးတွေသတ်သွားတယ် ... လို့များ မြည်တမ်းနေကြမလား?
အမေ့ သမီးကို လူဆိုးတွေသတ်သွားတယ်ကွယ်လို့များ တုန်တုန်ရီရီ မျက်ရည်တစမ်းစမ်းဖြင့် ရေရွတ်သံကြားရလေမလား?

လှည်းတန်းလမ်းဆုံမှ ဗုံးပေါက်ကွဲသံတစ်ခုသည် ကျနော်တို့ နှလုံးသားအားလုံးကို ထုနှက်ဖိဆီးနေတော့မည် ဖြစ်ပါလေတော့သည်။)

သွန်းနေစိုး Thorn Nay Soe (Facebook)
21. 12. 2011 - 3: 25 PM

လှည်းတန်းဗုံးကွဲမှု နောက်ဆက်တွဲ (သတင်း-ဓါတ်ပုံ)


ဗုံးကွဲမှုကြောင့် ဒဏ်ရာရရှိသူအား သယ်ဆောင်သွားစဉ်

ဒီဇင်ဘာလ ၂၁ ရက် ၊ နံနက် ၁၁ နာရီခွဲ ၀န်းကျင်ခန့်တွင် ကမာရွတ် မြို့နယ် လှည်းတန်း လမ်းဆုံ အနီးရှိ အများပြည်သူသုံး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး  တစ်ယောက်သေ၊ တစ်ယောက် ဒဏ်ရာ ရရှိကြောင်း ရဲတပ်ဖွဲ့မှ အတည်ပြုခဲ့သည်။ 
ဗုံ့းပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ သန့်စင်ခန်း ၀န်ထမ်း မမြစမ်းရည် အသက် ၃၀ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ သန့်ရှင်းရေးဝန်ထမ်း မခင်မြတ်နွယ် အသက် ၂၄ နှစ်ဖြစ်သည်ဟု သိရပါသည်။

ခုံးကျော်-မီတာခ-၀န်ကြီး နှင့် ဂျာနယ် အရှုပ်တော်ပုံ

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၇) အမှတ်(၄၉) တွင် ဖော်ပြထားမှုကို တွေ့ရစဉ်
ခုံးကျော်တံတားများ ဖြတ်သန်းခကောက်ခံမည်ဆိုသည်မှာ မဟုတ်မှန်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားကြောင်း၊ မီတာခ နှစ်ဆတိုးမြှင့်မည်မှာ မဟုတ်မှန်ကြောင်း လျှပ်စစ်(၂) ပြည်ထောင်စုဝန်ကြီးက ပြောကြားကြောင်း သတင်းများအား ရန်ကုန်တိုင်းမ် သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

ရန်ကုန်တွင် ခုံးကျော်တံတားကြီးလေးစင်းကို အဆင့်နှစ်ဆင့်ခွဲခြား၍ လေးလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းခုံးကျော် တံတားကြီးများတွင် ဖြတ်သန်းခ ကောက်ခံမည်ဆိုသည်မှာ လုံးဝမဟုတ်မှန်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်ဟူ၍ ယခုတစ်ပတ်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၇)၊ အမှတ်(၄၉)တွင် ဖော်ပြထားသည်။

ထို့အပြင် လျှပ်စစ်ဓာတ်အား သုံးစွဲခနှုန်းထားကို နှစ်ဆထိ တိုးမြှင့်ကောက်ခံသွားမည်မဟုတ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက်ကြောင်း အဆိုပါ ရန်ကုန်တိုင်းမ်ဂျာနယ် တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်မည့် ခုံးကျော်တံတားများထဲမှ ခုံးကျော်တံတားနှစ်ခုအား B.O.T  စနစ်ဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုဝင်ဘာလ ၂၈ ရက်နေ့၌ နေပြည်တော်တွင်ပြုလုပ်ခဲ့သော မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ပြောကြားထားခြင်း ဖြစ်သည်။

''လှည်းတန်းခုံးကျော်အတွက် ကမ္ဘောဇဘဏ်က ငွေချေးယူပြီးလုပ်မယ်။ တာမွေ ငါးလမ်းဆုံအတွက် ကျွန်တော်တို့ စက်မှုဘဏ်က ချေးယူပြီးလုပ်မယ်။ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တွေအတွက်ကတော့ တာဝန်ယူမယ့်ကုမ္ပဏီက အရင်းစိုက်ထုတ်လုပ်မယ်။ BOT စနစ်နဲ့ လုပ်သွားမှာပါ'' ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏  နိုဝင်ဘာလ ၂၈ ရက်နေ့က ပြောကြားချက်ကို Biweekly Eleven Journal တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
ထို့ပြင် နိုဝင်ဘာလ ၂၈ ရက် နေ့မီဒီယာတွေ့ဆုံပွဲအပြီး နောက် ထုတ်ဝေခဲ့သော အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ရွှေဂုံတိုင်နှင့် ဘုရင့်နောင်ခုံးကျော်တံတားများကို သက်ဆိုင်ရာဆောက်လုပ်ရေးကုမ္ပဏီ များ၏ရင်းနှီးမြှုပ်နှံမှု (Build, Ope-rating, Transfer- BOT) စနစ်ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
b38_09_1
(၁) 7Day News ဂျာနယ်၊ (၂) Popular News ဂျာနယ်နှင့် (၃) မြန်မာတိုင်း(မ်) ဂျာနယ်တို့တွင် ဖော်ပြထားမှုကို တွေ့ရစဉ်
ထို့အပြင် လျှပ်စစ်မီတာခများ အား ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ နှစ်ဆတက်မည်ဟုအမှတ်(၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ဒီဇင်ဘာလ ၁၁ ရက်နေ့၌ နေပြည်တော်ရှိ အမှတ်(၂) လျပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် Weekly Eleven၊ 7Day၊ မြန်မာတိုင်း(မ်)၊ The Voice နှင့် ရန်ကုန်တိုင်းမ် စသည့်ဂျာနယ်များနှင့် တွေ့ဆုံစဉ် ပြောကြားထားခြင်း ဖြစ်သည်။

''ကျွန်တော်တို့အနေနဲ့ တရားဝင်ရရှိတဲ့ သတင်းကိုရေးတာပါ။ လျှပ်စစ်မီတာခ တိုးမယ်ဆိုတာလည်း ဒုဝန်ကြီးကိုယ်တိုင်ပြောတာ ဖြစ်သလို ခုံးကျော်တံတား BOT စနစ် ကျင့်သုံးမယ်ဆိုတာလည်း MIC  ဥက္ကဋ္ဌကိုယ်တိုင် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါပဲ။ BOT ဆိုတာ နားလည်တာက ဆောက်ပြီး ငွေပြန်ကောက်တာ။ မလုပ်သင့် မလုပ်ထိုက်တာကိုလည်း စတုတ္ထမဏ္ဍိုင် တစ်ခုဆိုတာနဲ့အညီ ထောက်ပြခဲ့တာပဲဖြစ်တယ်။ ဒါဟာ မဟုတ်မမှန် သတင်း မဟုတ်ပါဘူး။ အခု ရန်ကုန်တိုင်းမ်မှာ  မီတာခနှစ်ဆတိုးမြှင့်မယ်ဆိုတာ မဟုတ်မမှန်ဆိုပြီး ငြင်းထားတယ်လို့ ဆိုထားတယ်။ ပြည်သူအတွက် အ ကျိုးမရှိဘူးဆိုလည်း ပြင်လိုက်ရုံပဲရှိတာပေါ့။ အခု မြန်မာနိုင်ငံစီးပွားရေး အခြေအနေကတော့ အားရစရာ မရှိသေးဘူး။ လာဘ်ပေး၊ လာဘ်ယူက ထူပြောနေတုန်း ရှိသေးတယ်။ လူထုရဲ့စီးပွားရေးအခြေအနေ၊ လူနေမှု အဆင့်အတန်း မြင့်တက်မလာသေးဘူး။ လူတွေ သက်သာချောင်ချိမလာသေးဘူး။ အရင်တုန်းက စီးပွားရေးကို လက်ဝါးကြီးအုပ်ခဲ့တာ လုပ်ငန်းရှင်ကြီး လေး၊ ငါးယောက်။ အခု လေး၊ ငါးယောက်နေရာမှာ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်ကြီးနှစ်ယောက်၊ သုံးယောက် လောက်ကို ဖယ်ထုတ်ပြီး ကျန်တဲ့တိုင်းရင်းသားလုပ်ငန်းရှင် အမည်ခံ ၁၄၊ ၁၅ ယောက်က အခု လက်ဝါးကြီးအုပ်ဖို့ ပြင်ဆင်နေတယ်လို့ လူအများစုမြင်နေကြပြီ။ လုပ်ငန်းတွေအားလုံး သူတို့ချည်းပဲရနေတာ။ တချို့ ရင်းနှီးမြှုပ်နှံဖို့ပေးတဲ့ဟာတွေမှာလည်း မီဒီယာကို တရားဝင် Transparency ရှိရှိ ပေးထားတာမျိုးတွေ မရှိဘူး။ အခု အစိုးရသစ်လက်ထက်မှာ ဘယ်စက်ရုံတွေ၊ ဘယ်မြေကွက်တွေကို ဘယ်လို ရောင်းချငှားရမ်းတယ်၊ ဘယ်နှုန်းနဲ့ဆိုတာ မသိရသလို ကြိုတင်ကြေညာတာမျိုးလည်း မရှိဘူး။  ဘယ်စက်ရုံ ဘယ်သူရသွားတယ်ဆိုတာလည်း နောက်ဆုံးစက်ရုံဖွင့်မှ သိရတာမျိုး ဖြစ်နေတယ်။ အရင်အစိုးရနဲ့ အခုအစိုးရက မတူဘူး။ ဒါကြောင့် ဒီမိုကရေစီ အစိုးရ ပီပီသသ Transparency ရှိတာမျိုး မြင်ချင်ပါတယ်။ လာဘ်ပေး လာဘ်ယူရှိရင် တိုင်ကြားနိုင်သည်ဆိုတာ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လက်တွေ့ကျကျ သတင်းထုတ်ပြန်တာမျိုး ဖြစ်စေချင် ပါတယ်။ သတင်းစာရှင်းလင်းပွဲလုပ်မှ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူလူထုက စီးပွားရေးအပေါ်မှာ ယုံကြည်မှုမရှိဘူးလို ဖြစ်နေတယ်။ အခုထက်ထိ လူတော်တော်များများဟာ သူတို့ငွေတွေ အားလုံးကို ငွေရလွယ်တဲ့ အိမ်၊ ခြံ၊ မြေ၊ ကားတွေမှာပဲ ရင်းနှီးမြှုပ်နှံတယ်။ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေက အခုထက်ထိ အားနည်းနေတုန်းပါပဲ။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေကလည်း အခုထက်ထိ မ၀င်သေးဘူး။ လာဘ်ပေး၊ လာဘ်ယူနှုန်းထားကို မလျော့ချနိုင် ရင်တော့ ရင်းနှီးမြှုပ်နှံတဲ့သူတွေ တော်တော် အခက်အခဲတွေ့လိမ့်မယ်။ အခုလည်း နိုင်ငံတကာပွဲစားတွေ ပြည်တွင်းက သက်ဆိုင်ရာကိုပိုင်တဲ့ ပွဲစားတွေချည်းပဲ၊ ရင်းနှီးမြှုပ်နှံမှုမှာ ခြေရှုပ်နေတယ်။ ပထမဆုံး ရင်းနှီးမြှုပ်နှံဖို့ လာတဲ့သူတွေနဲ့တင် ကျွန်တော်တို့ နာမည်ပျက်သွားလိမ့်မယ်။ တိုင်း ပြည်ရဲ့ရေရှည်အကျိုးစီးပွားအတွက် စတုတ္ထမဏ္ဍိုင်အနေနဲ့ ကျွန်တော်တို့ ထောက်ပြနေတာကို အလေးအနက်ထား စဉ်းစားစေချင်ပါတယ်။ တိုင်းပြည်ကောင်းဖို့ ကျွန်တော်တို့အားလုံး ၀ိုင်းလုပ်ကြဖို့လိုပါတယ်''ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

ခုံးကျော်တံတား BOT စနစ် ကျင့်သုံးမယ်ဆိုတာလည်း MIC  ဥက္ကဋ္ဌ ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါပဲ။ BOT ဆိုတာ နားလည်တာက ဆောက်ပြီး ငွေပြန်ကောက်တာ။ မလုပ်သင့် မလုပ်ထိုက်တာကိုလည်း စတုတ္ထမဏ္ဍိုင်တစ်ခုဆိုတာနဲ့အညီ ထောက်ပြခဲ့တာပဲဖြစ်တယ်။ ဒါဟာ မဟုတ်မမှန် သတင်းမဟုတ်ပါဘူး။
ဒီဇင်ဘာလ ၁၈ ရက် (တနင်္ဂနွေ)နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ခုံးကျော်တံတားဖြတ်သန်းခ ကောက်ခံမည်ဆိုသည်မှာ မဟုတ်မှန်ဟု ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြထားပြီး အဆိုပါရှင်းလင်းပွဲသို့ တက်ရောက်ရန် Eleven Media Group အား ဖိတ်ကြားခြင်းမပြုခဲ့ပါ။ ထို့အတူ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် မီတာခနှစ်ဆတိုးမြှင့်မည်မှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်ဟု ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြထားသော် လည်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်ဖော်ပြမှုတွင် မီတာခနှစ်ဆ တိုးမြှင့်မည်မှာ မဟုတ်မှန်ဟူသော တိုက်ရိုက်ပြောဆိုသည့်စကား ပါဝင်ခြင်းမရှိသည်ကို တွေ့ရပါသည်။ ယင်းတွေ့ဆုံပွဲကိုလည်း Eleven Media Group အား အကြောင်းကြား ဖိတ်ကြားခဲ့ခြင်းမရှိပါ။
''ဒီလို သတင်းစာရှင်းလင်းပွဲတွေ မဖိတ်တာမျိုးကအစ ကျွန်တော်တို့အပေါ် မမြင်နိုင်တဲ့ ဖိအားတွေပေးတာ မသင့်တော်ဘူးလို့ပဲ ကျွန်တော်တို့ မြင်တယ်။ လူကျွံဘောဖမ်းကစားတာကို မကြိုက်ဘူး''ဟု Eleven Media Group  ၏ CEO ဒေါက်တာ သန်းထွဋ်အောင်ကပြောကြားခဲ့သည်။  ထပ်မံသိရှိရသော သတင်းများအရ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံတို့တွင် တည်ဆောက်မည့် ခုံးကျော်တံတားများကို FMI ကုမ္ပဏီနှင့် လှည်းတန်း လမ်းဆုံ ခုံးကျော်တံတားကို ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီတို့က တည်ဆောက်ခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။
EMG

