ရုပ်၏အာဟာရသည် ရုပ်ဝတ္ထုများဖြစ်ကြသော စားသောက်ဖွယ်ရာ အသား၊ ငါး၊
အသီးအနှံ၊ ဟင်းသီး ဟင်းရွက်ဟင်းလျာများဖြစ်သကဲ့သို့ စိတ်၏အာဟာရမှာ
သတင်းဖြစ်သည်။ လူ့သဘာဝဖြစ်သည့် မြင်ချင်၊ ကြားချင်၊ သိချင်သည့်
အာရုံခံစားမှုများသည် စိတ်၏ အာဟာရဖြစ်သည်။ ယင်းခံစားမှုများကို
သတင်းများမှတစ်ဆင့် ရယူကြရ၏။ လူနှင့် သတင်း သည် အစဉ်တွဲလျက်ရှိသည်။
လူ့အဖွဲ့အစည်း၊ လူတို့နေထိုင်ရာ ပတ်ဝန်းကျင်ရေမြေ တောတောင်ကမ္ဘာကြီးသည်
သတင်းများပင်ဖြစ်သည်။ စင်စစ်မိမိတို့နှင့်တကွ မိမိတို့နေထိုင်ရာ
ကမ္ဘာကြီးသည် သဘာဝအလျောက် ဖြစ်ထွန်းနေသော စားသုံး၍မကုန်ခန်းနိုင်သည့်
သတင်းရတနာသိုက်ကြီးဖြစ်သည်ဟုဆိုက လွန်မည်မဟုတ်ပါ။
လူတစ်ဦးချင်းစီ၏
ကောင်းသော ဆောင်ရွက်ချက်များ မကောင်းသောပြုမူဆောင်ရွက်ချက်များသည် ထိုသူ၏
ကောင်းသတင်း၊ မကောင်းသတင်းများ ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ရပ်နှင့်
တိုင်းပြည်တစ်ပြည်သည်လည်း ထိုနည်းပင်ဖြစ်ပါသည်။ စိမ်းလန်းစိုပြည်သာယာလှပသော
သဘာဝပတ်ဝန်းကျင်များသည် မိမိတို့စိတ်ကို ရွှင်လန်းချမ်းမြေ့စေသော်လည်း
တစ်ခါတစ်ရံ ဖောက်ပြန်လာသော သဘာဝမှပေးသည့် မီး၊ ရေ၊ လေ၊ ငလျင်
ကပ်ဆိုးကြီးများသည် စိတ်နှလုံးကို ညှိုးနွမ်းစေပါသည်။ သည့်အပြင်
မူလရှိရင်းစွဲ သတင်းအဖြစ်အပျက်အမှန်များ ရှိသကဲ့သို့ လူတို့ဖန်တီးသော
သတင်းအတုအယောင်များလည်း ရှိသည်။ ဖြစ်စဉ်ဖြစ်ရပ်တစ်ခုအား
အမှန်ဖြစ်နေသည့်အတိုင်း ဆန္ဒစွဲမပါဘဲ ရှာဖွေစုဆောင်း စိစစ်တင်ပြခြင်းနှင့်
အချိန်မီဖြန့်ဝေခြင်းသည် လွတ်လပ်သော သတင်းဖြစ်စဉ် ဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့်
မိမိဆန္ဒစွဲဖြင့် တင်ပြခြင်း၊ ဖြန့်ဝေခြင်းတို့သည်သတင်းမဟုတ်ဘဲ အတင်းအ
ဖျင်းကောလာဟလ၀ါဒီဖြန့်ချိရေးသက် သက်သာဖြစ်သည်။ မိမိဆန္ဒစွဲဖြင့်
တင်ပြဖြန့်ချိသော သတင်းများသည် တင်းကျပ်သော စည်းမျဉ်းဥပဒေဘောင်များဖြင့်
လိုရာဆွဲ၍ ပုံသွင်းထားသည့် ပုံစံခွက်ကြီးများဖြစ်သည်။
မှန်ကန်သည့်သတင်းဖြစ်စဉ်တွင် လွတ်လပ်မှုရှိ၏၊ အနှောင်အဖွဲ့ကင်း၏၊
ယုံကြည်စိတ်ချအားကိုးမှု ရှိ၏။ မည်သည့်သြဇာလွှမ်းမိုးမှု မရှိချေ။
သတင်းလက်ခံရယူသူများ၊ သတင်းစားသုံးသူများအတွက် မိမိယုံကြည်ရာ
ရွေးချယ်ခွင့်၊ ဆုံးဖြတ်ခွင့်ရှိသည်။ သတင်း၏ အသက်သွေးကြောသည်
လွတ်လပ်မှုဖြစ်သည်။ သတင်းလောကတွင် အမြဲရင်ဆိုင်နေရသော
ဆန့်ကျင်ဘက်အရာများဖြစ်သည်။ ဆန့်ကျင်ဘက်တရားများမှတစ်ဆင့်