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တွေ့ဆုံဆွေးနွေးမည်

ဓါတ်ပုံ(သစ်ထူးလွင်)
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၁၁ ရက်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဦးဥာဏ်ဝင်းက အတည်ပြုပြောကြားသည်။ သို့သော် တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့် အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးသွားသည်ကို မသိရကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

ထို့အတူ သူရဦးရွှေမန်းနှင့် တွေ့ဆုံမည်ဟု သိထားရပြီး မည်သည့် ရက်တွင်တွေ့ဆုံမည်ဖြစ်ကြောင်းကို မသိရှိရသေးကြောင်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌနှစ်ဦးဖြစ်သော ဦးခင်အောင်မြင့်၊ သူရဦးရွှေမန်းတို့အပြင် အစိုးရအဖွဲ့မှ တာဝန်ရှိသူ အချို့နှင့် လည်းယခုလပိုင်းအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်မှာနိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် သြဂုတ် ၁၉ ရက်တွင် ပထမဆုံး အကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အစိုးရ၏ ဆက်ဆံရေးဝန်ကြီးဖြစ်သော ပြည်ထောင်စု ဝန်ကြီးဦးအောင်ကြည်နှင့် အောက်တိုဘာလ ၃၀ တွင် နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့သည်။ ဦးအောင်ကြည်နှင့် တွေ့ဆုံဆွေးနွေးမှုမှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် လေးကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုဖြစ်ကြောင်း၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
By: သစ်ထူးလွင်

လှည်းတန်းလမ်းဆုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား (နောက်ဆုံးရ သတင်း)

လှည်းတန်းလမ်းဆုံ
လှည်းတန်း လမ်းဆုံအနီး ဗုံးကွဲမှု ၊ နောက်ဆုံးရ သတင်း
ဒီဇင်ဘာ ၂၁၊ မွန်းတည့် ၁၂ နာရီ
ဗုံးကွဲမှုတွင် တယောက်သေ၊ တယောက်ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့မှ အတည်ပြု၊ ကျန်ရှိသည့် ဗုံးတလုံးအား အင်ဂျင်နီယာတပ် GE မှ လာရောက်ရှင်းလင်းပြီးဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်တဦးက အတည်ပြုပြောဆိုသည်။
ဗုံးအမျိုးအစား မည်သူ့လက်ချက်ဖြစ်သည် အချက်အလက်များ မသိရှိရသေးပါ။
 လှည်းတန်းလမ်းဆုံ ဗုံးကွဲမှု နောက်ဆုံးရ သတင်း
ဒီဇင်ဘာ ၂၁ရက်၊ ၁၁နာရီ ၃၅ မိနစ်
လှည်းတန်းလမ်းဆုံ ဗုံးကွဲမှုကြောင့် အမျိုးသမီး တယောက်သေ၊ အမျိုးသမီးတဦး ဒဏ်ရာရ၊ ဒဏ်ရာရရှိသူကို လွန်ခဲ့သည့် မိနစ်ပိုင်းတွင်းက ဆေးရုံသို့ သယ်ဆောင်သွားသည်ကိုတွေ့ရှိရကြောင်း ၊ ဦးခေါင်းနှင့် ခြေလက်များတွင် ဒဏ်ရာရသွားသည်။
နောက်ထပ် ချိန်ကိုက် ဗုံးတလုံး ကွဲနိုင်သေးသဖြင့် လုံခြုံရေး တပ်ဖွဲ့များက ရှင်းလင်းရန် လုပ်ဆောင်နေကြောင်းYPI သတင်းအရသိရသည်။
 ဒီဇင်ဘာ ၂၁ နံနက်၁၁ နာရီ ၁၈ မိနစ်၊
ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ အများသုံးသန့်စင်ခန်း တွင်ဗုံးပေါက်ကွဲမှု ဖြစ်ပွား၊ အပျက်အစီးရှိသော်လည်း သေဆုံးဒဏ်ရာရမှု ရှိမရှိ မသိရရှိရသေးကြောင်း YPI သတင်းအရသိရပါသည်။
Eleven Facebook စာမျက်နှာမှာတော့---
ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးအိမ်သာ (ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်)တွင် ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိ ထားကြောင်း သိရပါသည်။ 
(အတည်မပြုနိုင်သေးသော သတင်းများအရ သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့မှာ အသက် ၁၈နှစ် ၀န်းကျင်ခန့်သာ ရှိသူများ ဖြစ်ကြောင်း သိရသည်။)မပေါက်ကွဲသေးသော ဗုံးရှိနေသေးသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရှာဖွေစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေသည်ဟု သတင်းရရှိပါသည်။
ယနေ့နံနက် (၁၁) နာရီ ကျော်ခန့်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီး ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးအိမ်သာတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်ဟု ရေးသားထားပါသည်။
သတင်းစုစည်းတင်ပြခြင်း
By: သစ်ထူးလွင်

နစ်နာချက်များကို တိုင်ကြားပါက အရေးယူ သွားမည်ဟု ဆို

မတရားမှု၊ အဂတိ လိုက်စားမှု၊ အနိုင်ထက် ပြုကျင့်မှု များကြောင့် ပြည်သူ၏ နစ်နာချက် များကို တိုင်ကြားလျှင် တိတိကျကျ မှန်မှန်ကန်ကန် ဆောင်ရွက်ပေး သွား မည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောသည်။
”တိုင်စာတွေ အပေါ်မှာ ကျွန်တော်တို့ စိစစ်နေပါတယ်။ စိစစ်ပြီး ဥပဒေကြောင်း အရ ဆောင်ရွက်လို့ ရတာတွေကို ကျွန်တော်တို့ ဆောင်ရွက် လျက် ရှိပါတယ်” ဟု၎င်း ကပြောသည်။
တိုင်ကြားရာ၌ မှန်မှန်ကန်ကန် ရှိရန် လိုအပ်ပြီး မမှန်မကန် တိုင်ကြားမှု ပြုလုပ်မည် ဆိုပါကလည်း ယင်း တိုင်ကြားသူအား ဥပဒေကြောင်း အရ ပြန်လည် အရေး ယူနိုင်ကြောင်း၊ ဥပဒေကြောင်း အရ နစ်နာသည် ဆိုပါက မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အဆင့်ဆင့် လျှောက်ထားလွှာတက် နိုင်ပြီး ၄င်းတွင်မူ နစ်နာမူများ ရှိနေသည် ဆိုလျှင် ဥပဒေချုပ် ရုံးသို့ထပ်မံ တိုင်ကြားနိုင်ကြောင်း၊ ယင်းသို့ မဟုတ်မူဘဲ အမှုပင် မတက်ရသေးခင် တိုင်ကြားမှု များသည် ဥပဒေကြောင်း အရ ဖြေရှင်းပေးရန် ခက် ခဲကြောင်း ဦးရဲအောင်မြင့်က ပြောသည်။
”အမှုက မတက် ရသေးဘူး။ တရားလိုဘက် ကလည်း တိုင်တယ်။ တရားခံ ဘက်ကလည်း တိုင်တယ်။  ကျွန်တော်တို့ ဘက်ကလည်း ဘယ် ဘက်ကနေပြီးတော့ ဘာလုပ်ရမယ် မှန်းမသိဘူး။ ဘာ စာရွက်မှလည်း မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့က စောင့်ပြီးတော့ ပေါ်ပေါက်လာတဲ့ အမှုတွဲ ပေါ်ပေါက်ချက်ပါ အတိုင်း ဆောင်ရွက် ရပါတယ်။ ကျွန်တော် တို့ရယ်၊ ရဲရယ်၊ တရား သူကြီးရယ်က On Paper လုပ်ရပါတယ်။ အပြင် မှာ ဘယ်လောက်ပဲ မှန်ကန်ပါစေ။ မျက်မြင် သက်သေ၊ ကွင်းဆက် သက်သေ ၊ကောက်ယူနိုင်တဲ့ သက်သေ မရှိဘူး ဆိုရင် ဒီအမှုက ကျွန်တော်တို့ လွှတ်ရမှာပဲ ဖြစ်ပါတယ်။ အဲလို လွှတ်တာကို လာဘ်စားလို့ လွှတ်တယ်လို့ စွပ်စွဲမယ် ဆိုရင် လည်း ကျွန်တော်တို့ ကခံရမယ့် အနေအထား ရှိပါတယ်” ဟု ၄င်း ကပြောသည်။
သို့ရာတွင် တချို့သော အဖြစ်အပျက် များသည် ဥပဒေကြောင်း အရ အမှုဖွင့် တိုင်ကြားရန် ခက်ခဲ ကြောင်း ၊ နိုင်ငံတော် အဆင့်က ပြုပြင် ပြောင်းလဲမှု လုပ်နေပေ မယ့် အောက်ခြေပိုင်း အတော်များများ၌ ယခင်အတိုင်းပင် ရှိနေခြင်းကြောင်း၊ တိုင်ကြားမှု များကို စိစစ် စစ်ဆေးရာ၌ စာရွက်ပေါ်တွင် စစ်ဆေးခြင်းမျိုး မဟုတ် ဘဲ အောက်ခြေ အထိ ရောက်အောင် စစ်ဆေးရန် လိုအပ်ကြောင်း အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်(မိတ္ထီလာ) ဦးဝင်းဇော် ကပြောသည်။
မန္တလေးတိုင်း ဒေသကြီး အတွင်း မတရားမှု များကြောင့် အများဆုံး တိုင်ကြားခံရသည့် ဌာနမှာ မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ ဖြစ်ကြောင်း သိရ သည်။
ဥာဏ်လင်းအောင်
ပေါ်ပျူလာဂျာနယ်

ကျောက်ဖြူ-မူဆယ် ရထားလမ်း

ကျောက်ဖြူ-မူဆယ်ရထား
တရုတ်နှင့် နားလည်မှုစာ ချွန်လွှာသာရေးထိုးရသေးသည့် ကျောက်ဖြူ-မူဆယ်ရထားလမ်းပိုင်းဆောင်ရွက်ရေးကိစ္စရပ်ကို လက်ရှိ၌ ဆက်လက်ညှိနှိုင်းဆွေးနွေး ဆဲအဆင့်တွင်ပင်ရှိနေပြီး သယ်ယူပို့ဆောင်ရေးပိုင်း၌ မြန်မာဘက်မှရနိုင်မည့် ဝင်ငွေအား အဓိကထားဆွေးနွေးနေကြောင်း နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ ”ရထားလမ်းပိုင်းပြီးစီးတဲ့ အခါ ဖြတ်သန်းသွားလာမှုတွေက လုပ်တော့မယ်။ ဒီတော့ မြန်မာ ဘက်ကရရှိရမယ့် ဝင်ငွေ၊ ဒါတွေ ကို အခုလတ်တလောမှာညှိနှိုင်းမှု တွေလုပ်နေတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။၂ဝ၁၁ ခုနှစ် ဧပြီလတွင် နားလည်မှုစာချွန်လွှာ (MOU) ကို နှစ်နိုင်ငံတာဝန်ရှိသူများ လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း သဘော တူစာချုပ်ဖြစ်သည့် (MOA) အား လက်မှတ် မရေးထိုးသေး သဖြင့် ဖောက်လုပ်ရေးလုပ်ငန်း များကို မစတင်နိုင်သေးပေ။ (MOU) နားလည်မှု စာချွန် လွှာအရ ကျောက်ဖြူ-မူဆယ် ရထားလမ်းပိုင်းအနေဖြင့် ရခိုင် ပြည်နယ်ကျောက်ဖြူမြို့မှ မကွေး တိုင်းဒေသကြီး မင်းဘူးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဖြတ်ကာ ရှမ်းပြည်နယ်လာရှိုးမှ တစ်ဆင့် မန္တလေး မူဆယ်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း၊ မူဆယ်မှလမ်းပိုင်းကိုမူ တရုတ်ဘက် မှ ရွှေလီနှင့် ထပ်မံကာ ချိတ်ဆက် ရန်ရှိကြောင်း သိရသည်။ ကုန်တင်ရထားအပြင် လူစီးရ ထားပါပြေးဆွဲမည်ဖြစ်သဖြင့် နှစ်ဦး နှစ်ဖက် အကျိုးရှိစေမည့် ခရီးလမ်း ဖြစ်စေမည့်အပြင် မြန်မာစက်ခေါင်း မောင်းများကိုသာ စာချုပ်အရအသုံး ပြုသွားမည်ဖြစ်ကြောင်းမြန်မာ့မီးရထား မှ အကြီးတန်းအရာရှိက ပြောသည်။
”စက်ခေါင်းမောင်းကို မြန်မာ လူမျိုးပဲသုံးမယ်ဆိုတဲ့ သဘောတူ ညီချက်က ရှိထားတယ်။ ဒီတော့ မြန်မာဘက်က အလုပ်အကိုင်ပိုရ မယ်။ နောက်ပြီး ဖြတ်သန်းရတဲ့ လမ်းတစ်လျှောက်က ကုန်တွေကို လည်း သယ်ယူပို့ဆောင်ပေးဖို့လည်း ရှိတဲ့အတွက်ဒေသခံတွေဝင်ငွေတိုးစေ မှာပါ”ဟု¤င်းကထပ်လောင်းပြောသည်။  ယင်းအတွက်ေ ကြာင့် တရုတ် ပြည် ယူနန်မှ ကုန်စည်များ မြန်မာ ဘက်သို့ပိုမိုဝင်ရောက်နိုင်ဖွယ်ရှိသည့် အပြင်၊ မြန်မာဘက်မှလည်း ကုန် စည်များပိုမိုတင်ပို့သွားနိုင်ဖွယ်လည်း ရှိသည့် အတွက် ကုန်သည်တို့မျှော်လင့် နေကြကြောင်း ကျောက်ဖြူမြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။  ”ဒီစီမံကိန်းက ကောင်းတာ ပေါ့၊ နောက်ပြီး ဒီမှာကြားနေရတာ က လူစီးပါ ပါမယ်ဆိုတော့ ခရီး သွားရတာလည်းအဆင်ပြေတယ် လေ။ ဒီလိုမှမဟုတ်ရင် ရခိုင်က ရေလမ်းကိုပဲ အဓိကထား သွား နေရတာကြောင့်ပါ”ဟု ကျောက်   ဖြူမြို့နယ်မှ ဒေသခံတစ်ဦးက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ရခိုင်ပြည်နယ်အတွင်း၌ ကျောက်ဖြူ-ကူမင်း သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို လည်း လုပ်ဆောင်နေပြီဖြစ်ရာ ကျောက်ဖြူ- မူဆယ်ရထားလမ်း ပိုင်းမှာ ထိုစီမံကိန်းနှင့် ပတ်သက် ဆက်သွယ်မှု မရှိဟု မြန်မာ့ မီး ရထားမှ ငြင်းဆိုသည်။
သို့သော်လည်း ကုန်းတွင်း ပိတ်ဒေသများရှိနေသည့် တရုတ် နိုင်ငံအတွက်မူ တခြားနိုင်ငံများ ဆီမှကုန်စည်များအားသယ်ဆောင် နေရသည့်အတွက် ထိုထက်အချိန်   မြန်ကာ ကုန်ကျစရိတ်သက်သာ စေမည့် ကျောက်ဖြူ-မူဆယ် ရထားလမ်းပိုင်းကို အစဉ်အားကိုး သွားဖွယ်ရှိနေကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။
မင်းသုအောင်
ပေါ်ပျူလာဂျာနယ်

Thai Prime Minister (Yingluck Shinawatra) ထိုင်းဝန်ကြီးချုပ်ယင်လတ်ရှင်နာဝါထရာ

ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချူပ်အဖြစ် ဒီနှစ် August လ ၅ရက်နေ့ က ခန့်အပ်ခံရတဲ့ Yingluck Shinawatra) သို့မဟုတ် အန်တီ ယင်လတ် တစ်ယောက် မြန်မာနိုင်ငံကို ရောက်ရှိတဲ့ ဒုတိယနေ့မှာ ရန်ကုန်ကို လာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးလျှင် ရွှေတိဂုံဘုရားကို ဆက်လာမည်လို့ သတင်းရလို့ ကျနော်တို့ နေ့လည်ထဲက အလုပ်ရူပ်လို့နေပါတယ် ။ လေဒီ ၂ယောက်တွေ့ကြသည့်ပုံကို မည်သည့် သတင်းသမားမဆို ( Photojournalism ) ရိုက်ချင်ကြမှာ အမှန်ပင်ပါ ။ အဲ့ဒါတင်မကပါဖူး ကျနော်တို့ သမတကြီးနဲ့ တွေ့ဆုံတဲ့ပုံကိုလဲ ဓာတ်ပုံရိုက်ချင်နေလို့ သူ ရောက်လာတဲ့ နေ့ထဲက ကျနော် နေပြည်တော်ကိုပင် သွားပြီး သတင်းယူဖို့ ကြိုးစားကြည့်ပါသေးတယ် ။ ဖိတ်ကြားထားတဲ့ မီဒီယာ တွေပဲ သွားခွင့်ရှိတယ်ဆိုတာနဲ့ လက်လျှော့လိုက်ရတယ် ။ ဒီနေ့လဲ လေဒီ ၂ယောက်တွေ့ဆုံမဲ့ ထိုင်းသံရုံးမှာ ဓာတ်ပုံရိုက်ခွင့် မပါလာပြန်ဖူး ၊ ဓာတ်ပုံရိုက်ခွင့်ကို မြန်မာနိုင်ငံက ဓာတ်ပုံ သတင်းထောက် ၂ယောက်ပဲ ခွင့်ပြုတာကြောင့် စိုးကြီးနဲ့ ကိုခင်မောင်ဝင်းတို့ ပဲ ရိုက်ခွင့်ရလိုက်ပြီး ကျန်တဲ့ မီဒီယာတွေ တခုမှ ရိုက်ခွင့်မရတာနဲ့ ကျနော်ရယ် ၊ ဖိုးတေ ရယ် မထူးဖူးကွာ သေချာအောင်တော့ ရွှေတိဂုံမှာ တတ်စောင့်နေရအောင်ဆိုပြီး နေ့လည် ၂နာရီခွဲထဲက ကျနော်တို့ ၂ယောက် ရေသန့်တဗူး ၊ အာလူးကြော် တထုတ် ၊ နေကြာစိ တထုတ် ၊ ဆိပ်သားခြောက် တထုတ် ( ရိက္ခာ ) အပြည့်အစုံဝယ်ကာ ရွှေတိဂုံ ကုန်းမြေကို ရောက်ရှိခဲ့လေ တမုံ ..

ရွှေတိဂုံ ရောက်တော့ ၂ယောက်ထဲ ပါလာတာလေးတွေ စားရင်း တော်ကီတွေ ပွားကာ ဟိုရိုက်ဒီရိုက်လျှောက်ရိုက်ဖြစ်နေသေးတယ်။ ထူးဆန်းတာတခုက ကော်ဇောနီ ပါ  ဟယ်ရာရီကလင်တန် လာတုန်းကတော့ ကောဇောနီ ခင်းထားသလား မခင်းထားသလား သတိမထားခဲ့ပေမယ့် ဒီနေ့တော့ ညနေ ၃နာရီလောက်ထဲက ဘုရားရင်ပြင်တော်မှာ သန့်ရှင်းရေးလုပ်သူများ နှင့် ကော်ဇောခင်းသူများ တော်တော် အလုပ်ရူပ်နေတာ သတိထားမိပါတယ်။

နောက်တော့ တဖွဲဖွဲနဲ့ သတင်းထောက်တွေ သာတိုးလေပေမယ့် ။ ထိုင်းဝန်ကြီးချူပ် ရောက်လာမဲ့ အချိန် မသိရသေးတော့ အားလုံးထိုင်သာ စောင့် ဘ၀ နဲ့ နေ့လည်ကနေ ညနေ ၊ ညနေက နေ ညဦးအထိ ရောက်လာပါတယ် ။ နေ့လည် ၂နာရီခွဲ ထဲက ထိုင်စောင့်ခဲ့ရသမျှ  ည ၇နာရီ ထိုးလုထိုးခင်မှာ ထိုင်းဝန်ကြီးချူပ် ရွှေတိဂုံတောင်ဖက်မုတ်က နေ တတ်လာတဲ့အထိ စောင့်ရတဲ့အလုပ်ပြီးမြောက်သွားပြီး ရိုက်ရတဲ့အလုပ် တဆက်ထဲ ဖြစ်လာပါတယ် ။




ဓာတ်ပုံ ကောင်းတပုံရဖို့အတွက် ဒီလိုတွေ ရိုက်ကြရပါတယ် ။


ရွှေတိဂုံဘုရား အရှေ့ဖက် မုတ်လောက် အရောက်မှာ လူတွေရယ်၊ လုံခြုံရေးတွေရေ ပြည့်နေတာနဲ့ ကျနော်လဲ ဆောင်းတန်းတခုကို ပတ်ပြီး သူတို့ အရှေ့ဖက်ရောက်အောင် ပြေးရပါသေးတယ် ။ လူလဲ တော်တော် ဇောနဲ့ ပြေးမိတော့ အရှိန်လဲ တော်တော် များပါတယ် ။ ကံဆိုးတာ တခုကတော့ ကျနော် ဆောင်းတန်းတခုကို အကွေ့ လူတယောက် က ဆောင်းတန်းပေါ်က ဆင်းလာတာကို အရှောင် ရင်ပြင်တော်မှာ ရှိတဲ့ သောက်ရေအိုးစဉ်တခုက ရေဖိတ်ထားတယ်ထင်တယ် အဲ့ ရေအိုင်ကို နင်းပြီး ကျနော် စလစ်ဖြစ်သွားတယ်  လူက ဒယိုးဒယိုင် ဖြစ်ထဲက ကျနော်သိလိုက်ပြီ ကျနော် အရှိန်မထိန်းနိုင်တော့ပဲ ချောလဲတော့မယ်ဆိုတာ .. ညာဖက်လက်တဖက်မှာ ကင်မရာ နောက်ဖက်ကျောပိုးအိပ် ညာအစွန်မှာ ထည့်ထားတာက လန့်စ်တချောင်း .. မထူးဇာတ် ခင်းပြီး ကျနော် ဘယ်ဖက် ခြေထောက်ကို ကွေးချလိုက်တယ် ဒူးနဲ့ ကြမ်းပြင်နဲ့ ဒိုင်းကနဲပဲ လူက ၁ပတ်လိမ့်ထွက်သွားတယ် .. တော်တော် သတိရှိရှိထားထားလို့ ကျနော် ညာဖက် ကင်မရာကို ဆွဲမြှောက်လိုက်သည့်တင်အောင် ညာဖက် တံတောင်ဆစ်က ကြမ်းခင်းနဲ့ ညားပြီး အရေခွံပါလန်သွားတယ် .. ဘုရားလုံခြုံရေး ၃ယောက် ဖုန်း၊ဒိုင်း ဆိုတဲ့အသံကြားလို့ ကျနော့်ကို မြင်ပြီး ပြေးလာထူမှ ထနိုင်ပေမယ့် ကျနော် အခြေအနေ ကျနော် ကောင်းကောင်း လမ်းလျှောက်လို့ ချက်ခြင်း မရဖြစ်နေတယ် ။ တော်တော်လေးလဲ အီစလံ ဝေသွားတယ် ။ ကျနော် နဲ့ နည်းတူ အနောက်က နေ ပြေးလိုက်လာတဲ့ ဓာတ်ပုံ ဆရာ ၂ယောက်က ပြေးရင်းလွှားရင်းနဲ့ သတင်းမေးသွားလေရဲ့ .. ကင်မရာ ဘာဖြစ်သွားသေးလဲ တဲ့ .. ဓာတ်ပုံဆရာတွေ မှန်းသိသာပါလေတယ် ။ လူတော့ ဖြစ်ချင်ရာဖြစ် ကင်မရာတော့ အထိမခံနိုင်ဖူး ဆိုတဲ့ စိတ်ဓာတ်ခြင်းတူနေတာကိုး :D



ခြေထောက်က နာနေတော့ ဖြေးဖြေးခြင်းပဲ အရှေ့ဆုံးက လျှောက်ပြီး ရသလောက်ပဲ လိုက်ရိုက်ဖြစ်တော့တယ် ။ ကံများကောင်းချင်တော့ တောင်ဖက်မုတ် ဓာတ်လှေကား ဆင်းတဲ့ နားကျတော့ ကျနော့်အရှေ့မှာ လက်တွဲထားတဲ့ လုံခြုံရေးစည်းက ၂ခြမ်းခွဲပြီး ၀င်ပေါက်ကို ဖွင့်ပေးတာနဲ့ ကြုံတယ် ။ ကျနော်က ရှေ့ဆုံး ရောက်နေတော့ ကျနော့ တယောက်ထဲ ကွက်ကျန်ခဲ့ပြီး ၀န်ကြီးချူပ် ရှေ့တည့်တည့် ရောက်သွားတယ် ။ အရှေ့ဆုံးကနေ ဓာတ်ပုံ ကောင်းကောင်းရိုက်ခွင့်တွေ ရပေမယ့် လောဘ ကြီးပီး ဗီဒီယို ရိုက်လိုက် ဓာတ်ပုံရိုက်လိုက် အလုပ် ၂ခု တပြိုင်ထဲကို ရတဲ့အချိန်၂မိနစ် အတွင်းမှာ လုပ်ချလိုက်တော့ ၂ခုစလုံး အပိုင်မရလိုက်ဖူးဗျာ ။ အမှန်ဆို ပုံကောင်းကောင်း ထပ်ရမှာ အခုတော့ အောင်မှတ်သာသာ အောက်က ပုံလေးတွေပဲ ရိုက်လို့ ရလိုက်တယ် ။ နောက်ဆို ဒါမျိုးတွေ ဆင်ခြင်ရမယ် ။ လောဘ မကြီးပဲ ရတာကို အကောင်းဆုံးရိုက်ဖို့ ပဲ တွေးရမယ်လို့ ဒီနေ့တော့ သင်ခန်းစာရလိုက်လေရဲ့ ..



http://yeaungthu.com/thai-prime-minister-yingluck-shinawatra

အာဆီယံရထားလမ်း စီမံကိန်းသတင်းထွက်ပြီး ဒဂုံမြို့သစ် မြေဈေးထိုးတက်


အာဆီယံရထားလမ်းပိုင်းစီမံကိန်းနှင့် မြောက်ဒဂုံနှင့် မြောက်ဥက္ကလာပမြို့နယ်များသို့ ဆက်သွယ်မည့် တံတားနှစ်စင်း ထပ်မံတည်ဆောက်မည်ဟူသော သတင်းထွက်ပေါ်ပြီးနောက် ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြေကွက် တန်ဖိုး ရုတ်တရက်ထောင်တက်သွားကာ မယုံနိုင်လောက်အောင် အရောင်းအ၀ယ် ဖြစ်လျှက်ရှိသည်ဟု မြေကွက် ၀ယ်ရောင်းများက YPI သို့ပြောသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ  ပေ ၄၀၊ ၆၀ မြေကွက်တကွက်၏ ဈေးနှုန်းမှာ ယခု သတင်းမထွက်ပေါ်မီအချိန်ထိ ကျပ် ၃ သိန်းခန့်ရှိခဲ့ရာမှ လွန်ခဲ့သော သီတင်းနှစ်ပတ်အတွင်း  တည်နေရာပေါ်မူတည်၍ အနည်းဆုံး ၁၅ သိန်းဝန်းကျင်မှ  အများဆုံး သိန်းတစ်ရာကျော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