ဒုတိယကမ္ဘာစစ်ကြီးနှင့် စစ်အေးကာလတွင် သတင်းမီဒီယာအုပ်စုကြီးနှစ်ခု
ကွဲပြားလျက်ရှိသည်။ လွတ်လပ် သောကမ္ဘာဟုခေါ်သည့် ကမ္ဘာအနောက်ခြမ်းနှင့်
သံဆန်ခါအုတ်တံတိုင်းကြီးများ၏နောက်ကွယ်မှ အရှေ့ကမ္ဘာ၏
သတင်းမီဒီယာအုပ်စုကြီးများဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းစစ်ဝါဒီဖက် ဆစ်အာဏာရှင်များသည် သတင်းကို
မိမိလိုရာဖန်တီးပြီး ၀ါဒဖြန့်ချိရေး လက်နက်သဖွယ်အသုံးချကြသည်။ ဂိုး
အားရင်းဂိုးဘယ်တို့သည်ထင်ရှားသော ဖက်ဆစ်ဝါဒဖြန့်ချိရေး ပညာရှင်များ
ဖြစ်သည်။ အနောက်ကမ္ဘာတွင် သတင်းလုပ်ငန်းများကို အစိုးရက
ဝင်ရောက်စွက်ဖက်မှုမပြုဘဲ ပုဂ္ဂလိကများအား လုပ်ကိုင်ခွင့်ပြုထားသဖြင့်
ပိုမို၍ သတင်းလွတ်လပ်မှုရှိသည်။ အရှေ့ကမ္ဘာတွင်မူ သတင်း
လုပ်ငန်းကြီးတစ်ရပ်လုံးအား အစိုးရမှ တိုက်ရိုက်ကွပ်ကဲ ချုပ်ကိုင်ထားရှိသည်။
ဒုတိယ ကမ္ဘာစစ်ကြီးနှင့် စစ်အေးကာလသည် သတင်းလောကအတွက် သဘောတရား
(Ideological Warfare) နှင့် ၀ါဒဖြန့်ချိရေး (Propagenda Warfare)
သတင်းစစ်ပွဲကာလဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဆန်းသစ်တီထွင်လာသော
ခေတ်မီကိရိယာများ နည်းပညာများ သတင်းလောကနှင့် ချိတ်ဆက်မိလာသည့်
အနောက်ကမ္ဘာမီဒီယာ လုပ်ငန်းသည် ပိုမိုပွင့်လင်းထင်သာမြင်သာ
လွတ်လပ်မှုရှိလာပါသည်။ လူတိုင်းပြောနိုင်ဆိုနိုင် လွတ်လပ်စွာ
ရေးသားနိုင်ခွင့်များရှိလာကြပြီး အုပ်စိုးသူအစိုးရအဖွဲ့အစည်းများကို
ရဲဝံ့စွာပြန်လည် ဝေဖန်အကြံပြုကြသည်။ သက်ဆိုင်ရာအုပ်စိုးသူ
တာဝန်ရှိသူများမှလည်း ပြည်သူ့အသံ ဆန္ဒသဘောထားတို့ကို လျစ်လျူရှုခြင်းမပြုဘဲ
အလေးထား၍ ဆောင်ရွက်ကြသည်။ သာဓကအနေဖြင့် ဗီယက်နမ်စစ်ပွဲကာလအတွင်း
အမေရိကန်နစ်ကဆင် အစိုးရလက်ထက်တွင် ကမ္ဘာကျော်ဝါးတားဂိတ်အမှုကြီး
ဖြစ်ပေါ်လာသည်။ အစိုးရနှင့်သတင်းစာတို့၏ တရားရုံးတွင်
ရင်ဆိုင်ဖြေရှင်းခဲ့သည့်ကမ္ဘာကျော် အမှုတွဲကြီးဖြစ်သည်။
အမေရိကန်ဗဟိုတရားရုံးချုပ်မှ အမှန်တရားကို ဖော်ပြရေးသားသော
နယူးယော့တိုင်းမ်သတင်းစာကြီးကို အနိုင်ပေးခဲ့သည်။ နစ်ကဆင်အစိုးရကလည်း
ဂုဏ်သိက္ခာ အကြီးအကျယ်ကျဆင်းခဲ့သည်။ ထိုနိုင်ငံ၏ တရားမျှတလွတ်လပ်သော
တရားစီရင်ရေးစနစ်သည် အမှန်ပင် ဂုဏ်ယူဖွယ်ဖြစ်ပါသည်။ ၀ါးတားဂိတ်စီရင်ထုံးမှာ
လွတ်လပ်သော သတင်းလောကကြီးအောင်ပွဲနှင့် သမိုင်းမှတ်တိုင်ဖြစ်သည်။
တစ်ကမ္ဘာလုံး သတင်းအပေါ် မှီခိုအားထားရမှုနှင့် ယုံကြည်စိတ်ချရမှုများ
တိုးပွားလာသည်။