“အခုအချိန်မှာ ၀ယ်လက်ကအရမ်းများတယ်။ ရောင်းမယ့်သူပဲရှာရတာ။ တစ်နေ့တည်းမှာ တစ်ဦးတည်း ၁၄ ကွက်လောက် ၀ယ်တဲ့သူတောင်ရှိတယ်။ ဈေးတက်လာတာက ၀ယ်လက်တွေကိုယ်တိုင် ဈေးမြှင့်ပေးလို့ တက်လာတာ။ ရောင်းတဲ့သူက စခေါ်တာမဟုတ်ဘူး” ဟု မြောက်ဒဂုံမြို့နယ်မှ အကျိုးဆောင် ဦးစောအယ်ထူးကဆိုသည်။

အကျိုးဆောင် တစ်ဦးဖြစ်သူ  ဒေါ်ကြည်ကြည်မိုးက “အစိုးရကသိမ်းမယ်ဆိုပြီးသတင်းထွက်နေတဲ့ ရပ်ကွက်တွေမှာတော့ ဈေးသိပ်မတက် လာဘူး။ ဒါပေမယ့် အခြားရပ်ကွက်တွေ အကုန်လုံနီးပါးဈေးတက်နေတယ် ” ဟု ဆိုသည်။

မြေကွက်အရောင်းအ၀ယ်ကို မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းနှင့် ပင်လုံလမ်းထောင့် (၇၊ ၈ လမ်းဆုံ) ရှိ ကောင်းမွန်ကျော် လက်ဖက်ရည်ဆိုင်၌ မြေကွက်ဝယ်ရောင်းနှင့် ပွဲစားများဖြင့် နေ့စဉ်စည်ကားလျှက်ရှိသည်ကို တွေ့ရသည်။


အရောင်းအ၀ယ် ပြုလုပ်ရာတွင် မြေကွက် တည်နေရာသို့ ကိုယ်တိုင်သွားရောက် ကြည့်ရှုခြင်းမရှိပဲ မြို့ပြနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန မှ ထုတ်သော မြေပုံကိုကြည့်ရှုကာ အရောင်းအ၀ယ် လုပ်နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လိမ်လည်မှုများနှင့် ကြုံတွေ့ရသူ များလည်း ရှိကြောင်း ဦးစောအယ်ထူးက ဆိုသည်။

မြေကွက်ဝယ်ယူသူ ၀ယ်ယူသူအများစုမှာ တရုတ်လူမျိုးများနှင့် ရှမ်းတရုတ်များဖြစ်ကြောင်း၊ အခြား စီးပွားရေးဈေးကွက်များ ကျဆင်းနေချိန်တွင် ငွေရင်းနှီးကို အိမ်ခြံမြေဘက်သို့ ရွှေ့ပြောင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြခြင်းဖြစ်ကာ  နိုင်ငံခြားသားများပင် လာရောက် လေ့လာမှု ရှိနေသည်ဟု ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။

အိမ်၊ ခြံ၊ မြေ အရောင်းအ၀ယ်လုပ်နေကြသော ၇၊၈ လမ်းဆုံမှ ကောင်းမွန်ကျော် လ္ဘက်ရည်ဆိုင်

ယခုကိစ္စနှင့်ပတ်သတ်ပြီး ယူနတီ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော်ကလည်း “ ၉၆ ခုနှစ်ဝန်းကျင် လောက်တုန်းက သန်လျင်ဘက်မှာ အခုလို ဖြစ်ဖူးတယ်။ စက်မှုဇုန်လုပ်မယ်ဆိုတဲ့သတင်းကြောင့် မြေကွက်တွေ အရောင်းအ၀ယ်တော်တော်ဖြစ်ခဲ့ဘူးတယ်။
အဲဒီတုန်းကတော့ အခုလို ဈေးမမြောက်ဘူး။ နောက်တော့လည်း ပြန်ငြိမ်သွားတာပဲ” ဟု ဆိုသည်။

၁၉၉၇ ခုနှစ်ကလည်း ရန်ကုန်မြို့သစ် ဆင်ခြေဖုန်းမြို့နယ်များဖြစ်သည့် တောင်နှင့် မြောက်ဒဂုံ သံလျင်မြို့နယ်ရှိ မြေကွက်များကို ၀ယ်ယူကာ လက်လွှဲရောင်းချခြင်းဖြင့် အကျိုးအမြတ်ရရှိခဲ့ကြသည်။ သို့ရာတွင် ၁၉၉၇ ခုနှစ် အာရှစီးပွားပျက်ကပ် ဖြစ်ပွားသည့်နောက် တွင် မြေကွက်ဈေးကွက်ပျက်ကာ ဆယ်စုနှစ်တခုကြာသည်အထိ ဈေးနှုန်းသိသိသာသာ မမြင့်တက်ပဲ ရှိနေခဲ့သည်။ ယင်းကာလကို အိမ်ခြံမြေ ရွှေခေတ်ဟု ရည်ညွှန်း ခေါ်ဆိုကြသည်။

ယခုလက်ရှိကာလတွင် ဒဂုံမြို့သစ်မြို့နယ်များသာမက တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း ၊ ဒလ၊ သန်လျင် စသော ဆင်ခြေဖုန်း မြို့နယ်များတွင်လည်း အိမ်းခြံမြေများ အရောင်းအ၀ယ်သွက်လျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များကဆိုသည်။    ။

ဒီဇင်ဘာ ၂၀၊ ၂၀၁၁ (YPI)

Wimax အင်တာနက်လိုင်း၏ ကနဦးတပ်ဆင်ခကို ကျပ်နှစ်သိန်းလျှော့ချမည်

ပုံမှန်ဈေးနှုန်း ၈ သိန်း ၁ သောင်းဖြင့် ရောင်းချလျက်ရှိသည့် Wimax အင်တာနက်လိုင်းများကို ၆ သိန်း ၁ သောင်းကျပ်ဖြင့်သာ ရောင်းချသွားတော့မည်ဖြစ်ကြောင်း Red Link ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Wimax အင်တာနက်လိုင်း၏ ကနဦးတပ်ဆင်ခကို ကျပ်နှစ်သိန်းလျှော့ချပေးသည့်အပြင် ယခင်က အသုံးပြုလိုသူများ ပေးဆောင်ရသည့် တပ်ဆင်ခများကိုလည်း ပေးဆောင်ရန်မလိုတော့ကြောင်း သိရသည်။ နယ်မြေဒေသအပေါ်မှုတည်၍ တပ်ဆင်ခများသည် ၂ သိန်းမှ ၃ သိန်း အထိ ယခင်ကကုန်ကျခဲ့ကြောင်း ယခုအခါ၌ အဆိုပါကုန်ကျစရိတ်များကိုလည်း အသုံးပြုသူအနေဖြင့် ပေးဆောင်ရန်မလိုအပ်တော့ကြောင်း သိရသည်။ ထိုအပြင် ၁၉ ရက်နေ့မှ ၂၅ နေ့အတွင်း ၀ယ်ယူသူများကို နှစ်ကုန်ပရိုမိုးရှင်းအဖြစ် လစဉ်ကြေးတစ်လစာ ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလအတွင်း၌ အက်စ်အီးစီ ၁၅၀၀ နှင့်ရောင်းချလျက်ရှိသည့် Wimax အင်တာနက်လိုင်းများကို ကျပ်ငွေ ၈သိန်း ၁ သောင်းအဖြစ်သို့ပြောင်းလဲရောင်းချခဲ့ပြီး ယခု ဒီဇင်ဘာလ အတွင်း၌ ၆ သိန်း ၁ သောင်းကျပ်နှင့် ပြန်လည်ပြင်ဆင်ရောင်းချခဲ့ခြင်းဖြစ်သည်။ အလားတူပင် တရားဝင်ပေါက်ဈေး ၁၅ သိန်းဖြင့်ရောင်းချလျက်ရှိသည့် ADSL အင်တာနက်လိုင်းများကို သြဂုတ်လအတွင်း၌ ငွေကျပ် ၅ သိန်းအဖြစ်သို့ ရတနာပုံတယ်လီပို့ကုမ္ပဏီမှ ဈေးနှုန်းပြောင်းလဲလျှော့ချပေးခဲ့သည်။ ကနဦးတပ်ဆင်က ၆ သိန်း ၁ သောင်းကျပ်ဖြင့် ဈေးနှုန်းနိမ့် အင်တာနက်လိုင်းတစ်ခုဖြစ်လာခဲ့သည့် Wimax အင်တာနက်လိုင်းကို အရစ်ကျစနစ်ဖြင့်လည်း ရန်ကုန်မြို့၌ ၀ယ်ယူအသုံးပြုနိုင်ကြောင်း မန္တလေးမြို့အတွက် Wimax အင်တာနက်လိုင်းရောင်းချခြင်းကိုမူ ခဏတာရပ်ဆိုင်းထားကြောင်း သိရသည်။

ရေးသားသူ - မြင့်ကျော်လှိုင်
အင်တာနက်ဂျာနယ်

Iron Cross တီးဝိုင်း၏ နှစ်သစ်ကူးည ဖျော်ဖြေပွဲ မျှော်စင်ကျွန်းတွင် ပြုလုပ်မည်

Iron Cross တီးဝိုင်း၏ နယူးရီးယားည ဖျော်ဖြေပွဲကို ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် ပြုလုပ်သွားမည် ဖြစ်ပြီး Planet Grand Royal Rocks On To 2012 အမည်ဖြင့် ပြုလုပ်သွားမည်ဟု သိရှိရသည်။ ယင်းဖျော်ဖြေပွဲတွင် Iron Cross  တီးဝိုင်းနှင့်အတူ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ Rဇာနည်၊ ၀ိုင်းစုခိုင်သိန်း၊ ခင်ဘုဏ်း၊ ဂျင်းနီတို့ ပါဝင်သီဆိုသွားမည်ဟု သိရှိရသည်။
“ဒီနှစ်နယူးရီးယားပွဲကို အရင်နှစ်တွေနဲ့မတူ ပိုမိုထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ ဖြတ်သန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးပြောင်းတော့မယ့် အချိန်မှာ ဒီပွဲကို ရောက်နေတဲ့ ပရိသတ်တွေအနေနဲ့ နယူးရီးယားညရဲ့အရသာကို အပြည့်အ၀ခံစားရပြီး စိတ်ကျေနပ်မှုရရှိစေ မှာဖြစ်ပါတယ်”ဟု ပွဲစီစဉ်တင်ဆက်သူ Stars & Models Int'l မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နယူးရီးယားည ဖျော်ဖြေပွဲကို ညနေ ၆ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး နိုင်ငံခြားမှ အကပညာရှင်များနှင့် မီးမှုတ်သမား၊ မျက်လှည့်၊ ကုလားမခြေထောက်တို့နှင့် ဖျော်ဖြေမှု များအပြင် အခြားအစီအစဉ်များ ပါဝင်မည်ဟု သိရပါသည်။
EMG

ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀မှတ်တမ်း




မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့် အား အထူးဂုဏ်ပြုသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးရာဇ၀င် အတ္ထုပ္ပတ္တိအား အခြေခံ၍ အမည်မသိ စာရေးသူတစ်ဦးကနေ ပြန်လည်ခံစား ဖေါ်ကျူးရေးသားထားမှုကို ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဖြတ်သန်းမှု ဓါတ်ပုံများဖြင့် တွဲဘက်ကာ ဖေါ်ပြအပ်ပါသည်။

ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀မှတ်တမ်း။

ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ။
ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်၊
ဩော် .... ဒီနေ့ ငါ့မွေးနေ့ပဲလေ (ဇွန်လ ၁၉ ၇က်) ....

ငါ ဘာလုပ်ရင် ကောင်းမလဲ၊
ငါ့ ဘေးနားမှာ ငါ့ကို ချစ်တဲ့ ငါ့ ဖေဖေ မရှိတော့တာလည်း ကြာပါပြီ၊
ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့ မေမေ မျက်ကွယ်ပြုသွားခဲ့တာလည်း (၁၉) နှစ်တောင် ရှိရော့ပေါ့။
ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး၊
ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး၊
ငါ့မွေးနေ့မှာ ငါ့ရဲ့  အရင်းနှီးဆုံး သွေးသားရင်းချာတွေကို ငါ့နားမှာ ရှိစေချင်လိုက်တာ။

ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ၊
ငါ့စိတ်ဓာတ်ကို မာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း
အခွင့်သာရင်တော့ ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ၊
အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်၊ ဘယ်တော့များမှ အခွင့်သာမှာလည်းဟင် ...

တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ၊
လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထား အမှတ်ရနေပြီး အထူးတလည် ကျင်းပတတ်ကြတာပဲ၊
ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့။

အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့ အတူတူ၊ အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ၊
အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအေးတို့နဲ့ အတူတူ၊
ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ၊
အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ။

အို ...
ငါသိပ်လွမ်းတယ် သိလား ...
ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ ...
ငါ့ရဲ့ ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ၊
ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။
အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့၊ မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့၊ မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့၊ ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့
အိမ်မှာ လူတွေများလာလို့။

အို … ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး၊ ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့ရဲ့  အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေ ၀ဲနေလို့ပါလား။

ငါဘာမှနားမလည်ခဲ့ဘူး၊ အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်၊
ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့ ငါချစ်တဲ့ ငါ့ဖေဖေ
အဲဒီ့နေ့က ပြန်မလာခဲ့ဘူး၊ မျှော်ခဲ့လိုက်ရတာ ဖေဖေရယ် ..

နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်၊
ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်၊
လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်၊
အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်၊
ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်
ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး။ ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်။

ဖေဖေရယ် .. ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင် ..
ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ၊
သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင် ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့  ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို လွှမ်းမိုးနေခဲ့တယ်။ ဖေဖေ တကယ် ပြန်မလာခဲ့တော့ဘူးနော် ..
၁၉၆၀ ခုနှစ်။

မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်၊
အိမ်ကလူတွေကို ပစ္စည်းတွေ လိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်၊
ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့၊
မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့ ပြောတယ်၊
ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့၊
မေမေတို့ပြောင်းရတော့မယ် သမီးလေး ..

ဘယ်ကိုလဲဟင်..
နယူးဒေလီကို
ဘယ်မှာလဲဟင်
နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့ ၊
မေမေက ဘာသွားလုပ်မှာလဲဟင်
ဩော် … မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်၊ မေမေအဲဒီ့မှာ သွားနေရမှာ၊ သမီးတို့လည်း
လိုက်ခဲ့ရမှာလေ။
သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ၊
သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့ … ခုဆို မေမေက အဲဒီ့နိုင်ငံကြီးနဲ့ ခု သမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ သွားပြောပေးရမှာလေ။
ဘာစကားတွေ ပြောရမှာလဲဟင် မေမေ၊
သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်၊ ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်လိုက်ဦးနော်၊ မနက်ဖြန်ညကျရင် မေမေ့ သားသမီးလေးတွေနဲ့ သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်၊ သမီးလေးကြိုက်တဲ့ မုန့်တွေ ၀ယ်ထားပေးမယ်။

ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို ပြေးဝင်ခဲ့တယ်။
မေမေက သိပ်တော်တာပဲနော်၊ ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်၊ မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်။
မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို စံနမူနာထားလို့ သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ။

၁၉၆၄ ခုနှစ်။

ငါ ပျော်လိုက်တာ၊ အောက်စဖို့ဒ်တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်၊ ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်။ မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်။ I’m proud of you, honey! လို့ ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့ မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ။

မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး။ ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်။

အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ကြတယ်။ အမှတ်တရဓာတ်ပုံတွေ ရိုက်လို့ သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့ ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့ ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ။
အောက်စဖို့တက္ကသိုလ်ကိုတက်ဖို့ ငါထွက်ခဲ့ရပြီ။ လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်။ Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး စကားတစ်ခွန်းပြောတယ်။ I believe in you! တဲ့။ ငါကြက်သီးတွေတောင်ထသွားခဲ့တယ်။ မေမေ၀မ်းနည်းနေတာ ငါသိတယ်။ ဒါပေမယ့် မေမေ မငိုခဲ့ဘူး။

လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်။ ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး။ ငါ့ကို ယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်၊ ၀င်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်၊ ဖတဆိုး သမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့ ငါ့ဘ၀ရဲ့  အောင်မြင်မှု ပထမခြေလှမ်းသစ်အတွက် ငါ ဂုဏ်ယူနေလို့ပါ၊ ငါ ပျော်နေလို့ပါ၊ ငါ ပီတိဖြစ်နေလို့ပါ။
တက္ကသိုလ်မှာ ငါ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ ငါ့ရဲ့  Host Parents awGu Lord Gore-Booth တို့မိသားစုပဲ။ သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်။ သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ်အဲရစ်စ်ကို စတွေ့ပြီး ရင်းနှီးခဲ့ရတယ်။ သူက တိဗက်လူမျိုးတွေအကြောင်း လေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပဲလေ။ တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့ ယောင်္ကျားကောင်းတစ်ယောက်ပါပဲ။

၁၉၆၉ ခုနှစ်။

နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်။ ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့။ မသန်းအေးတို့အိမ်မှာ ငါနေခဲ့တယ်။ သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ။ အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်။ ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာ။
မသန်းအေးက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်။ ငါအလုပ်ရခဲ့တယ်။
Administrative and Budgetary Questions rSm Assistant Secretary အဖြစ်နဲ့ပေါ့။
ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်။ မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ။ ညနေရုံးဆင်းချိန်တွေနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer၀င်လုပ်ခဲ့တယ်။ ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့။ ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီ့လူနာတွေအတွက် ရအောင် အချိန်ပေးခဲ့တယ်။ ငါ့ရဲ့ တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်။ နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က (၂) နှစ်ထဲရယ်ပါ။ ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်။

၁၉၇၂ ခုနှစ်။

မိုက်ကယ်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ သူနဲ့အတူတူ ဘူတန်ကို ထွက်ခွာခဲ့တယ်။ မိုက်ကယ်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ Research Officer အဖြစ် ၀င်လုပ်ခဲ့တယ်။
ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့တယ်။ အဲဒီ့ အချိန်တွေကို ငါ အမြဲတမ်း သတိရနေမှာပါ။

မိုက်ကယ်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreemrnt တစ်ခုတောင်းခဲ့တယ်။ ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့။ သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ။ ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား။ မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါတယ်။ မေမေကတော့ ထုံးစံအတိုင်းပဲပေါ့။ I trust you … တဲ့။ တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့ ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်တာဟာ ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ။ ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး။

၁၉၇၃ ခုနှစ်။

အင်္ဂလန်ကို ငါပြန်လာခဲ့တယ်။ ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ် သိလား။ သားကြီး အဲလက်စ်ကို မွေးခဲ့တယ်။ ငါမိခင်တစ်ယောက် ဖြစ်ခဲ့ပြီပဲ။ အဲဒီ့နေ့က မေမေနဲ့ ငါ စကားအကြာကြီး ပြောဖြစ်တယ်။ မေမေရယ်လေ … ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး။ မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်။ ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်။ မိုက်ကယ်လည်း ငါ့ဘေးနားမှာ ရှိနေခဲ့တယ်။

၁၉၇၄ ခုနှစ်။

မိုက်ကယ်အလုပ်ရတယ်။ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့  တိဗက်ဘာသာစကားဌာနမှာပေါ့။

၁၉၇၇ ခုနှစ်။

သားငယ် ကင်မ်ကို မွေးတယ်။ ငါ့ရဲ့ ဒုတိယသားလေးပေါ့။ ခုဆို ငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ။ ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး။ ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါ စာတွေရေးဖြစ်ခဲ့တယ်။ ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့။ မိုက်ကယ်ကိုလည်း သူလေ့လာနေတဲ့ JY Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်။

၁၉၈၅ ခုနှစ်။

ကျိုတိုတက္ကသိုလ်မှာ Visitng Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ လုပ်ဆောင်ချက်တွေကို
စာတမ်းပြုစုခဲ့တယ်။ ငါ ကျေနပ်အားရ ဂုဏ်ယူမိပါတယ်။ ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ။

၁၉၈၆ ခုနှစ်။

ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်။ အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့။ ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်။ ကြည်နူးလိုက်တာ။ ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်။ မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်။ ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ။

၁၉၈၇ ခုနှစ်။

ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်။ မိုက်ကယ်က စာတမ်းတွေ ပြုစုနေခဲ့တယ်။ အင်္ဂလန်ကိုလည်း ငါ ခဏပြန်ခဲ့သေးတယ်။ မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့။ စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်။

ငါ့ရဲ့ Advanced Degree အတွက် Lodon School of Oriental and African studies မှာ စာရင်းပေးခဲ့တယ်။

၁၉၈၈ ခုနှစ်၊ မတ် (၃၁) ရက်နေ့ ။

တယ်လီဖုန်းသံမြည်လာခဲ့တယ်။ ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်။ ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး၊ မေမေလေဖြတ်သွားတယ်တဲ့။

နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်။ ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်။ မေမေရယ် … မှတ်တောင် မမှတ်မိတော့ဘူး။ မေမေ ခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ။ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ၊ ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ၊ တော်တော့ကို ပြောင်းလဲသွားခဲ့တာပဲနော်။
ရန်ကုန်မြို့ကြီးမှာလည်း နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်။ အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ ပြည့်နှက်နေတယ်။ (၈) ရက်၊ (၈) လ၊ (၁၉၈၈) ခုနှစ်မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်။

စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်။ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့။ တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်။ ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ် …

စက်တင်ဘာ (၁၈) ရက် - စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့။ ငါ ဘာလုပ်ရမလဲ။ ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား၊ ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက် ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်။ ဒါပေမယ့် သေချာတယ်၊ ငါ လိပ်ပြာမလုံဘူး။ ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်။ သူတို့ကို ငါရှက်တယ်၊ ငါ မပြန်ဘူး။ ငါ ဒီမှာနေမယ်။ ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ။

သူတို့ ငါ့ကို လိုအပ်နေပြီလို့ ငါ ခံစားရတယ်။ ဟုတ်တယ်၊ ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါ မျက်ကွယ်မပြုနိုင်ဘူး။ ငါဒီမှာနေမယ်၊ ငါ မပြန်တော့ဘူး။ ငါချစ်တဲ့ ငါ့ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့ ငါ့ဖေဖေအတွက် ငါ မြန်မာပြည်မှာနေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်။ လူတိုင်း ကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာ ဖန်တီးယူနိုင်အောင် ငါ ကြိုးစားမယ်။ ဟုတ်တယ်။

NLD ကို စက်တင်ဘာ (၂၄) ရက်နေ့မှာ စတည်ထောင်တယ်။ အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါ ပါဝင်လှုပ်ရှားတယ်။ ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ။ ဒါကို ငါအသုံးချခဲ့တယ်။ စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက် အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်။

ငါ့ကို အသေတောင် ပစ်သတ်တော့မလို့တဲ့။ သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ။ တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီး လှမ်းလျှောက်သွားခဲ့တယ်။ င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ။

သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို လူထုကြီးက ဟေး …. ဆိုပြီး တခဲနက်အားပေးလိုက်ကြတာ၊ ငါ့မှာ ကြက်သီးတွေတောင် ထလို့။
၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ (၂၇) ရက်။

မေမေ ဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ။ ကောင်းရာသုဂတိလားပါစေ မေမေရယ်။ မေမေ့အသက် (၇၆) နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက် ကောင်းကင်ဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်။

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ (၂) ရက်။

မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်။ မေမေ့ကို မြင်စေချင်လိုက်တာ။ မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီး တိုင်တည်သစ္စာပြုခဲ့တယ်။ ဖေဖေနဲ့ မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး ဆောင်ရွက်ခဲ့ကြတယ်။ ဒီတာဝန်ကို ကျေပြွန်အောင် သမီး ဆက်လက်ထမ်းဆောင်ပါ့မယ်။ သမီးသေသည်ထိပေါ့။

ငါ့ကို လိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်။ အရှက်မရှိလိုက်ကြတာလေ။ ငါတို့ လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်။ ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်။ ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်။

အဲဒီ့ကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ် ပြန်ချလိုက်နဲ့။ နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်။ ငါ့အပေါ် ရက်စက်လိုက်ကြတာ။ ကိုယ်ချင်းမစာလိုက်ကြတာ။ ပြောရက်လိုက်ကြတာ။ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ။ နိုင်ငံအပေါ် သစ္စာဖောက်သူတဲ့၊ လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့။ ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး။ ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်။ ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ။

ငါ့ကို နိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့ ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်။ ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ။ မေမေဂုဏ်ယူပါတယ် သားကြီးရယ်။ မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ ခုချိန်ထိပဲလေ။

မေမေက ကိုယ်ကျိုးရှာသူ ဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ။ သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာ မဟုတ်ပါဘူး။ သားတို့ကို သိပ်ချစ်တာပေါ့။ သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့။ ဒါပေမယ့်သားတို့ရယ်၊ သားတို့ကို ချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို မေမေ ပိုချစ်မိတယ်။ ဒါကို သားတို့ ခွင့်လွှတ်နားလည်ပေးကြပါနော်။ သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်။

၂၀၀၃ ခုနှစ် မေလ (၃၀) ရက်။

ရက်စက်လိုက်ကြတာကွယ်။ ရက်စက်လိုက်ကြတာ၊ မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး။ သတ်ဟေ့သတ်ဟ ချဟေ့ချဟ ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ။ အဲဒီ့ညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေ လွှမ်းနေခဲ့တယ်။

ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်။ သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေ။ ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့ မေမေစု ဆုတောင်းပေးပါတယ်ကွယ်။ ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့။

အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ။
ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာ စွန့်လွှတ်ခဲ့ရရှာပြီ။ ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း နွမ်းလျလှပါပြီ။ မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ။

နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ။ ငါ့ ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ။ ငါ့အသက်လည်း ၆၄ နှစ်ထဲ ရောက်ခဲ့ပြီ။ ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ။

ငါ့မှာတော့ ... ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့ .... ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့ …. သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ။

ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်။ အပြင်မှာ နေခြည်တွေ ဖြာနေပြီနော်။
ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်။
ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ...
ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ...
ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ... တဲ့။

ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး အခန်းပြတင်းကိုဖွင့်လိုက်တယ်။ ငါ့ကို စောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်။ မကြောက်ပါနဲ့ သားရယ်။ ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့ ငါ့ကို ဦးညွှတ်တယ်။ သား စာဆက်ကျက်ပါကွယ် .. စိတ်ကိုအေးအေးသာထားပါ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစား မဟုတ်ပါဘူး။ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက် အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ။

ဒီသစ္စာစကားမှန်ရင် ငါချစ်တဲ့ မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကို
ကြိုဆိုနိုင်ပါစေသား။ ငါရှင်သန်နေဦးမှာပါ။ မသေမချင်းပေါ့။

နေရောင်ခြည်ရဲ့ နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်။ အရှင်ဘုရားရဲ့  မေတ္တာကရုဏာတော်အောက်မှာ ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား၊ မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား၊ ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား၊ မတရားမှုများ ဖယ်ခွာနိုင်ပါစေသား။
ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည် … ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ ... အမျှ အမျှ အမျှ … သာဓု ... သာဓု ... သာဓု။


(ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိ ကိုယ်ရေးရာဇ၀င် http://nobelprize.org/nobel_prizes/peace/laureates/1991/kyi-bio.html အား အခြေခံ၍ မြန်မာဘာသာဖြင့် ပြန်လည် ခံစားဖေါ်ကျူးရေးသားခဲ့သော မူလစာရေးသားသူအား အထူးကျေးဇူးတင်ရှိပါကြောင်း ဖေါ်ပြအပ်ပါသည်)။


Aung San Suu Kyi - Biography
nobelprize.org
Nobelprize.org, The Official Web Site of the Nobel Prize

ချစ်ခင်လေးစားသော
ပြည်သူပြည်သား...အာလုံးဧ။်ကိုယ်စား




by Shwe Aeim Si on Tuesday, December 20, 2011 at 5:22am

ဖျက်သိမ်းပစ်ရမယ့် မဟန နဲ့ သာသာနရေးဝန်ကြီးဌာန

မဟန
မကြာခင်က မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောခဲ့တဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟ ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက ဆိုဆုံးမရခက်တဲ့ ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ်သတ်မှတ်ပြီး သူ့ရဲ့ကျောင်းတိုက်ကနေ ထုတ်ပစ်ဖို့ အမိန့်စာထုတ်ခဲ့ပါတယ်။
တကယ်တော့ ဒီဖြစ်ရပ်ဟာ အထူးအဆန်းမဟုတ်ဘဲ၊ မြန်မာနိုင်ငံ ထေရ၀ါဒဗုဒ္ဓဘာသာသမိုင်းမှာ သာသနာပြု ဆရာတော်တွေနဲ့ မင်းလိုလိုက် မင်းကြိုက်ဆောင်တဲ့ ရာဇဂုရု ဆရာတော်တွေကြားမှာ ခေတ်အဆက်ဆက် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာမျိုးပါပဲ။ ခေတ်တိုင်းမှာ သာသာနာပြုဆရာတော်တွေနဲ့ မင်းဆရာတော်တွေကြား မကြာမကြာ ပြဿနာတွေတက်ခဲ့ရသလို နောက်နောင် ထပ်ဖြစ်လာနိုင်တာမျိုးလည်း ဖြစ်ပါတယ်။
အရင်ဆုံး မင်းဆရာတော်တွေ ဩဇာအာဏာထက်ခဲ့တဲ့ သမိုင်းဖြစ်ရပ်အချို့ကို တင်ပြချင်ပါတယ်။

မင်းဆရာတော်ဆိုတာ ပြဋ္ဌာန်းသောအရာတည်
ညောင်ရမ်းသာသနာကိုကြည့်ရင် သာလွန်မင်းကိုးကွယ်တဲ့ တောင်ဖီလာဆရာတော်ရဲ့ တန်ခိုးဩဇာ ကြီးထွားမှုကို မြင်နိုင်ပါတယ်။ တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော်တို့ဟာ သက်တော် ၀ါတော်တူတဲ့ ကျမ်းတတ် ဆရာတော်တွေ ဖြစ်ပါတယ်။ သူတို့နှစ်ပါး တွေ့ဆုံတဲ့မြင်ကွင်းဟာ မှတ်သားစရာကောင်းပါတယ်။
တောင်ဖီလာဆရာတော်က ရွှေဥမင်ဆရာတော်ကို “အရှင်ဘုရား၊ တပည့်တော်က မင်းကျွမ်းဝင်ဆရာတော် ရာဇဂုရုဖြစ်ပါတယ်။ ဒါကြောင့် အရှင်ဘုရားက ရှေ့က ကြွပါ” လို့ပြောပါတယ်။ ဒါကို ရွှေဥမင်ဆရာတော် ပြန်ပြောပုံက “လောကမှာ ရာဇဂုရုရဟန်းမည်သည် ပြဋ္ဌာန်းသော အရာတည်တယ်၊ အရှင်ဘုရား ရာဇဂုရုကသာ ရှေ့ကကြွပါ” လို့ ပြောတဲ့အတွက် တောင်ဖီလာဆရာတော်က ရှေ့ကကြွရပါတယ်။ မင်းဆရာတော်ဆိုတာ ပညာတူ ၀ါတူရင်တောင် ရှေ့ကနေရာပေးရတယ်ဆိုတာ ဒီဆရာတော်ကြီးနှစ်ပါး တွေ့ဆုံမှုက ဖော်ပြနေပါတယ်။

အလောင်းမင်းတရား အလွဲ
ကုန်းဘောင်ခေတ် သာသနာမှာ အလောင်းမင်းတရားက “ဤနိုင်ငံတော်အတွင်း နေထိုင်သီတင်းသုံးတော် မူကြကုန်သော ရဟန်း သံဃာတို့သည် မိမိချီးမြှောက်ထားတဲ့ မင်းဆရာတော်၏ အလိုအယူသို့သာလိုက်ပြီး ကျင့်ကြံနေထိုင်ကြရမည်” ဟု အမိန့်ပြန်တမ်း အလွဲတစ်ခုထုတ်ခဲ့ပါတယ်။ အဲဒီ ဘုရင့်အမိန့်ကြောင့် မင်းဆရာတော် အတုလယသမထေရ် ဟာ ဩဇာထက်လာပြီး၊ သူနဲ့ ဂိုဏ်းမတူ သူ့အလိုမလိုက်တဲ့ မောင်းထောင်ရွာက မထေရ်ကြီးနှစ်ပါးကို သဲဒဏ် ရေဒဏ်ပေး နှိပ်စက်ခဲ့ဖူးပါတယ်။

အလောင်းဘုရားလက်ထက် မြန်မာနိုင်ငံတွင်း ရှိသမျှ သံဃာတော်အားလုံးဟာ မင်းအလိုနဲ့ မင်းဆရာတော်ရဲ့ အလိုကို လိုက်ခဲ့ကြရပြီး၊ ဆန့်ကျင်အာခံသူဆိုလို့ ကျမ်းတတ် ရှင်မုနိန္ဒဃောသ မထေရ်တစ်ပါးသာ ရှိခဲ့ပါတယ်။

အဲဒီ မထေရ်ကို မင်းဆရာတော်တွေက သုဓမ္မာဇရပ်မှာ “သင့်ဆရာ ဘယ်သူဖြစ်လို့ ခေါင်းမာနေတာလဲ” ဆိုပြီး ခေါ်ယူစစ်ဆေးတဲ့အခါ၊ ဇရပ်ပေါ်ရှိ ရုပ်ဆင်းတုတော်ကို ထိုးပြပြီး “ဤသည်ပင်လျှင် ငါ့ဆရာတည်း” ဆိုပြီး ဖြေပါတယ်။
နောက် သံဃာထုအလယ်မှာ ဆောင့်ကြောင်ထိုင် လက်အုပ်ချီပြီး၊ “အရှင်ဘုရား တပည့်တော်သည် အသက်ဆုံးသည့်တိုင်အောင် တပည့်တော် အသက်ကိုသာ စွန့်ပါမည်၊ မြတ်စွာဘုရား ပညတ်တော်မူအပ်သော သိက္ခာပုဒ်တော်ကို မစွန့်ပါ” ဟု ဆင်းတုတော်ကို လျှောက်ထားပါတယ်။

အဲဒီဖြစ်ရပ်ကို မင်းဆရာတော်က မကျေနပ်လို့ အလောင်းမင်းတရားကို ပြန်ပြောပြတော့၊ “ဤမထေရ်သည် မာန ခက်ထန်လှသည်၊ ငါ့နိုင်ငံတော်အတွင်းမှာ မနေသင့်” ဆိုပြီး တိုင်းတစ်ပါး နှင်ထုတ်ပါတယ်။ နောက် ထပ်မံ ဖမ်းဆီး အကျဉ်းချထားပြီး ပြန်လာမှ သတ်မယ်ပြောပြီး စစ်ချီတက်ရင်း အလောင်းမင်းတရား နတ်ရွာစံသွားပါတယ်။   

စိတ်ဖောက်သွားတဲ့ ဘိုးတော်ဦးဝိုင်း
ဘိုးတော်မင်းတရားလက်ထက် အမရပူရခေတ် သာသနာကိုကြည့်ရင်  မောင်းထောင် သာသနာပိုင်နဲ့ သာသနာပိုင်ဆရာတော်ဟောင်း အတုလယသမထေရ် တို့ကြား အယူဝါဒပြဿနာတက်ပါတယ်။ မောင်းထောင် သာသနာပိုင်နဲ့ သူ့တပည့်တွေက “ဤ အတုလယသပုဂ္ဂိုလ်သည် သာသနာတော်၏ ရန်ဆူးငြောင့် ပြုကျင့်နေသူဖြစ်သည်” ဆိုပြီး ကျောင်းတိုက်ကနေ မောင်းထု နှင်ထုတ်ခဲ့ပါတယ်။

ဘိုးတော်ဘုရားကလည်း အတုလယသ ရဟန်း (လူအမည် ဦးပန်းထွေး) ကို ကြက် ငှက် တိရိစ္ဆာန်တို့ကဲ့သို အ၀တ်ဗလာမဲ့ ထားပြီး ခြင်းကြားဆောင်းနဲ့ လှောင်ထားပါတယ်။ စလောင်းဖုံးနဲ့ ထမင်းကြွေး၊ လှံ ဓား ရံပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း စုံမျှောခဲ့ပါတယ်။ ‘အတုလ သာသာနပိုင်ဟောင်း ငပန်းထွေး အား နှင်ထုတ်ခြင်း’ ဆိုတဲ့ စာလုံးကြီးကြီးရေးပြီး ရောက်လေရာ မြို့တွေ ရွာတွေ ၀ိုင်းကြည့်ဖို့ အမိန့်ထုတ်ထားခဲ့ပါတယ်။

နောက်ပိုင်း ဘိုးတော်မင်းတရား ဦးဝိုင်း စိတ်ဖောက်ပြန်ချိန်မှာ မောင်းထောင်သာသနာပိုင်ကိုလည်း လူဝတ် အတင်းချွတ်ခိုင်းလို့၊ သာသာနာပိုင်ဆရာတော်ကြီးခမျာ ၀ဋ်လည်ပြီး လူ ‘ဦးမြတ်နေ’ ဖြစ်သွားခဲ့ရပါတယ်။

သုဓမ္မာ တန်ခိုးထွားမှု ရွှေကျင်မခံနိုင်
ရတနာပုံ မန္တလေးခေတ်သာသနာကိုကြည့်ရင်လည်း ကိလေသာ ၀ဋ္ဋ်မြစ်ကင်းရာ နိဗ္ဗာန်ဆုပန်ပြီး မိဘုရား ၁၅၀ နီးပါးယူထားတဲ့ မင်းတုန်းမင်းကြီးဟာ ပဉ္စမသင်္ဂါယနာတင်ပြီး သာသနာကို ချီးမြောက်ခဲ့တယ်လို့ ဆိုကြပါတယ်။

မင်းတုန်းလက်ထက် တန်ခိုးထွားတဲ့ သုဓမ္မာမင်းဆရာတော်တွေက သူတို့ကို မလေးမခန့်ပြုတယ်ဆိုပြီး ရေစကြိုဆရာတော် ဦးဂန္ဓနဲ့ ရွှေကျင်ဆရာတော် ဦးဇာဂရ တို့ကို အောက်ပြည်အောက်ရွာ နှင်ထုတ်ခဲ့ပါတယ်။ သီပေါမင်းလက်ထက်မှာလည်း သုဓမ္မာကို ပမာမခန့်ပြုတဲ့ မိုးကောင်းဆရာတော် ဦးဂန္ဓမာ ဟာ အောက်မြို့ ဟင်္သတကို နှင်ထုတ်ခံခဲ့ရပါတယ်။

အင်္ဂလိပ်စာသင်တာ မိစ္ဆာအယူ
အင်္ဂလိပ်ခေတ်မှာတော့ ဘာသန္တရတိုက်ပွဲတစ်ခု ဘုန်းကြီးတွေကြား ပေါ်ထွက်လာပါတယ်။ ဆရာတော် အရှင် အာဒိစ္စ၀ံသ ပြုစုတဲ့ စာသင်သား ရဟန်းသံဃာများ သာသနာပြုဖို့ အင်္ဂလိပ်စာသင်ကြားရေး ဆိုတဲ့ “ဘာသန္တရ လမ်းညွှန်ကျမ်း’ ကို အကြောင်းပြုပြီး ပြဿနာတက်ခဲ့တာပါ။

အဲဒီခေတ် ဆရာတော်ကြီးအများစုက အရှင် အာဒိစ္စ၀ံသရဲ့ အဆိုပြုချက်ကို မိစ္ဆာအယူဆိုပြီး ခါးခါးသီးသီး ဆန့်ကျင်တိုက်ခိုက်ခဲ့ပါတယ်။ ယနေ့ မြန်မာနိုင်ငံက ရဟန်းသံဃာ အများအပြား တက္ကသိုလ်တွေမှာ အင်္ဂလိပ်စာကို အကြီးအကျယ်လိုက်စားနေကြပေမဲ့၊ အခုထိ ရှင်အာဒိစ္စ၀ံသရဲ့ ‘ဘာသန္တရ လမ်းညွှန်ကျမ်း’ ကို သာသနာရေး ၀န်ကြီးဌာနက ပုံနှိပ်ထုတ်ဝေခွင့် ပိတ်ပင်ထားဆဲပဲ ဖြစ်ပါတယ်။ ရှင်အာဒိစ္စ၀ံသအပေါ် အမှားလုပ်ခဲ့တာကို ၀န်မခံနိုင်သေးလို့ ဖြစ်ပါတယ်။

သာသနာကြီးပွားဖို့ မင်းကိုပဲ အမှီပြုရမလား
အထက်က တင်ပြခဲ့တာဟာ မင်းဆရာတော်တွေနဲ့ ရိုးရိုးကျင့်ကြံနေထိုင်တဲ့ ဆရာတော်တွေရဲ့ ပြဿနာတွေထဲက အထင်ကရဖြစ်ခဲ့တဲ့ ဥပမာ အချို့သာဖြစ်ပြီး၊ ကျေးလက်၊ တောရွာ မြို့နယ်တွေမှာ အာဏာရှိသူနဲ့ နီးစပ်တဲ့ဘုန်းကြီးနဲ့ အာဏာနဲ့မနီးစပ်တဲ့ ဘုန်းကြီးရဟန်ုးတွေကြား  ခေတ်အဆက်ဆက် ပြဿနာ ကြီးကြီးသေးသေးတွေ ရှိနေခဲ့၊ ရှိနေဆဲပဲ ဖြစ်ပါတယ်။