ဈေးကွက်စီးပွားရေးနှင့် ဟန်ချက်ညီနေသော လွတ်လပ်ပွင့်လင်းသည့်
အရှိန်အဟုန်ပြင်းထန်သော သတင်းလှိုင်းလုံးကြီးများ ရေစီးကြောင်းများကို
ဟန့်တားပိတ်ဆို့ ကာကွယ်ခြင်းမပြုနိုင်သော ကမ္ဘာကျော် ဘာလင်တံတိုင်းကြီးနှင့်
ထူထဲသိပ်သည်းသော သံဆန်ခါများမျော ပါ ပြိုကျပျက်စီးခဲ့ရပြီးနောက်
သဘောတရားစစ်ပွဲစစ်အေးကာလကြီးလည်း နိဂုံးချုပ်ခဲ့သည်။
နှစ်ထောင်ပြည့်နှစ်အလွန် စက်မှုဖွံ့ဖြိုးပြီး ကော်ပိုရိတ်ကြီးများ
ကောပရေးရှင်းကြီးများ၏နေရာတွင် အံ့မခန်းဆန်းပြားသော ခေတ်သစ်နည်းပညာများ
တစ်ဟုန်ထိုး အစားထိုးဝင်ရောက်လာသည်။ နည်းပညာသစ်များနှင့် သတင်းလောကတို့
ပေါင်းစပ်ထား သည့် ယနေ့အချိန်ခါကို သတင်းနှင့်နည်းပညာခေတ် (Information and
Technology) အိုင်တီခေတ်ဟု ခေါ်ဝေါ်နေကြပေပြီ။ ဖေ့ဘွတ်၊ တွစ်တာ၊ ဘလော့ကာ၊
ဝက်ဘ်ဆိုက်၊ အင်တာနက်၊ ကွန်ပျူတာ၊ မိုဘိုင်း၊ ဂြိုဟ်တု စလောင်းအစရှိသော
နည်းပညာများ ဖြင့် လူတစ်ဦးချင်း ပုဂ္ဂလိကအခွင့်အရေးများနှင့် လွတ်လပ်ခွင့်
(Individual rights and Freedom) ပိုမိုရရှိလာကြသဖြင့် သတင်းဖလှယ်မှု
ဖြန့်ချိမှုများ စက္ကန့်မိနစ်မခြား အဆက်မပြတ် လျင်မြန်စွာပျံ့နှံ့လာသည်။
မည်သည့်အခါမျှ စိတ်ကူး၍မရသော အ လွန်ကြီးမားကျယ်ပြောသည့် ကမ္ဘာကြီးအား
ရွာကြီးတစ်ရွာအဖြစ် ပြောင်းလဲဖန်တီးပေး ခဲ့သည်မှာ အိုင်တီဟုခေါ်သော
သတင်းနှင့်နည်းပညာ ဖြစ်သည်။ မိမိအိမ်မှနေ၍ အင်တာနက်မှတစ်ဆင့်
ဈေးရောင်းဈေးဝယ် ပြုလုပ်နိုင်ခြင်း၊ မိမိအလိုရှိရာ နှစ်သက်ရာ
ကမ္ဘာအနှံ့အပြားမှ တေးဂီတ၊ ရုပ်ရှင်၊ ဗီဒီယို အားကစားပွဲများကို
ကြည့်ရှုခံစားနိုင်ခြင်း၊ အစည်းအဝေးများသို့ ကိုယ်တိုင်မတက်ရောက်ဘဲ
ဗီဒီယိုမှတ်တမ်းခွေများ ပေးပို့နိုင်ခြင်း၊ ယုတ်စွအဆုံး
အိမ်ထောင်ဖက်များကို ရှာဖွေရွေးချယ်နိုင်ခြင်းများကို သတင်းနှင့်နည်းပညာက
ဆောင်ကြဉ်း ပေးနေပြီဖြစ်သည်။ ကမ္ဘာအရပ်ရပ်မှ သတင်း(Meassage) များကို
မိမိကိုယ်တိုင် လက်ခံနိုင်သကဲ့သို့ ဖြန့်ချိမှုလည်း ပြုလုပ်နိုင်သည်။
လူတိုင်းပါဝင်နေသော လူထုမီဒီယာ သတင်းလောကကြီးတွင် မိမိတို့ကိုယ်တိုင်
အလိုအလျောက်ပါဝင်နေသော သတင်းသမားများ ဖြစ်နေကြသည်။ နိုင်ငံအသီးသီးတွင်
စီလီကွန်တောင်ကြားများ အိုင်စီတီသတင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများကို
အပြိုင်အဆိုင် တိုးချဲ့တည်ဆောက်ကြသည်မှာ အားကျဖွယ်ဖြစ်သည်။ သတင်းလောကသည်
ရပ်တန့်မနေဘဲ အရှိန်အဟုန်ပြင်းစွာဖြင့် လွတ်လပ်စွာ ဆက်လက်စီးဆင်းလျက်