ထေရ၀ါဒသာသနာရဲ့ အရေးပါတဲ့ သင်္ဂါယနာ ခြောက်ကြိမ်တင်တာကိုကြည့်ရင်လည်း အဇာတသတ်မှ ဦးနု အထိ ရဟန်းသံဃာတွေဟာ မင်းတွေကို  အမှီပြုခဲ့ရပါတယ်။ အကျိုးဆက်အဖြစ် အစိုးရ မင်းတွေရဲ့ ဂုဏ်ပြုပူဇော်မှုခံရတဲ့ ဆရာတော်တွေက ဘုန်းကြီးအချင်းချင်းကြားမှာကို ခေါင်းတစ်လုံးပိုပြီး၊ နိဗ္ဗာန်နဲ့ ပိုနီးလေဟန် အထင်ခံရတတ်ပါတယ်။ မင်းတွေနဲ့ အစိုးရတွေကလည်း သာသနာကိုလည်း ချီးမြောက်ရင်း၊ လူထုကြား သူတို့အာဏာတည်မြဲရေးအတွက် ဘာသာရေးကို တစ်ချက်ခုတ်နှစ်ချက်ပြတ် အသုံးချခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ဟာ ယနေ့ မြန်မာအစိုးရနဲ့ သံဃာမဟာနယကအဖွဲ့ (မဟန) အထိ လက်ဝါးရိုက် ဆက်လက် ကျင့်သုံးနေတဲ့ ပုံစံပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိ သံဃာနာယက ဆရာတော်တွေဟာ ဗုဒ္ဓဘုရားရှင်နဲ့ သံဃာထုကို ကိုယ်စားပြုဖို့ထက်၊ အစိုးရရဲ့ အမိန့်ကို လိုက်နာအကောင်အထည်ဖော်ပေးဖို့ အသင့်ရှိနေကြတာ ဖြစ်ပါတယ်။

မဟနအဖွဲ့ကို မဆလခေတ်မှာ ဘယ်လိုရည်ရွယ်ချက်နဲ့ အစိုးရက ဖွဲ့စည်းခဲ့သလဲဆိုတာ တွေးကြည့်ရင် မြင်သာပါတယ်။ မဟနဟာ ဘယ်သူကို ကိုယ်စားပြုပေးနေသလဲဆိုတာ ရွှေဝါရောင်တော်လှန်ရေးမှာ အားလုံး ထင်ထင်ရှားရှား မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ အခုတစ်ခါ ရွှေည၀ါဆရာတော်ကိစ္စမှာလည်း ရုပ်ပျက်ဆင်းပျက် ထပ်မြင်တွေ့ရပါတယ်။
မဟနအဖွဲ့အစည်း နောက်နောင် ဆက်ရှိနေသမျှလည်း မြန်မာနိုင်ငံက သံဃာထုအရေးနဲ့ သာသာနာ့အရေး ဆောင်ရွက်ဖို့ထက်၊ အစိုးရအကျိုးကာကွယ်ဖို့ပဲ လုပ်သွားဖို့ရှိပါတယ်။ အကြောင်းကတော့ သံဃာမဟာနာယက အဖွဲ့ဆိုတာ သာသနာရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ ဌာနတစ်ခု ဖြစ်နေရလို့ပါပဲ။ လွတ်လပ်တဲ့ ဘာသာရေး အဖွဲ့အစည်း မဟုတ်လို့ပါပဲ။

ဘာသာရေးနဲ့ ဒီမိုကရေစီ
အခု စာရေးသူ တင်ပြနေတာက ဗုဒ္ဓဘာသာနဲ့ ဒီမိုကရေစီ ဘယ်လို လက်တွဲသွားနိုင်မလဲဆိုတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လစ်ဘရယ်ဒီမိုကရေစီ ပေါ်ထွန်းဖို့ ထေရ၀ါဒဘာသာရေးက ဘယ်လို ဆက်လက် အကျိုးပြုနိုင်မလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကိုယ်နိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးရေးကို ဆွေးနွေးကြည့်ခြင်းမျှ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ ဒီမိုကရေစီ လက်တွဲသွားနိုင်ဖို့အတွက် အရင်ဆုံး ဒီမိုကရေစီရဲ့ နောက်ကြောင်း နည်းနည်း ပြန်ကြည့်ဖို့လိုအပ်ပါမယ်။

မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေဟာ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကို ကြီးကျယ်ခမ်းနားဂုဏ်မြင့်သူတွေလို့ ထင်ပါစေ၊ အခုမှ စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့ ရုန်းကန်နေရဆဲ ဒီမိုကရေစီကို ကျင့်သုံးဖို့ စမ်းတ၀ါးဝါး သွားနေရဆဲဆိုတာ ငြင်းမရတဲ့ အချက်ဖြစ်ပါတယ်။ ဒီမိုကရေစီမှာ လေးဘက်တွားအဆင့်ပဲ ရှိပါသေးတယ်။ ဒီတော့ လစ်ဘရယ် ဒီမိုကရေစီ ဘိုးအေ အနောက်နိုင်ငံတွေရဲ့ ဖြတ်သန်းမှုကို တစေ့တစောင်း လေ့လာရမှာပဲ ဖြစ်ပါတယ်။ ဘာသာရေးနဲ့ ဒီမိုကရေစီကို သူတို့ ဘယ်လို လက်တွဲသွားခဲ့သလဲဆိုတာ လေ့လာကြည့်ဖို့ လိုပါတယ်။

လစ်ဘာတီအစ ကျောင်းတော်က
ယနေ့ ဒီမိုကရေစီလို့ ပြောနေကြတဲ့အခါ လစ်ဘရယ်ဒီမိုကရေစီစနစ်ကို ပြောတာဖြစ်ပါတယ်။ လစ်ဘရယ်ဆိုတဲ့ တစ်ဦးချင်း လွတ်လပ်ခွင့် (လစ်ဘာတီ) နဲ့ လူအများ ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်ကို နှစ်ခု ပေါင်းစပ်ထားတာကို ပြောကြတာဖြစ်ပါတယ်။

လစ်ဘာတီ မရှိရင် ဒီမိုကရေစီဟာ အာဏာရှင်စနစ်ကိုတောင် ဦးတည်စေပါတယ်။ ဥပမာ၊ ဂျာမဏီက ဟစ်တလာနဲ့ ယူဂိုစလပ်က မီလိုဆဗစ် တို့ဟာ လူထုရဲ့ မဲအပြတ်အသတ် ထောက်ခံမှုနဲ့ တင်မြှောက်ခံခဲ့ရပြီး အာဏာရှင်တွေ ဖြစ်လာသူတွေပါ။

အဲတော့ ဒီမိုကရေစီဖွံ့ဖြိုးဖို့နဲ့ လမ်းမှန်ရောက်ဖို့အတွက် လစ်ဘာတီက ထိန်းကြောင်းပေးပါတယ်။ အနောက်မှာ ဒီမိုကရေစီ မဖြစ်ထွန်းမီ လွတ်လပ်မှုဆိုတဲ့ လစ်ဘာတီက အရင်စလာပါတယ်။ အဲဒီ အနောက်ရဲ့ လစ်ဘာတီကို စတင်ဖြစ်ထွန်းစေရာမှာ ခရစ်ယာန်ကျောင်းတွေရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။ တစ်နည်းပြောရရင် အနောက်နိုင်ငံတွေရဲ့ လစ်ဘရယ်ဒီမိုကရေစီမှာ ကျောင်းတော်နဲ့ နိုင်ငံတော် စည်းခြားမှု (Separation of Church and State) က အလွန် အရေးပါပါတယ်။

ခရစ်ယာန်ကျောင်းတွေနဲ့ ဘုရင်တွေဟာ ခေတ်အဆက်ဆက် အားပြိုင်ပွဲတွေ ရှိခဲ့ကြပါတယ်။ ဘုရင်တွေက ဘာသာရေးကို ချုပ်ကိုင်နိုင်တာထက် ပုပ်ရဟန်းမင်းတွေက ဘုရင်တွေကို ပြန်လည်ချုပ်ကိုင်နိုင်ခဲ့ပါတယ်။ အဲဒီလို ကျောင်းတော်နဲ့ နိုင်ငံတော် အားပြိုင်မှုတွေကနေ အကျိုးထွက်တာက လူသားတွေရဲ့ လွတ်မြောက်မှုပါပဲ။ အုပ်ချုပ်သူတွေက လူထုကို ဖိနှိပ်ဖို့လုပ်တဲ့အခါတိုင်း ခရစ်ယာန်ကျောင်းတွေတွေ အကာကွယ်ပေးပါတယ်။

ဒီဖြစ်ရပ်ကို နောက်ဆုံး နိုင်ငံလေးဆယ်ကျော် ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့တဲ့ တတိယလှိုင်းဖြစ်စဉ်မှာလည်း (၁၉၇၄ ခုနှစ်ကနေ ၁၉၉၀ ပြည့်နှစ်တွေအထိ) တွေ့ရပါတယ်။ ပိုလန်၊ ချက်ကိုစလိုဗက်ကီးယား စတဲ့ အရှေ့ဥရောပနိုင်ငံတွေနဲ့ လာတင်အမေရိက တိုင်းပြည်တွေကို သွားတဲ့ ပုပ်ရဟန်းမင်း ဂျွန်ပေါရဲ့ ခရီးစဉ်တွေဟာ အာဏာရှင်တွေနဲ့ ထိပ်တိုက်တိုးပြီး ကတ္တီပါတော်လှန်ရေးတွေ ဖြစ်ထွန်းစေခဲ့ပါတယ်။

ဒီနေရာမှာ ခရစ်ယာန်ဘာသာကောင်းတယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ၁၆ ရာစု၊ ၁၇ ရာစုလောက်က ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေဆို အတွေးအခေါ်သစ်ရှိသူတွေကို ပိတ်ပင် ကားစင်တင် မီးရှို့ လုပ်ခဲ့ကြတာပါပဲ။

ဒါပေမဲ့ ခရစ်ယာန် ကျောင်းတော်တွေက နိုင်ငံတော်ရဲ့ အာဏာကို အမြဲဆန့်ကျင့်ပေးထားတတ်ပါတယ်။ အဲဒီလို ဘုရင်တွေရဲ့ အာဏာကို ကန့်သတ်ထားမှုကနေ နိုင်ငံသားတွေအတွက် မွေးခြင်း သေခြင်း၊ အိမ်ထောင်ပြုခြင်း လွတ်လပ်စွာ စီးပွားရှာခြင်း စတဲ့ လူမှုအကာအကွယ်တွေ ပေးလာနိုင်ခဲ့ပါတယ်။ တစ်ဦးချင်း အခွင့်အရေးတွေ တိုးတက်လာစေခဲ့ပါတယ်။

ကျောင်းတော်နဲ့ နိုင်ငံတော် ခွဲခြားဖို့ ဦးဗုဓ်ပြော
အခု ပြောနေတာ ဘယ်ဘာသာက ဘယ်ဘာသာထက် ပိုကောင်းတယ်ဆိုတဲ့ ဘာသာရေး အငြင်းပွားတဲ့ကိစ္စ မဟုတ်ပါဘူး။ ဘာသာရေးက လူ့အဖွဲ့အစည်းအတွင်း လစ်ဘရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဘယ်လို အကျိုးပြုနိုင်သလဲဆိုတာ တင်ပြနေခြင်း ဖြစ်ပါတယ်။
အနောက်ဒီမိုကရေစီရဲ့ကျောင်းတော်နဲ့ နိုင်ငံတော် ခွဲခြားမှု (Separation of Church and State) ဖြစ်စဉ်မျိုး မြန်မာနိုင်ငံမှာ ဖြစ်သင့်ပြီဆိုတာ တင်ပြနေခြင်း ဖြစ်ပါတယ်။
လက်ရှိ သံဃာမဟာနယကအဖွဲ့ဟာ နိုင်ငံတော်အစိုးရရဲ့ အောက်ကနေ ရုန်းထွက်ပြီး သီးခြားလွတ်လပ်တဲ့ ဘာသာရေးအဖွဲ့အစည်းအဖြစ် ရပ်တည်သင့်ပါတယ်။ ဒီလို ခွဲခြားရပ်တည်တာဟာ ရဟန်းသံဃာတွေ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ အစိုးရက အစိုးအာဏာလုပ်ငန်းသတ်သတ်၊ ရဟန်းတွေက ကိုယ့်ဘာသာရေးလုပ်ငန်း သတ်သတ် စည်းခြားလိုက်ကိုင်ကြခြင်းသာဖြစ်ပါတယ်။
အဲဒီလို ခွဲထွက်နိုင်မှုကသာ ဗုဒ္ဓသာသနာကို  လွတ်လပ်မှု အပြည့်နဲ့ ပိုမိုတိုးတက်လာစေပြီး၊ လူထုအတွက်အတွက်လည်း လွတ်လပ်မှုနဲ့ အကာအကွယ်တွေ ပိုမို ပေးနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံ လစ်ဘရယ်ဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူ ပြုပေးနိုင်ပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ ကျောင်းတော်နဲ့ နိုင်ငံတော် ခွဲခြားမှုဆန်ဆန် ပြောခဲ့တဲ့ ဆရာတော်တစ်ပါးကတော့ သာသနာ့ အာဇာနည် ညောင်ကန်ဆရာတော် ဦးဗုဓ် ဖြစ်ပါတယ်။ ဆရာတော်ဦးဗုဓ် ဟာ ပရိယတ္တိကိစ္စပြီးနေသူဖြစ်သလို၊ မင်းဧကရာဇ်ကိုတောင်မှ လုံးဝ ဂရုမစိုက်တဲ့ ရဟန်းဖြစ်ပါတယ်။
ရွှေဘိုမင်းက ဩ၀ဒါပေးဖို့ လျှောက်တဲ့အခါ၊ ဆရာတော် ဦးဗုဓ်က "မင်းက မင်းအလုပ် မင်းလုပ်ရင် ငါတို့ ဩ၀ါဒပေးစရာမလို၊ မင်းက မင်းအကျင့်မကျင့်ရင်လည်း ဒါဟာ ငါတို့ ကိစ္စမဟုတ်၊ အ၀ီစိ ကိစ္စပဲ" ဆိုပြီး ခပ်မာမာ ပြောခဲ့ပါတယ်။ ဆရာတော်ရဲ့ စကားက တိုတောင်းပေမဲ့၊ သာသနာ့အလုပ်နဲ့ မင်းအလုပ် ကိုယ့်အလုပ်ကိုယ် ခွဲလုပ်ကြဖို့ ခပ်ပြတ်ပြတ် ပြောခဲ့တဲ့စကားဖြစ်ပါတယ်။