ရှိပါသည်။
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့သည် လွှတ်တော်အတွင်းစည်းမှ
မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သကဲ့သို့ ပြည်သူ့အသံဆိုသည်မှာ လည်း
လွှတ်တော်အပြင်စည်းမှ စတုတ္ထမဏ္ဍိုင်ကြီးဖြစ်သည်။ မြစ်ဆုံစီမံကိန်း
ရပ်ဆိုင်းခြင်းဆုံးဖြတ်ချက်သည် ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့အသံတို့
ပေါင်းစည်းမှု မဏ္ဍိုင်ကြီးလေးရပ်၏ အောင်ပွဲရလဒ်ဖြစ်သည် . . .
|
မကြာမီကဖြစ်ပွားခဲ့သော အာရပ်နွေဦး ပြည်သူအုံကြွမှုကြီးတွင်
တိုင်းပြည်အာဏာနှင့်လုပ်ပိုင်ခွင့်ကို အမွေရထားသောပစ္စည်းကဲ့သို့
သဘောထားပြီးနှစ်ပေါင်းများစွာအုပ်စိုးခဲ့ကြသည့် အာရပ်အာဏာရှင်များသည်
လွတ်လပ်စွာစီးဆင်းလာသော သတင်းရေစီး ကြောင်းအား နည်းအမျိုးမျိုးဖြင့်
ဟန့်တားပိတ်ဆို့ရန် ကြိုးပမ်းခဲ့ကြသော်လည်း ပိုမိုပြင်းထန်သော
သတင်းရေစီးကြောင်းတွင် မျောပါသေကျေပျက်စီးဆုံးရှုံးပြီးနောက်
ပိုမိုပွင့်လင်းလွတ်လပ်သည့် ခေတ်သစ်သို့ စတင်ချီတက်နေကြပြီဖြစ်သည်။
ဘာလင်တံတိုင်း ကြီးပြိုကျပြီးနောက် ဒုတိယအကြိမ် ဖြစ်ပေါ်လာသော
ဖြစ်စဉ်ဖြစ်သည်။
ဤသည်ပင်လျှင် ယနေ့ မိမိတို့ မျက်မြင်ကိုယ်တွေ့
ခံစားသိရှိနေရသော ဖုံးကွယ်ပိတ်ဆို့ဟန့်တား၍မရသော
လွတ်လပ်ညင်သာစွာစီးဆင်းနေသည့် သတင်းနှင့်နည်းပညာ၏
မြင်ကွင်းဖြစ်ပါသည်။သတင်းဖြစ်စဉ်တွင် ပါဝင်သည့် စာနယ်ဇင်းသတင်းလောကကို
လေ့လာနိုင်ပါသည်။ သတင်းရှာဖွေစုဆောင်းခြင်း မှန်ကန်အောင်စိစစ်တင်ပြခြင်း
အချိန်မီဖြန့်ချိခြင်းတို့သည် တရားဝင်ဖြစ်ပေါ်လာသည့်
သတင်းလမ်းကြောင်းဖြစ်သည်။ စာစီစာရိုက်၊ ကာလာသွင်း၊ ဓာတ်ပုံဒီဇိုင်း၊
ခေါင်းကြီးပိုင်း အရေးအသား အပြင်အဆင်အထားအသိုတို့မှာ သတင်း၏ အတတ်ပညာပိုင်း
ဆိုင်ရာဖြစ်သည်။ သတင်းစားသုံးသူများအား ဆွဲဆောင်သည့်အတတ်ပညာ ဟူ၍လည်း
ခေါ်နိုင်ပါသည်။ ဈေးကွက်စီးပွားရေးနှင့် ချိန်ဆက်ထားသော မြူးမြူးကြွကြွ
အလှအပများနှင့် တန်ဆာဆင်ထားသည့် ကြော်ငြာမီဒီယာလုပ်ငန်းကြီးများကလည်း သတင်း
လောကကို ပိုမိုဝေဆာမြိုင်ဆိုင်စေ ပါသည်။ တစ်ဖက်တွင်စစ်ပွဲကြီးများ၊
လူထုအုံကြွမှုများ၊ အဓိကရုဏ်းကြီးများကြားတွင် ဗွေဆော်ဦးသတင်းရ ယူရှာဖွေရသော
သတင်းသမား၊ သတင်းထောက်သမားအများအပြား အသက်ပေးစွန့်၍ ဆောင်ရွက်ကြရသည်။ အ
သက်ပေးဆောင်ရွက်ရသော လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ အကြမ်းအနုစုံသော
သတင်းလောကဖြစ်သည်။
ရွေးကောက်ပွဲများကျင်းပပြီး ရွေးကောက်ခံ ကိုယ်စားလှယ်များ
ပါဝင်ဖွဲ့စည်းထားသည့် လွှတ်တော်များ ပေါ်ပေါက်လာပြီဖြစ်၍ ကိုယ်စားလှယ်များသည်
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်တွင်
ပါဝင်ဆွေးနွေး အကြံပြုညှိနှိုင်းကြသည်။ ဒီမိုကရေစီ ကျင့်စဉ်ကျင့်ဝတ်နှင့်အညီ
အများ၏ဆုံးဖြတ်ချက်ကို အနည်းစုက လိုက်နာကြရပြီး သက်ဆိုင်ရာကဏ္ဍအသီးသီးတွင်
လက်တွေ့လုပ်ကိုင်နိုင်ရန် ဥပဒေများ သတ်မှတ် ပြဋ္ဌာန်းကြသည်။ အများစုကလည်း
ကျန်အနည်းစုအပေါ်တွင် လေးစားမှုရှိရမည်။ မိမိတို့ ပြဋ္ဌာန်းထားသော
ပေါ်လစီမူဝါဒများကို သတင်းစာ၊ ရေဒီယို၊ တီဗီအစရှိသော
သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူများထံ တင်ပြအစီရင်ခံရပါသည်။
အုပ်ချုပ်ရေးအစိုးရ၏ ပေါ်လစီများတွင် အားနည်းအားသာချက်
ပြင်ဆင်ဆောင်ရွက်ရန်ရှိသော အချက်များကို အလွှာအသီးသီးတွင် ပါဝင်သော
ပြည်သူများသည် မိမိတို့၏ သဘောထားအမြင်ကို လွတ်လပ်ပွင့်လင်းစွာ
သတင်းမီဒီယာများမှတစ်ဆင့် ပြန်လည်တင်ပြခွင့်ရှိသည်။ ပြည်သူ့အသံ၊
ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားဖြစ်သည်။ စင်စစ် မီဒီယာဆိုသည်မှာ
လူတစ်ဦးနှင့်တစ်ဦးနေရာ ဒေသတစ်ခုနှင့်တစ်ခု ပြည်သူနှင့် အစိုးရအကြား
ဆက်သွယ်ပေးထားသော ကြားခံပေါင်းကူးတံတား၊ ကြားခံကိရိယာတစ်ခုသာ
ဖြစ်သည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့သည်
လွှတ်တော်အတွင်းစည်းမှ မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သကဲ့သို့
ပြည်သူ့အသံဆိုသည်မှာလည်း လွှတ်တော်အပြင်စည်းမှ စတုတ္ထ မဏ္ဍိုင်ကြီးဖြစ်သည်။
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်းဆုံးဖြတ်ချက်သည် ပြည်သူ့လွှတ်တော်နှင့်
ပြည်သူ့အသံတို့ပေါင်းစည်းမှု မဏ္ဍိုင်ကြီးလေးရပ်၏ အောင်ပွဲရလဒ်ဖြစ်သည်။
တစ်ဆက်တည်း ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ပေါ်လစီများချမှတ်
လုပ်ဆောင်လျက်ရှိသည်။ ဆင်းရဲနွမ်းပါးမှုတွင် အတွေးအခေါ် အသိတရားခေါင်းပါးမှု
(Poverty of Thougnt) နှင့် ဓနဥစ္စာချို့တဲ့မှု(Poverty of Wealth) ဟူ၍
နှစ်မျိုးရှိသည်။ အတွေးအခေါ်အသိပညာ ပိုမိုမြင့်မားတိုးတက်ရေးသည်
ဓနဥစ္စာကြီးပွားရေးထက် ပိုမိုအရေးကြီးပါသည်။ မိမိတို့ရိုးရာဆိုရိုး
စကားအတိုင်း မရှိတာထက် မသိတာက ပို၍ခက်သည်။ အတွေးအခေါ်
အသိပညာမှန်ကန်ထက်မြက်ရန် အမှန်တကယ်လိုအပ်သည်။ ကော်ပရိတ်၊