နိုင်ငံရေးလုပ်နေတာ မဟနအဖွဲ့
တကယ်တော့ ရဟန်းသံဃာတွေဟာ အာဏာနိုင်ငံရေးရဲ့ ခပ်ဝေးဝေးမှာ နေသင့်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်နေတဲ့ သံဃာတွေဟာ ထောင်ထဲက ကိုယ်တော်တွေ မဟုတ်ပါဘူး။ သာသနာရေးဝန်ကြီးဌာန လက်အောက်မှာ ဌာနကြီးတစ်ခုသဖွယ် ရပ်တည်နေတဲ့ သံဃမဟာနာယကအဖွဲ့က ဆရာတော်တွေပဲ ဖြစ်ပါတယ်။

ဒီဆရာတော်ကြီးတွေကသာ အဏာနိုင်ငံရေးနဲ့ နီးစပ်ပြီး အစိုးရကို ကျေးဇူးပြုနေတာ ဖြစ်ပါတယ်။ အစိုးရ ဆက်ကပ်ထားတဲ့ ရှည်လျားတဲ့ ဘွဲ့တံဆိပ်တော်တွေ၊ ဇိမ်ခံကားသစ်တွေနဲ့ လေအေးပေးစက်အောက်မှာနေပြီး မိမိတို့ရဲ့ တပည့်သံဃာတွေကို စောင့်ကြည့်ဖို့ အစိုးရအတွက် အလုပ်လုပ်ပေးနေရတာ ဖြစ်ပါတယ်။ ဘွဲ့ထူး ဂုဏ်ထူးတွေနဲ့ လဘ်လာဘတွေနောက် ရဟန်းတွေလိုက်တာဟာ ဗုဒ္ဓသာသနာ ခြစားမှုကြီး ဖြစ်စေတာပါပဲ။
အပြီးတိုင်ဖျက်ပစ်ရမယ့် ဌာနပို
နောက် တစ်ဆက်ထဲ ပြောလိုတာက သာသနာရေးဝန်ကြီးဌာန ဖြစ်ပါတယ်။ သာသနာရေးဝန်ကြီးဌာနဆိုတာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ မထားရှိတဲ့ ဌာနဖြစ်ပါတယ်။ အီရန်နဲ့ ဆော်ဒီတို့လို နိုင်ငံတွေမှာတော့ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဌာန်းပြီး အစိုးရက လူထုကို ဘာသာရေးအကြောင်းပြနှိပ်ကွပ်ဖို့ ထားရှိတဲ့ ဌာနမျိုးဖြစ်ပါတယ်။

သာသနာရေးဝန်ကြီးဌာနကို သာမန်အားဖြင့် သာသနာကို ချီးမြှောက်တဲ့ အဖွဲ့လို့ ဗုဒ္ဓဘာသာဝင်တွေက မြင်တတ်ပါတယ်။ အမှန်တော့ ဘာသာရေးကို အာဏာနဲ့ ရောထွေးစေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မဟန ဆရာတော်ကြီးတွေကို အာဏာနဲ့ ပတ်သက်စေပြီး သာသနာကိုပျက်စီးစေတဲ့ ဌာနကြီးဖြစ်ပါတယ်။ ဘာသာရေး သာသနာရေးဟာ လွတ်လပ်တဲ့ အင်စတီကျူးရှင်းပုံစံဖြစ်နေဖို့ လိုအပ်ပါတယ်။

ဒါကြောင့် အနာဂတ် ဗုဒ္ဓသာသနာ သန့်ရှင်းရေးတည်တံ့ရေးအတွက် လွတ်လပ်တဲ့ သံဃာ့အဖွဲ့အစည်းပုံစံသစ် မြန်မာနိုင်ငံမှာ ရှိဖို့လိုအပ်နေပါပြီ။ နိုင်ငံတော်အောက်ကနေ ရုန်းထွက်ပြီး လွတ်လပ်တဲ့ မဟနအဖွဲ့အသစ် ပေါ်ထွန်းဖို့နဲ့ သာသနာရေးဝန်ကြီးဌာန ဖျက်သီမ်းဖို့ လိုအပ်နေပါပြီ။ ဒီလိုဖြစ်ဖို့ကိုလည်း ရဟန်းသံဃာတိုင်း ဗုဒ္ဓဘာသာဝင်တိုင်းက တာဝန်တစ်ရပ်အဖြစ် ၀ိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဗုဒ္ဓဘာသာဟာ ပင်ကိုယ်အားဖြင့် လွတ်လပ်မှုအပြည့်ရှိတဲ့ ဘာသာရေးဖြစ်ပါတယ်။ အာဏာနိုင်ငံရေး ကင်းရှင်းတဲ့ ဘာသာရေး ဖြစ်ပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာ သာ အပြည့်အ၀ လွတ်လပ်မှု ရှိလာခဲ့ရင် တိုင်းပြည်ရဲ့ ယိုယွင်းခြစားနေတဲ့ စာရိတ္တမဏ္ဍိုင် ပြည်လည်တည့်မတ်ဖို့ ဦးဆောင်လမ်းပြနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ လျှောက်လှမ်းနေတဲ့ လစ်ဘရယ်ဒီမိုကရေစီလမ်းကို ကူညီပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ အခြားဘာသာဝင်တွေနဲ့အတူ ငြိမ်းချမ်းပျော်ရွှင်စွာ လက်တွဲနေထိုင်နိုင်မှာ ဖြစ်ပါတယ်။

ဝင့်ထန်း (မောက္ခ)
 

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို တဦးတည်းကူညီမည့် ဂျော့ဆိုရော့စ် မြန်မာပြည်လာမည်

သူကြွယ်တစ်ဦးဖြစ်သူ ဂျော့ဆိုရော့စ်
ရုပ်ရှင်လုပ်ငန်းဆိုင်ရာ ပညာရပ်များ လေ့လာရန် ဒါရိုက်တာ လူရွှင်တော် ဦးဇာဂနာဦးဆောင်သည့် အဖွဲ့ဝင်များသည် ပြည်ပနိုင်ငံများသို့ ၁၆-၁၂-၂၀၁၁ ရက်တွင် လေ့လာရေး ခရီးစတင်ထွက်ခွာသွားကြောင်း သိရသည်။ အဆိုပါလေ့လာရေးခရီးတွင် ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်၍ ရုပ်ရှင်စတူဒီယိုများ ရုပ်သံသတင်းဌာနများအား လေ့လာမည်ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာများနှင့်လည်း တွေ့ဆုံဆွေးနွေးမေးမြန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"အဓိကကတော့ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် အတွက်သွားတာပါ။ ဒီလိုသွားရင်း ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိရိုက်ကူးရန် အတွက်ပါ ရုပ်ရှင်စတူဒီယိုတွေနဲ့ ပတ်သက်တာတွေ လေ့လာသွားမှာပါ။ ကမ္ဘောဒီးယားမှာ မှတ်တမ်းရုပ်ရှင်ဇာတ်ကား ဘယ်လိုရိုက်လဲဆိုတာ သင်တန်းပို့ချတဲ့ Metal Film School ရှိတယ်၊ အဲဒီကို သွားလေ့လာမယ်။ မြန်မာပြည်ကိုလာဖို့လဲ ဖိတ်ခေါ်မယ်" ဟု ဦးဇာဂနာက ပြောသည်။

ထို့ပြင် ရုပ်ရှင်သင်တန်းပို့ချမှုနှင့် ပတ်သက်၍ အမေရိက၊ ပြင်သစ်၊ ဂျာမနီရှိ ပညာရှင်များမှာ ဒီဇင်ဘာလကုန်မှစ၍ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်၍ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မည့် လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်အား ၂၀၁၂ ဇန်နဝါရီလ ၂ ရက်မှ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသူများအား New York Film Institute တွင် သုံးလကြာ ရုပ်ရှင်သင်တန်းတက်ရောက်ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိဇာတ်လမ်းရိုက်ကူးရန် ပြည်တွင်းရှိ အကြီးအကဲများနှင့် အတ္တုပ္ပတ္တိဇာတ်လမ်းရိုက်ကူးရန် ပြည်တွင်းရှိ အကြီးအကဲများနှင့် အနုပညာရှင်များ၏ ဝိုင်းဝန်းကူညီမှုများ အပါအဝင် ပြည်ပနိုင်ငံရှိ ဟန်ဂေရီဖွား ဂျူးလူမျိုးအမေရိကန် ရင်းနှီးမြှုပ်နှံသူ သူကြွယ်တစ်ဦးဖြစ်သည့် ဂျော့ဆိုရော့စ်က ဗိုလ်ချုပ်ဇာတ်လမ်းအတွက် တစ်ဦးတည်း ငွေကြေးထောက်ပံ့ရန် ဒီဇင်ဘာနောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း  ပြည်မြန်မာသတင်းဂျာနယ် မှာ ဖော်ပြထားသည်။
By: သစ်ထူးလွင်

မဟုတ်တရုတ်တွေ တရားဥပဒေနှင့် မညီညွတ်ပါက ခွင့်လွှတ်ပေးမည်မဟုတ်

မြန်မာ-တရုတ် ဓါတ်ငွေပိုက်လိုင်းသွယ်တန်းနေတဲ့ တရုတ်များ (ဓါတ်ပုံ-googleimages)
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမျိုးစုံပြုလုပ်လျက်ရှိသော တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် တရားဥပေဒနှင့် မညီညွတ်သော ကိစ္စမျိုးလုပ်ဆောင်လာမည်ဆိုပါက တရုတ်အစိုးရ အနေဖြင့် နားလည်ခွင့်လွှတ်ပေးမည်မဟုတ်ဘဲ မြန်မာနိုင်ငံဘက်မှ တင်ပြလာသည့် အတိုင်းအရေးယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံတကာဆက်ဆံရေးဌာနမှ ၁၃-၁၂-၂၀၁၁ ရက်က သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ကျင်းပသော တရုတ်မြန်မာစီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်ကာ တရုတ်လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ၏ ဥပဒေစည်းမျဉ်း၊ ဓလေ့ရိုးရာများကို လိုက်နာလုပ်ဆောင်သင့်ကြောင်း ၎င်းဖိုရမ်တွင် အကြံပြုပြောကြားခြင်းများ ရှိခဲ့သည်။ "မြန်မာအစိုးရဘက်ကနေ တင်ပြလာလျှင် တရုတ်နိုင်ငံအစိုးရအနေနဲ့ ဝင်ရောက်ဖြေရှင်းပေးသွားမှာဖြစ်ပါတယ်။ တရားဥပဒေနဲ့ မညီညွတ်ရင် နားလည်ခွင့်လွှတ်ပေးမှာမဟုတ်ပါဘူး။ ပြစ်ဒဏ်ပေးတာအပြင် မြန်မာနိုင်ငံမှာ ဘယ်တော့မှ ရင်းနှီးမြှုပ်နှံခွင့်မပေးတော့တာတွေ လုပ်ပစ်ရပါမယ်" ဟု ယင်းဌာနမှ ပါမောက္ခမစ္စတာလီချန်ယောင်းက ပြောကြားသည်။ (၈-၁၂-၂၀၁၁ ရက်၌ တရုတ်နိုင်ငံ ရွှေလီမြို့၌ ကျင်းပသော တရုတ်-မြန်မာ စီးပွားရေးဖိုရမ်မှ)
ပြည်မြန်မာသတင်းဂျာနယ်

ကိုယ့်ကိုယ်ကို သတ်သေမှု တားဆီးနိုင်မည့် စနစ်တစ်မျိုး Facebook လွှတ်တင်



လွန်ခဲ့သည့် အင်္ဂါနေ့က လူမှုရေး ကွန်ရက်ဝက်ဆိုက်ဖြစ်သော Facebook မှာ ၎င်း၏ အဖွဲ့ဝင်များအကြားတွင် ကိုယ့်ကိုယ်ကို သတ်သေစေမည့် လုပ်ရပ်များကို တားဆီးနိုင်စေမည့် လုပ်ဆောင်ချက် အသစ်တစ်ရပ်ကို လွှတ်တင်နိုင်ခဲ့ကြောင်း သိသည်။ အဆိုပါစနစ်သစ်အရ ယင်းဆိုက်တွင် ဝင်ရောက်နေသည့် မည်သူမဆို အဆိုပါကဲ့သို့သော ဖြစ်ရပ်များ ဖြစ်စေနိုင်သည့် အရေးအသား ပုံစံမျိုးပေါ်ပေါက်လာပါက Facebook မှယင်းပုဂ္ဂိုလ်အား email ပေးပို့ပြီး သီးသန့်ဆွေးနွေးခန်း သဘောမျိုး ပြောဆိုနိုင်မည့် နှစ်သိမ့်ဆွေးနွေးသူနှင့် တိုက်ရိုက် ပြောကြားစေ မည်ဖြစ်ကာ ကယ်တင်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ အလားတူပင် ယင်းဖြစ်ရပ်ကို အသိပေးသူရှိပါက ယင်းလူ၏ အမည်ကို လျှို့ဝှက်ထားမည် ဖြစ်ကြောင်းလည်း သိရသည်။
source : reuters
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်