ကော်ပရေးရှင်းများတွင် အတတ်ပညာရှင်၊ အသိပညာရှင်၊ တီထွင်ဖန်တီးသူများကို
ခေါ်ယူခန့်ထား ရင်းနှီးမြှုပ်နှံကြသည်။ ကုမ္ပဏီများ၏
အရင်းအနှီးအမြတ်အစွန်းမှာ တီထွင်ဖန်တီးမှု အကြံဥာဏ်
တွေးခေါ်မှုများပင်ဖြစ်သည်။ လူ့အရင်းမြစ်မှ (Human Resource) မှ အကြံဥာဏ်
အတွေးခေါ်များဖြင့် သဘာဝအရင်းမြစ် (Natural Resource) တို့ မှန်ကန်စနစ်ကျစွာ
ပေါင်းစပ်နိုင်မှ ဆင်းရဲခြင်းမှလွတ်မြောက်နိုင်မည်ဟု ယုံကြည်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီအပြီး ပြာပုံကြားမှ ရုန်းထခဲ့ရသော ဂျာမနီ၊ ဂျပန်တို့၏
တိုင်းပြည်ပြန်လည်ထူထောင်မှုများသည် အတုယူဖွယ်ကောင်းပါသည်။
ထိုနိုင်ငံများနှင့်အတူ အထူးသဖြင့် အိမ်နီးချင်း စင်ကာပူနိုင်ငံတို့တွင်
သဘာဝအရင်းမြစ်များ လွန်စွာနည်းပါးပါသည်။ မိမိတို့၏ အကြံကောင်းများ
မှန်ကန်သော အတွေးအမြင်အယူအဆများဖြင့် ကမ္ဘာ့အရှေ့တန်းနိုင်ငံများသို့
အရောက်လှမ်းနိုင်ခဲ့ကြသည်။
အသိတရားခေါင်းပါးမှု၊ ချို့တဲ့မှုပပျောက်ရေးလုပ်ငန်း
လက်တွေ့အကောင်အထည်ဖော်ရာတွင် သတင်းမီဒီယာအခန်းသည် အဓိက ပါဝင်ပါသည်။
မီဒီယာကဏ္ဍ ပိုမိုထင်သာမြင်သာ ပွင့်လင်းလွတ်လပ်မှုရှိလာလေလေ အတွေးအခေါ်
အကြံဥာဏ်များ ပိုမိုရှင်သန် ဖွံ့ဖြိုးလာမည်ဖြစ်သည်။ ယနေ့ကျင်းပနေသော
စီးပွားရေး၊လူမှုရေးဆိုင်ရာ (Forum) (Seminar) ဆွေးနွေးပွဲများတွင်
ပါဝင်ဆွေးနွေး အကြံပြုစာတမ်းတင်သွင်းနေသော အသိပညာရှင်၊ အတတ်ပညာရှင်များသည်
စတုတ္ထမဏ္ဍိုင်ကြီးကို ကိုယ်စားပြုနေခြင်းဖြစ်သည်။ မိမိတို့ ရှစ်တန်း၊
ကိုးတန်းကျောင်းသားဘ၀တွင် သင်ကြားခဲ့သော တော်စတွိုင်းဝတ္ထုတို လေးပုဒ်မှ
(Ivan The Fool) အိုင်ပင် အရူးဟူသော ၀တ္ထုတိုကို သင်ယူခဲ့သည်။ ဆရာကြီးတော်
စတွိုင်း၏ ဆိုရှယ်လစ် စီးပွားရေးကာယ၊ ဥာဏအလုပ်အား ပိုင်းကိုသရော်ထားသည့်
စာပြောင်ဝတ္ထုဖြစ်သည်။ စဉ်းစားတွေးခေါ်မှုမရှိဘဲ ကာယအားကိုးဖြင့်
လုပ်ကိုင်နေသော(Ivan)ကို အရူးဟု ပြောင်လှောင် ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။
မိမိတို့ ဘိုးဘွား၊ လယ်ယာလုပ်သားများသည် မိုးလင်းမှမိုးချုပ်
ဆင်းရဲပင်ပန်းစွာ သမားရိုးကျ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။
တစ်ချိန်က ဆန်အများ အပြားတင်ပို့သည့် နိုင်ငံဖြစ်ခဲ့သော်လည်း
နောက်ပိုင်းတွင် အခြားနိုင်ငံများမှ တီထွင်ဖြစ်ထွန်းလာသော
စက်မှုလယ်ယာကုန်ထုတ်လုပ်မှုကို ရေရှည်တွင်မယှဉ်နိုင်တော့ပေ။ ယခုဆိုလျှင်
အကျိုးအမြတ်နည်းပါးသော လယ်ယာမြေမှ လယ်ယာမြေလုပ်သားများ အ
ခြားနိုင်ငံများသို့ ရေကြည်ရာမြက်နုရာ ထွက်ခွာနေကြပြီဖြစ်သည်။
အကြံဥာဏ်အတွေးအခေါ် ဆန်းသစ်တီထွင်သည့် ဦးနှောက်မပါဝင်သော
လုပ်ငန်းများသည်(Ivan) အရူးပင်ဖြစ်သည်။
သတင်းလောကကိုဖျက်ဆီးသည့်
ဗိုင်းရပ်စ် Virus ပိုးများလည်း အမှန်ပင်ရှိပါသည်။ ပုဂ္ဂိုလ်ရေးမြှောက်ပင့်
ဆည်းကပ်ကိုးကွယ်မှု (Personal Cult) နှင့် ပုဂ္ဂိုလ်ရေး စော်ကားမှု (Personal
Attach) ဖြစ်သည်။ ပုဂ္ဂိုလ်ရေး ဆည်းကပ်မှုသည် လွန်ကဲသောမြှောက်ပင့်ခြင်းဖြစ်၍
ပုဂ္ဂိုလ်ရေး စော်ကားတိုက်ခိုက်မှုသည် မလိုလားအပ်သော
ဂုဏ်သိက္ခာချိုးနှိမ်ခြင်း ဖြစ်သည်။ သတင်းလောကကြီးအားအကြီးမားဆုံး
ဖျက်ဆီးသည့် ဗိုင်းရပ်စ်(Virus) ပိုးများဖြစ်ပါသည်။ မ.ဆ.လ ခေတ်ကဖြစ်ပါသည်။
မြန်မာပြည်လုံးဆိုင်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည်
ညီလာခံကျင်းပမည့်အချိန်က ဖြစ်သည်။ စစ်ပြန်မဂ္ဂဇင်းအယ်ဒီတာက(နာမည်ကို
မဖော်ပြလိုပါ ကွယ်လွန် သွားပြီဖြစ်သည်) ထိုစဉ်က နိုင်ငံအကြီးအကဲဖြစ်သူ
ဗိုလ်ချုပ်နေ၀င်းအား တပ်မတော်ကြီး၏ ဖခင်မှာ
ဗိုလ်ချုပ်ကြီးနေ၀င်းဖြစ်ကြောင်း သူ၏စစ်ပြန်မဂ္ဂဇင်းတွင် မြှောက်ပင့်ရေးသား
ဖော်ပြခဲ့ပါသည်။ နောက်တစ်နေ့ညီလာခံ တွင် ဗိုလ်ချုပ်နေ၀င်းသည်
မိမိမှာမွေးစားဖခင်ဖြစ်ကြောင်း တပ်မတော်၏ ဖခင်အရင်းအစစ်အမှန်မှာ
ဗိုလ်ချုပ်အောင်ဆန်းဖြစ်ကြောင်း ပြန်လည်၍ ရိုးသားစွာဝန်ခံသွားပါသည်။ ဖ.ဆ.
ပ.လ ခေတ်တွင် ၀န်ကြီးချုပ်ဖြစ် သူဦးနုအား ဘ၀ရှင်မင်းတရားကြီးဟု
ဝိုင်းဝန်းပုတ်ခတ်ရေးသားကြသည်ကို ၀န်ကြီးချုပ်သည် ပြုံးပြုံးကြီး
သည်းခံခဲ့သည်။ ဤကဲ့သို့ အရှိထက်ပိုမိုလွန်ကဲသော
ပုဂ္ဂိုလ်ရေးမြှောက်ပင့်မှုနှင့် တစ်ဖက်သား၏ ဂုဏ်သိက္ခာကို
ချိုးနှိမ်ရေးသားသော ကလောင်ရှင် ဗိုင်းရပ်စ်(Virus)များသည် ပြည်သူလူထုဟူသော
နေရောင်ခြည်အလင်းရောင်နှင့် တွေ့ထိသည့်အခါ ကွယ်ပျောက်သွားရသည့်အပြင်
မိမိကလောင်နှင့် မိမိကိုယ်ကိုယ်ဟာ ရာကီရိပြုလုပ်သွားခြင်း ဖြစ်သည်။
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်ကို
အကောင်အထည်ဖော်နေသော လွှတ်တော်ကိုယ်စားလှယ်တော်များအတွက် လွှတ်တော်ကြီးများ
ဖွဲ့စည်းတည်ရှိသကဲ့သို့ စတုတ္ထသတင်းမဏ္ဍိုင်ကြီး၏ သတင်းဝန်ဆောင်မှု
လုပ်ငန်းအတွက် အလွှာအသီးသီးပါဝင်သော လွတ်လပ်သော သတင်းအဖွဲ့အစည်းကြီးတစ်ရပ်
မလွဲမသွေ တရားဝင်အကောင်အထည်ဖော် ဖွဲ့စည်းရန် လိုအပ်ပါသည်။
ဘက်လိုက်မှုကင်းသော ဆန္ဒစွဲမရှိသော ဂုဏ်သိက္ခာရှိသော၊ လွတ်လပ်သော
အဖွဲ့အစည်းကြီးဖြစ်ရမည့်အပြင် ပြည် သူ့အသံ ဆန္ဒသဘောထားများကို
ကိုယ်စားပြုရမည်ဖြစ်သည်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊
ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးစသည့် အချက်များသည် သီးခြားရပ်တည်နေသော
အရာများမဟုတ်ဘဲ သံကွင်းဆက်များကဲ့သို့ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေ သော
ကွင်းဆက်ပြဿနာများဖြစ်၍ တစ်ချိန်တည်းတစ်ပြိုင်တည်း စည်းချက်ကျကျ
ဟန်ချက်ညီညီ အားသွန်ခွန်စိုက် ပြောင်းလဲရမည့်အရာများ ဖြစ်ည်။ ထိုသို့
တစ်ပြိုင်တည်း ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် လွတ်လပ်မှုကို အခြေပြုသည့်
အလွှာအသီးသီးပါဝင်သော စတုတ္ထသတင်း မဏ္ဍိုင်ကြီးသည် အရေးကြီးသောအခန်းမှ
ပါဝင်သည်။''သူများနိုင်ငံတွင် ခြေတစ်လှမ်းလှမ်းရင် ကျုပ်တို့က လေး၊
ငါးလှမ်း ပိုပြီးလှမ်းရလိမ့်မယ်။ ဒါမှတော်ရုံကျမယ်''ဟု
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ ရက်အနည်းငယ်က
ကြိုတင်သတိ ပေး နှိုးဆော်မိန့်ဟခဲ့သည်။
ခုန်နေစရာလည်းမလိုပါ၊ ရပ်နေ၍လည်း မရပါ၊ မှန်မှန်အပြင် မြန်မြန်သွက်သွက်
ခြေလှမ်းစိပ်စိပ် လျှောက်လှမ်းရန်တော့ လိုမည်ဖြစ်သည်။
စံချိန်စံညွှန်းကောင်းကောင်းဖြင့် ပိုမိုလျင်မြန်သွက်လက်နေသော
အခြားပြိုင်ဘက် ပလေယာများ မိမိတို့အား ကျော်ဖြတ်သွားပြီး ပန်းအ၀င်တွင်
နောက်ကျကျန်ရစ်နေသော မိမိတို့အား လက်ပြနှုတ်ဆက်နေကြသည်။ မနာလိုသည်တော့မဟုတ်
စိတ်ထဲတွင်တော့ မချင့်မရဲနှင့် ဘ၀င်မကျ တစ်ခုခု လိုနေသည်ကတော့
အမှန်ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် ပါဝင်သော တရားဝင်စနစ်တကျ
ဖွဲ့စည်း ပြီးဖြစ်သော မဏ္ဍိုင်ကြီးသုံးရပ်မှ လွှတ်တော်အဖွဲ့အစည်းအသီးသီးနှင့်
စတုတ္ထမဏ္ဍိုင်ကြီးမှ မလွဲမသွေ ဖွဲ့စည်းရမည့် လွတ်လပ်သောသတင်းအဖွဲ့အစည်းများ
တက်ညီလက်ညီ ရွက်စုံတက်စုံဖွင့်၍ အပြန်အလှန် ပေါင်းကူးဆက်သွယ်ခြင်းသာလျှင်
ဒီမိုကရေစီ ဦးတည်ချက်သို့ ပိုမို လျင်မြန်စွာ အရောက်လှမ်းနိုင်မည်
ဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် အမှန်တကယ်လိုအပ်နေသော ပြည်သူတို့၏
သတင်းစကား၊ သတင်းနားများတည်ရှိရာ လွတ်လပ်သော သတင်းအဖွဲ့အစည်းကြီး၏
သတင်းတံခါးကို အမြန်ဆုံး ဖွင့်လှစ်ဖွဲ့စည်းတည်ထောင်နိုင်လိမ့်မည်ဟု
ယုံကြည်မျှော်လင့်မိပါသည်။
EMG
Written by ဦးဇော်(အောင်ဆန်း)